← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇) - ပြိုင်ဘက်ကင်းစွမ်းအား

ဝုန်း။

တိတ်ဆိတ်ငြိမ်သက်နေသော မြစ်ပြင်ထက်၌ နားကွဲမတတ်ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာ၏။

မီတာတစ်ရာနီးပါး နက်ရှိုင်းသော မြစ်ရေပြင်ကြီး ပြတ်တောက်သွားကာ ဓားစွမ်းအင်က မြစ်ကြမ်းပြင်အထိ ထိုးဖောက်ဝင်ရောက်သွားသည်။ ရွှံ့နွံများ ကွဲအက်သွားပြီး ရေအောက်ထဲတွင် နှစ်သောင်းချီ၍ ပုန်းကွယ်နေခဲ့သော မြစ်အောက်ခြေပင် ပေါ်ထွက်လာ၏။

ဓားရာကြီးမှာ မြစ်တစ်ဖက်ကမ်းမှ အခြားတစ်ဖက်ကမ်းအထိ ရှည်လျားစွာ တည်ရှိနေပြီး နဂါးနက်ကြီး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ပိုင်းဖြတ်သွားလေသည်။

ထိုကြောက်မက်ဖွယ် မြင်ကွင်းသည် အင်မော်တယ်တစ်ပါး ဆင်းသက်လာသလား ထင်မှတ်ရပေသည်။

ကြီးမားလှသော တုန်ခါမှုကြီးက မြေအောက်မှတစ်ဆင့် တာ့ချန်မြို့တော်အတွင်းထိတိုင် ရိုက်ခတ်သွားတော့သည်။

ကျိုးရီ၏ နှုတ်ခမ်းထောင့်စွန်း အနည်းငယ် ကွေးတက်သွားပြီး ရင်တွင်း၌ ကျေနပ်အားရမှုတစ်ခုကို ခံစားလိုက်ရသည်။

“ဓားတစ်ချက်တည်းနဲ့ မြစ်တစ်စင်းလုံးကို ပိုင်းဖြတ်နိုင်တာ တကယ်ကို အထင်ကြီးစရာပဲ”

ဤလောကသို့ ဝိညာဉ်ကူးပြောင်းလာခဲ့သည်မှာ သုံးနှစ်ကြာခဲ့ပြီ ဖြစ်သည်။

အလွယ်တကူ အနိုင်ကျင့်ခံရနိုင်သော အဆင့်နိမ့် ရုပ်အလောင်းစစ်ဆေးသူ ဘဝမှနေ၍ ကြီးမားသော ရည်မှန်းချက်များနှင့် ယခုကဲ့သို့ အောင်မြင်မှုမျိုး ရရှိလာခြင်းမှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် လျင်မြန်လှပေသည်။

ထိုသို့ထိုသို့ ကြိုးစားခဲ့ရသည်မှာလည်း တန်လှပေသည်။

တဝုန်းဝုန်း မြည်ဟည်းသံများ ထွက်ပေါ်လာပြီး မြစ်ရေများ ကြီးမားလွန်းသော အရှိန်အဝါများဖြင့် တစ်ဖန် ပြန်လည်ပေါင်းစပ်သွားချိန်တွင် ကျိုးရီ လှည့်ထွက်လာခဲ့သည်။

စွမ်းအားပြသခြင်း ပြီးဆုံးသွားပြီဖြစ်၍ ကိုယ်ရောင်ဖျောက်ရမည့်အချိန် ရောက်ပြီဖြစ်သည်။

ကျိုးရီ ထွက်ခွာသွားပြီး မကြာမီ အချိန်ခဏအတွင်းမှာပင် အရပ်မျက်နှာအသီးသီးမှ မတူညီသော ဝတ်စုံများ ဝတ်ဆင်ထားသည့် လူဆယ်ယောက်ကျော် ပြေးဝင်လာကြသည်။

ချန်မြစ်၏ မြစ်ကမ်းနှစ်ဖက်လုံး၌ ကျန်ရစ်နေသော ဧရာမဓားရာကြီးကို မြင်လိုက်ရချိန်တွင် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

လူတစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“သိပ်အားကောင်းတာပဲ။ ဓားတစ်ချက်တည်းနဲ့ မြစ်ကို ပိုင်းဖြတ်နိုင်တယ်ဆိုတော့ ဒါ သိုင်းသခင်တစ်ပါးရဲ့ လက်ရာပဲ ဖြစ်ရမယ်”

နောက်တစ်ဦးကလည်း ထောက်ခံလိုက်သည်။

“သာမန် သိုင်းသခင်အဆင့်မျိုး မဟုတ်ဘူး၊ သိုင်းသခင် အလယ်အလတ်အဆင့်ကိုတောင် ရောက်နေလောက်ပြီ၊ အဲ့လိုမဟုတ်ရင် သေးငယ်တဲ့ မြစ်ချောင်းလေးတွေကိုပဲ ပိုင်းဖြတ်နိုင်မှာပေါ့။ အခုလို ချန်မြစ်လို မြစ်ကြီးတစ်စင်းကို တစ်ချက်တည်းနဲ့ ပိုင်းဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

တစ်စုံတစ်ယောက်က မေးခွန်းထုတ်လာသည်။

“ချင်းဖုန်းဓားဂိုဏ်းက မိတ်ဆွေ... ခင်ဗျားက ဓားလမ်းစဉ်မှာ ကျွမ်းကျင်တဲ့သူဆိုတော့ လောကကြီးမှာရှိတဲ့ ဓားသိုင်းတွေကို တခြားသူတွေထက် ပိုမြင်ဖူးမှာပဲ။ ဒီသိုင်းက ဘယ်ဂိုဏ်းကလဲဆိုတာ ခန့်မှန်းလို့ရမလား”

စိမ်းလဲ့လဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ဓားရှည်လွယ်ထားသည့် မုတ်ဆိတ်ရှည်ရှည်နှင့် လူလတ်ပိုင်းတစ်ဦးမှာ ဓားရာကြီးကို တစ်အောင့်မျှ စိုက်ကြည့်နေပြီးနောက် သူ့မုတ်ဆိတ်သူ သပ်ကာ ခေါင်းခါမ်းယမ်းလိုက်သည်။

သူ့ခေါင်းပေါ်တွင် လေးထောင့်ဆန်ဆန် ဦးထုပ်တစ်လုံးကိုလည်း ဆောင်းထား၏။

“ဝမ်းနည်းစရာကောင်းတာက ဒီအဘိုးကြီးလည်း အဲဒီလူရဲ့ သိုင်းကွက်တွေကို မခွဲခြားနိုင်ဘူးဖြစ်နေတယ်။ သူ့ရဲ့ သိုင်းကွက်တွေက အရမ်းကို စုံလင်လွန်းတယ်”

