အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
159
“ချင်ရန်... နင် ဘာလို့ ဒီကို ရောက်နေတာလဲ”
ရှကျဲသည် အပေါ်ထပ်မှ အေးအေးဆေးဆေး လမ်းလျှောက်ဆင်းလာသည့် ချင်ရန်ကို မြင်သော် လုံးဝ ဆွံ့အသွားရ၏။
သူတို့ ရောက်ရှိလာစဉ်က ဆရာကော်ကို မေးမြန်းခဲ့ရာတွင် ဤအိမ်၌ အခြားသူ မရှိကြောင်း ပြောခဲ့သည် မဟုတ်ပါလား။
သို့ဆိုလျှင် ချင်ရန်သည် မည်သည့်အချိန်ကတည်းက အပေါ်ထပ်သို့ ရောက်ရှိနေသည်ကို မည်သူမျှ မသိရှိခဲ့ကြချေ။
ချန်ဟောက်နှင့် ရှကျဲတို့ ဇဝေဇဝါ ဖြစ်နေသကဲ့သို့ ဆရာကော်၏ မျက်နှာမှာလည်း သိသိသာသာ ပျက်ယွင်းသွား၏။
မိမိအိမ်ရှိ ပြတင်းပေါက်များကို အသေအချာ ပိတ်ထားပြီး ဖြစ်ရာ မိမိခွင့်ပြုချက်မပါဘဲ မည်သူမျှ မဝင်ရောက်နိုင်ကြောင်း သူသာ အသိဆုံး ဖြစ်ပေသည်။
သို့မဟုတ် တစ်နေရာရာတွင် သူ လစ်ဟင်းသွားခဲ့လေသလား။
ထိုစဉ် ဆရာကော်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။
မိမိအိမ်၏ အပေါ်ဆုံးထပ်မှ တံခါးငယ်လေးမှာ မပိတ်ဘဲ ပွင့်နေခဲ့သည် မဟုတ်လား။
သို့သော် အပေါ်ထပ်မှ ဆင်းလာနိုင်ရန် သူတပ်ဆင်ထားသည့် ထောင်ချောက်ယန္တရားပေါင်းများစွာကို ကျော်ဖြတ်ရမည် ဖြစ်ပြီး သာမန်လူဆိုလျှင် အချက်ပေးသံများ မြည်ဟည်းနေလောက်ပြီ ဖြစ်၏။
ဤအိမ်အတွင်းရှိ ထောင်ချောက်များအကြောင်းကို မိမိထက် ပိုသိနိုင်မည့်သူ မည်သူမျှ မရှိနိုင်ဟု သူက ယုံကြည်ထားခဲ့သည်။
“ချင်ရန်... မင်း အပေါ်ထပ်ကနေ ဘယ်လိုဆင်းလာတာလဲ”
ချန်ဟောက်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
ချင်ရန်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“ရန်သူကို ရိပ်မိမသွားအောင် ကျွန်တော် ပုံမှန်လမ်းကနေ မလာခဲ့ဘူး”
“ဟမ်...”
ချန်ဟောက် ကြောင်အသွားစဉ် ချင်ရန်က ဆရာကော်ကို စူးစိုက်ကြည့်လိုက်၏။
အပြင်ပန်းတွင် ဆရာကော်သည် နူးညံ့သိမ်မွေ့ပြီး တပည့်များအပေါ် ကြင်နာတတ်သည့် ဆရာတစ်ဦးအသွင် ဆောင်နေသော်လည်း နောက်ကွယ်တွင်မူ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် မိစ္ဆာတစ်ကောင်သာ ဖြစ်ပေတော့သည်။
“ခေါင်းဆောင်... ရှကျဲ... ခင်ဗျားတို့ ပြန်စရာ မလိုတော့ဘူး”
ချင်ရန်က လေးနက်သော လေသံဖြင့်ပြောကာ သူတို့ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာ၏။
“ကျောင်းသူ ရန်ယွိထင်ကို သတ်ခဲ့တဲ့ တရားခံအစစ်က အခု ကျွန်တော်တို့ ရှေ့မှာ ရပ်နေတဲ့ ဒီလူပဲ”
ချင်ရန်က ပြောနေရင်း သူ့လက်ညှိုးကို ဆရာကော်ထံသို့ တည့်တည့်မတ်မတ် ညွှန်ပြလိုက်၏။
ဆရာကော်သည် ကျောက်ရုပ်တစ်ရုပ်အလား ငြိမ်သက်သွားရသည်။
သူသည် အပြင်ပန်းတွင် တည်ငြိမ်အောင် ဟန်ဆောင်နေသော်လည်း အတွင်းစိတ်၌မူ ဤစွပ်စွဲချက်ကို မည်သို့ပြန်လည်ချေပရမည်နည်းဟု အပြင်းအထန် စဉ်းစားနေမိတော့သည်။
