အခန်း (၁၇၃-၁၇၄)
Vol. 11 Ch. 173-174
အပိုင်း (၁၇၃) ဖန်ကျန်းရီ၏ ပြိုင်ဘက်ကင်း ကိုယ်ခံပညာ။
"အားလုံး ပြဿနာ မရှိဘူးဆိုရင် သွားလုပ်ကြတော့လေ။ အချိန်မီအောင် ကြိုးစားကြ။ ငွေမလောက်ရင် ကျုပ်ဆီလာခဲ့။"
ရှဲ့ရှန်း စကားပြောပြီးသည်နှင့် လျန်ကွေ့က ချက်ချင်း ပြန်လည် မေးခွန်းထုတ်လိုက်၏။ "ကျုပ်တို့ အားလုံးမှာ အလုပ်ကိုယ်စီ ရှိနေပြီဆိုတော့ ခင်ဗျားက ဘာလုပ်မှာလဲ။"
ရှဲ့ရှန်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ "ကျုပ်လား … ကျုပ်က သေချာပေါက် မြို့ထဲက သူဌေးတွေနဲ့ သွားမိတ်ဖွဲ့ပြီး အဆက်အသွယ် ရှာရမှာပေါ့။ ကျုပ် တစ်ယောက်တည်း ပင်ပန်းချင်လည်း ပင်ပန်းပါစေ။
ပြီးတော့ ကျုပ်တို့ရဲ့ ဒီနေရာက သိပ်မလုံခြုံဘူး။ နံရံတွေမှာ နားတွေ ရှိနေနိုင်လို့ ကျုပ် အပျော်စီးလှေ တစ်စီး သွားဝယ်မလို့။ နောက်ဆိုရင် အပျော်စီးလှေပေါ်မှာပဲ စုကြတာပေါ့။"
“ဘာလို့လဲ။ ခင်ဗျား အရမ်း လွန်လွန်းသွားပြီ။ "
အားလုံးက ချက်ချင်း စိတ်လှုပ်ရှားသွားကြ၏။ ခင်ဗျားကို ဦးဆောင်ခိုင်းတာ ရှေ့က စွန့်စားဖို့။ ဇိမ်ခံဖို့ မဟုတ်ဘူး။
ကျုပ်တို့ ဒုက္ခခံပြီး အလုပ်ကြမ်းတွေ လုပ်နေရချိန်မှာ ခင်ဗျားက ပြည့်တန်ဆာရုံ သွားပြီး စားကောင်းသောက်ဖွယ်တွေ စားမယ် ဟုတ်လား။
ရှဲ့ရှန်းက အသံမြှင့်ကာ ပြောလိုက်သည်။ "ဟုတ်တယ်။ ကျုပ်က ဦးနှောက်ကောင်းလို့ပဲ။ ကျုပ်က စာမေးပွဲအောင်ထားတဲ့ ပညာတတ်လေ။ ခင်ဗျားတို့လို စာမတတ်တဲ့သူတွေက ကဗျာတွေ၊ လင်္ကာတွေ ရွတ်တတ်လို့လား။ ကြီးမြတ်တဲ့ ပညာရှိတွေနဲ့ အတူရယ်မောပြောဆိုနိုင်တယ်။ ဒါကို ခင်ဗျားတို့ သွားလုပ်နိုင်လို့လား။ ခင်ဗျားတို့ သွားလည်း အလကားပဲ။ ဘာစားချင်လဲ။ ကျုပ် ထုပ်လာခဲ့ပေးမယ်။ အကြွင်းအကျန်လေးတွေ စားရုံနဲ့ လုံလောက်ပါပြီ။"
အားလုံးက ရှဲ့ရှန်းကို စကားမပြောနိုင်တော့ဘဲ ငေးကြည့်နေကြ၏။
အားလုံးက လူတန်းစား ခွဲခြားမှုကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
လျန်ကွေ့က ထစ်အစွာဖြင့် ပြောလိုက်သည်။ "လောင်ရှဲ့... ခင်ဗျား... ခင်ဗျားက စာမေးပွဲအောင်ထားတဲ့ ပညာတတ်လား။ ဒါဆို ခင်ဗျား ဘယ်လိုလုပ် တောက်ယွမ်ခရိုင်ကို ရောက်လာတာလဲ။"
"ဟား .. ဟား … ဘယ်လို ရောက်လာရမှာလဲ။ သေချာပေါက် သခင်လေးက ကျုပ့်ရဲ့ အရည်အချင်းကို သဘောကျလို့ တောက်ယွမ်ခရိုင်ကို ဖိတ်ခေါ်ခဲ့တာပေါ့။"
ရှဲ့ရှန်းက အလွန် ဂုဏ်ယူနေ၏။
"အရင်တုန်းက မြို့တော်ကို စာမေးပွဲသွားဖြေတုန်းက သခင်လေးနဲ့ မတော်တဆ ဆုံခဲ့တာ။ ကျုပ်တို့ နှစ်ယောက် စကားပြောရတာ အရမ်း အဆင်ပြေတယ်။ နောက်ပိုင်း ကျုပ်က သခင်လေးကို ကတိပေးခဲ့တယ်။ အကယ်၍ စာမေးပွဲ မအောင်ရင် တောက်ယွမ်ခရိုင်ကိုလာပြီး သခင်လေးအတွက် အလုပ်လုပ်ပေးမယ်လို့။"
လျန်ကွေ့က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "နောက်ပိုင်း တကယ် စာမေးပွဲကျသွားတာပဲ။ ကြည့်ရတာ ဘာအရည်အချင်းမှ မရှိဘူး ထင်တယ်။ သခင်လေးလည်း အကဲခတ် မှားသွားတာပဲ။"
"တလွဲတွေ။"
ရှဲ့ရှန်းက ဝမ်းနည်းဒေါသထွက်နေသည့် မျက်နှာဖြင့် ပြောလိုက်၏။ "ကျုပ် အဲဒီတုန်းက စာမေးပွဲကို လုံးဝ မဖြေလိုက်ရဘူး။ မြို့တော်နား ရောက်ခါနီးမှာ ဓားပြတွေနဲ့ ကြုံပြီး လမ်းစရိတ်ရော၊ စာရေးကိရိယာတွေပါ အကုန် အလုခံလိုက်ရတယ်။
"ကျုပ် ရှဲ့ရှန်းက ဆယ်နှစ်ကျော် စာဖတ်လာတာ။ အဆင့်မြင့် စားမေးပွဲအောင်ဖို့ဆိုတာ လွယ်လွယ်လေးရယ်... ထင်မထားခဲ့ဘူး..."
