အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉) - မှောင်ခိုဈေးသို့ အလည်တစ်ခေါက်
တစ်လအကြာတွင် စစ်သည်အင်အား ငါးသိန်း စုစည်းကာ ဧကရာဇ်မင်းကြီးကိုယ်တိုင် စစ်တပ်ကိုဦးဆောင်၍ မြောက်ပိုင်းမန် ကျူးကျော်သူများကို နှိမ်နင်းရန် မြောက်ဘက်သဲကန္တာရဆီသို့ တိုက်ရိုက်ချီတက်သွားလေသည်။
တစ်နိုင်ငံလုံး အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံနေကြ၏။
ထိုညမှာပင် ကျိုးရီသည် တရားရေးဝန်ကြီး ကျိုးစီယွမ်၏ ဘိုးဘွားသင်္ချိုင်းသို့ ရောက်ရှိလာခဲ့သည်။ သူ၏ မူလရည်ရွယ်ချက်မှာ မူလပိုင်ရှင်အတွက် လက်စားချေရန် ဝန်ကြီးအိမ်တော်သို့ တိုက်ရိုက်သွားရောက်ရန် ဖြစ်သည်။
သို့သော် အဆင့်မြင့် နန်းတွင်းအရာရှိများကို ကျွမ်းကျင်သူများက ကာကွယ်ပေးထားကြောင်း ကြားသိရပြီးနောက် မစွန့်စားသင့်ဟု ဆုံးဖြတ်လိုက်သည်။
သိုင်းသခင်အဆင့်သို့ ရောက်သည်အထိ စောင့်ဆိုင်းပြီးမှသာ ထိုသူကိုသတ်ဖြတ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။
အံ့သြစရာကောင်းသည်မှာ ကျိုးစီယွမ်၏ ဘိုးဘွားသင်္ချိုင်းတွင် အစောင့်များ ရှိနေခြင်းပင်။ သို့သော်လည်း မွေးရာပါအဆင့် ကျွမ်းကျင်သူတစ်ဦးရှေ့တွင် သူတို့သည် ပုရွက်ဆိတ်များသာ။
ကျိုးရီက အဝေးမှရပ်ကာ စွမ်းအင်တန်းနှစ်တန်း ပစ်လွှတ်လိုက်ရာ အစောင့်များအားလုံး လဲကျသွားတော့သည်။
“ငါက သင်္ချိုင်းဖောက်ထွင်းတဲ့သူပဲ၊ ငါ့ရဲ့ သင်္ချိုင်းဖောက်တဲ့ နည်းပညာတွေက အရမ်းအားကောင်းတယ်”
ယခုအခါ ကျိုးရီသည် မွေးရာပါအဆင့်သို့ တက်လှမ်းသွားပြီဖြစ်၍ လော့ရန်ဂေါ်ပြားကိုပင် အသုံးပြုရန်မလိုအပ်တော့ပေ။
ဓားလက်ညှိုးကို မြှောက်လိုက်သည်နှင့် ဓားစွမ်းအင် တစ်ချက်ပစ်လွှတ်နိုင်နေပြီဖြစ်သည်။ ဓားစွမ်းအင် အချက်အနည်းငယ် ပစ်လွှတ်လိုက်ပြီးနောက် အခိုင်ခံ့ဆုံး သင်္ချိုင်းပင်လျှင် ခံနိုင်ရည်မရှိတော့ပေ။
သို့သော် တရားရေးဝန်ကြီး ကျိုးစီယွမ်၏ ဘိုးဘွားသင်္ချိုင်းကို ဖွင့်လိုက်သောအခါ ကျိုးရီ အနည်းငယ်အံ့သြသွားမိသည်။
“ဒါက ဘာလဲ”
အောက်ဘက်တွင် အလွန်မာကျောသော သံမဏိစစ်စစ်ဖြင့် ပြုလုပ်ထားသည့် ခေါင်းတလားတစ်ခုကို တွေ့လိုက်ရသည်။ အကယ်၍ သင်္ချိုင်းဖောက်ထွင်းသူတစ်ဦးသာ သာမန်ကိရိယာများကို အသုံးပြုပါက မည်သို့မျှ ဖွင့်နိုင်မည်မဟုတ်ပေ။
“တရားရေးဝန်ကြီးက သူ့အဖေအတွက် သင်္ချိုင်းဂူကို သံမဏိအစစ်နဲ့ လုပ်ပေးထားတာပဲ၊ သူ့ဆီမှာ ခိုးယူခံရနိုင်ခြေကို ကာကွယ်ဖို့ အသိတရား ရှိနေမယ်လို့ မထင်မှတ်ထားဘူး၊ ကံမကောင်းစွာနဲ့ပဲ မွေးရာပါအဆင့် ဓားစွမ်းအင်ရှေ့မှာတော့ အကောင်းဆုံး သံမဏိသင်္ချိုင်းဂူတောင် အမှိုက်သက်သက်ပါပဲ”
ကျိုးရီသည် သူ၏ ဓားစွမ်းအင်ကို ထပ်မံစုစည်းကာ တစ်ချက်ပြီးတစ်ချက် ရိုက်ခတ်လိုက်ရာ အခေါင်းတလားကြီး ပွင့်ထွက်သွားတော့သည်။ အခေါင်းတလားပွင့်သွားသည်နှင့် ရွှေငွေများမှထွက်ပေါ်လာသည့် တောက်ပသောရောင်ဝါက ကျိုးရီ၏မျက်စိကို ချက်ချင်း ပြာသွားစေသည်။
သူ သေချာကြည့်လိုက်ရာ အထဲတွင် ရွှေနှင့် ငွေအမြောက်အမြား ဝှက်ထားသည်ကို တွေ့လိုက်ရ၏။ အခြေအနေအရ အနည်းဆုံး ရွှေစင် ထောင်ကျော်နှင့် ငွေသောင်းကျော် ရှိရမည်။
