အခန်း (၁၈၃-၁၈၄)
Vol. 11 Ch. 183-184
အပိုင်း (၁၈၃) အမတ်ကြီးလီ ဒေါသထွက်လွန်း၍ သွေးတက်သွားခြင်း။
မနက်ခင်း ညီလာခံ ချိန်မှာတော့ …။
မျှော်လင့်ထားသည့်အတိုင်းပင် မနေ့က အထူးသတင်းစာသည် ကျင်းဘုရင်၏ စားပွဲပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ကျန်းရှီက သတင်းစာကို တင်ပြပြီးနောက် ဖန်ကျန်းရီကို အမုန်းတရားများ အပြည့်ဖြင့် ကြည့်ကာ ခေါင်းငုံ့ပြီး တစ်ခွန်းမှ မဟတော့ချေ။
ကျင်းဘုရင်က ဒေါသတကြီးဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်၏။ သို့သော်ငြား ထိုသတင်းစာကို သူ ကြိုဖတ်ပြီးသား ဖြစ်သည်။
ဖန်ကျန်းရီ အိပ်ချင်မူးတူး ဖြစ်နေသည်ကို မြင်ချိန်မှာတော့ မင်းကြီးက ချက်ချင်း ဒေါသထွက်သွားသည်။ "ဖန်ကျန်းရီ... ဒါက မင်း လုပ်ထားတဲ့ အလုပ်လား။"
ထိုသို့ပြောပြီးနောက် သတင်းစာကို အောက်သို့ ပြင်းထန်စွာ ပစ်ချလိုက်၏။
ဖန်ကျန်းရီက လန့်နိုးသွားသည်။ ချက်ချင်း အိပ်ချင်ပြေသွားသည်။
မနေ့ညက အားပေးစကားများ ရေးသားရန် တစ်ညလုံး အိပ်ရေးပျက်ထားခြင်း ဖြစ်၏။
မင်းကြီး ဒေါသထွက်နေသည်ကို မြင်ချိန်မှာတော့ အမြန် ရှေ့ထွက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ကျွန်တော်မျိုး အပြစ်ရှိပါတယ်။ မင်းကြီး ဒေါသကို လျှော့ပါ။"
ကျင်းဘုရင်က ဖန်ကျန်းရီကို စိုက်ကြည့်ရင်း ဒေါသမပြေသေးဘဲ ပြောလိုက်၏။ "မင်း သတ္တိတော်တော် ကောင်းတာပဲ။ မင်း ဘာအမှားလုပ်ခဲ့လဲ ဆိုတာ ကိုယ်တော့်ကို ပြောစမ်း။"
"ကျွန်တော်မျိုးက မင်းကြီးကို ဒေါသမထွက်စေသင့်ပါဘူး။ မင်းကြီး ဒေါသထွက်ပြီး ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်မိပါတယ်။ ကျွန်တော်မျိုး တိုင်ကို ခေါင်းနဲ့ ဆောင့်ပြီး သေချင်စိတ်တောင် ပေါက်မိပါတယ်။"
ကျင်းဘုရင်က မျက်လုံးပြူးသွားပြီး ပြောသည်။ "ကောင်းပြီလေ။ ဝင်တိုက်လိုက်စမ်း။"
ဖန်ကျန်းရီ: "..."
ကျင်းဘုရင်က ဖန်ကျန်းရီကို စွေကြည့်လိုက်၏။ "ဝင်တိုက်လေ။ ဘာလို့ မတိုက်တာလဲ။ သေရမှာ ကြောက်လို့လား။"
ချီးတဲ့မှ ... ဘာလို့ ဇာတ်လမ်းက ပုံမှန်အတိုင်း မသွားရတာလဲ။
ဖန်ကျန်းရီက သတ္တိမွေးပြီး ပြန်ဖြေလိုက်သည်။ "ဝင်တိုက်ရဲပါတယ်။ ဒါပေမဲ့ သေခြင်းတရားမှာ တန်ဖိုး မရှိတဲ့ သေခြင်းနဲ့ တန်ဖိုးကြီးတဲ့ သေခြင်း ဆိုပြီး ရှိပါတယ်။ ကျွန်တော်မျိုးက အသုံးဝင်တဲ့ ခန္ဓာကိုယ်ကို သိမ်းထားပြီး မင်းကြီးအတွက် အလုပ်အကျွေး ပြုချင်သေးလို့ပါ။"
ကျင်းဘုရင်က လှောင်ပြုံး ပြုံးလိုက်၏။ "စကားပြော ကောင်းလှချည်လား။
အမတ်တွေကို လူပုံလယ်မှာ စွပ်စွဲပြီး ညီလာခံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ ပြီးတော့ မင်း တစ်ယောက်တည်း နာမည်ကောင်း ယူသွားတယ်။ အမတ်မင်းတို့ ပြောကြစမ်း။ ဖန်ကျန်းရီကို ကိုယ်တော် ဘယ်လို အပြစ်ပေးသင့်လဲ။"
ယန်ရင်းချိုက်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း ရှေ့ထွက်လာ၏။ "မင်းကြီး... ဖန်ကျန်းရီက ကောလာဟလတွေ ဖြန့်ပြီး တိုင်းပြည်ရဲ့ အခြေခံကို လှုပ်ခတ်စေပါတယ်။ သူ့ကို သတ်ပစ်သင့်ပါတယ်။"
