← Chapters

ယပ်တောင်၏ တခြားအခြမ်း

Vol. 12 Ch. 1196

ယပ်တောင်၏ တခြားအခြမ်း

Vol. 12 Ch. 1196

ပိုင်ရှောင်ချီမှာ သိသိသာသာ မှင်သက်သွား၏။ ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံက မိုးမြေဧကရာဇ်၏လက်နှင့် အမှန်စင်စစ် ဆယ်သွယ်နေသည့်အချက်ကြောင့်သာ မဟုတ်ပါက ထိုစကားလုံးများကို ကယောင်ချောက်ချားလျှောက်ပြောသောစကားများဟုသာ သူ မှတ်ယူခဲ့လောက်မည် ဖြစ်သည်။

ထိုဆက်သွယ်မှုကား မယုံကြည်နိုင်အောင်ပင်။

" သူ ... သူက ကောင်းကင်ဧကရာဇ်တစ်ပါးပဲ ရှိသေးတာလေ။ လောကနတ်ဘုရားတစ်ပါးတောင် မဟုတ်သေးဘူး။ ဒါတောင်မှ မိုးမြေဧကရာဇ်ရဲ့လက်နဲ့ ဆက်သွယ်နေတာပါလား "

သူက မျက်ဝါးထင်ထင် ကြုံတွေ့နေရသည်ကို မယုံနိုင်အောင် ဖြစ်နေတော့သည်။ လွန်ခဲ့သော နှစ်များတစ်လျှောက် မိုးမြေဧကရာဇ်၏ အရှိန်အဝါက ပိုင်ရှောင်ချန်းကို လွှမ်းခြုံနေခဲ့ကြောင်း အာရုံရခဲ့သည့်တိုင် ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ သူ လိုက်မမီနိုင်သေးပေ။

" သူ ဘာလျှို့ဝှက်ချက် ဖုံးကွယ်ထားတာလဲ "

" သူက ထာဝရအင်မော်တယ်နယ်မြေတွေက လာတာ ဆိုတဲ့အချက်နဲ့ တစ်ခုခု ပတ်သက်နေနိုင်မလား။ ဒါမှမဟုတ် သူ.... "

ပိုင်ရှောင်ချီ၏ မျက်လုံးများကား ပြူးသထက် ပြူးလာတော့သည်။ သူသည် ထာဝရအင်မော်တယ်နယ်မြေများကြောင်း များများစားစား မတွေးခဲ့ဖူးသော်လည်း ဤအခိုက်အတန့်တွင် သူ၏သခင်ဟောင်း ပြောခဲ့ဖူးသော ဒဏ္ဍာရီတစ်ပုဒ်အကြောင်း ပြန်မတွေးမိဘဲ မနေနိုင်တော့ပေ။

အစောင့်အရှောက်ဝိညာဥ်က တုန်လှုပ်လျက် ရပ်နေချိန်မှာပင် ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံသည် မိုးမြေဧကရာဇ်၏ လက်ကြီးနှင့် အပြည့်အဝ ချိတ်ဆက်သွားပြီး သူ၏အတွေးများအား ၄င်းထဲ စီးဝင်စေလိုက်သည်။

ယခင်က လက်ကြီး၏ ဝိုးတိုးဝါးတား ကောက်ကြောင်းတစ်ခုသာ ဖြစ်ခဲ့သော အရာမှာ ပို၍ ထင်ရှားပြတ်သားလာပြီး သူက ၄င်းကို သူ၏စိတ်ထဲ အလျင်အမြန်စုပ်ယူလိုက်သည်။

၄င်းမှာ ရှေးယခင် နှစ်ပေါင်းများစွာတုန်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ သားရဲရုပ်တုကြီး၏ မျက်နှာပေါ်တွင် သူ တရားထိုင်ခဲ့ပုံနှင့် အလွန်ဆင်တူလေသည်။

အချိန်များ တဖြေးဖြေးကုန်ဆုံးလာ၏။ တစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်.......

