← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅) - သိုင်းသခင်အဆင့် ချိုးဖောက်ဝင်ရောက်ရန် လျှို့ဝှက်ချက်

တစ်ဖက်လူ၏မှတ်ဉာဏ်များထဲတွင် သေချာရှာဖွေကြည့်ပြီးနောက် ကျိုးရီ မျက်နှာထက်၌ ရုတ်တရက် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များ လင်းလက်သွားလေသည်။

“ဒီလိုကိုး၊ သိုင်းသခင်အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ဆိုရင် စိတ်စွမ်းအင်ကျင့်စဉ်တစ်ခု လိုအပ်တာကိုး”

ယခင်က ကျိုးရီသည် ဤကိစ္စအတွက် အတော်လေးခေါင်းရှုပ်နေခဲ့ရသည်။

သူ၏ နားလည်ထားမှုအရ သိုင်းသခင်တစ်ဦး၏ အစောပိုင်းခွန်အားသည် မွေးရာပါအဆင့်၏ အစောပိုင်းခွန်အားထက် ခြောက်ဆခန့်သာ ရှိသင့်ရာ သူ အဆင့်ချိုးဖောက်ဝင်ရောက်၍ မရနိုင် ဖြစ်နေသည်ကို နားမနိုင်ဖြစ်နေခဲ့သည်။

တကယ်တန်းတွင် စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တစ်ခု လိုအပ်နေခြင်းပင်။

မွေးရာပါအဆင့်မတိုင်မီက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဖြစ်ပြီး မွေးရာပါအဆင့်တွင် ချီသန့်စင်ခြင်း၊ ထိုမှတစ်ဆင့် ဝိညာဉ်သန့်စင်ခြင်းသို့ ကူးပြောင်းရသည်။

လူတစ်ယောက်၏ခွန်အားများ တိုးတက်လာသည်နှင့်အမျှ မိမိ၏ရုပ်ခန္ဓာကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရန်အတွက် စိတ်စွမ်းအင်ကိုပါ မြှင့်တင်ရန် လိုအပ်ပေသည်။

မဟုတ်ပါက စိတ်စွမ်းအင်က နောက်မှမလိုက်နိုင်ဘဲ ခွန်အားသက်သက်သာ ရှိနေလျှင် မိမိ၏အလားအလာကို ပြီးပြည့်စုံစွာ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ကောင်းကင်နတ်ဆိုးတံဆိပ်သည် စိတ်စွမ်းအင်ကျင့်စဉ်တစ်ခုဖြစ်ပြီး အလွန်အမင်း အစွမ်းထက်သော ကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။

သို့သော် စိတ်စွမ်းအင်ကျင့်စဉ်များသည် အခြားကျင့်စဉ်များနှင့် မတူညီပေ။

ဝိညာဉ်စွမ်းအင်ကို ဖြည့်တင်းပေးနိုင်သော ကောင်းကင်နှင့် မြေကြီး၏ ရတနာများက ရှားပါးလွန်းလှရာ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်များ၏ ကျင့်ကြံမှုအရှိန်မှာ အခြားနည်းစနစ်များလောက် မမြန်ဆန်ပေ။

ထျန်းမိုအဘိုးကြီးက သူ၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ရန်အတွက် အခြားသူများ၏ ဦးနှောက်များဖြင့် မိမိဦးနှောက်ကို ဖြည့်တင်းရန် လူဦးနှောက်များကိုစားသုံးခြင်းဟူသော လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“ဒီလို ဟာမျိုးကိုတော့ ငါ ဘယ်တော့မှ စားနိုင်မှာမဟုတ်ဘူး၊ အရမ်း ရွံစရာကောင်းလွန်းတယ်”

ကျိုးရီသည် ခေါင်းကို ခပ်ကြမ်းကြမ်း ခါရမ်းလိုက်မိ၏။ အစားအသောက် ချစ်မြတ်နိုးသူတစ်ဦးအနေဖြင့် သူ၏ အစာအိမ်ထဲတွင်ပင် ကမောက်ကမဖြစ်ကာ ပျို့အန်ချင်လာသလို ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ထာဝရအသက်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ ဖြည်းဖြည်းချင်း ကျင့်ကြံသွားလိုက်ရုံသာ။

ထိုသူများအတွက် ရုပ်အလောင်းစစ်ဆေးမှု အစီရင်ခံစာများကို ရေးသားတင်ပြပြီးနောက် ကျိုးရီ၏ယနေ့တာဝန် ပြီးဆုံးသွားလေပြီ။

အလုပ်ဆင်းရန် ပြင်ဆင်နေစဉ်မှာပင် မြို့တော်အုပ်ချုပ်ရေးရုံးမှ အစောင့်များသည် အရာရှိကြီးများနှင့် မှူးမတ်တစ်စုအား အကျဉ်းထောင်အတွင်းသို့ ထိန်းသိမ်းခေါ်ဆောင်လာသည်ကို မြင်လိုက်ရသည်။

ကျိုးရီ စိတ်အာရုံများ ချက်ချင်း နိုးကြားသွားသည်။ ပုံမှန်အားဖြင့် အစောင့်များသည် အကျဉ်းသားများကို ကောင်းကင်အကျဉ်းထောင် အပေါက်ဝတွင်သာ လွှဲပြောင်းပေးလေ့ရှိသည်။

ယခုကဲ့သို့ အတွင်းပိုင်းအထိ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပို့ဆောင်လာသည်ဆိုပါက ကျူးလွန်ထားသောပြစ်မှုများမှာ အတော်လေး ကြီးလေးပုံရသည်။

“အကျဉ်းထောင်မှူးမာ၊ ဒီလူတွေ ဘာဖြစ်လာကြတာလဲ။ ဘာလို့ တစ်ပြိုင်တည်း ဒီလောက်အများကြီး အဖမ်းခံလာရတာလဲ”