လီယွမ်ကျောက်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း စိုးရိမ်တကြီးဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်၏။
ဖန်ကျန်းရီက အလျင်အမြန် မျက်စိမှိတ်ပြလိုက်သည်။
ညီလာခံမှာ ဘာပဲဖြစ်ဖြစ် ဝင်မပါဖို့ မနေ့ညကတည်းက လီယွမ်ကျောက်ကို ကြိုတင် မှာကြားထားပြီး ဖြစ်၏။
ဤအဘိုးအိုကြီးများက သူ့အား အသေသတ်လိုနေကြသော်ငြားလည်း သူလုပ်ခဲ့သည့် ကိစ္စလေးမျှဖြင့် မင်းကြီးက သူ့ကို ကွပ်မျက်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိထားသည်။ ဤလုပ်ရပ်သည် ပြတင်းပေါက်ကို ပြင်ဆင်နိုင်ရန် ခေါင်မိုးကို ဦးစွာ ဖျက်ချပစ်ရသည်နှင့် အလားသဏ္ဌာန် တူလှသည်။
ကျန်းရှီကလည်း ချက်ချင်း ရှေ့ထွက်လာ၏။ "ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ ဒါ့အပြင် နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ကို နန်းတွင်းဆီ ပြန်လွှဲပြောင်းပေးဖို့နဲ့ နန်းတွင်းကနေ စစ်ဆေးပေးဖို့ အကြံပြုချင်ပါတယ်။ ဒါဆိုရင် ဒီလိုပြဿနာမျိုး ထပ်မဖြစ်တော့ပါဘူး။"
အခြားသော အမတ်များကလည်း ဝိုင်းဝန်း ထောက်ခံကြ၏။
ယန်ဖုန်းဖန်ကတော့ စိုးရိမ်ပူပန်စွာဖြင့် ဖန်ကျန်းရီကို ကြည့်နေသည်။
ဒီခြေထောက်ကြီးတော့ ကျိုးသွားလို့ မဖြစ်ဘူး။ မနည်း ဖက်တွယ်ထားရတာ၊ သူသာ ပြုတ်ကျသွားရင် ငါလည်း လူလုံးပြလို့ ရတော့မှာ မဟုတ်ဘူး။
"မင်းကြီး... ကျွန်တော်မျိုး ပြောစရာ ရှိပါတယ်။" ဖန်ကျန်းရီက ချက်ချင်း ပြန်လည် ချေပရန် ပြင်လိုက်၏။
"မပြောနဲ့။ မင်း ပါးစပ်ပိတ်ထား။" ကျင်းဘုရင်က ချက်ချင်း ဖြတ်ပြောလိုက်သည်။
မင်းရဲ့ အဲဒီ ပါးစပ်စုတ်က စကား မပြောတာ အကောင်းဆုံးပဲ။ စကားများလေ အမှားများလေပဲ။
"ဆရာလီ... ဘယ်လိုမြင်လဲ။"
ကျင်းဘုရင်က လီယန်စုန်ကို ကြည့်ရင်း ရယ်ချင်နေသော်လည်း မရယ်ရဲဘဲ အောင့်ထားရ၏။ ပုံမှန်ဆိုလျှင် သူနှင့် ဖန်ကျန်းရီက ဆက်ဆံရေး အတော်အသင့် ကောင်းမွန်သော်လည်း ဤတစ်ကြိမ် တွင်တော့ ကျန်းရှီမှလွဲလျှင် သူက အခံရဆုံး ဖြစ်နေ၏။
ယခုဆိုရင် လူအတော်များများက သူသည် ဖန်ကျန်းရီ၏ ဦးလေးအရင်းဟုတောင် တီးတိုး ပြောနေကြသည်။
ဖန်ကျန်းရီက အလုပ်လုပ်တဲ့ နေရာမှာ တကယ့်ကို မျက်နှာမထောက်တတ်တာပဲ။
လီယန်စုန်က မျက်နှာသေဖြင့် ရှေ့ထွက်လာပြီး ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မတတ်သာသည့် အရိပ်အယောင်များ အပြည့် ရှိနေ၏။
သတ်ပစ်လိုက်ပါတော့... သတ်ပစ်တာပဲ ကောင်းပါတယ်။ ဒီလို မိစ္ဆာမျိုးက ညီလာခံမှာ မရှိသင့်ဘူး။
"မင်းကြီး... ကျွန်တော်မျိုး အမြင်ကတော့ ဖန်ကျန်းရီက သေဒဏ်ပေးလောက်တဲ့အထိ အပြစ်မကြီးပါဘူး။ အဓိကကတော့ ဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် လုပ်တာပါ။
သူက ဒီလောက်တောင် စေတနာ ထက်သန်နေမှတော့ သူ့ကို ကျန်းကျန်းမြို့ရဲ့ ဒုမြို့ဝန် အဖြစ် ရာထူးချပြီး ကျန်းကျန်းမြို့မှာ ဘေးဒုက္ခ ကယ်ဆယ်ရေး သွားလုပ်ခိုင်းဖို့ အကြံပြုချင်ပါတယ်။"
