← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) - လီရှောင်ရန်၏ ယုတ်မာသောအကြံအစည်

ရက်အနည်းငယ်ကြာပြီးနောက် ကျိုးရီသည် အကျဉ်းထောင်မှူးထံတွင် ခွင့်တိုင်ကာ ချူပြည်နယ်ဆီသို့ တိုက်ရိုက် ခရီးဆက်ခဲ့လေသည်။

သူသည် လေထဲတွင် အင်မော်တယ်တစ်ပါးအလား ခရီးနှင်နေကာ တာ့ချန်နိုင်ငံ၏ နာမည်ကျော် တောင်တန်းများနှင့် မြစ်ပြင်ကျယ်များကို ဖြတ်သန်းသွားသည်။

သူဖြတ်သန်းသွားရာ နေရာတိုင်းရှိ လှပသော ရှုခင်းများနှင့် မိုးထိမတတ် မြင့်မားသော တောင်တန်းကြီးများမှာ သူ၏မျက်လုံးထဲတွင် မိုင်ထောင်ချီ ကျယ်ဝန်းလှသော သဘာဝပန်းချီကားချပ်ကြီးတစ်ခုအလား စွဲထင်ကျန်ရစ်ခဲ့သည်။

ကျိုးရီသည် မိမိကိုယ်ကိုယ် ကျေနပ်အားရစွာ ရေရွတ်လိုက်သည်။

“ဒီကြယ်တာရာခြေလှမ်းသိုင်းက တကယ်ကို အံ့မခန်းပဲ၊ စစ်မှန်တဲ့ချီစွမ်းအင်ကို လှည့်ပတ်တဲ့ အထူးနည်းလမ်းကနေတစ်ဆင့် အမြန်နှုန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်”

“လီကွမ်းလင်းက မွေးရာပါအဆင့်ကျင့်ကြံခြင်းကိုပဲ အားကိုးပြီး ကျန်းဝူတပ်ဖွဲ့ကို လှည့်စားနိုင်တဲ့တာ၊ နှစ်ပေါင်းများစွာ အဖမ်းမခံရဘဲ ထွက်ပြေးနိုင်ခဲ့တာ မဆန်းတော့ပါဘူး”

လီကွမ်းလင်းက မွေးရာပါအဆင့်သာ ရှိသေးသော်လည်း တစ်ရက်လျှင် မိုင်နှစ်ထောင်ခန့် ခရီးနှင်နိုင်ခဲ့သည်။

သိုင်းသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သိုင်းသခင်အဆင့် အစောပိုင်းကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားသည့် သူ့အနေဖြင့်မူ နေ့တစ်ဝက်လောက် အချိန်ယူရုံဖြင့် ထိုနေရာသို့ ရောက်နိုင်မည်ဟု ခန့်မှန်းရသည်။

သူ့ရင်တွင်း၌ သိုင်းသူတော်စင်၏ အမွေအနှစ်ကို ရယူလိုသော ပြင်းပြသည့် ရည်မှန်းချက်များက မီးလျှံများအလား တောက်လောင်နေသည်။

ချူပြည်နယ်၊ လုံထန်ရေကန်။

ရေကန်ဘေးတွင် တပ်ဖွဲ့ဝင်အချို့ နေရာယူထားပြီး ဧရာမဒူးလေးကြီးများကို တပ်ဆင်နေကြသည်။

သံမဏိမြားကြီးများမှာ အသင့်အနေအထား ရှိနေပြီး မြားတစ်စင်းစီတိုင်းမှာ လှံရှည်ကြီးတစ်ချောင်းနှင့် တူညီကာ မြားသွားများထံမှ အေးစက်စူးရှသော အလင်းရောင်များ ထွက်ပေါ်နေ၏။

မြားတံများ၏ အမြီးပိုင်းကို တုတ်ခိုင်သော သံကြိုးကြီးများနှင့် ချိတ်ဆက်ထားပြီး အနောက်ဘက်သို့ ဆွဲကာ သစ်ပင်ကြီးများတွင် ခိုင်ခံ့စွာ ချည်နှောင်ထားသည်။

တပ်မှူးဖြစ်သူက စပါးကြီးမြွေပုံ ဖောင်းကြွပန်းထိုးထားသော ပိုးသားဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးထံသို့ လျှောက်သွားကာ အရိုအသေပေးလိုက်သည်။

“သခင်လေး... ဒူးလေးတွေ အဆင်သင့်ဖြစ်နေပါပြီ၊ အဲဒီအကောင်ကြီးကို မျှားခေါ်ဖို့ ငါးစာပဲ လိုပါတော့တယ်။”

သခင်လေးဟု အခေါ်ခံရသော လီရှောင်ရန်သည် လုံထန်ရေကန်အတွင်းသို့ စိုက်ကြည့်လိုက်ရာ သူ့မျက်လုံးများအတွင်း၌ သတ်ဖြတ်ချင်စိတ် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“အဲဒီ ကျိန်စာသင့်နေတဲ့ လီကွမ်းလင်းကသာ သိုင်းသူတော်စင်မြေပုံကို မခိုးသွားဘူးဆိုရင်၊ ပြီးတော့ ဒီလျှို့ဝှက်ချက်ကို အချိန်မရွေး ဖွင့်ချလိုက်နိုင်တဲ့ အန္တရာယ်မရှိဘူးဆိုရင်၊ ငါ လီရှောင်ရန်က ဒီလောက်အလောတကြီး လုပ်နေစရာ ဘာအကြောင်းမှမရှိဘူး”

သို့သော် သတ်ဖြတ်လိုစိတ် အငွေ့အသက်များက လောဘဇောများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

