တက်လှမ်းရာ နေရာနှစ်ခု
Vol. 37 Ch. 362
ဘိုးဘေး ကျိဟွန်းမှာ ၎င်းတို့ကို အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ထဲတွင် အောင့်တက်လာရသည်။ ကျန်းချန်က အင်မော်တယ်ကံကြမ္မာတိုကင် ၃ သိန်းကို လက်ဝါးကြီးအုပ်ထားခြင်းမှာ ကြာမြင့်စွာကတည်းက ရှိနေခဲ့သော အစဉ်အလာများကို ဖျက်ဆီးလိုက်ခြင်းပင်။ သူသည်လည်း အလွန်ပင် မကျေမနပ်ဖြစ်နေသော်လည်း အထက်အင်မော်တယ်လောကပင်လျှင် မတတ်နိုင်သည့်အဆုံး သူဘာလုပ်နိုင်မည်နည်း။ ၎င်းတို့၏ ဆူညံသံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာသောအခါ သူသည် တည်ငြိမ်လှသောပုံစံကို ဆက်လက်မထိန်းထားနိုင်တော့ချေ။
"အားလုံး ပါးစပ်ပိတ်ထားကြစမ်း"
"အင်မော်တယ်ကံကြမ္မာတိုကင်ဆိုတာ ဒီတစ်ခါပဲရှိတာမဟုတ်ဘူး"
"ဒီတစ်ခါမသွားရရင် နောက်တစ်ခါသွားပေါ့"
သူသည် အောက်ရှိ မိစ္ဆာအုပ်စုကိုကြည့်ကာ ဒေါသတကြီးဖြင့် တစ်ယောက်ချင်းစီကို ပါးရိုက်ချင်စိတ် ပေါက်နေမိသည်။
"မင်းတို့အားလုံးက နှစ်သန်းပေါင်းရာနဲ့ချီ နေလာကြတာပဲ... နောက်ထပ် နှစ်တစ်သိန်းလောက် ထပ်မစောင့်နိုင်ကြတော့ဘူးလား"
"လုံးဝစိတ်မရှည်မရှိကြဘူး... အကုန်လုံးထွက်သွားကြစမ်း"
မိစ္ဆာများသည် အားကိုးရာမဲ့သော အကြည့်များဖြင့် ကြည့်နေမိကြသည်။ ယခင်ကဆိုလျှင် နောက်ထပ်နှစ်တစ်သိန်းစောင့်ဆိုင်းခြင်းမှာ ကိစ္စမရှိသော်လည်း ယခုတစ်ကြိမ်မှာမူမတူညီချေ။ ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင် မရှိတော့သဖြင့် အလယ်အင်မော်တယ်လောကတွင် ဆက်နေခြင်းမှာ အဓိပ္ပာယ်မရှိတော့။ ၎င်းတို့သည် အထက်အင်မော်တယ်လောကသို့ အမြန်ဆုံးသွားလိုကြသည်။
ထို့ပြင် မိစ္ဆာဘုရင်အားလုံး တက်လှမ်းသွားကြပြီးလျှင် အလယ်အင်မော်တယ်လောကတွင် ကျန်ရစ်မည့်တပည့်များကို မည်သူက အကာအကွယ်ပေးမည်နည်း။ ဖေးရှန်ဂိုဏ်းကို ကြည့်ပါက ပထမမျိုးဆက် ဘိုးဘေးလေးဦး တက်လှမ်းသွားပြီးနောက် ဂိုဏ်းမှာ ချက်ချင်းဆုတ်ယုတ်သွားခဲ့သည် မဟုတ်လော။ ထို့ကြောင့် လူတိုင်းသည် ယခုတစ်ကြိမ် အခွင့်အရေးကို အသုံးချကာ ၎င်းတို့၏ မျိုးဆက်သစ်များကိုပါ ခေါ်ဆောင်သွားလိုကြခြင်း ဖြစ်သည်။