ကျိန့်ချောင်နှင့် အခြားသူများကလည်း ရှေ့ထွက်လာပြီး ပြောကြသည်။ "ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်။"
ဤကိစ္စကို မနေ့တည်းက သူတို့ ရုံးခန်းထဲတွင် တိုင်ပင်ထားပြီး ဖြစ်၏။
ဖန်ကျန်းရီ ဆိုသည့် ပြဿနာကောင်ကို သေချာပေါက် ရာထူးချရမည်။ သို့သော်ငြား မင်းကြီး၏ စိတ်သဘောထားက ဘယ်အတိုင်းအတာအထိ ရှိမည်ကို မသိရချေ။
အကယ်၍ အပြစ်ပေးတာ ပေါ့သွားပြီး မြို့တော်မှာပဲ ဆက်ရှိနေရင် အိမ်ရှေ့စံက သူနှင့် ပေါင်းပြီး ပြဿနာတွေ ထပ်ရှာနေဦးမည်။
ရိက္ခာ အလှူခံသည့် ကိစ္စကိုသာ နောက်ထပ် နှစ်ကြိမ် သုံးကြိမ်လောက် ထပ်လုပ်လျှင် အားလုံး သေချာပေါက် ရူးသွားကြလိမ့်မည်။ ထို့ကြောင့်အဝေးဆုံးကို အမြန် မောင်းထုတ်လိုက်တာ အကောင်းဆုံးပင်။
ဖန်ကျန်းရီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လီယန်စုန်ကို ကြောင်အမ်းအမ်း ကြည့်နေ၏။
ဦးလေးလို့ အလကား ခေါ်ခဲ့ရတာပဲ။ ခင်ဗျား ကျုပ်ကို ချောက်ချတာပေါ့။ ကျုပ်သာ တောင်ပိုင်းကို သွားရရင် ငရဲကျသလို ဖြစ်တော့မှာပေါ့။
ကျန်းရှီက လီယန်စုန်ကို ခပ်စိမ်းစိမ်း တစ်ချက် ကြည့်လိုက်သည်။
လီသခင်ကြီးက ဒီလောက် အနစ်နာခံပြီး ဖန်ကျန်းရီကို ကာကွယ်ပေးနေတာကို မထင်မှတ်ထားခဲ့ဘူး။ တကယ်ပဲ... ဆွေမျိုး အရင်းတွေ ဖြစ်နေတာလား။
ကျင်းဘုရင်က ပြုံးလိုက်၏။
ဖန်ကျန်းရီကို ရာထူးချရန် စဉ်းစားထားသော်လည်း ဘေးဒုက္ခ ကြုံနေရသည့်ဒေသဆီ ပို့ရန်တော့ မစဉ်းစားထားခဲ့ချေ။
ဤပြဿနာကောင်အား မကွပ်မျက်နိုင်ခဲ့လျှင်လည်း ဝေးလံခေါင်ဖျားသော အရပ်သို့ ပို့လွှတ်လိုက်ခြင်း က ကောင်းမွန်လှသည်။ ပြဿနာရှာလိုလျှင်လည်း ဘေးဒုက္ခများ ကျရောက်နေသည့် ဒေသတွင်သာ သွားရောက် ရှာဖွေပါစေလေ။
အကယ်၍ တစ်စုံတစ်ရာ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ပါလျှင်လည်း အမြတ်ထွက်ပေလိမ့်မည်။ အချိန်တန်သောအခါ မြို့တော်သို့ ပြန်လည် ခေါ်ယူလိုက်ရုံမျှသာ ဖြစ်သည်။
"ဒီလိုဆိုလည်း ကောင်းတာပေါ့။ ဆရာလီက အတွေ့အကြုံ ရင့်ကျက်တဲ့သူ ဆိုတော့ ဖန်ကျန်းရီကို ကျန်းကျန်းမြို့ရဲ့ ဒုမြို့ဝန်အဖြစ် ရာထူးချလိုက်တယ်။ မင်းကို ကျန်းကျန်းမြို့ဆီ သွားဖို့ တစ်လ အချိန်ပေးမယ်။ ပျက်ကွက်ခွင့် မရှိဘူး။"
အောက်ဘက်မှ ဟန်လင်အရာရှိ တစ်ယောက်က ရုတ်တရက် ရှေ့ထွက်လာပြီး ပြောသည်။ "မင်းကြီး... ဒီအပြစ်ပေးမှုက ပေါ့လွန်းပါတယ်။
ဖန်ကျန်းရီက ညီလာခံကို ရှုပ်ထွေးစေပြီး ပြည်သူတွေ ကြားထဲမှာလည်း ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒီလိုလူမျိုးက ပြည်သူတွေအတွက် ဘယ်လိုလုပ် အလုပ်လုပ် ပေးနိုင်မှာလဲ။ သူ့ကို သာမန် ပြည်သူအဖြစ် ရာထူးချပစ်ဖို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။"
ဖန်ကျန်းရီ၏ မျက်လုံးများက အရောင်လက်သွား၏။
ဒါလည်း ကောင်းတာပဲ။ သာမန် ပြည်သူ ဖြစ်သွားရင် အေးအေးချမ်းချမ်းနဲ့ အချိန်အတော်ကြာ နေလို့ ရတာပေါ့။
"ဒါအပြင် အမတ်ကြီးလီက ဖန်ကျန်းရီရဲ့ ဦးလေးအရင်းဆိုတဲ့ ကောလာဟလတွေကိုလည်း ပြည်သူတွေ ကြားထဲမှာ ကျွန်တော်မျိုး ကြားနေရပါတယ်။ အမတ်ကြီးက ဖန်ကျန်းရီကို မျက်နှာသာ ပေးနေတာလား မသိရပါဘူး။"
