အခန်း (၁၈၉-၁၉၀)
Vol. 11 Ch. 189-190
အပိုင်း (၁၈၉) မှော်ဆရာကို ခေါ်သွားခြင်း။
ဓားက ကျိုးသွားပြီ။
ဖန်ကျန်းရီက ငိုယိုတော့မတတ် နောင်တရနေမိ၏။
ဒီလောက် ကောင်းတဲ့ ဓားကို ကျန်းပြောင် ဆိုတဲ့ ငတုံးက ပြောပြောဆိုဆိုနဲ့ ချိုးပစ်လိုက်တယ်။
တစ်နေ့နေ့ မင်းကြီးသာ ဓားကို ပြန်တောင်းရင် ဘယ်လိုလုပ်ရမလဲ။ သွေးတစ်စက်လေးတောင် မစွန်းရသေးခင် ဓားက ပျက်စီးသွားခဲ့ပြီ။
မတတ်နိုင်သည့်အဆုံး ဖန်ကျန်းရီက ဓားကို တောက်ယွမ်ခရိုင်ဆီ ပို့ပြီး ပြန်လည် ပုံသွင်းရန် လူလွှတ်လိုက်ရ၏။ ဤကဲ့သို့ ထူးခြားသည့် ဓားမျိုးကို မြို့တော်တွင် ပြင်ရန် မရဲချေ။
ကျန်းပြောင်ကိုတော့ အားကျန်နေတာတွေ ကုန်သွားအောင် ကြိတ်ဆုံလှည့်ခိုင်းထားလိုက်သည်။
နေ့လယ်ခင်းတွင်တော့ ကောင်းကင်ယံက ကြည်လင်နေ၏။
ဖန်ကျန်းရီက ခြံဝန်းထဲရှိ သစ်ပင်အောက်တွင် အေးအေးလူလူ လှဲလျောင်းနေသည်။
ယခုအချိန်တွင် မနက်ခင်း ညီလာခံ တက်ခွင့် မရှိတော့သော်လည်း စောစောထသည့် အကျင့်ကတော့ ရှိနေဆဲ ဖြစ်၏။
မနက်စာ စားပြီးနောက် အစီအစဉ်များ ဆွဲကာ ခြံဝန်းထဲတွင် တစ်ရေး အိပ်လိုက်သည်။
သူ အိပ်ရာမှ နိုးလာချိန်မှာတော့ ရှေ့တွင် ဝိုင်းစက်စက် အရိပ်အချို့ ရပ်နေသည်ကို တွေ့လိုက်ရ၏။
ဖန်ကျန်းရီက မျက်လုံးကို ပွတ်သပ်လိုက်ပြီး လက်ဖက်ရည်ဖြင့် ပလုတ်ကျင်းလိုက်သည်။
လန်းဆန်းသွားပြီးနောက် သွားဖြူဖြူများ ပေါ်လာသည်အထိ ပြုံးပြလိုက်၏။ "မရီးတို့ လာကြတာကိုး... မတွေ့ရတာ ကြာပြီ။ အတော်လေး ပိန်သွားကြတယ်နော်။"
ရှေ့တွင် ရပ်နေသူများမှာ ဟွမ်ရှန်းရုံ၏ ဇနီးနှင့် မယားငယ်များ ဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်သူ မယားကြီး၏ မျက်နှာပေါ်တွင် အဆီများအပြည့် ရှိကာ ကြောက်စရာ ကောင်းလှ၏။ သို့သော်ငြား ဖန်ကျန်းရီကိုတော့ အမြဲတမ်း နူးညံ့စွာ ပြုံးပြနေတတ်သည်။
"မြို့ဝန်ဖန်က တကယ့်ကို ယဉ်ကျေးတာပဲ။ ဒီနေ့ ကျွန်မတို့ ညီအစ်မတွေကို ဘာကိစ္စအတွက် ခေါ်လိုက်တာလဲရှင်။"
ဖန်ကျန်းရီက မတ်တပ်ထကာ အကြောဆန့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "လူတွေ လာကြစမ်း။ ထိုင်ခုံတွေ ယူလာခဲ့။ ဧည့်သည်တွေ လာတာ မမြင်ဘူးလား။"
ထို့နောက် ပြုံးပြီး ပြောလိုက်သည်။ "ဘာကိစ္စမှတော့ သိပ်မရှိပါဘူး။ မရီးတို့ကို ဒီမှာ ရက်အနည်းငယ်လောက် လာနေဖို့ ဖိတ်ခေါ်ချင်လို့ပါ။ မဟုတ်ရင် မှော်ဆရာ ဟွေကျောက်ကို ခေါ်ဖို့ မလွယ်ဘူးလေ။"
"ဒါနဲ့ ကလေးတွေရော ပါလာကြရဲ့လား။"
"ပါတယ်။ ပါ,ပါတယ်။"
ဟွမ်ကတော်က သူမ၏အနောက်မှ ကလေးအချို့ကို ဆွဲထုတ်လိုက်၏။ သို့သော်ငြား ထိုကလေးများက ဖန်ကျန်းရီကို ထိတ်လန့်စွာ ကြည့်နေကြပြီး ဟွမ်ကတော်၏ အနောက်သို့သာ အဆက်မပြတ် လှမ်းဝင် ပုန်းကွယ်နေကြသည်။
