အခန်း (၁၇၁-၁၇၂)
Vol. 11 Ch. 171-172
အပိုင်း (၁၇၁) တောက်ယွမ်ခရိုင်၏ နောက်ခံအရောင်အသွေး။
ကျင်းဘုရင်က လီယွမ်ကျောက်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
အချိန်တိုလေးအတွင်းမှာ ဒီလောက်ထိ ရင့်ကျက်လာပြီး ပြဿနာတွေအပေါ် တွေးခေါ်တဲ့အခါမှာလည်း အများကြီး ပြည့်စုံလာမယ်လို့ ထင်မထားခဲ့ဘူး။
ကြည့်ရတာ ဖန်ကျန်းရီက သူ့ကို တကယ်ပဲ စေတနာထား သင်ပေးခဲ့တာပဲ။
ဖန်ကျန်းရီလည်း အံ့အားသင့်သွားခဲ့သည်။
အိမ်ရှေ့စံရဲ့ ပါရမီက တကယ်ကို မဆိုးဘူးပဲ။ အပြင်မှာ လွှတ်ထားတာတောင် ဒီလို နားလည်နိုင်စွမ်း ရှိတယ်ဆိုတော့ စျေးကွက်ကနေ သင်ခန်းစာပေးတဲ့ ရလဒ်က တကယ်ကို ကောင်းတာပဲ။
နောက်ဆိုရင် ငါအလုပ်တွေကို လွှတ်ထားပြီး လျှောက်သွားလို့ ရပြီ။ ကျန်တဲ့ အလုပ်တွေကို အိမ်ရှေ့စံဆီ အကုန် လွှဲပေးလိုက်ရင် ပိုကောင်းမယ်။
အရမ်းကောင်းတာပဲ။
ထိုအချိန်တွင် ကျန်းရှီက သဘာဝကျစွာပင် လက်မခံနိုင်ချေ။ သူကိုယ်တိုင်က အသက်လည်း ကြီးနေပြီဖြစ်ပြီး စားနပ်ရိက္ခာ ရှားပါးမှုတွေကိုလည်း အကြိမ်ကြိမ် ကြုံဖူးခဲ့သော်လည်း အိမ်ရှေ့စံနှင့် ဖန်ကျန်းရီတို့၏ ဆက်တိုက် ပြန်လည် ချေပခြင်းကို ခံလိုက်ရ၏။
ချက်ချင်းပင် သူက အသံကို မြှင့်ကာ ပြောလိုက်သည်။ "အိမ်ရှေ့စံ ပြောတာက အဓိပ္ပာယ်ရှိပေမဲ့ မပြည့်စုံသေးပါဘူး။
စားနပ်ရိက္ခာဆိုတာ တိုင်းပြည်ရဲ့ အခြေခံပါပဲ။ ကျင်းတိုင်းပြည် အနှံ့အပြားက အကြီးအသေး ဆန်ကုန်သည် အားလုံးကို မှတ်တမ်းတင်ထားပါတယ်။ အစိုးရက စားနပ်ရိက္ခာ ထုတ်ပေးဖို့ အမိန့်ပေးရင် ဘယ်သူမှ မလိုက်နာဘဲ မနေရဲပါဘူး။ အကယ်၍ ကိုယ်ကျိုးအတွက် ဥပဒေကို ချိုးဖောက်မယ်ဆိုရင် ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။
ဒုတိယအချက်အနေနဲ့ အစိုးရက စားနပ်ရိက္ခာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု အားလုံးကို တားမြစ်လိုက်ရင် ရပါပြီ။ ဆန်ကုန်သည်တွေက ဆန်ရောင်းဖို့ပဲ ရမယ်။ တခြား ပစ္စည်းတွေနဲ့ တွဲပြီး ရောင်းတာ ဒါမှမဟုတ် လက်ဆောင်ပေးတာတွေကို ခွင့်မပြုဘူး။ ဒီလိုမျိုးအတင်းအကျပ် အမိန့်ထုတ်လိုက်ရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။ ဒီနည်းလမ်းတွေကို နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာခဲ့တာပါ။ ပြောရရင် အိမ်ရှေ့စံ အရမ်း စိုးရိမ်နေတာပါ။"
ဖန်ကျန်းရီက ချက်ချင်း ဝင်ပြောလိုက်၏။ "ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးတွေက ဖမ်းမိတဲ့ ငါးတွေထက် ပိုများမှာ သေချာတယ်။ အမတ်ကြီးကျန်း... ခင်ဗျားက ဒါကို ထိရောက်မယ်လို့ ဘယ်လိုလုပ် သေချာနိုင်မှာလဲ။"
"ဖန်ကျန်းရီ … မင်းက ရစ်နေတာပဲ။" ကျန်းရှီက နောက်ဆုံးတော့ စိတ်ရှုပ်သွားခဲ့သည်။
မင်း ပြီးအုံးမှာလား။ မပြီးသေးဘူးလား။
"ကဲ... ကဲ။ တော်ကြတော့။ ဆက်ပြီး မငြင်းကြနဲ့တော့။ ကိုယ်တော်က အမတ်တို့ရဲ့ အမြင်တွေကို သိပြီ။" ကျင်းဘုရင်က စိတ်မရှည်စွာဖြင့် စားပွဲကို ခေါက်လိုက်၏။
"နှစ်ဖက်လုံးက အလျှော့မပေးနိုင်ကြဘူးဆိုတော့ ဖန်ကျန်းရီကို ထောက်ခံတဲ့သူတွေ လက်မြှောက်ကြစမ်း။"
ကျင်းဘုရင် စကားဆုံးသွားသည်နှင့် လီယွမ်ကျောက်က ပထမဆုံး လက်မြှောက်လိုက်ပြီး အောက်ဘက်တွင် ယန်ဖုန်းဖန် တစ်ယောက်သာ ရှိနေသည်။
