← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) ဝက်သားနီချက် တစ်ပန်းကန်

သိပ်မကြာခင်မှာပဲ ချန်ရှင်းတစ်ယောက် အနားပဲ့နေသော ကြွေပန်းကန်ကြီးတစ်လုံး ကိုင်ကာ လျှောက်လာခဲ့သည်။

ထိုပန်းကန်လုံးထဲတွင် အငွေ့တထောင်းထောင်း ထနေသော ထမင်းဖြူများနှင့်အတူ ဆီပြန်ကာ အညိုရောင်သမ်းနေသည့် ဝက်သားနီချက်အတုံးအချို့ တင်ထားလေသည်။

အဆီအသား ရောနေသော ဝက်သားတုံးလေးများကို အနည်းငယ် လိပ်တက်သွားသည်အထိ နူးအိနေအောင် ချက်ထားပြီး ဆော့စ်အရည် ပျစ်ပျစ်များက မှိန်ပျပျ အလင်းရောင်အောက်တွင် စားချင်စဖွယ် တလက်လက် တောက်ပနေ၏။

"စားလိုက်"

ချန်ရှင်းက ပန်းကန်ကို ကမ်းပေးရင်း ပြောလိုက်သည်။

ရွှီချင်းချင်းမှာ တုန်ယင်နေပြီး လှမ်းမယူရဲရှာပေ။

သူမ ကြောက်နေမိသည်။ အိပ်မက်တစ်ခု ဖြစ်နေမည်ကို ကြောက်ရွံ့နေမိသည်။ လက်လှမ်းလိုက်သည်နှင့် သူမ ရှေ့မှောက်ရှိ အရာအားလုံးက ရေမြှုပ်လေးတစ်ခုလို ပေါက်ကွဲပျောက်ကွယ်သွားမည်ကို သူမ ကြောက်ရွံ့နေခြင်းပင်။

သူမ တွေဝေနေသည်ကို မြင်သောအခါ ချန်ရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် ဝက်သားပန်းကန်ကို သူမ လက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး တူကိုလည်း တင်ပေးလိုက်ကာ

"ပူတုန်းလေး စားလိုက်ပါ"

ပန်းကန်လုံးအောက်ခြေမှ ခံစားလိုက်ရသော နွေးထွေးမှုက အလွန်တရာ လက်တွေ့ဆန်လွန်းလှသဖြင့် သူမ ရင်ထဲ တဒိတ်ဒိတ် ခုန်သွားရသည်။

ရွှီချင်းချင်း ခေါင်းငုံ့ကာ ပန်းကန်ထဲရှိ ထမင်းနှင့် အသားများကို ကြည့်နေရင်း သူမ၏ မျက်ရည်စက်များက ပန်းကန်ထဲသို့ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းသွားတော့သည်။

တုန်ယင်နေသော လက်များဖြင့် အသားတစ်တုံးကို သူမ ကောက်ယူလိုက်သည်။ ရှားပါးရတနာတစ်ပါးကို ကိုင်တွယ်ရသကဲ့သို့ အလွန်တရာ သတိထားကာ သူမ ပါးစပ်ထဲသို့ ဖြည်းညင်းစွာ ထည့်လိုက်၏။

နောက်တစ်စက္ကန့်မှာပင် နူးအိနေသော ဝက်သားတုံးလေးက သူမ ပါးစပ်ထဲတွင် အရည်ပျော်ကျလုမတတ် ဖြစ်သွားလေသည်။

မွှေးရနံ့သင်းသင်း အသားတုံးနှင့်အတူ ချိုဆိမ့်သော ဆော့စ်အရသာက သူမ လျှာပေါ်တွင် ပျံ့နှံ့သွားတော့သည်။ အဆီက မွှေးသော်လည်း အီမနေပေ။ အသားမျှင်များကလည်း ဆော့စ်အရည်ကို စုပ်ယူထားသဖြင့် အလွန်တရာ အရသာရှိလှပေသည်။

"အင့်... ဟင့်..."

ရွှီချင်းချင်း ထပ်ပြီး မတောင့်ခံနိုင်တော့ပေ။ ငိုကြွေးရင်းနှင့်ပင် သူမ ပါးစပ်ထဲသို့ ထမင်းများ အလုအယက် ခပ်သွင်းတော့သည်။

အချိန်အကြာကြီး ဆာလောင်နေခဲ့ရသော လမ်းဘေးကြောင်လေးတစ်ကောင်က အစာတွေ့သွားချိန်၌ စက္ကန့်ပိုင်းအတွင်း အလုခံရမည်ကို ကြောက်ရွံ့သဖြင့် ကမန်းကတန်း စားသောက်နေသကဲ့သို့ သူမ အငမ်းမရ စားသောက်နေမိသည်။

ထမင်း၏ ချိုမြိန်မှု၊ အသား၏ ဆိမ့်သက်မှုတို့က ငန်ကျိကျိ မျက်ရည်များနှင့် ရောယှက်ကာ ဗိုက်ထဲသို့ ဝင်ရောက်သွားတော့သည်။

သူမ ဗိုက်ထဲ နွေးထွေးသွားသော်လည်း ရင်ထဲ၌မူ နာကြည်းဝမ်းနည်းမှု၊ တွေဝေရှုပ်ထွေးမှုနှင့် တုန်လှုပ်မှုတို့က ဒီရေအလား တဟုန်ထိုး တက်လာခဲ့သည်။

