← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁) - အသွင်မဲ့ကျင့်စဉ်၊ ဗလာနတ္တိမှ အသွင်ပေါင်းသောင်းချီ ဖြစ်ပေါ်လာခြင်း

ကောင်လေး၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုနှင့် ကြောက်ရွံ့တွန့်ဆုတ်မှုများ ရောယှက်နေသည်။

“အစ်ကိုကြီး... ဘယ်သူ့ကို ရှာနေတာလဲ”

ကျိုးရီက ပြုံးလိုက်ရင်း ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

“ညီလေးက ဘာလို့ တစ်ယောက်တည်း ဒီမှာရှိနေတာလဲ၊ မင်းအမေရော ဘယ်သွားလဲ”

“အမေက သူများအဝတ်တွေ သွားလျှော်ပေးနေတယ်”

ယန်ရှုံး၏ မှတ်ဉာဏ်များထဲတွင် ဤအကြောင်းကို ဖော်ပြထားဖူးသည်။ သူ့ကို ဖမ်းဆီးသွားချိန်က အလွန်ရုတ်တရက်ဆန်လွန်းသဖြင့် သူ့ဇနီးနှင့် သားဖြစ်သူတို့မှာ အပြင်ရောက်နေခဲ့ကြသည်။

အစေခံတစ်ယောက်ကို စေလွှတ်၍ သတင်းပို့ခိုင်းနိုင်ခဲ့ရုံသာရှိပြီး သူတို့အတွက် ရွှေငွေများ ကြိုတင်ပြင်ဆင်ပေးရန် အချိန်မရလိုက်ပေ။ ယခုအခါ ကောင်လေး၏ ခန္ဓာကိုယ်မှာ ပိန်ချုံးနေပြီဖြစ်သည်။

ဤရက်များအတွင်း သူတို့သားအမိ မည်မျှပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရသည်မှာ ထင်ရှားလှပေသည်။

သူက ကောင်လေးထံသို့ သကြားလုံးကို ကမ်းပေးလိုက်၏။

“ဒီသကြားလုံးကို စားချင်လား”

ကောင်လေးမှာ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သော်လည်း ယူမစားချေ။

“အဖေက ပြောဖူးတယ်၊ အကြောင်းမရှိဘဲ အကျိုးခံစားခွင့်ကို လက်မခံသင့်ဘူးတဲ့၊ ပြီးတော့ တခြားသူတွေဆီက ပစ္စည်းတွေကို အလွယ်တကူမယူရဘူးတဲ့”

“ကိစ္စမရှိပါဘူး။ ငါက မင်းအဖေ ယန်ရှုံးရဲ့ သူငယ်ချင်းပါ၊ မင်းအဖေက မင်းနဲ့ မင်းအမေကို လာကြည့်ပေးဖို့ ငါ့ကို တာဝန်ပေးလိုက်လို့ ရောက်လာတာပါ”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကောင်လေး၏မျက်လုံးလေးများ ချက်ချင်း တောက်ပသွားတော့သည်။

“တကယ်ပဲ အဖေ့သူငယ်ချင်းလား၊ အစ်ကိုကြီး... အဖေက သားတို့ကို ဘယ်တော့လောက် လာခေါ်မလဲ သိလား”

ကျိုးရီသည် ကောင်လေး၏ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

“မင်းအဖေမှာ အရမ်းအရေးကြီးတဲ့ လုပ်စရာကိစ္စတွေ ရှိနေသေးလို့ လောလောဆယ် မင်းနဲ့ မင်းအမေကို လာမခေါ်နိုင်သေးတာပါ၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ သူ့ကိစ္စတွေ ပြီးတာနဲ့ မင်းတို့ကို လာခေါ်ပါလိမ့်မယ်”

“တကယ်လား”

“တကယ်ပေါ့”

ကျိုးရီ ကမ်းပေးလာသော သကြားလုံးကို ကောင်လေးက ပြုံးရွှင်စွာဖြင့် လှမ်းယူလိုက်သော်လည်း ထက်ဝက်ခန့်သာ စားပြီးနောက် ရပ်တန့်သွားသည်။

“ဘာလို့ ဆက်မစားတော့တာလဲ”

“အမေ့အတွက် နည်းနည်းချန်ထားချင်လို့ပါ”

ကောင်လေး၏ အဖြေကြောင့် ကျိုးရီ သက်ပြင်းချလိုက်မိသည်။ နဂါးက နဂါးကို မွေးဖွားပြီး ဖီးနစ်က ဖီးနစ်ကို မွေးဖွားသည်။

ကြွက်၏ သားသည် တွင်းတူးတတ်မည်သာ။ ယန်ရှုံးကိုယ်တိုင်က ဖြောင့်မတ်တည်ကြည်သူဖြစ်ရာ သူပြုစုပျိုးထောင်ထားသော သားဖြစ်သူမှာလည်း လေပြည်ညင်းလေးတစ်ခုပမာ ဖြူစင်လှသည်။

အကယ်၍ သူ့မှာသာ သားတစ်ယောက်ရှိခဲ့ပါက ဤအရွယ်တွင် လိမ်လည်လှည့်ဖြားမှုများနှင့် မျက်နှာပြောင်တိုက်မှုပေါင်းစုံကို တတ်မြောက်နေလောက်ပြီ ဖြစ်သည်။

သူ၏ ရည်မှန်းချက်ဖြစ်သော သိုင်းလောကကို မွှေနှောက်မည့် လမ်းစဉ်တွင် ဤကဲ့သို့ ဖြူစင်မှုမျိုးမှာ နေရာရရှိမည်မဟုတ်ပေ။

“ကျန်းအာ... ဘယ်သူနဲ့ စကားပြောနေတာလဲ”

နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ ကျိုးရီ လှည့်ကြည့်လိုက်ရာ ဆံပင်တွင် အဖြူအမည်းရောယှက်နေပြီး မျက်နှာပေါ်တွင် ကျေးတောသူတစ်ဦး၏ အသွင်အပြင်နှင့် ပင်ပန်းနွမ်းနယ်မှုများ အထင်းသား ပေါ်လွင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

သူ၏ မှတ်ဉာဏ်များထဲတွင် ယန်ကတော်မှာ ဤရုပ်သွင်မျိုးမဟုတ်ပေ။ ကျိုးရီ သေချာစိုက်ကြည့်လိုက်မှသာ သူမ ရုပ်ဖျက်ထားကြောင်းကို ရိပ်မိသွားတော့သည်။

သူမသည် အတော်လေး ဉာဏ်ကောင်းသူတစ်ဦးဖြစ်သည်။ ခင်ပွန်းသည်မရှိသော အမျိုးသမီးတစ်ဦးအနေဖြင့် အလှအပဆိုသည်မှာ ပြဿနာများကိုသာ ဖိတ်ခေါ်လာမည်ဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်ထားပေသည်။

“အမေ... ဒီအစ်ကိုကြီးက အဖေ့ရဲ့သူငယ်ချင်းလို့ ပြောတယ်”

ယန်ကျန်းက ပြုံးရွှင်စွာဖြင့် အနားသို့လျှောက်သွားကာ သူ့လက်ထဲမှ သကြားလုံးကို မိခင်ဖြစ်သူထံ ကမ်းပေးလိုက်သည်။

“ကြည့်ပါဦး... ဒါက အစ်ကိုကြီး ဝယ်ပေးထားတဲ့ သကြားလုံးလေ”

ယန်ကတော်၏ မျက်နှာပေါ်တွင် သတိထားစောင့်ကြည့်မှု အရိပ်အယောင်များ ပေါ်လာသည်။

“အစ်ကို... ရှင့်ကို အရင်က တစ်ခါမှမမြင်ဖူးပါဘူး”

ကျိုးရီက ပြုံးလိုက်သည်။

“သခင်ကြီးယန်က မွန်မြတ်ဖြောင့်မတ်ပြီး ကျန်းဟူမှာ သူငယ်ချင်းမိတ်ဆွေ ပေါများတယ်"

“ဒါကြောင့် ယန်ကတော် ကျွန်တော့်ကိုမသိတာ ပုံမှန်ပါပဲ၊ နောက်ပြီး ကျွန်တော့်ဆီမှာသာ တခြားရည်ရွယ်ချက်တွေ ရှိနေခဲ့မယ်ဆိုရင် ယန်ကတော်လည်း ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး”

စကားပြောနေစဉ်မှာပင် လက်ဝါးကို အနည်းငယ် မြှောက်လိုက်ရာ လက်ဝါးထဲတွင် လေဆင်နှာမောင်းငယ်လေးတစ်ခု အလိုအလျောက် ပေါ်ပေါက်လာလေရာ ယန်ကတော်၏ မျက်၀န်းများ ချက်ချင်း ကျုံ့ဝင်သွားတော့၏။

“ကာကွယ်ရေးစွမ်းအင်ကို အပြင်ဘက်ကို ထုတ်လွှတ်နိုင်တယ်... မွေးရာပါအဆင့်ပဲ”

ချက်ချင်းပင် သူမသည် သတိထားစောင့်ကြည့်နေမှုများကို ရုပ်သိမ်းလိုက်ပြီး ကျိုးရီအား လေးနက်စွာ အရိုအသေပေးလိုက်သည်။

“သိုင်းပညာရှင်တစ်ယောက် ရောက်လာမှန်း ကျွန်မ မသိခဲ့ဘူး၊ အရင်က မရိုမသေ လုပ်မိတာတွေကို ခွင့်လွှတ်ပေးပါ စီနီယာ”

“ယဉ်ကျေးနေစရာမလိုပါဘူး၊ ဒီနေရာက စကားပြောဖို့ အဆင်မပြေဘူး၊ အထဲဝင်ပြီးမှ ပြောကြတာပေါ့”

“ဟုတ်ကဲ့ပါ”

ယန်ကတော်က တံခါးကို ချက်ချင်းဖွင့်ကာ ကျိုးရီအား ခြံဝင်းထဲသို့ ခေါ်ဆောင်သွားသည်။

“စီနီယာ ခဏလောက် ထိုင်စောင့်နေပေးပါ၊ ကျွန်မ မျက်နှာသွားသစ်လိုက်ပါဦးမယ်”

မကြာမီမှာပင် ယန်ကတော်သည် ရေခပ်လာပြီး သူမမျက်နှာပေါ်ရှိ မိတ်ကပ်များကို ဆေးကြောပစ်လိုက်ရာ စံပြအမျိုးသမီးကောင်းတစ်ဦး၏ မျက်နှာသွင်ပြင် အစစ်အမှန် ပေါ်ထွက်လာလေသည်။

နှမြောစရာပင်။ သူမသည်

သူမသည် ဤမျှ လှပနေသော်လည်း ငယ်ရွယ်လွန်းသေးသောအရွယ်တွင် မုဆိုးမတစ်ဦးအဖြစ် နေထိုင်နေရရှာသည်။

သူမက ကျိုးရီအတွက် လက်ဖက်ရည်တစ်ခွက် ငဲ့ပေးလိုက်သည်။

“စီနီယာ... လက်ဖက်ရည် သုံးဆောင်ပါဦး”

ကျိုးရီသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးနောက် စကားစတင်လိုက်သည်။

“မြို့တော်ကကိစ္စတွေကို ခင်ဗျား သိပြီးလောက်ပြီထင်ပါတယ်”

ယန်ကတော်၏ မျက်လုံးများ မှေးမှိန်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“အဲဒီနေ့ကတည်းက ကျွန်မ ခန့်မှန်းမိပါတယ်၊ ဒါတွေအားလုံးက ကျွန်မကြောင့် ယောကျ်ားဖြစ်သူ ဒုက္ခရောက်ရတာပါ၊ လမ်းပေါ်မှာ တရားရေးဝန်ကြီးရဲ့ သားဖြစ်သူက ကျွန်မကို မျက်စိကျခဲ့တယ်၊ အဲဒီနေ့ကကိစ္စသာ မရှိခဲ့ရင် ကျွန်မယောကျ်ားလည်း သူ့ကို ရိုက်မိမှာမဟုတ်ဘူး၊ ပြီးတော့...”

