အခန်း (၃၈၉-၃၉၀)
Vol. 33 Ch. 389-390
အပိုင်း (၃၈၉)
နန်းတော် တံခါး ပွင့်သွား၏။ မိန်းမစိုးအိုကြီး ဟောက်ချန် သည် နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်။
ယခုအချိန်တွင် ကောင်းကင်မှာ ကြည်လင်နေပြီး တိမ်တစ်အုပ်မှ မရှိသော်လည်း လူအများအပြားက သူ၏ ခေါင်းပေါ်တွင် တိမ်မည်းများ ဖုံးလွှမ်းနေသည်ဟု ခံစားနေကြရ၏။
ထို့အပြင် သူ နန်းတော်အတွင်းသို့ ဝင်ရောက်သွားလေလေ ခေါင်းပေါ်ရှိ တိမ်မည်းများက ပို၍ စုစည်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကို ဖန်တီးနေသကဲ့သို့ ခံစားရလေလေ ဖြစ်သည်။
ဤအမိန့်တော်သည် မိဖုရားကြီး အတွက်လား။ ဒါမှမဟုတ် ဧကရာဇ်မင်းမြတ် အတွက်လား။ အကယ်၍ ဧကရာဇ်အတွက်သာ ဆိုလျှင် အမှန်တကယ် အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းလေ၏။
မိန်းမစိုးအိုကြီးဟောက်ချန် ဝင်ရောက်သွားသော နေရာမှာ ဧကရာဇ်၏ စာကြည့်ဆောင် ဖြစ်သည်။
တစ်ခဏအတွင်းမှာပဲ မိန်းမစိုးများ၊ အစေခံမများ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး အသံပင် မထွက်ရဲကြချေ။
ဧကရာဇ်၏ စာကြည့်ဆောင် အတွင်း၌ ဆွေးနွေးနေသော အမတ်အချို့သည်လည်း အပြင်သို့ ထွက်လာကြပြီး မြေပြင်ပေါ်တွင် ဝပ်တွား၍ တစ်ချက်လေးမှ မလှုပ်ရှားရဲကြပေ။
“ကျုပ် ဟောက်ချန်... ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ။” မိန်းမစိုးအိုကြီး ဟောက်ချန် သည် ဧကရာဇ် ဝမ်ယွင်၏ အရှေ့သို့ ရောက်ရှိလာပြီး ဒူးထောက်ကာ ဦးညွတ်၍ လျှောက်တင်လိုက်၏။
ဧကရာဇ် ဝမ်ယွင် သည် ရှေ့သို့တက်လာပြီး မိန်းမစိုးအိုကြီး ဟောက်ချန်ကို တွဲထူလိုက်သည်။
“ကြည့်ရတာ ပိန်သွားသလိုပဲ။ ခမည်းတော် ဘယ်လိုနေလဲ။ စားသောက်တာ အဆင်ပြေရဲ့လား။ အိပ်ပျော်ရဲ့လား။” ဧကရာဇ် ဝမ်ယွင်က ကြင်နာစွာဖြင့် မေးလိုက်၏။
မိန်းမစိုးအိုကြီး ဟောက်ချန်က ပြန်ဖြေလိုက်သည်။ “အဆင်ပြေပါတယ်။ ဧကရာဇ်ဟောင်း ကျန်းမာရေး ကောင်းပါတယ်။ နေ့တိုင်း တရားကျင့်ကြံနေပြီး တရားအသိတွေ ပိုပိုပြီး နက်ရှိုင်းလာပါတယ်။”
ဧကရာဇ် ဝမ်ယွင်က သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ်က ခမည်းတော်ကို အရမ်း လွမ်းနေတာပါ။ ဒါပေမဲ့ သူက ရှန်ရှန်းကလွဲရင် ဘယ်သူမှ သူ့ရဲ့ တရားကျင့်တာကို မနှောင့်ယှက်ရဘူးလို့ အမိန့်ထုတ်ထားတော့။”
ဤစကားသည် အဓိက အချက်ပင် ဖြစ်သည်။ မည်သူမှ ရှန်ချင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်ကာ ဧကရာဇ်ဟောင်းကို တွေ့ခွင့် မရှိခြင်းသည် နိုင်ငံရေးအာဏာအားလုံးကို ဧကရာဇ် ဝမ်ယွင်ထံ လွှဲပြောင်း ပေးအပ်လိုက်ပြီဖြစ်ကြောင်း သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ပြသနေခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ယခု ဧကရာဇ်ဟောင်းက ဟောက်ချန်ကို နန်းတော်သို့ စေလွှတ်လိုက်ခြင်းသည် မည်သည့် ရည်ရွယ်ချက် ရှိသနည်း။ ဧကရာဇ်ဟောင်း၏ ဆုံးဖြတ်ချက်များ ပြောင်းလဲသွားပြီလား။
အနည်းငယ် နှုတ်ဆက်စကား ပြောကြားပြီးနောက် မိန်းမစိုးအိုကြီး ဟောက်ချန်က လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ဧကရာဇ်ဟောင်းရဲ့ အမိန့်တော် ရှိပါတယ်။ ဧကရာဇ်... ခမည်းတော် မင်းကို ခေါ်ပြီး စကားနည်းနည်းလောက် ပြောချင်လို့ပါ။ အဆင်ပြေမလား။”
ဧကရာဇ်ဟောင်း၏ ဤအမိန့်တော်မှာ အလွန် တိုတောင်းပြီး မိမိကိုယ်မိမိ ခမည်းတော်ဟု သုံးနှုန်းထား သော်လည်း မိုးကြိုးတစ်စင်းကဲ့သို့ ထိုနေရာတွင် ရှိနေသူအားလုံး၏ စိတ်နှလုံးကို ပြင်းထန်စွာ ဆွဲဖြဲလိုက်သည်။
‘ဧကရာဇ်ဟောင်းက ဧကရာဇ်မင်းမြတ်ကို ခေါ်ယူတွေ့ဆုံတယ် ဟုတ်လား။ ပြီးတော့ ဒီလို အချိန်အခါမျိုးမှာလား။’