“ဓားကာကွယ်ရေးစွမ်းအင်ကို ထုတ်လွှတ်ထားပေမယ့် တကယ့်တကယ်ကျတော့ တခြား သိုင်းပညာရပ်ပေါင်းများစွာ ပါဝင်နေတယ်။ ရှုပ်ထွေးပြီး စည်းစနစ်မကျပေမယ့် တကယ်ကို ပေါင်းစပ်တိုက်ခိုက်မှုမျိုး လုပ်နိုင်ခဲ့တာပဲ”

လူအုပ်ကြီးမှာ အံ့ဩတကြီး လေပူများ မှုတ်ထုတ်လိုက်မိကြသည်။

အဆင့်မြင့် ဓားသိုင်းပညာရပ်တစ်ခုကို အားမကိုးဘဲ ဤမျှလောက် ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်သည်ဆိုလျှင် ထိုသူ၏ ကျင့်ကြံမှုအဆင့် အစစ်အမှန်မှာ ပို၍ပင် အားကောင်းနေမည် မဟုတ်ပါလော။

သင်္ကန်းရုံထားသည့် မျက်ခုံးဖြူ ဘုန်းတော်ကြီးတစ်ပါး အရှေ့ထွက်လာကာ အလွန် လေးနက်တည်ကြည်သော အကြည့်ဖြင့် စကားဆိုလိုက်သည်။

“အောမိတောဖော၊ ဒီဓားချက်ထဲမှာ ဗုဒ္ဓကျမ်းစာစွမ်းအင် တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်လို့ ဘုန်းဘုန်း ခံစားရတယ်၊ ဒကာတို့အားလုံး ဘုန်းဘုန်းကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီဓားရာကြီးကို ဘုန်းဘုန်း သေချာလေ့လာနိုင်ဖို့အတွက် ဖယ်ပေးကြပါ”

လူအုပ်ကြီး၏မျက်နှာပေါ်တွင် မနှစ်မြို့သော အမူအရာများ ပေါ်လာသည်။

“ဆရာတော်ဟွေကန်း၊ ဘာဖြစ်လို့ အရာအားလုံးက ဆရာတော်တို့ ဗုဒ္ဓဘာသာဂိုဏ်းနဲ့ပဲ သက်ဆိုင်နေရတာလဲ”

ဆရာတော်ဟွေကန်း၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မရှိပေ။

“အောမိတောဖော၊ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ မြင့်မြတ်တဲ့ စွမ်းရည်တွေက ကျယ်ပြန့်ပြီး အရာအားလုံးကို လွှမ်းခြုံထားနိုင်တယ်။ ဓားသိုင်းသခင်တစ်ပါး ရှိနေတာကလည်း ဆန်းကြယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး”

“ဒကာတို့က အကြောင်းပြချက်ကို လက်မခံဘူးဆိုရင်တော့ ဘုန်းဘုန်းလည်း လက်သီးအကြောင်း နည်းနည်းပါးပါးတော့ နားလည်ထားပါသေးတယ်”

ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“ကျိန်စာသင့်နေတဲ့ ကတုံးကောင်။ ငါတို့က မင်းကို ကြောက်နေတယ်လို့ ထင်နေတာလား”

နောက်တစ်ဦးကလည်း ဝင်ရောက်လှုံ့ဆော်လိုက်သည်။

“တာအိုမိတ်ဆွေ တုကူ၊ တာအိုမိတ်ဆွေ ချင်းယွန်၊ ငါတို့တွေ ပူးပေါင်းပြီး ဒီဓားရာကို လေ့လာခွင့်ရအောင်ယူကြစို့”

လူအုပ်ကြီးမှာ ရှုပ်ထွေးစွာ တိုက်ခိုက်ကြတော့သည်။ အချိန်အနည်းငယ်အတွင်းမှာပင် ဓားရောင်ဝါများ လင်းလက်လာပြီး ကာကွယ်ရေးစွမ်းအင်များက မိုးချုန်းသံများအလား မြည်ဟည်းကာ ပေါက်ကွဲသံများလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။

ထိုအချိန်တွင် ကျိုးရီမှာ ခြံဝင်းငယ်လေးအတွင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ညဥ့်နက်ချိန်ဖြစ်၍ ယင်ချီစွမ်းအင်များ အလွန်အားကောင်းနေသော အချိန်လည်း ဖြစ်ပေသည်။

ကျိုးရီ မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်သည်။ တစ်စုံတစ်ခုက သူ့ကို ပစ်မှတ်ထားနေကြောင်း ခံစားလိုက်ရ၏။

၎င်းမှာ သူ၏ ဆဋ္ဌမအာရုံဖြင့် ခံစားရသော ခံစားချက်မျိုးမဟုတ်ဘဲ စိတ်စွမ်းအင်မှတစ်ဆင့် သိရှိနိုင်သော ဝိညာဉ်စွမ်းအားတစ်ခု ဖြစ်နေ၏။

သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ထူထပ်နေသော တည်ပင်ကြီးအတွင်း ပုန်းကွယ်နေသည့် တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော တစ္ဆေပုံရိပ်များကို တွေ့လိုက်ရသည်။

ထိုအရာများက ကျိုးရီကို စိုက်ကြည့်နေကြ၏။

သူတို့၏ မျက်လုံးများက သူ့ကို အရှင်လတ်လတ် ဝါးမျိုချချင်နေသည့်ပုံ ပေါက်နေသော်လည်း အနည်းငယ် ကြောက်ရွံ့နေသည့် အရိပ်အယောင်များလည်း ပါဝင်နေပြီး အနီးသို့ ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေကြသည်။

ကျိုးရီနှုတ်မှ တီးတိုးရေရွတ်သံ ထွက်ပေါ်လာသည်။

“ဒီလောကမှာ တစ္ဆေသရဲတွေ တကယ်ရှိတာပဲ”

ထိုအရာများမှာ သူ သတ်ဖြတ်ခဲ့ဖူးသူများဖြစ်ကြောင်း ကျိုးရီ မှတ်မိလိုက်သည်။ ယခင်က မည်သည့်တစ္ဆေကိုမျှ မတွေ့ခဲ့ရခြင်းမှာ သူ့စွမ်းအားက သိုင်းသခင်အဆင့်သို့ မရောက်ရှိသေးသောကြောင့် ဖြစ်နိုင်ပေသည်။

ယခုမူ သိုင်းသခင်အဆင့်သို့ ရောက်ရှိလာပြီး စိတ်စွမ်းအင်များကို ပုံဖော်နိုင်လာပြီဖြစ်ရာ ၎င်းတို့မှာ ဝိညာဉ်များ ဖြစ်နေကာ ယင်ချီစွမ်းအင် အားအကောင်းဆုံးအချိန်လည်း ဖြစ်နေသောတို့ကြောင့် ပုန်းကွယ်စရာ နေရာမရှိတော့ခြင်းဖြစ်သည်။

