← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 11 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 11 Ch. 175-176

အပိုင်း (၁၇၅) အိမ်ရှေ့စံ သတင်းစာ။

"ဘီဘီစီ နေ့စဉ်ထုတ် သတင်းစာ။ နားထောင်ရတာလည်း ဆိုးသလို မှတ်ရတာလည်း ခက်တာပဲ။" လီယွမ်ကျောက် က မျက်မှောင်ကြုတ်လိုက်၏။

ရုတ်တရက် သူ၏ မျက်မှောင်များ ပြေကျသွားပြီး ပြောလိုက်သည်။ "ကျုပ့်အမြင်တော့ အိမ်ရှေ့စံ သတင်းစာ လို့ပဲ နာမည်ပေးလိုက်ပါ။ ဒါဆို ပြဿနာ တော်တော်များများကို ရှောင်လွှဲနိုင်မယ်။ ဖန်ကြီး... ခင်ဗျား ဘယ်လိုမြင်လဲ။"

လီယွမ်ကျောက် ကိုယ်တိုင် တာဝန်ယူရဲသည်ကို မြင်တော့ ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် ကျေနပ်သွား မိ၏။

"အိမ်ရှေ့စံ သဘောတူတယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒီနေ့ကစပြီး အိမ်ရှေ့စံက သတင်းစာတိုက်ရဲ့ အကြီးအကဲ ဖြစ်ပြီး ကျုပ်က အယ်ဒီတာချုပ် လုပ်ပါ့မယ်။ အချိန်ဆွဲမနေဘဲ စောစော ပြင်ဆင်ကြတာပေါ့။ လူအင်အား အရင် သွားရှာကြမယ်။"

...

ဖန်ကျန်းရီ၏ အလုပ်လုပ်နှုန်းက အလွန် မြန်ဆန်လှ၏။ သုံးရက်အတွင်း တောက်ယွမ်ခရိုင်မှ မဖြတ်ရသေးသည့် အိမ်သာသုံးစက္ကူ အမြောက်အမြားကို မြို့တော်အတွင်းသို့ သယ်ဆောင်လာခဲ့သည်။ သတင်းစာတိုက်မှ သတင်းထောက်များ၊ သတင်းစာ ရောင်းမည့် ကလေးများ အပါအဝင် အားလုံးကို ရှာဖွေ စုဆောင်းပြီးစီးခဲ့ပြီ ဖြစ်သည်။

သတင်းစာတိုက်ကို ပန်းရှန်းရပ်ကွက် ရုံးတော်ဘေးတွင် ဖွင့်လှစ်ထားသော်လည်း ဆိုင်းဘုတ် မတင်ရသေးချေ။ ဤနေရာကို ရွေးချယ်ရခြင်းမှာ မမျှော်လင့်ထားသည့် ပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီ ဆက်သွယ် ဖြေရှင်းနိုင်ရန် ဖြစ်၏။

သတင်းထောက်များဆိုသည်ကတော့ သာမန်အချိန်များတွင် ပန်းရှန်း ရင်ပြင်ရှိ ပြဇာတ်ဝေဖန်ရေး ထောင့်တွင် ထိုင်နေတတ်သည့် ပညာတတ်များကို အတင်းအဓမ္မ ခေါ်ယူလာခြင်း ဖြစ်သည်။ ထိုအထဲတွင် ရှန်ရီလည်း ပါဝင်သည်။

ပညာတတ်များက အနည်းငယ် မကျေမနပ် ဖြစ်နေကြသော်လည်း ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ချေ။

နေ့တိုင်း ပြဇာတ်ပဲ ကြည့်နေတာ။ စာမေးပွဲ အောင်နိုင်ပါအုံးမလား။ ထွက်ပြီး အလုပ်လုပ်ကြစမ်း။ အခွန်မကောက်ဘဲ ထားထားတာကိုက လွန်လှပြီ။

ယခုချိန်မှာတော့ ဖန်ကျန်းရီက အိမ်ရှေ့စံ သတင်းစာတိုက်၏ ဒုတိယထပ်တွင် ရောက်ရှိနေပြီး အတွင်းဘက်တွင် အခန်းငယ်များ ဖွဲ့စည်းကာ ပြင်ဆင်ထား၏။

အဓိက နံရံပေါ်တွင် စာတန်းကြီး တစ်ခုကို ချိတ်ဆွဲထားပြီး 'ဟိန်ချွီ စာကြောင်းလေးကြောင်း' ကို ရေးသားထားသည်။

(တရုတ်ပြည် ဆုန်မင်းဆက်ခေတ်မှ ကျော်ကြားသော ဒဿနိကဗေဒပညာရှင် ကျန်းကျိုက်၏ အဆိုအမိန့် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးအတွက် သဘောတရားကို တည်ထောင်ရန်။

ပြည်သူများအတွက် ကံကြမ္မာကို ဖန်တီးပေးရန်။

အတိတ်က ပညာရှိများ၏ ပညာရပ်များကို ဆက်ခံရန်။

နောင်လာမည့် မျိုးဆက်များအတွက် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးရန်။)

နံရံ၏ ထောင့်နေရာများတွင်လည်း ဝံပုလွေစိတ်ဓာတ်ရှိသော အဖွဲ့အစည်း၊ အထက်အောက် တစ်စိတ်တစ်ဝမ်းတည်း ရှိခြင်း ဟူ၍ ရေးထား၏။

အလုပ်လုပ်ခြင်းသည် ပျော်ရွှင်မှုတစ်ခု ဖြစ်ချိန်တွင် ဘဝသည် ခံစားမှုတစ်ခု ဖြစ်သည်။ အလုပ်လုပ်ခြင်းသည် တာဝန်တစ်ခု ဖြစ်ချိန်တွင် ဘဝသည် ဆင်းရဲဒုက္ခတစ်ခု ဖြစ်သည်။