“ငါသာ ဒီသိုင်းသူတော်စင်ရဲ့ အမွေအနှစ်ကို ရလိုက်ရင် အနာဂတ်မှာ အဲဒီအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်၊ အဲဒီအဆင့်ကို မတက်လှမ်းနိုင်ရင်တောင်မှ သိုင်းသခင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တာကလည်း အတော်လေးကောင်းမွန်တဲ့ ကိစ္စပဲ”

သူ့အသံထဲတွင် အဆုံးအစမဲ့ အာဏာမက်မောမှုများ အပြည့်အဝပါဝင်နေသည်။

“အဲဒီ အရူးဧကရာဇ်က မြောက်ပိုင်းမန်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီဆိုတော့ ဧကရာဇ်ပလ္လင်က လစ်လပ်သွားပြီ"

“ဒီသိုင်းသူတော်စင်ရဲ့ အမွေအနှစ်နဲ့ဆိုရင် ငါ မြို့တော်ကို တိုက်ရိုက်သွားပြီး လီမိသားစုရဲ့ ဘိုးဘေးကြီးဆီကနေ ပလ္လင်တက်ဖို့ အကူအညီတောင်းလို့ရပြီ၊ အဲဒီ ဧကရာဇ်ပလ္လင်ပေါ်မှာ ခဏလောက်တော့ ထိုင်ကြည့်ရမှာပေါ့”

သူက တစ်ဖက်လူကို မျက်ရိပ်ပြလိုက်ရာ ထိုသူက ချက်ချင်း နားလည်သွားသည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်အတူ အနောက်ဘက်ရှိ စစ်သားများက ရာနှင့်ချီသော သာမန်ပြည်သူများကို ခေါ်ဆောင်လာခဲ့ကြသည်။

အော်ဟစ်ငိုယိုသံများ ဆူညံစွာ ထွက်ပေါ်လာ၏။

“သခင်ကြီး... ကျွန်တော်တို့ကို ချမ်းသာပေးပါ။ ကျွန်တော့်အိမ်မှာ ကျွေးမွေးပြုစုရမယ့် မိဘတွေ၊ မိန်းမနဲ့ ကလေးတွေ ရှိပါသေးတယ်”

“အမေ... သမီး အမေ့ကိုချစ်တယ်၊ ဝူး... ဝူး...”

“မင်းတို့တွေ လူ့အသက်ကို တန်ဖိုးမထားဘူးပဲ၊ မင်းတို့ သေချာပေါက် အဖြစ်ဆိုးနဲ့ သေရလိမ့်မယ်”

သို့သော် စစ်သားများက သူတို့ကို ခုခံခွင့်မပေးချေ။ သူတို့၏ခါးများကို ကြိုးများဖြင့် ချည်နှောင်ကာ လက်ကောက်ဝတ်များကို ဓားဖြင့်လှီးဖြတ်ပြီးနောက် ရေထဲသို့ တိုက်ရိုက် ကန်ချလိုက်ကြသည်။ ရေပြင်ထက်တွင် ဗွမ်းကနဲအသံများ ထွက်ပေါ်လာ၏။

ပြည်သူများ ရေထဲသို့ ကျသွားသည်နှင့်တစ်ပြိုင်နက် သွေးများက ရေကန်ကြီးကို နီရဲသွားစေသည်။

ရေကူးတတ်သူများက ကမ်းစပ်သို့ရောက်ရန် အပြင်းအထန် ရုန်းကန်ကြိုးစားကြပြီး ရေမကူးတတ်သူများကမူ ကန်အောက်ခြေတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေသည့်အလား ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်ကာ ရုန်းကန်နေကြသည်။

သို့သော် ကမ်းစပ်သို့ ရောက်လာသူများကိုပင် စစ်သားများက ရေထဲသို့ ပြန်လည်ကန်ချလိုက်ကြသည်။

သွေးထွက်လွန်မှုနှင့်အတူ ခွန်အားများ တဖြည်းဖြည်းဆုတ်ယုတ်လာမှုကြောင့် သူတို့သည် ရေကန်ထဲတွင် အရှုံးမပေးလိုစိတ်ဖြင့် အားကုန်ရုန်းကန်နေရုံမှလွဲ၍ အခြား မတတ်နိုင်ကြတော့ချေ။

ထိုအချိန်မှာပင် မူလက တိတ်ဆိတ်ငြိမ်သက်နေသော ရေကန်၏ဗဟိုချက်မှစ၍ လှိုင်းဂယက်များ ထလာပြီး ဧရာမလှိုင်းလုံးကြီးများက အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်လာသည်။

လှိုင်းတံပိုးများအောက်တွင် ကြီးမားလှသော အရိပ်မည်းကြီးတစ်ခုကို ခပ်ရေးရေး မြင်တွေ့နေရသည်။

လီရှောင်ရန်နှင့် အခြားသူများ၏မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားပြီး စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းသွားသည်။

“ရောက်လာပြီ”

ရေကန်မျက်နှာပြင်ပေါ်ရှိ ပြည်သူများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။ လူနှစ်ဦးမှာ ရုတ်တရက် တစ်စုံတစ်ခု၏ ဆွဲချခြင်းကို ခံလိုက်ရပုံပေါ်သည်။

ထို့နောက် တုတ်ခိုင်ကြီးမားသော အရိပ်မည်းကြီးတစ်ခု ရေကန်အောက်ခြေမှ ထွက်လာပြီး ၎င်း၏ သွေးစွန်းနေသော ပါးစပ်ကြီးက အမျိုးသားနှစ်ဦးလုံးကို တစ်ကိုယ်လုံး မျိုချလိုက်သည်။

မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဦးရေပြားများ ထုံကျင်သွားပြီး ကြက်သီးမွေးညင်းများပင် ထသွားကြတော့သည်။

