← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 11 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 11 Ch. 187-188

အပိုင်း (၁၈၇) ဇာတ်လမ်းရိုးရိုးလေး။

"အစ်ကို … ရှင် ကျွန်မကို ဘာလို့ လက်မထပ်နိုင်ရတာလဲ။"

"အမြဲတမ်း ကျုပ်တို့က မောင်နှမ သံယောဇဉ်ပဲ ရှိခဲ့တာပါ။ ရှောင်ကျွမ်... အထင်မလွဲပါနဲ့။"

"ကျွန်မရဲ့ အပျိုစင် ဘဝကို ရှင် မြင်ပြီးသွားပြီလေ။ အခု ရှင် ကျွန်မကို မောင်နှမလို့ ပြောနေတာလား။ ရှင် ကျွန်မကို မဖြစ်မနေ လက်ထပ်ရမယ်။ မဟုတ်ရင် ကျွန်မ သေလိုက်မယ်။"

"ဒါ... ဒါပေမဲ့ ကျုပ်က မိန်းမစိုး တစ်ယောက်လေ။"

"မိန်းမစိုး ဖြစ်တော့ ဘာဖြစ်လဲ။ မိန်းမစိုးက မိန်းမယူပြီး ကလေးမွေးလို့ မရဘူးလား။"

"တော်ပါတော့။ ဆက်မပြောပါနဲ့တော့။"

...

ပန်းရှန်းရင်ပြင်ရှိ စင်မြင့်အောက်မှ ပြည်သူများက အော်ဟစ်အားပေးနေကြပြီး အားလုံးမှာ စိတ်လှုပ်ရှား တက်ကြွနေကြ၏။

ဤကဲ့သို့သော စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းများက မြို့တော်သူ မြို့တော်သားများ၏ နေ့စဉ်ဘဝကို အများကြီး အသက်ဝင်စေခဲ့သည်။

ပျော်ရွှင်မှု အညွှန်းကိန်းက အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဖန်ကျန်းရီကတော့ မျက်နှာတစ်ခုလုံး မည်းမှောင်နေပြီး အထူးဧည့်သည် နေရာတွင် ထိုင်ကာ စင်မြင့်ထက်မှ အသည်းအသန် ကပြနေမှုများကို ကြည့်နေသည်။

မှန်းထားသည့်အတိုင်းပင် တောက်ယွမ်ခရိုင် ယဉ်ကျေးမှုများက အပြင်ဘက်သို့ ပြန့်နှံ့လာခဲ့ပြီ ဖြစ်၏။

ဝူရှန်း ဆိုသည့် ခွေးကောင်... ပညာတတ် တစ်ယောက် ဖြစ်ပြီးတော့ အသုံးမကျတဲ့ အရာတွေကိုပဲ အတင်း ထည့်သွင်းနေတယ်။

ကုမရသည့် ရောဂါ၊ ယာဉ်တိုက်မှု၊ လူ့ကျင့်ဝတ် ဖောက်ဖျက်မှု စသည့် အကြောင်းအရာများ အားလုံးက ဇာတ်လမ်း တစ်ဝက် မရောက်သေးခင်မှာ စုံလင်နေပြီ ဖြစ်သည်။

ဤကဲ့သို့သော မျက်စိနောက်စရာ ကောင်းသည့် ပြဇာတ်ကို လီယွမ်ကျောက် ကိုယ်တိုင်လည်း စိတ်မဝင်စားလှချေ။

"ဟူး... ဖန်ကြီး... ဒီအရာက လူတွေ ကြည့်ဖို့ မဟုတ်သလိုပဲ။ မြွေဖြူမလေး ဇာတ်လမ်းနဲ့ ယှဉ်ရင် အများကြီး ညံ့တယ်။"

နှစ်ခုစလုံးက ရွံစရာကောင်းတာချည်းပါပဲ။

ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။ "နောက်ဆိုရင် ဒီလို အရာတွေကို ထပ်မကပြခိုင်းနဲ့တော့။ ဇာတ်လမ်း ပြောင်း။ အပြုသဘောဆောင်တဲ့ အရာတွေကိုပဲ အားပေးရမယ်။ နိုင်ငံချစ်စိတ်၊ မိသားစုချစ်စိတ် ဇာတ်လမ်းမျိုးတွေကို ကပြတာ အကောင်းဆုံးပဲ။ ပြဇာတ် တစ်ပုဒ်ကို အနည်းဆုံး သုံးလလောက် ကပြပြီးမှ အသစ်ပြောင်း။

ဒီလို ရှုပ်ယှက်ခတ်နေတဲ့ အရာတွေကို နေ့တိုင်း ကြည့်နေရရင် နောက်ကျ ကျုပ် သေချာပေါက် တိုင်တန်းခံရလိမ့်မယ်။"

လီယွမ်ကျောက်ကလည်း မတတ်နိုင်သည့် အမူအရာဖြင့် ပြောသည်။ "အရေးကြီးတဲ့ ကိစ္စကို ပြောရအောင်။ ခင်ဗျား ဘယ်လောက်ကြာရင် ပြန်လာနိုင်မလဲ။"

ဖန်ကျန်းရီက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်၏။ "မသိဘူး။ တစ်နှစ်ခွဲ၊ ဒါမှမဟုတ် သုံးနှစ် ၊ ငါးနှစ်လည်း ဖြစ်နိုင်တယ်။ စားနပ်ရိက္ခာဘေး ပြီးသွားရင် ကျုပ် ပြန်လာနိုင်လောက်ပါတယ်။"

