အခန်း (၃၈၇-၃၈၈)
Vol. 33 Ch. 387-388
အပိုင်း (၃၈၇)
ယခုတစ်ကြိမ် နန်ကုန်းအာကို စေလွှတ်၍ အောက်ယွီကို လာဖမ်းခိုင်းခြင်း၌ ဒေါသထွက်နေသည့် ခံစားချက် တစ်မျိုး ပါဝင်နေသည်။ အကြောင်းမူ နန်ကုန်းချော့၏ မွေးစားသား အများအပြားထဲတွင် ဤနန်ကုန်းအာသည် အလွန် ရက်စက်ကြမ်းကြုတ်ဆုံးသူ ဖြစ်သောကြောင့်ပင်။
သို့ပေမည့် ရက်စက်ကြမ်းကြုတ်သော နန်ကုန်းအာ သည်ပင်လျှင် အောက်ရှင်း၏ အရှေ့သို့ ရောက်ရှိလာ ချိန်မှာတော့ ရှားရှားပါးပါး ယဉ်ကျေးမှု ရှိနေသည်။
နန်ကုန်းအာက ပြောလိုက်၏။ “စစ်သေနာပတိချုပ် အောက်ရှင်း... တောင်းပန်ပါတယ်။ ကျုပ်တို့ အောက်ယွီကို ခေါ်သွားရပါလိမ့်မယ်။”
ယွင်ကျုံးဟဲ့ မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “အဖေ၊ အမေ... စိတ်ချပါ။ ကျုပ် နန်ကုန်း အစ်ကိုကြီးနဲ့အတူ ခဏ လိုက်သွားလိုက်မယ်။ ဘာအနာတရမှ မဖြစ်ဘဲ အသက်ရှင်လျက် ပြန်လာနိုင်မှာ သေချာပါတယ်။”
နန်ကုန်းအာက လက်ဝှေ့ယမ်းပြလိုက်ရာ စစ်သည်နှစ်ဦး ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့ကို ခေါ်ဆောင် သွားတော့၏။
အောက်ရှင်း၏ မျက်နှာမှာ တုန်ယင်သွားပြီး ကျန်ရှိနေသော ထန်ယွမ်များကို အကုန်စားကာ မတ်တတ်ရပ် လိုက်ရာ ယိမ်းယိုင်သွားလေသည်။
ထို့နောက် သူသည် ချောင်းအဆက်မပြတ်ဆိုးရင်း ဖျားနာနေသော ခန္ဓာကိုယ်ဖြင့် အိမ်ပြင်သို့ ထွက်ကာ ရှန်ချင်းနန်းဆောင်ဘက်သို့ ဦးတည်သွားတော့၏။
အောက်ယွီ အဖမ်းခံရပြီး တရားလွှတ်တော်ချုပ် အကျဉ်းထောင်သို့ မဟုတ်ဘဲ ဟေးပင်းထိုင်သို့ တိုက်ရိုက် ရောက်ရှိသွားသည်ဆိုသော သတင်းမှာ အဖွဲ့အသီးသီးထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ထို့နောက် လူတိုင်းသည် မျှော်လင့်တကြီး စောင့်ကြည့်နေကြတော့၏။ ဧကရာဇ်ဟောင်းဘက်မှ တုံ့ပြန်မှု ရှိလာမည်လား။
ဟေးပင်းထိုင် အကျဉ်းထောင်အတွင်း၌ ယွင်ကျုံးဟဲ့သည်ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်နေသည်။
ဤနေရာသည် စစ်ကြောရေးခန်းဖြစ်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော နှိပ်စက်ကိရိယာမျိုးစုံကို ပြသထားကာ မဲနက်နေသော သွေးကွက်များလည်း ရှိနေသောကြောင့် ဤနှိပ်စက်ကိရိယာများအောက်တွင် လူမည်မျှ၏ သွေးများ၊ အသက်များ ဆုံးရှုံးခဲ့ရမှန်းပင် မသိနိုင်တော့ချေ။
စားပွဲပေါ်တွင် သဲနာရီ တစ်ခု ရှိနေပြီး သဲများ အဆက်မပြတ်ကျဆင်းနေကာ အချိန်ရေတွက်နေလေသည်။
နန်ကုန်းအာ၏ လက်ထဲတွင် ဓားမြှောင် တစ်လက်ကိုင်ဆောင်ထားပြီး သူ၏ လက်သည်းများကို ဖြတ်နေသည်။ လက်သည်းများ ဖြတ်ပြီးချိန်မှာတော့ ခြေသည်းများကို ဆက်လက် ဖြတ်နေပြန်၏။
ထို့နောက် သူသည် ဝက်ဆားနယ်ခြောက် တစ်တုံးကို ယူလာပြီး တစ်လွှာချင်း လှီးဖြတ်ကာ စားသောက် နေသည်ကို ကြည့်ပြီး ယွင်ကျုံးဟဲ့၏ ကြက်သီးမွေးညင်းများပင် ထသွားရသည်။
ဤဝက်ဆားနယ်ခြောက်မှာ အစိမ်းဖြစ်ရုံသာမက အပြင်ဘက် တစ်လွှာလုံးမှာလည်း အဖြူရောင် ဆားများဖြင့် အပြည့် ဖုံးအုပ်နေရာ ထိုသူ မည်ကဲ့သို့ စားနိုင်ရသနည်း။ ငန်သည်ကို မသိပေဘူးလား။
ယွင်ကျုံးဟဲ့သည် နန်ကုန်းအာ ဝါးစားနေသည့် အသံကိုပင် ကြားနေရပြီး သူ၏ ဓားမြှောင်မှာ ယခုလေးတင်မှ ခြေသည်းများ ဖြတ်ထားသောကြောင့် လုံလောက်အောင် ငန်နေမည်မှာ သေချာသည်။
ယွင်ကျုံးဟဲ့ ကြည့်နေသည်ကို မြင်ချိန်မှာတော့ နန်ကုန်းအာက ဝက်ဆားနယ်ခြောက် တစ်လွှာကို လှီးဖြတ်ကာ မေးလိုက်၏။ “စားမလား။”
ယွင်ကျုံးဟဲ့က အလျင်အမြန် ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ “ရပါတယ်... ရပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
သူ နန်ကုန်းအာ ဝက်ဆားနယ်ခြောက် လှီးဖြတ်နေပုံကို ကြည့်ရသည်မှာ သူ၏ကိုယ်ပေါ်မှ အသားများကို လှီးဖြတ်နေသကဲ့သို့ ခံစားရသည်။ အကြောင်းမူကား ဤလူ၏ ရက်စက်ကြမ်းကြုတ်သော နာမည်ဂုဏ်သတင်းမှာ အလွန်ကျယ်ပြန့်လွန်းပြီး သူ၏ လက်ချက်ဖြင့် သေဆုံးသွားသူများမှာ ရေတွက်၍ပင် မရနိုင်တော့သောကြောင့်ပင်။
“အင်း...” နန်ကုန်းအာမှာ ဆက်လက် လှီးဖြတ်ပြီး ဆက်လက် စားသောက်နေတော့၏။
ဤသို့ဖြင့် နန်ကုန်းအာသည် ဝက်ဆားနယ်ခြောက်ကြီး တစ်တုံးလုံးကို အကုန် စားပစ်လိုက်ပြီး အလေးချိန် အားဖြင့် သုံးပေါင်ကျော်ခန့် ရှိသည်။ ဆားချည်းသက်သက်ပင် ပေါင်ဝက်ခန့် ရှိနေမည်ဖြစ်ရာ ယွင်ကျုံးဟဲ့ကို ကြက်သီးမွေးညင်း ထသွားစေလောက်အောင် ဖြစ်စေသည်။
စားပြီးသွားချိန်မှာတော့ နန်ကုန်းအာသည် အရက်အိုးကြီး တစ်လုံးကို ယူလာသည်။ ထိုအရက်မှာ ဈေးပေါသော အရက်ကြမ်းများ ဖြစ်၏။
“ဂလု... ဂလု... ဂလု... ဂလု... ဂလု...”
