← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁)

တကယ်လို့ CarOS သာ Microsoft ရဲ့ Windows ဒါမှမဟုတ် Google ရဲ့ Android လိုမျိုး ပြိုင်ဘက်မရှိ လွှမ်းမိုးထားနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ပြဿနာသိပ်မရှိပါဘူး။ သူတို့လည်း ဒါကို သူတို့ကားတွေမှာ သုံးခွင့်ရဖို့ပဲ တောင်းဆိုကြမှာပါ။

ဒါပေမဲ့ အလိုအလျောက် မောင်းနှင်စနစ် ဈေးကွက်က အခုမှ စတင်ပွင့်လင်းလာတာဖြစ်ပြီး ကုမ္ပဏီအတော်များများ မှာလည်း ကိုယ်ပိုင်နည်းပညာတွေ ရှိနေကြပြီးသားပါ။

CarOS က တခြားသူတွေထက် ပိုပြီး အဆင့်မြင့်တဲ့ နည်းပညာကို ပိုင်ဆိုင်ထားတာကတော့ အမှန်ပါပဲ။

အဲ့လိုပိုင်ဆိုင်ထားတယ်ဆိုတာက ဖွံ့ဖြိုးရေးအဖွဲ့ထဲမှာ အနာဂတ်ကနေ ပြန်လာတဲ့သူ ရှိနေတာမျိုး ဒါမှမဟုတ် ဂြိုဟ်သားတွေရဲ့ နည်းပညာကို ရလာတာမျိုးတော့ မဟုတ်ပါဘူး။

ထူးချွန်တဲ့ ပါရမီရှင်တွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချပြီး တခြားသူတွေထက် ပိုမြန်မြန် လှုပ်ရှားခဲ့ကြတဲ့ ရလဒ်ပါပဲ။

အိုင်းဆက် နယူးတန် ပြောခဲ့သလို 'ဘီလူးကြီးတွေရဲ့ ပခုံးပေါ်မှာ ရပ်နေတာ' ကြောင့် မြင်ရသလိုမျိုးပေါ့။ နည်းပညာအသစ်ဆိုတာ လက်ရှိရှိနေတဲ့ နည်းပညာတွေကို အခြေခံပြီး တည်ဆောက်ထားတာပါ။

တစ်နည်းပြောရရင် CarOS တီထွင်ထားတာတွေကို တခြားကုမ္ပဏီတွေကလည်း သူတို့သာ အားစိုက်မယ်ဆိုရင် လိုက်လုပ်နိုင်ပါတယ်။

ဒါဆို CarOSက ဘယ်လောက်အထိ ရှေ့ရောက်နေတာလဲ။

ကျွန်တော့်အမြင်အရတော့ CarOSက ၃ နှစ်စာလောက် ကြိုပြီး ရှေ့ရောက်နေတာပါ။

၃ နှစ်ဆိုတာ လိုက်မှီဖို့အတွက် တိုတောင်းတဲ့ အချိန်လို့ ထင်ရပေမဲ့ အဲဒီအချိန်အတွင်းမှာ ကျွန်တော်တို့ကလည်း ဘာမှမလုပ်ဘဲ ထိုင်စောင့်နေမှာ မဟုတ်ဘူးလေ။

ဘယ်လိုရှေ့ဆက်မလဲဆိုတာပေါ် မူတည်ပြီး သူတို့က လိုက်မှီသွားနိုင်သလို ကျွန်တော်တို့ကလည်း ပိုပြီး အလှမ်းကွာအောင် ခွာသွားနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် တခြားကုမ္ပဏီတွေက နောက် ၃ နှစ်နေရင် ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာကို ရောက်လာမှာကတော့ သေချာပါတယ်။ တကယ်လို့ ကျွန်တော်တို့ဘက်ကသာ ဒီနေရာမှာ တွန့်ဆုတ်နေမယ်ဆိုရင်တော့ သူတို့က ချက်ချင်း လိုက်မှီသွားနိုင်ပါတယ်။

ဒီလိုအခြေအနေမှာ ထိပ်တန်းကားကုမ္ပဏီ အချို့က နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရှယ်ယာချင်း လဲလှယ်ဖို့ ကမ်းလှမ်းလာကြတာပါ။

ကျွန်တော်က ဒါရီလ် ဆီဂန် ကို မေးလိုက်တယ်။

"ဒီကမ်းလှမ်းချက်တွေအပေါ် ခင်ဗျား ဘယ်လိုထင်လဲ"

"Software က ဘယ်လောက်ပဲ ကောင်းကောင်း၊ အဲဒါကို သုံးမယ့် Hardware (ကား) မရှိရင် အလကားပါပဲ။ အဲဒီသဘောနဲ့ဆိုရင်တော့ ဒါက ကြိုဆိုရမယ့် ကိစ္စပါ"

CarOS ရဲ့ နည်းပညာက အဓိပ္ပာယ်ရှိဖို့ဆိုရင် ကားတွေထဲမှာ ထည့်သွင်းအသုံးပြုဖို့ လိုပါတယ်။ ဈေးကွက်ထဲ ထုတ်ဖို့ နောက်ကျနေရင် တခြားကုမ္ပဏီတွေက လိုက်မှီဖို့ အခွင့်အရေး ပေးသလို ဖြစ်သွားမှာပါ။

ခြုံကြည့်ရင်တော့ ဒါက မဆိုးပါဘူး။ ကောင်းကောင်း စီမံနိုင်မယ်ဆိုရင် software နဲ့ hardware ကုမ္ပဏီတွေက ရှယ်ယာချင်း လဲလှယ်ပြီး အတူတူ ကြီးထွားလာနိုင်ပါတယ်။

ဒါက CarOS အတွက် ကားကုမ္ပဏီတွေကို မဟာမိတ်အဖြစ် ရရှိစေမှာပါ။ ဒါပေမဲ့ CarOS က အလတ်စား ကုမ္ပဏီတစ်ခုပဲ ဖြစ်နေပြီး ဟိုဘက်က ကုမ္ပဏီကြီးတွေ ဖြစ်နေတာကြောင့် သူတို့ ခိုင်းသမျှ လုပ်ရမယ့် အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။

အဲဒါက ကျွန်တော် မျှော်လင့်ထားတဲ့ ပုံစံမဟုတ်ဘူးလေ။

OTK Company က ရှယ်ယာ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေထဲမှာ အပြင်လူတွေရဲ့ အမြင်အရ ဘယ်ဟာက တန်ဖိုးအရှိဆုံးလဲဆိုရင် FaceIt ပါပဲ။

Faceit က အမေရိကန် အပြာရုပ်ရှင်ဆိုဒ်တွေရဲ့ ဝင်ရောက်ကြည့်ရှုမှု ၃၀ ရာခိုင်နှုန်းကို ရထားပြီးသားဖြစ်သလို အခပေးစနစ်နဲ့လည်း အမြတ်ထွက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ မတူပါဘူး။ ကွာခြားချက်က ဈေးကွက် အရွယ်အစားမှာပါ။ အပြာရုပ်ရှင် ဈေးကွက်က ဘယ်လောက်ပဲ ကြီးကြီး၊ ကားဈေးကွက်နဲ့တော့ ယှဉ်လို့ မရပါဘူး။ အပြာရုပ်ရှင် မကြည့်ဘဲ နေနိုင်ပေမဲ့ ကားမရှိဘဲ နေနိုင်ပါ့မလား။ (တချို့တော့ နေနိုင်ကောင်း နေနိုင်မှာပေါ့လေ) တကယ်လို့ CarOS သာ အောင်မြင်သွားရင် ကွန်ပျူတာမှာ Windows လိုမျိုး၊ စမတ်ဖုန်းမှာ Android လိုမျိုး ထူးခြားတဲ့ နေရာတစ်ခုကို သိမ်းပိုက်နိုင်မှာပါ။ ဒါကို လက်ရှိကားကုမ္ပဏီတွေကလည်း ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ သူတို့က အရင်ဆုံး ဒူးထောက်ပြီး လက်ကမ်းလာကြမှာပါ။

"ကျွန်တော်တို့က ငြင်းလိုက်ရင်ကော"

ကျွန်တော့်စကားကို ဆာဂျေ က တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းငြိမ့်ပြတယ်။

"ကျွန်တော်တို့တွေ အကန့်အသတ်တွေနဲ့ ဖိအားတွေ ကြုံရပါလိမ့်မယ်။ ခင်ဗျား သိတဲ့အတိုင်း လက်ရှိ ကားကုမ္ပဏီတွေနဲ့ IT ကုမ္ပဏီတွေက လက်တွဲပြီး နည်းပညာပိုင်းကို အရှိန်အဟုန်နဲ့ မြှင့်တင်နေကြတာပါ။ ကျွန်တော်တို့လည်း မဟာမိတ်တွေ မြန်မြန် ဖွဲ့ဖို့ လိုပါတယ်"