"ဒါဆိုရင် ကျန်းရှီကို ထောက်ခံတဲ့သူတွေ လက်မြှောက်ကြ။"
ဝုန်းခနဲဆိုသလို လူတစ်အုပ်ကြီး လက်မြှောက်လိုက်ကြ၏။
ကျင်းဘုရင်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဖန်ကျန်းရီ... မင်းက ဘာလို့ လက်မြှောက်ရတာလဲ။"
ယန်ဖုန်းဖန်နှင့် လီယွမ်ကျောက်တို့ နှစ်ဦးလုံးက ကျောပြင်ကို ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဖန်ကျန်းရီက မျက်နှာပူပူဖြင့် လက်ကို ပြန်ချလိုက်သည်။
ကိုယ့်လက်နှင့်ကိုယ်မြှောက်တာတောင်မရတော့ပေ။ တကယ်တော့ ဆင်ခြေပေးရမည်ဆိုလျှင် ပင်ကိုတုံ့ပြန်မှု... ပင်ကိုတုံ့ပြန်မှုပါ...။
ကျင်းဘုရင်က စိတ်ကို အနည်းငယ် ငြိမ်သက်သွားအောင် လုပ်လိုက်၏။
"ကောင်းပြီ။ ဒါဆိုလည်း ကျန်းရှီ ပြောတဲ့အတိုင်း လုပ်ကြမယ်။ နေရာအနှံ့မှာ စားနပ်ရိက္ခာ ဂိုဒေါင်တွေဖွင့်ပြီး စားနပ်ရိက္ခာတွေ ထုတ်ပေးဖို့နဲ့ ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ အမိန့်ပေးလိုက်တယ်။"
...
ကျန်းမြို့တော်ရှိ အိမ်တစ်အိမ်တွင် …။
တောက်ယွမ်ခရိုင်မှ လူနှစ်ဆယ့်ငါးယောက်က အိမ်ထဲတွင် စုရုံးနေကြပြီး လေထုက တိတ်ဆိတ်နေ၏။
ခေါင်းဆောင်ဖြစ်သူ၏ အမည်မှာ ရှဲ့ရှန်းဖြစ်ပြီး ပညာတတ်ဝတ်စုံကို ဝတ်ဆင်ထားကာ လက်ထဲတွင် စာတစ်စောင် ကို ကိုင်ထားပြီး အကြိမ်ကြိမ် ဖတ်ပြီးနောက်မှ အောက်ချလိုက်သည်။
တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "သခင်လေး ဘာပြောလဲ။"
ရှဲ့ရှန်းက လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။ "သခင်လေးက ပြောတယ်။ ကျုပ်တို့တွေ အစိုးရပိုက်ဆံတွေ သုံးပြီး ဘာမှလည်း အလုပ်မဖြစ်ဘူးတဲ့။ ပြန်ရောက်ရင် အပြစ်ပေးမယ်တဲ့။အခု တောက်ယွမ်ခရိုင်ကို ပြန်ချင်တဲ့သူတွေ တန်းပြန်လို့ ရပြီ။"
"တောက်... အပြင်ထွက်လာတာ နှစ်လကျော်ရှိပြီ ဘာမှမလုပ်ရသေးဘူး။ အိမ်တစ်လုံးပဲ ဝယ်ရသေးတယ်။ အခု ပြန်ရင် ဘာအပြစ်ပေးခံရမလဲ။"
ရှဲ့ရှန်းက သက်ပြင်းချလိုက်၏။ "အပြစ်ပေးခံရတယ် ဆိုပေမဲ့... သခင်လေးက သေချာပေါက် ပြင်းပြင်းထန်ထန်တော့ အပြစ်ပေးမှာ မဟုတ်ပါဘူး။ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲလေ... သခင်လေးက ကျုပ်တို့ကို ပြန်လာခိုင်းတယ်ဆိုတည်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူလည်း ဘာမှ မတတ်နိုင်တော့လို့ နေမှာပေါ့။"
"ကျုပ်တော့ ပြန်ချင်နေပြီ။ ခရိုင်ကို ပြန်ပြီး ကြက်ကြော်စား၊ နို့လက်ဖက်ရည် သောက်ချင်နေပြီ... တောက်... ဒီသောက်နေရာကို လာစရာမလိုတာ။" စကားပြောသူ၏ အမည်မှာ လျန်ကွေ့ ဖြစ်သည်။
ရှဲ့ရှန်းက သူ့ကို တစ်ချက် ကြည့်လိုက်သည်။ "ဟီးဟီး... ထိခိုက်စရာတော့ မရှိလောက်ပါဘူး။ အများဆုံး အဝတ်အစားတွေ အကုန်ချွတ်ပြီး မြို့ရိုးပေါ်မှာ သုံးရက်တိတိ ဆွဲထားခံရမယ်။ စားကောင်းသောက်ဖွယ်တွေနဲ့ သေချာ ပြုစုခံရမယ်။"
"စားတာ၊ သောက်တာ၊ သေးပေါက်တာ၊ အီးပါတာ အကုန်လုံး ဆွဲထားခံရလျက်နဲ့ပဲ ဖြေရှင်းရမှာ။ အကယ်၍ မင်း မြေကြီးပေါ် တစ်စက်လေး ကျသွားအောင် လုပ်ရဲရင်... သွားပြီပဲ။ ကျန်းပြောင် ပြုစုတာကိုသာ စောင့်နေတော့။"
လျန်ကွေ့က ဒေါသတကြီး အော်ဟစ်လိုက်၏။ "တောက်... ဒါဆိုရင် သေတာနဲ့ ဘာကွာတော့လို့လဲ။"
