အခန်း (၁၈၁-၁၈၂)
Vol. 11 Ch. 181-182
အပိုင်း (၁၈၁) ငရဲဘုံ နေ့စဉ်သတင်းစာ။
သတင်းစာဖတ်ပြသူက သတင်းစာကို ဖြန့်ကိုင်လိုက်ပြီး သေချာစွာ ထပ်ဖတ်ကြည့်လိုက်သေးသည်။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အောက်ပါ စာသားတွေက မြို့ဝန်ဖန် ပြောထားတဲ့ စကားတွေပဲ။"
"နယ်တွေမှာ နှစ်တိုင်း စားနပ်ရိက္ခာ ရှားပါးတဲ့ဘေး အကြိမ်ဘယ်လောက်တောင် ဖြစ်ခဲ့လဲဆိုတာ ခင်ဗျားတို့ ပြောစမ်း။ ပြင်ဆင်ပြီးပြီလား။ နည်းလမ်းဟောင်းတွေပဲ သုံးနေတုန်းပဲ မဟုတ်လား။ ဘဏ္ဍာရေးအမတ် ကျန်းရှီကလည်း ဆင်ခြေပေးနေတယ်။ သူ အသက် ဘယ်လောက်ကြီးပြီလဲ။ ကျုပ် အသက် ဘယ်လောက်လဲ။ ကျုပ်လို လူငယ်လေးက ဘေးဒုက္ခကယ်ဆယ်ရေးအကြောင်း လာပြောရဲတယ်ဆိုပြီး ဒေါခွီးနေတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ် စားနပ်ရိက္ခာ လှူဒါန်းရာမှာ အမတ်တွေက ဘယ်လို ပြုမူခဲ့ကြလဲ။ ဒီလောက် ရိက္ခာလေးနဲ့ စားလို့ လောက်ပါ့မလား။
ကျန်းရှီတို့လို အမတ်ကြီးတွေတောင်မှ ဆန်စပါး တစ်ထောင်ကျော်ပဲ လှူတယ်။
စားဖို့ လောက်ပါ့မလား။ မလောက်ဘူး။ ထပ်လှူရမယ်။
ဒီအတိုင်း ဆက်သွားနေရင် အန်းဇယ်ခရိုင်လို တောင်ပိုင်းဒေသတွေ အကုန် ငတ်သေကုန်တော့မယ်။ အန်းဇယ်မှာ ငတ်သေပြီးရင် ကျန်းကျန်းမှာ ဆက်ငတ်မယ်။ နောက်ပိုင်း ငတ်စရာ လူတောင် ရှိတော့မှာ မဟုတ်ဘူး။ အကုန် သေကုန်မှာပဲ။
ဒီတစ်ကြိမ် လှူဒါန်းရာမှာ အမတ်တွေရဲ့ အလှူငွေချည်းပဲ အားကိုးလို့ မရဘူး။ ပြည်သူထဲက သူဌေးတွေလည်း ပါဝင်ရမယ်။ တစ်ယောက်စီ ကိုယ်နိုင်သလောက် အင်အားထုတ်ရမယ်။"
ဒါပေမဲ့ အမတ်တွေ လှူတာက နည်းလွန်းတယ်။ နောက်ထပ် ခြောက်လအတွင်း စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ခင်ဗျားတို့ အာမခံနိုင်သလား။ ကျန်းရှီတို့အနေနဲ့ အရာရှိ လုပ်ရတဲ့ ရည်ရွယ်ချက်ကို အရင် နားလည်အောင် လုပ်ဖို့ ကျုပ် အကြံပေးချင်တယ်။ ပြည်သူတွေအတွက် အသက်စွန့်ပြီး တောင်းဆိုပေးတယ် ဆိုတာ ဘာလဲ။ တောင်းဆိုနေရုံနဲ့ ဘာမှဖြစ်မလာဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ အိမ်မှာရှိတဲ့ ရိက္ခာ အကုန်လုံးကို လှူလိုက်ပြီ။ ကျန်တဲ့သူတွေတော့ သဘောပဲ။
ဟူး... ဒီလူတွေက မျက်နှာပူရကောင်းမှန်းတောင် မသိကြဘူး။"
သတင်းစာဖတ်ပြသူ ဖတ်အပြီးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
ဤမျှ ပြင်းထန်ပြီး ပွင့်လင်းလွန်းသည့် ဝေဖန်မှုက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်မှာ အသေအချာပင် ဖြစ်၏။
လှပသည့် စကားလုံး အသုံးအနှုန်းများ မပါဝင်ဘဲ တိုက်ရိုက် ဆဲဆိုထားခြင်းမျိုး ဖြစ်၏။ ထို့အပြင် မြို့ဝန်ဖန်က သူ၏ရိက္ခာအားလုံးကို လှူဒါန်းလိုက်ပြီး အထက်အရာရှိများကို ဤကဲ့သို့ ရဲရဲဝံ့ဝံ့ ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ချေ။
လောကကြီးတွင် ဤကဲ့သို့သော လူမျိုး တကယ်ပဲ ရှိနေသည်လား။
"မြို့ဝန်ဖန်က တကယ့်ကို ဖြောင့်မတ်တဲ့ အရာရှိစစ်စစ်ပဲ။" လူအုပ်ထဲမှ မည်သူက အော်ဟစ်လိုက်သည် မသိချေ။
"ဒါက ပြည်သူတွေအတွက် အသက်စွန့်ပြီး တောင်းဆိုပေးတဲ့ အရာရှိကောင်းပဲ။"
"ခွေးအိုကြီး ကျန်းရှီက သိပ်ရွံစရာကောင်းတာပဲ။"