ဖန်ကျန်းရီက အတတ်နိုင်ဆုံး သဘောကောင်းသည့် ပုံစံ ဖမ်းလိုက်၏။ "လာ …. ဦးဦး ချီမယ်။"
ကလေးများက ဟွမ်ကတော်၏ အင်္ကျီစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ အနောက်၌ အသေအလဲ ပုန်းနေကြသည်။
ဟွမ်ကတော်ကလည်း အလိုမလိုက်ချေ။ တစ်ယောက်ကို ဆွဲထုတ်ပြီး ပါးချလိုက်၏။
"ယဉ်ကျေးမှု မရှိလိုက်တာ။ မြို့ဝန်ဖန်က ခေါ်နေတယ်လေ။"
ဖန်ကျန်းရီက တံတွေး မြိုချလိုက်ပြီး အနေရခက်စွာ ပြုံးလိုက်သည်။ "ရပါတယ်။ ရပါတယ်။"
"မရီးတို့ အိမ်မှာ နေရတာ အဆင်ပြေရဲ့လား။"
"ဘာအဆင်ပြေရမှာလဲရှင်။ အဲဒီသေမယ့်ကောင်က ဘုန်းကြီး ယောင်ဆောင်ပြီး အိမ်ပြန်မလာဘူး။ ကျွန်မတို့ ညီအစ်မတွေ မုဆိုးမတွေလို ဖြစ်နေပြီ။ သူ ဘာကောင်လဲ ဆိုတာ ကျွန်မ မသိဘူး မှတ်နေလား။ တောက် …. ဘာ မှော်ဆရာ ဟွေကျောက်လဲ။ ကျွန်မ စိတ်မကြည်တဲ့ တစ်နေ့ သူ့အရေခွံကို ဆုတ်ပစ်မယ်။
မြို့ဝန်ဖန်လောက် ဘယ်သူက ကောင်းမှာလဲရှင်။ စားကောင်းသောက်ဖွယ်တွေ ကျွေးတဲ့အပြင် ကလေးတွေကိုလည်း အခမဲ့ စာသင်ပေးသေးတယ်။ မြန်မြန် လုပ်ကြ။ နင်တို့ ကောင်စုတ်လေးတွေ မြို့ဝန်ဖန်ကို ကျေးဇူး မတင်ကြတော့ဘူးလား။"
ကလေးတစ်ချို့က မျက်ရည်များ ကျနေသော်လည်း အသံ တစ်စက်လေးမှ မထွက်ရဲကြချေ။
သူတို့က မြေကြီးပေါ်တွင် ဒူးထောက်ကာ ဖန်ကျန်းရီကို အရိုအသေ ပေးလိုက်ကြ၏။ "မြို့ဝန်ဖန်ကို ကျေးဇူးတင်ပါတယ်။"
ဖန်ကျန်းရီက အနေရခက်စွာ ပြုံးလိုက်သည်။ "အင်း … လိမ္မာတဲ့ ကလေးတွေပဲ။ ထကြတော့။ ဦးဦးက မင်းတို့ကို စာသင်ဖို့ လူရှာပေးမယ်နော်။ ဒီတစ်ခေါက် ဘာသာရပ် နှစ်ခု ထပ်တိုးပေးမယ်။"
ကလေးများက ထရပ်လိုက်ပြီး ဖန်ကျန်းရီကို အမုန်းတရားများဖြင့် တစ်ချက် ကြည့်ကာ ဟွမ်ကတော်၏ အနောက်သို့ ပြန်ဝင်ပုန်းသွားကြ၏။
ဖန်ကျန်းရီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ဒီအစ်ကိုဟွမ်ကတော့လေ... အမြဲတမ်း အပြင်မှာ လျှောက်သွားနေပြီး အိမ်ပြန်ရင်လည်း ဇနီးမယားတွေကို ဂရုမစိုက်ဘူး။ တကယ်ကို လွန်လွန်းတယ်။ ခဏနေ သူ ရောက်လာရင် မရီးတို့ ကိုယ်စား ကျုပ် ဆုံးမပေးမယ်။"
ဟွမ်ကတော်နှင့် တခြား မယားငယ်လေးများ၏ မျက်နှာက ရုတ်တရက် နီရဲသွား၏။ "မြို့ဝန်ဖန်ရှင်... ဒီမှာ ကလေးတွေ ရှိသေးတယ်လေ။"
"အာ... ဟားဟား... ဆောရီး။ ဆောရီး။"
ဖန်ကျန်းရီက သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။ "အိမ်က အရင် အိမ်ပါပဲ ။ မရီးတို့အတွက် ချန်ထားပေးပါတယ်။ နောက်ဆို အိမ်မှာ နေရတာ အဆင်မပြေရင် ကျုပ်ဆီ အချိန်မရွေး လာလို့ ရပါတယ်။ ဒါက မရီးတို့ရဲ့ ဒုတိယ အိမ်ပဲ။"
မိန်းမများက ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ကြ၏။