"မဖြစ်ဘူး။ ဒီတစ်ကြိမ်တော့ ငါတို့ သေချာပေါက် အလုပ်ဖြစ်အောင် လုပ်ရမယ်။"
လူတစ်ယောက်က ဝင်ပြောလိုက်သည်။ "ဟုတ်တယ်။ ရှုံးနိမ့်ပြီး ပြန်သွားရင် နောက်ဆို ခရိုင်ထဲမှာ လူဘယ်လို လုပ်ရဲတော့မလဲ။ ဒီတိုင်း ပြန်သွားရင် ငါ့မိန်းမ နောက်လင်ယူသွားလိမ့်မယ်။"
ရှဲ့ရှန်းက အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ "သခင်လေးကတော့ လူလုပ်နိုင်သလောက် လုပ်ပြီး ကျန်တာ ကောင်းကင်ကိုသာ ပုံချလိုက်တဲ့... ကောင်းကင်ရဲ့အလိုတော်က ဒီလိုဖြစ်နေမှတော့ ငါတို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။"
လျန်ကွေ့၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။ "ဟုတ်တယ်။ လူလုပ်နိုင်သလောက် လုပ်ရမယ်။ ဈေးကွက်ထဲမှာ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ဒီလိုဖြစ်နေတာ သေချာပေါက် တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကစားနေတာပဲ။ ဒါ ဘယ်လို ကောင်းကင်ဘုံရဲ့ အလိုတော်လဲ။ ကျုပ်တို့ ရောက်တုန်းက ကန်စွန်းဥ သတင်း ထွက်လာတော့ ဈေးတွေ ချက်ချင်း ကျသွားသေးတာပဲ။"
"ဆန်ကုန်သည်တွေက နောက်ကွယ်ကနေ ကစားနေမှတော့ ကျုပ်တို့ သူတို့ကို ဝင်လုပစ်လိုက်ရင် ပြီးရော မဟုတ်လား။ အရင်က မလုပ်ဖူးတာလည်း မဟုတ်ဘူးလေ။"
"အဓိပ္ပာယ်ရှိတယ်။"
"အဓိပ္ပာယ်ရှိတယ်။"
"အဓိပ္ပာယ်ရှိတယ်။"...
"ဒိုင်း...။"
ရှဲ့ရှန်းက စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။ "ဘာ အဓိပ္ပာယ်ရှိတာလဲ။ အရောင်းအဝယ် လုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ကိုယ့်ကိုယ်ကိုယ် ဓားပြတွေလို့ ထင်နေတုန်းပဲလား။ သခင်လေးက အခု မြို့တော်အရာရှိ ဖြစ်နေပြီ။ ကိစ္စတွေ ကြီးသွားရင် သခင်လေးဘယ်လိုလုပ်မလဲ။" နောက်တစ်ချက်က အစိုးရကသာ လူတွေ ဆန်လုတာကို သိသွားရင် ငါတို့ ခေါင်းတွေ အရင် ပြတ်သွားမှာ။"
လျန်ကွေ့က ရှဲ့ရှန်းကို စွေကြည့်လိုက်သည်။ "တောက်... လောင်ရှဲ့။ ခင်ဗျားက နောက်မှ ရောက်လာပြီးတော့ ကျုပ်တို့ ခေါင်းပေါ်ကို တက်နေတာပဲ။"
"ကျုပ်တို့ ဘာလုပ်ခဲ့တယ်ဆိုတာ တကယ် မသိတာလား။ ကျုပ်က အရင်တည်းက တောင်ပေါ်ဓားပြလေ။"
ထို့နောက် လျန်ကွေ့က လက်ညှိုးထိုးကာ လူအချို့ကို တစ်ယောက်ချင်းစီ ညွှန်ပြလိုက်၏။
"ရှန်ကျောက်ရွှမ်... သူက မိစ္ဆာဂိုဏ်းချုပ်။"
"ပိုင်ရွေ့... သူက ခါးပိုက်နှိုက်။"
"ကျွယ်ကျွယ်ဇီ... သူက သင်္ချိုင်းဖောက်တဲ့သူ။"
"ကျုပ်နာမည်က ဝေ့ချိုက်ပါ။ ကျွယ်ကျွယ်ဇီ ဆိုတာ ခင်ဗျားအမေ ခေါ်တဲ့ နာမည်လား။" ဝေ့ချိုက်က မကျေနပ်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
“ကျုပ်တို့ ဟောဒီလူတွေ အကြောင်းကို ပြောရရင်... အရင်တုန်းက ဓားသွားပေါ်မှာ လမ်းလျှောက်ပြီးအသက်ရှင်ခဲ့ရတဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာပဲ။ ပြဿနာကို ဘယ်တုန်းက ကြောက်ဖူးလို့လဲ။ ဆန်လုတာလေးများ... ဒီအခြေအနေတိုင်း ဆက်သွားရင် မကြာခင်မှာ ပြည်သူတွေ ပုန်ကန်ကြတော့မှာ။
အဲဒီအချိန်ကျရင် ပြဿနာတွေ ကြီးလာမှာပဲ။ ကျုပ်တို့ဘာကို ဂရုစိုက်နေရမှာလဲ။ လုပ်စရာရှိတာ လုပ်ကြတာပေါ့။”
စကားပြောပြီးချိန်မှာတော့ လျန်ကွေ့က လက်နှစ်ဖက်ကို ပိုက်ကာ ဂုဏ်ယူဝင့်ကြွားသည့် အမူအရာကို ပြသလိုက်၏။