ဒီအချက်ကို ကျွန်တော် မသိဘဲ မနေပါဘူး။ CarOS ကိုယ်တိုင်ကလည်း AMZ၊ Hitachi နဲ့ အွန်ဆောင်း ကားကုမ္ပဏီ တို့ ပူးပေါင်းပြီး တည်ထောင်ခဲ့တဲ့ ကုမ္ပဏီပဲလေ။

ရိုင်ယန် ကလည်း ကြားဖြတ်ပြောတယ်။

"ပြိုင်ဆိုင်မှုက ပြင်းထန်လာနေပြီ။ လွန်ခဲ့တဲ့ တစ်လက ဆောင်း အီလက်ထရောနစ် က ဟာမန် ကုမ္ပဏီကို ဒေါ်လာ သန်း ၈ထောင်နဲ့ ဝယ်လိုက်တာ ခင်ဗျား သိမှာပါ။ လူတွေကတော့ ဟာမန် ကို အဆင့်မြင့် အသံစနစ် အမှတ်တံဆိပ်လို့ပဲ သိကြပေမဲ့ တကယ်တော့ သူတို့က ကားနဲ့ ပတ်သက်တဲ့ B2B ဈေးကွက်မှာ အင်အားကြီးတဲ့ ကုမ္ပဏီလေ"

ဒီဝယ်ယူမှုက ဆောင်း အီလက်ထရောနစ် ဟာ အလိုအလျောက် မောင်းနှင်စနစ်နဲ့ ကားလောကထဲကို ခြေစုံပစ် ဝင်လာပြီဆိုတာကို ပြလိုက်တာပါပဲ။ သူတို့က နောက်ကျကျန်နေတဲ့ နည်းပညာပိုင်းကို ကုမ္ပဏီတွေ ဝယ်ယူခြင်းအားဖြင့် ကျော်ဖြတ်ဖို့ ကြိုးစားနေတာပါ။

ကောလာဟလတွေအရတော့ ငွေရေးကြေးရေး ကုမ္ပဏီတစ်ခုက CarOS ရှယ်ယာတွေကို အပေါင်ယူပြီး ပိုက်ဆံချေးပေးတုန်းက ဆောင်း အီလက်ထရောနစ် က အဲဒီပိုက်ဆံတွေကို ထုတ်ပေးခဲ့တာလို့ သိရပါတယ်။ တကယ်လို့ ဒီသတင်းသာ အမှန်ဆိုရင် ကျွန်တော်တို့ ပိုက်ဆံကို အချိန်မီ ပြန်မဆပ်နိုင်ခဲ့ရင် CarOS က ဆောင်း အီလက်ထရောနစ် လက်ထဲ ရောက်သွားမှာပါ။

နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကို ဖယ်ထားဦးတော့ CarOS ရဲ့ လက်ရှိအခြေအနေက သိပ်မကောင်းလှပါဘူး။ သူတို့မှာ ဆက်တိုက် ရင်းနှီးမြှုပ်နှံဖို့ လိုနေပေမဲ့ ငွေသားပြတ်လပ်နေတာကြောင့် ဈေးကွက်ထဲကို အချိန်မီ ထုတ်နိုင်ဖို့ အခွင့်အရေး ဆုံးရှုံးရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ရှယ်ယာအချို့ လက်လွှတ်ရရင်တောင်မှ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်တာက လက်ရှိ အခက်အခဲတွေကို ပြေလည်စေမှာဖြစ်သလို ဈေးကွက်ထဲ မြန်မြန်ရောက်ဖို့လည်း အထောက်အကူ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ အဲဒါက အရာအားလုံး အဆင်ပြေမှပါ။ သူတို့က ကားကုမ္ပဏီတွေအပေါ် မှီခိုနေရတဲ့ သာမန်ကုမ္ပဏီတစ်ခု ဖြစ်သွားနိုင်သလို ခဏလောက် ပူးပေါင်းဆောင်ရွက်ပြီးတာနဲ့ အဲဒီကုမ္ပဏီတွေက နည်းပညာကို ခိုးယူသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အစည်းအဝေးခန်းထဲက အခြေအနေအရတော့ သူတို့တွေ ရှယ်ယာ ဘယ်လောက်ပေးမလဲ၊ ဘယ်လောက်အထိ ပူးပေါင်းမလဲဆိုတာကို ဆွေးနွေးပြီးကြတဲ့ပုံပါပဲ။

လက်ရှိ အခြေအနေတွေအရတော့ သူတို့မှာ တခြား ရွေးချယ်စရာ သိပ်မရှိဘူးလေ။ တကယ်လို့ ရှယ်ယာတွေကို လက်လွှတ်ဖို့ပဲ စဉ်းစားထားကြတယ်ဆိုရင် ကျွန်တော် ဒီအဝေးကြီးအထိ လာနေမှာ မဟုတ်ပါဘူး။

ကျွန်တော် အစည်းအဝေးခန်းထဲက လူတွေကို လှည့်ကြည့်ပြီး အကြံသစ်တစ်ခု ပေးလိုက်တယ်။

"ကျွန်တော်တို့ ကိုယ်တိုင်ပဲ ကားထုတ်ကြရအောင်"

ကျွန်တော့်စကားကြောင့် အားလုံး အံ့အားသင့်သွားကြတယ်။ ကျွန်တော့်ပါးစပ်ကနေ ဒီလိုစကားမျိုး ထွက်လာလိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးထားမိကြဘူး ထင်ပါတယ်။

ဒါရီလ် က အံ့ဩတကြီးနဲ့ မေးတယ်။

"ဘာ-ဘာ ပြောလိုက်တာလဲ"

သူ ကျွန်တော့်ကို အရင်က ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကျွန်တော် ပြန်ပြောပြလိုက်တယ်။

"အရင်တုန်းက ကားတွေဆိုတာ စက်သုံးဆီအင်ဂျင်နဲ့ မောင်းတဲ့ စက်ပစ္စည်းတွေသာ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကားတွေက ကြီးမားတဲ့ အီလက်ထရောနစ် ထုတ်ကုန်တွေအဖြစ် ပြောင်းလဲလာနေပြီ"

စက်ပစ္စည်းတွေက hardware သက်သက်နဲ့ လည်ပတ်နိုင်ပေမဲ့ အီလက်ထရောနစ် ထုတ်ကုန်တွေကတော့ software အမြဲ လိုအပ်ပါတယ်။

"ကျွန်တော်တို့မှာ software ရှိတယ်။ ဒါကြောင့် hardware ကုမ္ပဏီတွေရဲ့ အဆွဲခံနေရမယ့်အစား hardware ကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ လုပ်ကြမယ်"

သံမဏိကို စက်မှုလုပ်ငန်းတွေရဲ့ အဓိက အစားအစာလို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ စက်မှုလုပ်ငန်းတွေ တည်ဆောက်ဖို့အတွက် အခြေခံအကျဆုံး ပစ္စည်းဖြစ်လို့ပါ။ ဒါကြောင့်လည်း ကိုရီးယားမှာတောင် ဂျပန်ဆီကရတဲ့ လျော်ကြေးငွေတွေကို သုံးပြီး ပိုဟန်းမှာ သံမဏိစက်ရုံ တည်ခဲ့တာပေါ့။

သံမဏိက အဓိက အစားအစာဆိုရင် ကားတွေကတော့ အဲဒီအစားအစာနဲ့ ချက်ထားတဲ့ ထမင်းတစ်နပ်ပါပဲ။

နိုင်ငံတစ်နိုင်ငံက ကားတစ်စီးလုံးကို ကိုယ်တိုင် တီထွင်ထုတ်လုပ်နိုင်ပြီဆိုရင် အဲဒီနိုင်ငံရဲ့ စက်မှုလုပ်ငန်းနဲ့ နည်းပညာအဆင့်အတန်းကို ခန့်မှန်းလို့ ရပါတယ်။

ဒါကြောင့် ကားတစ်စီးဆိုတာ စက်မှုနည်းပညာအားလုံးရဲ့ အနှစ်ချုပ်လို့ ပြောရင် မမှားပါဘူး။

"ကိုယ်တိုင်လုပ်ဖို့ဆိုတာ အချိန်နဲ့ ပိုက်ဆံ အများကြီး ကုန်ပါလိမ့်မယ်"

ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး။

ဒါပေမဲ့ အချိန်ကတော့ ပြဿနာပါ။ ပုံကြမ်းဆွဲတာကနေ အချောထွက်တဲ့အထိ ဘယ်တော့မှ ပြီးမှာလဲ။

မော်တော်ကား လုပ်ငန်းက အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာပါ။ ကျွမ်းကျင်သူတွေကတော့ နောက်ထပ် ၁၀ နှစ်အတွင်းမှာ ဖြစ်လာမယ့် အပြောင်းအလဲတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဖြစ်ခဲ့တာတွေထက် ပိုကြီးမားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီအပြောင်းအလဲတွေကနေ ရလာမယ့် အခွင့်အရေးတွေကို ဆုပ်ကိုင်ဖို့အတွက်ဆိုရင်...