လီယန်စုန်၏ မျက်နှာ အိုအိုကြီးက ချက်ချင်း နီရဲသွား၏။
သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး စောစောက ဟန်လင်အရာရှိကို မျက်လုံးပြူးကာ ကြည့်လိုက်သည်။
သူ့ဘေးနားရှိ ကျိန့်ချောင်နှင့် ကျန်းတုန်ရှန်းတို့ကလည်း စိုးရိမ်ပူပန်သွားကြပြီး ခေါင်းငုံ့ကာ ကိုယ်ကို အနောက်သို့ ဆုတ်လိုက်ကြ၏။
"ကျုပ်က သူ့ဦးလေး မဟုတ်ဘူး။ မင်း ကျုပ်ကို စွပ်စွဲရဲတယ်ပေါ့။"
ဖန်ကျန်းရီက မကျေမနပ်ဖြင့် ဝင်ပြောသည်။ "ကျုပ်က ခင်ဗျားရဲ့ တူဖြစ်ရတာ ဘာများဆိုးနေလို့လဲ။ စွပ်စွဲတယ် ဆိုတဲ့ စကားလုံး သုံးစရာ လိုလို့လား။"
"မင်း ပါးစပ်ပိတ်ထားစမ်း။" ကျင်းဘုရင်နှင့် လီယန်စုန်တို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
ဖန်ကျန်းရီက ချက်ချင်း ခေါင်းငုံ့သွားသည်။
ထိုဟန်လင်အရာရှိလေးက သတ္တိကောင်းစွာဖြင့် ဆက်ပြော၏။ "အမတ်ကြီးလီ... သတင်းစာထဲက အကြောင်းအရာကို အားလုံး မြင်ပြီးကြပါပြီ။
အမတ်ကြီး ကိုယ်တိုင် သတင်းစာတိုက်ကို သွားပြီး မျက်ရည်ကျခဲ့တယ်လို့ ရေးထားတယ်။ ပြီးတော့ အိမ်မှာ ဆန်စပါး တစ်ထောင့်ငါးရာပဲ ချန်ထားပြီး ကျန်တာ အကုန် လှူလိုက်တယ် ဆိုပဲ။
ဆွေမျိုးအရင်းသာ မဟုတ်ရင် တခြားသူတစ်ယောက်ယောက်ကို ဒီလောက်တောင် အားပေးထောက်ခံပါ့မလား။"
ဖန်ကျန်းရီက ထိုဟန်လင်အရာရှိကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။ အရေးကြီးသည့် ကိစ္စကို မပြောဘဲ သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကို တိုက်ခိုက်ဖို့လောက်ပဲ သိနေသည်။
လီယန်စုန်က စကားမပြောနိုင်တော့ဘဲ တစ်ကိုယ်လုံး၌ ပါးစပ်ပေါက်များ ရှိနေလျှင်တောင် ရှင်းပြလို့ ရတော့မည် မဟုတ်ဟု ခံစားလိုက်ရ၏။
သူ့ဘေးနားရှိ ကျိန့်ချောင်နှင့် ကျန်းတုန်ရှန်းတို့ကတော့ ထပ်ပြီး ဆွဲသွင်းခံရမည်ကို စိုးရိမ်၍ ပိုဝေးဝေးသို့ ဆုတ်ခွာသွားကြသည်။
"ကျုပ်... ငါ... ကျုပ်က သူနဲ့ ဘာပတ်သက်မှုမှ မရှိဘူး။ ပြည်သူတွေ ကြားထဲက ကောလာဟလတွေကို အမှန်လို့ သတ်မှတ်လို့ ရမလား။"
"လေမတိုက်ဘဲ သစ်ရွက် မလှုပ်ပါဘူး အမတ်ကြီးလီ။"
"မင်း..."
ဟန်လင်အရာရှိက ပိုပြောလေ ပိုဂုဏ်ယူလေ ဖြစ်လာပြီး ခေါင်းမော့ထားလိုက်သည်။
သူ့ဘေးနားရှိ အရာရှိအချို့က သူ့ကို လေးစားစွာဖြင့် ကြည့်နေကြ၏။
တကယ် တော်တာတာပဲ ညီအစ်ကို... အမတ်ကြီးကိုတောင် ပြန်ပြောရဲတယ်ပေါ့။ မင်းမှာ သတ္တိ ရှိတယ်။
"တော်တော့။ ပေါက်ကရတွေ ပြောမနေနဲ့။ ဖန်ကျန်းရီ... မင်း ပြောစမ်း။ အမတ်ကြီးလီက မင်းရဲ့ ဆွေမျိုး ဟုတ်သလား။"
ကျင်းဘုရင်က သေချာပေါက် မယုံကြည်သော်လည်း ခဏခဏ ကြားနေရသဖြင့် စိတ်ထဲတွင် အနည်းငယ် သံသယ ဝင်လာမိသည်။
လီယန်စုန်က ပါးစပ် အဟောင်းသားဖြင့် ကျင်းဘုရင်ကို ကြည့်လိုက်၏။
သူ၏ ရင်ဘတ်ထဲတွင် နာကျင်သွားပြီး မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ အပြည့် ရှိနေသည်။
ဘာလို့ သူ့ကို သွားမေးနေရတာလဲ။ ကျုပ်ရဲ့ ဂုဏ်သိက္ခာတွေ ပျက်စီးကုန်ပြီ...