သူသည် အရက်ကြမ်းအိုးကြီး တစ်လုံးလုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် ဗိုက်ကို ပုတ်ကာ လေချဉ်တစ်ချက် တက်လိုက်သည်။
“အချိန်တန်ပြီ။”
နန်ကုန်းအာက ပြောလိုက်၏။ “အောက်ယွီ...ကျုပ်တို့ ဘာကို စောင့်နေကြတာလဲ ဆိုတာ ခင်ဗျား သိလား။”
“သိပါတယ်။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။
နန်ကုန်းအာက ပြောလိုက်၏။ “အထက်က လူတွေက ခင်ဗျားကို သေစေချင်နေကြတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ လက်ရေးစာကို သေချာ မကာကွယ်နိုင်ခဲ့ရုံတင် မကဘူး၊ သူ့ကို အသုံးချပြီး ခင်ဗျားရဲ့ ရန်သူတွေကို ဖယ်ရှားပစ်ခဲ့တယ်။ ပြီးတော့ ဧကရာဇ် နှစ်ပါးကို သပ်လျှိုဖို့ ကြိုးစားခဲ့တဲ့ သံသယလည်း ရှိသေးတယ်။ ဒီအပြစ်တွေ အားလုံး ပေါင်းလိုက်ရင် ခင်ဗျား ဆယ်ခါသေရင်တောင် မလုံလောက်ဘူး။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အထက်က လူတွေက ကျုပ်ကို သတ်ချင်နေပေမယ့် ဧကရာဇ်ဟောင်းက ကျုပ်ကို ကာကွယ်ပေးမှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့် အရင်ဆုံး ကျုပ်ကို နှိပ်စက်ပြီး ဧကရာဇ်ဟောင်းရဲ့ တုံ့ပြန်မှုကို စမ်းသပ်ကြည့်ချင်ကြတာ။
အကယ်၍ ရှန်ချင်းနန်းဆောင်ဘက်က ဘာတုံ့ပြန်မှုမှ မရှိဘူးဆိုရင် ခင်ဗျားတို့ရဲ့ နှိပ်စက်မှုတွေက ပိုပိုပြီး ပြင်းထန်လာမှာဖြစ်ပြီး နောက်ဆုံးမှာ ကျုပ်ကို သတ်ပစ်ကြမှာ။ အကယ်၍ ဧကရာဇ်ဟောင်းဘက်က တုံ့ပြန်မှု ရှိလာရင်တော့ ခင်ဗျားတို့ ကျုပ်ကို လွှတ်ပေးကြမှာပဲ။”
နန်ကုန်းအာက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျုပ်က အရင်တုန်းက ခင်ဗျားအဖေကို အရမ်း ကြည်ညို လေးစားခဲ့တာ။ သူက ဖြောင့်မတ်တည်ကြည်ပြီး မှူးမတ်တွေ အများကြီးကို ဒေါသထွက်အောင် လုပ်ရဲလို့လေ။ ဒါပေမဲ့ အခု ကျုပ်က ခင်ဗျားကို စပြီး လေးစားလာပြီ။ ဘာလို့လဲဆိုတော့ ခင်ဗျားက ဖြောင့်မတ်တည်ကြည်တာ မဟုတ်ဘဲနဲ့ လူတွေ အများကြီးကို ဒေါသထွက်အောင် လုပ်နိုင်လို့ပဲ။”
သူက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ “ဒါနဲ့ မေးချင်တာ တစ်ခုက ဒီလောက် လူအများကြီးက ခင်ဗျားကို သတ်ချင်နေကြအောင် ခင်ဗျား ဘယ်လိုများ လုပ်လိုက်တာလဲ။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြန်ဖြေလိုက်၏။ “ကျုပ်လည်း မသိဘူးလေ။ မသိမသာနဲ့ ဒီအခြေအနေထိ ရောက်လာတာပဲ။ အစ်ကိုကြီး နန်ကုန်း... ခင်ဗျားက ကျုပ်ကို နှိပ်စက်မှာလား။”
“မဟုတ်ဘူး။”
နန်ကုန်းအာက ပြောလိုက်သည်။ “တစ်ယောက်ယောက်က ဒီအလုပ်ကို လုယူသွားပြီ။ ဆရာကြီး လေးပါး... ဝင်လာပြီး စောင့်နေကြပါ။”
ခဏအကြာတွင် ဝူရှန်းတောင်မှ တာအိုဘုန်းကြီး လေးပါး ဝင်ရောက်လာကြသည်။ သူတို့သည် မိဖုရားကြီးက အောက်ယွီကို ပယောဂ နှင်ထုတ်ရန် စေလွှတ်လိုက်သော သူများပင်ဖြစ်၏။
နန်ကုန်းအာက ပြောလိုက်သည်။ “ဆရာကြီး လေးပါး... ခင်ဗျားတို့က သခင်လေး အောက်ယွီကို ဘယ်လို နှိပ်စက်မလို့လဲ။ အရင်ဆုံး ပြောပြပါအုံး။ ကျုပ်တို့လည်း ဗဟုသုတ ရအောင်လို့ပါ။”
ပထမ တာအိုဘုန်းကြီးက ပြန်ဖြေလိုက်၏။ “နှိပ်စက်တာ မဟုတ်ပါဘူး။ သခင်လေး အောက်ယွီကို မကောင်းဆိုးဝါးတွေ ပူးကပ်နေတယ်လို့ သံသယရှိလို့ လာပြီး ပယောဂ နှင်ထုတ်ပေးတာပါ။”
ဒုတိယ တာအိုဘုန်းကြီးက ဆက်ပြောလိုက်သည်။ “ကျုပ်တို့ဆီမှာ ကြီးမားတဲ့ အပ်ကြီး ဆယ့်ငါးချောင်း ရှိတယ်။ တစ်ချောင်းထက် တစ်ချောင်း ပိုတုတ်ပြီး ပိုရှည်တယ်။ သခင်လေး အောက်ယွီရဲ့ ခန္ဓာကိုယ်ပေါ်က မတူညီတဲ့ အကြောစုံရာ နေရာတွေကို ထိုးသွင်းမှာပါ။