ထိုအရိပ်မည်းကြီးမှာ တစ်ကိုယ်လုံး အမည်းရောင်ရှိပြီး နေရောင်အောက်တွင် တလက်လက်တောက်ပနေသည့် ဧရာမစပါးကြီးမြွေကြီးပင် ဖြစ်သည်။

၎င်း၏ ဦးခေါင်းကြီးမှာ ဆန်စကောလောက် ကြီးမားပြီး ခန္ဓာကိုယ်မှာမူ ရေစည်ပိုင်းကြီးအလား တုတ်ခိုင်လှသည်။

ရေထဲမှ ထွက်ပေါ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းကပင် ဆယ်မီတာကျော် ရှည်လျားလေသည်။

အားလုံး ထိတ်လန့်တုန်လှုပ်နေချိန်တွင် လီရှောင်ရန်က အလျင်အမြန် အမိန့်ပေးလိုက်သည်။

“တိုက်ခိုက်ကြ။ မြန်မြန်လုပ်။ သူ့ကို ရေထဲပြန်မဝင်စေနဲ့”

စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် စစ်သားများက ချက်ချင်းတုံ့ပြန်လိုက်ကြပြီး ဒူးလေးကြီးများကို ထိန်းချုပ်ကာ သံမဏိမြားရှည်ကြီးများကို ပစ်ခတ်လိုက်ကြသည်။

ရွှီး ရွှီး ရွှီး။

လေထုကို ခွင်းသွားသော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

စပါးကြီးမြွေကြီးကလည်း အခြေအနေကို ရိပ်မိသွားပြီး ရေထဲသို့ ချက်ချင်း ပြန်ငုပ်ရန် ကြိုးစားလိုက်သော်လည်း ကံမကောင်းစွာဖြင့် ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။

သံမဏိမြားရှည် ဆယ်ချောင်းအနက် လေးချောင်းမှာ စပါးကြီးမြွေကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းကာ အခိုင်အမာ စိုက်ဝင်သွားသည်။ သို့သော် ၎င်း၏ အသက်မှာ အလွန်တရာ ပြင်းထန်လှပေသည်။

ဒဏ်ရာကြီးကြီးမားမား ရရှိထားသည့်တိုင် မသေသေးဘဲ ရေထဲတွင် အရူးအမူး ရုန်းကန်လှုပ်ရှားကာ သံကြိုးများကို ဆွဲငင်သဖြင့် အရှေ့ဘက်ရှိ သစ်ပင်ကြီးများပင် ကျွတ်ထွက်မတတ် ဖြစ်သွားရသည်။

အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာ၏။

“တော်တော်အားကောင်းတဲ့ သားရဲပဲ။ ဒီသားရဲက မွေးရာပါအဆင့်ရဲ့ အထွတ်အထိပ်နဲ့ နှိုင်းယှဉ်လို့ရလောက်တယ်”

“သူ့ကို ထွက်ပြေးခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် ဖမ်းဖို့ခက်သွားလိမ့်မယ်။ သူ့ကို မသတ်နိုင်ရင် ငါတို့တွေ အောက်ဆင်းပြီး သိုင်းသူတော်စင်ရဲ့သင်္ချိုင်းကို သွားရှာလို့ရမှာမဟုတ်ဘူး။ အားလုံးပဲ ဘာလို့ မတိုက်ကြသေးတာလဲ၊ ဘာကို စောင့်နေကြတာလဲ”

လီရှောင်ရန်၏ အမိန့်နှင့်အတူ သိုင်းသခင်အချို့က ချက်ချင်းလှုပ်ရှားလိုက်ကြပြီး တစ်ယောက်လျှင် သံကြိုးတစ်ချောင်းစီကို ဆုပ်ကိုင်ကာ အပေါ်သို့ အားကုန်ဆွဲတင်လိုက်ကြသည်။

စပါးကြီးမြွေကြီးမှာ ရေအောက်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခွန်အားကြီးမားသော်လည်း ဒဏ်ရာအပြင်းထန်ရရှိထားရာ သိုင်းသခင်များစွာ၏ တစ်ပြိုင်နက်တည်း ဆွဲတင်ခြင်းကို တောင့်မခံနိုင်တော့ဘဲ မကြာမီမှာပင် ကမ်းပေါ်သို့ ဆွဲတင်ခံလိုက်ရသည်။

ဤလူများကို အနိုင်မယူဘဲ ထွက်ပြေး၍ မရနိုင်တော့ကြောင်း သိသွားသည့်အလား ၎င်းသည် ဆူညံသံများ ပြုလုပ်လိုက်ပြီး သိုင်းသခင်များထံသို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်တော့သည်။

၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ စစ်သားများအားလုံးမှာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် တိုက်မိခြင်းကြောင့် လွင့်စင်သွားကြပြီး အရိုးများ ချက်ချင်းပင် ကျိုးကြေကုန်ကြသည်။

သိုင်းသခင်များမှာလည်း ပေါ့ဆရဲခြင်းမရှိဘဲ ချက်ချင်း ဝင်ရောက်တိုက်ခိုက်ကြသည်။

သူတို့၏ အားကောင်းလွန်းသော ခွန်အားများနှင့် သွက်လက်သော အမြန်နှုန်းကို အားကိုး၍ စပါးကြီးမြွေကြီးကို အဆက်မပြတ် အင်အားချည့်နဲ့အောင် ပြုလုပ်ခဲ့ရာ မကြာမီမှာပင် စပါးကြီးမြွေကြီးကို အနိုင်ယူနိုင်ခဲ့လေသည်။

စပါးကြီးမြွေကြီးသည် မချိတင်ကဲ အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးများက မြေပြင်ကို နီရဲသွားစေပြီး ရေကန်ထဲသို့ စမ်းချောင်းငယ်တစ်ခုအလား စီးဆင်းသွားလေသည်။