သို့သော် သူတို့၏ ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ သူ့ကို အလွန်ကြောက်ရွံ့နေပြီး လာရောက်ရန်ပြုရန် မဝံ့မရဲဖြစ်နေပုံရသည်။

ကျိုးရီ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။

“အသက်ရှင်တုန်းကလည်း ငါ့လက်ချက်နဲ့ သေရတယ်။ သေသွားတော့လည်း ကလဲ့စားချေဖို့မရဲဘူး။ သတ္တိကြောင်တဲ့ တစ္ဆေအုပ်ပဲ”

ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး လက်ချောင်းကို တစ်ချက်ခေါက်လိုက်သည်။

အလွန်တရာ မာကျောပြီး ယန်စွမ်းအင်များပါဝင်သည့် ဓားကာကွယ်ရေးစွမ်းအင် တစ်မျှင် ထွက်ပေါ်လာကာ သစ်ရွက်များကြားသို့ ပြန့်ကျဲသွားပြီး တစ္ဆေများအားလုံးကို ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။

တစ္ဆေများကို နှိမ်နင်းရန်အတွက် ကာကွယ်ရေးစွမ်းအင်အဖြစ် ပုံဖော်ထားသော စစ်မှန်သောချီစွမ်းအင်က အလုပ်ဖြစ်သလို စိတ်စွမ်းအင်တိုက်ခိုက်မှုများကလည်း အသုံးဝင်ပေသည်။

သူ့အတွက်မူ ဤသည်မှာ အလွန်လွယ်ကူသော ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး ရက်အနည်းငယ် ကြာမြင့်သွားခဲ့သည်။

ရှင်းဟွာစားသောက်ဆိုင် အတွင်း၌။

စားသောက်ဆိုင်အတွင်းမှ ဒေါသတကြီး ဝေဖန်သံတစ်ခု ထွက်ပေါ်လာသည်။

“မိဖုရားခေါင်ကြီးက သူ့သားအသတ်ခံရမှာကို ကြောက်နေလို့ အဆုံးအဖြတ်တိုက်ပွဲကို မဆင်နွှဲရဲဘူး၊ အဲဒါကြောင့်နဲ့ ငါတို့တာ့ချန်က စစ်သည်တွေ မရေမတွက်နိုင်အောင် သေပွဲဝင်ရပြီး မြောက်ပိုင်းမန် လူရိုင်းတွေရဲ့ ကျားပါးစပ်ထဲကို ထိုးကျွေးခံလိုက်ရတယ်"

“သူ့သားရဲ့ အသက်ကမှ အသက်လား။ တခြားလူတွေရဲ့ သားတွေကျတော့ကော သေဖို့ ထိုက်တန်နေလို့လား”

အခြားတစ်ဦးကလည်း ချက်ချင်းထောက်ခံလိုက်သည်။

“အပြောကောင်းတယ်။ ရှေ့နှစ်ရက် စစ်သားစုဆောင်းတုန်းက ငါ့ကိုလည်း သွားဖို့ အကြောင်းကြားစာရတယ်၊ ဒါပေမဲ့ ငါ့အဖေက ချက်ချင်းပဲ ငွေကြေးသုံးပြီး စစ်မှုထမ်းရမယ့်ကိစ္စကနေ ကင်းလွတ်ခွင့်ရအောင် လုပ်ပေးခဲ့တယ်”

သူက ဆက်လက်ပြောဆိုနေသည်။

“တကယ်လို့ တိုင်းပြည်အတွက် အနစ်နာခံရမယ်ဆိုရင် ငါ ဘာမှ ပြောစရာမရှိပါဘူး။ ယောကျာ်းတွေဆိုတာ တိုင်းပြည်အတွက် အသက်စွန့်ပြီး မြင်းသားရေနဲ့ ထုပ်ထားတဲ့ အလောင်းအဖြစ် ပြန်လာရတာဟာလည်း သူရဲကောင်းဆန်တဲ့ လုပ်ရပ်တစ်ခုပဲ”

ထိုသူ၏ အသံထဲတွင် မကျေနပ်မှုများ အပြည့်ပါဝင်လာ၏။

“ဒါပေမဲ့ အသုံးမကျတဲ့ အလေအလွင့်ကောင်တစ်ကောင်အတွက် သေရမယ်ဆိုတာကတော့ မတန်ဘူး။ တကယ်ကို မတန်တာ”

စားသောက်နေသူများအားလုံးသည် မြောက်ပိုင်းမန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအကြောင်းကို ဒေါသတကြီး ဆွေးနွေးနေကြပြီး နန်းတွင်းအပေါ် မကျေနပ်ချက်များစွာကို ရင်ဝယ်ပိုက်ထားကြသည်။

တရားမျှတမှုများ ချိုးဖောက်ခံရသောအခါ ပြည်သူများ၏ နှလုံးသားကို နှစ်သိမ့်ပေး၍ မရနိုင်တော့ပေ။

နောက်တစ်ဦးကလည်း ဝင်ပြောသည်။

“ငါတို့ မိသားစုလည်းအတူတူပဲ။ ဘာပဲဖြစ်ဖြစ် ငွေကိုတော့ ပေးလို့ရတယ်။ ဒါပေမဲ့ ငါတို့အသက်ကိုတော့ အသေမခံနိုင်ဘူး”

အခြားတစ်ဦးကလည်း သက်ပြင်းချသံတစ်ခုနှင့်အတူ မှတ်ချက်ချလိုက်သည်။

“တာ့ချန်နိုင်ငံကြီးက မကြာမီ ပျက်စီးတော့မယ်လို့ ငါထင်တယ်”

ထိုအချိန်မှာပင် အပေါ်ထပ်ရှိ သီးသန့်ခန်းတစ်ခုထဲမှ လူတစ်ဦး ဆင်းလာခဲ့သည်။ သူ့မျက်နှာမှာ အေးစက်နေပြီး အသံမာမာဖြင့် ပြောဆိုလိုက်သည်။

“မင်းတို့တွေ ဘာတွေလျှောက်ပြောနေကြတာလဲ။ တိုင်းပြည် ပျက်စီးတော့မယ်ဆိုရင် မင်းတို့မှာ အိမ်ဆိုတာ ကျန်ဦးမယ်လို့ ထင်နေတာလား”

သူ့အသံမှာ ဒေါသကြောင့် တုန်ရီနေသည်။

“အရှက်မရှိတဲ့ကောင်တွေ။ မြောက်ပိုင်းမန် လူရိုင်းတွေ ဝင်လာပြီး မင်းတို့ အိမ်တွေကို မီးရှို့၊ စပါးတွေကို လုယူ၊ မင်းတို့ကို သတ်ဖြတ်ပြီး မင်းတို့မိန်းမတွေနဲ့ အိပ်တာကို လိုချင်နေကြတာလား”

ကျိုးရီ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုသူမှာ လီရွှမ်ချင်းဖြစ်နေ၏။

