သူက တကယ်ပဲ ဈေးတက်ရဲတာလား
Vol. 37 Ch. 368
သူ့အား အလယ်အင်မော်တယ်လောက၏ အကြီးမြတ်ဆုံးအလှူရှင်ဟု ခေါ်ဝေါ်နေကြသည်မှာ ဂိုဏ်းချုပ်ကျန်းက တိုကင်များမရောင်းမည်ကို စိုးရိမ်သဖြင့် အလွန်အမင်း မြှောက်ပင့်ပြောဆိုနေကြခြင်းသာ။ မြှောက်ပင့်စကားပြောဆိုရခြင်းမှာ ပိုက်ဆံမကုန်ပေ။ ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ် မည်သို့တွေးနေသည်ကို ၎င်းတို့ကိုယ်တိုင်သာ သိကြသည်။ ယခု ကျန်းချန်၏စကားများကို ကြားရသောအခါ ၎င်းတို့မှာ မယုံနိုင်ဖြစ်သွား၏။ မိမိလူများ၏ အကျိုးစီးပွားကိုစွန့်လွှတ်ကာ သူတစ်ပါးကို တက်လှမ်းခွင့်ပေးမည်ဟူသောစကားမှာ အလွန်ပင် မြင့်မြတ်လွန်းနေသည်။
"ဘိုးဘေးကြီးကျန်း... ဒါက ကျွန်တော်တို့ကို တကယ်ပဲ မျက်ရည်ကျအောင်လုပ်နိုင်ပါတယ်"
ဟုဆိုကာ လူအုပ်ကြီးက တစ်ခဲနက်ချီးမွမ်းကြပြန်သည်။ အစ်ကိုကြီးချန်က ထိုချီးမွမ်းစကားများကို အပြုံးဖြင့်လက်ခံနေပြီး လူအုပ်ကြီးငြိမ်သက်သွားမှ လက်ဝှေ့ယမ်းကာ ဆက်ပြောသည်...
"ဒါပေမဲ့ မင်းတို့ ခုနကကြားတဲ့အတိုင်းပဲ၊ မင်းတို့ကို တစ်ခုရောင်းလိုက်တိုင်း ငါ့ဖေးရှန်ဂိုဏ်းက တပည့်တစ်ယောက် တက်လှမ်းခွင့်ဆုံးရှုံးရမှာဖြစ်တယ်။ ဒါက ငါ့ဂိုဏ်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပဲ။ ဒါကြောင့် နောက်ထပ်ရောင်းမယ့် တိုကင်တွေအတွက် ဆုံးရှုံးမှုကြေးကို ပိုကောက်ခံသွားမယ်"
ထိုစကားကြောင့် ဂိုဏ်းချုပ်ယွမ်ကျန်းနှင့် အကြီးအကဲများမှာ အံ့အားသင့်ကာ လဲကျမတတ် ဖြစ်သွားကြသည်။ ၎င်းတို့က ဂုဏ်သိက္ခာအတွက် ဈေးမတက်ရန် တားမြစ်ထားသော်လည်း အစ်ကိုကြီးချန်က ကိုယ်တိုင်ဈေးတက်လိုက်သဖြင့် ၎င်းတို့၏မျက်နှာများ ဘယ်နားထားရမှန်းမသိ ဖြစ်ကုန်သည်။ အင်မော်တယ်အရှင်သခင်များမှာလည်း ရှေ့ကနိဒါန်းပျိုးခဲ့သမျှမှာ ဈေးတက်ရန်အတွက်သာဖြစ်ကြောင်း သိလိုက်ရသဖြင့် မှင်တက်သွား၏။
"ဈေးနှုန်းကို အင်မော်တယ်ကျောက်တုံး ၁ သန်းလောက်ပဲ တက်လိုက်မယ်။ ငါတို့က လူမဆန်လွန်းရာကျမှာစိုးလို့ပါ။ အခုကစပြီး ဒီတိုကင်တွေကို တစ်ခုကို ၄ သန်းနဲ့ရောင်းမယ်"
ကျန်းချန်က ကြေညာလိုက်သည်။ ၄ သန်းမှာ အချို့အတွက် လက်ခံနိုင်သော်လည်း ၃ သန်းသာ စုဆောင်းလာနိုင်သူများအတွက်မူ စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ သို့သော် ကျန်းချန်က ဈေးလျှော့မပေးဘဲ ပြတ်ပြတ်သားသားငြင်းဆို၏။ လူတစ်ထောင်ကျော်အနက် ၇၀၀ ကျော်မှာ ၄ သန်းဈေးဖြင့် ချက်ချင်းဝယ်ယူခဲ့ကြသည်။
ဂိုဏ်းအပြင်ဘက်ရှိ စောင့်ကြည့်နေသူများမှာမူ ဤသတင်းကို ကြားသောအခါ ဆူညံပွက်လောရိုက်သွားကြ၏...
"ဘာလဲ... သူက တကယ်ပဲ ဈေးတက်ရဲတာလား"
"၃ သန်းတောင် များလှပြီ။ သူက ဒီထက်ပိုပြီး လူမဆန်နိုင်သေးတာလား"
"သူ့တပည့်တွေရဲ့အခွင့်အရေးကို ရောင်းစားပြီး ပိုက်ဆံရှာနေတဲ့ ဒီဘိုးဘေးကြီးက တကယ်ကို နှလုံးသားမရှိတဲ့သူပဲ"
လူအများက ၄ သန်းဈေးဖြင့် မည်သူမျှဝယ်ယူမည်မဟုတ်ဟု ထင်ကြေးပေးခဲ့ကြသော်လည်း ၅ ရက်အကြာတွင် ထိုထင်မြင်ချက်များမှာ အမှားကြီးမှားသွားခဲ့သည်။ ဈေးတက်သွားခြင်းက တိုကင်၏တန်ဖိုးကို ပိုမိုမြင့်တက်စေသကဲ့သို့ဖြစ်သွားကာ လူအများမှာ ပိုမိုလုယက်ဝယ်ယူလာကြ၏။ တစ်ရက်လျှင် လူတစ်သောင်းနီးပါး ရောက်ရှိလာခဲ့ပြီး ၅ ရက်အတွင်းမှာပင် အပိုထုတ်ရောင်းသော ၅၀,၀၀၀ မှာ ကုန်သွားခဲ့သည်။
ဂိုဏ်းတံခါးဝတွင် မဝယ်ရသေးသော အင်မော်တယ်အရှင်သခင် အမြောက်အမြား ကျန်ရှိနေသေးပြီး ၎င်းတို့မှာ ထပ်မံရောင်းချပေးရန် ငိုယိုတောင်းပန်နေကြသည်။ သို့သော် ဂိုဏ်းချုပ်ယွမ်ကျန်းက
"မရှိတော့ပါဘူး၊ တကယ်ကို မရှိတော့တာပါ။ အပို ၅၀,၀၀၀ ရောင်းလိုက်တာကတောင် ငါ့ဂိုဏ်းက တပည့် ၅၀,၀၀၀ ကို တက်လှမ်းခွင့် ဆုံးရှုံးစေခဲ့ပါပြီ။ အားလုံး နားလည်ပေးကြပါ..."
ဟု ဆိုကာ ပြန်လွှတ်လိုက်ရတော့သည်။