နှောင်းပိုင်း ကောင်းကင်ဧကရာဇ်အဆင့်
Vol. 12 Ch. 1195
ထိုအချိန် မိစ္ဆာဧကရာဇ်က ဒေါနှင့်မောနှင့် ထာဝရအင်မော်တယ်နယ်မြေများသို့ ပြန်ရောက်လာ၏။ ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ် ကျဲ့တိအား မည်သို့ နှိမ်နင်းခဲ့ပုံ၊ မူလနတ်ဆိုးမင်းအား ဖမ်းသွားခဲ့သည့်အကြောင်း၊ မိစ္ဆာမင်းသားအား မည်သို့သုတ်သင်ခဲ့သည့်အကြောင်း သတင်းစကားများ ပျံ နှံ့နေပြီးဖြစ်ရာ မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဆူညံပွက်လောရိုက်နေတော့သည်။ ဖြစ်ပျက်ခဲ့သောအရာများ ကြားလိုက်ရသည့် သူတော်စင်ဧကရာဇ်နိုင်ငံသား သော်လည်းကောင်း၊ မိစ္ဆာဧကရာဇ်နိုင်ငံသား သော်လည်းကောင်း တစ်ဦးတစ်ယောက်မှ မအံ့သြ မတုန်လှုပ်ဘဲ မနေကြပေ။
" သူက ကောင်းကင်ဧကရာဇ် ကျဲ့တိကို သတ်ခဲ့တယ်လား။ သောက်ကျိုးနည်း … ကောင်းကင်ဧကရာဇ်တွေ တစ်ပါးနဲ့တစ်ပါး တိုက်ခိုက် သတ်ဖြတ်တာမျိုး မလုပ်တာ ကြာခဲ့ပြီ"
" သူက မူလနတ်ဆိုးမင်းသားကို ဖမ်းသွားတယ်။ ချီး။ မူလနတ်ဆိုးမင်းသားက သူတော်စင်ဧကရာဇ်နိုင်ငံကို သစ္စာခံခဲ့ဖူးတာ။ သူက ကောင်းကင်ဧကရာဇ် ချိန်စုရဲ့ တပည့်ဆိုပေမယ့် သစ္စာဖောက်ဖြစ်သွားတယ်လေ။ အင်း သူနဲ့တန်တာ သူရသွားတယ်ပဲ ဆိုရမှာပေါ့ "
" ဒီ ကောင်းကင်တံတားဘုရင်က တကယ် ဇ ရှိတာပဲကွ။ ငါမှတ်မိရသလောက် သူ ထာဝရအင်မော်တယ်နယ်မြေတွေကို ရောက်လာခဲ့တုန်းက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးတယ်... "
" သူက မိစ္ဆာမင်းသားကို ကွပ်မျက်ခဲ့တယ်။ ဘယ်လောက်အံ့သြစရာကောင်းလိုက်သလဲ"
နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာပြီး ကျင့်ကြံသူအတော်များများမှာ မကြာခင် စစ်ဖြစ်တော့မည်ဟု ကောက်ချက်ချလာကြလေသည်။
မိစ္ဆာဧကရာဇ်၏အမျက်ဒေါသများက မိစ္ဆာဧကရာဇ်နိုင်ငံတွင် ကောင်းကင်တံတားကျင့်ကြံသူများအပေါ် မုန်းတီးခြင်းများ ကြီးထွားလာခဲ့သည်။ သို့သော် သူတို့၏ သရုပ်မှန်ကို ပွင့်ပွင့်လင်းလင်းကြေညာခဲ့သည့် အများစုမှာ ယခု မြောက်ပိုင်း၏ မဟာဓားထဲ၌ အန္တရာယ်ကင်းကြလေသည်။ သူတို့၏ သရုပ်မှန်များကို လျှို့ဝှက်ထားသူများမှာမူ တိုက်ရိုက်ခြိမ်းခြောက်မှုအောက်တွင် မရှိသည့်တိုင် လူအတော်များများက သူတော်စင်ဧကရာဇ်နိုင်ငံထံ သွားရောက်ခိုလှုံလာကြ၏။ သို့နှင့် အမှန်တကယ်ဆိုရလျှင် ညှင်းပန်းနှိပ်စက်ဒဏ် ခံစားရသူများ နည်းပါးလေသည်။