ပထမ သုံးချောင်း ထိုးသွင်းလိုက်ရင် နာကျင်လွန်းလို့ သေမလို ဖြစ်သွားလိမ့်မယ်။ ပထမ ခြောက်ချောင်း ထိုးသွင်းလိုက်ရင် ခါးအောက်ပိုင်းက လုံးဝ သေသွားပြီး ဘာမှ ခံစားလို့ မရတော့ဘူး။ ပထမ ဆယ်ချောင်း ထိုးသွင်းလိုက်ရင် လည်ပင်းအောက်ပိုင်းက လုံးဝ သေသွားလိမ့်မယ်။”
တတိယ တာအိုဘုန်းကြီးက ပြောလိုက်၏။ “ဆယ့်တစ်ချောင်းမြောက်နဲ့ ဆယ့်နှစ်ချောင်းမြောက်ကို နားရွက် နှစ်ဖက်ထဲ ထိုးသွင်းမှာဖြစ်ပြီး ဆယ့်သုံးချောင်းမြောက်နဲ့ ဆယ့်လေးချောင်းမြောက်ကို မျက်လုံးတွေထဲ ထိုးသွင်းမှာပါ။ ဆယ့်ငါးချောင်းမြောက်ကိုတော့ ခေါင်းထိပ်ကနေ ထိုးသွင်းမှာဖြစ်ပြီး အဲဒီအခါကျရင်တော့ သေသွားပါပြီ။”
‘တကယ်ကို ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်ပဲ။ ဒါကို ပြစ်ဒဏ်လို့တောင် ခေါ်လို့ မရတော့ဘူး။ အရမ်းကို ရက်စက်တဲ့ သတ်ဖြတ်နည်း တစ်မျိုးပဲ။ ဒါကိုများ ပယောဂ နှင်ထုတ်တယ်လို့ ခေါ်လို့ ရသေးလား။’
ယွင်ကျုံးဟဲ့က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ မသိကြဘူးလား။ လင်လု ဟာ မျိုးနွယ်စု ကိုးဆက်လုံး သတ်ဖြတ်ခံလိုက်ရပြီဆိုတာ။ ခင်ဗျားတို့က ကျုပ်ကို အခုထိ ထိရဲသေးတယ်ပေါ့။”
ပထမ ဝူရှန်း တာအိုဘုန်းကြီးက ပြန်ပြောလိုက်၏။ “ပထမအချက်... ကျုပ်တို့က ဧကရာဇ်ဟောင်းရဲ့ လက်ရေးစာကို မဖျက်ဆီးခဲ့ဘူး။ ကျုပ်တို့က ဧကရာဇ်ဟောင်းကို အရမ်း ကြည်ညိုလေးစားတယ်။”
ဒုတိယ ဝူရှန်း တာအိုဘုန်းကြီးက ပြောလိုက်သည်။ “ဒုတိယအချက်... အခု ရှန်ချင်းနန်းဆောင်က ခင်ဗျား ဟေးပင်းထိုင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ ဆိုတာ သေချာပေါက် သိနေလောက်ပြီ။ အကယ်၍ ဘာတုံ့ပြန်မှုမှ မရှိဘူးဆိုရင် ဧကရာဇ်ဟောင်းက ခင်ဗျားရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို လုံးဝ ဂရုမစိုက်ဘူး ဆိုတာကို ပြသနေတာပဲ။”
တတိယ ဝူရှန်း တာအိုဘုန်းကြီးက ပြောလိုက်၏။ “ပြီးတော့ ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ လက်ရေးစာကို အသုံးချပြီး ရန်သူတွေကို ဖယ်ရှားခဲ့တာဟာ ဧကရာဇ်ဟောင်းအပေါ် အကြီးမားဆုံး စော်ကားမှုပဲ။ ဧကရာဇ်ဟောင်းက အခုချိန်မှာ ခင်ဗျားကို အရမ်း ရွံရှာမုန်းတီးနေမယ်လို့ မထင်ဘူးလား။ ကျုပ်တို့က ခင်ဗျားကို ရက်ရက်စက်စက် သတ်ပစ်လိုက်တာဟာ ဧကရာဇ်ဟောင်းကို ပိုတောင် ပျော်ရွှင်စေလိမ့်မယ် ထင်တယ်။”
စတုတ္ထ ဝူရှန်း တာအိုဘုန်းကြီးက ပြောလိုက်သည်။ “နောက်ဆုံးအချက်ကတော့ ဧကရာဇ်ဟောင်းဟာ အခု တရား ကျင့်ကြံနေပြီး သူဖတ်နေတဲ့ ကျမ်းစာတွေထဲက အများစုဟာ ကျုပ်တို့ ဝူရှန်းတောင်က ဆက်သထားတာ တွေချည်းပဲ။
ပြီးတော့ အခု ဝူရှန်းတောင်က တာအိုကျောင်းတော်ကို ဧကရာဇ်ဟောင်းရဲ့ အမိန့်နဲ့ တည်ဆောက်ထားတာ။ ဧကရာဇ်ဟောင်းနဲ့ ပတ်သက်မှုကို ပြောရရင် ကျုပ်တို့က ခင်ဗျားထက် အများကြီး ပိုနီးစပ်တယ်။”
“အချိန် တန်တော့မယ်။”
ပထမ ဝူရှန်း တာအိုဘုန်းကြီးက ပြောလိုက်၏။ “ကျုပ်တို့ ပစ္စည်းတွေ ထုတ်ကြစို့။”
ထို့နောက် ဤတာအိုဘုန်းကြီးများသည် သေတ္တာများကို ဖွင့်ကာ အတွင်းမှ သံအပ်ကြီး ဆယ့်ငါးချောင်းကို ထုတ်ယူလိုက်ကြသည်။
အမှန်တကယ်ပင် တစ်ချောင်းထက် တစ်ချောင်း ပိုတုတ်ပြီး ပိုရှည်လာကာ အတုတ်ဆုံး တစ်ချောင်းမှာမူ သံမှိုကြီး တစ်ခုနှင့် လုံးဝ တူညီနေပြီး အရှည် ပေတစ်ဝက်ကျော်ခန့် ရှိကာ ခေါင်းထိပ် အလယ်ဗဟိုမှနေ၍ ထိုးသွင်းရန် ဖြစ်သည်။ ကြည့်ရသည်မှာ အမှန်တကယ်ပင် ကြက်သီးမွေးညင်း ထလုမတတ် ဖြစ်လို့နေ၏။