ရှဲ့ရှန်းက နားထောင်ပြီးနောက် တစ်ကိုယ်လုံး ကြက်သေသေသွားခဲ့သည်။ အားလုံးက အချိန်အတော်ကြာ အတူတကွ နေထိုင်ခဲ့ကြပြီး ပုံမှန်အချိန်များတွင် လူကောင်းလေးများလို နေခဲ့ကြသော်လည်း ဤကဲ့သို့သော လျှို့ဝှက် နောက်ခံများ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ထို့ကြောင့် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "သခင်လေးက သင်္ချိုင်းတောင် ဖောက်ဖူးတာလား။"
ဝေ့ချိုက်က လေးလုံးကွဲအောင် ပြောလိုက်၏။ "သူ သင်္ချိုင်းထဲဆင်းဖူးတာ အဲဒီတစ်ကြိမ်တည်းပဲလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျုပ် သင်္ချိုင်းတစ်ခုကို ဖောက်နေတုန်း သူ့လက်ချက်မိပြီး ဖမ်းခေါ်ခံခဲ့ရတာ။
နောက်ပိုင်း သင်္ချိုင်းကြီးတစ်ခုကို တွေ့တော့ သူက သိချင်မြင်ချင်စိတ်နဲ့ အောက်ကို ကိုယ်တိုင် ဆင်းလိုက် လာခဲ့တယ်။ အဲဒီတစ်ခါတည်းနဲ့ပဲ သင်္ချိုင်းက ပြိုကျသွားတော့တာပဲ။
ကျုပ်က တစ်သက်လုံး သင်္ချိုင်းဖောက်စားလာခဲ့တဲ့သူပါ။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ သခင်လေးက လောဘဇော အရမ်းတက်လွန်းတယ်။ မြင်သမျှအကုန်ယူချင်နေတာ၊ အလောင်းဆီက ရွှေသွားကိုတောင် ချန်ထားခဲ့တာ မဟုတ်ဘူးလေ။ အဲတာကြောင့် သင်္ချိုင်းပြိုတာပဲ"
ထိုအကြောင်းကို ပြောနေချိန်မှာတော့ ဝေ့ချိုက်၏ မျက်နှာပေါ်တွင် ကြောက်လန့်နေဆဲ အမူအရာ ရှိနေသေး၏။
"ကျုပ်သာ အတွေ့အကြုံ မများရင် အဲဒီတုန်းက အကုန်လုံး သေကုန်ပြီ။ နောက်ပိုင်းကျတော့ သင်္ချိုင်းဖောက်တဲ့အလုပ်ကို ရွှေလက်ဆေးပြီး မလုပ်တော့တာလေ... ကြောက်သွားပြီ... ကြောက်သွားပြီ။"
သောက်ကျိုးနည်း … သင်္ချိုင်းဖောက်တာကို နားတာ ဘယ်လိုဖြစ်ပြီး ရွှေလက်ဆေးတယ် ဖြစ်သွားတာလဲ။သူ့ကိုယ်သူ သိုင်းလောကဦးလျှောင် များထင်နေတာလား။
ရှဲ့ရှန်းက နားထောင်ပြီးနောက် ထူးဆန်းသည့် အမူအရာဖြင့် ပြောလိုက်သည်။ "လောင်ရှန်... ခင်ဗျား အရင်တုန်းက မိစ္ဆာဂိုဏ်းချုပ် ဖြစ်ခဲ့တာလား။"
ရှန်ကျောက်ရွှမ်က မျက်နှာနီရဲသွားပြီး လက်ယမ်းကာ ပြောလိုက်၏။ "ပြောစရာ မရှိပါဘူး... ပြောစရာ မရှိပါဘူး..."
လျန်ကွေ့က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ရှက်နေသေးတယ်လား။ ဒီကိစ္စကို ငါသိတယ်။ အရင်တုန်းက သူက ဟန်ကျန်းမြို့မှာ မိစ္ဆာဂိုဏ်းငယ်လေး တစ်ခု ထောင်ခဲ့တယ်။ သခင်လေးက ကြက်ကင် အကောင်ရေ အနည်းငယ်လောက် ရှာလာပေးတာနဲ့ သူ့ဂိုဏ်းသားတွေ အကုန်လုံး သူ့ကိုသစ္စာဖောက်ကုန်ကြတာလေ။ ဟားဟားဟား။"
ရှန်ကျောက်ရွှမ်က ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားကာ ပြောလိုက်၏။ "အဲဒါက ဗိုက်ဆာလို့လေ။ ကျုပ်မှာလည်း ပိုက်ဆံမှ မရှိတာ။ အောက်က လူတွေက ဗိုက်ဆာလွန်းလို့ ရူးမတတ် ဖြစ်နေကြပြီ။ ခင်ဗျားသာဆိုရင်ရော လုပ်နိုင်မှာမို့လို့လား။"
အားလုံးက ထိုစကားကို ကြားချိန်မှာတော့ ဟားတိုက် ရယ်မောလိုက်ကြသည်။
ရှဲ့ရှန်းက ငိုရခက်၊ ရယ်ရခက် ဖြစ်သွားပြီး မျက်ခုံးကြားကို ပွတ်သပ်ကာ ပြောလိုက်၏။ "တော်ကြတော့ အားလုံးပဲ။ မြန်မြန် နည်းလမ်းရှာကြစို့ ….မဟုတ်ရင် အိမ်ပြန်ကြမယ်။"
အပိုင်း (၁၇၂) ကိုယ်ခံပညာ စာမေးပွဲ ပထမရထားသူကို ခေါ်ယူခြင်း။