"ကျွန်တော်တို့က ကားကုမ္ပဏီတွေကို ဝယ်ယူဖို့ စဉ်းစားနေတာပါ"

မကြာခင်မှာ ပိုက်ဆံက အခွင့်အရေး ဖြစ်လာပါလိမ့်မယ်။

Brexit မတိုင်ခင်ကဆိုရင်တော့ မဟာမိတ်ဖွဲ့တာကလွဲလို့ တခြား ရွေးချယ်စရာ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု ကျွန်တော်တို့ဆီမှာ အသင့်သုံးနိုင်တဲ့ ငွေသား ဒေါ်လာ သန်း ၃ထောင် ရှိနေပါပြီ။

ဒီပမာဏနဲ့ဆိုရင် ကားကုမ္ပဏီ အတော်များများကို ဝယ်နိုင်ရုံတင်မကဘဲ ပိုတောင် ပိုပါသေးတယ်။

အစည်းအဝေး ပြီးတော့ ဟင်နရီ ရဲ့ လမ်းညွှန်မှုနဲ့ တည်းခိုမယ့်နေရာကို သွားခဲ့ကြတယ်။

အဲဒါက ကြယ်၅ပွင့် ဟိုတယ်တစ်ခုရဲ့ အပေါ်ဆုံးထပ် အခန်းပါ။ အတွင်းပိုင်းက နှစ်ထပ်ပုံစံဖြစ်ပြီး မှန်နံရံတွေကနေတစ်ဆင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ကို လှမ်းမြင်နေရပါတယ်။

တက်ဂယူ ဝင်လာတာနဲ့ "ဝိုး" လို့ အာမေဍိတ် ထွက်သွားတယ်။

ကျွန်တော်လည်း အတွင်းပိုင်းကို လှည့်ကြည့်ပြီး ပြောလိုက်မိတယ်။

"နှစ်ယောက်ထဲ နေဖို့ကတော့ အရမ်းကို ကောင်းလွန်းနေပြီ"

ဟင်နရီ က ပြုံးပြီး ပြောတယ်။

"ခင်ဗျားတို့ သဘောကျလို့ ဝမ်းသာပါတယ်။ လိုအပ်တာရှိရင် အားမနာတမ်း ပြောပါ"

ဒီအခန်းက တစ်ညကို ဒေါ်လာ ၁၀၀၀၀ ကျော်လောက် တန်မှာ သေချာပါတယ်။ Golden Gate ရဲ့ VIP ဖောက်သည်တွေ ဖြစ်နေလို့ပဲလားမသိဘူး၊ ကျွန်တော်တို့ကို တော်တော်လေး အလေးထား ဆက်ဆံပေးတာပါ။

ဟင်နရီ ထွက်သွားတော့ ကျွန်တော်တို့ ဆိုဖာပေါ်မှာ ပစ်လှဲလိုက်ကြတယ်။

တက်ဂယူ က Mini Barထဲက ကိုကာကိုလာ တစ်ဗူး ယူပြီး ကျွန်တော့်ဆီ လှမ်းပစ်ပေးတယ်။ ကျွန်တော်တို့က ပုံမှန်ဆိုရင် ဟိုတယ်က Mini Barတွေကို မသုံးပေမဲ့ အခုက ကျွန်တော်တို့ ပိုက်ဆံပေးရမှာ မဟုတ်လို့ ကိစ္စမရှိပါဘူး။

"ဝယ်ဖို့အတွက် ကားကုမ္ပဏီတွေ ဘာတွေ ရှာထားတာ ရှိလား"

"ပိုက်ဆံသာ ရှိရင် ဝယ်စရာတွေကတော့ အများကြီးပါ"

ဒါပေမဲ့ အဲဒါက ပြောသလောက် မလွယ်ပါဘူး။ ကားကုမ္ပဏီတစ်ခုကို ဝယ်တာက Startup တစ်ခုကို ဝယ်တာနဲ့ မတူဘူးလေ။ ကားကုမ္ပဏီတွေမှာ အမှတ်တံဆိပ်တွေ၊ စက်ရုံတွေ၊ ဝန်ထမ်းအမြောက်အမြားနဲ့ အောက်ခြေကုမ္ပဏီတွေ ရှိပါတယ်။ ဒေသတွင်း စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမားတာကြောင့် နှစ်ဦးနှစ်ဖက် စာချုပ်ရုံတင်မကဘဲ အစိုးရရဲ့ ခွင့်ပြုချက်တွေလည်း လိုအပ်ပါတယ်။

အခြေအနေပေါ် မူတည်ပြီး အားတက်သရော ပံ့ပိုးကူညီမှုတွေ ရနိုင်သလို၊ တစ်ခါ ရင်းနှီးမြှုပ်နှံလိုက်ရင်လည်း ပြန်ရုပ်သိမ်းဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဝယ်ယူဖို့ ဆုံးဖြတ်ချက်ကို သေသေချာချာ ချရမှာပါ။

တကယ်လို့ မှားပြီး ဝယ်လိုက်ရင်တော့ အဲဒါက ပိုက်ဆံစားတဲ့ တွင်းကြီး ဖြစ်သွားနိုင်ပါတယ်။

တက်ဂယူ က ကိုကာကိုလာ သောက်ရင်း ပြောတယ်။

"ဒါပေမဲ့ အွန်ဆောင်း ကားကုမ္ပဏီ ကို ယှဉ်ချင်တာဆိုရင် Daimler ဒါမှမဟုတ် Toyota တို့နဲ့ လက်တွဲပြီး ယှဉ်လို့ မရဘူးလား"

"ဝိုး"

ဒီကောင်လေး ပါးစပ်ကနေ ဒီလို ကောင်းမွန်တဲ့ အကြံဉာဏ် ထွက်လာလိမ့်မယ်လို့ ယုံဖို့တောင် ခက်ပါတယ်။ ဒါပေမဲ့...

"Nikola က လျှပ်စစ်ကားကို အစောဆုံး စလုပ်တုန်းက လက်ရှိ ကားထုတ်လုပ်သူတွေက လှောင်ခဲ့ကြတာ။ စွမ်းဆောင်ရည်က မကောင်းဘူး၊ အကြာကြီး မမောင်းနိုင်ဘူး၊ အားသွင်းဖို့ အချိန်အကြာကြီး ပေးရတယ်၊ ပြီးတော့ ဒီလောက် ဈေးကြီးတဲ့ ကားကို ဘယ်သူ မောင်းမှာလဲလို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ လျှပ်စစ်ကား ဈေးကွက် ပွင့်လာတဲ့အခါမှာတော့ Nikola က အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တယ်"

အခုဆိုရင် Nikola ရဲ့ ဈေးကွက်တန်ဖိုးက အွန်ဆောင်း ကားကုမ္ပဏီ ကိုတောင် ခြိမ်းခြောက်နေပါပြီ။

"အလိုအလျောက် မောင်းနှင်တဲ့ နည်းပညာက ကမ္ဘာကြီးကို လျှပ်စစ်ကားတွေထက် ပိုပြီး ပြောင်းလဲပစ်လိမ့်မယ်။ အဲဒီဈေးကွက်ကို အစောကတည်းက အပိုင်သိမ်းဖို့ဆိုရင် ရဲရဲဝံ့ဝံ့ ရင်းနှီးမြှုပ်နှံဖို့ လိုတယ်"

အွန်ဆောင်း ကားကုမ္ပဏီ ကို ဖယ်ထုတ်ပြီး မဟာမိတ်ဖွဲ့တာက နည်းလမ်းတစ်ခု ဖြစ်ပေမဲ့ အဲဒီလိုဆိုရင် တခြားကုမ္ပဏီတွေကပဲ အကျိုးအမြတ် ရသွားမှာပါ။

အွန်ဆောင်း ကားကုမ္ပဏီ အပေါ် ထားတဲ့ ခံစားချက်တွေကို ဖယ်ထားရင် စီးပွားရေးဆိုတာ စီးပွားရေးပါပဲ။

"ငါတို့မှာ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ ရှိနေတာပဲလေ။ တို့ အကုန်စားလို့ ရနေတာကို ဘာလို့ တခြားကုမ္ပဏီတွေနဲ့ ခွဲဝေစားမှာလဲ"

တက်ဂယူ က ခေါင်းငြိမ့်တယ်။

"အင်း။ NPL လိုမျိုး software နဲ့ hardware နှစ်မျိုးလုံး ထုတ်တာက ကောင်းတဲ့ အကြံပဲ"