ရှဲ့ရှန်း၏ မျက်နှာပေါ်တွင် အလွန် နာကျင်သည့် အမူအရာ ပေါ်လာ၏။ ပညာတတ် တစ်ယောက်၏ အမြင့်မားဆုံး ရည်မှန်းချက်က ထိုနေ့တွင် ပျက်စီးသွားခဲ့သည်။
လူအုပ်ထဲမှ အသံတိုးတိုးလေး တစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ "လောင်ရှဲ့... အဲဒီတုန်းက ခင်ဗျားကို လုခဲ့တာ ကျုပ်ပါ။ တောင်းပန်ပါတယ်။ အဲဒါ အကုန်လုံး လောင်..."
ရှဲ့ရှန်းက တစ်ခဏတာ ကြောင်သွားပြီးနောက် လူရူးတစ်ယောက်လို ခုန်ဝင်သွားတော့၏။
"ချီးတဲ့မှ ….. ခင်ဗျားကို သေအောင် သတ်ပစ်မယ်။"
"လောင်ရှဲ့၊ လောင်ရှဲ့။ ဒေါသလျှော့ပါ၊ ဒေါသလျှော့ပါ။"
"ရပ်လိုက်ပါ။ ခင်ဗျားတို့ ဆက်မရိုက်ကြနဲ့တော့။"
"..."
...
ပန်းရှန်းရပ်ကွက်အတွင်း။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့က ခြံဝင်းအတွင်း၌ သက်သောင့်သက်သာ ထိုင်ကာ လက်ဖက်ရည် သောက်နေကြ၏။
လီယွမ်ကျောက်က ကောင်းကင်ကို ကြည့်ရင်း တစ်ခါတစ်ရံ သက်ပြင်းချနေသည်။
ဖန်ကျန်းရီက နားထောင်ရင်း စိတ်အနှောင့်အယှက် ဖြစ်လာကာ သူ့ကို စွေကြည့်လိုက်၏။ "အိမ်ရှေ့စံ... သက်ပြင်းမချဘဲ နေလို့ ရမလား။ အဆိုးမြင်စိတ်တွေက လူကို ကူးစက်တတ်တယ်။"
"အဆိုးမြင်စိတ် ဆိုတာ ဘာလဲ။"
"ဘယ်လိုပြောရမလဲ... အရှင်မင်းကြီးက ခင်ဗျားကို ရိုက်တဲ့အချိန် ခင်ဗျားဆီကို အဆိုးမြင်စိတ်တွေ ဝင်ရောက် လာတာပေါ့။"
"ဪ..."
လီယွမ်ကျောက်က လက်ဖက်ရည်ခွက်ကိုချကာ မုန့်တစ်ချပ်ကို ယူ၍ အကြီးကြီး ကိုက်စားလိုက်ပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။ "ခင်ဗျားပြောကြည့်။ ကျုပ်က ခမည်းတော်ရှေ့မှာ စကားပြောတာ ဘာလို့ အရာမရောက်တာလဲ။ စားနပ်ရိက္ခာ ဈေးနှုန်းကို သေချာပေါက် ဖိနှိပ်လို့ မရဘူးလို့ ကျုပ် ထင်တယ်။"
ဖန်ကျန်းရီက ပခုံးတွန့်လိုက်၏။
"သူတို့က လူများလို့လေ။ စားနပ်ရိက္ခာ ဘေးဒုက္ခကိစ္စကို အိမ်ရှေ့စံ ထပ်မတွေးပါနဲ့တော့။ ကိုယ့်ဖင် ဘယ်လောက်ကြီးလဲဆိုတာ ကြည့်ပြီးမှ ဘောင်းဘီ ဝယ်ဝတ်ရတယ်လေ...။ ဒီကိစ္စက လူတစ်ယောက်ရဲ့ အကြံဉာဏ် တစ်ခုတည်းနဲ့ အပြည့်အဝ ဖြေရှင်းနိုင်တာ မဟုတ်ဘူး။ တတ်နိုင်သလောက် လုပ်ရုံပဲပေါ့။"
လီယွမ်ကျောက်က စိတ်ရှုပ်ထွေးနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ "အခြေအနေ မကောင်းဘူးလို့ ကျုပ် ခံစားနေရတယ်။ ခင်ဗျား သိလား။ မနေ့ညက ကျုပ် ခမည်းတော်ဆီ နှုတ်ဆက်ဖို့ သွားတုန်းက စာကြည့်ဆောင်ထဲမှာ အဆိုပြုလွှာ တစ်စောင် တွေ့ခဲ့တယ်။
တောင်ပိုင်းက ထုန်ကုဆိုတဲ့ နေရာမှာ စားနပ်ရိက္ခာ ဘေးဒုက္ခ ဖြစ်နေပြီး ငတ်မွတ်နေတဲ့ ပြည်သူတွေက ကွမ်ရင်မြေကိုတောင် လုစားနေကြရတယ်တဲ့။ ကွမ်ရင်မြေဆိုတာ ဘာလဲ။ မြေကြီးကို စားလို့ရလို့လား။"
ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို ကိုင်၍ သောက်ခါနီး ရုတ်တရက် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။ ထို့နောက် ပက်လက်ကုလားထိုင်ပေါ်တွင် ဖြည်းညင်းစွာ လှဲချလိုက်၏။