အလယ်အင်မော်တယ်လောကတွင် မြည်တမ်းသံများ ပြည့်နှက်နေစဉ် အထက်အင်မော်တယ်လောကတွင်လည်း ဂယက်ရိုက်ခတ်မှုများ စတင်နေလေပြီ။ ဟင်းလင်းပြင်နယ်မြေတစ်ခု၏အထက်တွင် အင်မော်တယ်ဧကရာဇ်များနှင့် မိစ္ဆာဧကရာဇ် ဒါဇင်ပေါင်းများစွာ၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာကြသည်။ တစ်ဦးချင်းစီတိုင်းမှာ ကမ္ဘာလောကကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်စွမ်းအင်များကို ထုတ်လွှတ်နေကြပြီး ၎င်းတို့ ပေါ်လာရသည့် အကြောင်းရင်းမှာ ကျန်းချန်ကြောင့်ပင်။
"ဖေးရှန်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေ ရှိနေသေးလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ"
"ပိုပြီး မမျှော်လင့်ထားတာက... ဧကရာဇ်တစ်ပိုင်းချန်ကျိုးကလည်း သူ့လူဖြစ်နေတာပဲ"
"ချန်ကျိုး သေသွားပြီလား"
"မသေဘူး... ဝူကျိဂူဗိမာန်က လူသုံးယောက်ကတော့ ဒေါသထွက်ပြီး သူ့ကိုလိုက်ရှာနေကြတယ်"
အချို့သော မိစ္ဆာဧကရာဇ်များသည် သူတစ်ပါးဒုက္ခကို ဝမ်းသာသည့်သဘောဖြင့် ရယ်မောလိုက်ကြရာ ထိုအသံကြောင့်ပင် ဝေးကွာလှသော အာကာသဟင်းလင်းပြင်မှာ တုန်ခါကာ ကွဲအက်သွားပြီး သက်ရှိများစွာ သေကျေပျက်စီးခဲ့ရသည်။
"ဖေးရှန်ဂိုဏ်းက တကယ်ကို နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာပဲ... နေရာတိုင်းမှာ သူတို့လူတွေ ရှိနေတာလား"
"ဒီတစ်ခါတော့ သူတို့ကို အမြစ်ကပါ တူးထုတ်ပစ်ရမယ်..."
"သူက လူအများကြီးကို ခေါ်လာမယ်ဆိုတော့ ပစ်မှတ်က ပိုပြီးထင်ရှားသွားတာပေါ့"
၎င်းတို့သည် လွန်ခဲ့သော နှစ်သန်းပေါင်းတစ်ရာက ကျန်းချန်နှင့် မနှိုင်းယှဉ်မိခြင်း မဟုတ်သော်လည်း မဖြစ်နိုင်ဟုသာ ထင်မြင်ခဲ့ကြသည်။ ထိုစဉ်က ကျန်းချန်မှာ အင်မော်တယ်ဧကရာဇ်ကျိုယန်ကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်ရာ ၎င်းတို့ထဲမှ မည်သူမျှ ထိုသို့မလုပ်ဆောင်နိုင်ချေ။ အကယ်၍ သူသာ ထိုမျှစွမ်းအားရှိပါက အလယ်အင်မော်တယ်လောကတွင် မည်သည့်အတွက်ကြောင့်နေထိုင်နေမည်နည်း။ ထို့ကြောင့် ထိုသူနှင့် အင်မော်တယ်ဧကရာဇ် ကျိုယန်တို့မှာ အတူတူသေဆုံးသွားခဲ့ပြီဟုသာ ယူဆထားကြသည်။
"သူ့ဆီက အခွင့်အလမ်းကို မင်းတို့ လိုချင်နေတာ မဟုတ်လား"
"အကယ်၍ သူက ကျိရှောင်စင်မြင့်ကို ရောက်လာရင် အင်မော်တယ်လမ်းစဉ်ဘက်က အရေးယူမယ်"
"အကယ်၍ သူကမြေအောက်ရေကန်ကို ရောက်သွားရင်တော့ မိစ္ဆာလမ်းစဉ်ဘက်က သူ့ကို သုတ်သင်လိုက်ပေါ့"
