← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) - လူ့တိရစ္ဆာန် အမျိုးသားဇာတ်လိုက်ခန္ဓာထဲသို့ ကူးပြောင်းလာခြင်း၊ ကမ္ဘာနှစ်ခု ကူးသန်းနိုင်သော တံခါးပေါက် ပွင့်လာပြီ...။

အရက်နှင့် အောက်သိုးသိုးအနံ့တို့ ရောစွက်နေသော အနံ့စူးစူးကြီးက သူ့နှာခေါင်းဝထဲ တိုက်ရိုက်တိုးဝင်လာသည်။

ချန်ရှင်း ကမန်းကတန်း မျက်လုံးဖွင့်ကြည့်လိုက်ရာ အရက်နာကျထားသည့် ခေါင်းကွဲလုမတတ် ကိုက်ခဲမှုကို ခံစားလိုက်ရပြီး ညည်းသံသဲ့သဲ့ ထွက်မိသွား၏။

ထိတ်လန့်နေသော ကြောင်ပေါက်လေးတစ်ကောင်လို တအင့်အင့်နှင့် အသံတိတ် ရှိုက်ငိုနေသော မိန်းကလေးတစ်ယောက်၏အသံက သူ့နံဘေးမှာ ပဲ့တင်ထပ် ထွက်ပေါ်နေသည်။ အသံကျယ်ကျယ် မငိုရဲရှာသော်လည်း သူမခမျာ အလွန်တရာ နာကျင်ခံစားနေရပုံပင်။

မူးနောက်နေသော ခေါင်းကို ခါယမ်းလိုက်ပြီးမှ အမြင်အာရုံက ကြည်လင်လာတော့သည်။ သူ ချက်ချင်း သတိပြုမိလိုက်သည်က လက်ထဲတွင် ဆုပ်ကိုင်မိထားသည့် အရက်ပုလင်းခွံတစ်လုံးပင်။

“တောင်း… တောင်းပန်ပါတယ်… ကျွန်မကို မရိုက်ပါနဲ့တော့…. အိမ်မှာ တကယ်… တကယ် ပိုက်ဆံ တစ်ပြားမှ မကျန်တော့လို့ပါ…”

မိန်းကလေးမှာ ငိုသံပါနေပြီး အကြောက်တရားများဖြင့် ပြည့်နှက်ကာ တုန်ယင်နေလေသည်။

အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ ချန်ရှင်း တစ်ကိုယ်လုံး အေးစက်သွားတော့၏။

*ဒါ ဘယ်လိုအခန်းကြီးလဲ…*

ရွှံ့နံရံများမှာ မညီမညာဖြစ်နေပြီး သက်ကယ်မိုးထားသော အမိုးမှာလည်း ကျဲတောက်တောက်နိုင်လှသည်။ အမိုးပေါက်များကြားမှတစ်ဆင့် နေရောင်ခြည် အလင်းတန်းအချို့ ဖြာကျနေပြီး လေထဲတွင် လွင့်ပျံနေသော ဖုန်မှုန့်များကို အထင်းသား မြင်တွေ့နေရသည်။

အခန်းထဲတွင် ဟောင်းနွမ်းနေသော သစ်သားကုတင်အိုတစ်လုံးနှင့် ခြေတစ်ပေါင်ကျိုး စားပွဲတစ်လုံးသာ ရှိနေသည်။ ထိုစားပွဲ ပြိုမကျစေရန် အုတ်ခဲအချို့ဖြင့် ခုကာ ထောက်ထားရသေး၏။

"အခွံပဲ ကျန်တယ်" ဟူသော စကားမှာ ဤနေရာအတွက် ကွက်တိ ဖန်တီးထားသကဲ့သို့ပင်။

ကုတင်ဘေး ကြမ်းပြင်ပေါ်မှာတော့ မိန်းကလေးတစ်ယောက်က ကျုံ့ကျုံ့လေး ထိုင်လျက် တသိမ့်သိမ့် ငိုရှိုက်နေလေသည်။

သူမ မော့ကြည့်လာသောအခါ မျက်ရည်များဖြင့် ရွှဲနစ်နေသော မျက်နှာလေးတစ်ခု အထင်းသား ပေါ်လာ၏။

မည်သည့် ယောက်ျားမဆို အသက်ရှူမှားသွားစေနိုင်သည့် မျက်နှာမျိုးပင်။

မိုးမခွရွက်ကဲ့သို့ သွယ်လျလျ မျက်ခုံးများ၊ ဗာဒံစေ့သဏ္ဌာန် မျက်လုံးဝိုင်းအစုံ၊ သွယ်စင်းစင်း နှာတံကနေ ဆက်ဆင်းသွားလျှင်တော့ ချယ်ရီသီးလို နီထွေးနေသော နှုတ်ခမ်းတစ်စုံက စောင့်ကြိုနေပေသည်။

သူမ၏ အသားအရေမှာ နုနယ်ပုံရသော်လည်း ယခုတွင်မူ ထိတ်လန့်ကြောက်ရွံ့မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် သူမ မျက်နှာလေးက သွေးဆုတ်ကာ ဖြူရော်နေလေသည်။

မျက်တောင်ရှည်လေးများပေါ်တွင် မျက်ရည်စများ တွဲလဲခိုနေပြီး ငိုရှိုက်လိုက်တိုင်း တသိမ့်သိမ့်တုန်တက်သွားသော သူမကို ကြည့်ရသည်မှာ အားနွဲ့သော်လည်း ခေါင်းမာသည့်ဟန်လေးပင်။

သူ နေထိုင်ခဲ့သော ခေတ်သစ်ကမ္ဘာတွင် ချန်ရှင်းတစ်ယောက် Filterအမျိုးမျိုးသုံးကာ ပြုပြင်ထားသော အလှအပများနှင့် ရင်းနှီးနေကျ ဖြစ်သော်လည်း သူ့ရှေ့ရှိ မိန်းကလေးမှာမူ ရင်သပ်ရှုမောဖွယ် လှပကြောင်းကိုတော့ ဝန်ခံရပေမည်။ ယင်းမှာ မေတ္တာစိတ် ယိုဖိတ်ချင်စရာကောင်းပြီး ဖန်တီးပြုပြင်ထားခြင်းမရှိသည့် သဘာဝ အလှစစ်စစ် ဖြစ်လေသည်။

