← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

155

စစ်ဆင်ရေး အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း ထိုအောင်မြင်မှုအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးမှာမူ ရဲအရာရှိ ၄၀ ၏ အသက်နှင့် ဘဝများပင် ဖြစ်ပေသည်။

အချို့သော ရဲဘော်များဆိုလျှင် ရုပ်အလောင်းပင် အဖတ်မတင်နိုင်ခဲ့ချေ။

ဤသည်မှာ သမိုင်းတွင် မကြုံစဖူးသော အရင်းအနှီး ကြီးမားသည့် အောင်မြင်မှုတစ်ခုပင် ဖြစ်၏။

ချင်ရန်သည် နာရှီးမြို့ငယ်လေးသို့ ပြန်လာခဲ့သည်။

ကယ်ဆယ်ရေးနှင့် သက်ဆိုင်သော ထွက်ဆိုချက်အချို့ကို ပေးအပ်ပြီးနောက် လိမ်လည်ဖျားယောင်း သွေးဆောင်ခံခဲ့ရသည့် ဖိန်လင်မြို့မှ လူများကိုလည်း ကိုယ်ရေးအချက်အလက်များနှင့်တကွ အတည်ပြုပေးခဲ့ပေသည်။

ချင်ရန်၏ ထိုကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေသော အမူအရာကို ကြည့်ရှုကာ တစ်ခုခုကို ခံစားနေရမှန်း သိသာလှသဖြင့် ချန်ဟောက်နှင့် ချောင်ကျန့်ကျွင်းတို့မှာလည်း ဘာပြောရမှန်းမသိဘဲ ပခုံးကိုသာ ခပ်ဖွဖွပုတ်ပေးနိုင်ကြတော့သည်။

ဖိန်လင်မြို့မှ အလိမ်ခံရသူ စုစုပေါင်း ၄ ဦး ရှိ၏။

ချင်ရန်၊ ချောင်ကျန့်ကျွင်း၊ ချန်ဟောက်နှင့် အထူးရဲတပ်ရင်းမှူး လီချွမ်းတို့သည် ထိုလူများကို ခေါ်ဆောင်ကာ ရထားဘူတာသို့ ထွက်ခွာခဲ့ကြသည်။

သူတို့ကို ဖိန်လင်မြို့သို့ ပြန်လည် ပို့ဆောင်ကြရမည် ဖြစ်ပေသည်။

စစ်ဆင်ရေးအတွင်း ပေးဆပ်လိုက်ရမှုများနှင့် ပတ်သက်၍ ချင်ရန်သည် ညွှန်ကြားရေးမှူးချုပ်ထံ ကိုယ်တိုင်သွားရောက်ကာ မိမိအတွက် မည်သည့် ဂုဏ်ပြုဆု သို့မဟုတ် မှတ်တမ်းတင် ဂုဏ်ပြုမှုကိုမျှ မပြုလုပ်ရန် ပြတ်ပြတ်သားသား မေတ္တာရပ်ခံခဲ့၏။

ထိုအခါ ညွှန်ကြားရေးမှူးချုပ်မှာ အံ့အားသင့်သွားသော်လည်း ချင်ရန်က သူ၏ ရင်တွင်းခံစားချက်နှင့် ခိုင်လုံသော အကြောင်းပြချက်ကို ဤသို့ ရှင်းပြခဲ့သည်။

ဤစစ်ဆင်ရေးတွင် သူ၏ ရဲဘော်ရဲဘက်များစွာ အသက်ပေးကျဆုံးခဲ့ရပြီး သူတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဤအောင်မြင်မှုသည် တစ်ဦးတစ်ယောက်တည်း၏ စွမ်းဆောင်မှု မဟုတ်ဘဲ အသက်ပေးသွားကြသော ရဲဘော်များ အားလုံး၏ စုပေါင်းစွမ်းအားကြောင့်သာ ဖြစ်ကြောင်း၊ မိမိတစ်ဦးတည်း ဂုဏ်ပြုခံရမည် ဆိုပါက ကျဆုံးသွားသော သူရဲကောင်းများကို အားနာမိကြောင်း သူက လေးနက်စွာ တင်ပြခဲ့၏။

ညွှန်ကြားရေးမှူးချုပ်သည် ချင်ရန်၏ ကိုယ်ကျိုးမငဲ့သော မြင့်မြတ်သောစိတ်ထားကို ခေတ္တမျှ စဉ်းစားပြီးနောက် ချင်ရန် အပါအဝင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများ အားလုံးအတွက် ပထမတန်းစား ဂုဏ်ထူးဆောင်ဆုကို လျှောက်ထားပေးမည်ဟု ကတိပေးလိုက်တော့သည်။