ဤလီရွှမ်ချင်းမှာ သူ၏အရည်အချင်းများကို ပြသရန် အခွင့်အရေးမရဟု ခံစားနေရသူတစ်ဦးနှင့် တူပေသည်။ သူ ဤနေရာသို့ လာရောက်အရက်သောက်သည်ကို ကျိုးရီ မကြာခဏ တွေ့ရတတ်သည်။

သို့သော် သူတို့နှစ်ဦးမှာ စကားများများစားစား မပြောဖြစ်ကြချေ။

အဓိကအားဖြင့် လီရွှမ်ချင်းက တိုင်းပြည်နှင့် မိသားစုအကြောင်းကို အမြဲတမ်း ပြောဆိုနေတတ်ပြီး သူတို့နှစ်ဦးကြားတွင် တူညီသော အမြင် သဘောထားကို မရှာတွေ့နိုင်သောကြောင့် ဖြစ်သည်။

လီရွှမ်ချင်းမှာ တော်ဝင်မျိုးနွယ်၀င်တစ်ဦး ဖြစ်နိုင်ကြောင်း ကျိုးရီခန့်မှန်းမိသည်။ ပဒေသရာဇ်ခေတ်တွင် တိုင်းပြည်ဆိုသည်မှာ တော်ဝင်မိသားစုပိုင်ဆိုင်သော အရာဖြစ်ပြီး သာမန်ပြည်သူများမှာမူ အခိုင်းစေများသာ ဖြစ်ပေသည်။

ထို့အပြင် ကျိုးရီသည် ဝိညာဉ်ကူးပြောင်းလာသူ တစ်ဦးဖြစ်ရာ ဤတိုင်းပြည်အပေါ် မည်သည့်မျိုးချစ်စိတ်ဓာတ်မျှ ရှိမနေပေ။ သူ၏ရည်မှန်းချက်မှာ စွမ်းအားများ တိုးတက်လာစေရန်တစ်ခုသာ။

လီရွှမ်းချင်းသည် ဘိုးဘေးများ၏အမွေအနှစ်ကို စောင့်ရှောက်နေခြင်း ဖြစ်သောကြောင့် တိုင်းပြည်ကို ချစ်မြတ်နိုးခြင်းမှာ သေချာပေါက် မှားယွင်းသောကိစ္စတော့မဟုတ်ပေ။

သို့သော် သူ့ကိုပါ တာ့ချန်နိုင်ငံအား ချစ်မြတ်နိုးလာစေဖို့ရာ တစ်နေကုန် ဦးနှောက်ဆေးရန် ကြိုးစားနေခြင်းကမူ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသည်။

သူ၏ တရားမျှတပြီး တင်းမာသော ပုံစံကြောင့် လူအတော်များများ ကြောက်ရွံ့သွားကြသော်လည်း အချို့မှာမူ မကျေနပ်ကြဘဲ ချက်ချင်းပင် မတ်တတ်ရပ်ကာ ပြန်လည်ချေပကြသည်။

“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ငါတို့ကို ဒီမှာလာပြီး ဆရာလုပ်နေတာလား၊ တာ့ချန်က ငါ့မိသားစုပိုင်တာမဟုတ်ဘူး"

“မင်းမှာ တကယ် စွမ်းဆောင်ရည်ရှိရင် အဲဒီမင်းသားတွေနဲ့ အမွေဆက်ခံမယ့်သူတွေကို စစ်မြေပြင်သွားပြီး ရန်သူတွေကိုသတ်ဖို့ ဘာလို့မခိုင်းတာလဲ၊ သာမန် ပြည်သူတွေဖြစ်တဲ့ ငါတို့ကို ဘာလို့လာအော်နေတာလဲ”

အခြားလူများကလည်း ဝိုင်းဝန်းထောက်ခံကြသည်။

“ဟုတ်တယ် ဟုတ်တယ်၊ မနေ့ကတင် မြို့စားနင်က သူ့ရဲ့ ကိုးယောက်မြောက်မယားငယ်ကို လက်ထပ်လိုက်သေးတယ်၊ သူက မိန်းမယူဖို့ ခွန်အားရှိနေမှတော့ ဘာလို့ စစ်မြေပြင်သွားပြီး မတိုက်ခိုက်တာလဲ။ ဒီ တာ့ချန်နိုင်ငံက သူ့ဟာမဟုတ်ဘူးလား”

လူငယ်တစ်ဦးကလည်း ဝင်ရောက်ညည်းတွားလိုက်သည်။

“ငါတို့ မိသားစုမှာ မျိုးဆက်သုံးဆက်လုံး သားတစ်ယောက်ပဲ ရှိခဲ့တာ၊ ပြီးတော့ ငါ မိန်းမတောင်မယူရသေးဘူး။ ငါသာသေသွားရင် ပွဲတော်ရက်တွေမှာ ငါ့အတွက် စက္ကူပိုက်ဆံ မီးရှို့ပေးမယ့်သူတောင် ရှိမှာမဟုတ်ဘူး”

လီရွှမ်ချင်းမှာ ဒေါသထွက်လွန်း၍ စကားပင် ဆက်မပြောနိုင်တော့ချေ။

“မင်းတို့တွေ...”

ဆိုင်ရှင်ဖြစ်သူမှာ နှစ်ဖက်လုံး ရန်ဖြစ်တော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့် ချက်ချင်းထွက်လာကာ အခြေအနေကို ထိန်းသိမ်းရတော့သည်။

ဆိုင်ရှင်က ပြာပြာသလဲ ဝင်ရောက်တောင်းပန်လေ၏။

“လူကြီးမင်းတို့... လူကြီးမင်းတို့... ကျေးဇူးပြုပြီး ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ တိုင်းပြည်ရေးရာကိစ္စတွေကို မဆွေးနွေးကြပါနဲ့။ တိုင်းပြည်ရေးရာတွေကို မဆွေးနွေးကြပါနဲ့ဗျာ”

အခန်း (၁၈) - သိုင်းသူတော်စင်၏ အမွေအနှစ်

လီရွှမ်ချင်းက နှာခေါင်းတစ်ချက်ရှုံ့ကာ လှည့်ထွက်သွားလေသည်။ လူအုပ်ကြီးမှာမူ စစ်ပွဲကြီးတစ်ခုကို အနိုင်ရလိုက်သကဲ့သို့ အောင်ပွဲခံရယ်မောလိုက်ကြပြီးနောက် အခြားကိစ္စရပ်များကို လှည့်ပတ်ဆွေးနွေးကြပြန်သည်။