[ဒင်…၊ ရွှီချင်းချင်းထံမှ ပြင်းထန်သော စိတ်ခံစားမှု အပြောင်းအလဲကို ထောက်လှမ်းမိပါသည်။ ယုံကြည်မှုအဆင့် တိုးလာပါသည်။]

[စွမ်းအင် + ၃၀]

*ကောင်းလိုက်တာ...*

ရွှီချင်းချင်း အငမ်းမရ စားသောက်နေသည်ကို ကြည့်ရင်း ချန်ရှင်း ရင်ထဲ ကျေနပ်မှုလှိုင်းတစ်လုံး ဖြတ်ပြေးသွားလေသည်။

ဘေးအိမ်မှာတော့ အဒေါ်လျူတို့ မိသားစု ထမင်းစားနေကြသည်။ သူတို့က စားပွဲတစ်လုံးကို ဝိုင်းထိုင်ရင်း မည်းနက်နေသော ချဉ်ဖတ်တစ်ပန်းကန်နှင့်အတူ မာတောင့်နေသည့် ပေါက်စီများကို ကိုက်ဝါးနေကြသည်။

ရုတ်တရက် မွှေးကြိုင်လွန်းသော အသားနံ့ကို ရလိုက်ချိန်၌ အဒေါ်လျူ လက်ထဲရှိ ပေါက်စီမှာ ချက်ချင်းပဲ စားချင်စရာ မကောင်းတော့ပေ။

"ရှင်ရော အနံ့ရလိုက်လား..."

အဒေါ်လျူက မယုံနိုင်သည့် မျက်နှာထားဖြင့် အနံ့ခံရင်း မေးလိုက်သည်။

"ဒါ... ဘယ်အိမ်က အသားချက်နေတာလဲ..."

အဒေါ်လျူ၏ ခင်ပွန်းကလည်း သူ့တူနှစ်ချောင်းကို ချထားလိုက်ပြီး လည်ပင်းကို ဆန့်ကာ အနံ့ကို ပြင်းပြင်းထန်ထန် ရှူသွင်းရင်း လျှာသပ်လိုက်သည်။

"ဟိုကောင် ချန်ရှင်းတို့အိမ်က လာနေသလိုပဲ...၊ ထူးဆန်းလိုက်တာ၊ အဲဒီကောင်က အသားဝယ်စားဖို့ ဘယ်လိုလုပ် ပိုက်ဆံရှိမှာလဲ"

"သူ့အိမ်ဘက်က လာနေတာ အသေအချာပဲ"

အဒေါ်လျူ၏ မျက်လုံးများ အရောင်လက်သွားပြီး စပ်စုချင်သော စိတ်ဝိညာဉ်က အရှိန်ပြင်းပြင်း တောက်လောင်လာတော့သည်။

သူမ ဆက်စားနေဖို့ စိတ်မဝင်စားတော့ပေ။ ပေါက်စီတစ်ဝက် ကျန်နေသေးသော ပန်းကန်ကို ကိုင်ကာ ဖိနပ်ကို ကပျာကယာ စွပ်ရင်း ထွက်လာခဲ့သည်။

"ငါ သွားကြည့်လိုက်ဦးမယ်"

ချင်ရွှေရွာဆိုသည်က ဤမျှလောက်သာ ကျယ်ဝန်းသည်ဖြစ်ရာ သေးငယ်သော နာရီဝက်အတွင်းမှာပင် သေးငယ်သော ဖြစ်ရပ်လေးတစ်ခုကို တစ်ရွာလုံး သိသွားတတ်ပေသည်။

ထင်သည့်အတိုင်းပင်၊ အဒေါ်လျူတစ်ယောက် ပန်းကန်ကို ကိုင်လျက် ချန်ရှင်းအိမ်၏ ယိုင်နဲ့နဲ့ ခြံတံခါးဝသို့ ရောက်လာချိန်၌ မှုန်ကုပ်နေသော မျက်နှာနှင့် ဘေးအိမ်က အဒေါ်ဝမ်ကိုလည်း မြင်တွေ့လိုက်ရသည်။ သူမသည်လည်း အသားနံ့ကြောင့် ရောက်လာခြင်းပင်။

သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အဒေါ်လျူက ဟာလာဟင်းလင်း ဖြစ်နေသော သစ်သားတံခါးကို အရင်ဆုံး တွန်းဖွင့်လိုက်လေသည်။

အထဲသို့ ဝင်ဝင်ချင်းမှာပဲ အဒေါ်လျူ မှင်တက်သွားတော့သည်။

အိမ်ထဲတွင် သနားစရာ မိန်းကလေး ရွှီချင်းချင်းက ခုတင်နံဘေး ထိုင်လျက် အနားပဲ့နေသော ပန်းကန်လုံးတစ်လုံးကို ကိုင်ကာ မျက်ရည်များကျရင်း ပါးစပ်ထဲသို့ တစ်စုံတစ်ခုကို ဒရောသောပါး ခပ်သွင်းနေလေသည်။

သူမ ပန်းကန်ထဲမှ အရာကို မြင်လိုက်ရသောအခါ အဒေါ်လျူ မျက်လုံးများ ပြူးထွက်လုမတတ် ဖြစ်သွားတော့၏။

နှင်းလိုဖြူဖွေးနေသော ထမင်းများပင်။ ထို့အပြင် ထမင်းပေါ်မှာ ဆီပြန်နေသည့် ဝက်သားနီချက် အတုံးများ ရှိနေသေး၏။

"ဘုရားရေ..."