မကြာမီတွင် ချင်ရန်နှင့် အဖွဲ့သားများသည် ဖိန်လင်မြို့သို့ ပြန်မည့် အမြန်ရထားပေါ်သို့ တက်ရောက်ခဲ့ကြသည်။

ရထားပေါ်တွင် ချင်ရန်၏ မျက်နှာမှာ အလွန်ပင် နွမ်းနယ်နေပုံ ရ၏။

ဤအနောက်တောင်ဘက် ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် သူ့အား စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ များစွာ ဖိစီးပင်ပန်းစေခဲ့ပေသည်။

အမြန်ရထားဖြင့် ရက်အနည်းငယ်ကြာ ခရီးနှင်ပြီးနောက် ဖိန်လင်မြို့သို့ ဆိုက်ရောက်ချိန်တွင် ဖိန်လင်အထွေထွေဗျူရိုမှ ရာဇဝတ်မှု နှိမ်နှင်းရေးအဖွဲ့မှူး လင်းကုဝေ၊ ညွှန်ကြားရေးမှူး စုန့်ဝေ၊ လီကျိန်းယီနှင့် အခြား ရဲအရာရှိ ဒါဇင်ပေါင်းများစွာတို့က သူရဲကောင်း ချင်ရန်ကို ကြိုဆိုရန် ဘူတာရုံတွင် စောင့်ဆိုင်းနေကြ၏။

အနောက်တောင် နယ်စပ်ဒေသတွင် ချင်ရန် စွမ်းဆောင်ခဲ့သမျှ သတင်းများသည် ဖိန်လင်မြို့တစ်ခွင် ပျံ့နှံ့နေပြီ ဖြစ်သည်။

အထူးသဖြင့် အနောက်တောင်ဌာနချုပ်၏ ဒုတိယအကြီးအကဲ ကိုယ်တိုင် ဖုန်းဆက်၍ အသိပေး ချီးကျူးမှုမှာ ချင်ရန်၏ ဂုဏ်သတင်းကို ပိုမို တောက်ပစေခဲ့ပေသည်။

"သူရဲကောင်းကြီး ပြန်လာတာကို ကြိုဆိုပါတယ်"

ချင်ရန် ဘူတာရုံ အပြင်သို့ ထွက်လာသည်နှင့် ညွှန်ကြားရေးမှူးချုပ်က ဦးစွာ လက်ခုပ်တီး၍ နွေးထွေးစွာ ကြိုဆိုလိုက်သည်။

သို့သော် သူ့မျက်နှာမှာမူ တည်ကြည်လေးနက်နေဆဲပင် ဖြစ်၏။

အနောက်တောင်ဘက် စစ်ဆင်ရေးတွင် ချင်ရန်တို့ မည်မျှအထိ အထိနာခဲ့သည်ကို သူတို့လည်း သိရှိထားသောကြောင့် ဖြစ်ပေသည်။

လီကျန်းယီနှင့် စုန့်ဝေတို့မှာလည်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြချေ။

ရိုးရှင်းသည့် လူသွားခေါ်သည့် တာဝန်တစ်ခုမှာ ထိုမျှအထိ ကြီးကျယ် ရှုပ်ထွေးသွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

ချင်ရန်သည် အားလုံးကို ခေါင်းညိတ်နှုတ်ဆက်ကာ ခေါ်ဆောင်လာသော လူ ၄ ဦးကို စုန့်ဝေထံ အပ်နှံလိုက်သည်။

ညွှန်ကြားရေးမှူးချုပ်သည် ချင်ရန်အတွက် ကြိုဆိုပွဲညစာကို စားသောက်ဆိုင်ငယ်လေးတစ်ခု၌ ရိုးရှင်းစွာ ပြုလုပ်ပေးခဲ့ပြီး ချင်ရန်၏ စွမ်းဆောင်မှုကြောင့် ခရိုင်ဗျူရိုအစည်းအဝေးတွင် သူ့မျက်နှာမှာ အလွန်ပင် ပွင့်ခဲ့ရ၏။

မကြာမီတွင် ချင်ရန်မှာ ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်ရာ ညွှန်ကြားရေးမှူးချုပ်က သူ့အား အထူးအခွင့်အရေးများ ပိုမို ပေးအပ်ချင်နေမိသည်။

သို့သော် ညစာစားနေစဉ်အတွင်း ချင်ရန် စိတ်လွင့်နေသည်ကို ညွှန်ကြားရေးမှူးချုပ် သတိပြုမိသဖြင့် ညစာကို အမြန်လက်စသတ်ကာ သူ့အား အိမ်သို့ အနားယူရန် အမြန်ဆုံး ခွင့်ပြုပေးလိုက်၏။

