အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း (၁) - ကူးပြောင်းလာသူတိုင်း၌ ကိုယ်ပိုင် ရွှေလက်ချောင်းကိုယ်စီ ရှိကြစမြဲ
တာ့ချန်မြို့တော်၊ ကောင်းကင်အကျဉ်းထောင်။
ကျိုးရီ၏ မျက်ခုံးများက တင်းကြပ်တွန့်ချိုးသွား၏။
“ဒီတော့၊ ထာ၀ရအသက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အရင်လူက တစ်စုံတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပေါ့”
လွန်ခဲ့သောအချိန်တိုလေးကမှ သူသည် ဤကမ္ဘာသို့ ပြန်လည်ဝင်စားလာခဲ့ခြင်းဖြစ်ပြီး ထူးဆန်းသည်က ၎င်းမှာ ဒုတိယအကြိမ် ကူးပြောင်းလာခြင်းဖြစ်နေ၏။ ဆိုလိုသည်မှာ သူသည် ဤခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် ဒုတိယမြောက်၀င်စားသူ ဖြစ်လေသည်။
ပထမဆုံး ၀င်စားသူ၏ ရွှေလက်ချောင်းမှာ ထာဝရအသက်ကို ပေးစွမ်းနိုင်သော ထာ၀ရအသက်တာအိုသစ်သီး ဖြစ်သော်ငြား ထိုသူမှာမူ အလွယ်တကူပင် အသတ်ခံလိုက်ရရှာသည်။
မှတ်ဉာဏ်များထဲတွင် သေချာရှာဖွေကြည့်ပြီးနောက် ဤကိစ္စ၏ အကြောင်းရင်းမှန်ကို ကျိုးရီ နားလည်သဘောပေါက်သွား၏။ အင်မော်တယ်ဖြစ်တည်မှုသည် အခြားမည်သည့်စွမ်းအားမျိုးနှင့်မဆို တွဲဖက်လိုက်ပါက အစွမ်းထက်၀ှက်ဖဲတစ်ခုဖြစ်လာနိုင်သော်လည်း ၎င်းတစ်ခုတည်းကိုသာ အသုံးပြုရမည်ဆိုပါက သေမင်းကိုဖိတ်ခေါ်လိုက်သည့်အလားပင်။
လူအများစုက ထာဝရအသက်ရှင်ခြင်းကို ကောင်းကင်ဘုံကပေးသော လက်ဆောင်တစ်ခုအဖြစ် မြင်ကြကာ နှစ်တစ်ထောင်ခန့် အသာလေးပုန်းအောင်းနေရုံဖြင့် ထန်ဆန်းကို လက်သီးဖြင့်ပိတ်ထိုးပြီး ငွေပြာရောင်မြက်ပင်ကို အပိုင်းပိုင်းဆုတ်ဖြဲနိုင်လိမ့်မည်ဟု ယုံကြည်ထားကြ၏။
သို့ရာတွင် လက်တွေ့ဘဝ၌မူ စွမ်းအားမရှိ၊ အဆက်အသွယ်မရှိ၊ ငွေကြေးမရှိပါက လူရာဝင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ရိုးရှင်းသော ဥပမာတစ်ခုပေးရလျှင် လူအများအပြားသည် အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်တွင် စက်ရုံများ၌ စတင်အလုပ်လုပ်ကြပြီး အသက်လေးဆယ့်ရှစ်နှစ်အရွယ်ရောက်သောအခါ သူတို့ သန်းကြွယ်သူဌေးများ ဖြစ်လာကြသလော။
အရင်လူသည် ဤနေရာသို့ရောက်ရှိနေသည်မှာ နှစ်နှစ်ခွဲခန့်ရှိပြီဖြစ်သော်လည်း ကောင်းကင်အကျဉ်းထောင်တွင် အလောင်းစစ်ဆေးသူအဖြစ်သာ အလုပ်လုပ်နေရဆဲဖြစ်ကာ သိုင်းပညာသင်ယူရန်ပင် ငွေကြေးမတတ်နိုင်ခဲ့ချေ။ လွန်ခဲ့သော နှစ်ရက်ခန့်က သူသည် လမ်းမပေါ်တွင် တရားရေးဝန်ကြီးသား၏ အမျိုးသမီးကို အကြည့်လွန်သွားခဲ့မိသဖြင့် ထိုသခင်လေး၏အစေခံက ရိုက်နှက်ခြင်းကို ခံခဲ့ရကာ ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိခဲ့လေသည်။
ထိုအချိန်မှာပင် သူက ဤခန္ဓာကိုယ်နေရာသို့ ဝင်ရောက်လာရန် ကူးပြောင်းလာခဲ့ခြင်းဖြစ်၏။
အင်မော်တယ်ဖြစ်စေမည့် နည်းလမ်းကို သူပါအမွေဆက်ခံရရှိကြောင်း အချက်ပြနေသည့် ခေါင်းထဲမှ ရွှေရောင်ထာ၀ရအသက်တာအိုသစ်သီးက ကျိုးရီကို တဆစ်ဆစ် ခေါင်းကိုက်လာစေသည်။
အတိတ်ဘဝ၏ ဆင်းရဲမွဲတေမှုနှင့် ပင်ပန်းဆင်းရဲမှုများက သူ့အား ခိုင်းနွားတစ်ကောင်ပမာ ရှင်သန်စေခဲ့သလို ယခုဘဝတွင်လည်း ဤအကျဉ်းထောင်၏ အမှောင်ထုထဲ၌ ထာဝရခိုင်းနွားတစ်ကောင်အဖြစ် နစ်မွန်းရတော့မည်လော၊
သူ၏ ရည်မှန်းချက်များက ဤမျှနှင့်ပင် ရပ်တန့်သွားရမည်လော။
“ကျိုးရီ၊ အလုပ်လာပြီ”
အပြင်ဘက်မှ အော်ခေါ်သံက ကျိုးရီကို လက်တွေ့ဘဝထဲသို့ ပြန်လည်ဆွဲခေါ်သွား၏။
“လာပြီ”
ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိတော့ပေ၊ သူသည် ဖိနပ်ကို ကမန်းကတန်းစီးလိုက်ပြီး ရှင်သန်မှုအတွက် ခြေလှမ်းသစ်ကိုစတင်ရန် ပြင်ဆင်လိုက်လေသည်။
ဘာမှမတတ်နိုင်ပေ။ ကူးပြောင်းလာခြင်းဆိုသည်မှာ ဗီဒီယိုဂိမ်းကစားခြင်းနှင့် မတူညီချေ။ သေဆုံးသွားပြီးနောက် နောက်တစ်ကြိမ် ပြန်လည်ဝင်စားခြင်း လုပ်နိုင်၊ မလုပ်နိုင်ကို မည်သူက အတိအကျ သိနိုင်မည်နည်း။
ကောင်းမွန်စွာသေဆုံးရခြင်းထက်စာလျှင် ဆင်းရဲဒုက္ခခံကာ ရှင်သန်နေခြင်းက ပို၍ကောင်းမွန်သေးသည်ဖြစ်ရာ လတ်တလောတွင် အခြေအနေများကို အကဲခတ်ကြည့်ရန်သာ သူ ဆုံးဖြတ်လိုက်၏။