ထိုစဉ်မှာပင် မှတ်ဉာဏ် အရှုပ်အထွေးများစွာက ရုတ်တရက်ကြီး သူ့ခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာတော့၏။

၁၉၇၀ ခုနှစ် နှောင်းပိုင်းကာလ၊ ချင်ရွှေရွာတွင် နေထိုင်သည့် ချန်ရှင်းဟူသော ဆန်ကုန်မြေလေးတစ်ယောက်…၊ အိမ်တွင်းအကြမ်းဖက်သူ၊ လောင်းကစားနှင့် အရက်စွဲနေသူ၊ အများတကာ ရွံရှာစက်ဆုပ်သော လူ့တိရစ္ဆာန်အဖြစ် အသက်ရှင်ခဲ့သူ…။

အာဇာနည်စာရင်းဝင်သော မိဘနှစ်ပါး၏ သားတစ်ယောက် ဖြစ်သော်လည်း မိဘများ ချန်ရစ်ခဲ့သမျှ ထောက်ပံ့ကြေး အားလုံးကို အလဟဿ ဖြုန်းတီးပစ်ခဲ့သူ ဖြစ်သည်။

ရုပ်ချော ပညာတတ် မြို့သူလေးတစ်ယောက်နှင့် လက်ထပ်နိုင်ခဲ့သော်လည်း သူမကို နည်းနည်းလေးမှ တန်ဖိုးမထားရုံသာမက အမြဲ ဆဲဆိုရိုက်နှက်နေခဲ့သည်။

မိုးရေစိုနေသော သစ်တော်ပန်းလေးပမာ ငိုကြွေးနေရှာသည့် မျက်ရည်စက်လက် အလှလေးမှာ သူ့ဇနီး ရွှီချင်းချင်း ဖြစ်လေသည်။

*သောက်ကျိုးနည်း…၊ တကယ့် လူယုတ်မာပဲ*

ချန်ရှင်း စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။

ဤအလှပဂေးလေး၊ ပွင့်ဖူးငုံလေးနှင့် လင်မယားအရာပင် မမြောက်သေးသည့် မူလခန္ဓာပိုင်ရှင် အရူးကောင်က သူမအပေါ် လက်ပါရက်သည်လား…။ ၂၁ ရာစုမှာဆို သူမက လူဘယ်လောက်များများရဲ့ အိပ်မက်ထဲက နတ်သမီးလေး ဖြစ်နေလိမ့်မလဲ။

ဒေါသထွက်ထွက်ဖြင့် လက်ထဲက အရက်ပုလင်းကို သူ ပစ်ပေါက်လိုက်ရာ ပုလင်းလွတ်မှာ တဂွမ်ဂွမ် အသံနှင့်အတူ မြေကြီးပေါ် နှစ်ပတ်လိမ့်သွား၏။ ရွှီချင်းချင်းလည်း ထပ်မံတုန်လှုပ်သွား၏။

သူမ ပုံစံကို မြင်လိုက်ရသောအခါ ရှန်ချင်းလည်း စိတ်ပျော့သွားပြီး နှစ်သိမ့်ရန် လက်ကမ်းပေးရင်း

“ကြမ်းပြင်က အေးနေတယ်။ အရင်ဆုံး ထလိုက်ပါ”

ရွှီချင်းချင်း၏ လက်မောင်းကို ချန်ရှင်း ထိလိုက်စဉ်မှာပင် သူမထံမှ ပြင်းထန်သော အပူရှိန်ကို ခံစားလိုက်ရလေသည်။

“မင်း ကိုယ်ပူနေတာလား”

ချန်ရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ရွှီချင်းချင်း မတ်တတ်ရပ်နိုင်အောင် သူက ထူမပေးလိုက်၏။ မိန်းကလေးမှာ ယိုင်နဲ့နေပြီး ကိုယ်အလေးချိန် မရှိသလောက်နီးပါးပင်။ ထို့အပြင် သူမ တစ်ကိုယ်လုံး တုန်ခါနေပုံမှာ အဖျားကြောင့်လား ကြောက်ရွံ့မှုကြောင့်လား မပြောတတ်တော့ပေ။

“ဆရာဝန် ပြဖို့ လိုနေပြီ”

ချန်ရှင်း အလိုလို ဆုံးဖြတ်ချက်ချလိုက်မိသော်လည်း ချက်ချင်းပဲ အတွေးတစ်ခု ဝင်လာပြီး မချိပြုံး ပြုံးလိုက်မိသည်။

မှတ်ဉာဏ်များ၏ ပြောပြချက်အရ ဤမိသားစုသည် ဆရာဝန်ပြနိုင်ဖို့ နေနေသာ၊ ပြောင်းဖူးမှုန့်တစ်ပေါင်တောင် မဝယ်နိုင်ရှာပေ။

သူ အိတ်ကပ်ထဲ အလိုအလျောက် စမ်းကြည့်မိလိုက်သော်လည်း စုတ်ပြဲနေသော အိတ်ကပ်အတွင်း ပေါက်ပြဲရာများမှ လွဲ၍ မည်သည့်အရာမှ ရှိမနေပေ။

သူ တစ်ခန်းလုံးနီးပါး မွှေနှောက်ရှာကြည့်သော်လည်း ရလဒ်က အချည်းနှီးပင်။

အခန်းထဲတွင် ခုတင်နှင့် စားပွဲမှ လွဲ၍ ရောင်းချနိုင်သည့် မည်သည့်အရာမှ ရှိမနေခြင်း ဖြစ်သည်။