ယခင်တုန်းက တာယင်အင်ပါယာနှင့် စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တုန်းက ဧကရာဇ်ဟောင်းက ဧကရာဇ်ကို မခေါ်ယူခဲ့ချေ။ တောင်ပိုင်းမှာ ပုန်ကန်မှု ဖြစ်ပွားပြီး တာယင်အင်ပါယာ၏ တပ်မတော်ကြီး တောင်ဘက်သို့ ချီတက်လာကာ တာ့ကျိုးအင်ပါယာတွင် အန္တရာယ်များ ဝိုင်းရံနေချိန်တွင်လည်း ဧကရာဇ်ဟောင်းသည် ဧကရာဇ်ကို မခေါ်ယူခဲ့ပေ။
ထိုစဉ်က အမတ်ကြီး ဟူယုံး သည် ညီလာခံတွင် ဧကရာဇ်ကို လူသိရှင်ကြား အပြစ်တင်ကာ ဧကရာဇ်ဟောင်းထံ အာဏာ ပြန်အပ်ရန် တောင်းဆိုခဲ့ချိန်တွင်ပင် ဧကရာဇ်ဟောင်း သည် ဘာတုံ့ပြန်မှုမှ မရှိခဲ့ချေ။
ရှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်၏။ ဧကရာဇ် ဝမ်ယွင် နန်းတက်လာသည်မှာ ရှစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဧကရာဇ်ဟောင်းသည် ရှန်ချင်းနန်းဆောင် အတွင်း၌သာ အမြဲတမ်း နေထိုင်ခဲ့ပြီး ဧကရာဇ်ကို တစ်ခါမှ မခေါ်ယူခဲ့ဖူးပေ။
‘အခု ဧကရာဇ်ကို ခေါ်ယူတယ် ဟုတ်လား။ တကယ်ပဲ ကောင်းကင်ကြီး ပြိုကျတော့မှာလား။ တကယ်ပဲ ကောင်းကင်နဲ့ မြေကြီး အရောင်ပြောင်းတော့မှာလား။ ဒါပေမဲ့ ဒါက ဘာဖြစ်လို့လဲ။ လုံးဝ လက္ခဏာ မရှိခဲ့ဘူးလေ။ တာ့ကျိုးအင်ပါယာရဲ့ အန္တရာယ်အများဆုံး အချိန်ကတောင် ဖြတ်ကျော်သွားခဲ့ပြီပဲ။’
လူတိုင်း၏ ဦးနှောက်ထဲတွင် အလွန်ကြောက်မက်ဖွယ် ကောင်းသော စကားလုံးအချို့ အလိုအလျောက် ပေါ်လာတော့၏။
လွန်ခဲ့သည့် လအနည်းငယ်က စုံစမ်းစစ်ဆေးရေးရုံး၏ အမတ်ကြီး ဟူယုံးသည် ညီလာခံရှိ အမတ်အပေါင်း၏ မျက်မှောက်တွင် အသေခံ အကြံပြုချက်ပေးကာ ဧကရာဇ်ဟောင်းထံ အာဏာ ပြန်အပ်ရန် အော်ဟစ်ခဲ့သည်ကို ပြန်လည် သတိရမိကြသည်။
ဧကရာဇ် ဝမ်ယွင်၏ နားထင်ကြောများ ရုတ်တရက် ထောင်တက်သွားပြီးနောက် ပြောလိုက်၏။ “သားတော် အမိန့်တော်ကို နာခံပါတယ်။”
....................
တစ်နာရီခန့် အကြာတွင် ဧကရာဇ် ဝမ်ယွင် သည် အဝတ်အစား ရိုးရိုးရှင်းရှင်း ဝတ်ဆင်ကာ လူအနည်းငယ်ကိုသာ ခေါ်ဆောင်ပြီး အဝါရောင် ဝေါယာဉ်ကို စီးနင်းကာ ရှန်ချင်းနန်းဆောင်သို့ ဦးတည်သွားတော့သည်။
မြို့တော်တစ်ခုလုံးသည် အသက်ရှူရကြပ်လုနီးပါး ဖိအားများအောက်တွင် ရောက်ရှိနေပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခြေအနေများသည် ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးသကဲ့သို့ ပြင်းထန် လာမည်လားဟု စိုးရိမ်စရာ ဖြစ်နေတော့၏။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာပါက နန်းတွင်းအမတ်အပေါင်းသည် မည်သို့သော လမ်းစဉ်ကို ရွေးချယ်ကြမည်နည်း။
အမှန်တကယ်တွင် လမ်းရှင်းပေးရန် တစ်စုံတစ်ရာ အမိန့်ပေးထားခြင်း မရှိသော်လည်း ကျယ်ဝန်းလှသော မြို့တော် လမ်းမကြီးများပေါ်တွင်မူ လူသူကင်းမဲ့၍ တိတ်ဆိတ်ခြောက်ကပ်နေသည်။
ယခုအချိန်မှာ နေ့လယ်ခင်းပင် ဖြစ်သော်လည်း နေအိမ်များ၏ တံခါးများနှင့် ပြတင်းပေါက်များအားလုံးကို တင်းတင်းကျပ်ကျပ် ပိတ်ထားကြ၏။
မြို့တော်သားတို့သည် အခြေအနေ အရိပ်အကဲကို အလွန်သိနားလည်ကြသူများ ဖြစ်ကြသည်။ ကြီးမားသော အရေးအခင်းတစ်ခု ပေါ်ပေါက်တော့မည်ဟု အာရုံရသည်နှင့် တပြိုင်နက် ဘေးကင်းရာ မိမိတို့ နေအိမ်များ အတွင်းသို့ အလျင်အမြန်ပင် ဝင်ရောက် ပုန်းကွယ်နေကြတော့သည်။
နေ့လယ်ဘက် အချိန်တွင် ဧကရာဇ် ဝမ်ယွင် သည် ရှန်ချင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်သွားပြီး မိန်းမစိုးအိုကြီး ဟောက်ချန်၏ လမ်းပြမှုဖြင့် ဝူဝေ့ကျောင်းတော်သို့ သွားရောက်ခဲ့၏။