ပြည်သူလူထုက ပင်လယ်လှိုင်းတံပိုးများကဲ့သို့ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြပြီး ပတ်ဝန်းကျင်တွင် လူများ ပို၍ ပို၍ စုရုံးလာကြ၏။
ခဏချင်းပင် လမ်းမပေါ်တွင် လူများ ပြည့်နှက်သွားပြီး သွားစရာလမ်းပင် မရှိတော့ချေ။
"မြို့ဝန်ဖန်က ပြည်သူတွေအတွက် ဒီလို အပင်ပန်းခံနေမှတော့ ကျုပ်လည်း လှူရမယ်။ ဒီဝန်ကို နိုင်သလောက် ထမ်းကြရမယ်။ ဘယ်နေရာမှာ လှူရမလဲ။"
ထို့နောက် အောက်ဘက်မှ အသံများ ထပ်မံ ထွက်ပေါ်လာ၏။
သတင်းစာဖတ်ပြသူက သတင်းစာကို သေချာစွာ ထပ်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ပန်းရှန်းရပ်ကွက်က ပန်းရှန်းရင်ပြင်မှာပါ။ မြို့ဝန်ဖန်က ရိက္ခာကောက်ခံမယ့် နေရာကို အထူး စီစဉ်ခိုင်းထားပါတယ်။ အားလုံး အဲဒီကို သွားလို့ ရပါတယ်။"
လူအုပ်ကြီးက ထိုစကားကို ကြားချိန်မှာတော့ ချက်ချင်း လူစုခွဲလိုက်ကြ၏။
သတင်းစာဖတ်ပြသူက အလျင်စလို အော်ဟစ်လိုက်သည်။ "မလောကြနဲ့အုံး။ သတင်း မဆုံးသေးဘူး။"
လှည့်ထွက်သွားသည့် ပြည်သူများက ချက်ချင်း ပြန်လည် စုရုံးလာကြ၏။
"စကားကို လိုရင်းရောက်အောင် တစ်ခါတည်း မပြောရင် မင်းကို ကျုပ်တို့ ရိုက်သတ်ပစ်မယ်။ မြန်မြန်ပြောစမ်း။"
သတင်းစာဖတ်ပြသူက နဖူးမှ ချွေးများကို သုတ်လိုက်သည်။ "အောက်က သတင်းကတော့ မနေ့က အဆင့်သတ်မှတ်ချက် သတင်းပါ။
ဘဏ္ဍာရေးအမတ် ကျန်းရှီက ယနေ့မနက် ညီလာခံမှာ သတင်းစာက သတင်းတွေက မမှန်ကန်ကြောင်း၊ သူ့အိမ်မှာ အဲဒီလောက် ရိက္ခာတွေ မရှိကြောင်း ဒေါသတကြီး အော်ဟစ်ခဲ့တယ်။
တခြား အမတ်တွေကလည်း သူတို့အိမ်မှာ ပိုလျှံတဲ့ ရိက္ခာတွေ မရှိကြောင်း ညည်းတွားခဲ့ကြတယ်။
ကျုပ်တို့ သတင်းစာတိုက်က တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု မူဝါဒကို ကိုင်စွဲထားတဲ့အတွက် သေချာ ပြန်လည် စစ်ဆေးနေပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးချိန်မှာတော့ သတင်းစာမှာ ပြန်လည် ဖော်ပြပေးပါမယ်။
ဒါ့အပြင် ကျုပ်တို့ သတင်းစာတိုက်က သတင်းထောက်တွေက အမတ်တွေရဲ့ အိမ်တွေနဲ့ လယ်မြေတွေဆီ သွားရောက်ပြီး လျှို့ဝှက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ကျုပ်တို့ ဖော်ပြခဲ့တဲ့ ပမာဏက နည်းနေတာလား၊ ဒါမှမဟုတ် တခြား အခြေအနေတွေ ရှိနေတာလား။
ပြီးတော့ သတင်းစာတိုက်က သတင်းထောက်တွေ နောက်ဆုံးမှာ အသက်ရှင်လျက် ပြန်လာနိုင်မလား ဆိုတာကို စောင့်ကြည့်ကြရအောင်ပါ။"
ပြည်သူများက ထိုစကားကို ကြားချိန်မှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
မနေ့က အဆင့်သတ်မှတ်ချက်က နည်းနေသေးသည်လား။ ဤအမတ်မိုက်တွေက ဤမျှချမ်းသာနေသော်လည်း နည်းနည်းလေးပဲ လှူပြီး ဆင်းရဲချင်ယောင် ဆောင်ရဲသေးသည်ပေါ့။ တကယ့်ကို အရှက်မရှိတဲ့ သူတွေပဲ။
အိမ်ရှေ့စံ နေ့စဉ်သတင်းစာတိုက်က သတင်းထောက်တွေက တကယ့်ကို ရဲရင့်လွန်းသည်။ အသက်အန္တရာယ်ပမာမထားဘဲ နဂါးလှိုဏ်ဂူနဲ့ ကျားသိုက်လို နေရာမျိုးကို ဝင်ရောက်သွားကြ၏။ ထိုအရာက တရားမျှတမှုရဲ့ ပြယုဂ်ပင် ဖြစ်သည်။
သူတပါး ပိုင်နက်ထဲ ရောက်သွားလျှင် မည်သို့သော အန္တရာယ်မျိုးနှင့်ကြုံတွေ့ရမလဲ ဆိုသည်ကို မသိနိုင်ပေ။
ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်၏။ "ဒါဆို သတင်းထောက်တွေ အကုန်လုံး စုံစမ်းဖို့ သွားကြရင် မနက်ဖြန် သတင်းစာ မထွက်တော့ဘူးလား။"