မြွေကြီးသည် နှာခေါင်းမှ လေပူများ မှုတ်ထုတ်ကာ အသက်ငင်နေရှာသည်။

လီရှောင်ရန်က သိုင်းသူတော်စင်၏အမွေအနှစ်ကို လက်ဝယ်ရရှိသွားသည့်အလား ဝမ်းသာအားရ ရယ်မောလိုက်သည်။

“ဟားဟားဟား၊ ပြီးသွားပြီ”

သို့သော် ထိုအချိန်မှာပင် လူတစ်ဦးက ရုတ်တရက် သတိပေးစကား ဆိုလာသည်။

“သခင်လေး... တစ်ခုခုတော့ မှားနေပြီ။ ကျွန်တော်တို့ ပြည်သူတွေကြားထဲမှာ စုံစမ်းကြည့်တုန်းက လုံထန်မြို့မှာ ချိုနှစ်ချောင်းပါပြီး ခန္ဓာကိုယ်အရှည် မီတာတစ်ရာလောက်ရှိတဲ့ ရေနဂါးတစ်ကောင် ရှိတယ်လို့ ပြောကြတယ်”

“ဒီစပါးကြီးမြွေက ကြီးပေမယ့် မီတာသုံးဆယ်လောက်ပဲရှိတယ်၊ သူ့ခေါင်းပေါ်မှာလည်း ဘာချိုမှ မပါဘူး၊ ဒါ သေချာပေါက် အဲဒီအကောင်မဟုတ်ဘူး”

လီရှောင်ရန်က မထီမဲ့မြင်ဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။

“မင်းကလည်း ဒါက သာမန်ပြည်သူတွေက ပြောတဲ့အရာလေ၊ အဲဒီ အသိဉာဏ်ကင်းမဲ့တဲ့ လူတွေက ဘာသိမှာလဲ၊ သူတို့က ပုံကြီးချဲ့ပြီး ကြွားရတာ ကြိုက်ကြတာလေ”

“ဒီလောကမှာ တကယ်သာ မီတာတစ်ရာရှည်တဲ့ စပါးကြီးမြွေ ရှိနေရင် နဂါးတောင် ဖြစ်နေလောက်ပြီပေါ့, သိုင်းသခင်အဆင့် ကျင့်ကြံသူတွေကလွဲရင် ဘယ်သူမှ အဲ့ကောင်ကြီးကို အနိုင်ယူနိုင်မှာမဟုတ်ဘူး”

သို့သော် စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သို့ ထိုးတက်သွားသော လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ထပ်မံပေါက်ကွဲထွက်လာတော့သည်။

ထို့နောက် ယခုအကောင်ထက် ပိုမိုကြီးမားလှသော စပါးကြီးမြွေကြီးတစ်ကောင်က ဟိန်းဟောက်ကာ ကောင်းကင်ယံတွင် ထွက်ပေါ်လာလေသည်။

စပါးကြီးမြွေကြီး၏ ခန္ဓာကိုယ်မှာ သစ်ပင်ကြီးများအလား တုတ်ခိုင်ပြီး ဦးခေါင်းပေါ်တွင် နဂါးချိုများနှင့် ဆင်တူသော ဧရာမအဖုကြီးနှစ်ခု ပါရှိသည်။

၎င်း၏ အကြေးခွံများမှာ တစ်ကိုယ်လုံး နက်မှောင်နေပြီး အကြေးခွံတစ်ခုကပင်လျှင် ကလေးတစ်ယောက်၏ ဦးခေါင်းထက် ပိုမိုကြီးမားနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဤနေရာရှိ လူအားလုံးမှာ တစ်ကိုယ်လုံး တုန်ယင်သွားကြတော့သည်။

သိုင်းသခင်များပင်လျှင် ထိုအချိန်၌ သူတို့၏ နှလုံးသားများထဲမှ ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ ခုန်ပေါက်နေကြောင်း ခံစားလိုက်ကြရသည်။

တုန်လှုပ်ချောက်ချားစွာ အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။

“သခင်လေးကို ကာကွယ်ကြ”

“သခင်လေး၊ မြန်မြန် ဆုတ်ခွာကြရအောင်”

သိုင်းသခင်များက လီရှောင်ရန်ကို ချက်ချင်း ကာကွယ်ကာ ဆုတ်ခွာလာကြသော်လည်း စပါးကြီးမြွေကြီးက သူတို့ကို အလွှတ်မပေးလိုဘဲ ဟိန်းဟောက်ကာ တိုက်ရိုက်ပြေးဝင်လာတော့သည်။

အခန်း (၂၀) - မြွေနတ်ဆိုးကို သတ်ဖြတ်ခြင်း၊ သားရဲအမြုတေကို ဝါးမျိုခြင်း

လူအုပ်ကြီးမှာ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

မွေးရာပါအဆင့် ကျင့်ကြံသူနှစ်ဦးက အကြေးခွံမည်း မြွေနဂါးကြီးကို တားဆီးရန် ချက်ချင်း ရှေ့ထွက်လာခဲ့သော်လည်း သူတို့၏ ခွန်အားများမှာ ထိုမြွေနဂါးကြီးအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ချေ။

တစ်စက္ကန့်မျှပင် တောင့်ခံထားနိုင်ခြင်းမရှိဘဲ မြွေနဂါးကြီး၏ ပါးစပ်အတွင်းသို့ ဝါးမျိုခံလိုက်ရလေသည်။

အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားသော လူအုပ်ကြီးထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“ဒုက္ခပါပဲ”

အကြေးခွံမည်း မြွေနဂါးကြီး အနီးသို့ ကပ်လာသည်ကို မြင်လိုက်ရသောအခါ လီရှောင်ရန်၏ နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများ အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။ သူက နှုတ်မှ မချိတင်ကဲ ရေရွတ်လိုက်မိသည်။

