← Chapters

မိုးမြေဧကရာဇ် အဖိုးတန်ရတနာ

Vol. 12 Ch. 1197

မိုးမြေဧကရာဇ် အဖိုးတန်ရတနာ

Vol. 12 Ch. 1197

အနီးကပ်ကြည့်လိုက်ပါက ထိုစူးရှတောက်ပနေသော အလင်းထဲတွင် ရှိနေသည်မှာ ယပ်တောင်အစုတ်ကြီး၏ တခြားအခြမ်းဖြစ်ကြောင်း ဖော်ပြမည် ဖြစ်သည်။

၄င်းက မဆိုစလောက် ပို၍ မှေးမှိန်နေပါသော်လည်း ပိုင်ရှောင်ချန်း၏ ယပ်တောင်အစုတ်ကြီးအပိုင်းမှ စူးရှတောက်ပနေသော အလင်းအမျိုးအစားနှင့် တစ်ထပ်တည်း ဖြစ်သည်။ ထိုမျှသာမက အနှီယပ်တောင်အခြမ်းမှာ အလွန်ပျက်စီးနေသဖြင့် အချိန်မရွေး ပျက်စီးတော့မည့်ပုံပေါ်လွင်နေသည်။

" နောက်ဆုံးတော့ ရောက်လာပြီ သခင်လေးရေ" ပိုင်ရှောင်ချီက စိတ်လှုပ်တရှားပြောသည်။

" သခင်လေးသာ ကျွန်တော့်ကို ကူညီရင်တော့ ကျွန်တော်တို့ အတူတူ ယပ်တောင်နှစ်ပိုင်းကို တစ်ခုတည်း ပေါင်းစပ်နိုင်လောက်တယ်။ ပြီးရင် ဒါက စစ်မှန်တဲ့ မိုးမြေဧကရာဇ်အဆင့် အဖိုးတန်ရတနာတစ်ပါး ဖြစ်လာလိမ့်မယ် "

သူသည် ဤနေ့ကို အချိန်အတော်ကြာသည်အထိ မျှော်လင့်စောင့်စားနေခဲ့ရပြီး အမှန်တကယ်ဆိုရလျှင် ဘယ်တော့မှ ရောက်မလာဘဲ ယပ်တောင်၏ အခြမ်းနှစ်ခြမ်းသည် သူတို့၏ကိုယ်ပိုင်လမ်းကြောင်းများအတိုင်း ဟင်းလင်းပြင်ကြီးကိုဖြတ်၍ ထာဝရမျောလွင့်နေလိမ့်မည်ဟု မကြာခဏ တွေးခဲ့ဖူးလေသည်။

သို့သော် ယပ်တောင်အစုတ်ကြီးကို သေချာသောအဆင့်တစ်ခုအထိ အမှန်တကယ် အားဖြည့်ပေးနိုင်သော အရှိန်အဝါတစ်ခုဖြင့် မိုးမြေဧကရာဇ်၏လက်မောင်း ပေါ်လာခဲ့သည်။ ပိုင်ရှောင်ချီ၏ လမ်းညွှန်မှုအောက်တွင် ယပ်တောင်သည် ၄င်း၏အခြားတစ်ခြမ်းထံ ဦးတည်ရန် လမ်းကြောင်းသို့ တဖြေးဖြေးပြောင်းသွားခဲ့၏။ သို့နှင့် ယခုတွင် အခြမ်းနှစ်ခြမ်းကား တွေ့ဆုံတော့မည် ဖြစ်သည်။

ပိုင်ရှောင်ချီကဲ့သို့ အလွန်အမင်း စိတ်မလှုပ်ရှားသည့်တိုင် ပိုင်ရှောင်ချန်းသည်လည်း စိတ်လှုပ်ရှားနေရသည်။ သူက အခြားတစ်ခြမ်း ချဥ်းကပ်လာနေသည်ကို ကြည့်၍ ယပ်တောင်အစုတ်ကြီး၏ အစွန်းတွင် တည်ငြိမ်စွာ ရပ်နေ၏။

" နောက်တစ်ခြမ်းမှာလဲ နောက်ထပ်အစောင့်အရှောက်ဝိညာဥ်ရှိမှာလား "

သူက မေးသည်။

ပိုင်ရှောင်ချီက ထိုဖြစ်နိုင်ချေကို မစဥ်းစားခဲ့ဖူးသည့်အလား တခဏတာ တုံ့ဆိုင်းသွား၏။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို ကြည့်ပြီး ယုံကြည်ချက်ရှိရှိ ပြောသည်။

