← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 11 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 11 Ch. 179-180

အပိုင်း (၁၇၉) ကျင်းဘုရင်နဲ့ နားလည်မှု။

လီယန်စုန် ချက်ချင်းပဲ စကားတစ်ဆို့သွားပြီး ရင်ထဲတွင် ပြောမပြတတ်အောင် ခံစားရခက်နေ၏။

ဖန်ကျန်းရီ ဆိုတဲ့ကောင်က တကယ်ပဲ လူစကား မပြောတတ်ဘူးကိုး။

သို့ပေမည့် သူက ထပ်မံ ကြိုးစားကြည့်ချင်သေးသည်။ "မင်း တကယ်ပဲ ငါ့စကားကို နားမထောင်တော့ဘူးလား။ ဆက်လုပ်နေအုံးမှာလား။"

ဖန်ကျန်းရီက သူ့ရှေ့သို့ လျှောက်သွားကာ အထက်စီးမှနေ၍ ကြည့်ပြီး ပြောလိုက်၏။ "အမတ်ကြီးလီ... ဒီအခြေအနေ ရောက်နေမှတော့ နောက်ဆုတ်လို့ ရပါအုံးမလား။ ကျုပ်က ဒီလိုလူမျိုးပဲ။ ရည်မှန်းချက် မအောင်မြင်မချင်း ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။"

လီယန်စုန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဘာလို့ ဒီလောက်ကြီး ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲ။ ဒါပေမဲ့ မင်း အခု နောက်ဆုတ်မယ် ဆိုရင် ငါ မင်းအတွက် သွားပြောပေးလို့ ရတယ်။"

ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။ "အမတ်ကြီးလီ ငတ်ဖူးလား။"

"သေချာပေါက် ငတ်ဖူးတာပေါ့။ လောကမှာ မြို့တော်ကို စာမေးပွဲ လာဖြေတဲ့ ပညာတတ်တွေထဲက ဘယ်သူကများ မငတ်ဖူးလို့လဲ။"

ရက်အတော်ကြာ ဆက်တိုက်ကြီး စာမေးပွဲ ဖြေရချိန်မှာ ကိုယ်ယူလာတဲ့ ခြောက်သွေ့မာကျောနေတဲ့ ရိက္ခာတွေ၊ စာမေးပွဲခန်းမက ဟင်းရည်ကျဲကျဲတွေကို စားရတာက တကယ်ကို စိတ်ပျက်စရာပဲလေ?

"မဟုတ်ဘူး။ အမတ်ကြီးလီ မငတ်ဖူးဘူး။ ကျုပ်ပြောတာက မနက်ကိစ္စကို ညဘက် အာမမခံနိုင်တာ။ ဒီနေ့ သီသီလေး အသက်ရှင်နေရပေမဲ့ မနက်ဖြန် ဘယ်လို ဆက်ရှင်သန်ရမလဲ ဆိုတာ မသိတဲ့ ငတ်မွတ်မှုမျိုးကို ပြောတာ။

"တကယ့် အစစ်အမှန် ငတ်မွတ်မှုက လူကို ဘာမှ တွေးလို့ မရအောင် ဖြစ်စေတယ်။ အနားမှာ လူတစ်ယောက် ရှိနေရင်တောင် သူ သေသွားရင် သူ့ကို စားပြီး ဗိုက်ဖြည့်ဖို့ပဲ မျှော်လင့်နေတော့တာ။"

လီယန်စုန်၏ လည်ချောင်းက အနည်းငယ် တင်းကျပ်သွားပြီး စကားမပြောရဲတော့ချေ။

ဖန်ကျန်းရီက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။ "ဒါဆို အမတ်ကြီးလီ ဘေးဒုက္ခ ရောက်နေတဲ့ ဒေသတွေကို ကိုယ်တိုင် သွားကြည့်ဖူးလား။"

"မသွားကြည့်ဖူးဘူး။"

"ကောင်းပြီ။ ဒါဆို ဘေးဒုက္ခ ရောက်နေတဲ့ နေရာတွေက ဘယ်လိုပုံစံလဲ ဆိုတာကို ကျုပ် ပြောပြမယ်... စားနပ်ရိက္ခာ ရှားပါးမှု ဖြစ်တဲ့ နေရာတိုင်းမှာ ပြိုပျက်နေတဲ့ အဆောက်အအုံတွေနဲ့ အုတ်ဂူသစ်တွေ အများကြီး ရှိနေတယ်။

ပြည်သူတွေရဲ့ အိမ်တွေကို သွားကြည့်ရင် ဘယ်အိမ်ကများ ကွဲအက်နေတဲ့ အိုးတွေ၊ အေးစက်နေတဲ့ မီးဖိုတွေနဲ့ ငိုသံတွေ မပြည့်နှက်နေလို့လဲ။

ဝမ်းနည်းစရာ ကောင်းတာက ကျုပ် တွေ့ခဲ့ဖူးတယ်။ ကျုပ် မြင်တွေ့ခဲ့ဖူးရုံသာမက ကျုပ် ဒီနေ့အထိ အသက်ရှင်နိုင်ခဲ့တာကလည်း ငတ်သေတော့မယ့် ဒုက္ခသည်တွေရဲ့ ကျေးဇူးကြောင့်ပဲ။ သေလုမြောပါး ဖြစ်နေတဲ့ လူတစ်စုက သူတို့ဆီမှာ ကျန်နေတဲ့ စားနပ်ရိက္ခာ နည်းနည်းလေးကို ပေးခဲ့လို့သာ ဒီနေ့အချိန်ထိ ကျုပ် အသက်ရှင်နိုင်ခဲ့တာ။

မူလကတော့ ကျုပ်က ဒီကိစ္စမှာ အရမ်းကြီး ဝင်မပါချင်ခဲ့ပါဘူး။ ဒါပေမဲ့ အိမ်ရှေ့စံရဲ့ မေတ္တာတရားက ကျုပ်ကို တကယ်ပဲ ရှက်ရွံ့သွားစေတယ်။

ကျုပ်က အိမ်ရှေ့စံ ရုံးတော်ရဲ့ လက်ထောက်အမတ် ဖြစ်နေမှတော့ ဘယ်လိုလုပ် နောက်တွန့်နေလို့ ရပါ့မလဲ။ ဒီလိုဆိုတော့ အမတ်တွေ အားလုံးကို ရန်သူ လုပ်ရမယ် ဆိုရင်တောင် ဘာဖြစ်လဲ။ အမတ်ကြီးလီ... ခင်ဗျားက အမြော်အမြင် ကြီးမားပေမဲ့ တစ်ခါတစ်ရံ အလုပ်လုပ်တဲ့ အခါမှာ ဉာဏ်ပညာတွေ အများကြီး မလိုပါဘူး။ သတ္တိ နည်းနည်းပဲ လိုအပ်တာပါ။"