“ငါ့အသက်တော့ ဒီမှာတင် အဆုံးသတ်ရတော့မှာပဲ”

သို့သော် ဤကဲ့သို့ အသက်အန္တရာယ် ကြုံတွေ့နေရသော အရေးပေါ်အချိန်လေးအတွင်းမှာပင် ကောင်းကင်ယံမှ ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ဓားအလင်းတန်းမှာ လျှပ်စီးကြောင်းတစ်ခုအလား မီတာရာနှင့်ချီ၍ ရှည်လျားလှသည်။

ဓားချက် ကျဆင်းလာသည်နှင့်အမျှ မီတာတစ်ရာကျော် ရှည်လျားသော အကြေးခွံမည်း မြွေနဂါးကြီးကို လွှမ်းခြုံသွားလေသည်။

အကြေးခွံမည်း မြွေနဂါးကြီးထံမှ သနားစဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

“ဝူး”

၎င်း၏ သံမဏိကဲ့သို့ မာကျောလှသော အကြေးခွံများ တစ်လက်မချင်းစီ ပေါက်ကွဲထွက်သွားပြီး ခန္ဓာကိုယ်ကြီးမှာလည်း ဓားစွမ်းအင်၏ ရက်စက်စွာ ပိုင်းဖြတ်မှုကြောင့် အသားစများအဖြစ် ပြောင်းလဲသွားတော့သည်။

ဝုန်း။

မြေပြင်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားပြီး မီတာနှစ်ရာကျော်ရှည်လျားကာ မီတာသုံးဆယ်ကျော်နက်ရှိုင်းသော ဧရာမဓားရာကြီးတစ်ခု မြေပြင်ထက်တွင် ထင်းကနဲ ပေါ်ထွက်လာသည်။

ရေကန်ထဲမှ ရေများပင် ပြောင်းပြန်စီးဆင်းသွားသည်။ လီရှောင်ရန်နှင့် သူ့လူများမှာ သူတို့ ရှေ့မှောက်တွင် ဖြစ်ပျက်သွားသော အရာအားလုံးကို ကြည့်ကာ ဘာဖြစ်သွားမှန်း မသိလောက်အောင် အံ့သြမှင်တက်နေကြလေသည်။

လူတစ်ဦးက ကတုန်ကယင်ဖြင့် မေးလိုက်သည်။

“ဘာ... ဘာဖြစ်သွားတာလဲ”

နောက်တစ်ဦးကလည်း ကောင်းကင်သို့ လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်သည်။

“သခင်လေး... မြန်မြန် ကြည့်လိုက်ပါဦး၊ ကောင်းကင်ပေါ်မှာ လူတစ်ယောက်ရှိနေတယ်”

ထိုအခါမှသာ လီရှောင်ရန် ကောင်းကင်သို့ မော့ကြည့်လိုက်မိပြီး လေထဲတွင် မတ်တတ်ရပ်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် အလွန်တရာ အံ့အားသင့်သွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် လီရှောင်ရန် နှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားသည်။

“သိုင်းသခင်တစ်ပါးပဲ”

သူ့မျက်နှာပေါ်တွင် ဝမ်းသာကြည်နူးမှုများ အပြည့်အဝ ပေါ်လွင်လာသည်။

သိုင်းသခင်တစ်ပါးဆိုသည်မှာ သိုင်းသူတော်စင်အဆင့် အောက်တွင် အင်အားအကြီးမားဆုံးသော တည်ရှိမှုတစ်ခုဖြစ်ပြီး မြင်တွေ့ရရန် အလွန်ခဲယဉ်းလှရာ ယခုကဲ့သို့ မြင်ရခြင်းမှာ အလွန်တရာ ကံကောင်းလှပေသည်။

‘တကယ်လို့ ငါသာ ဒီလိုလူမျိုးကို စည်းရုံးနိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ ပလ္လင်တက်မယ့်ကိစ္စအတွက် အကြီးမားဆုံး အထောက်အပံ့ကြီးတစ်ခု သေချာပေါက် ဖြစ်လာမှာပဲ'

ကြီးမားလှသော ရည်မှန်းချက်များ သူ၏ရင်တွင်း၌ မီးလျှံများအလား တောက်လောင်လာပြီးနောက် ကောင်းကင်ရှိ လူရိပ်ထံသို့ ချက်ချင်း မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်သည်။

“ချူမင်းသားစံအိမ်ရဲ့ သခင်လေး လီရှောင်ရန်က စီနီယာကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ရှိပါတယ်”

ကောင်းကင်ယံ၌ ရှိနေသော ကျိုးရီက ထိုအသံကို ကြားလိုက်ရသည်။ သူက အောက်ဘက်ရှိ လူတစ်စုကို ခေါင်းငဲ့ကြည့်လိုက်ပြီးနောက် ဓားကိုကိုင်ရင်း နောက်ထပ်တစ်ကြိမ် ထပ်မံခုတ်ပိုင်းချလိုက်ပြန်သည်။

သူတို့၏ မျက်လုံးများထဲတွင် ဓားအလင်းတန်းကြီး ကျယ်ပြန့်လာသည်ကိုသာ မြင်လိုက်ရပြီး လီရှောင်ရန်နှင့် သူ့လူများမှာ ဘာမှပင် မတုန့်ပြန်နိုင်လိုက်ချေ။

‘ဘာတွေ ဖြစ်ကုန်တာလဲ'

‘သူက ဘာလို့ ငါတို့ကို တိုက်ခိုက်ရတာလဲ'

‘ငါတို့က ဒီသိုင်းသခင်ကို ဘာမှ ပြစ်မှားထားတာ မရှိဘူးလေ'