ယခုအချိန်တွင် ဝူဝေ့ကျောင်းတော် အတွင်း၌ ကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်နေဆဲ ဖြစ်၏။ ထို့အပြင် ကျောင်းတော် တံခါးများကို တင်းကျပ်စွာ ပိတ်ထားသည်။
အမှန်တကယ်တော့ ဤနှစ်များအတွင်း ဝူဝေ့ကျောင်းတော်၏ တံခါးများကို ဖွင့်လေ့ မရှိသလောက်ပင် ဖြစ်ပြီး မည်သူမှ အတွင်းသို့ ဝင်ရောက်ခွင့် မရှိချေ။
ဧကရာဇ်ဟောင်း၏ တရားကျင့်ကြံမှုမှာ အမှန်တကယ်ပင် အလွန် ပြတ်သားလွန်းလေသည်။
ဧကရာဇ် ဝမ်ယွင် သည် တံခါးအပြင်ဘက်တွင် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်၏။ “သားတော်... ခမည်းတော်ကို လာရောက် အရိုအသေပေးပါတယ်။”
အတွင်းမှကျမ်းစာရွတ်ဆိုသံများ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပြီး ဧကရာဇ်ဟောင်းက ချက်ချင်း ပြန်လည် မတုံ့ပြန်ခဲ့ချေ။
ဧကရာဇ် ဝမ်ယွင်က ထပ်မံ ဦးညွတ်ကာ ပြောလိုက်ပြန်၏။ “ခမည်းတော်... သားတော် နန်းတက်လာတာ ရှစ်နှစ် ရှိပြီဖြစ်ပေမယ့် ဘာအောင်မြင်မှုမှ မရှိခဲ့ဘဲ ဘိုးဘေးတွေကို မျက်နှာပျက်စေခဲ့ပါတယ်။ ခမည်းတော် အပြစ်ပေးတော်မူပါ။”
ဧကရာဇ် သည် ပါးစပ်မှ အပြစ်ပေးရန် တောင်းဆိုနေသော်လည်း လေသံမှာမူ ခိုင်မာပြတ်သားသည့် ဟန်ပန်မျိုး ရှိနေသည်။
သေချာပေါက် ဧကရာဇ် အပေါ် ဤစကားလုံးကို အသုံးပြုရန် သိပ်မသင့်တော်လှချေ။ လေသံက ရိုသေကိုင်းရှိုင်း သော်လည်း စိတ်ထဲတွင် ခိုင်မာပြတ်သားနေသည်ဟု ဆိုလျှင် ပို၍ မှန်ကန်ပေမည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ဟောင်းက သူ့ကို ရှန်ချင်းနန်းဆောင် အတွင်းသို့ ခေါ်ယူလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အကျိုးဆက်များမှာ အလွန်ကြီးမားလွန်းကြောင်းကို သူ သိရှိထားသောကြောင့်ပင်။
‘ဒီလို လုပ်တာက နန်းတွင်းကို ဂယက်ရိုက်သွားစေနိုင်ပြီး လောကက လူတွေကိုလည်း အမျိုးမျိုး ထင်မြင်လာစေနိုင်တယ်။ အရေးအကြီးဆုံးက ခမည်းတော်က ဘာလုပ်ချင်နေတာလဲ။’
အတွင်းမှကျမ်းစာရွတ်ဆိုသံများ ရပ်တန့်သွားပြီးနောက် ဧကရာဇ်ဟောင်း၏ အသံ ထွက်ပေါ်လာတော့၏။ “ဧကရာဇ်... မင်းရဲ့ စိတ်တွေ မငြိမ်မသက် ဖြစ်နေပါလား။”
ဧကရာဇ် ဝမ်ယွင်က နောက်တစ်ကြိမ် ဦးညွတ်ကာ ပြောလိုက်သည်။ “သားတော် အစွမ်းအစ မရှိလို့ ခမည်းတော်ကို စိတ်ပျက်စေခဲ့ပါတယ်။ ဒီနှစ်တွေအတွင်း သားတော်ရဲ့ နိုင်ငံအုပ်ချုပ်မှု အားနည်းချက်တွေကြောင့် မြောက်ပိုင်းမှာ ရန်သူတွေ ရှိလာပြီး တောင်ပိုင်းမှာလည်း ပုန်ကန်မှုတွေ ဖြစ်လာခဲ့ရပါတယ်။ ဒီအရာတွေ အားလုံးက သားတော်ရဲ့ အပြစ်တွေချည်းပါပဲ။”
ဧကရာဇ် ဝမ်ယွင် သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး စကားတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ “ဒါကြောင့်... သားတော်က နိုင်ငံရေးအာဏာကို ခမည်းတော်ဆီ ပြန်လည် အပ်နှင်းလိုပါတယ်။”
ဧကရာဇ် ဝမ်ယွင်၏ စကားကို ကြားလိုက်ရပြီးနောက် အတွင်းမှ ဧကရာဇ်ဟောင်းသည် အချိန်အတော်ကြာသည် အထိ စကားမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
အချိန်အတော်ကြာပြီးမှသာ သူက သက်ပြင်းချကာ ပြောလိုက်၏။ “တတိယသားတော်... မင်းက ငယ်ငယ်တည်းက ရည်မှန်းချက် ကြီးမားတယ်။ နှာတံကလည်း စင်းတယ်။ လူအများစုက မင်းကို မြင်တာနဲ့ ဧကရာဇ် ဖြစ်မယ့် ရုပ်သွင်ပဲလို့ ပြောလေ့ရှိကြတယ်။”
ဧကရာဇ် ဝမ်ယွင်သည် အမှန်တကယ်ပင် ရုပ်ရည်သွင်ပြင် အလွန်ကောင်းမွန်သည်။ ချောမောခန့်ညားပြီး ကံကောင်းမည့် ရုပ်ရည်မျိုး ရှိသလို ဩဇာတိက္ကမလည်း အပြည့်အဝ ရှိသည်။
“အဲဒီတုန်းက ငါ နန်းတက်စ အချိန်မှာ ငါတို့ တာ့ကျိုးရဲ့ အခြေအနေက သိပ်မကောင်းခဲ့ဘူး။ အရမ်းကို ဆိုးရွားခဲ့တယ်လို့တောင် ပြောလို့ရတယ်။”
