← Chapters

လိုအင်ဆန္ဒများ အထမြောက်ခြင်း

Vol. 12 Ch. 1194

လိုအင်ဆန္ဒများ အထမြောက်ခြင်း

Vol. 12 Ch. 1194

အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း အတိအကျ ပြောရန်မဖြစ်နိုင်ပေ။ ယပ်တောင်စုတ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေသည့် အမှောင်ထုကြီးထဲတွင် ဆက်လက်လွင့်မျောနေဆဲပင်။

၎င်းမှာ ငြိမ်သက်ခြင်းအတိပြီးနေသည့်အလား ဖြစ်နေပေသည်။

အမှောင်ထုကြီးထဲတွင် ကြယ်တစ်လုံး သို့မဟုတ် ဂြိုဟ်တစ်လုံးကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် ယပ်တောင်စုတ်ကြီး၏ တစ်ခုထဲသော အလင်းရောင်ကိုသာ မြင်နေရသည်။

သို့သော် ယပ်တောင်ကြီး၏ အစောင့်အရှောက်ဝိညာဥ်မှာ သတိမေ့မျောနေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းက အားအင်ပြန်ပြည့်လာစေရန် တရားထိုင်နေသောကြောင့် ထိုအလင်းရောင်မှာ ယခင်ကလောက်တော့ မတောက်ပတော့ပေ။ တစ်ေန့တွင် ပိုင်ရှောင်ချီ၏ မျက်လုံးများပွင့်လာတော့သည်။ သူသည် အလွန်မောပန်းနေသည့် အမူအရာဖြင့် ရုန်းကန်၍မတ်တတ်ထလိုက်ပြီး ဘေးဘီဝဲယာအား အသက်မဲ့နေသည့် မျက်ဝန်းများဖြင့် ဝေ့ကြည့်လိုက်သည်။ သူ သတိလစ်သွားခဲ့စဥ်က ပိုင်ရှောင်ချန်းမှာလည်း တရားထိုင်ရင်း သတိ သတိမေ့မျောလုနီးပါးဖြစ်နေသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။ ထို့ကြောင့် ဧရာမမိုးမြေဧကရာဇ်လက်ကြီးမှာ ယပ်တောင်၏မျက်နှာပြင်ထဲသို့ ပြန်မဝင်သွားပဲ ယပ်တောင်ပေါ်တွင်သာ တင်ကျန်ရစ်ခဲ့သည်။

ထိုလက်ကြီးမှာ မည်သူ၏ ထိန်းချုပ်မှုအောက်တွင်မှ ရှိမနေပါသော်လည်း အလွန်အမင်း စွမ်းအားကြီးနေဆဲဖြစ်ပြီး ယပ်တောင်ရိုးများစွာကို ပျက်စီးသွားစေခဲ့သည်။ ထို့ကြောင့် ယပ်တောင်ကြီးမှာ ယခင်ကထက်ပင် ပို၍အခြေအနေဆိုးရွားနေရပြီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချီမှာ ပူဆွေးသောကရောက်စွာ တုန်ရီသွားရတော့သည်။

" ငါ့အိမ်လေး ... "

သူ ငိုကြွေးမြည်တမ်းနေပြီဖြစ်သည်။ အရာအားလုံး တိတ်ဆိတ်နေသဖြင့် သူ၏ငိုသံမှာ အလွန်စူးရှနေသောကြောင့် ပိုင်ရှောင်ချန်းမှာ အသားများတုန်ရီသွားရသည်။ ထို့နောက် သူသည် မျက်လုံးများပွင့်လာပြီး ခုန်ထလိုက်ကာ မန္တန်လက်ကွက်တစ်ခုဖော်၍ ဘေးဘီဝဲယာကို အကဲခတ်လိုက်တော့သည်။

သူတို့ကို တိုက်ခိုက်မည့်လူ မရှိတော့ကြောင်း သိလိုက်ရသောအခါ သူသည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူသည် သတိမေ့မျောနေဆဲဖြစ်သော စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ထံ ပြေးသွားလိုက်သည်။ ဘေးနားတွင်မူ စုန့်ချွဲ၏ ရုပ်အလောင်းမှာ မလှုပ်မယှက် ငြိမ်သက်နေဆဲပင်။ ဤယပ်တောင်ကြီး၏ ထူးဆန်းသော ဂုဏ်သတ္တိများကြောင့် သူ၏ရုပ်အလောင်းမှာ ပုပ်ပွစမပြုသေးပေ။

သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အကာအကွယ်တစ်ခုအဖြစ် ပိုင်ရှောင်ချီ ထားရှိခဲ့သော ယပ်တောင်မှ ဖျော့တော့တော့ အလင်းရောင်တစ်ခု ရစ်ဝဲနေသည်။

သူ၏ရုပ်အလောင်းမှာ အခြေအနေကောင်းနေသေးသည့်အတွက် ပိုင်ရှောင်ချန်းမှာ စိတ်အေးသွားပါသော်လည်း သူ၏ရင်ထဲတွင်မူ နာကျည်းမှုများဖြင့် ပြည့်နှက်နေဆဲပင်။ ဘေးနားတွင်မူ ပိုင်ရှောင်ချီမှာ သနားစဖွယ်ကောင်းစွာ ငိုကြွေးမြည်တမ်းနေဆဲပင်။

ပိုင်ရှောင်ချန်းမှာ စိတ်ရှုပ်လာသဖြင့် ခတ်ပြတ်ပြတ် ဆိုလိုက်လေသည်။

" ဘာကိစ္စ အဲဒီလောက် အကျယ်ကြီး အော်ငိုနေရတာတုန်း "

" ပါးစပ်ပိတ်ထားစမ်း "

ပိုင်ရှောင်ချီမှာ စိတ်ထိခိုက်နေသည့် လေသံဖြင့် ပြန်အော်လိုက်သည်။

" ဒါအကုန်လုံးက မင်းရဲ့အပြစ်တွေချည်းပဲ။ ငါ့ရဲ့အိမ်လေး... "

ထိုအခါ ပိုင်ရှောင်ချန်းမှာ ဆွံ့အသွားပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်တော့သည်။ အစောပိုင်းက သူသည် စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် စုန့်ချွဲတို့အပေါ် အာရုံရောက်နေခဲ့သည်ဖြစ်၍ ယပ်တောင်ကြီးကို သတိမထားမိနိုင်ခဲ့ပေ။ ယခု သူလှည့်ပတ်ကြည့်လိုက်ပြီးနောက် မိုးမြေဧကရာဇ်လက်ကြီးမှာ ယပ်တောင်ကို ရိုက်ခတ်ထားကြောင်း သိလိုက်ရသဖြင့် အပြစ်ရှိသလိုခံစားလိုက်ရပြီး နှာခေါင်းကိုပွတ်လိုက်တော့သည်။

သူ စိတ်မကောင်းဖြစ်သွားရတော့သည်။ ထို့အပြင် ပိုင်ရှောင်ချီ၏ အကူအညီကို ရခဲ့သောကြောင့်သာ မိစ္ဆာဧကရာဇ်ကို နှင်ထုတ်နိုင်ခဲ့သည် မဟုတ်ပါလော။ ယခုတွင် ပိုင်ရှောင်ချီအလွန်ဝမ်းနည်းနေသည်ကို မြင်လိုက်ရသဖြင့် ပိုင်ရှောင်ချန်းမှာ သူ့အားနှစ်သိမ့်ပေးရန် တွေးလိုက်တော့သည်။

" မင်းငါ့ကို အပြစ်တင်လို့မရဘူးလေကွာ။ အာ...ထားတော့။ ယပ်တောင်ကြီးကို ပြန်ပြင်ဖို့အတွက် ငါမင်းကိုကူညီပေးမယ် "