အရေးအကြီးဆုံးက ကုန်းစွန်းဝမ်အာသည် သူမအပေါ် ပိုင်ရှောင်ချန်း ထားရှိခဲ့သည့် ယုံကြည်မှုအတိုင်း တသွေမတိမ်း နေထိုင်လေသည်။ သူမက သူမနှင့်အတူ ဖက်တီးကျန်းကြီးကိုပင် ခေါ်သွား၏။ သူမက သဘောတရားအရ မိစ္ဆာဧကရာဇ်နိုင်ငံကို သစ္စာမဖောက်သော်လည်း နီးကပ်နေသည်။
မိစ္ဆာဧကရာဇ်က ပိုင်ရှောင်ချန်းနှင့် ယပ်တောင်အစုတ်ကြီးအပေါ်တွင် တိုက်ခိုက်နေသည့်အတောအတွင်း သူမသည် မြောက်ပိုင်း၏ မဟာဓားကို မဟာကောင်းကင်သခင်ထံ သွားရောက်ပေးပို့လိုက်သည်။
ဓားအား ပေးအပ်ရန် မရောက်ရှိမီ သူမပို့လိုက်သည့် ရှေ့ပြေးသတိပေးစာကျေးဇူးကြောင့် သူက ပြင်ဆင်မှုများ လုပ်ဆောင်ရန် အချိန်များစွာ ရလိုက်လေသည်။ ညတွင်းချင်း ကောင်းကင်တံတားဒေသသားများအားလုံးနီးပါး ထာဝရအင်မော်တယ်နယ်မြေများ၌ ပျောက်ကွယ်သွားတော့သည်။
သူတို့ ပုန်းအောင်းနေသော နေရာကား မြောက်ပိုင်း၏ မဟာဓားက လွဲ၍ တခြားမဟုတ်ပေ။ ကုန်းစွန်းဝမ်အာက ၄င်းကို သူမကိုယ်တိုင် ထိန်းသိမ်းကာ အမည်မသိသောနေရာများသို့ ဝရမ်းပြေးအဖြစ် ထွက်ပြေးပုန်းရှောင်သွားလေသည်။
အမှန်တွင် သူတော်စင်ဧကရာဇ်သည် ကြောင်သူတော် ကြွက်သူခိုးတစ်ယောက် ဖြစ်သည်။ မိစ္ဆာဧကရာဇ်နိုင်ငံက ကောင်းကင်တံတားဒေသကျင့်ကြံသူများအား မည်သို့ရက်စက်စွာ ဆက်ဆံနေပုံကို ထည့်တွက်ပြီး ပိုင်ရှောင်ချန်း ပျောက်ဆုံးနေသည့်အပြင် သေကောင်းသေသွားနိုင်ကြောင်း စဥ်းစား၍ သူတော်စင်ဧကရာဇ်က အခြေအနေကို အခွင့်ကောင်းယူကာ ဖက်လှဲတကင်း ကြိုဆိုလက်ခံလေသည်။
ဤအကြောင်းကြောင့် ကောင်းကင်တံတားဒေသကျင့်ကြံသူများအတွက် ဖြစ်နိုင်သည်ထက် အန္တရာယ်နည်းပါးသွားတော့သည်။
သူတော်စင်ဧကရာဇ်၏ ရည်ရွယ်ချက်များ မည်သို့ပင်ဖြစ်စေ၊ သူ၏လုပ်ဆောင်ချက်များက ကောင်းကင်တံတားကျင့်ကြံသူများအား အကျိုးပြုပြီး သူတို့လိုအပ်သည့် အကူအညီသာ ဖြစ်လေသည်။