“ဘာ... ဆရာကော်က လူသတ်သမား ဟုတ်လား”
ချန်ဟောက်က မယုံကြည်နိုင် ဖြစ်သွားရ၏။
“ချင်ရန်... မင်း အဲ့ဒီလို စိတ်ထင်ရာ လျှောက်ပြောလို့ မရဘူးနော်၊ မင်းမှာ ခိုင်လုံတဲ့ သက်သေရှိလို့လား၊ သက်သေမရှိဘဲ လူတစ်ယောက်ကို ဒီလိုစွပ်စွဲလိုက်ရင် မင်းကို အသရေဖျက်မှုနဲ့ ပြန်ပြီး တရားစွဲလို့ ရသွားလိမ့်မယ်”
ချန်ဟောက်က စိုးရိမ်တကြီး တားမြစ်လိုက်၏။
သူသည် ခုနကတင် ဆရာကော်နှင့် စကားပြောခဲ့စဉ်က ထိုသူ၏ အကျင့်စာရိတ္တအပေါ် များစွာအထင်ကြီးသွားခဲ့သူ ဖြစ်ပေသည်။
“သက်သေတွေ အားလုံးက တတိယထပ်မှာ ရှိနေတယ်၊ သွားကြစို့... ဆရာကော်၊ ဘယ်လိုလဲ... အတူတူ သွားကြည့်ကြမလား”
ချင်ရန်က ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
ဆရာကော်မှာ နေရာမှာတင် အတောင့်လိုက်ကြီး မတ်တပ်ရပ်နေပြီး ငြိမ်သက်နေပေသည်။
သို့သော် ခဏအကြာတွင် ဆရာကော်သည် သူ၏ ဆရာဟန်ပန်ကို ပြန်ထိန်းကာ အသံမာမာဖြင့် တုံ့ပြန်လိုက်၏။
“ပထမဆုံး ပြောချင်တာက မင်းတို့မှာ ရှာဖွေခွင့်ဝရမ်း မပါဘူးမလား၊ သာမန်အရပ်သားတစ်ယောက်ရဲ့ အိမ်ကို ဒီလို ဝင်ရောက်ရှာဖွေတာဟာ ဥပဒေနဲ့ မညီဘူးဆိုတာကို ရဲတွေဖြစ်တဲ့ မင်းတို့ကို ငါ အထူးပြောနေစရာ မလိုဘူးထင်တယ်”
“အမှန်ပဲ...”
ချန်ဟောက်က တိုးတိုးလေး ထောက်ခံလိုက်မိ၏။
ထိုအခါ ချင်ရန်က ခပ်ပြုံးပြုံးဖြင့်သာ ဆက်ပြောလိုက်သည်။
“ကျွန်တော်လို ရဲဝန်ထမ်းတစ်ယောက်က ဥပဒေအတိုင်း မလုပ်ဆောင်ခဲ့တာ မှန်ပါတယ်၊ ခိုးဝင်ခဲ့တာ ဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်တာလည်း ဟုတ်ပါတယ် ဒါပေမဲ့... ခင်ဗျား ချိုးဖောက်ခဲ့တဲ့ ဥပဒေက ကျွန်တော့်ထက် အဆပေါင်းများစွာ ပိုပြီး ကြီးလေးတယ်ဆိုတာကို ခင်ဗျားရော ကျွန်တော်ရော သိတာပဲ မဟုတ်လား၊ အနှစ် ၂၀ တောင် ကြာခဲ့ပြီပဲ၊ အဲ့ဒီ မိန်းကလေးငယ်လေးတွေ သေခါနီးမှာ အသနားခံ တောင်းပန်ခဲ့ကြတာတွေကို ခင်ဗျား မှတ်မိသေးရဲ့လား... ဆရာကော်”
ချင်ရန်ထံမှ မေးခွန်းကြောင့် ဆရာကော်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသများ ထွက်ပေါ်လာ၏။
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ မင်းပြောတာတွေကို ငါ တစ်ခုမှ မသိဘူး၊ မင်းက ရဲပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်... ငါ့ကို ဒီလို စွပ်စွဲပိုင်ခွင့် မရှိဘူး၊ ဒါကြောင့် ငါ့အိမ်ထဲကနေ အခုချက်ချင်း ထွက်သွားကြစမ်း”
“ဒါဆိုရင် ကျွန်တော်နဲ့အတူ ခေါင်းဆောင်၊ ရှကျဲ... ပြီးတော့ ဆရာကော်ပါ အပေါ်ထပ်ကို လိုက်ခဲ့ရဲလား၊ ဒါဆိုရင် အားလုံး ရှင်းသွားလိမ့်မယ်၊ ကျွန်တော်က လိမ်ပြောနေတာလား၊ အခြေအမြစ်မရှိ စွပ်စွဲနေတာလား ဆိုတာကိုပေါ့”