ပိုင်ရှောင်ချီမှာ အံ့သြသွားသဖြင့် မျက်တောင်တဖျတ်ဖျတ်ပင် ခတ်လိုက်တော့သည်။ အမှန်မှာ သူ စိတ်လိုက်မာန်ပါ အော်ဟစ်မိခဲ့သည်ကို ချက်ချင်းပင် နောင်တရသွားခဲ့သည်ဖြစ်ပြီး ပိုင်ရှောင်ချန်း မည်သို့တုန့်ပြန်မည်ကို တွေး၍ ထိတ်လန့်နေခဲ့သည်။ ထို့ကြောင့် သူ၏ နှစ်သိမ့်ပေးသောစကားများကို ကြားလိုက်ရသောအခါ သူ အံ့အားသင့်သွားရခြင်းဖြစ်သည်။ သို့သော် သူသည် လွန်လွန်ကျူးကျုး ထပ်၍ မပြုမူသင့်ကြောင်း သိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည်နှာမှုတ်လိုက်ပြီး ပိုင်ရှောင်ချန်းအား မိုးမြေဧကရာဇ်လက်ကြီးကို ယပ်တောင်၏မျက်နှာပြင်ထဲသို့ ပြန်ထည့်ရာတွင် ကူညီပေးလိုက်ပြီးနောက် ယပ်တောင်ရိုးများကို ပြန်လည်ပြုပြင်လိုက်တော့သည်။

သူတို့က ထိုယပ်တောင်ရိုးများကို အကောင်းပတိပြန်ဖြစ်အောင် မပြင်ဆင်နိုင်ခဲ့ပါသော်လည်း ကြည့်ပျော်ရှုပျော်အဆင့်ထိရောက်အောင်တော့ လုပ်နိုင်ခဲ့သည်။ ယပ်တောင်ကြီးမှာ ကြယ်တာရာကောင်းကင်မှ ရတနာကြီးတစ်ပါးဖြစ်၍ အတိုင်းအတာတစ်ခုအထိ သူ့ကိုယ်သူ ပြန်လည်ပြုပြင်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ အနည်းငယ်အကြာတွင် ထိုပြန်လည်ပြုပြင်သည့် စွမ်းအားများ အသက်ဝင်လာတော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းမှာ အားအင်ပြန်ပြည့်စေရန် အချိန်ထပ်ပေးလိုက်သည်။ အဆုံးသတ်တွင် သူသည် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ထံတို့ သွားလိုက်တော့သည်။ သူတို့နှစ်ယောက်က ဖောင်းကားနေသော ဗိုက်ကြီးများဖြင့် ထိုင်နေသည့် မြင်ကွင်းနှင့် စုန့်ကျင်းဝမ်၏လက်မောင်းပေါ်ရှိ ဘရူဆာပုံ ဆေးမင်းကြောင်ရုပ်တို့ကြောင့် ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲတွင် နွေးထွေးမှုအရိပ်အယောင်တစ်ခု ယှက်သန်းလာတော့သည်။

ပိုင်ရှောင်ချီမှာ ကျေနပ်သွားသဖြင့် ပိုင်ရှောင်ချန်းအား ကြည့်လိုက်ပြီးနောက် ထိုမိန်းမပျို နှစ်ယောက်အား လှမ်းကြည့်လိုက်သည်။

" သူတို့က ဘယ်သူတွေတုန်း "

ပိုင်ရှောင်ချန်းမှာ သူ့အားပြန်၍ပင် မကြည့်ပဲ တိုးတိုးတိတ်တိတ် ပြန်ဖြေလိုက်သည်။

" သူတို့က ငါ့ရဲ့ တာအိုလက်တွဲဖော်တွေ။ သူတို့ဗိုက်ထဲမှာက ငါ့ကလေးတွေ "

တာအိုလက်တွဲဖော်များ၏ဗိုက်ထဲတွင် အဘယ့်ကြောင့် ကလေးများ ရှိနေရပါသနည်းဟု ပိုင်ရှောင်ချီမှာ တွေးတောမိနေတော့သည်။ ထိုအချင်းအရာမှာ ကြောက်ရွံ့စရာပင် ကောင်းနေသည်။ သူသည် အနည်းငယ်ထပ်၍ တွေးတောလိုက်ပြီးနောက် သူ့ထံတွင် နောက်ထပ်မေးခွန်းတစ်ခု ထပ်ရှိသေးကြောင်းကို အမှတ်ရသွားသည်။

" အလောင်းကရော ဘယ်သူတုန်း "

သူက ထပ်မေးလိုက်သည်။

" သူက ငါ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်... "

ပိုင်ရှောင်ချန်းမှာ သူ၏မျက်လုံးများထဲမှ ပူဆွေးသောကများကို ဖုံးကွယ်ရန်အတွက် မျက်လုံးများမှိတ်၍ ပြန်ဖြေလိုက်သည်။