“ကျစ်ကျစ်... တရားရေးဝန်ကြီးက အခေါင်းတလားအတွက် သံမဏိစစ်စစ်ကို သုံးပြီး ဘိုးဘွားသင်္ချိုင်းကိုစောင့်ဖို့ လူတွေလွှတ်ထားတာ မဆန်းပါဘူး။ သူက ပြည်သူတွေဆီက ခြိမ်းခြောက်လုယူထားတဲ့ သွေးချွေးတွေကို ဒီမှာ ဝှက်ထားတာကိုး”
မြို့တော်ဝန်အဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်ပါက ငွေစင်တစ်သိန်း ရသည်ဟူ၍ အဆိုတစ်ခုရှိသည်မဟုတ်လော။
ဝန်ကြီးဌာနခြောက်ခုအနက် တစ်ခု၏ အကြီးအကဲဖြစ်သော တရားရေးဝန်ကြီးသည် လက်ဆောင်များ အုံလိုက်ကျင်းလိုက် ရရှိမည်မှာ အသေအချာပင်။
သာမန်ပြည်သူများက တစ်သက်လုံး အရိုးကြေမတတ် အလုပ်လုပ်နေရသော်လည်း စားဝတ်နေရေး မပြေလည်ကြချိန်တွင် သူသည် သားစဉ်မြေးဆက် အဆက်ဆက် သုံးမကုန်နိုင်သည့် ရတနာများကို ဘိုးဘွားသင်္ချိုင်းတွင် မြှုပ်နှံထားပြီးဖြစ်သည်။
“အကျင့်ပျက်အရာရှိ... မင်းအဘိုးက ဒီလက်ဆောင်တွေကို အားနာနာနဲ့ပဲ လက်ခံလိုက်မယ်”
ကျိုးရီသည် ရွှေငွေအားလုံးကို ထုပ်ပိုးလိုက်၏။ သာမန်လူတစ်ယောက်အတွက် မနိုင်မနင်း ဖြစ်နေမည်ဖြစ်သော်လည်း သူကမူ လက်တစ်ဖက်တည်းဖြင့် အလွယ်တကူသယ်ဆောင်နိုင်ပေသည်။
ကျိုးရီသည်မထွက်ခွာမီ အဘိုးကြီးကျိုး၏ ရုပ်အလောင်းကို ထိတွေ့လိုက်ရာ မထင်မှတ်ဘဲ မျှော်လင့်မထားသည့် အခြားအကျိုးအမြတ်တစ်ခုကို ထပ်မံရရှိလိုက်ပြန်သည်။
[ငါဟာ ဆေးဆရာတစ်ယောက်အဖြစ် နှစ်ခုနစ်ဆယ်ကြာ နေထိုင်ခဲ့ပြီး အဆက်အသွယ်ပေါင်း မြောက်မြားစွာ ရရှိခဲ့တယ်။ ဒါပေမဲ့ တာ့ချန် ကို ကြည့်လိုက်ရင် အဖိုးတန်ဆုံးအရာက ‘အာဏာ’ ဆိုတဲ့ စကားလုံးပဲ]
[ငါ့သားက အလားအလာရှိတယ်။ သူက စာမေးပွဲတွေအောင်မြင်ပြီး ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာတယ်ကွ။ နောက်ဆုံးတော့ ငါ့ရဲ့ ကျိုးမိသားစု ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့်နေ့လေး ရောက်လာခဲ့ပြီ]
[ဘုရင်ခံက ငါ့ရဲ့ ငွေနှစ်သောင်းကို လက်ခံလိုက်ပြီး သုံးနှစ်အတွင်းမှာ ငါ့သားကို မြို့ဝန်အဖြစ် ရာထူးတိုးပေးမယ်လို့ ကတိပေးခဲ့တယ်]
[ငါ့သား မြို့တော်ထဲကို ဝင်သွားပြီ။ ကံမကောင်းတာက ငါကအိုမင်းနေပြီ။ ကောင်းကင်ဘုံက ငါ့ရဲ့ ကျိုးမိသားစုကို ကြီးပွားတိုးတက်မယ့် သားစဉ်မြေးဆက်တွေနဲ့ ထာဝရဘုန်းကျက်သရေတွေ ပေးသနားတော်မူပါ]
“ဆေးလုံးများ၏ အစစ်အမှန် ရှင်းလင်းချက်ဆိုပါလား။ အံ့သြစရာပဲ။ ကျိုးမိသားစုက ဆေးပညာကို ကျင့်ကြံခဲ့တာပဲ”
ကျိုးရီ၏ မျက်လုံးများ တောက်ပသွားသည်။ နောက်ဆုံးတွင် သူ အမြဲတစေ တောင့်တနေခဲ့သော ဆေးပညာကို ရရှိလာခဲ့ပြီဖြစ်သည်။
နောက်ပိုင်းတွင် ပါဝင်ပစ္စည်းအချို့ ဝယ်ယူကာ ဆေးပညာကို စမ်းသပ်ကြည့်နိုင်သည်။ ကျိုးရီသည် ရွှေငွေများကို သယ်ဆောင်ကာ အမြန်ထွက်ခွာသွားပြီး မကြာမီ ညမှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
နောက်တစ်နေ့ ကျိုးအိမ်တော်တွင်။
“မင်းတို့ အသုံးမကျတဲ့ကောင်တွေ... ဘယ်နေရာမှာ အသုံးဝင်လဲ။ သင်္ချိုင်းဂူကိုတောင် သေချာမစောင့်နိုင်ဘူး၊ မင်းတို့ကို ငါက ဘာအတွက် အသုံးချရမှာလဲ”
ကျိုးစီယွမ်သည် ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ ထိုနေရာတွင် သူ၏ ကျိုးမိသားစု ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်း ရှိနေပြီး ယခုအခါ အားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။