မကြာခင် ဆယ်နှစ်ကုန်ဆုံးသွားလေပြီ။

ထိုဆယ်နှစ်အတောအတွင်း ပိုင်ရှောင်ချန်းက တုတ်တုတ်ပင် မလှုပ်ပေ။ သူသည် ဉာဏ်အလင်းရအောင် အားထုတ်ရာတွင် လုံးလုံးလျားလျား နစ်မြုပ်နေလေသည်။ သူက မိုးမြေဧကရာဇ်၏လက်နှင့် တစ်သားတည်း မဖြစ်သေးသော်လည်း ၄င်းအပေါ် သူ၏နားလည်မှုကား များစွာပို၍ ပြည့်စုံလာ၏။

နောက်ဆုံး၌ ပိုင်ရှောင်ချန်းက နစ်မြောနေရာမှ ထွက်လာပြီး သူ၏မျက်လုံးများသည် ပိုင်ရှောင်ချီကို ဝိညာဥ်အထဲထိ မှင်သက်သွားစေသော အလင်းဖြင့် စူးရှတောက်ပနေလေသည်။

ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် ပိုင်ရှောင်ချီ အမှားမလုပ်ဝံ့လောက်အောင် တန်ခိုးကြီးမားသော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေသည်။

" မိုးမြေဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါ "

သူက ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။

ပိုင်ရှောင်ချီ၏ အံ့သြနေမှုကို လျစ်လျူရှု၍ ပိုင်ရှောင်ချန်းက ဖြေးဖြေးချင်း ထရပ်ကာ သူ၏ညာဘက်လက်ကို စူးစိုက်ကြည့်သည်။ သူ၏မျက်လုံးများသည် နိမိတ်အလင်းများဖြင့် အချိန်အတော်ကြာ တလက်လက်တောက်ပနေပြီးနောက် သူက လက်သီးဆုပ်လိုက်၏။

သူထိုသို့ ဆုပ်လိုက်ချိန် တော်ဝင်ဝတ်ရုံများ ဝတ်ဆင်ထားပြီး တော်ဝင်သရဖူတစ်ခု ဆောင်းထားသော အရိပ်ဧကရာဇ်က သူ့နောက်တွင် ပေါ်လာသည်။ သူ၏မျက်နှာသွင်ပြင်မှာမူ ပိုင်ရှောင်ချန်းနှင့် တစ်ထေရာတည်း ဖြစ်သည်။

ထာဝရဧကရာဇ်လက်သီး။

သို့သော် ဤဧကရာဇ်က အတိတ်က ပေါ်ပေါက်လာခဲ့ဖူးသော ဧကရာဇ်များနှင့် ကွာခြားသည်။ သူ၏ ညာလက်မောင်းသည် ကျန်ခန္ဓာကိုယ်နှင့် မအပ်စပ်ပေ။ ၄င်းက မိုးမြေဧကရာဇ်၏ ဝံပုလွေလက်ကြီးဖြင့် တစ်ထပ်တည်းပင်။

အရိုး တစ်လျှောက် အသားများ၊ သွေးများမှအစ အရာအားလုံးမှာ မိုးမြေဧကရာဇ်၏လက်ကြီးနှင့် တစ်ထပ်တည်းဖြစ်ပြီး ၄င်းက ယခင်ထက် အဆများစွာပို၍ စွမ်းအားကြီးပုံရသော မိုးမြေဧကရာဇ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။

၄င်းသည် ကောင်းကင်ဧကရာဇ်များ၊ လောကနတ်ဘုရားများအား ကိုင်လှုပ်ပစ်နိုင်သည့် အရှိန်အဝါတစ်ခု ဖြစ်သည်။

ဤသည်မှာ ပိုင်ရှောင်ချန်း ဆယ်နှစ်ကျင့်ကြံအားထုတ်ပြီးနောက် ရရှိခဲ့သည့်အရာ ဖြစ်သည်။ သူသည် မိုးမြေဧကရာဇ်၏ လက်မောင်းကို သူ၏ထာဝရဧကရာဇ်လက်သီးထဲသို့ ပေါင်းစည်းပြီး တစ်သားတည်းဖြစ်စေခဲ့ခြင်းပင်။ သူက လက်သီးဆုပ်၍ လေထဲသို့ ထိုးချလိုက်သည်။