လီယန်စုန်က စကားဆို့နင့်သွားပြီး ဖန်ကျန်းရီ၏ မျက်လုံးများကိုသာ စိုက်ကြည့်နေ၏။

သူ၏ ပြတ်သားသော သဘောထားကို မြင်ချိန်မှာတော့ ခါးသက်စွာ ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။ "ထားပါတော့။ မင်း လုပ်ချင်သလို လုပ်ပါ။ ငါကြည့်ရတာ မင်းမှာ အနာဂတ် ရှိသေးတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် မဖျက်ဆီးပါနဲ့။ ငါ သွားတော့မယ်။"

စကားပြောပြီးနောက် လီယန်စုန်က လှည့်ထွက်သွားရာ သူ၏ ကျောပြင်၌ အထီးကျန်ဆန်မှုများ အပြည့် ရှိနေ၏။

ပတ်ဝန်းကျင်ရှိ သတင်းထောက်များ၏ မျက်လုံးများက တောက်ပစွာနေပြီး သူတို့က ဖန်ကျန်းရီကို ကြည့်နေကြသည်။

အမတ်ကြီးဖန်က ဒီလောက်ထိ ဖြောင့်မတ်မှန်ကန် လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူ့နောက် လိုက်ရတာ ဒီတစ်သက်တာအတွက် တန်သွားပြီ။

သိပ်မကြာခင်မှာပင် ထွက်သွားခါစ လီယန်စုန်က အလျင်စလို ပြန်ပြေးလာ၏။

"ငါ့အိမ်မှာ စားနပ်ရိက္ခာ ဆန်ကျင်း နှစ်ထောင် မပြည့်ဘူးနော်။ သတင်းစာထဲမှာ ပြန်ရှင်းပေးဖို့ မမေ့နဲ့။"

စကားပြောပြီးနောက် အလျင်စလို ပြန်ထွက်သွားသည်။

ဖန်ကျန်းရီက အနည်းငယ် ပြုံးကာ စားပွဲပေါ်တွင် အလုပ်လုပ်နေသော ရှန်ရီကို ပုတ်လိုက်၏။ "မှတ်ထား .. လက်ရှိ အမတ်ကြီး လီယန်စုန်... မျက်ရည်ကျသွားတယ်။ ပြည်သူတွေရဲ့ ဒုက္ခကို ဝမ်းနည်းပူဆွေးလို့ အိမ်မှာ ဆန်ကျင်း တစ်ထောင့်ငါးရာပဲ ချန်ထားပြီး ကျန်တာ အကုန်လုံးကို ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းမယ်တဲ့။"

လီယွမ်ကျောက်က ကြားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ခေါင်းတစ်ခုလုံး ရှုပ်ထွေးသွားတော့၏။

ရှန်ရီ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး လက်များ တုန်ရီသွားသည်။

စက္ကူပေါ်သို့ မှင်တစ်စက် ကျသွားပြီး ပြန့်ကားသွား၏။

လီယန်စုန်လား။ သူက အမတ်ကြီးဖန်ရဲ့ အရင်းနှီးဆုံး ဦးလေးလေ။ ကိုယ့်ဆွေမျိုးကို ဒီလို ချောက်ချတဲ့သူ ရှိသေးတာလား။

ရှန်ရီက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ "အမတ်ကြီးဖန်... အမတ်ကြီးလီက အဲဒီစကားတွေ ပြောမသွားဘူး ထင်တယ်။ ပြီးတော့ ကိုယ့်ဆွေမျိုးတွေချည်းပဲ... ဒီလိုလုပ်တာ အရမ်း ရက်စက်လွန်းရာ မကျဘူးလား။"

ဖန်ကျန်းရီ၏ မျက်နှာက လေးနက်သွား၏။ “ဒါက ရင်တွင်းစကားလေ။ ကျုပ် ကြားလိုက်တယ်။ ပြီးတော့ ကယ်ဆယ်ရေး လုပ်ဖို့အတွက် ဆွေမျိုး၊ မဆွေမျိုးက အရေးမကြီးဘူး။ ဆွေမျိုး ဖြစ်နေရင်ကော ဘာဖြစ်လဲ။ ကျုပ်က ဘယ်တော့မှ မျက်နှာမလိုက်တတ်ဘူး။

ရာထူး ကြီးမားလေ၊ တာဝန်ကြီးလေပဲ။ ကျုပ်တို့ မိသားစုက စားနပ်ရိက္ခာ ပိုလှူရတာ တာဝန်ပဲလေ။ မနက်ဖြန် ထုတ်ဝေမယ်။ ကျုပ်အတွက် မှတ်ထားလိုက်။"

"ဟုတ်ကဲ့ပါ။ အမတ်ကြီးဖန်ရဲ့ ဖြောင့်မတ်မှုက ကြီးမားလှပါတယ်။" ရှန်ရီက စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်ကာ အရိုအသေပေးလိုက်၏။

အခန်းထဲရှိ သတင်းထောက်များ အားလုံးက စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်လိုက်ကြသည်။

ပညာတတ်တွေရဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲ။ ဒါကမှ ပညာတတ်တွေရဲ့ စိတ်ဓာတ်ပဲ။

အမတ်ကြီးဖန်က ကိုယ့်မိသားစုရဲ့ စားနပ်ရိက္ခာတွေကို ဘေးဒုက္ခသည်တွေဆီ ပို့ပေးတာက ကိုယ့်အသားကို လှီးပြီး လင်းယုန်ငှက်ကို ကျွေးတဲ့ အဆင့်ကို ရောက်နေပြီ။

ဒီလိုလူမျိုးရဲ့ နောက်ကို လိုက်ရတာ မျက်နှာပွင့်တယ်။ ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူကနေတောင် အခိုးအငွေ့တွေ ထွက်နေလောက်ပြီ။

အချိန်ပို လုပ်မယ်။ အချိန်ပို မလုပ်ရင် သတင်းစာတိုက်မှာ ဆက်နေဖို့ ဘယ်မျက်နှာ ရှိတော့မှာလဲ။

...