ဘဝသည် အလုပ်လုပ်ခြင်းကြောင့် လှပပြီး အလုပ်လုပ်ခြင်းသည် ကြိုးစားအားထုတ်မှုကြောင့် ပျော်ရွှင်ရသည်။

ဘဝတွင် ရောင့်ရဲတင်းတိမ်တတ်ရမည်။ ပညာသင်ယူရာတွင် မပြည့်စုံသေးဟု ခံစားရမည်။ အလုပ်လုပ်ရာတွင် အမြဲတမ်း မလုံလောက်သေးဟု ခံစားရမည် … စသည့် ဆောင်ပုဒ် အမျိုးမျိုးကို ချိတ်ဆွဲထားသည်။

ဖန်ကျန်းရီက အပြင်အဆင်များကို ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။ နောက်ဆုံးတော့ သူ အမုန်းဆုံး လူအမျိုးအစား အဖြစ် သူကိုယ်တိုင် အသက်ရှင်နေထိုင်ခဲ့ရပြီဖြစ်၏။

သို့ပေမည့် ပညာတတ် တစ်စုကတော့ နံရံပေါ်ရှိ ဆောင်ပုဒ် အမျိုးမျိုးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသည်။

သူတို့၏ဖြူစင်သည့် စိတ်နှလုံးများက အလွန် ခေတ်မီသည့် ဆောင်ပုဒ်များကြောင့် သွေးဆူလာပြီး တစ်ယောက်ချင်းစီက အလုပ်လုပ်ရန် အလွန် စိတ်အားထက်သန်နေကြ၏။

သူတို့၏ အနာဂတ်၌ ဘာတွေ စောင့်ကြိုနေလဲ ဆိုတာကိုတော့ လုံးဝ သတိမထားမိကြချေ။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့က ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ထိုသူတို့၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်မှသာ လူအုပ်ကြီးက စိတ်လှုပ်ရှားမှု အနည်းငယ် လျော့ကျသွား၏။

ရှန်ရီက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ဆရာစိုက်၊ သခင်လေးလီ။ အခု ကျုပ်တို့ကို ဘာအလုပ်လုပ်ခိုင်းမလဲ ဆိုတာ ပြောလို့ ရပြီလား။"

ဖန်ကျန်းရီက ပြုံးလိုက်၏။ "ဒါက ရပ်ကွက်ထဲမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းပဲ။ သတင်းစာတိုက်။ နာမည်က အိမ်ရှေ့စံ သတင်းစာတိုက်။"

"ဘာ … အိမ်ရှေ့စံ ဟုတ်လား။" အားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာများ ပေါ်လာကြသည်။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို ရှေ့သို့ တွန်းပို့လိုက်၏။ "ကျုပ် အားလုံးကို တရားဝင် မိတ်ဆက်ပေးမယ်။ ခင်ဗျားတို့ နေ့တိုင်း တွေ့နေရတဲ့ သခင်လေးလီက လက်ရှိ အိမ်ရှေ့စံပဲ။"

ရှန်ရီနှင့် အခြားသူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လီယွမ်ကျောက်ကို ကြောင်တောင်တောင် ကြည့်နေကြသည်။

သာမန်အချိန်တွေမှာ လမ်းပေါ်မှာ အော်ဟစ်နေပြီး ပြည်သူတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတတ်တဲ့ ဒီလူက အိမ်ရှေ့စံတဲ့လား။ ထင်တောင် မထင်ထားခဲ့ဘူး။

လီယွမ်ကျောက်က ပြုံးကာ ပြောလိုက်၏။ "မှန်ပါတယ်။ ကျုပ်က သာမန်လူ တစ်ယောက်အနေနဲ့ ခင်ဗျားတို့နဲ့ ပေါင်းသင်း..."

"ကျုပ်တို့ အိမ်ရှေ့စံကို ဂါရဝပြုပါတယ်။"

ဝုန်းခနဲဆိုသလို ပညာတတ် အားလုံး ဒူးထောက်ချလိုက်ကြ၏။ အားလုံးက စိတ်လှုပ်ရှားနေကြသည်။

ဒါက အိမ်ရှေ့စံအတွက် တိုက်ရိုက် အလုပ်လုပ်ပေးရမှာလေ။ စာမေးပွဲ ဖြေစရာ လိုသေးလို့လား။ ဒါက အနာဂတ် အလားအလာ အရမ်း ကောင်းနေတာ မဟုတ်ဘူးလား။

"ထကြပါ။" လီယွမ်ကျောက်က အနည်းငယ် သဘောမကျ ဖြစ်သွား၏။

ကျုပ် ဟန်ရေးပြလို့မှ မပြီးသေးဘူး။ ခင်ဗျားတို့ တုံ့ပြန်တာ အရမ်း မြန်လွန်းတယ်။

ရှန်ရီက မတ်တပ်ထရပ်ကာ ဖန်ကျန်းရီကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ပြီး မေးလိုက်သည်။ "ဒါဆို ဆရာစိုက်ရဲ့ အစစ်အမှန် နာမည်ကရော။"

ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ကျုပ် နာမည်က ဖန်ကျန်းရီ။"

"..."