အဒေါ်လျူ အသက်ရှူမှားသွားပြီး ကိုင်ထားသော ပန်းကန်ပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

အနောက်မှ လိုက်လာသော အဒေါ်ဝမ်လည်း အတင်းတိုးဝင်လာပြီး လည်ကို ဆန့်လျက် ကြည့်လိုက်သည်။ ရွှီချင်းချင်း၏ ပန်းကန်ထဲမှ အသားကို မြင်လိုက်ရသောအခါ သူမလည်း အဒေါ်လျူနည်းတူ အံ့သြသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သို့သော် သူမ၏ အံ့အားတသင့် မျက်နှာပေါ်တွင် အားကောင်းလှသော မနာလိုဝန်တိုမှုက ချက်ချင်း နေရာယူသွားတော့သည်။

သူမက နှုတ်ခမ်းတွန့်လိုက်ပြီး ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်သည်။ သူမ အသံမှာ အသားနံ့ကြောင့် ရောက်လာကြသော အပြင်ဘက်မှ ရွာသားအချို့ ကြားနိုင်ရုံမျှ အတိုးအကျယ် ဖြစ်လေသည်။

"အို... ချန်မိသားစုရဲ့ တတိယမြောက်သားက ဘယ်ကနေ ဘယ်လို ချက်ချင်းကြီး ချမ်းသာသွားတာလဲ။ ထမင်းတွေရော၊ အသားတွေရော စားနေပါလား"

သူမက မျက်စိကို မှေးကျဉ်းကာ ချန်ရှင်းကို အကဲခတ်လိုက်ပြီးနောက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ဒီအသားတွေ၊ ဒီထမင်းတွေက ရိုးရိုးသားသား ရလာတာရော ဟုတ်ရဲ့လား၊ တစ်နေရာကနေ ခိုးဝှက်လုယက်လာတဲ့ မသန့်ရှင်းတဲ့ ပစ္စည်းတွေလို့တော့ မပြောနဲ့နော်"

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အပြင်ဘက်မှ စောင့်ကြည့်နေသော ရွာသားများကလည်း ချန်ရှင်းကို လက်ညိုးထိုးကာ ချက်ချင်း တီးတိုးဝေဖန်ကြတော့သည်။

"ဟုတ်ပါ့...၊ လူပျင်း ချန်ရှင်းလိုကောင်က ဒါတွေရလာအောင် ဘာစွမ်းဆောင်ရည် ရှိလို့လဲ"

"သူ မကောင်းတာ တစ်ခုခု လုပ်ထားတာ သေချာတယ်"

"သနားစရာ ပညာတတ်မြို့သူလေး ရွှီပါပဲ...၊ ဒီလိုယောက်ျားမျိုးနဲ့ ညားရရှာတယ်"

အဒေါ်ဝမ်၏ စကားများက လွန်ကဲလွန်းသည်ဟု တွေးမိကာ အဒေါ်လျူ အနည်းငယ် နေရခက်သွားသည်။ သူမက အဒေါ်ဝမ်၏ လက်မောင်းကို ကမန်းကတန်း ဆွဲလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်၏။

"စကားကို လျှော့ပြောပါဦး"

အဒေါ်ဝမ်က သူမလက်ကို ရုန်းဖယ်လိုက်ပြီး

"ငါ အမှန်တိုင်း ပြောနေတာ မဟုတ်လို့လား၊ ချန်ရှင်း ဘယ်လိုလူမျိုးလဲဆိုတာ တစ်ရွာလုံး သိတာပဲကို"

အခန်းထဲမှာတော့ ရွှီချင်းချင်းတစ်ယာက် အပြင်ဘက်မှ ဆူညံသံများကြောင့် လန့်သွားပြီး စားနေသည်ကို ရပ်လိုက်ရ၏။ သူမက ပန်းကန်ကို ကိုင်ထားလျက် ဖြူရော်နေသော မျက်နှာဖြင့် ချန်ရှင်းကို ကြည့်နေပြီး သူမ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု အပြည့်ဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်နေလေသည်။

သို့သော် ချန်ရှင်းကတော့ မျက်ခုံးတစ်ချက်မျှ မလှုပ်ခဲ့ချေ။ အပြင်ဘက်မှ ကြမ်းတမ်းသော ဝေဖန်သံများနှင့် သံသယဝင်မှုများက သူနှင့် လုံးဝ မသက်ဆိုင်သည့်အလားပင်။

သူက တည်ငြိမ်စွာပဲ ထမင်းတစ်ပန်းကန် ခူးလိုက်ပြီး အသားအနည်းငယ် ထည့်ကာ အခြားမည်သူမှ မရှိသည့်အလား စတင်စားသောက်နေလိုက်သည်။

အဒေါ်ဝမ်၏အသံ ပို၍ ပို၍ ကျယ်လောင်လာသည့်အခါမှသာ သူက ပန်းကန်နှင့် တူကို ဖြည်းညင်းစွာ ချလိုက်ပြီး မော့ကြည့်လာလေသည်။

သူ့အကြည့်များက တည်ငြိမ်နက်ရှိုင်းနေပြီး လှိုင်းဂယက် အနည်းငယ်မျှ ရှိမနေပေ။ သူက အဒေါ်ဝမ်ဘက်သို့ အေးစက်စွာဖြင့် တစ်ချက်ဝေ့ကြည့်လိုက်၏။

ထိုအကြည့်က ဆောင်းလယ်ကာလ၏ အအေးစက်ဆုံး ရေခဲစိုင်များကဲ့သို့ အဒေါ်ဝမ်၏ ရင်ထဲသို့ တိုက်ရိုက် စူးဝင်သွားတော့သည်။