ဟွမ်ကတော်က ရုတ်တရက် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "မြို့ဝန်ဖန်က သူ့ကို ဘာကိစ္စအတွက် ရှာတာလဲ ဆိုတာ မသိရဘူးလားရှင်။"
"ဘာကိစ္စမှ သိပ်မရှိပါဘူး။ စိတ်မပူပါနဲ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်က ခရီးဝေး သွားရတော့မယ်။ ကျန်းကျန်းမြို့ကို သွားရမှာ ဆိုတော့ တစ်နှစ်ခွဲလောက် ပြန်ရောက်မှာ မဟုတ်ဘူး။အဲဒီမှာ ယတြာ နည်းနည်း ချေဖို့အတွက် မှော်ဆရာ ဟွေကျောက်ကို ခေါ်သွားမလို့ပါ။"
"ခရီးဝေး သွားရမှာလား။"
ဟွမ်ကတော်က အနည်းငယ် စိုးရိမ်သွား၏။ "အသက်အန္တရာယ်တော့ မရှိပါဘူးနော်။"
ဖန်ကျန်းရီက အလျင်အမြန် လက်ခါပြလိုက်သည်။ "စိတ်ချပါ။ ကျုပ် ဖန်ကျန်းရီရဲ့ အသက်နဲ့ အာမခံပါတယ်။ သူ့ကို အကောင်းပကတိ အတိုင်း သေချာပေါက် ပြန်ခေါ်လာခဲ့ပါ့မယ်။ ဒီအချိန် အတွင်းမှာတော့ မရီးတို့ရဲ့ စားဝတ်နေရေး အားလုံးကို ကျုပ် တာဝန်ယူပါတယ်။ စိတ်မချရင်လည်း စာခဏခဏ ရေးလို့ ရပါတယ်။ ဘယ်လို သဘောရလဲ။"
ဟွမ်ကတော်က ထိုစကားကို ကြားချိန်မှာတော့ ဒူးအနည်းငယ် ညွှတ်ကာ အရိုအသေ ပေးလိုက်၏။ "ဒါဆိုရင်လည်း မြို့ဝန်ဖန်ကိုပဲ အားကိုးရတော့မှာပေါ့ရှင်။"
"ကောင်းပြီ။ ဒါဆို မရီးတို့ကို ကျုပ် လိုက်မပို့တော့ဘူး။ သွားကြတော့။"
ပြောပြီးသည်နှင့် ဟွမ်ကတော်နှင့် မယားငယ်များက ကလေးများကို ခေါ်ကာ ထွက်သွားကြ၏။ အငယ်ဆုံး ကောင်လေးက မထွက်သွားခင် လှည့်ကြည့်ကာ ဖန်ကျန်းရီကို အမုန်းတရားများဖြင့် စူးရဲစွာ ကြည့်ပြီး မြေကြီးပေါ်သို့ တံတွေး ထွေးချလိုက်သည်။
"ထွီ..."
ဖန်ကျန်းရီ၏ မျက်နှာက တောင့်တင်းသွား၏။
ဒီကောင်လေး သတ္တိရှိတာပဲ။ နောက်ဆိုရင် မင်း အိပ်ရဖို့ မစဉ်းစားနဲ့တော့။
မိုးချုပ်ပြီး ဖန်ကျန်းရီ အိမ်တွင် မိသားစုလိုက် ထမင်းစားနေချိန်မှ ဟွမ်ရှန်းရုံ ရောက်လာခဲ့သည်။
ရာသီဥတု ကောင်းသဖြင့် အားလုံးက ခြံဝန်းထဲတွင် ထမင်းစားနေကြ၏။
ဟွမ်ရှန်းရုံက ဘေးတွင် ရိုသေစွာ ရပ်နေပြီး ထမင်းစားနေသူများကို ကြည့်နေသည်။
သူ၏ အကြည့်များက အသားဟင်းများဆီသို့ ရောက်သွားပြီး လည်ပင်းက အဆက်မပြတ် လှုပ်ရှားနေ၏။ ထို့နောက် အနေရခက်စွာဖြင့် မေးလိုက်သည်။ "မြို့ဝန်ဖန်... ကျုပ်ကို ဘာကိစ္စ ရှိလို့ ခေါ်လိုက်တာလဲ။"
ဖန်ကျန်းရီက အဆီတုံး တစ်တုံးကို ခပ်ယူကာ အကြိမ်အနည်းငယ် ခါယမ်းပြီးမှ ပါးစပ်ထဲသို့ ထည့်လိုက်၏။
"အစ်ကိုဟွမ်... မြို့တော်က သူဌေး အတော်များများက ခင်ဗျားကို ယတြာချေပေးဖို့ ငှားကြတယ်ဆို။ တန်းစီ စောင့်နေတဲ့သူတွေက နောက်နှစ်အထိတောင် ရောက်နေပြီလို့ ကြားတယ်။ တကယ်ပဲလား။"
ဟွမ်ရှန်းရုံက အလျင်အမြန် ပြန်ဖြေသည်။ "ရှိပါတယ်။ ဒါပေမဲ့ အဲဒီလောက်လည်း မဟုတ်ပါဘူး။ ဒီနှစ်ကုန်လောက် အထိပါပဲ..."