"အဲ..."
ဖန်ကျန်းရီ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားပြီး ထစ်ငေါ့စွာ ပြန်ဖြေ၏။ "အဲ... အမတ်ကြီးလီက ကျွန်တော်မျိုးရဲ့ ဆွေမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ သေသွားတဲ့ ဦးလေးအရင်းနဲ့ ရုပ်ချင်း အရမ်း ဆင်နေလို့ပါ။"
"အမတ်ကြီးလီ … အမတ်ကြီးလီ …. ဘာဖြစ်သွားတာလဲ။"
"အမတ်ကြီးလီ ဒေါသထွက်လွန်းလို့ သွေးတက်သွားပြီ။ သမားတော် မြန်မြန် ခေါ်ကြ။"
အပိုင်း (၁၈၄) အစ်ကိုကြီးကော်၏ ရင်ဖွင့်စကား။
လူအများ၏ ဝိုင်းဝန်း ကြည့်ရှုမှုအောက်တွင် လီယန်စုန်ကို ထမ်းထုတ်သွားကြ၏။
သတိလစ်နေသည့် သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာ ရသွားသည့် အမူအရာနှင့် ပျော်ရွှင်နေသည့် အရိပ်အယောင်များ ထင်ပေါ်နေသလိုပင်။
လူတိုင်းက သူ့ကို သနားကရုဏာသက်စွာဖြင့် ကြည့်နေကြ၏။
မိသားစုထဲမှာ မိဘကျေးဇူး မသိတတ်တဲ့ ကလေး ရှိနေတာပဲ။ ဦးလေးကို သေအောင်လုပ်မည့် တူ တစ်ယောက် ရှိနေသည်မှာ ကုသိုလ်ကံပင်။
အမတ်ကြီးလီ က ယခုအရွယ်ကြီးကျမှ ဒေါသထွက်လွန်း၍ သတိလစ်သွားရသည်။ အခန့်မသင့်ပါက သွေးတက်ပြီး သေဆုံးသွားနိုင်သည်။
နောက်ဆုံးတွင် တစ်ယောက်က မနေနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ဖန်ကျန်းရီ... မင်းက တကယ့်ကို မိဘကျေးဇူး မသိတတ်တဲ့ကောင်ပဲ။ မင်းရဲ့ဦးလေးကို သေပါစေလို့ ကျိန်ဆဲရက်တယ်ပေါ့။"
"မှန်တယ်။ မှန်တယ်။ ဒီအချိန်ထိ ရောက်နေတာတောင် ဖုံးကွယ်ချင်နေသေးတာလား။"
"မင်းကြီး... ဒီလို ကျေးဇူး မသိတတ်တဲ့သူကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါလို့ တောင်းဆိုပါတယ်။"
အမှန်တရားကို သိနေသည့် ကျင်းဘုရင်နှင့် လီယွမ်ကျောက်တို့က အပေါ်တွင် ထိုင်နေရင်း သူတို့၏ မျက်ခုံးများက တစ်ပြိုင်နက်တည်း တုန်ခါနေကြ၏။
ဖန်ကျန်းရီကလည်း တံတွေးကို အတင်း မြိုချလိုက်မိသည်။
ကိစ္စတွေက မျှော်လင့်မထားတဲ့ ဘက်ကို ရောက်သွားပါလား...။
ထို့နောက် သူ၏ အကြည့်များက ကျိန့်ချောင်နှင့် ကျန်းတုန်ရှန်းတို့ဆီသို့ မရည်ရွယ်ဘဲ ရောက်သွား၏။
သူတို့နှစ်ယောက်က ဖန်ကျန်းရီနှင့် အကြည့်ချင်း ဆုံသွားသည်နှင့် တစ်ပြိုင်နက်တည်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး အလျင်အမြန် ခေါင်းလွှဲလိုက်ကြသည်။
ငါ့ကို မကြည့်နဲ့... ငါ့ကို မကြည့်နဲ့...