ဝုန်းခနဲ အသံကြီးနှင့်အတူ လီရှောင်ရန်နှင့် အခြားသူများအားလုံး ကောင်းကင်သို့ လွင့်စင်သွားကြတော့သည်။

ကျိုးရီသည် သူခိုးနတ်ဘုရား လီကွမ်းလင်း၏ မှတ်ဉာဏ်များမှတစ်ဆင့် ဤလီရှောင်ရန်အကြောင်းကို သိရှိထားပြီး ဖြစ်သည်။

သူသည် အလွန်တရာ ယုတ်မာကောက်ကျစ်သူတစ်ဦး ဖြစ်သည့်အပြင် အသိဉာဏ်မဲ့သော လူမိုက်တစ်ဦးလည်း ဖြစ်ပေသည်။

သာမန်ပြည်သူများကို ဖိနှိပ်စော်ကားကာ အသေခံတပ်သားများကို မွေးမြူထားသူလည်း ဖြစ်သည်။

ကျန်းဟူလောကတွင် သူ့လက်ချက်ဖြင့် တရားမျှတသော သိုင်းပညာရှင်များ မည်မျှသေဆုံးခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။

ကျိုးရီ မတိုက်ခိုက်မီကတည်းက ရေကန်မျက်နှာပြင်ပေါ်တွင် ကြိုးများဖြင့် ချည်နှောင်ထားခံရသော ပြည်သူများ၏ ရုပ်အလောင်းမြောက်မြားစွာကို သတိပြုမိခဲ့ပြီး တစ်ဖက်လူက ဤမြွေနတ်ဆိုးကို မျှားခေါ်ရန် ထိုလူများအား အသုံးချနေကြောင်း ရိပ်မိပြီး ဖြစ်သည်။

ထို့ကြောင့် သူတို့ကို အရှင်မထားဘဲ အားလုံးကို ရှင်းလင်းရန် တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြု၍ စုပ်ယူလိုက်ပြီး ယခုလေးတင် သေဆုံးသွားသော လူအနည်းငယ်၏ ကျင့်ကြံခြင်းစွမ်းအားများကို လုံးဝ ကုန်စင်သွားသည်အထိ စုပ်ယူလိုက်သည်။

ရုပ်အလောင်းများကို သိမ်းဆည်းရင်း သူတို့၏ မှတ်ဉာဏ်များကိုလည်း တစ်ခုချင်းစီ စစ်ဆေးကြည့်လိုက်သည်။

ကျိုးရီက လှောင်ပြုံးတစ်ခုဖြင့် ရေရွတ်လိုက်၏။

“လောဘကြီးပြီး ဦးနှောက်မပါတဲ့ကောင်က ဧကရာဇ်တောင် ဖြစ်ချင်နေသေးတယ်၊ တကယ်ပါပဲ”

လီရှောင်ရန်၏ မှတ်ဉာဏ်များကို ရရှိပြီးနောက် ကျိုးရီမှာ ဆွံ့အသွားရလေသည်။

ဤကောင်သည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသော အရူးတစ်ယောက် ဖြစ်နေပေသည်။

သူ့မိခင်မှာ မူလက ပြည့်တန်ဆာအိမ်မှ အဆိုရှင်တစ်ဦးဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် ချူမင်းသား၏သဘောကျမှုကို ရရှိခဲ့ကာ သူ့ကို မွေးဖွားပြီးနောက် ချူမင်းသားစံအိမ်သို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ချူမင်းသားစံအိမ်သို့ ဝင်ရောက်ခွင့် ရခဲ့သော်လည်း သူမ၏အဆင့်အတန်းမှာ နိမ့်ကျလှပြီး အခြားသော မယားငယ်များနှင့် နှိုင်းယှဉ်လျှင် အများကြီးကွာခြားလှကာ မယားငယ်တစ်ဦး၏ အဆင့်အတန်းကိုပင် မရရှိခဲ့ချေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် လီရှောင်ရန်သည် အခြားသော ညီအစ်ကိုမောင်နှမများ၏ မျက်နှာသာပေးမှုကို မရရှိခဲ့သည်မှာ သဘာဝပင်။

သို့သော် ဤကောင်သည် စိတ်ကူးယဉ်ဝတ္ထုစာအုပ်အချို့ကို ဖတ်ရှုခဲ့ဖူးသဖြင့် ဤသည်မှာ ကောင်းကင်ဘုံက သူ့ကို စမ်းသပ်နေခြင်းဖြစ်သည်ဟု ယူဆထားလေသည်။

ဆိုရိုးစကားရှိသည့်အတိုင်း ကောင်းကင်ဘုံက လူတစ်ဦးအား ကြီးမားသောတာဝန်တစ်ခုကို ပေးအပ်တော့မည်ဆိုလျှင် ထိုသူ၏ကြွက်သားများနှင့် အရိုးများကို ဦးစွာ ပင်ပန်းဆင်းရဲစေပြီး ခန္ဓာကိုယ်နှင့် အရေပြားကို ငတ်မွတ်ခေါင်းပါးစေရမည်ဟူ၍ ဖြစ်သည်။

ထိုအချိန်မှစ၍ လီရှောင်ရန်သည် သိုင်းပညာရပ်များကို ကြိုးစားပမ်းစား လေ့လာသင်ယူကာ အားကြိုးမာန်တက် ရုန်းကန်ကြိုးစားခဲ့လေသည်။

အစောပိုင်း အဖြစ်အပျက်များအရ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသော လမ်းကြောင်းဆီသို့ ဦးတည်သွားအုံးမည် မဟုတ်သော်လည်း ကျင့်ကြံရာတွင် သူ့၌ ပါရမီအနည်းငယ် ရှိနေကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