အကျဉ်းထောင်မှူးမာက ဒေါသတကြီး ပြန်ဖြေသည်။

“ဒီသစ္စာဖောက်ခွေးတွေလေ။ အရှင်မင်းကြီး မြောက်ပိုင်းကို စစ်ချီဖို့လုပ်တုန်းက သူတို့က မတားဆီးခဲ့တဲ့အပြင် မြှောက်ပေးခဲ့ကြသေးတယ်၊ အဲဒါကြောင့် မြောက်ပိုင်းစစ်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်သွားရတာပဲ၊ မယ်တော်ကြီးက သစ္စာဖောက်ဝန်ကြီးတွေ အားလုံးကို အကျဉ်းထောင်ထဲထည့်ဖို့ အမိန့်ပေးလိုက်တာ”

“သြော်... ဒီလိုကိုး”

ထိုအချိန်မှာပင် ကြိုးတုပ်ခံထားရသော်လည်း အလွန် မောက်မာဝင့်ကြွားနေဆဲဖြစ်သော သခင်လေးတစ်ဦးက စတင်ရမ်းကားတော့သည်။

“ခွေးကောင်တွေ... ငါက ဝန်ကြီးအဖွဲ့ရဲ့ လက်ဝဲဝန်ကြီးသားကွ။ မင်းတို့လို ခွေးတွေကများ ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ။ မင်းတို့ကို ငါ ခွင့်မလွတ်ဘူး၊ ငါ ပြန်လွတ်လာတာနဲ့ မင်းတို့အားလုံး တစ်ယောက်မကျန် သတ်ပစ်မယ်”

‘ကျိုးစီယွမ်ရဲ့ သားလား'

ကျိုးရီ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။ ကျိုးမိသားစုလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယခင်က ကျိုးမိသားစုကို ဒုက္ခပေးချင်ခဲ့သော်လည်း နန်းတွင်းအရာရှိကြီးများဖြစ်ရာ ကာကွယ်ပေးမည့် ကျင့်ကြံသူများ ရှိနေသဖြင့် လက်ရှောင်နေခဲ့ရသည်။

ယခု သူတို့ကိုယ်တိုင် ကောင်းကင်အကျဉ်းထောင်ထဲသို့ ရောက်လာပြီဆိုရာ ကျားလှောင်အိမ်ထဲ ဝင်လာသည့် သိုးများကဲ့သို့ ဖြစ်သွားချေပြီ။

သို့သော် ကံမကောင်းစွာဖြင့် နောက်ဆုံးတွင် ကျိုးရီ ဝင်ရောက်စွက်ဖက်ခွင့်မရလိုက်ပေ။

ကျိုးသခင်လေးမှာ အလွန်တရာ မောက်မာလွန်းလှသဖြင့် အကျဉ်းထောင်စောင့်များက သူ့ကို သေဒဏ်ပေးခံရမည့် အကျဉ်းသားများထားရှိရာ အခန်းထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သောကြောင့်ဖြစ်သည်။

သေဒဏ်ကျ အကျဉ်းသားများသည် သေဒဏ်ချမှတ်ခံထားရပြီး အသက်ရှင်သန်လိုစိတ် လုံးဝမရှိတော့သည့် ရာဇဝတ်ကောင်များဖြစ်ကြသည်။

ရုတ်တရက် အသားအရေ ဖြူဖွေးနုဖတ်နေသော သခင်လေးတစ်ဦး ပစ်ထည့်ခံလိုက်ရသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများ အရိုင်းဆန်ဆန် တောက်ပသွားတော့သည်။

“သူ့ပုံစံလေးက ဖြူဖွေးနုဖတ်နေတာပဲ”

အလွန်အမင်း မောက်မာဝင့်ကြွားနေခဲ့သော ကျိုးသခင်လေး၏ နှလုံးသားမှာ ရုတ်တရက် နာကျင်သွားလေသည်။ ကျိုးသခင်လေးသည် အင်္ကျီကော်လာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“မင်း... မင်းတို့ ဘာလုပ်ချင်ကြတာလဲ၊ ငါ ပြောမယ်နော်... ငါ့အဖေက ဝန်ကြီးအဖွဲ့ရဲ့ လက်ဝဲဝန်ကြီးကွ၊ မင်းတို့ ငါ့ကို ထိရဲထိကြည့်... ငါ့အဖေက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး”

“အနားမလာကြနဲ့... အနားမလာခဲ့ကြနဲ့”

“ကယ်ကြပါဦး... တစ်ယောက်ယောက် မြန်မြန်လာကြပါဦး၊ ငါ့ဘောင်းဘီကို ဆွဲချွတ်နေတယ်၊ ကယ်ကြပါဦး... တစ်ယောက်ယောက် ငါ့ကို ကယ်ကြပါဦး”

“အား... အို...”

နှစ်နာရီပင် မကြာလိုက်။ ကျိုသခင်လေးမှာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့လေပြီ၊ ကျိုးရီမှာ အလွန်ရွံရှာလွန်းသဖြင့် ရုပ်အလောင်းကိုပင် မစစ်ဆေးချင်တော့ပေ။

အမှုတွဲတစ်ခုကို ပေါ့ပေါ့ပါးပါး ရေးသားလိုက်ပြီး ရုပ်အလောင်းကို လူသေကုန်းသို့သယ်ဆောင်ကာ မြှုပ်နှံပစ်ရန်သာ ခိုင်းစေလိုက်သည်။

မိမိ၏ ရည်မှန်းချက်လမ်းကြောင်းတွင် ဤကဲ့သို့သော အညစ်အကြေးများကို လက်ဖြင့် ကိုင်တွယ်စရာမလိုဘဲ ဖယ်ရှားနိုင်ခြင်းကလည်း စိတ်အေးချမ်းစရာပင်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ကျိုးစီယွမ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း၊ ဝန်ကြီးအဖွဲ့မှ နှင်ထုတ်ကာ မိသားစုပိုင်ဆိုင်မှုများအားလုံး သိမ်းဆည်းခံရပြီး သာမန်ပြည်သူအဖြစ် အဆင့်ချခံလိုက်ရကြောင်း သတင်းများ ထွက်ပေါ်လာလေသည်။