လီယွမ်ကျောက်က ခေါင်းငုံ့ထားပြီး ရုတ်တရက် အံကြိတ်ကာ ပြောလိုက်သည်။ "အဘိုးကြီးတွေကြောင့်ပဲ။ ကျုပ် ခင်ဗျားအတွက် လက်စားချေပေးမယ်။ သတင်းစာထဲမှာ သူတို့ကို ဆက်ပြီး နှိပ်ကွပ်ပေးမယ်။ ရိက္ခာ အလုံအလောက် ရဖို့ တစ်ခါတည်း ကြိုးစားလိုက်မယ်။ ဒါဆို ခင်ဗျား သွားစရာ မလိုတော့ဘူး။"

"တော်ပါတော့ အရှင့်သား။"

ဖန်ကျန်းရီက ပြုံးပြီး သူ၏ ပခုံးကို ပုတ်လိုက်၏။ "ဒီလောက်ဆို တော်ပါပြီ။ တစ်ခါ နှစ်ခါ လုပ်လို့ ရပေမဲ့ သုံးခါတော့ မလုပ်သင့်ဘူး။ လွန်သွားရင် မကောင်းဘူး။ ကျုပ်တို့ ဒုတိယအကြိမ် လုပ်ခဲ့တာတောင် စည်းကျော်နေပြီ။

ယုံကြည်ရမှု ဆိုတာ သတင်းစာရဲ့ အသက်ပဲ။ ကျုပ်တို့က အဲဒါကို ကြိုတင် သုံးစွဲပစ်လိုက်ပြီ။ ဒီအတိုင်း ဆက်သွားရင် သတင်းစာတိုက် ပျက်စီးသွားလိမ့်မယ်။ ဒါကို အရှင့်သားလည်း မြင်ချင်မှာ မဟုတ်ဘူး။

ကျုပ် အခုလို ဖြစ်ရတာကလည်း ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ ညည်းတွားနေစရာ မလိုပါဘူး။ ဒါ့အပြင် မင်းကြီးက ကျုပ်ကို ပစ္စည်းကောင်းတွေ အများကြီး ပေးလိုက်သေးတယ်။ သိပ်မကြာခင် ပြန်ရောက်လာနိုင်ပါတယ်။"

လီယွမ်ကျောက်က ခေါင်းမော့ပြီး ဖန်ကျန်းရီကို ကြည့်လိုက်၏။ "ဒါဆို... ကျုပ်တို့ ကောက်ခံထားတဲ့ ရိက္ခာတွေက ဘေးဒုက္ခ ကယ်ဆယ်ရေးမှာ ဘယ်လောက်အထိ အသုံးဝင်နိုင်မလဲ။"

ဖန်ကျန်းရီက ခေါင်းခါယမ်းလိုက်သည်။ "ပင်လယ်ထဲကို ရေတစ်စက် ချလိုက်သလိုပဲ။ အလှူငွေကိုချည်း အားကိုးပြီး ဘေးဒုက္ခ ကယ်ဆယ်ရေး လုပ်လို့ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ ရိက္ခာဘေးကို ဖြေရှင်းဖို့ နည်းလမ်းက ကျုပ်တို့ နှစ်ယောက် အပေါ်မှာ မမူတည်ဘူး။ အမတ်တွေ အပေါ်မှာလည်း မမူတည်ဘူး။ မင်းကြီး အပေါ်မှာပဲ မူတည်တယ်။

မင်းကြီးရဲ့ စကားတစ်ခွန်းက အရေးကြီးတယ်။ မင်းကြီးကသာ ဖြေရှင်းချင်တယ် ဆိုရင် သေချာပေါက် ဖြေရှင်းလို့ ရတယ်။"

လီယွမ်ကျောက်က အားတင်း ပြုံးပြလိုက်၏။ "ဖန်ကြီး... ခင်ဗျား နောက်နေပြန်ပြီ။ ခမည်းတော်က ဒီမှာမှ မရှိတာ။ ကျုပ်ကို ဒီလို လာပြောနေလို့ ဘာအကျိုးရှိမှာလဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ခမည်းတော့် ရှေ့မှာ သွားမပြောဘူး။"

"ကျုပ် နောက်နေတာ မဟုတ်ပဘူး။"

ဖန်ကျန်းရီ၏ မျက်နှာက လေးနက်သွားသည်။ "ဘေးဒုက္ခ အဆိုးရွားဆုံး ဒေသတွေက ကျန်းကျန်းမြို့ မြောက်ပိုင်း၊ လင်မြို့နဲ့ ယွင်လုမြို့တို့ပဲ။ မင်းကြီးက အမိန့်စာ တစ်စောင် ထုတ်ပြီး အဲဒီမြို့သုံးမြို့က ရုံးတော်တွေကို ပြန်လည် မွမ်းမံဖို့၊ ဘုရားကျောင်းတွေကို အကြီးအကျယ် တည်ဆောက်ဖို့၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ အများကြီး လုပ်ဖို့ အမိန့်ပေးရုံပဲ။

ပြီးတော့ ပြည်သူတွေ ကြားထဲက သူဌေးတွေကို အပျော်အပါး ပွဲလမ်းသဘင်တွေ ကျင်းပဖို့၊ အိမ်တွေ ဆောက်ဖို့ အားပေးလိုက်ရင် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်သွားပြီ။"

လီယွမ်ကျောက်က ကြောင်အမ်းအမ်း ဖြစ်သွားပြီး ထစ်ငေါ့စွာဖြင့် မေးလိုက်၏။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ခမည်းတော်က ဒီလို အမိန့်မျိုး လုံးဝ ထုတ်မှာ မဟုတ်ဘူး။