နှစ်နိုင်ငံကြား စမ်မက်မဖြစ်ပွားပေ။ ကောင်းကင်ဧကရာဇ် ကျဲ့တိမှာ မကြာခင် မိစ္ဆာဧကရာဇ်၏ အသက်ပြန်သွင်းခံရမည် မဟုတ်ပါလော။ ထို့ပြင် မူလနတ်ဆိုးမင်းသားက အသတ်ခံရခြင်းမဟုတ်ဘဲ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ ထိုသည်က မိစ္ဆာဧကရာဇ်နိုင်ငံတွင် ကောင်းကင်ဧကရာဇ်တစ်ပါး လစ်ဟသွားစေသေးသော်လည်း သူတော်စင်ဧကရာဇ်နိုင်ငံနှင့် အင်အားချိန်ခွင်ကို လုံးဝပြောင်းလဲမသွားစေပေ။
လူအတော်များများက မကြာခင် ပုံမှန်ဖြစ်သွားလိမ့်မည်ဟု ပြောကြပြီး ထိုအတိုင်း ဖြစ်ပျက်သွားသည်သာဖြစ်သည်။ ဆယ်နှစ်ကုန်လွန်သွား၏။ နောက်ဆုံးတွင် မိစ္ဆာဧကရာဇ်၏ ကုန်းစွန်းဝမ်အာအပေါ် ဒေါသ ပြေပျောက်သွားပြီး သူမကို လိုက်မရှာတော့ပေ။ သူက သူမသာ သူ့ထံပြန်လာလျှင် သူမ၏ပြစ်မှုများအား ခွင့်လွှတ်ပေးမည်ဆိုသော ကြေညာချက်စာတမ်းတစ်ခုကိုပင် ထုတ်ပြန်လိုက်သည်။
နောက်ထပ် ဆယ်နှစ်ကုန်လွန်သွား၏။ လူအများက ပိုင်ရှောင်ချန်းအကြောင်း ရံဖန်ရံခါ ပြောကြသေးသော်လည်း မကြာခဏ မဟုတ်တော့ပေ။ နောက်ထပ် ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားပြန်သည်။ စုစုပေါင်းအားဖြင့် နှစ်ခြောက်ဆယ်စက်ဝန်း၏ တစ်ဝက်တိတိ ကုန်လွန်သွား၏။ ဤအချိန်တွင် နှစ်နိုင်ငံကြားတင်းမာမှုများ လုံးဝပြေလျော့သွားခဲ့ပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလေပြီ။
ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများက ပိုင်ရှောင်ချန်းအကြောင်း သက်ပြင်းရှည်ကြီးများချလျက် မကြာခဏပြောကြသော်လည်း လူအများစုမှာ ပိုင်ရှောင်ချန်းကို မေ့ပျောက်စ ပြုလာတော့သည်။
သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်၊ လီချင်းဟောက်၊ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် ပိုင်ရှောင်ချန်းနှင့် ရင်းနှီးခဲ့သော အခြားလူများမှာ ယခု မြောင်ပိုင်း၏ မဟာဓားထဲတွင် ဖြစ်ပြီး သူ့ကို နင့်နင့်နဲနဲ လွမ်းဆွတ် သတိရကြလေသည်။ သို့သော် သူတို့ တစ်ခုတော့ သိသည်။
ပိုင်ရှောင်ချန်း မသေသေး။ နောက်ဆုံးတွင် သူ ပြန်လာလိမ့်မည်။
၄င်းက သူတို့၏ ယုံကြည်မှုနှင့် တောင့်ခံရန် ခွန်အားများအား လောင်စာဖြည့်ပေးနေသော သူတို့ရင်ထဲတွင် တောက်လောင်နေသည့် မျှော်လင့်ချက်တစ်ခု ဖြစ်သည်။
ထိုနှစ်ခြောက်ဆယ်စက်ဝန်း၏ တစ်ဝက်က ယပ်တောင်အစုတ်ကြီးအပေါ်တွင်လည်း ထာဝရအင်မော်တယ်နယ်မြေကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းသည် ယပ်တောင်၏မျက်နှာပြင်ထဲက တောင်အပေါ်ရှိ ပြာသာဒ်အရှေ့တွင် တရားအားထုတ်နေသည်။
