အခန်း (၃၈၅-၃၈၆)
Vol. 33 Ch. 385-386
အပိုင်း (၃၈၅)
အမှန်စင်စစ် ပယောဂ နှင်ထုတ်ခြင်းဟူသည်မှာ သူတို့ အကျွမ်းကျင်ဆုံးသော အတတ်ပညာ ဖြစ်သည်။ ပြည်သူတို့ကြားတွင်သာမက မှူးမတ်တို့ကြား၌ပင် ပယောဂ နှင်ထုတ်သည်ဟူသော အကြောင်းပြချက်သည် တစ်ပါးသူအား ဒုက္ခပေးရန် အကောင်းဆုံးသော နည်းလမ်းဖြစ်ပြီး အမြဲတစေလည်း အောင်မြင်မှု ရလေ့ရှိသည်။
သင့်ထံတွင် မကောင်းဆိုးဝါး ပူးကပ်နေသည်ဟု ပြောလိုက်သည်နှင့်တပြိုင်နက် ထိုသူအပေါ် စိတ်တိုင်းကျ ပြုမူနိုင်ခွင့် ရရှိသွားခြင်းပင် ဖြစ်၏။
အချို့သော တာအိုဘုန်းကြီးများမှာမူ ရုပ်ရည်လှပသော အမျိုးသမီးတစ်ဦးကို တွေ့ရှိပါက သင်သည် မကောင်းဆိုးဝါး အပူးခံထားရသောကြောင့် မဖြစ်မနေ နှင်ထုတ်ရမည်ဟု အကြောင်းပြကာ အခွင့်ကောင်းယူ၍ အကြိမ်ကြိမ် စော်ကားပြီးမှသာ ပယောဂ နှင်ထုတ်ခြင်းကိစ္စ ပြီးမြောက်ပြီဟု ပြောဆိုလေ့ ရှိကြသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် အောက်ယွီအား ပြုမူမည့် ပယောဂ နှင်ထုတ်ခြင်း နည်းလမ်းများမှာမူ အလွန်ပင် ရက်စက်ကြမ်းကြုတ်လွန်းလှ၏။
တာအိုဘုန်းကြီးတို့သည် မြို့တော်စစ်သေနာပတိရုံးသို့ သွားရောက်ကာ အောက်ယွီအား ပယောဂ နှင်ထုတ်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
အထိန်းတော်လင်နှင့် မိဖုရားကြီးတို့မှာမူ ထိုနေရာ၌ပင် စောင့်ဆိုင်း၍ ကျန်ရစ်ခဲ့ကြ၏။
မူလက ထိုသူနှစ်ဦး၏ ပြောစကားတို့သည် မိမိတို့၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သောကြောင့် အတော်ပင် လျှို့ဝှက် သိုသိပ်ခဲ့ကြသော်လည်း စကားပြောရင်း ဒေါသအဟုန် ပိုမိုမြင့်မားလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် ပွင့်လင်းလွန်းလှသော အသုံးအနှုန်းများ ဖြစ်လာကြတော့သည်။
“မိဖုရားကြီး... မင်းသမီး ရှန်ရှန်းကို ဒီလိုမျိုး အလိုလိုက်ထားလို့ မဖြစ်ဘူးနော်။”
အထိန်းတော်လင်က အေးစက်စက်နှင့် ပြောလိုက်၏။ “ဒီလို မောက်မာရိုင်းစိုင်းနေတာ မိဘကို ရိုသေတဲ့စိတ် နည်းနည်းလေးမှ ရှိသေးရဲ့လား။ တခြား မိသားစုမှာသာဆိုရင် မိခင်ကို ဒီလို ဆန့်ကျင်ရင် အသေ ရိုက်သတ်ခံရမှာပဲ။ ပြီးတော့ တခြား ယောက်ျားလေးရဲ့ လက်ကို ဆွဲပြီး ပြေးသွားသေးတယ်။ ဒါ တခြား မိသားစုမှာဆိုရင် လမ်းမပေါ်မှာ အရှက်ခွဲခံရပြီး ခဲနဲ့ ပေါက်သတ်ခံရမှာပဲ။”
အထိန်းတော်လင်သည် အောက်ယွီကိုသာမက မင်းသမီး ရှန်ရှန်းကိုပါ မုန်းတီးနေသည်။
“ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်က သူ့ကို အလိုလိုက်ထားရင်တောင်မှ ဒီလိုမျိုး မောက်မာရိုင်းစိုင်းခွင့် မရှိဘူး။ ယဉ်ကျေးမှု နည်းနည်းလေးမှ မရှိဘဲ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကိုပဲ ကျဆင်းစေတယ်။ ဒီလို သမီးမျိုးက မမွေးတာကမှ ကောင်းသေးတယ်။”
အထိန်းတော်လင်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “အနာဂတ်ကျရင် မိဖုရားကြီးက သေချာပေါက် သေချာ ဆုံးမရမယ်။ ကျွန်မကို သေချာ ဆုံးမခွင့် ပြုပါ။”
အထိန်းတော်လင်၏ ဤစကားမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားလှသည်။ အပေါ်ယံတွင် မင်းသမီး ရှန်ရှန်းကို ဆုံးမမည်ဟု ပြောနေသော်လည်း အမှန်တကယ်တော့ ဧကရာဇ်ဟောင်းကို စောစောသေရန် ကျိန်ဆဲနေခြင်း ပင်ဖြစ်သည်။
ဆိုလိုသည်မှာ ယခုအခါ မင်းသမီး ရှန်ရှန်းသည် အချစ်ခံရဆုံးဖြစ်ပြီး ဧကရာဇ်ဟောင်းက ကာကွယ် ပေးထားသောကြောင့် သူတို့ ဘာမှ လုပ်၍ မရကြောင်း၊ ဧကရာဇ်ဟောင်း သေဆုံးသွားချိန်တွင် မင်းသမီး ရှန်ရှန်းကို ကာကွယ်ပေးမည့်သူ မရှိတော့ဘဲ မိဖုရားကြီးက ဆုံးမခွင့် ရရှိလာမည်ဖြစ်ကြောင်း ပြောနေခြင်း ဖြစ်၏။
ထိုအချိန်ရောက်လာပါက အထိန်းတော်လင်သည် မင်းသမီး ရှန်ရှန်းကို အစွမ်းပြတော့မှာ ဖြစ်သည်။ စကား နားမထောင်သော မိန်းမများကို အပြစ်ပေးသည့် နည်းလမ်းများမှာ သူမတွင် အများအပြား ရှိသည်။
အလွယ်ကူဆုံး နည်းလမ်းမှာ အပ်ဆယ်ချောင်းခန့်ကို ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ထိုးသွင်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုအပ်များသည် ခန္ဓာကိုယ်အတွင်း လှည့်လည်သွားလာနေမည်ဖြစ်ပြီး ခြေလှမ်းအနည်းငယ် လျှောက်တိုင်း အလွန် နာကျင်စေမှာဖြစ်၏။
