← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

153

ချင်ရန်သည် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြရင်း ကျေးဇူးတင်စကား ဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူးချုပ် ဒါပေမဲ့ ကျွန်တော့်မှာ တခြား အရေးကြီးတာ ရှိသေးတယ် ခင်ဗျ၊ စခန်းအရှေ့မှာ ခေါင်းဆောင်ဝူတို့ အဖွဲ့က ရာဇဝတ်ကောင်တွေနဲ့ အပြင်းအထန် အပြန်အလှန် ပစ်ခတ်နေကြရတာမို့ ကျွန်တော်တို့ အခုချက်ချင်း သွားကူညီမှ ဖြစ်မယ်"

ချင်ရန်က အလျင်အမြန် ပြောဆိုလိုက်၏။

"မှန်တယ်၊ အရေးကြီးတာကို အရင်လုပ်ရမယ်၊ ပထမအဖွဲ့၊ ဒုတိယအဖွဲ့နဲ့ တတိယအဖွဲ့... အားလုံး သူ့နောက်ကို လိုက်သွားပြီး လိုအပ်တာတွေ ကူညီပေးလိုက်ကြ"

"ဟုတ်ကဲ့ပါ"

ညွှန်ကြားရေးမှူးချုပ်သည် သူ့သမီးလေးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားရင်း လေသံမာမာဖြင့် အမိန့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ကျန်ရှိနေသော အင်အားစုများကို ဓားစာခံ ၁၀၀ ကျော်အား နှစ်သိမ့်ပေးရန်နှင့် သူတို့၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်တင်းရန်အတွက် လူနာတင်ကားများ ထပ်မံခေါ်ယူရန် ညွှန်ကြားလိုက်၏။

ထို့နောက် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် အထူးရဲတပ်ဖွဲ့ဝင် ၅၀ ခန့်ကို ဦးဆောင်ကာ စစ်မြေပြင် ဗဟိုချက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ထိုအချိန်တွင်မူ လီကွမ် ရှိနေသည့် နေရာသို့ ကားနှစ်စီး ရုတ်တရက် ဆိုက်ရောက်လာခဲ့သည်။

ဤကားများသည် လိမ်လည်မှုကုမ္ပဏီ၏ သူဌေးက ဓားစာခံများကို လာရောက် ခေါ်ဆောင်ရန် စေလွှတ်လိုက်ခြင်းပင် ဖြစ်ပေသည်။

သို့သော် သူတို့ ရောက်ရှိလာချိန်တွင် လီကွမ်တို့အဖွဲ့မှာ အပြင်းအထန် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပြီး ဓားစာခံများကိုမူ အရိပ်အယောင်မျှပင် မတွေ့ရှိရသေးချေ။

အခြေအနေအရ သူတို့သည် လီကွမ်နှင့် ပူးပေါင်းကာ ခေါင်းဆောင်ဝူဖေးနှင့် သူ့လူများကို ဝိုင်းရံတိုက်ခိုက်ရန်သာ ရွေးချယ်လိုက်ကြရသည်။

ခေါင်းဆောင်ဝူဖေးနှင့် ရဲအရာရှိများမှာ ပစ္စတိုသေနတ်လေးများဖြင့်သာ ခုခံနေရခြင်းဖြစ်ရာ လက်နက်အင်အားချင်းမှာ မိုးနှင့်မြေလို ကွာခြားနေ၏။

ယခုအခါ အင်အား ၃၀ ခန့်ရှိသော စစ်ကူ များ ထပ်မံ ရောက်ရှိလာပြီး ပစ်ခတ်အားမှာ အသာစီးဖြင့် ဖိနှိပ်တိုက်ခိုက်လာသောကြောင့် ခေါင်းဆောင်ဝူဖေးတို့မှာ လုံးဝ အထိနာသွားပြီး ဆုတ်ခွာခဲ့ရပေသည်။

ထိုသို့ ဆုတ်ခွာရင်းနှင့်ပင် ခေါင်းဆောင်ဝူဖေးသည် ထိတ်လန့်ဖွယ်ရာ အမှန်တရားတစ်ခုကို သိရှိလိုက်ရသည်။

သူတို့ ဝိုင်းရံခံလိုက်ရလေပြီ။

ယခုအခါ ဝူဖေးတို့ အဖွဲ့တွင် ၆ ဦးသာ ကျန်ရှိတော့ပြီး ကျောက်ဆောင်ကွယ် တစ်ခုနောက်၌ ခိုအောင်းနေကြရသည်။

သူတို့နှင့်အတူ ပါလာသော ကျည်ဆန်များလည်း ကုန်ခန်းလုနီးပါး ဖြစ်နေကာ ရဲတပ်ဖွဲ့ဝင် အားလုံးမှာလည်း ဒဏ်ရာကိုယ်စီဖြင့် လှုပ်ရှားရန်ပင် မစွမ်းသာတော့ချေ။

ဤမျှအထိ တောင့်ခံထားနိုင်ခြင်းမှာပင် အံ့ဖွယ်ဟု ဆိုရမည် ဖြစ်၏။

ဝူဖေးသည် အသက်ကို လုရှူနေရပြီး သူ့ခြေသလုံး တစ်လျှောက်တွင်လည်း စိုစွတ်နေမှုကို ခံစားနေရသဖြင့် စမ်းသပ် ကြည့်ရှုလိုက်ရာ လက်တစ်ပြင်လုံး နီမြန်းသော သွေးများ ပေကျံသွားလေသည်။

သူ သေနတ်မှန်သွားခဲ့ပြီ။

"ဘာလို့များလဲ..."