အိမ်သို့ ပြန်ရောက်သော အခါ လီတဝေ၊ ကျောက်ကျိဝေ့နှင့် ယန်ရှုတို့သည်လည်း ချင်ရန်ကို မြင်၍ အလွန် ဝမ်းသာသွားကြသော်လည်း ချင်ရန်၏ အမူအရာ မကောင်းသည်ကို မြင်တွေ့သောအခါ အကဲခတ်ကောင်းသော ယန်ရှုတို့က သူ့အား တစ်ယောက်တည်း အေးအေးဆေးဆေး အနားယူရန် အချိန်ပေးလိုက်ကြသည်။

ရက်အနည်းငယ် အနားယူပြီးနောက် ချင်ရန်၏ အခြေအနေမှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဌာနချုပ်တွင် တာဝန် စတင်ရန် ၂ ပတ်သာ လိုတော့သဖြင့် ဖိန်လင်ရဲစခန်း၌ နေထိုင်ရမည့် အချိန်မှာ အလွန်ပင်တန်ဖိုးရှိလှပေသည်။

ယနေ့တွင်မူ ချင်ရန် အလုပ်ပြန်ဆင်းတော့မည် ဖြစ်ကြောင်း စခန်းမှူးဝမ်ရှောင်ရီအား အကြောင်းကြားရန် ပါလီမြစ် ရဲစခန်းဆီသို့ ထွက်ခွာလာခဲ့သည်။

သို့သော် ရဲစခန်းအနီးသို့ ရောက်ရှိသောအခါ ရဲစခန်းဝင်ပေါက်ကို ပိတ်ဆို့ကာ အဖြူရောင် နဖူးစည်းစာတန်းများကို ကိုင်ဆောင်ထားသည့် လူ ၁၀ ဦးကျော်ကို တွေ့ရှိလိုက်ရ၏။

စခန်းမှူးဝမ်မှာ ချွေးများပြန်နေပြီး အခြေအနေအား ထိန်းသိမ်းရန် အခက်တွေ့နေပုံကို ချင်ရန် မျက်မှောင်ကြုတ်၍ ကြည့်လိုက်မိသည်။

"ရွာသားတို့... ကျေးဇူးပြုပြီး လမ်းကို မပိတ်ကြပါနဲ့၊ ကျွန်တော်တို့ အလုပ်လုပ်ရတာ အနှောင့်အယှက် ဖြစ်နေလို့ပါ"

ဝမ်ရှောင်ရီက တောင်းတောင်းပန်ပန် ပြောဆိုနေရရှာသည်။

"ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မ သမီးလေး ဒီလိုမျိုး အလကား မသေစေရဘူး"

အသက် ၅၀ ခန့်ရှိသော အမျိုးသမီးတစ်ဦးက အော်ဟစ် ပြောဆိုနေ၏။

"စခန်းမှူးဝမ်... ကျွန်မတို့ ဒီနဖူးစည်းတွေကို စပြီး လာချိတ်ကတည်းက ရှင်က ရဲသားဘဝပဲ ရှိသေးတာ၊ အခုတော့ စခန်းမှူး ဖြစ်သွားပြီဆိုတော့ အာဏာတွေ ပြချင်နေတာလား"

နောက်ထပ်အမျိုးသမီး တစ်ဦးက ဝင်ရောက် ပြောဆိုပြန်သည်။

ဝမ်ရှောင်ရီမှာ ဘာပြန်ပြောရမှန်း မသိဘဲ အကျပ်ရိုက်နေရ၏။

လီတဝေ၊ ယန်ရှုနှင့် ရှကျဲတို့ကလည်း ထိုလူစုကို ဝိုင်းဝန်းဖျောင်းဖျနေကြသော်လည်း မအောင်မြင်ချေ။

ချင်ရန်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း နားမလည်နိုင် ဖြစ်သွားသည်။

'ဘာတွေ ဖြစ်နေကြတာလဲ၊ ဘာလို့ ရဲစခန်းရှေ့မှာ လာပိတ်ပြီး ဆန္ဒပြနေကြတာလဲ'

ချင်ရန်သည် ထိုလူစုကြီး၏ အနားသို့ တိုးကပ်ကြည့်ရှုလိုက်သောအခါ အဖြူရောင် နဖူးစည်းပေါ်တွင် 'လူသတ်သမားကို မဖြစ်မနေ ဖမ်းဆီးပေးရန်' ဟု အနီရောင်ဖြင့် အကြီးအကျယ် ရေးသားထားသည့် စာတန်းကို တွေ့ရှိလိုက်ရ၏။

ထိုစာလုံးများမှာ သွေးဖြင့် ရေးသားထားသကဲ့သို့ နီရဲနေကာ သွေးမျက်ရည်ကျနေသည့်အလား ကြောက်မက်ဖွယ် ကောင်းလှသလို ရင်နင့်စရာလည်း ကောင်းမွန်လှပေသည်။