ဘာလုပ်ရမည်နည်း…။

အဖျားပိုးက သူမ ဦးနှောက်ထဲ ဝင်ဖျက်သည်အထိ ဒီတိုင်း ကြည့်နေရမည်လော…။

အခန်းကျဉ်းလေးထဲတွင် ချန်ရှင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေပုံက ဒယ်အိုးပူပေါ်၌ ဆောက်တည်ရာမရ ဖြစ်နေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။

ထိုသို့ ကြံရာမရ လမ်းဆုံးနေစဥ်မှာပဲ ရုတ်တရက် စက်ရုပ်ဆန်သော အေးစက်စက် အသံတစ်သံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာတော့သည်။

[ဒင်…၊ လက်ခံသူ၏ ပြင်းပြသော ဆန္ဒကို ထောက်လှမ်းမိပါသည်။ ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ် တရားဝင် အသက်ဝင်ပါပြီ။]

[စနစ်အမည် - ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ်]

[စနစ်၏ လုပ်ဆောင်ချက် - လက်ခံသူသည် စွမ်းအင်သုံးစွဲ၍ ၁၉၇၀ နှင့် ၂၁ရာစု ဆက်သွယ်ထားသော တံခါးပေါက်ကို ဖွင့်လှစ်နိုင်ပြီး ကမ္ဘာနှစ်ဖက် ကူးသန်းသွားလာနိုင်မည်ဖြစ်သည်။]

[မှတ်ချက် - သတ်မှတ်ချက် ပြည့်မီသော အမျိုးသမီးများနှင့် ချိတ်ဆက်ပြီး သူတို့၏ ခံစားချက်များမှတစ်ဆင့် စွမ်းအင် ရယူနိုင်မည်ဖြစ်သည်။]

ချန်ရှင်း ခြေလှမ်းများ ရပ်တန့်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နေရာမှာပင် တောင့်တင်းသွား၏။

*စနစ်လား…၊ ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်လား…*

ခေတ္တမျှ မှင်တက်နေပြီးနောက် အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်မှုက သူ့တစ်ကိုယ်လုံးကို ချက်ချင်းပဲ လွှမ်းခြုံသွားတော့သည်။

*ကောင်းကင်ဘုံဟာ ဘယ်တော့မှ ချောင်ပိတ်မထားဘူး*

(TN- ဘယ်အကျပ်အတည်းမဆို ထွက်ပေါက်တစ်ခုတော့ ရှိတယ်လို့ ဆိုလိုတာပါ)

ခုတင်ဘောင်ကို မှီထားပြီး တုန်ယင်နေရှာသည့် ရွှင်ချင်းချင်းကို သူ ငုံ့ကြည့်လိုက်၏။

မိန်းကလေး၏ ပါးပြင်က အဖျားကြောင့် နီမြန်းနေသည်။ သူမ နှုတ်ခမ်းလေးကလည်း ခြောက်သွေ့အက်ကွဲနေ၏။ သူမ မျက်လုံးများ ဝေဝါးနေသော်လည်း သူ့ကိုတော့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေဆဲပင်။

ထိုမိန်းကလေး အရိုးများထိတိုင် ကြောက်ရွံ့နေပုံကို မြင်ရသောအခါ ချန်ရှင်း၏ နှလုံးသားထဲ အပ်ပေါင်းများစွာ စူးဝင်စိုက်လာသလို ခံစားလိုက်ရပြီး အလွန်နာကျင်ကိုက်ခဲသွားလေတော့သည်။

မကြာသေးမီက ရရှိလိုက်သော ပျော်ရွှင်မှုသည်ပင် ချက်ချင်း အေးစက်ပျောက်ကွယ်သွားပြီး အပြစ်ရှိစိတ်နှင့် သနားကရုဏာသက်မှုက ဝင်ရောက်လာလေသည်။

သူ အသက်ဖြည်းဖြည်းရှူလိုက်ပြီးနောက် ဘယ်တုန်းကမှ မပြောခဲ့ဖူးသော အညင်သာဆုံး လေသံဖြင့် သူမကို နှစ်သိမ့်ရန် ကြိုးပမ်းလိုက်သည်။

“မကြောက်ပါနဲ့၊ ဒီမှာ လှဲပြီး နားနေလိုက်၊ ကိုယ် ဆရာဝန် ခေါ်ပေးမယ်နော်”

သူမကို ခုတင်ပေါ် လှဲအိပ်စေလိုသောကြောင့် သူ့ လှုပ်ရှားမှုများကို အညင်သာဆုံးဖြစ်အောင် ကြိုးစားလိုက်သည်။

သို့သော် ရွှီချင်းချင်း၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားရုံသာမက မျက်လုံးများမှာလည်း ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေလေသည်။ ချန်ရှင်း ရုတ်တရက်ကြီး ထုတ်ဖော်လိုက်သော သနားကြင်နာမှုက ဆဲဆိုရိုက်နှက်ခြင်းထက် ပိုကြောက်စရာကောင်းသည့် နှိပ်စက်မှုတစ်မျိုးလားဟု သူမ သံသယဝင်နေမိသည်။

သူမ လုံးဝ မလှုပ်ရဲဘဲ အသက်အောင့်ထားမိ၏။ ယဇ်ပူဇော်ခံရတော့မည့် အချိန်ကို စောင့်ဆိုင်းနေရသည့် သိုးငယ်လေးတစ်ကောင်အလားပင်။

ထိုသည်ကို မြင်ပြီးနောက် ချင်ရှင်းလည်း စိတ်ထဲမှာပဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

မူလခန္ဓာပိုင်ရှင် ကျူးလွန်ထားသော အပြစ်များက အလွန်များနေခဲ့လေပြီ။ သူ အချိန်ယူကာ ကြိုးစားပြောင်းလဲရပေမည်။ ရောမမြို့ကြီးကိုပင် တစ်ရက်တည်းဖြင့် အပြီးဆောက်၍ မရနိုင်သည် မဟုတ်ပါလား။