စကားမဆုံးမီမှာပင် ယန်ကတော်သည် မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုကြွေးတော့သည်။

ကျိုးရီသည် တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီး ကျိုးမိသားစုအပေါ် ပို၍ပင် ရွံရှာမုန်းတီးမိသွားသည်။

ယုတ်မာသော အာဏာရှင်များကို ဓားဖြင့်ပိုင်းဖြတ်မည့် သူ၏ အစီအစဉ်က ပိုမိုခိုင်မာလာသည်။

“ရှေ့ဆက်ဖို့ ဘာအစီအစဉ်တွေရှိလဲ”

“ကျွန်မကြောင့် ယောကျ်ားဖြစ်သူ ထိခိုက်ခဲ့ရပြီ၊ အခု ကျွန်မ မျှော်လင့်တာက ကျန်းအာကို ပြုစုပျိုးထောင်ပြီး ယန်မိသားစုရဲ့ မျိုးဆက်ကို ထိန်းသိမ်းထားနိုင်ဖို့ပါပဲ”

ကျိုးရီသည် ခေါင်းညိတ်လိုက်ပြီး သူ၏အင်္ကျီအတွင်းမှ ငွေအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။

“ဒီငွေတွေက ခင်ဗျားနဲ့ ခင်ဗျားကလေး အသက်ရှင်ရပ်တည်ဖို့ပါ၊ နောက်ပိုင်း အခက်အခဲတစ်စုံတစ်ရာ ရှိလာခဲ့ရင် မြို့တော်မှာရှိတဲ့ ဟွေပေါက်အပေါင်ဆိုင်ကိုသွားပြီး လီချန်ရှို့ကို ရှာနေတယ်လို့ မန်နေဂျာကို ပြောလိုက်ပါ”

“စီနီယာ... ကျွန်မ ဒါကို ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ”

“ယူသာ ယူထားလိုက်ပါ”

ကျိုးရီက သူမလက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။ ယန်ကတော်က ချက်ချင်းပင် အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျွန်မမှာ ကျေးဇူးဆပ်စရာ ဘာမှမရှိပါဘူး။ ဒါက ယန်မိသားစုရဲ့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ အသွင်မဲ့ကျင့်စဉ်ပါ။ ကျွန်မရဲ့ ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အဖြစ် ကျေးဇူးပြုပြီးလက်ခံပေးပါ”

ကျိုးရီ အံ့သြမှင်သက်သွားသည်။ သူရရှိခဲ့သော မှတ်ဉာဏ်များမှာ အပြည့်အစုံ မဟုတ်သောကြောင့် ယန်မိသားစုတွင် အသွင်မဲ့ကျင့်စဉ်ရှိနေကြောင်းကို သူ မသိခဲ့ပေ။

“ခင်ဗျားတို့ ယန်မိသားစုရဲ့ ဘိုးစဉ်ဘောင်ဆက် ကျင့်စဉ်က နတ်ဆင်နဂါးကျင့်စဉ် မဟုတ်ဘူးလား၊ ဒီ အသွင်မဲ့ကျင့်စဉ်က ဘယ်ကနေ ရောက်လာတာလဲ”

“စီနီယာ ဒါကို သိမှာမဟုတ်ဘူး၊ ယန်မိသားစုရဲ့ ဘိုးဘေးတွေ မြောက်ပိုင်းမန် မြက်ခင်းပြင်ကို သွားခဲ့တုန်းက မြက်ခင်းပြင် တန္တရဂိုဏ်းက ရဟန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူသွားတဲ့ ဂူတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့ခဲ့ကြတယ်”

“အဲဒီအထဲကနေ နတ်ဆင်နဂါးကျင့်စဉ်ရော အသွင်မဲ့ကျင့်စဉ်ကိုပါ ရရှိခဲ့ကြတာပါ”

“ဒါပေမဲ့ ခေတ်အဆက်ဆက် ယန်မိသားစုရဲ့ မျိုးဆက်တွေက ပါရမီ နိမ့်ကျကြတယ်၊ ကျင့်စဉ်တစ်ခုမှာ အောင်မြင်မှုရဖို့တောင် ခက်ခဲနေပြီဆိုတော့ ကျင့်စဉ်နှစ်ခုကို လေ့ကျင့်ဖို့ဆိုတာ သဘာဝကျကျပဲ လုံး၀မဖြစ်နိုင်ဘူး”

“နောက်ပြီး အသွင်မဲ့ကျင့်စဉ်ကို အသုံးပြုဖို့အတွက် အတွင်းအားလိုအပ်တယ်။ ဒါကြောင့် အသွင်မဲ့ကျင့်စဉ်ကို လေ့ကျင့်ဖို့ဆိုရင် နတ်ဆင်နဂါးကျင့်စဉ်ကို အရင်လေ့ကျင့်ရပါတယ်”

“ဒါကြောင့် ယန်မိသားစုရဲ့ မျိုးဆက်တွေက နတ်ဆင်နဂါးကျင့်စဉ် ကိုပဲ အမြဲတမ်း အာရုံစိုက်ခဲ့ကြတယ်၊ ဒီနေ့အထိ အသွင်မဲ့ကျင့်စဉ်ကို လေ့ကျင့်နိုင်ခဲ့တဲ့သူဆိုတာ အရမ်းကို ရှားလွန်းတယ်”