ချင်ရန်၏ အလွန်အမင်း ယုံကြည်မှုရှိနေသော အပြောကြောင့် ဆရာကော်မှာ ပြောစရာစကားများ ပျောက်ရှသွားရ၏။
ဤအခြေအနေမျိုးတွင် လိုက်မသွားဘဲ ငြင်းဆန်နေပါက မိမိကိုယ်ကိုယ် အပြစ်ရှိကြောင်း ဝန်ခံလိုက်သလို ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ဆရာကော်၏ စိတ်ထဲတွင် ရက်စက်လှသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေတော့သည်။
‘ငါ့အိမ်ရဲ့ တတိယထပ်မှာ ထောင်ချောက်တွေ အများကြီး ရှိနေတာပဲ၊ အဲ့ဒီအထဲက တစ်ခုခုကို မသိမသာ အသုံးပြုပြီး တစ်အိမ်လုံးကို မီးရှို့ဖျက်ဆီးပစ်လို့ ရတာပဲ...’
“ကောင်းပြီလေ၊ မင်းပြောသလို လိုက်ကြည့်ပေးမယ်၊ ဘာတွေ ရှာတွေ့မလဲဆိုတာ ကြည့်ကြတာပေါ့၊ သွားမယ်လေ...”
ဆရာကော်က မတရားစွပ်စွဲခံရသူတစ်ဦးအလား ဟန်ဆောင်ရင်း အပေါ်ထပ်သို့ ဦးဆောင်တက်သွားသော်လည်း အတွင်းစိတ်မှာမူ အိမ်ကို မီးရှို့ပြီး သက်သေများအားလုံးကို အပြီးတိုင် ဖျောက်ဖျက်ပစ်ရန်သာ အသည်းအသန် ကြံစည်နေတော့၏။
ထိုစဉ် ချန်ဟောက်က ချင်ရန်၏ အနားသို့ အသာတိုးကပ်ပြီး သတိပေးလိုက်သည်။
“ချင်ရန်... မင်း ရူးနေတာလား၊ ဘာလို့ ခိုးဝင်ရတာလဲ၊ ဒါက တရားမဝင်ဘူးဆိုတာ မင်းသိရဲ့လား”
ချင်ရန်က လေးနက်စွာဖြင့် ပြန်ပြောလိုက်၏။
“ကျွန်တော် သိပါတယ်... ဒါပေမဲ့ ခေါင်းဆောင် သေဆုံးသွားတဲ့ မိန်းကလေး ခုနစ်ယောက်လုံးရဲ့ ဘဝက ပိုပြီး သနားဖို့ကောင်းသလို ဒီလူ ကျူးလွန်ခဲ့တဲ့ အပြစ်ကလည်း ခေါင်းဆောင်ထင်ထားတာထက် အဆပေါင်းများစွာ ပိုပြီး ကြီးလေးတယ်ဆိုတာကိုတော့ သိထားရမယ်”
ထို့နောက် သူတို့လေးယောက်သား တတိယထပ်သို့ တက်လာခဲ့ကြသည်။
အခန်းထဲရောက်သည်နှင့် ဆရာကော်က အခန်းမီးဖွင့်ရန် ခလုတ်ဆီသို့ လက်လှမ်းလိုက်၏။
ထိုမီးခလုတ်မှာ တစ်ထပ်လုံးကို မီးဟုန်းဟုန်းတောက်သွားစေမည့် ယန္တရားနှင့် ချိတ်ဆက်ထားခြင်း ဖြစ်ပေသည်။
*ချောက်*
ဆရာကော် ခလုတ်ကို နှိပ်လိုက်သည်နှင့် မီးများ လင်းထိန်သွား၏။
သူက စိတ်ထဲမှနေ၍ ကျေနပ်အားရစွာ ကြွေးကြော်လိုက်ပေသည်။
‘လောင်ကျွမ်းပစ်လိုက်စမ်း... အားလုံးကို ပြာဖြစ်အောင် လုပ်ပစ်လိုက်၊ သက်သေတွေသာ မရှိတော့ရင် ငါ့ကို ဘယ်သူမှ အပြစ်ပေးလို့ မရတော့ဘူးကွ’
သို့သော် သူ မျှော်လင့်ထားသကဲ့သို့ ပေါက်ကွဲသံ သို့မဟုတ် မီးလောင်သံ မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။
အခန်းမီးမှာ လင်းမြဲလင်းနေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်နေဆဲ ဖြစ်၏။
ဆရာကော်မှာ ဆွံ့အသွားရတော့သည်။
‘စက်က ဘာဖြစ်သွားတာလဲ၊ဘာလို့ အလုပ်မလုပ်တာလဲ၊ လုပ်လေ... လောင်စမ်းပါ’