ငတ်မွတ်ခေါင်းပါးနေတဲ့ အချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ခိုင်းမယ်၊ အပျော်အပါး ပွဲလမ်းသဘင်တွေကို အားပေးမယ် ဆိုရင် ပြည်သူတွေ အားလုံး သေချာပေါက် ဒေါသထွက်ကြလိမ့်မယ်။

အဲဒါကြောင့်ပဲလေ။ မင်းကြီးက ဒီလို အမိန့်မျိုး လုံးဝ ထုတ်မှာ မဟုတ်ဘူး ဆိုတာ အရှင့်သားလည်း သိနေတာပဲ။ ဒါကြောင့် ကျုပ် ပြောလည်း ထူးခြားလာမှာ မဟုတ်ဘူး။" ဖန်ကျန်းရီက ပြောရင်း ပခုံးတွန့်လိုက်သည်။

"ဒါပေမဲ့ ဘာလို့ ဒီလို လုပ်ရမှာလဲ။ ပြည်သူတွေဆီမှာ ရိက္ခာမှ မရှိတာ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်လည်း ရိက္ခာ ရလာမှာ မဟုတ်ဘူးလေ။" လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် မေးခွန်းများ အပြည့် ဖြစ်နေ၏။

ဖန်ကျန်းရီက ပြန်ဖြေသည်။ "မဟုတ်ဘူး။ ပြည်သူတွေဆီမှာ ရိက္ခာ ရှိတယ်။ ပြီးတော့ လုံးဝ မနည်းဘူး။ ဒီနှစ်ပိုင်းတွေမှာ တိုင်းပြည်က တည်ငြိမ်နေတော့ သူဌေးအသစ်တွေ အများကြီး ပေါ်လာမှာ သေချာတယ်။ ချမ်းသာတဲ့ မိသားစုတွေက နှစ်အတော်ကြာ စားလို့ရမယ့် ရိက္ခာတွေကို သိုလှောင်ထားတတ်ကြတယ်။ ပြီးတော့ သူတို့ဆီမှာ ငွေရှိတော့ ရိက္ခာ ထပ်ဝယ်လို့ ရသေးတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်မယ်၊ ဇိမ်ကျကျ နေထိုင်တာကို အားပေးမယ် ဆိုရင် သူဌေးတွေဆီက ငွေသေတွေက ငွေရှင် ဖြစ်လာပြီး ငွေကြေး လည်ပတ်မှု ရှိလာတာနဲ့အမျှ သာမန် ပြည်သူတွေလည်း သေချာပေါက် ထမင်းစားရလာလိမ့်မယ်။"

လီယွမ်ကျောက်က ခေါင်းမော့ကာ စဉ်းစားနေ၏။

အချိန်အတော်ကြာမှ ရုတ်တရက် နဖူးကို ရိုက်လိုက်သည်။

"ကျုပ် နားလည်ပြီ။ အလုပ်ပေးပြီး ဘေးဒုက္ခ ကယ်ဆယ်တာ မဟုတ်လား။ အရင်တုန်းက ခင်ဗျား ကျုပ်ကို ပြောပြဖူးတယ်။"

ဖန်ကျန်းရီက ပြုံးလိုက်၏။ "မှန်တယ်။ အလုပ်ပေးပြီး ဘေးဒုက္ခ ကယ်ဆယ်တာပဲ။ ဒီလောက် ရိုးရှင်းတဲ့ အကြောင်းအရာကို ညီလာခံမှာ နားလည်မယ့် အမတ်ကြီး တစ်ယောက်မှ မရှိဘူး။

ဒါပေမဲ့ ဒီကိစ္စကို လုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်။ ဘေးဒုက္ခ ကြုံနေရတဲ့ အချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်ဖို့၊ ဇိမ်ကျကျ နေထိုင်ဖို့ အားပေးတာက လက်ရှိ လူ့ကျင့်ဝတ်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာကိုး။

ဒါကြောင့် အမိန့်စာ တစ်စောင် ထုတ်လိုက်ရုံနဲ့ ပြဿနာ အများကြီးကို ဖြေရှင်းနိုင်သွားမယ်။ အာ... မဟုတ်ဘူး။ အမိန့်စာ တစ်စောင်တည်းနဲ့ မလုံလောက်ဘူး။ သုံးစောင် ဆက်တိုက် ထုတ်ရမယ်။ ဒါမှသာ ဒေသခံ အရာရှိတွေက မင်းကြီးရဲ့အမိန့်ကို သံသယ မဝင်တော့မှာ။ မဟုတ်ရင် သူတို့က မေးခွန်းထုတ်ပြီး စာတွေ ပို့နေမှာမလို့ အချိန်တွေ အလဟဿ ကုန်သွားလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလို လုပ်မှာ မဟုတ်သလို၊ စဉ်းစားမှာလည်း မဟုတ်ဘူး။ ကျုပ်လည်း အတူတူပါပဲ။

အခု သတင်းစာကနေတစ်ဆင့် လူတချို့ရဲ့ အမြင်ကို ပြောင်းလဲပေးလို့ ရပေမဲ့ အချိန်တော့ ယူရအုံးမယ်။"

ပြောပြီးနောက် ဖန်ကျန်းရီက စင်မြင့်ဆီသို့ အကြည့် ပြန်လွှဲလိုက်ပြီး စကားဆက်မပြောတော့ချေ။

လီယွမ်ကျောက်က တိတ်ဆိတ်စွာ ခေါင်းငုံ့ထားပြီး ဘာတွေ တွေးနေမှန်း မသိပေ။

စင်မြင့်ပေါ်မှ ပြဇာတ်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

"ကျွမ် …မသွားပါနဲ့။ ကျုပ်ကို လက်မခံနိုင်ဘူးလား။"

"ကျွန်မ နာမည်ကို ခေါ်ပါ။ ကျွန်မ နာမည်ကို ခေါ်ပါ..."