ထျန်းယန် ဧကရာဇ် (ဝူဝေ့ ဧကရာဇ်ဟောင်း)က ပြောလိုက်၏။ “ငါ နန်းတက်ပြီး သိပ်မကြာခင်မှာပဲ တာ့လျန်နိုင်ငံရဲ့ မြင်းစီးတပ်တွေက အနောက်ဘက် နယ်စပ်ကို ဖြတ်ကျော်ပြီး ငါတို့ မြို့တော် အနီးအထိ ရောက်လာခဲ့တယ်။ အဲဒီအချိန်တုန်းက လူအများစုက ပါးစပ်က မပြောကြပေမယ့် စိတ်ထဲမှာတော့ ငါ့ကို တိုင်းပြည်ပျက်မယ့် ဧကရာဇ်လို့ သတ်မှတ်နေခဲ့ကြတယ်။”
ဧကရာဇ် ဝမ်ယွင် သည် သေချာစွာ နားထောင်နေသည်။
ထျန်းယန် ဧကရာဇ်က ဆက်ပြောလိုက်၏။ “မင်းရဲ့ အဒေါ်ကို မှတ်မိသေးလား။ အဲဒီတုန်းက သူက ဘယ်လောက်တောင် အချစ်ခံခဲ့ရလဲ။ အခု ရှန်ရှန်း လောက်တောင် မကဘူး။ ဒါပေမဲ့ တာ့လျန်နိုင်ငံရဲ့ မြင်းစီးတပ်တွေက မြို့တော် အနီးအထိ ရောက်နေပြီလေ။ သူတို့ တပ်ဆုတ်သွားအောင် ဘယ်လိုလုပ်ရမလဲ။ လက်ထပ်ပေးရုံပဲ ရှိတော့တယ်။ ပြီးတော့ ရွှေငွေရတနာတွေ အများကြီးလည်း ပေးရသေးတယ်။
အဲဒီလိုနဲ့ ငါ့ရဲ့ အချစ်ဆုံး ညီမလေး လန်ရှီး မင်းသမီးကို အဲဒီတုန်းက တာ့လျန်နိုင်ငံရဲ့ ဘုရင်နဲ့ လက်ထပ်ပေးခဲ့ရတယ်။ ပြီးတော့ တရားဝင် မိဖုရားတောင် မဟုတ်ဘဲ ကိုယ်လုပ်တော် အဖြစ်ပဲ လက်ထပ် ပေးခဲ့ရတာ။”
ဧကရာဇ် ဝမ်ယွင်သည် ထိုစဉ်က အဖြစ်အပျက်များကို ယနေ့တိုင် ကောင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။
ထိုအချိန်က သူသည် ငယ်ရွယ်သေးသော်လည်း ထိုကာလ၏ ရိုက်ခတ်မှုမှာ ပြင်းထန်လွန်းလှသောကြောင့် မည်သို့မှ မေ့ပျောက်နိုင်ခြင်း မရှိခဲ့ပေ။ နေ့ရက်တိုင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အတိဖြင့် ဖြတ်သန်းခဲ့ရပုံကို သူ၏ အာရုံထဲတွင် ထင်ထင်ရှားရှား မြင်ယောင်နေမိတော့၏။
“နာမည်ဂုဏ်သတင်း အရ ပြောရရင်... မင်းက အရင်တုန်းက ငါ့ထက် ပိုဆိုးနိုင်လို့လား။”
ထျန်းယန် ဧကရာဇ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ငါက တာ့လျန်နိုင်ငံကို ညီမလေး လည်း ပေးခဲ့ရတယ်၊ အခွန်ငွေတွေလည်း ဆက်သခဲ့ရတယ်။ အဲဒီတုန်းက လူတိုင်းက ငါ့ကို ကလေးဧကရာဇ်လို့ လှောင်ပြောင် ခဲ့ကြတယ်။ ဒီလောက် အစွမ်းအစ မရှိတဲ့ ဧကရာဇ်မို့လို့ တာ့ကျိုးအင်ပါယာဟာ ငါ့လက်ထက်မှာ ပျက်စီးသွားတာ ပုံမှန်ပါပဲလို့ ပြောခဲ့ကြတယ်။”
ဤအချက်မှာ အမှန်တကယ် ဖြစ်ခဲ့သည်။ နန်းတက်စ နှစ်အနည်းငယ်အတွင်း ထျန်းယန်ဧကရာဇ်၏ ဂုဏ်သတင်းမှာ အလွန်ပင် ဆိုးရွားခဲ့ဖူး၏။
ယခုအခါ ဧကရာဇ်ဟောင်းသည် ရှင်းလင်းပြတ်သားစွာပင် ပြောကြားနေခြင်း ဖြစ်၏။ ယခု မင်း ရင်ဆိုင်နေရသော အခက်အခဲဟူသည်မှာ ယခင်က အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ပါက အသေးအဖွဲမျှသာ ရှိပါသေးသည်ဟူသော သဘောပင် ဖြစ်တော့သည်။
“တတိယသားတော်... မင်း နန်းတက်လာတဲ့ ဒီရှစ်နှစ်အတွင်းမှာ မင်းလုပ်ခဲ့တာတွေက မဆိုးပါဘူး။ တကယ် ပြောတာပါ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “တာယင်အင်ပါယာနဲ့ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာ မှန်ပေမယ့် အောက်ရှင်း ကိုယ်တိုင်လည်း ပြောခဲ့ဖူးတယ်လေ။ စစ်ပွဲမှာ နိုင်တာ ရှုံးတာက သဘာဝပါပဲ။ ဒီစစ်ပွဲ ရှုံးနိမ့်တာက မင်းရဲ့ တာဝန် မဟုတ်ဘူး၊ ဘယ်သူ့ရဲ့ တာဝန်မှလည်း မဟုတ်ဘူး။ ဒါကကံတရားပါပဲ။
ပြီးတော့ တောင်ပိုင်း ပုန်ကန်မှုမှာလည်း မင်းရဲ့ အမှားလို့ ပြောကြတယ်။ အောက်ရှင်းက တောင်ပိုင်း စစ်သေနာပတိချုပ်အဖြစ် ကောင်းကောင်း တာဝန်ထမ်းဆောင်နေတာကို ဘာလို့ ပြောင်းရွှေ့လိုက်တာလဲ။ အောက်ရှင်းသာ ပြောင်းမသွားခဲ့ရင် တောင်ပိုင်း အခြေအနေက ဆိုးရွားလာမှာ မဟုတ်ဘူး၊ ပြီးတော့ နောက်ပိုင်း ပုန်ကန်မှုလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။”
အပိုင်း (၃၉၀)