ပြီးနောက် သူတို့သည် တူများကို ထုတ်ယူလိုက်ကြပြန်၏။ စုစုပေါင်း တူငါးချောင်း ရှိပြီး အရွယ်အစား အမျိုးမျိုး ဖြစ်သည်။
ဤသည်မှာ သူတို့၏ ထူးဆန်းသော ကိရိယာများထဲမှ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ပို၍ကြောက်မက်ဖွယ် ကောင်းသော အရာများလည်း ရှိသေး၏။
“နောက်ထပ် တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် လိုသေးတယ်။ အကယ်၍ ဧကရာဇ်ဟောင်း ဆီကနေ အမိန့်တော် ရောက်မလာသေးရင် ကျုပ်တို့ စတင်တော့မယ်။”
ပထမ ဝူရှန်း တာအိုဘုန်းကြီးက ပြောလိုက်သည်။ “အစပိုင်းမှာ အရမ်း နာကျင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ပထမဆုံး အပ်ကို ခင်ဗျားရဲ့ ခြေမ လက်သည်းခွံ အောက်ကနေ ထိုးသွင်းမှာမို့လို့ပဲ။”
‘ချီးတဲ့မှ.... ဒီစကားကိုကြားရုံနဲ့တင် နာကျင်လွန်းလို့ သေမလို ဖြစ်သွားပြီ။’
“စောင့်နေကြ... စောင့်နေကြ... အချိန် နီးလာပြီ။”
ထို့နောက် လူတိုင်းသည် သဲနာရီကို စိုက်ကြည့်နေကြပြီး သဲများ အားလုံးကျဆင်းသွားသည်နှင့် တပြိုင်နက် ဤ ဝူရှန်း တာအိုဘုန်းကြီးများသည် စတင် အပြစ်ပေးတော့မှာဖြစ်၏။
ယွင်ကျုံးဟဲ့သည် ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် အဆိုးရွားဆုံးသော ပြစ်ဒဏ်နှင့် ရင်ဆိုင်ရပေတော့မည်။
ယခုအချိန်တွင် မြို့တော်ရှိ အင်အားစု အသီးသီးသည် ရှန်ချင်းနန်းဆောင်ဘက်သို့ အာရုံစိုက်နေကြသည်။
မိဖုရားကြီး၊ အမတ်ချုပ်ကြီးလင်၊ တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်၊ ဧကရာဇ် ဝမ်ယွင် စသည်ဖြင့်ပင် ဖြစ်၏။
ဧကရာဇ်ဟောင်းသည် အောက်ယွီကိုကယ်တင်ရန် အမိန့်တော် ထုတ်ပြန်မည်လား။
အကယ်၍ ရှန်ချင်းနန်းဆောင်ဘက်မှ ဘာတုံ့ပြန်မှုမှ မရှိပါက အောက်ယွီ သေချာပေါက် သေရမည်ဖြစ်ပြီး အလွန် သနားဖွယ်ကောင်းအောင် သေဆုံးရမှာဖြစ်သည်။
ဝေမြို့စားကြီးအိမ်တော်မှ သခင်လေး တွမ်ယွီက ပြောလိုက်၏။ “အချိန် တန်တော့မယ်။ ရှန်ချင်းနန်းဆောင် ဘက်က ဘာတုံ့ပြန်မှုမှ မရှိသေးဘူး။ အောက်ယွီ သေချာပေါက် သေပြီ... သေချာပေါက် သေပြီ။”
စုချင်ဝမ်ကတော်က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းက အောက်ရှင်း ဆိုတဲ့ အမတ်ဟောင်းကို သနား ညှာတာလို့ စာပေးသနားခဲ့တာပဲ ဖြစ်ရမယ်။ အောက်ယွီကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ ပြီးတော့ အောက်ယွီက ဧကရာဇ်ဟောင်းကို အသုံးချပြီး ရန်သူတွေကို ဖယ်ရှားခဲ့တာက ဧကရာဇ်ဟောင်းကို ပိုပြီး ဒေါသထွက်သွားစေလိမ့်မယ်။”
အောက်မင်၏ မျက်လုံးများ လင်းလက်သွားသည်။ သူသည် ပိုမို နက်ရှိုင်းစွာ မြင်တွေ့နိုင်စွမ်း ရှိ၏။
ဤအချိန်တွင် ဧကရာဇ်ဟောင်းသာ အောက်ယွီကို ကယ်တင်ရန် အမိန့်တော် ထုတ်ပြန်လိုက်ပါက ထိုအမိန့်သည် သူ၏ ပထမဆုံးသော လူသိရှင်ကြား တရားဝင် ထုတ်ပြန်မှုပင် ဖြစ်၏။ ဤသည်က လူအများအပြားကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေမှာဖြစ်သည်။
ယခင်က ဧကရာဇ်ဟောင်းသည် မည်သည့်အခါကမှ လူသိရှင်ကြား တရားဝင် ထုတ်ပြန်မှုမျိုး မပြုလုပ်ခဲ့ဖူးချေ။ တောင်ပိုင်း ပုန်ကန်မှု ဖြစ်ပွားပြီး အင်ပါယာတွင် အန္တရာယ်များ ဝိုင်းရံနေချိန်တွင်ပင် ဧကရာဇ်ဟောင်းသည် မည်သည့် အမိန့်တော်မှ မထုတ်ပြန်ခဲ့ချေ။
ထိုစဉ်က အမတ်ကြီး ဟူယုံးသည် ညီလာခံတွင် ဧကရာဇ်ကို လူသိရှင်ကြား အပြစ်တင်ကာ ဧကရာဇ်ဟောင်းထံ အာဏာ ပြန်အပ်ရန် တောင်းဆိုခဲ့ချိန်တွင်ပင် ဧကရာဇ်ဟောင်းသည် မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။
.......................