"မေးခွန်းကောင်းပဲ။" သတင်းစာဖတ်ပြသူက အနည်းငယ် ပြုံးလိုက်သည်။
"အောက်မှာ အရေးကြီးဆုံး သတင်းတစ်ပုဒ် ကျန်သေးတယ်။"
"ဘာလဲ။"
လူတိုင်း၏ အကြည့်များက ပို၍ စိတ်အားထက်သန်လာကြ၏။ တစ်နေ့တည်းနှင့် သတင်းအများကြီး ကြားရသည့်တိုင် သူတို့က ပျင်းရိမသွားသည့်အပြင် ပို၍ပင် စိတ်ဝင်စားလာကြ၏။
"သတင်းစာတိုက်က သတင်းထောက် အများကြီး စေလွှတ်လိုက်ရတဲ့အတွက် အခု လူအင်အား အကြီးအကျယ် လိုအပ်နေပါတယ်။ သတင်းထောက်သစ်တွေ ခေါ်ယူနေပါတယ်။
ကျုပ်တို့ သတင်းစာတိုက်က လစာ အရမ်းကောင်းပါတယ်။ တစ်လကို ငွေတစ်တန်ကနေ ငွေနှစ်ဆယ်တန် အထိ ရနိုင်ပြီး ရာထူးတိုးဖို့နဲ့ လစာတိုးဖို့ အခွင့်အရေးလည်း များပါတယ်။ လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်ပြီး နေထိုင်စရာ အခမဲ့ စီစဉ်ပေးပါတယ်။
သတင်းစာတိုက်မှာ မိန်းမချောလေးတွေ အများကြီး ရှိတဲ့အပြင် မန်ထိုကိုလည်း အခမဲ့ ကျွေးပါသေးတယ်။ တစ်လကို ပိတ်ရက် နှစ်ရက် ရပါမယ်။"
"ဟ…လစာက ဒီလောက်တောင် ကောင်းတာလား။ ကျုပ် သွားချင်တယ်။" လူအုပ်ထဲမှ တစ်ယောက်က ချက်ချင်း အော်ဟစ်လိုက်ကြ၏။
သတင်းစာတိုက်မှာ အလုပ်လုပ်ရတာ တကယ့်ကို ကောင်းကင်ဘုံ ရောက်နေသလိုပဲ နေမှာပဲ။ တစ်လကို ငွေနှစ်ဆယ်တန်တောင် ရမယ်၊ နေစရာ အခမဲ့၊ မိန်းမချောလေးတွေ အများကြီး ရှိပြီး မန်ထိုလည်း အခမဲ့ စားရဦးမယ်။ စဉ်းစားကြည့်ရုံနဲ့တင် အရမ်းကို ပျော်စရာကောင်းနေပြီ။
ရိုးသားသည့် ကျင်းတိုင်းပြည်မှ ပြည်သူများက သေချာပေါက် စိတ်ဝင်စားသွားကြ၏။
သတင်းစာဖတ်ပြသူက အလျင်စလို အော်ဟစ်လိုက်ပြန်သည်။ "မလောကြနဲ့အုံး။ အောက်မှာ သတ်မှတ်ချက်တွေ ရှိသေးတယ်။ အဲဒီလောက် မလွယ်ဘူး။
သတင်းစာတိုက်က ဖိအားတွေကို ခံနိုင်ရည်ရှိပြီး တာဝန်ယူစိတ်၊ တိုးတက်လိုစိတ် ပြင်းပြတဲ့သူတွေကို အလိုရှိပါတယ်။ စိန်ခေါ်မှုတွေကို နှစ်သက်တဲ့သူ ဖြစ်ရပါမယ်။
အထက်က ပေးအပ်တဲ့ တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်နိုင်ပြီး အချိန်ကြာကြာ ခရီးထွက်နိုင်ရပါမယ်။ အားလုံး မကြောက်ကြပါနဲ့။ တစ်ခါတလေမှ အလုပ်များမှာပါ။
နောက်ထပ် သတ်မှတ်ချက် တစ်ခုကတော့ ပညာအရည်အချင်း ရှိရပါမယ်။ အနည်းဆုံး ရှို့ချိုက်အဆင့် ရှိရပါမယ်။"
"ချီးပဲ စားလိုက်စမ်း။ ကျုပ်သာ ရှို့ချိုက် ဖြစ်နေရင် မင်း ပြောတာကို နားထောင်နေစရာလား။"
(ရှို့ချိုက် - စာတတ်မြောက်သူ)
ချက်ချင်းပင် ပြည်သူများက ဆဲဆိုကြပြီး အမှိုက်သရိုက် မြောက်မြားစွာဖြင့် သတင်းစာဖတ်ပြသူကို ပစ်ပေါက်လိုက်ကြ၏။
မင်းက ကျုပ်တို့ကို လာနောက်နေတာလား။ ကျုပ်သာ စာတတ်နေရင် ဒီနေရာမှာ မင်း သတင်းစာ ဖတ်ပြတာကို လာနားထောင်နေစရာလား။ ငါးပြားလောက်ပဲ တန်တဲ့ သတင်းစာကို ဘယ်သူက မဝယ်နိုင်လို့လဲ။
"မပစ်ကြပါနဲ့။ မပစ်ကြပါနဲ့။ ကျန်သေးတယ်။"
သတင်းစာဖတ်ပြသူက ဟိုရှောင်ဒီတိမ်း လုပ်ရင်း ပါးစပ်ကလည်း အဆက်မပြတ် အော်ဟစ်နေ၏။
"သတင်းစာတိုက်မှာ သန့်ရှင်းရေး လုပ်ဖို့အတွက် အစေခံမလေး ဆယ်ယောက်လည်း အလိုရှိပါတယ်။ အသက်အရွယ် ကန့်သတ်ချက် မရှိပါဘူး။ လစာက ငွေသုံးမူးပါ။ သတင်းစာတိုက်မှာ လာလျှောက်နိုင်ပါတယ်။"
...