လျန်ကွေ့က အနည်းငယ် စိတ်မရှည်တော့ချေ။
"အိမ်တော့ မပြန်တော့ဘူး။ ပြန်သွားရင် ကျုပ်တို့ မျက်နှာ ဘယ်မှာ သွားထားရမှာလဲ။"
"ကျုပ်ပြောတာ နားထောင်ရင် မမှားဘူး။ ကျုပ်တို့ ရှုပ်ယှက်ခတ်နေတဲ့ အချိန်မှာ စားနပ်ရိက္ခာ တစ်ခေါက်လောက် ဝင်လုပြီး ထွက်သွားကြမယ်။ နည်းနည်းလောက် ကယ်တင်နိုင်ရင်တောင် ကုသိုလ်ရတာပဲလေ။ အိမ်ပြန်ရောက်ရင်လည်း ဖြေရှင်းစရာ စကားလေးတော့ ရှိတာပေါ့။"
ရှဲ့ရှန်းက လူတိုင်း၏ မျက်နှာများကို အကဲခတ်ကြည့်လိုက်ရာ ရုတ်တရက် ဝေ့ချိုက်နှင့် ပိုင်ရွေ့တို့ထံ အကြည့်ရောက်သွား၏။
"အကယ်၍ ကျုပ်တို့ သွားခိုးမယ်ဆိုရင်ရော။ မြေအောက်လှိုင်ခေါင်း တူးပြီး ခိုးရင် ဖြစ်နိုင်မလား။"
ပိုင်ရွေ့က ခေါင်းယမ်းလိုက်သည်။ "မဖြစ်နိုင်ဘူး။ စားနပ်ရိက္ခာ သိုလှောင်ရုံတွေမှာ စောင့်ရှောက်တဲ့ စစ်သားတွေ အများကြီး ရှိတယ်။ ပြီးတော့ အခုချိန်ဆို လူတွေ ပိုများနေမှာ သေချာတယ်။ အောင်မြင်ဖို့ နည်းလမ်း မရှိဘူး။"
ရှဲ့ရှန်းက ပြောလိုက်၏။ "ကျုပ်တို့ ခိုးချင်တာက ပုဂ္ဂလိက သိုလှောင်ရုံတွေလေ။ အစိုးရ သိုလှောင်ရုံတွေမှ မဟုတ်တာ။"
"မသေချာဘူး။ နေရာ သွားမကြည့်ရသေးဘူး။ ပြီးတော့ မလုပ်တာလည်း နှစ်အတော်ကြာပြီ ဆိုတော့... လက်က တော်တော်လေး စိမ်းနေပြီ။" ပိုင်ရွေ့က အနည်းငယ် အခက်တွေ့နေပုံ ရသည်။
"ပြီးတော့... ကျုပ်တို့ မြေအောက်လှိုင်ခေါင်းကနေ မသွားဖူးဘူးလေ။ စိတ်ထဲမှာ မသေချာဘူး။"
ရှဲ့ရှန်းက သူ့ကို ဂရုမစိုက်တော့ဘဲ ဝေ့ချိုက်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ခင်ဗျားရော။ ကျုပ်တို့ မြို့ပြင်မှာ နေရာတစ်ခု ရွေးပြီး စားနပ်ရိက္ခာ သိုလှောင်ရုံဆီ ရောက်အောင် မြေအောက်လှိုင်ခေါင်း တူးလို့ ရမလား။"
ဝေ့ချိုက်က နှုတ်ခမ်းကို သပ်ကာ ခေါင်းမော့စဉ်းစားလိုက်၏။ "ရတော့ ရတယ်။ ဒါပေမဲ့ အခြေအနေ အတိအကျ ကိုတော့ ကြည့်ရအုံးမယ်။ ကျုပ်လည်း မလုပ်တာ နှစ်အတော်ကြာပြီ။"
"အဓိကကတော့ အချိန်နှောင့်နှေးမှာပဲ... အကယ်၍ နီးရင် လူတွေ သိသွားဖို့ လွယ်တယ်။ ဝေးရင် တူးတာ ဘယ်အချိန်မှ ပြီးမလဲမသိဘူး။ ပြီးတော့ မြေအမျိုးအစား ဘယ်လိုလဲဆိုတာလည်း ကြည့်ရအုံးမယ်။ မြေအောက်လှိုင်ခေါင်းကို ခိုင်ခံ့အောင် သစ်သားတိုင်တွေနဲ့လည်း ထောက်ရအုံးမယ်။ မြေကြီးနဲ့ ကျောက်ခဲတွေ ကိုလည်း ရှင်းထုတ်ဖို့ လူလိုတယ်... အမှန်တိုင်းပြောရရင် ကျုပ်လည်း သိပ်ပြီး ယုံကြည်မှု မရှိလှဘူး။ ဒါပေမဲ့ အခွင့်အရေး မရှိတာတော့ မဟုတ်ဘူး။"
ရှဲ့ရှန်းက အတန်ကြာ စဉ်းစားလိုက်သည်။ "ကောင်းပြီ။ ဒါဆို အခု ကျုပ်တို့ ရှေ့မှာ ရွေးချယ်စရာ လမ်းသုံးလမ်းပဲ ရှိတော့တယ်။ လုမလား၊ ခိုးမလား၊ လုံးဝ မဖြစ်နိုင်ရင် အိမ်ပြန်မလား။"
"အားလုံးပဲ... လက်မြှောက်ပြီး ဆန္ဒပြုကြပါ။ ဆန်လုဖို့ ထောက်ခံတဲ့သူတွေ လက်မြှောက်ကြ။"
လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်က လက်မြှောက်လိုက်ကြ၏။
"ဆန်ခိုးဖို့ ထောက်ခံတဲ့သူတွေရော။"
လူအများစုက လက်မြှောက်လိုက်ကြသည်။
"အိမ်ပြန်ဖို့ ထောက်ခံတဲ့သူတွေရော။"
လူနှစ်ယောက်၊ သုံးယောက်သာ ရှိ၏။