အပိုင်း (၃၈၈)
ရှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်၏။ ဧကရာဇ် ဝမ်ယွင် နန်းတက်လာသည်မှာ ရှစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဧကရာဇ်ဟောင်းသည် ရှန်ချင်းနန်းဆောင် အတွင်း၌သာ အမြဲတမ်း နေထိုင်ခဲ့ပြီး ဧကရာဇ်ကို တစ်ခါမှ မခေါ်ယူခဲ့ဖူးချေ။
အကယ်၍ ယခုအချိန်တွင် ဧကရာဇ်ဟောင်းက အမိန့်တော် ထုတ်ပြန်လိုက်မည်ဆိုပါက လူအများအပြားက တွေးတောစရာများ ဖြစ်လာမည်ဖြစ်ပြီး ဧကရာဇ်ဟောင်းနှင့် ဧကရာဇ်မင်းမြတ် တို့ကြားတွင် အထင်လွဲမှုများ ရှိနေပြီလားဟု ထင်မြင်လာကြမှာဖြစ်သည်။
ထို့ကြောင့် ဧကရာဇ် ဝမ်ယွင်ပင်လျှင် ယခုအချိန်တွင် စာချွန်လွှာများကို ဖတ်ရှုနေပြီး စကားတစ်ခွန်းမှ မမေးမြန်းသော်လည်း သူ စာတစ်လုံးကိုပင် ဖတ်၍ မဝင်တော့ချေ။
အမှန်တကယ်တွင် သူသည် အောက်ယွီ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဂရုမစိုက်သလို၊ အောက်ယွီကို သတ်ဖြတ်ရန်လည်း အပြင်းအထန် ရည်ရွယ်ထားခြင်း မရှိချေ။ သူ ဂရုစိုက်သည်မှာ ဧကရာဇ်ဟောင်း၏ တုံ့ပြန်မှုပင် ဖြစ်သည်။
အောက်ယွီကို သတ်ဖြတ်ခြင်းသည် ဧကရာဇ်ဟောင်းကို နောက်ထပ် တစ်ကြိမ် စမ်းသပ်ခြင်းသာ ဖြစ်၏။
‘ခမည်းတော်... တကယ်ပဲ အပြီးအပိုင် အနားယူသွားတာလား။ ဒါပေမဲ့ အရင်တုန်းက လူတွေက ခမည်းတော်ဆီ အာဏာ ပြန်အပ်ဖို့ တောင်းဆိုတုန်းက ခမည်းတော် မလှုပ်ရှားခဲ့ဘဲ အခုကျမှ ဘာလို့ လှုပ်ရှားရတာလဲ။’
ယုံရှီ (ညနေ ၅ နာရီမှ ၇ နာရီ) ရောက်ရန် အချိန်အနည်းငယ် လိုသေးသည်။
လူတိုင်း စောင့်ကြည့်နေစဉ် ရှန်ချင်းနန်းဆောင်၏ တံခါးကြီး ပွင့်လာပြီး မိန်းမစိုး တစ်ဦး အလျင်အမြန် ထွက်လာတော့၏။
ဤသည်မှာ သာမန် လှုပ်ရှားမှုလေး တစ်ခုဟု ထင်ရသော်လည်း ရေပြင်ပေါ်သို့ ကျောက်ခဲကြီး တစ်လုံး ပြင်းထန်စွာ ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်ကို တုန်လှုပ်စေလောက်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
ရှန်ချင်းနန်းဆောင်ဘက်မှ အမှန်တကယ်ပင် တုံ့ပြန်မှု ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ထိုမိန်းမစိုး၏ လက်ထဲတွင် ဧကရာဇ်ဟောင်း၏ အမိန့်တော် အမှန်တကယ် ပါရှိနေသည်။ ပို၍ တိတိကျကျ ဆိုရသော် ၎င်းမှာ ဝူဝေ့ဧကရာဇ်ဟောင်း ကိုယ်တိုင် ထုတ်ပြန်ခဲ့သည့် အမိန့်တော်ပင် ဖြစ်၏။
ရှန်ချင်းနန်းဆောင် ပွင့်သွားပြီး ထိုမိန်းမစိုးသည် အပြင်ဘက်သို့ ထွက်လာသည်ကို မြင်တွေ့လိုက်ရချိန်မှာတော့ လူအားလုံး အံ့အားသင့်သွားတော့သည်။
‘ဧကရာဇ်ဟောင်းက တကယ်ပဲ အမိန့်တော် ထုတ်ပြန်လိုက်ပြီပဲ။ ဒါ... ဒါ... ဒါ အရမ်းကြောက်စရာ ကောင်းတာပဲ။’
‘ဧကရာဇ်ဟောင်းက တကယ်ပဲ အောက်ယွီကိုကာကွယ်ပေးချင်တာလား။ ဒါ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ ဒါက ဘာအဓိပ္ပာယ်လဲ။ ဘာလက္ခဏာကို ပြသနေတာလဲ။’
တစ်ခဏအတွင်းမှာပင် မြင်းစီးစစ်သည် အများအပြားသည် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြတော့၏။
ဟေးပင်းထိုင်၏ လူများ၊ အမတ်ချုပ်ကြီးလင်၏ လူများ၊ နန်းတော်မှ လူများ၊ တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်၏ လူများသည် မိမိတို့၏ သခင်များထံ ဤသတင်းကို အစီရင်ခံရန် ရူးသွပ်မတတ် အနောက်သို့ ပြေးသွားကြတော့သည်။
တစ်ခဏအတွင်းမှာပင် သစ်တောထဲသို့ ကျောက်ခဲ ပစ်ထည့်လိုက်သောကြောင့် ငှက်များ အလန့်တကြား ထပျံသွားသကဲ့သို့ ဖြစ်သွား၏။
ဧကရာဇ်ဟောင်း စေလွှတ်လိုက်သော ထိုမိန်းမစိုးသည် သိပ်မမြန်လှပေ။ မြင်းပင် မစီးဘဲ အလွန် မှန်ကန်သော ခြေလှမ်းများဖြင့် လျှောက်လာခြင်း ဖြစ်၏။ အင်အားစု အသီးသီးကို တုံ့ပြန်ရန် အချိန်အလုံအလောက် ပေးလိုသည့် သဘောမျိုးပင် ဖြစ်သည်။
သို့ပေမည့် ထိုမိန်းမစိုးသည် မည်မျှပင် နှေးကွေးစွာ လျှောက်လာစေကာမူ တစ်နာရီကျော် ကြာပြီးနောက်တွင်မူ ဟေးပင်းထိုင် အကျဉ်းထောင် အတွင်းသို့ ရောက်ရှိလာတော့၏။