အေးစက်စိုစွတ်ပြီး သွေးညှီနံ့များ လွင့်ပျံနေသော အလောင်းစစ်ဆေးခန်းသို့ သူ ရောက်ရှိသွားချိန်တွင် လတ်လတ်ဆတ်ဆတ် သေဆုံးနေသော အလောင်းတစ်လောင်းအား ခုံပေါ်၌ တင်ထားသည်ကို တွေ့လိုက်ရသည်။
အလောင်းစစ်ဆေးသူဆိုသည်မှာ သူ၏အတိတ်ဘဝက မှုခင်းဆရာဝန်တစ်ဦးနှင့် အတူတူပင်ဖြစ်ကာ အလောင်းများကို စစ်ဆေးရန် တာဝန်ရှိသော်လည်း ကောင်းကင်အကျဉ်းထောင်ရှိ အလောင်းစစ်ဆေးသူတစ်ဦး၏ အလုပ်မှာမူ အနည်းငယ်ပို၍ ရှုပ်ထွေးလေသည်။
မှုခင်းဆရာဝန်များသည် သားကောင်များကိုသာ ကိုင်တွယ်ဖြေရှင်းရသော်လည်း ဤနေရာရှိ အလောင်းစစ်ဆေးသူများမှာမူ ကောင်းကင်အကျဉ်းထောင်အတွင်း သေဆုံးသွားသော အကျဉ်းသားတိုင်းကို စာရင်းသွင်းမှတ်တမ်းတင်ကာ ဖိုင်များသိမ်းဆည်းထားရန် တာဝန်ရှိသည်။
အလုပ်ပင် မစတင်ရသေးခင် အကျဉ်းထောင်စောင့်တစ်ဦးက သူ၏လက်ထဲသို့ ကြေးပြားနှစ်ဆယ်ကို တိတ်တဆိတ်ထည့်ပေးလာ၏။
“ကျိုးရီ၊ အထဲကကောင်လေးက ရာထူးကြီးတစ်ယောက်ယောက်ကို ပြစ်မှားမိသွားလို့”
“နားလည်ပါပြီ”
ကျိုးရီက ငွေကိုသိမ်းဆည်းလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တတ်သော ဤပဒေသရာဇ်မင်းဆက်ခေတ်တွင် လူ့အသက်ဆိုသည်မှာ တန်ဖိုးအနည်းဆုံးအရာတစ်ခုသာ ဖြစ်၏။ အကျဉ်းထောင်အတွင်း၌ ငွေပေး၍ လူသတ်ခိုင်းသည့် ဖြစ်ရပ်ပေါင်းများစွာ ရှိလေသည်။
ထိုသို့သောအချိန်မျိုးတွင် အကျဉ်းထောင်စောင့်များသည် အလောင်းစစ်ဆေးသူအား လာဘ်ထိုးရန် အကျိုးအမြတ်အနည်းငယ်ကို ကမ်းလှမ်းတတ်ကြပြီး အလောင်းစစ်ဆေးသူကလည်း မှတ်တမ်းများတွင် ဖြစ်ကတတ်ဆန်း ရေးခြစ်ပေးလိုက်ရုံသာဖြစ်သည်။
သေဆုံးသူကို မြေမြှုပ်ပြီး မြေကြီးအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် သက်ရှိထင်ရှား တရားသူကြီးပေါင်ချိန် ကိုယ်တိုင်လာလျှင်ပင် မည်သည့်အထောက်အထားကိုမျှ ရှာဖွေနိုင်တော့မည်မဟုတ်ပေ။
အရင်လူ၏ ကျင့်ဝတ်စံနှုန်းများက မြင့်မားလွန်းနေကာ ဤလောက၏ကစားပွဲစည်းမျဉ်းများနှင့် လိုက်လျောညီထွေမဖြစ်ခဲ့သောကြောင့် ဤကိစ္စအတွက် မကြာခဏဆိုသလို စိတ်ဓာတ်ကျကာ မပျော်မရွှင်ဖြစ်ခဲ့ရဖူးသည်။
“ကံကောင်းတာပေါ့၊ ငါကလည်း လူကောင်းတစ်ယောက်မှမဟုတ်တာပဲ”
ကျိုးရီက နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ရင်း တီးတိုးရေရွတ်လိုက်၏။ ဤရက်စက်သော လောကကြီးတွင် ရှင်သန်နိုင်ရန် သူ၏ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုရမည်မှာ သေချာနေပြီဖြစ်သည်။
သူသည် အလောင်းစစ်ဆေးခန်းအတွင်းသို့ လျှောက်သွားလိုက်ရာ မုတ်ဆိတ်မွေးများဖြင့် အမျိုးသားတစ်ဦးသည် ပျဉ်ပြားပေါ်တွင် တောင့်တင်းစွာ လဲလျောင်းနေပြီး သူ၏လည်ပင်းတွင်မူ ထင်ရှားသော သွေးစင်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။
စက္ကူနှင့် စုတ်တံကို ထုတ်ယူလိုက်ပြီး ထိုအမျိုးသား၏လက်ကို လှန်ကြည့်လိုက်၏။
အလောင်းကို ထိတွေ့လိုက်သည့် ထိုအခိုက်အတန့်လေးမှာပင် သူ၏စိတ်ထဲ၌ အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာလေသည်။
[စနစ်အသိပေးချက်]။ ။သေဆုံးသူ၏ ကျန်ရစ်သော မှတ်ဉာဏ်များကို တွေ့ရှိရပါသည်၊ စုပ်ယူမည်လား။
“ဘာလဲ”
“ဒါက”
“ဟုတ်ပြီ”
“ငါ့မှာလည်း ကိုယ်ပိုင်ရွှေလက်ချောင်း ရှိနေတာလား၊ မိုက်လိုက်တာ”
ကျိုးရီ၏ နှုတ်ခမ်းထောင့်များက အထက်သို့ကွေးညွတ်သွား၏။ မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်ဘုံက ဘက်လိုက်မှုမရှိခဲ့ပေ။
“စုပ်ယူမယ်”
ကျိုးရီက တွေဝေခြင်းမရှိဘဲ စိတ်ထဲမှ အမိန့်ပေးလိုက်သည်။ နောက်တစ်ခဏ၌ပင် ပုံရိပ်ပေါင်းများစွာက သူ၏စိတ်ထဲသို့ အဟုန်ပြင်းစွာ ဝင်ရောက်လာတော့၏။
[ဒုတိယမရီးက အရမ်းလှတာပဲ၊ ဒါပေမယ့် ဒုတိယအစ်ကိုနဲ့ ငါက အရမ်းရင်းနှီးနေတာ နှမြောစရာပဲ]
[ဒုတိယအစ်ကို ပြုတ်ကျပြီး သေသွားပြီ၊ ငါ အရမ်းဝမ်းနည်းတာပဲ၊ ဟီးဟီးဟီး… ဟားဟားဟား]
[ငွေဆယ်တေးလောက် စုမိတာနဲ့ ငါ့ကို ဟိုဟွာခွင့်ပြုမယ်လို့ ဒုတိယမရီးက ပြောတယ်၊ ငါကြိုးစားရမယ်]
[ဟင်၊ အစ်ကိုကြီးက ဘာလို့ ဒုတိယမရီးရဲ့ အခန်းထဲကနေ ထွက်လာရတာလဲ၊ သူတို့ စီးပွားရေးအကြောင်း ဆွေးနွေးနေကြတာ ဖြစ်ရမယ်၊ ဟုတ်တယ်၊ သေချာပေါက် စီးပွားရေးအကြောင်းဆွေးနွေးနေတာပဲ၊ ဒုတိယမရီးက ဒီမနက်တောင် ငါ့ကို ပြုံးပြသွားသေးတယ်၊ ဒုတိယမရီးနဲ့အတူ နေရဖို့အတွက် ကျန်တဲ့ ငွေသုံးတေးကို မြန်မြန်စုရမယ်]