“သခင်ကြီး စိတ်လျှော့ပါ... စိတ်လျှော့ပါ၊ ဘိုးဘေးကြီးရဲ့ သံမဏိစစ်ခေါင်းတလားကို မွေးရာပါစွမ်းအင် ထုတ်လွှတ်နိုင်တဲ့ သိုင်းပညာရှင်မဟုတ်ရင် ဘယ်သူမှ ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီ သင်္ချိုင်းဖောက်သူတော်စင်က မွေးရာပါအဆင့်ကို တက်လှမ်းသွားတာဖြစ်ရမယ်”
“မွေးရာပါအဆင့်၊ တောက်စ်... အဲဒီကောင်”
ကျိုစီယွမ် လက်သီး တင်းတင်းဆုပ်လိုက်ရာ သူ၏လက်သည်းများက လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။
“အဲဒီတုန်းက ငါ့အဖေက ဆေးဆရာတစ်ယောက် ဖြစ်ခဲ့ပြီး သိုင်းပညာရှင်တွေရဲ့ အတင်းအကျပ် ဆေးဖော်စပ်ခိုင်းတာကို မကြာခဏခံခဲ့ရတယ်၊ အခု ဂုဏ်သိက္ခာကြီးမားတဲ့ တရားရေးဝန်ကြီးအနေနဲ့ ဒီသိုင်းပညာရှင်တွေရဲ့ ခေါင်းပုံဖြတ်တာကို ဆက်ခံနေရဦးမှာလား၊ အစိုးရရုံးအဆင့်ဆင့်နဲ့ ကျန်းဟူက အင်အားကြီးအဖွဲ့အစည်းတွေကို အကြောင်းကြားလိုက်။ သင်္ချိုင်းဖောက်သူတော်စင်ကို ဖမ်းမိတဲ့ ဘယ်သူ့ကိုမဆို ငွေစင်တစ်သောင်း ဆုချမယ်”
“ဟုတ်ကဲ့ပါ”
ထိုအချိန်တွင် တရားခံကျိုးရီသည် ထျန်းဝမ်ကျင်းထံမှ ခွင့်တောင်းထားပြီး မြို့တော်မှ နှစ်ရက်ခန့် ထွက်ခွာသွားခဲ့သည်။ သူသည် ဒဏ္ဍာရီလာ မှောင်ခိုဈေးသို့ ဦးစွာရောက်ရှိလာခဲ့သည်။
ကျိုးရီသည် မှောင်ခိုဈေးသို့ အမြဲသွားချင်ခဲ့၏။ ယခင်ကမူ သူ၏စွမ်းအား မလုံလောက်မည်ကို စိုးရိမ်ခဲ့ပြီး ဝင်သွားပါက မသမာသူအချို့၏ပစ်မှတ်ထားခြင်း ခံရမည်ကို စိုးရိမ်ခဲ့ရသည်။
သို့သော် ယခုမူ သူ စိုးရိမ်ရန်မလိုအပ်တော့ပေ။ မွေးရာပါအဆင့်သည် မည်သည့်နေရာတွင်မဆို ကျွမ်းကျင်သူဟု သတ်မှတ်နိုင်ပေသည်။
ဆင်ခြေဖုံးရပ်ကွက်။
သစ်ပင်ပန်းမန်များ ထူထပ်နေသော်လည်း ကျိုးရီသည် မြက်ခင်းများပေါ်တွင် အရှိန်အဟုန်ဖြင့် ဖြတ်လျှောက်သွားနိုင်လေသည်။
မွေးရာပါအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောချီစွမ်းအင်၏ ပံ့ပိုးမှုဖြင့် ခန္ဓာကိုယ်မှာ ပေါ့ပါးကျန်းမာလာပြီး ပျံသန်းနေသကဲ့သို့ လှုပ်ရှားနိုင်လာသည်။ သိုင်းသခင်အဆင့်သို့ ရောက်ပြီးနောက်တွင် လေထဲတွင်ပင် ပျံသန်းနိုင်သည်ဟု ဆိုကြရာ အမှန်ပင် စိတ်ဝင်စားစရာကောင်းလှသည်။
မှောင်ခိုဈေး၏လိပ်စာကို ကျိုးရီ ကြာမြင့်စွာကတည်းက အလွတ်ကျက်မှတ်ထားပြီးဖြစ်သည်။
မှောင်ခိုဈေးသို့ ပထမဆုံးအကြိမ် လာခြင်းဖြစ်သော်လည်း သေဆုံးသွားသော သိုင်းပညာရှင်များ၏ ကျန်ရစ်သော မှတ်ဉာဏ်များမှ ၎င်း၏တည်နေရာကို သိရှိခဲ့ပြီးဖြစ်သည်။
၎င်းသည် မြို့တော်အပြင်ဘက် တောင်တန်းများထဲရှိ လျှို့ဝှက်ဈေးတစ်ခုဖြစ်သည်။ မွေးရာပါအဆင့် သို့ တက်လှမ်းပြီးနောက် ကျိုးရီ၏အရှိန်သည် မိုင်ခုနစ်ဆယ်နှုန်းဖြင့် မောင်းနှင်နေသော ကားတစ်စီးနှင့်ပင် ယှဉ်နိုင်ပေသည်။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကားတစ်စီးသည် လမ်းပေါ်တွင်သာ မောင်းနှင်နိုင်ပြီး အတားအဆီးများ သို့မဟုတ် ကွေ့ကောက်သောနေရာများနှင့် တွေ့သောအခါ အရှိန်လျှော့ရသော်လည်း ကျိုးရီမှာမူ ဆက်လက်ပြေးလွှားနိုင်သောကြောင့်ပင်။
ရှေ့တွင် မြောင်းများ၊ မြစ်များ ရှိနေလျှင်ပင် ကိစ္စမရှိပေ။ ထို့ကြောင့် သိပ်မကြာခင်မှာပင် မှတ်ဉာဏ်အပေါ်အားကိုးကာ မှောင်ခိုဈေးသို့ ရောက်ရှိလာခဲ့သည်။