ဧကရာဇ်ဟောင်း၏ ဤအမိန့်တော်မှာ အလွန် တိကျလှပြီး ဟေးပင်းထိုင် အကျဉ်းထောင်သို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သည်။
“ဝူဝေ့ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်... ဝူရှန်း တာအိုဘုန်းကြီး လေးပါးဟာ အရည်အချင်း မရှိဘဲ ဟန်ဆောင်နေကြပြီး လူ့အသက်ကို မြက်ပင်လို သဘောထားကာ မကောင်းမှုတွေ ကျူးလွန်ပြီး ကောင်းကင်နဲ့ မြေကြီးကတောင် ခွင့်မလွှတ်နိုင်တဲ့ အပြစ်တွေ ကျူးလွန်ခဲ့တဲ့အတွက် ဟေးပင်းထိုင်ကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်တယ်။”
ဤအမိန့်တော်မှာ အလွန် စိတ်ဝင်စားစရာ ကောင်းလေသည်။ အောက်ယွီကို တိုက်ရိုက် မရည်ရွယ်ဘဲ ဝူရှန်း တာအိုဘုန်းကြီးများကို သတ်ဖြတ်ရန်သာဖြစ်ပြီး နိုင်ငံရေးနှင့် လုံးဝ မသက်ဆိုင်ဘဲ တာအိုဘာသာ အတွင်းရေး ကိစ္စကဲ့သို့ ဖြစ်နေ၏။
သို့ပေမည့် အမိန့်တော်ကို ကြားလိုက်ရပြီးနောက် ဝူရှန်း တာအိုဘုန်းကြီး လေးပါးမှာ မိုးကြိုးပစ် ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
‘ကျုပ်တို့က အမိန့်ကို နာခံပြီး အလုပ် လုပ်တာပါပဲ။ ပြီးတော့ ဧကရာဇ်ဟောင်း... ကျုပ်တို့က ကိုယ့်လူတွေလေ။ ဧကရာဇ်ဟောင်းက ဝူဝေ့ ဧကရာဇ်ဟောင်းဖြစ်ပြီး ကျုပ်တို့ကလည်း တရားကျင့်ကြံတဲ့ သူတွေလေ။ ရှန်ချင်း နန်းဆောင်ထဲက အုတ်ခဲတွေ၊ အမိုးကြွေပြားတွေ အများစုက ကျုပ်တို့ ဝူရှန်းကနေ တူးဖော်လာတာပါ။
ဥယျာဉ်တော်ထဲက ဆေးဖက်ဝင် အပင်တွေကလည်း ကျုပ်တို့ တူးဖော်ပေးထားတာပါ။ တရားကျင့်ကြံတဲ့ ကျမ်းစာတွေကလည်း ကျုပ်တို့ ဆက်သထားတာပါ။ ကျုပ်တို့က ဧကရာဇ်ဟောင်းကို မစော်ကားခဲ့ပါဘူး။ ဘာလို့ ကျုပ်တို့ကို အပြစ်ပေးရတာလဲ။’
“ဧကရာဇ်ဟောင်း ခွင့်လွှတ်ပါ... ဝူဝေ့ ဧကရာဇ်ဟောင်း ခွင့်လွှတ်ပါ...”
“မိန်းမစိုးကြီး... ကျေးဇူးပြုပြီး ဧကရာဇ်ဟောင်းကို ပြန်လျှောက်တင်ပေးပါ။ ကျုပ်က သူတော်စင်ကြီးကို တရား ဟောပေးခဲ့ဖူးပါတယ်။”
“ကျုပ်တို့က အမိန့်ကို နာခံရုံပါပဲ။ ပြီးတော့ သခင်လေး အောက်ယွီကိုလည်း မထိခိုက်ရသေးပါဘူး။”
သို့ပေမည့် ဧကရာဇ်ဟောင်း စေလွှတ်လိုက်သော ထိုမိန်းမစိုးသည် လုံးဝ ဂရုမစိုက်ဘဲ အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဟေးပင်းထိုင်... အမိန့်တော်ကို ခံယူကြ။”
နန်ကုန်းအာ ဒူးထောက်ကာ အမိန့်တော်ကို ခံယူလိုက်ပြီး မေးလိုက်သည်။ “မိန်းမစိုးကြီး... ဧကရာဇ်ဟောင်းက ဒီတာအိုဘုန်းကြီး လေးပါးကို ဘယ်လို သတ်ရမယ်လို့ အမိန့်ရှိထားပါသလဲ။”
ထိုမိန်းမစိုးက ပြန်ဖြေလိုက်၏။ “သူတို့ လုပ်သလို ပြန်လုပ်ပေးလိုက်။”
ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး မုရုံဖူ (Jin Yongရဲ့ ဝတ္ထုထဲက ဇာတ်ကောင်) များလားဟု တွေးမိသွားသည်။
သေချာပေါက် ဤစကားမှာ အချို့သော ကျမ်းစာများတွင် ပါရှိပြီး ကျင်းယုံ ဆရာကြီး၏ ကိုယ်ပိုင် ဖန်တီးမှု မဟုတ်ချေ။ စစ်ဘုရင် ဆွန်းတျန်းယင်းပင်လျှင် ဤစကားမျိုးကို ပြောဆိုခဲ့ဖူး၏။
နန်ကုန်းအာက ပြန်ပြောလိုက်သည်။ “နားလည်ပါပြီ။”
“လာကြစမ်း... ဒီတာအိုဘုန်းကြီး လေးပါးကို ကုလားထိုင်ပေါ်မှာ ချည်ထားလိုက်။ သံအပ်ကြီး ဆယ့်ငါးချောင်းကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို တစ်ချောင်းချင်းစီ ထိုးသွင်းလိုက်။”
နန်ကုန်းအာ၏ အမိန့်ပေးသံနှင့်အတူ ဟေးပင်းထိုင် စစ်သည်တစ်စု ပြေးဝင်လာပြီး တာအိုဘုန်းကြီး လေးပါးကို နှိပ်စက်ကိရိယာ ကုလားထိုင်များပေါ်တွင် ချည်နှောင်လိုက်ကြ၏။
ထို့နောက် ဤတာအိုဘုန်းကြီး လေးပါး စောစောက ပြောဆိုခဲ့သည့်အတိုင်း နှိပ်စက်မှုများကို စတင် ပြုလုပ်ကြတော့သည်။
ပထမဆုံး သံအပ်ကို လူလေးယောက်၏ ခြေမ ခြေသည်းခွံ အောက်မှနေ၍ အရှင်လတ်လတ် ထိုးသွင်းလိုက်၏။
ခဏအကြာတွင် ဟေးပင်းထိုင်၏ စစ်ကြောရေးခန်း အတွင်း၌ အလွန် သနားဖွယ်ကောင်းသော အော်ဟစ်သံကြီးများ ထွက်ပေါ်လာတော့၏။ ယွင်ကျုံးဟဲ့ ပင်လျှင် ကြားရသည်မှာ ကြက်သီးမွေးညင်းများ ထသွားရသည်။