ဖန်ကျန်းရီက ပြုံးလိုက်၏။ "ခင်ဗျားကို ရှာတာ တခြားကိစ္စတော့ မဟုတ်ပါဘူး။ ကျုပ်နဲ့ တစ်ခေါက်လောက် လိုက်ခဲ့ပြီး ယတြာချေတာတွေ ဘာတွေ လုပ်ပေးပါလားလို့။"
"ဘယ်ကိုလဲ။" ဟွမ်ရှန်းရုံက အနည်းငယ် စိုးရိမ်လာသည်။
"ကျန်းကျန်းမြို့ကို။"
ထိုစကားကို ကြားသည်နှင့် ဟွမ်ရှန်းရုံက ချက်ချင်း ခေါင်းခါယမ်းလိုက်၏။ "မသွားဘူး။ မြို့ဝန်မင်း... ကျုပ် မသွားချင်လို့ မဟုတ်ပါဘူး။ တကယ် အချိန်မရလို့ပါ။
ကျုပ်မိသားစု တစ်ခုလုံးက မြို့တော်မှာ ရှိနေတာ။ ဘယ်သူမှ စောင့်ရှောက်မယ့်သူ မရှိဘူး။ ကျုပ် ထွက်သွားရင် မိသားစုက ဘယ်လိုလုပ်မလဲ။"
ဖန်ကျန်းရီက သူ့ကို စွေကြည့်လိုက်သည်။
"ခင်ဗျားရဲ့ ဇနီးနဲ့ ကလေးတွေက ကျုပ် လက်ထဲမှာပါ။ စိတ်ပူစရာ မလိုပါဘူး။ ကျုပ်က ခင်ဗျားရဲ့ သဘောထားကို တောင်းခံနေတာ မဟုတ်ဘူး။ ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ခင်ဗျား တစ်ယောက်တည်း ကျုပ်နဲ့ လိုက်မလား။ ဒါမှမဟုတ် ခင်ဗျားရဲ့ မိန်းမတွေ၊ ကလေးတွေ အကုန်လုံးကိုပါ ကျုပ် ခေါ်သွားရမလား။
ခင်ဗျား သေချာ စဉ်းစားပါ။"
ဟွမ်ရှန်းရုံ၏ ချွေးစေးများ ချက်ချင်း ထွက်လာသည်။ သို့နှင့် များများစားစား မစဉ်းစားတော့ဘဲ အံကြိတ်ကာ ပြောလိုက်၏။ "သွားမယ်။ ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့မယ်။ ဒါပေမဲ့ မြို့တော်က ယတြာချေမယ့် ကိစ္စတွေကို ဖျက်သိမ်းဖို့ ရက်အနည်းငယ်လောက် အချိန်ပေးပါ။ ပြီးတော့ မြို့ဝန်မင်းက ကျုပ်ကို ဘာလုပ်ခိုင်းမလဲ ဆိုတာကို အနည်းဆုံးတော့ ပြောပြသင့်တယ် မဟုတ်လား။
ဘယ်သူ့အတွက် ယတြာချေရမှာလဲ။ ယတြာ ဘယ်နှစ်ကြိမ် ချေရမှာလဲ။ ပြီးရင် ပြန်လာလို့ ရပြီလား။"
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြန်ဖြေသည်။ "ကျုပ်လည်း မသိဘူး။ အတိုချုပ် ပြောရရင် ကျုပ် ပြန်လာတဲ့ အချိန်ကျမှ ခင်ဗျားလည်း ပြန်လာရမယ်။ အရာအားလုံး ကျုပ် စီစဉ်တဲ့အတိုင်း လုပ်ရမယ်။
နောက်တစ်ခုက ခင်ဗျားမိန်းမက ကျုပ်ကို လာညည်းပြတယ်။ ခင်ဗျား နေ့တိုင်း အိမ်မပြန်ဘူးတဲ့။ ပြီးတော့ ဇနီးမယားတွေကိုလည်း ဂရုမစိုက်ဘူးတဲ့။ တကယ်ပဲလား။"
ထိုစကားကို ကြားသည်နှင့် ဟွမ်ရှန်းရုံက စိတ်ထဲမှ ချက်ချင်း ဆဲဆိုလိုက်၏။
ငါ ဂရုစိုက်တာ မစိုက်တာ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဒါကိုပါ မင်းက ဝင်ပါချင်သေးတာလား။
သို့သော်ငြား မတတ်သာသဖြင့် ပြန်မပြောရဲဘဲ ဘုရားစာကို ရွတ်ဆိုလိုက်သည်။ "အော်မီတောဖော … ဘုန်းကြီးက လူ့ဘောင်ကို စွန့်ခွာပြီးသားသူမလို့ လောကီအာရုံ ကာမဂုဏ်တွေကို တစ်စက်လေးမှ မတွယ်တာ တော့ပါဘူး။"
"ဝက်ခြေထောက် စားမလား။"
"စားမယ်။"
အပိုင်း (၁၉၀) အချစ်ဇာတ်လမ်း လာပြီ။
နောက်တစ်နေ့တွင်တော့ ဖန်ကျန်းရီ အိပ်ရာမှ နိုးလာပြီးနောက် ရထားလုံးစီးကာ လေးတိလေးကန်ဖြင့် နန်းတော်ထဲသို့ ရောက်လာခဲ့၏။
ယခုအချိန်တွင် မနက်ခင်း ညီလာခံ တက်ခွင့် မရှိတော့သော်လည်း နန်းတော်ထဲ အဝင်အထွက် လုပ်သည်ကိုတော့ မည်သူကမှ ဂရုမစိုက်ကြချေ။ နန်းတော်ထဲသို့ ရောက်သည်နှင့် ဖန်ကျန်းရီက မင်လွမ်နန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ယခုတစ်ခေါက် လာရသည့် အကြောင်းရင်းက တခြားမဟုတ်ဘဲ မင်းသမီးလေးကို နှုတ်ဆက်ရန်သာ ဖြစ်ပြီး သူ ကိုယ်တိုင်လည်း မြန်မြန် ခရီးထွက်သင့်ပြီ ဖြစ်၏။