"အဲဒါက မြေကြီး တစ်မျိုးပါပဲ။ စားလို့ရတယ်။"
လီယွမ်ကျောက်က ဖန်ကျန်းရီကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ “ဖန်ကြီး... ခင်ဗျား စားဖူးလား။ စားလို့ ကောင်းလား။"
ဖန်ကျန်းရီက ကောင်းကင်ကို ငေးကြည့်ရင်း တိုးညင်းစွာ ပြောလိုက်၏။ "နည်းနည်းတော့ စားဖူးတယ်။"
"စားလို့ ကောင်းတယ်... ဂျုံမှုန့်လိုပဲ။ ဒါပေမဲ့ ပါးစပ်ထဲမှာ ကပ်နေတာပေါ့။ စားမိရင် ရပ်လို့ မရတော့ဘူး။"
လီယွမ်ကျောက်က သွားရည်ကျလာသည်။ "ဘယ်မှာရှိလဲ။ ကျုပ် မြည်းကြည့်ချင်လို့..."
ဖန်ကျန်းရီက ပြုံးလိုက်၏။ "တောက်ယွမ်ခရိုင်က တရားရုံး သစ်သားတုံးကို ကွမ်ရင်မြေနဲ့ ဖုတ်ထားတာလေ။ အိမ်ရှေ့စံ စားချင်ရင် ကျုပ် တစ်တုံး လက်ဆောင်ပေးမယ်။"
လီယွမ်ကျောက်လည်း ပြုံးလိုက်သည်။ "ဖန်ကြီးရယ်... ခင်ဗျားက ကျုပ်ကို တကယ်ပဲ အရူးလို့ ထင်နေတာလား။ စားလို့ မကောင်းတာ သေချာတယ်။ စားလို့ ကောင်းရင် အရမ်းငတ်နေတဲ့ အချိန်ရောက်မှ အလုအယက် သွားစားပါ့မလား။ အမြဲ စားနေမှာပေါ့။”
"အိမ်ရှေ့စံက ဉာဏ်ကောင်းပါတယ်။ ကျုပ်တောင် ရှက်သွားပြီ။"
လီယွမ်ကျောက်က ခဏတာ စဉ်းစားပြီးနောက် မြေကြီးပေါ်မှ မြေကြီး အနည်းငယ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်ရာ ချက်ချင်းပင် မျက်နှာတစ်ခုလုံး ရှုံ့တွသွား၏။
"ထွီ … ထွီ … ထွီ …"
"ထွီ …. မြေကြီးတွေချည်းပဲ။ ဒီအရသာပဲ ဖြစ်မှာပေါ့။ ဒီဟာကို စားရင် လူသေနိုင်တယ် မဟုတ်လား။"
"တောင်ပိုင်းမှာ ဘယ်လို အခြေအနေတွေ ဖြစ်နေပြီလဲ မသိဘူး။ လူအချင်းချင်း စားတဲ့ အခြေအနေအထိ ရောက်နေပြီလား။"
ဖန်ကျန်းရီက ထိုအခြင်းအရာကို မြင်တော့ အနည်းငယ် သက်ပြင်းချမိသည်။ "အိမ်ရှေ့စံ တကယ် ကယ်ဆယ်ချင်နေတာလား။"
လီယွမ်ကျောက်က ပြန်မေးလိုက်၏။ "ဒါမှမဟုတ်ရင် ခင်ဗျားက မကယ်ချင်ဘူးလား။"
"ကယ်နိုင်ရင်တော့ ကယ်မှာပေါ့။ မကယ်နိုင်ရင်လည်း ထားလိုက်မယ်။ ကျုပ်က ဒီလိုပဲ တွေးထားတာ။ ကျုပ်က သာမန်လူ တစ်ယောက်ပါ။ တချို့ကိစ္စတွေက လူရဲ့ ဆန္ဒအတိုင်း ပြောင်းလဲသွားတာမှ မဟုတ်တာ။"
"အခု ဘယ်လိုလုပ်မလဲ။"
"အိမ်ရှေ့စံ ကယ်ချင်တယ်ဆိုရင် ကျုပ်လည်း ကယ်ချင်သွားပြီ။"
လီယွမ်ကျောက်က လက်ခုပ်တီးကာ ပက်လက်ကုလားထိုင်ပေါ်မှ ခုန်ထလာ၏။ "ဟေး... ကျုပ်သိသားပဲ။ ခင်ဗျားက ညီလာခံ တက်ရင် အိပ်တာနဲ့ ခမည်းတော်ကို ဖားယားတာကလွဲပြီး ဘာမှ မလုပ်တတ်ဘူး ဆိုပေမဲ့ အရည်အချင်း မရှိတာမှ မဟုတ်တာ။ ဖန်ကြီး … ခင်ဗျားမှာ ဉာဏ်နီဉာဏ်နက် အများကြီး ရှိတယ်။ အခု ဘာနည်းလမ်း ရှိလဲ။"
ဖန်ကျန်းရီက ချက်ချင်း အသံမြှင့်ကာ ပြောလိုက်သည်။ "ဘာဖားယားတာလဲ။ ကျုပ်က ရင်ထဲက စကားတွေကို ပြောရုံ သတ်သတ်ပဲ။ အရှင်ခင်ဗျားကြီးရဲ့ ဉာဏ်ပညာကြီးမားမှုက လောကတစ်ခုလုံး သိတဲ့ အရာလေ။ ကျုပ် နန်းတွင်းကို ဝင်နိုင်ခဲ့တာက..."