ဖန်ကျန်းရီ မျှော်လင့်ထားသည့် အတိုင်းပင် နောက်တစ်နေ့ နန်းတော်ညီလာခံတွင် မနေ့က သတင်းစာကိစ္စကို ကျင်းဘုရင် ရှေ့သို့ ထပ်မံ တင်ပြလာကြ၏။

ကျင်းဘုရင်က သတင်းစာကို ကြည့်တောင် မကြည့်ဘဲ စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး ဖန်ကျန်းရီကို ရှုပ်ထွေးသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။

မင်း အလုပ်လုပ်တာ ကောင်းပေမဲ့ ဘာလို့ အကျိုးဆက်ကို ထည့်မတွက်တာလဲ။

ဒီတစ်ကြိမ်တော့ အိမ်ရှေ့စံကိုပါ ဆွဲထည့်လိုက်ပြန်ပြီ။ ကိုယ်တော့်ကို မင်းပြဿနာတွေ ဖြေရှင်းပေးဖို့ မျှော်လင့်နေတာလား။

ဖန်ကျန်းရီက ကျင်းဘုရင် သူ့ကို ကြည့်နေသည်ကို မြင်ချိန်မှာတော့ မျက်စိမှိတ်ပြကာ အမူအရာ အမျိုးမျိုး လုပ်ပြနေ၏။ မျက်လုံးများထဲတွင် စာလုံးကြီး လေးလုံး ရေးထားသကဲ့သို့ပင်။ "အရှင်မင်းကြီး ကယ်တော်မူပါ။"

အမတ်အားလုံးက ဖန်ကျန်းရီကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ကျန်းရှီက မစောင့်ဆိုင်းနိုင်တော့ဘဲ ခုန်ထွက်လာ၏။ ပြီးနောက် ဒေါသတကြီး ပြောလိုက်၏။ "အရှင်မင်းကြီး .. ကျွန်တော်မျိုး ဖန်ကျန်းရီကို တိုင်ကြားချင်ပါတယ်။ သတင်းစာကို အသုံးချပြီး ပြည်သူတွေကြားထဲမှာ ကောလာဟလတွေ ဖြန့်နေပါတယ်။ နန်းတော်ရဲ့ ဂုဏ်သတင်းကို ကျဆင်းစေပါတယ်။"

ဖန်ကျန်းရီက စကားမပြောဘဲ လီယွမ်ကျောက်ကိုသာ မျက်တောင် အဆက်မပြတ် ခတ်ပြနေသည်။

ထို့နောက် နောက်လိုက်လေး ထွက်လာ၏။

လီယွမ်ကျောက်က မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ "အမတ်ကြီးကျန်း … အိမ်ရှေ့စံ နေ့စဉ်ထုတ် သတင်းစာကို ကျုပ်ကိုယ်တိုင် တာဝန်ယူ ထုတ်လုပ်ထားတာပါ။ ဆရာဖန်နဲ့ ဘာဆိုင်လို့လဲ။ ဘယ်လိုလုပ်ပြီး နန်းတော်ရဲ့ ဂုဏ်သတင်းကို ကျဆင်းစေတယ်လို့ ပြောရတာလဲ ရှင်းပြစမ်းပါ။"

ကျန်းရှီက ဖန်ကျန်းရီကို မုန်းတီးစွာ ကြည့်လိုက်၏။

အရှက်မရှိတဲ့ကောင်။ အမြဲတမ်း အိမ်ရှေ့စံကို ဒိုင်းလွှာလုပ်နေတာပဲ။

ထို့နောက် သူက ကျင်းဘုရင်ကို ကြည့်လိုက်ရာ ကျင်းဘုရင်ထံမှ မည်သည့် တုံ့ပြန်မှုမှ မတွေ့ရချေ။

ကျန်းရှီက ဇွတ်မှိတ်ပြီး စကားစလိုက်သည်။ "သတင်းစာထဲမှာ အမတ်တွေရဲ့ အိမ်က စားနပ်ရိက္ခာ သိုလှောင်မှု အပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားပါတယ်။ အဲဒီအထဲက ကိန်းဂဏန်းတွေက မမှန်ပါဘူး။ ပြည်သူတွေ မြင်ရင် မကျေနပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။

အိမ်ရှေ့စံက သဘောထားကြီးပြီး ကြင်နာတတ်ပါတယ်။ ဒါ သေချာပေါက် ဖန်ကျန်းရီ မြှောက်ပေးတာပါ။"

"ချီး... ဖားယားတဲ့ကောင်။" လူအုပ်ထဲမှ မသက်ဆိုင်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ကျန်းရှီက ချက်ချင်း ဒေါသတကြီး ဖန်ကျန်းရီကို စိုက်ကြည့်လိုက်သည်။

"ကဲပါ... မငြင်းကြနဲ့တော့။ ဖန်ကျန်းရီ... ကိုယ်တော် မင်းကို မေးမယ်။ သတင်းစာပေါ်မှာ မှတ်တမ်းတင်ထားတဲ့ အမတ်တွေရဲ့ အိမ်က စားနပ်ရိက္ခာ သိုလှောင်မှု အရေအတွက်ကို မင်း ဘယ်ကနေ သိလာတာလဲ။" ကျင်းဘုရင်က ဖြည်းညင်းစွာ မေးလိုက်၏။

ဖန်ကျန်းရီက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီးကို တင်လျှောက်ပါတယ်။ ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေကို တွက်ချက်ခိုင်းထားတာပါ။ အဲဒီအထဲမှာ အမှားအယွင်း နည်းနည်းတော့ ရှိနိုင်ပါတယ်။ အဲဒီလောက်ကြီးတော့ မတိကျပါဘူး။

အမတ်ကြီးတို့ အနေနဲ့ သတင်းစာပေါ်မှာ ပါတာတွေက မမှန်ဘူးလို့ ထင်ရင် ကျွန်တော်မျိုးကို ပြောလို့ ရပါတယ်။ မနက်ဖြန် သတင်းစာထဲမှာ ရှင်းလင်းချက် ထည့်ပေးပါ့မယ်။"

ကျန်းရှီက ချက်ချင်း ပြန်လည် ချေပလိုက်၏။ "အရှင်မင်းကြီး … ဒါ လျှောက်ပြောနေတာပါ။ သတင်းစာထဲက စားနပ်ရိက္ခာ အရေအတွက် ဆိုတာ လုံးဝ လျှောက်ရေးထားတာပါ။ ကျွန်တော်မျိုး အိမ်မှာ ဆန်ကျင်း ငါးသောင်း ဘယ်မှာ ရှိလို့လဲ။ ဒါ ထင်ရှားပါတယ်။ ဖန်ကျန်းရီက လျှောက်ရေးထားတာပါ။