စောစော သွားမှသာ ကောင်းမည်။ မဟုတ်လျှင် ထိုဘက်တွင် ပြဿနာတက်ပြီး ဘာတွေ ဖြစ်လာမည်မှန်း မသိနိုင်ချေ။
ရက်ပိုင်းအတွင်း အားလပ်ချိန်များတွင် မင်လွမ်နန်းဆောင်ဆီသို့ ရက်အနည်းငယ်သွားခဲ့ပြီး ရောဂါ ပြန်လည် စစ်ဆေးပေးသည်ဟု အကြောင်းပြကာ မင်းသမီးနှင့် စကားစမြည် ပြောဆိုခဲ့သေးသည်။
ဖန်ကျန်းရီက ဟန်ဆောင်ပန်ဆောင် သွေးစမ်းပေးသည်ကို မင်းသမီးက အလွန် ရှက်သွေးဖြာနေခဲ့၏။
နန်းဆောင်ထဲသို့ ရောက်သည်နှင့် အစေခံမလေးက ကျွမ်းကျင်စွာဖြင့် ဖန်ကျန်းရီကို နောက်ဖေး ဥယျာဉ်ဆီသို့ ခေါ်ဆောင်သွားသည်။
ယခုအခါ နန်းတွင်းရှိ အမျိုးသမီး အတော်များများက ဖန်ကျန်းရီကို အမြင်ကောင်း ရှိနေကြ၏။
မည်သို့ပင်ဖြစ်စေ အမျိုးသမီးများ၏ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ပြီး အမျိုးသမီးသုံး ပစ္စည်းများကို တီထွင်သူ မဟုတ်ပါလား။ သူက ညီလာခံမှာ ရန်သူတွေ အများကြီး ရှိနေပေမဲ့ မိန်းမတွေ ကြားထဲ ရောက်သွားရင်တော့ ရေရသွားတဲ့ ငါးတစ်ကောင်လိုပင်။
လီမြောင်ဟန်က နောက်ဖေး ဥယျာဉ်ရှိ နန်းဆောင်လေးထဲတွင် အနားယူနေပြီး ဖန်ကျန်းရီ လာသည်ကို မြင်သည်နှင့် ချက်ချင်း ပြုံးပြလိုက်သည်။
ဖန်ကျန်းရီက သွားဖြူဖြူများ ပေါ်လာသည်အထိ ပြုံးပြလိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။
အစေခံ တစ်ယောက်၏ ပုံစံမျိုး အပြည့်အဝ ပေါက်စွာဖြင့် နှုတ်ဆက်သည်။ "ကျုပ် မင်းသမီးကို ဂါရဝပြုပါတယ်။"
လီမြောင်ဟန်က ချိုသာစွာ ပြုံးလိုက်၏။ "မြို့ဝန်ဖန် … အားနာစရာ မလိုပါဘူး။ ထိုင်ပါရှင်။"
ဖန်ကျန်းရီက ထိုင်လိုက်ပြီးနောက် လိုရင်းကိုသာ တန်းပြောလိုက်သည်။ "မင်းသမီး... ကျုပ် ဒီတစ်ခေါက် လာတာက မင်းသမီးကို နှုတ်ဆက်ဖို့ပါ။ ကျုပ် သွားရတော့မယ်။ မင်းကြီးက ရာထူးချပြီး ကျန်းကျန်းမြို့ကို လွှတ်လိုက်လို့ပါ။"
လီမြောင်ဟန်၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ အရိပ်အယောင်များ ပေါ်လာပြီး တိုးညင်းစွာ ပြော၏။ "ကျွန်မ သိပါပြီ။ မြို့ဝန်ဖန်က လူအတော်များများကို ပြဿနာ ရှာခဲ့တယ်လို့ ကြားတယ်။"
ထို့နောက် ခဏ ရပ်လိုက်သည်။ "သတင်းစာကိုလည်း... ကျွန်မ ဖတ်ပြီးပါပြီ။ ဘာလို့ အဲဒီအမတ်တွေကို အဲဒီလောက်တောင် ပြဿနာ ရှာရတာလဲရှင်။ သူတို့ အားလုံးက လူဆိုးတွေမလို့လား။"
ဖန်ကျန်းရီက ခေါင်းခါယမ်းလိုက်၏။ "မင်းသမီးက ကျုပ်ကို ယုတ်မာတယ်၊ ရည်မှန်းချက် အောင်မြင်ဖို့ နည်းလမ်းမရွေး သုံးတတ်တယ်လို့ ထင်နေတာလား။"
လီမြောင်ဟန်က ဆွံ့အစွာဖြင့် စကားမပြောနိုင် ဖြစ်နေသည်။
ထို့နောက် ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။ "တကယ်တော့ ညီလာခံမှာ ဘယ်သူ လူဆိုး ရှိလို့လဲ။ အရင်တုန်းက အားလုံးက ရိုးသားတဲ့ ပညာရှင်တွေချည်းပါပဲ။ အဆင့်တစ်ဆင့်ချင်းစီ ကြိုးစားပြီးမှ ဒီအခြေအနေကို ရောက်လာကြတာ။ ကျုပ်လည်း အတူတူပါပဲ။၏