နန်းတွင်းအရာရှိဝတ်စုံ အချွတ်ခံလိုက်ရသော ကျိုစီယွမ်တစ်ယောက် နန်းတော်ထဲမှ မှင်သက်တွေဝေစွာ ထွက်လာခဲ့သည်။

ပင်မလမ်းမကြီးပေါ်သို့ ရောက်ရှိလာချိန်တွင် ချောမောသော လူငယ်တစ်ဦး လမ်းဘေးတွင်ရပ်ကာ သူ့အား အဝေးမှနေ၍ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ဒေါသများ ပြည့်နှက်နေပြီဖြစ်သော ကျိုးစီယွမ်က ချက်ချင်းပင် ခက်ထန်စွာ အော်ဟစ်လိုက်သည်။

“ဘာကြည့်တာလဲ”

သို့သော် သူ့ခေါင်းပေါ်သို့ ဓားအလင်းတန်းတစ်ခု ကျဆင်းလာသည်ကိုသာ မြင်လိုက်ရ၏။

ဘုန်းး။

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကျိုးစီယွမ်၏ ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ်သွားလေတော့သည်။

ကျိုးရီသည် တံတွေးတစ်ချက် ထွေးထုတ်လိုက်ကာ ရုပ်အလောင်းထံမှ ပစ္စည်းများကို လုယူရန် အလျင်အမြန် ရှေ့တိုးသွားလိုက်သည်။

“သာမန်ပြည်သူတစ်ယောက် ဖြစ်သွားတာတောင် ဘာတွေများ လာအိုက်တင်ခံနေတာလဲ”

[ကျစ်... ဘာလို့ ဒီခွေးဧကရာဇ်က ဒီလောက်အသုံးမကျရတာလဲ၊ မြောက်ပိုင်းမန်ကို နိုင်ပြီး ငါ့ရဲ့အနာဂတ်လည်း လုံခြုံပြီလို့ ထင်ထားတာ၊ သူက ဝက်တစ်ကောင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ၊ မဟုတ်ဘူး... ဝက်တစ်ကောင်ကတောင် သူ့ထက် ပိုအသုံးကျသေးတယ်]

[ကံကောင်းတာက ကျိုးမိသားစု ရဲ့ ဘိုးဘေးတွေက ကြက်ဥအားလုံးကို ခြင်းတောင်းတစ်လုံးတည်းထဲ မထည့်ဖို့ သင်ကြားပေးခဲ့တာပဲ၊ ဒီမြို့တော်ထဲမှာ ဘယ်သူမှမသိအောင် ဖုံးကွယ်ထားတဲ့ မယားငယ်ဆယ့်ရှစ်ယောက်နဲ့ ကလေး လေးဆယ့်ခုနစ်ယောက် ရှိနေသေးတယ်၊ သူတို့ရှိနေသရွေ့ ကျိုမိသားစုရဲ့ မျိုးဆက်က ပျောက်ကွယ်သွားမှာမဟုတ်ဘူး]

[ဒီကောင်လေးက ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ၊ ငါ ကျရှုံးသွားရင်တောင် ဝန်ကြီးအဖွဲ့ထဲ ရောက်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူပဲ၊ မင်းက ဘယ်က ခွေးကောင်မို့လို့လဲ]

ကျိုးရီ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။

“ဒီအရာရှိတွေက တကယ်ကို ရက်စက်ကြတာပဲ၊ ပြည်သူတွေဆီက သွေးချွေးတွေကို စုပ်ယူရုံတင်မကဘူး သူတို့ရဲ့ အကိုင်းအခက်တွေကို ဖြန့်ကျက်ပြီး မျိုးဆက်တွေအများကြီး ချန်ထားခဲ့ကြသေးတယ်”

“အကိုင်းအခက်တစ်ခု အသက်ရှင်နေသရွေ့ နောင်တစ်ချိန်မှာ ပြန်လည်ထကြွလာနိုင်တယ် ဆယ်စုနှစ်အနည်းငယ် ကြာပြီးသွားရင် တာ့ချန်တစ်ခုလုံး သူတို့ရဲ့ မျိုးဆက်တွေနဲ့ ပြည့်နှက်နေတော့မှာ၊ တကယ်ကို သူတို့ရဲ့ မျိုးဆက်တွေက ထာဝရလုံခြုံသွားမှာပဲ”

သို့သော်လည်း ယခုအခါ သူ သိသွားပြီဖြစ်ရာ...

“ဟဲဟဲ”

ဤသို့ဖြင့် မွန်းလွဲပိုင်း အချိန်တိုလေးအတွင်းမှာပင် ကျိုးမိသားစု၏ အကြွင်းအကျန်များအားလုံး မွှေနှောက်ဖျက်ဆီးခြင်း ခံလိုက်ရလေတော့သည်။

ကျိုးရီ၏ ငွေအိတ်လေးမှာလည်း များစွာ ပိုမိုလေးလံလာခဲ့သည်။ ပြိုင်ဘက်များကို အမြစ်ပြတ်ချေမှုန်းခြင်းက လောကကိုစိုးမိုးမည့် သူ၏ ပထမခြေလှမ်းပင်။

ပိုက်ဆံအနည်းငယ် တိုးလာပြီဖြစ်ရာ အရက်သောက်ရန် ရှင်းဟွာစားသောက်ဆိုင်သို့ မသွားဘဲမနေနိုင်တော့ပေ။