"တောင်းပန်ပါတယ်။ ယောက်ျားစစ် မဟုတ်တဲ့သူ တစ်ယောက်ကို ကျွန်မ လက်မခံနိုင်ဘူး။ အစ်ကို... နောက်ဆိုရင် ကျုပ်တို့ မောင်နှမတွေလိုပဲ ဆက်နေကြတာပေါ့။"

"ကျွမ် … ကျွမ်။"

ဖန်ကျန်းရီက တစ်ချက် ကြည့်လိုက်ပြီး အန်ချင်သွားမိသည်။ ဘာ ပေါက်ကရ ဇာတ်လမ်းလဲ။ စင်ပေါ်မှ မိန်းမစိုး၏ မျက်နှာထားက အရမ်းကို ရွံစရာ ကောင်းနေသည်။

ဒီတစ်ခေါက် ကျန်းကျန်းမြို့ကို သွားရင် ဝူရှန်း ဆိုတဲ့ ခွေးကောင်ကိုပါ ခေါ်သွားရမယ်။

သူ့ကို ဆက်ပြီး ထင်ရာဆိုင်းခွင့် ပေးထားရင် တောက်ယွမ်ခရိုင်ရဲ့ လေထုတွေ ညစ်ညမ်းကုန်တော့မှာပဲ။

မျက်စိနောက်စရာ ကောင်းလွန်းသဖြင့် ဖန်ကျန်းရီက ဘေးကို လှည့်ကြည့်လိုက်ရာ လီယွမ်ကျောက်က စဉ်းစားခန်း ဝင်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ပြုံးလိုက်၏။

"အရှင့်သား... အများကြီး စဉ်းစားမနေပါနဲ့။ လူ့စွမ်းအား ဆိုတာ ကန့်သတ်ချက် ရှိပါတယ်။ ကိုယ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီး လိပ်ပြာလုံရင် ရပါပြီ။"

လီယွမ်ကျောက်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ "ကျုပ် ဆုံးဖြတ်လိုက်ပြီ။ ခမည်းတော်ဆီကို စာတင်ပြီး ဒီကိစ္စကို ပြောပြမယ်။

တစ်ခါ မရရင် နှစ်ခါ၊ နှစ်ခါ မရရင် သုံးခါ။ ရည်မှန်းချက် မရောက်မချင်း လက်မလျှော့ဘူး။ ဖန်ကြီး... စိတ်ချပါ။ ကျုပ် ခင်ဗျားကို အဲဒီမှာ အကြာကြီး နေခိုင်းမှာ မဟုတ်ဘူး။"

"တကယ်တော့ စာတင်လည်း အသုံးဝင်မယ် မထင်ပါဘူး။ ဒါပေမဲ့ အရှင့်သားက နှစ်ကြိမ်လောက် စမ်းကြည့်ချင်တယ် ဆိုရင်လည်း ရပါတယ်။ မင်းကြီးက သဘောကျချင် ကျနေမှာပေါ့။ ကျုပ် ကျန်းကျန်းမြို့က ပြန်လာရင် အရှင့်သားအတွက် ဒေသထွက် ပစ္စည်းတွေ သေချာပေါက် ဝယ်လာခဲ့ပါ့မယ်။" ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားမိ၏။

"အရမ်းကြီး မတွေးနဲ့။ ပြဇာတ် ကြည့်ရအောင်။ ဇာတ်သိမ်းတော့မယ်။ ပြီးရင် အိမ်ပြန်ကြတာပေါ့။"

လီယွမ်ကျောက်က ထိုစကားကိုကြားပြီး မော့ကြည့်လိုက်ရာ အလုံးစုံ အံ့အားသင့်သွားသည်။

ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်က အပြန်ပြန်အလှန်လှန် ဖက်တွယ်ထားသည်ကို တွေ့လိုက်ရ၏။

"အစ်ကို... မင်းကြီး အမိန့်မချရင် မိန်းမစိုးက မိန်းမ ယူလို့ မရဘူးလို့ ရှင် ပြောခဲ့တယ် မဟုတ်လား။ ကျွန်မ မင်းကြီးဆီ သွားပြီး ဒူးထောက် တောင်းပန်မယ်။ အကယ်၍ မင်းကြီး သဘောမတူဘူး ဆိုရင်တောင် အမိန့်ကို ဖီဆန်ကြမယ်။"

အပိုင်း (၁၈၈) ချီယန်တိုင်းပြည် - ပြိုင်စံရှား ဓားကောင်း။

အိမ်သို့ ပြန်ရောက်ချိန်မှာတော့ ထမင်းဟင်းများ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။

ဖန်ကျန်းရီ ထမင်းစားရန် အားလုံးက စောင့်နေကြပြီး သူ ပြန်လာသည်ကို မြင်သည်နှင့် ရှောင်ထောင်က ပစ္စည်းများကို အလျင်အမြန် လာရောက် ကူသယ်ပေးသည်။

ဓားကို ယူလိုက်သည်နှင့် ရှောင်ထောင်က အံ့အားသင့်သွား၏။ "ဝါး... အရမ်းလှတဲ့ ဓားပဲ။ သခင်လေး... ဘယ်ကနေ ရလာတာလဲ။"