ချန်ဟောက်နှင့် ရှကျဲတို့မှာ အခန်းထဲသို့ ကြည့်လိုက်သောအခါ ဆရာကော် အမြဲတမ်း အသုံးပြုနေသည့် နေရာဖြစ်ကြောင်း သိသာလှ၏။
ထိုစဉ် ချင်ရန်က ဆရာကော်ကို ခပ်နောက်နောက် အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျား အရမ်း အံ့ဩနေမှာပဲနော်... မီးခလုတ်ကို ဖွင့်လိုက်ပါလျက်နဲ့ ဘာလို့များ မီးမလောင်တာလဲဆိုတာကိုပေါ့... ဟုတ်တယ်မလား ဆရာကော်”
ထိုစကားမှာ ဆရာကော်၏ ရင်ဝကို တူကြီးဖြင့် အရှိန်ပြင်းပြင်း ထုရိုက်လိုက်သကဲ့သို့ပင် ဖြစ်၏။
မိမိ၏ အသက်တမျှ လျှို့ဝှက်ထားသော ကိစ္စများကို ဤလူငယ်လေးက မည်သို့ သိနေရသနည်း။
“ခင်ဗျားက တော်တော်လေး ပါးနပ်တဲ့ ရာဇဝတ်ကောင်ပဲ ဆရာကော်၊ ဘယ်သူမှ သတိမထားမိတဲ့ နေရာတွေမှာ ထောင်ချောက်တွေ ဆင်ထားပြီး သူစိမ်းဝင်လာတာနဲ့ သက်သေတွေကို အပြီးတိုင် ဖျက်ဆီးပစ်ဖို့အထိ သေသေချာချာ ကြံစည်ထားတာပဲ”
ချင်ရန်က အေးအေးလူလူပင် ဆက်ပြောလိုက်၏။
ထိုအချိန်တွင် ချင်ရန်၏ ညွှန်ကြားမှုဖြင့် ချန်ဟောက်နှင့် ရှကျဲတို့သည် အခန်းငယ်တစ်ခုထဲသို့ ချဉ်းကပ်ဝင်သွားကြသည်။
ထိုအခန်းတံခါးကို ဖွင့်လိုက်သည်နှင့် သူတို့နှစ်ဦးစလုံး၏ မျက်လုံးများ ပြူးကျယ်သွားကာ အံ့ဩလွန်းသဖြင့် စကားပင် မဆိုနိုင်တော့ချေ။
အခန်းထဲတွင် ရှက်ရွံ့စရာကောင်းသော ဓာတ်ပုံများနှင့် သေဆုံးသွားသော မိန်းကလေးငယ်များ၏ အသုံးအဆောင်ပစ္စည်း အမျိုးမျိုးကို စနစ်တကျ စုဆောင်းထားသည်ကို တွေ့လိုက်ရ၏။
“တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ လူယုတ်မာ”
ချန်ဟောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဆရာတစ်ယောက် ဖြစ်ပြီးတော့ ဒီလိုယုတ်မာတဲ့ ကိစ္စမျိုးကို ဘယ်လိုများ လုပ်ရက်ရတာလဲ”
ရှကျဲဆိုလျှင် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့၏။
သူမကိုယ်တိုင် အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက် မိန်းကလေးငယ်လေးများကို အသေအလဲ စော်ကားထားသည့် ဓာတ်ပုံများကို ကြည့်ပြီး ဆရာကော်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ချင်လောက်အောင်ပင် ခံပြင်းနေမိပေသည်။
အခန်းထဲမှ ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရသည့်အခါ ဆရာကော်၏ မျက်နှာ ဖြူဖျော့သွားပြီး ပထမဆုံးအကြိမ်အဖြစ် သူထံမှ တည်ငြိမ်မှုများ ပျက်ပြားသွား၏။
သူ စုဆောင်းထားခဲ့သည့် ပစ္စည်းများထဲတွင် သေဆုံးသွားသည့် မိန်းကလေးငယ်များ၏ ကိုယ်ပိုင်ပစ္စည်းများ ပါဝင်နေသည့်အတွက် ဆရာကော်အနေဖြင့် မည်သို့မျှ ငြင်းချက်ထုတ်၍ မရတော့ချေ။
အနှစ် ၂၀ တိုင်တိုင် ဥပဒေထံမှ လက်တစ်လုံးခြား ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင်မူ သူသည် တရားမျှတမှု၏ လက်တွင်းသို့ အမိအရ ကျရောက်သွားခဲ့လေပြီ။