[ကျစ်၊ မင်းတို့က ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ၊ ပြီးပြီ၊ ငါတော့ သေရတော့မယ်၊ ငါ့ရဲ့ ဒုတိယမရီး၊ အပင်အိုကြီးအောက်မှာ မြှုပ်ထားတဲ့ ငါ့ရဲ့ ငွေတွေတော့ အလကားဖြစ်ပြီ]
မှတ်ဉာဏ်များကို ရရှိပြီးနောက် ကျိုးရီသည် သက်ပြင်းချရင်း ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ မကောင်းမှုအားလုံးတွင် ကာမရာဂသည် အဆိုးရွားဆုံးပင်။
မိန်းမများနှင့်သာ ပတ်သက်ရမည်ဆိုလျှင် အခြားမည်သည့်အရာနှင့်မျှ ရှုပ်ယှက်ခတ်နေရန် အချိန်မရှိတော့ပေ။ ဤအချိန်တွင် ကိုယ်တိုင်ကိုယ်ကျ မျက်မြင်မတွေ့ခဲ့ရလျှင်တောင် သူ အားလုံးကို ခန့်မှန်းမိနေပြီဖြစ်သည်။
သူ၏ အစ်ကိုကြီးနှင့် ဒုတိယမရီးတို့ တိတ်တဆိတ် ဖောက်ပြန်နေခဲ့ကြသည်မှာ ကြာပြီဖြစ်ကာ သူ၏နှောင့်ယှက်မှုများကို မခံနိုင်တော့သည့်အဆုံး သူတို့က အကျဉ်းထောင်စောင့်အား လာဘ်ထိုးကာ ဤပြဿနာကို အပြီးတိုင် ဖြေရှင်းပစ်လိုက်ခြင်းပင် ဖြစ်နိုင်၏။
“ငါ့ကောင်၊ မင်းက ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးကြီးတစ်ယောက် မဟုတ်ပေမယ့် ဝမ်းနည်းစရာကောင်းတာက ငါကလည်း အဆင့်နိမ့် အလောင်းစစ်ဆေးသူ တစ်ယောက်ပဲဖြစ်နေတယ်၊ နောက်ဘဝကျရင်တော့ မိန်းမတွေနဲ့ ဝေးဝေးမှာနေပါ”
အလောင်းကိုကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် စုတ်တံနှင့် စက္ကူကို ကောက်ကိုင်လိုက်ပြီး ‘ရုတ်တရက် ရောဂါဖောက်၍သေဆုံးသည်’ ဟူသော စာလုံးကြီးလေးလုံးကို တိုက်ရိုက် ရေးချလိုက်လေသည်။
မိမိနေထိုင်ရာ အရပ်ဒေသ၏ စည်းမျဉ်းများကို လိုက်နာရမည်မှာ သဘာဝပင်။ အမှန်တရားကို မှတ်တမ်းတင်ခြင်းက မည်သူတစ်ဦးတစ်ယောက်၏ စုံစမ်းစစ်ဆေးမှုကိုမျှ ခံရမည်မဟုတ်သော်လည်း ၎င်းက သူ၏အသက်ကိုပင် ပေးဆပ်ရနိုင်၏။
အလောင်းစစ်ဆေးမှု အစီရင်ခံစာကို တင်သွင်းပြီးနောက် ကျိုးရီသည် သူ၏လက်များကို စင်ကြယ်အောင် ဆေးကြောလိုက်ပြီး ကောင်းကင်အကျဉ်းထောင်မှ ထွက်ခွာရန် လှည့်ထွက်လာခဲ့သည်။
အလောင်းစစ်ဆေးသူတစ်ဦးဖြစ်ခြင်း၏ ကောင်းကျိုးတစ်ခုမှာ အားလပ်ချိန် များများရခြင်းပင်။ ဤလောကသည် နေ့စဉ်နှင့်အမျှ လူများသေဆုံးနေသည့် ပဒေသရာဇ်ခေတ်နှင့် အနည်းငယ် ဆန်းကြယ်သော ရှန်းရှားကမ္ဘာတစ်ခု ဖြစ်သော်လည်း စက္ကန့်တိုင်း သေဆုံးနေကြခြင်းမျိုး မဟုတ်သလို အလောင်းတိုင်းကလည်း အလောင်းစစ်ဆေးသူကို ခေါ်ယူစစ်ဆေးရန် မလိုအပ်ပေ။
သေဆုံးသူ၏ မှတ်ဉာဏ်အပိုင်းအစများကို အခြေခံ၍ လမ်းတစ်လျှောက် လျှောက်သွားရာ အပင်အိုကြီးဆီသို့ ရောက်ရှိသွားပြီး အထုပ်ငယ်တစ်ခုကို လျင်မြန်စွာ တူးဖော်လိုက်၏။
၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ကြေးပြားအတော်များများ ရောနှောနေသော ငွေခုနစ်တေးကျော်ကို တွေ့လိုက်ရသည်။ ထိုလူသည် ကောင်းကောင်းမွန်မွန် စားသောက်ဝတ်စားခြင်းမျိုးကိုပင် မလုပ်ရက်ဘဲ နည်းနည်းချင်းစီ စုဆောင်းထားခဲ့ကြောင်း ထင်ရှားနေ၏။
သူသည် သူ၏ဒုတိယမရီးနှင့်အတူ အိပ်စက်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ဆန္ဒများ မပြည့်ဝခဲ့သည့်အပြင် အသက်ကိုပင် ဆုံးရှုံးလိုက်ရရှာသည်။
အချစ်အတွက် အရူးအမူးဖြစ်ခဲ့သူတစ်ဦး ဤကဲ့သို့ အဆုံးသတ်သွားရခြင်းမှာ အခြားမည်သူ့ကိုမျှ အပြစ်တင်၍မရနိုင်ပေ။ ငွေကို ဘာအတွက် စုဆောင်းရမည်နည်း။ လုပ်ချင်တာရှိလျှင် လုပ်ပစ်လိုက်ရုံပင်။
အဆိုးဆုံးအခြေအနေတွင် နှစ်ယောက်လုံး ဝက်လှောင်အိမ်ထဲတွင် ရေနှစ်သတ်ခံရရုံသာ ရှိလေသည်။
“အလောင်းစစ်ဆေးသူတစ်ယောက်ရဲ့ လစဉ်လစာက ငွေတစ်တေးနဲ့ ရှစ်ပြားပဲ ရှိတာ၊ ဒီပမာဏက ငါ သုံးလခွဲလောက် အလုပ်လုပ်မှ ရမယ့်ပမာဏနဲ့ သွားတူနေတာပဲ”
ကျိုးရီ၏ နှုတ်ခမ်းများက ကွေးတက်သွားပြီး ငွေများကို သူ၏ရင်ဘက်ထဲသို့ ထိုးထည့်လိုက်ကာ သီချင်းတီးတိုး ညည်းတွားရင်း လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့သည်။
“ဆန်မုန့်ပေါင်း၊ အခုမှ ပေါင်းထားတဲ့ ဆန်မုန့်ပေါင်း ပူပူလေးတွေရမယ်”
“အီကြာကွေး၊ အခုမှကြော်ထားတဲ့ အီကြာကွေး ကြွပ်ကြွပ်လေးတွေ ရမယ်”