ချက်ချင်းပင် မိုးမြေဧကရာဇ်အရှိန်အဝါ ပေါက်ကွဲထွက်လာရာ ဟင်းလင်းပြင်ကြီးတွင် အလွန်စူးရှသောအလင်းရောင်များဖြင့် ပြည့်နှက်သွားပြီး ပြင်းထန်သော မိုးသက်မုန်တိုင်းကြီးတစ်ခု ယပ်တောင်အစုတ်ကြီးကို လှဲကျင်းတိုက်ခတ်သွားလေသည်။ ဤသည်ကို မြင်ရသည့် မည်သည့်ကောင်းကင်ဧကရာဇ်ဖြစ်စေ၊ လောကနတ်ဘုရားဖြစ်စေ အမြုတေအထိ တုန်လှုပ်သွားရမည်သာ ဖြစ်လေသည်။

ယပ်တောင်ကြီး တသိမ့်သိမ့်တုန်ခါလာပြီး ပိုင်ရှောင်ချီ၏ မျက်လုံးများက ဦးခေါင်းခွံထဲမှ ထွက်ကျမတတ် ပြူးထွက်လာတော့သည်။

" သူ တကယ်ကြီးလုပ်နိုင်လိုက်ပြီ "

ပိုင်ရှောင်ချန်းက သူ၏ညာလက်မောင်း အသစ်ကို ငုံ့ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

" အခုကစပြီး ငါ့ရဲ့ ထာဝရဧကရာဇ်လက်သီးကို ထာဝရမိုးမြေဧကရာဇ်လက်သီးလို့ ခေါ်ရတော့မယ် “

" ဒါက ငါရဲ့ အတိတ်ဘဝပြန်လည်ဝင်စားခြင်း သုတ္တန်နဲ့ ပစ္စုပ္ပန်ရှင်သန်ခြင်းနှင့်သေခြင်းတရားသုတ္တန်ရဲ့စွမ်းအားကို ပေါင်းစပ်ထားတာ။ ဒါက လောကနတ်ဘုရားတွေကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်တဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်လာလိမ့်မယ် "

ပြတ်သားခြင်းများဖြင့် သူ၏မျက်လုံးများ တောက်ပနေလျက် သူက မိုးမြေဧကရာဇ်လက်မောင်းထံမှ ပျံထွက်ကာ ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုပြာသာဒ်ထံ ဦးတည်လိုက်သည်။ ထိုနေရာတွင် သူက မျှော်လင့်ချက်များ တောက်လောင်နေလျက် သူ၏နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။

ကျိုးကျစ်မိုနှင့် စုန့်ကျင်းဝမ်တို့မှာ အိပ်ပျော်နေဆဲဖြစ်သည်။ သို့သော် သူတို့၏မျက်နှာအရောင်လေးများ ပြန်သမ်းလာရာ သူတို့၏ အသက်အနှစ်သာရအများစု နဂိုအတိုင်းပြန်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ညွှန်ပြနေလေသည်။ ဘရူဆာလည်း ထိုနည်းတူ ကောင်းကောင်းသက်သာလာနေပြီ ဖြစ်သည်။ စုန့်ချွဲမှာမူ ယခင်အတိုင်း မပြောင်းလဲရာ ပိုင်ရှောင်ချန်းမှာ သက်ပြင်း ခပ်ဖွဖွချလိုက်လေသည်။

ဤအချိန်တွင် သူက လက်ကို ဝှေ့ယမ်း၍ အိတ်ထဲမှ ခပ်မှိန်မှိန်လင်းနေသော ဝိညာဥ်တစ်ကောင်ကို ထုတ်လိုက်စဥ် သူ၏မျက်လုံးများကား အေးစက်သော အလင်းများဖြင့် ရိပ်ခနဲ တောက်ပသွားလေသည်။

၄င်းက အချိန်အတော်ကြာကတည်းက အသိစိတ်ကင်းမဲ့နေခဲ့ပြီး ပိုင်ရှောင်ချန်း ဆုပ်ကိုင်လိုက်စဥ် ရုန်းကန်ရန် စွမ်းအားပင် မရှိတော့သော မိစ္ဆာမင်းသား၏ ဝိညာဥ် ဖြစ်သည်။