NPL က စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ Tablet တွေကို သူတို့ ကိုယ်ပိုင် Operating System နဲ့ ထုတ်လုပ်ပါတယ်။ သူတို့က software ကော hardware ကော နှစ်ခုလုံးကနေ အမြတ်အစွန်း အများကြီး ရနေတာကြောင့် ကမ္ဘာ့ဈေးကွက်တန်ဖိုးမှာ ထိပ်ဆုံးနေရာကို ရထားတာပါ။

"ငါတို့က သူတို့လို မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောထားဘူးလေ"

စကားပြောနေရင်းနဲ့ ဗိုက်ဆာလာကြတယ်။

"ညစာကော"

"ဟင်နရီ ကို ပြောထားတယ်"

အလုပ်ပဲ လုပ်နေတဲ့ အစ်မဟျွန်းဂျူး နဲ့ မတူတာက တက်ဂယူနဲ့ ကျွန်တော်က ဘဝကို အတိုင်းအတာတစ်ခုအထိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြတာပါ။ အမေရိကန်ကို အလုပ်ကိစ္စနဲ့ လာခဲ့ရင်တောင်မှ လည်ပတ်တာတွေ လုပ်သင့်သလို အရသာရှိတဲ့ အစားအစာတွေကိုလည်း စားသင့်တယ်လေ။

ဒါကြောင့် ဟင်နရီ ကို ညစာ အတူတူ စားဖို့ ဖိတ်လိုက်ပြီး အနီးအနားမှာ ကောင်းတဲ့ စားသောက်ဆိုင် တစ်ခုလောက် ရှာပေးဖို့ ပြောထားခဲ့တာပါ။

တင်းတောင်

ရုတ်တရက် လူခေါ်ဘဲလ်သံ မြည်လာတယ်။

တံခါးဖွင့်လိုက်တော့ ဟင်နရီ ရပ်နေပါတယ်။

"အားလုံး အသင့်ဖြစ်ပါပြီ။ သွားကြမလား"

ဟိုတယ်ရှေ့မှာ စောင့်နေတဲ့ လင်မိုဇင်း ကားပေါ် တက်ခဲ့ကြတယ်။ စားသောက်ဆိုင်ကို သွားနေတုန်း ဟင်နရီ က ကျွန်တော်တို့ကို မေးတယ်။

"ကျွန်တော့် အဖိုးက ဒီအနားကို ရောက်နေလို့ပါ။ သူလည်း ညစာ အတူတူ စားမယ်ဆိုရင် ခင်ဗျားတို့ အဆင်ပြေရဲ့လား"

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။

"အင်း။ ရပါတယ်"

"ကျွန်တော်လည်း အဆင်ပြေပါတယ်"

စားသောက်ဆိုင်က ဆန်ဖရန်စစ္စကို မြို့ပြင်မှာ ရှိပါတယ်။ အဆင့်မြင့် စားသောက်ဆိုင်ထက် အိမ်တစ်လုံးလိုမျိုး နွေးထွေးတဲ့ အငွေ့အသက် ရှိတဲ့ နေရာပါ။

ဝန်ထမ်းရဲ့ လမ်းညွှန်မှုနဲ့ ဝင်သွားတော့ အတွင်းပိုင်းက ပန်းခြံတစ်ခုလို ပြင်ဆင်ထားပြီး တစ်ဖက်မှာလည်း စားဖိုမှူးတွေက အမဲသားပြားတွေကို ကင်ပေးနေကြတယ်။

"အိုး။ အနံ့က တကယ် မွှေးနေတာပဲ"

ကျွန်တော်တို့ ဘိုကင်လုပ်ထားတဲ့ စားပွဲမှာ နေရာယူလိုက်ကြတယ်။ မှာထားတာတွေကို စောင့်နေတုန်း အနောက်တိုင်း ဝတ်စုံအပြည့် ဝတ်ထားတဲ့ အမျိုးသားတစ်ယောက် ကျွန်တော်တို့ဆီ လျှောက်လာတယ်။ သူက သေသေသပ်သပ် ပြုပြင်ထားတဲ့ အဖြူရောင် မုတ်ဆိတ်မွေးတွေနဲ့ ပိန်ပိန်ပါးပါး အဖိုးအို တစ်ယောက်ပါ။ အသက် ၇၀ လောက် ရှိလောက်မယ်ထင်တယ်။

ရွှေရောင်မျက်မှန် တပ်ထားတဲ့ တွန့်လိပ်နေတဲ့ မျက်နှာ၊ လက်မှာလည်း ရွှေလက်စွပ်တစ်ကွင်းနဲ့၊ လက်တစ်ဖက်က တောင်ဝှေးကို ကိုင်ထားပြီး ခေါင်းမှာတော့ ဦးထုပ် ဆောင်းထားတယ်။ တီဗွီ ထဲက အနောက်တိုင်း လူကြီးတစ်ယောက်ကို အပြင်မှာ မြင်နေရသလို ခံစားရပါတယ်။

အဖိုးအိုက စကားစပြောတယ်။

"မတွေ့တာ ကြာပြီနော်။ ဟင်နရီ"

ဟင်နရီ က အဖိုးအိုကို ကျွန်တော်တို့နဲ့ မိတ်ဆက်ပေးတယ်။

"ဒါက ကျွန်တော့် အဖိုးပါ"

သူတို့ နှစ်ယောက်က တော်တော်လေး တူတာကြောင့် ဆွေမျိုးတွေဆိုတာ ထင်ရှားပါတယ်။

ကျွန်တော်တို့လည်း နှုတ်ဆက်ဖို့ ထိုင်ခုံကနေ ထလိုက်ကြတယ်။

"မင်္ဂလာပါ။ ကျွန်တော်က ကန်ဂျင်ဟူ ပါ"

အဖိုးအိုက ကျွန်တော့်ကို ကလေးတစ်ယောက်လို မျက်နှာပေးနဲ့ ကြည့်တယ်။

"OTK Company ရဲ့ စီအီးအို ကို တွေ့ရတာ တကယ်ကို ဝမ်းသာပါတယ်"

"······"

သူက ကျွန်တော့်အကြောင်း သိနေတာလား။

ဟင်နရီ ရဲ့ မျက်နှာကို ကြည့်ရသလောက် သူလည်း သိနေပုံပါပဲ။

ကျွန်တော့်အကြောင်းကို လျှို့ဝှက်ထားဖို့ ဘယ်သူ့ကိုမှ မပြောခဲ့ပေမဲ့ ကျွန်တော့်ရဲ့ အချက်အလက်အားလုံးက ပေါက်ကြားနေတာလား။ ဒီအတိုင်းဆို အဆင်ပြေပါ့မလား။

အဖိုးအိုက ပြုံးရင်း ကျွန်တော့် အတွေးတွေကို သိနေပုံရပါတယ်။

"သူငယ်ချင်းတစ်ယောက်ဆီကနေ မင်းရဲ့ စွမ်းဆောင်ချက်တွေ အကြောင်း ကြားထားပါတယ်"

"သူငယ်ချင်းဟုတ်လား..."

"ချေ့ပါ"

ဒီအဖိုးအိုက ချေ့ ဆောက်ဝဲ ရဲ့ သူငယ်ချင်းလား။

အဖိုးအိုက သူ့ရဲ့ အနက်ရောင် ဦးထုပ်ကို ချွတ်ပြီး ယဉ်ယဉ်ကျေးကျေး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တယ်။

"မိတ်ဆက်တာ နောက်ကျသွားလို့ တောင်းပန်ပါတယ်။ ငါ့ နာမည်က ဂျိန်း ကလပ် ဂိုးမန်း ပါ"

တက်ဂယူ က မြန်မာလို ပြောလိုက်တယ်။

"နာမည်က ရင်းနှီးနေသလိုပဲ။ ဘယ်မှာ ကြားဖူးပါလိမ့်"

ကျွန်တော် မျက်လုံးတွေ ပြူးသွားပြီး တစ်ခုခုကို စဉ်းစားမိသွားတယ်။

"နေပါဦး၊ ဒါဆိုရင်..."