လမ်းမကြီးပေါ်တွင် လူများ၊ မြင်းလှည်းများဖြင့် စည်ကားနေသော်လည်း သူ၏အတိတ်ဘဝနှင့် နှိုင်းယှဉ်ပါက ကွာခြားလွန်းလှပြီး မြို့ငယ်လေးတစ်မြို့လောက်ပင် ခမ်းနားကြီးကျယ်ခြင်းမရှိချေ။
လမ်းပေါ်ရှိ လူအများစုမှာ ကြမ်းတမ်းသော မီးခိုးပြာရောင်အဝတ်အထည်များကိုသာ ဝတ်ဆင်ထားကြပြီး အရောင်အသွေးမှာ တောက်ပြောင်ခြင်းမရှိဘဲ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ အဆောက်အအုံများမှာလည်း အနီရောင်နံရံများ သို့မဟုတ် အစိမ်းရောင်အုပ်ကြွပ်မိုးများ မရှိကြပေ။
လောကကြီးတစ်ခုလုံးသည် မီးခိုးရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ခံစားရ၏။
ဤနေရာသည် ထိပ်တန်းမြို့ကြီးများထဲမှ တစ်ခုဖြစ်သော စည်ကားလှသည့် တာ့ချန်မြို့တော်ပင် ဖြစ်နေသေးသည်။ တောင်ပေါ်ရွာလေးများဆိုလျှင် မည်သို့မည်ပုံ ရှိနေမည်ကို သူ အမှန်တကယ်ပင် မသိနိုင်တော့ပေ။
ကျိုးရီသည် လမ်းထောင့်ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာပြီး သစ်သားပြားပေါ်ရှိ ဟင်းလျာအမည်များနှင့် စျေးနှုန်းများကို ကြည့်ရှုလိုက်ရာ စျေးနှုန်းသင့်တင့်သည်ကို တွေ့ရသဖြင့် အထဲသို့ ဝင်ရောက်သွားလေသည်။
“ဆိုင်ရှင်၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ သေချာချက်ထားတဲ့ အမဲသားတစ်ပွဲ၊ မြေပဲလှော်တစ်ပွဲ၊ အရွက်သုပ်တစ်ပွဲနဲ့ ဝိုင်ကောင်းကောင်းတစ်အိုးလောက် ချပေးပါ၊”
ဆိုင်ရှင်ဖြစ်သူမှာ အပြုံးများကိုပင် မထိန်းချုပ်နိုင်တော့ဘဲ ဖော်ရွေစွာ ဆီးကြိုလေ၏။
“ထိုင်ပါဦး ဧည့်သည်တော်၊ ဝိုင်နဲ့ ဟင်းလျာတွေ အခုပဲရောက်လာပါလိမ့်မယ်”
မကြာမီမှာပင် ဝိုင်နှင့် ဟင်းလျာများအားလုံး စားပွဲပေါ်သို့ ရောက်ရှိလာပြီး ကျိုးရီသည်လည်း ပျော်ရွှင်စွာ စတင်စားသောက်တော့သည်။ အသားကင်၏ မွှေးပျံ့သောရနံ့နှင့် ဝိုင်၏ ပြင်းရှရှအနံ့တို့က အာရုံများကို နိုးကြားလာစေသည်။
ကူးပြောင်းလာပြီးနောက်တွင်ပင် သိုင်းပညာသင်ယူရန်အတွက် ငွေကို အပင်ပန်းခံစုဆောင်းတတ်ကြသည့် ထိုဇာတ်လိုက်များကဲ့သို့ သူ မဖြစ်ချင်ပေ။ ယခုဘဝတွင် သူ၏ကံကြမ္မာကို သူကိုယ်တိုင်သာ ပုံဖော်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ထားပြီးဖြစ်သည်။
လူတို့၏ကံကြမ္မာသည် ခန့်မှန်း၍မရနိုင်ချေ။ ယနေ့ သူသာ သူတွေ့ခဲ့ရသော ကံဆိုးသူကဲ့သို့ ဖြစ်သွားခဲ့လျှင် မည်သို့လုပ်မည်နည်း။ မိမိ၏မရီးနှင့်ပင် မအိပ်စက်လိုက်ရဘဲ ငွေများကို ချန်ထားရစ်ကာ သေဆုံးသွားရမည်ဆိုလျှင် သေသည့်တိုင် မျက်စိမှိတ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် သိုင်းပညာလေ့ကျင့်ခြင်းဆိုသည်မှာ တစ်နေ့တည်းဖြင့် ပြီးမြောက်နိုင်သော ကိစ္စမဟုတ်ပေ။ အခြားဇာတ်လိုက်များသည် ငွေကြေးမရှိသည့်အပြင် အန္တရာယ်များနှင့် ရင်ဆိုင်နေရသဖြင့် သူတို့၏ကိုယ်ပိုင်စွမ်းအားကို အရေးတကြီးမြှင့်တင်ရန် လိုအပ်သော်လည်း သူ့တွင်မူ ထာဝရအသက်ရှင်နိုင်စွမ်း ရှိနေသည့်အပြင် ကောင်းကင်အကျဉ်းထောင်တွင်လည်း သံမဏိထမင်းပန်းကန်ကြီးကို ကိုင်ဆောင်ထားနိုင်သေးသည်။
သတ်မှတ်ထားသော လုပ်ရိုးလုပ်စဉ်အတိုင်း လိုက်နာပြီး တည်ငြိမ်စွာ နေထိုင်သွားမည်ဆိုလျှင် အဆင်ပြေနေပြီဖြစ်သည်။
ထို့အပြင် ဤခန္ဓာကိုယ်သည် အာဟာရချို့တဲ့လွန်းနေပြီး အာဟာရဖြည့်တင်းရန် အလွန်အမင်းလိုအပ်နေသည်။ ဤကမ္ဘာခြားမှ ဝိုင်နှင့် အသားများသည် အမှန်တကယ်ပင် ကောင်းမွန်လှကြောင်း ဝန်ခံရပေမည်။
စက်မှုလုပ်ငန်းသုံးအရက်များ မပါဝင်သလို၊ ဓာတုပစ္စည်းများလည်း မပါဝင်ပေ။ ဆီသည်လည်း ဝက်ဆီဖြစ်ပြီး ဟင်းသီးဟင်းရွက်များကိုလည်း ပိုးသတ်ဆေးဖျန်းထားခြင်း မရှိပေ။ ၎င်းတို့သည် အမှန်တကယ်ပင် သဘာဝအတိုင်းဖြစ်သည်။
“ဒါက ကူးပြောင်းလာခြင်းရဲ့ အကြီးမားဆုံး ကောင်းကျိုးတွေထဲက တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို လျှော့စားလို့ရတာပဲ”
ကျိုးရီတစ်ယောက် အရသာရှိရှိ ဝါးမျိုရင်း စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်မိသည်။ သူ့ကဲ့သို့ အစားအသောက်ကြိုက်နှစ်သက်သူတစ်ဦးအတွက် ၎င်းသည် ကောင်းချီးတစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။