ထျန်းယန် ဧကရာဇ်က ပြောလိုက်၏။ “ဒါပေမဲ့ ငါ မင်းကို နားလည်ပါတယ်။ အောက်ရှင်းသာ ဆက်နေမယ်ဆိုရင် တောင်ပိုင်း တစ်ခုလုံးက အောက်ရှင်းကိုပဲ သိပြီး ဧကရာဇ်ကို သိမှာ မဟုတ်တော့ဘူး။ တောင်ပိုင်း ပြည်နယ်ငါးခုရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးအာဏာ အားလုံးက အောက်ရှင်း တစ်ယောက်တည်းရဲ့ လက်ထဲမှာ ရှိနေတယ်။
သူက သစ္စာရှိတဲ့ အမတ် တစ်ယောက် ဖြစ်ပေမယ့် ဘယ်ဧကရာဇ်ကမှ နိုင်ငံတော်ရဲ့ အနာဂတ်ကို လူတစ်ယောက်တည်းရဲ့ သစ္စာရှိမှုအပေါ်မှာ ပုံအပ်မထားနိုင်ဘူးလေ။ ပြီးတော့ နန်းတွင်းမှာလည်း အောက်ရှင်းလို လူက တစ်ယောက်ပဲ ရှိတာ။ တောင်ပိုင်း စစ်သေနာပတိချုပ် ရာထူးကို ဘယ်သူပဲ လုပ်လုပ် အတူတူပါပဲ။ မြို့စားကြီးကျိုးလုံ လည်း အတော်လေး သင့်တော်ပါတယ်။”
ထျန်းယန် ဧကရာဇ်က ဆက်ပြောလိုက်၏။ “ငါတို့ တာ့ကျိုး နိုင်ငံ တည်ထောင်ခဲ့တာ နှစ်ရာချီ ရှိပြီ။ အမတ်တွေရဲ့ အဂတိလိုက်စားမှု၊ ရှုပ်ထွေးတဲ့ ကွန်ရက်တွေက တစ်ရက် နှစ်ရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ဘူး။ ဒီအကျိုးစီးပွား ရှာဖွေတဲ့ အုပ်စုတွေက အသားစားချင်ကြတာပဲလေ။
သူတို့က ဝေးလံခေါင်ဖျားတဲ့ တောင်ပိုင်းမှာ သွားစားတာက အင်ပါယာရဲ့ အလယ်ဗဟိုမှာ လာစားတာထက်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။ အဂတိလိုက်စားမှု နှိမ်နင်းရေး အကြောင်း ပြောရရင်တော့... ငါ အုပ်ချုပ်နေတဲ့ အချိန်တုန်းကတောင် မလုပ်နိုင်ခဲ့တာ။ မင်းက နန်းတက်ကာစ ရှိသေးတာ ဘယ်လိုလုပ်နိုင်မှာလဲ။”
ထျန်းယန် ဧကရာဇ်က ဖြည်းညှင်းစွာ ပြောလိုက်၏။ “အဆက်မပြတ် ချဲ့ထွင်ပြီး အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်အောင် လုပ်မှသာ အမတ်တွေရဲ့ ယိုယွင်းပျက်စီးမှုတွေကို ကာမိနိုင်မှာ။ အကျိုးအမြတ်တွေ ရှိမှသာ သူတို့ကို မင်းအတွက် အသက်စွန့်ပြီး အလုပ် လုပ်အောင် တွန်းအားပေးနိုင်မှာ။
ဒါကြောင့် တတိယသားတော်... မင်း လုပ်ခဲ့တာတွေက မဆိုးပါဘူး။ ဘာအပြစ်မှ မရှိပါဘူး။ လူအသုံးချတဲ့ နေရာမှာတော့ လူတွေရဲ့ စရိုက်လက္ခဏာတွေက မတူညီသလို ရေစက်ကလည်း မတူညီကြဘူး။ အတင်းအကျပ် လုပ်လို့ မရဘူးလေ။”
ထျန်းယန် ဧကရာဇ်က ပြောလိုက်၏။ “ငါ အရင်တုန်းက အသုံးပြုခဲ့တဲ့ လူတွေ အားလုံးက သစ္စာရှိတဲ့ အမတ်တွေချည်းပဲဖြစ်ပြီး မင်း အသုံးပြုတဲ့ လူတွေ အားလုံးကတော့ လူယုတ်မာတွေချည်းပဲ ဖြစ်ရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားပါဘူး။ ငါ အသုံးပြုခဲ့တဲ့ လူယုတ်မာတွေလည်း အများကြီးပဲလေ။”
ဤအချိန်တွင် ဧကရာဇ် ဝမ်ယွင် သည် နောက်ဆုံးတွင် ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ မျက်လုံးများ နီရဲလာပြီး မျက်နှာပေါ်တွင်လည်း တုန်လှုပ်မှုများ ဖြစ်ပေါ်လာတော့သည်။
ထျန်းယန် ဧကရာဇ်က ဆက်ပြောလိုက်၏။ “အဲဒီတုန်းက ငါတို့ တာ့ကျိုးအင်ပါယာ အခြေအနေ နည်းနည်း ကောင်းလာတဲ့အချိန်မှာ လူတွေက မင်းကို မြင်တာနဲ့ ဒီတတိယမင်းသားက ရုပ်ရည် သိပ်ကောင်းတာပဲ။ ငါတို့ တာ့ကျိုးအင်ပါယာမှာ အနည်းဆုံးတော့ ထူးချွန်တဲ့ ဧကရာဇ် နှစ်ဆက်လောက် ရှိအုံးမယ်လို့ ပြောခဲ့ကြတယ်။ မင်းရဲ့ အောင်မြင်မှုတွေက အနာဂတ်မှာ ငါ့ထက်တောင် ကျော်လွန်သွားနိုင်တယ်လို့ ပြောခဲ့ကြတယ်။
မင်းကိုယ်တိုင်လည်း ရည်မှန်းချက် ကြီးကြီးမားမား ထားခဲ့ပြီး ခမည်းတော်က တောင်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ရင် မင်းက မြောက်ပိုင်းကို ချီတက်ပြီး တာယင်အင်ပါယာကို တိုက်ခိုက်ကာ တာ့ကျိုးအင်ပါယာကို လွှမ်းမိုးနိုင်တဲ့ အင်ပါယာကြီး ဖြစ်အောင် လုပ်မယ်လို့ ပြောခဲ့တယ်လေ။