ဂျိန်း စီ ဂိုးမန်း လား။

တစ်ကိုယ်တည်း အေးအေးဆေးဆေး နေတတ်တဲ့ ရင်းနှီးမြှုပ်နှံသူကြီးလို့ လူသိများတဲ့ Golden Gate ရဲ့ စီအီးအိုလား။

အခန်း (၇၂)

ငွေရေးကြေးရေးနယ်ပယ်က ကျွမ်းကျင်သူတွေက သာမန်လုပ်ငန်းရှင်တွေလောက် လူသိမများကြပါဘူး။

ဆောင်း အီလက်ထရောနစ် နဲ့ အွန်ဆောင်း မော်တာ တို့ရဲ့ စီအီးအိုတွေကို လူသိများကြပေမဲ့ Hanshin ဘဏ်နဲ့ KYB Securities ရဲ့ စီအီးအိုတွေကိုတော့ လူတော်တော်များများ မသိကြပါဘူး။

နိုင်ငံခြားကုမ္ပဏီတွေမှာလည်း ဒီအတိုင်းပါပဲ။

NPL နဲ့ Facenote ရဲ့ စီအီးအိုတွေကို လူတွေသိကြပေမဲ့ City Bank နဲ့ JP Morgan ရဲ့ စီအီးအိုတွေက ဘယ်သူလဲဆိုတာ သိမှာမဟုတ်ပါဘူး။ Golden Gate ရဲ့ စီအီးအို နာမည်ကို သိတဲ့သူတောင် ခပ်ရှားရှားပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ကျွန်တော်ကတော့ ဂျိန်း စီ ဂိုးမန်း ဆိုတဲ့ နာမည်နဲ့ အတော်လေး ရင်းနှီးနေပါတယ်။ သူနဲ့ စီးပွားဖက်ဖြစ်လို့ မဟုတ်ဘဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကျောင်းသုံးစာအုပ်တွေမှာ ပါတဲ့အထိ နာမည်ကျော်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက် ဖြစ်နေလို့ပါ။

သူက ကျွန်တော် မမွေးခင်ကတည်းက Golden Gate ကို ဦးဆောင်လာခဲ့တာဖြစ်ပြီး အမေရိကန် ငွေရေးကြေးရေး ကဏ္ဍတင်မကဘဲ ကမ္ဘာတစ်ဝှမ်းကိုပါ လွှမ်းမိုးထားနိုင်သူပါ။ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ဒေါ်လာ သန်းထောင်ပေါင်းများစွာကို လှုပ်ခတ်သွားစေနိုင်တဲ့ သူမျိုးပေါ့။

ကျွန်တော်က အံ့ဩနေပေမဲ့ တက်ဂယူ ကတော့ ဘာမှန်းမသိသေးတဲ့ ပုံစံပါပဲ။

ကိုရီးယားလိုပဲ ကျွန်တော် ပြောလိုက်တယ်။

"Golden Gate ရဲ့ စီအီးအို ကွ"

အဲဒီအချိန်မှာ ဘာသာစကားက သိပ်အရေးမကြီးတော့ဘူးဆိုတာ ကျွန်တော် သိလိုက်ရတယ်။

"ဝိုး... ဒါဆို ငါတို့ အမကြီးရဲ့ အထက်လူကြီးပေါ့"

"အတိအကျပဲ"

Golden Gate ရဲ့ စီအီးအို က မန်ဟက်တန်နားက စံအိမ်ကြီးမှာ နေတယ်လို့ လူသိများပါတယ်။ သူက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။

ကျွန်တော်တို့ကို တွေ့ဖို့အတွက်နဲ့တော့ ဒီတိုက်ကြီးကို ဖြတ်ပြီး ပျံလာမှာ မဟုတ်တာ သေချာပါတယ်။

ဒါမှမဟုတ် သူ့မြေးကို လာတွေ့ရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့နဲ့ ဆုံတာလား။

အဲဒါကော ဖြစ်နိုင်ပါ့မလား။

ဟင်နရီ က ကျွန်တော်တို့ကို လမ်းပြပေးနေတာကို ကြည့်ရင်တော့ သူက အစကတည်းက ကျွန်တော်တို့ကို တွေ့ဖို့ ရည်ရွယ်ထားတာလို့ ယူဆလို့ ရပါတယ်။

"ဒီကို ရောက်နေမှတော့ ထိုင်ပြီး စကားပြောကြတာပေါ့"

ဂျိန်း က သူ့ရဲ့ ကုတ်အင်္ကျီကို ချွတ်ပြီး ထိုင်လိုက်တယ်။ ကျွန်တော်တို့လည်း လိုက်ထိုင်လိုက်ကြပါတယ်။

ဂျိန်း စီ ဂိုးမန်း နဲ့ အတူတူ ညစာ စားရတော့မယ်ဆိုတာကို ကျွန်တော် မယုံနိုင်သေးပါဘူး။ တကယ့်ကို အိပ်မက်တစ်ခုလိုပါပဲ။ တခြားသူတွေကို သွားပြောရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

ဒီလို ရုတ်တရက်ကြီး ဖြစ်လာတဲ့ အခြေအနေက အံ့ဩဖို့ကောင်းသလို အရမ်းလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကျွန်တော့်မျက်နှာကို ကြည့်ပြီး တက်ဂယူ က တိုးတိုးလေး မေးတယ်။

"ဒါက အဲလောက်တောင် အရေးကြီးလို့လား"

"အရေးမကြီးဘဲ နေမလားဟ"

တချို့နေရာတွေမှာဆိုရင် ဝါရင် ဘတ်ဖတ် နဲ့ ထမင်းအတူစားရတာထက်တောင် ပိုပြီး အထင်ကြီးဖို့ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။

ဝါရင် ဘတ်ဖတ် ကတော့ ပရဟိတအတွက်ဆိုပြီး နှစ်စဉ် သူနဲ့ နေ့လယ်စာစားဖို့ လေလံတင်လေ့ ရှိပါတယ်။ ဂျိန်း စီ ဂိုးမန်း ကတော့ လူမြင်ကွင်းကိုတောင် ထွက်လေ့မရှိသလို မီဒီယာတွေကိုလည်း စာနဲ့ပဲ အင်တာဗျူး ဖြေလေ့ရှိတာပါ။

အင်တာနက်ပေါ်မှာတောင် သူ့ရဲ့ ဓာတ်ပုံတစ်ပုံမှ မရှိပါဘူး။ 'တစ်ကိုယ်တည်း နေတတ်တဲ့ ရင်းနှီးမြှုပ်နှံသူ' ဆိုတဲ့ နာမည်က အလကား ပေးထားတာ မဟုတ်ပါဘူး။

အခုတော့ အဲဒီလူကြီးက ကျွန်တော်တို့ ရှေ့တည့်တည့်မှာ ရောက်နေပြီလေ။

ဒါပေမဲ့ တက်ဂယူ ကတော့ သိပ်ဂရုစိုက်မှာ မဟုတ်ပါဘူး။

"Golden Gate ရဲ့ စီအီးအို ကို တွေ့ရတာ ဂုဏ်ယူပါတယ်ဗျာ။ ဒါနဲ့ ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

"မင်းတို့တွေ အမေရိကန်ကို လာတယ်လို့ ကြားတာနဲ့ တွေ့ဖို့အတွက် လွန်ခဲ့တဲ့ တစ်လကတည်းက အပြေးအလွှား လာခဲ့တာပါ"

အဲဒီစကားကြောင့် ကျွန်တော် အံ့ဩသွားမိတယ်။

ကျွန်တော်တို့ကို တွေ့ဖို့အတွက်နဲ့တင် နယူးယောက် ကနေ ကယ်လီဖိုးနီးယား အထိ လာခဲ့တာလား။

အဲဒီအချိန်မှာပဲ ကျွန်တော် မှာထားတဲ့ အမဲသားကင် ရောက်လာပါတယ်။

"ဒီနေ့က ပျော်စရာနေ့ပဲ။ ဝိုင်တစ်ခွက်လောက် သောက်ကြမလား"

"ဟုတ်ကဲ့။ သောက်ပါ့မယ်"

ဟင်နရီ က ဝန်ထမ်းကို ဝိုင် မှာလိုက်တယ်။ ကျွန်တော်တို့ ဝိုင်ခွက်တွေ ဖြည့်ပြီး အောင်ပွဲခံလိုက်ကြပါတယ်။

"L6 အကြပ်အတည်းကနေ Startup နယ်ပယ်၊ အခုတော့ Brexit အထိ၊ OTK Company ရဲ့ စွန့်စားမှုတွေက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်"

ကျွန်တော်က နှိမ့်ချပြီး ပြောလိုက်တယ်။

"တစ်ကိုယ်တည်း နေတတ်တဲ့ ရင်းနှီးမြှုပ်နှံသူကြီးရဲ့ အောင်မြင်မှုတွေနဲ့ ယှဉ်ရင်တော့ ဒါက ဘာမှမဟုတ်ပါဘူး"

ဂျိန်း က ကျွန်တော့်စကားကို ခပ်ပြုံးပြုံးပဲ တုံ့ပြန်တယ်။

"ငါ ဘာလို့ လူမြင်ကွင်းကို မထွက်တာလဲ။ မီဒီယာတွေကို ဘာလို့ ရှောင်တာလဲဆိုတာကို မင်း သိလား"

ဘယ်သူမှ အဲဒီအကြောင်းရင်းကို အတိအကျ မသိကြပါဘူး။ ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်ကြတာပါ။

တချို့ကလည်း လူတောမတိုးရဲတဲ့ရောဂါ ရှိလို့လား။ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ မသန်စွမ်းတာလား။ ဖျားနာနေတာလား။ ရုပ်ဆိုးလွန်းလို့လား အစရှိတဲ့ အတွေး အမျိုးမျိုး တွေးကြတာပေါ့။

ဒါပေမဲ့ လူကိုယ်တိုင် တွေ့လိုက်ရတဲ့အခါမှာတော့ အားလုံးက ပြောင်းပြန်ဖြစ်နေပါတယ်။ သူ့ရဲ့ ပင်ကိုစရိုက်ကလည်း တက်ကြွတဲ့ပုံစံပါပဲ။

ဂျိန်း က အသံတိုးတိုးနဲ့ ပြောတယ်။

"ဒါက ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ သိတဲ့ လျှို့ဝှက်ချက်နော်..."