ယခု ပိုင်ရှောင်ချန်းထံမှ လိုက်လျောချက်အနည်းငယ်ရရှိနိုင်မည့် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း ပိုင်ရှောင်ချီက ဆုံးဖြတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

" အမ်.... ပိုင်ရှောင်ချန်း။ မင်းရဲ့ တာအိုလက်တွဲဖော်တွေနဲ့ ကလေးတွေ သေချာပေါက် ပိုပြီးကျန်းမာလာစေမဲ့ နည်းလမ်းတစ်ခု ငါ့မှာရှိတယ်။ မင်းရဲ့ မိတ်ဆွေကိုပါ ငါ အသက်ပြန်သွင်းရင် သွင်းနိုင်လောက်တယ်။ အဲဒီတော့ မင်းငါ့ရဲ့ နာမည်ကို ပြန်ပြောင်းပေးဖို့ စဥ်းစား..... "

" မင်းဘာပြောလိုက်တယ် "

ပိုင်ရှောင်ချန်းမှာ ကြားဖြတ်ဝင်ပြောကာ ပျောက်ကွယ်သွားပြီး ရူးသွပ်မှုများ၊ စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချီ၏ ရှေ့တည့်တည့်တွင် ပြန်၍ပေါ်လာတော့သည်။

ပျက်စီးနေသော ယပ်တောင်ကြီးမှာ သူ၏စိတ်ခံစားချက်များကို လိုက်၍တုံ့ပြန်လိုက်သည့်ပုံပေါ်နေပြီး ယခင်ကထက်ပင် ပို၍တောက်ပစွာ လင်းလက်လာတော့သည်။ တချိန်ထဲမှာပင် ယပ်တောင်ရိုးများကို ပြုပြင်နေသည့် လုပ်ငန်းစဥ်မှာလည်း ပို၍မြန်ဆန်လာသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထွက်လာတော့သည်။

စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့မှာ သာမန်အခြေအနေတွင် ရှိနေပြီး အိပ်စက်နေကြသည့်ပုံ ပေါ်နေပါသော်လည်း သူတို့၏သက်စောင့်စွမ်းအင်မှာ အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း ပိုင်ရှောင်ချန်းက သိသည်။ ဘရူဆာ၏ အကာအကွယ်နှင့် သူတို့၏ဗိုက်များထဲတွင် ရှိနေကြသည့် စွမ်းအားကြီးမားသော ကလေးများကြောင့်သာ ဤဘေးဒုက္ခကြီးကို သူတို့ အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့ရရှိခဲ့သည့် ဒဏ်ရာများမှာ ပိုင်ရှောင်ချန်း အကောင်းမွန်ဆုံး အခြေအနေသို့ ပြန်ရောက်သည့်အခါမှ ကုသပေးနိုင်မည့်ဒဏ်ရာများဖြစ်သည်။ ထိုမှသာ သူတို့ သတိပြန်ရလာမည်ဖြစ်သည်။

ဘရူဆာလည်း ထိုနည်းတူပင်။ စုန့်ချွဲမှာမူ သေဆုံးနေပြီဖြစ်ပြီး သူ၏ဝိညာဥ်မှာလည်း လွင့်စင်ပျောက်ကွယ်သွားပြီဖြစ်၍ သူသည် ရုပ်အလောင်းတစ်ခုထက် မပိုတော့ပေ။ ပိုင်ရှောင်ချန်း လောကနတ်ဘုရားအဆင့်သို့ ရောက်သွားလျှင်တောင် သူ့အား အသက်ပြန်သွင်းပေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ပိုင်ရှောင်ချီ၏ စကားများမှာ ပိုင်ရှောင်ချန်းအား ကောင်းကင်မှပစ်ချလိုက်သည့် မိုးကြိုးများကဲ့သို့ပင်ဖြစ်သွားတော့သည်။

" စိတ်အေးအေးထားပါဟ "