စကားလုံးများဖြင့် နှစ်သိမ့်မနေတော့ပေ။ ချန်ရှင်း အနည်းငယ် ငုံ့လိုက်ပြီး သူမကို ငြင်းဆန်ခွင့်မပေးဘဲ ပွေ့ချီမလိုက်သည်။

ရွှီချင်းချင်း၏ ခန္ဓာကိုယ်က ငှက်မွေးသဖွယ် ပေါ့ပါးနေ၏။

သူမ ရုတ်တရက် လန့်ဖြန့်သွားပြီး သူ့ကို တွန်းဖယ်ရန် အလိုအလျောက် ကြိုးစားမိလိုက်သည်။ သို့သော် အားကုန်မသုံးရဲရှာပေ။

ချန်ရှင်းက သူမ၏ ရုန်းကန်မှုကို လျစ်လျူရှုထား၏။ သူမကို ညင်ညင်သာသာ ချုပ်ပြီး ခုတင်ပေါ်တွင် ချထားလိုက်ကာ ခပ်ပါးပါး စောင်အစုတ်လေး ခြုံပေးလိုက်လေသည်။

အားလုံး လုပ်ဆောင်ပြီးနောက် သူ ခါးဆန့်ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။

ရွှီချင်းချင်းခမျာ လုံးဝကို ကြောင်အနေ၏။ ခုတင်ပေါ်တွင် လှဲရင်း သူမ ရှေ့က အမျိုးသားကိုသာ မယုံနိုင်စွာ ငေးကြည့်နေမိလေသည်။

သူမ အရင်းနှီးဆုံး ဤမျက်နှာမှာ ပြောင်းလဲမသွားသော်လည်း ယခင်က ရှိခဲ့ဖူးသော ခက်ထန်မှုနဲ့ ဒေါသကြီးမှုတို့ကတော့ ပျောက်ကွယ်သွားပုံရသည်။ ထိုနေရာတွင် သူမ နားမလည်နိုင်သော တစ်စုံတစ်ခုက အစားထိုးဝင်ရောက်နေလေပြီ။

သူမကို မရိုက်နှက်ခဲ့…၊ မဆဲဆိုခဲ့ရုံသာမက ခုတင်ပေါ်သို့ပင် ပွေ့ချီကာ တင်ပေးလိုက်သည်လား…။

သူမ နှာတစ်ချက်ရှုံ့လိုက်မိပြီး မျက်လုံးများ နီရဲလာကာ မျက်ရည်များ ထိန်းမနိုင် သိမ်းမရ ကျဆင်းလာတော့သည်။ သူမ အကြည့်ထဲတွင် တွေဝေရှုပ်ထွေးမှုများ အပြည့်ပင်။

[ဒင်…၊ စွမ်းအင် လုံလောက်သွားပါသဖြင့် ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်ကို အချိန်မရွေး ဖွင့်လှစ်နိုင်ပါပြီ။ သင် ယခုချက်ချင်း ကူးပြောင်းလိုပါသလား…]

စနစ်၏ သတိပေးသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီးနောက် ချန်ရှင်းလည်း အလွန်ဝမ်းသာသွားလေသည်။ အလုပ်ဖြစ်ခဲ့လေပြီ…။

ရွှီချင်းချင်းရှိရာဘက်သို့ လှည့်ပြီး တည်ငြိမ်စွာ သူ ပြောလိုက်သည်။

“လှဲနေလိုက်ဦး၊ စားစရာတစ်ခုခု သွားရှာလိုက်မယ်။ ခဏနေ ပြန်လာခဲ့မယ်”

သူ့လေသံက ခံစားချက် မပါဘဲ သာမန်ကာလျှံကာ ဖြစ်သည်။

*စားစရာ သွားရှာမှာလား*

ထိုစကားလုံးများက ရွှီချင်းချင်းအတွက်တော့ မိုးကြိုးပစ်ချခံလိုက်ရသည့်အလားပင်။

သူမ စိတ်ပျက်အားငယ်စွာဖြင့် မျက်လုံးမှိတ်ချလိုက်သည်။

*သူ လောင်းကစား သွားလုပ်ဦးမှာလား။ ဒီအိမ်ထဲမှာ ရောင်းစရာလည်း ဘာမှမကျန်တော့ဘူးလေ။*

ရွှီချင်းချင်း၏ ခန္ဓာကိုယ်လေးက ထိန်းမနိုင် သိမ်းမရ တုန်ယင်လာတော့သည်။ မသွားရန် တောင်းပန်ချင်သောကြောင့် သူမ မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း ရှန်ချင်း၏ နက်မှောင်သော အကြည့်နှင့်သာ ဆုံတွေ့လိုက်ရပြီး ဘာသံမှ မထွက်နိုင်တော့ပေ။ သူ့မျက်လုံးထဲရှိ တည်ငြိမ်ပြတ်သားမှုကြောင့် သူမ ပြောချင်သော စကားလုံးများက လည်ချောင်းထဲတွင်သာ တစ်ဆို့သွားတော့သည်။

သူမ မျက်လုံးထဲရှိ စိတ်ပျက်အားငယ်မှုကို ချန်ရှင်း မြင်လိုက်ရပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် မချိပြုံးသာ ပြုံးပြလိုက်ရလေသည်။

ရှင်းပြနေလည်း အလကားပင်။

အကြိမ်ကြိမ် နာကျင်အောင် လုပ်ခံထားရသူတစ်ယောက်အတွက် လက်တွေ့လုပ်ရပ်က လွဲပြီး မည်သည့်စကားလုံးများကမှ အသုံးမဝင်ကြောင်း သူသိပေသည်။

သူ ထပ်မပြောတော့ပေ။ ခပ်သွက်သွက်သာ လျှောက်သွားပြီး တကျွီကျွီ မြည်နေသော သစ်သားတံခါးကို ဆွဲဖွင့်လိုက်၏။ ထို့နောက် သေချာပြန်ပိတ်ပေးခဲ့ပြီး သူမ မမြင်ကွယ်ရာသို့ ထွက်ခွာသွားလိုက်တော့သည်။

“ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ်ကို အသက်သွင်းပါ”

ချန်ရှင်း တိတ်တဆိတ် ရေရွတ်လိုက်လေပြီ....။

အခန်း (၂) - ဝက်သုံးထပ်သား တစ်ပိဿာခွဲ

ထိုစကားလုံးများ အဆုံးမှာပင် နူးညံ့သော အလင်းဖြူဖြူလေးတစ်ခုက သူ့မျက်စိရှေ့၌ ရုတ်တရက် ထွက်ပေါ်လာလေသည်။

အလင်းတန်းများ လည်ပတ်သွားပြီးနောက် နည်းပညာမြင့် ပေါ်တယ်သဏ္ဌာန် ဖြူလွလွ ဝဲကတော့ပုံ တံခါးပေါက်တစ်ခုက သူ့ရှေ့၌ ပေါ်လာတော့သည်။

ချန်ရှင်း တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ အထဲသို့ တန်းခနဲ လှမ်းဝင်သွားလိုက်၏။

ခေါင်းအနည်းငယ် မူးနောက်သွားပြီးနောက် သူ မျက်လုံးပြန်ဖွင့်ကြည့်လိုက်ချိန်တွင်တော့ ပတ်ဝန်းကျင်မြင်ကွင်းက လုံးဝကို ကွဲပြားသွားခဲ့လေပြီ။

ကျဥ်းမြောင်းသော်လည်း သပ်ရပ်နေသည့် အငှားခန်းလေးတစ်ခန်း၊ နံရံပေါ်က အန်နီမဲ ပိုစတာများ၊ စားပွဲပေါ်၌ လွှင့်မပစ်ရသေးသော ခေါက်ဆွဲဘူးခွံတစ်ခုနှင့် လင်းနေဆဲ ကွန်ပျူတာဖန်သားပြင်...။

ရင်းနှီးနေသော်လည်း စိမ်းသက်သက်ဖြစ်နေသည့် အနံ့တစ်ခုက သူ့ထံ တိုးဝင်လာသည်။

ချန်ရှင်း လောဘတကြီးဖြင့် လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ မြို့ပြ၏ ဖုန်မှုန့်ရောစွက် လေထုနှင့် သူ အလွန်ရင်းနှီးခဲ့သည် မဟုတ်ပါလား။

*သိပ်ကောင်းတယ်…*

သူ အချိန်မဖြုန်းနေတော့ဘဲ စားပွဲပေါ်ရှိ ဖုန်းနှင့် သော့ကို ကောက်ယူကာ တံခါးပေါက်ဆီသို့ အပြေးထွက်လာခဲ့သည်။

အောက်ထပ်သို့ ရောက်သောအခါ ၂၄ နာရီ ဖွင့်သော ဆေးဆိုင်တစ်ဆိုင်ကို သူ အလျင်အမြန် ရှာတွေ့သွား၏။

"အအေးမိပျောက်ဆေး၊ အဖျားကျဆေး၊ အရောင်ကျဆေးနဲ့ ဂလူးကို့စ်ရည် တစ်ဘူး ပေးပါ"

ချန်ရှင်း တိုတိုတုတ်တုတ် ပြောလိုက်သည်။

ဆေးဆိုင်ဝန်ထမ်းကလည်း သူ အလောတကြီးဖြစ်နေသည်ကို မြင်သောကြောင့် ဘာမှ ဆက်မမေးတော့ဘဲ ဆေးများကို အမြန်ထည့်ပြီး သူ့ထံ ကမ်းပေးလိုက်သည်။

အသက်ကယ်ဆေးများကို ဆုပ်ကိုင်ထားရင်း ချန်ရှင်း ခဏလေးမှ တုံ့ဆိုင်းမနေဘဲ ဘေးဘက်ရှိ မီးရောင်စုံစုံ စူပါမားကတ်ထဲသို့ တန်းခနဲ ဝင်သွားလိုက်သည်။

ညဘက်ဖြစ်၍ စူပါမားကတ်ထဲတွင် လူသိပ်မရှိလှပေ။ သူက တွေဝေမနေဘဲ ဈေးဝယ်လှည်းကို တွန်းသွားလိုက်သည်။

ဆန်၊ ဂျုံမှုန့်နှင့် ဟင်းချက်ဆီ၊ တစ်မျိုးချင်းစီကို ယူလိုက်၏။

အသားတန်းကို ဖြတ်သွားချိန်တွင် သူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ချိတ်ဆွဲထားသော ဝက်သားတွဲများထံ လက်ညှိုးထိုးပြလိုက်သည်။ အထူးသဖြင့် အဆီအများဆုံး ဝက်သုံးထပ်သားကို ညွှန်ပြရင်း အရောင်းဝန်ထမ်းအား ပြောလိုက်သည်။

"ဒီအသားတုံးကို ၁ပိဿာခွဲလောက် ပေးပါ"

အရောင်းဝန်ထမ်း၏ ဓားချက်အောက်တွင် အဆီနှင့် အသား တစ်ထပ်စီ ပါဝင်သော ဝက်သုံးထပ်သားကြီး ဘုန်းခနဲ ပြုတ်ကျလာပြီးနောက် သူ့ထံသို့ ပလတ်စတစ်အိတ်ဖြင့် ထုပ်လျက်သားလေး ရောက်ရှိလာသည်။

အလေးချိန်က စီးပိုင်နေပြီး အပြည့်အဝ စိတ်ချရမှု ရှိလေသည်။

ချန်ရှင်းတစ်ယောက် ဆား၊ ပဲငံပြာရည်နှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များကိုလည်း ယူလိုက်သေးသည်။ ထို့နောက် ယုန်ဖြူတံဆိပ် နို့သကြားလုံး တစ်ထုပ်ကိုပါ ကောက်ယူလိုက်၏။

ငွေရှင်းကောင်တာ၏ အီလက်ထရောနစ် ဖန်သားပြင်ပေါ်မှ တဖျတ်ဖျတ် လင်းနေသော ဂဏန်းများကို ကြည့်ရင်း ချန်ရှင်း တစ်ခဏမျှ ငေးမောသွားမိသည်။