အဝေးမှကြည့်လိုက်လျှင် နှင်းများကြားတွင် ခိုအောင်းနေသော ဈေးတစ်ခုကို မြင်နေရပြီး သစ်သားအိမ်လေးများ ရှိနေသည်။
သစ်သားအိမ်များထဲတွင် မီးအိမ်များ ထွန်းလင်းနေသဖြင့် ဆိုင်များရှိပစ္စည်းများကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
ပိုမိုနီးကပ်လာသည်နှင့်အမျှ ဈေးသည်များ၏ အော်ဟစ်သံများမှာလည်း ပိုမိုရှင်းလင်းလာသည်။
“ဓားသိုင်း၊ လက်သီးသိုင်း၊ ခြေသိုင်း၊ ဓားရှည်သိုင်း... လိုအပ်ရင် လာခဲ့ပါ”
“တစ်နှစ်ပတ်လုံး အစောင့်အရှောက်တာဝန်တွေ၊ အစောင့်တာဝန်တွေ ငှားယမ်းနိုင်ပါပြီ၊ အတွေ့အကြုံရှိပြီး ခွန်အားကြီးပါတယ်၊ ကျွန်တော်တို့ကို ယုံကြည်စိတ်ချနိုင်ပါတယ်”
“ဆေးလုံးများ၊ အရည်အသွေးမြင့် ဆေးလုံးများ၊ အစစ်အမှန်ပါဝင်ပစ္စည်းများ... ဝယ်ရင်မရှုံးဘူး၊ မလှည့်စားဘူး”
“ဓား၊ လှံ၊ ဓားရှည် ဒါမှမဟုတ် လှံရှည်သွန်းလုပ်ဖို့ လိုအပ်ပါသလား။ တုတ်တွေနဲ့ ဇင်တုတ်တွေ၊ စိတ်ကြိုက်မှာယူမှု အမျိုးမျိုးကို လက်ခံပါတယ်။ မြို့တော်က ရာစုနှစ်ချီ သက်တမ်းရှိတဲ့ အမှတ်တံဆိပ်ပါ၊ နာမည်ကောင်းရှိတယ်၊ ယုံကြည်စိတ်ချစွာ ဝယ်ယူပါ၊ စိတ်အေးချမ်းသာစွာ အသုံးပြုပါ”
“ဒီမှောင်ခိုဈေးက တကယ်စည်ကားတာပဲ”
ကျိုးရီသည် ခြေချလိုက်သည်နှင့် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။
မှောင်ခိုဈေးတွင် တာ့ချန်မှသိုင်းပညာရှင်များသာ ရှိနေသည်မဟုတ်ဘဲ မြို့တော်အတွင်း၊ အပြင်မှ ဂိုဏ်းအချို့နှင့် ကုန်သည်အချို့လည်း စီးပွားရေးလာရောက်လုပ်ကိုင်ကြသည်။
ရောက်ရောက်ချင်းပင် လူတစ်ယောက်က သူ့ထံ လျှို့ဝှက်စွာ ချဉ်းကပ်လာသည်။
“အစ်ကို... ကိုယ်ခံပညာအတွက် ကျင့်စဉ်တစ်ခု ဝယ်ပါလား။ အစစ်အမှန် လော်ဟန်လက်သီး။ တစ်ခါသင်ပြီးရင် လက်သီးတစ်ချက်တည်းနဲ့ နွားတစ်ကောင်ကို သတ်နိုင်တယ်၊ အခမဲ့ လမ်းညွှန်ပေးမယ်၊ သေချာပေါက်တတ်စေရမယ်”
ကျိုးရီက သူ့ကို လျစ်လျူရှုလိုက်သည်။ သူထံတွင် အပေါဆုံးအရာမှာ ကျင့်စဉ်များပင်။
မှတ်ဉာဏ်များကို စုပ်ယူခြင်းက သူ့ကို ကျင့်စဉ်ဒါဇင်ပေါင်းများစွာ ရရှိစေခဲ့လေသည်။ အာဏာရှင်လက်သီး၊ မုဆိုးမခြေကန်ချက်၊ ထိုက်ကျူနဂါးလက်သီးမှ သွေးဆုံးဓားသိုင်းအထိ အားလုံးရှိသည်။ ကျင့်ကြံ၍ပင် မကုန်နိုင်အောင် များပြားလှသည်။
“မလိုဘူး”
“ဧည့်သည်က လက်သီးသိုင်းကို မကြိုက်ဘူးလား။ ဒီမှာ တခြားကျင့်စဉ်တွေရှိသေးတယ်”
“ထွက်သွားစမ်း”
ကျိုးရီက တစ်ချက်ကြည့်လိုက်ပြီး မွေးရာပါအဆင့် အရှိန်အဝါ အနည်းငယ်ကို ထုတ်ဖော်ပြသလိုက်သည်။
ဖိအားကြောင့် တစ်ဖက်လူ၏ဆံပင်များ ချက်ချင်း ထောင်တက်သွားပြီး နောက်ဆုတ်ရမည့်အချိန်ကို သိကာ ချက်ချင်း ထွက်သွားလေသည်။
သူသည် လက်နက်ဆိုင်တစ်ဆိုင်သို့ ရောက်လာ၏။ အသုံးပြုရလွယ်ကူမည့် လက်နက်တစ်ခုကို ရှာဖွေချင်နေသည်ကိုတွေ့ရာ ဆိုင်ရှင်က ချက်ချင်း စိတ်လှုပ်ရှားစွာ နှုတ်ဆက်လေသည်။
“ဧည့်သည် တစ်ချက်ကြည့်ပါဦး။ ဒါတွေက အရည်အသွေးမြင့် လက်နက်တွေချည်းပါပဲ။ ကြိုက်တဲ့အမျိုးအစားကို ရွေးပါ၊ မရှိရင် စိတ်ကြိုက်မှာယူလို့လည်းရပါတယ်”