ဆွေးနွေးသံများက ဆိုင်အတွင်း ဆူညံသွား၏။

“ဒီမြို့တော်ထဲမှာ သိုင်းသခင် အလယ်အလတ်အဆင့်လောက်ရှိတဲ့ ပုန်းကွယ်နေတဲ့ သိုင်းပညာရှင်တစ်ယောက် တကယ်ကြီးရှိနေတာပဲ၊ အဲဒီလူက ချန်မြစ်ကမ်းဘေးကနေ ဓားတစ်ချက်တည်းနဲ့ မြစ်တစ်ဖက်ကမ်းအထိ ပိုင်းဖြတ်ပစ်ခဲ့တာတဲ့၊ တကယ့် သူရဲကောင်းပဲ”

နောက်တစ်ဦးကလည်း သတင်းဦးသတင်းထူးကို ဖောက်သည်ချသည်။

“မြို့တော်ထဲက သိုင်းသခင်အတော်များများက အဲဒီ ဓားရာကြီးကို လေ့လာခွင့်ရဖို့ အပြင်းအထန် အလုအယက်တိုက်ခိုက်ကြတာ လူနှစ်ယောက်သေပြီး လေးယောက်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြတယ်ဆိုပဲ”

လူတစ်ယောက်က အံ့အားသင့်စွာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

“ဒီလောက်တောင် အားကောင်းလွန်းတာလား”

တစ်ဖက်လူများက သူ့အား သိုင်းသခင် အလယ်အလတ်အဆင့်ဟု သတ်မှတ်သွားကြလိမ့်မည်ဟု ကျိုးရီ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ထိုအချက်ကို ထောက်ရှုလျှင် သူ၏စွမ်းအားမှာ အဆင့်တူများထက် များစွာ သာလွန်နေကြောင်း ထင်ရှားလှသည်။

မဆိုးပေ။ အတော်လေးကို ကျေနပ်စရာကောင်းလှသည်။ ဤစွမ်းအားများဖြင့် သူ၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ လျှောက်လှမ်းရန် ပိုမိုလွယ်ကူလာတော့မည် ဖြစ်သည်။

အမဲသားနှပ်ကို မြိန်ရေယှက်ရေ စားသောက်ပြီး ရှင်းဟွာအရက်ကို တဝက်ခန့် သောက်သုံးပြီးနောက် ကျိုးရီသည် ရှင်းဟွာစားသောက်ဆိုင်အတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့သည်။

ဆိုင်အပြင်ဘက်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အေးစိမ့်စိမ့် လေပြင်းတစ်ချက်က သူ့မျက်နှာကို တိုက်ရိုက် ဖြတ်သန်းတိုက်ခတ်သွား၏။ ကောင်းကင်ယံမှ ငန်းမွေးသဏ္ဌာန် နှင်းပွင့်ငယ်လေးများ တဝဲလည်လည် ကျဆင်းနေသည်။

ကျိုးရီ ညင်သာစွာ ရေရွတ်လိုက်သည်။

“ဆောင်းရာသီ ရောက်လာပြန်ပြီပဲ”

သူက ဆဋ္ဌဂံပုံသဏ္ဌာန် နှင်းပွင့်ငယ်လေးတစ်ခုကို လက်ဝါးဖြင့် ခံထားလိုက်သည်။

ထိုခပ်ရေးရေး အေးစိမ့်မှုလေးက အတိတ်ဘဝမှ မှတ်ဉာဏ်ဟောင်းများကို ပြန်လည် နိုးထလာစေတော့သည်။

ငယ်စဉ်ကလေးဘဝက သူ့မိသားစုမှာ ဆင်းရဲနွမ်းပါးလှသဖြင့် ကစားစရာဟူ၍ များများစားစား မရှိခဲ့ချေ။ ဆောင်းရာသီရောက်လာချိန်တိုင်း နှင်းကျမည့်အချိန်ကိုသာ သူ မျှော်လင့်စောင့်စားတတ်ခဲ့သည်။

နှင်းလူရုပ်လုပ်ခြင်းနှင့် နှင်းခဲပစ်တမ်း ကစားခြင်းတို့မှာ ငွေကုန်ကြေးကျမရှိသလို ကလေးတစ်ယောက်အတွက် အချိန်ဖြုန်းရန် အကောင်းဆုံးသော နည်းလမ်းများပင် ဖြစ်ခဲ့သည်။

အိမ်တွင်ရှိနေချိန်၌ပင် မီးလင်းဖိုဘေး၌ ထိုင်ကာ မိခင်ဖြစ်သူက ဖက်ထုပ်ရွက်များကို လိပ်ရင်း ပုံပြင်များ ပြောပြတတ်သည်။ ချောင်ချုံး အမဲလိုက်သည့်အကြောင်း၊ စနိုးဝှိုက်၊ ဝံပုလွေကြီးနှင့် ခေါင်းစွပ်နီလေး အစရှိသော ပုံပြင်များ ဖြစ်သည်။

ဖခင်ဖြစ်သူကမူ အရက်အနည်းငယ်သောက်ကာ မြေပဲလှော်စားရင်း တောင်စောင့်နတ်ကျောင်းမှ နှင်းမုန်တိုင်းအကြောင်းကို တစ်ခါတစ်ရံ ဖောက်သည်ချတတ်သည်။

ယခုမူ အခြားကမ္ဘာတစ်ခုဆီသို့ ဝိညာဉ်ကူးပြောင်းလာခဲ့ပြီဖြစ်ရာ အတိတ်ဘဝမှ မိသားစုဝင်များ မည်သို့ရှိနေမည်ကို သူ မသိနိုင်တော့ပေ။ ဤဘဝတွင်လည်း အိမ်ပြန်ရန် မျှော်လင့်ချက် ရှိ၊ မရှိကို မသေချာလှချေ။

မိဘနှစ်ပါး ကျန်းမာစေရန်၊ နှမဖြစ်သူ အိမ်ထောင်ဖက်ကောင်း တွေ့စေရန်နှင့် ညီဖြစ်သူလည်း သူမျှော်မှန်းထားသော တက္ကသိုလ်သို့ ဝင်ခွင့်ရစေရန်သာ သူ တိတ်တဆိတ် ဆုတောင်းပေးမိသည်။

အားလုံး အဆင်ပြေကြလိမ့်မည်ဟုသာ မျှော်လင့်နေမိသည်။

ကျိုးရီသည် နှင်းစက်များကို အံတုလျက် အိမ်ဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။ မိုးမခပန်းပွင့်လေးများအလား နှင်းပွင့်များက တဖွဲဖွဲကျဆင်းနေဆဲပင်။

လမ်းမပေါ်တွင် သွားလာနေသူ တစ်ဦးတစ်ယောက်မျှမရှိတော့ဘဲ လမ်းဘေးဝဲယာရှိ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများမှ မီးရောင်များလည်း တဖြည်းဖြည်း မှိန်ဖျော့လာကာ အရာအားလုံး အမှောင်ထုအတွင်းသို့ ဆင်းသက်သွားလေသည်။