“အချိန်တွေ ကြာလာတာနဲ့အမျှ အသွင်မဲ့ကျင့်စဉ်ကို ပြောဆိုသူ ရှားပါးလာတယ်။ ကျွန်မ ယောကျ်ား တွေ့ကြုံခဲ့ရတဲ့ ကိစ္စတွေပြီးနောက်မှာတော့ နတ်ဆင်နဂါးကျင့်စဉ်က ပျောက်ဆုံးသွားခဲ့ပြီး ဒီအသွင်မဲ့ကျင့်စဉ်လေးပဲ ကျန်ရစ်ခဲ့တော့တယ်။ အတွင်းအားမရှိဘဲနဲ့ ဒါကို လေ့ကျင့်လို့မရပါဘူး၊ ဒါကြောင့် စီနီယာ့ကို လက်ဆောင်အဖြစ် ပေးအပ်ချင်ပါတယ်”

“သြော်... ဒီလိုကိုး”

ကျိုးရီသည် အသွင်မဲ့ကျင့်စဉ်ကို လှမ်းယူလိုက်ပြီး ယန်ကတော်အား နတ်ဆင်နဂါးကျင့်စဉ်ကို ကူးရေးပေးနိုင်ရန် စက္ကူနှင့် စုတ်တံ ယူဆောင်လာပေးဖို့ရာ တောင်းဆိုလိုက်သည်။

“အလကားယူတာက ရိုင်းစိုင်းရာကျတယ်၊ ခင်ဗျားက ကျွန်တော့်ကို အသွင်မဲ့ကျင့်စဉ် ပေးခဲ့တော့ ကျွန်တော်ကလည်း ခင်ဗျားအတွက် နတ်ဆင်နဂါးကျင့်စဉ် မိတ္တူတစ်စောင် ချန်ထားရစ်ခဲ့ပါမယ်။ ခင်ဗျားရဲ့သား ဒါကို ကောင်းကောင်းလေ့ကျင့်ပြီး နောင်တစ်ချိန်မှာ ယန်မိသားစုရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”

သူ၏ ကြီးမားလှသော အစီအစဉ်များတွင် ဤကဲ့သို့သော မျိုးစေ့လေးများ ချန်ထားခဲ့ခြင်းက နောင်တစ်ချိန်အတွက် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုများဖြစ်လာမည်ပင်။

ယန်ကတော် အလွန်အံ့သြသွားပြီး ဒူးထောက်ကာ ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ကျိုးရီက ရေးပေးပြီးသည်နှင့် နှုတ်ဆက်လိုက်ပြီး ခြေဖျားကို ဖွဖွလေး ပင့်မြှောက်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ ခြံဝင်းအပြင်ဘက်သို့ လွှားကနဲ ခုန်ထွက်သွားပြီး သူမ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

“တကယ့်ကို အဆင့်မြင့်သိုင်းပညာရှင်ကြီးပါလား”

ယန်ကတော်မှာ မချီးကျူးဘဲ မနေနိုင်တော့ပေ။ ယန်ကျန်းက ယန်ကတော်ကို နားမလည်နိုင်စွာ ကြည့်ရင်း မေးလိုက်သည်။

“အမေ... အဲဒီ ဦးလေးကြီးက လူကောင်းလား၊ ဘာလို့ သူ့ကို အကြိမ်ကြိမ် အရိုအသေပေးနေရတာလဲ”

ယန်ကတော်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် သား၊ သူက လူကောင်းတစ်ယောက်ပဲ၊ ကျန်းအာ... နောင်တစ်ချိန် သား ကျင့်ကြံမှုမှာ အောင်မြင်မှုရလာတဲ့အခါ ဒီစီနီယာရဲ့ ကြီးမားတဲ့ ကျေးဇူးတရားကို ဘယ်တော့မှမမေ့နဲ့။ ပြီးတော့ သူ့ကို သေချာပေါက် ကျေးဇူးဆပ်ရမယ်နော်”

ယန်ကျန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“အမေ စိတ်မပူပါနဲ့၊ သားနားလည်ပါတယ်”

ကျိုးရီသည် ယန်မိသားစုထံမှ ထွက်ခွာလာခဲ့ပြီး လမ်းလျှောက်ရင်း အသွင်မဲ့ကျင့်စဉ်ကို ဖတ်ရှုလာခဲ့သည်။ သူသည် ကျင့်စဉ်ထဲတွင် မသိမသာ နစ်မျောသွားပြီး ပို၍ စိတ်ဝင်စားစရာကောင်းလာကြောင်း တွေ့ရှိလာလေသည်။

ထိုကျင့်စဉ်၏ နက်နဲလှသော သဘောတရားများက သူ၏ သွေးကြောများအတွင်းမှ စွမ်းအင်များကိုပင် ဆူပွက်လာစေသကဲ့သို့ ခံစားနေရသည်။

“ဒီ အသွင်မဲ့ကျင့်စဉ်က တကယ်တော့ သိုင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တဲ့ နတ်ဘုရားအဆင့်သိုင်းပညာတစ်ခုပဲ”

အသွင်မဲ့ကျင့်စဉ်။

လောကကြီးတွင် မူလအစကတည်းက မည်သည့်ပုံသဏ္ဌာန်မျှ မရှိပေ။ ဗလာနတ္တိမှ အသွင်ပေါင်းသောင်းချီကို မွေးဖွားပေးလိုက်ခြင်းဖြစ်သည်။

၎င်းကို သင်ယူပြီးနောက် အခြားသူများ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ရန်သူ၏ကျင့်စဉ်ကို သူတို့၏ စွမ်းရည်များမှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး လှုပ်ရှားမှုများကို အတုယူနိုင်ပေသည်။