ကျိုးရီသည် အဖိုးတန်ဓားတစ်လက်ကို အမှတ်တမဲ့ကောက်ကိုင်လိုက်ပြီး သူ့လက်ချောင်းကို ဓားစွမ်းအင်ဖြင့် ဖုံးအုပ်ကာ ဓားသွားပေါ် ပွတ်ဆွဲလိုက်သည်။ သို့သော် သူ၏ အကာအကွယ်ကိုပင် မဖောက်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ အမှန်တကယ်
အသုံးမကျပေ။
သူသည် ဝတ္ထုထဲက ဇာတ်လိုက်များလို ငွေနှစ်ကျပ်လောက်သုံးကာ သာမန်လူများ သတိမထားမိနိုင်သော ထက်မြက်သည့် လက်နက်အချို့ ဝယ်ယူချင်ခဲ့သည်။
ပတ်လည်ကြည့်ရှုပြီးနောက် သူတွေ့ခဲ့သည့် အမှိုက်များမှာ တကယ်ကို အမှိုက်အစစ်များ ဖြစ်နေကြောင်း တွေ့ခဲ့ရသည်။
တကယ်ကောင်းသော လက်နက်များမှာမူ ဈေးနှုန်းများက အတော်လေးကြီးလှသည်။
“ဟင်း”
‘ကူးပြောင်းသူတစ်ယောက်အတွက် အကျိုးခံစားခွင့်တွေက ဘယ်မှာလဲ'
‘ငါက ကူးပြောင်းလာတဲ့သူ မဟုတ်လို့လား'
‘ငါ တကယ်ပဲ ကူးပြောင်းလာတဲ့သူ ဟုတ်ရဲ့လား'
‘တခြားသူတွေက သာမန်ဆိုင်တစ်ဆိုင်က ပစ္စည်းတစ်ခုကို မြင်တာနဲ့ အသက်သာဆုံးဈေးနဲ့ ဝယ်နိုင်ကြတယ်၊ ဘာလို့ ငါ့မှာ ဒီလို အခွင့်အရေးမရှိရတာလဲ'
‘ရုပ်ဆိုးလို့များလား’
‘ခွဲခြားဆက်ဆံတာပဲ... ဒါက ပေါ်တင် ခွဲခြားဆက်ဆံတာပဲ'
အခန်း (၁၀) - မွေးရာပါအဆင့်၏ အာဏာစက်၊ နဂါးတစ်ကောင်ပမာ သန်မာသော ဓားစွမ်းအင် (၁)
ကျိုးရီတစ်ယောက် စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသော်လည်း လက်နက်ကို အသာတကြည် ပြန်ချထားလိုက်ပြီး ဆေးရည်ရောင်းသည့် ဆိုင်ခန်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
သူ မကြာခဏသောက်လေ့ရှိသော ဆေးရည်တစ်မျိုးကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ဒီဆေးရည်က ဘယ်လောက်လဲ”
“သခင်လေး... ဒီဆေးရည်က သုံးထုပ်ကို ဆယ်ကျပ်ပါ”
“ဘယ်လောက်”
“သုံးထုပ်ကို ဆယ်ကျပ်ပါ”
ကျိုးရီ အံ့အားသင့်သွားသည်။ ဤမျှ ဈေးပေါသည်လား။ တစ်ထုပ်လျှင် သုံးကျပ်ကျော်သာ ကျသင့်မည်ဖြစ်သည်။
“မင်းရဲ့ ဒီဆေးရည်က အစစ်လား”
“စိတ်ချပါ သခင်ကြီး၊ ကျွန်တော် ဒီမှောင်ခိုဈေးမှာ စီးပွားရေးလုပ်လာတာ ဆယ်စုနှစ်ချီနေပြီ။ ဖောက်သည်ဟောင်းတွေဆိုတာ ရေတွက်လို့တောင်မရဘူး။ ကျွန်တော့်ကိုမယုံရင် အပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်ပါ”
တစ်ဖက်လူက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလာသည်။
“ဟွေချွန်းခန်းမက ဆေးရည်နဲ့ ယှဉ်ရင် အာနိသင်က ဘယ်လောက်တောင်ကွာခြားလဲ”
“ဟီးဟီး သခင်လေး ... အမှန်တိုင်းပြောရရင် ကျွန်တော့်ကို ရိုက်ချင်စိတ်ပေါက်သွားမှာကိုတောင် စိုးရိမ်မိတယ်၊ ရိုးရိုးသားသားပြောရရင် ဒီဆေးရည်တွေနဲ့ ဟွေချွန်းဆေးခန်းမက ဆေးရည်တွေ အားလုံးက တစ်နေရာတည်းက ဖောက်သည်ယူထားတာ။ အားလုံးက ဟွေချွန်းဆေးခန်းမက ပစ္စည်းတွေချည်းပါပဲ”
ကျိုးရီ သံသယဖြစ်သွားကာ စိုက်ကြည့်လိုက်သည်။
“မင်း ငါ့ကို လှည့်စားဖို့ကြိုးစားနေတာလား”
“ကျွန်တော်က ဘာလို့ လှည့်စားရမှာလဲ။ ဒါက ဟွေချွန်းခန်းမက ဆေးရည်အစစ်ပါ”
“ဒါဆို ဘာလို့ ဒီလောက် ဈေးပေါပေါနဲ့ ရောင်းနေတာလဲ”
“ဒါ သခင်လေး ဒီကို ပထမဆုံးအကြိမ် လာတာမလား”
ဈေးသည်က ရယ်မောကာ ပြောလိုက်သည်။