ခြံရိုးအပြင်ဘက်ရှိ လမ်းသွားလမ်းလာများက ခြံဝင်းအတွင်းမှ ထွက်ပေါ်လာသည့် ဖားယားသံများကို ကြားရသောအခါ ရပ်တန့်သွားကြ၏။
လီယွမ်ကျောက်က မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။ "တော်လောက်ပြီ ဖန်ကြီး။ ဒီမှာ ကျုပ်တို့ နှစ်ယောက်တည်း ရှိတာပါ။"
ဖန်ကျန်းရီက မျက်နှာကို တည်ငြိမ်စွာ ထားလိုက်၏။ "နည်းလမ်း ရှိပါတယ်။ ကျောက်တိုင်စိုက်ပြီး ဂုဏ်ပြုမှတ်တမ်း တင်တာပေါ့။"
လီယွမ်ကျောက်၏ မျက်လုံးများက တောက်ပသွားသည်။ "အသေးစိတ် ပြောပြစမ်းပါ။"
"မြို့တော်ထဲက အရာရှိတွေဆိုတာ နိုင်ငံအနှံ့အပြားက စုဝေးရောက်ရှိလာကြတာလေ။ နန်းတော်မှာ အရာရှိ လုပ်နိုင်တဲ့သူတိုင်းက ဒေသခံ သူဌေးတွေချည်းပဲ။ သူတို့ဆီကနေ စားနပ်ရိက္ခာ ကောက်ခံတာက အများကြီး ပိုလွယ်တယ်။
ဒါပေမဲ့ တိုက်ရိုက် သွားချေးရင် ဒီလူတွေက အကြောင်းအမျိုးမျိုးပြပြီး ငြင်းကြမှာ သေချာတယ်။ ဒါကြောင့် မိသားစုတိုင်း လှူဒါန်းတဲ့ စားနပ်ရိက္ခာ ပမာဏကို စာရင်းပြုစုပြီး အဆင့်သတ်မှတ်ချက် ထုတ်ပြန်မယ်။ ပြီးတော့မှ ပြည်သူတွေကြားထဲမှာ ဝါဒဖြန့်တာပေါ့။ ဒီလိုလုပ်လိုက်ရင်... အမတ်တွေ အားလုံးက တက်တက်ကြွကြွ လှူဒါန်းကြမှာ မဟုတ်ဘူးလား။"
လီယွမ်ကျောက်က ပါးစပ်အဟောင်းသား ဖြစ်သွား၏။ "ဒါ ဘာအသုံးမကျတဲ့ အကြံလဲ။ သူတို့တွေ ပူးပေါင်း သွားကြမှာ မဟုတ်ဘူးလား။ ဒီလောက် လွယ်လွယ်နဲ့ ပြဿနာ ဖြေရှင်းနိုင်မယ်လို့ ကျုပ် မယုံဘူး။"
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်သည်။ "ဒီလောက် မလွယ်ကူတာတော့ သေချာတာပေါ့။ ကျုပ် လုပ်ချင်တာက အဆင့်မြင့် နည်းလမ်းပဲ။ အိမ်ရှေ့စံ သိလား။ ကျုပ်မှာ ကိုယ်ခံပညာ နှစ်ရပ် ရှိလို့သာ ဒီကနေ့အထိ အသက်ရှင်ပြီး ရေပေါ်က ကြာဖက်လို နေနိုင်တာ။ ဒီကိုယ်ခံပညာ နှစ်ရပ်ကို ထုတ်သုံးလိုက်ရင် သူရဲကောင်း အားလုံး လက်မြှောက် အရှုံးပေးရမှာပဲ။"
လီယွမ်ကျောက် လုံးဝ စိတ်လှုပ်ရှားသွားခဲ့၏။ "ခင်ဗျားမှာ ပြိုင်ဘက်ကင်း ကိုယ်ခံပညာ ရှိတယ်ပေါ့။ မြန်မြန်... မြန်မြန် ကျုပ့်ကို ပြစမ်းပါ။ ကျန်းပြောင်ထက်တောင် ပိုတော်သေးတာလား။"
ဖန်ကျန်းရီက ခေါင်းယမ်းလိုက်၏။ "မဟုတ်ဘူး။ ကျန်းပြောင်က ရုပ်ပိုင်းဆိုင်ရာကို တိုက်ခိုက်တာ။ ကျုပ် က စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်တာ။"
အပိုင်း (၁၇၄) ကျုပ် သတင်းစာ ထုတ်ချင်တယ်။
"စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု။ ဒီလို ကိုယ်ခံပညာမျိုး ရှိတယ်ပေါ့။" လီယွမ်ကျောက်က အံ့အားသင့်သွား၏။
ဖန်ကျန်းရီက လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံမျိုး ဖမ်းလိုက်သည်။
"မှန်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ။ ကျုပ်ရဲ့ ပထမဆုံး ကိုယ်ခံပညာက မိန်းမ လက်သီး လို့ ခေါ်တယ်။ ဒီလက်သီး ထွက်လာရင် သူရဲကောင်းအားလုံး လက်မြှောက် အရှုံးပေးရမှာပဲ။