အရက်ဆိုသည်မှာ သောက်လေလေ ခေါင်းထဲရောက်လေလေ ဖြစ်တတ်သော အရာတစ်ခုဟု ဆိုရပေမည်။

ယစ်မူးဖွယ် ခံစားမှုလေးက အလွန်သက်သောင့်သက်သာရှိလှပြီး လူတစ်ဦး၏ စိတ်အာရုံကို လွတ်လပ်ပေါ့ပါးသွားစေသည်။

ကျိုးရီ အရက်သောက်ချိန်တွင် စစ်မှန်သောချီစွမ်းအင်ကို အမြဲတမ်း ရုပ်သိမ်းထားလေ့ရှိသည်။ သို့မဟုတ်ပါက ခွက်တစ်ထောင်သောက်လျှင်ပင် မူးမည်မဟုတ်ပေ။

ကျိုးရီသည် လက်ရန်းကိုမှီကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်နေလိုက်သည်။

လမ်းမပေါ်ရှိ သာမန်ပြည်သူ အများအပြားသည် အထုပ်ကြီးအထုပ်ငယ်များကို သယ်ဆောင်ကာ မြို့မှထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်၏။

“ငါးသိန်းရှိတဲ့ စစ်တပ်ကြီးက ချေမှုန်းခံလိုက်ရတယ်၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း မတည်ဆောက်နိုင်ခဲ့ဘူး၊ ပြည်သူတွေရဲ့ နှလုံးသားတွေလည်း ဖရိုဖရဲ ကွဲကြေသွားပြီပဲ”

သူက ခေါင်းယမ်းလိုက်သော်ငြား အသံတစ်သံက သူ့နားထဲသို့ တိုးဝင်လာသည်။

“လူကြီးမင်း... အဆိုးမြင်လွန်းနေတာမဟုတ်ဘူးလား”

ကျိုးရီ ခေါင်းလှည့်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်တစ်ခု လင်းလက်သွားသည်။

တစ်ဖက်လူမှာ အနီရောင်ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး နူးညံ့သောအသားအရေနှင့် မျက်ခုံးများကြားတွင် ထက်မြက်သောအရှိန်အဝါရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။

သို့သော် ကျိုးရီ ဂရုစိုက်နေသည်မှာ ထိုအရာမဟုတ်ဘဲ တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်က မွေးရာပါအဆင့် ဖြစ်နေခြင်းကိုပင်။

သူ ဤမျှအချိန်တိုလေးအတွင်း မွေးရာပါအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမှာ ပထမအချက်၊ သူ၏ ခန္ဓာကိုယ်ပါရမီကြောင့်ဖြစ်ပြီး ဒုတိယအချက်မှ အ‌လောင်းမှတ်ဉာဏ်များကို စုပ်ယူခြင်းဖြင့် ကျင့်ကြံမှုအတွေ့အကြုံများ ရရှိကာ လမ်းမှားများကို ရှောင်လွှဲနိုင်ခဲ့ခြင်းကြောင့်ပင်။

တတိယအချက်ကတော့ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်း၏ လျင်မြန်သော တိုးတက်မှုကြောင့်လည်းပါ၀င်ကာ စတုတ္ထအချက်...

အတိုချုပ်ပြောရလျှင် သူ့ထံတွင် ဖြတ်လမ်းနည်း များစွာ ရှိနေသောကြောင့်ဖြစ်သည်။ တစ်ဖက်လူသည် ဤမျှငယ်ရွယ်စဉ်မှာပင် အဆင့်ချိုးဖောက်နိုင်သည်ဆိုပါက သူ့အဆင့်အတန်းက သာမန်မဟုတ်သည်မှာ သေချာလှသည်။

ကျိုးရီ စကားမပြောသည်ကို မြင်သောအခါ ထိုအမျိုးသားသည် မိမိ၏ရိုင်းစိုင်းမှုကို သတိပြုမိသွားဟန်ဖြင့် ချက်ချင်းပြောလိုက်သည်။

“ကျွန်တော်က လီရွှမ်ချင်းပါ၊ စော်ကားလိုတဲ့ရည်ရွယ်ချက် မရှိပါဘူး။ လူကြီးမင်းရဲ့စကားကို ကြားလိုက်ရလို့ ဝင်ပြောမိသွားတာပါ၊ ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်”

ကျိုးရီက လက်ကာပြလိုက်၏။

“ကိစ္စမရှိပါဘူး၊ ကျွန်တော်လည်း အမှတ်တမဲ့ပြောမိသွားတာပါ”

လီရွှမ်ချင်းက ခေါင်းညိတ်ကာ ထပ်ပြောလေသည်။

“ပန်းကန်ကွဲလေးတစ်လုံးတည်းနဲ့ လောကကြီးကို သိမ်းပိုက်၊ လူရိုင်းတွေကို နှင်ထုတ်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူပေးခဲ့တဲ့ ကျွန်‌တော်တို့ရဲ့ ထိုက်ကျူဧကရာဇ်မင်းကြီးကို ပြန်တွေးကြည့်ပါ”

“အခု တာ့ချန်မှာ မြေကွက်အကျယ်ကြီးတွေ၊ ချမ်းသာတဲ့ ပြည်သူတွေနဲ့ လူဦးရေအမြောက်အမြား ရှိနေတယ်၊ ကျွန်တော်တို့သာ အင်အားအကုန်စုစည်းပြီး ပြည်ပရန်သူတွေကို ခုခံမယ်ဆိုရင် နိုင်ငံရဲ့ကပ်ဘေးကို ဖြေရှင်းနိုင်မှာပါ၊ စိတ်ဓာတ်ကျမနေသင့်ဘူး”

အခန်း (၁၆) - သိုင်းသခင်အဆင့်၊ ဓားတစ်ချက်တည်းဖြင့် မြစ်တစ်စင်းကို ဖြတ်တောက်ခြင်း

“ခင်ဗျားက ကိုယ်မှန်တယ်ထင်နေမှတော့ ခင်ဗျားပြောတာကပဲ ပိုမှန်မှာပေါ့လေ”