ခေတ်သစ်တွင် သာမန်ဟု ထင်ရသော ဤပစ္စည်းများသည် ၁၉၇၀ ခုနှစ်များက ချင်ရွှေရွာအတွက်မူ မည်သည့်မိသားစုကိုမဆို မနာလိုဖြစ်သွားစေလောက်သည့် စည်းဇိမ်ခံစရာများ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

အရာအားလုံး လျှပ်တစ်ပြက်ပင်။

အိတ်ကြီးအိတ်ငယ်များ ဆွဲရင်း အငှားခန်းလေးဆီသို့ သူ အပြေးတစ်ပိုင်း ပြန်လာခဲ့သည်။

ဝုန်းခနဲ အသံနှင့်အတူ ပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ် ပုံချလိုက်ပြီးနောက် ထုပ်ပိုးထားသမျှ အမြန် ဆွဲဖြဲလိုက်တော့သည်။

ပလတ်စတစ်အိတ်များ၊ စက္ကူဖာများ၊ စျေးနှုန်းတံဆိပ်များ... ၂၁ ရာစု၏ အရိပ်အယောင်များ ပါဝင်နေသည့် အရာအားလုံးကို ဆွဲဆုတ်ကာ လုံးခြေပြီး အမှိုက်ပုံးထဲ ထိုးထည့်လိုက်သည်။

ဆန်နှင့် ဂျုံမှုန့်များကို မီးဖိုချောင်ထဲမှ ရှာတွေ့လာသော အဝတ်အိတ် နှစ်လုံးထဲ ပြောင်းထည့်လိုက်ပြီး ဝက်သုံးထပ်သားကိုတော့ ဆီစက္ကူနှင့် ပတ်ကာ ကောက်ရိုးကြိုးဖြင့် ချည်နှောင်လိုက်သည်။

(TN-ကောက်ရိုးတွေ စုပြီး ကျစ်ထားတဲ့ ကြိုးပါ။)

ဤသို့ ပုံဖျက်လိုက်ပြီးနောက်မှာတော့ သူ ဝယ်လာသည့် ပစ္စည်းများမှာ သမဝါယမ အရောင်းဆိုင်များမှ လက်သိပ်ထိုး ရလာသော ကုန်ပစ္စည်းကောင်းများနှင့် တူသွားတော့သည်။

အားလုံး ပြီးစီးသွားပြီးနောက် စားပွဲပေါ်တွင် ပြင်ဆင်ထားသော ဆေးဝါးများနှင့် အစားအစာများကို သူ ကြည့်လိုက်ရာ ချန်ရှင်း စိတ်ထဲ အတော်လေး တည်ငြိမ်အေးချမ်းသွားလေသည်။

"ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ်ကို ဖွင့်ပါ"

မြင်ဖူးခဲ့ပြီဖြစ်သော အလင်းဖြူဖြူ ဝဲကတော့ကြီးက နောက်တစ်ကြိမ် ထွက်ပေါ်လာလေပြီ။ ချန်ရှင်းလည်း လက်တစ်ဖက်တွင် ဆန်နှင့် ဂျုံများကို ဆွဲထားပြီး ကျန်လက်တစ်ဖက်က အသားနှင့် ဆေးများကို ကိုင်ဆောင်ထားလျက် တစ်ချက်လေးမျှ တုံ့ဆိုင်းမနေဘဲ ထပ်မံ ဝင်ရောက်သွားခဲ့လေသည်...။

ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်လေးထဲတွင်တော့ ရွှီချင်းချင်းခမျာ ကုတင်ပေါ်၌ ကွေးကွေးလေး လှဲနေပြီး အဖျားတက်ကာ ဝေဝါးနေရှာသည်။

သို့သော် သူမက နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး အိပ်ပျော်မသွားစေရန် ကြိုးစားနေ၏။

သူမ ကြောက်နေသည်။

ထိုယောကျ်ား ပြန်ရောက်လာမည်ကို ကြောက်ရွံ့နေခြင်းပင်။

သူက စားစရာ သွားရှာမည်ဟု ပြောသွားခဲ့သော်လည်း အခွံသာ ကျန်တော့သည့် ဤနေရာအတွက် လောင်းကစားလုပ်ခြင်းမှလွဲ၍ သူ ဘာများ လုပ်နိုင်ဦးမည်နည်း။

လောင်းကစားရှုံးပြီး ပြန်လာမည့် သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးနီနီများကို တွေးမိလိုက်ရုံဖြင့် ရွှီချင်းချင်း၏ ခန္ဓာကိုယ်လေးမှာ ထိန်းမနိုင် သိမ်းမရ တုန်ယင်လာတော့သည်။

ထိုစဉ် တံခါးအပြင်ဘက်မှ ရင်းနှီးနေကျ ခြေသံက ထပ်မံ ထွက်ပေါ်လာလေပြီ။

*ဒီလောက် မြန်မြန်လား...*

ရွှီချင်းချင်း၏ နှလုံးသားလေး ခုန်ပေါက်နေပုံက လည်ချောင်းဝအထိ ရောက်လုမတတ်ပင်။

"ကျွီ..."