ဝူဖေးသည် သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။ ထိုအခါ ဘေးနားရှိ ရဲအရာရှိလေးတစ်ဦးက တိုးညှင်းသော လေသံဖြင့် မေးမြန်းလာ၏။

"ကပ္ပတိန်... ကျွန်တော်တို့ စစ်ကူတွေ ဘယ်တော့လောက် ရောက်မလဲ"

ဝူဖေး ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ အားလျော့စွာ ပြောဆိုလိုက်သည်။

"သူတို့ ဒီလောက် အမြန် မရောက်နိုင်သေးဘူး၊ ပုံမှန် တွက်ချက်မှုအရ ဆိုရင် အနည်းဆုံး နာရီဝက်လောက် လိုသေးတယ်... ငါ အခုတွေးနေတာက ချင်းရန် ဓားစာခံတွေကို ခေါ်ထုတ်သွားနိုင်ပြီလား ဆိုတာပဲ၊ သူ အဲဒီ ဓားစာခံ ၁၀၀ ကျော်ကို ဘေးကင်းကင်းနဲ့ ကယ်ထုတ်သွားနိုင်သရွေ့... ငါတို့ သေရကျိုး နပ်ပါတယ်"

ဝူဖေးက ခိုင်မာ ပြတ်သားစွာ ပြောဆိုလိုက်၏။

သူ့တွင် ဇနီးနှင့် သားသမီးများ ရှိသော်လည်း ယခုအချိန်တွင် အသက်စွန့်ရန်မှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ဤလမ်းကို ရွေးချယ်ကတည်းက မည်သည့်အချိန်တွင်မဆို သူ့အသက်အား စတေးခံရန် သူ အသင့်ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်ပေသည်။

သို့သော် ဤစတေးမှုသည် အဓိပ္ပာယ်မဲ့သော သေဆုံးမှုမျိုး မဟုတ်ရန်သာ သူ ဆုတောင်းနေမိသည်။

ထိုစဉ် ဝူဖေးနှင့် သူ့လူများသည် ရန်သူများ၏ ခြေသံကို ကြားနေရသော်လည်း ထ၍ ပြန်လည်ခုခံရန် အားအင် မရှိတော့ချေ။ ဝူဖေးသည် ခါးသီးစွာ ပြုံးလိုက်မိသည်။ သေနတ်မောင်းတံကို ဆွဲချင်သော်လည်း လက်ချောင်းများကပင် မလှုပ်ရှားနိုင်တော့ချေ။

ထိုခဏ၌ပင် ဝူဖေး၏ အမြင်အာရုံထဲတွင် လူ ၂၀ ကျော် ရုတ်တရက် ပေါ်လာသည်။ ထိုသူတို့ ဝတ်ဆင်ထားသော အဝတ်အစား များမှာ လီကွမ်တို့ အဖွဲ့နှင့် မတူဘဲ တစ်ခါမျှ မရင်းနှီးသောဝတ်စုံများ ဖြစ်နေ၏။

"တွေ့ပြီ၊ ပစ်ကြ"

ကြေးစားအဖွဲ့မှ တစ်ယောက်က အေးစက်စက် အမိန့်ပေးလိုက်သည်နှင့် ကျည်ဆန်မိုးများက ဝူဖေးတို့ အဖွဲ့ပေါ်သို့ တရစပ် ကျရောက်လာတော့သည်။

ခဏချင်းမှာပင် လူ ၆ ဦးစလုံး၏ ခန္ဓာကိုယ်မှာ ကျည်ဆန်ဒဏ်ရာများဖြင့် ဇကာကွက်ကဲ့သို့ ဖြစ်သွားရသည်။

ဝူဖေး၏ ခြေထောက် နှစ်ဖက်စလုံးမှာလည်း ကြေမွသွားခဲ့ပြီ ဖြစ်ပေသည်။

"ရှင်းလင်းပြီးပြီ"

ကြေးစားတစ်ဦးက အေးစက်စက် ပြောဆိုလိုက်၏။

မကြာမီတွင် လီကွမ်တို့ အဖွဲ့ ရောက်ရှိလာကြသည်။

ရဲများအားလုံး ကျည်ဆန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မြင်တွေ့သောအခါ လီကွမ် စိတ်သက်သာရာ ရသွားသော်လည်း နောက်တစ်စက္ကန့်တွင် မျက်နှာ ပျက်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူ သေစေချင်နေသော သူက ရှိမနေခဲ့ခြင်းကြောင့် ဖြစ်၏။

'ချင်ရန်က ဒီထဲမှာ မရှိဘူး'