ဒါပေမဲ့ အချိန်ကြာလာတော့ လူအတော်များများက မူလ ရည်ရွယ်ချက်ကို မေ့သွားကြပြီး အကျိုးအမြတ်ကို အရေးအကြီးဆုံး အရာအဖြစ် သတ်မှတ်လာကြတယ်။ ကျုပ် ဒါတွေကို မြင်ပြီး ရင်ထဲမှာ ပူပန်နေမိတယ်။ ပြည်သူတွေ အတွက် ဒီနည်းလမ်းကိုပဲ သုံးရတော့တာပေါ့။
တစ်ခါတလေကျရင် အကျိုးအမြတ်ကို ထိခိုက်စေတာက ဝိညာဉ်ကို ထိခိုက်စေတာထက် ပိုခက်ခဲတယ်။" ဒါကြောင့် ကျုပ် ရာထူးချခံရတာကလည်း မျှော်လင့်ထားပြီးသား ကိစ္စပါ။
ဒါပေမဲ့... မင်းသမီးကပါ ကျုပ်ကို ဒီလို ထင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ပြောပြီးသည်နှင့် ဖန်ကျန်းရီက ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်ပြီး နောင်တတရားများ အပြည့် ရှိနေသည့် ပုံစံမျိုး ဖမ်းလိုက်၏။
လူကောင်းတစ်ယောက်ကို အထင်လွဲမိပြီဟု သူမ ထင်သွားစေရန်ပင်။
လီမြောင်ဟန်က အလွန် ရှက်ရွံ့သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ကျွန်မ အဲဒီလို မထင်ပါဘူး။ မြို့ဝန်ဖန် အထင်မလွဲပါနဲ့။"
ထို့နောက် သူမက အထစ်ထစ် အငေါ့ငေါ့ဖြင့် ဆက်ပြော၏။ "မနေ့က ကျွန်မ လူလွှတ်ပြီး ရှင်ကို သွားရှာခိုင်း သေးတယ်။ ရှင့်ကို နန်းတော်ထဲမှာ ဓားတစ်လက် ကိုင်ပြီး လျှောက်သွားနေတာ တွေ့တယ်လို့ ကြားတယ်။ အရမ်း ပျော်နေတဲ့ ပုံစံပဲတဲ့...မြို့ဝန်ဖန်က မြို့တော်ကနေ ထွက်သွားချင်နေတာလား။"
ပြောရင်းနှင့် လီမြောင်ဟန်က အနည်းငယ် စိတ်ပျက်သွားပုံ ရသည်။
ဖန်ကျန်းရီက ဝမ်းနည်းနေသည့် ပုံစံဖြင့် ပြောလိုက်၏။ "ကျုပ် ဘယ်မှာ ပျော်နေလို့လဲ။ ဘဝရဲ့ အမှန်တရားကို သိမြင်သွားပေမဲ့ ဘဝကို မြတ်နိုးနေဆဲမလို့ပါ။ ကျုပ်သာ သတ္တိမရှိရင် ဘယ်သူက ကျုပ် ကိုယ်စား ကြံ့ခိုင်ပေးမှာလဲ။"
လီမြောင်ဟန်က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားသည်။
အတွေးအခေါ် ကွာဟမှုက ရုတ်တရက် သူမကိုယ်သူမ အသုံးမကျသူ တစ်ယောက်လို ခံစားသွားရစေ၏။
ပတ်ဝန်းကျင်ရှိ အစေခံမလေးများက ကျောခိုင်းသွားကြပြီး နားကိုပင် ပိတ်ထားချင်စိတ် ပေါက်သွားကြသည်။
နားကလော်စရာ ကောင်းလိုက်တာ။
မင်းသမီးလေးက ငယ်ငယ်တည်းက ယောက်ျားလေးတွေနဲ့ သိပ်မထိတွေ့ဖူးတော့ ဒီလူ လှည့်စားတာ ခံနေရတာပဲ။
ဟူး...
လီမြောင်ဟန်က ခေါင်းမော့လာပြီး အရည်လဲ့လဲ့ မျက်လုံးလေးများဖြင့် ဖန်ကျန်းရီကို တည့်တည့် စိုက်ကြည့်ကာ မျှော်လင့်တကြီးဖြင့် မေးလိုက်၏။ "ဒါဆို ရှင် ကျန်းကျန်းမြို့ကို သွားရင် ဘယ်လောက်ကြာမှ ပြန်လာနိုင်မလဲ။ ခမည်းတော်က ရှင့်ကို ဓားတစ်လက် ဆုချလိုက်တယ်လို့ ကြားတယ်။ သိပ်မကြာခင် ပြန်ရောက်လာမှာ မဟုတ်လား။"
ဖန်ကျန်းရီက ခါးသီးစွာ ပြုံးလိုက်သည်။ "ဒါက... ကျုပ်လည်း မသိဘူး။ မင်းကြီးရဲ့ အလိုဆန္ဒကို ခန့်မှန်းလို့ မရဘူးလေ။ အရာရှိ လောက ဆိုတာကလည်း ပြောင်းလဲလွယ်တယ်။ ဆင်းရတာ လွယ်ပေမဲ့ တက်ရတာ ခက်တယ်။ ဒီတစ်ခေါက် သွားရင် ဆယ်နှစ်၊ ရှစ်နှစ်လောက် ပြန်မလာနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ခေါက် မင်းသမီးနဲ့ ပြန်တွေ့တဲ့ အချိန်ကျရင် ကျုပ်က... သားသမီး မြေးမြစ်တွေနဲ့တောင် ပြည့်နှက်နေလောက်ပြီ။ မင်းသမီးကို ဆေးမကုပေးနိုင်တော့ဘူးလို့ တွေးမိရင် ကျုပ် ရင်နာတယ်..."