ချင်ရန်သည် ရှကျဲ၏ အနားသို့ တိတ်တဆိတ် ကပ်သွားလိုက်သည်။

ထိုအခါ ရှကျဲက ချင်ရန်ကိုမြင်သော် ဝမ်းသာအားရဖြင့် နှုတ်ဆက်လေ၏။

"ချင်ရန်... မင်း ပြန်လာပြီပဲ၊ နေရော ကောင်းသွားပြီလား"

ချင်ရန် ခေါင်းညိတ်ပြလိုက်ရင်း မေးမြန်းလိုက်သည်။

"ဒါ ဘာတွေ ဖြစ်နေတာလဲ"

ရှကျဲက သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်၏။

"ဒီလူတွေက လူသတ်သမားကို ဖမ်းပေးဖို့ လာတောင်းဆိုနေကြတာ"

"ဗျာ..."

ချင်ရန်မှာ အံ့အားသင့်သွားရသည်။

ရှကျဲက ဆက်၍ ရှင်းပြလာခဲ့၏။

"စခန်းမှူး ပြောပြချက်အရ ဆိုရင် ဒီလူတွေ ဒီမှာလာပြီး နဖူးစည်း စာတန်းတွေ ချိတ်နေကြတာ နှစ် ၂၀ နီးပါး ရှိပြီတဲ့"

"နှစ် ၂၀ ကျော်သွားတဲ့ အမှုဟောင်းကို လာပြီး ဆန္ဒပြနေကြတာလား"

"ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ် ၂၀ က အခြေအနေတွေက အတော်ကို ရှုပ်ထွေးခဲ့တာ၊ အဲဒီတုန်းက အမှုတွေလည်း အများကြီးပဲ၊ ဒီလူတွေ အားလုံးရဲ့ သမီးတွေက အဲဒီအချိန်မှာ အသတ်ခံခဲ့ရတာ ဒါပေမဲ့ အဲဒီတုန်းက စုံစမ်းစစ်ဆေးရေး နည်းပညာတွေက အကန့်အသတ် ရှိနေသလို တရားခံကလည်း အစအနဖျောက်ရာမှာ အရမ်း တော်လွန်းတော့ ရှာမတွေ့ခဲ့ကြဘူးလေ"

ရှကျဲ၏ လေသံမှာ အားကိုးရာမဲ့မှုများဖြင့် ပြည့်နှက်နေသည်။

"အခုက အမှုရဲ့ သက်တမ်း ကန့်သတ်ချက် နှစ် ၂၀ ပြည့်တော့မယ် ဆိုတော့ သူတို့ နေ့တိုင်းလာပြီး အရေးဆိုနေကြတာ၊ အရင်ကတော့ တစ်နှစ်မှာ ရက်အနည်းငယ်ပဲ လာတတ်ပေမယ့် အခုတော့ ဒီမှာပဲ အချိန်အကြာကြီးနေပြီး နှောင့်ယှက်မယ့်ပုံပဲ"

အမှန်တကယ်တွင်မူ ရဲတပ်ဖွဲ့မှာ အမှုမစစ်ဆေးချင်သောကြောင့်မဟုတ်ဘဲ အချိန်ကာလ အလွန်ကြာမြင့်သွားခြင်းနှင့် သက်သေအထောက်အထား နည်းပါးခြင်းတို့ကြောင့် တရားခံကို ခြေရာခံရန် အလွန်ခက်ခဲနေခြင်း ဖြစ်ပေသည်။

နဖူးစည်းကိုင်ဆောင်ထားသူ ခုနစ်ဦးစလုံးမှာ အိုမင်းစပြုနေကြသော အမျိုးသမီးများ ဖြစ်ကြ၏။

သူတို့၏ သမီးငယ်များ အသတ်ခံရစဉ်က သမီးလေးများမှာ ကျောင်းသူအရွယ်လေးများသာ ရှိသေးပြီး မိခင်များမှာလည်း အသက် ၃၀ ဝန်းကျင် အားမာန် ပြည့်ရှိသော အရွယ်များ ဖြစ်ကြသည်။

ယခုမူ သူတို့မှာ အသက် ၅၀၊ ၆၀ အရွယ်သို့ ရောက်ရှိကာ အိုမင်း ရင့်ရော်နေကြပြီ ဖြစ်သော်လည်း ၉ လလွယ် ၁၀ လဖွားခဲ့ရသော ကိုယ့်သွေးသားလေးများကိုမူ ဘယ်သောအခါမှ မေ့ပျောက်နိုင်ကြမည် မဟုတ်ချေ။