ဆက်ပြီး အော်ဟစ်ပြောဆိုတော့မည့် အဒေါ်ဝမ်၏ ပါးစပ်မှာ ချက်ချင်း အသံတိတ်သွားပြီး စကားလုံးများအားလုံး လည်ချောင်းထဲ တစ်ဆို့သွားလေသည်။

ထိုအကြည့်ကြောင့် သူမ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားပြီး အလိုအလျောက် ပါးစပ်ပိတ်သွားကာ ဘာကြောင့်မှန်းမသိ ကြောက်ရွံ့မှုတစ်ခုကိုပါ ခံစားလိုက်ရသဖြင့် ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်သွားမိသည်။

*ဒီချန်ရှင်းက... ဒီနေ့ ဘာလို့ နည်းနည်း ထူးဆန်းနေရတာလဲ…*

ချန်ရှင်းက သူမနှင့် ငြင်းခုံနေရန် စိတ်မဝင်စားပေ။ သူက နှုတ်ခမ်းတွန့်ကာ မထီမဲ့မြင်အပြုံးတစ်ခုကိုသာ ဖော်ပြလိုက်၏။

*ဒီအတင်းအဖျင်းပြောတတ်တဲ့ မိန်းမတွေကို ရှင်းပြနေရမှာလား...။ အာပေါက်ရုံပဲ ရှိမှာပေါ့။*

ချန်ရှင်း မတ်တတ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်၏။ ထို့နောက် လူအများ၏ တအံတဩ အကြည့်များရှေ့မှာပင် ဟောင်းနွမ်းနေသော သစ်သားတံခါးကို ဒိုင်းခနဲ အသံမြည်အောင် ခပ်ပြင်းပြင်း ပိတ်ချလိုက်တော့သည်။

ကျယ်လောင်သော တံခါးပိတ်သံတစ်ချက်က ဆူညံသံများ၊ မထီမဲ့မြင်ပြုမှုများနှင့် စပ်စုချင်သော အကြည့်များ အားလုံးကို အပြင်ဘက်မှာတင် အဆုံးသတ်သွားစေ၏။

နောက်ဆုံးတော့ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေပြီ...။

စားပြီးသောက်ပြီးနောက် ဆေးနှင့် အစားအစာများ၏ အာနိသင်ကြောင့် ရွှီချင်းချင်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေသည်။

သူမ ညနေစောင်းအထိ အိပ်ပျော်သွားခဲ့သည်။

ချန်ရှင်းက အိမ်ကို သာမန်ကာလျှံကာ ရှင်းလင်းလိုက်ပြီးနောက် သူ့အင်္ကျီကို ချွတ်လိုက်ရာ ကျစ်လစ်တောင့်တင်းသော ကြွက်သားများအပြည့်ဖြင့် အပေါ်ပိုင်းခန္ဓာက ပေါ်လွင်လာလေသည်။

သူက ရေအေးတစ်ဇလုံ ခပ်လိုက်ကာ အဝတ်စကို ရေစွတ်ပြီး သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ဆေးကြောလိုက်၏။

မူလခန္ဓာပိုင်ရှင်မှာ အရက်စွဲနေသောကြောင့် အနည်းငယ် အားနည်းနေသော်လည်း ရှိရင်းစွဲ ဖရိန်က မပျက်သေးဘဲ တောင့်တင်းသော ကြွက်သားအမြှောင်းများပင် ရှိနေသေးသည်။

ထိုအချိန်မှာပင် သူ့နောက်ဘက်မှ အလွန်တိုးညင်းလှသော ခြေသံတစ်ချက် ထွက်ပေါ်လာ၏။

ချန်ရှင်း လှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိသော ရွှီချင်းချင်းက သစ်သားဇလုံတစ်လုံး ကိုင်လျက် သူ့ထံသို့ သတိကြီးကြီးထားကာ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

ဇလုံထဲတွင် အငွေ့တလူလူ ထွက်နေဆဲဖြစ်သည့် ကျိုပြီးကာစ ရေနွေးများ ပါလာသည်။

သူမ ကြည့်ရသည်မှာ တွေဝေတွန့်ဆုတ်နေပုံပင်။။ သူမက ချန်ရှင်းအနားသို့ လျှောက်လာပြီး သစ်သားဇလုံကို တိတ်ဆိတ်စွာ ချထားလိုက်၏။ ထို့နောက် ချန်ရှင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သွယ်လျသော လက်လေးများကို ဆန့်ထုတ်ကာ ခြေထောက်ဆေးပေးရန်အတွက် သူ့ဖိနပ်များကိုပင် စတင်ချွတ်ပေးလာတော့သည်။

ဤသည်မှာ အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ကာလကြာရှည် ဖြစ်တည်နေခဲ့သော သူမ၏ အကျင့်တစ်ခုပင်။

ချန်ရှင်း ဘယ်လောက်ပဲ နောက်ကျမှ ပြန်လာပါစေ၊ သို့မဟုတ် ဘယ်လောက်ပဲ အရက်မူးနေပါစေ၊ သူမက ရေနွေးကျိုပေးရပြီး သူ့ကို သန့်စင်ဆေးကြောပေးရသည်မှာ ဓမ္မတာပင် ဖြစ်လေသည်။

အခန်း (၄) တောင်ပေါ်တက်၍ ခေတ်သစ်ကမ္ဘာသို့ ပြန်လည်ကူးပြောင်းခြင်း

ချန်ရှင်း၏ မျက်ခုံးများ ချက်ချင်းပဲ တွန့်ချိုးသွားသည်။

သူက ရွှီချင်းချင်း၏ သွယ်လျသော လက်မောင်းလေးကို ဖမ်းဆွဲလိုက်ပြီး သူမ၏ လှုပ်ရှားမှုကို တားဆီးလိုက်၏။