တစ်နည်းအားဖြင့်ဆိုရသော် တစ်စုံတစ်ယောက်က သင့်ကို တိုက်ခိုက်နေသရွေ့ သူတို့၏လှုပ်ရှားမှုများကို သင်က သင်ယူနိုင်မည်ဖြစ်သည်။

သူ၏ အရှိန်အဝါများက ကောင်းကင်ကို ဖောက်ထွက်ရန် အသင့်ဖြစ်နေပြီဟု ကျိုးရီ ခံစားလိုက်ရသည်။

အခန်း (၁၂) - ဆေးပညာလမ်းစဉ်

ပြိုင်ဘက်၏ လှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာကာ ပြန်လည်သင်ယူရန်အတွက် နက်ရှိုင်းသော အတွင်းအား လိုအပ်ခြင်းဖြစ်သည်။ နက်ရှိုင်းသောအတွင်းအားကို ရရှိရန် နတ်ဆင်နဂါးကျင့်စဉ်ကို အရင်သင်ယူရမည်ဆိုသည်မှာ မဆန်းတော့ပေ။

“မြက်ခင်းပြင်က လျှို့ဝှက်ဂိုဏ်းတွေမှာ လှည့်ကွက်တွေ ဒီလောက်များမယ်လို့ မထင်ထားဘူး၊ ဒီလောကမှာ နာမည်ကြီး တောင်တန်းတွေနဲ့ မြစ်ကြီးတွေ အများကြီးရှိပြီး အဲဒီထဲမှာ ဂိုဏ်းပေါင်းများစွာ ပုန်းကွယ်နေတယ်လို့ ကြားဖူးတယ်”

“နောင်ကျရင် ငါလည်း အဲဒီနေရာတွေကို သွားလည်ပြီး သူတို့ရဲ့ သိုင်းပညာကျင့်စဉ်တွေအားလုံးကို သင်ယူရမယ်၊ ဒါက သိုင်းသူတော်စင်အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ပိုကောင်းတဲ့ အထောက်အကူ ဖြစ်နိုင်တယ်”

ကျိုးရီသည် မှောင်ခိုဈေးသို့ ပြန်လာခဲ့ရာ လူတိုင်းက မနေ့က သိုင်းသခင်အကြောင်းကို ပြောဆိုနေကြသည်။

“အဲဒီ သိုင်းသခင်က ကောင်းကင်ဓားဂိုဏ်းရဲ့ လာတာဖြစ်ရမယ်။ ကောင်းကင်ဓားဂိုဏ်းက သိုင်းသခင် တစ်ယောက်ကလွဲရင် ဘယ်သူကများ ဒီလိုဓားစွမ်းအင်ကို ပိုင်ဆိုင်နိုင်မှာလဲ”

“အဓိပ္ပာယ်မရှိတာ၊ လောကမှာ ကောင်းကင်ဓားဂိုဏ်း တစ်ခုတည်းမှာပဲ ဓားကျင့်ကြံသူရှိတာ မဟုတ်ဘုး”

လူတိုင်း၏ဆွေးနွေးမှုများကို နားထောင်ခြင်းဖြင့် ကျိုးရီ၏စိတ်ထဲတွင် အကြမ်းဖျင်း သဘောပေါက်သွားသည်။

သိုင်းသခင်သည် ဤကမ္ဘာ၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအား မဟုတ်သည်မှာ သေချာသော်လည်း သိုင်းသူတော်စင်အဆင့်ဆိုသည်မှာ မည်မျှရှားပါးသနည်း။ တော်ဝင်မိသားစုမှလွဲ၍ ထိပ်တန်းဂိုဏ်း အနည်းငယ်သာလျှင် ၎င်းတို့ကို ပိုင်ဆိုင်နိုင်ပြီး ထိုသို့သော တည်ရှိမှုများသည် အလွယ်တကူ တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာလေ့မရှိပေ။

တစ်နှစ်ပတ်လုံး အနားယူကာ တံခါးပိတ်ကျင့်ကြံနေလေ့ရှိသောကြောင့် သူတို့၏ တည်ရှိမှုသည် လက်တွေ့တွင် မရှိသကဲ့သို့ပင် ဖြစ်သည်။

အနည်းဆုံးတော့ သာမန်လူများအတွက် ဘဝဆယ်ဆက်တိုင်အောင် သိုင်းသူတော်စင်အဆင့် ကို မြင်တွေ့ရမည်မဟုတ်ပေ။

သိုင်းသခင်များသည် သိုင်းသူတော်စင်အဆင့် သို့ ချိုးဖောက်ဝင်ရောက်နိုင်ရန် အလုပ်များနေကြသောကြောင့် သဘာဝကျကျပင် အလကားနေရင်း ဟိုဟိုဒီဒီ လျှောက်သွားနေကြမည် မဟုတ်ပေ။

သိုင်းသူတော်စင်အဆင့် နှင့် သိုင်းသခင်အဆင့် ကျင့်ကြံသူများ ထွက်မလာကြသောကြောင့် မွေးရာပါအဆင့် တစ်နည်းအားဖြင့် ဤကမ္ဘာ၏ ပထမတန်းစား ကျင့်ကြံသူများဟု သတ်မှတ်နိုင်ပေသည်။

ထိုမျှမက သိုင်းသခင်များသည် နွားတစ်ကောင်ပေါ်ရှိ အမွေးများကဲ့သို့ ပေါများနေသည်မဟုတ်ပေ။ ဤ အဆင့်သို့ ရောက်ရှိရန် လူအများစုမှာ ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ်တစ်ရာကျော်ပင် အချိန်ယူကြရသည်။

ထို့ကြောင့်ပင် လူတိုင်းက ၎င်းကို အလွန်အမင်း စိတ်ဝင်စားနေကြခြင်းဖြစ်သည်။ ဤသည်မှာလည်း ကောင်းသောကိစ္စပင်။