ဒီလက်သီးသိုင်းက အစပိုင်း သင်ယူခါစမှာပဲ အစွမ်းထက်တယ်။ ကြက်တူရွေးလို တတွတ်တွတ် ရွတ်နေရုံနဲ့တင် သူရဲကောင်းတွေကို ယှဉ်ပြိုင်နိုင်တယ်။ နောက်ထပ်တစ်ဆင့် တက်သွားရင်တော့ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပြီး တစ်နယ်လုံးကို စိုးမိုးနိုင်တယ်။
အကယ်၍ များများ လေ့ကျင့်မယ်ဆိုရင် အရာဝတ္ထုတွေအပေါ်မှာ မှီခိုနေစရာ မလိုတော့ဘူး။ မြက်၊ သစ်ပင်၊ ဝါး၊ ကျောက်ခဲ အားလုံးက လက်သီး ဖြစ်လာနိုင်တယ်။ နောက်ဆုံး လက်သီးမပါဘဲ အနိုင်ယူနိုင်တဲ့ အဆင့်ကို ရောက်သွားရင်တော့ စကားတစ်ခွန်း ပြောလိုက်တာနဲ့ တစ်ဖက်လူ မျက်နှာထားစရာ နေရာ မရှိတော့အောင် ဖြစ်သွားတယ်။
ဒါပေမဲ့ ဒီနည်းလမ်းက ယောကျ်ားတွေ အပေါ်မှာပဲ အသုံးဝင်တာ။ ပြီးတော့ တစ်ဖက်လူက ရှက်စိတ်ကြောင့် ဒေါသထွက်ပြီး ကိုယ့်ကိုလာသတ်နိုင်ခြေ ရှိတယ်။ ဒါကြောင့် ကျန်းပြောင်နဲ့ တွဲသုံးမှ ရမယ်။"
လီယွမ်ကျောက်က ပါးစပ်ကြီးဟကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။ "ဒါဆို ခင်ဗျားက ဘယ်အဆင့်ကို ရောက်နေပြီလဲ။"
"ကြက်တူရွေးလို ရွတ်တဲ့ အဆင့်ပါ..."
"အော်... ဒါဆို ဒုတိယ တစ်မျိုးကရော။"
ဖန်ကျန်းရီက မတ်တပ်ထရပ်ကာ ပခုံးကို ဖြေလျှော့လိုက်သည်။ "ဒုတိယ တစ်မျိုးကတော့ အရမ်း အစွမ်းထက်တယ်။ ကိုယ်ကျင့်တရားကို ဖိနှိပ်ခြင်းလို့ခေါ်တယ်။
ဒါက ကျုပ် အကြိုက်ဆုံး ကိုယ်ခံပညာပဲ။ ယောကျ်ား၊ မိန်းမ၊ အသက်အရွယ်မရွေး အသုံးဝင်တယ်။ အရှုံးမရှိဘူး။ ကျုပ်တို့ အမတ်တွေဆီကနေ စားနပ်ရိက္ခာ ကောက်ခံမယ်ဆိုရင် ကိုယ်ကျင့်တရားကို ဖိနှိပ်ရမယ်။
ဒါက ကျောက်တိုင်စိုက်ပြီး ဂုဏ်ပြုမှတ်တမ်း တင်တာရဲ့ အဆင့်မြင့် နည်းလမ်းပဲ။"
"ဒါဆိုရင် ကျုပ်တို့က ဘယ်လို ဖိနှိပ်မှာလဲ။"
လီယွမ်ကျောက်က မူလတန်း ကျောင်းသားလေး တစ်ယောက်လို ကုလားထိုင်ပေါ်တွင် ထိုင်ကာ စိတ်အားထက်သန်စွာ နားထောင်နေ၏။
ဖိနှိပ် ခြိမ်းခြောက်တာက စိတ်ဝင်စားစရာ ကောင်းတယ်။ ဟို မိန်းမလက်သီး ဆိုတာကြီးက ကြားရတာ အဓိပ္ပာယ် မရှိသလိုပဲ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတဲ့... တကယ့်ကို အဓိပ္ပာယ် မရှိဘူး။
"သတင်းစာလေ။ ပြီးတော့ ဒီကိစ္စကို အိမ်ရှေ့စံ ကိုယ်တိုင် လုပ်မှ ဖြစ်မယ်။"
ဤအရာကို ဖန်ကျန်းရီ ထုတ်မသုံးချင်ခဲ့ချေ။ တောက်ယွမ်ခရိုင်အတွက် စက္ကူထုတ်လုပ်သည့် ကုန်ကျစရိတ်က အပြင်ထက် ပိုသက်သာသည်။
သို့သော်ငြား ကျင်းဘုရင်က မသိချေ။ ကျင်းဘုရင်က ဖန်ကျန်းရီကို အသုံးအဖြုန်းကြီးသူဟုသာ အမြဲ ထင်မှတ်ထား၏။
ကုန်ကျစရိတ် သက်သာတဲ့ စက္ကူထုတ်လုပ်နည်းကို ဖန်ကျန်းရီက အချိန်အခါကောင်းကို စောင့်ပြီးမှ ထုတ်သုံးချင်ခဲ့သည်။ သူ့၌ ရန်သူများ ပေါများသည်။ ဖြေရှင်း၍ မရနိုင်သည့် ပြဿနာမျိုး ကြုံလာရလျှင် သူ၏ ဝှက်ဖဲများက သူ၏ ဒိုင်းကာပင်။ တစ်ခုသုံးလို့ လျော့သွားလျှင် တစ်ခုစာ နှမျောရသည်။
သတင်းစာ ပုံနှိပ်ထုတ်ဝေရေးမှာလည်း ခက်ခဲလှသည် မဟုတ်ပေ။ ကျင်းတိုင်းပြည်တွင် ရွှေ့ပြောင်းတပ်ဆင်နိုင်သော စာလုံးပုံနှိပ်စက်များ ရှိနေပြီဖြစ်ရာ သတင်းစာ အမြောက်အမြားကို အချိန်မီ ပုံနှိပ်ထုတ်ဝေနိုင်ရန် မည်သည့်အခက်အခဲမှ မရှိနိုင်တော့ချေ။