ကျိုးရီသည် သူနှင့် ဆက်လက်ငြင်းခုံရန် စိတ်ကူးမရှိတော့ပေ။ သူသည် အင်မော်တယ်တစ်ဦးဖြစ်သည်။ တာ့ချန်နိုင်ငံကြီး ပြိုကွဲပျက်စီးသွားလျှင်တောင် သူက အသက်ရှင်နေဦးမည်သာ။

ထို့အပြင် သူက ကူးပြောင်းသူတစ်ယောက်ဖြစ်နေသည်။ ဤကမ္ဘာတွင် မွေးဖွားကြီးပြင်းလာခဲ့သူ မဟုတ်သောကြောင့် နိုင်ငံဟူသော သဘောတရားမှာ သူ့အတွက် အလွန်တရာ ဝေဝါးလွန်းလှသည်။

လောကတစ်ခုလုံးကို အုပ်စိုးလိုသည့် သူ၏ရည်မှန်းချက်ရှေ့တွင် ဤနိုင်ငံလေးတစ်ခုမှာ အရေးမပါတော့ချေ။

“လူကြီးမင်း”

လီရွှမ်ချင်းက တစ်စုံတစ်ရာ ဆက်ပြောလိုဟန်ရှိသော်လည်း အဘိုးအိုတစ်ဦးက သူ့အနားသို့ ချဉ်းကပ်လာသည်။ ထိုအဘိုးအိုမှာ မျက်နှာတွင် မုတ်ဆိတ်မွှေးမရှိဘဲ မိန်းမဆန်သော ရုပ်သွင်ရှိသည်။ သို့သော် သူ့အရှိန်အဝါမှာမူ လီရွှမ်ချင်းထက် အဆပေါင်းများစွာ ပိုမိုကြီးမားလှသည်။

အရှိန်အဝါကို ဖုံးကွယ်ထိန်းချုပ်ထားသော်လည်း ကျိုးရီ၏ အာရုံခံနိုင်စွမ်းကိုတော့ မ‌ကျော်လွန်နိုင်ခဲ့ပေ။ ဂိုဏ်းပေါင်းစုံ၏ အားသာချက်များကို စုပ်ယူထားသောကြောင့် သိုင်းပညာရှင်တစ်ဦး၏ သီးသန့်ခံစားမှုမျိုးကို သူက အထူးတလည် အာရုံခံသိရှိနိုင်စွမ်းရှိနေသည်။

ထို့ပြင် သူသည် သိုင်းသခင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ခြင်းမရှိသေးသော်လည်း တကယ့်တိုက်ခိုက်ရေးစွမ်းအားမှာ သိုင်းသခင်တစ်ဦးထက် လျော့နည်းနေခြင်းမရှိပေ။

သူ့ခွန်အားထက် များစွာ ကျော်လွန်နေသော နှောင်းပိုင်းအဆင့် သိုင်းသခင် သို့မဟုတ် သိုင်းသူတော်စင်အဆင့် ကဲ့သို့သော တည်ရှိမှုမျိုးမှလွဲ၍ ကျန်သူများမှာ သူ၏အာရုံခံနိုင်စွမ်းကို ပိတ်ဆို့နိုင်စွမ်းမရှိကြပေ။

“သခင်လေး... ကျွန်တော်တို့ ပြန်သင့်ပါပြီ၊ မဟုတ်ရင် သခင်မကြီး စိတ်ပူနေပါလိမ့်မယ်”

သခင်မကြီးဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် လီရွှမ်ချင်း သက်ပြင်းချလိုက်မိသည်။ ယခုလေးတင် ထုတ်ဖော်ထားသော ထက်ရှသည့်အရှိန်အဝါများ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်လေးများ ဖြတ်ပြေးသွားသည်။

သူက ကျိုးရီအား အရိုအသေပေးလိုက်ရင်း ပြုံးရွှင်စွာ ပြောလာသည်။

“ဒီနေ့ လူကြီးမင်းကို အနှောင့်အယှက် ပေးမိသွားတယ်၊ တောင်းပန်တဲ့အနေနဲ့ ဒီစားပွဲက အရက်ဖိုးကို ကျွန်တော်ပဲရှင်းပါရစေ”

စကားဆုံးသည်နှင့် လီရွှမ်ချင်း လှည့်ထွက်သွားခဲ့သည်။ ကျိုးရီတစ်ယောက်သာ အတွေးများဖြင့် ကျန်ရစ်ခဲ့လေသည်။

“မုတ်ဆိတ်မရှိတဲ့ အဲဒီ အဘိုးကြီးက တကယ်တန်းကျ ရှားပါးတဲ့ သိုင်းသခင်အဆင့် ကျင့်ကြံသူပဲ၊ သူရဲ့ မိန်းမဆန်တဲ့ရုပ်သွင်ကို ကြည့်ရတာ နန်းတွင်းထဲကများလား‘

‘လီရွှမ်ချင်း’

‘လီ ဆိုတာ တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်ပဲ။ တာ့ချန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပြောဆိုနေပုံထောက်ရင် သူက တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်များ ဖြစ်နေမလား'

ဤသို့ဆိုလျှင် ခုနက သူ၏အပြုအမူကို ရှင်းပြနိုင်ပြီဖြစ်သည်။

‘ထားလိုက်ပါတော့... ဒီလောက်အများကြီး တွေးနေစရာမှ မလိုတာ။ ဒီနေ့အတွက် အရက်ရှိနေတုန်း အရသာခံသောက်ရုံပဲ။ ဘဝမှာ အဆင်ပြေနေတဲ့အချိန် ပျော်ရွှင်မှုကို ဖမ်းဆုပ်ထားနိုင်ရမယ်၊ အခုက အရက်သောက်ရမယ့် အချိန်ပဲ'

“စားပွဲထိုး... နောက်ထပ်နှစ်အိုးလောက် ချပေးဦး”