အခုမှ ရက်အနည်းငယ်လေးပဲ ရှိသေးတယ်။ သတင်းစာမှာ ဒီလောက် ကြီးမားတဲ့ အမှားအယွင်းတွေ ဖြစ်နေပြီ။ သတင်းစာကို ဟန်လင်အကယ်ဒမီကို လွှဲပြောင်းပေးဖို့ တောင်းဆိုပါတယ်။ ဟန်လင်အမတ်တွေ သေချာ စစ်ဆေးပြီးမှ ဖြန့်ချိခွင့် ပြုသင့်ပါတယ်။ အကယ်၍ ဒီအတိုင်း ဆက်လွှတ်ထားမယ် ဆိုရင် ပြဿနာကြီး ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။

အရှင်မင်းကြီး ခွင့်ပြုပေးတော်မူပါ။"

"ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်။"

ဟန်လင်အမတ် အများအပြားနှင့် အခြား အမတ်တစ်စုက တိုက်ရိုက် ဒူးထောက်ချလိုက်ကြ၏။

ဖန်ကျန်းရီက မျက်လုံးမှေးကာ ကြည့်လိုက်သည်။

ဒါက ကြိုတင် ကြံစည်ထားတာပဲ။ ဒီလူတွေ တုံ့ပြန်တာ တော်တော် မြန်တာပဲ... တစ်ရက်တည်းနဲ့ ပူးပေါင်းသွားကြပြီ။

ကျင်းဘုရင်က မြင်လိုက်ရသောအခါ အနည်းငယ် ခေါင်းကိုက်သွားပြီး ဖန်ကျန်းရီကို မအောင့်အည်းနိုင်ဘဲ တစ်ချက် စိုက်ကြည့်လိုက်၏။

ကျန်းမိသားစုရဲ့ စီးပွားရေးထဲမှာ ဆန်ဆိုင် မပါဘူး ဆိုတာ အားလုံးသိတာပဲ။ သူ့မှာ ဘယ်လိုလုပ် အဲဒီလောက် ဆန်တွေ အများကြီး ရှိနိုင်မှာလဲ။ မင်း စုံစမ်းတောင် မစုံစမ်းဘဲ လျှောက်ရေးရင်တောင် ယုံနိုင်စရာလေး ရေးပါလား။

ရမ်းသန်းပြီး အဆင့်တွေ လျှောက်သတ်မှတ်တယ်။ ကိုယ်တော့်ကို လာမေးရင် အကုန်ရနေတာပဲကို။

ဒီလောက် ကြီးမားတဲ့ ကိစ္စကို ကိုယ်တော်နဲ့ တိုင်ပင်ဖို့တောင် မေ့နေရဲတယ်။ နောက်ထပ် နှစ်နှစ်လောက်ဆိုရင် မင်းက ကောင်းကင်ပေါ်တောင် ရောက်တော့မယ် ထင်တယ်။

"အားလုံး ထကြပါ။ ဒီကိစ္စကို နောက်မှ ဆက်ဆွေးနွေးမယ်။ အခု ပိုအရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်။"

"ဒီသတင်းစာ ထွက်လာပြီးနောက် လောကကြီးက အများကြီး ဝေဖန်ပြောဆိုနေကြလိမ့်မယ်။ တားလို့လည်း မရတော့ဘူး။ ပြီးတော့ အမတ်ကြီးတို့အိမ်မှာ တကယ်တမ်း ဆန်ဘယ်လောက်ရှိတယ် ဆိုတာကလည်း အရေးမကြီးပါဘူး။

အခုချိန်မှာ အမတ်ကြီးတို့က တက်တက်ကြွကြွ ဆန်လှူဒါန်းပြီး ပြည်သူတွေရဲ့ မကျေနပ်မှုကို ငြိမ်သက်အောင် လုပ်သင့်တယ်။ မဟုတ်ရင် နန်းတော်ရဲ့ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မလဲ။ အားလုံး ပြောကြည့်ကြပါ။ မိသားစု တစ်စုချင်းစီ ဘယ်လောက် လှူမလဲ။"

ဖန်ကျန်းရီက မအောင့်အည်းနိုင်ဘဲ လက်မထောင်ပြလိုက်၏။

ဒါကိုမှ နားလည်မှုလို့ ခေါ်တာ။ အရှင်မင်းကြီး … ရွှေဉာဏ်တော် ကြီးမားလွန်းတယ်။

အပိုင်း (၁၈၀) နာမည်ကျော်များအား အင်တာဗျူးခြင်း - ဖန်ကျန်းရီ။

ကျင်းဘုရင် စကားဆုံးသည်နှင့် ဖန်ကျန်းရီက ပထမဆုံး ခုန်ထွက်လာ၏။ "ကျွန်တော်မျိုး ဆန်ကျင်း ငါးရာ လှူဖို့ ဆန္ဒရှိပါတယ်။ ဆန်မလောက်ရင် ငွေနဲ့ အစားထိုးပါ့မယ်။ ကျွန်တော်မျိုး အိမ်မှာ ဆန် သိပ်မရှိပါဘူး။ အကုန်လှူဖို့ ဆန္ဒရှိပါတယ်။ ပြောင်သလင်းခါအောင် လှူမှာပါ။ ပြည်သူတွေ ဗိုက်ဝဖို့နဲ့ အရှင်မင်းကြီးရဲ့ ပူပန်မှုကို ဖြေဖျောက်ပေးနိုင်ဖို့ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားမှာပါ။ အမတ်ကြီးတို့ သဘောရှိ လုပ်ကြပါ..."