ကျွန်တော်တို့လည်း စိတ်ဝင်တစားနဲ့ ရှေ့ကို တိုးပြီး နားထောင်လိုက်ကြပါတယ်။

ကဲ... ဘယ်လို လျှို့ဝှက်ချက်မျိုး ဖြစ်မလဲ။

"တကယ်တော့ ငါက ရင်းနှီးမြှုပ်နှံမှုမှာ မတော်ပါဘူး။ ဈေးကွက်ကို ကြည့်တတ်တဲ့ မျက်စိလည်း မရှိသလို ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ပင်ကိုသိစိတ် လည်း မရှိဘူး"

"ဗျာ"

ဒါက ဘာစကားလဲ။

အစကတော့ နောက်နေတာလို့ ထင်လိုက်မိတယ်။ Golden Gate ရဲ့ စီအီးအို က ရင်းနှီးမြှုပ်နှံမှုမှာ မတော်ဘူးဆိုတာက ရေကူးသမားက ရေထဲ မဆင်းရဲဘူးလို့ ပြောတာလောက်ကို အဓိပ္ပာယ်မရှိတာပါ။ ကျွန်တော် သိထားတဲ့ သူ့ရဲ့ ပြိုင်ဘက်ကင်း အောင်မြင်မှု သမိုင်းကြောင်းတွေတင် စာအုပ်အတော်များများ ရေးလို့ ရပါတယ်။

အားလုံးထက် ပိုဆိုးတာက ABS တို့၊ CDO တို့၊ MBS တို့ဆိုတာ ဘာလဲဆိုတာကို အခုထိ ကျွန်တော် နားမလည်သေးဘူး။ ကျွန်တော် ငယ်ငယ်တုန်းက ငွေကြေးဆိုင်ရာ ထုတ်ကုန်တွေရဲ့ သဘောတရားက အရမ်းရိုးရှင်းခဲ့တာပါ ဒါပေမဲ့ တစ်ချိန်မှာတော့ ရှင်းပြလို့မရတဲ့ စကားလုံးတွေနဲ့ နားမလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ လည်ပတ်လာကြတော့တာပဲ။

"Golden Gate က အဲဒါတွေကို အဓိက ဖန်တီးခဲ့တာ မဟုတ်ဘူးလား"

ကျွန်တော်ကတော့ မလိုအပ်တာတွေ ပြောမိတာလည်း ဖြစ်နိုင်ပေမဲ့ အိမ်ခြံမြေ အပေါင်ခံ စာချုပ်တွေကို အခြေခံထားတဲ့ MBS တွေနဲ့ အဲဒီ MBS တွေကို အခြေခံထားတဲ့ CDO တွေကို အမြောက်အမြား ထုတ်ဝေခဲ့တာက အမေရိကန် ငွေရေးကြေးရေး အကြပ်အတည်းကို ဖြစ်စေခဲ့တာ အမှန်ပဲလေ။

"လူတွေရှေ့မှာ ဒါမှမဟုတ် မီဒီယာတွေရှေ့မှာ စကားပြောရရင် ဘာပြောရမှန်း ငါ မသိဘူး။ ဒါကြောင့် တတ်နိုင်သလောက် ဖုံးကွယ်ဖို့ ကြိုးစားရင်းနဲ့ မသိလိုက်ဘဲ လျှို့ဝှက်တဲ့ ရင်းနှီးမြှုပ်နှံသူလို့ အခေါ်ခံလာရတော့တာပဲ"

ကျွန်တော်က ဇဝေဇဝါနဲ့ မေးလိုက်တယ်။

"Plaza Accord ကို ကြိုတင်ခန့်မှန်းပြီး ယန်းငွေပေါ်မှာ လောင်းကြေးထပ်ခဲ့တာကော"

"အဲဒါက နာကာမိုတို ဂျပန်ဘဏ်ခွဲ မန်နေဂျာ ဖြစ်တုန်းက ဆုံးဖြတ်ခဲ့တာပါ"

"အာရှ ငွေရေးကြေးရေး အကြပ်အတည်း ပြီးတော့ အာရှက အိမ်ခြံမြေတွေကို ဈေးအပေါဆုံးနဲ့ ဝယ်ခဲ့တာကော"

"အဲဒါက ချေ့ က အာရှဘဏ်ခွဲ မန်နေဂျာ အနေနဲ့ ပေးခဲ့တဲ့ အကြံဉာဏ်ပါ"

"ယူကရိန်း ပဋိပက္ခ မဖြစ်ခင်လေးမှာတင် ငွေတိုက်စာချုပ်တွေကို ရောင်းချခဲ့တာကော"

"အဲဒီမှာတော့ ဒီမီထရီ က အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တာလေ"

ဂျိန်း က ဝိုင်ကို တစ်ငုံသောက်ရင်း ပြောတယ်။

"ငါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ တစ်ခုထဲသော အချက်ကတော့ လူတွေကို အကဲခတ်တတ်တာပါပဲ။ သူတို့နဲ့ တွေ့ပြီး စကားပြောကြည့်ရင် တစ်ခုခုကို ယုံယုံကြည်ကြည်နဲ့ အပ်နှံလို့ ရမရဆိုတာကို ငါဟာ အနည်းနဲ့အများ ဆုံးဖြတ်နိုင်တယ်"

တစ်နည်းပြောရရင် ခင်ဗျားက လူတော်တွေကို အသုံးချတဲ့ နေရာမှာ တော်တာပေါ့လေ။

Golden Gate ဟာ အမေရိကန်တင်မကဘဲ တစ်ကမ္ဘာလုံးမှာပါ ပြင်းထန်တဲ့ လွှမ်းမိုးမှုတွေ ရှိနေနိုင်တာက သီးခြားစီ လည်ပတ်နေတဲ့ ဒေသတွင်း ဘဏ်ခွဲမန်နေဂျာတွေရဲ့ စွမ်းဆောင်ချက်တွေကြောင့်ပါ။ အဲဒီလူတွေကို ခန့်အပ်ခဲ့တာကတော့ စီအီးအို ဂျိန်း ပဲ ဖြစ်ပါတယ်။

စဉ်းစားကြည့်ရင်တော့ Quantum Fund က ဗြိတိန် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်ကို တိုက်ခိုက်တုန်း ကလည်း တကယ်တမ်း စီမံချက် ဆွဲခဲ့တာက စတန်းလေ ဒရက်မေလာ ပါ။

ဒါပေမဲ့ လူတွေကတော့ ဂျော့ရှ် ဆိုရော့စ် ဆိုတဲ့ နာမည်ကိုပဲ မှတ်မိကြတာလေ။

ဂျိန်း က တက်ဂယူ ဘက်ကို လှည့်ကြည့်လိုက်တယ်။

"အဲဒီသဘောအရပြောရမယ်ဆိုရင်တော့ ငါက ကန်ဂျင်ဟူ လောက် မဟုတ်ရင်တောင် ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံသူလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပါတယ်။ မစ္စတာအို ရဲ့ ပါရမီက ကန်ဂျင်ဟူ ရဲ့ ပါရမီကို အစောဆုံး အသိအမှတ်ပြုခဲ့တာ မဟုတ်လား"

တက်ဂယူ က အမဲသားကင်တစ်ဖက်ကို ပါးစပ်ထဲ ထည့်ထားရင်းနဲ့ အံ့ဩပြီး မျက်တောင်တခတ်ခတ် လုပ်နေပါတယ်။

"ကျွန်... ကျွန်တော်လား"

"မစ္စတာအို က ကန်ဂျင်ဟူ ရဲ့ ပါရမီကို အစောဆုံး သိမြင်ခဲ့တာ မဟုတ်လား"

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။

"ဟုတ်ပါတယ်"

တကယ်လို့ တက်ဂယူ သာ ကျွန်တော့်ဆီကို အရင်ဆုံး လက်မကမ်းခဲ့ရင် သူ့ရဲ့ ရှယ်ယာတွေကို ဖယ်ထုတ်ပြီး ကျွန်တော့်ကို စီအီးအို နေရာ မပေးခဲ့ရင် ကျွန်တော် ဒီနေရာအထိ ရောက်လာမှာ မဟုတ်ပါဘူး။

"ဒီအသက်အရွယ်အထိ နေလာခဲ့တဲ့ အတွေ့အကြုံအရ ငါ့အတွက် အသေချာဆုံး အရာကတော့ လူတွေပေါ်မှာ ရင်းနှီးမြှုပ်နှံတာပါပဲ"

ဒီလို စကားမျိုးတွေကို အရင်ကလည်း အကြိမ်ကြိမ် ကြားဖူးပါတယ်။

စကားတစ်ခွန်းက အကြောင်းအရာထက် ဘယ်သူက ပြောတာလဲဆိုတာက ပိုအရေးကြီးပါတယ်။ Golden Gate ကို ဆယ်စုနှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့တဲ့ စီအီးအို ဆီက ထွက်လာတဲ့ စကားဆိုတော့ အလေးအနက်ထားပုံချင်း မတူတော့ပါဘူး။

လူတွေပေါ်မှာ ရင်းနှီးမြှုပ်နှံတာကို...