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အပြည့် ရှိနေ၏။
လီမြောင်ဟန်က ထိုစကားများကို ကြားပြီး ရင်ထဲတွင် အဆက်မပြတ် နာကျင်လာမိသည်။
အလျင်အမြန် မတ်တပ်ထရပ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "ခမည်းတော်က ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ။ မြို့ဝန်ဖန်လို အရည်အချင်းရှိတဲ့သူက မြို့တော်မှာပဲ နေသင့်တာပါ။ ကျွန်မ သွားပြီး ခမည်းတော်ကို ပြောမယ်။"
"မင်းသမီး မလောပါနဲ့။" ဖန်ကျန်းရီက လီမြောင်ဟန်၏ လက်ကလေးကို အခွင့်ကောင်းယူ၍ ဆွဲကိုင်လိုက်သည်။
လေထုက ချက်ချင်း တိတ်ဆိတ်သွား၏။
လီမြောင်ဟန်၏ မျက်နှာလေးက ရဲတက်သွားပြီး ဘာလုပ်ရမှန်း မသိဖြစ်ကာ ရပ်နေမိ၏။ သူမ၏ နူးညံ့သည့် လက်ကလေးကို ဖန်ကျန်းရီက ဆွဲကိုင်ထားသည်။
ဖန်ကျန်းရီ၏ မျက်နှာက တံတိုင်းထက်ပင် အရေထူနေပြီး ပုံမှန်အတိုင်း ဆွဲကိုင်ထားကာ လွှတ်မပေးချေ။
ချောမွေ့ပြီး နူးညံ့လိုက်တာ။
ဖန်ကျန်းရီက ဘယ်လို ခံစားချက်မျိုးလဲ ဆိုတာ မပြောတတ်သော်လည်း သူ၏လက်မဖြင့် သူမ၏ လက်ခုံကို နှစ်ချက်လောက် ပွတ်သပ်လိုက်၏။
ဤတစ်ကြိမ်တွင်တော့ လီမြောင်ဟန်၏ လှပသည့် မျက်နှာလေးက ပို၍ပင် နီရဲသွားပြီး နားရွက်အထိတောင် ရဲတက်သွားသည်။
ခြင်သံလောက် တိုးညင်းသည့် အသံဖြင့် ပြောလိုက်၏။ "မြို့... မြို့ဝန်ဖန်... လက်ကို လွှတ်ပေးလို့ ရမလား။"
ဖန်ကျန်းရီက သေချာပေါက် လွှတ်မပေးဘဲ အခိုင်အမာ ပြန်ပြောသည်။ "ကျုပ် လွှတ်ပေးချင်ပါတယ်။ ဒါပေမဲ့ မရဲဘူး... ကျုပ် ဒီတစ်ခေါက် သွားရင် ဆယ်နှစ်၊ ရှစ်နှစ်လောက် ကြာမှာလေ။"
လီမြောင်ဟန်က ထိုစကားကို ကြားသည်နှင့် နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်ပြီး ပြန်ထိုင်လိုက်၏။
နှစ်ယောက်သား စကားမပြောကြဘဲ နောက်ဖေး ဥယျာဉ်ထဲတွင် ငှက်ကလေးများ၏ တေးသီသံ အချို့သာ ထွက်ပေါ်လာသည်။
ဖန်ကျန်းရီက လီမြောင်ဟန်၏ ညာဘက်တွင် ထိုင်နေသော်လည်း သူ၏ညာလက်ဖြင့် သူမ၏ ညာလက်ကို ကိုင်ထား၏။
လီမြောင်ဟန်က ခွန်အား မရှိသဖြင့် ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ထိုင်နေရပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ထားကာ ဖန်ကျန်းရီကို တည့်တည့် မကြည့်ရဲချေ။
အနေအထားက အလွန် ထူးဆန်းနေပြီး လေထုကလည်း ထူးခြားနေသည်။
ဖန်ကျန်းရီလည်း မသင့်တော်ဘူးဟု ခံစားမိသဖြင့် လီမြောင်ဟန်၏ လက်ကလေးကို လွှတ်ပေးလိုက်၏။
လီမြောင်ဟန်က ခန္ဓာကိုယ်ကို ချက်ချင်း တည့်လိုက်ပြီး ရင်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
သို့သော်ငြား တစ်စက္ကန့်တောင် မကြာလိုက်ခင် ဘယ်လက်ကို အကိုင်ခံလိုက်ရပြန်၏။
လီမြောင်ဟန်က အလျင်အမြန် ခေါင်းပြန်ငုံ့သွားသည်။
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် စနောက်ချင်သည့် အပြုံးတစ်ခု ပေါ်လာ၏။
ထိုအချိန်တွင် အခြေအနေက ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
အချိန်အတော်ကြာမှ လီမြောင်ဟန်က အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ခေါင်းမော့ကာ ပြောလိုက်၏။ "အစ်ကိုတော် ပြောတာ ကြားတယ်... မြို့ဝန်ဖန်က ပြည့်တန်ဆာခေါင်းဆောင် တစ်ယောက်ကို စိန်ဆွဲကြိုး တစ်ကုံး လက်ဆောင်ပေးခဲ့ဖူးတယ်ဆို...