အားလုံးက တိတ်ဆိတ်သွားကြသည်။ ဒါဆိုရင် ခင်ဗျားက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သစ္စာဖောက် အမတ်ယုတ် ဖန်ကျန်းရီပေါ့။

အားလုံးက သူ့ကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

ဖန်ကျန်းရီက ဒေါသထွက်သွားသည်။ "ဘာသဘောလဲ။ ခင်ဗျားတို့က ကျုပ်ကို အထင်သေးတာလား။"

မည်သူကမှ စကားမပြောရဲကြချေ။ ခေါင်းဆောင်ဖြစ်သူ ရှန်ရီက အနေရခက်စွာဖြင့် ပြောလိုက်၏။ "မဝံ့ရဲပါဘူး။ မဝံ့ရဲပါဘူး။ အမတ်ကြီးဖန်... အပြင်မှာ အမတ်ကြီးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ရှိနေလို့ပါ။

ကျုပ်တို့က ကောလာဟလတွေကို ယုံကြည်မိခဲ့တယ်။ ဒီနေ့မှပဲ အမှန်တရားကို သိရလို့ တကယ်ပဲ ရှက်မိပါတယ်။"

စကားပြောပြီးချိန်မှာတော့ သူက အရိုအသေပေးလိုက်ပြီး နောက်က လူများကလည်း အလျင်အမြန် လိုက်လုပ်ကြသည်။

ဖန်ကျန်းရီ၏ မျက်နှာထားက အနည်းငယ် ပြေလျော့သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "ဒါမှန်တယ်။ ကျုပ်က အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောရဲ၊ ဆိုရဲရှိတော့ နန်းတော်မှာ ရန်သူတွေ အများကြီး ရှိတယ်။ အလင်းရော အမှောင်ပါ တိုက်ခိုက်မှုတွေ ရေတွက်လို့ မရအောင် များတယ်။

အဲဒီလူတွေက ပညာတတ် အသိုင်းအဝိုင်းမှာ ဩဇာလွှမ်းမိုးမှု ကြီးမားတော့ ခင်ဗျားတို့ အထင်လွဲတာကလည်း သဘာဝကျပါတယ်။

ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ ကျုပ်က လောကက ပြည်သူတွေ အတွက်ရော၊ ခင်ဗျားတို့ အနာဂတ် အလုပ်အကိုင်အတွက် လမ်းခင်းပေးဖို့ အတွက်ပါ။ အနည်းငယ် အထင်လွဲခံရတာလောက်က ဘာမှ မဟုတ်ပါဘူး။ ထကြပါ။"

အားလုံးက မတ်တပ်ထရပ်လိုက်သော်လည်း ခေါင်းငုံ့ထားကာ စကားမပြောကြဘဲ ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားသည်။ ရင်ဘတ်ထဲတွင် တစ်ခုခု ဆို့နင့်နေသလို ခံစားလိုက်ရသည်။

ရင်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။ အရာရှိလောကက ဒီလောက်တောင် မှောင်မိုက်နေတာလား။ အမတ်ကြီးဖန်လို အရည်အချင်းရှိတဲ့ လူကိုတောင် ဗြောင်ကျကျ လုပ်ကြံရဲကြတယ်။ တကယ့်ကို အရှက်မရှိတာပဲ။

လီယွမ်ကျောက်က ဖန်ကျန်းရီကို အထင်သေးစွာ ကြည့်လိုက်သည်။

ဖန်ကြီးက လူတွေရဲ့ စိတ်ကို လှည့်စားတဲ့ နေရာမှာ တကယ်ကို တစ်ဖက်ကမ်းခတ်ပဲ။ ကြည့်ရတာ မိန်းမ လက်သီးနဲ့ ကိုယ်ကျင့်တရားဖိနှိပ်ခြင်းအပြင် ထုတ်မပြရသေးတဲ့ ကိုယ်ခံပညာတွေ ရှိနေသေးတာ သေချာတယ်။

"ဒီနေ့ကစပြီး ခင်ဗျားတို့က အိမ်ရှေ့စံ သတင်းစာတိုက်ရဲ့ သတင်းထောက်တွေ ဖြစ်သွားပြီ။ ခင်ဗျားတို့က အိမ်ရှေ့စံအတွက် စိတ်အေးချမ်းသာစွာနဲ့ အလုပ်လုပ်ပေးရမယ်။"

"အမတ်ကြီးဖန်... သတင်းထောက်ဆိုတာ ဘာလဲ။" လူတစ်ယောက်က မေးလိုက်၏။

ဖန်ကျန်းရီက ကျယ်လောင်စွာ ပြောလိုက်သည်။ "မေးတာ ကောင်းတယ်။ ခင်ဗျားတို့ရဲ့ တာဝန်က ပြည်သူတွေကြားထဲ သွားပြီး နေ့တိုင်း ဖြစ်ပျက်နေတဲ့ အကြီးအသေး ကိစ္စတွေကို စုဆောင်းရမယ်။ ပြီးရင် ဆောင်းပါး ရေးပြီး ပြင်ဆင်မွမ်းမံမယ်။သတင်းစာပေါ်မှာ ပုံနှိပ်ပြီး နေ့တိုင်း ဖြန့်ဝေရမယ်။"

ဒါ့အပြင် ပြည်သူတွေဆီကနေ စာမူတွေ ဖိတ်ခေါ်မယ်။ ကောင်းတဲ့ စာမူတွေကို ရွေးချယ်ပြီးရင် သွားရောက် အတည်ပြုရမယ်။ ပြီးရင် အရင်အတိုင်းပဲ လုပ်ဆောင်ရမယ်။

ခင်ဗျားတို့ လုပ်ရမယ့် အလုပ်က ကောင်းကင်လောက် ကြီးမားတဲ့ ကိစ္စပဲ။ ပြည်သူတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပြီး လောကကြီးကို ရှင်းလင်းသွားအောင် လုပ်ပေးရမယ်။