“လာပါပြီခင်ဗျာ”

တာ့ချန်မြို့တော်၏ ဖရိုဖရဲ အခြေအနေမှာ ရပ်တန့်သွားခြင်းမရှိပေ။ သာမန်ပြည်သူများ ဆက်လက်ထွက်ပြေးနေကြပြီး မသမာသူများကလည်း ပိုမိုသောင်းကျန်းလာကြသည်။

ကျိုးရီ နေထိုင်ရာ ခြံဝင်းငယ်လေးထဲတွင် အကြောင်းပြချက်မရှိဘဲ အလောင်းများစွာ စုပုံလာရုံသာမက မြို့တော်အပြင်ဘက်ရှိ သင်္ချိုင်းဂူများပင်လျှင် သာမန်ပြည်သူများ၏ ဖောက်ထွင်းလုယက်ခြင်းကို ခံနေကြရသည်။

ဖရိုဖရဲဖြစ်နေသော အချိန်ကာလတွင် မည်သည့် စည်းမျဉ်းစည်းကမ်းမှ မရှိတော့ပေ။ ချမ်းသာပြီး အာဏာရှိသော မိသားစုကြီးများသည် သူတို့၏ပိုင်ဆိုင်မှုများကို တောင်ပိုင်းသို့ သယ်ဆောင်ရန်သာ ဂရုစိုက်နေကြပြီး ဘိုးဘွားများ၏ သင်္ချိုင်းဂူများကိုပင် လှည့်မကြည့်နိုင်ကြတော့ပေ။

ဤကိစ္စက ကျိုးရီကို ဆွံ့အသွားစေသော်လည်း သူတတ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ယခုအခါ ထိုဘိုးဘွားသင်္ချိုင်းဂူများသည် အများပိုင်ဖြစ်သွားချေပြီ။

သူပင် တူးဖော်နိုင်လျှင် အခြားသူများကကော အဘယ်ကြောင့် မတူးဖော်နိုင်ရမည်နည်း။ သူလည်း ထိုသင်္ချိုင်းဂူများကို နေ့စဉ်နှင့်အမျှ စောင့်ကြပ်နေနိုင်မည်မဟုတ်ပေ။

သူ့ကို ခေါင်းကိုက်စေသည့်အချက်မှာ ဤဖြစ်ရပ်များအားလုံးက သူ့ခေါင်းပေါ်သို့ ပုံကျလာခြင်းပင်။ သင်္ချိုင်းဖောက်သူတော်စင်၏ နာမည်မှာ ပို၍ ဈေးကောင်းလာခဲ့သည်။

သင်္ချိုင်းဖောက်သူတော်စင်ကို ဖမ်းမိသူ မည်သူ့ကိုမဆို ငွေနှစ်သိန်း၊ လယ်မြေ ဧကတစ်ထောင်နှင့် တတိယအဆင့်အရာရှိ ရာထူး ဆုချမည်ဟု နန်းတွင်းမှ ဆုငွေထုတ်ပြန်ထားလေသည်။ အစိုးရပိုင်းရှိ လူများအားလုံးက ပါရမီရှင်များဖြစ်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

သင်္ချိုင်းဖောက်သူတော်စင်မှာ အလွန်အမင်း အစွမ်းထက်နေပြီဖြစ်ရာ သူ့ကို ဖမ်းဆီးနိုင်မည့် သူကလည်း သေချာပေါက် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေမှရပေမည်။

နန်းတွင်းမှ စုဆောင်းထားသော ကျင့်ကြံသူများသည် အမြဲတမ်း ဆုလာဘ်ကြီးများ ရရှိလေ့ရှိသည်။

သာမန်အခြေအနေများတွင် မည်သည့် မွေးရာပါအဆင့် သိုင်းသခင်မဆို၊ အထူးသဖြင့် မွေးရာပါအဆင့် နှောင်းပိုင်းကျင့်ကြံသူတစ်ဦးသည် နန်းတွင်းသို့ ဝင်ရောက်ပါက တတိယအဆင့်အရာရှိ ရာထူးနှင့် ဆုလာဘ်များ ချီးမြှင့်ခံရမည်ဖြစ်သည်။

ယခုအခါ သင်္ချိုင်းဖောက်သူတော်စင်ကို ဖမ်းဆီးခြင်းသည် အကျိုးအမြတ်တစ်ခုမှ မရှိပေ။ သူတို့သည် ကျိုးရီ၏ ယခင်ဘဝမှ အရင်းရှင်များကဲ့သို့ ကောက်ကျစ်စဉ်းလဲလှသည်။

မြောက်ပိုင်းမန် မြက်ခင်းပြင်လူမျိုးစုများသည် တာ့ချန်၏ စစ်သည်အင်အား ငါးသိန်းကို ချေမှုန်းပြီးနောက် အသာစီးရမှုကို အသုံးချကာ တာ့ချန်မြို့တော်ဆီသို့ တောက်လျှောက် ချီတက်လာကြသည်။

နန်းတွင်းတွင်မူ မယ်တော်ကြီးက နောက်ကွယ်မှနေ၍ အုပ်ချုပ်သည့်စနစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ထိုအဘွားကြီး ရာထူးတက်တက်ချင်း ပထမဆုံး လုပ်ဆောင်သည့်အရာမှာ နိုင်ငံတစ်ဝန်းမှစစ်တပ်များကို ချက်ချင်းစုရုံးကာ ကာကွယ်ရေးခံစစ်မျဉ်းများ တစ်ခုပြီးတစ်ခု တည်ဆောက်ရန်အတွက် ရှေ့တန်းစစ်မျက်နှာပြင်သို့ တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ခြင်းပင်။

ထိုနည်းဗျူဟာကို ကြားလိုက်ရချိန်တွင် တာ့ချန်ဧကရာဇ်မင်း အဘယ်ကြောင့် ဤမျှအသုံးမကျရသနည်းဆိုသည်ကို ကျိုးရီ နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