ရှဲ့ရှန်းက အကူအညီမဲ့စွာဖြင့် ပြုံးလိုက်သည်။ "ကောင်းပြီ... အားလုံး စိတ်ထဲမှာ ရှင်းသွားလောက်ပါပြီ။ အိမ်ပြန်ချင်တဲ့သူတွေ အခု တန်းပြန်လို့ ရပါတယ်။ ကျန်တဲ့သူတွေက အစီအစဉ် နှစ်ခုလုံးအတွက် ပြင်ဆင်ထားကြမယ်။ အကယ်၍ ခိုးလို့ မရဘူးဆိုရင် အခွင့်အရေးယူပြီး လုကြတာပေါ့။
ကျုပ်တို့ အခု လူနှစ်ဆယ်ကျော်ပဲ ရှိတယ်။ လူအင်အား အရမ်း လိုအပ်နေတယ်။ လူထပ်စုဖို့ လိုတယ်။"
လောင်ရှန်... ခင်ဗျားက အရင်တုန်းက မိစ္ဆာဂိုဏ်း ထောင်ဖူးတယ်ဆိုတော့ ခင်ဗျားကို ပိုက်ဆံပေးလိုက်မယ်။ ယုံကြည်ရတဲ့ ဒုက္ခသည် တချို့ကို သွားရှာလိုက်။ ခန့်မှန်းခြေ လူဘယ်လောက်လောက် ရနိုင်မလဲ။"
ရှန်ကျောက်ရွှမ်က ခဏတာ စဉ်းစားလိုက်၏။ "အရင်တုန်းက ဟန်ကျန်းမြို့မှာ ငွေနှစ်ဆယ်တေလ်းနဲ့ လူသုံးရာလောက် ရခဲ့တယ်။ အခု အခြေအနေကတော့ သေချာ မသိသေးဘူး။ ကျုပ့်ကို ငွေငါးတေလ်းပေးပါ။ ယုံကြည်ရပြီး အသုံးကျတဲ့ လူနှစ်ထောင်လောက် ရှာပေးမယ်။”
"ကျုပ်တို့က ဆန်လုမှာ။ နိုင်ငံတော် ပုန်ကန်မှာမှ မဟုတ်တာ... အဲဒီလောက် အများကြီး ဘာလုပ်ဖို့လဲ။ လူတစ်ရာလောက်ဆိုရင် လုံလောက်ပါပြီ။"
ရှန်ကျောက်ရွှမ်က အနည်းငယ် သက်ပြင်းချလိုက်သည်။ "ခင်ဗျား နားမလည်ပါဘူး။ ကျုပ်တို့ အလုပ်က လုပ်မိပြီဆိုရင် ရပ်လို့ မရတော့ဘူး။ အောက်ကလူတွေက အရူးတွေလိုပဲ ဆက်လုပ်ကြတော့မှာ။ တားလို့တောင် ရမှာ မဟုတ်ဘူး။”
"လူနှစ်ထောင်ဆိုတာတောင် လျှော့ပြောထားတာ ဖြစ်နိုင်တယ်... ကျုပ် နည်းနည်း ထိန်းချုပ်လိုက်ပါ့မယ်။"
လျန်ကွေ့က အကျယ်ကြီး ရယ်မောလိုက်၏။ "လောင်ရှန် .. ခင်ဗျား ဘာတွေ လာကြွားနေတာလဲ။ ခင်ဗျား အဲဒီလောက် စွမ်းတယ်ဆိုရင် အရင်တုန်းက သခင်လေး လက်ချက်ကို ဘယ်လိုဖြစ်ပြီး ခံလိုက်ရတာလဲ။”
ရှန်ကျောက်ရွှမ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ "သခင်လေးနဲ့ ယှဉ်ရင်တော့ ကျုပ်က သာဝက တစ်ယောက် အဆင့်ပဲ ရှိတယ်။
တကယ်တော့ ဂိုဏ်းတစ်ခု တည်ထောင်တာ အရမ်း လွယ်ပါတယ်။ အဲဒီ ပြည်သူတွေက အရမ်း အသုံးမကျဘူးလေ။ ဘာပြောပြော အကုန် ယုံကြတာပဲ။ မင်းက ဓားခုတ် ၊ လှံထိုး မတိုးဘူး၊ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိတယ်လို့ ခဏခဏ ပြောလိုက်ရင် ယုံသွားကြတာပဲ။ တခြား ဂိုဏ်းတွေလည်း အများအားဖြင့် ဒီနည်းလမ်းတွေကိုပဲ သုံးကြတာပါ။
သခင်ကတော့ မတူဘူး။ အရင်ဆုံး အသေးအမွှား အကျိုးကျေးဇူးလေးတွေ ပေးပြီး မြှူဆွယ်တယ်။ ပြီးတော့မှ လူတွေကို သင်တန်းတက်ဖို့ ခေါ်တာပဲ။ သူ့လက်အောက်မှာ ဗေဒင်ဆရာတွေ၊ မျက်လှည့်ဆရာတွေ အများကြီး ရှိတယ်။ အဲဒီတုန်းက နည်းလမ်းပေါင်းစုံနဲ့ လူတွေကို လှည့်စားခဲ့တာလေ။
ပြီးတော့ အောက်က လူတွေကိုလည်း အဆင့်တွေ ခွဲထားသေးတယ်။ တစ်ဆင့်ပြီးတစ်ဆင့် အောက်ကို ဖြန့်ဝေသွားတာပဲ။ သူ့ကို ယုံကြည်ရင် ချက်ချင်း ချမ်းသာလာမယ်လို့ နေ့တိုင်း လူတွေကို ပြောတယ်။
ကျုပ်လက်အောက်က လူတွေက သစ္စာဖောက်သွားတာ လွယ်လွယ်လေးရယ်... ဟူး။ ကျုပ် အလုပ်ရွေး မှားသွားတာပဲ။ သခင်လေးရဲ့ အတွေးအခေါ်က ကျုပ်ထက် အနည်းဆုံး နှစ်တစ်ရာလောက် ပိုရှေ့ရောက်နေတယ် လို့ ကျုပ် ရဲရဲကြီး ပြောရဲတယ်။"
ရှဲ့ရှန်းက နားထောင်ရင်း ခေါင်းကို ကုတ်လိုက်မိ၏။ "သခင်လေး က မိစ္ဆာဂိုဏ်းတောင် ထောင်ခဲ့သေးတာလား။ ဒီကိစ္စကို ကျုပ် ဘာလို့ မသိခဲ့တာလဲ။ သူတောင်းစားဂိုဏ်း မဟုတ်ဘူးလား။"