သတင်းစာတိုက် အတွင်းတွင်တော့ လီယွမ်ကျောက်က သတင်းစာကို ကိုင်ထားရင်း မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေသည်။
"ဖန်ကြီး... ဒီတစ်ကြိမ်တော့ တကယ့်ကို ပြဿနာကြီးသွားပြီ။ အမတ်တွေကို ဒီလို စွပ်စွဲလိုက်ရင် ခမည်းတော်က သေချာပေါက် ဒေါသထွက်မှာပဲ။ ဘယ်လို လုပ်ကြမလဲ။"
ဖန်ကျန်းရီက ခေါင်းငုံ့ကာ တစ်စုံတစ်ရာကို ရေးနေရင်းမှ တိုးညင်းစွာ ပြန်ဖြေ၏။ "ဘယ်လိုလုပ်ရမလဲ ဆိုတော့ ဖြစ်လာမယ့် အတိုင်းပဲ ရင်ဆိုင်ရမှာပေါ့။ ကံတရား အတိုင်းပဲပေါ့။"
"မနက်ဖြန်ကျရင် အပြစ်ပေးခံရဖို့ သေချာနေပြီမလို့ ကျုပ် ပြင်ဆင်ပြီးပါပြီ။"
ဖန်ကျန်းရီက သိပ်ပြီး စိုးရိမ်မနေချေ။ ဤတစ်ကြိမ် ထုတ်ဝေလိုက်သည့် သတင်းစာက ယခင်တစ်ကြိမ်ထက် ပို၍ ပြင်းထန်လွန်း၏။ သူကိုယ်တိုင်လည်း ဤအချက်ကို ကောင်းကောင်း သိထားသည်။
ဤကဲ့သို့သော လုပ်ရပ်မျိုးက ချောက်ကမ်းပါးယံတွင် ကြိုးတန်းလမ်းလျှောက်နေရသည်နှင့် အတူတူပင် ဖြစ်၏။
သို့သော်ငြား မနေ့က အခြေအနေကို စောင့်ကြည့်ရသလောက် မင်းကြီး၏ သဘောထားက အနည်းငယ် မပြတ်မသား ဖြစ်နေသော်လည်း မည်သို့ပင်ဖြစ်စေ မင်းကြီးက အိမ်ရှေ့စံဘက်မှ ရပ်တည်ပေးမည်မှာ သေချာ၏။
ထို့ကြောင့် သူကိုယ်တိုင် ဆက်လက် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အဆိုးဆုံး အခြေအနေတွင အရာရှိရာထူးမှ ထုတ်ပယ်ခံရရုံသာ ရှိမည်။
မကြာခင်မှာပဲ ရာထူး ပြန်ရလာနိုင်မည်ဟု သူ ယုံကြည်ထား၏။ ထို့အပြင် အိမ်ရှေ့စံက သူ့ကို ကာကွယ်ပေးထားသေးရာ မည်သူက သူ့ကို ဒုက္ခပေးရဲမည်နည်း။
ဘာပဲဖြစ်ဖြစ် သူက အရှက်မရှိသူ တစ်ယောက် ဖြစ်ပြီး ပိုက်ဆံလည်း ချမ်းသာသည့်အတွက် ဂရုစိုက်စရာ မလိုချေ။
ရုံးတော်ကို ပြန်ပြီး အိပ်နေလိုက်ရုံနှင့် ဘဝက ပျော်စရာ ကောင်းနေပြီ မဟုတ်ပါလား။
"အရှင့်သား ရှိနေတာပဲ။ ကျုပ်က ဘာကို ကြောက်ရမှာလဲ။ ပြီးတော့ ဒီလိုကိစ္စမျိုး လုပ်တဲ့အခါ လုပ်ငန်းစဉ်ထက် ရလဒ်က ပိုအရေးကြီးတယ်။ အရှင့်သား စိတ်အေးအေးထားပါ။”
“ဒါဆို ကျုပ်တို့ရဲ့သတင်းထောက်တွေ အဆင်ပြေပါ့မလား။ တကယ်ပဲ ပြဿနာ တစ်ခုခု ဖြစ်မသွားဘူး မဟုတ်လား။"
လီယွမ်ကျောက်က သေချာပေါက် စိတ်မချနိုင်သေးချေ။
ဖန်ကျန်းရီက ပြန်ဖြေ၏။ "အရှင့်သား စိတ်ချပါ။ သူတို့ ပြန်လာရင် ကိုယ်အလေးချိန် မတက်လာဘူး ဆိုရင် အရှင့်သားရဲ့ အိမ်တော်မှာ ကျုပ် ကျွန်ခံလိုက်မယ်။"
"ဟားဟား... ပြောရဲဆိုရဲပါလား။"
အပိုင်း (၁၈၂) သတင်းစာအား လျှို့ဝှက်ကြံစည်ခြင်း။
ထိုညက ကျန်းရှီသည် ပုံမှန်အတိုင်း အလုပ်မှ ဆင်းပြီး ဝေါယာဉ်ဖြင့် အိမ်သို့ ပြန်လာခဲ့၏။
အိမ်တံခါးဝတွင် ဝေါယာဉ် အတော်များများ ရပ်ထားသည်ကို တွေ့ရပြီး သူ ဝေါယာဉ်ပေါ်မှ ဆင်းလာချိန်မှာတော့ အိမ်တော်ထိန်းက အမြန် ထွက်ကြိုသည်။
အိမ်တော်ထိန်းက ရိုသေစွာ ပြောလိုက်သည်။ "သခင်ကြီး ပြန်လာပြီလား။ ဧည့်သည်တွေ အကုန်လုံး ဧည့်ခန်းမထဲမှာ စောင့်နေကြပါတယ်။"
ကျန်းရှီက ခေါင်းညိတ်ပြလိုက်ပြီး ဧည့်ခန်းမဆီသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။