သူသည် အသက် ကိုးနှစ်အရွယ်တွင် သိုင်းပညာကို စတင်လေ့လာခဲ့ပြီး အသက် သုံးဆယ့်နှစ်နှစ်တွင် မွေးရာပါအဆင့်သို့ ရောက်ရှိခဲ့သည်။

မွေးရာပါအဆင့်သို့ ရောက်ရှိရန် နှစ်ဆယ့်သုံးနှစ် အချိန်ယူခဲ့ရခြင်းမှာ ပါရမီရှင်များကြားတွင် အလယ်အလတ်အဆင့်ခန့်သာ ရှိပြီး သူ၏ ညီအစ်ကိုမောင်နှမ ငါးဦးကြားတွင်လည်း အဆင့်ငါးအတွင်းသာ ဝင်နိုင်ပေသည်။

သို့သော် သူ့အမြင်တွင်မူ ထိုသို့မထင်မှတ်ထားချေ။ မိခင်ဖြစ်သူ၏ သွေးမျိုးဆက်မှာ နိမ့်ကျပြီး နောက်ခံရာဇဝင်မှာလည်း သေးသိမ်သောကြောင့် သူ၏ သွေးစွမ်းအားမှာ အခြားသူများထက် တစ်ဝက်ခန့်သာရှိသည်ဟု ယူဆထားသည်။

ထို့ကြောင့် ဤတွက်ချက်မှုဖော်မြူလာအရ သူ့မိခင်၏ မျိုးဆက်သည်သာ အခြားသူများ၏ မိခင်များကဲ့သို့ မြင့်မြတ်မည်ဆိုပါက သူ၏ပါရမီမှာ နှစ်ဆတိုးလာမည်ဖြစ်ပြီး ဆယ်နှစ်ခွဲအတွင်း မွေးရာပါအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

ဤ ရလဒ်မှာ ချူမင်းသားစံအိမ်တွင် ပါရမီအရှိဆုံးဖြစ်သော ဒုတိယသခင်လေး မွေးရာပါအဆင့်သို့ ရောက်ရှိရန် ယူခဲ့ရသည့် အချိန်၊က် ဆယ့်တစ်နှစ်ခန့်ပင် ပိုမိုလျင်မြန်နေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူသည် အလွန်အမင်း စိတ်ကြီးဝင်လာပြီး မိမိကိုယ်ကို ကံကြမ္မာသားတော်ဟု မှတ်ယူကာ အနာဂတ်တွင် ရာဇပလ္လင်ကို သေချာပေါက်ဆက်ခံရမည်ဟု ယုံကြည်လာခဲ့တော့သည်။

ထိုအချိန်မှစ၍ သူသည် အနာဂတ်အတွက် ကြိုတင်စီစဉ်ကာ ကိုယ်ပိုင်အင်အားကို စတင်တည်ဆောက်ခဲ့လေသည်။

ထို့အပြင် သိုင်းသူတော်စင်မြေပုံကို ရရှိပြီးနောက်တွင်မူ ကောင်းကင်ဘုံက သူ့ကို လျှို့ဝှက်စောင့်ရှောက်နေသည်ဟု ပို၍ပင် ခံစားလာရပြီး ဧကရာဇ်တစ်ပါးဖြစ်လာရန် အရည်အချင်းများ ပိုင်ဆိုင်ထားပြီဟုပင် တွေးတောလာခဲ့တော့သည်။

ကျိုးရီ ခေါင်းခါယမ်းကာ ဆွံ့အစွာဖြင့် ရေရွတ်လိုက်မိသည်။

“လူတစ်ယောက်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနိုင်ပေမယ့်၊ ယုံကြည်မှုလွန်ကဲနေတာကတော့ ကိုယ့်စွမ်းဆောင်ရည်ကို အထင်ကြီးလွန်းရာ ကျနေပြီ”

ရွှေလက်ချောင်း သုံးခုကို ပိုင်ဆိုင်ထားသည့် သူ့ကဲ့သို့သော တည်ရှိမှုမျိုးပင်လျှင် သတိကြီးစွာ လျှောက်လှမ်းနေရပြီး သိုင်းလောကလမ်းကြောင်းကို လိုက်နာနေရဆဲ ဖြစ်သည်။

သို့သော် သာမန်ပါရမီရှင်တစ်ဦးမျှသာ ဖြစ်သော ထိုလူက ဧကရာဇ်ပလ္လင်ကို မက်မောချင်နေသေး၏။

မြို့တော်မှ လီရွှမ်ချင်း၏ ပါရမီမှာ ချူမင်းသားစံအိမ်တစ်ခုလုံးကို အနိုင်ယူနိုင်စွမ်းရှိကြောင်း သိထားသင့်သည်။

‘တကယ်ကို သစ်ရွက်တစ်ရွက်က မျက်လုံးကို ကွယ်ထားလို့ တိုင်းစန်းတောင်ကြီးကို မမြင်ရတဲ့အဖြစ်မျိုးပဲ'

ကျိုးရီ မြေပြင်သို့ ဆင်းသက်လာပြီး သူသတ်ဖြတ်ခဲ့သော မြွေနတ်ဆိုးကို ကြည့်ကာ ဤလော၏ ဆန်းကြယ်မှုများကို မအံ့သြဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။

ဤမြွေနှစ်ကောင်မှာ တကယ်ကို အံ့ဩဖွယ်ကောင်းပေသည်။ အကယ်၍ အတိတ်ဘဝက ပန်းခြံတစ်ခုထဲတွင် မွေးမြူထားပြီး လက်မှတ်ရောင်းမည်ဆိုပါက ပိုက်ဆံရေရလွန်း၍ စက်ပင် မီးခိုးထွက်သွားလောက်ပေသည်။