တာရှအင်ပါယာက အိမ်ရှေ့စံမင်းသားကို ဥပမာပြရရင် သူကလည်း ရုပ်ရည် အရမ်းကောင်းပြီး လောကမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် တစ်ယောက်ပဲ။ လူတိုင်းက သူ့ရဲ့ အောင်မြင်မှုတွေဟာ လက်ရှိ တာရှ ဧကရာဇ်ထက် ကျော်လွန်သွားနိုင်ပြီး လောက တစ်ခုလုံးကိုတောင် ပေါင်းစည်းနိုင်လိမ့်မယ်လို့ ပြောခဲ့ကြတယ်။
ဒီလိုစကားတွေ အများကြီး ထွက်ပေါ်လာတော့ တာရှ ဧကရာဇ်က သံသယ ဝင်လာပြီး သားအဖ နှစ်ယောက်ကြားမှာ သံသယတွေ တစ်စထက်တစ်စ ပိုများလာတယ်။ ဒါကြောင့် နောက်ဆုံးမှာ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပဲ။”
ထျန်းယန် ဧကရာဇ်က ပြောလိုက်သည်။ “တာရှအင်ပါယာရဲ့ ထူးချွန်ထက်မြက်တဲ့ အိမ်ရှေ့စံမင်းသားဟာ အကြောင်းပြချက် မရှိဘဲ ပုန်ကန်မှုမှာ ပါဝင်ပတ်သက်ခဲ့ရပြီး နောက်ဆုံးမှာ စစ်ရှုံးကာ အသေဆိုးနဲ့ သေဆုံးခဲ့ ရတယ်။
တာရှအင်ပါယာလည်း အင်အား အများကြီး ဆုတ်ယုတ်သွားပြီး ငါတို့ တောင်ပိုင်းက အင်ပါယာကြီး နှစ်ခုကို ဖိနှိပ်နိုင်စွမ်း မရှိတော့ဘူး။ အဲဒီတော့မှ ငါတို့က လောကတစ်ခုလုံးကို ပေါင်းစည်းဖို့ ရည်မှန်းချက်တွေ ထားလာနိုင်ခဲ့တာ။
ဘုရင်နဲ့ အမတ်တွေကြားမှာ သံသယတွေ အရမ်း များနေရင် နန်းတွင်းက ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး။ ဧကရာဇ် သားအဖ နှစ်ယောက်ကြားမှာ သံသယတွေ ရှိလာပြီဆိုရင်တော့ အဲဒါက နိုင်ငံရေးရဲ့ ဘေးအန္တရာယ်ကြီး တစ်ခုပဲ။”
ထျန်းယန် ဧကရာဇ်က ပြောလိုက်၏။ “တာရှအင်ပါယာက ရှေ့မှာ သာဓက ရှိနေပြီးသားမို့ မင်းနဲ့ ငါ သားအဖ နှစ်ယောက် အနေနဲ့ အဲဒီလို အမှားမျိုးကို ထပ်မမှားဖို့ အရမ်း အရေးကြီးတယ်။”
ဧကရာဇ် ဝမ်ယွင်၏ လည်ချောင်းများ အက်ကွဲသွားပြီး ငိုသံပါကြီးဖြင့် နောက်တစ်ကြိမ် ဦးညွတ်လိုက်တော့သည်။ “ကောင်းပါပြီ ခမည်းတော်”
ဧကရာဇ်ဟောင်း ထျန်းယန်က ပြောလိုက်၏။ “ကောင်းကင်မှာ နေနှစ်စင်း မရှိနိုင်ဘူး၊ ပြည်သူတွေမှာလည်း အရှင်သခင် နှစ်ပါး မရှိနိုင်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ငါတို့ တာ့ကျိုးအင်ပါယာမှာတော့ ဧကရာဇ် နှစ်ပါး ရှိနေသလို ဖြစ်နေတယ်။
ငါတို့ သားအဖ နှစ်ယောက်ကြားမှာ သံသယ မရှိရင်တောင်မှ လောကက လူတွေကတော့ သံသယတွေ ရှိနေတယ်လို့ ထင်နေကြတယ်။ ဒါကြောင့် မင်း ဒီဧကရာဇ် နေရာမှာ နေရတာ သိပ်မလွယ်ကူဘူး။ ဧကရာဇ်က အာဏာအရှိဆုံး လူတစ်ယောက် မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဆက်လုပ်လို့ ရမှာလဲ။
တတိယသားတော်... ငါ အဲဒီတုန်းက နန်းစွန့်ခဲ့တာ နာမည်ကောင်း လိုချင်လို့ မဟုတ်ဘူး။ အဲဒီတုန်းက ငါ့ခန္ဓာကိုယ်က တကယ်ပဲ အားနည်းနေပြီး အင်အားတွေ ကုန်ခမ်းနေပြီမို့ အင်ပါယာကို မင်းဆီ လွှဲအပ်သင့်ပြီလို့ ထင်လို့ပါ။”
ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်သည်။ “လူတွေ ထင်ယောင်ထင်မှား မဖြစ်စေဖို့အတွက် ငါ ဒီ ရှန်ချင်းနန်းဆောင် ထဲမှာပဲနေပြီး အပြင်ကို တစ်လှမ်းမှ မထွက်သလို ဘယ်သူ့ကိုမှလည်း မတွေ့ဘူး။ ဒါပေမဲ့ မင်းကို လွယ်ကူအောင် လုပ်ပေးဖို့၊ ကောင်းကင်မှာ နေတစ်စင်းတည်း ရှိတယ်ဆိုတဲ့ စကားကို အမှန်တကယ် ဖြစ်လာစေဖို့အတွက် ငါ့ကိုယ်ငါ သေကြောင်းကြံဖို့ကျတော့လည်း... ငါ တကယ် မလုပ်နိုင်ဘူး။”
ဧကရာဇ် ဝမ်ယွင်က တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ခမည်းတော်... မပြောပါနဲ့တော့။ မပြောပါနဲ့တော့။ ခမည်းတော် အခုလို ပြောတာက သားတော်ရဲ့ နှလုံးသားကို ဓားနဲ့ မွှန်းနေသလိုပါပဲ။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒါကြောင့်... နောက်ပိုင်း အာဏာ ပြန်အပ်တယ်ဆိုတဲ့ စကားတွေကို ဘယ်တော့မှ ထပ်မပြောပါနဲ့တော့။”