သစ်သားတံခါးဟောင်းကြီး ပွင့်သွားပြီးနောက် လူရိပ်တစ်ခုက အလင်းရောင်ကို ကျောခိုင်းလျက်သား ဝင်ရောက်လာသည်။

ရွှီချင်းချင်း အလွန်အမင်း ထိတ်လန့်သွားပြီး ခုတက်ထောင့်သို့ အလိုလို ကျုံ့ဝင်သွားကာ စုတ်ပြဲနေသော စောင်ကို သူမလက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။ သူမ၏လက်ဆစ်များပင် ဖြူရော်နေလေပြီ။

သို့သော် သူမ မျှော်လင့်ထားသော ရိုက်နှက်ဆဲဆိုမှုများက ထွက်ပေါ်မလာခဲ့ပေ။

တရှပ်ရှပ် မြည်သံများ ကြားလိုက်ရပြီးနောက် စားပွဲပေါ်သို့ အလေးချိန်စီးစီးတစ်ခု တင်လိုက်သကဲ့သို့ ဒုတ်ခနဲ မြည်သံကိုသာ ကြားလိုက်ရသည်။

အခန်းထဲမှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေ၏။

အချိန်အတော်ကြာသည့်တိုင် မည်သည့်လှုပ်ရှားမှုမှ မရှိသောကြောင့် ရွှီချင်းချင်းလည်း မနေနိုင်တော့ဘဲ စားပွဲဘက်ဆီသို့ မျက်လုံး အနည်းငယ်ဖွင့်ကာ တိတ်တဆိတ် ချောင်းကြည့်လိုက်မိသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ လုံးဝ မှင်တက်သွားတော့သည်။

ခြေတစ်ပေါင်ကျိုး စားပွဲစုတ်ပေါ်တွင် ဖောင်းကားနေသော အိတ်ဟောင်းကြီးတစ်ခု ရှိနေပြီး ၎င်း၏ အဝကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားခြင်း မရှိသဖြင့် အထဲမှ ဆီးနှင်းကဲ့သို့ ဖြူလွကာ ဝင်းလက်နေသော ဆန်စေ့များကို အထင်းသား မြင်နေရသည်။

နံဘေးမှာတော့ အခြား အိတ်တစ်လုံးနှင့် ဆီစက္ကူထုပ်တစ်ခုအပြင် စက္ကူထုပ်သေးသေးလေးများလည်း ရှိနေသေးသည်။

သူမ၏ အကြည့်က ကောက်ရိုးကြိုးဖြင့် ချည်နှောင်ထားသော ဆီစက္ကူထုပ်ပေါ်တွင် ရပ်တန့်သွား၏။

စက္ကူပေါ်တွင် ဆီများ စိမ့်ထွက်နေပြီး အထဲမှ အနီရောင်နှင့် အဖြူရောင်များကို ရေးရေးလေး မြင်နေရသည်။

*အဲဒါ... အသားလား...*

ရွှီချင်းချင်း၏ သူငယ်အိမ်များက အပ်တစ်ချောင်းစာအရွယ်အထိ ကျုံ့ဝင်သွားတော့သည်။

သူမ အဖျားတက်လွန်း၍ ကယောင်ကတမ်းဖြင့် ထင်ယောင်ထင်မှားဖြစ်နေခြင်းလား…။

မျက်တောင် ခပ်ပြင်းပြင်း ခတ်ကြည့်လိုက်သော်လည်း နေရောင်အောက်တွင် ပြောင်လက်နေသည့် အသားတုံးက ထိုနေရာ၌ပင် ရှင်းလင်းစွာ ရှိနေဆဲ ဖြစ်သည်။

ဗိုက်ကားအောင် စားရခြင်းကပင် ဇိမ်ခံမှုတစ်ခုဖြစ်နေသော ဤခေတ်အခါမျိုး၌၊ ချင်ရွှေရွာလို နေရာမျိုးတွင်၊ ဤမျှ ကြီးမားလှသော ဝက်သုံးထပ်သားတုံးကြီး ထားလိုက်ဦး၊ နှစ်သစ်ကူးအချိန် ဝေပေးသည့် အဆီတုံးသေးသေးလေး တစ်တုံးကပင် မိသားစုတစ်စုကို လဝက်ခန့် ပျော်ရွှင်သွားစေရန် လုံလောက်နေခဲ့သည် မဟုတ်ပါလား။

*သူ... သူ ဘယ်လိုလုပ် ရလာတာလဲ...*

*လုလာတာလား... ခိုးလာတာလား...*

ရွှီချင်းချင်း၏ ခေါင်းထဲတွင် ဗလာကျင်းသွားပြီး ကြောက်စရာကောင်းသော အတွေးပေါင်းများစွာက ချက်ချင်းဆိုသလို တဟုန်ထိုး ဝင်ရောက်လာတော့သည်။

သူမ အတွေးလွန်နေစဉ်မှာပင် ချန်ရှင်းက ရေတစ်ခွက် ကိုင်ရင်း လျှောက်လာ၏။

စက္ကူထုပ်ထဲမှ ထုတ်ယူလာသော အဖြူရောင် ဆေးလုံးနှစ်လုံးကို သူမ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်ပြီး မငြင်းဆန်နိုင်သော လေသံဖြင့် ပြောလိုက်သည်။

"ပါးစပ်ဟလိုက်၊ ဆေးသောက်ရအောင်"

ရွှီချင်းချင်းလည်း စက်ရုပ်တစ်ရုပ်လို ပါးစပ်ဟပေးလိုက်ပြီး ဆေးတိုက်သည်ကို ငြိမ်ခံနေလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ရေခွက်ကို ယူကာ တကျိုက်တည်း မော့သောက်လိုက်လေသည်။

ဤဖြစ်စဉ်တစ်လျှောက်လုံးတွင် သူမ၏ ဦးနှောက်က စဉ်းစားတွေးခေါ်မှုများ ရပ်တန့်နေခဲ့ပြီး

သူမသည် ဝိညာဉ်မဲ့ ရုပ်သေးရုပ်လေးတစ်ရုပ်အလားပင်။

ဆေးတိုက်ပြီးနောက် ချန်ရှင်းက စကားတစ်ခွန်းမှ မဟတော့ပေ။

ရှင်းပြနေခြင်းက အလကားပင်။ လက်တွေ့လုပ်ရပ်ကသာ အစွမ်းအထက်ဆုံး သက်သေပြချက် ဖြစ်သည်။

အခန်းထောင့်ရှိ ရွှံ့နှင့်အုတ်များဖြင့် ပြုလုပ်ထားသော ဖြစ်ကတတ်ဆန်း မီးဖိုလေးဆီသို့ သူ လှည့်ထွက်သွားပြီး အဖုံးကို မကြည့်လိုက်သည်။ ဒယ်အိုးက အခွံသာဖြစ်ပြီး အောက်ခြေတွင် ထမင်းချိုးအနည်းငယ်သာ ကပ်နေလေသည်။