ဝမ်ရှောင်ရီသည် ထိုအမျိုးသမီး ခုနစ်ဦး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရပြီး လူအုပ်ကြီးလည်း ဝိုင်းအုံကြည့်ရှုနေသဖြင့် အခြေအနေမှာ အတော်ပင်ကြည့်ရှုရ ဆိုးနေပေသည်။

အတင်းအကျပ် မောင်းထုတ်ရန်မှာလည်း သက်ကြီးရွယ်အို အမျိုးသမီးများ ဖြစ်နေသည့်အတွက် အကျိုးဆက်ကို တွေးဆကာ ဝမ်ရှောင်ရီမှာ လက်မှိုင်ချနေရုံမှတစ်ပါး အခြား မရှိချေ။

ဝမ်ရှောင်ရီတွင် ကောင်းမွန်သည့် နည်းလမ်း မရှိသော်လည်း ချင်ရန်တွင်မူ ထူးခြားသော နည်းလမ်းရှိနေ၏။

သူ့ထံတွင် ရာဇဝတ်မှုများကို အချိန်နောက်ပြန် ခြေရာခံနိုင်သော ထူးခြားသည့် စွမ်းရည် ရှိနေသည် မဟုတ်ပါလား။

သေဆုံးသူ သို့မဟုတ် တရားခံနှင့် ပတ်သက်သည့် အစအနလေး တစ်စုံတစ်ခုကိုသာ တွေ့ရှိပါက သူသည် လွန်ခဲ့သော နှစ် ၂၀ က အဖြစ်အပျက်များကို ကွက်ကွက်ကွင်းကွင်း ပြန်လည် မြင်တွေ့နိုင်မည် ဖြစ်ပေသည်။

156

လူအုပ်အလယ်တွင် ဝိုင်းရံပိတ်မိနေသော ဝမ်ရှောင်ရီကို မြင်သည်နှင့် ချင်ရန်သည် ချက်ချင်းပင် တိုးဝှေ့ဝင်ရောက်သွားတော့၏။

မျက်ရည်များဖြင့် ပြည့်နှက်နေသော ထိုအသက်လတ်ပိုင်း အမျိုးသမီး ခုနစ်ဦးမှာ လူသတ်သမားကို ကျိန်ဆဲနေကြသကဲ့သို့ ဝမ်ရှောင်ရီကိုလည်း အသုံးမကျသူ၊ တာဝန်ကျေပွန်မှုမရှိသူဟု အပြစ်တင်စွပ်စွဲနေကြသည်။

ချင်ရန်သည် ရှေ့သို့တိုးထွက်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အဒေါ်တို့... ကျွန်တော် နားလည်တာကတော့ အဒေါ်တို့ ဒီကိုလာတာက ရန်ဖြစ်ဖို့မဟုတ်ဘဲ အမှုကို အမြန်ဆုံးဖော်ထုတ်ပြီး လူသတ်သမားကို ဖမ်းဆီးပေးဖို့ မဟုတ်လား”

“ဒါက သိသာနေတာပဲလေ”

“မင်းလို ကလေးက ဘာသိလို့ လာပြောနေတာလဲ”

“ဒါဆိုရင်လည်း မင်းတို့ စခန်းမှူးကို ပြောလိုက်လေ၊ လူသတ်သမားကို မြန်မြန်ဖမ်းပေးဖို့”

အမျိုးသမီးခုနစ်ဦးစလုံးက တစ်ယောက်တစ်ပေါက် အော်ဟစ်ဆူပူကြသဖြင့် အခြေအနေမှာ ပိုမိုရုန်းရင်းဆန်ခတ် ဖြစ်လာသည်။

ဝမ်ရှောင်ရီက ချင်ရန် အနားသို့ အသာအယာတိုးကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

“ချင်ရန်... မင်း ဟိုဘက်ကို သွားနေလိုက်၊ ဒီကိစ္စထဲ ဝင်မပါနဲ့၊ သူတို့ ရင်ဖွင့်ပါစေ၊ အချိန်တန်ရင် ပြန်သွားကြလိမ့်မယ်”

ထိုအခါ ချင်ရန်က ခေါင်းခါကာ ခိုင်မာစွာ တုံ့ပြန်လိုက်သည်။

“စခန်းမှူး... သူတို့ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူးဗျ၊ ဒါက ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး”

ဝမ်ရှောင်ရီလည်း ထိုအချက်ကို ကောင်းစွာနားလည်၏။

သို့သော် သူ ဘာတတ်နိုင်မည်နည်း။

ဤအမှုကို ဌာနချုပ်သို့ လွှဲပြောင်းစစ်ဆေးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ချေ။

ဌာနချုပ်ဘက်ကလည်း နှစ်ပေါင်းများစွာ စုံစမ်းခဲ့သော်လည်း သက်သေမစုံလင်သဖြင့် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