အနည်းဆုံးတော့ နေရာတိုင်းတွင် ကန့်သတ်ခံရတော့မည်မဟုတ်ပေ။

ကျိုးရီသည် ကောင်းကင်ကို တက်လှမ်းနိုင်သည့်ကြွက် ချန်ဟွာကို ရှာတွေ့ခဲ့ပြီး သူလိုအပ်သော ပါဝင်ပစ္စည်းများကို ယူကာ စစ်ဆေးကြည့်လိုက်သည်။

“မဆိုးပါဘူး... တစ်ရက်တည်းနဲ့ အားလုံးကို စုဆောင်းနိုင်လိမ့်မယ်လို့ မထင်ထားဘူး၊ မင်းက တကယ်ကို အထင်ကြီးစရာပဲ”

ချန်ဟွာက ရယ်မောလိုက်သည်။

“ကျွန်တော်က ဒီအလုပ်ကို လုပ်နေတာဆိုတော့ ဖောက်သည်ကို ကျေနပ်အောင် လုပ်ပေးရမှာပေါ့၊ သခင်လေးရှောင်ယန် အနေနဲ့ ဒါတွေက အသုံးဝင်တယ်ဆိုရင် နောက်ပိုင်းမှာလည်း ကျွန်တော့်ကို လာရှာလို့ရပါတယ်၊ အမြဲတမ်း အဆင်သင့်ပါပဲ”

ကျိုးရီ ခေါင်းညိတ်လိုက်ပြီး ငွေရှင်းကာ ထွက်ခွာလာခဲ့သည်။ မြို့တော်သို့ ပြန်ရောက်သောအခါ ဟွေချွန်းခန်းမမှ ဆေးပေါင်းဖိုတစ်လုံး ထပ်ဝယ်လိုက်သည်။

ဟွေချွန်းခန်းမရှိ ဆေးဘက်ဝင်အပင်များက အပြင်ထက် ပိုဈေးကြီးကြောင်း သိလိုက်ရသဖြင့် ယခုမှစ၍ ဆေးဘက်ဝင်အပင်များကို ချန်ဟွာထံမှသာ ဝယ်ယူရန် စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

ယခုအခါ သူ့တွင် ငွေများစွာရှိနေသော်လည်း ဖြုန်းတီးပစ်၍မရပေ။

ကျိုးရီ အိမ်ပြန်ရောက်သည်နှင့် ဆေးဘက်ဝင်အပင်များကို အချိုးအစားအလိုက် အိုးထဲသို့ ချက်ချင်းထည့်ကာ ရေသန့်လောင်းထည့်ပြီး ဆေးသန့်စင်ရန်အတွက် မီးစတင်မွှေးလိုက်သည်။

ပထမဦးစွာ ဆေးဘက်ဝင်အပင်များမှ အရည်ထွက်လာစေရန် ပြုတ်ရသည်။

ထို့နောက် မီးပြင်းပြင်းဖြင့် အရည်ကို ခန်းခြောက်သွားစေပြီး နောက်ဆုံး ကျိုချက်လိုက်သောအခါ ဆေးလုံးများ ဖြစ်ပေါ်လာဟ။

ကျိုးမိသားစုဘိုးဘေး၏ ရုပ်အလောင်းထံမှ မှတ်ဉာဏ်များအားလုံးကို သူ ရရှိပြီးဖြစ်ရာ ဆေးပေါင်းဖိုပေါက်ကွဲမည့် ပြဿနာများအတွက် စိုးရိမ်စရာ မလိုတော့ပေ။

အကယ်ဤ ပေါက်ကွဲသွားခဲ့လျှင်ပင် သူ ကြောက်မည်မဟုတ်ပေ။ သူသည် မွေးရာပါအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်၏။

သူ့ခန္ဓာကိုယ်ကို စစ်မှန်သောချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ကာကွယ်ရေးစွမ်းအင်က လွှမ်းခြုံထားရာ ပေါက်ကွဲမှုမှ သက်ရောက်မှုများအား ခံနိုင်ရည်ရှိလေသည်။

မကြာမီမှာပင် ဆေးလုံးတစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။

ကျိုးရီသည် ဆေးပေါင်းဖိုကို ဖွင့်လိုက်ရာ မွှေးကြိုင်သောအနံ့လေးက နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူ၏ နှလုံးနှင့် အဆုတ်များကို လန်းဆန်းသွားစေသည်။

ဆေးပေါင်းဖို အတွင်းတွင် အနီရောင်တောက်ပနေသော လုံးဝန်းသည့်ဆေးလုံးအချို့ ငြိမ်သက်စွာ ရှိနေသည်။

ကျိုးရီသည် ဆေးလုံးများ အနည်းငယ်အေးသွားသည်အထိ စောင့်ပြီးနောက် တစ်လုံးကိုယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ဘုန်း…။

ဆေးလုံး ပါးစပ်ထဲသို့ ရောက်သည်နှင့် ဧရာမစွမ်းအင်စီးကြောင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ကျင့်စဉ်များ လည်ပတ်လာသည်နှင့်အမျှ အတွင်းရှိ အနှစ်သာရများအားလုံး သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက်စုပ်ယူခြင်းခံလိုက်ရလေသည်။

“မဆိုးဘူး... ပထမဆုံးအကြိမ်ဖော်စပ်တဲ့ ဆေးလုံးရဲ့ သန့်စင်မှုက အတော်လေးမြင့်တယ်”

လူအများစုအတွက်မူ ဆေးပညာလမ်းစဉ်ကို စတင်နားလည်သဘောပေါက်ရန်ပင် တစ်လခန့် အချိန်ယူရသည်။