အောက်မှာ ပိုပြီး အသေးစိတ်ကျတဲ့ စည်းမျဉ်းတွေနဲ့ အလုပ်ခွဲဝေမှုတွေကို ကျုပ်က လူစီစဉ်ပြီး ခင်ဗျားတို့ကို သင်တန်းပေးမယ်။ ခင်ဗျားတို့အားလုံးက ဉာဏ်ကောင်းတဲ့သူတွေဆိုတော့ တစ်ရက်လောက်ဆိုရင် လုံလောက်ပြီလို့ ကျုပ် ယုံကြည်တယ်။

အမှားလုပ်မိမှာကို မကြောက်နဲ့။ အမှားတွေထဲကနေ သင်ယူပြီး တိုးတက်အောင် လုပ်ရမယ်။

တစ်ယောက်ကို တစ်လ ငွေတစ်တေလ်း ရမယ်။ အကယ်၍ ခင်ဗျားတို့ ရေးတဲ့ သတင်းဆောင်းပါးက အရမ်း နာမည်ကြီးသွားရင် အထူး ဆုကြေးငွေလည်း ရှိသေးတယ်။"

လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ "အမတ်ကြီးဖန်... အထူး ဆုကြေးငွေက ဘာလဲဆိုတာ ပြောပြလို့ ရမလား။"

ဖန်ကျန်းရီက ရယ်မောလိုက်ပြီး ရင်ဘတ်ထဲမှ တောက်ပနေသည့် အရာတစ်ခုကို ထုတ်ပြလိုက်သည်။ "စိန်။"

"ဒါက အိမ်ရှေ့စံရဲ့ တန်ဖိုးကြီး ရတနာပဲ။ နောက်ပိုင်း ကျုပ်က သတင်းတွေရဲ့ နာမည်ကြီးမှု အပေါ် မူတည်ပြီး အဆင့်အမျိုးမျိုးရှိတဲ့ စိန်တွေကို ဆုအဖြစ် ပေးမယ်။

ဒါပေမဲ့ ဒီပစ္စည်းကို ခင်ဗျားတို့ သိမ်းထားလို့ မရဘူး။ ပေးပြီး သုံးရက်အတွင်း ခွေး... အဲ... သတင်းစာတိုက် အပြင်က လူတွေကို ပြန်ရောင်းရမယ်။ နောက်ပိုင်း ဆုကြေးငွေတွေလည်း အပြောင်းအလဲ ရှိနိုင်သေးတယ်။ အားလုံး မျှော်လင့်ထားကြပါ။"

ပညာတတ် အားလုံး ဝုန်းခနဲ ဆူညံသွားကြ၏။

ဤမျှ တန်ဖိုးကြီးသော ဆုကြေးငွေ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ကြချေ။ ထိုအရာက မြို့တော်ထဲမှာ အခေတ်စားဆုံး စိန်လေ။

အရင်တုန်းက ပန်းရှန်းရင်ပြင်မှာ လေလံတင်ခဲ့တဲ့ သမုဒ္ဒရာ နှလုံးသား စိန်ဆိုရင် ငွေတေလ်း နှစ်ထောင်ကျော်တောင် ရခဲ့တာ။

အခု နာမည်ကြီးမှုက အနည်းငယ် ကျသွားပြီ ဆိုပေမဲ့ သူဌေး အများအပြားက ဝယ်ယူနေကြတုန်းပဲ။ အခု အသေးဆုံး စိန်ဆိုရင်တောင် အနည်းဆုံး ငွေနှစ်ဆယ်တေလ်းလောက် ရနိုင်တယ်။

သို့သော်ငြား လူတစ်ယောက်က အနည်းငယ် တွေဝေစွာဖြင့် မေးလိုက်၏။ "အမတ်ကြီး... ဘာလို့ သုံးရက်အတွင်း ရောင်းရမယ်လို့ ကန့်သတ်ထားတာလဲ။"

"ဘာအကြောင်းပြချက်မှ မရှိဘူး။ အိမ်ရှေ့စံ သတ်မှတ်ထားတာပဲ။ အိမ်ရှေ့စံ ပြောတဲ့ စည်းမျဉ်းက စည်းမျဉ်းပဲ။ အားလုံး နားလည်လား။"

"နားလည်ပါပြီ။"

လီယွမ်ကျောက်က နှုတ်ခမ်းကို သပ်လိုက်သည်။

ဖန်ကြီး ပြောချင်ရာ ပြောပါစေလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ကျင့်သားရနေပါပြီ။

အပိုင်း (၁၇၆) စိတ်ခွန်အားဖြည့် ဟင်းရည်။

ဖန်ကျန်းရီ၏ အစွမ်းကုန် ကြိုးပမ်းမှုကြောင့် နောက်တစ်နေ့တွင် သတင်းထောက်များက လမ်းတကာလှည့်ကာ အလုပ်စတင်နေကြပြီ ဖြစ်၏။

ဖန်ကျန်းရီကတော့ သတင်းစာတိုက်ထဲတွင် ထိုင်ကာ အပြင်းအထန် စဉ်းစားနေသည်။

သတင်းစာကို ကဏ္ဍအမျိုးမျိုး ခွဲခြားထား၏။ သိပ္ပံပညာကို လေ့လာခြင်း၊ တောက်ပသော နိုင်ငံရေး၊ ပြည်သူတို့၏ နေ့စဉ်ဘဝ၊ နာမည်ကျော်များအား အင်တာဗျူးခြင်း အစရှိသည်တို့ ပါဝင်၏။