အကယ်၍ မတော်တဆ သွေးကြောကြီးများကို ဖောက်မိပါက သို့မဟုတ် အရေးကြီးသော ကိုယ်တွင်းအင်္ဂါများကို ထိုးမိပါက ထိုလူသည် ချက်ချင်း သေဆုံးသွားမှာဖြစ်သည်။ ထို့အပြင် အဘယ့်ကြောင့် သေဆုံးသွားသည်ကိုလည်း သိရှိနိုင်မည် မဟုတ်ချေ။
အထိန်းတော်လင်သည် နန်းတွင်းတွင် နေထိုင်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ပြီး မိဖုရားကြီး နောက်သို့ လိုက်ကာ နန်းတွင်း ပြိုင်ဆိုင်မှုများစွာကို ပြုလုပ်ခဲ့၏။ သူမ၏ လက်ချက်ဖြင့် သေဆုံးသွားသူများမှာလည်း မည်မျှ ရှိမှန်းပင် မသိနိုင်တော့ပေ။
ဤစကားကို မိဖုရားကြီးက ဝင်မပြောခဲ့ချေ။ အချို့သော စကားများကို အထိန်းတော်လင်က ပြော၍ ရသော်လည်း သူမ လုံးဝ ပြော၍ မရနိုင်ချေ။
မင်းသမီး ရှန်ရှန်းသည် မင်းသမီး ရှန်ရှန်းပင် ဖြစ်သည်။ ဧကရာဇ်ဟောင်း၏ ကာကွယ်မှု မရှိလျှင်တောင်မှ သူမသည် ထူးခြားသူဖြစ်ပြီး ကြီးမားသော နိုင်ငံရေး အရင်းအမြစ် တစ်ခုဖြစ်ကာ နိုင်ငံရေး အကျိုးအမြတ်များစွာကို လဲလှယ်ရန်အတွက် အသုံးပြုရမည့်သူ ဖြစ်သည်။
သို့ပေမည့် ဧကရာဇ်ဟောင်း သေဆုံးသွားပါက ရှန်ရှန်းကို ပြင်းပြင်းထန်ထန် ဆုံးမ၍ ရနိုင်ပြီး ကိုယ်ထိလက်ရောက် အပြစ်ပေးမှုများလည်း ပြုလုပ်၍ ရနိုင်၏။
အထိန်းတော်လင်က ပြောလိုက်သည်။ “မင်းသမီး ရှန်ရှန်းရဲ့ အိမ်ထောင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး မိဖုရားကြီး စဉ်းစားထားတာ ရှိလား။”
မိဖုရားကြီးက ပြန်ဖြေလိုက်၏။ “ဒီကမ္ဘာပေါ်မှာ ရှန်ရှန်းနဲ့ ထိုက်တန်တဲ့သူ သိပ်မရှိဘူး။ ရှိတဲ့ အနည်းစုကလည်း အိမ်ထောင်တွေ ရှိနေကြပြီ။”
အထိန်းတော်လင်က ပြောလိုက်သည်။ “ဒီတစ်ကြိမ် မင်းသမီး ရှန်ရှန်းရဲ့ နာမည်ဂုဏ်သတင်း ပျက်စီးသွားပြီ ဆိုတော့ အရင်တုန်းကလောက် တန်ဖိုးမကြီးတော့ဘူး။ ကြားရတာတော့ ကျိန့်ဟိုင်မြို့စားအိမ်တော်က သခင်လေးက မင်းသမီး ရှန်ရှန်းကို အရမ်း သဘောကျနေတယ်တဲ့။”
ကျိန့်ဟိုင်မြို့စားအိမ်တော်၏ စီးမိသားစုလား။ အနာဂတ်တွင် ပုန်ကန်ခြားနားလာနိုင်ခြေ ရှိသည့် စစ်ဘုရင် မိသားစုလား။
သို့ရာတွင် အချို့သော အခြေအနေများ၌ မင်းသမီးတစ်ပါးအား အင်ပါယာ၏ ရန်သူတော်များနှင့် လက်ထပ် ထိမ်းမြားပေးခြင်းက ပိုမို၍ အကျိုးရှိ၏။
ထိုသို့ မင်္ဂလာပွဲဖြင့် ချည်နှောင်ခြင်းအားဖြင့် ရန်သူတို့၏ အာဃာတကို အတိုင်းအတာတစ်ခုအထိ ပြေလျော့ စေကာ နှစ်သိမ့်ပေးနိုင်သောကြောင့် ဖြစ်သည်။
မိဖုရားကြီးက ပြန်ပြောလိုက်၏။ “ကျိန့်ဟိုင်မြို့စားအိမ်တော်က သခင်လေးက စာပေရော သိုင်းပညာပါ ထူးချွန်တော့ ရှန်ရှန်းနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ သူက အိမ်ထောင်ကျပြီးသားလေ။ ရှန်ရှန်းရဲ့ နာမည် ဂုဏ်သတင်း ဘယ်လောက်ပဲ ထိခိုက်နေပါစေ၊ ကိုယ်လုပ်တော် အဖြစ်တော့ လက်ထပ်ပေးလို့ မရဘူးလေ။”
အထိန်းတော်လင်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “အနာဂတ် ကိစ္စတွေကို ဘယ်သူက တပ်အပ် ပြောနိုင်မှာလဲ။”
ဤအမျိုးသမီး၏ စိတ်နေသဘောထားမှာ အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ သူ့အား အမျက်ရှအောင် ပြုမူမိသူမှန်သမျှ မည်မျှပင် အဆင့်အတန်း မြင့်မားသည်ဖြစ်စေ သူမသည် ရူးသွပ်မတတ် လက်စားချေလိုသည့်စိတ် ပြင်းပြနေတတ်ပြီး အယုတ်မာဆုံးသော နည်းလမ်းများကို အသုံးပြုကာ တုံ့ပြန်ရန်သာ ကြံစည်နေတော့၏။
မိဖုရားကြီးက ထိုကိစ္စကို ဆက်မပြောတော့ဘဲ မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာဖြင့် မေးလိုက်သည်။ “လူတစ်ယောက် ဖမ်းတာတောင် ဘာလို့ ဒီလောက် ကြာနေရတာလဲ။ ဘာတွေ အချိန်ဆွဲနေတာလဲ။”
အထိန်းတော်လင်က ပြန်ဖြေလိုက်၏။ “အောက်ရှင်းက ခုခံနေလို့ ဖြစ်မှာပါ။ ဒီလူရဲ့ သိုင်းပညာက အရမ်း မြင့်တယ်လေ။ ဒါပေမဲ့ ပိုပြီး ခုခံလေ ပိုကောင်းလေပါပဲ။ ပြဿနာ ပိုကြီးလေလေ သူတို့မိသားစု သေရမယ့် လူတွေ ပိုများလေလေပဲ။
စိတ်ချပါ။ လင်လု ဆိုတဲ့ကလေးက အရမ်း နားလည်ပါတယ်။ မိဖုရားကြီးရဲ့ စိတ်ဆန္ဒကို သိတဲ့အတွက် သေချာပေါက် အလုပ်ကို သေသပ်လှပအောင် လုပ်မှာပါ။ အောက်ရှင်းတို့ မိသားစုကို သွေးချောင်းစီးအောင် လုပ်ပြီး မိဖုရားကြီးရဲ့ ဒေါသကို ပြေပျောက်စေမှာပါ။”
ထိုအချိန်တွင် ပြင်ပမှ အလျင်စလို ခြေသံများ ထွက်ပေါ်လာတော့သည်။
“ရောက်လာပြီ... ရောက်လာပြီ...”