လီကွမ်သည် ဝူဖေး ရှေ့သို့ ဒေါသတကြီး ရောက်ရှိလာပြီး ဝူဖေး၏ ဆံပင်ကို ကြမ်းတမ်းစွာ ဆွဲလှန်လိုက်သည်။

"အဲဒီကောင် ဘယ်မှာလဲ၊ သေနတ် အပစ် အကောင်းဆုံး အဲဒီကောင် ဘယ်ထွက်သွားတာလဲ"

လီကွမ်က ခြိမ်းခြောက် မေးမြန်းတော့သည်။

ဝူဖေး၏ ခြေထောက်များ ကြေမွနေသော်လည်း ကိုယ်ခန္ဓာ အထက်ပိုင်းမှာမူ အတော်အတန် ကောင်းမွန်နေသေး၏။

သို့သော် သူ့ဘေးနားရှိ ရဲဘော်ရဲဘက်များမှာမူ သွေးအိုင်ထဲတွင် သက်မဲ့ခန္ဓာကိုယ်များအဖြစ် လဲလျောင်းနေကြရပြီ ဖြစ်သည်။

"ဟင်း..."

ဝူဖေးက ဖျော့တော့စွာ ပြုံးလိုက်၏။

"အဲဒီလူက... ဓားစာခံ အားလုံးကို ခေါ်ပြီး... ထွက်သွားလောက်ပြီ ဟား"

လီကွမ်၏ ပျာယာခတ်နေသော မျက်နှာကို ကြည့်ရှုကာ ဝူဖေးသည် မသေခင် နောက်ဆုံးအနေဖြင့် ခနဲ့တဲ့တဲ့ ပြောဆိုလိုက်ခြင်း ဖြစ်၏။

ထိုစကားကြောင့် လီကွမ်၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးသွားသည်။

ကုမ္ပဏီဘက်မှ စစ်ကူများ ရောက်ရှိလာသဖြင့် ဝူဖေးတို့ကို အပြတ်ရှင်းနိုင်၍ ပျော်ရွှင်နေသော်လည်း ချင်ရန်ကို မတွေ့ရှိရခြင်းက သူ့အတွက် အကြီးမားဆုံး အန္တရာယ်တစ်ခုပင် ဖြစ်နေ၏။

ထို့အပြင် ဓားစာခံများရှိရာ အိမ်ကို သွားရောက် စစ်ဆေးသောအခါတွင်လည်း လူတစ်ယောက်မှ မရှိတော့ချေ။

အရာအားလုံးသည် ချင်ရန်၏ လက်ချက်ပဲ ဖြစ်ရမည်။

မိမိတို့တိုက်ပွဲ ဖြစ်နေစဉ် ချင်ရန်က တိတ်တဆိတ် ဝင်ရောက်ကာ ဓားစာခံ ၁၀၀ ကျော်ကို ကယ်ထုတ်သွားခဲ့ခြင်း ဖြစ်၏။

သို့သော် လီကွမ် နားမလည်နိုင်သည်မှာ ချင်ရန် မည်သို့ ဝင်သွားနိုင်သလဲ ဟူသော အချက်ပင် ဖြစ်ပေသည်။

ရှေ့ဘက်လမ်းမှလွဲ၍ နောက်ဖေးလမ်းသာ ရှိသော်လည်း ထိုလမ်းမှာ မြေမြှုပ်မိုင်းများ အပြည့်ရှိနေ၏။

ထိုမိုင်းများကို မထိဘဲ ကျော်လွှားနိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

'အဲဒီကောင်က မြေမြှုပ်မိုင်းတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ နတ်ဘုရားများလား'

"လီကွမ်... မင်းပြောချင်တာက ဓားစာခံတွေကို ရဲတွေက ခေါ်သွားပြီဆိုတဲ့ သဘောလား"

ထိုစဉ် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လီကွမ်ကို အေးစက်စက် မေးမြန်းလိုက်သည်။

သူတို့သည် သူဌေးခိုင်းသည့်အတိုင်း ဓားစာခံများကို လာရောက် ခေါ်ယူခြင်း ဖြစ်၏။

ယခုတော့... ဓားစာခံတွေက မရှိတော့ဘဲ တခြား တစ်ယောက်၏ လှည့်ထုတ်သွားခြင်းကို ခံလိုက်ရပြီ ဖြစ်ပေသည်။

'ဒီလိုဆိုရင် သူတို့ ဒီမှာ ဘာလုပ်နေရမှာလဲ'

လီကွမ်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

"ကျွန်တော်လည်း မသိဘူး၊ ရှေ့လမ်းမပေါ်မှာ အဲဒီကောင်ကို လုံးဝ မတွေ့ခဲ့ရဘူး"

"တခြားလမ်း မရှိဘူးလား"

ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးက ထပ်မံမေးမြန်းသည်။

"ဒုတိယလမ်းက မြေမြှုပ်မိုင်းတွေ အပြည့်ပဲ၊ ဘယ်သူမှ အဲဒီလမ်းက မသွားရဲကြဘူး၊ ငါ့လူတွေတောင် အဲဒီလမ်းကို မသိကြဘူး၊ ငါ တစ်ယောက်ပဲ ဘေးကင်းတဲ့ လမ်းကြောင်းကို သိတာ"