စကားပြောပြီးချိန်မှာတော့ ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် တစ်ခန်းလုံးကို လိုက်ကြည့်လိုက်သည်။

ကျုပ် အရင် လမ်းစဖောက်ပေးလိုက်ပြီ။ ကျုပ်ထက် ရာထူးကြီးတဲ့သူတွေ ကျုပ်ထက် နည်းအောင် လှူရဲလား ကြည့်ကြတာပေါ့။

အားလုံးက ဖန်ကျန်းရီကို မုန်းတီးစွာ ကြည့်နေကြ၏။

မင်း ခွေးကောင် …. တကယ် ပြဿနာ ရှာတတ်တာပဲ။ မင်းသာ မသေရင် အားလုံး ကောင်းကောင်း နေရမှာ မဟုတ်တော့ဘူး။

ကျင်းဘုရင်၏ နှုတ်ခမ်းထောင့်က မသိမသာ လှုပ်ရှားသွားသည်။ "အင်း .. ကောင်းတယ်။ အရမ်း ကောင်းတယ်။ အမတ်ဖန်ရဲ့ ပြည်သူနဲ့ တိုင်းပြည်အပေါ် ချစ်တဲ့စိတ်ကို ကိုယ်တော် ခံစားမိပါတယ်။ တခြားသူတွေရော။"

လီယန်စုန်က နားထောင်ရင်း ရင်ထဲတွင် လှိမ့်ပိန့်အောင် နာကျင်နေ၏။

သူက ပထမအဆင့် အမတ်ဖြစ်သည်။ ဖန်ကျန်းရီလို အဆင့်လေးအရာရှိတောင် ငါးရာလှုသည်ဆိုတော့ သူ မည်မျှ လှုရမည်နည်း။

တစ်ထောင်လား။ တကယ်ကို နှမြောစရာ ကောင်းလှသည်။ သူ့မိသားစုတွင် သိုလှောင်ထားသည့် စားနပ်ရိက္ခာက သေချာပေါက် ဆန်ကျင်း နှစ်ထောင်ထက် မကပေ။ သို့ပေမည့် တိုက်ရိုက် တစ်ထောင် ထုတ်ပေးလိုက်လျှင် မိသားစုတွင်းမှာလည်း မကျေနပ်မှုတွေ အများကြီး ရှိလာနိုင်၏။

ရှေ့နောက် စဉ်းစားပြီးနောက် လီယန်စုန်က အံကြိတ်ကာ ပြောလိုက်သည်။ "ကျွန်တော်မျိုး တစ်ထောင် လှူပါ့မယ်။"

ဘေးနားရှိ လူအချို့က လီယန်စုန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ ဤမျှထိ ရင်းနှီးရဲလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။

မတတ်နိုင်တော့သဖြင့် တစ်ထောင်၏နောက်သို့ အတင်းလိုက်ကာ ကိုးရာ၊ ရှစ်ရာ အစရှိသဖြင့် လှူဒါန်း လိုက်ကြသည်။

အောက်ဆုံးသို့ ရောက်ချိန်မှာတော့ ဆန်ကျင်း ဆယ်ဂဏန်းလောက်သာ လှူတော့၏။

စုစုပေါင်း တွက်ကြည့်လိုက်လျှင် ဆန်ကျင်း နှစ်သောင်းတောင် မပြည့်ချေ။ ဖန်ကျန်းရီက အကြမ်းဖျင်း တွက်ကြည့်ပြီးနောက် ရင်ထဲ သက်ပြင်းချလိုက်မိသည်။

ဤရိက္ခာပမာဏက သမုဒ္ဒရာထဲ ရေတစ်စက်ချလိုက်သလိုပင်။ အခြေအနေအတိုင်းဆိုပါက ရက်အနည်းငယ်တောင် ခံလိမ့်မည် မထင်ပေ။ သို့ပေမည့် လုံးဝမရှိသည်ထက်တော့ ကောင်းသေးသည်။ သူ နောက်ထပ် နည်းလမ်း ထပ်ရှာရပေဦးမည်။

ကျင်းဘုရင်ကလည်း ထိုအတိုင်းပင် တွေးနေ၏။

ကော်ထျန်းယန် စာရင်းပြုစုထားသည့် ကိန်းဂဏန်းများကို ကြည့်ရင်း ငေးမောနေသည်။ စုစုပေါင်း တစ်သောင်းခုနစ်ထောင်ရှစ်ရာ။

မကြာသေးမီ ရက်များအတွင်း အခေါင်းကိုက်ရဆုံးသူမှာ ကျင်းဘုရင်ပင် ဖြစ်၏။

တောင်ပိုင်းဒေသရှိ စားနပ်ရိက္ခာ ဘေးဒုက္ခနှင့် ပတ်သက်သည့် အဆိုပြုလွှာများက တစ်နေ့ကို ဘယ်နှစ်စောင် ရောက်လာမှန်းတောင် မသိရတော့ချေ။

ဒေသခံ အစိုးရက သူဌေးများထံမှ ကောက်ခံပြီးနောက် ပြည်သူများထံမှပါ အခွန်တိုးကောက်ကာ စားနပ်ရိက္ခာ ဖြည့်တင်းနေကြသဖြင့် နေရာအများအပြားတွင် ပြည်သူများ ဒုက္ခရောက်နေကြပြီ ဖြစ်သည်။

ကျင်းဘုရင်က အလွန် စိတ်ပူနေသော်လည်း ဘာမှ မတတ်နိုင်ချေ။

သို့ပေမည့် ယခုလို စားနပ်ရိက္ခာ အချို့ ကောက်ခံနိုင်ခဲ့ခြင်းက ကောင်းမွန်သည့် ရလဒ် တစ်ခုဟု ဆိုရပေမည်။ အကယ်၍ ဖန်ကျန်းရီ၏ ဤလှည့်ကွက်သာ မပါခဲ့လျှင် ယခုရရှိသည့် ပမာဏ၏ တစ်ဝက်ကိုတောင် ရနိုင်မည် မဟုတ်ချေ။

ခဏတာ စဉ်းစားပြီးနောက် ကျင်းဘုရင်က ပြောလိုက်၏။ "ကောင်းတယ်။ အမတ်ကြီးတို့ တက်တက်ကြွကြွ လှူဒါန်းတဲ့အတွက် ကောင်းတယ်။ အမတ်ဖန်... ဒီကပြန်ရင် အမတ်တွေ အိမ်မှာ စားနပ်ရိက္ခာ ဘယ်လောက် သိုလှောင်ထားလဲ ဆိုတာကို သေချာ ပြန်စစ်ဆေးပြီး သတင်းစာမှာ ပြန်ရှင်းပေးလိုက်အုံး။ ဒီနေ့ အမတ်တွေ လှူဒါန်းလိုက်တဲ့ စားနပ်ရိက္ခာတွေကိုလည်း လူထုရဲ့ မကျေနပ်မှုတွေ ငြိမ်သက်သွားအောင် သတင်းစာမှာ ဖော်ပြပေးရမယ်။"

"ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါ့မယ်။"

ကျန်းရှီက ချက်ချင်း အသံမြှင့်ကာ ပြောလိုက်၏။ "အရှင်မင်းကြီး … သတင်းစာ စီမံခန့်ခွဲမှုကိုရော..."