အထိန်းတော်လင်က စိတ်လှုပ်ရှားစွာဖြင့် ထရပ်ကာ ပြောလိုက်၏။ “သေချာပေါက် ဟိုဘက်မှာ အလုပ် ပြီးသွားလို့ နေမှာ။ အောက်ယွီကို ပယောဂ နှင်ထုတ်ပြီးလောက်ပြီ။ မိဖုရားကြီး... သွားကြည့်မလား။”
မိဖုရားကြီးသည် အောက်ယွီ၏ သနားဖွယ်ကောင်းသော ပုံစံကို ကြည့်ချင်သော်လည်း ဂုဏ်သိက္ခာကို ငဲ့ကွက်ရသောကြောင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ပယောဂ နှင်ထုတ်ပြီးရင် ပြီးတာပါပဲ။ သွားမကြည့်တော့ပါဘူး။”
အထိန်းတော်လင်က ပြောလိုက်၏။ “အဲဒါဆိုလည်း ကျွန်မသွားပြီး မိဖုရားကြီးကိုယ်စား သွားကြည့် ပေးပါ့မယ်။ ပယောဂ နှင်ထုတ်တာ ဘယ်လို ပြီးသွားလဲဆိုတာ သွားကြည့်ပြီး ပြန်လာရင် မိဖုရားကြီးကို သေချာ ပြန်ပြောပြပါ့မယ်။”
ထို့နောက် အထိန်းတော်လင်သည် အပြင်ဘက်သို့ လျှောက်သွားရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ဟေးပင်းထိုင် နန်ကုန်းတာ၏ အသံ ထွက်ပေါ်လာတော့၏။ “မိဖုရားကြီး...”
မိဖုရားကြီးက မေးလိုက်သည်။ “ဘာကိစ္စလဲ။”
နန်ကုန်းတာက ပြန်ဖြေလိုက်၏။ “လင်လုရဲ့ မိခင် အထိန်းတော်လင် ရှိပါသလား။”
အထိန်းတော်လင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ရှိတယ်။ ဘာကိစ္စလဲ။”
သူမသည် မိဖုရားကြီးကို အားကိုးကာ ဟေးပင်းထိုင်မှ လူများကိုပင် အထင်မကြီးတော့ချေ။
ဤသည်မှာလည်း အမြင်ကျဉ်းမြောင်းမှု တစ်မျိုး ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် နန်းတော် အတွင်း၌သာ အမြဲတမ်း နေထိုင်ကာ အခြားသူများကို အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျနေခဲ့သောကြောင့် ဖြစ်သည်။
နန်ကုန်းတာက ပြောလိုက်၏။ “မိဖုရားကြီးကို အစီရင်ခံပါတယ်။ လင်လု ပုန်ကန်တဲ့အတွက် ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ လင်လုရဲ့ မျိုးနွယ်စု ကိုးဆက်လုံးကို ဖမ်းဆီးဖို့ ကျုပ် လာရောက်ပြီး အထိန်းတော်လင်ကို ဖမ်းဆီးတာပါ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ မိဖုရားကြီးသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လုမတတ် ဖြစ်သွားရသည်။
သို့ပေမည့် သူမသည် မိဖုရားကြီး ဖြစ်သောကြောင့် မိမိကိုယ်မိမိ အလျင်အမြန် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး အေးစက်စက်ဖြင့် မေးလိုက်၏။ “ဘာတွေ ဖြစ်သွားတာလဲ။”
သူမအနေဖြင့် အမှန်တကယ်ပင် စဉ်းစား၍ မရနိုင်လောက်အောင် အံ့အားသင့်သွားရသည်။ လင်လုသည် အောက်ယွီကို ဖမ်းဆီးရန်အတွက်သာ သွားခဲ့ခြင်း မဟုတ်ပါလား။ ထိုသို့ဖြစ်ပါလျက်နှင့် မည်သို့သော အကြောင်းကြောင့် ကြီးမားလှသော ပုန်ကန်မှုကြီးတွင် ပါဝင်ပတ်သက်သွားရပါသနည်း။
ထို့အပြင် ဆွေမျိုးကိုးဆက်တိုင်အောင် ကွပ်မျက်ရမည့်အထိ မည်မျှကြီးလေးသော ပြစ်မှုမျိုးကို ကျူးလွန်ခဲ့ သနည်းဟု တွေးတောရင်း ဝေခွဲမရ ဖြစ်နေတော့သည်။
နန်ကုန်းတာက ပြန်ဖြေလိုက်၏။ “ဧကရာဇ်ဟောင်းက အောက်ရှင်းကို စာတစ်စောင် ပေးသနားခဲ့ပါတယ်။ လင်လု ဟာ အောက်ယွီကို ဖမ်းဆီးတဲ့ လုပ်ငန်းစဉ်မှာ ဧကရာဇ်ဟောင်းရဲ့ လက်ရေးစာကို ဆုတ်ဖြဲခဲ့ပြီး ခြေအောက်မှာပါ နင်းထားခဲ့သလို စော်ကားတဲ့ စကားတွေလည်း ပြောခဲ့ပါတယ်။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ မိဖုရားကြီး၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူမ၏ နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
‘ဧကရာဇ်ဟောင်းက အောက်ရှင်းကို စာပေးသနားခဲ့ပြီး အောက်ယွီကို အိမ်ပြန်သယ်သွားခိုင်းတယ် ဟုတ်လား။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ လုံးဝ အကြောင်းပြချက် မရှိဘူးလေ။’