လီကွမ်က ပြောဆိုလိုက်၏။

"လမ်းကြောင်းကို မင်းတစ်ယောက်ပဲ သိတယ်ဆိုရင်တောင် အခု ဓားစာခံတွေ မရှိတော့တာက အမှန်တရားပဲလေ၊ မင်းပေးနေတဲ့ အကြောင်းပြချက်တွေက အလကား အပိုစကားတွေပဲ ဖြစ်လိမ့်မယ်"

ကုမ္ပဏီဘက်မှ တာဝန်ရှိသည့်လူက တုံ့ပြန်လိုက်သည်။

ထိုစဉ် ကားအင်ဂျင်သံများက သူတို့နှင့် တဟုန်ထိုး နီးကပ်လာ၏။

လီကွမ်နှင့် ကုမ္ပဏီလူများ အားလုံး အသံလာရာ ထိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ထိုအခါ လီကွမ်၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွားတော့၏။

"တရုတ်ဘက်က စစ်ကူတွေ ရောက်လာပြီ၊ ဘယ်လိုလုပ် ဒီလောက် မြန်မြန်ကြီး ရောက်လာရတာလဲ"

ကုမ္ပဏီဝန်ထမ်းများလည်း မျက်မှောင်ကြုတ်သွားကြသည်။

"မြန်မြန်ဆုတ်ကြ၊ ဓားစာခံတွေလည်း မရှိတော့ဘူး ဆိုမှတော့ ဒီမှာ အချိန်ဖြုန်းမနေနဲ့တော့"

နောက်တစ်စက္ကန့်တွင် ကုမ္ပဏီမှ လူများသည် ဒီရေအလား ဆုတ်ခွာသွားကြပြီး ကားများပေါ်သို့ အလုအယက်တက်ကာ ထွက်ပြေးရန် ပြင်ကြတော့သည်။

သို့သော် ချင်ရန် စီးလာသောကားမှာ ပို၍ မြန်ဆန်နေ၏။

ကားပြတင်းပေါက်များမှတစ်ဆင့် အထူးရဲတပ်ဖွဲ့ဝင်များက သေနတ်ပြောင်းများကို ထုတ်ကာ တရစပ် ပစ်ခတ်လိုက်သဖြင့် ကြေးစားစစ်သားနှင့် ကုမ္ပဏီလူ အချို့ နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။

"တောက်"

လီကွမ်သည် အံကို တင်းတင်းကြိတ်ကာ ထွက်ပြေးရန်မှတစ်ပါး အခြား မရှိတော့ချေ။

အခြားတစ်ဖက်တွင်မူ ချင်ရန်သည် ကားပြတင်းပေါက်မှ အပြင်သို့ ကြည့်ရှုလိုက်ရာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရဲအရာရှိများ၏ ရုပ်အလောင်းများကို တွေ့ရှိလိုက်ရသည်။

မူလက ရဲအရာရှိ ၁၆ ဦး ရှိသော်လည်း ယခုအခါ ရုပ်အလောင်း ၁၀ ခုခန့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီ ဖြစ်၏။

'ခေါင်းဆောင် ဝူဖေးရော၊ သူလည်း သေသွားပြီလား'

ချင်ရန် ရင်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။

သူသည် ဓားစာခံများကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သော်လည်း ခေါင်းဆောင်ဝူဖေးတို့ အဖွဲ့ ဤမျှအထိ အထိနာသွားမည်ကို မသိရှိခဲ့ချေ။

ချင်ရန် ဆက်၍ မစောင့်နိုင်တော့ဘဲ ကားပေါ်မှ ဝုန်းခနဲ ခုန်ဆင်းလိုက်ကာ ထွက်ပြေးနေသော ကြေးစားများ နောက်သို့ လေပွေအလား အရှိန်ပြင်းစွာ လိုက်လံ ဖမ်းဆီးတော့သည်။

ကားပေါ်ရှိ အထူးရဲတပ်ဖွဲ့ဝင်များမှာ ချင်ရန်၏ ရဲတင်းလှသော လုပ်ရပ်ကို ကြည့်ရှုကာ အံ့အားသင့်သွားကြ၏။

ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးနေစဉ် ချင်ရန်သည် ကျောက်ဆောင်တစ်ခုအောက်တွင် လဲလျောင်းနေသော လူ ၆ ဦးကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။

ထိုသူတို့ထဲတွင် ခေါင်းဆောင်ဝူဖေးလည်း ပါဝင်နေ၏။

ချင်ရန်သည် ရန်သူကို လိုက်ဖမ်းနေခြင်းကို ခေတ္တရပ်တန့်ကာ ဝူဖေး၏ ဘေးသို့ အပြေးအလွှား ရောက်ရှိသွားသည်။

ဝူဖေး၏ မျက်လုံးများမှာ တဖြည်းဖြည်း ဝေဝါးလာနေပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် အသက်ငွေ့ငွေ့လေး ကျန်ရှိနေသေးသည်ကို ချင်ရန် တွေ့ရှိလိုက်ရလေသည်။