ဖန်ကျန်းရီ အဓိက ကိုင်တွယ်သည်က သေချာပေါက် တောက်ပသော နိုင်ငံရေး ကဏ္ဍပင်။ ရက်အနည်းငယ်ကြာ၍ သတင်းစာများ နေရာအနှံ့ ပျံ့နှံ့သွားချိန်မှာတော့ သူက ပြည်သူ့အသံကို အသုံးချပြီး အမတ်များကို လွှမ်းမိုးနိုင်ပေမည်။

ဤသို့ပြုလုပ်ခြင်းက အနည်းငယ် လောလွန်းရာ ကျနေပေမဲ့ သူ့၌ အချိန်ဆွဲနေရန် အချိန်မရှိတော့ချေ။

အမတ်များက ဆန်လှူဒါန်းမည် ဆိုလျှင်တောင် မည်မျှ လှူမည်နည်း။ မည်သည့်အချိန်မှ လှူမည်နည်း။ တောင်ပိုင်းသို့ သယ်ယူပို့ဆောင်ရန် အချိန်မည်မျှ ကြာမည်နည်း။ ဤအရာအားလုံးက ထိန်းချုပ်၍ မရနိုင်သော အချက်များပင်။

ဖန်ကျန်းရီ အနေဖြင့် သူ လုပ်နိုင်သည့် အပိုင်းတွင်သာ အချိန်ကို လျှော့ချနိုင်ပေမည်။

ထို့အပြင် ယခုအချိန်တွင် သူ တွေးနေသည်က နိုင်ငံရေး ကဏ္ဍအတွက် မဟုတ်ချေ။ ဤအပိုင်းအတွက် အလျင်လိုစရာ မရှိသေးပေ။ ယခု သူ ရေးချင်သည်က သိပ္ပံပညာကို လေ့လာခြင်း ကဏ္ဍ ဖြစ်သည်။

ဖူယွင်ဘုရားကျောင်းမှ ဘုန်းတော်ကြီး၏ သွေးက နာမည်ကြီးသွားပြီးနောက် ကိစ္စရပ်များက ထူးဆန်းသည့် လမ်းကြောင်းဆီသို့ ဦးတည်သွားပုံရ၏။

ဈေးကွက်ထဲတွင် ဘုန်းကြီးသွေး ဆိုသည့် ပုလင်းများ တစ်ပုလင်းပြီး တစ်ပုလင်း ထွက်ပေါ်လာခဲ့သည်။

ထိုဘုန်းကြီးများတွင် သွေးထုတ်ပေးရန် ဤမျှလောက် သွေးများများ မရှိနိုင်သည်က ထင်ရှားသော်လည်း ဈေးကွက်ကတော့ လှုပ်ခတ်နေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် လက်ရှိ ဈေးကွက်ထဲတွင် ခေတ်စားနေသည်က သေချာပေါက် ဇာစ်မြစ် မသေချာသည့် သွေးတုများသာ ဖြစ်ပေမည်။

ဗဟုသုတမရှိသည့် ပြည်သူတစ်စုက ဈေးကြီးပေး ဝယ်သောက်ပြီးနောက် ဘာရောဂါတွေ ရလာမည်ကို မသိနိုင်ချေ။

သွေးဆိုသည်က မည်သည့်အရာထက်မဆို ပို၍ ညစ်ပတ်ပေသည်။

ဖန်ကျန်းရီက အချိန်အတော်ကြာ စဉ်းစားပြီးနောက် လေးနက်စွာဖြင့် စာရေးလိုက်၏။

[သိပ္ပံပညာကို လေ့လာခြင်း အပိုင်း (၁) - ကျိန်စာသင့်နေသော ဖူယွင်ဘုရားကျောင်း။]

...

နောက်တစ်နေ့တွင် မြို့တော်ရှိ ရပ်ကွက် အသီးသီး၌ စောစောတည်းက စီစဉ်ထားသည့် သတင်းစာရောင်းသည့် ကလေးလေးများက လွယ်အိတ်များကို လွယ်ကာ လမ်းမများပေါ်သို့ ထွက်လာကြပြီ ဖြစ်၏။

လမ်းတစ်လျှောက်တွင် အော်ဟစ် ရောင်းချနေကြသည်။

"သတင်းစာ လာပါပြီ။ သတင်းစာ။ အိမ်ရှေ့စံ နေ့စဉ်ထုတ် သတင်းစာ ဒီနေ့ စထွက်ပါပြီ။ မြို့တော်ရဲ့ နောက်ဆုံးရ သတင်းတွေ အကုန်လုံး သတင်းစာထဲမှာ ပါပါတယ်။ တစ်စောင်ကို ကြေးပြား ငါးပြားတည်းပါ။"

ပညာတတ် အတော်များများက စူးစမ်းလိုစိတ်ဖြင့် သတင်းစာရောင်းသည့် ကလေးကို ဝိုင်းအုံလာကြ၏။

ထို့အတူပတ်ဝန်းကျင်ရှိ ပြည်သူများကလည်း အလွန် စူးစမ်းချင်စိတ် ဖြစ်နေကြသော်လည်း ရပ်တန့်ကာ စောင့်ကြည့်နေကြသည်။ စက္ကူပေါ်တွင် စာလုံးတွေချည်းသာ ဖြစ်နေပြီး သူတို့ကိုယ်တိုင်လည်း စာမဖတ် တတ်သောကြောင့် ဝယ်လျှင်လည်း အလကားသာ ဖြစ်ပေမည်။

မကြာမီမှာပဲ လူတစ်ယောက်က အနားသို့ ကပ်သွားပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။ "ကလေးလေး... မင်း ရောင်းနေတာ ဘာပစ္စည်းလဲ။ အိမ်ရှေ့စံနဲ့လည်း ပတ်သက်နေတာလား။"