သို့ပေမည့် ယခုအချိန်တွင် အထိန်းတော်လင်ကမူ ဤအကြောင်းပြချက်များကို ဂရုမစိုက်နိုင်တော့ချေ။ သူမသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မိန်းမသား တစ်ယောက် ဖြစ်သော်လည်း ဧကရာဇ်ဟောင်း၏ လက်ရေးစာကို ဆုတ်ဖြဲခြင်းသည် မည်မျှ ကြီးမားသော ပြစ်မှုဖြစ်ကြောင်း နားလည်ထားသည်။
ထို့အပြင် ခြေအောက်မှာပါ နင်းထားသေးသည်ဆိုတော့ တကယ်ကြီး မိသားစု တစ်ခုလုံး အသတ်ခံရတော့မည့် ကပ်ဘေးကြီး ဖြစ်လို့နေ၏။
ချက်ချင်းပဲ အထိန်းတော်လင်သည် ဒူးထောက်လိုက်ပြီး မိဖုရားကြီး၏ အရှေ့သို့ ဒူးဖြင့် လျှောက်သွားကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလျက် အဆက်မပြတ် ဦးညွတ်ကာ ပြောလိုက်သည်။ “မိဖုရားကြီး ကယ်ပါအုံး... မိဖုရားကြီး ကယ်ပါအုံး... ဒါက သေချာပေါက် အောက်ယွီရဲ့ အကြံအစည်ပဲ ဖြစ်ရမယ်။ မိဖုရားကြီး ကယ်ပါအုံး။
“မိဖုရားကြီး... ကျွန်မက မိဖုရားကြီးရဲ့ နို့တိုက်အမေပါ။ မိဖုရားကြီးက ကျွန်မရဲ့ နို့ကို သောက်ပြီး ကြီးပြင်းလာတာပါ။ မိဖုရားကြီး ကယ်ပါအုံး...”
မိဖုရားကြီး၏ မျက်နှာမှာ ဖြူရော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေလေ၏။
အထိန်းတော်လင်သည် မိဖုရားကြီး၏ အရှေ့သို့ တွားသွားလာပြီး သူမ၏ ခြေထောက်နှစ်ဖက်ကို ဖက်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်သည်။ “မိဖုရားကြီး... ကျွန်မရဲ့သား လင်လုက အောက်ယွီကို သွားဖမ်းတာဟာ မိဖုရားကြီးရဲ့ ဒေါသကို ပြေပျောက်စေဖို့အတွက်ပါပဲ။ မိဖုရားကြီး ကယ်ပါအုံး... သေမယ့်အရေးကို မျက်မြင်ကိုယ်တွေ့ မကြည့်ရက်နိုင်ပါဘူး။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ မိဖုရားကြီးသည် လုံးဝ ဒေါသထွက်သွားပြီး အထိန်းတော်လင်ကို ပြင်းထန်စွာ ကန်ထုတ်လိုက်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။ “ရိုင်းစိုင်းလိုက်တာ... မောက်မာလိုက်တာ။ လင်လုက ဧကရာဇ်ဟောင်းရဲ့ ဩဇာတိက္ကမကို စော်ကားရဲတယ်။
ချွေးမ တစ်ယောက်အနေနဲ့ ငါလည်း အတူတူ ခံစားရတယ်။ ရှင်တို့ ဒီလို ပြစ်မှုမျိုး ကျူးလွန်ခဲ့တာတောင် နောင်တမရတဲ့အပြင် လျှောက်ပြောနေသေးတယ်။ လာကြစမ်း...သူ့ကို ဆွဲထုတ်သွားလိုက်စမ်း။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ အထိန်းတော်လင်သည် အော်ဟစ်လိုက်သည်။ “မိဖုရားကြီး... သေမယ့်အရေးကို ကြည့်ရက်လို့ မဖြစ်ဘူးနော်။ မျက်မြင်ကိုယ်တွေ့ ကြည့်ရက်လို့ မဖြစ်ဘူးနော်... ကျွန်မတို့က မိဖုရားကြီးရဲ့ အမိန့်ကို နာခံပြီးမှ အောက်ယွီကို သွားဖမ်းတာပါ။”
မိဖုရားကြီးက ကြားလိုက်ချိန်မှာတော့ လုံးဝ ဒေါသထွက်သွားပြီး အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “လာကြစမ်း...သူ့ရဲ့ လျှာကို ဖြတ်ပစ်လိုက်စမ်း။”
ချက်ချင်းပဲ အခန်းတံခါး ပွင့်သွားပြီး ဟေးပင်းထိုင်၏ နန်ကုန်းတာသည် တိုက်ရိုက် ပြေးဝင်လာကာ အထိန်းတော်လင်ကို မြေပြင်ပေါ်တွင် ဖိချုပ်ထားလိုက်ပြီး ကတ်ကြေးဖြင့် အထိန်းတော်လင်၏ လျှာကို ကျွမ်းကျင်စွာ ညှပ်ထုတ်လိုက်ကာ ဖြတ်ချလိုက်တော့သည်။
“ရွှပ်...”
“ဝူး... ဝူး...”
တစ်ခဏအတွင်းမှာပဲ အထိန်းတော်လင်၏ လည်ချောင်းထဲမှ အလွန် သနားဖွယ်ကောင်းသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။ နာကျင်လွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ရူးသွပ်မတတ် ရုန်းကန်နေတော့၏။
နန်ကုန်းတာသည် ဆေးတစ်မျိုးကို ထုတ်ယူကာ သူမ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
“မိဖုရားကြီး လန့်သွားပါပြီ။” နန်ကုန်းတာက ဦးညွတ်၍ ပြောလိုက်ပြီးနောက် လက်ဝှေ့ယမ်းပြကာ အထိန်းတော်လင်ကို သေသွားသော ခွေးတစ်ကောင်ကဲ့သို့ ဆွဲထုတ်သွားစေလိုက်၏။
.......................