ဒုတိယအချက်အနေဖြင့်စောင်ရေ အများအပြား ရိုက်နှိပ်ရန် မလိုအပ်ပေ။ အကြောင်းမှာ မြို့တော်အတွင်း၌ စာတတ်ပေတတ်ဟူ၍ လူတစ်စုမျှသာ ရှိသောကြောင့်ပင်။ သူတို့၏ အသိုင်းအဝိုင်းမှာ ကျဉ်းမြောင်းလှရာ အချင်းချင်း လက်ဆင့်ကမ်း ဖတ်ရှုနိုင်ကြသည်။ သို့ဖြစ်ရာ စောင်ရေ ထောင်ဂဏန်းမျှဖြင့် မြို့တော်တစ်ခုလုံး၏ လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည်။
ဖန်ကျန်းရီ စိုးရိမ်နေသည့် ပြဿနာက သတင်းစာ ထွက်လာလျှင် သက်ရောက်မှု ကြီးမားမှာ ဖြစ်ပြီး ပြဿနာ ကြီးသွားပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခံရခြင်း သို့မဟုတ် တားမြစ်ခံရခြင်းမျိုး ဖြစ်လာနိုင်၏။
အလုပ်ကို တစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်ရလျှင် ယခင် ကြိုးစားခဲ့သမျှ အရာအားလုံး အလကား ဖြစ်ကုန်ပေမည်။ အိမ်ရှေ့စံကို အသုံးချပြီး သတင်းစာ ထုတ်လျှင်တော့ အနည်းငယ် ပိုပြီး လုံခြုံစိတ်ချရပေမည်။
လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်သည်။ "သတင်းစာဆိုတာ ဘာလဲ။"
ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "သတင်းစာဆိုတာ အစိုးရ သတင်းစဉ်လိုမျိုးပဲ။ ဒါပေမဲ့ သူက နေ့တိုင်း ဖြစ်ပျက်နေတဲ့ အကြီးအသေး ကိစ္စတွေကို မှတ်တမ်းတင်တာ။ ပြီးတော့ ပိုပြီးထိရောက်အောင် နေ့စဉ်ထုတ် သတင်းစာ လုပ်ရမယ်။ နေ့တိုင်း သတင်းစာ ထုတ်ရမယ်။"
လီယွမ်ကျောက်က အနည်းငယ် နားမလည်သေးချေ။ "ဒါပေမဲ့ ဒီလိုလုပ်တာက ဘာအဓိပ္ပာယ် ရှိလို့လဲ။ မြို့တော်ထဲမှာ ပညာတတ်တွေက နည်းနည်းပဲ ရှိတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းဖြစ်လာရင် အရင်တည်းက ပျံ့နှံ့နေကြပဲ။ ပြီးတော့ နေ့တိုင်း တစ်စောင် ထုတ်ဖို့ ရေးစရာ အကြောင်းအရာက အဲဒီလောက် အများကြီး ရှိလို့လား။"
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "သေချာပေါက် အဓိပ္ပာယ် ရှိတာပေါ့။ ရေးစရာတွေလည်း အများကြီး ရှိတယ်။ အိမ်ရှေ့စံ မှတ်ထားရမှာက လူတွေဆိုတာ တကယ်တမ်း အရေးကြီးတဲ့ကိစ္စတွေကို စိတ်မဝင်စားကြဘူး။
အားလုံးက ရှုပ်ယှက်ခတ်နေတဲ့ ကိစ္စတွေကို အဖတ်ချင်ဆုံးပဲ။ ဥပမာအနေနဲ့ ကျုပ် မေးမယ်။ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်မှာ ငွေဘယ်လောက် ရှိလဲဆိုတာ အိမ်ရှေ့စံ သိချင်လား။"
လီယွမ်ကျောက်၏ မျက်လုံးများက တောက်ပသွား၏။ "သိချင်တာပေါ့။ ခင်ဗျား သိလို့လား။"
ဖန်ကျန်းရီက လက်ယမ်းလိုက်သည်။ "ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ ကြည့်လေ။ ဒါက ဥပမာ တစ်ခုပဲ။ အားလုံးက အရှင်မင်းကြီးလောက် မချမ်းသာကြပေမဲ့ အရှင်မင်းကြီးမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆိုတဲ့ ကိစ္စကိုတော့ အားလုံး စိတ်ဝင်စားကြတယ်။
ဒီလိုဆိုတော့... အမတ်ကြီးလီအိမ်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ။ အမတ်ကြီးကျိန့်အိမ်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ။ ဒီမေးခွန်းတွေကို ဘယ်သူက စိတ်မဝင်စားဘဲ နေမှာလဲ။ နောက်ပြီး ကြက်မှာ အတောင်ပံ ခြောက်ခု ပေါက်လာတာ။ ဝက်မကြီးက လူကလေး မွေးလာတာ။ ဒီလိုကိစ္စတွေကိုရော အိမ်ရှေ့စံ စိတ်ဝင်စားလား။"
