← Chapters

လောကနတ်ဘုရား ကျေးကျွန်များ

Vol. 12 Ch. 1198

လောကနတ်ဘုရား ကျေးကျွန်များ

Vol. 12 Ch. 1198

ကျားရုပ်က တုန်ခါလာချိန် ပိုင်ရှောင်ချန်းသည် ကြည့်ရသရွေ့ သူ၏အတွေးလေးတစ်ချက်ဖြင့် ကျားရုပ်ကို ထိန်းချုပ်နိုင်သည့်ပုံပေါ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးများ တောက်ပလာတော့သည်။

" ကျားရုပ်တင် မဟုတ်လောက်ဘူး… "

သူက အသက်အောင့်၍ အလင်းများ တလက်လက် တောက်ပလာသည့် ကျားခုံတစ်ခုလုံးအတွင်းသို့လည်း နတ်ဘုရားအာရုံ ပို့လွှတ်လိုက်သည်။ သို့သော် တခဏကြာသော် ထိုအလင်းက တစတစ ပျောက်ကွယ်သွားပြီး သူ၏နတ်ဘုရားအာရုံမှာ စတင်လွင့်ပျယ်လာတော့သည်။

" ကျားခုံကို သေချာမပိုင်သေးဘူး... "

သူက စိတ်မချမ်းမြေ့စွာ သက်ပြင်းချ၍ တွေးလိုက်သည်။ သူ၏ နတ်ဘုရားအာရုံကို ပြန်ဆွဲယူကာ တင်ပျဥ်ခွေထိုင်၍ အပြည့်အဝသက်သာလာသည့် တိုင်အောင် အသက်ရှူလေ့ကျင့်ခန်းတချို့ လုပ်ဆောင်လိုက်သည်။ ထို့နောက် သူက ထပ်ရပ်ပြီး သူ၏နတ်ဘုရားအာရုံကို ထပ်မံ ပို့လွှတ်လိုက်သည်။ သို့သော် ကျားခုံကို ပစ်မှတ်ထားမည့်အစား ကျားရုပ်ကိုသာ စူးစိုက်လိုက်၏။ ၄င်းက စတင်တုန်ခါလာပြီး စူးရှတောက်ပသော အလင်းများ စတင်ထုတ်လွှတ်လာချိန် သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်ပြီးနောက် လေကိုခွင်း၍ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

ကျားရုပ်မှာ တောက်ပသော အလင်းတန်းတစ်တန်းဖြစ်လာပြီး ယပ်တောင်၏မျက်နှာပြင်မှ ဟင်းလင်းပြင်ထဲသို့ တဟုန်ထိုးထွက်လာ၏။ ထုတ်ဖော်ပြသနေသည့်စွမ်းအင်သည် ကောင်းကင်ဧကရာဇ်စွမ်းအင်ထက် အဆများစွာ သာလွန်ပြီး လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအင်နှင့် ပို၍တူလေသည်။ ယပ်တောင်မှာ တသိမ့်သိမ့်တုန်လာပြီး လန့်ဖျပ်သွားသော ပိုင်ရှောင်ချန်းက သူ၏လက်ချောင်းကို မိုးမြေဧကရာဇ်၏လက်မောင်းထံ ဝှေ့ယမ်းလိုက်၏။

အလင်းက လက်မောင်းကို ထိသွားသည်တွင် ကြောက်ခမန်းလိလိပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး လက်မောင်းမှာ နောက်သို့ မီတာပေါင်းများစွာ လွင့်ထွက်သွား၏။ တချိန်တည်းမှာပင် လက်မောင်းအတွင်း၌ ကျားရုပ်နှင့် အရွယ်အစားတူညီသော အပေါက်တစ်ပေါက် ပေါ်ထွက်လာသည်။

၄င်းက လက်မောင်းမျက်နှာပြင်အတွင်း သုံးလက်မခန့်သာ စိုက်ဝင်သွားသော်လည်း ယပ်တောင်၏ ပြန်လည်ကောင်းမွန်ခြင်းစွမ်းအားများ အလုပ်မလုပ်မီ အသားအား တခဏတာ ပုပ်သိုးဆွေးမြည့်သွားစေလေသည်။ သို့ထိတိုင် ပိုင်ရှောင်ချန်းမှာ တိုက်ကွက်၏ ရက်စက်မှုကြောင့် အံ့သြတုန်လှုပ်သွားတော့သည်။