ဧည့်ခန်းမ အတွင်းရှိ တစ်ဖက်တစ်ချက်စီတွင် ခုံများ အပြည့် ရှိနေပြီး လူရှစ်ယောက်ခန့် ထိုင်နေကြ၏။ ထိုအထဲမှ နှစ်ယောက် သုံးယောက်ခန့်မှာ ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေကြပြီး သူတို့အားလုံးက ညီလာခံမှ အမတ်ကြီးများ ဖြစ်ကြသည်။
ကျန်းရှီကို မြင်သည်နှင့် အားလုံးက နှုတ်ဆက်ကြ၏။
ကျန်းရှီက ပြုံးပြလိုက်ပြီး ပြောသည်။ "အားလုံးပဲ စောင့်နေရတာ အားနာပါတယ်။ ဒီနေ့ လုပ်ငန်းကိစ္စတွေ များနေလို့ နည်းနည်း နောက်ကျသွားတယ်။"
"ကိစ္စမရှိပါဘူး။ ကိစ္စမရှိပါဘူး။" အားလုံးက အလျင်အမြန် ပြန်ဖြေကြ၏။
"အမတ်ကြီးကျန်းက ကျုပ်တို့ကို ဘာကိစ္စအတွက် ခေါ်လိုက်တာလဲ။"
ကျန်းရှီက နေရာယူလိုက်ပြီး စိုးရိမ်ပူပန်နေသည့် မျက်နှာထားဖြင့် ပြန်ဖြေသည်။ "အားလုံးပဲ စဉ်းစားကြည့်ကြပါ။ ဘာရှိရအုံးမှာလဲ။"
"ဖန်ကျန်းရီ အကြောင်းလား။"
"ဟုတ်တယ်။ ဒီကောင်လေးရဲ့ စိတ်ဓာတ်က ယုတ်မာပြီး လူတွေရဲ့ စိတ်ကို လှည့်စားတယ်။ ကျုပ်တို့ အနေနဲ့ သူ ဒီလို ဆက်ပြီး မောက်မာနေတာကို လက်ပိုက်ကြည့်နေကြတော့မှာလား။"
ကျန်းရှီက နာကျင်နေသည့် မျက်နှာထားဖြင့် ဆက်ပြော၏။ "ပုံမှန်ဆိုရင် ညီလာခံက တည်ငြိမ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တယ်။ ပြဿနာ တစ်ခုခု ရှိရင်တောင် ထိုင်ပြီး တိုင်ပင်ဆွေးနွေးလို့ ရတယ်။
အခုတော့ ဖန်ကျန်းရီက မင်းကြီးရဲ့ မျက်နှာသာပေးမှုကို အသုံးချပြီး စည်းကမ်းတွေကို မလိုက်နာဘူး။ ဒီအတိုင်း ဆက်သွားရင် ညီလာခံက ရှုပ်ထွေးကုန်လိမ့်မယ်။ ပြည်သူတွေ အတွက်လည်း ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။
ပိုဆိုးတာက အခု သူက ကျုပ်တို့ အကြောင်းတွေကို ပြည်သူတွေကြားထဲ ကောလာဟလတွေ ဖြန့်နေတယ်။ ကျုပ်တို့အားလုံးက ဒီအရွယ်ရောက်နေပြီမလို့ ကိုယ်ပိုင် ဂုဏ်သိက္ခာကို ဂရုမစိုက်ဘူး ဆိုရင်တောင် မိသားစုရဲ့ ဂုဏ်သိက္ခာကိုတော့ အထိခိုက်ခံလို့ မဖြစ်ဘူး။
ဒီအတိုင်း ဆက်သွားရင် ကျုပ်တို့နဲ့ ကျုပ်တို့ နောက်ကွယ်က မိသားစုတွေ ဘယ်လို ရပ်တည်ကြမလဲ။ အရင်က ကုသိုလ်ကောင်းမှုတွေ အမြဲလုပ်ခဲ့တဲ့ မိသားစုတွေက အခုတော့ လမ်းဘေးက ကြွက်တွေလို အမုန်းခံ နေရပြီ။"
ထိုင်နေသူအားလုံးက ချက်ချင်း ပြန်မဖြေကြဘဲ မုတ်ဆိတ်မွေးများကိုသာ အဆက်မပြတ် ပွတ်သပ်နေကြ၏။
ရုတ်တရက် တစ်ယောက်က စကားစလိုက်သည်။ "ဒါပေမဲ့ မင်းကြီးရဲ့ သဘောထားက ဖန်ကျန်းရီကို ထောက်ခံနေတာ သိသာတယ်။ ပြီးတော့ အိမ်ရှေ့စံကလည်း ဖန်ကျန်းရီနဲ့ တစ်ဖွဲ့တည်းပဲ။ ကျုပ်တို့ ဘာလုပ်နိုင်မှာလဲ။"
ကျန်းရှီက လေးနက်စွာ ပြောလိုက်၏။ "အားလုံးပဲ... သတင်းစာရဲ့ အစွမ်းကို အားလုံး မြင်တွေ့ပြီးပြီပဲ။
ဒီအရာ ထွက်ပေါ်လာတာနဲ့ မြို့တော်ရဲ့ သတင်းအချက်အလက် ဖြန့်ကြက်မှုကို ဖန်ကျန်းရီ တစ်ယောက်တည်းက ချုပ်ကိုင်ထားသလို ဖြစ်သွားပြီ။ သတင်းစာဆိုတာ လောကကြီးရဲ့ အသံကို ကိုယ်စားပြုတဲ့ အရာပဲ။ ဒီလို အာဏာမျိုးကို ဖန်ကျန်းရီ လက်ထဲ ထည့်ထားလို့ ဖြစ်ပါ့မလား။