"စိတ်ဝင်စားတာပေါ့။"
"ကြည့်ချင်လား။"
"ကြည့်ချင်တယ်။"
ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ "ဒါဆိုရင် မှန်သွားပြီ။ ဒါက သတင်းစာရဲ့ ဆွဲဆောင်မှု တစ်ခုပဲ။ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးတာအပြင် လူတွေရဲ့ စူးစမ်းလိုစိတ်ကိုလည်း ဖြည့်ဆည်းပေးရမယ်။
ကျုပ်တို့က အရင်ဆုံး စာဖတ်တတ်တဲ့ သူတချို့ကို ငှားပြီး လမ်းတကာ၊ အိမ်တကာ လှည့်လည်မယ်။ နေ့စဉ် ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို စုဆောင်းခိုင်းမယ်။ ပြီးရင် အဲဒါတွေကို သတင်းစာပေါ်မှာ ရေးပြီး နေ့တိုင်း ထုတ်ဝေမယ်။ သတင်းတွေ အပြင် ပညာတတ်တွေဆီကနေ စာမူတွေ ဖိတ်ခေါ်ပြီး လှပတဲ့ ကဗျာတွေ၊ လင်္ကာတွေကိုလည်း ဖော်ပြပေးလို့ ရတယ်။
နောက်ထပ် ဝေးဝေးလေး ထပ်တွေးကြည့်ရအောင်။ ဒီသတင်းစာက တခြား ဘာတွေ လုပ်လို့ ရသေးလဲ ဆိုတာအိမ်ရှေ့စံ စဉ်းစားကြည့်။"
ဖန်ကျန်းရီ၏ မျက်လုံးများထဲတွင် လောဘ အရိပ်အယောင်များ တောက်ပနေ၏။
လီယွမ်ကျောက်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ "ကြော်ငြာတွေ လုပ်လို့ ရသေးတယ်။ ကုန်သည်တွေဆီကနေ ပိုက်ဆံကောက်လို့ ရတယ်။"
"ဟားဟား …. အရမ်း မှန်တာပေါ့။ ပိုက်ဆံယူပြီး အင်တာဗျူး လုပ်ပေးလို့လည်း ရသေးတယ်။ အရည်အချင်း ရှိပေမဲ့ နေရာမရသေးတဲ့ ကျောင်းသားတွေကို နာမည်ကြီးဖို့ အခွင့်အရေး ဝယ်ခိုင်းလို့ ရတယ်။"
"ဒီအတိုင်း ဆက်သွားရင် ကျုပ်တို့တွေ အမြတ်ကြီး အမြတ်တော့မှာပဲ။"
ဖန်ကျန်းရီက ခြံဝင်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး နောက်ပိုင်း သတင်းစာကနေ အကျိုးအမြတ် ဘယ်လို အများဆုံး ရနိုင်သနည်းကို စိတ်ကူးယဉ်နေ၏။
လီယွမ်ကျောက်က ထပ်မေးပြန်သည်။ "ဟုတ်တယ် .. ခင်ဗျားပြောတာတွေ အားလုံး ကောင်းပါတယ်။ ကျုပ်လည်း နားလည်သွားပြီ။ ဒါပေမဲ့ အမတ်တွေ ဆန်လှူလာအောင် ဘယ်လို ကိုယ်ကျင့်တရားနဲ့ ဖိနှိပ် ခြိမ်းခြောက်ရမှာလဲ။"
ဖန်ကျန်းရီက စိတ်ကို ငြိမ်အောင် ထားလိုက်၏။ "အိမ်ရှေ့စံ မလောပါနဲ့။ ကျုပ် ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်။"
"သတင်းစာဆိုတာ လုံလောက်တဲ့ သက်ရောက်မှု ရှိလာဖို့ သတင်းအချက်အလက်တွေက အမှန်တကယ် မှန်ကန်နေဖို့ အာမခံရမယ်။
ဒါကြောင့် ကျုပ်တို့က သတင်းတွေ မှန်ကန်မှုကို သေချာအောင် လုပ်ရမယ်။ မြို့တော်က ဒီလောက်ပဲ ကျယ်တာလေ။ အကယ်၍ လိမ်ညာထားရင် စိတ်ဝင်စားတဲ့သူ တစ်ယောက်ယောက်က စုံစမ်းလိုက်တာနဲ့ သတင်းစာရဲ့ သက်ရောက်မှု အများကြီး လျော့ကျသွားမှာပဲ။
ဒါကြောင့် သတင်းအဖွဲ့ သီးသန့် ဖွဲ့စည်းပြီး သတင်းတွေကို အကြိမ်ကြိမ် စစ်ဆေးရမယ်။ မှန်ကန်တယ်ဆိုတာ သေချာမှ သတင်းစာထဲ ထည့်ရမယ်။
ဖော်ပြမယ့် ကဗျာတွေ၊ လင်္ကာတွေကိုလည်း အကဲဖြတ်မယ့် အဖွဲ့ သီးသန့် ဖွဲ့စည်းပြီး အမှတ်ပေးရမယ်။ သတင်းစာပေါ် ပါလာမယ့် ဟာတွေက အကောင်းဆုံးထဲက အကောင်းဆုံးတွေ ဖြစ်ရမယ်။ဒီလိုဆိုရင် မကြာခင်မှာပဲ ကျုပ်တို့ရဲ့ နာမည်ကောင်းက ပျံ့နှံ့သွားမှာပဲ။