“လက်နက်ချလိုက်တော့... ခင်ဗျား ငြင်းနေလည်း အပိုတွေပဲ ဆရာကော်”
ချင်ရန်က တည်ငြိမ်စွာပြောရင်း လက်ထိပ်ကို ထုတ်လိုက်၏။
ဆရာကော်သည် ရုန်းကန်ခုခံရန် ကြိုးစားသေးသော်လည်း ချင်ရန်၏ လျင်မြန်လှသော လှုပ်ရှားမှုများကို မယှဉ်နိုင်ဘဲ နောက်ဆုံးတွင် ဖမ်းဆီးခြင်းကိုသာ ငြိမ်သက်စွာ ခံလိုက်ရလေသည်။
160
*ချောက်*
လက်ထိပ်ခတ်သံနှင့်အတူ ဆရာကော်၏ လက်ကောက်ဝတ်တွင် အေးစက်သော သံကွင်းများ နေရာယူသွား၏။
ဆရာကော်သည် အလွန်အမင်း စိတ်ဓာတ်ကျနေဟန်ဖြင့် ကြည့်ရသူကို စိတ်မကောင်းဖြစ်စေပေသည်။
အနှစ် ၂၀ တိုင်တိုင် ဥပဒေလက်မှ ထွက်ပြေးတိမ်းရှောင်လာခဲ့သော်လည်း အဘယ်ကြောင့် ယခုမှ အမိခံလိုက်ရသနည်းဟု သူ တွေးတောနေမိ၏။
မိမိရှေ့ရှိ လူငယ်သည် အိမ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ အရာအားလုံးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ပို၍ ထူးဆန်းသည်မှာ ထိုလူငယ်သည် သူတပ်ဆင်ထားသော ယန္တရားများကို တစ်ခုမျှ မထိမိစေဘဲ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ယခင်က ရဲများ လာရောက်ရှာဖွေသည့်အခါတိုင်း ဆရာကော်သည် သက်သေများကို ကျွမ်းကျင်စွာ ဖုံးကွယ်နိုင်ခဲ့၏။
သို့သော် ချင်ရန်သည် မည်သည့်စည်းမျဉ်းကိုမျှ ဂရုမစိုက်ဘဲ အိမ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်ကာ အရာအားလုံးကို ဖော်ထုတ်ခဲ့လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
အခြားတစ်ဖက်တွင်မူ ချန်ဟောက်နှင့် ရှကျဲတို့သည် အခန်းထဲမှ သက်သေခံပစ္စည်းများကို သယ်ထုတ်လာကြ၏။
ထိုအချိန်မှာပင် ချန်ဟောက်သည် ပါလီမြစ်ရဲစခန်းသို့ ဖုန်းဆက်ကာ လူအင်အား ထပ်မံစေလွှတ်ပေးရန် တောင်းဆိုလိုက်သည်။
စခန်းမှူး ဝမ်ရှောင်ရီက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
“ဘာဖြစ်လို့လဲ၊ မင်းတို့က စုံစမ်းစစ်ဆေးရုံ သွားတာ မဟုတ်ဘူးလား၊ ထွက်ဆိုချက်ယူရုံနဲ့တင် လုံလောက်နေပြီကို ဘာလို့ လူအင်အား ထပ်တောင်းနေတာလဲ”
ချန်ဟောက်က အသက်ကို ပြင်းပြင်းရှူကာ တုန်ရင်နေသော လေသံဖြင့် ပြန်ပြောလိုက်သည်။
“စခန်းမှူး... မိန်းကလေးငယ် ခုနစ်ယောက် သေဆုံးခဲ့တဲ့ အမှုက တကယ့်လူသတ်သမားကို အခုပဲ ကျွန်တော်တို့ ဖမ်းမိပြီဗျ”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ရှောင်ရီမှာ အလွန်အံ့ဩသွားရ၏။
“ဖမ်းမိပြီ ဟုတ်လား”
သူသည် တကယ်ပင် မယုံနိုင်အောင် ဖြစ်နေပေသည်။
ဤအမှု ဖြစ်ပွားစဉ်က သူသည် ရဲလောကသို့ စတင်ခြေချကာစ လူငယ်တစ်ဦးမျှသာ ရှိသေးပြီး အမှုစုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့ဖူးသော်လည်း မည်သည့်အစအနမျှ ရှာမတွေ့ခဲ့ချေ။