" မင်း ခန္ဓာကိုယ်တွေ လဲရတာ ကြိုက်တယ်မလား။ ပြီးတော့ ရုပ်သေးရုပ်တွေကော "

သနားညှာတာမှုကင်းမဲ့သော ဒေါသများဖြင့် သူ့မျက်လုံးများ တလက်လက်တောက်ပနေလျက် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ယပ်တောင်အစုတ်ကြီးမှ ပစ္စည်းအစီအရီပျံထွက်လာပြီး မိစ္ဆာမင်းသားဝိညာဥ် ထည့်ရန် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် အလျင်အမြန်ပြောင်းလဲပစ်လိုက်သည်။

ထိုအချိန်တွင် မိစ္ဆာမင်းသားက အသိစိတ်အနည်းငယ်ပြန်ရသွားပြီး သူသည် ယခု ရုပ်သေးရုပ်တစ်ခုတွင် ပိတ်လှောင်ခံထားရကြောင်း သဘောပေါက်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ကြောက်လန့်တကြား မော့ကြည့်လိုက်သည်။

" မင်း ငါ့ကို ဘယ်လိုလုပ် ဒီလိုလုပ်ရဲတာတုန်း။ ငါ့အဖေ ဧကရာဇ်က မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူးနော်။ သူ သေချာပေါက် မင်းကို လာရှာလိမ့်မယ် "

" မင်းက ဧကရာဇ်တဲ့လား။ ဟွန်း ။ ဧကရာဇ်က မင်းအဖေ မဟုတ်တော့ဘူးကွ။ ဒါပေမဲ့ မပူပါနဲ့။ ငါက မင်းရဲ့ရန်သူ ဖြစ်နေတုန်းပဲ "

သူ၏ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်၍ ရုပ်သေးရုပ်ပုံစံ မိစ္ဆာမင်းသားအား အင်ပါယာနန်းတော်မှာ ရုပ်သေးရုပ်များကို အတင်းအကြပ်ခိုင်းစေခဲ့သည့်အတိုင်း ပြာသာဒ်ကြီးအရှေ့တွင် သွေးရူးသွေးတန်း ကခုန်စေလိုက်သည်။

ထိုရုပ်သေးရုပ်များမှာ ထိုသို့ ကပြဖျော်ဖြေရန် သူတို့၏ အသက်များကို ဆုံးရှုံးခဲ့ရပြီး မိစ္ဆာမင်းသားက ထိုသို့ဖျော်ဖြေရန် သူ၏ဝိညာဥ်ကို ဆုံးရှုံးခဲ့ရလေသည်။ သူ သွေးရူးသွေးတန်း ကခုန်နေစဥ် သူ၏အကြောက်တရားများ မြင့်တက်လာ၏။ သူ့အက၏ ပြင်းထန်မှုက သူ၏ဝိညာဥ်ကို တဖြေးဖြေး ကွဲထွက်သွားစေသည် မဟုတ်ပါလော။ သိသာစွာပင် သူကား သူ၏သားကောင်များကို ညှင်းပန်းနှိပ်စက်ခဲ့သည့်အတိုင်း အသတ်ခံနေရလေပြီ။

" အဓိပ္ပါယ်မရှိလိုက်တာ"

သူက ရုတ်တရက် လွှတ်ခနဲ ပြော၏။

" ဧကရာဇ်က ငါ့အဖေ မဟုတ်ဘူးဆိုတာ ဘာပြောချင်တာလဲ"

ပိုင်ရှောင်ချန်းက အေးစက်စက်သာ နှာမှုတ်ပြီး လမ်းလျှောက်ထွက်သွားတော့သည်။ သူက မိစ္ဆာမင်းသား၏ ဝိညာဥ်တစတစ ကွဲထွက်သွားရင်း သေသည်အထိ ကခိုင်းမည် ဖြစ်သည်။

" မင်း ကရတာ ကြိုက်တယ်မလား" သူက ခေါင်းလှည့်ကြည့်လိုက်သည်။

" ကနေစမ်း"

" မဟုတ်ဘူး။ ဒီလို မဖြစ်ရဘူး။ ငါ့ကို လွှတ် ပိုင်ရှောင်ချန်း။ ငါ မင်းကို ဘယ်တော့မှ ထပ်အနှောင့်အယှက်မပေးတော့ပါဘူးကွာ။ ငါ ကတိပေးတယ်။ အာမခံတယ်လေနော်......"