အပိုင်း (၃၈၆)
မြို့တော်ဝန်သည် ညတွင်းချင်း နန်းတော်အတွင်းသို့ ဝင်ရောက်ကာ ဖြစ်ပျက်သမျှ အလုံးစံကို ဧကရာဇ်မင်းမြတ်ထံသို့ လျှောက်တင်ပြီးနောက် ဧကရာဇ်သည် မည်သည့် နှောင့်နှေးမှုမှ မရှိဘဲ လင်လု၏ မျိုးနွယ်စု ကိုးဆက်လုံးကို ဖမ်းဆီးရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။
ထို့နောက် ဟေးပင်းထိုင် စစ်သည်များသည် ဒီရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာပြီး မြို့တော် အတွင်း၌ ရူးသွပ်မတတ် ဖမ်းဆီးမှုများ ပြုလုပ်ကြတော့၏။
လင်လု၏ မိသားစုသည် ချမ်းသာကြွယ်ဝသော မှူးမတ်မျိုးရိုး မဟုတ်သော်လည်း အထိန်းတော်လင်သည် မိဖုရားကြီး၏ နို့တိုက်အမေ ဖြစ်လာခဲ့သောကြောင့် ဤဆယ်နှစ်ကျော် ကာလအတွင်း မိသားစုကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး သူဌေးသစ်များ ဖြစ်လာခဲ့ကြသည်။
ထို့အပြင် လင်လုသည် သူ၏ အခြေခံအင်အား နည်းပါးကြောင်း သိရှိသောကြောင့် နေရာအနှံ့ အိမ်ထောင်ရေးဖြင့် မိတ်ဖွဲ့ကာ ပတ်သက်မှုများ ဖန်တီးခဲ့သည်။ ယခုအခါ ဤပတ်သက်မှုများက ကြောက်မက်ဖွယ် ကောင်းလာတော့၏။
မြို့တော် အတွင်းရှိ အိမ်ထောင်စု အများအပြားသည် ညတွင်းချင်း တံခါးများ ရိုက်ချိုးခံရပြီး ဘာဖြစ်နေမှန်း လုံးဝ နားမလည်နိုင်မီမှာပင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ သူတို့သည် မည်သည့်အရာ ဖြစ်ပျက်နေကြောင်းကိုပင် မသိရှိကြချေ။
ဧကရာဇ်သည် ဤသို့ မလုပ်ချင်သော်လည်း မဖြစ်မနေ လုပ်ဆောင်ရခြင်း ဖြစ်သည်။
တောင်ပိုင်းကျိုးအင်ပါယာသည် မိဘကို ရိုသေခြင်းဖြင့် နိုင်ငံကို အုပ်ချုပ်ပြီး ဧကရာဇ်သည်လည်း ခြွင်းချက် မဟုတ်ဘဲ တိုင်းသူပြည်သားများ၏ စံပြ ဖြစ်ရမှာဖြစ်၏။
ယခုအခါ ဧကရာဇ်ဟောင်းကို စော်ကားသူ ရှိလာသောကြောင့် ဧကရာဇ် အနေဖြင့် မည်သူ့ထက်မဆို ပိုမို ဒေါသထွက်ကြောင်း ပြသရမှာဖြစ်သည်။
ဧကရာဇ်ဟောင်းကို ဖြေရှင်းချက် ပေးနိုင်ရန်အတွက် လူအများအပြားကို သတ်ဖြတ်ရမှာဖြစ်သည်။ ဧကရာဇ်၏ ပြင်းထန်သော တုံ့ပြန်မှုအောက်တွင် မြို့တော် တစ်ခုလုံး လုံးဝ ပွက်လောညံသွားတော့၏။
မရေမတွက်နိုင်သော ဟေးပင်းထိုင်၏ မြင်းခွာသံများသည် ညအမှောင်ထု၏ တိတ်ဆိတ်မှုကို ဆွဲဆုတ်လိုက်သည်။
လူတိုင်းက လူတစ်စုပြီး တစ်စု အကျဉ်းလှည်းများထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံနေရသည်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြရ၏။
‘ဘာတွေ ဖြစ်သွားတာလဲ။ ကောင်းကင်ကို တုန်လှုပ်စေလောက်တဲ့ အမှုကြီးတစ်ခု ဖြစ်သွားပြန်ပြီလား။ ဘာသတင်းမှ မကြားရပါလား။’
လင်လု၏ မိသားစုများ အားလုံးနီးပါးသည် မြို့တော် အတွင်း၌သာ ရှိကြသောကြောင့် နာရီအနည်းငယ် အတွင်းမှာပင် ဖမ်းဆီးမှု ပြီးစီးသွားခဲ့၏။ စုစုပေါင်း လူတစ်ထောင့်ငါးရာကျော် ဖမ်းဆီးမိခဲ့သည်။
ဧကရာဇ်သည် မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။ “အားလုံးကို သတ်။”
ထို့နောက် လူအများအပြား၏ မျက်မှောက်တွင် လင်လု၏ မျိုးနွယ်စု ကိုးဆက်လုံး အားလုံး ခေါင်းဖြတ် ကွပ်မျက်ခံလိုက်ရတော့သည်။ လူအများအပြား၏ ခေါင်းများ ပြတ်ကျသွားပြီး သွေးပင်လယ် ဝေသွားတော့၏။
အဓိက လက်သည်တရားခံ လင်လုသည် ခေါင်းဖြတ်ကွပ်မျက်ခြင်း မခံရသော်လည်း ဂျင်ဆင်း စွပ်ပြုတ်များဖြင့် သေချာ ပြုစုထားရမှာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ခံရမည်ဖြစ်ပြီး ဆယ်ရက်တိုင်တိုင် ဓားချက်ပေါင်း တစ်ထောင် ခုတ်ထစ်ခံရပြီးမှသာ သေဆုံးရမှာဖြစ်သောကြောင့်ပင်။
ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကြီးက လူတိုင်းကို လုံးဝမှင်သက်သွားစေခဲ့သည်။
‘အရမ်း ရုတ်တရက် ဆန်လွန်းတယ်။ အရမ်း မြန်ဆန်လွန်းတယ်။ ဒီလို ကောင်းကင်ကို တုန်လှုပ်စေလောက်တဲ့ အမှုကြီးတွေဟာ အများအားဖြင့် လက္ခဏာတွေ ရှိတတ်တာပဲလေ။ ဘာလို့ ဒီတစ်ကြိမ်မှာ ဘာလက္ခဏာမှ မရှိရတာလဲ။