အခန်း (၂) - နဂါးနက်လက်သည်းသိုင်း ဆယ့်ရှစ်ကွက်နှင့် သိုင်းပညာ အစပြုခြင်း
အရက်သုံးခွက်ခန့် သောက်ပြီးနောက် အနည်းငယ် ရီဝေယစ်မူးနေသော ကျိုးရီက ငွေနှစ်တွဲကို ချထားခဲ့ကာ ကောင်းကင်အကျဉ်းထောင်ဆီသို့ လျှောက်လှမ်းလာခဲ့၏။ လမ်းလျှောက်နေစဉ် သူ၏ရင်ထဲ၌ မရေရာသော အနာဂတ်ကို ဖောက်ထွက်လိုစိတ်များ ကိန်းအောင်းနေသည်။
လမ်းခရီးတစ်လျှောက်တွင် အနောက်မှ စူးစိုက်ကြည့်နေသော အကြည့်တစ်ချို့ကို သူ ရှင်းလင်းစွာ ခံစားမိနေသည်။ ကောင်းကင်အကျဉ်းထောင်အတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူတောင်းစားအချို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကာ ငှက်များ၊ သားရဲများပမာ ချက်ချင်း ထွက်ပြေးပုန်းအောင်းသွားကြလေ၏။
“ဒီလောကကြီးက ငါထင်ထားတာထက်ပိုပြီး အန္တရာယ်များနေပုံပဲ”
သူ လေပြည်ညင်းကို ရှူရှိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ကောင်းကင်အကျဉ်းထောင်ရှိ အလောင်းစစ်ဆေးသူတစ်ဦး ဖြစ်နေသောကြောင့် စားဝတ်နေရေးအတွက် ပူပန်စရာမလိုပေ။ ဤမှောင်မိုက်သောနေရာ၌ သည်းခံနိုင်သရွေ့ သူ၏လုံခြုံရေးအတွက် စိုးရိမ်စရာမရှိချေ။
ကျိုးရီသည် အခန်းငယ်လေးဆီသို့ ပြန်လည်ရောက်ရှိလာပြီးနောက် အရက်အရှိန်ကြောင့် လေးလံနေသောမျက်ခွံများ ပိတ်ကျသွားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
အိပ်မက်ထဲတွင်မူ နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် သူသည် ဘီလီယံနှင့်ချီသော ကောင်းကင်စစ်သည်များကို ကွပ်ကဲအုပ်ချုပ်ရသည့် အမြင့်မြတ်ဆုံးကောင်းကင်ဧကရာဇ်ကြီး ဖြစ်လာခဲ့သည်။
ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဧကရီမလေးက သူ၏ရှေ့မှောက်တွင် ဒူးထောက်လျက် ဆံကေသာကို ရစ်ခွေချထားပြီး...
“ဟေး၊ ဟေး၊ မလုပ်နဲ့၊ မလုပ်နဲ့၊ မသင့်တော်ပါဘူး၊ ညီမလေး၊ မင်း အဲ့လိုလုပ်လို့မရဘူး၊ အို… မင်း” အိပ်မက်ထဲ၌ အရသာခံလျက် ညည်းတွားလိုက်သည်။
“ကျိုးရီ၊ ထတော့၊ ထတော့”
အိပ်မက်ထဲတွင် အထွတ်အထိပ်သို့ ရောက်ရှိနေချိန်မှာပင် ကျိုးရီတစ်ယောက် အတင်းလှုပ်နှိုးခံလိုက်ရ၏။
မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ မုတ်ဆိတ်မွေးဖွာဖွာနှင့် ဝါကြန့်ကြန့် သွားကြီးများရှိသော မျက်နှာကြီးကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်ပြီး အရိုးများပင် ပျော့ခွေသွားမတတ် ဖြစ်သွားရသည်။
ကျိုးရီက အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
“အစ်ကိုဝမ်၊ ဒီနေ့အတွက် ကျွန်တော့်အလုပ်ချိန် ပြီးသွားပြီလေ”
“ဒီနေ့ ဘာဖြစ်ရမှာလဲ၊ မင်း တကယ် အရက်မူးပြီး ရူးနေပြီလား၊ ဒီနေ့က ဒုတိယနေ့ရောက်နေပြီ”
“ဟိုက်”
ကျိုးရီ အလန့်တကြားရေရွတ်လိုက်မိ၏။ သူ သိပ်အများကြီး မသောက်ခဲ့ရပေ။ ယမန်နေ့ မွန်းတည့်ချိန်ကတည်းက ပြန်ရောက်လာခဲ့ပြီးနောက် နေ့တစ်ဝက်နှင့် ညတစ်ညလုံး အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။
လတ်တလောမှ ကူးပြောင်းလာခဲ့ခြင်းကြောင့် သူ၏ဝိညာဉ်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေဆဲဖြစ်၍သာ ဤမျှ အိပ်မောကျသွားခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။
“မြန်မြန်လုပ်၊ အကျဉ်းထောင်မှူးမာက မင်းကို အလောင်းစစ်ဆေးခိုင်းဖို့ ခေါ်နေတယ်”
“လူသေတွေ ထပ်ရောက်လာပြန်ပြီလား” သူက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“မနေ့ညက လောင်ဟူတစ်ယောက် အရက်မူးပြီး ဂိုဏ်းနှစ်ခုက လူသတ်သမားတွေကို အတူတူပိတ်ထားမိတယ်တဲ့၊ ဘုရားရေ၊ ဒီမနက်နိုးလာတော့ တစ်ယောက်မှ အသက်မရှူကြတော့ဘူး၊ အကျဉ်းထောင်မှူးမာနဲ့ ထျန်းဝမ်ကျင်းတို့ နှစ်ယောက်လုံး သွားကြည့်နေကြပြီ”
“ကျွန်တော် အခုပဲလာခဲ့မယ်”
ကျိုးရီသည် သူ၏ အဝတ်ဖိနပ်ကို ကမန်းကတန်းစီးလိုက်ပြီး အခြားသူနောက်မှနေ၍ အကျဉ်းထောင်၏ အတွင်းပိုင်းဆီသို့ လျင်မြန်စွာ လိုက်ပါသွားလေသည်။
အဝေးမှနေ၍ ကြည့်လိုက်ရာ ထောင်အရာရှိက လက်နောက်ပစ်လျက်ရှိပြီး ထောင်မှူးကမူ လက်ပိုက်လျက် အကျဉ်းခန်းတံခါးကိုမှီကာ အချင်းချင်း မျက်နှာချင်းဆိုင်၍ တစ်စုံတစ်ရာကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