သို့သော် သူ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြုလိုက်ချိန်တွင် မည်သည့် ကျင့်ကြံခြင်းစွမ်းအားကိုမျှ စုပ်ယူနိုင်ခြင်းမရှိခဲ့ချေ။

ကျိုးရီ အတွေးတစ်ချက်၀င်လာ၏။

“အရင်တုန်းက တခြားလူတွေရဲ့ မှတ်ဉာဏ်တွေကို စုပ်ယူတုန်းက သိခဲ့ရသလောက်တော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ သန့်စင်ထားတဲ့ ဒီလိုနတ်ဆိုးသားရဲတွေက သားရဲအမြုတေတစ်ခုကို ဖွဲ့စည်းနိုင်ကြတယ်၊ အဲဒီအထဲမှာ သူတို့ရဲ့ အနှစ်သာရတွေ ကိန်းအောင်းနေတာတဲ့”

ကျိုးရီ စိတ်စွမ်းအင်များကို ဖြန့်ကြက်လိုက်ရာ မကြာမီမှာပင် မြွေနဂါးကြီးရော စပါးကြီးမြွေကြီးတွင်ပါ ဦးခေါင်းအတွင်း၌ အလုံးငယ်လေးတစ်ခုစီ ပါရှိနေကြောင်း တွေ့ရှိသွားသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကာကွယ်ရေးစွမ်းအင်များက လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး ထိုအလုံး နှစ်လုံးကို အဝေးမှနေ၍ တိုက်ရိုက် လှမ်းယူလိုက်လေသည်။

ကျိုးရီကို အံ့အားသင့်စေသည်မှာ စပါးကြီးမြွေကြီး၏ အမြုတေမှာ ပိုမိုကြီးမားနေပြီး မြွေနဂါးကြီး၏ အမြုတေမှာမူ ပို၍သေးငယ်နေခြင်းပင် ဖြစ်သည်။

သို့သော် စပါးကြီးမြွေကြီး၏ အမြုတေမှာ အသားလုံးတစ်လုံးနှင့် ပိုတူနေပြီး မြွေနဂါးကြီး၏ အမြုတေမှာမူ ရွှေရောင်ဖျော့ဖျော့သန်းနေကာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့်အလား ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်နေလေသည်။

ထို့အပြင် မြွေနဂါးကြီး၏ အမြုတေအတွင်းရှိ စွမ်းအင်မှာ စပါးကြီးမြွေကြီးထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေပေသည်။

ကျိုးရီ မှတ်ချက်ချလိုက်မိသည်။

“တစ်ခုက အမြုတေအဖြစ် မပြောင်းလဲရသေးတဲ့ သားရဲမူလအစ ဖြစ်ရမယ်။ နောက်တစ်ခုကတော့ အသွင်ပြောင်းလဲခြင်း လုံးဝပြီးဆုံးသွားတဲ့ သားရဲအမြုတေပဲ ဖြစ်မယ်”

အမြုတေများအတွင်း၌ ပုန်းကွယ်နေသော ထူထဲပြီး ပြင်းထန်လှသည့် မိစ္ဆာစွမ်းအင်များကို ကျိုးရီ ရှင်းရှင်းလင်းလင်း ခံစားနေရလေသည်။

သူ စုပ်ယူထားသော မှတ်ဉာဏ်များအရ နတ်ဆိုးသားရဲတစ်ကောင်၏ သားရဲအမြုတေတွင် သားရဲသက်ရှိထင်ရှားရှိစဉ်က ကြမ်းကြုတ်မှုများနှင့် စွဲလမ်းမှုများ ပါဝင်နေတတ်သည်။

ထို့ကြောင့် ၎င်းကို စုပ်ယူသန့်စင်ခြင်းမပြုမီ ကြမ်းကြုတ်မှုများကို ဖယ်ရှားရန်အတွက် ဆေးလုံးတစ်လုံးအဖြစ် ဦးစွာ သန့်စင်ဖော်စပ်ရန် လိုအပ်ပေသည်။

သို့သော် ကျိုးရီက ယုံကြည်မှုအပြည့်ဖြင့် တွေးလိုက်၏။

‘ငါ့ရဲ့ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းက မူလကတည်းက နတ်ဆိုးကျင့်စဉ်တစ်ခု ဖြစ်နေတာပဲ။ ဒါကြောင့် သန့်စင်ဖို့ လိုမှာမဟုတ်ဘူး'

ကျိုးရီသည် ဤသို့ တွေးမိပြီးနောက် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြုကာ ၎င်းကို တိုက်ရိုက်စုပ်ယူလိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလွန်းသော စွမ်းအားများက သူ့လက်ဝါးမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး ၎င်းနှင့်အတူ အားကောင်းလှသော မိစ္ဆာစွမ်းအင်များကလည်း တဟုန်ထိုး စီးဝင်လာခဲ့သည်။

၎င်းမှာ နတ်ဆိုးသားရဲနှစ်ကောင် သက်ရှိထင်ရှားရှိစဉ်က စုဆောင်းထားခဲ့သော မိစ္ဆာစွမ်းအင်များပင်။

ကံမကောင်းစွာဖြင့် သူတို့ အသက်ရှင်နေစဉ်ကပင် ကျိုးရီ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ရာ သေဆုံးပြီးနောက်တွင်မူ ပို၍ပင် မဖြစ်နိုင်တော့ချေ။

ကျိုးရီသည် အတွေးတစ်ချက်ဖြင့် ၎င်းကို ရက်စက်စွာ ချေမှုန်းပစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် နတ်ဆင်နဂါးကျင့်စဉ်ကို လှည့်ပတ်ကာ နတ်ဆင်နဂါးခွန်အားများ ပိုမိုတိုးပွားလာစေရန် စုပ်ယူသန့်စင်လိုက်တော့သည်။

All Chapters