အမိန့်ထုတ်ပြီး တိုက်ရိုက် ဖမ်းဆီးတယ်။ မျိုးနွယ်စု ကိုးဆက်လုံးကို တိုက်ရိုက် သတ်ဖြတ်တယ်။ ပြစ်မှုက ဧကရာဇ်ဟောင်းရဲ့ ဩဇာတိက္ကမကို စော်ကားတာတဲ့။ ဒီ လင်လုက ဘာတွေ လုပ်ခဲ့လို့လဲ။’
မိဖုရားကြီးသည် ဧကရာဇ်၏ အရှေ့တွင် ဒူးထောက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ မောင်ဝမ်းကွဲ နင်ဟွိုင်အန်း လည်း ဤအမှုတွင် ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။
“မသိတဲ့သူမှာ အပြစ်မရှိပါဘူး။ လင်လုက ဧကရာဇ်ဟောင်းရဲ့ လက်ရေးစာကို ဆုတ်ဖြဲပြီး နင်းခြေခဲ့တာကို နင်ဟွိုင်အန်းက မသိခဲ့ပါဘူး။ အကယ်၍ သူသာ သိခဲ့မယ်ဆိုရင် တားဆီးရုံတင် မကဘူး၊ ဒေါသထွက်ပြီး လင်လုရဲ့ခေါင်းကို ဓားနဲ့ ဖြတ်ချလိုက်မှာပါ။”
မိဖုရားကြီးက အဆက်မပြတ် တောင်းပန်လို့နေသည်။ “အရှင်မင်းမြတ်... နင်ဟွိုင်အန်း ဟာ သစ္စာရှိပါတယ်။ ဒီနှစ်တွေအတွင်းမှာ အကျိုးဆောင်မှု မရှိရင်တောင် ပင်ပန်းဆင်းရဲမှုတွေ ရှိခဲ့ပါတယ်။”
ဧကရာဇ် ဝမ်ယွင်သည် ခက်ခဲသော ရွေးချယ်မှု တစ်ခုနှင့် ရင်ဆိုင်နေရသည်။ နင်ဟွိုင်အန်းကို အပြစ်ပေးရမည်လား။ နင်ဟွိုင်အန်းကို သတ်ရမည်လား။
အဘယ်ကြောင့်ဆိုသော် သူ၏ ဆုံးဖြတ်ချက်ကို ဧကရာဇ်ဟောင်းက ကျေနပ်မှု ရှိ၊ မရှိကို ဧကရာဇ် ဝမ်ယွင် မသိရှိသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည် လင်လု၏ မျိုးနွယ်စု ကိုးဆက်လုံးကို သတ်ဖြတ်ခဲ့ပြီး လူတစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ရာ ဧကရာဇ်ဟောင်း၏ အဆုံးအစမရှိသော ဩဇာတိက္ကမကို ပြန်လည်ကယ်တင်ရန် လုံလောက်ပြီ မဟုတ်ပါလား။
အကယ်၍ ဧကရာဇ်ဟောင်းက ကျေနပ်သွားပြီ ဆိုပါက သူက နင်ဟွိုင်အန်းကိုပါ ထပ်မံ သတ်ဖြတ်လိုက်မည် ဆိုလျှင် သူ၏လက်ရုံးကို ကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်သလို ဖြစ်နေပေလိမ့်မည်။
နင်ဟွိုင်အန်းသည်မြို့တော် စစ်သေနာပတိ အဖြစ် ဧကရာဇ် ဝမ်ယွင်၏ အစစ်အမှန် စစ်ဖက်ဆိုင်ရာ ယုံကြည်ရသူ တစ်ဦးဖြစ်ရာ သူ လုံးဝ အပြစ်မပေးလိုချေ။
ထိုအချိန်တွင် အပြင်ဘက်မှ မိန်းမစိုးကြီး ဟောက်ချင့်၏ အသံ ထွက်ပေါ်လာတော့၏။ “အရှင်မင်းမြတ်... တော်ဝင်တရားရုံး အကြီးအကဲ လာပါတယ်။”
“ဝင်ခဲ့။”
တော်ဝင် တရားရုံးအကြီးအကဲ စုချင်ဝမ် ဝင်ရောက်လာပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။ “အရှင်မင်းမြတ်... အောက်ယွီကို သတ်သင့်ပါတယ်။ အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်ပါတယ်။ ဒီသူခိုးရဲ့ လုပ်ရပ်တွေက ဧကရာဇ်ဟောင်းနဲ့ အရှင်မင်းမြတ် တို့ရဲ့ ဆက်ဆံရေးကို သပ်လျှိုဖို့ လုံးဝ ရည်ရွယ်နေတာပါ။”
ဧကရာဇ်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။ တော်ဝင်တရားရုံး အကြီးအကဲ၏ စကားမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားပြီး ဧကရာဇ်၏ အနာကျင်ဆုံး နေရာကို ထိမှန်သွားစေသည်။
ဤသည်မှာ အောက်မင်၏ စကားဖြစ်ပြီး ဤပြစ်မှုဖြင့်သာ အောက်ယွီကို သေချာပေါက် သတ်ဖြတ်နိုင်မည်ဟု ပြောခဲ့၏။
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ဆက်ပြောလိုက်သည်။ “အရှင်မင်းမြတ်... အမတ်ကြီးက အောက်ယွီကို သတ်ဖြတ်ဖို့ တောင်းဆိုပါတယ်။”
ဧကရာဇ် မျက်မှောင်ကြုတ်သွာသည်။ ဤဆုံးဖြတ်ချက်ကို သူ မချနိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ဟောင်းက အောက်ရှင်းကို လက်ရေးစာ ပေးသနားခဲ့ပြီး အောက်ယွီကို ယူဆောင်သွားစေခဲ့သောကြောင့် ဖြစ်၏။
ထို့ကြောင့် အောက်ယွီ အပေါ် ဧကရာဇ်ဟောင်း၏ မျက်နှာသာပေးမှုက မည်မျှအထိ ရှိသနည်း။ အကယ်၍ ရည်ရွယ်ချက်ရှိရှိ ကာကွယ်ပေးခြင်း ဖြစ်ပါက ဧကရာဇ် အနေဖြင့် အောက်ယွီကို ထိခိုက်လိုက်ခြင်းသည် ဧကရာဇ်ဟောင်း၏ အလိုဆန္ဒကို ဖီဆန်လိုက်ခြင်း ပင်ဖြစ်သည်။
သို့ပေမည့် အကယ်၍ ဧကရာဇ်ဟောင်းသည် အောက်ရှင်း ဟူသော အမတ်ဟောင်းကို သနားညှာတာရုံမျှသာ ဖြစ်ပြီး အေးချမ်းစွာ အနားယူနိုင်စေရန် လက်ရေးစာ ပေးသနားခဲ့ခြင်း ဖြစ်ကာ အောက်ယွီကို ကာကွယ်ပေးလိုသည့် ရည်ရွယ်ချက် မရှိဘူးဆိုပါက...