နဂါးက နဂါးကို မွေးဖွားပေးပြီး ဖီးနစ်က ဖီးနစ်ကို မွေးဖွား‌ပေးနိုင်သည်။ ကြွက်၏သားမှာမူ တွင်းသာတူးတတ်ပေမည် ဆိုသည့် စကားက အမှန်ပင်။

တာ့ချန်ဧကရာဇ်မင်း၏ စစ်ရေးအသိပညာများမှာ သူ့မိခင်ထံမှ အမွေရရှိထားခြင်းဖြစ်သည်။

ကျိုးရီသည် စစ်ရေးကျွမ်းကျင်သူတစ်ဦး မဟုတ်သော်လည်း ယခင်ဘဝတွင် အဆင့်မြင့် သတင်းအချက်အလက်များ ရှိခဲ့ရာ စစ်ရေးအကဲဖြတ်ချက်အချို့ကို ဖတ်ရှုခဲ့ဖူးသည်။

စစ်ပွဲများတွင် အကြီးမားဆုံး အမှားမှာ စစ်တပ်များကို အမြောက်စာအဖြစ် တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ခြင်းပင်။ နန်းတွင်းတွင် ဤအားနည်းချက်ကို မြင်နိုင်သူများ ရှိနေမည်သာ။

တစ်စုံတစ်ယောက်က အကြံဉာဏ် ပေးခဲ့မည်မှာလည်း အသေအချာပင်။ သို့သော် ဤကမ္ဘာသည် ဘုရင်အာဏာကို အမြင့်ဆုံးအဖြစ် သတ်မှတ်ထားသော ပဒေသရာဇ်တစ်ပိုင်း၊ ရှန်းရှတစ်ပိုင်း ကမ္ဘာတစ်ခုဖြစ်နေသည်။

ကွယ်လွန်သူ ဧကရာဇ်မင်းမှာ စောစောစီးစီး နတ်ရွာစံသွားခဲ့ပြီး မယ်တော်ကြီးက အစိုးရအဖွဲ့တွင် ဆယ့်ရှစ်နှစ်တိုင်တိုင် ဝင်ရောက်စွက်ဖက် အုပ်ချုပ်နေခဲ့သည်။ သူမ၏လူယုံများအား နန်းတွင်းသို့ တစ်သုတ်ပြီးတစ်သုတ် အစားထိုးခဲ့ရာ သူမသည် ဧကရီဘုရင်မတစ်ပါးနှင့်ပင် တူနေချေပြီ။

သူမက ကမောက်ကမ လုပ်ချင်နေရာ သူမ၏ လက်အောက်ငယ်သားများမှာ ရွေးချယ်စရာ မရှိတော့ပေ။

မယ်တော်ကြီးတွင် အခြားရည်ရွယ်ချက်များ ရှိနေနိုင်သည်ဟု ကျိုးရီ ခန့်မှန်းမိသော်လည်း ထိုကိစ္စအတွက် ဦးနှောက်စားခံကာ အချိန်ဖြုန်းမနေချင်တော့ပေ။

သို့သော်လည်း တာ့ချန်သည် အလွန်အင်အားကြီးမားလှသဖြင့် ဤကဲ့သို့ တစ်သုတ်ပြီးတစ်သုတ် ခုခံမှုအပေါ် အားကိုးကာ မြောက်ပိုင်းမန်၏ ချီတက်မှုကို အမှန်တကယ် ဟန့်တားနိုင်ခဲ့ပြီး တစ်နှစ်တာငြိမ်းချမ်းမှုကို တိုက်ယူနိုင်ခဲ့သည်။

ကျိုးရီသည် ဤတစ်နှစ်တာအချိန်ကို အခွင့်ကောင်းယူကာ သူ၏ ရုပ်ခန္ဓာရော စိတ်စွမ်းအင်ကိုပါ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ နတ်ဆင်နဂါးကျင့်စဉ် အင်အား ၁၃ ဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။

လက်သီးတစ်ချက်တည်းဖြင့် ပေါင် ၁.၆ သန်းကျော်ရှိသော ဧရာမခွန်အားများကို ထုတ်လွှတ်နိုင်ပြီး သူ၏ စိတ်စွမ်းအင်မှာလည်း ခန့်မှန်း၍မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

တိုက်ခိုက်မှု၊ စူးစမ်းရှာဖွေမှုနှင့် ကာကွယ်မှုကဏ္ဍများတွင် သူ၏စိတ်အာရုံက အင်မတန် ထက်မြက်စူးရှနေလေပြီ။

ဤနေ့တွင် သူသည် စိတ်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကို ပေါင်းစပ်ရန် ကြိုးစားကာ သူ၏ နီဝမ်နန်းတော်ကို ဒန်တျန်နှင့် ချိတ်ဆက်လိုက်သည်။

ကျင့်ကြံရာတွင် အနှောင့်အယှက်မဖြစ်စေရန်အတွက် အလုပ်မှ ခွင့်တောင်းကာ သုံးရက် သုံးညတိုင်တိုင် တံခါးပိတ်ကျင့်ကြံခဲ့သည်။

နောက်ဆုံးတွင် တတိယမြောက်နေ့ ညသန်းခေါင်ယံအချိန်၌ သူ၏အသိစိတ်မှာ ယခင်က တစ်ခါမှမကြုံဖူးသော အခြေအနေတစ်ခုသို့ ရုတ်တရက် ဝင်ရောက်သွားခဲ့သည်။

ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ လုံးဝ ပေါင်းစပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာ ကိုယ်ပိုင် လက်မောင်းတစ်ဖက်ကို ဆန့်တန်းလိုက်သကဲ့သို့ တိကျသေသပ်လာသည်။

ထိုကဲ့သို့သော စွမ်းအင်သန့်စင်မှုအဆင့်ကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။ စက်ယန္တရားတစ်ခုထက်ပင် တိကျနေသည်။