ထို့ကြောင့်လည်း ဤအမှုသည် ထာဝရအဖြေမပေါ်တော့မည့် ပဟေဠိတစ်ခု ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
“ကောင်းပြီ... ကောင်းပြီ... ငါ နားလည်ပြီ၊ အခုချက်ချင်း လူလွှတ်လိုက်မယ်”
ဝမ်ရှောင်ရီသည် ဌာနချုပ်သို့ ချက်ချင်း ဖုန်းဆက်အကြောင်းကြားလိုက်၏။
ထိုမှတစ်ဆင့် သတင်းသည် ဖိန်လင်မြို့တော် ညွှန်ကြားရေးမှူးချုပ်ထံသို့ ရောက်ရှိသွားတော့သည်။
လက်ရှိ ညွှန်ကြားရေးမှူးချုပ်အတွက်မူ ဤမျှကြာမြင့်နေပြီ ဖြစ်သော အမှုဟောင်းကြီးကို ဖြေရှင်းနိုင်ခြင်းသည် သူ၏ ရာထူးဂုဏ်ရှိန်အတွက် အလွန်ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုအမှုသည် အပြစ်မဲ့ကလေးငယ်ခုနစ်ဦး၏ အသက်များ ပါဝင်နေပြီး ညွှန်ကြားရေးမှူးချုပ်အဆက်ဆက်မှ ဖြေရှင်းနိုင်ခြင်း မရှိခဲ့သောကြောင့်ပင် ဖြစ်၏။
လက်ရှိ ညွှန်ကြားရေးမှူးချုပ်သည် အသက် ၄၀ ကျော်သာ ရှိသေးသဖြင့် ရှေ့လျှောက် အလားအလာအများကြီး ရှိသူ ဖြစ်ပေသည်။
သတင်းရသည်နှင့် တစ်ပြိုင်နက် ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ကာ အခင်းဖြစ်ရာသို့ ရောက်ရှိလာ၏။
ထို့ပြင် သူသည် သတင်းထောက်များကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပြီး ဤအောင်မြင်မှုကို လူအများသိအောင် ကျယ်ကျယ်ပြန့်ပြန့် ကြေညာချင်နေပေသည်။
ရဲကားသံများ၊ သတင်းထောက်များနှင့် ဆူညံနေသော မြင်ကွင်းသည် ရန်ယွီထင်၏ မိခင်အပါအဝင် ပတ်ဝန်းကျင်မှ လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရ၏။
ထိုအမျိုးသမီးသည် ဆရာကော်၏ အိမ်ရှေ့တွင် ရဲကားများစွာ ဆိုက်ရောက်နေသည်ကို မြင်သောအခါ အလွန်အံ့ဩသွားရသည်။
ထိုစဉ် သူမသည် ချင်ရန်ကို မြင်လိုက်ရသဖြင့် လှမ်းမေးလိုက်၏။
“အရာရှိလေး... ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘာလို့ ဆရာကော်ရဲ့ အိမ်ရှေ့မှာ ရဲကားတွေ အများကြီး ရောက်နေရတာလဲ”
ထိုမေးခွန်းကို ကြားသောအခါ ချင်ရန်သည် ခဏတာ တိတ်ဆိတ်သွား၏။
ထိုယုတ်မာလှသော ဆရာကော်သည် ဤအမျိုးသမီး၏ မျက်စိထဲတွင်တော့ အလွန်မွန်မြတ်သော ဆရာကောင်းတစ်ဦးအဖြစ် ရှိနေခဲ့သည် မဟုတ်လား။
သို့သော် ခါးသီးလှသော အမှန်တရားကိုမူ ဖုံးကွယ်ထား၍ မရချေ။
ချင်ရန်က သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ရင်း ပြောလိုက်သည်။
“အဒေါ်... အဒေါ့်သမီးကို သတ်ခဲ့တဲ့ တရားခံကို ကျွန်တော်တို့ ရှာတွေ့ပါပြီ”
“ရှာတွေ့ပြီ ဟုတ်လား၊ ဘယ်သူလဲ”
အမျိုးသမီးကြီးသည် အမှန်တရားကို သိချင်လှသော်လည်း ရိုးသားလွန်းသူ ဖြစ်သဖြင့် ဆရာကော်ကိုမူ မည်သည့် သံသယအရိပ်အယောင်မျှပင် စိတ်ထဲ မထားမိသေးချေ။
“ဒီက ဆရာကော်ပဲလေ...”