“အာ့…”

ရုတ်တရက်ဆန်လွန်းသော အပြုအမူကြောင့် ရွှီချင်းချင်းခမျာ လန့်ဖျပ်သွားရှာသည်။ သူမ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားပြီး လက်ထဲမှ ဖိနပ်လေးမှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူမ အမှားတစ်ခုခုလုပ်မိလို့ သူ့ကို ဒေါသထွက်စေပြီဟုသာ ထင်လိုက်မိသည်။ ထို့ကြောင့် သူမ မျက်လုံးများကို အလိုအလျောက် မှိတ်ချလိုက်မိပြီး အားနွဲ့သော ပခုံးလေးများ တုန်ယင်နေကာ အရိုက်ခံရဖို့ အဆင်သင့် ဖြစ်နေလေပြီ။

ထိတ်လန့်နေသော ငှက်ငယ်လေးတစ်ကောင်လို သူမ ပုံစံလေးကြောင့် ချန်ရှင်း၏ ရင်ဘတ်ကို တစ်စုံတစ်ခုဖြင့် ခပ်ပြင်းပြင်း ထုရိုက်နေသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်အောင့်တက်သွားစေ၏။

ချန်ရှင်းက သူမ၏ လက်ကို လွှတ်ပေးလိုက်သည်။ သူ့အသံက တစ်ခုခုကို ဖိနှိပ်ချုပ်တည်းထားရသဖြင့် အနည်းငယ် အက်ရှရှနှင့် ခပ်ဩဩ ဖြစ်နေလေသည်။

"ထလိုက်ပါ..."

ရွှီချင်းချင်း မလှုပ်ရဲရှာပေ။ ထိုအစား သူမ ခေါင်းကို ပို၍ ငုံ့ချလိုက်ပြီး ငိုသံစွက်နေသော တုန်ရီရီ အသံလေးဖြင့်

"ကျွန်မ… ကျွန်မ ရှင့်ခြေထောက် ဆေးပေးပါ့မယ်။ ဆေး… ဆေးပေးပြီးရင် ကျွန်မ အိပ်… အိပ်ပါတော့မယ်…"

သူမအနေဖြင့် သူ့ကို မလွန်ဆန်ရဲပေ။ ယနေ့ သူ ဘယ်လောက်ပဲ ထူးဆန်းစွာ ပြောင်းလဲနေပါစေ၊ အရိုးထဲထိ စိမ့်ဝင်နေသော သူမ၏ အကြောက်တရားများကို အသားဟင်းတစ်နပ်နှင့် နူးညံ့သော စကားတစ်ခွန်းနှစ်ခွန်းဖြင့် ချေဖျက်ပစ်၍ မရနိုင်သေးပေ။

ကြောက်ရွံ့တုန်လှုပ်နေသော သူမ၏ အမူအရာကို ကြည့်ပြီး ချန်ရှင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိကာ အားမလိုအားမရဖြစ်လာတော့သည်။

သူ ထပ်ပြီး အတင်းအကျပ် မပြောတော့ဘဲ ဒီအတိုင်းသာ ထိုင်နေလိုက်သည်။ သူမ၏ အေးစက်စက် လက်ဖဝါးလေးများဖြင့် သူ့ဖိနပ်နှင့် ခြေအိတ်များကို တုန်တုန်ယင်ယင် ချွတ်ပေးပြီးနောက် ရေဇလုံ နွေးနွေးထဲသို့ သူ့ခြေထောက်များကို စိမ်ပေးလိုက်သည်ကိုသာ ငြိမ်ခံနေလိုက်တော့၏။

ရေနွေး၏ အပူချိန်က အနေတော်ဖြစ်နေပြီး သူ့ခြေဖျားမှ နှလုံးသားအထိ နွေးထွေးသွားစေသည်။

ရွှီချင်းချင်းက သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကို ငုံ့ထား၏။ မျက်တောင်ကော့ကော့လေးများက အောက်သို့ စိုက်ကျနေပြီး သူမ၏ ခံစားချက်အားလုံးကို ဖုံးကွယ်ပေးထားလေသည်။

သူမက သူ့ခြေထောက်များကို ဂရုတစိုက် ဆေးကြောပေးနေ၏။ သူမ၏ လှုပ်ရှားမှုများက အလွန်တရာ ကျိုးပဲ့လွယ်သော ကြွေထည်တစ်ခုကို ကိုင်တွယ်နေရသကဲ့သို့ ညင်သာလွန်းလှသည်။

ချန်ရှင်းက ဆံပင်ဖိုသီဖတ်သီဖြစ်နေသော သူမ၏ ခေါင်းလုံးလုံးလေးကို ငုံ့ကြည့်နေမိသည်။ သူ့ရင်ထဲမှ မချင့်မရဲ ဖြစ်မှုနှင့် အားမလိုအားမရ ဖြစ်မှုတို့က သူနှင့် မရင်းနှီးသော ခံစားချက် အသစ်တစ်ခုအဖြစ် တဖြည်းဖြည်း အစားထိုး ဝင်ရောက်လာတော့သည်။

သူ မသိမသာဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်မိပြီး သူမ၏ ဆံပင်လေးများပေါ်သို့ ညင်သာစွာ တင်ကာ တစ်ချက် သပ်ချပေးလိုက်သည်။