ပိုင်ရှောင်ချီမှာ အနည်းငယ် ကြောက်ကြောက်လန့်လန်နှင့် နောက်သို့ဆုတ်သွားသည်။ သို့သော် စကားပြောမှားသွားလျှင် ကြုံတွေ့ရမည့် ကြောက်မက်ဖွယ် အကျိုးဆက်များကို တွေးလိုက်မိသောအခါ သူသည် မည်သည့်အကြောင်းအရာကိုမှ ထိမ်ချန်မထားတော့ပဲ သူသိသမျှအရာအားလုံးကို ရှင်းပြလိုက်တော့သည်။

" နားထောင်။ မင်းရဲ့ တာအိုလက်တွဲဖော်တွေရဲ့ ကိုယ်ပိုင် သက်စောင့်ဝိညာဥ်တွေက အပြင်းအထန် ဒဏ်ရာရထားတာ။ အဲဒီလိုမျိုး သက်စောင့်စွမ်းအားတွေကို သာမန် သက်စောင့်အားတွေသုံးပြီး ပြန်ဖြည့်လို့မရဘူး။ ပုံမှန်ဆိုရင် ကောင်းကင် ဒါမှမဟုတ် ကမ္ဘာမြေကြီးရဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုသုံးဖို့လိုတာ။ အဲဒါတောင်မှ အများကြီးခက်ခဲဦးမှာ "

" ဒါပေမဲ့ ငါတို့က သာမန်နေရာတစ်ခုကို ရောက်နေတာမှ မဟုတ်ဘူး။ ဒီနေရာမှာ အခြေအနေတွေက မတူဘူး။ သူတို့ကို ရှင်သန်ခြင်းနဲ့သေခြင်းတရား တာအိုပြာသာဒ်ထဲမှာထားလိုက်မယ်ဆိုရင် သူတို့ရဲ့ သက်စောင့်ဝိညာဥ်တွေက တဖြည်းဖြည်း အားအင်ပြန်ပြည့်လာပြီး သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်တွေပါ တိုးတက်လာလိမ့်မယ် "

" မင်းရဲ့ မိတ်ဆွေကတော့.... ကဲပါ အခုထဲက ငါရှင်းရှင်းပြောထားမယ်။ သူ့ကို သေချာပေါက် အသက်ပြန်သွင်းပေးနိုင်မယ်လို့တော့ ငါအာမ မခံနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုံးက ငါ့ရဲ့ပိုင်ရှင်အစစ်က ငါ့ကိုပြောဖူးတယ်။ သူ့ရဲ့ ရှင်သန်ခြင်းနဲ့သေခြင်းတရား တာအိုအနှစ်သာရကို ဖန်တီးခဲ့ရတဲ့ ရည်ရွယ်ချက်က အခြားတစ်စုံတစ်ယောက်ကို အသက်ပြန်သွင်းပေးဖို့တဲ့ "

" နောက်ဆုံးမှာတော့ သူ မအောင်မြင်ခဲ့ပါဘူး။ အောင်မြင်နိုင်ခြေ အနည်းငယ်ပဲ ရှိပေမဲ့ ရှင်သန်ခြင်းနဲ့သေခြင်းတရား တာအိုအနှစ်သာရက လူတွေကို အသက်ပြန်သွင်းနိုင်တယ်လို့တော့ ငါထင်တယ်။ ဒါပေမဲ့ ပေးဆပ်ရမဲ့ အရာတစ်ခုရှိတယ်။ ပြာသာဒ်ထဲက တာအိုအနှစ်သာရကို မင်းရဲ့ တာအိုလက်တွဲဖော်တွေနဲ့ မင်းရဲ့မိတ်ဆွေ စုပ်ယူလိုက်မယ်ဆိုရင် အဲဒီအနှစ်သာရ တဖြည်းဖြည်း အားနည်းလာမှာပဲ။ အဲဒါဆိုရင် မင်းလေ့ကျင့်ရတာ အရင်ကလောက် လွယ်မှာမဟုတ်တော့ဘူး။ ပြီးတော့... အောင်မြင်နိုင်ခြေက အရမ်းနည်းတယ် "

" မင်း လုပ်ချင်တာ သေချာလား "