ချင်ရန်က ပြောချလိုက်၏။
ထိုစကားအဆုံးတွင် အမျိုးသမီးကြီးသည် မယုံကြည်နိုင်သော အမူအရာဖြင့် ရှိနေပေသည်။
“ဒါ... ဒါ မဖြစ်နိုင်တာ၊ ဆရာကော်က အရမ်းကြင်နာတတ်တဲ့သူပါ၊ ကျွန်မသမီးအပေါ်မှာလည်း အမြဲတမ်း ကောင်းခဲ့တာ၊ ကျွန်မတို့ ဆင်းရဲဒုက္ခရောက်နေတုန်းက သမီးလေးအတွက် အဝတ်အစားတွေ၊ စာအုပ်တွေ ခဏခဏ ဝယ်ပေးခဲ့တာလေ၊ ကျွန်မလို မုဆိုးမတစ်ဦးတည်း သမီးကို ပြုစုပျိုးထောင်လာရချိန်မှာ ဆရာကော်ရဲ့ အကူအညီတွေကြောင့်သာ ရပ်တည်နိုင်ခဲ့တာပါ”
အမျိုးသမီးကြီးသည် တုန်လှုပ်ချောက်ချားစွာဖြင့် စကားများကို တရစပ် ပြောနေရှာ၏။
ချင်ရန်ကမူ ဤမျှအထိ ကာကွယ်ပြောဆိုနေသော အမျိုးသမီးကြီးနှင့် ဆရာကော်တို့အကြား တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်သလားဟု တွေးတောနေမိသည်။
“မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး”
အမျိုးသမီးကြီး၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်လာ၏။
ချင်ရန်က လေးနက်သော လေသံဖြင့် မေးလိုက်သည်။
“အခု အဒေါ် ငိုနေတာလား၊ ခင်ဗျားသမီးကို သတ်ခဲ့တဲ့ တရားခံကို ဖမ်းမိပြီဆိုတာကို ဘာလို့ ဝမ်းမသာတာလဲ”
“ကျွန်မ...”