"ပစ္စည်းတွေကို အရင် သိမ်းထားလိုက်။ ထမင်းစားပြီးမှ ပြောကြတာပေါ့။"

ဖန်ကျန်းရီက ဝင်ထိုင်လိုက်သည်နှင့် ပိုင်ရီက ချက်ချင်း ပြောလိုက်သည်။ "ကျွန်မ ထမင်း သွားခူးလိုက်ပါ့မယ်။"

ဤရက်ပိုင်းအတွင်း သူမက အစေခံ အလုပ်ကို ပိုပိုပြီး ကျွမ်းကျင်လာသည်။ သူမ၏ အလိုအလျောက် တုံ့ပြန်မှု တစ်ခုလိုပင် ဖြစ်လာခဲ့၏။

ဖန်ကျန်းရီ၏ အိမ်တော်က လစာ သိပ်မများသော်လည်း အခွင့်အရေး ကောင်းပြီး အစားအသောက်လည်း ကောင်းသည်။

ပုံမှန်ဆိုလျှင် ရှောင်ထောင်ကသာ တခြား အစေခံများကို အလုပ်ခိုင်းလေ့ ရှိပြီး ပိုင်ရီက သူမ၏ ဘေးတွင် နေကာ ဈေးဝယ်ထွက်ခြင်းလောက်သာ လုပ်ရ၏။

ဘဝက သိပ်ကို သာယာလွန်းသည်။

တစ်ခါတစ်ရံတွင် သူမ အနည်းငယ် တွေဝေသွားတတ်သည်။ အိမ်တော်မှာပင် ဆက်နေရမည်လား။

အားလုံး ထမင်းခူးပြီးသွားချိန်မှာတော့ စတင် စားသောက်ကြ၏။

တခြားသူများက နည်းနည်းချင်းစီသာ စားနေကြသော်လည်း ကျန်းပြောင်ကတော့ ထမင်းများ တောင်လို ပုံနေသည့် ထမင်းပန်းကန်ကြီးကို ကိုင်ကာ အငမ်းမရ စားသောက်နေသည်။

ဖန်ကျန်းရီက သူ့ဘေးတွင် ထိုင်ရင်း စားချင်စိတ် ပျောက်နေ၏။ ယနေ့ ပြဇာတ်က မျက်စိနောက်စရာ ကောင်းလွန်းသဖြင့် စားချင်စိတ်ပင် ပျောက်သွားသည်။ ထို့ကြောင့် တခြားသူများ စားနေသည်ကိုသာ ထိုင်ကြည့်နေလိုက်၏။

ရှောင်ထောင်က အနည်းငယ် သံသယဝင်သွားသည်။ "စားလေ … ဘာလို့ မစားတာလဲ။ ဒီနေ့ ဟင်း မကောင်းလို့လား။"

ယနေ့ ဟင်းများကို ချက်ထားသူမှာ သူမ ဖြစ်သဖြင့် ပိုင်ရီ ချက်ချင်း စိုးရိမ်သွား၏။

ဖန်ကျန်းရီက စိတ်ကို အနည်းငယ် ပြင်ဆင်လိုက်ပြီး ပြောလိုက်သည်။ "အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိတယ်။ သခင်လေး … ငါ ခရီးဝေး တစ်ခု သွားရမယ်။ အကုန် စီစဉ်ပြီးပြီ။ ငါနဲ့အတူ လူနှစ်ယောက် ခေါ်သွားမယ်။ ကျန်တဲ့သူတွေ တောက်ယွမ်ခရိုင်ကို ပြန်ကြ။ မြို့တော်မှာ မနေနဲ့တော့။"

အားလုံးက ထိုစကားကို ကြားသည်နှင့် ထမင်းစားနေသည်ကို ရပ်လိုက်ကြ၏။ ကျန်းပြောင် တစ်ယောက်သာ ချွင်းချက် ဖြစ်သည်။

ကျန်းပြောင်က တခြားသူများ ရပ်သွားသည်ကို မြင်သည်နှင့် လျင်မြန်စွာဖြင့် ဟင်းငါးပွဲလောက်ကို တစ်ခါတည်း ခပ်ယူပြီး ပါးစပ်ထဲ အတင်း ထည့်လိုက်၏။

သူကတော့ ဂရုမစိုက်ပေ။ ဘယ်သွားသွား သူ ပါရမည်မှာ သေချာသည်။

ရှောင်ထောင်၏ မျက်လုံးဝိုင်းဝိုင်းလေးများက တဖျပ်ဖျပ် ခတ်သွား၏။ "ဘယ်သွားမှာလဲ။ ကျွန်မကိုရော ခေါ်သွားမှာလား။"

ဖန်ကျန်းရီက လက်ခါပြလိုက်သည်။ "မခေါ်ဘူး။ မင်း ခရိုင်ကို ပြန်ရမယ်။"

ထိုစကားကို ကြားသည်နှင့် ရှောင်ထောင်က ခေါင်းငုံ့သွားပြီး ဝမ်းနည်းသွားပုံ ပေါ်၏။

"သခင်လေး …. ငါက ရာထူးချခံလိုက်ရပြီ။ အခု ကျန်းကျန်းမြို့ရဲ့ ဒုမြို့ဝန်ပဲ။ တစ်လအတွင်း ကျန်းကျန်းမြို့ကို သွားရမယ်။ ကျန်းပြောင်၊ လုဖာ... မင်းတို့ ငါနဲ့ လိုက်ခဲ့။ ကျန်တဲ့သူတွေ ခရိုင်ကို ပြန်ကြ။"