တော်ဝင် တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြောလိုက်၏။ “အရှင်မင်းမြတ်... အောက်ရှင်းဟာ ဧကရာဇ်ဟောင်း မြှောက်စားခဲ့တဲ့ အမတ်ဟောင်း တစ်ယောက်ပါ။ သူ ဖျားနာပြီး အိပ်ရာထဲ လဲနေတယ် ဆိုတာကို ကြားတော့ စိတ်ထဲမှာ သနားညှာတာမှု ဖြစ်ပေါ်လာတာ သဘာဝပါပဲ။
ဒါပေမဲ့ ဧကရာဇ်ဟောင်းဟာ တခြား ရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ မဟုတ်ရင် အောက်ရှင်း ရာထူး ရုပ်သိမ်းခံရတုန်းက ဧကရာဇ်ဟောင်းက သူ့ကို ကာကွယ်ပေးမှာပေါ့။”
မိဖုရားကြီးက ပြောလိုက်သည်။ “အရှင်မင်းမြတ်... ဘထွေးတော် ပြောတာမှန်ပါတယ်။ ဧကရာဇ်ဟောင်းဟာ အမတ်ဟောင်းကို သနားညှာတာရုံ သက်သက်ပါ။ အောက်ယွီကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူ့ရဲ့ ဒီစာဟာ အောက်ရှင်းရဲ့ အိုဇာတာကို ကာကွယ်ပေးဖို့ သက်သက်ပါ။
အခု အောက်ယွီက အသုံးချလိုက်တာပါ။ အခုချိန်မှာ ဧကရာဇ်ဟောင်းလည်း စိတ်ထဲမှာ အရမ်း ဒေါသထွက်နေမှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ အောက်ယွီက သူ့ကို အသုံးချပြီး လူသတ်ဖို့ လုပ်ခဲ့တာကိုး။”
တော်ဝင် တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြောလိုက်၏။ “အရှင်မင်းမြတ်... အောက်ယွီကို သတ်ပေးပါ။ ဧကရာဇ်ဟောင်းနဲ့ အရှင်မင်းမြတ်တို့ရဲ့ သံယောဇဉ်ကို သူ့ကို လုံးဝ သပ်လျှိုခွင့် မပေးပါနဲ့။”
ဧကရာဇ် မျက်မှောင်ကြုတ်သွားပြီးတွေဝေနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ဟောက်ချင့်၏ အသံ ထွက်ပေါ်လာပြန်၏။ “အရှင်မင်းမြတ်... အမတ်ချုပ်ကြီးလင် လာပါတယ်။”
“ဝင်ခဲ့။”
အမတ်ချုပ်ကြီး လင်ကုန်း ဝင်ရောက်လာပြီး ဦးညွတ်၍ ပြောလိုက်သည်။ “အရှင်မင်းမြတ်... အောက်ယွီရဲ့ လုပ်ရပ်ဟာ ဧကရာဇ်နှစ်ပါးရဲ့ ဆက်ဆံရေးကို သပ်လျှိုဖို့ဖြစ်ပြီး လောကမှာကပ်ဘေးတွေ ဖြစ်လာနိုင်ပါတယ်။ အရှင်မင်းမြတ် စီရင်ဆုံးဖြတ်ပေးပါ။”
ဧကရာဇ် စကားမပြောသေးချေ။
အမတ်ချုပ်ကြီး လင်ကုန်းက ဆက်ပြောလိုက်၏။ “အရှင်မင်းမြတ် စဉ်းစားနေတာက ဧကရာဇ်ဟောင်း ပေးသနားခဲ့တဲ့ စာဟာ အောက်ရှင်းကို သနားညှာတာပြီး အေးချမ်းစွာ အနားယူနိုင်ဖို့အတွက်လား၊ ဒါမှမဟုတ် အောက်ယွီကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက် ရှိနေသလား ဆိုတာ မဟုတ်လား။”
“အင်း...” ဧကရာဇ်က အသံပြုလိုက်သည်။
အမတ်ချုပ်ကြီး လင်ကုန်းက ပြောလိုက်၏။ “ဧကရာဇ်ဟောင်းရဲ့ သဘောထားကို သိချင်ရင် လွယ်လွယ်လေးပါ။ အောက်ယွီကို ဖမ်းလိုက်ရုံပါပဲ။ ဧကရာဇ်ဟောင်း ပေးသနားထားတဲ့ စာဟာ ဘယ်လောက်တောင် အဖိုးတန်လဲ။
လင်လုက ဆုတ်ဖြဲလိုက်တာဟာ ကြီးမားတဲ့ ပြစ်မှုဆိုပေမဲ့ အောက်ယွီမှာလည်း အပြစ်မကင်းပါဘူး။ ဧကရာဇ်ဟောင်းရဲ့ လက်ရေးစာကို သေချာ မကာကွယ်နိုင်တဲ့ ပြစ်မှုနဲ့ သူ့ကို ဖမ်းဆီးလိုက်ပါ။”
တော်ဝင်တရားရုံး အကြီးအကဲက ပြောလိုက်သည်။ “အမတ်ချုပ်ကြီးလင်ပြောတာ အဓိပ္ပာယ် ရှိပါတယ်။ ဧကရာဇ်ဟောင်းရဲ့ လက်ရေးစာကို သေချာ မကာကွယ်နိုင်တဲ့ ပြစ်မှုနဲ့ အောက်ယွီကို ဖမ်းဆီးလိုက်ပါ။
အကယ်၍ ဧကရာဇ်ဟောင်းက ဘာမှ ဝင်မပြောဘူးဆိုရင် သူက အောက်ယွီကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီအခါကျရင် အောက်ယွီကို ဥပဒေအရ သေဒဏ်ပေးလို့ ရပါပြီ။
အကယ်၍ ဧကရာဇ်ဟောင်းက စကားဝင်ပြောလာရင်တော့ အဲဒါက သူ အောက်ယွီကို တကယ် ကာကွယ်ပေးချင်တယ် ဆိုတာကို ပြသနေပါတယ်။”
တကယ်တမ်း ဤသို့ ဖြစ်လာပါက အမှန်တကယ်ပင် အလွန် ဆိုးရွားသော သတင်းဆိုးကြီး ဖြစ်ပေလိမ့်မည်။
အောက်ယွီသည် အလွန် ရက်စက်ပြီး အနည်းငယ် တန်ပြန်တိုက်ခိုက်လိုက်ရုံဖြင့် လင်လု၏ မျိုးနွယ်စု ကိုးဆက်လုံး သတ်ဖြတ်ခံလိုက်ရ၏။
ထို့အပြင် အမတ်ချုပ်ကြီးလင်၊ ဝေမြို့စားကြီး အိမ်တော် စသည်တို့မှာလည်း အောက်ယွီ၏ သေခြင်းရှင်ခြင်း ရန်သူများ ဖြစ်ကြသည်။
မိဖုရားကြီးက ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျွန်မလည်း သဘောတူပါတယ်။ အောက်ယွီကို ဖမ်းဆီးပြီး ရှန်ချင်းနန်းဆောင်ရဲ့ သဘောထားကို စမ်းသပ်ကြည့်ပါ။ အကယ်၍ ဧကရာဇ်ဟောင်းက ဂရုမစိုက်ဘူးဆိုရင် ဒီသူခိုးကို သတ်ပစ်လိုက်ပါ။ အကယ်၍ ရှန်ချင်းနန်းဆောင်က စကားဝင်ပြောလာရင်တော့ နောက်မှ တခြား နည်းလမ်း စဉ်းစားကြတာပေါ့။”
ဧကရာဇ်သည် မိဖုရားကြီးကို အေးစက်စက်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ‘အနောက်ဆောင်က မိန်းမတွေ နိုင်ငံရေးမှာ ဝင်မပါရဘူးလေ။ ဒီလို အခြေအနေမျိုးမှာ မင်းက ဒီစကားကို ပြောဖို့ သင့်တော်လို့လား။’
မိဖုရားကြီးက ဦးညွတ်ကာ ပြောလိုက်၏။ “အနောက်ဆောင်က မိန်းမတွေ နိုင်ငံရေးမှာ ဝင်မပါရပါဘူး။ ကျွန်မ အပြစ်ရှိပါတယ်။”
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်က ပြောလိုက်သည်။ “ကောင်းပြီလေ။ အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့။”
‘ဧကရာဇ်ဟောင်းက အမတ်ဟောင်း အောက်ရှင်းကို သနားညှာတာလို့ စာပေးသနားခဲ့တာပဲ ဖြစ်ပါစေ၊ အောက်ယွီကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက် မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်။’
.....................