“သခင်လေး... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ ကြည့်လိုက်ပါ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောကြိုအုံကြားမှာ ရှိနေတာ။ ဒီမှာ ပစ္စည်းလာဝယ်ရဲတဲ့ လူတွေက ကပ်စေးနဲတဲ့ ဆင်းရဲသားတွေ ဒါမှမဟုတ်ရင် ပြစ်မှုကျူးလွန်ထားလို့ မြို့ထဲကို ဝင်လို့မရတဲ့ ဓားပြတွေလေ၊ သူတို့လည်း ကျင့်ကြံရေး အရင်းအမြစ်တွေ လိုအပ်တယ်လေ။ သူတို့ဆီမှာ ပိုက်ဆံရှိနေသမျှတော့ ကျွန်တော်တို့ ရောင်းပေးမှာပဲ၊ ဒါက ဖောက်သည်တွေကို တိုးချဲ့တာလို့ မှတ်ယူနိုင်ပါတယ်”
“ဒါဆိုရင် ပိုပြီး ဈေးတင်ရောင်းသင့်တာ မဟုတ်ဘူးလား”
“သခင်လေးက နောက်နေပြီပဲ၊ ဒီကိုလာပြီး ပစ္စည်းဝယ်ရဲတဲ့ လူတွေဆိုတာ အားလုံးက အသက်စွန့်ပြီး လုပ်ရဲကိုင်ရဲတဲ့သူတွေချည်းပဲလေ။ မြို့ထဲက ဥပဒေကို လိုက်နာတဲ့ ပြည်သူတွေ မဟုတ်ဘူး၊ အကယ်၍ ကျွန်တော်တို့ကသာ တကယ်ပဲ အဲဒီလို လုပ်ခဲ့မယ်ဆိုရင် သေသွားနိုင်တယ်၊ ပြီးတော့ ဒီမှာ ဈေးပေါပေါနဲ့ ရောင်းရတဲ့ နောက်အကြောင်းရင်းတစ်ခုက သခင်လေး ဝယ်ထားတဲ့ ပစ္စည်းတွေကို ဒီကနေ ယူသွားနိုင်ဖို့တောင် မသေချာဘူးလေ”
ကျိုးရီ နားလည်သွားသည်။ သေချာသည်မှာ ဈေးပေါသော ပစ္စည်းများသည် အမြဲတမ်း မကောင်းသည်တော့မဟုတ်ပေ။ သို့သော် အကြောင်းရင်းတစ်ခုတော့ အမြဲရှိနေတတ်သည်။
“ငါ ဆေးဖော်စပ်ဖို့ ပါဝင်ပစ္စည်းတချို့ ဝယ်ချင်တယ်”
“သခင်လေးက ဆေးဆရာလား”
တစ်ဖက်လူ၏မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
“နည်းနည်းပါးပါး သိတာပါ”
“သခင်လေးက ဘာပါဝင်ပစ္စည်းတွေ လိုချင်တာလဲ”
ကျိုးရီသည် ကြိုတင်ပြင်ဆင်ထားသော စာရင်းကို ထုတ်ယူကာ တစ်ဖက်လူထံ ကမ်းပေးလိုက်သည်။ တစ်ဖက်လူက တစ်ချက်ကြည့်လိုက်၏။
“ဒါတွေ အားလုံးက အရည်အသွေးကောင်းတဲ့ ဆေးဘက်ဝင်ပစ္စည်းတွေချည်းပဲ။ သခင်လေးရဲ့ ဆေးဖော်စပ်တဲ့ အဆင့်က မနိမ့်ဘူးနဲ့တူတယ်၊ ဒါပေမဲ့ ဒီပါဝင်ပစ္စည်းတွေ အားလုံးကို တစ်ခါတည်း စုဆောင်းဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး၊ ဒီလိုလုပ်ရင် ဘယ်လိုလဲ... သခင်လေး ကျွန်တော့်ကို ယုံကြည်ရင် နောက်နှစ်ရက်နေရင် ပြန်လာခဲ့ပါ၊ သခင်လေးအတွက် သေချာပေါက် အားလုံးစုဆောင်းပေးထားပါ့မယ်”
ကျိုးရီ ခေါင်းညိတ်လိုက်သည်။
“ရပါတယ်... ဒါပေမဲ့ ငါ စရန်ငွေတော့ ပေးမှာမဟုတ်ဘူး”
“ပြဿနာ မရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် သခင်လေး မဝယ်ရင်လည်း ကျွန်တော် တခြားသူတွေကို ခွဲရောင်းလိုက်လို့ ရတာပဲ၊ သခင်လေးရဲ့ နာမည်ကို မေးလို့ရမလား”
“ငါ့နာမည် ရှောင်ယန်ပါ”
အပြင်ထွက်သောအခါ ကိုယ်ပိုင်အမည်တစ်ခု ဖန်တီးထားရပေမည်။ လူတစ်ယောက်တည်းကို ပြောင်စင်သွားသည်အထိ အမြဲတမ်း ပစ်မှတ်ထားနေ၍မရပေ။
အမည်များ မကြာခဏပြောင်းလဲခြင်းက လုံခြုံရေးအတွက် အပိုအလွှာတစ်ခုကို ဖန်တီးပေးနိုင်၏။
“ဪ... သခင်လေး ရှောင်ယန်ကိုး၊ ကျွန်တော်က ချန်ဟွာပါ၊ ကျန်းဟူက မိတ်ဆွေတွေက လေးစားသမှုနဲ့ ‘ကောင်းကင်ကို တက်လှမ်းနိုင်တဲ့ကြွက်’ လို့ ခေါ်ကြတယ်၊ ဆေးလုံးတွေအပြင် ကျွန်တော်က အဆက်အသွယ်တွေ ချိတ်ဆက်ပေးတဲ့ နေရာမှာလည်း ကူညီပေးပါတယ်၊ သခင်လေးရှောင်ယန်... နောက်နောင် တခြားကိစ္စတွေ ရှိရင်လည်း ကျွန်တော့်ကို လာရှာလို့ရပါတယ်”
“နားလည်ပြီ”
ကျိုးရီသည် တစ်ဖက်လူကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ ထိုအချိန်တွင် မှောင်ခိုဈေး၌ ရုတ်တရက် ဆူပူအုံကြွမှုတစ်ခု ဖြစ်ပေါ်လာပြီး လူတစ်စုသည် ဈေးသည်အချို့နှင့် အငြင်းပွားနေကြ၏။