အင်မော်တယ်ကံကြမ္မာတိုကင်များကို အင်မော်တယ်နှင့် မိစ္ဆာဘက်မှ အစွမ်းထက်ဆုံးပညာရှင်များက ဖန်တီးခဲ့ကြခြင်းဖြစ်သဖြင့် ၎င်းတို့သည် တက်လှမ်းခြင်းစည်းမျဉ်းများကို ကောင်းစွာသိရှိကြ၏။ တက်လှမ်းလာသူများသည် အထက်လောကရှိ နေရာနှစ်ခုအနက် တစ်ခုခုသို့ရောက်ရှိလာမည်။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် မိစ္ဆာဘက်မှ မြေအောက်ရေကန်သို့ ရောက်ရှိမည်ဖြစ်ပြီး အင်မော်တယ်လမ်းစဉ် ကျင့်ကြံသူများသည် ကျိရှောင်စင်မြင့်သို့ ရောက်ရှိမည်ဖြစ်သည်။
ပုံမှန်အားဖြင့် တက်လှမ်းလာသူများကို စုဆောင်းရန်အတွက် အင်မော်တယ်ဧကရာဇ်များ ကိုယ်တိုင်လာရောက်လေ့မရှိဘဲ အင်မော်တယ်ဘုရင်အဆင့်ရှိ အကြီးအကဲများကိုသာ စေလွှတ်လေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အစ်ကိုကြီးချန်နှင့် ဖေးရှန်ဂိုဏ်းသားများကို အပြတ်ရှင်းရန်အတွက် ၎င်းတို့သည် အမှားအယွင်းမခံဘဲ ကိုယ်တိုင်စီစဉ်နေကြ၏။
ထိုအချိန်တွင် အစ်ကိုကြီးချန်မှာ သူ၏ အဆင့်မြှင့်တင်မှုများပြီးဆုံးသွားသဖြင့် စိတ်ကြည်လင်နေသည်။
"အားလုံး ထွက်လာကြဦး... အစည်းအဝေး လုပ်မယ်"
အကြီးအကဲများ ရောက်ရှိလာသောအခါ ကျန်းချန်က ဆိုသည်။
"ငါ ဘာလို့ တိုကင်တွေ အများကြီးဝယ်ထားလဲဆိုတာ မင်းတို့မသိချင်ကြဘူးလား"
ဖေးရှန်ဂိုဏ်းသား ၁ သိန်း ၄ သောင်းအတွက် ၃ သိန်းကျော် ဝယ်ယူထားခြင်းမှာ အပိုဖြစ်နေသည်ဟု ၎င်းတို့ တွေးတောခဲ့ကြဖူးသည်။
"ငါ အဲဒါတွေကို ပြန်ရောင်းဖို့ ဝယ်ထားတာ"
"ပြန်ရောင်းဖို့ ဟုတ်လား"
အကြီးအကဲများမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
"မင်းတို့ကတော့ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်နေကြလို့ စီးပွားရေးအမြင် လုံးဝမရှိကြဘူး"
"ငါက မူလဈေးနဲ့ ပြန်ရောင်းမယ်လို့ ဘယ်သူပြောလဲ... အခု ဒါတွေကို ငါတစ်ယောက်တည်းကပဲ ပိုင်ထားတာဆိုတော့ ဈေးက ငါ့လက်ထဲမှာပဲ ရှိတယ်"
"ဈေးတက်ရောင်းရင်တောင် အဲဒီလူတွေဝယ်ကြရမှာပဲ... ဟားဟားဟား"
အကြီးအကဲများသည် ၎င်းတို့၏ ဘိုးဘေးကြီးမှာ ဤမျှအထိ စီးပွားရေးသမား ဆန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ဂိုဏ်းချုပ် ယွမ်ကျန်းက ရိုသေစွာဖြင့်မေးလိုက်သည်။
"ဒါဆို ဘိုးဘေးကြီးက ဈေး ဘယ်လောက်သတ်မှတ်ဖို့ စဉ်းစားထားပါသလဲ"