"တော်တော့။ အားလုံး တိတ်တိတ်နေကြစမ်း။" ကျင်းဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ အမတ်များ အားလုံး ချက်ချင်း တိတ်ဆိတ်သွားကြ၏။
"ဒီကိစ္စကို ထပ်ပြောစရာ မလိုတော့ဘူး။ ကိုယ်တော် ဆုံးဖြတ်ပြီးပြီ။ ဖန်ကျန်းရီကို ဒီနေ့ကစပြီး ကျန်းကျန်းမြို့ရဲ့ ဒုမြို့ဝန် အဖြစ် ရာထူးချလိုက်တယ်။ ထွက်သွားတော့။"
ထိုသို့ပြောပြီးနောက် ကျင်းဘုရင်က လက်ခါပြလိုက်ရာ ကော်ထျန်းယန် ကိုယ်တိုင် ဆင်းလာပြီး ဖန်ကျန်းရီကို ခေါ်ထုတ်သွား၏။
ဖန်ကျန်းရီက ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
လီယွမ်ကျောက်ကတော့ စိုးရိမ်နေပြီ ဖြစ်၏။ ဖန်ကျန်းရီ ထွက်သွားရင် သူ ဘာဆက်လုပ်ရမည်နည်း။
ထို့နောက် ကျင်းဘုရင်ကို အဆက်မပြတ် မျက်စိမှိတ်ပြနေသော်လည်း ကျင်းဘုရင်က သူ့ကို တစ်ချက်လေးမှပင် လှည့်မကြည့်ချေ။
...
ဖန်ကျန်းရီက ကော်ထျန်းယန် နောက်မှ လိုက်ကာ ရုံးတော် အပြင်ဘက်သို့ ထွက်လာခဲ့၏။
တိုင်လုံးကြီးကို မှီကာ သက်ပြင်းချလိုက်ပြီး အနည်းငယ် စိတ်ပျက်နေပုံ ပေါ်သည်။
အပြစ်ပေးခံရတာ ကောင်းတယ်။ အပြစ်ပေးခံရတော့ ထပ်ပြီး တာဝန်တွေ ထမ်းဆောင်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။
ဒါပေမဲ့ ကျန်းကျန်းမြို့မှာ ငါ ဘာလုပ်ရမလဲ...။ ဘယ်တော့မှ မြို့တော်ကို ပြန်ရောက်မလဲ ဆိုတာလည်း မသိဘူး။
ကော်ထျန်းယန်က အနားကို ကပ်လာပြီး ပြုံးကာ ပြော၏။ "ညီလေး... ဘာလို့ မသွားသေးတာလဲ။"
ဖန်ကျန်းရီက သူ့ကို တစ်ချက် ကြည့်လိုက်သည်။ "အစ်ကိုကော် နောက်မနေပါနဲ့။ ညီလာခံ ပြီးသွားရင် မင်းကြီးက ကျုပ်ကို သေချာပေါက် ခေါ်အုံးမှာပဲ။"
ကော်ထျန်းယန်က ပြုံးလိုက်၏။ "တော်တယ်။ ညီလေးက မင်းကြီးရဲ့ အချစ်တော် ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ဒီလောက် ပြဿနာ ကြီးနေတာတောင် မင်းကြီးက မင်းကို ကာကွယ ်ပေးထားတုန်းပဲ။"
"မဟုတ်ပါဘူး။ အစ်ကိုကော်နဲ့ ယှဉ်ရင် အများကြီး လိုပါသေးတယ်။"
ကော်ထျန်းယန်က ချီးကျူးလိုက်သည်။ "ညီလေးက သတ္တိကောင်းတယ်။ အမတ်တွေကို လူပုံလယ်မှာ ရန်စရဲတယ်။ ကျုပ် နန်းတွင်းမှာ ဘဝတစ်ဝက်လောက် နေလာခဲ့ပေမဲ့ ဒီလို ကိစ္စမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ညီလေးက သူတို့ လက်စားချေမှာကို မကြောက်ဘူးလား။"
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ "အစ်ကိုကြီးကော်... ဒါကို မေတ္တာတရား ကြီးမားလို့ သံယောဇဉ် ကင်းတယ်လို့ ခေါ်တယ်။ ရည်မှန်းချက် အောင်မြင်ဖို့အတွက် အနစ်နာခံရမှာပဲ။ ကြောက်ရွံ့ပြီး နောက်ဆုတ်နေရင် လူတိုင်းကို အဆင်ပြေအောင် လုပ်ပေးချင်နေရင် ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး။
လမ်းမှန် ပေါ်မှာ ရှိနေရင် ဘာနည်းလမ်းကိုမဆို သုံးရမယ်။ ကျုပ်က လူတွေ ငတ်သေနေတာ မကြည့်ရက်လို့ပါ။"
ကော်ထျန်းယန်၏ မျက်နှာက လေးနက်သွားပြီး ဖန်ကျန်းရီကို ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဟူး... ကျုပ် ငယ်ငယ်တုန်းကလည်း ငတ်ပြတ်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ဘယ်သူ့ကို အကူအညီ တောင်းတောင်း မရခဲ့ဘူး။ ကျုပ် အမေ ငတ်သေသွားတော့ အဖေက သူများတွေကို ဒူးထောက် တောင်းပန်ပြီး ကျုပ်ကို နန်းတွင်းထဲ ပို့ခဲ့တယ်။