" ရှိရင် ကျွန်တော် သူ့ကို သေချာပေါက် ချေမှုန်းပစ်မယ်"

ပိုင်ရှောင်ချန်းက ဘာမှပြန်မပြော။ သူ၏ကျင့်ကြံခြင်းအခြေခံကို ဆက်လက်လှည့်ပတ်နေလျက် ယပ်တောင်အပြည့်အစုံရလျှင် မည်သည်နှင့်တူလိမ့်မည်ကို တွေးလိုက်သည်။ ၄င်းက စိတ်လှုပ်ရှားဖွယ် အတွေးတစ်ခု ဖြစ်သည်။

မကြာခင် ယပ်တောင်၏ အခြားတစ်ခြမ်းသည် နီးကပ်သင့်သလောက် နီးကပ်လာသဖြင့် ပိုင်ရှောင်ချီက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူ၏ထိန်းချုပ်မှုအောက်ရှိ ယပ်တောင်တစ်ခြမ်းမှ စူးရှတောက်ပသော အလင်းများ ထွက်ပေါ်လာပြီး အခြားတစ်ခြမ်းထံ ပျံ့လွင့်သွားလေသည်။

သို့သော် အခြမ်းနှစ်ခြမ်းက တစ်ခြမ်းနှင့်တစ်ခြမ်း နီးကပ်လာစဥ် အခြားတစ်ခြမ်းမှ ရက်စက်ကြမ်းကြုတ်သောဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာ၏။

၄င်းက မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ အစိမ်းရောင်အရေပြားများရှိကာ ရက်စက်ကြမ်းကြုတ်သည်မှအပ ပိုင်ရှောင်ချီအကြီးစားအလားပင်။ ဤ ထူးဆန်းသောပိုင်ရှောင်ချီပုံစံက လောဘဒေါသများဖြင့် သူတို့ကို လှမ်းကြည့်လိုက်သည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းအိမ်များ ကျုံ့သွားပြီး ပိုင်ရှောင်ချီမှာ ကျယ်လောင်စွာ ပင့်သက်ရှိုက်လိုက်တေ့ာသည်။

" အဲဒါ တခြား အစောင့်အရှောက်ဝိညာဥ်ပဲ "

သူက ကောက်ချက်ချလိုက်သည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများ ကျဥ်းမြောင်းသွား၏။ ယခုတွင် သူသည် နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်၍ အတိတ်တုန်းကထက် များစွာပို၍ ယုံကြည်ချက်ရှိလေသည်။ သူက အေးစက်စက်နှာမှုတ်၍ သူ၏ယပ်တောင်အစုတ်ကြီးမှ ထွက်ပြီး ပိုင်ရှောင်ချီ စေလွှတ်လိုက်သော အလင်းတန်းအတွင်း ပေါ်လာ၏။ အစောင့်အရှောက်ဝိညာဥ်ဘီလူးကြီးက ချက်ချင်း သတိရှိသွားပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ပိုင်ရှောင်ချန်းထံပင် ခုန်တက်လိုက်လေသည်။

" ဖယ်စမ်း "

ပိုင်ရှောင်ချန်းက သူ၏အင်္ကျီလက်စကို ခါရမ်းပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားအား တဟုန်ထိုး ထုတ်လွှတ်ကာ ဟိန်းဟောက်လိုက်၏။ အစောင့်အရှောက်ဝိညာဥ်ဘီလူးကြီးမှာ ထိမှန်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် မချိတင်ကဲ ဟိန်းဟောက်ပြီး နောက်ဆုတ်လာတော့သည်။

၄င်းကို ထိခိုက်စေခဲ့သောအရာကား ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမဟုတ်ဘဲ ယခု သူ့တွင် ရှိသည့် မိုးမြေဧကရာဇ်အရှိန်အဝါ ဖြစ်သည်။

ကျင့်ကြံသူအများစုမှာ ၄င်းက မည်သည့်အရာဖြစ်ကြောင်း နားလည်မည် မဟုတ်သော်လည်း အစောင့်အရှောက်ဝိညာဥ်ဘီလူးကြီးက ထိုကဲ့သို့အရှိန်အဝါအမျိုးအစားအား အလွန်ဆတ်ဆတ်အထိမခံနိုင်ပေ။ ၎င်းမှာ ကြောက်လန့်စိတ်များဖြင့် မျက်လုံးများ ဝေဝါးနေလျက် နောက်သို့ ဆုတ်လိုက်သည်။ ထိုအချိန် ပိုင်ရှောင်ချန်းက လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်ဖော်လိုက်ပြီးနောက် ယပ်တောင်၏ အခြားတစ်ခြမ်းကို လက်လှမ်းလိုက်သည်။