“စခန်းမှူး... ဒီအမှုကို ကျွန်တော် စုံစမ်းကြည့်ချင်တယ်”

ချင်ရန်က လေသံနှိမ့်ကာ ဆက်ပြောသည်။

“သူတို့ကို ဖျောင်းဖျနိုင်ဖို့ဆိုရင် ကျွန်တော်တို့ ထပ်ပြီး စုံစမ်းစစ်ဆေးပြဖို့ လိုတယ် မဟုတ်လား”

ဝမ်ရှောင်ရီမှာ အံ့အားသင့်သွားရသည်။

“မင်းက ဒီအမှုကို စုံစမ်းချင်တယ် ဟုတ်လား၊ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမှုလေ၊ သက်သေအထောက်အထားလည်း မရှိသလောက်ပဲ၊ မင်း ဘာများ ရှာတွေ့နိုင်လို့လဲ”

“ဟန်ပြပဲ ဖြစ်ဖြစ်ပေါ့ဗျာ”

ချင်ရန်က ခပ်တိုးတိုးလေး ပြန်ပြောလိုက်သည်။

“ဟန်ပြစစ်ဆေးပေးတာက သူတို့ကို ဖျောင်းဖျဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်သွားနိုင်တာပဲလေ”

ချင်ရန် ထိုသို့ပြောရခြင်းမှာ သက်သေအစအနလေး တစ်ခုခုကိုသာ လက်လှမ်းမီလိုက်ပါက အမှန်တရားကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်၏။

ဝမ်ရှောင်ရီသည် ချင်ရန်၏စကားကို နားထောင်ပြီးနောက် ချင်ရန်တွင် ထိုကဲ့သို့ အတွေးရှိနေသည်ကို အံ့သြသွားကာ လေးပင်စွာ သက်ပြင်းချလိုက်သည်။

“ကောင်းပြီလေ”

ထို့နောက် ဝမ်ရှောင်ရီသည် အမျိုးသမီးခုနစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်၏။

“အားလုံးပဲ စိတ်အေးအေးထားကြပါ၊ ကျွန်တော် လူလွှတ်ပေးလိုက်မယ်၊ အဒေါ်တို့အိမ်တွေအထိ လိုက်ခိုင်းပြီး သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထပ်ယူခိုင်းပါ့မယ် ပြီးရင် ဌာနချုပ်နဲ့ ဆက်သွယ်ပြီး လူသတ်သမားကို ဖမ်းမိဖို့ အစွမ်းကုန် ကူညီပေးပါ့မယ်”

ထိုစကားများမှာ တစ်ဖက်လူကို အပြည့်အဝ ကျေနပ်စေမည် မဟုတ်သော်လည်း အချိန်ဆွဲရန်အတွက်မူ အကောင်းဆုံးပင် ဖြစ်၏။

ဝမ်ရှောင်ရီ၏ ရှင်းပြချက်ကြောင့် အမျိုးသမီးများအဖွဲ့မှာလည်း မတတ်သာဘဲ လက်ခံလိုက်ကြရသည်။

ထို့နောက် ဝမ်ရှောင်ရီသည် ချန်ဟောက်ကိုခေါ်ကာ ချင်ရန်နှင့် ရှကျဲတို့ကို ဦးဆောင်ပြီး သေဆုံးသူများ၏အိမ်သို့ လိုက်လံစစ်ဆေးရန် ညွှန်ကြားလိုက်သည်။

၎င်းမှာ ဟန်ပြသက်သက်သာ ဖြစ်ပြီး ပုံမှန်စုံစမ်းစစ်ဆေးမှုအရ အိမ်နီးနားချင်းများကို မေးမြန်းခြင်းနှင့် ထွက်ဆိုချက်ယူခြင်းတို့သာ ပြုလုပ်နိုင်မည် ဖြစ်သည်။

သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ဌာနချုပ်ကိုယ်တိုင်ပင် လက်လျှော့ထားရသည့် အမှုဖြစ်ရာ ချန်ဟောက်ကမူ ဤခရီးစဉ်ကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်သာ သဘောထားလိုက်သည်။

ချင်ရန်တို့ သုံးဦးသည် အမျိုးသမီးတစ်ဦး၏ နောက်သို့ လိုက်ပါကာ ကားဖြင့် မိနစ် ၃၀ ခန့် မောင်းနှင်ပြီးနောက် ဟောင်းနွမ်းလှသော လူနေရပ်ကွက်တစ်ခုသို့ ရောက်ရှိလာသည်။

ဤနေရာရှိ အိမ်များသည် အလွန်ဟောင်းနွမ်းလှပြီး နံရံများပေါ်တွင် ရေညှိများပင် တက်နေပြီ ဖြစ်သည်။