အဲဒီတုန်းက ကျုပ် တွေးခဲ့ဖူးတယ်။ ပြည်သူတွေကို ဒုက္ခတွင်းထဲက ကယ်တင်ပေးပြီး ကျုပ် မိဘတွေကို ထမင်းတစ်လုပ်လောက် ကျွေးနိုင်မယ့် အရာရှိကြီး တစ်ယောက်ယောက် ဘာလို့ မရှိရတာလဲလို့ပေါ့...။
နှမြောစရာပဲ... ကျုပ် နန်းတွင်းထဲ ရောက်ပြီး မကြာခင်မှာပဲ ဖေဖေလည်း ငတ်သေသွားခဲ့တယ်။"
ကော်ထျန်းယန်၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသည့် အပြုံးတစ်ခု ပေါ်လာ၏။ "အခုတော့ တွေ့လိုက်ရပြီ။ ညီလေး... ကျုပ် မင်းကို လေးစားတယ်။ မင်းက အရာရှိကောင်း တစ်ယောက်ပဲ။"
ဖန်ကျန်းရီ၏ ရင်ထဲတွင်လည်း အနည်းငယ် ခံစားသွားရပြီး ဤမိန်းမစိုးကြီး၌ ဝမ်းနည်းစရာ ဇာတ်လမ်းတွေ အများကြီး ရှိနေပုံပေါ်သည်။
ထို့နောက် ကော်ထျန်းယန်၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်၏။ "အစ်ကိုကြီးကော် စိတ်မကောင်း မဖြစ်ပါနဲ့။
ဒါက သဘာဝဘေး ထက်ဝက်၊ လူတွေ ဖန်တီးတဲ့ဘေး ထက်ဝက်ပဲ။ ဒီအမတ်မိုက်တွေကြောင့်သာ မဟုတ်ရင် ဘယ်သူက ကိုယ့်ကိုယ်ကိုယ် သင်းကွပ်ချင်ပါ့မလဲ။"
ကော်ထျန်းယန်၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားပြီး နောက်သို့ တစ်လှမ်း ဆုတ်ကာ ဖန်ကျန်းရီကို စူးရဲစွာ ကြည့်လိုက်သည်။ နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်ပြီး စိတ်ထဲတွင်လည်း အကြီးအကျယ် နောင်တရသွား၏။
ငါက တကယ့်ကို အရူးပဲ။ သူ့ကို သွားပြီး ဘာလို့ ရင်ဖွင့်နေမိတာလဲ။
ခွေးမသား ဖန်ကျန်းရီ။
"အစ်ကိုကြီးကော်... ကျုပ် ခင်ဗျားကို ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး။ ခံစားချက်လေး ပေါ်လာလို့ မထိန်းနိုင်ဘဲ ပြောလိုက်တာပါ။" ဖန်ကျန်းရီက ချက်ချင်း ဖြည့်စွက် ပြောလိုက်သည်။
မင်းကို ငါ ယုံမယ် ထင်လား။
ကံကောင်းစွာဖြင့် ကော်ထျန်းယန်က စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိသဖြင့် ပုံမှန် အခြေအနေသို့ အမြန် ပြန်ရောက်သွား၏။ "ညီလေး နောက်နေပြန်ပြီ။ ကျုပ် အရင် သွားတော့မယ်။ မင်း ဒီမှာပဲ မင်းကြီး ခေါ်တာကို စောင့်နေလိုက်။"
ထိုသို့ပြောပြီးနောက် ကော်ထျန်းယန် လှည့်ထွက်သွားသည်။
ဖန်ကျန်းရီက အလျင်အမြန် ပြေးသွားပြီး သူ့ကို ဆွဲထားကာ ငွေစက္ကူ တစ်ရွက်ကို မသိမသာ ထည့်ပေးလိုက်၏။
သို့နောက် တိုးတိုးလေး ပြောလိုက်သည်။ "အစ်ကိုကြီးကော်... မင်းကြီးက ခင်ဗျားကို ဘာမှ အရိပ်အမြွက် မပေးဘူးလား။ အခု မင်းကြီးရဲ့ သဘောထားက ဘယ်လို ရှိလဲ။ မနေ့က စိတ်အခြေအနေ ကောင်းရဲ့လား။"
ကော်ထျန်းယန်က ငွေစက္ကူကို စမ်းကြည့်လိုက်ပြီး ပြုံးကာ တိုးတိုးလေး ပြန်ဖြေ၏။ "မသိဘူး။"
စကားဆုံးသည်နှင့် သူ၏ အင်္ကျီလက်ထဲသို့ လက်တစ်ဖက် ဝင်လာသည်ကို ခံစားလိုက်ရသည်။
ကော်ထျန်းယန်က အလျင်အမြန် လက်ကို နောက်ဆုတ်လိုက်ပြီး အဆက်မပြတ် ပြောလိုက်၏။ "မလောပါနဲ့ ညီလေး... မလောပါနဲ့။
ဘာပဲဖြစ်ဖြစ် မင်းကြီးက မင်းကို အနစ်နာခံခိုင်းမှာ မဟုတ်ပါဘူး။ မင်းကြီး စိတ်အခြေအနေ ကောင်းတာ ကျုပ် မြင်တယ်။ သေချာပေါက် သတင်းကောင်း ဖြစ်မှာပါ။"