"အင်း … ထောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး။ နောက်ပိုင်းအကုန်လုံး သူတောင်းစားဂိုဏ်းထဲ ရောက်သွားကြတာပဲ။"
ရှန်ကျောက်ရွှမ်က ပြောပြီးနောက် အတိတ်ကာလကို လွမ်းဆွတ်နေပုံရကာ နှမြောတသသည့် အမူအရာ ရှိနေသေး၏။
ရှဲ့ရှန်းက နားထောင်ပြီးနောက် စားပွဲကို ခေါက်လိုက်သည်။ "ကောင်းပြီ။ ခင်ဗျားဘက်က လျန်ကွေ့နဲ့ တခြားလူ အနည်းငယ်ကို ခေါ်ပြီး လူအရင် သွားစုလိုက်။
ဝေ့ချိုက်နဲ့ ပိုင်ရွေ့တို့က အရင်သွားပြီး နေရာတွေ သွားကြည့်ထား။ သုံးရက်အတွင်း မြို့ထဲက သူဌေးတွေရဲ့ စားနပ်ရိက္ခာ သိုလှောင်ရုံ နေရာတွေကို သေချာ စုံစမ်းထားရမယ်... မိသားစုတိုင်းရဲ့ နာမည် ဂုဏ်သတင်း ဘယ်လိုရှိလဲဆိုတာ သွားကြည့်ပြီး ပြန်လာမှ ဆုံးဖြတ်ချက်ချကြမယ်။
နောက်ထပ် လူတစ်စုက ပစ္စည်းကိရိယာတွေ သွားဝယ်ကြ။ လှုပ်ရှားတဲ့အခါ သတိထားကြ။ တခြားလူတွေ သတိမထားမိစေနဲ့။"
ထို့နောက် ရှဲ့ရှန်းက တစ်ခုချင်းစီကို အသေးစိတ် စီစဉ်ညွှန်ကြားလိုက်၏။
အရာအားလုံး စီစဉ်ပြီးနောက် လျန်ကွေ့က မတ်တပ်ထရပ်ကာ အနေရခက်စွာဖြင့် ပြောလိုက်သည်။ "ဟို... လောင်ရှဲ့။ တကယ်လို့ ဆန်လုတဲ့အချိန် ပြဿနာတစ်ခုခု ဖြစ်လာရင် လူတစ်ရာကျော်ကို ကျုပ် မထိန်းနိုင်ဘူးနော်။ အတွေ့အကြုံ မရှိဘူး။"
ရှဲ့ရှန်းက မျက်မှောင်ကြုတ်လိုက်၏။ "လူတစ်ရာကိုတောင် မထိန်းနိုင်ဘူးလား။ ခင်ဗျား ဘယ်လို ဓားပြ လုပ်ခဲ့တာလဲ။"
လျန်ကွေ့က ညည်းညူလိုက်သည်။ "အာ... ဇာတ်လမ်းတွေ ကြည့်တာ များသွားပြီလား။ တောင်ပေါ်ဓားပြ လုပ်တယ်ဆိုတာ လူအနည်းငယ် ဒါမှမဟုတ် ဆယ်ယောက်ကျော်လောက်ဆို ရပြီလေ။ အရင်တုန်းက ကျုပ် တောင်ပေါ်မှာ နေတုန်းကလည်း ညီအစ်ကို ဆယ်ယောက်ကျော်လောက်ပဲ ရှိတာ။ မဟုတ်ရင် သခင်လေး သိမ်းပိုက်တာကို ဘယ်လိုလုပ် ခံရမှာလဲ။
"ခင်ဗျား လူဆယ်ယောက်ကျော်လောက်ကိုပဲ ဦးဆောင်ဖူးတာကို ဆန်လုမယ်လို့ လာပြောရဲသေးတယ်ပေါ့လေ။" ရှဲ့ရှန်းသည် ဒေါသကြောင့် နှာခေါင်းများပင် ပွတက်လာ၏။
အကုန်လုံး စီစဉ်ပြီးနေပြီ။ အဓိက လူက အသုံးမကျဘူးဆိုရင် ဒီကိစ္စ ဘယ်လိုလုပ်ရတော့မလဲ။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးမှတော့ သေချာပေါက် သေချာအောင် စီစဉ်ရမယ်။
ရှဲ့ရှန်း၏ အကြည့်က လူတိုင်းအပေါ်သို့ ထပ်မံ ရောက်ရှိသွားသော်လည်း အသုံးကျမည့်သူ တစ်ယောက်မှ မရှိကြောင်း တွေ့လိုက်ရသည်။
"ဒီအခြေအနေ ရောက်နေမှတော့ တခြားနည်းလမ်း မရှိတော့ဘူး။ လူခေါ်မယ်။"
"ဘယ်သူ့ကို ခေါ်မှာလဲ။"
"ကိုယ်ခံပညာ စာမေးပွဲမှာ ပထမရထားသူ။"
"ချီး..." အားလုံးက အထင်သေးသည့် အသံများ ထွက်လာကြ၏။
လျန်ကွေ့က ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။ "ခင်ဗျား တွေးတတ်သေးတယ်နော်။ ကျိုးထျဲ့ ဆိုတဲ့ အသုံးမကျတဲ့ကောင်က စား၊ သောက်၊ ဖာချ၊ လောင်းကစား လုပ်တာနဲ့ ကျန်းပြောင်ရဲ့ အရိုက်ခံရတာကလွဲပြီး ဘာတတ်သေးလို့လဲ။ ဘယ်ဦးနှောက် မရှိတဲ့ကောင်က သူ့ကို ကိုယ်ခံပညာ စာမေးပွဲ ပထမရထားသူ ဆိုပြီး နာမည်ပြောင် ပေးထားတာလဲ။"
ရှဲ့ရှန်းက အကူအညီမဲ့စွာဖြင့် ပြုံးလိုက်၏။ "နာမည်ပြောင် မဟုတ်ဘူး... သူက တကယ်ပဲ ကိုယ်ခံပညာ စာမေးပွဲ ပထမရထားသူပဲ။ ဒါပေမဲ့ ချီယန်တိုင်းပြည်က ကိုယ်ခံပညာ စာမေးပွဲ ပထမရထားသူပါ။"
...