ယပ်တောင်၏ အဆင့်အမျိုးမျိုးမှ ရရှိခဲ့သော ရင်းမြစ်များနှင့် သူ၏ပင်ကိုယ် ပါရမီစွမ်းရည်များ၏ ကျေးဇူးကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ဖြေးဖြေးမှန်မှန် တိုးတက်နေ၏။ သို့သော် နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်ကို ဖောက်ထွက်ခြင်းက အလွန်ခက်ခဲလာသည်။
အနှစ်သုံးဆယ်ကြာပြီးနောက်တွင်မှ သူသည် နောက်ဆုံး အဆင့်တက်တော့မည်ကို အာရုံရလိုက်သည်။ ၄င်းမှာ အချိန်ကြာသည့်ပုံပေါ်လောက်သော်လည်း သတင်းသာ ထွက်သွားလျှင် အခြားကောင်းကင်ဧကရာဇ်များ အံ့သြတန်လှုပ်သွားမည်ဖြစ်သည်။ ကောင်းကင်ဧကရာဇ်အများစုမှာ အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှ နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်သို့ သွားရန် နှစ်သုံးရာ အချိန်ပေးရသည်။ နှစ်သုံးဆယ်တည်းကြာသည်က တစ်ခါမှ ကြားပင်မကြားပေ။
တချို့က သူအလိုရှိသလိုရသည့် ရင်းမြစ်များနှင့်ပတ်သက်ပြီး တချို့က သူ၏ကျင့်ကြံခြင်းအခြေခံကို အကျိုးပပြုကာ ကျင့်ကြံခြင်းကို အရှိန်မြှင့်ပေးသည့် မိုးမြေဧကရာဇ်အရှိန်အဝါတစ်ခု အဆက်မပြတ်ထုတ်လွှတ်နေသော မိုးမြေဧကရာဇ်၏ လက်ကြီးဖြင့် သက်ဆိုင်လေသည်။
သို့နှင့် သူသည် သူ၏ ပစ္စပ္ပုန်ရှင်သန်ခြင်းနှင့်သေခြင်းတရားကျမ်းဖြင့် လျင်မြန်စွာ တိုးတက်လာတော့သည်။ နောက်ဆုံး၌ သူ၏ကျင့်ကြံခြင်းအခြေခံက တချိန်လုံး လျင်မြန်စွာ လည်ပတ်နေလျက် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ပစ္စုပ္ပန်ရှင်သန်ခြင်းနှင့် သေခြင်းတရားကျမ်း၏ မဟာစက်ဝန်းကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
အဆင့်တက်တော့မည့် လက္ခဏာများကား ခါတိုင်းထက်ပို၍ သိသာလာတော့သည်။
" အဆင့်တက်တော့မယ် "
ပိုင်ရှောင်ချီက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် သူ၏ဘေးတွင် ရုတ်တရက် အကောင်အထည်ပေါ်လာ၏။ ပိုင်ရှောင်ချန်းသည် ကုန်လွန်ခဲ့သည့် အနှစ်သုံးဆယ်၏ အချိန်အများစုကို တရားအားထုတ်ရင်း ကုန်ဆုံးခဲ့သော်လည်း ပိုင်ရှောင်ချီမှာ ယပ်တောင်အစုတ်ကြီးထဲတွင် သူနှင့်အတူ တစုံတယောက်ရှိနေခြင်းကို ပျော်ရွှင်နေသေးလေသည်။ သူက ပိုင်ရှောင်ချန်းကို အတော်လေးရွံစရာကောင်းကြောင်း တွေ့သေးသော်လည်း သူက နောက်ဆုံး နာမည်အသစ် ရွေးခွင့်ပေးရန် သဘောတူလိုက်သဖြင့် ပိုင်ရှောင်ချီမှာ ဝမ်းမြောက်သွားတော့သည်။