ဧကရာဇ် ဝမ်ယွင်က ပြန်ပြောလိုက်၏။ “သားတော် မိုက်မဲခဲ့ပါတယ်။ နောက်ပိုင်း ခမည်းတော်ကို စိတ်ဆင်းရဲစေမယ့် စကားတွေကို ဘယ်တော့မှ ထပ်မပြောတော့ပါဘူး။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “မင်း လုပ်ခဲ့တာတွေကောင်းပါတယ်။ နောက်ပိုင်းကိစ္စတွေ အားလုံးကို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်။ ငါက လုံးဝ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ရှန်ရှန်းရဲ့ အိမ်ထောင်ရေး ကိစ္စကိုတောင်မှ မင်းပဲ ဆုံးဖြတ်ရမယ်။
ငါက တကယ်ကို တရားကျင့်ကြံတဲ့သူ တစ်ယောက်အနေနဲ့ နေပြီး ပြင်ပလောကကိစ္စတွေကို ဘာမှ ဝင်မပါတော့ဘူး။ နောက်ပိုင်း ဘယ်သူကများ ဧကရာဇ်ဟောင်း ဆိုတဲ့ နာမည်ကို အသုံးချပြီး ပြဿနာ ရှာလာရင် မင်း တိုက်ရိုက် အပြစ်ပေးလိုက်ရုံပါပဲ။”
ဧကရာဇ် ဝမ်ယွင်က ပြန်ပြောလိုက်၏။ “သားတော် မလုပ်ရဲပါဘူး။ လောကကြီးဟာ ခမည်းတော် မရှိဘဲ တစ်ရက်လေးတောင် နေလို့မရပါဘူး။”
“လောကကြီးဟာ ငါမရှိရင် ပိုကောင်းပါတယ်။ စောစော မရှိလေ ပိုကောင်းလေပါပဲ။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ငါ ဒီတစ်ခါ မင်းကို ခေါ်လိုက်တာက တကယ်ပဲ ကိစ္စတစ်ခု ရှိနေလို့ပါ။ မင်းက ဧကရာဇ် ဖြစ်တဲ့အတွက် မင်းပဲ ဆုံးဖြတ်ချက် ချရမယ်။”
ဧကရာဇ် ဝမ်ယွင်က ပြန်ပြောလိုက်၏။ “ခမည်းတော် အမိန့်ရှိပါ။ သားတော် အားလုံး လိုက်နာပါ့မယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဟောက်ချန်... သူ့ကို ပြလိုက်။”
မိန်းမစိုးအိုကြီး ဟောက်ချန်သည် မြေပုံတစ်ခုကို ဧကရာဇ် ဝမ်ယွင်ထံသို့ ကမ်းပေးလိုက်သည်။ ယွင်ကျုံးဟဲ့ ဆက်သခဲ့သော ထိုမြေပုံပင် ဖြစ်၏။
ဧကရာဇ် ဝမ်ယွင် သည် ကြည့်ရှုပြီးနောက် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဤမြေပုံပေါ်ရှိ လက်ရေးကို သူ မှတ်မိလိုက်သည်။
‘အောက်ယွီ... မင်းက ဘာဖြစ်လို့ ဒီမြေပုံကို ကိုယ်တော်ဆီ မဆက်သဘဲ ဧကရာဇ်ဟောင်းဆီကို ဆက်သရတာလဲ။’
မိန်းမစိုးအိုကြီး ဟောက်ချန်က ပြောလိုက်သည်။ “သခင်လေး အောက်ယွီက ဒုတိယလ အလယ်လောက်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်ကြီး လှုပ်ပြီး ဆူနာမီ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။”
ဧကရာဇ် ဝမ်ယွင်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။ လန်ကျိုး သည် အင်ပါယာအတွက် မည်မျှ အရေးကြီးကြောင်း သူ သေချာပေါက် သိရှိထား၏။
အကယ်၍ ထိုနေရာတွင် ငလျင်ကြီးလှုပ်ပြီး ဆူနာမီ ဖြစ်လာပါက တာ့ကျိုးအင်ပါယာ၏ ရေတပ် အများစု လုံးဝ ပျက်စီးသွားမည်ဖြစ်ပြီး ကျိန့်ဟိုင်မြို့စား စီးမိသားစုကို ဖိနှိပ်ထားနိုင်မည့် အင်အား ပျောက်ဆုံးသွားကာ ပင်လယ်ရေကြောင်းကုန်သွယ်ရေး အားလုံးကိုလည်း လက်လွတ်ဆုံးရှုံးရမှာ ဖြစ်သည်။
ကုန်သည်သင်္ဘော အားလုံး ပျက်စီးသွားမည်ဖြစ်ရာ ဤဆုံးရှုံးမှုများ အားလုံး ပေါင်းလိုက်ပါက ငွေသား သန်းဆယ်ချီမျှ မကနိုင်တော့ချေ။
အကြမ်းဖျင်း တွက်ချက်ကြည့်မည်ဆိုပါက အကယ်၍ ဆူနာမီ အမှန်တကယ် ဖြစ်ပေါ်လာပါက နိုင်ငံတော် ဘဏ္ဍာတိုက် အကျပ်အတည်းနှင့် တိုက်ရိုက် ရင်ဆိုင်ရမှာဖြစ်သည်။ အင်ပါယာ၏ကံကြမ္မာကို တိုက်ရိုက် ထိခိုက်စေနိုင်ပြီး အမှန်တကယ်ပင် အခြေခံအုတ်မြစ်ကို ထိခိုက်စေမှာဖြစ်၏။
ထို့အပြင် ဤကဲ့သို့သော မဟာဗျူဟာမြောက် ဆုံးရှုံးမှုကို ပြန်လည်ကုစားရန် ဆယ်စုနှစ်များစွာ အချိန်ယူရမည် ဖြစ်သော်လည်း တာ့ကျိုးအင်ပါယာတွင် ဆယ်စုနှစ်များစွာ အချိန် ရနိုင်ပါမည်လား။ လုံးဝ မဖြစ်နိုင်ချေ။