သူ့အတွက်ကံဆိုးစွာပင် သူ၏အသနားခံမှုများကား လျစ်လျူခံထားရလေသည်။ ပိုင်ရှောင်ချန်း၏ သူ့အပေါ် မုန်းတီးခြင်းက လေးနက်လွန်းသည်။

သို့နှင့် မိစ္ဆာမင်းသားမှာ ကိုးရက်တိုင်တိုင် သွေးရူးသွေးတန်း ကခုန်နေရတော့သည်။ ထိုအချိန်တွင် ရုပ်သေးရုပ်ကိုယ်က ဆက်လက်ကခုန်နေသော်လည်း သူ၏ဝိညာဥ်မှာ တစတစပျောက်ကွယ်လုနီးပါး ဖြစ်နေလေသည်။ သူ အသိစိတ်မရှိတော့ သလောက်ပင်။ ဆယ်ရက်မြောက်နေ့တွင် သူက သေသည်အထိ ကခုန်ပြီး သူ၏ ဝိညာဥ် ကွဲထွက်သွားလေသည်။

ထိုအချိန်တွင် သူ၏ရုပ်သေးရုပ်ကိုယ်ပြုလုပ်ထားသော ပစ္စည်းများမှာ မလှုပ်ရှားတော့ဘဲ မြေပြင်အပေါ် ပြုတ်ကျကုန်လေသည်။

ပိုင်ရှောင်ချန်းသည် ခပ်လှမ်းလှမ်းမှနေ၍ ယခင်ကထက်ပို၍ ကြောက်လန့်သွားသော ဘေးတွင် ရပ်နေသည့် ပိုင်ရှောင်ချီနှင့်အတူ စောင့်ကြည့်နေ၏။

" သေခြင်းက မင်းရဲ့ အပြစ်တွေကို မဖြေဖျောက်နိုင်ဘူး "

ပိုင်ရှောင်ချန်းက နှလုံးသားထဲတွင် မုန်းတီးစက်ဆုပ်ခြင်းများ ကိန်းအောင်းနေလျက် အံကြိတ်ကာ ပြောလိုက်သည်။ နောက်ဆုံးတွင် သူက မတ်တတ်ရပ်ပြီး တချိန်က ရုပ်သေးရုပ်ခန္ဓာကိုယ်ဖြစ်ခဲ့ဖူးသည့် ပစ္စည်းများကို သွားရောက်စုဆောင်းလိုက်သည်။ ထိုစဥ် ပိုင်ရှောင်ချီ၏ မျက်နှာက ရုတ်တရက် အံသြဖွယ်ကောင်းစွာ ရိပ်ခနဲဖြစ်သွားပြီး ယပ်တောင်၏ မျက်နှာပြင်မှ ပျံထွက်၍ ဟင်းလင်းပြင်းထဲ လှမ်းကြည့်လိုက်သည်။

ယပ်တောင်အစုတ်ကြီးကို တသိမ့်သိမ့်တုန်ခါသွားစေသည့် ပြင်းထန်သော အခိုးအငွေ့များ မြင့်တက်လာပြီး ယပ်တောင်စုတ်ကြီးက ရုတ်တရက် အလိုအလျောက် ဦးတည်ချက် ပြောင်းလိုက်လေသည်။

" ယပ်တောင်ရဲ့ တခြားတစ်ပိုင်း "

ပိုင်ရှောင်ချီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

" နောက်တစ်ပိုင်း "

ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားနှင့် ယပ်တောင်ကြီး၏ မျက်နှာပြင်မှ ထွက်ခွာလိုက်ပြီး ယပ်တောင်အရိုးတစ်ခုတွင် ပေါ်လာ၏။ သူက ဟင်းလင်းပြင်ထဲ လှမ်းကြည့်လိုက်သည်တွင် သူတို့ထံသို့ အမြန်ဆုံးအရှိန်နှင့် တဟုန်ထိုးလာနေသည် စူးရှတောက်ပနေသော အလင်းတစ်ခုကို မြင်လိုက်ရသည်။

All Chapters