အဲဒီအချိန်ကျရင် ကျုပ်တို့က နန်းတွင်းက အရာရှိကြီးတွေရဲ့ စားနပ်ရိက္ခာ သိုလှောင်မှုကို စတင် အဆင့်သတ်မှတ်လို့ ရပြီ။ ဘယ်မိသားစုမှာ ငွေဘယ်လောက်၊ ဆန်ဘယ်လောက် ရှိလဲဆိုတာကို သေချာ မှတ်တမ်းတင်ပြီး အဆင့်သတ်မှတ်ချက် ထုတ်ပြန်ရမယ်။ အဲဒီအခါကျရင် ကျုပ်တို့က သတင်းစာကတစ်ဆင့် သူတို့ကို အလှူငွေ ထည့်အောင် ဖိအားပေးမယ်။
မိသားစုတိုင်း ဘယ်လောက် လှူတယ်ဆိုတာကိုလည်း သတင်းစာကတစ်ဆင့် အစွမ်းကုန် ကြေညာပေးရမယ်။အကယ်၍ မလှူတဲ့သူ ရှိရင် ကျုပ်တို့က သူတို့ကို အပေါ်ယံ ချီးမွမ်းပြီး သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ လှောင်ပြောင်တဲ့ ဆောင်းပါးတွေ ရေးမယ်။ လမ်းဘေးမှာလည်း သတင်းစာ ဖတ်ပြမယ့်သူ တချို့ ထားပြီး နေ့တိုင်း လမ်းပေါ်ရပ်ပြီး အဆက်မပြတ် ဖတ်ပြခိုင်းမယ်... ဒီလိုလုပ်ရင် သူတို့ မလှူဘဲ နေရဲလား ကြည့်ကြတာပေါ့။"
လီယွမ်ကျောက်မှာ နားထောင်ရင်း ခေါင်းတွေ မူးလာသည်။ ထို့ကြောင့် ပြန်လည် ချေပလိုက်၏။ "တလွဲတွေ … ဘယ်မိသားစုမှာ စားနပ်ရိက္ခာ ဘယ်လောက် သိုလှောင်ထားလဲဆိုတာ ကျုပ်တို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူတို့က ကျုပ်တို့ကို ပြောပြမှာမှ မဟုတ်တာ။"
ဖန်ကျန်းရီက အေးစက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "ဒါပေါ့... သတင်းစာရဲ့ သက်ရောက်မှု ပျံ့နှံ့သွားပြီဆိုရင် ကျုပ်တို့ ပြောချင်ရာ ပြောလို့ ရပြီလေ။ ဒါက ဘောင်းဘီကို ရွှံ့ပေသွားတာပဲ။ ဒါက ချေးမဟုတ်ရင်တောင်ချေးဖြစ်သွားတာပဲ။
အရှက်မရှိတဲ့ အဘိုးကြီးတွေ …. ပါးစပ်ကတော့ ပြည်သူတွေ အတွက်ပါလို့ ပြောပြီး အခု ကုန်ဈေးနှုန်းကို ဖိနှိပ်လိုက်လို့ ဖြစ်လာမယ့် ပြဿနာတွေက ပိုပြီး ဆိုးရွားလာမှာကို မသိကြဘူး။
ကျုပ် .. ဖန်ကျန်းရီသာ သူတို့ရဲ့ ဘောင်းဘီတွေကို မချွတ်ချနိုင်ရင် ကျုပ် မျိုးရိုးနာမည်က ဖန် မဟုတ်တော့ဘူးပဲ။"
ဖန်ကျန်းရီက စကားစရပ်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် တွေဝေနေဆဲ ဖြစ်၏။
အကယ်၍ တကယ် လုပ်လိုက်မည်ဆိုလျှင် နန်းတွင်းရှိ အရာရှိ အားလုံးကို ရန်သူအဖြစ် သတ်မှတ်လိုက်သလို ဖြစ်သွားမည်... နောက်ပိုင်း သွားရမည့် လမ်းက ပို၍ ခက်ခဲလာပေလိမ့်မည်။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူက ဆက်ပြောလိုက်သည်။ "ဒီလုပ်ရပ်က လောကကြီး တစ်ခုလုံးကို ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်လာလိမ့်မယ်။ လုပ်၊ မလုပ်ဆိုတာက အိမ်ရှေ့စံရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။"
လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေ၏။ "လုပ်မယ် .. ကျုပ်က အိမ်ရှေ့စံပဲ။ လောကကြီးမှာ ကျုပ် မလုပ်ရဲတဲ့ အလုပ်ဆိုတာ မရှိဘူး။"
"ဖန်ကြီး... ဒီသတင်းစာကို နာမည်တစ်ခုခု ပေးရမယ် မဟုတ်လား။"
"ကျုပ် စောစောကတည်းက စဉ်းစားပြီးပါပြီ။ ဘီဘီစီ နေ့စဉ်ထုတ် သတင်းစာလို့ ခေါ်မယ်။"