ထိုအမျိုးသမီးသည် ချင်ရန်တို့ကို ကျဉ်းမြောင်းသော ခြံဝင်းလေးတစ်ခုထဲသို့ ဦးဆောင်ခေါ်သွားရင်း ပြောပြ၏။

“ဒီခြံထဲမှာ အဒေါ်တို့နေလာတာ နှစ် ၂၀ ကျော်ပါပြီ၊ အဒေါ့်သမီးလေး နီနီက ဒီမှာပဲ ကြီးပြင်းခဲ့တာ၊ လာ... လိုက်ခဲ့ကြပါဦး”

အိမ်ထဲသို့ ရောက်ရှိသွားသောအခါ နံရံများပေါ်တွင် စံပြကျောင်းသားဆု အစရှိသော ဂုဏ်ထူးဆောင်လက်မှတ်ပေါင်း များစွာ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။

လက်မှတ်ပေါ်ရှိ အမည်မှာ ရန်ယွိထင် ဖြစ်၏။

ရုတ်တရက် ထိုအမျိုးသမီး၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပြန်ဝဲတက်လာပြန်သည်။

“သူမက အရမ်းလိမ္မာတဲ့ ကလေးလေးပါ၊ စာလည်း အရမ်းတော်သလို မိဘကိုလည်း တစ်ခါမှ စိတ်မညစ်ရအောင် နေခဲ့တာ၊ ဒီလောက် လိမ္မာတဲ့ကလေးက ဘာလို့ ဒီလို ကံဆိုးရတာလဲ”

ထိုအမျိုးသမီးမှာ ရှိုက်ကြီးတငင် ငိုကြွေးနေသဖြင့် ရှကျဲ အနားသို့သွား၍ နှစ်သိမ့်ပေးလိုက်သည်။

ထိုမြင်ကွင်းကြောင့် ချန်ဟောက်ပင်လျှင် စိတ်မကောင်း ဖြစ်သွားရ၏။

ချန်ဟောက်က ဝင်ရောက်မေးမြန်းလိုက်သည်။

“ဒီကလေးရဲ့ ဝါသနာက ဘာလဲဗျ”

“သူ့ဝါသနာက ရိုးရိုးလေးပါပဲ၊ များသောအားဖြင့် အိမ်မှာပဲနေပြီး စာဖတ်တယ်၊ ပုံဆွဲတယ်၊ ဒါပါပဲ”

အိမ်ထဲတွင် နေရာအနှံ့အပြား အလွန်သန့်ရှင်းသပ်ရပ်နေသည်ကို ချင်ရန် သတိပြုမိလိုက်သည်။

သို့သော် ကြည့်ရသည်မှာ ဤနေရာတွင် လူနေထိုင်ခြင်း မရှိတော့သည်မှာ ကြာပြီဖြစ်ပုံရ၏။

လူမနေသော်လည်း ဤမျှအထိ ပြောင်လက်နေခြင်းမှာ မိခင်ဖြစ်သူသည် သမီးလေးအပေါ် ထားရှိသော အတိုင်းအဆမရှိသည့် လွမ်းဆွတ်တမ်းတမှုများကို ဖော်ပြနေခြင်းပင် ဖြစ်ပေသည်။

“ရဲအရာရှိတို့ရယ်... တောင်းပန်ပါတယ်၊ လူသတ်သမားကို မဖြစ်မနေ ဖမ်းပေးကြပါ”

အမျိုးသမီးကြီးသည် လူသတ်သမားကို ဖမ်းဆီးပေးရန် ထပ်ဖန်တလဲလဲ တောင်းပန်ရှာသည်။

ထိုစဉ် ချင်ရန်က ရုတ်တရက် မေးလိုက်၏။

“အဒေါ်... အဒေါ့်သမီးရဲ့ ဓာတ်ပုံလေး တစ်ပုံလောက် ကျွန်တော့်ကို ကြည့်ခွင့်ပေးမလား”

အမျိုးသမီးမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း အံဆွဲထဲမှ သမီးဖြစ်သူ၏ ဓာတ်ပုံလေးကို ထုတ်ပေးရှာသည်။

ဓာတ်ပုံထဲတွင် အသက် ၁၄၊ ၁၅ နှစ်အရွယ် ချစ်စရာကောင်းသော မိန်းကလေးငယ်ကို တွေ့လိုက်ရ၏။

ချင်ရန်သည် ဓာတ်ပုံကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲမှနေ၍ စနစ်ကို စတင်လိုက်တော့သည်။

“ရာဇဝတ်မှု အတိတ်ကို ပြန်လည်ခြေရာခံခြင်း စတင်မယ်”