သူ မျက်မှောင်ကြုတ်လိုက်မိပြီး ဆန်အိတ်ထဲမှ ဖြူဝင်းဝင်း ဆန်တစ်ဝက်ခန့်ကို ခပ်ထုတ်ကာ ရေစဆေးလိုက်သည်။ ရေဆေးသံ တဝေါဝေါက တိတ်ဆိတ်နေသော အခန်းလေးထဲတွင် အထူးတလည် ကျယ်လောင်စွာ ထွက်ပေါ်နေ၏။

မီးမွှေးပြီး ထင်းထည့်ကာ ထမင်းအိုးတည်လေပြီ။

ဆက်တိုက်လှုပ်ရှားမှုများက တစ်ချက်လေးမှ နှောင့်နှေးခြင်း မရှိပေ။

ထို့နောက် သူက ဝက်သုံးထပ်သားကို ယူလိုက်ပြီး ဓားမကြီးတစ်လက်ကို ဆွဲထုတ်ကာ သွေးကျောက်ပေါ်တွင် သွေးလိုက်ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ အသားလှီးတော့သည်။

အဆီနှင့် အသား တစ်ထပ်စီ ပါဝင်သော အသားတုံးကြီးက သူ့လက်ထဲတွင် အရွယ်အစားညီညီ ခပ်ပါးပါး အသားပြားများအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့၏။

သူ၏ ဓားကိုင်ကျွမ်းကျင်မှုက တနေကုန် အရက်သောက်နေတတ်သည့် လူပျင်းတစ်ယောက်အတွက်တော့ အရမ်းကို တိကျသေချာလွန်းနေသည်။

မီးဖိုထဲမှ မီးတောက်များက ပိုမိုတောက်လောင်လာပြီး အာရုံအပြည့်စိုက်ထားသော သူ၏ ဘေးတိုက်မျက်နှာက အလင်းနှင့် အရိပ်ကြား တဖျတ်ဖျတ် လက်နေတော့သည်။

သိပ်မကြာခင် ဒယ်အိုးပူလာသောအခါ အဆီပြား အနည်းငယ်ကို သူ ပစ်ထည့်လိုက်၏။ ရှဲခနဲ အသံနှင့်အတူ မယုံနိုင်လောက်အောင် မွှေးပျံ့လွန်းသော အဆီနံ့က ချက်ချင်း ပေါက်ကွဲထွက်လာပြီး အခန်း၏ ထောင့်ပေါင်းစုံသို့ အဟုန်ပြင်းစွာ ပျံ့နှံ့သွားတော့သည်။

ခုတင်ပေါ်တွင် လှဲနေသော ရွှီချင်းချင်းလည်း ထိုအနံ့ကို ရုတ်တရက် ရှူရှိုက်မိသွား၏။

အသားနံ့မရတာ ဘယ်လောက်ကြာပြီလဲဆိုတာကိုတောင် သူမ မမှတ်မိတော့ချေ။

သာမန်နေ့များတွင် သူတို့သည် ဖွဲနုနှင့် ရောထားသော တောဟင်းရွက်များ၊ သို့မဟုတ် ပြောင်းဖူးမှုန့် ဆန်ပြုတ်ကိုသာ စားခဲ့ရ၏။ တစ်ခါတစ်ရံမှာတော့ ခပ်ကြမ်းကြမ်း ကောက်နှံပန်ကိတ်လေး စားရခြင်းကပင် ဝမ်းစိုသည်ဟု သတ်မှတ်ရလေသည်။

မှော်အစွမ်း ထည့်မွှေထားပုံရသော ဤရနံ့က သူမ နှာခေါင်းထဲ တိုက်ရိုက်တိုးဝင်လာပြီး ခန္ဓာကိုယ်ထဲရှိ အနက်ရှိုင်းဆုံး ဆန္ဒများကို လှုံ့ဆော်ပေးနေတော့သည်။

မျက်ရည်များက သူမ ပါးပြင်ပေါ်သို့ အဆီးအတားမရှိ စီးကျလာလေသည်။

နာကြည်းမှုကြောင့် မဟုတ်သလို၊ အကြောက်တရားကြောင့်လည်း မဟုတ်ပေ။ ဖော်ပြ၍ မရနိုင်လောက်သော တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ကြောင့်ပင်။

မီးဖိုရှေ့တွင် အလုပ်ရှုပ်နေသော ထိုယောကျ်ား၏ ကျောပြင်ကို ကြည့်ရင်း သူသည် လုံးဝကို သူစိမ်းတစ်ယောက်လိုဖြစ်နေပြီဟု သူမ ခံစားလိုက်ရလေသည်။

ဒါက သူမကို အမြဲတမ်း ရိုက်နှက်ဆဲဆိုပြီး နောက်ဆုံးကျန်နေတဲ့ စားစရာလေးကိုတောင် အရက်နဲ့ လဲသောက်ဖို့ လုယူသွားတတ်တဲ့ ချန်ရှင်းရော တကယ်ပဲ ဟုတ်ရဲ့လား...။

ထမင်းနံ့နှင့် ရောယှက်နေသော အသားဟင်းအနံ့က ပိုမိုပြင်းထန်လာပြီး ကျဉ်းမြောင်းစုတ်ပြတ်နေသော အခန်းလေးကို သင်းထုံစွာ လွှမ်းခြုံနေတော့သည်။

ရွှီချင်းချင်း၏ ဗိုက်ကလည်း ထိန်းချုပ်မရနိုင်တော့ဘဲ ဂွီခနဲ မြည်လာလေရာ အသံများနှင့် ခံစားချက်အားလုံးကို မျိုချရင်း သူမ နှုတ်ခမ်းကိုသာ တင်းတင်း ကိုက်ထားလိုက်ရလေတော့သည်။

All Chapters