ဆေးလုံးများကို စတင်ဖော်စပ်သောအခါ လူအများစုက ဆေးမီးဖို ပေါက်ကွဲသွားတတ်သည်။ အချို့မှာမူ အာနိသင်မရှိသော အမှိုက်ဆေးလုံးများကိုသာ ဖော်စပ်မိတတ်ကြသည်။

ဆေးလုံးများကို ကောင်းမွန်စွာ စတင်ဖော်စပ်နိုင်သည်ဟု သတ်မှတ်နိုင်ရန် လအနည်းငယ် သို့မဟုတ် တစ်နှစ်ခန့်ပင် အချိန်ယူရသည်။

ထိုကာလအတွင်း ပါဝင်ပစ္စည်းများအားလုံးကို ဆေးပညာလမ်းစဉ် သင်ကြားပေးသော ဂိုဏ်းက ထောက်ပံ့ပေးရသည်။

ထို့ကြောင့်ပင် ဆေးဆရာများကို ငွေကြေးများစွာ အကုန်အကျခံကာ ပုံဖော်ထားရခြင်းဖြစ်သည်ဟု ကျန်းဟူတွင် အဆိုရှိခြင်းဖြစ်သည်။

အဆိုအမိန့်တစ်ခုရှိသည်မဟုတ်လော။ ဆင်းရဲသားများသည် သိုင်းပညာမကျင့်ကြံနိုင်သကဲ့သို့ ချမ်းသာသူများသည်လည်း ဆေးပညာမကျင့်ကြံနိုင်ဟု ဆိုကြသည်။ ချမ်းသာသော မိသားစုများပင်လျှင် ဆေးပညာလမ်းစဉ်ကို အလွယ်တကူ မထိတွေ့ရဲကြပေ။

ဤသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေသည်။

သို့သော် ဆေးပညာလမ်းစဉ်ကို သင်ယူပြီးနောက်တွင်မူ ငွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ပြီဖြစ်သည်။

ငွေငါးကျပ်ဖြင့် ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်း ငါးစုံကို ဝယ်ယူနိုင်သည်။ အောင်မြင်မှုနှုန်းက ငါးဆယ်ရာခိုင်နှုန်းပဲ ရှိလျှင်ပင် အမြတ်ငွေနှစ်ဆ ရနေသေးသည်။

ယခု သူသည် အခြားသော စွမ်းရည်တစ်ခုကိုပါ ရရှိသွားပြီဖြစ်သည်။

သိုင်းပညာကျင့်ကြံခြင်း၊ ဆေးပညာလမ်းစဉ်နှင့် သင်္ချိုင်းဖောက်ထွင်းခြင်း။

‘သုံးလို့ကို မကုန်နိုင်တော့ဘူး... လုံးဝကို သုံးမကုန်နိုင်တော့ဘူး'

“ဒါနဲ့ ပြောရရင် ငါ့ရဲ့ခန္ဓကိုယ်က ပါရမီပါပြီး သိုင်းပညာကျင့်ကြံမှုအရှိန်က အရမ်းမြန်တယ်၊ ပြီးတော့ လူတွေရဲ့မှတ်ဉာဏ်ကို စုပ်ယူပြီး ဂိုဏ်းတွေရဲ့ အားသာချက်ကို စုစည်းထားနိုင်တယ်"

”ဒါက ငါ့ရဲ့ အတွေ့အကြုံကို တိုးပွားစေတာနဲ့ အတူတူပဲ၊ အဲဒီတော့ ဉာဏ်ရည်ပြဿနာကို ဖြေရှင်းလိုက်တာနဲ့လည်း ညီမျှတယ်၊ ငါက သိုင်းပညာကျင့်ကြံရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ ခန္ဓာကိုယ်ပါရမီနဲ့ ဉာဏ်ရည် ပြဿနာနှစ်ခုလုံးကို ဖြေရှင်းနိုင်ခဲ့ပြီ အံ့သြစရာပဲ”

နောက်တစ်နေ့တွင် ကျိုးရီသည် အကျဉ်းထောင်သို့ ရောက်လာခဲ့သော်လည်း သတင်းဆိုးအချို့ကို ကြားလိုက်ရသည်။

“ကျစ်... ကောင်းကင်ဘုံက ကျိန်စာတိုက်ထားတဲ့သူပုန်တွေ၊ သူတို့အားလုံးကို အရှင်လတ်လတ် အရေခွံခွာပစ်ချင်တယ်”

မနေ့ညက တစ်စုံတစ်ယောက်သည် အကျဉ်းသားများကို လာရောက်ဖောက်ထွင်းကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ လာရောက်သူများအားလုံးမှာ ကျင့်ကြံသူများဖြစ်ကြပြီး မွေးရာပါအဆင့် ကျင့်ကြံသူ သုံးဦးပင် ပါဝင်သည်။

သူတို့သည် နန်းတွင်းမှ ဆောင်းဦးရာသီတွင် ကွပ်မျက်ရန် ပြစ်ဒဏ်ချမှတ်ထားသော သူပုန်အချို့ကို အတင်းအကြပ် ကယ်တင်သွားခဲ့ပြီး အကျဉ်းထောင်စောင့်များနှင့် ကင်းစောင့်အများအပြားကိုလည်း သတ်ဖြတ်သွားခဲ့သည်။

“စစ်တပ်က မြို့တော်ကနေ ထွက်သွားတော့ မြို့တော်ရဲ့ ကျွမ်းကျင်သူ အရေအတွက်က သိသိသာသာလျော့ကျသွားတယ်၊ ပုံမှန်ဆို ပြဿနာမရှာရဲတဲ့ ဒီမိစ္ဆာတွေက အခုတော့ မိုးရွာပြီးနောက်ထွက်လာတဲ့ ဝါးပင်ပေါက်လေးတွေလိုပဲ အညှောင့်ထွက်ချင်နေကြပြီ”

“ကျိုးရီ... ရုပ်အလောင်းကိုစစ်ဆေးလိုက်ဦး”