"ဒါကို သတင်းစာလို့ ခေါ်ပါတယ်။ မြို့တော်ထဲက အကြီးအသေး ကိစ္စတွေကို နေ့တိုင်း ဒီသတင်းစာထဲမှာ ရေးထားမှာပါ။ ဒီသတင်းစာက အိမ်ရှေ့စံ ကိုယ်တိုင် ဦးစီးထုတ်လုပ်ထားတာပါ။ တစ်စောင်ကို ကြေးပြား ငါးပြားတည်းပါ။ အရေအတွက် ကန့်သတ်ထားလို့ အရင်လာသူ အရင်ရပါမယ်။"

"အိမ်ရှေ့စံရဲ့ ပစ္စည်း ဟုတ်လား။ တကယ်ပဲ ကြေးပြား ငါးပြားတည်းလား။ ကျုပ်ကို တစ်စောင်လောက် ပေးစမ်းပါ။"

ကြေးပြား ငါးပြားဆိုသည်က ရိုးရှင်းသော ခေါက်ဆွဲတစ်ပွဲစာ ဈေးနှုန်းသာ ဖြစ်ပြီး စာလုံးများ အပြည့်ရေးထားသည့် စက္ကူတစ်ရွက်နှင့် လဲလှယ်ရသည်မှာ သေချာပေါက် တန်လှပေသည်။

လာဝယ်သူများက သိပ်မစဉ်းစားတော့ဘဲ ပိုက်ဆံပေးကာ တစ်စောင် ဝယ်ယူလိုက်ကြ၏။

ပညာတတ် တစ်ယောက်က သတင်းစာရောင်းသည့် ကလေးထံမှ သတင်းစာကို ယူကာ ဖြန့်ကျက်ပြီး သေချာ ဖတ်ရှုလိုက်ရာ ဘေးနားရှိ သူငယ်ချင်းဖြစ်သူကလည်း ခေါင်းပြူကာ ဝင်ကြည့်သည်။

သိပ်မကြာခင်မှာပင် ပညာတတ်က ပြုံးလိုက်ပြီး ဘေးနားရှိ လူကို ပြောလိုက်၏။ "ညီအစ်ကိုလျို... ဒီသတင်းစာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ ကြည့်စမ်း... နန်းတော်ထဲက ကိစ္စတွေကိုတောင် မှတ်တမ်း တင်ထားသေးတယ်။"

ညီအစ်ကိုလျို၏ အကြည့်များက သိပ္ပံပညာကို လေ့လာခြင်း ကဏ္ဍဆီသို့ အဆက်မပြတ် ရောက်ရှိနေသော်လည်း ထိုစကားကို ကြားချိန်မှာတော့ အကြည့်ရွှေ့လိုက်သည်။

ထို့နောက် တိုးညင်းစွာ ဖတ်လိုက်၏။

"နန်းတော်ထဲက နွေးထွေးတဲ့စကားတွေ... အရှင်မင်းကြီးက ဖန်ကျန်းရီကို အမတ်ဖန်လို့ ရင်းရင်းနှီးနှီး ခေါ်ဝေါ်တယ်... အရှင်မင်းကြီးက ပြည်သူတွေကို စိတ်ပူလို့ ညဘက် အိပ်မပျော်ဘူး။ အမတ်တွေကလည်း စားနပ်ရိက္ခာ ဘေးဒုက္ခအတွက် စိုးရိမ်ပူပန်နေကြတယ်တဲ့...ဂ

ဟင်... ကြည့်ရတာ အသစ်အဆန်းတော့ ဖြစ်ပေမဲ့ အထဲမှာ တကယ့် လက်တွေ့ကျတဲ့ အကြောင်းအရာတွေ မပါဘူးထင်တယ်။ အမတ်တွေ တကယ်တမ်း ဘာတွေ လုပ်ခဲ့လဲ ဆိုတာကျုပ် နားမလည်ဘူး။ ပြီးတော့ သုံးထားတဲ့ စကားလုံးတွေက အရမ်း ရိုးရှင်းလွန်းနေတယ်။ ဒါက တကယ်ပဲ အိမ်ရှေ့စံ လုပ်ထားတာ ဟုတ်ရဲ့လား။"

သူတို့နှစ်ဦးက အချင်းချင်း ကြည့်လိုက်ကြပြီး လိမ်ညာခံလိုက်ရပြီဟု ခံစားလိုက်ရ၏။

"ထပ်ကြည့်ရအောင်။"

"ဟင်... ဒီမှာ စိတ်ခွန်အားဖြည့်ဟင်းရည် ဆိုတာ ရှိသေးတယ်။ လောကက ပညာတတ်တွေအတွက် လက်ဆောင်တဲ့။ ဒါ ဘာကြီးလဲ။"

"မင်းသာ သတ္တိမရှိရင် မင်းအစား ဘယ်သူကမှ ကြံ့ခိုင်ပေးမှာ မဟုတ်ဘူး။"

"ဘယ်သူကများ တစ်ဖက်က ဒဏ်ရာရရင်း နောက်တစ်ဖက်က ကြံ့ခိုင်ဖို့ မသင်ယူခဲ့ရတာ ရှိလို့လဲ။"

"…..."