154

ချင်ရန်၏ ရင်ထဲတွင် ဖော်ပြရန် ခက်ခဲသော ခံစားချက်တို့ဖြင့် ပြည့်နှက်နေ၏။

ခေါင်းဆောင်ဝူဖေးသည် လူဆိုးတစ်ယောက် မဟုတ်ဘဲ သူသည် ကြင်နာတတ်သော နှလုံးသား ရှိသူ ဖြစ်ပေသည်။

ယခင်ကလည်း သူ့အပေါ် အပြစ်မမြင်ခဲ့သည့်အပြင် အစစအရာရာ သူ၏ဘေးကင်းရေးကိုသာ ရှေးရှုခဲ့သူပင် ဖြစ်၏။

"ခေါင်းဆောင်ဝူ၊ ခေါင်းဆောင်ဝူ၊ အဆင်ပြေရဲ့လား လူနာတင်ကား အခုပဲ ရောက်တော့မှာပါ၊ ခဏလေးပဲ အောင့်ထားပါဦး"

ချင်ရန်သည် အံကို တင်းတင်းကြိတ်ရင်း ဝဲတက်လာသော မျက်ရည်တို့ကို ထိန်းကာ အသံတုန်တုန်ဖြင့် ပြောဆိုလေသည်။

ဝူဖေးသည် သတိတစ်ချက်၊ မေ့တစ်ချက် ဖြစ်နေဆဲ ဖြစ်သော်လည်း သူ့ဦးခေါင်းကို အသာအယာ ခါယမ်းပြလိုက်၏။

ထိုလှုပ်ရှားမှုမှာ အလွန်ပင် အားနည်းလွန်းလှပြီး သေမင်းတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ပင် ဖြစ်ပေသည်။

"မထူးတော့ပါဘူးကွာ၊ ငါ သွေးတွေ အများကြီး ဆုံးရှုံးထားတာ၊ နတ်ဘုရားတွေ ဆင်းလာကယ်ရင်တောင်... ငါ့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး..."

ဝူဖေး၏ အသံမှာ တိုးလွန်းလှသဖြင့် ချင်ရန်မှာ သူ့နားကို ဝူဖေး၏ နှုတ်ခမ်းနားအထိ ကပ်ထားလိုက်ရသည်။

"ဓားစာခံတွေရော... ကယ်ထုတ်နိုင်ခဲ့ပြီလား"

ဝူဖေးက မေးမြန်းလိုက်၏။

မိမိမှာ သေမင်းခံတွင်းဝသို့ ရောက်ရှိနေသည့်တိုင်အောင် တာဝန်နှင့် ဝတ္တရားကို ကျေပွန်လွန်းလှသည့် ခေါင်းဆောင်ဝူကြောင့် ချင်ရန်မှာ ဆို့နင့်စွာ ခံစားလိုက်ရသည်။

"အားလုံးကို ကယ်ထုတ်ပြီးပါပြီ၊ သူတို့ အားလုံး ဘေးကင်းကြပါတယ်၊ ချန်ရှောင်ကျွမ်းလည်း ဘေးကင်းပါတယ်၊ ခေါင်းဆောင်ဝူသာ သက်သာသလို နေပါ၊ မကြာခင် အရေးပေါ် လူနာတင်ကားက ရောက်လာတော့မှာပါ၊ အားတင်းထားပါဦး"

ချင်ရန်က လေးနက်သော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"ဟဲဟဲ... တော်သေးတာပေါ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ငါ့ကို ရာထူးတိုးပေးခဲ့ဖူးတဲ့ ကျေးဇူးရှင်ပါ... သူ့သမီးလေး ဘေးကင်းသွားတာ ငါ တကယ် ဝမ်းသာပါတယ်၊ ငါတို့ရဲ့ ပေးဆပ်မှုတွေက အလကား မဖြစ်ခဲ့ဘူးပေါ့... အဟွတ်ဟွတ်"

ထို့နောက် ဝူဖေး၏ အသံမှာ ပိုမို တိုးဝင်သွားသည်။

"ချင်ရန်... မင်းမှာ... ထူးခြားတဲ့ စွမ်းအားတွေ ရှိနေတာလား"

ဝူဖေးက မေးမြန်းလိုက်၏။

ထိုစကားကြောင့် ချင်ရန်၏ မျက်ဝန်းများ မဲမှောင်သွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ် ဝန်ခံလိုက်သည်။

"ဟုတ်ပါတယ်..."

"ငါ သိသားပဲ၊ ငါ သိနေခဲ့တာ၊ မင်းလိုလူမျိုး ရဲစခန်းမှာ ရှိနေသရွေ့... မင်းလိုလူမျိုး ငါတို့ တရုတ်ပြည်သူ့နိုင်ငံမှာ ရှိနေသရွေ့... တိုင်းပြည်ကတော့ အေးချမ်း သာယာမှာ အသေအချာပဲ... ဧကန်အမှန်ပဲ..."