အကျဉ်းခန်းအတွင်း၌မူ အဖြူရောင်အဝတ်စများဖြင့် ဖုံးအုပ်ထားသော အရာအချို့ ရှိနေ၏။
ထောင်အရာရှိ၏ အမည်မှာ ထျန်းဝမ်ကျင်း ဖြစ်သည်။ သူသည် စာမေးပွဲကျခဲ့သော စာပေသမားတစ်ဦးဖြစ်သော်ငြား အကျဉ်းထောင်အကြီးအကဲ၏ အသိအမှတ်ပြုခြင်းကို ခံရကာ ကောင်းကင်အကျဉ်းထောင်၏ ထောင်အရာရှိအဖြစ် ခန့်အပ်ခံရသူဟု ကောလာဟလ ထွက်ပေါ်နေသူဖြစ်သည်။ ထောင်မှူး၏အမည်မှာ တရားသူကြီးမာ ဖြစ်သည်။
သူသည် အကျဉ်းထောင်အကြီးအကဲနှင့်အတူ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ပြီး အကြီးအကဲအတွက် ဓားဒဏ်ရာများကိုပင် ကိုယ်စားခံယူပေးခဲ့ဖူးသူဟု ဆိုကြသည်။
တစ်ဦးက စာပေအပိုင်းကို ကိုင်တွယ်ပြီး နောက်တစ်ဦးက စစ်ရေးစစ်ရာအပိုင်းကို ကိုင်တွယ်သော ထိုသူနှစ်ဦးသည် မြို့တော်ရှိ အကျဉ်းထောင်အကြီးအကဲ၏ လက်အောက်မှ ကြီးမြတ်သော နဂါးနှင့် ဖီးနစ်နှစ်ပါးဟု လူသိများကြလေသည်။
သူတို့၏ဘေးတွင် ရပ်နေသော ထောင်စောင့် အဘိုးကြီးဟူမှာမူ ခါးကိုင်းကျနေကာ မျက်နှာမှာ ဖြူရော်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေလျက် ဗလုံးဗထွေးဖြင့် တောင်းပန်နေ၏။
“အကျဉ်းထောင်မှူးမာ၊ ထျန်းဝမ်ကျင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပေးကြပါ၊ ကျွန်တော် နောက်ဘယ်တော့မှ သတိလွတ်တဲ့အထိ အရက်မသောက်တော့ပါဘူး”
“မင်းကို ငါတို့ကယ်ရင် ငါတို့ကို ဘယ်သူကယ်မလဲ၊ ဧရာမဝေလငါးဂိုဏ်းနဲ့ ကြမ်းကြုတ်ကျားဂိုဏ်း နှစ်ခုလုံးက အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ ရှိကြတယ်၊ ချင်းမြို့စားအိမ်တော်နဲ့ ဝန်ထမ်းရေးရာဝန်ကြီးဌာနကလူတွေ ဒီမနက်စောစောကပဲ အကျဉ်းထောင်အကြီးအကဲဆီ လာပြီး သေချာစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားကြတယ်၊ မင်းရဲ့ နောက်ဆုံးခရီးအတွက်သာ ပြင်ဆင်ထားလိုက်တော့”
လောင်ဟူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်းများ အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။
“ထျန်းဝမ်ကျင်း၊ အကျဉ်းထောင်မှူးမာ” ကျိုးရီက ရှေ့သို့တက်ကာ အရိုအသေပေးလိုက်သည်။
သူတို့နှစ်ဦးက ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် အမိန့်ပေးလေသည်။
“အလောင်းတွေကို ချက်ချင်းစစ်ဆေးပြီး မှတ်တမ်းတင်လိုက်”
“ဟုတ်ကဲ့ပါ”
ကျိုးရီက ခေါင်းညိတ်လိုက်ပြီး စက္ကူနှင့် စုတ်တံကို ကောက်ကိုင်ကာ အကျဉ်းခန်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွား၏။ သူ၏မျက်လုံးများက စူးရှနေပြီး အခွင့်အရေးတစ်ခုကို ရယူနိုင်ရန် အသင့်ဖြစ်နေသည်။
ပထမဆုံး အဖြူရောင်အဝတ်စကို လှန်လိုက်သောအခါ ဝက်ခေါင်းတစ်လုံးပမာ ရိုက်နှက်ခံထားရပြီး မျက်လုံးများ ပြူးထွက်နေသည့် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦး၏အလောင်းကို တွေ့လိုက်ရ၏။
အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်နေသည်။
မြေအောက်လောကမှ လူများသည် သူတို့၏အသက်ကို တန်ဖိုးမထားကြကြောင်း မကြာခဏ ကြားဖူးခဲ့သော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့လိုက်ရချိန်မှသာ ယင်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ အပြည့်အဝ နားလည်သွားတော့သည်။
အမျိုးသား၏ ခန္ဓာကိုယ်ပေါ်သို့ လက်တင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏စိတ်ထဲ၌ အသံတစ်သံက ထပ်မံပဲ့တင်ထပ်လာလေသည်။
[စနစ်အသိပေးချက်]။ ။သေဆုံးသူ၏ ကျန်ရစ်သော မှတ်ဉာဏ်များကို တွေ့ရှိရပါသည်၊ စုပ်ယူမည်လား။
ကျိုးရီက တိုက်ရိုက်ပင် စုပ်ယူလိုက်သည်။
[ကြမ်းကြုတ်ကျားဂိုဏ်းက ခွေးမသား၊ မင်းတို့က သရုပ်ဆောင်တာလို့ပြောပြီး တကယ်ကို အားရပါးရ ရိုက်တာပဲ၊ ငါ့ရဲ့ လက်သီးတစ်ချက်ကို မြည်းစမ်းကြည့်စမ်း]
[ပြီးပြီ၊ ပြီးသွားပြီ၊ ငါတော့ သေရတော့မယ်၊ ရှင်းဟွာစားသောက်ဆိုင်ကို ငါ ဘယ်တော့မှ ထပ်သွားလို့မရတော့ဘူး၊ ရှောင်ဟုန်လေးက အရမ်းနူးညံ့ပြီး အသံလေးကလည်း သာယာလိုက်တာ၊ ငါ တစ်ခါလေးပဲ မြည်းစမ်းလိုက်ရသေးတယ်]
မှတ်ဉာဏ်များကို ရှာဖွေကြည့်ပြီးနောက်….