ယပ်တောင်နှစ်ခုက တစ်ခုထံ တစ်ခု ပြေးဝင်ပြီး အတူတကွ ပေါင်းစည်းလာသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်လာလေသည်။

အစောင့်အရှောက်ဝိညာဥ်ဘီလူးကြီးက အထိတ်တလန့် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း ပိုင်ရှောင်ချန်းက ခေါင်းလှည့်၍ ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

" မင်း သူ့ကို ချေမှုန်းဖို့ ကြံထားတယ် မပြောခဲ့ဖူးလား အစောင့်အရှောက်ဝိညာဥ်စုတ်လေး "

ပိုင်ရှောင်ချီမှာ အစက ပိုင်ရှောင်ချန်း တိုက်ခိုက်ရန် ခုန်ထွက်သွားပုံကြောင့် အတန်ငယ် တုန်လှုပ်ချောက်ချားနေခဲ့သော်လည်း ယခုတွင် သူ၏မျက်လုံးများသည် တောက်ပစွာ လင်းလက်လာတော့သည်။ သူက အစောင့်အရှောက်ဝိညာဥ်ဘီလူးကြီးထံ ပျံသန်းရင်း အော်ဟစ်လိုက်သည်။

" ငါက တကယ့် အစောင့်အရှောက်ဝိညာဥ်ကွ။ မင်း အကြီးကြီးဖြစ်နေလဲ ဘယ်သူက ဂရုစိုက်မှာတုန်း။ မင်းက ငါ့အပိုင်ပဲ"

အစောင့်အရှောက်ဝိညာဥ်နှစ်ကောင် ဟိန်းဟောက်၍ အကြိတ်အနယ် စတင်တိုက်ခိုက်ကြတော့သည်။

ထိုသည်က ပိုင်ရှောင်ချန်း ကူညီနိုင်သည့်အရာ မဟုတ်သောကြောင့် သူသည် တင်ပျဥ်ခွေထိုင်ပြီး ယပ်တောင်နှစ်ခြမ်း တစ်ခုနှင့်တစ်ခု ပေါင်းစည်းနေသော ဖြစ်စဥ်ကို အရှိန်တင်ရန် သူ၏ နတ်ဘုရားအာရုံပို့လွှတ်လိုက်သည်။

ယပ်တောင်ကြီးကား တဖြည်းဖြည်းနှင့် တစ်ခုလုံး ဖြစ်လာတော့သည်။ အစောင့်အရှောက်ဝိညာဥ်နှစ်ကောင် တိုက်ခိုက်နေကြသဖြင့် စူးရှသောအလင်းများ တောက်ပလာပြီး နောက်ဆုံးတွင် ပိုင်ရှောင်ချီအနိုင်ရကာ ပို၍ကြီးမားသော အစောင့်အရှောက်ဝိညာဥ်ကို ဝါးမျိုလိုက်သည်။

ပိုင်ရှောင်ချီက ကို့ရို့ကားရား အချိုးအစားမကျစွာ ပို၍ကြီးမားလာပုံရပြီး ပိုင်ရှောင်ချန်းထံ ဒယိမ်းဒယိုင် ပျံသန်းလာလေသည်။ သူက ပျော်ရွှင်ကျေနပ်နေသော မျက်နှာကြီးဖြင့် လေချဥ်တက်ပြီးနောက် ယပ်တောင်မျက်နှာပြင်ထဲ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။ သူ ထွက်သွားစဥ် ပိုင်ရှောင်ချန်းက သူ မထိခိုက်ကြောင်း သေချာစေရန် နတ်ဘုရားအာရုံဖြင့် ယပ်တောင်ကို စစ်ဆေးလိုက်သည်။

မကြာခင် ယပ်တောင်၏ အခြမ်းနှစ်ခြမ်းကား ယပ်တောင်တစ်ခုတည်းအဖြစ် ဖန်တီးပေါင်းစည်းသွားလေပြီ။