ကျွန်တော် အခု ကောင်းကောင်း လုပ်နေရဲ့လား။

"ချေ့ ပြောတာတော့ ဒီလူနှစ်ယောက်နဲ့ တွေ့ရင် ဖောက်သည်ကောင်းတွေတင်မကဘဲ မိတ်ဆွေ သူငယ်ချင်းကောင်းတွေပါ ရလိမ့်မယ်တဲ့။ ငါတို့ရဲ့ ပတ်သက်မှုက နောင်အနာဂတ်မှာလည်း ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ဒါပေါ့ဗျာ"

ညစာ စားပြီးတော့ ကျွန်တော်တို့ အပြင်ကို ထွက်ခဲ့ကြတယ်။

Rolls-Royce Phantom ကားတစ်စီးက ဆိုင်ရှေ့မှာ စောင့်နေပါတယ်။ ကျွန်တော်တို့ ကားရှေ့မှာ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

"ဒီနေ့ ညစာကတော့ တော်တော်လေး ပျော်စရာကောင်းပါတယ်။ ဒီမှာ ရှိနေတုန်း အကူအညီ လိုအပ်တာရှိရင် ဟင်နရီ ကို အချိန်မရွေး ပြောလိုက်ပါ"

"ဟုတ်ကဲ့"

"ဂရုစိုက်သွားကြဦး"

ဂျိန်း က ကားထဲ ဝင်သွားတယ်။

စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတဲ့ ဒဏ္ဍာရီလာ ရင်းနှီးမြှုပ်နှံသူကြီးနဲ့ အပြင်မှာ လူကိုယ်တိုင် တွေ့ခဲ့ရတာပါ။ အခုထိ တကယ့်အပြင်မှာ ဖြစ်နေတာလို့ မခံစားရသေးပါဘူး။

ဒီအတိုင်းဆိုရင် နောက်ကျရင် ဝါရင် ဘတ်ဖတ် နဲ့ပါ တွေ့ရတော့မှာလား။

ဟိုတယ်အခန်းထဲက စားပွဲပေါ်မှာ အစ်မ ဟျွန်းဂျူးဆီက ရထားတဲ့ အချက်အလက်တွေကို ကျွန်တော် ဖြန့်ခင်းလိုက်တယ်။

"ငါတို့ လိုအပ်တာက CarOS က ထုတ်ထားတဲ့ Software ကို ထည့်သွင်းနိုင်မယ့် ကားတစ်စီးပဲ"

CarOS က စက်နှိုးတာကနေစပြီး ဘတ္ထရီကနေ အလိုအလျောက် မောင်းနှင်စနစ်အထိ အားလုံးကို ထိန်းချုပ်နိုင်မယ့် Operating System တစ်ခုကို တီထွင်နေတာပါ။ ဒီ Operating System ကို ကောင်းကောင်း အသုံးချနိုင်ဖို့ဆိုရင် လျှပ်စစ်နဲ့ မောင်းတဲ့ လျှပ်စစ်ကားက အကောင်းဆုံးပါပဲ။

တက်ဂယူ က လက်ပိုက်ပြီး မေးတယ်။

"လျှပ်စစ်ကား ကုမ္ပဏီတစ်ခုကို ဝယ်မလို့လား"

"သူတို့က ဈေးအရမ်းကြီးတယ်"

ဈေးကွက်ထဲမှာ နေရာရပြီးသား လျှပ်စစ်ကား ကုမ္ပဏီတွေက ကျွန်တော်တို့ဆီမှာ ရှိတဲ့ ပိုက်ဆံနဲ့ ဝယ်ဖို့ဆိုတာ ဈေးကြီးလွန်းပါတယ်။ တကယ်လို့ ကျွန်တော်တို့က ဝယ်ဖို့ ကြိုးစားမယ်ဆိုရင် ဈေးက ပိုတောင် တက်လာဦးမှာပါ။

"လျှပ်စစ်ကား ဈေးကွက်က အရှိန်အဟုန်နဲ့ ကြီးထွားလာနေတယ် ဆိုပေမဲ့ တစ်နှစ်ကို အစီးရေ တစ်သန်းတောင် မရောင်းရသေးဘူး။ လက်ရှိ ဘတ္ထရီ ထုတ်လုပ်နိုင်စွမ်းကို ကြည့်ရင်လည်း အခုချက်ချင်းကြီး သိသိသာသာ တိုးလာဖို့က ခက်တယ်"

နောင်အနာဂတ်ရဲ့ ကားတွေလို့ ပြောကြပေမဲ့ လောလောဆယ်မှာတော့ စက်သုံးဆီအင်ဂျင်သုံး ကားတွေကပဲ ဈေးကွက်ကို စိုးမိုးထားဦးမှာပါ။

"အလိုအလျောက် မောင်းနှင်တဲ့ နည်းပညာကို အခုရှိနေတဲ့ အင်ဂျင်သုံး ကားတွေမှာလည်း သုံးလို့ ရတယ်။ လျှပ်စစ်ကားပေါ်မှာပဲ အာရုံစိုက်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ရေရှည်မှာတော့ အဲဒီနည်းပညာကလည်း လိုလာမှာပါပဲ"

"ဒါဆို လောလောဆယ်တော့ လက်ရှိရှိနေတဲ့ ကားထုတ်လုပ်သူတွေကို ဝယ်ဖို့ စဉ်းစားနေတာလား"

"အင်း။ အားလုံး ပြည့်စုံတဲ့ အလိုအလျောက် မောင်းနှင်စနစ်ကို ထည့်သွင်းလိုက်တာနဲ့တင် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း လုံလောက်သွားပြီ"

"ကိုရီးယား ဈေးကွက်ထဲကို ချက်ချင်း ဖြန့်မှာလား"

အဲဒီမေးခွန်းကို ကျွန်တော် ခေါင်းခါပြလိုက်တယ်။

"အဲဒါက ခက်လိမ့်မယ်"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းတွေက အဆင်သင့် မဖြစ်သေးလို့ပဲ"

လမ်းစည်းကမ်းတွေလိုမျိုး ဥပဒေတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အနည်းငယ်စီ ကွဲပြားပါတယ်။ ဒါကြောင့် တခြားနိုင်ငံမှာ အဆင်ပြေပြေ မောင်းနိုင်တဲ့ ကားတွေက ကိုရီးယား ဈေးကွက်ထဲမှာ မောင်းလို့ မရတာမျိုး ဖြစ်နိုင်ပါတယ်။

"ကိုရီးယားမှာက အလိုအလျောက် မောင်းနှင်တာက အခုထိ တရားမဝင်သေးဘူး"

"ဒါဆို ဘယ်တော့မှ တရားဝင်မှာလဲ"

"အွန်ဆောင်း မော်တာ က အဲဒီနည်းပညာကို တီထွင်နိုင်တဲ့အခါကျရင်ပေါ့"

နောက်နေတာ မဟုတ်ပါဘူး။

အရင်တုန်းကလည်း HUD တို့၊ အဝေးထိန်းစနစ်နဲ့ ပါကင်ထိုးတာတို့၊ လေဆာ ရှေ့မီးကြီးတို့က တရားမဝင်ခဲ့ပါဘူး။ အဲဒီနည်းပညာတွေကို တီထွင်နိုင်တဲ့ ကမ္ဘာ့ကားကုမ္ပဏီတွေဟာ တချို့ဈေးကွက်တွေမှာ အဲဒီနည်းပညာတွေကို ဖြုတ်ပြီးမှ တင်ပို့ခဲ့ရတာပါ။

ဒါပေမဲ့ အွန်ဆောင်း မော်တာ က အဲဒီနည်းပညာကို တီထွင်လိုက်တဲ့အခါမှာတော့ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေတွေက ချက်ချင်း ပေါ်လာတော့တာပါပဲ။

"ဒါက အခွန်မပါတဲ့ ကုန်သွယ်ရေး အတားအဆီး တစ်မျိုးပဲ"