ပထမလ ဆယ့်ခြောက်ရက်နေ့...
အောက်ရှင်းသည် အိပ်ရာထဲတွင် ပြင်းထန်စွာ ဖျားနာနေဆဲ ဖြစ်သော်လည်း လျိုကတော်သည် ယမန်နေ့က လပြည့်ပွဲတော်ကို အစားထိုးသည့် အနေဖြင့် ထန်ယွမ် (ကောက်ညှင်းလုံး)များကို ချက်ပြုတ်ခဲ့သည်။ တစ်မိသားစုလုံး ရှားရှားပါးပါး ပျော်ရွှင်စွာ စားသောက်နေကြ၏။
ထိုအချိန်တွင် ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့၏ ဒုတိယ မွေးစားသား နန်ကုန်းအာသည် စစ်သည် ဆယ်ယောက်ကျော်ကို ဦးဆောင်ကာ အိမ်ထဲသို့ ပြေးဝင်လာတော့သည်။
“အောက်ယွီ... ခင်ဗျားက သေချာ မကာကွယ်နိုင်ခဲ့လို့ ဧကရာဇ်ဟောင်းရဲ့ လက်ရေးစာ ပျက်စီးသွားရတယ်။ ခင်ဗျား ကြီးမားတဲ့ ပြစ်မှု ကျူးလွန်ထားတဲ့အတွက် ကျုပ်တို့နဲ့အတူ ဟေးပင်းထိုင်ကို လိုက်ခဲ့ရမယ်။”
နန်ကုန်းအာက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။ “လာကြစမ်း...အောက်ယွီကို ဖမ်းလိုက်။”
အစစ်အမှန်တရားကို တိတိကျကျ ပြောရလျှင် ယခုတစ်ကြိမ် ယွင်ကျုံးဟဲ့၏ လုပ်ရပ်များမှာ အလွန် အသက်အန္တရာယ် များလွန်းလှသည်။
ပထမဆုံးအနေဖြင့် သူသည် ဧကရာဇ်ဟောင်း၏ လက်ရေးစာကို အသုံးပြု၍ ပြဿနာရှာနေခြင်း ဖြစ်သည်။ ဧကရာဇ်ဟောင်းက သူ့ကို စာပေးသနားခဲ့ခြင်းမှာ ဒုတိယလ အလယ် မတိုင်မီအထိ သူနှင့် အောက်ရှင်းတို့၏ အသက်အန္တရာယ်ကို ကာကွယ်ပေးရန် ရည်ရွယ်ခြင်း ဖြစ်၏။
အကယ်၍ လင်လု လူလာဖမ်းလျှင်တောင်မှ ယွင်ကျုံးဟဲ့က ဧကရာဇ်ဟောင်း ပေးသနားထားတဲ့ လက်ရေးစာ ဒီမှာရှိတယ် ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ရုံဖြင့် လင်လုသည် ကျားရဲ၊ ဝက်ဝံရဲတို့၏ အသည်းကို စားထားလျှင်တောင်မှ လာဖမ်းရဲမည် မဟုတ်တော့ချေ။
ထို့အပြင် ဧကရာဇ်ဟောင်း၏ လက်ရေးစာကို ဆုတ်ဖြဲရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ လက်ရေးစာကို သေချာ မကာကွယ်နိုင်ခဲ့ရုံသာမက နိုင်ငံရေး ရန်သူများကို ရှင်းလင်းရန်အတွက်ပါ အသုံးပြုခဲ့ခြင်းဖြစ်ရာ ရည်ရွယ်ချက် အလွန် ဆိုးရွားလေသည်။
ဧကရာဇ်ဟောင်း ဆိုသည်မှာ သူ အသုံးချချင်တိုင်း အသုံးချလို့ ရသည့်သူ မဟုတ်ပေ။
ဒုတိယအချက်မှာ သူ၏ ဤလုပ်ရပ်များသည် ဧကရာဇ်ဟောင်းနှင့် ဧကရာဇ်မင်းမြတ် တို့ကြားရှိ ဆက်ဆံရေးကို သပ်လျှိုနေခြင်း ဖြစ်သည်။
‘အောက်ယွီ... ခင်ဗျားမှာ တော်ဝင်မိသားစုအပေါ် ထားရှိရမယ့် ကြောက်ရွံ့ရိုသေမှုတွေ ဘယ်ရောက်သွားပြီလဲ။’
ထို့ကြောင့် တော်ဝင်တရားရုံး အကြီးအကဲနှင့် အမတ်ချုပ်ကြီးလင် တို့က အောက်ယွီကို စွဲချက်တင်သော ပြစ်မှုများမှာ မှားယွင်းမှု မရှိချေ။
သို့ပေမည့် ယွင်ကျုံးဟဲ့ ဤသို့ လုပ်ဆောင်ရဲခြင်းမှာ ဧကရာဇ်ဟောင်း အကြောင်းကို အထူး နားလည် ထားသောကြောင့် ဖြစ်သည်။
.........................