သူ့ကို ဒီလို ဆက်ပြီး ထင်ရာဆိုင်းခွင့် ပေးထားရင် တိုင်းပြည်ကြီး ဆူပူမသွားဘူးလား။ ဒါအပြင် အိမ်ရှေ့စံကလည်း သူ့ကို အရမ်း ယုံကြည်နေတော့ လမ်းမှား ရောက်သွားမှာ စိုးရိမ်ရတယ်။ ဒါကြောင့် ဒီကိစ္စက ဘယ်လောက်ပဲ ခက်ခဲပါစေ .. ကျုပ်တို့အနေနဲ့ အစွမ်းကုန် ကြိုးစားပြီး တိုက်ပွဲဝင်သင့်တယ်။
ကျုပ် အားလုံးကို ခေါ်လိုက်ရတဲ့ အဓိက အကြောင်းရင်းက ဒီကိစ္စကို ဖြေရှင်းဖို့ပဲ။ သတင်းစာ ထုတ်ဝေခွင့်ကို ဟန်လင်အကယ်ဒမီဆီ လွှဲပြောင်းပေးဖို့ မင်းကြီးက သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။
ဒါပေမဲ့ ညီလာခံက ဌာနအသီးသီး အနေနဲ့ ကိုယ်ပိုင် သတင်းစာတွေ ဘာလို့ မထုတ်ဝေနိုင်ရမှာလဲ။ လောကကြီးရဲ့ ကိစ္စရပ်တွေကို အမျိုးအစား ခွဲခြားပြီး သတင်းစာတွေကလည်း ကိုယ်ပိုင် ဦးတည်ချက်တွေ ထားရှိသင့်တယ်။
အခု အိမ်ရှေ့စံ နေ့စဉ်သတင်းစာက အရာအားလုံးကို ရောနှောထားတယ်။ ဒါကို ခွဲခြားပစ်သင့်တယ်။"
ဥပမာ စစ်ရေးဌာန ဆိုရင် စစ်ရေးသတင်းစာ သီးသန့် ထုတ်ဝေပြီး လောကကြီးရဲ့ အခြေအနေတွေ၊ နယ်စပ်က လှုပ်ရှားမှုတွေကို အဓိက ဖော်ပြလို့ ရတယ်။ စစ်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကိုတောင် နေ့စဉ်သတင်းစာကနေ လွှမ်းမိုးလို့ ရတယ်။
အဲဒီလိုပဲ ဘဏ္ဍာရေးဌာန ဆိုရင်လည်း နိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ ရိက္ခာကိစ္စတွေကို သတင်းစာကနေတစ်ဆင့် လွှမ်းမိုးလို့ ရတယ်။ တခြား ဌာနတွေကလည်း ဒီလိုပဲ လုပ်သင့်တယ်။
ဒီအရာက ဖန်ကျန်းရီနဲ့ အိမ်ရှေ့စံတို့ တီထွင်ခဲ့တာ ဖြစ်ပေမဲ့ ကျုပ် စဉ်းစားလေလေ ဒါက တကယ့်ကို အစွမ်းထက်တဲ့ အရာလို့ ခံစားရလေလေပဲ။ ဒီတစ်ကြိမ် ကိစ္စက စစ်ပွဲတစ်ခုလို့ ပြောလို့ ရတယ်။ ကျုပ်ကတော့ ဒါကို သတင်းအချက်အလက် စစ်ပွဲလို့ ခေါ်ချင်တယ်။"
ကျန်လူများက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သတင်းစကားများကို မျက်လုံးများဖြင့် ပေးပို့ကာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
တစ်ယောက်က ပြောလာသည်။ "ဒီစကားက ယုတ္တိရှိတယ်။ ဒါပေမဲ့ ဖန်ကျန်းရီက မင်းကြီးနဲ့ အိမ်ရှေ့စံရဲ့ ယုံကြည်မှုကို အပြည့်အဝ ရထားတော့ အိမ်ရှေ့စံ နေ့စဉ်သတင်းစာကို ခွဲထုတ်ပစ်ဖို့ ဆိုတာ မဖြစ်နိုင်လောက်ဘူး။"
ကျန်းရှီက အနည်းငယ် ပြုံးလိုက်၏။ "ခွဲထုတ်ပစ်တယ် ဆိုတာက ကျုပ် အလွယ်တကူ ပြောလိုက်တာပါ။ မင်းကြီးကို တိုက်ရိုက် ခွဲထုတ်ခိုင်းဖို့ ပြောတာ မဟုတ်ပါဘူး။ ဌာနအသီးသီးက သတင်းစာတိုက် အသစ်တွေ တည်ထောင်ခွင့်ပြုဖို့ မင်းကြီးဆီ တိုက်ရိုက် တောင်းဆိုရုံပါပဲ။
အိမ်ရှေ့စံ နေ့စဉ်သတင်းစာက အရမ်း အောင်မြင်နေပေမဲ့ ပညာရှင် မဆန်သေးဘူး။ အများစုက သာမန် ပြည်သူတွေ ဖတ်ဖို့လောက်ပဲ ရေးထားတာ။
အကယ်၍ ညီလာခံက ဌာနအသီးသီးက သတင်းစာတွေ ထုတ်ဝေမယ် ဆိုရင် လောကတစ်ခွင်က ရည်မှန်းချက် ကြီးမားတဲ့ ပညာရှင်တွေကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်။ အစိုးရ အရာရှိ ရွေးချယ်ရေး စာမေးပွဲကိုတောင် လွှမ်းမိုးနိုင်လိမ့်မယ်။"