လေထုက တစ်ခဏတာ ငြိမ်သက်သွားသည်။
ချက်ချင်းပင် အားလုံးက ရှဲ့ရှန်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်ကြ၏။
လျန်ကွေ့က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "လောင်ရှဲ့... ဒီစကားကို မဆင်မခြင် ပြောလို့ မရဘူးနော်..."
ရှဲ့ရှန်းက မျက်နှာသေဖြင့် ပြောလိုက်၏။ "မဆင်မခြင် ပြောတာ မဟုတ်ဘူး။ သူ အရက်မူးပြီး ကျုပ်ကို ကိုယ်တိုင် ပြောပြထားတာ။"
"အရင်တုန်းက ကျိုးထျဲ့က ကိုယ်ခံပညာ စာမေးပွဲ ပထမရထားသူပဲ။ နန်းတော်တံခါးဝကို မရောက်ခင် စစ်မြေပြင်ဆီ အပို့ခံလိုက်ရတယ်။ ပထမဆုံး တိုက်ပွဲမှာပဲ လက်ရှိ အရှင်မင်းကြီးရဲ့ တိုက်ခိုက်မှုကြောင့် အရှုံးကြီး ရှုံးသွားတာပဲ။
သူက သေချင်ယောင်ဆောင်ပြီး အသက်ဘေးကနေ လွတ်လာတာ။ နောက်ပိုင်း သူ ဘယ်လို တွေးမိလဲ မသိဘူး။ မြို့တော်ကို ထွက်ပြေးပြီး ခိုလှုံဖို့ တောင်တွေ၊ ချောင်းတွေကို ကျော်ဖြတ်လာခဲ့တယ်။ တောက်ယွမ်ခရိုင်မှာ ခဏနားတုန်း ကျန်းပြောင်ရဲ့ အရိုက်ခံလိုက်ရတာပဲ။
နောက်ပိုင်း အဲဒီမှာပဲ နေဖြစ်သွားတယ်။ ဒီကိစ္စကို သိတဲ့သူ သိပ်မရှိဘူး။ သခင်လေး ပြဿနာ မဖြစ်ရအောင် ခင်ဗျားတို့ လျှောက်မပြောကြနဲ့။ အခု ခရိုင်ထဲမှာ တိုက်ပွဲဝင်ဖူးတာ ဒီကောင်ပဲ ရှိတယ်... သူကလွဲရင် သုံးစရာ လူမရှိတော့ဘူး။"
လျန်ကွေ့က သက်ပြင်းချလိုက်သည်။ "ဟေ... စာမေးပွဲ ပထမရထားသူ ဖြစ်ပြီးတာတောင် တိုက်ပွဲမှာ တစ်ခါမှ မနိုင်ဖူးဘူး။ ရန်ဖြစ်တာလည်း မနိုင်ဖူးဘူးဆိုတော့ သူ တကယ် လုပ်နိုင်ပါ့မလား။"
"ကျုပ်ကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ မြို့တော်ကို ရောက်သွားပြီးတဲ့နောက် လမ်းတကာလှည့်ပြီး သူက လောကမှာ ပြိုင်ဘက်ကင်းတယ်လို့ အော်နေတာ... ယုံကြည်ရမယ့်ပုံ မပေါ်ဘူး။ လုံးဝ ယုံကြည်ရမယ့်ပုံ မပေါ်ဘူး..."
"ကျုပ်လည်း မဖြစ်နိုင်ဘူး ထင်တယ်။ ဒီကောင်က နေ့တိုင်း ပြည့်တန်ဆာရုံ သွားတာနဲ့ အရက်သောက် တာကလွဲပြီး ဖမ်းဆီးရေး အရာရှိ လုပ်တာတောင် ရလဒ် အဆိုးဆုံးပဲလေ။ လျန်ကွေ့လုပ်တာပဲ ပိုကောင်းမယ် ထင်တယ်။"
"ရန်ဖြစ်တာလည်း သူ မစွမ်းဘူး။ အဖွဲ့ကျန်းနဲ့ ချတာ ခံရတာများ လှိမ့်၊ပိန့် နေတာပဲ။"
"မဟုတ်က ဟုတ်ကတွေ။ အဖွဲ့မှူးကျန်းနဲ့ အပြန်အလှန် တိုက်ခိုက်နိုင်တာကိုက အရမ်း တော်နေပြီလေ။"
"..."
ရှဲ့ရှန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ "တော်ကြတော့။ မငြင်းကြနဲ့တော့။ အခု သုံးစရာ လူမရှိတော့ဘူးဆိုတော့ သူ့ကို အရင်ခေါ်လိုက်။ အသုံးမကျရင်လည်း ပြဿနာ မရှိပါဘူး။ ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။"