" အား...အား အရမ်းပြင်းတယ် "

သူက စိတ်လှုပ်ရှားသွားသော်လည်း တစ်ချိန်တည်းမှာပင် လက်မောင်းကြီးအား ထပ်မံ ဒဏ်ရာမပေးချင်သောကြောင့် နောက်ထပ်စမ်းသပ်မှုများ ပြုလုပ်ရန် ၄င်းအား အသုံးမပြုရဲတော့ပေ။ သို့ဖြစ်၍ သူက ယပ်တောင်ကို ရပ်တန့်စေရန် သူ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီးနောက် ဟင်းလင်းပြင်ထဲ ပျံထွက်လိုက်သည်။

ထိုနေရာတွင် သူက သူ၏ယပ်တောင်နှင့် ဆက်သွယ်မှုကို ဆင့်ခေါ်၍ မန္တန့်လက်ကွက်တစ်ကွက်ဖော်ကာ ၄င်းထံမှ စူးရှတောက်ပသောအလင်းတန်းတစ်တန်း ထွက်လာစေလိုက်သည်။ အလင်းတန်းက သတ်မှတ်ထားသည့်နေရာတစ်ရာ ရောက်သည့်တိုင်အောင် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီးနောက် ပေါက်ကွဲသွား၏။

ဟင်းလင်းပြင်ကိုဖြတ်လျက် တလိပ်လိပ်ပျံ့နှံ့နေသော တုန်ခါမှုများမှာ မမြင်ရသော်လည်း ပိုင်ရှောင်ချန်းက သိရှိလေသည်။ သူသည် ယခု နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်ပြီး လောကနတ်ဘုရားတစ်ပါးနှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်ကို ထည့်တွက်ပါက ထိုအခိုးအငွေ့များက မည်သည်ကို ညွှန်ပြနေကြောင်း အတိအကျ ပြောနိုင်၏။

" လောကနတ်ဘုရားအဆင့် တိုက်ကွက်။ မိစ္ဆာဧကရာဇ် ငါ့ကို တိုက်ခိုက်တုန်းကထက်တောင် ပိုအစွမ်းထက်တဲ့ပုံပဲ “

" ငါဆင့်ခေါ်ရင် အဲဒီကျားရုပ်က အလင်း ထာဝရအင်မော်တယ်နယ်မြေတွေကို ရောက်ဖို့အတွက်ဆို ဘယ်လောက်ကြာမလဲ မသိဘူး... “

" ပြီးတော့ ငါ ဘယ်နှစ်ကြိမ်လောက် လုပ်နိုင်မလဲ "

အနည်းငယ်ထပ်တွေးပြီးနောက် သူက စစ်ဆေးမှုတချို့ လုပ်ဆောင်ရန်နှင့် သူ့ထံ အလင်းမည်မျှမြန်မြန် ရောက်နိုင်သည်ကို ကြည့်ရန် ဟင်းလင်းပြင်ထဲ ဝေးဝေးထပ်သွားလိုက်သည်။

သူတွေ့လိုက်သည့်အရာက သူ ၄င်းကို ဆင့်ခေါ်သည်နှင့်တစ်ပြိုင်နက် ၄င်းသည် သူတို့နှစ်ယောက်အကြားရှိ အကွာအဝေးကို လုံးဝလျစ်လျူရှုထားသည့်အလား သူ၏အရှေ့တွင် ပေါ်လာလေသည်။

သူက မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် နေရာများပြောင်းပြီး စစ်ဆေးမှုအနည်းငယ် လုပ်ဆောင်လိုက်သည်။ ထို့နောက်တွင် သူ မည်သည့်နေရာရောက်စေကာမူ အလင်းသည် သူ့ထံ ချက်ချင်းရောက်ရှိလာမည်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သွားတော့သည်။

" အခု ဒါက ငါ လက်နက်လို့ ခေါ်တဲ့အရာပဲကွ "

သူက ခေါင်းနောက်လှန်၍ အားပါးတရရယ်ကာ ပြောလိုက်သည်။ ဆယ့်ငါးခါပြီးနောက် မည်သည့်အလင်းမှ ရောက်မလာသည့်နေရာသို့ ရောက်သွားလေသည်။