ကံဆိုးစွာ နှစ်သုံးဆယ်ပြီးနောက်မှာပင် ပိုင်ရှောင်ချီမှာ နာမည်အသစ်ကောင်းကောင်းတစ်ခု မတွေးနိုင်ခဲ့ပေ။ သူ့ခေါင်းထဲတွင် ပေါ်လာသည့်အတွေးတစ်ခုကမှ သင့်တော်သည့်ပုံ မပေါ်ချေ။ တစ်ချက်ရှိသည်၊ တစ်စုံတစ်ယောက် အနာဂတ်တွင် လာပြောင်းလျှင် နားထောင်၍ကောင်းသေးမည့် နာမည်တစ်ခု သူ စဥ်းစားရန် လိုအပ်လေသည်။
သူ၏နာမည်အသစ်ပြဿနာအား စဥ်းစားခန်းဖွင့်နေချိန်မှာပင် ပိုင်ရှောင်ချန်း၏အဆင့်တက်တော့မည့် အရှိန်အဝါကို အာရုံရလိုက်၍ သူ့ကို ကြည့်ရန် အပြေးအလွှားလာရောက်ခြင်း ဖြစ်သည်။
" ဒီလူ စွန့်စားလွန်းတယ်။ ဒါပေမဲ့ သူ ဒီကျင့်ကြံခြင်းအဆင့်ကို ဆက်ထိန်းသွားရင် လောကနတ်ဘုရားအဆင့်ကို တကယ်ရောက်လောက်တယ်။ တကယ်တမ်းပြောရရင် မိုးမြေဧကရာဇ်တစ်ပါးတောင် ဖြစ်လောက်တယ်"
သူသည် ပိုင်ရှောင်ချန်း၏ ယခင်အဆင့်တက်တုန်းက အချိန်၏အနှစ်သာရအား ထုတ်လွှတ်ခဲ့သည့်အချိန်ကို ရုတ်တရက် ပြန်တွေးမိလိုက်သည်။
ဤအခိုက်၌ ပိုင်ရှောင်ချကန်း မျက်လုံးများကို ဖွင့်လိုက်သည့်အချိန် ပြင်းထန်သောထစ်ခြုန်းသံကြီးတစ်ခု ယပ်တောင်အစုတ်ကြီးတစ်ခုလုံးတွင် မြည်ဟည်းသွားလေသည်။ သူ၏အရှိန်အဝါက တလိပ်လိပ်ထွက်လာစဥ် မြစ်၊ လှေနှင့် မိုးမြေဧကရာဇ်လက်ကြီးပင် စူးရှတောက်ပသော အလင်းများဖြင့် တလက်လက်လင်းလက်လာတော့သည်။
အလင်းများ တောက်ပသည်ထက် တောက်ပလာပြီး သူ၏အရှိန်အဝါ ပို၍အားကောင်းလာစဥ် သူသည် အတားအဆီးတစ်ခုအား ကျော်ဖြတ်ပြီး နောက်ဆုံး နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်သို့ တက်သွားတော့သည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှ ထုတ်လွှတ်နေသော အလင်းသည် ယပ်တောင်မှ တောက်ပနေသော အလင်းကို ကျော်လွန်သွားကာ သူတို့ကို ဝန်းရံထားသည် အနက်ရောင်ဟင်းလင်းပြင်ကြီးတွင် အစူးရှတောက်ပဆုံးအရာ ဖြစ်လာလေသည်။ သူက ထရပ်၍ ခေါင်းနောက်လှန်ကာ စူးရှသော အော်သံရှည်ကြီးတစ်ခု အော်ဟစ်လိုက်သည်။