အမျိုးသမီးကြီးမှာ အလွန်တုန်လှုပ်နေရှာ၏။
အမှန်စင်စစ် သူမသည် ဆရာကော်နှင့် အချစ်ရေးအရ ပတ်သက်မှု အနည်းငယ် ရှိခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။
‘ဆရာကော်က ငါ့ကို တမင်တကာ မြှူဆွယ်ခဲ့တာလား၊ ငါ့သမီးလေးကို စော်ကားဖို့အတွက် ငါ့ကို အသုံးချခဲ့တာလား’
ထိုသို့သော အတွေးများမှာ သူမ ခေါင်းထဲတွင် တဝဲဝဲလည်နေတော့၏။
ချင်ရန်သည် သက်ပြင်းတစ်ချက်ချကာ သူမကို ထားရစ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်ထံသို့ လျှောက်သွားလိုက်သည်။
သတင်းထောက်များ၏ ရှေ့တွင် ညွှန်ကြားရေးမှူးချုပ်က လူသတ်သမားကို ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်းနှင့် ကျူးလွန်ခံရသူ အရေအတွက်ကို ဆက်လက်စုံစမ်းရဦးမည်ဖြစ်ကြောင်း ကြေညာလိုက်၏။
လွန်ခဲ့သော နှစ် ၂၀ က မိန်းကလေး ခုနစ်ယောက် အသတ်ခံရမှုသည်လည်း ဤလူသတ်သမား၏ လက်ချက်ဖြစ်နိုင်ခြေ များကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောဆိုလိုက်သည်။
ထို့နောက် ဆရာကော်ကို အနက်ရောင် ခေါင်းစွပ်စွပ်ကာ ရဲကားပေါ်သို့ တင်လိုက်ကြ၏။
စုံစမ်းစစ်ဆေးမှုများ မပြီးမချင်း အင်တာဗျူးများကို ခေတ္တရပ်နားထားမည် ဖြစ်ကြောင်း သတင်းထောက်များအား အသိပေးလိုက်သည်။
ထိုအချိန်တွင် ရဲအရာရှိကြီး လင်းကုဝေသည် ချင်ရန်ထံသို့ လျှောက်လာခဲ့၏။
“မင်းက ဒီအမှုမှာလည်း ပါဝင်နေတာပဲလား”
ချင်ရန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့”
အမှန်စင်စစ် ဤအမှု၏ အဓိကသော့ချက်ကို ဖော်ထုတ်နိုင်ခဲ့သူမှာ သူပင် ဖြစ်၏။
အကယ်၍ သူသာ ထိုယန္တရားများကို ကြိုတင်ဖျက်ဆီးမထားခဲ့ပါက ရဲများ ရှာဖွေချိန်တွင် သက်သေခံပစ္စည်းအားလုံး ပျက်စီးသွားပေလိမ့်မည်။
“မင်းက တကယ်ကို အမှုလိုက်ရာမှာ ပါရမီပါတဲ့သူပဲကွ”
လင်းကုဝေက ချင်ရန်ကို ချီးကျူးလိုက်၏။
“ဒီအမှုကို ဖြေရှင်းနိုင်တာဟာ ငါတို့ညွှန်ကြားရေးမှူးချုပ်အတွက်တော့ အကျိုးအမြတ် အများကြီးရှိသွားတာပဲ၊ နောက်တစ်နှစ်လောက်နေရင် သူ ရာထူးကြီးကြီးတစ်ခုကို ထပ်ပြီး တက်လှမ်းနိုင်လိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်”
“ဟုတ်လား...”
ချင်ရန်ကမူ ထိုကဲ့သို့သော အချက်များကို သိပ်ပြီး အရေးမစိုက်လှပေ။
“ဒီလို နှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ အမှုဟောင်းတွေကို ဖြေရှင်းနိုင်တာဟာ ဌာနချုပ်ကနေ ဂုဏ်ပြုဆုတွေ ရနိုင်သလို လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်လည်း အကျိုးရှိတယ်ကွ၊ ရာဇဝတ်ကောင်တွေအနေနဲ့ နှစ်ပေါင်း ၂၀ ကြာရင်တောင် ဖမ်းမိနိုင်သေးတယ်ဆိုတာကို သိသွားလိမ့်မယ်၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက်လည်း စိတ်သက်သာရာ ရစေတာပေါ့”
လင်းကုဝေက ပြောလိုက်၏။
ထိုစဉ် ချင်ရန်က တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ရုတ်တရက် မေးလိုက်သည်။
“ဦးလေးလင်း... ဌာနချုပ်မှာ အခုလိုမျိုး သဲလွန်စမရှိလို့ နှစ်အတော်ကြာ မဖြေရှင်းနိုင်ဘဲ ကျန်နေသေးတဲ့ အမှုတွေ အများကြီး ရှိသေးလား”
“အင်း... ရှိသေးတယ်ကွ၊ အရင်တုန်းက စုံစမ်းစစ်ဆေးရေး နည်းပညာတွေက အခုလောက် မတိုးတက်သေးတော့ တကယ်ပဲ အဲ့ဒီလို အမှုဟောင်းတွေ အများကြီး ကျန်နေသေးတာ”
လင်းကုဝေက တုံ့ဆိုင်းစွာဖြင့် ဝန်ခံပြောကြားလိုက်၏။
ဤအချက်မှာ ဂုဏ်ယူစရာကိစ္စ မဟုတ်သော်လည်း ငြင်းပယ်၍မရသော လက်တွေ့အမှန်တရားပင် ဖြစ်ပေသည်။