ကားလုပ်ငန်းက ပို့ကုန်နဲ့ အလုပ်အကိုင် ဖန်တီးပေးမှုမှာ အဓိက ကျတာကြောင့် အစိုးရက ဒါကို သေသေချာချာ ကာကွယ်ပေးထားတာပါ။ ဒါ့အပြင် အွန်ဆောင်း မော်တာ က နိုင်ငံရေးလောကမှာလည်း လာဘ်ထိုးတာတွေ ရှိနေမှာပါ။

ဒါကြောင့်လည်း သူတို့က ပြည်တွင်းဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားနိုင်တာပေါ့။

"အဲဒီပြဿနာကို နောက်မှ ရှင်းကြတာပေါ့"

ဘယ်ကုမ္ပဏီကို ဝယ်ရမလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။

လက်ရှိ ဈေးကွက်ထဲမှာ အရောင်းတင်ထားတဲ့ ကားကုမ္ပဏီတွေကတော့ ရှုံးနိမ့်ပြီးသား ဒါမှမဟုတ် ရှုံးနိမ့်နေတဲ့ ကုမ္ပဏီတွေ၊ နည်းပညာပိုင်းမှာ ညံ့ဖျင်းတဲ့ ကုမ္ပဏီတွေပဲ ရှိပါတယ်။

တကယ်လို့ သူတို့က အလားအလာ ကောင်းနေမယ်ဆိုရင် အစကတည်းက အရောင်းတင်မှာ မဟုတ်ဘူးလေ။

"မင်းမှာ ဘာမှ ကြိုမြင်တာမျိုး မရှိဘူးလား"

"မရှိဘူး"

ဒီလိုအချိန်မျိုးမှာ ကျွန်တော့်မျက်စိရှေ့မှာ အချက်အလက်တွေ ပေါ်လာမယ့် Window လေးတစ်ခုလောက် ရှိရင် ကောင်းမှာပဲ။ အဲဒါဆို အဆင်ပြေမှာပါ။

မဟုတ်သေးဘူး။ အဲဒါဆိုရင် ပိုပြီး အဆင်မပြေဖြစ်သွားလောက်မလား။

မလိုအပ်တဲ့ အချက်အလက်တွေ အမြဲတမ်း ပေါ်နေမယ်ဆိုရင် ပုံမှန်အတိုင်း နေထိုင်ဖို့က မဖြစ်နိုင်ပါဘူး။ အခုလိုမျိုး တစ်ခါတလေမှ ပေါ်လာတာက ပိုကောင်းပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် လိုအပ်နေတဲ့အချိန်မှာ ဘာမှ ပေါ်မလာတော့ စိတ်ပျက်ဖို့ ကောင်းတာပေါ့။

တင်းတောင်

ကျွန်တော် စဉ်းစားနေတုန်း ဘဲလ်သံ မြည်လာတယ်။ တံခါးဖွင့်လိုက်တော့ ဟင်နရီ က စာအိတ်တစ်အိတ် ကိုင်ပြီး ရပ်နေပါတယ်။

"ကျွန်တော့် အဖိုးက ဒါကို ခင်ဗျားကို ပေးခိုင်းလိုက်လို့ပါ"

ဂျိန်း စီ ဂိုးမန်း ကလား။

"ကျေးဇူးပါပဲ"

ဟင်နရီ ပြန်သွားတော့ စာအိတ်ထဲက စာကို ထုတ်ပြီး ဖတ်လိုက်တယ်။ အဲဒီထဲမှာ စာကြောင်းတိုလေး တစ်ကြောင်း ရေးထားပါတယ်။

"မင်းက မော်တော်ကား လုပ်ငန်းကို စိတ်ဝင်စားနေတယ်လို့ ကြားတယ်။ ဒါဆိုရင် အမေရိကန် သမ္မတ ရွေးကောက်ပွဲကို အာရုံစိုက်သင့်တယ်

-မင်းရဲ့ မိတ်ဆွေသူငယ်ချင်းကြီး -"

"စဉ်းစားကြည့်မှပဲ..."

အခုက အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလပဲလေ။

Brexit လည်း ဖြစ်နေသလို ဒီနှစ်မှာ ကမ္ဘာ့အဖြစ်အပျက်ကြီးတွေ အများကြီး ရှိနေတာပဲ။

တက်ဂယူ က နားမလည်တဲ့ ပုံစံနဲ့ မေးတယ်။

"အဲဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ"

" မော်တော်ကား လုပ်ငန်းက အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတယ်လို့ ငါ စောနက ပြောခဲ့တယ်လေ"

တကယ်လို့ အမေရိကန် ဈေးကွက်ကို ချိန်ရွယ်ထားတာဆိုရင် နောက်တက်လာမယ့် အစိုးရရဲ့ မူဝါဒတွေကို လျစ်လျူရှုလို့ မရပါဘူး။

"TV Remote ပေးဦး"

"ရော့"

ကျွန်တော် တီဗွီ ဖွင့်ပြီး CNN ကို ပြောင်းလိုက်တယ်။

ဒီမိုကရက်တစ် နဲ့ ရီပတ်ဘလီကန် နှစ်ဖက်စလုံးက အမတ်လောင်းတွေကို လေ့လာသုံးသပ်နေတဲ့ အစီအစဉ်တစ်ခု ပြနေပါတယ်။

လက်ရှိ ဒီမိုကရက်တစ် အမတ်လောင်းက ဒိုင်ယန် ဖြစ်ပြီး ရီပတ်ဘလီကန် အမတ်လောင်းကတော့ ရိုနယ် ပါ။ တခြား အမတ်လောင်းတွေလည်း ရှိသေးပေမဲ့ အာရုံစိုက်စရာ မလိုပါဘူး။

ရုတ်တရက် ဂျိန်း ရဲ့ စကားကို သတိရသွားမိတယ်။

လူတွေပေါ်မှာ ရင်းနှီးမြှုပ်နှံတာထက် ပိုသေချာတာ မရှိဘူးလို့ သူ ပြောခဲ့တယ် မဟုတ်လား။

ကျွန်တော် အေးအေးဆေးဆေး စဉ်းစားကြည့်လိုက်တယ်။

ကျွန်တော့်လက်ထဲမှာ အခု ဘယ်လို ဖဲချပ်တွေ ရှိနေသလဲ။ အဲဒါတွေကို ဘယ်လို ကောင်းကောင်း အသုံးချနိုင်မလဲ။

"သူတို့နဲ့ လူကိုယ်တိုင် တွေ့နိုင်ရင် ကောင်းမှာပဲ"

တက်ဂယူ က မေးတယ်။

"ဟင်... ဘယ်သူ့ကိုလဲ"

ကျွန်တော် တီဗွီကို လက်ညှိုးထိုးပြလိုက်တယ်။

"အဲဒီလူတွေကိုပြောတာ"

"သူတို့က မင်းကို တွေ့ပါ့မလား"

ကောင်းလိုက်တဲ့ ထောက်ပြချက်ပါပဲ။

နှစ်ယောက်စလုံးက အမေရိကန် နိုင်ငံရေးကို နှစ်ခြမ်းခွဲထားတဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီတွေရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေဖြစ်ပြီး သူတို့ထဲက တစ်ယောက်က နောက်ပိုင်း လပိုင်းအတွင်းမှာ အမေရိကန် သမ္မတ ဖြစ်လာမှာ အသေအချာပါပဲ။

ဒါ့အပြင် အခုက မဲဆွယ်စည်းရုံးရေးနဲ့ အလုပ်ရှုပ်နေကြတဲ့ အချိန်လေ။ သူတို့က တစ်မိနစ်ချင်းစီကို အချိန်ဇယားဆွဲပြီး လူတွေနဲ့ တွေ့ဆုံနေကြမှာပါ။

ကျွန်တော့်မှာ ပိုက်ဆံ ဘယ်လောက်ပဲ ရှိရှိ အမေရိကန်က မျိုးရိုးစဉ်ဆက် ချမ်းသာတဲ့သူတွေနဲ့တော့ ယှဉ်လို့ မရပါဘူး။ ကျွန်တော်က အမှတ်မထင် သွားတွေ့ရုံနဲ့ သူတို့က တွေ့မှာ မဟုတ်ပါဘူး။

ကောင်းတဲ့ နည်းလမ်း မရှိဘူးလား။

Golden Gate က သမိုင်းကြောင်း နောက်ခံ အားကောင်းရုံတင်မကဘဲ အမေရိကန် နိုင်ငံရေးအပေါ်မှာလည်း ပြင်းထန်တဲ့ လွှမ်းမိုးမှုတွေ ရှိပါတယ်။ ပူးပေါင်းကြံစည်မှု သီအိုရီ အမျိုးမျိုးမှာ မပါမဖြစ် ပါလေ့ရှိတဲ့အထိပါပဲ။

ဂျိန်း က ကျွန်တော်တို့ကို ချိတ်ဆက်ပေးနိုင်လောက်မလား။

All Chapters