"ဒီလောက်ပါပဲ။ ပြူးကြည့်မနေနဲ့တော့။ ထမင်းစား။"

ရှောင်ထောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ "ရာထူးချခံရတယ် ဆိုတော့ သတင်းစာကြောင့် မင်းကြီး ဒေါသထွက်သွားလို့ပဲ ဖြစ်ရမယ်။ သခင်လေး... သခင်လေးက အရည်အချင်း ကျသွားပြီပဲ။ အရင်တုန်းကဆို အမှားတစ်ခုကို ဒုတိယအကြိမ် မလုပ်ဘူးလေ။

ဒီတစ်ခေါက် သတင်းစာ ထုတ်ပြီး သူတို့ကို နှစ်ကြိမ်တောင် ပြဿနာ ရှာလိုက်တော့ အမတ်ကြီးတွေ အကုန်လုံး သခင်လေးကို သေချာပေါက် မုန်းသွားလောက်ပြီ။"

ဖန်ကျန်းရီက ခါးသီးစွာ ပြုံးလိုက်၏။ "ငါ လုပ်ချင်လို့ လုပ်တာ မှတ်နေလား။"

ပြောပြီးသည်နှင့် သူက အခန်းထဲသို့ ပြန်ဝင်သွားပြီး စာတစ်စောင် ယူလာကာ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

"ရှဲ့ရှန်းတို့ကို ကိစ္စတစ်ခု သွားလုပ်ခိုင်းတာ လုပ်မရရင်လည်း ပြန်လာပါတော့လား။ အဲဒီမှာပဲ အခြေချ နေကြတော့တာပဲ။ ဓားပြတွေ၊ လူယုတ်မာတွေ။ ခွေးကောင်တွေက သူတို့ရဲ့ အကျင့်ဆိုးတွေကို မဖျောက်နိုင်သေးဘူး။ ပြီးရင် ငါပဲလိုက်ရှင်းပေးနေရတယ်။

သူတို့ ပြန်လာရင် အရေခွံ ဆုတ်ပစ်မယ်။ ကျန်းပြောင်... သူတို့ ခရိုင်ကို ပြန်ရောက်ရင် အကုန်လုံးကို မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားလိုက်။"

ကျန်းပြောင်က ပြန်ပြောလိုက်၏ "အာ... ကောင်းပါပြီ။"

ရှောင်ထောင်က စာကို ဖွင့်ဖတ်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

"သူတို့ ထပ်ပြီး ဓားပြတိုက်ပြန်ပြီလား။ ရှန်ကျောက်ရွှမ်လည်း ပါတာလား။"

ဖန်ကျန်းရီက ဒေါသတကြီး အော်ဟစ်လိုက်၏။ "သူတို့ကြောင့်သာ မဟုတ်ရင် သခင်လေး ငါက ဒီလောက် လောနေစရာ လိုပါ့မလား။ မိစ္ဆာဂိုဏ်းကို တည်ထောင်တယ်။ စားစရာ ရိက္ခာ မရှိလို့ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားရင် အကုန်လုံး သူပုန်တွေ ဖြစ်ကုန်တော့မှာ။"

"သတ္တိတွေ ပိုကောင်းလာကြပြီ။ သူတို့ရဲ့ အရည်အချင်းလေးနဲ့ အစိုးရကို ယှဉ်နိုင်မယ်လို့ တကယ် ထင်နေကြတာလား။" ငါသာ သူတို့အတွက် ရိက္ခာ မရှာပေးရင် မကြာခင် တောက်ယွမ်ခရိုင်ကိုပါ မီးဟပ်လာတော့မှာပဲ။"

ရှောင်ထောင်က စာကို ချထားလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒါဆို သူတို့ကို စာပြန်ရေးလိုက်လေ။"

"ပြန်ရေးပြီးပြီ။ ညီလာခံက ပို့မယ့် ရိက္ခာတွေ ရောက်သွားရင် အခြေအနေ နည်းနည်း ကောင်းသွားမယ် ဆိုတော့ သူတို့ကို ပြန်လာခိုင်းလိုက်တာ။ ဒါပေမဲ့ အခုတော့ ငါ ကိုယ်တိုင် သွားရတော့မယ်။”

ပြောပြီးသည်နှင့် ဖန်ကျန်းရီက ရုတ်တရက် ရယ်မောလိုက်၏။ "ဟားဟား... ဒီခွေးကောင်တွေက အမြဲတမ်း ပြဿနာ အသစ်တွေ ရှာနိုင်ကြတာပဲ။

လုပ်ချင်တဲ့ကိစ္စ လုပ်လိုက်တာပေါ့လေ။ ဘာကို ကြောက်နေရမှာလဲ။ ဆက်စားကြ။"

ပိုင်ရီက ပါးစပ် အဟောင်းသားဖြင့် ကြည့်နေပြီး ထိတ်လန့်စရာ တစ်စုံတစ်ခုကို ကြားလိုက်ရသလို ခံစားနေရသည်။ အားလုံးက ဘာမှဂရုမစိုက်ဘဲ ဆက်စားနေကြသည်။ သူမ … ပိုင်ရီကတော့ ဆက်မစားနိုင်တော့ပေ။