“ခွေးမသား... မဝယ်နိုင်ရင် မကိုင်နဲ့လေ”
“ခွေးကောင်လေး... မင်းအဘိုးကို မရိုမသေ လုပ်ရဲတယ်ပေါ့၊ မင်းအဘိုး မြေပြင်တစ်ခွင် လှည့်လည်သွားလာနေတုန်းက မင်း ဘယ်သူ့ရဲ့ပေါင်ကြားမှာ ရှိနေတယ်ဆိုတာတောင် သိသေးတာ မဟုတ်ဘူး”
“မင်း သေချင်နေတာပဲ”
“မင်းကို ငါက ကြောက်မယ်ထင်နေလား”
ထိုအုပ်စုသည် အပိုစကားများ မပြောတော့ဘဲ စတင်တိုက်ခိုက်ကြတော့သည်။ သူတို့သည် ခွန်အားကြီးမားပြီး တိုက်ခိုက်မှုများမှာလည်း ပြင်းထန်လှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်ယောက် သွေးအိုင်ထဲသို့ လဲကျသွားသည်။
ကျိုးရီသည် ခေါင်းခါလိုက်ပြီး ထိုနေရာမှ အလျင်အမြန်ထွက်ခွာလာခဲ့သည်။
“မှောင်ခိုဈေးက တကယ်ကို ကြောက်စရာကောင်းတာပဲ။ ငါ သိုင်းသခင် (မွေးရာပါအဆင့်ကိုရောက်ရင် သိုင်းသခင်လို့လည်း ခေါ်ဝေါ်ကြပါတယ်၊ သိုင်းသခင်အဆင့်ကို ဆိုလိုခြင်းမဟုတ်ပါ) ဖြစ်တဲ့အထိ စောင့်ပြီးမှ မှောင်ခိုဈေးကိုလာဖို့ ဆုံးဖြတ်ခဲ့တာ ကံကောင်းတယ်”
“မဟုတ်ရင် ဒီလိုကိစ္စမျိုးနဲ့ ကြုံရရင် ကောင်းကင်ကို အော်ခေါ်လို့မရ၊ မြေကြီးကို အော်ခေါ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်သွားမှာပဲ”
တရားဥပဒေစိုးမိုးမှု မရှိသောနေရာသည် ကြောက်မက်ဖွယ်ကောင်းလေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤနေရာရှိ လူများသည်လည်း အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားကြခြင်းဖြစ်သည်။ ရလဒ်မှာ တောရိုင်းတိရစ္ဆာန်တစ်စုကို လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားသကဲ့သို့ပင်။
တစ်ချက်အဆွခံရသည်နှင့် ပေါက်ကွဲထွက်သွားတော့သည်။
မှောင်ခိုဈေးအပြင်ဘက် တောအုပ်ထဲတွင်။
လူသန်ကြီးအချို့သည် တောအုပ်ထဲတွင် ချုံခိုစောင့်ဆိုင်းနေပြီး ဓားသွေးနေကြသည်။
“ညီအစ်ကိုတို့... သိုးဆူဆူလေး တစ်ကောင် လာနေပြီ”
“ဟီးဟီး... ဒီနေ့ စီးပွားရေး စပြီဟေ့၊ ညီအစ်ကိုတို့ ဓားတွေကို သေချာသွေးထား... တိုက်ခိုက်တဲ့အခါ အရိုးမှာ ငြိမနေစေနဲ့”
စကားသံဆုံးသည်နှင့် တပြိုင်နက် ကောင်းကင်ကြီး ရုတ်တရက် လင်းထိန်သွားသည်ကို သူတို့ ခံစားလိုက်ရသည်။
အထက်သို့ မော့ကြည့်လိုက်ရာ မီတာနှစ်ဆယ်ကျော် ရှည်လျားသော ဓားအလင်းတန်းတစ်ခုသည် မလှမ်းမကမ်းမှ မျက်လုံးများ ပါရှိနေသကဲ့သို့ အလွန်လျင်မြန်စွာ တိုး၀င်လာပြီး သူတို့အပေါ်တည့်တည့် ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
ဘုန်း။
ကောင်းကင်ယံတွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ထိုလူများသည် ဘာဖြစ်နေသည်ကို နားမလည်နိုင်မီမှာပင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြလေသည်။
ကျိုးရီသည် သူတို့ကို စောစောကတည်းက အာရုံခံမိနေခဲ့သည်။
မွေးရာပါအဆင့် ဆိုသည်မှာ ခွန်အားတိုးလာရုံမျှမက သဘာဝတရားနှင့် အထူးဆက်သွယ်မှုတစ်ခု ထပ်မံရရှိလာသကဲ့သို့ ဖြစ်သည်။
လေပြည်ညင်းမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ အနှောင့်အယှက်များကို သူ ခံစားနိုင်သည်။
ဥပမာအားဖြင့် ခွန်အားကြီးမားသူတစ်ဦး မည်သည့်နေရာတွင် ပုန်းအောင်းနေသည် သို့မဟုတ် မည်သည့်နေရာတွင် အန္တရာယ်ရှိသည်ဆိုသည်ကို သူ၏ဆဌမအာရုံက ရှင်းလင်းပြတ်သားစွာ သိရှိလာသကဲ့သို့ပင်။