ကျိုးရီ၏မျက်နှာအမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။ ယမန်နေ့က ဖြစ်ရပ်များအပြီး၊ ဤကဲ့သို့သော အရာများကို သူ အသားကျနေပြီဖြစ်သည်။ ဤလောကတွင် နည်းပညာနှင့် ဖျော်ဖြေရေးများ ကင်းမဲ့နေသောကြောင့် အမျိုးသားအများစု၏ သေခါနီးအတွေးများမှာ မိန်းမများနှင့်သာ သက်ဆိုင်နေခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ သူ၏ အတိတ်ဘဝမှ လူကြီးများတွင် ကလေးများစွာ ရှိနေခြင်းမှာ အံ့သြစရာတော့မဟုတ်ပေ။
အဖြူရောင်အဝတ်စကို ပြန်လည်ချထားလိုက်ပြီး မှတ်တမ်းတင်ရန် စက္ကူနှင့် စုတ်တံကို ထုတ်ယူကာ အခြားတစ်ယောက်ကို ကြည့်လိုက်သည်။
ဤသူသည် မြားဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။ အလောင်းကိုထိတွေ့လိုက်ချိန်တွင် သူ၏စိတ်ထဲ၌ နောက်ထပ်မှတ်ဉာဏ်များ ပေါ်လာပြန်၏။
[ဟားဟား၊ ငါ့မှာ ကာလသားရောဂါရှိတယ်၊ အဲ့ဒီကောင်ကို ငါ တံတွေးနဲ့ထွေးလိုက်တာ အဆိပ်သင့်နေတဲ့သွေးတွေ သူ့ပါးစပ်ထဲ ဝင်သွားပြီ၊ သူလည်း ကာလသားရောဂါဖြစ်ပြီး အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်ကျရင် သူ့ရဲ့ဂွကြားက ပုပ်ပွသွားမှာ အသေအချာပဲ]
ကျိုးရီ၏မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။
“သောက်ကျိုးနည်း၊ ခွေးကောင်” သူက စက်ဆုပ်ရွံရှာစွာဖြင့် ကျိန်ဆဲလိုက်သည်။
လက်ကို မြက်ပင်များနှင့် အကြမ်းပတမ်း ပွတ်တိုက်လိုက်ပြီးနောက် ထိုအလောင်းကို ထပ်မံထိတွေ့သောအခါ လက်ညှိုးဖြင့် ဖွဖွလေးသာ တို့ထိတော့သည်။
[ဧရာမဝေလငါးဂိုဏ်းက လူယုတ်မာတွေ၊ မင်းတို့အားလုံးကို ငါတိုက်မယ်၊ နဂါးနက်လက်သည်းသိုင်း ဆယ့်ရှစ်ကွက်၊ မျက်လုံးဖောက်နည်း၊ ခြေနင်း၊ မျိုးဆက်ဖြတ်နည်း]
‘နဂါးနက်လက်သည်းသိုင်း ဆယ့်ရှစ်ကွက်၊ ဒါက ကျင့်ကြံခြင်းသိုင်းပညာတစ်ခုများလား’
အာဏာနှင့် စွမ်းအားကို ငတ်မွတ်နေသော သူ၏ရင်တွင်း၌ မျှော်လင့်ချက်မီးတောက်များ တောက်လောင်လာသည်။
ကျိုးရီက တိတ်တဆိတ်မှတ်သားထားလိုက်ပြီး ဆက်လက်၍ လေ့လာစောင့်ကြည့်နေ၏။ ကျန်ရှိနေသော လူအနည်းငယ်၏ ဒဏ်ရာများမှာလည်း ဆင်တူသော်ငြား သူတို့၏မှတ်ဉာဏ်များမှာမူ ကွဲပြားနေကြသည်။
[သခင်လေးအတွက် ထောင်ကျခံပေးဖို့ ဂိုဏ်းက ငါ့ကို ဆုကြေးငွေ ၁၀ တေး ပေးတယ်၊ အဲဒါကို ကောင်းကင်အကျဉ်းထောင် အပြင်ဘက်က မိုးမခပင်အောက်မှာ ငါ မြှုပ်ထားတယ်၊ အပြင်ရောက်တာနဲ့ ပြည့်တန်ဆာအိမ်ကို သွားလို့ရပြီ]
[တည်းခိုခန်းပိုင်ရှင် မိန်းမရဲ့ ရင်သားက ငါ့တင်ပါးထက်တောင် ပိုကြီးသေးတယ်၊ မနေ့ညက သေရင်သေပါစေ အဲဒါကိုကိုင်ကြည့်ဖို့ ကြိုးစားခဲ့သင့်တာ]
မကြာမီမှာပင် ကျိုးရီသည် အလောင်းစစ်ဆေးမှု လက္ခဏာရပ်များနှင့် အလောင်းများ၏ မှတ်ဉာဏ်များအားလုံးကို မှတ်တမ်းတင်ပြီးစီးသွားခဲ့သည်။
ထိုသူနှစ်ဦးထံသို့ ပြန်လှည့်လာချိန်တွင် အဘိုးကြီးဟူမှာ ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီဖြစ်သည်။
“ထျန်းဝမ်ကျင်း၊ အကျဉ်းထောင်မှူးမာ၊ ဒါက မှတ်တမ်းဖိုင်ပါ၊ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပေးပါ” စာရွက်စာတမ်းများကို လှမ်းပေးရင်း သူကပြောလိုက်သည်။
ထျန်းဝမ်ကျင်းက ကျိုးရီရေးသားထားသော မှတ်တမ်းဖိုင်ကို လှမ်းယူလိုက်ကာ ပြောလိုက်၏။
“စစ်ဆေးနေဖို့မလိုပါဘူး၊ ထောင်အရာရှိအနေနဲ့ မင်းရဲ့မှတ်ချက်ကို ငါယုံကြည်ပါတယ်၊”
“ကျေးဇူးတင်ပါတယ် ထောင်အရာရှိ၊ တခြား ဘာမှမရှိတော့ဘူးဆိုရင် လက်အောက်ခံ ကျွန်တော်မျိုး သွားခွင့်တောင်းခံပါရစေ”
“ပြန်သွားတော့”
“ဟုတ်ကဲ့ပါ”
ကျိုးရီ အပြင်သို့ လျှောက်ထွက်လာစဉ် ယခုလေးတင်ရရှိထားသော မှတ်ဉာဏ်များကို ဂရုတစိုက် ပြန်လည်သုံးသပ်ကြည့်လိုက်ရာ မကြာမီမှာပင် ကျင့်ကြံခြင်းသိုင်းပညာရပ် တစ်ခုဖြစ်သော နဂါးနက်လက်သည်းသိုင်း ဆယ့်ရှစ်ကွက်ကို မှတ်မိသွားခဲ့လေပြီ။