သို့သော် ကျိုးရီ ဟွေပေါင်ခန်းမရှေ့မှ ဖြတ်လျှောက်သွားချိန်တွင် အဝင်ဝ၌ အထူးတလည် မျက်စိကျစရာကောင်းအောင် ချိတ်ဆွဲထားသော မီးပုံးနီကြီးကို သတိပြုမိလိုက်သည်။

မီးပုံးနီချိတ်ဆွဲခြင်းသည် သူ့ကို ရှာဖွေနေကြောင်း ပြသသည့် အချက်ပြသင်္ကေတတစ်ခု ဖြစ်သောကြောင့် ကျိုးရီ မျက်ခုံးများ ပင့်တက်သွား၏။

‘ဝမ်ဟယ်က ဘာဖြစ်လို့ ဒီအချိန်ကြီး ငါ့ကို ရုတ်တရက်ရှာနေရတာလဲ'

သူ၏ ကိုယ်တွင်းမှ စစ်မှန်သောချီစွမ်းအင်များ ရုတ်ချည်း တဟုန်ထိုး လည်ပတ်သွားပြီးနောက် ပုံမှန် မျက်နှာသွင်ပြင်မှာ လီချန်ရှို့၏မျက်နှာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

တံခါးဝသို့ ရောက်သည်နှင့် တံခါးခေါက်လိုက်ရာ အထဲမှ ကမန်းကတန်း ခြေသံများနှင့်အတူ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ။ လာပြီ လာပြီ”

သိပ်မကြာမီ ‘ကျွီ’ ဟူသော အသံနှင့်အတူ အဝတ်တစ်ထည်ကို ခြုံထားသည့် ဆိုင်ရှင်ဝမ်ဟယ်က တံခါးကို ဖွင့်ပေးလိုက်သည်။

“အို... သခင်လေးလီ၊ ခင်ဗျား ရောက်လာပြီကိုး”

သူက တံခါးဝမှနေ၍ ဘယ်ညာသို့ သတိတကြီး ကြည့်ရှုလိုက်ပြီး ပတ်ဝန်းကျင်၌ မည်သူမျှမရှိမှန်း သေချာမှ ကျိုးရီအား အထဲသို့ အမြန်ဖိတ်ခေါ်လိုက်သည်။

“သခင်လေးလီ၊ အပြင်မှာ စကားပြောဖို့ အဆင်မပြေဘူး၊ မြန်မြန်အထဲဝင်ခဲ့ပါ”

ကျိုးရီ အထဲသို့ ဝင်သွားသည်နှင့် ဝမ်ဟယ်သည် မီးပုံးနီကြီးကို ဖြုတ်ယူလိုက်ပြီး အခန်းတွင်းသို့ ဝင်လာကာ အရိုအသေပေးလိုက်သည်။

“သခင်လေးလီ၊ ကျွန်တော် လက်ဖက်ရည် ငှဲ့ပေးပါရစေ”

ကျိုးရီက လက်ကာပြလိုက်သည်။

“မလိုပါဘူး။ ဘာလို့ ရုတ်တရက်ကြီး ငါ့ကို ရှာရတာလဲဆိုတာကိုပဲ တိုက်ရိုက်ပြောစမ်းပါ”

ဝမ်ဟယ်က အားနာဟန်ဖြင့် ပြုံးပြရင်း အနီးသို့ချဉ်းကပ်လာသည်။

“သခင်လေးလီ၊ ကျွန်တော်က ခင်ဗျားကို ရှာချင်နေတာ မဟုတ်ပါဘူး။ လူတစ်ယောက်က ခင်ဗျားကို ရှာချင်နေလို့ပါ၊ ကျွန်တော်လည်း မလွှဲသာမရှောင်သာလို့ လုပ်လိုက်ရတာပါ”

ကျိုးရီက မျက်မှောင်ကြုတ်လိုက်သည်။

“ဘယ်သူက ငါ့ကို ရှာချင်နေတာလဲ။”

ဝမ်ဟယ်က အသံကို နှိမ့်ချလိုက်သည်။

“သူခိုးနတ်ဘုရား လီကွမ်းလင်းပါ”

ကျိုးရီသည် ထိုသူနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း သူ့နာမည်ကိုတော့ ကြားဖူးပေသည်။ အဘယ်ကြောင့်ဆိုသော် တာ့ချန်နိုင်ငံတစ်ခုလုံးတွင် နာမည်ကျော် သူခိုးအနည်းငယ်သာ ရှိသောကြောင့်ဖြစ်သည်။

သူခိုးနတ်ဘုရား၊ ဂူသင်္ချိုင်းဖောက်သူတော်စင်၊ သူခိုးဘုရင်၊ သူခိုးအင်မော်တယ်နှင့် သူခိုးအာဏာရှင်တို့ ဖြစ်ကြသည်။ လက်ဖက်ရည်ဆိုင်များနှင့် အရက်ဆိုင်များရှိ ဧည့်သည်များ စကားစမြည် ပြောဆိုကြသောအခါ သူ့ကို ထိုသူများနှင့် နှိုင်းယှဉ်လေ့ရှိကြသည်။

လီကွမ်းလင်းသည် ချူနှင့် ရှူပြည်နယ်များတွင် နာမည်ကြီးသော်လည်း သူသည် နဂါးများကို ရှာဖွေပြီး ရွှေများကို ခွဲဝေယူတတ်သော သင်္ချိုင်းဖောက်သူခိုးမျိုးမဟုတ်ပေ။

သူသည် ချမ်းသာသော မိသားစုများထံမှ ခိုးယူရာတွင် အထူးကျွမ်းကျင်သော သူခိုးကြီးတစ်ဦးဖြစ်သည်။

မွေးရာပါအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အံ့မခန်းစွမ်းအင်များကို ပိုင်ဆိုင်ထားပြီး နန်းတွင်း၏ ကျန်းဝူတပ်ဖွဲ့က သူ့ကို နှစ်ပေါင်းများစွာ ခြေရာခံ လိုက်လံဖမ်းဆီးနေခဲ့သော်လည်း ယနေ့တိုင် ဖမ်းဆီးရမိခြင်းမရှိသေးဟု ကောလာဟလများ ထွက်ပေါ်နေသူလည်း ဖြစ်သည်။

သူတို့အားလုံးသည် မြေအောက်လောကမှ လူများဖြစ်ကြရာ သူ့အတွက် ကျိုးရီကို ရှာဖွေရန်မှာ တာ့ချန်နန်းတော်ထက် များစွာ ပိုမို လွယ်ကူပေသည်။

ဈေးကွက်အတွင်း လည်ပတ်နေသော ခိုးရာပါပစ္စည်းများကို စစ်ဆေးလိုက်ရုံဖြင့် ခြေရာခံနိုင်မည်ဖြစ်သည်။

ကျိုးရီက ခပ်အေးအေးပင် မေးလိုက်သည်။

“သူခိုးနတ်ဘုရား လီကွမ်းလင်း။ ငါ သူ့ကို ပြစ်မှားမိတာမျိုး မရှိပါဘူး”