ထိုအချိန်တွင် သူသည် ဆယ့်ငါးကြိမ်ဆက်တိုက်က အကန့်အသတ်ဖြစ်ကြောင်း သဘောပေါက်လိုက်၏။

" ဒါဆို နေ့တိုင်း ဆယ့်ငါးကြိမ် အသုံးပြုလို့ရမှာများလား"

တစ်ရက် ဆယ့်ငါးကြိမ်ဆိုသည်မှာ လုံလောက်သည်ထက် ပိုမည်ဖြစ်သည်။ ဤတိုးတက်မှုအား ကြည်နူးနေလျက် သူက ယပ်တောင်ထံပျံကာ ၄င်းလမ်းကြောင်းအတိုင်း ဟင်းလင်းပြင်ကို ဖြတ်၍ သွားစေလိုက်ပြီး တရားထိုင်ရန် တင်ပျဥ်ခွေထိုင်လိုက်သည်။

နောက်တစ်နေ့တွင် သူက စိတ်လှုပ်ရှားစွာ စမ်းသပ်မှုအနည်းငယ် လုပ်ဆောင်လေသည်။ သို့သော် ကျားရုပ်မှ မည်သည့်တုံ့ပြန်ချက်မှ မရသဖြင့် သူ ခေါင်းနပန်းကြီးသွားတော့သည်။

သူက ကောက်ကာငင်ကာ အတန်ငယ် စိုးရိမ်လာလေသည်။

" မဖြစ်နိူင်ဘူး။ စုစုပေါင်း ဆယ့်ငါးခါပဲ သုံးလို့ရတယ်လို့ မပြောပါနဲ့ "

ထိုအတွေးက သူ့ကို နောင်တများဖြင့် ချက်ချင်းပင် ငြီးတွားမိလိုက်စေတော့သည်။

သူ ဆုံးရှုံးခဲ့လောက်သည့်အတွေးကို စွဲလမ်းလာကာ သူက အချိန်များထပ်မံကုန်ဆုံးသွားအောင် စောင့်လိုက်သည်။ တစ်လလုံးလုံး သူ၏စမ်းသပ်မှုအကုန် ကျရှုံးခြင်းဖြင့်သာ တွေ့ဆုံနေလေရာ ယခုတွင် သူက သူလုပ်ခဲ့သည့်အရာအတွက် နင့်နင့်နဲနဲ နောင်တရနေပြီဖြစ်သည်။

လောကနတ်ဘုရားအဆင့်တိုက်ကွက်များအား အလဟဿသုံးပစ်လိုက်သည့်အတွေးက သူ့ကိုယ်သူ ဦးနှောက်မရှိလိုက်လေခြင်းဟု တဖြန်းဖြန်း ရိုက်နေစေချင်တော့သည်။

" ငါ ဘာလို့ သူတို့ကို ဖြုန်းတီးပစ်ခဲ့မိတာတုန်း "

သူက မျက်မှောင်ကြုတ်ကာ ခံပြင်းဒေါသထွက်လျက် သက်ပြင်းများချ၍ ပြောလိုက်သည်။ တစ်နှစ်လုံး ကုန်ဆုံးသွားလေပြီ။ နောက်ဆုံးတွင် သူက နောက်ထပ် စစ်ဆေးမှုလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ချိန် ကျားရုပ်မှ ရုတ်တရက် တောက်ပသောအလင်းများ ဖြာထွက်လာ၏။ ကြည့်ရသရွေ့ အလင်းအားလုံး အသုံးပြုပြီးနောက် အားပြန်ပြည့်ရန် တစ်နှစ်တိတိကြာမည့်ပုံရသည်။ သူက ထရပ်၍ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

" အခုကစပြီး ဒီ ကျားရုပ်က အလင်းကို လောကနတ်ဘုရားအလင်းလို့ ခေါ်တော့မယ် "

သူက အင်္ကျီလက်စကို ခါယမ်း၍ သူအလိုရှိသလို အသုံးပြုနိုင်သော နောက်ထပ်ဝှက်ဖဲတစ်ချပ်ရသည်ကို ဘဝင်ခိုက်နေတော့သည်။

" ဝမ်အာနဲ့ ကျစ်မို နိုးတာနဲ့ ငါ ထာဝရအင်မော်တယ်နယ်မြေတွေကို ပြန်သွားနိုင်ပြီ "