ပျက်စီးအက်ကွဲနေသေးသော နေရာတချို့ရှိသော်လည်း ယပ်တောင်က အလိုအလျောက် ပြန်လည်ပြုပြင်နိုင်စွမ်းရှိသည်ကို စဥ်းစားကြည့်လျှင် မူလအခြေအနေသို့ပြန်ရောက်ရန် ကြာမည်မဟုတ်ကြောင်း အတန်အသင့် သေချာလေသည်။

ယခုတွင် ယပ်တောင်ကား ပြည့်စုံသွားပြီဖြစ်၍ ယခင်ကထက် ပို၍ ကြီးမားလာပြီး ပို၍စူးရှသော အလင်းများဖြင့်လည်း တောက်ပနေလေသည်။ ၄င်းသည် ဟင်းလင်းပြင်ကိုဖြတ်၍ ဆက်လက်လွင့်မျောနေစဥ် လုံးဝခမ်းနားကြီးကျယ်နေပုံပေါ်တော့သည်။

ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်က ယပ်တောင်အပေါ် သူ၏လုပ်ပိုင်ခွင့်အာဏာအဆင့်မှာ အမှန်ပင် တိုးတက်သွားခဲ့၏။ အတွေးလေးတစ်ချက်ဖြင့် သူသည် ယပ်တောင် ခရီးနှင်နေသော ဦးတည်ချက်နှင့် အမြန်နှုန်းကိုလည်း ပြောင်းနိုင်လေသည်။ သူ လုပ်ချင်လျှင် ၄င်းကို ရပ်ပင်ရပ်နိုင်သည်။

ထိုသည်က သူ အတိတ်တွင် မလုပ်နိုင်ခဲ့သော အရာတစ်ခုဖြစ်သည်။

သို့သော် ယပ်တောင်သည် ကြိုတင်ချမှတ်ထားသော လမ်းကြောင်းတစ်ခုနောက်လိုက်နေကြောင်း သူ ပြောနိုင်၏။ ယပ်တောင်အတွင်းသို့ နတ်ဘုရားအာရုံအချို့ ပို့လွှတ်ပြီးနောက် အဝေးတစ်နေရာတွင် တစ်စုံတခုက ယပ်တောင်ကို ခေါ်နေကြောင်း သဘောပေါက်လိုက်လေသည်။

ယခုတွင် ယပ်တောင်ကား အပြည့်ဖြစ်သွားသဖြင့် ထိုခေါ်သံက ယပ်တောင်ကို ၄င်းထံ စတင်ဆွဲငင်ခဲ့ကာ ၄င်းအား လားရာဘက်တစ်ခုတည်းသာ ပျံသန်းနေစေတော့သည်။

" ယပ်တောင်တစ်ခုထဲ ဖြစ်လာတဲ့နောက် ဘာက ခေါ်နေတာများလဲ ... " သူက တွေးသည်။

" မဟုတ်မှလွဲရော ..."

သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာတော့သည်။

" ခေါ်သံက ရှင်သန်ခြင်းနဲ့သေခြင်းတရား တာအိုအနှစ်သာရအပြင် ယပ်တောင်ကိုလဲ ဖန်တီးခဲ့တဲ့ အင်မော်တယ်ကမ္ဘာရဲ့ မိုးမြေဧကရာဇ်ဆီက လာနေတာများလား"

မိုးမြေဧကရာဇ်မှာ သေဆုံးသွားခဲ့သည့်ပုံပေါ်ကြောင်း စဥ်းစားကြည့်လျှင် ၄င်းက ဖြစ်နိုင်လောက်သည်ပုံ မရပေ။

ဤအချိန်တွင် သူသည် ယပ်တောင်၏ဦးတည်ချက်ကို အနည်းအပါးထိန်းညှိနိုင်သော်လည်း ၄င်း၏ လမ်းကြောင်းတစ်ခုလုံးကို မပြောင်းလဲနိုင်ကြောင်း သဘောပေါက်လိုက်သည်။ နောက်ဆုံး၌ ပိုင်ရှောင်ချီ နိုးလာသည့်အချိန် မေးခွန်းအနည်းငယ်ထပ်မေးနိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။

ယခုတွင် ယပ်တောင်တစ်ခုတည်းဖြစ်သွားပြီဖြစ်၍ အကြီးကျယ်ဆုံးပြောင်းလဲမှုမှာ ယပ်တောင်၏မျက်နှာပြင်ထဲရှိ ကမ္ဘာ ဖြစ်သည်။