သူ၏ တိုက်ခိုက်မှုခွန်အားကို ကြည့်ကာ ကျိုးရီက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“မွေးရာပါအဆင့်ကို စတင်ရောက်ရှိချိန်မှာပဲ ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်နေပြီ၊ နောင်တစ်ချိန်မှာ ဓားတစ်ချက်တည်းနဲ့ မြစ်တစ်စင်းကို ဖြတ်တောက်နိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိမ့်မလဲ မသိဘူး”
ကျိုးရီသည် ရုပ်အလောင်းများထံမှ ပစ္စည်းများကို အလျင်အမြန် လုယူကာ မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ထိုလူများသည် ဓားစွမ်းအင်ကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားပြီဖြစ်ရာ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးမပြုနိုင်တော့ပေ။
၎င်းမှာ နှမြောစရာပင်။
ကျိုးရီ ထွက်ခွာသွားပြီး မကြာမီမှာပင် မှောင်ခိုဈေးမှ လူအချို့ ရောက်ရှိလာသည်။ မြေပြင်ပေါ်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့မှာ တုန်ယင်သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
“ဒါက ကာကွယ်ရေးစွမ်းအင်ကို အပြင်ကို ထုတ်လွှတ်တဲ့ နည်းလမ်းပဲ... ဒါ သိုင်းသခင်ပဲ။ သိုင်းသခင်တစ်ယောက် ခုလေးတင် ဒီမှာရှိနေခဲ့တာပဲ”
“ဘုရားရေ... သိုင်းသခင်တစ်ယောက်က မှောင်ခိုဈေးကို တကယ်ရောက်လာတာလား”
“ဘယ်ဂိုဏ်းက သိုင်းသခင် တောင်ပေါ်က ဆင်းလာတာလဲ”
အချိန်များ လျင်မြန်စွာ ကုန်ဆုံးနေပြီး နောက်ထပ်တစ်ရက် ကုန်လွန်သွားပြန်သည်။ ကျိုးရီသည် မြို့တော်မှ လီသုံးရာကွာဝေးသော မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိလာခဲ့သည်။
“ကြက်သွန်မြိတ်မုန့်... အခုလေးတင်ဖုတ်ထားတဲ့ ကြက်သွန်မြိတ်မုန့်”
“နှမ်းမုန့်... မွှေးကြိုင်ပြီး ကြွပ်ရွနေတဲ့ နှမ်းမုန့်”
ကျိုးရီ ကြက်သွန်မြိတ်မုန့်တစ်ခုကို ဝယ်လိုက်သည်။ ယခု သူ အစာစားရန် မလိုအပ်တော့သော်လည်း အစားအသောက်ချစ်သူတစ်ဦးအနေဖြင့် စားသောက်ခြင်း၏အရသာကို စွန့်လွှတ်ရန် ခက်ခဲနေသေးသည်။
သူရရှိထားသော မှတ်ဉာဏ်များအရ ထိုမြို့ရှိ အိမ်တစ်လုံးသို့ ရောက်ရှိလာခဲ့သည်။ အဝေးမှနေ၍ ကလေးအချို့ သစ်သားမြင်းပေါ်တွင် ကစားနေသည်ကို မြင်လိုက်ရသည်။
သူတို့အနီးတွင် ပန်းရောင်ကျောက်စိမ်းလေးကဲ့သို့ ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်သည် သူ၏အင်္ကျီစွန်းကို ပွတ်သပ်ကာ မနာလိုအားကျနေသော မျက်နှာဖြင့် ပါဝင်ကစားချင်သော်လည်း ရှေ့မတိုးရဲဖြစ်နေသည်။
“သကြားလုံး... ဒီမှာ အရသာရှိတဲ့ သကြားလုံး”
ကျိုးရီသည် သကြားလုံးသည်ကို လက်ယပ်ခေါ်လိုက်သည်။
“ကျွန်တော့်ကို သကြားလုံးတစ်ချောင်း ပေးပါ”
“ဟုတ်ကဲ့ပါ သခင်လေး... ဘယ်တစ်ခုကို လိုချင်ပါသလဲ”
“ဒီတစ်ခုပဲ ပေးပါ”
ကျိုးရီသည် အနီရောင်တောက်ပကာ ဖောင်းမို့နေသော သကြားလုံးတစ်ချောင်းကို ၀ယ်ယူလိုက်ပြီး ကောင်လေးဆီသို့ လျှောက်သွားလိုက်သည်။
တွန့်ဆုတ်နေပုံရသော ကောင်လေးသည် ရုတ်တရက် အရိပ်တစ်ခုဖုံးလွှမ်းသွားသဖြင့် မော့ကြည့်လိုက်ရာ နေရောင်ခြည်ကဲ့သို့ တောက်ပနေသော ချောမောသည့်အစ်ကိုကြီးတစ်ယောက်၏ မျက်နှာကို မြင်လိုက်ရလေသည်။