စွမ်းအားများကို သူ ရည်ရွယ်ထားသည့်အတိုင်း အတိအကျ ထုတ်လွှတ်နိုင်လေသည်။

ကျိုးရီ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ စုစည်းနေသော ဝိညာဉ်ချီစွမ်းအင်များကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်သွားပြီး စိတ်အခြေအနေမှာ အလွန်တရာ ကောင်းမွန်နေတော့သည်။

“နောက်ဆုံးတော့ ငါ သိုင်းသခင်အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ”

ကျိုးရီ၏ ခန္ဓာကိုယ်မှာ စိတ်ကူးတစ်ခုနှင့်အတူ တစ္ဆေတစ်ကောင်ပမာ လေထဲသို့ မြောက်တက်သွားလေသည်။

ဤသည်မှာ သိုင်းသခင်အဆင့် ရောက်ရှိကြောင်း သက်သေပြနေသည့်အရာပင်။

အမှန်တကယ်တော့ ကျိုးရီသည် နတ်ဆင်နဂါးကျင့်စဉ် အင်အား အဆင့် ၆ ကို ကျင့်ကြံနိုင်ခဲ့ချိန်ကတည်းက ပျံသန်းနိုင်နေပြီဖြစ်သည်။

သို့သော် သိုင်းသခင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက်တွင်မူ သူ၏ပျံသန်းမှုမှာ ပိုမိုတည်ငြိမ်လာပြီး လေစီးကြောင်းများက သူ၏အမိန့်ပေးမှုကို ပိုမိုနာခံလာကြောင်း တွေ့လိုက်ရသည်။

ဤအရာအားလုံးမှာ စိတ်စွမ်းအင်နှင့် ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ ချိတ်ဆက်မိသွားပြီး ပြီးပြည့်စုံသော မျှချေညီမှုတစ်ခုကို ရရှိသွားခြင်းကြောင့်ပင်။

သူ ဤလောကသို့ ပထမဆုံး ရောက်ရှိလာချိန်ကို ပြန်လည်စဉ်းစားကြည့်လျှင်… သူသည် ထိုအချိန်က အားနည်းလွန်းသော သာမန်လူတစ်ဦးမျှသာ ဖြစ်ခဲ့သည်။

ယခုမူ သိုင်းသူတော်စင်အဆင့်အောက်ရှိ အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ချေပြီ။ ထိုကိစ္စက အလွန်တရာ ကျေနပ်ဖွယ် ကောင်းလှသည်မဟုတ်လော။

လောကကိုစိုးမိုးမည့် သူ၏ အိပ်မက်များက တဖြည်းဖြည်း နီးကပ်လာနေချေပြီ။

“ဒီကိုရောက်တာ သုံးနှစ်တောင်ကြာသွားပြီပဲ၊ ငါ့အစွမ်းတွေကို နည်းနည်းလောက် ထုတ်ပြရမယ့် အချိန်ရောက်ပြီ”

ကြွားဝါမှုမရှိဘဲ တိတ်တဆိတ်ကျင့်ကြံနေခြင်းသည် အမှောင်ထဲတွင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည်နှင့် တူညီပေသည်။

ကျိုးရီသည် ထိုသို့တွေးရင်း တံခါးဖွင့်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားပြီး တာ့ချန်မြို့တော်အပြင်ဘက်ရှိ ချန်မြစ်ဆီသို့ ဦးတည်သွားလေသည်။

အချိန်တိုလေးအတွင်း ချန်မြစ်သို့ ရောက်ရှိလာခဲ့သည်။

လရောင်အောက်တွင် မြစ်ရေပြင်မှာ လှိုင်းတံပိုးများ ထန်နေပြီး ကြီးကျယ်ခမ်းနားလှရာ အရှေ့ဘက်သို့ ပြေးလွှားနေသော နဂါးနက်တစ်ကောင်နှင့်ပင် တူညီနေလေသည်။ မြစ်ပြင်မှာ မီတာနှစ်ရာကျော် ကျယ်ဝန်းပြီး ကမ်းပါးနှစ်ဖက်မှာ အဝေးတွင် မားမားမတ်မတ်တည်ရှိနေသည်။

သာမန်လူများအနေဖြင့် လှေနှင့် ဖြတ်ကူးလျင်ပင် အချိန်အတော်ကြာ ယူရမည်ဖြစ်သည်။

ကျိုးရီသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်တွင်းရှိ စစ်မှန်သောချီစွမ်းအင်ကို လှုံ့ဆော်လိုက်သည်။

စစ်မှန်သောချီစွမ်းအင်သည် နတ်ဆင်နဂါးအင်အားအဖြစ် ပြောင်းလဲသွားပြီး သူ့ကိုယ်ထဲတွင် ဟိန်းဟောက်ဆူပွက်နေလေရာ အရှေ့သို့ ဒလဟော စီးဆင်းနေသော ချန်မြစ် မြစ်ရေပြင်နှင့်ပင် တူညီနေလေသည်။

သူက ညာဘက်လက်ကို မြောက်လိုက်ပြီး ဓားတစ်လက်ပမာ အသုံးပြုလိုက်သည်။

စစ်မှန်သောချီစွမ်းအင်သည် ခန္ဓာကိုယ်ထဲမှ စီးဆင်းလာပြီး ဓားကာကွယ်ရေးစွမ်းအင်အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံအထိ ဆက်တိုက်ပြန့်နှံ့သွားတော့သည်။

“ဟိယား“

ဓားကာကွယ်ရေးစွမ်းအင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားချိန်တွင် ကျိုးရီသည် အော်ဟစ်လိုက်ပြီး မြစ်ရေပြင်ကို ပြတ်သားစွာ ပိုင်းချလိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့် မြေပြင်တစ်ခွင်လုံး လင်းထိန်သွားတော့သည်။

All Chapters