သူ၏ မျက်လုံးများအတွင်း၌ ရည်မှန်းချက်ကြီးမားသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
ကျေနပ်မှုကြောင့် သူ၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်ကို မတားဆီးနိုင်တော့ပေ။
“နောက်ဆုံးတော့ ငါလည်း သိုင်းပညာတစ်ခုကို ရခဲ့ပြီ၊ ဒီအချိန်ကစပြီး တစ်လောကလုံး နာကျင်မှုကို ခံစားစေရမယ်” လက်သီးကို တင်းတင်းဆုပ်ရင်း သူက မာန်ပါပါရေရွတ်လိုက်သည်။
အပြင်ဘက်ရှိ မိုးမခပင်ဆီသို့သွားကာ ငွေ ၁၀ တေးကို တူးဖော်ယူလိုက်ပြီးနောက် သိုင်းပညာလေ့ကျင့်ရန်အတွက် အလျင်အမြန်ပင် ပြန်လာခဲ့တော့သည်။
တစ်လအကြာ၊ သူ ကိုယ်ပိုင်အခန်းအတွင်း၌။
ကျိုးရီသည် သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး ညစ်ညမ်းသော ချီစွမ်းအင်တစ်ချို့ကို မှုတ်ထုတ်လိုက်ကာ သူ၏ရှေ့မှောက်ရှိ လက်ရာမြောက်သည့် အရာကို ပြုံးရွှင်စွာကြည့်ရင်း ကျေနပ်အားရဖြစ်သွားပြီး ခေါင်းညိတ်လိုက်လေသည်။
ကောက်ရိုးရုပ်၏ မျက်လုံးများ၊ လည်ချောင်း၊ ရင်ဘတ်၊ ဂွကြား၊ ခြေဖမိုး၊ ဒူးနှင့် အခြားသော အားနည်းသည့် နေရာများအားလုံးမှာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံထားရပြီးဖြစ်သည်။
သာမန်လူတစ်ယောက်သာဆိုလျှင် ထိုမြင်ကွင်းမှာ ကြည့်ရက်စရာပင် ရှိမည်မဟုတ်ပေ။
“ဒီနဂါးနက်လက်သည်းသိုင်း ဆယ့်ရှစ်ကွက်က တကယ်ကို အစွမ်းထက်တာပဲ၊ လူ့ခန္ဓာကိုယ်ရဲ့ အသက်အန္တရာယ်ရှိတဲ့ အရေးကြီးနေရာတွေကို အထူးပြုပြီး တိုက်ခိုက်တာ၊ ရိုးရှင်းတယ်၊ ကြမ်းတမ်းတယ်၊ အသက်ရှင်ဖို့ အခွင့်အရေး လုံးဝမပေးဘူး၊ သိုင်းလောကထဲ လျှောက်သွားဖို့နဲ့ လူသတ်လုယက်မှုတွေ လုပ်ဖို့အတွက် တကယ်ကို မရှိမဖြစ်လိုအပ်တဲ့အရာပဲ”
သို့သော် သူ၏ခန္ဓာကိုယ်အတွင်း၌ မမြင်ရသော ချီစွမ်းအင်တစ်ခု ရှိနေပုံရကြောင်းကိုလည်း သူ ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းသည် ဧရာမမြွေကြီးတစ်ကောင်ပမာ သွေးကြောများတစ်လျှောက် သွေးများနှင့်အတူ စီးဆင်းနေ၏။
“သိုင်းပညာရှင်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ချီစွမ်းအင်တွေကို ခန္ဓာကိုယ်ထဲစုပ်ယူပြီး စစ်မှန်တဲ့ အနှစ်သာရကို ဖန်တီးနိုင်တယ်၊ အဲဒါက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး ကိုယ်ပိုင်စွမ်းအားကို တိုးတက်စေတယ်လို့ ငါကြားဖူးတယ်”
အတွေးများနှင့်အတူ သူက ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိလိုက်သည်။
ကျိုးရီ ခေါင်းယမ်းလိုက်၏။ သိုင်းပညာ၏ တာအိုလမ်းစဉ်အကြောင်းကို သူ သိရှိထားသည်မှာ အလွန်ပင် နည်းပါးလွန်းလှသည်။
အရင်လူသည် တပည့်အဖြစ် ခံယူကာ သင်ကြားရန်အတွက် သိုင်းပညာကျောင်းတော်တစ်ခုသို့ သွားချင်ခဲ့သော်လည်း ဤလောက၏ စည်းမျဉ်းများကြောင့် ဖိနှိပ်ခံခဲ့ရသည်။
‘ဆရာတစ်ခါလုပ်ဖူးလျှင် တစ်သက်လုံး ဖခင်ကဲ့သို့သဘောထားရမည်’ ‘ပွဲတော်ကာလများတွင် လက်ဆောင်မပါဘဲ သွားရောက်လည်ပတ်ခြင်းမပြုရ’ ‘သုံးနှစ်ကြာသင်ယူပြီး ခုနစ်နှစ်ကြာ အစေခံရမည်’ စသည့် အရာများအပြင် သင်တန်းခများပင် ပေးဆောင်ရသေး၏...
ဤပြဿနာများက အရင်လူအတွက် သိုင်းပညာသင်ယူမည့် လမ်းကြောင်းကို တိုက်ရိုက်ပင် ဖြတ်တောက်လိုက်သဖြင့် သိုင်းပညာ၏ တာအိုလမ်းစဉ်နှင့်ပတ်သက်၍ များများစားစား သိမနေခဲ့ခြင်းဖြစ်သည်။
“သိုင်းပညာဗဟုသုတတွေ သင်ယူဖို့အတွက် တစ်ယောက်ယောက်ကို ငါ ရှာမှရတော့မယ်ထင်တယ်” သူက စိတ်ပိုင်းဖြတ်လိုက်သည်။
“ကျိုးရီ၊ ထမင်းစားခန်းဖွင့်ပြီ၊ မင်း နောက်ကျမှသွားရင် စားစရာဘာမှကျန်တော့မှာ မဟုတ်ဘူး”
တံခါးအပြင်ဘက်မှ ထောင်စောင့်၏အော်ခေါ်သံ ထွက်ပေါ်လာလေသည်။
“လာပြီ”
ကျိုးရီက ပြန်အော်ပြောလိုက်ပြီး အပေါ်အင်္ကျီကို ဝတ်ဆင်ကာ အခြားသူများနှင့်အတူ စားသောက်ရန် ထမင်းစားခန်းဆီသို့ ထွက်ခွာသွားလေတော့သည်။