‘ချီးတဲ့မှ... အရမ်း နာကျင်မှာပဲ။ အရမ်း ကြောက်စရာကောင်းတာပဲ။ ကြည့်ရတာတောင် မခံနိုင်ဘူး။ နှိပ်စက်ခံရတဲ့ သူတွေဆိုရင် ဘယ်လိုနေမလဲ။’
ဧကရာဇ်ဟောင်း စေလွှတ်လိုက်သော ထိုမိန်းမစိုးသည် ဤမြင်ကွင်းကို မျက်နှာသေဖြင့် ကြည့်ရှုနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤတာအိုဘုန်းကြီး လေးပါး အသေဆိုးဖြင့် သေဆုံးသွားသည်ကို ကြည့်ရှု ပြီးနောက် ဧကရာဇ်ဟောင်းထံသို့ ပြန်လည် အစီရင်ခံရမည် ဖြစ်သောကြောင့်ပင်။
နန်ကုန်းအာမှာမူ အလွန် စိတ်လှုပ်ရှားစွာ ကြည့်ရှုနေပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချင်နေသကဲ့သို့ ဖြစ်နေသည်။
‘မဟုတ်ဘူး... သူကိုယ်တိုင် ဒီလို နှိပ်စက်မှုမျိုးကို ခံစားကြည့်ချင်နေတာ။ ဒီလူက တကယ်ကို အရူး တစ်ယောက်ပဲ။’
ဤတာအိုဘုန်းကြီး လေးပါး ပြောသည့်အတိုင်းပင် သံအပ်သုံးချောင်း ထိုးသွင်းပြီးနောက် ခါးအောက်ပိုင်း ခြေထောက်နှစ်ဖက်လုံး သေသွားတော့၏။ ခြောက်ချောင်း ထိုးသွင်းပြီးနောက် လည်ပင်းအောက်ပိုင်း လုံးဝ သေသွားတော့၏။
နောက်ဆုံး သံမှိုကဲ့သို့ကြီးမားသော သံအပ်ရှည်ကြီးကို ထိုးသွင်းလိုက်ပြီးနောက်တွင်မူ ဝူရှန်း တာအိုဘုန်းကြီး လေးပါး လုံးဝ သေဆုံးသွားတော့သည်။
ဤကိစ္စ ပြီးစီးသွားပြီဖြစ်ရာ ထိုမိန်းမစိုးသည် ရှန်ချင်းနန်းဆောင်သို့ ပြန်လည် အစီရင်ခံရန် ပြင်လိုက်၏။
ဤအချိန်တွင် နန်ကုန်းအာက မေးလိုက်သည်။ “ဒီ မိန်းမစိုးကြီး... အောက်ယွီနဲ့ ပတ်သက်ပြီး ဧကရာဇ်ဟောင်းက ဘာအမိန့်တော်များ ရှိသေးလဲ။”
ထိုမိန်းမစိုးက ပြန်ဖြေလိုက်၏။ “မရှိဘူး။”
အမိန့်တော် ပါရှိမလာခဲ့ပေ။ အခြေအနေအရ ဆက်လက် ဖမ်းဆီးထားရမည် ဖြစ်သော်လည်း မည်သည့် ထိခိုက်ဒဏ်ရာမှ မရစေရဟူသော သဘောပင် ဖြစ်သည်။
ဤသည်မှာ အဘယ်သို့သော အဓိပ္ပာယ်နည်း။ အင်အားချင်း အားပြိုင်မှုမှာ ပြီးဆုံးသွားခြင်း မရှိသေးဘဲ ပိုမို ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ဆိုက်ရောက်တော့မည်ဟု ဆိုလိုခြင်းလား။
ဟေးပင်းထိုင်ရှိ လူအပေါင်းတို့သည်လည်း တုန်လှုပ်ချောက်ချားနေကြပြီး နောက်ဆက်တွဲ အကျိုးဆက် များကြောင့် အရာရာ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြတော့သည်။
နန်ကုန်းအာ တစ်ဦးတည်းသာလျှင် ဘာမျှမဖြစ်သကဲ့သို့ တည်ငြိမ်စွာ ရှိနေ၏။
ထို့နောက် သနားစဖွယ် အသက်ဆုံးပါးသွားရှာသော ဝူရှန်းတာအိုဘုန်းကြီး လေးပါးကို ကြည့်ကာ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ “ဟူး... ခုနက သူတို့ နှိပ်စက်ခံရတာကိုကြည့်ရတာ အရမ်း စိတ်လှုပ်ရှားသွားလို့ ဗိုက်တောင် ပြန်ဆာလာပြီ။”
‘သောက်ကျိုးနည်း... ခင်ဗျား စောဏကလေးတင် ဝက်ဆားနယ်ခြောက် အတုံးကြီးကို စားထားပြီး အရက်ကြမ်း ပေါင်ချီ သောက်ထားတာလေ။ အခု ဗိုက်ပြန်ဆာနေပြီလား။ အခုကောင်းကင်ကြီး ပြိုကျတော့မယ့် ကိစ္စတွေ ဖြစ်နေတာတောင် ခင်ဗျားက နည်းနည်းလေးမှ မစိုးရိမ်ဘူးလား။’
ဝူရှန်း တာအိုဘုန်းကြီးလေးပါးအား ကွပ်မျက်ရန် ဧကရာဇ်ဟောင်းက အမိန့်တော် မှတ်လိုက်သည်ဟူသော သတင်းသည် မြို့တော်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။
အဆိုပါ တာအိုဘုန်းကြီးလေးပါးသည် အောက်ယွီအား ညှဉ်းပန်းနှိပ်စက်ရန် သွားရောက်ခြင်းဖြစ်ကြောင်း လူတိုင်း သိရှိထားကြရာ ယခုကဲ့သို့ အသတ်ခံလိုက်ရခြင်းမှာ နန်းတော်၏ ဂုဏ်သိက္ခာကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းလားဟု တွေးထင်စရာ ဖြစ်လာသည်။
ဧကရာဇ်ဟောင်းက အောက်ယွီအား အကာအကွယ် ပေးလိုက်ခြင်းမှာ လူအများအတွက် အားငယ်စရာ ဖြစ်စေသလို လုံးဝ နားမလည်နိုင်လောက်အောင်လည်း ထူးဆန်းအံ့ဩဖွယ် ဖြစ်နေတော့၏။
အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။ မြို့တော်သား အားလုံးမှာ နောက်ဆက်တွဲ အခြေအနေများကို အသက်အောင့်၍ စောင့်ကြည့်နေကြရသည်။