နှောင်းပိုင်း ကောင်းကင်ဧကရာဇ်အဆင့်။
ပိုင်ရှောင်ချီမှာ ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခန်းကဏ္ဍ ပြီးဆုံးသွားပြီ ထင်လိုက်၏။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုပြာသာဒ်အတွင်းသို့ နတ်ဘုရားအာရုံပို့လွှတ်ပြီး စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဘရူဆာနှင့်အတူ စုန့်ချွဲကိုလည်း စစ်ဆေးကြည့်ရှုလိုက်သည်။ ထို့နောက် သူက ရိပ်ခနဲလှုပ်ရှား၍ မိုးမြေဧကရာဇ်လက် အပေါ်တွင် ရပ်လိုက်၏။ ထိုနေရာတွင် သူက တင်ပျဥ်ထိုင်ချကာ နတ်ဘုရားအာရုံပို့လွှတ်ပြီးနောက် လက်ကြီးဖြင့် စတင်ပေါင်းစည်းတော့သည်။
" မင်း ဘာလုပ်နေတာလဲ "
ပိုင်ရှောင်ချီက တအံ့တသြ လွှတ်ခနဲ ပြောလိုက်မိသည်။
" မိုးမြေဧကရာဇ်တစ်ပါးရဲ့ လက်မောင်းနဲ့ ပေါင်းစည်းနေတာလား။ မင်းမေဘ… မဖြစ်နိုင်ဘူး"
" မဖြစ်နိုင်တာ မရှိဘူး "
ပိုင်ရှောင်ချန်းက ပိုင်ရှောင်ချီကို အခိုင်အမာ ဆုံးဖြတ်ထားသောအကြည့်ဖြင့် ပြန်ဖြေလိုက်သည်။
နှစ်သုံးဆယ်ကျင့်ကြံခြင်းက ကျင့်ကြံသူများအတွက် သိပ်များမည့်ပုံမပေါ်သော်လည်း ပိုင်ရှောင်ချန်း ကျင့်ကြံခဲ့ဖူးသမျှ အချိန်ကာလများအနက် အရှည်ကြာဆုံးကာလ ဖြစ်လေသည်။
အချိန်များကုန်လွန်သွားခဲ့သည့်တိုင် စုန့်ချွဲ၏ သေဆုံးခြင်းနှင့် သူ၏ ဇနီးများ၊ ကလေးများနှင့် ဘရူဆာတို့အပေါ် ကျရောက်ခဲ့သည့် အန္တရာယ်ကြောင့် ဒေါသထွက်နေဆဲဖြစ်သည်။
သူက လီချင်းဟောက်၊ သရဲကြီးဘုရင်၊ မဟာကောင်းကင်သခင်၊ ကုန်းစွန်းဝမ်အာနှင့် သူသိသမျှလူတိုင်းကို စိတ်ပူသည်။ ထို့ပြင် ထိုအခြေအနေနှင့်ပတ်သက်၍ တစ်ခုခုလုပ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ပို၍အစွမ်းထက်လာရန်သာ ဖြစ်ကြောင်း သူနားလည်သည်။
မိုးမြေဧကရာဇ်အရှိန်အဝါဖြင့် အထောက်အပံ့ပေးထားသော နှစ်သုံးဆယ်ကျင့်ကြံအားထုတ်ခြင်းပြီးနောက် သူသည် ထိုလက်ကြီး၏ သဘောသဘာဝကို ကောင်းကောင်း နားလည်လာခဲ့၏။ ထို့ပြင် သူသည် အချိန်အတော်ကြာကတည်းက အကြံအသစ်တစ်ခု ရလာခဲ့လေသည်။
" ငါ အဲဒီလက်နဲ့ ပေါင်းစည်းရမယ်။ အဲဒါ အလုပ်ဖြစ်ရင် ငါ့အတိုက်အခိုက်စွမ်းရည် တဟုန်ထိုး တက်သွားလိမ့်မယ်။ ငါပြန်ရမယ်။ ပြီးရင် ငါ နည်းနည်းပါးပါး သတ်ဖြတ်ရဦးမယ် "