ယခင်က ထိုကမ္ဘာသည် မြစ်တစ်စင်း၊ တောင်တစ်လုံး၊ ပြာသာဒ်တစ်ခုနှင့် ကျားကစားနေသော လူနှစ်ယောက်နှင့် လှေတစ်စင်းသာ ပါဝင်ခဲ့သည်။ မြစ်ထဲတွင် ပေါလောပေါ်နေသော နန်းတော်တစ်ဆောင်နှင့် လေထဲတွင် ရပ်တန့်နေသော မိုးမြေဧကရာဇ်၏လက်မောင်းလည်းရှိလေသည်။

သို့သော် ယခုတွင် မြစ်မှာ ပြည့်စုံသွားပြီး အသစ်တစ်ခု ပါဝင်လာလေသည်။ အနက်ရောင်ငါး။ ၄င်း၏ မျက်လုံးများမှာ ထူးဆန်းသောအလင်းဖြင့် တောက်ပနေပြီး လှုပ်မနေသော်လည်း ပိုင်ရှောင်ချန်းသည် ၄င်းထံမှ လာနေသော မိုးမြေဧကရာဇ်၏ အခိုးအငွေ့များအား အာရုံရနိုင်လေသည်။

ထိုအရှိန်အဝါနှင့်ပတ်သက်၍ တစ်စုံတခုက သူ့ကို ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရကို တွေးမိလိုက်စေပြီး ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုပြာသာဒ်ဖြင့် ဆက်စပ်နေပုံရလေသည်။ အနီးကပ်လေ့လာပြီးနောက် ပိုင်ရှောင်ချန်းသည် အနက်ရောင်ငါး၌ ယပ်တောင်၏ စစ်မှန်သော မိုးမြေဧကရာဇ်အဆင့် နတ်ဘုရားစွမ်းရည် ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

ယခင်က သူပိုင်ရှင်ဖြစ်လာခဲ့သည့် ယပ်တောင်စုတ်တခြမ်းတွင် ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုပြာသာဒ်ရှိသော်လည်း အနက်ရောင်ငါးကင်းမဲ့နေခဲ့သည်။ ထိုနည်းတူ ငါး တည်ရှိခဲ့သည့် ယပ်တောင်၏အခြမ်းတွင်လည်း ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုပြာသာဒ် မပါရှိပေ။

သို့သော် ယခုတွင် ယပ်တောင်တစ်ခုတည်း ဖြစ်သွားလေရာ ၄င်း၏ မိုးမြေဧကရာဇ်အဆင့် နတ်ဘုရားစွမ်းရည် ပြည့်စုံသွားလေပြီ။

သူက စိတ်လှုပ်ရှားနေလျက် အနည်းငယ် စစ်ဆေးလိုက်သော်လည်း သူ၏လက်ရှိအဆင့်က ထိုအထူးမှော်ပညာကို အမှန်တကယ် အသုံးပြုရန် သူ့ကို ခွင့်မပြုကြောင်းသာ တွေ့လိုက်ရသည်။ သူက အလွယ်တကူ အလျော့မပေးလိုဘဲ နောက်ထပ် အနည်းငယ် စမ်းသပ်လိုက်သည့်တိုင် တောင်၊ မြစ် သို့မဟုတ် လှေနှင့်ပတ်သက်၍ တစ်ခုမှ မလုပ်နိုင်သည်ကိုသာ တွေ့လိုက်ရသည်။

သို့သော် နန်းတော်ကား ကွာခြားသည်။ ၄င်းမှာ အလွန်ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့သဖြင့် ၄င်းတွင် လောကနတ်ဘုရားဝိညာဥ်၏ အစိတ်အပိုင်းတစ်ခု ပါဝင်သည့်တိုင် လောကနတ်ဘုရားကို ဒုက္ခပေးနိုင်မည် မဟုတ်ပေ။ ပိုင်ရှောင်ချန်းက မချင့်မရဲဖြစ်လျက် လှေပေါ်သို့ နတ်ဘုရားအာရုံ ပို့လွှတ်လိုက်သည်။ သူ့အတွက် အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ကျားကစားနေသည့် အဘိုးအိုတစ်ယောက်မှာ ရုတ်တရက် တုန်ရီသွားပြီး သူ၏လက်ထဲရှိ ကျားရုပ်မှာ လင်းလက်တောက်ပလာကာ စွမ်းအားကြီးသော အခိုးအငွေ့များအား ထုတ်လွှတ်လာတော့သည်။

All Chapters