“လာပါပြီ”

ကျိုးရီ ပြန်ဖြေလိုက်ပြီး ရုပ်အလောင်းများကိုစစ်ဆေးရန် ရင်ခွဲရုံသို့ ရောက်လာခဲ့သည်။ အမှုတွဲများကို ရေးသားကာ မှတ်ဉာဏ်များကို တစ်ပါတည်း စုပ်ယူလိုက်၏။

[ကျစ်... ငါ့ရဲ့ မိန်းမအသစ်စက်စက်လေး၊ တစ်ကြိမ်နှစ်ကြိမ်ပဲ အတူအိပ်ရသေးတယ်၊ အဲဒီ ခွေးကောင် ဝက်သားသည်က ငါ့မိန်းမကို ကြည့်တိုင်း သွားရည်တွေယိုကျနေတာ၊ သူ သေချာပေါက် ငါ့မိန်းမကို မြူဆွယ်ချင်နေတာပဲ၊ ယုတ်မာတဲ့ သူပုန်တွေ... မင်းတို့ကို ငါ ကျိန်စာတိုက်တယ်]

[အစ်ကိုကြီး... ကျွန်တော်တို့က တစ်ဖွဲ့တည်းလေ၊ ကျွန်တော်လည်း မိစ္ဆာဂိုဏ်းကပါပဲ။ ဘာလို့ ကျွန်တော့်ကိုသတ်ရတာလဲ]

[ငါသေသွားရင်တောင် တာ့ချန်အတွက် ရှင်သန်နေဆဲပဲ]

[ငါ... ငါ သေလို့မရဘူး၊ ငါ ကျိုးရီကို ငွေသုံးကျပ် အကြွေးဆပ်ဖို့ ကျန်သေးတယ်။ အကျဉ်းထောင်မှူးမာကို ငါးကျပ်၊ ဝမ်ဆန်းကို နှစ်ကျပ်၊ ပြီးတော့... ကျစ်... ထားလိုက်တော့လေ၊ ငါ့ကို သေခွင့်သာပေးလိုက်ပါတော့]

ကျိုးရီ တွေးလိုက်မိသည်။

“ကျစ်... ငါ ငွေသုံးကျပ် ဆုံးရှုံးသွားပြီ။ သူပုန်တွေ... ဒီအကြွေးကို မင်းတို့ဆီမှာ မှတ်ထားမယ်၊ အနှေးနဲ့အမြန် ဒီအကြွေးကို အဆတစ်သောင်း ပြန်ဆပ်ခိုင်းမယ်”

လူတိုင်းအတွက် ရုပ်အလောင်းစစ်ဆေးမှုအစီရင်ခံစာများ ရေးသားပြီး အမှုတွဲများထဲသို့ ထည့်သွင်းပြီးနောက် ယနေ့အလုပ် ပြီးဆုံးသွားလေပြီ။ ကျိုးရီသည် အလုပ်ဆင်းကာ ရှင်းဟွာစားသောက်ဆိုင်သို့ ရောက်လာပြီး ဟင်းလျာအပြည့်ပါသော စားပွဲတစ်ပွဲကို မှာယူလိုက်သည်။

ဘဲကင်၊ ငန်းကင်၊ ကြက်ကင်၊ ပုစွန်၊ အမဲသား၊ အအေးအချို့နှင့် အရည်အသွေးကောင်းမွန်သော ရှင်းဟွာအရက် နှစ်အိုး။

‘တောက်စ်... ဒါကိုမှ ပျော်ရွှင်မှုလို့ ခေါ်တာမဟုတ်လား'

ဗိုက်ဝအောင် စားသောက်နိုင်ပြီး ဘေးကင်းလုံခြုံကာ စိုးရိမ်စရာမရှိခြင်း

ဤသည်မှာ အစစ်အမှန် ပျော်ရွှင်မှုပင်။

ဘေးစားပွဲမှ ဧည့်သည်များသည် မြောက်ဘက်သဲကန္တာရ စစ်ပွဲအကြောင်း ဆွေးနွေးနေကြသည်။

“နန်းတွင်းက စစ်တပ်ကြီး အခုလောက်ဆို မြောက်ဘက်သဲကန္တာရ ကို ရောက်လောက်ပြီမလား”

“ရောက်လောက်ပေါ့၊ ကြားတာတော့ မြောက်ပိုင်းမန် မြက်ခင်းပြင် လူမျိုးစုတွေကလည်း ငါတို့တာ့ချန်နဲ့ ယှဉ်ပြိုင်ဖို့ စစ်တပ်တစ်တပ် စုစည်းထားတယ်တဲ့”

“မြောက်ပိုင်းမန်က အမြဲတမ်း ဖရိုဖရဲဖြစ်နေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ရုတ်တရက် စုစည်းသွားတာလဲ”

“မြောက်ဘက်သဲကန္တာရကနေ ပြန်လာတဲ့ ကုန်သည်တစ်ယောက် ပြောတာတော့ မြောက်ပိုင်းမန်မှာ အလွန်ကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ခန် တစ်ယောက် ပေါ်ထွက်လာပြီး မြောက်ပိုင်းမန် မြက်ခင်းပြင်ရဲ့ လူမျိုးစု တစ်ရာ့ရှစ်စုကို သိမ်းပိုက်ပြီးပြီတဲ့”

“ဒါက ကိစ္စမရှိပါဘူး၊ ငါတို့ တာ့ချန်ဘက်မှာက စစ်သည်အင်အားများတယ်၊ ဒီတစ်ခါ စစ်သည် ငါးသိန်း စေလွှတ်ထားတာလေ၊ တပ်သားတစ်ယောက်ချင်းစီက သေးပေါက်ချလိုက်ရင်တောင် သူတို့ ရေနစ်သေသွားလိမ့်မယ်”

All Chapters