ဝူဖေးသည် သူ တွေးတောထားသည့် အချက်ကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပေသည်။

သူ၏ နောက်ဆုံး ဆန္ဒသည်လည်း အလုံးစုံ ပြည့်စုံသွားခဲ့ပြီ ဖြစ်၏။

နောက်တစ်စက္ကန့်တွင် ကပ္ပတိန်ဝူဖေးသည် လုံးဝ ငြိမ်ကျသွားတော့သည်။

ချင်ရန်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ ဝူဖေးမှာ မျက်လုံးများ မှိတ်သွားခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

အရာအားလုံးအား စိတ်ချလက်ချဖြင့် ထွက်ခွာသွားသကဲ့သို့ ငြိမ်းအေးလှပေသည်။

ထိုခဏ၌ သူ့နှလုံးသားမှ ပြင်းပြလှသော နာကျင်မှုက ချင်ရန်၏ အသိစိတ်ကို ဝါးမြိုသွားသကဲ့သို့ အလွန်အမင်း ခံရခက်စေခဲ့၏။

"အဲဒီ ခွေးမသား ကြေးစားကောင်တွေ"

ချင်ရန်၏ မျက်လုံးများတွင် လူသတ်ငွေ့များ ဖုံးလွှမ်းသွားပြီး ထွက်ပြေးသွားသော ကြေးစားများ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ထို့နောက် သူသည် ရှိသမျှ အရှိန်အဝါကို ထုတ်သုံးကာ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားတော့၏။

တစ်ချိန်တည်းမှာပင် အထူးရဲတပ်ဖွဲ့ဝင် အချို့ ဝူဖေး၏ အနီးသို့ ရောက်ရှိလာပြီး ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုရန် ကြိုးစားကြသည်။

သို့သော် အနီးကပ် အသေအချာ ကြည့်ရှုလိုက်သော အခါတွင် ဝူဖေး၏ ခန္ဓာကိုယ်မှာ ကျည်ဆန် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်တွင်းရှိ သွေးများမှာလည်း ကုန်ခန်းလုနီးပါး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

ဤအခြေအနေမှာ နတ်ဘုရား ကိုယ်တိုင် ဆင်းလာလျှင်ပင် မကယ်တင်နိုင်တော့သဖြင့် အထူးရဲများမှာ ခေါင်းခါကာ လက်လျှော့လိုက်ကြရသည်။

ထို့နောက် သူတို့သည် လီကွမ် ထွက်ပြေးသွားသည့် ဘက်သို့သာ ဆက်လက် လိုက်လံဖမ်းဆီးရန် ထွက်ခွာသွားကြတော့၏။

လီကွမ်နှင့် သူ့လူများမှာ အပြင်းအထန် ထွက်ပြေးနေကြသော်လည်း တိုက်ပွဲအချိန် ကြာမြင့်လာမှုကြောင့် လီကွမ်မှာ အားအင် ကုန်ခမ်းကာ မောဟိုက်နေပြီ ဖြစ်ပေသည်။

သူ့ထံတွင် လူ ၁၁ ဦးသာ ကျန်ရှိတော့ပြီး အားလုံးမှာလည်း ပင်ပန်း နွမ်းနယ်နေကြသဖြင့် လှုပ်ရှားမှုများမှာ နှေးကွေးနေကြပြီ ဖြစ်၏။

ထို့ပြင် ငှားရမ်းထားသည့် ကုမ္ပဏီဘက်မှ ရောက်ရှိလာသော ဝန်ထမ်းများကလည်း သူတို့ကို လုံးဝ လှည့်မကြည့်တော့ဘဲ ကား များ ရှိရာသို့ အားကုန်ပြေးကာ မောင်းထွက်ရန် ပြင်ဆင်နေကြသည်။

လီကွမ်၏ ကားမှာ အနည်းငယ် ဝေးကွာသော နေရာတွင် ရှိနေသောကြောင့် ပြေးသွားရဦးမည် ဖြစ်ပေသည်။

သို့သော် သူတို့ကားဆီသို့ မရောက်ရှိမီမှာပင် သေမင်းကဲ့သို့ ရက်စက်လှသော လူရိပ်တစ်ခုက လီကွမ်၏ အမြင်အာရုံထဲသို့ ရုတ်တရက် ပေါ်လာခဲ့၏။

လီကွမ်၏ မောပန်းနေသော မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားပြီး ထိုသူအား စိုက်ကြည့်မိလိုက်သည်။

ထိုသူမှာ ချင်ရန်ပင် ဖြစ်ပေသည်။

သူ၏ အိပ်မက်ဆိုးများ စတင်လေပြီ။

"ဒီကောင်က ဘာလို့ ဒီကို ပြန်ရောက်နေတာလဲ"

လီကွမ်သည် တုန်တုန်ယင်ယင်ဖြင့် သူ့လူများကို ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။

သို့သော် ချင်ရန်၏ အရှိန်မှာ ခန့်မှန်းရ ခက်ခဲလွန်းလှသဖြင့် ပစ်မှတ်ကို လုံးဝ မချိန်နိုင်ကြချေ။

ထို့ပြင် သူ့လူများမှာ အလွန်ပင်ပန်း နွမ်းနယ်နေကြပြီ ဖြစ်ပေသည်။

ယခုအခါ စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ရှိနေသော ချင်ရန်၏ ရှေ့တွင် သူတို့မှာ လုံးဝကို အကူအညီမဲ့နေကြရ၏။