နောက်တစ်စက္ကန့်တွင် ချင်ရန်သည် အချိန်စက်ဝန်းတစ်ခုထဲသို့ ရောက်ရှိသွားပြီး လွန်ခဲ့သော နှစ် ၂၀ ဆီသို့ ပြန်လည်ရောက်ရှိသွားတော့၏။

၎င်းမှာ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခု ဖြစ်သည်။

အပြင်ဘက်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေပြီး မြေပြင်ပေါ်တွင် ရေများ ၃၀ စင်တီမီတာခန့်အထိ တက်နေ၏။

စာသင်ခန်းထဲတွင် မိန်းကလေးငယ်တစ်ဦးတည်း အထီးကျန်စွာ ထိုင်နေသည်။

ကျောင်းဆင်းချိန် ကျော်လွန်သွားပြီ ဖြစ်သော်လည်း မိခင်မှာ အလုပ်တာဝန်ကြောင့် နောက်ကျတတ်သဖြင့် သူမသည် ကျောင်း၌ တစ်နာရီခန့် အမြဲစောင့်နေရလေ့ရှိသည်။

ကျောင်းဝင်းတစ်ခုလုံးတွင် လူသူကင်းမဲ့နေပြီ ဖြစ်သည်။

မိန်းကလေးငယ်မှာ အလွန်ပင် ကြောက်လန့်နေပြီး အခန်းထောင့်သို့ တိုးကပ်ထိုင်နေမိ၏။

သို့သော် ရုတ်တရက် စာသင်ခန်းတံခါး ပွင့်ဟသွားသည်။

စာသင်ခန်းထဲသို့ ရွှေရောင်မျက်မှန်တပ်ထားသော အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ဝင်လာ၏။

သူသည် ဆရာတစ်ဦး ဖြစ်ပုံရသော်လည်း မိန်းကလေးငယ်မှာ တုန်လှုပ်ခြောက်ခြားသွားသည်။

“ဆရာကော်... ဆရာ မပြန်သေးဘူးလား”

မိန်းကလေးငယ်က ကြောက်ရွံ့စွာ မေးလိုက်ရှာ၏။

သူမ၏အမြင်တွင် ဆရာကော်သည် လူယုတ်မာတစ်ဦး ဖြစ်သည်။

သူသည် သူမ၏အတန်းပိုင်ဆရာ ဖြစ်သော်လည်း စာအုပ်လာအပ်သည့် အချိန်တိုင်းတွင် သူမအပေါ် နည်းမျိုးစုံဖြင့် နှောင့်ယှက်စော်ကားတတ်သူ ဖြစ်သည်။

သို့သော် သူမသည် ငယ်ရွယ်သူဖြစ်သည့်အလျောက် ကြောက်ရွံ့ခြင်းကြောင့် မည်သူ့ကိုမျှ မပြောရဲခဲ့ချေ။

ထို့ပြင် မိခင်ဖြစ်သူ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသည်ကို စိတ်မပူစေချင်သဖြင့် အရာအားလုံးကို မြိုသိပ်ထားခဲ့မိသည်။

ထိုအမျိုးသား၏ မျက်ဝန်းများတွင် ရမ္မက်ဇောများ ဖုံးလွှမ်းနေကာ မိန်းကလေးငယ်ကို ယုတ်မာသောအပြုံးဖြင့် ကြည့်ကာ မေးလိုက်၏။

“မင်းအမေက အခုထိ လာမကြိုသေးဘူးလား”

ထိုသို့မေးရင်း သူမ အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်။

“မေမေ အခုပဲ လာတော့မှာပါ... ဆရာ... ဆရာ ဘာလုပ်မလို့လဲ”

မိန်းကလေးငယ်မှာ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်နေမိသည်။

သို့သော် ရွှေရောင်မျက်မှန်နှင့် ထိုမိစ္ဆာကောင်မှာမူ မိန်းကလေးငယ်အပေါ်သို့ အတင်းအဓမ္မ ခုန်အုပ်လိုက်တော့၏။

သည်းထန်စွာ ရွာသွန်းနေသော မိုးသံများကြောင့် မိန်းကလေးငယ်၏ အားကိုးရာမဲ့စွာ အကူအညီတောင်းသံမှာ မည်သူ့နားသို့မျှ မရောက်ရှိနိုင်ခဲ့ချေ။

ဤစာသင်ခန်းထဲတွင် အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေသူ နောက်တစ်ဦး ရှိနေသေးသည်။

ထိုသူမှာ အတိတ်ကို ပြန်လည်ခြေရာခံခြင်း စွမ်းရည်ကို အသုံးပြုနေသည့် ချင်ရန်ပင် ဖြစ်လေ၏။

All Chapters