"ခဏတာ ပင်ပန်းရမှာကို ကြောက်ရင် တစ်သက်လုံး ပင်ပန်းရလိမ့်မယ်။ ပင်ပန်းရတာကို မကြောက်ရင် ဘဝရဲ့ တစ်ဝက်လောက်ပဲ ပင်ပန်းရလိမ့်မယ်။"

သူတို့နှစ်ဦးက အချင်းချင်း ထပ်ကြည့်လိုက်ကြပြန်ပြီး မျက်လုံးများထဲတွင် အနည်းငယ် စိတ်လှုပ်ရှားမှုများ ရှိနေသည်။ ထို့နောက် ခေါင်းငုံ့၍ ဆက်ဖတ်နေကြပြန်သည်။

မြို့တော်ထဲတွင် ဤကဲ့သို့သော မြင်ကွင်းမျိုး အကြီးအသေး အဆက်မပြတ် ပေါ်ပေါက်လာခဲ့၏။

လူအများအပြားက တစ်ရက်တည်းနှင့် သတင်းအများကြီးကို ဖတ်လိုက်ရချိန်မှာတော့ နှစ်သစ်ကူးပွဲတော် ကျင်းပနေရသကဲ့သို့ ခံစားရပြီး ပျော်ရွှင်လွန်း၍ ပါးစပ်ပင် မပိတ်နိုင်ကြတော့ချေ။

သာမန်နေ့ရက်များတွင် ကဗျာလင်္ကာများ အကြောင်းချည်း ဆွေးနွေးနေရသည်မှာလည်း ပျင်းစရာကောင်းလှ၏။ တစ်နေ့တည်း ဤမျှလောက် သတင်းများများ တစ်ပြိုင်နက်တည်း ဖတ်ရလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

မုဆိုးမအိမ်သို့ ညဘက် ခိုးဝင်သည့် ကိစ္စ၊ ဝက်သတ်သမားက ရေနစ်သူကို ရဲရင့်စွာ ကယ်တင်သည့် ကိစ္စ အစရှိသည့် သတင်းများကို အနည်းဆုံး ခုနစ်ပုဒ်၊ ရှစ်ပုဒ်ခန့် မှတ်တမ်းတင်ထားသည်။

သို့ပေမည့် သာမန် ပြည်သူများ အများဆုံး စိတ်ဝင်စားသည်ကတော့ သေချာပေါက် လျှို့ဝှက်ဆန်းကြယ်သည့် ဇာတ်လမ်းပင် ဖြစ်ပြီး ၎င်းမှာ ကျိန်စာသင့်နေသော ဖူယွင်ဘုရားကျောင်း အကြောင်းပင်။

ရေတွက်၍မရအောင် များပြားသည့် ပြည်သူများက စောစောတည်းက ငှားရမ်းထားသည့် သတင်းစာဖတ်ပြသူ၏ ဘေးတွင် စုရုံးနေကြပြီး ဘုန်းတော်ကြီး၏ သွေးနှင့် ပတ်သက်သည့် ကြောက်မက်ဖွယ် ဇာတ်လမ်းများကို နားထောင်နေကြ၏။

ဖန်ကျန်းရီက ပထမတစ်ဝက်ကိုသာ ရေးထားသော်လည်း သတင်းစာထဲမှ တုန်လှုပ်ဖွယ် စာလုံးများက လူများကို အတိုင်းမသိ ကြောက်လန့်သွားစေခဲ့သည်။

ပြင်းထန်သော ရောဂါများ ခံစားရခြင်း၊ ပုံမှန်မဟုတ်သော ကလေးများ မွေးဖွားလာခြင်း၊ ဘုန်းတော်ကြီး၏ သွေးနှင့် ထိတွေ့ဖူးသော ပညာတတ်များမှာ ဉာဏ်ရည် နိမ့်ကျသွားနိုင်ပြီး နန်းတွင်းက ဘယ်တော့မှ အလုပ်ခန့်မည် မဟုတ်ခြင်း အစရှိသည်တို့ပင်။

အဘယ့်ကြောင့်နည်းဆိုသည်ကို အားလုံးက မသိကြသေးသော်လည်း ဒေါသထွက်နေသည့် ပြည်သူများ၏ အကြည့်များက ဖူယွင်ဘုရားကျောင်းဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ပညာတတ်များကတော့ စိတ်ခွန်အားဖြည့် စာစုများကို ပို၍ စိတ်ဝင်စားကြမည်မှာ သေချာသည်။

အထူးသဖြင့် နောက်ဆုံးတွင် ပြုပြင်ရေးသားထားသည့် ဖန်ကျန်းရီ၏ ဆောင်းပါးတစ်ပုဒ်ပင် ဖြစ်၏။

တကယ်တော့ မူရင်းစာသားက အရမ်းရှည်လွန်းသဖြင့် ဖန်ကျန်းရီ ကိုယ်တိုင် မမှတ်မိတော့ချေ။

ကြိုးကြိုးစားစားတစ်ဝက်ခန့် ရေးသားခဲ့ပြီး နောက်ပိုင်းတွင် တောက်ယွမ်ခရိုင်သို့ ပို့ကာ ကွက်လပ်ဖြည့်ခိုင်းပြီး အဓိပ္ပာယ် အကြမ်းဖျင်း ပြည့်စုံသွားချိန်မှ ပုံနှိပ်လိုက်ခြင်း ဖြစ်သည်။

ဖတ်ပြီးနောက် ဖန်ကျန်းရီ အပေါ် ထားရှိသည့် လူအများအပြား၏အမြင်များသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့၏။

မူလက ပညာတတ် အများအပြား၏ မျက်လုံးထဲရှိ အမတ်ယုတ်ကြီးတစ်ဦး၏ ပုံရိပ်သည် ငယ်စဉ်ကတည်းက မိသားစု အလွန် ဆင်းရဲသော်လည်း ပညာသင်ယူရန်အတွက် ပင်ပန်းဆင်းရဲမှုကို ဂရုမစိုက်ဘဲ လက်နှင့်ခြေများ အေးခဲတောင့်တင်းသည်အထိ အားထုတ်ကြိုးပမ်းခဲ့သည့် ပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။