အားလုံးက အချင်းချင်း တီးတိုး တိုင်ပင်ဆွေးနွေးလိုက်ကြ၏။
ကျန်းရှီက အားလုံးကို ပြုံးပြီး ကြည့်နေသည်။
ဤအရာက လောကကြီး၏ လမ်းကြောင်းတစ်ခု ဖြစ်လာတော့မည်။ ပုံမှန်အားဖြင့် သူတို့ကြားတွင် အပေါ်ယံ ဆက်ဆံရေးမျှသာ ရှိသော်လည်း ယခုအခါ ဘုံရန်သူ တစ်ယောက် ရှိလာခဲ့ပြီ။ အသေအချာ မစဉ်းစားဘဲ အရာအားလုံးကို ရန်စနေသည့် ဖန်ကျန်းရီက လူတိုင်းကို ဒေါသထွက်စေခဲ့ပြီ ဖြစ်၏။
အခုအချိန်မှာ မင်းကြီးက မင်းကို ကာကွယ်ပေးထားနိုင်ပေမဲ့ လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး။ တစ်နေ့နေ့တော့ မင်း ကျဆုံးတဲ့နေ့ ရောက်လာမှာပဲ။
ဆွေးနွေးမှုများ ပြီးဆုံးသွားပြီးနောက် တစ်ယောက်က ပြောလာသည်။ "ဒီအတိုင်းဆိုရင်တောင် မင်းကြီးက ချက်ချင်း သဘောတူနိုင်မှာ မဟုတ်ဘူး။
ဒီတစ်ကြိမ် ရိက္ခာ လှူဒါန်းရာမှာ မိသားစုတိုင်းက သိပ်အများကြီး မဆုံးရှုံးခဲ့ပေမဲ့ အရေးအကြီးဆုံးက နာမည်ပျက်သွားတာပဲ။ ညီလာခံရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းသွားပြီ။ အခု သတင်းစာ အသစ်တွေ တည်ထောင်မယ် ဆိုရင်တောင် အခြေအနေကို ပြန်ဆယ်ဖို့ မလွယ်လောက်ဘူး။
ကျုပ်တို့ အမြင်ကတော့ အိမ်ရှေ့စံ နေ့စဉ်သတင်းစာကို ပိတ်ပင်ဖို့ မင်းကြီးဆီ အရင် တောင်းဆိုတာ အကောင်းဆုံးပဲ။"
ကျန်းရှီက လေးနက်စွာ ပြောလိုက်၏။ "အားလုံးပဲ... နေ့စဉ်သတင်းစာကို ပိတ်ပင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
ခဏတာ ဆုံးရှုံးမှုက ဘာမှ မဟုတ်ဘူး။ အိမ်ရှေ့စံ နေ့စဉ်သတင်းစာကို ယုံကြည်သူ အများစုက သာမန် ပြည်သူတွေပဲ ဖြစ်တယ်။
သူတို့က တိုင်းပြည်ကို ဘယ်လိုများ ကိုယ်စားပြုနိုင်မှာလဲ။ တိုင်းပြည်ရဲ့ ကိစ္စရပ်တွေက ပညာရှင်တွေနဲ့ ဉာဏ်ပညာ ရှိသူတွေ အပေါ်မှာပဲ မူတည်တယ်။ ဌာနအသီးသီးက သတင်းစာ အသစ်တွေ ထွက်လာတာနဲ့ မကြာခင်မှာပဲ သတင်းအချက်အလက် စီးဆင်းမှုကို ပြောင်းလဲပစ်နိုင်လိမ့်မယ်။ ဒါက နှစ်တစ်ရာ စီမံကိန်းပဲ။ အားလုံးပဲ သေချာ စဉ်းစားကြည့်ကြပါ။"
အားလုံးက အချင်းချင်း တီးတိုး တိုင်ပင်ဆွေးနွေးလိုက်ကြပြန်၏။
ထို့နောက် အသီးသီး ပြန်လည် ဖြေကြားကြသည်။ "ကောင်းပြီ …. ကျုပ်တို့ အနေနဲ့ အမတ်ကြီးကျန်းနဲ့ အတူ သတင်းစာအသစ်တွေ ဖွင့်ခွင့်ပေးဖို့ မင်းကြီးဆီ တောင်းဆိုပါ့မယ်။"
ကျန်းရှီက ပြုံးလိုက်ပြီး မတ်တပ်ထကာ အရိုအသေ ပေးလိုက်၏။ "ဒီနေရာမှာ ရှိနေသူ အားလုံးက တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးတွေ ဖြစ်ပြီး အမှားအမှန်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြတယ်။ ဒီလိုဆိုတော့ သိပ်ကောင်းတာပေါ့။
ဒီနေ့ မင်းကြီးက ဖန်ကျန်းရီကို အမတ်တွေရဲ့ အိမ်က ရိက္ခာတွေကို စစ်ဆေးဖို့ အမိန့်ပေးခဲ့ပေမဲ့ ဒီကောင်လေးက ထွက်ပြေးသွားတယ်။ မနက်ဖြန်ကျရင် ဒီကိစ္စကို အကြောင်းပြပြီး ကျုပ် တိုင်တန်းမယ်..."