ယခုအခါ အမှန်တရား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဧကရာဇ်ဟောင်းက အဘယ်ကြောင့် အောက်ယွီကို ကာကွယ်ပေးခဲ့သနည်း။ အဘယ်ကြောင့် သူ့ကို လက်ရေးစာ ပေးသနားခဲ့သနည်း။ ထို့အပြင် အောက်ယွီက ဧကရာဇ်ဟောင်းကို အသုံးချ၍ လင်လုကို သေစေခဲ့သည်ကိုပင် ဧကရာဇ်ဟောင်းက ဂရုမစိုက်ဘဲ သူ့ကို ဆက်လက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သနည်း။
အဘယ်ကြောင့်ဆိုသော် အောက်ယွီသည် ဤမြေပုံကို ဆက်သခဲ့သောကြောင့် ဖြစ်၏။ ဧကရာဇ်ဟောင်းသည် အောက်ယွီ အတွက် မဟုတ်ဘဲ အင်ပါယာအတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ခမည်းတော်... ငလျင်ကို တစ်လကြိုတင်ပြီး ခန့်မှန်းတယ် ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။” ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။
ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ ငလျင်ကို တစ်လ ကြိုတင်ပြီး ခန့်မှန်းတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။ ဒါပေမဲ့ တစ်သောင်းမှာ တစ်ခါ ဖြစ်နိုင်ခြေကိုတောင် လျစ်လျူရှုလို့ မရဘူးလေ။”
ဧကရာဇ်လည်း စဉ်းစားခန်း ဝင်သွားသည်။ အဘယ်ကြောင့်ဆိုသော် အောက်ယွီ သည် တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမှုကို အမှန်တကယ် ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး ဤအခွင့်အရေးကို အသုံးပြု၍ တောင်ပိုင်း ပုန်ကန်သူ အဓိက အင်အားစုများကို ချေမှုန်းကာ ပုန်ကန်မှုကို အခြေခံမှစ၍ နှိမ်နင်းနိုင်ခဲ့သောကြောင့် ဖြစ်၏။
ထို့ကြောင့် ဤကိစ္စရပ်များတွင် အောက်ယွီသည် အခွင့်အာဏာရှိသူ တစ်ဦး ဖြစ်ပြီး သူ၏ စကားကို အလေးအနက် မထားဘဲ နေ၍ မရနိုင်ချေ။
ယခု အခြေအနေမှာ အလွန် ရှုပ်ထွေးနေသည်။ အကယ်၍ အောက်ယွီ၏ ခန့်မှန်းချက်ကို ယုံကြည်မည်ဆိုပါက လူသိန်းချီကို နောက်ဆုတ်စေရမှာဖြစ်ပြီး ကုန်သွယ်ရေး အားလုံးကို နှစ်လနီးပါး ရပ်ဆိုင်းထားရမည်ဖြစ်ကာ ကုန်သည်သင်္ဘောများနှင့် စစ်သင်္ဘောများ အားလုံးကိုလည်း ပြောင်းရွှေ့ရမည်။ အရေးကြီးသော ပစ္စည်းများ အားလုံးကိုလည်း ပြောင်းရွှေ့ရမှာဖြစ်သည်။
ဤသည်မှာ လူအင်အားနှင့် ပစ္စည်းအင်အား အမြောက်အမြားကို သုံးစွဲရမည်ဖြစ်ပြီး ဆုံးရှုံးမှုမှာလည်း ခန့်မှန်း၍ မရနိုင်လောက်အောင် ကြီးမားမှာဖြစ်၏။
အကယ်၍ ဤအရာများ အားလုံးကို ပြောင်းရွှေ့ပြီးနောက် ငလျင်ကြီးနှင့် ဆူနာမီ မဖြစ်ပေါ်လာပါက ဤတာဝန်ကို ဘယ်သူ ယူမည်နည်း။
“ခမည်းတော်... စစ်ရေးလေ့ကျင့်မှု ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီပင်လယ်ပြင်ကို ရှင်းလင်းလို့ ရမလား။” ဧကရာဇ် ဝမ်ယွင်က မေးလိုက်၏။
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “စစ်ရေးလေ့ကျင့်မှု ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်သင်္ဘောတွေ အားလုံးကို ပြောင်းရွှေ့လို့ ရပါတယ်။ ကုန်သည်သင်္ဘောတွေ အားလုံးကိုတောင် ပြောင်းရွှေ့လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ကုန်းတွင်းပိုင်းက လူသိန်းချီကို ပြောင်းရွှေ့ဖို့နဲ့ အရေးကြီးတဲ့ အဖွဲ့အစည်း အားလုံးကို ပြောင်းရွှေ့ဖို့တော့ ဒီအကြောင်းပြချက်က မလုံလောက်ဘူးလေ။”
ဤနှစ်ရက်အတွင်း ဧကရာဇ်ဟောင်းသည် အစွမ်းကုန် တွက်ချက်ခဲ့ရာ ပြောင်းရွှေ့ရမည့် အရေးကြီးသော အဖွဲ့အစည်းပေါင်း ရာချီ ရှိကြောင်း တွေ့ရှိခဲ့ရ၏။
သင်္ဘောကျင်းများ၊ ရက်ကန်းရုံများ၊ ဆားသယ်ယူပို့ဆောင်ရေးရုံး၊ ကုန်ထုတ်လုပ်ရေးရုံး စသည်ဖြင့် ဤအဖွဲ့အစည်းများ အားလုံးမှာ ကမ်းရိုးတန်းတွင် တည်ရှိသည်။
စစ်ရေးလေ့ကျင့်မှု ဆိုသော အကြောင်းပြချက်ဖြင့် ဤလူသိန်းချီနှင့် အဖွဲ့အစည်းပေါင်း ရာချီကို ပြောင်းရွှေ့ရန်မှာ အမှန်တကယ်ပင် မလုံလောက်ချေ။
………………….