ဖန်ကျန်းရီက လက်ကို ရုတ်လိုက်ပြီး ပြောသည်။ "ဒါဆို ကျန်းကျန်းမြို့ကို မသွားဘဲ နေလို့ ရမလား။ ကျုပ် အဲဒီကို ရောက်သွားရင်လည်း ဘာမှ အကူအညီ မပေးနိုင်ဘူးလေ။ မြို့တော်မှာ နေပြီး အလုပ်တွေ အများကြီး လုပ်ပေးတာက ပိုကောင်းပါတယ်။"
ကော်ထျန်းယန်က မျက်နှာပျက်သွား၏။ "ညီလေးရယ်... မင်းကြီးရဲ့ အမိန့်က ပြောင်းလဲလို့ မရဘူးလေ။ မင်းကို သွားခိုင်းရင် မင်း သွားရမှာပဲ။ ဒီကိစ္စကို ပြင်လို့ မရဘူး။ ထပ်မမေးပါနဲ့တော့။"
"ဒါပေမဲ့... မင်း မြို့တော်မှာ ရက်အနည်းငယ် ဆက်နေချင်တယ် ဆိုရင်တော့ မင်းကြီးက သဘောတူလောက်ပါတယ်။"
"ဒါဆိုရင်လည်း ရပါတယ်။ အစ်ကိုကြီးကော် သွားစရာ ရှိတာ သွားပါ။ ကျုပ် စာကြည့်ဆောင် ရှေ့မှာ စောင့်နေလိုက်မယ်။"
ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီက လှည့်ထွက်သွား၏။
ကော်ထျန်းယန်က သူ့ကျောပြင်ကို ကြည့်ရင်း ခေါင်းယမ်းကာ ထွက်သွားရန် ပြင်လိုက်သည်။ ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် ဖန်ကျန်းရီ နောက်သို့ အမြန် လိုက်သွားသည်။
"ညီလေး … ညီလေး။"
ဖန်ကျန်းရီက လှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ "ဘာဖြစ်လို့လဲ။ အစ်ကိုကြီးကော် ပြောစရာ ရှိသေးလို့လား။"
ကော်ထျန်းယန်က အနည်းငယ် ပြုံးလိုက်ပြီး လျှို့ဝှက်စွာဖြင့် ပြော၏။ "ဟိုလေ... အမတ်ကြီးလီ က တကယ်ပဲ မင်းရဲ့ ဦးလေးအရင်းလား။"
ဖန်ကျန်းရီ: "..."
ခင်ဗျားက အရှေ့နန်းဆောင်ကို အုပ်ချုပ်နေတာလေ။ ညီလာခံက ဘယ်သူ့မှာ ဘယ်ဆွေမျိုး ရှိတယ် ဆိုတာ ခင်ဗျား မသိဘူးလား။ ကျုပ်ကို လာမေးနေရသလား။ တကယ့်ကို ရူးချင်စရာပဲ။
"အစ်ကိုကော်က နန်းတွင်းတပ်ဖွဲ့ကို အုပ်ချုပ်နေတာ မဟုတ်ဘူးလား။ ဒီကိစ္စ ကျုပ်ကို မေးစရာ လိုသေးလို့လား။"
ကော်ထျန်းယန်က အနည်းငယ် ရှက်သွား၏။ "အဲ... အရင်ကတော့ သေချာပေါက် မယုံဘူးပေါ့။ ဒါပေမဲ့ အခုတော့ ကျုပ်လည်း သေချာ မပြောတတ်တော့ဘူး။ အပြင်မှာ ကောလာဟလတွေက အရမ်း ပြန့်နေတာကိုး။ လူတိုင်းက အမှန်လို့ ထင်နေကြတာ။"
ဖန်ကျန်းရီက အနည်းငယ် စိတ်မရှည် ဖြစ်သွားသည်။
"အဲ... အရင်ကတော့ မဟုတ်ပါဘူး။ အခုတော့ ဟုတ်နေပြန်ပြီ။ တကယ် ဟုတ်မဟုတ် ဆိုတာကိုတော့ ကျုပ်လည်း မသိတော့ဘူး။"
ကော်ထျန်းယန်: "ဒါဆို တကယ် ဟုတ်တာလား၊ မဟုတ်တာလား။ မင်း ပြောတာတွေက ကျုပ်ကို ခေါင်းရှုပ်စေတယ်။"
ဖန်ကျန်းရီက ပို၍ စိတ်မရှည် ဖြစ်လာ၏။ "ဟုတ်တယ်လို့ပဲ သဘောထားလိုက်တော့။"
ကော်ထျန်းယန်က သူလိုချင်သည့် အဖြေကို ရသွားသဖြင့် ချက်ချင်း လက်ခုပ်တီးလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ "ဟားဟား …. ကျုပ် သိသားပဲ။ အမတ်ကြီးလီက တကယ့်ကို လျှို့ဝှက်နိုင်တာပဲ။ ဒီလောက် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာကိုး။ မင်း လုပ်စရာ ရှိတာ ဆက်လုပ်တော့။ ကျုပ် သွားပြီ။"
ကော်ထျန်းယန် ထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း ဖန်ကျန်းရီ အနည်းငယ် တွေဝေသွားမိ၏။
အမတ်ကြီးလီ က တကယ်ပဲ ငါ့ရဲ့ ဦးလေးအရင်းလား။
ထို့နောက် ဖန်ကျန်းရီက ခေါင်းကို အတင်း ခါယမ်းရင်း ချွေးစေးများ ထွက်လာသည်။
ချီးတဲ့မှ ... လိမ်ပြောတာ များသွားတော့ ငါ့ကိုယ်ငါတောင် ယုံတော့မယ်။