သူက စိတ်အားတက်ကြွပြီး သတ္တိများအပြည့်ဖြင့် သူက ပြာသာဒ်ကို ပြန်ကြည့်လိုက်သည်။ သူ၏တွက်ချက်မှုများအပေါ် အခြေခံ၍ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မို နိုးလာရန် တစ်နှစ်သာကြာတော့လေသည်။

ဘရူဆာသည်လည်း သူတို့နှင့်အတူ နိုးလာလောက်မည် ဖြစ်သည်။ စိတ်မကောင်းဖွယ် စုန့်ချွဲမှာတော့ ပြောင်းလဲမှုတစုံတရာ ရှိပုံမရပေ။

ထိုအချိန်တစ်ဝိုက်တွင် ပိုင်ရှောင်ချီ နိုးလာလေသည်။

သိသာစွာပင် သူ၏နတ်ဘုရားအာရုံသည် ယခင်ကထက်ပို၍ အားကောင်းလာ၏။ သူက ယပ်တောင်ကို စစ်ဆေးကြည့်ရှုပြီးနောက် ပိုင်ရှောင်ချန်းအရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ရုပ်လုံးပေါ်လာသည်။

" ဟေး ဟိုက ပိုင်ရှောင်ချန်းလေး။ ငါ့မှာ ဒီယပ်တောင်ရဲ့ ပိုင်ရှင်သစ်ဖြစ်တဲ့ မင်းနဲ့ ကိစ္စနည်းနည်းရှိလို့ ... "

သူ ဘာမှထပ်မပြောနိုင်ခင် ပိုင်ရှောင်ချန်းက သူ့ကို မျက်လုံးထောင့်ကပ်၍ ကြည့်ပြီးနောက် လောကနတ်ဘုရား အလင်းတန်းတစ်တန်း သူ့ထံ ပစ်လွှတ်လိုက်သည်။

အလင်းတန်းက ချက်ချင်းပင် ပိုင်ရှောင်ချီ၏ နှလုံးသားထဲ အကြောက်တရားများ ရိုက်ထည့်လိုက်၍ သူ တုန်ရီသွားပြီး ဘေးရှောင်လိုက်လေသည်။ သူ ပိုင်ရှောင်ချန်းကို ပြန်ကြည့်သောအခါ သူ့ထံမှ စိတ်ကြီးဝင်သည့်အာရုံအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး သူက ဝပ်တွားခယခြင်း၏ စံနမူနာဖြစ်သွားသည့်အလားပင်။

" မင်း အခု ဘာပြောလိုက်တာတုန်း "

ပိုင်ရှောင်ချန်းက လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေလျက် အေးအေးဆေးဆေး မေးသည်။

ပိုင်ရှောင်ချီမှာ ကြောက်လန့်မှုများဖြင့် ရင်တဒိန်းဒိန်းခုန်နေလျက် ပြောလေသည်။

" ကျွန်တော် အခုလေးတင် ပြောလိုက်တာက … ကျွန်တော် ... သက်ရှိသက်မဲ့အရာအားလုံးမှာ သခင်လေးက ဒီအမွေအနှစ်ယပ်တောင်ကို ပိုင်ဆိုင်ဖို့ အသင့်တော်ဆုံး လူတစ်ယောက်လို့ ထင်တယ်လို့ပါ သခင်လေးရယ် "

သူ အိပ်ပျော်နေစဥ် ပိုင်ရှောင်ချန်း သူ့ဘာသာသူ ကျားရုပ်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ စိတ်မကူးနိုင်ခဲ့ပေ။

" ငါ အကြံရပြီ " ပိုင်ရှောင်ချန်းက သူ့ကို ပြန်လှည့်ကြည့်ရင်း ပြောသည်။

" မင်း နာမည်ပြောင်းချင်ခဲ့တဲ့ အကြောင်း ပြောရအောင်။ ငါ တကယ့်အကောင်းဆုံးနာမည်ကို တွေးမိတယ်ကွ"

ပိုင်ရှောင်ချီမှာ ချက်ချင်းပင် စိတ်ထဲ၌ နောင်တများဖြင့် အော်ဟစ်ငိုကြွေးမိတော့သည်။ အငြှိုးကြီးသော ပိုင်ရှောင်ချန်းက သူ့အား မည်သည့်နာမည်ပေးမည်ကို ကြောက်သဖြင့် သူက ကပျာကယာပြောလိုက်သည်။