"ဒီကိစ္စကို ခဏထားလိုက်အုံး။ မင်းနဲ့ ဖန်ကျန်းရီက အဆိုပြုလွှာ တစ်စောင်စီ တင်ခဲ့ကြ။ ကိုယ်တော် သေချာ စဉ်းစားကြည့်မယ်။"

ကျင်းဘုရင်က ကျန်းရှီ၏ စကားကို တွန့်ဆုတ်မှု မရှိဘဲ ဖြတ်ပြောလိုက်သည်။ သတင်းစာက အိမ်ရှေ့စံ၏ နာမည်ကို သုံးထားခြင်းဖြစ်သည်။ ကျန်းရှီက ဟန်လင်အကယ်ဒမီနဲ့ ပေါင်းပြီး ဘာလုပ်ချင်နေသနည်း။

ဖန်ကျန်းရီက ရင်ထဲတွင် ကြိတ်ပျော်နေ၏။

အဘိုးကြီး … ပူနေတဲ့ တို့ဖူးကို စားလို့ မရဘူး။ အသက်သာ ကြီးလာတယ်၊ ခွေးလောက်တောင် အသိဉာဏ် မရှိဘူး။

ဒီတစ်ကြိမ် သတင်းစာထဲ ပါသွားတာ သူ့ကို တော်တော်လေး ထိခိုက်သွားပုံရတယ်။ တကယ်ပဲ အိမ်မှာ ပစ္စည်းတွေ အများကြီး ရှိနေပြီး အားနည်းချက်ကို အထိုးခံလိုက်ရလို့များလား။ လူလွှတ်ပြီး စုံစမ်းကြည့်ရအုံးမယ်။

ကျန်းရှီက စကားတစ်ခွန်းမှ မဟတော့ဘဲ တိတ်ဆိတ်စွာ နောက်ဆုတ်သွားသည်။

ကျင်းဘုရင်က ပြောလိုက်၏။ "ကောင်းပြီ။ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်မယ်။ တင်လျှောက်စရာ ရှိရင် တင်လျှောက်ကြ..."

...

ညီလာခံ ပြီးနောက် လီယန်စုန်က ပုံမှန်အတိုင်း သူ၏ ရုံးခန်းသို့ ပြန်လာခဲ့သည်။ နေ့စဉ်ထုတ် သတင်းစာက ပုံမှန်အတိုင်းပင် သူ၏ စားပွဲပေါ်တွင် တင်ထားလျက် ရှိ၏။

သူ ထိုင်ပြီးနောက် သတင်းစာကို ကောက်ကိုင်ကာ သေချာ ဖတ်ရှုလိုက်သည်။

ရုံးခန်းထဲရှိ အခြားသူများလည်း အများအားဖြင့် ထိုအတိုင်းပင် လုပ်ဆောင်နေကြ၏။

ရက်အနည်းငယ် အတွင်းမှာပဲ အားလုံးက သတင်းစာ ဖတ်သည့် အလေ့အကျင့် ရသွားကြပြီ ဖြစ်သည်။

အထဲမှ အကြောင်းအရာများက စိတ်ဝင်စားစရာ ကောင်းရုံသာမက သတင်းအချက်အလက် အတော်များများ ကလည်း တန်ဖိုးရှိလှသည်။

ရုံးခန်းထဲတွင် တစ်ခဏအတွင်း သတင်းစာ လှန်လှောသည့် အသံများကိုသာ ကြားနေရ၏။

သိပ်မကြာခင်မှာပဲ ထိုအသံများ ရပ်တန့်သွားသည်။

အားလုံးက သတင်းစာကို ချကာ လီယန်စုန်ကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

လီယန်စုန်၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။

အဆင့်သတ်မှတ်ချက်က မနေ့ကအတိုင်းပင် ဖြစ်ပြီး လုံးဝ ပြင်ဆင်ထားခြင်း မရှိချေ။ သို့ပေမည့် ဘေးဘက်တွင် ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ် ထပ်တိုးလာ၏။

အမတ်ကြီးလီ ….. သတင်းစာရုံးခန်းတွင် မျက်ရည်ကျခဲ့သည့် ဇာတ်လမ်း...

သာမန်အချိန်များတွင် ရင်းနှီးသည့် ကျိန့်ချောင်က သူ့အနားသို့ လျှောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။ "အမတ်ကြီးလီ... ခင်ဗျားနဲ့ ဖန်ကျန်းရီ ပူးပေါင်းပြီး..."

"ဖန်ကျန်းရီ။ ခွေးကောင်... ငါ့ကို ဒုက္ခပေးပြီ။" ကျိန့်ချောင် စကားတစ်ဝက်သာ ရှိသေးသော်လည်း လီယန်စုန်က အော်ဟစ်လိုက်၏။

ချက်ချင်းပဲ အားလုံးက ဘာဖြစ်သွားသည်ကို သဘောပေါက်သွားကြသည်။ လီယန်စုန်သည် ဖန်းကျန်းရီ၏ လှည့်စားခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေမည်။

ထို့ကြောင့် အားလုံးက သတင်းစာကို တိတ်တဆိတ် ကောက်ကိုင်ကာ မျက်နှာကို ဖုံးထားလိုက်ကြ၏။

ကျိန့်ချောင်လည်း ရှက်ကိုးရှက်ကန်းဖြင့် သူ၏နေရာသို့ ပြန်လာထိုင်လိုက်သည်။

ယခုအချိန်တွင် ရုံးခန်းထဲ၌ လီယန်စုန်၏ ဆဲဆိုသံများသာ ပဲ့တင်ထပ်နေတော့၏။

ဖန်ကျန်းရီဘက်တွင်တော့ ညီလာခံ ပြီးသည်နှင့် လီယွမ်ကျောက်နှင့် အတူ မြင်းအမြန်စီးကာ သတင်းစာတိုက်သို့ ပြန်လာခဲ့သည်။

မူလက လူအတော်များများက ဖန်ကျန်းရီကို ရှာပြီး အိမ်ရှိ စားနပ်ရိက္ခာ အရေအတွက်ကို ပြန်လည် စစ်ဆေးခိုင်းချင်ခဲ့သော်လည်း လှည့်ကြည့်လိုက်ချိန်မှာတော့ လူက ပျောက်သွားပြီ ဖြစ်၏။

ထို့ကြောင့် ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ကာ ဆဲဆိုနေကြတော့သည်။