ဝမ်ဟယ်က အလျင်စလို ရှင်းပြသည်။

“အဲဒီကိစ္စကိုတော့ ကျွန်တော်လည်း သိပ်မသေချာဘူး။ ဒါပေမဲ့ လီကွမ်းလင်းက ကျွန်တော့်အိမ်တံခါးဝအထိ လူကိုယ်တိုင် ရောက်လာပြီး သခင်လေးကို အတိအကျမေးနေတာ။ တကယ်လို့ ကျွန်တော်က သူ့ကို မကူညီဘူးဆိုရင် သူက ကျွန်တော့် မိသားစုတစ်စုလုံးကို သတ်ပစ်မယ်တဲ့”

“သခင်လေးလီ၊ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ဗျာ။ ကျွန်တော်က ဝမ်းရေးအတွက် ကြိုးစားနေရတဲ့ သာမန်ကုန်သည်တစ်ယောက်ပါ။ သူ့ကို ဆန့်ကျင်ဖို့ ကျွန်တော့်မှာ တကယ်အင်အားမရှိလို့ မီးပုံးနီချိတ်ပြီး ခင်ဗျားကို ထွက်လာဖို့ တောင်းဆိုခဲ့ရတာပါ”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။

“ငါ သိပါတယ်”

မည်သို့ပင်ဆိုစေကာမူ ဝမ်ဟယ်သည် အရေးပါသော ဇာတ်ကောင်တစ်ဦးမဟုတ်ပေ။ ကျန်းဟူလောကတွင် လူတစ်ယောက်အနေဖြင့် ရွေးချယ်ခွင့်မရှိသော အခြေအနေမျိုးနှင့် မကြာခဏ ကြုံတွေ့ရတတ်သည်။

ဤကိစ္စအတွက် သူ့ကို လုံးဝ အပြစ်တင်၍ မရနိုင်ပေ။ ထို့အပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ့အနေဖြင့် ခိုးရာပါပစ္စည်းများကို ရှင်းလင်းရာတွင် ကူညီပေးခဲ့ပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အတော်လေးချောမွေ့ခဲ့သည်။

ကျိုးရီက ဆက်မေးလိုက်သည်။

“အဲဒီလူက သူ့ကို ဘယ်လိုရှာရမလဲဆိုတာ ပြောသွားသေးလား”

ဝမ်ဟယ်က ချက်ချင်းပင် ဖြေကြားလိုက်သည်။

“သခင်လေးအနေနဲ့ မြို့ပြင်က တောင်စောင့်နတ်ကျောင်းကို သွားဖို့ပဲ လိုတယ်လို့ ပြောသွားတယ်။ သူက အဲဒီမှာ သခင်လေးကို စောင့်နေတယ်တဲ့”

ကျိုးရီက ချက်ချင်းထွက်ခွာရန် မတ်တတ်ရပ်လိုက်သည်။

“တောင်စောင့်နတ်ကျောင်း။ ငါ နားလည်ပြီ”

ကျိုးရီ ထွက်ခွာတော့မည့်အချိန်တွင် ဝမ်ဟယ်က နောက်မှနေ၍ အလျင်စလို သတိပေးလိုက်သည်။

“သခင်လေးလီ၊ အဲဒီ လီကွမ်းလင်းက အံ့မခန်းခွန်အားတွေ ပိုင်ဆိုင်ထားပြီး မွေးရာပါအဆင့်ကိုတောင် ရောက်နေပြီ။ ကျေးဇူးပြုပြီး... ဂရုစိုက်ပါဗျာ”

ကျိုးရီက နောက်ကျောမလှည့်ဘဲ ပြန်ဖြေလိုက်သည်။

“နားလည်ပြီ။ အချိန်လည်း အရမ်းလင့်နေပြီဆိုတော့ သွားအိပ်တော့”

ဝမ်ဟယ်က သက်ပြင်းတစ်ချက်ချကာ တံခါးပိတ်လိုက်သည်။

ကျိုးရီသည် အမှောင်ထုအတွင်းသို့ တိုးဝင်သွားပြီး ခြေဖျားတစ်ချက် လှုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြို့ပြင်ရှိ တောင်စောင့်နတ်ကျောင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားတော့သည်။

မကြာမီမှာပင် တောင်စောင့်နတ်ကျောင်း အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ရာ ထူထဲပြီး အားကောင်းလှသော ချီနှင့် သွေးစွမ်းအင်များ၏ တည်ရှိမှုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ထိုသူမှာ မွေးရာပါအဆင့်မှ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

ကျိုးရီသည် သူ၏ အရှိန်အဝါကို ထိန်းချုပ်မထားခဲ့ပေ။ ထို့ကြောင့် သူ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူကလည်း သူ၏ တည်ရှိမှုကို အာရုံခံမိသွားပြီး တောင်စောင့်နတ်ကျောင်းအတွင်းမှ ခုန်ထွက်လာခဲ့သည်။

ထိုသူမှာ အသက်သုံးဆယ်အရွယ်ရှိ ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်နှင့် နှုတ်ခမ်းမွှေးပါးပါး ပါရှိသော အမျိုးသားတစ်ဦးဖြစ်သည်။

ထိုအမျိုးသားက အပြုံးတစ်ဝက်ဖြင့် နှုတ်ဆက်လိုက်သည်။

“ဂူသင်္ချိုင်းဖောက်သူတော်စင်၊ နောက်ဆုံးတော့ ငါတို့တွေ့ရပြီပေါ့”

စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျိုးရီ၏ မျက်လုံးများမှ ဓားအလင်းတန်းတစ်ခု ပစ်လွှတ်ထွက်ပေါ်လာကာ ထိုသူ၏ခေါင်းကို ချက်ချင်း ပိုင်းဖြတ်လိုက်တော့သည်။

လေထဲတွင် လွင့်စင်သွားသော လီကွမ်းလင်း၏ ဦးခေါင်းကြီးမှာ လုံးဝ မယုံကြည်နိုင်သော အမူအရာဖြင့် မျက်လုံးအပြူးသား ဖြစ်နေတော့သည်။

‘ငါက တစ်စက္ကန့်အတွင်းမှာပဲ အသတ်ခံလိုက်ရတာလား။ ဒါက ဘယ်လို နောက်ပြောင်မှုမျိုးလဲ'

‘ငါက မွေးရာပါအဆင့် ကျင့်ကြံသူတစ်ယောက်လေ၊ တာ့ချန်နိုင်ငံတစ်ခုလုံးကို စိုးမိုးထားတဲ့ သူခိုးနတ်ဘုရားတစ်ပါးလေ၊ ငါက တကယ်ကြီး တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား၊ ဒီလူက တကယ်ကြီး သိုင်းသခင်တစ်ပါးလား။ ဂူသင်္ချိုင်းဖောက်သူတော်စင်က သိုင်းသခင်တစ်ပါးတဲ့လား'