ရွှီချင်းချင်း၏ ခန္ဓာကိုယ်လေးမှာ ရုတ်တရက် တောင့်တင်းသွားပြီး သူမ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။

ချန်ရှင်း၏ လက်က ရပ်တန့်သွားသော်လည်း သူမ ခေါင်း​ပေါ်မှ ပြန်မရုပ်သေးပေ။ ထို့နောက် သူကိုယ်တိုင်တောင် သတိမထားမိသော နူးညံ့သည့် လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

"ဒီနေ့ကစပြီး ငါတို့နှစ်ယောက် ကောင်းကောင်းမွန်မွန် နေကြရအောင်"

တုန်ယင်နေသော သူမ၏ ကျောပြင်လေးကို ကြည့်ရင်း ထွက်ပေါ်လာသည့် သူ့အသံက တိုးညင်းသော်လည်း ထူးထူးခြားခြား ခိုင်မာပြတ်သားနေ၏။

ရွှီချင်းချင်း၏ ပခုံးလေးများ ပိုမိုပြင်းထန်စွာ တုန်ယင်လာတော့သည်။ သူမ အသံထွက် မငိုမိစေရန် နှုတ်ခမ်းကို တင်းတင်းကိုက်ထားရရှာသည်။

[ဒင်…၊ ရွှီချင်းချင်း၏ ပြင်းထန်သော စိတ်ခံစားမှု အပြောင်းအလဲကို ထောက်လှမ်းမိပါသည်။ ယုံကြည်မှု သိသိသာသာ တိုးလာပြီး မှီခိုအားထားလိုစိတ် ဖြစ်ပေါ်လာပါသည်။]

[စွမ်းအင် +၃၀]

….

နောက်တစ်နေ့ ချန်ရှင်း နိုးလာချိန်မှာတော့ မိုးလင်းစ ပြုနေပြီဖြစ်သည်။

သူ တစ်ချက်လူးလှိမ့်ကာ ထထိုင်လိုက်သည်နှင့် ဆန်ပြုတ်ရနံ့ သင်းပျံ့ပျံ့လေးက သူနှာခေါင်းထဲ ချက်ချင်းပဲ တိုးဝင်လာ၏။

မီးဖိုဘေးမှာတော့ ရွှီချင်းချင်းတစ်ယောက် အလုပ်ရှုပ်နေလေသည်။

သူမက ယခင်ကထက် ပို၍ သန့်ပြန့်သော ဂါဝန်အဟောင်းလေးတစ်ထည်ကို လဲဝတ်ထားပြီး သူမ၏ ဆံပင်များကိုလည်း သေသပ်စွာ ဖြီးသင်ကာ အဝတ်စလေးဖြင့် စည်းနှောင်ထား၏။

ယမန်နေ့ညက ဆေးသောက်ထားပြီး အစာဝဝစားကာ ကောင်းကောင်းအိပ်စက်ထားရသောကြောင့် သူမ မျက်နှာက သိသိသာသာ ကျန်းမာနေပုံပေါ်သည်။ ယခင်ကလို စိုးရိမ်စရာကောင်းလောက်အောင် ဝါဖျော့ဖျော့ကြီး မဟုတ်တော့ဘဲ ဖျားနာပြီးကာစ ဖြူရော်ရော်လေး ဖြစ်နေခြင်းကပင် သူမကို ပို၍ နူးညံ့သိမ်မွေ့စွာ လှနေစေလေသည်။

ခုတင်ပေါ်မှ လှုပ်ရှားသံ ကြားလိုက်ရသဖြင့် ရွှီချင်းချင်း ခေါင်းလှည့်ကြည့်လာသည်။ ချန်ရှင်း နိုးနေသည်ကို မြင်လိုက်ရသောအခါ သူမ ခန္ဓာကိုယ်လေး အလိုအလျောက် ခဏတာ တောင့်တင်းသွားသော်လည်း ချက်ချင်း ပြန်လည်ပြေလျော့သွားကာ ခပ်တိုးတိုး ပြောလိုက်၏။

"ဆန်ပြုတ်... ကျက်တော့မယ်"

ချန်ရှင်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး အိုးထဲမှ နို့နှစ်ရောင် ဆန်ပြုတ်ပျစ်ပျစ်လေးကို လှမ်းကြည့်ရင်း သူ့ရင်ထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည်။

သူ ကမန်းကတမ်းဖြင့် အဝတ်အစားများ ကောက်စွပ်လိုက်ပြီး မီးဖိုဘေးသို့ လျှောက်သွားကာ ဆန်ပြုတ်တစ်ပန်းကန် ခပ်လိုက်သည်။ ထို့နောက် ရွှီချင်းချင်းအတွက်ပါ တစ်ပန်းကန် ခပ်ပေးကာ စားပွဲပေါ်တွင် တင်ပေးလိုက်၏။

"အတူတူ စားကြတာပေါ့"

ရွှီချင်းချင်း မှင်တက်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားရှာသည်။

ယခင်ကဆိုလျှင် ချန်ရှင်း စားပြီးမှသာ သူမက ကျန်တာကို စားရလေ့ရှိသည်။ တချို့ရက်များတွင် သူ စိတ်အခြေအနေ မကောင်းလျှင် အကြွင်းအကျန်ပင် စားခွင့်မရခဲ့ပေ။

သူမ မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ချန်ရှင်း မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး

"ဘာလဲ... ကိုယ် ခွံ့ကျွေးရမှာလား"