ဤအရေးအခင်းသည် အဆုံးသတ်သို့ မရောက်သေးသည့်အပြင် တကယ့် အထွတ်အထိပ် အခြေအနေသို့ပင် ဆိုက်ရောက်ခြင်း မရှိသေးပေ။
အကြောင်းမှာ မိဖုရားကြီး၏ မောင်ဝမ်းကွဲဖြစ်သူ မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်းကိုမူ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
တာအိုဘုန်းကြီးလေးပါး အောက်ယွီထံ သွားရောက်ခြင်းမှာ အထက်မှ အမိန့်ကြောင့်ဖြစ်ကြောင်း၊ ထိုအမိန့်မှာ မိဖုရားကြီးထံမှ လာခြင်းဖြစ်ကြောင်းကိုလည်း လူသိရှင်ကြား မပြောဆိုကြသော်လည်း အားလုံးက ရိပ်မိထားကြ၏။
ထိုအခါ ဧကရာဇ်ဟောင်းက တာအိုဘုန်းကြီးများကို သတ်လိုက်ခြင်းမှာ မိဖုရားကြီးအပေါ် မည်သို့ သဘောထား ရှိကြောင်း ပြသခြင်း ဖြစ်သနည်း။ မိဖုရားကြီးကို မကျေနပ်ခြင်းလား သို့မဟုတ် ဧကရာဇ်မင်းမြတ်ကို မကျေနပ်ခြင်းလား။
မိဖုရားကြီးအား ရာထူးမှ ဖယ်ရှားရန်မှာလည်း လုံလောက်သော အကြောင်းပြချက် မရှိနိုင်ရာ ဧကရာဇ်ဟောင်း၏ စိတ်အကြံကို မည်သူမှ ခန့်မှန်း၍ မရနိုင်တော့ပေ။
ညဉ့်နက်လာသည်နှင့်အမျှ မြို့တော်တစ်ခုလုံးသည် အသက်ရှူရ ကြပ်လောက်အောင် ဖိနှိပ်သော လေထုထဲတွင် နစ်ဝင်နေတော့သည်။ အမတ်အချို့မှာ ဖြစ်လာနိုင်သမျှသော နောက်ဆက်တွဲ အခြေအနေများကို အနိမ့်၊ အလယ်၊ အမြင့် အဆင့်များ သတ်မှတ်ကာ ခန့်မှန်းနေကြသည်။
အနိမ့်ဆုံးအဆင့်မှာ ဧကရာဇ်ဟောင်းက အောက်ယွီကို လွှတ်ပေးစေပြီး နင်ဟွိုင်အန်းကို ကွပ်မျက်ရန် အမိန့်ပေးခြင်းပင် ဖြစ်၏။
အလယ်အလတ်အဆင့်မှာမူ မိဖုရားကြီးအား ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခြင်းဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာမူ ဧကရာဇ်ဟောင်းကိုယ်တိုင် ဧကရာဇ်မင်းမြတ်အား ခေါ်ယူတွေ့ဆုံခြင်းပင် ဖြစ်သည်။
အကယ်၍ ဧကရာဇ်မင်းမြတ်အထိ ရိုက်ခတ်လာပါက နန်းတွင်းအမတ်များ ဘာဆက်လုပ်ကြမည်နည်း။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီး တစ်ပြိုင်နက် ပြိုကျသကဲ့သို့ ဖြစ်မှာဖြစ်ပြီး နန်းတွင်း၌ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသကဲ့သို့ပင် ရှိပေလိမ့်မည်။
လူတိုင်း ရှန်ချင်းနန်းဆောင်မှ နောက်ထပ်ထွက်ပေါ်လာမည့် အမိန့်တော်ကို ရင်တမမဖြင့် စောင့်မျှော်နေကြသည်။
နောက်တစ်နေ့တွင် ရှန်ချင်းနန်းဆောင်၏ တံခါးကြီး ပြန်လည်ပွင့်လာပြီး မိန်းမစိုးကြီး ဟောက်ချန် ထွက်လာလေ၏။
မိန်းမစိုးတို့၏ ဘိုးဘေးကြီးဟု တင်စားရသော၊ မိန်းမစိုးကြီး ဟောက်ကျန်းနှင့် ဟောက်ချင့်တို့၏ မွေးစားဖခင် ဖြစ်သူ ဟောက်ချန်ကိုယ်တိုင် ထွက်လာခြင်းမှာ ပြဿနာကြီးတော့မည်ဟူသော အတိတ်နိမိတ်ပင် ဖြစ်သည်။ ကောင်းကင်ကြီး တုန်လှုပ်သွားလောက်မည့် ပြဿနာမျိုးပင်။
နန်းတွင်းရှိ လူအပေါင်းသည် နောက်ဆက်တွဲ ဘာဖြစ်မည်ကို မခန့်မှန်းနိုင်ကြသောကြောင့် ရင်တုန်ပန်းတုန်ဖြင့် အသက်ပင် မရှူရဲကြတော့ပေ။
မိန်းမစိုး ဘိုးဘေးကြီး ဟောက်ချန်သည် အမိန့်တော်တစ်ရပ်ကို ကိုင်ဆောင်ကာ ဝေါယာဉ်ပေါ်သို့ တက်လိုက်သည်။ အားလုံးက ထိုဝေါယာဉ် မည်သည့်အရပ်သို့ ဦးတည်မည်ကို စောင့်ကြည့်နေကြသည်။
အောက်ရှင်း၏ နေအိမ်လား သို့မဟုတ် ဟေးပင်းထိုင်လား။ နန်းတော်သို့ မဟုတ်ပါစေနှင့်ဟု ဆုတောင်းနေကြ၏။
အကယ်၍ နန်းတော်သို့ ဦးတည်သွားခဲ့လျှင်မူ ကောင်းကင်ကြီး အမှန်တကယ် ပြိုကျပေတော့မည်။ အဘယ်ကြောင့်ဆိုသော် လူအများ၏ အမြင်တွင် ဧကရာဇ်ဟောင်း၏ အမိန့်တော်သည် နန်းတော်သို့ ဦးတည်သည်ဆိုပါက မိဖုရားကြီး သို့မဟုတ် ဧကရာဇ်မင်းမြတ် နှစ်ဦးအနက် တစ်ဦးဦး ထံသို့သာ ရည်ရွယ်သောကြောင့် ဖြစ်လေသည်။
ထို့နောက် လူတိုင်းကို ထိတ်လန့်သွားစေမည့်အရာ ဖြစ်ပေါ်လာတော့၏။ ဘိုးဘေးကြီး မိန်းမစိုး ဟောက်ချန်၏ ဝေါယာဉ်သည် နန်းတော်ဘက်သို့ အမှန်တကယ် ဦးတည်သွားနေခြင်းပင် ဖြစ်၏။
.................