မေးကြည့်စမ်းပါ။ ဒီလိုလူမျိုးက အမတ်ယုတ် ဖြစ်သွားရင်တောင် ဘယ်သူကများ နားမလည်ပေးဘဲ နေမှာလဲ။

ဘဝက ဒီလောက်ထိ ခါးသီးနေခဲ့ပြီပဲ။ သူ့ကို ဘယ်လိုများ အပြစ်တင်ရက်မှာလဲ။ ပြီးတော့ ရှေ့ပိုင်းက ရိုးရှင်းတိုတောင်းပြီး ရင်ထဲကို တိုက်ရိုက် ထိမှန်စေတဲ့ စာကြောင်းတိုလေးတွေက သေချာပေါက် ဖန်ကျန်းရီရဲ့ အစစ်အမှန် ခံစားချက်တွေပဲ ဖြစ်မယ်။

ဒီလိုလူမျိုးက တကယ်ပဲ အမတ်ယုတ်လား။ အမတ်ယုတ် ဖြစ်နေရင်တောင် ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း ပြသရဲတာက တကယ့်ကို မျက်ရည်ကျစရာပဲ။

...

သတင်းစာတိုက်ထဲတွင် လီယွမ်ကျောက်က သတင်းစာကို ကိုင်ကာ အဆက်မပြတ် ညည်းညူနေဆဲ ဖြစ်၏။

လက်ဖြင့် စိတ်ခွန်အားဖြည့် ဟင်းရည် ကဏ္ဍကို လက်ညှိုးထိုးပြနေသည်။

"ဖန်ကြီး... ကျုပ် ခင်ဗျားကို ပြောတာ မဟုတ်ဘူးနော်။ ခင်ဗျား ဒီစိတ်ခွန်အားဖြည့် ဟင်းရည်ကို ရေးတာ ဘာအသုံးကျလို့လဲ။ ဒါ နေရာဖြုန်းတာ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက တစ်ချက် ကြည့်လိုက်၏။ "ဟားဟား... ဒါကို အိမ်ရှေ့စံ နားမလည်တာပါ။ လောကက ပညာတတ်တွေထဲမှာ အောင်မြင်တဲ့သူက ပိုများလား၊ ကျရှုံးတဲ့သူက ပိုများလား။"

"သေချာပေါက် ကျရှုံးတဲ့သူက ပိုများတာပေါ့။ ဘာဖြစ်လို့လဲ။"

"ဒါဆို မှန်သွားပြီ။ ဒါ ကျရှုံးနေတဲ့ ပညာတတ်တွေအတွက် ရေးပေးထားတာ။ ကျုပ်တို့က လူအများစုရဲ့ သဘောကျမှုကို ရအောင် ကြိုးစားရမယ်။ ဒါမှ ယုံကြည်မှု ရမှာလေ။

စာမေးပွဲ အကြိမ်ကြိမ် ကျနေတဲ့ ပညာတတ်တွေကို စဉ်းစားကြည့်ပါ။ ပုံမှန်ဆိုရင် သူများရဲ့ အထင်သေးခံရတာ၊ သရော်ခံရတာကလွဲပြီး ဘာမှ မရဘူးလေ။ ကျုပ်တို့က သူတို့ကို အားဖြည့်ပေးဖို့ စိတ်ခွန်အားဖြည့် ဟင်းရည် နည်းနည်းလောက် တိုက်ရမှာပေါ့..."

တကယ်တမ်းတော့ သူ၏ အဓိက ရည်ရွယ်ချက်မှာ သူ့ကိုယ်သူ နာမည်ကောင်း ပြန်ရအောင် လုပ်ရန်ပင်။ သူ၏ နာမည်က အရမ်း ပုပ်ဟောင်နေခဲ့ပြီ ဖြစ်၏။

အဆက်အသွယ် ရှိသည့် ပညာတတ်များက သူတို့ အားကိုးသည့်လူကြီးများ၏ နောက်သို့ လိုက်ကာ သူ့ကို အမြဲတမ်း တိုက်ခိုက်နေကြမည်သာ ဖြစ်ရာ အဆက်အသွယ် မရှိသည့် လူအများစုကိုသာ ဆွဲဆောင်ရတော့မည်။

စိတ်ခွန်အားဖြည့် ဟင်းရည်တွေကို အသေအလဲ တိုက်ကျွေးလိုက်မယ်။ အလုပ်မဖြစ်စရာ မရှိဘူး။

ကျင်းတိုင်းပြည်၏ စာပေလောကတွင်လည်း စိတ်ခွန်အားဖြည့် စာစုများ အများအပြား ရှိမည်မှာ သေချာသည်။ သို့ပေမည့် ဖန်ကျန်းရီ၏ အမြင်တွင်တော့ ထိုအရာများက အရမ်း ချုပ်တည်းလွန်းပြီး သွယ်ဝိုက်လွန်းနေကာ ပြင်းအား အရမ်း နိမ့်လွန်းနေ၏။ အရသာ ပေါ့ပျက်ပျက် ဖြစ်နေသည်။

ဖန်ကျန်းရီ၏ (၂၁) ရာစု အကောင်းဆုံး စိတ်ခွန်အားဖြည့် ဟင်းရည်နှင့် နှိုင်းယှဉ်လိုက်လျှင် ယခုအခြေအနေသည် အလွန် ပြင်းအားကောင်းသည့် ဟင်းရည်ကို ပါးစပ်ထဲ အတင်းထည့်ကျွေးလိုက်သကဲ့သို့ပင်။

All Chapters