ရွှီချင်းချင်း မျက်နှာလေး ရဲတက်သွား၏။ သူမ ကပျာကယာ လက်ခါပြလိုက်ပြီး စားပွဲဆီသို့ အပြေးကလေး သွားထိုင်ကာ ပန်းကန်ကို ကိုင်လျက် ဆန်ပြုတ်ကို တစ်ငုံချင်းစီ စသောက်တော့သည်။

တိတ်ဆိတ်သော်လည်း နွေးထွေးသည့် လေထုကြားမှာပင် နံနက်စာ စားသောက်လို့ ပြီးစီးသွားလေပြီ။

ချန်ရှင်း ပန်းကန်ကို ချလိုက်ပြီး ပါးစပ်ကို သုတ်ရင်း ပြောလိုက်၏။

"ခဏနေရင် ကိုယ် တောင်ပေါ်တက်ပြီး ဟင်းစားလေး ဘာလေး ရမလားလို့ အမဲလိုက် သွားကြည့်ဦးမယ်"

သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းထဲရှိ အပူချိန်က ရေခဲမှတ်အထိ ထိုးကျသွားသလိုပင်။

ပန်းကန်ကို ကိုင်ထားသော ရွှီချင်းချင်း၏ လက်လေးက ပြင်းထန်စွာ တုန်ယင်သွားပြီး သွေးရောင် ပြန်သမ်းစပြုနေသော မျက်နှာလေးမှာလည်း ချက်ချင်းပဲ ဖြူရော်သွားတော့သည်။

*တောင်ပေါ်သွားမယ် ဟုတ်လား…*

ထိုစကားလုံးများက သူမ နားထဲသို့ ကျိန်စာတစ်ခုလို တိုးဝင်လာ၏။

ဤသည်မှာ သူ အရင်က မရေမတွက်နိုင်အောင် ပြောခဲ့ဖူးသည့် ‘အလုပ်ထွက်ရှာမလို့’ သို့မဟုတ် ‘သူငယ်ချင်းအိမ် သွားပြီး ပိုက်ဆံချေးမလို့’ ဆိုသည့် ဆင်ခြေများလို နောက်ထပ် ဆင်ခြေတစ်ခုသာ ဖြစ်ပေလိမ့်မည်။

နောက်ဆုံးတော့လည်း မြို့ပေါ်က လောင်းကစားဝိုင်းဆီသို့သာ ဦးတည်သွားမည် ဖြစ်သည်။

သူမ ရင်ဘတ်ထဲမှာ ကျပ်သိပ်လာပြီး မမြင်ရသော လက်တစ်ဖက်က ဆုပ်ညှစ်ထားသလို ခံစားရကာ အသက်ရှူမဝတဲ့အထိ နာကျင်လာရသည်။

စားပွဲပေါ်ရှိ မသိမ်းရသေးသော ဆန်အိတ်နှင့် ကျန်နေသေးသော အသားတစ်တုံးသည် မနေ့က သူမ၏ ရိုးအမှုကို လှောင်ပြောင်နေသလိုပင်။

သူမ ရုတ်တရက် မော့ကြည့်လာပြီး ချန်ရှင်းကို စိုးရိမ်တကြီး စိုက်ကြည့်နေမိကာ နှုတ်ခမ်းများလည်း တုန်ယင်နေ၏။ သူမ တောင်းပန်ချင်နေသည်။ ‘မသွားပါနဲ့’လို့ ပြောချင်နေသည်။ ‘ကျွန်မတို့တွေ ဒီအတိုင်းလေးပဲ ကောင်းကောင်းမွန်မွန် နေသွားလို့ မရဘူးလား’ လို့ ပြောချင်နေသည်။

သို့သော် ထိုစကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့နေပြီး အပြင်သို့ ထွက်ကျမလာခဲ့ပေ။

သူမ ကြောက်နေမိသည်။ အကယ်၍ သူမသာ ဖွင့်ပြောလိုက်ပါက နောက်ထပ် ရက်ရက်စက်စက် လက်သီးတစ်လုံးနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေခြင်းပင်။

ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ ချက်ချင်း ပြည့်နှက်သွားသော ဗာဒံစေ့သဏ္ဍာန် မျက်လုံးဝိုင်းလေးများကို ကြည့်ရင်း ချန်ရှင်းတစ်ယောက် သူမ အထင်လွဲသွားပြီဆိုတာကို သိလိုက်သည်။

သူ စိတ်ပျက်မိသလို ရယ်လည်း ရယ်ချင်သွားသည်။

*ဒီကောင်မလေးက ယုန်တစ်ကောင်ထက်တောင် ပိုပြီး ကြောက်တတ်သေးတာပဲ။*

ချန်ရှင်းက ရှင်းပြနေမည့်အစား သူမကို စနောက်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူမအနားသို့ လျှောက်သွားလိုက်ပြီး တမင်တကာ ကိုယ်ကိုကိုင်းညွတ်လျက် သူမ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ သူ၏ နွေးထွေးသော ထွက်သက်က သူမ၏ နားရွက်ဖျားလေးကို ရိုက်ခတ်သွားလေသည်။

"စိတ်မပူပါနဲ့"

သူ့အသံမှာ ဩရှရှ ရယ်သံလေး စွက်နေပြီး သူမ၏ နှလုံးသားကို ငှက်မွေးလေးတစ်ခုနှင့် ကလိထိုးနေသကဲ့သို့ ယားကျိကျိ ဖြစ်သွားစေသည်။