*ဒိုင်း၊ ဒိုင်း၊ ဒိုင်း*

ချင်ရန်ထံမှ သေနတ်သံများ တရစပ် ထွက်ပေါ်လာပြီး လီကွမ်၏ ကြေးစားစစ်သားများ တစ်ယောက်ပြီး တစ်ယောက် လဲကျ သေဆုံးကုန်လေသည်။

နောက်ဆုံးတွင် ကြေးစား ၁၀ ဦးစလုံးသည် ချင်ရန်၏ လက်ချက်ဖြင့် အသက်ပျောက်သွားကြရပြီ ဖြစ်၏။

ချွေးများထွက်နေပြီး အသားအရေ နီမြန်းနေသည်မှအပ ချင်ရန်မှာ အကောင်းပကတိ ရှိနေဆဲပင် ဖြစ်ပေသည်။

နောက်ဆုံးတွင်မူ ချင်ရန်သည် လီကွမ်၏ အရှေ့ ၅၀ မီတာခန့် အကွာသို့ ရောက်ရှိလာသည်။

လီကွမ်၏ မျက်နှာကို မြင်တွေ့လိုက်ရသောအခါ ဝမ်ပါ့ကို ဖမ်းဆီးခဲ့စဉ်က ပုံရိပ်များသည် ချင်ရန် ခေါင်းထဲသို့ ဝင်ရောက်လာ၏။

"မင်းကိုး"

ချင်ရန်က မျက်မှောင်ကြုတ်လိုက်သည်။

ထပ်မံ၍ တွေ့ဆုံလိုက်ရခြင်းမှာ အတော်ကို တိုက်ဆိုင်လွန်းလှ၏။

လီကွမ်၏ လက်များ တုန်ယင်သွားသည်။

သူ့ထံတွင် ကျည်ဆန်များ ကုန်သွားပြီ ဖြစ်သည်။

ချင်ရန်ကမူ ပစ္စတိုနှစ်လက်ကို တစ်ပြိုင်နက်ကိုင်ဆောင်ထားပြီး သူ၏ သေနတ်ပစ်စွမ်းရည်မှာ မယုံနိုင်စရာပင် ကောင်းမွန်နေ၏။

လီကွမ်သည် ချင်ရန်ကို ကြောက်လန့်တကြားကြည့်ရှုရင်း အက်ရှရှအသံဖြင့် မေးမြန်းလိုက်သည်။

"မင်း... မင်းက တကယ်ပဲ ဘယ်သူလဲ"

"မင်းကို ဖမ်းမယ့်လူ"

ချင်ရန်သည် လီကွမ်အား သတ်ပစ်ချင်စိတ်ကို အစွမ်းကုန် ထိန်းချုပ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းချင်း တိုးကာ လျှောက်လှမ်းလာပြီး လီကွမ်၏ မျက်နှာကို အားကုန် ဖျက်ကန်လိုက်သည်။

ထို့နောက် သူသည် လီကွမ်အား လက်ထိပ်ခတ်လိုက်တော့၏။

လီကွမ်သည် ကြေးစား ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် သတင်းအချက်အလက်များစွာကို သိရှိထားသူ ဖြစ်သည်။

လီကွမ်အား သတ်ပစ်လိုက်လျှင် မည်သည့်တန်ဖိုးမှ ရှိမည်မဟုတ်ဘဲ သူ့ထံမှ ချင်ရန်တို့ လိုအပ်နေသော သတင်းအချက်အလက်ပေါင်းများ စွာ ရှိနေသဖြင့် လူသတ်ချင်သည့် စိတ်ကို မနည်းထိန်းချုပ်ထားရခြင်း ဖြစ်၏။

နောက်ဆုံးတွင် အခြေအနေ အရပ်ရပ်ကို ငဲ့ညှာကာ ဖမ်းဆီးလိုက်ရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

ချင်ရန်၏ ခြေထောက်အောက်တွင် နင်းချခံထားရသော လီကွမ်၏ ရင်ထဲတွင်မူ အထီးကျန်ဆန်လှသော ခံစားချက်တို့ဖြင့် ပြည့်နှက်နေ၏။

နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သမျှ ယခုကဲ့သို့ လူငယ်လေးတစ်ယောက်၏ လက်ထဲတွင် ကျရှုံးရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောဖူးခဲ့ချေ။

ပထမတစ်ကြိမ်က ဝမ်ပါ့၊ ယခု ဒုတိယအကြိမ်တွင်မူ လီကွမ်မှာ လုံးဝကို ပြန်လည် မခုခံနိုင်တော့ချေ။

အခြားတစ်ဖက်၌ ကုမ္ပဏီဝန်ထမ်းများသည် လီကွမ် အဖမ်းခံရသည်ကို ကြည့်ရှုကာ မျက်နှာပျက်သွားကြသည်။