ဒီလူတွေက ဘာမှ ဂရုမစိုက်ဘဲ ဆက်စားနေကြတယ်။ ပိုင်ရီကတော့ ဆက်မစားနိုင်တော့ချေ။

ဒီလူတွေက ဘာတွေ လုပ်နေကြတာလဲ။ သတ္တိတွေကလည်း ကောင်းလိုက်တာ။ ဒီကို ရောက်နေတာ အချိန်အတော်ကြာပြီ ဖြစ်ပေမဲ့ သူတို့ကို နားမလည်သေးဘူးပဲ။

သိပ်မကြာခင်မှာပဲ ကျန်နေသည့် ထမင်းနှင့် ဟင်းများကို ကျန်းပြောင်က တစ်စက်လေးမှ မကျန်အောင် အကုန် စားပစ်လိုက်၏။

လူတစ်ချို့က စားပွဲတွင် ထိုင်ကာ သွားကြားထိုးရင်း စကားပြောနေကြသည်။

ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြော၏။ "လာ။ ရှောင်ထောင်... သခင်လေးရဲ့ ဓားကို သွားယူခဲ့။ ဒီနေ့ မင်းတို့ကို မျက်စိပွင့်သွားအောင် ပြမယ်။"

ရှောင်ထောင်က ဓားကို သွားယူလာပြီး စားပွဲပေါ် တင်လိုက်ရာ အားလုံးက ဝိုင်းအုံလာကြသည်။

"ကြည့်ကြစမ်း။ အားလုံး ကြည့်လိုက်။ ချီယန်တိုင်းပြည် နန်းတော်က ပြိုင်စံရှား ဓားကောင်းပဲ။ မင်းကြီးတောင် အရမ်း သဘောကျတဲ့ ဓားလေ။ ဘယ်လိုလဲ... မမြင်ဖူးကြဘူး မဟုတ်လား။"

ဓားအိမ်ပေါ်တွင် နဂါးနှင့် ဖီးနစ်ငှက် ပုံများ ထွင်းထုထားပြီး အဖိုးတန် ကျောက်မျက်ရတနာ အမျိုးမျိုးကိုလည်း စီခြယ်ထား၏။ ဓားရိုးတွင်တော့ ရွှေရောင် နဂါးရုပ် ထွင်းထုထားပြီး အလွန် ခန့်ညားထည်ဝါလှသည်။

လူတိုင်းက ဓားကို ကြည့်ကာ အဆက်မပြတ် ချီးကျူးနေကြ၏။

"ဝါး... ဒီအပေါ်မှာ ကျောက်မျက်ရတနာတွေ အများကြီး စီထားတာ ဆိုတော့ တော်တော်လေး တန်ဖိုးကြီးမှာပဲ။"

"ဖန်ခွက်လောက်တော့ မလှပါဘူး။"

ပိုင်ရီက ဓားကို စိုက်ကြည့်ရင်း ရင်ထဲတွင် အလွန် နာကျင်လာသည်။

ခမည်းတော်ရဲ့ ဓား... ဒါ ခမည်းတော်ရဲ့ ဓားပဲ။

သူမက ခမည်းတော်ဆီက ဤဓားကို အကြိမ်ကြိမ် တောင်းခဲ့ဖူးပေမဲ့ မပေးခဲ့ပေ။

ပိုင်ရီ၏ ခေါင်းထဲတွင် အတိတ်က အကြောင်းအရာများ ပြန်လည် ပေါ်လာပြီး မျက်တောင်များ အနည်းငယ် နီရဲလာကာ သူမ၏ လက်က ဓားဆီသို့ အလိုအလျောက် ရောက်သွား၏။

သူမ မထိရသေးခင်မှာပင် လက်ကြီးတစ်ဖက်က ဓားကို အရင် ယူသွားသည်။

ကျန်းပြောင်က ဓားကို ကိုင်ကာ အဆက်မပြတ် ကစားနေ၏။ ပြီးနောက် အထင်သေးစွာဖြင့် ပြောလိုက်၏။ "ဟက်... အပေါ်ယံ အလှတွေချည်းပါပဲ။ အသုံးဝင်မယ် မထင်ပါဘူး။ ကျုပ်ရဲ့ နတ်လက်နက်ကြီးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။"

ပြောပြီးသည်နှင့် ဒိုင်းခနဲ အသံနှင့်အတူ ဓားကို ဆွဲထုတ်လိုက်၏။

ဓားရောင် တစ်ချက် လက်သွားပြီး ဓားသွားက အလွန် ပါးလွှာကာ အေးစက်သည့် အရောင်များ တောက်ပ နေသည်။

အားလုံးက ရင်ထဲတွင် ထိတ်လန့်သွားကြ၏။

ဓားကောင်းပဲ။ ဓားအကြောင်း လုံးဝ နားမလည်သူ တစ်ယောက်တောင်မှ ဤသို့ ပြိုင်စံရှား ဓားကောင်းမျိုးနှင့် တွေ့လျှင် ဓားသွား၏ ထက်မြက်မှုကို ခံစားမိနိုင်စွမ်း ရှိသည်။

ပိုင်ရီ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်လာ၏။

ဒီဓားပဲ... မှန်တယ်။ အပြင်ဘက်ရော အတွင်းဘက်ရော အားလုံး မှန်တယ်။

အမှတ်တရများက ရင်ထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။

ပိုင်ရီက စိတ်လှုပ်ရှားမှုများကို မသိသာစေရန် အစွမ်းကုန် ထိန်းချုပ်ထား၏။

သို့သော်ငြား ဖန်ကျန်းရီက မြင်ဖြစ်အောင် မြင်သွားသေးသည်။

သူက သိချင်စိတ်ဖြင့် မေးလိုက်၏။ "ရှောင်ပိုင်... မင်း ဘာလို့ တုန်နေတာလဲ။"