" သခင်လေး အဲဒီ အစောင့်အရှောက်ဝိညာဥ်ကြီးကို စုပ်ယူပြီးတဲ့နောက် ကျွန်တော့်ကိုယ်ထဲက စွမ်းအားတွေ အများကြီး နိုးထလာခဲ့တယ်။ ကျွန်တော် အခုထက်ထိတော့ ဟိုလှေထဲက လောကနတ်ဘုရားကျွန်တွေ ယပ်တောင်ဆီက ထွက်သွားအောင် မလုပ်နိုင်သေးပေမယ့် သခင်လေး ရဲ့ သိုင်းလေ့ကျင်ဖော်ဖြစ်အောင် ဆင့်ခေါ်ပေးနိုင်တယ်။ ဒါဆိုရင် လောကနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ အသားကျသွားလိမ့်မယ်။ ပြီးရင် သခင်လေး ထာဝရ အင်မော်တယ်နယ်မြေတွေဆီ ပြန်တဲ့အခါ သခင်လေးကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို သေချာပေါက် ချုပ်ကိုင်နိုင်လိမ့်မယ်"

ပိုင်ရှောင်ချန်းက သူ့ကို မယုံကြည်လောက်မည်ကို သော်လည်းကောင်း၊ ကမ်းလှမ်းရန် အခွင့်အရေးမပေးမည်ကိုသော်လည်းကောင်း စိတ်ပူသဖြင့် သူက မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီး သူထုတ်နိုင်သမျှ နတ်ဘုရားအာရုံအားလုံးကို ယပ်တောင်မျက်နှာပြင်ထံ ပေးပို့လိုက်သည်။

ချက်ချင်းပင် လောကနတ်ဘုရားကျွန် နှစ်ယောက်ထဲက တစ်ယောက် တုန်ရီသွားပြီး သူ၏မျက်လုံးများ လင်းလက်လာတော့သည်။ သူက ထရပ်၍ ရိပ်ခနဲ လှုပ်ရှားကာ ယပ်တောင်မျက်နှာပြင်၏ ကမ္ဘာအတွင်းရှိ လေထုထဲပျံတက်လိုက်သည်။

သူက ပိုင်ရှောင်ချန်းဘက်သို့ လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

" ဂါဝရပြုပါတယ် သခင် "

ပိုင်ရှောင်ချန်းသည် လောကနတ်ဘုရားကျွန်များအား သူနှင့်အတူ ခေါ်သွားရန် မျှော်လင့်ခဲ့ပြီး မခေါ်နိုင်သည့်အတွက် စိတ်ပျက်သွားသော်လည်း သူတို့နှင့် နည်းနည်းပါးပါး လေ့ကျင့်ရသည်မှာလည်း အဆင်ပြေမည်ဖြစ်သည်။ ပိုင်ရှောင်ချီက ပိုင်ရှောင်ချန်း၏မျက်လုံးများ တောက်ပစွာ လင်းလက်နေသည်ကို မြင်သောအခါ သူ၏ရင်ထဲက အလုံးကြီးကျသွားလေသည်။

" သခင်လေး "

သူက ခခယယ ပြောသည်။

" အရှင်မိုးမြေဧကရာဇ်က အဲဒီ လောကနတ်ဘုရားကျွန်တွေကို ဖမ်းဆီးပြီး မန္တန်အစီအရင်တွေနဲ့ ချိတ်ပိတ်ထားခဲ့တာ။ မိုးမြေဧကရာဇ်တစ်ပါးပဲ သူတို့ထက် ကျော်နိုင်လောက်တယ်"

ပိုင်ရှောင်ချီကို လျစ်လျူရှု၍ ပိုင်ရှောင်ချန်းက ယပ်တောင်မျက်နှာပြင်၏ ကမ္ဘာထဲ ဝင်ရောက်လိုက်သည်။

" လာစမ်းပါ တိုက်ခိုက်ကြတာပေါ့ "

ထိုစကားများ သူ၏ ပါးစပ်မှထွက်သွားချိန်မှာပင် သူက တိုက်ခိုက်တော့သည်။

All Chapters