ကားမှာ စတင် ထွက်ခွာနေပြီဖြစ်ရာ သူတို့သည် ဤနေရာမှ ဝေးရာ အနက်ရောင် တြိဂံနယ်မြေ ဆီသို့ ဦးတည်ကာ တန်းတန်းမတ်မတ် မောင်းနှင် ထွက်ပြေးကြတော့၏။

ထို့နောက် ခေါင်းဆောင် ဖြစ်ဟန်တူသော လူတစ်ဦးက ဖုန်းကို ကိုင်ဆောင်ကာ ဘော့စ်ထံသို့ ဆက်သွယ် အကြောင်းကြားလိုက်သည်။

"တာဝန် မအောင်မြင်ပါဘူး ဘော့စ်၊ ဓားစာခံတွေကို တရုတ်အစိုးရက ကယ်ထုတ်သွားပါပြီ၊ လီကွမ်နဲ့ သူ့လူတွေလည်း အဖမ်းခံလိုက်ရပါပြီ"

"အင်း..."

တစ်ဖက်မှ မည်သည့် အသံမှ ထွက်မလာဘဲ တိတ်ဆိတ်သွားသည်။

ဘော့စ်သည် အော်ဟစ် ဆဲဆိုခြင်းလည်း မပြုခဲ့ချေ။

စက္ကန့် ၂၀ ခန့် ကြာမြင့်သော အခါတွင်...

"ငါ နားလည်ပြီ၊ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့၊ မင်းတို့လည်း အမြန်ဆုံး အဲဒီနေရာက ထွက်လာခဲ့တော့"

ဘော့စ်က ဒေါသကို ထိန်းချုပ်ရင်း အံကိုကြိတ်ကာ ပြောဆိုနေသည်ကို လူတိုင်း ခံစားလိုက်ရသည်။

အရည်အချင်း ပြည့်ဝသည့် ဓားစာခံ လူငယ် ၁၀၀ ကျော်ကို ဆုံးရှုံးလိုက်ရခြင်းမှာ သူတို့အတွက် အလွန်ကြီးမားသော ဆုံးရှုံးနစ်နာမှု တစ်ခုပင် ဖြစ်၏။

အကယ်၍ ထိုလူများကို ရရှိခဲ့ပါက ဥရောပရှိ လူများနှင့် ချိတ်ဆက်ကာ စီးပွားရေးကွန်ရက်ကို ချဲ့ထွင်နိုင်မည် ဖြစ်ပေသည်။

သို့သော် ယခုမူ အားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရလေပြီ။

နယ်စပ်ဘက်တွင်မူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အထူးရဲတပ်ဖွဲ့ဝင်များ အားလုံး ရောက်ရှိလာကြပြီး ဝူဖေးမှာ ကျောက်ဆောင်ကို မှီကာ အေးချမ်းစွာ အိပ်စက်နေသည်ကို မြင်တွေ့သော အခါ ညွှန်ကြားရေးမှူးချုပ်မှာလည်း တိတ်ဆိတ်သွားတော့သည်။

သူသည် ဝူဖေးနှင့် သိကျွမ်းခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်၏။

ဝူဖေးမှာ ရဲအကူ ဘဝမှ စခန်းမှူး အဆင့်အထိ ရောက်ရှိလာသူ ဖြစ်ပြီး သူ့အပေါ် သစ္စာရှိလှသော လူယုံတစ်ဦးလည်း ဖြစ်ပေသည်။

သို့သော် ယခုမူ ဤစစ်ဆင်ရေး အတွင်း၌ပင် သူ့ညီအစ်ကိုမှာ အသက်ပေးသွားခဲ့ရလေပြီ ဖြစ်၏။

ဤစစ်ဆင်ရေးတွင် ဓားစာခံ ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့သော်လည်း ရဲအရာရှိ ၄၀ ကျော် ကျဆုံးခဲ့ရသည်။

အယောက် ၂၀ ခန့်မှာ ဗုံးဒဏ်ကြောင့် ဖြစ်ပြီး ကျန် ၂၀ မှာမူ အပြင်းအထန် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ခြင်း ဖြစ်ပေသည်။

'သူရဲကောင်းတို့သည် ဘယ်သောအခါမှ မသေဆုံးပါ''

ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် အလွန်အမင်း ဝမ်းနည်းကြေကွဲစွာဖြင့် ရုပ်အလောင်းကို အလေးပြုလိုက်၏။

ထို့နောက် ရှင်းလင်းရေးများ စတင်တော့သည်။

ကားများ တစ်စီးပြီးတစ်စီး ရောက်ရှိလာကာ ဓားစာခံများနှင့် ရုပ်အလောင်းများကို သယ်ဆောင်သွားကြ၏။

ချင်ရန်လည်း ကားပေါ်သို့ တက်လိုက်ပါလာခဲ့သည်။

ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် တွေးတောကြည့်သောအခါ ဓားစာခံများကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြသဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းမွန်လှသော်လည်း မည်သူမှ ပျော်ရွှင်မှုကို မခံစားကြရဘဲ အများစုမှာမူ ဝမ်းနည်းကြေကွဲမှုနှင့် နှလုံးသားနာကျင်မှုများသာ ဖုံးလွှမ်းနေပါတော့သည်။

All Chapters