"အိမ်မှာ ဒီလို လှပတဲ့ ဇနီးချောလေး စောင့်နေတာဆိုတော့ မြန်မြန်ပြန်လာပြီး ဖက်ထားနိုင်အောင် ယုန်တစ်ကောင်လောက်တော့ ခပ်သွက်သွက် ဖမ်းရမှာပေါ့"

ဝုန်း…

ရွှီချင်းချင်း၏ ခြေဖဝါးမှသည် ငယ်ထိပ်အထိ အပူလှိုင်းတစ်ခု ဖြတ်ပြေးသွားလေပြီ။ သူမ၏ပါးပြင်လေးမှာလည်း သွေးစက်ကျလုမတတ် ချက်ချင်းပဲ နီရဲသွားလေသည်။

သူမ ခေါင်းထဲ ဟာလာဟင်းလင်း ဖြစ်သွားပြီး နားထဲမှာလည်း အူထသွားကာ "ဇနီးချောလေး" ဟူသော စကားနှင့် "မြန်မြန်ပြန်လာပြီး ဖက်ထားနိုင်အောင်" ဆိုသည့် စကားလုံးများသာ ထပ်တလဲလဲ ပဲ့တင်ထပ်နေတော့သည်။

သူမ နှလုံးသားက ဗုံတစ်လုံးလို ခပ်ပြင်းပြင်း ခုန်ပေါက်နေပြီး ရင်ဘတ်ကို ထုနှက်ခံနေရသကဲ့သို့ ထုံကျင်မှုကို ခံစားလာရသည်။

အကြောက်တရားများကို သူမ မေ့လျော့သွားပြီး ရုတ်တရက် ခေါင်းငုံ့ချလိုက်ရသည်အထိ ရှက်သွေးဖြာသွားကာ မြေကြီးပေါ်ရှိ အက်ကြောင်းလေးထဲကိုပင် တိုးဝင်ပုန်းခိုချင်စိတ် ပေါက်သွားလေသည်။

[ဒင်… ရွှီချင်းချင်း၏ ဖူးပွင့်လာသော မေတ္တာစိတ်နှင့် ပြင်းထန်သော စိတ်ခံစားမှု အပြောင်းအလဲကို ထောက်လှမ်းမိပါသည်။]

[စွမ်းအင် +၁၀]

စနစ်၏ သတိပေးသံကို ကြားလိုက်ရသဖြင့် ချန်ရှင်း၏ အပြုံးက ပို၍ ပီပြင်လာသည်။

ဤကောင်မလေးက ချော့ရတာ အရမ်းလွယ်လွန်းနေသည်။

သူ စိတ်အခြေအနေ ကောင်းသွားသဖြင့် သူမကို ဆက်မစတော့ဘဲ ခါးဆန့်ကာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ဖိုသီဖတ်သီ ဖြစ်နေသော သူမ၏ ဆံပင်လေးများကို ဆွဲဖွလိုက်ပြီး အသံထွက် ရယ်မောရင်း တံခါးအပြင်ဘက်သို့ လျှောက်ထွက်သွားလေတော့သည်။

စားပွဲမှာ တစ်ယောက်တည်း ကျန်ခဲ့သော ရွှီချင်းချင်းခမျာ ပူထူနေသည့် ပါးပြင်လေးများကို ဖိကိုင်ထားရင်း သူမ၏ နှလုံးသားလေးမှာလည်း ကသောင်းကနင်း ဖြစ်လျက် ကျန်ရစ်ခဲ့တော့သည်။

…

တောင်အနောက်ဘက်ဆီသို့ ချန်ရှင်း သွားနေစဉ် တောင်ယာသွားရန် ပေါက်ပြားများ ထမ်းလာသည့် ရွာသားအချို့နှင့် ဆုံလေသည်။

"ဟေ့... ချန်ရှင်း၊ မင်း ဘယ်သွားမလို့လဲ"

မူလခန္ဓာပိုင်ရှင်နှင့် ရင်းနှီးပုံရသော လူတစ်ယောက်က ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်သည်။

ချန်ရှင်းက ခြေလှမ်းများကို မရပ်တန့်ဘဲ ခပ်အေးအေးပဲ ပြန်ဖြေလိုက်၏။

"တောင်ပေါ်ကို အမဲလိုက် သွားမလို့"

သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် မအောင့်အီးနိုင်သော လှောင်ရယ်သံများ ထွက်ပေါ်လာတော့သည်။

ခြင်းတောင်းတစ်လုံး ကိုင်ထားသော အန်တီဝမ်ဆိုသူက တစ်နေရာရာမှ ထွက်ပေါ်လာ၏။

သူမက ချန်ရှင်းကို အကဲခတ်သလို ကြည့်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ခနဲ့တဲ့တဲ့ လေသံဖြင့် အော်ပြောလိုက်ပုံက တစ်ရွာလုံး ကြားနိုင်လောက်သည်အထိ ကျယ်လောင်လွန်းပေသည်။

"အမဲလိုက်မယ်... ဟုတ်လား၊ ငါ နားကြားများ မှားနေသလားပဲ။ ဖင်တောင် တစ်လက်မ မရွှေ့ချင်တဲ့ မင်းလို အရက်သမား လူပျင်းကများ၊ တောင်ယာအလုပ်တောင် ဘာမှ နားမလည်ဘဲနဲ့ တောင်ပေါ်မှာ အမဲလိုက်မယ်တဲ့လား။ ဘာမှ မဖမ်းမိခင် တောင်နောက်ဘက်က တောဝက်နဲ့တိုးပြီး အခွေ့မခံရအောင်သာ သတိထားစမ်းပါအေ..."

All Chapters