ပြီးတော့ စိန်ဆိုတာ အချစ်ကို ကိုယ်စားပြုတယ် ဆိုတာ တကယ်ပဲလား။"
ဘာ။
ဖန်ကျန်းရီ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွား၏။
ဘာလို့ ရုတ်တရက်ကြီး စကားလမ်းကြောင်း လွှဲပြီး ဒီဘက်ကို ရောက်လာရတာလဲ။
ဒါကို ဘာလို့ မေးရတာလဲ။ ပြီးတော့ အိမ်ရှေ့စံဆိုတဲ့ ပါးစပ်ဖွာတဲ့ကောင်က မင်းသမီးကို ဘာတွေ လျှောက်ပြောထားတာလဲ။
ဖန်ကျန်းရီက အလွန် အနေရခက်သွားသည်။ သို့နှင့် အလျင်အမြန် ရှင်းပြလိုက်၏။ "ဒီစိန် ဆိုတာက လူလုပ်ထားတာပါ။ ပြောစရာတောင် မလိုပါဘူး။ ပြောစရာတောင် မလိုပါဘူး။ အပြင်က ကြွေထည်တွေလိုပါပဲ။
မင်းသမီး လိုချင်တယ် ဆိုရင် နောက်ရက်ကျရင် ကျုပ် လူလွှတ်ပြီး ခြင်းတောင်းနဲ့ အပြည့် လာပို့ပေးပါ့မယ်။"
လီမြောင်ဟန်က ထပ်မေးချင်သေးသော်လည်း ဖန်ကျန်းရီက သူမ၏ လက်ကလေးကို နှစ်ချက်လောက် ညှစ်လိုက်၏။
သူမက ရှက်သွားပြီး ကျန်လက်တစ်ဖက်ဖြင့် မျက်နှာကို ကွယ်ထားကာ တိုးတိုးလေး ပြောလိုက်သည်။ "မြို့ဝန်ဖန်... လွှတ်ပေးပါတော့ရှင်။"
ထိုစကားကို ကြားသည်နှင့် ဖန်ကျန်းရီက လွှတ်ပေးလိုက်၏။
မိန်းကလေးက ရှက်နေပြီ ဆိုတော့ အရမ်း လွန်သွားအောင် မလုပ်သင့်ပေ။
ဖန်ကျန်းရီ လက်ကို လွှတ်လိုက်သည်နှင့် လီမြောင်ဟန်က ချက်ချင်း ထရပ်ကာ နန်းဆောင်ထဲမှ ထွက်ခွာသွားသည်။
ဖန်ကျန်းရီက နန်းဆောင်ထဲတွင် ထိုင်ရင်း ဘာလုပ်ရမှန်း မသိဖြစ်ကာ မိမိကိုယ်ကိုယ် အကြီးအကျယ် သံသယ ဝင်သွားမိ၏။
စိတ်ဆိုးသွားတာလား။ ဘယ်နေရာမှာ အမှား လုပ်မိသွားတာလဲ။
မကြာခင်မှာပဲ လီမြောင်ဟန်က ခြေလှမ်း သွက်သွက်ဖြင့် ပြန်လည် ရောက်ရှိလာပြီး သူမ၏ လက်ထဲတွင် လှပသည့် သေတ္တာငယ်လေး တစ်လုံးကို ကိုင်ဆောင်လာကာ စားပွဲပေါ်သို့ တင်လိုက်သည်။
ဖန်ကျန်းရီက သေတ္တာငယ်လေးကို ကြောင်အမ်းအမ်းကြည့်ရင်း သံသယများဖြင့် လီမြောင်ဟန်ကို မော့ကြည့်လိုက်၏။
"မင်းသမီး... ဒါက..."
လီမြောင်ဟန်၏ လှပသည့် မျက်နှာလေးပေါ်တွင် ခိုင်မာသည့် အမူအရာများ ရှိနေပြီး သေတ္တာကို ဖွင့်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ဒါက ကျွန်မရဲ့ လက်ဝတ်ရတနာတွေပါ။ ရှင် ဒီတစ်ခေါက် သွားရင် ငွေအများကြီး လိုမှာ သေချာတယ်... ကျွန်မမှာ ငွေမရှိတော့လို့ ဒါလေးတွေပဲ ရှိတယ်။ လမ်းမှာ လိုအပ်ရင် ရောင်းသုံးလိုက်ပါ။"
ဖန်ကျန်းရီက ကြောင်အမ်းအမ်း ဖြစ်သွားပြီး နှလုံးခုန်သံများ ရုတ်တရက် မြန်ဆန်လာ၏။
သူ၏ရင်ထဲတွင် အလွန် ဝမ်းသာသွားသော်လည်း မျက်နှာပေါ်တွင်တော့ တဖြည်းဖြည်း လေးနက်လာသည်။ လက်ဝတ်ရတနာ သေတ္တာထဲမှ ဆံထိုးတစ်ချောင်းကို ယူလိုက်ပြီး သေတ္တာကို ပြန်ပိတ်လိုက်သည်။
"ဒီဆံထိုးကိုပဲ ကျုပ် ယူသွားပါ့မယ်။ ကျန်တာတွေကိုတော့ ကျုပ် လက်မခံတော့ပါဘူး။ မင်းသမီး စိတ်မပူပါနဲ့။ တကယ်တော့... ကျုပ် ဒီတစ်ခေါက် လာတာ မင်းသမီးအတွက် လက်ဆောင် ပါလာပါတယ်။"
"ဘာလက်ဆောင်လဲဟင်။" လီမြောင်ဟန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ တောက်ပလာ၏။
ဖန်ကျန်းရီက အင်္ကျီထဲမှ ပစ္စည်းနှစ်ခုကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ ဒိုင်းခနဲ ချလိုက်သည်။
လီမြောင်ဟန်က သေချာ ကြည့်လိုက်၏။ ရွှေလက်ကောက် အကြီးကြီး နှစ်ကွင်းပင်။