"အဖေ... အဖေ... ပြဿနာ အကြီးကြီး တက်ပြီ။"
ကျန်းရှီ စကားပြော၍ မဆုံးသေးခင်မှာပင် ကျန်းချန်က အပြင်ဘက်မှ အလျင်စလို ပြေးဝင်လာ၏။
သူ့လက်ထဲတွင် သတင်းစာ တစ်စောင်ကိုလည်း ကိုင်ဆောင်ထားသည်။
လူတိုင်း၏ အကြည့်က ကျန်းချန်ဆီသို့ ရောက်သွားပြီး ကျန်းရှီက မျက်နှာပူသွားသလို ခံစားလိုက်ရကာ လက်မြှောက်၍ ကျန်းချန်ကို ဖြတ်ရိုက်လိုက်၏။
သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခွေးကောင် .. ဧည့်သည်တွေ ရှိနေတာ မမြင်ဘူးလား။ ဘာလို့ ဒီလောက်တောင် အရိုင်းအစိုင်း ဆန်နေရတာလဲ။"
ကျန်းချန်က ရောင်ရမ်းသွားသည့် ပါးပြင်ကို ဖိထားရင်း တုန်ရီစွာဖြင့် ပြော၏။ "ကျုပ်... ကျုပ်... အရေးကြီးတဲ့ ကိစ္စ ရှိလို့ပါ။"
ထို့နောက် သူက နောက်ကျောမှ သတင်းစာ တစ်စောင်ကို အသာအယာ ထုတ်ယူလိုက်သည်။
"အဖေ... ဒါက ဒီနေ့ ထွက်တဲ့ ဒုတိယမြောက် သတင်းစာပဲ။ ဖန်ကျန်းရီက..."
"ဘေးကို ထွက်နေစမ်း။"
ကျန်းရှီက သတင်းစာကို ဆွဲလုလိုက်ပြီး ကျန်းချန်ကို ဘေးသို့ တွန်းထုတ်လိုက်၏။
ဤအသုံးမကျသည့် သားကို မြင်ရသည်မှာ ဒေါသထွက်စရာကောင်းလွန်းသည်။ ဖန်ကျန်းရီ ဆုံးမလိုက်ပြီးတည်းက ကြွက်က ကြောင်ကို မြင်သလို ဖန်ကျန်းရီ နာမည် ကြားသည်နှင့် တုန်ယင်နေတော့သည်။
ငါ ဘယ်လိုလုပ်ပြီး ဒီလို အသုံးမကျတဲ့ကောင်ကို မွေးလာမိပါလိမ့်။
ကျန်းရှီက သတင်းစာကိုယူပြီး သေချာ ဖတ်ကြည့်လိုက်ရာ ကျန်လူများကလည်း လည်ပင်း ရှည်လုမတတ် မျှော်ကြည့်နေကြ၏။
မကြာခင်မှာပဲ ကျန်းရှီ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
သူက သတင်းစာကို ချထားလိုက်ပြီး ပြောလိုက်၏။ "ဖန်ကျန်းရီက သတင်းထောက်တွေကို အမတ်တွေရဲ့ အိမ်ဆီ လွှတ်ပြီး လျှို့ဝှက် စုံစမ်းခိုင်းထားတယ်။ ပြီးတော့ အဲဒီသတင်းထောက်တွေက သတင်းစာတိုက်ကို အသက်ရှင်လျက် ပြန်မရောက်နိုင်ဘူးလို့တောင် ပြောထားသေးတယ်။"
အားလုံးက အံ့အားသင့်သွားကြပြီး ရုတ်တရက် တစ်ယောက်က ပေါင်ကို ရိုက်လိုက်သည်။
"သေစမ်း... ဒီဖန်ကျန်းရီက တကယ့်ကို ခွေးမသားပဲ။"
"အားလုံးပဲ အားနာပါတယ်။ ကျုပ် အရင် ပြန်တော့မယ်..."
"အမတ်ကြီးကျန်း... ကျုပ်လည်း ကိစ္စလေး ရှိလို့ အရင် ပြန်တော့မယ်..."
မကြာခင်မှာပဲ ဧည့်ခန်းမထဲတွင် ကျန်းရှီနှင့် ကျန်းချန် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။
ကျန်းရှီက ဒေါသထွက်လွန်း၍ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ "ရှီအဘ... အောက်က လူတွေကို အမြန် သွားပြောလိုက်။ ခြံထဲကို သူစိမ်းတွေ ဝင်လာရင် သေချာ စောင့်ကြည့်ထား။ သူတို့ ဆံပင်တစ်ပင်လောက် ကျွတ်သွားရင်တောင် ခင်ဗျားကို ကျုပ်အလွတ်ပေးမှာ မဟုတ်ဘူး။"
ကျန်းရှီက သတင်းစာကို ကိုင်ထားရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ "ဖန်ကျန်းရီ... မင်းမေ .,.,.”
ကျန်းချန်က ငိုမဲ့မဲ့ မျက်နှာဖြင့် ပြောသည်။ "အဖေ... ထားလိုက်ပါတော့။ ဖန်ကျန်းရီက လူမှ မဟုတ်တာ။"
"..."
"အဖေ... ကျုပ်ကို မရိုက်ပါနဲ့တော့။ အား..."