သတင်းစာတိုက်သို့ ရောက်လာပြီးနောက် ဖန်ကျန်းရီက အခန်းအလယ်တွင် ရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "အားလုံးပဲ .. လက်ထဲက အလုပ်တွေကို ခဏ ရပ်ထားလိုက်ကြ။

အရန်စာမူတွေကို သေချာ ပြင်ဆင်ထားကြ။ ခင်ဗျားတို့ကို အချိန် နာရီဝက် ပေးမယ်။ သတင်းစာ နောက်တစ်စောင် ထပ်ထုတ်ပြီး ပုံနှိပ်စက်ဆီ ပို့ရမယ်။ ဒီနေ့ ညီလာခံမှာ အမတ်တွေ အလှူငွေ ထည့်ကြတယ်။ ကိန်းဂဏန်းတွေကို ကျုပ် မှတ်ထားပေးမယ်။ ဒါက ဒီနေ့ရဲ့ ခေါင်းကြီးပိုင်း သတင်းပဲ။

ညီအစ်ကိုတို့... အလုပ်စကြစို့။ တောင်ပိုင်းက ဒုက္ခသည်တွေ ဆန်တစ်လုပ် ပိုစားရ၊ မစားရ ဆိုတာက ခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်။"

သတင်းထောက်များ အားလုံး၏ စိတ်ခံစားချက်များက ချက်ချင်း တက်ကြွလာပြီး အလုပ်များကို အရူးအမူး စတင် လုပ်ဆောင်ကြတော့၏။

ဖန်ကျန်းရီက စက္ကူနှင့် စုတ်တံကို ယူကာ ယနေ့ ညီလာခံတွင် အမတ်များ လှူဒါန်းခဲ့သည့် ငွေပမာဏနှင့် သက်ဆိုင်ရာ နာမည်များကို အသေးစိတ် စတင် ရေးချလိုက်သည်။

ကံကောင်းသည်က... အလှူငွေများ အားလုံးက ကိန်းပြည့်များ ဖြစ်ပြီး ရာထူးအဆင့်အလိုက် ခွဲခြားထားသောကြောင့် မှတ်ရလွယ်ကူခြင်းပင်။ မဟုတ်လျှင် ဖန်ကျန်းရီ၏ မှတ်ဉာဏ်ဖြင့် အတိအကျ မှတ်မိရန် အနည်းငယ် ခက်ခဲပေမည်။

ရေးပြီးနောက် ဖန်ကျန်းရီက စက္ကူကို ရှန်ရီထံသို့ ပေးကာ စီစဉ်ခိုင်းလိုက်၏။

ဘေးတွင် အချိန်အတော်ကြာ ရပ်နေခဲ့သည့် လီယွမ်ကျောက်က နောက်ဆုံးတော့ စကားစလာသည်။ "ဖန်ကြီး... ကျုပ်တို့ ဘာလို့ ဒီလောက် အလျင်စလို ပြန်ပြေးလာရတာလဲ။ မနက်ဖြန်မှ ထုတ်လည်း ရတာပဲကို။"

"ရတော့ ရပါတယ်။ ဒါပေမဲ့ ဒီနေ့ ညီလာခံက လူတွေကို အိမ်ရှေ့စံ မတွေ့လိုက်ဘူးလား။ သူတို့က ကျုပ်တို့ကို စောစောကတည်းက မကျေမနပ် ဖြစ်နေကြတာ။ အချိန်ပိုဆွဲလေ၊ ကျုပ်တို့အတွက် ပိုအကျိုးယုတ်လေ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူတို့ကို ပိုလှူလာအောင် နည်းလမ်းရှာရမယ်။

တကယ်လို့ သူတို့က ကျုပ်တို့ကို တိုက်ခိုက်ဖို့ အချက်တစ်ခုခု ထပ်ရှာတွေ့သွားရင် သတင်းစာကို ကျုပ်တို့ လက်ထဲမှာ ဆက်ထုတ်ခွင့် ရပါ့မလား မသေချာဘူး။ ဒါကြောင့် ကျုပ်တို့ အခု အချိန်လုရမယ်။ လုပ်နိုင်သလောက် များများ လုပ်ထားရမယ်။"

လီယွမ်ကျောက်က စဉ်းစားပြီးနောက် ပြောလိုက်၏။ "အဓိပ္ပာယ်ရှိတယ်။ ဒါဆို သူတို့ကို မြန်မြန် လုပ်ခိုင်းလိုက်မယ်။ အခု သတင်းစာရောင်းတဲ့ ကလေးတွေ သွားရှာဖို့လည်း အချိန်မမီတော့ဘူး။ ကျုပ် သန့်ရှင်းရေးအဖွဲ့ကို သွားခေါ်လိုက်မယ်။ ညနေပိုင်းလောက် တစ်မြို့လုံးကို သတင်းစာ ရောင်းချနိုင်အောင် ကြိုးစားမယ်။"

ဖန်ကျန်းရီက ကျေနပ်စွာဖြင့် ပြောလိုက်သည်။ "အိမ်ရှေ့စံ စဉ်းစားတာ ပြည့်စုံပါတယ်။ အရင်သွားလုပ်လိုက်ပါ။ ကျုပ်လည်း ရေးစရာ စာမူ ရှိသေးတယ်။"

...

ညနေပိုင်းသို့ ရောက်ချိန်မှာတော့ သတင်းစာတိုက်နှင့် ပုံနှိပ်စက်၏ အရူးအမူး အလုပ်လုပ်နှုန်းကြောင့် ယနေ့အတွက် ဒုတိယမြောက် သတင်းစာက ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

သန့်ရှင်းရေး အဖွဲ့ဝင် အများအပြားက သတင်းစာ အထပ်လိုက် ကိုင်ကာ လမ်းပေါ်သို့ ထွက်၍ ရောင်းချကြသည်။

လမ်းတစ်လျှောက်လုံး အရူးအမူး အော်ဟစ် ရောင်းချနေကြ၏။ "အထူးသတင်း။ အထူးသတင်း။ သတင်းကြီး လာပြီ။ နန်းတွင်းက အမတ်တွေ တက်တက်ကြွကြွ ဆန်လှူကြပြီ။"