‘ကျိန်စာသင့်မယ့်ကောင်၊ မင်းက သိုင်းသခင်အဆင့် ရောက်နေပြီကို တခြားလူတွေရဲ့ ဘိုးဘေးသင်္ချိုင်းတွေကို တူးဖော်နေသေးတာလား။ တကယ်ကို အရှက်မရှိတဲ့ကောင်ပဲ'

ဘုတ်။

လီကွမ်းလင်း၏ ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဦးခေါင်းမှာလည်း ဘေးဘက်သို့ လိမ့်ဆင်းသွားသည်။

ကျိုးရီသည် သူ့အနီးသို့ လျှောက်သွားကာ ခန္ဓာကိုယ်ပေါ်သို့ လက်တင်လိုက်၏။

ထို့နောက် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြုကာ မပျက်ပြယ်သေးသော ကျင့်ကြံခြင်း စွမ်းအားများကို သန့်စင်လိုက်ရင်း တစ်ချိန်တည်းမှာပင် သူ၏မှတ်ဉာဏ်များကိုပါ စုပ်ယူလိုက်သည်။

[ချူမင်းသားစံအိမ်မှာ သိုင်းသူတော်စင်ရဲ့ အမွေအနှစ်ကြီးတစ်ခုကို တကယ်ကြီး ဖွက်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဟားဟားဟား၊ ဒီတစ်ခါတော့ ငါ ထီပေါက်တာပဲ]

[ဒါပေမဲ့... သိုင်းသူတော်စင်ရဲ့ အမွေအနှစ်ဆိုတော့ နေရာတိုင်းမှာ ထောင်ချောက်တွေ အပြည့်ရှိနေရမယ်။ ခြေတစ်လှမ်း မှားတာနဲ့ ငါ့အသက်က သွားပြီပဲ၊ ဒါက ခက်ခဲတဲ့ကိစ္စပဲ။ ငါက ဂူဖောက်တဲ့နေရာမှာ မကျွမ်းကျင်ဘူး။ ဒီတိုင်း ဝင်သွားရင် သေဖို့ ရာခိုင်နှုန်းများတဲ့ အခြေအနေမျိုး ဖြစ်မနေဘူးလား]

[မြို့တော်ထဲမှာ သင်္ချိုင်းဖောက်တာနဲ့ ပတ်သက်ရင် ပြိုင်ဘက်ကင်းတဲ့ ဂူသင်္ချိုင်းဖောက်သူတော်စင်တစ်ယောက် ရှိတယ်လို့ ငါကြားဖူးတယ်။ သူ့ကို ဆုကြေးငွေ အများကြီးပေးမယ်ဆိုပြီး ဒီကိုလာဖို့ လှည့်စားပြီးတော့ သိုင်းသူတော်စင်ရဲ့ သင်္ချိုင်းဂူကို ဖွင့်ခိုင်းလိုက်ရင်ရော]

[ပြီးတာနဲ့ သူ့ကို သတ်ပစ်လိုက်မယ်၊ အဲဒီလိုဆိုရင် ငါ ပိုက်ဆံပေးစရာ မလိုတော့ဘဲ သိုင်းသူတော်စင်ရဲ့ အမွေအနှစ်ကို ဘေးကင်းကင်းနဲ့ ရနိုင်မယ်မဟုတ်လား။ ငါက တကယ့်ပါရမီရှင်ပဲ]

[မြို့တော်ကိုသွားရမယ့် ခရီးက မိုင်ထောင်ချီဝေးပေမယ့် ငါ့ရဲ့ ကြယ်တာရာခြေလှမ်းသိုင်းနဲ့ဆို တစ်ရက်ကို မိုင်နှစ်ထောင်လောက် ခရီးနှင်နိုင်တယ်။ ဆယ်ရက်အတွင်းမှာ အသွားအပြန် လုပ်နိုင်မှာပဲ]

မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် ကျိုးရီက လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။

“သိုင်းသူတော်စင်သင်္ချိုင်း၊ သိုင်းသူတော်စင်ရဲ့ အမွေအနှစ်၊ ဒီကောင်က ငါ့ကို ရှာချင်နေတာ မဆန်းတော့ပါဘူး။ နှမြောစရာပဲ၊ ငါက သူများရဲ့နယ်ရုပ်အဖြစ် အသုံးချခံရတာကို မကြိုက်ဘူး”

ကျိုးရီသည် သူ့ရင်ဘတ်အတွင်းသို့ နှိုက်ကာ မွှေနှောက်ရှာဖွေလိုက်ပြီး သိုးသားရေစာလိပ်တစ်ခုနှင့် ငွေစက္ကူအချို့ကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။

သူခိုးနတ်ဘုရားတစ်ပါးအနေဖြင့် လီကွမ်းလင်းသည် နေရာတိုင်းကို အိမ်အဖြစ် သဘောထားကာ သူ၏ လုပ်ငန်းခွင်သုံးကိရိယာများကို အမြဲ သယ်ဆောင်သွားတတ်သော်လည်း သူ့ကိုယ်ပေါ်တွင် ငွေကြေး များများစားစား ပါမလာခဲ့ချေ။

သို့သော် သိုင်းသူတော်စင်၏ အမွေအနှစ်ကမူ ကျိုးရီ၏ရင်တွင်း၌ ကြီးမားလှသော ရည်မှန်းချက်များကို မီးမောင်းထိုး လောင်ကျွမ်းသွားစေသည်။

သိုင်းသူတော်စင်အမွေအနှစ်တွင် သိုင်းသူတော်စင်၏ ကျင့်စဉ်များ၊ အတွေ့အကြုံများနှင့် အခြားအရာများ ပါဝင်နိုင်ရာ ကိုယ်ပိုင် ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာဖွေနေသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤသည်မှာ အမြင့်မြတ်ဆုံးသော ရတနာတစ်ပါးပင်။

သေဆုံးသွားသူများထံမှ မှတ်ဉာဏ်များကို ရယူနိုင်စွမ်းရှိသော်လည်း အများစုမှာ သာမန် အဆင့်နိမ့်သူများသာ ဖြစ်ကြသည်။

သိုင်းသူတော်စင်အဆင့်ရှိသူကို မဆိုထားနှင့် သိုင်းသခင်အဆင့်ထက် ကျော်လွန်သူ တစ်ဦးတစ်ယောက်ကိုပင် ရှာဖွေတွေ့ရှိရန် ခဲယဉ်းလှပေသည်။

ဤအမွေအနှစ်သာ သူ့လက်ထဲသို့ ရောက်ရှိလာပါက စွမ်းအားများ တစ်ဟုန်ထိုး ခုန်တက်သွားမည်မှာ အသေအချာပင် ဖြစ်တော့သည်။

All Chapters