ပိုင်ရီက အတင်း ပြုံးပြလိုက်သည်။ "ဒီဓားက နည်းနည်း ကြောက်စရာ ကောင်းလို့ပါ။"

ကျန်းပြောင်က ပါးစပ် အဟောင်းသားဖြင့် ရယ်မောလိုက်၏။ "မင်းက သတ္တိ နည်းလိုက်တာ။ ဒါလေးတောင် ကြောက်နေတယ်။ သခင်လေး... ဒီဓား ဘယ်လောက်ကောင်းလဲ ကျုပ် စမ်းကြည့်ပါရစေ။"

"စမ်းကြည့်။" "မြန်မြန် စမ်းကြည့်။"

"ဒီဓားက သေချာပေါက် ကောင်းမှာပဲ။" အားလုံးက ဝိုင်းဝန်း အားပေးနေကြသည်။

"ဒီလို ထက်မြက်မှုကို စမ်းသပ်စရာ မလိုပါဘူး။ ဘယ်လောက် စုတ်ပြတ်နေတဲ့ သံပြားဖြစ်ဖြစ် သေချာ သွေးလိုက်ရင် အရမ်း ထက်သွားတာပဲ။ ကောင်းမကောင်း ဆိုတာ အဓိကက ဓားကိုယ်ထည်ရဲ့ ကြံ့ခိုင်မှု အပေါ်မှာပဲ မူတည်တယ်။ ဒီဓားက အရမ်း ပါးလွန်းတယ်။ ကောင်းမယ် မထင်ဘူး။"

ကျန်းပြောင်၏ စကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီက အခြေအနေ မကောင်းမှန်း ရိပ်မိသွားပြီး တားရန် လက်လှမ်းလိုက်၏။

စကားမပြောရသေးခင်မှာပင် ကျန်းပြောင်က ဓားကို ဆွဲထုတ်ပြီး ဓားအိမ်ကို အောက်ချလိုက်သည်။

ထို့နောက် ဓားကိုယ်ထည်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အားကုန်သုံးပြီး ချိုးလိုက်၏။

"ဒိုင်း" အသံကျယ်ကြီး ထွက်ပေါ်လာပြီး ဓားကိုယ်ထည်က ချက်ချင်း ကျိုးပဲ့သွားသည်။

ကျန်းပြောင်က ကျိုးသွားသည့် ဓားအပိုင်းအစကို ပေါ့ပေါ့ပါးပါးပင် အောက်သို့ ပစ်ချလိုက်၏။ "မရဘူး။ ကျုပ် ထင်တဲ့အတိုင်းပဲ။ အပေါ်ယံပဲ လှတာ အသုံးမကျဘူး။ သံချပ်ကာ အထူကြီးတွေနဲ့ တွေ့ရင် တစ်ချက်လေးတောင် ခံမှာ မဟုတ်ဘူး။"

"..."

အားလုံးက တိတ်ဆိတ်သွားကြပြီး လေထုက ချက်ချင်း ထူးဆန်းသွား၏။

သူတို့က ကျန်းပြောင်ကို တစ်လှည့်၊ ကျိုးသွားသည့် ဓားကို တစ်လှည့် အပြန်အလှန် ကြည့်နေကြသည်။

ဖန်ကျန်းရီက လက်ကို မြှောက်ထားဆဲ ဖြစ်ပြီး ကျိုးသွားသည့် ဓားကို ကြည့်ကာ အချိန်အတော်ကြာ ကြောင်အမ်းအမ်း ဖြစ်နေပြီးမှ ရုတ်တရက် အော်ဟစ်လိုက်၏။ "ငါ့ရဲ့ ရှန်ဖန်ဓားကြီး သွားပါပြီ။"

"ကျန်းပြောင်... မင်း ဓားကို ဒီလို စမ်းရသလား။" မင်း သခင်လေးကို သေစေချင်တယ် ဆိုရင်လည်း တိုက်ရိုက် ပြောလိုက်စမ်းပါ။

ကျန်းပြောင်... မင်း သခင်လေးကို ဒုက္ခပေးချင်နေတာလား။"

ကျန်းပြောင်က အားလုံး၏ ဒေါသတကြီး ကြည့်နေသည့် အကြည့်များကို မြင်မှ သတိထားမိသွားပြီး ဓားရိုးကို တိတ်တဆိတ် အောက်ချလိုက်၏။ "ကျုပ် အားတောင် သေချာ မသုံးရသေးဘူး ကျိုးသွားတာလေ။ ကြံ့ခိုင်မှုက တကယ် မကောင်းတာပါ..."

ပြောပြီးသည်နှင့် သူက ခြေလှမ်းသွက်သွက်ဖြင့် လစ်ထွက်သွားသည်။

ဖန်ကျန်းရီက မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာဖြင့် အနောက်မှ လိုက်သွား၏။

ကျန်လူများကလည်း မစားကြတော့ဘဲ အသီးသီး ထထွက်သွားကြ၏။ ထိုနေရာတွင် ပိုင်ရီ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး မြေကြီးပေါ်မှ ကျိုးပဲ့နေသည့် ဓားအပိုင်းအစကို ငေးကြည့်နေသည်။

နောက်ဆုံးတွင်တော့ မျက်ရည်များ ကျဆင်းလာခဲ့၏။

နှလုံးသားကလည်း ဓားနှင့်အတူ ကျိုးပဲ့သွားခဲ့ရသည်။

All Chapters