ပိုင်ရှောင်ချန်းမှာ တစ်ခဏလေးပင် တွေဝေမနေပေ။ သူ၏ အင်္ကျီလက်ကိုဝှေ့ယမ်းကာ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် စုန့်ချွဲတို့ကို ကောက်ယူလိုက်ပြီး ယပ်တောင်၏မျက်နှာပြင်ဆီသို့ ပျံတက်သွားသည်။ သူသည် ယပ်တောင်၏ ပိုင်ရှင်ဖြစ်နေပြီဖြစ်သောကြောင့် ယပ်တောင်မျက်နှာပြင်ထဲသို့ ဝင်ရောက်ရန် အစောင့်အရှောက်ဝိညာဥ်လေး၏ အကူအညီကို မလိုအပ်ပေ။ မျက်စိတစ်မှိတ်အတွင်း သူသည် ယပ်တောင်မျက်နှာပြင်ထဲရှိ တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားသော ပြာသာဒ်ရှေ့သို့ ရောက်သွားတော့သည်။

သူသည် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့အား ဒုတိယအထပ်တွင်ထားလိုက်သည်။ ထိုအဆင့်ထက် ပိုသွားပါက သူတို့အတွက် အကျိုးမရှိရုံတင်မကပဲ ဘေးဥပါဒ်ပါ ဖြစ်စေနိုင်မည် ဖြစ်သည်။

စုန့်ချွဲကိုမူ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခံစားရသော နာကျင်မှုများနှင့် မအီမသာခံစားချက်များကို လျစ်လျူရှု၍ နဝမမြောက်အထပ်သို့ ခေါ်ဆောင်သွားသည်။ သူသည် ထိုအထပ်တွင် ကြာကြာမနေနိုင်ပေ။ ထို့ကြောင့် စုန့်ချွဲအား အောက်သို့ချကာ သူ့အားကြည့်၍ ဆုမွန်ကောင်းတောင်းပေးလိုက်ပြီး မျှော်လင့်ချက်များဖြင့် ရိုးတိုးရွတဖြစ်နေသည့် နှလုံးသားဖြင့် ထွက်လာတော့သည်။

သူသည် စုန့်ကျင်းဝမ်၏ လက်မောင်းပေါ်ရှိ ဆေးမင်ကြောင်ရုပ်ထဲမှ ဘရူဆာကိုလည်း ဂရုတစိုက် ထုတ်ယူခဲ့သည်။ ဘရူဆာက ဆေးမင်ကြောင်ရုပ်အသွင် ပြောင်းနိုင်သည့်အစွမ်းကို မည်သည့်နေရာက ရရှိခဲ့မှန်း ပိုင်ရှောင်ချန်းက မသိပါသော်လည်း သူသည် အလွန်ပါရမီပါသူတစ်ယောက်ဖြစ်၍ အထူးအဆန်းတော့ မဟုတ်ပေ။ ဘရူဆာသည် ယခုတွင် နှောင်းပိုင်းနတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ရောက်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။

ဘရူဆာအတွက်မူ ဒုတိယအထပ်မှာ မသင့်တော်သလို နဝမမြောက်အထပ်သည်လည်း မသင့်တော်ပေ။ အဆုံးသတ်တွင် တတိယအထပ်မှာ သူ့အတွက် အကောင်းဆုံးဖြစ်ကြောင်း ပိုင်ရှောင်ချန်းက ဆုံးဖြတ်လိုက်တော့သည်။

ထိုအရာများကို ဆောင်ရွက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ပြာသာဒ်ထဲမှ ထွက်ခွာလာတော့သည်။ ထိုပြာသာဒ်ကြီးအား တစ်ခဏမျှ လှည့်ကြည့်လိုက်ပြီးနောက် သူသည် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး တရားမှတ်လိုက်တော့သည်။

သူသည် စုန့်ကျမ်းဝမ်နှင့် ကျိုးကျစ်မိုတို့ သတိပြန်ရလာသည်အထိ စောင့်ရှောက်ပေးနေမည်ဖြစ်သည်။

ပိုင်ရှောင်ချီ သူ့အားပြောခဲ့သည့်စကားများနှင့် ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုပြာသာဒ်နှင့်ပတ်သတ်၍ ပိုင်ရှောင်ချန်းသိသလောက်ဆိုလျှင် သူတို့သတိပြန်ရလာရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန်လိုမည်မဟုတ်ဟု သူက ယုံကြည်နေတော့သည်။

All Chapters