တစ်နေ့တည်း သတင်းစာ နှစ်စောင် ထွက်လာခြင်းက လူအများစုအတွက် အလွန် ဆန်းသစ်နေသည်။

ထို့ကြောင့် ဝယ်ယူရာတွင်လည်း ပို၍ တက်ကြွနေကြ၏။

တစ်နာရီ မပြည့်ခင်မှာပင် အပိုရိုက်နှိပ်ထားသည့် သတင်းစာများ အားလုံး ရောင်းထွက်သွားသည်။ ပုံနှိပ်စက်က အဆက်မပြတ် ရိုက်နှိပ်နေဆဲ ဖြစ်ကာ ရိုက်ပြီးသမျှ ချက်ချင်း ရောင်းထွက်သွားသည်။

ယခုအချိန်တွင် ရပ်ကွက်တိုင်းရှိ သတင်းစာဖတ်ပြသူများအားလုံး သတင်းစာများကို ရရှိသွားကြပြီ ဖြစ်၏။

သတင်းကို မြင်တွေ့လိုက်ရချိန်မှာတော့ ရင်ထဲတွင် အလွန် ဝမ်းသာသွားကြသည်။ ဤမျှ စိတ်လှုပ်ရှားဖွယ် ကောင်းသည့် အကြောင်းအရာများ ပါဝင်နေသဖြင့် ယနေ့အတွက် ဆုကြေးငွေက အတော်လေး များပြားမည်မှာ သေချာသည်။

ထို့ကြောင့် လမ်းပေါ်သို့ ထွက်ကာ ထပ်မံ အော်ဟစ်ကြသည်။

သိပ်မကြာခင်မှာပဲ လမ်းဘေးမှ ပြည်သူများက အကျင့်ပါနေပြီ ဖြစ်သောကြောင့် အလိုအလျောက် စုရုံး ရောက်ရှိလာကြ၏။

"ဒီနေ့ ဘယ်လိုဖြစ်လို့ သတင်းစာ နှစ်စောင် ထွက်လာတာလဲ။ တော်တော် ဆန်းတာပဲ။ မြန်မြန် ဖတ်ပြစမ်းပါ။"

သတင်းစာဖတ်ပြသူက လူများလာသည်ကို မြင်သောအခါ ဝမ်းသာအားရ ပြုံးလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ "အားလုံးပဲ မလောကြပါနဲ့။ ဒီနေ့ အပိုရိုက်နှိပ်လိုက်တဲ့ သတင်းစာမှာ သတင်းကြီး ပါလာပါတယ်။

နန်းတွင်းက အမတ်ကြီးတွေက ဆန်တွေ အများကြီး လှူပြီး တောင်ပိုင်းကို ကယ်ဆယ်ရေး လုပ်တော့မယ်တဲ့။ အောက်မှာ မိသားစု တစ်စုချင်းစီက ဘယ်လောက် လှူလဲဆိုတဲ့ အခြေအနေကို ကျုပ် ဖတ်ပြပါ့မယ်။"

"ကျန်းမိသားစု... ဆန်ကျင်း တစ်ထောင်။"

"လီမိသားစု..."

သတင်းစာဖတ်ပြသူက အကုန်ဖတ်ပြပြီးချိန်မှာတော့ လူအုပ်ကြီးထဲမှ ကြီးမားသည့် အံ့အားသင့်သံများ ထွက်ပေါ်လာ၏။

စုစုပေါင်း ဆန်ကျင်း တစ်သောင်းခုနစ်ထောင်ရှစ်ရာ ဆိုတော့ ဒီလောက်များတဲ့ ဆန်တွေက တကယ့်ကို ကြီးမားတဲ့ အလှူကြီးပဲ။

သို့ပေမည့် နောက်ပိုင်းတွင်တော့ အားလုံးက သဘောပေါက်သွားကြသည်။

အဆင့်သတ်မှတ်ချက် စာရင်းမှာ မိသားစု တစ်စုတည်းမှာတင် ဆန်ကျင်း နှစ်သောင်းလောက် ရှိနေတာလေ။ တစ်နေကုန်ကြာမှ ဒီလောက်လေးပဲ လှူတာလား။

လူအုပ်ကြီးထဲမှ ကြီးမားသည့် မကျေနပ်သံများ ထွက်ပေါ်လာ၏။

သတင်းစာဖတ်ပြသူက အခြေအနေကို ရိပ်မိပြီး ပြုံးလိုက်သည်။ "အားလုံးပဲ။ မပြီးသေးပါဘူး။ သတင်းစာမှာ အမြဲတမ်း နေရာလွတ်ထားတဲ့ နာမည်ကျော်များအား အင်တာဗျူးခြင်းကဏ္ဍမှာ ဒီနေ့ အကြောင်းအရာ ပါလာပါပြီ။ ဒါက ဒီတစ်ခေါက် အလှူငွေကိစ္စနဲ့ ပတ်သက်နေတာပါ။ မလောပါနဲ့။ ကျုပ် အားလုံးကို ဖတ်ပြပါ့မယ်။ ပိုက်ဆံရှိတဲ့သူက ပိုက်ဆံနဲ့ အားပေးပြီး ပိုက်ဆံမရှိတဲ့သူက လူနဲ့ အားပေးကြပါ။"

လူအုပ်ကြီး၏ မျှော်လင့်ချက်က ထပ်မံ တောက်ပလာပြန်၏။

သတင်းစာဖတ်ပြသူက လည်ချောင်းကို ရှင်းလိုက်ပြီး ကျယ်လောင်စွာ သတင်းစာ စဖတ်ပြတော့သည်။

"အဟမ်း။ အဟမ်း။ နာမည်ကျော်များအား အင်တာဗျူးခြင်း။"

"နန်းတော်ညီလာခံမှာ ပြုလုပ်ခဲ့တဲ့ ဒီရှက်စရာကောင်းတဲ့ အလှူငွေကိစ္စက လာမယ့် နှစ်ရက်အတွင်း ပြည်သူတွေကြားထဲ အကြီးမားဆုံး ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာနိုင်ပါတယ်။ အိမ်ရှေ့စံ ရုံးတော်ရဲ့ လက်ထောက်အမတ် ဖန်ကျန်းရီရဲ့ ဒီအပေါ် ဝေဖန်ချက်ကို ကြည့်ရအောင်။ အမြဲတမ်း ပွင့်လင်းဖြောင့်မတ်တဲ့ လက်ထောက်အမတ်ဖန်က တိုက်ရိုက်ပဲ ပြောကြားခဲ့ပါတယ်။

အမတ်တွေက ဒီလောက်လေးပဲ လှူမယ်ဆိုရင် ရှေ့ဆက်ပြီး ဘယ်လို လူလုပ်တော့မှာလဲ။”

All Chapters