အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း (၅) တစ်ရွာလုံးက လှောင်ပြောင်နေတယ်
သူမ စကားကြောင့် ဘေးနားရှိ ရွာသားအချို့မှာ အသံထွက်သည်အထိ ရယ်ချမိသွားတော့သည်။
"အေးလေ ချန်ရှင်းရာ... မင်းက ပေါက်ပြားတောင် နိုင်အောင် မကိုင်နိုင်ဘဲနဲ့ အမဲလိုက်ချင်သေးတယ်ပေါ့"
"လေလုံးထွားမနေစမ်းပါနဲ့၊ အိမ်မြန်မြန်ပြန်ပြီး အိပ်ရာသာ ဝင်လိုက်ပါတော့ကွာ"
"တောင်ပေါ်က အန္တရာယ်များတယ်၊ မင်းလိုလူမျိုး သွားရမယ့် နေရာမဟုတ်ဘူး"
လှောင်ပြောင်သရော်မှုများနှင့် အထင်အမြင်သေးမှုတို့က သူ့အနီးတစ်ဝိုက်တွင် ယင်ကောင်များအလား ဝိုင်းအုံနေသည်။
အကယ်၍ မူလခန္ဓာပိုင်ရှင်သာဆိုလျှင် မျက်နှာကြီး နီရဲလာကာ သံကုန်ဟစ်၍ ဆဲဆိုနေမည်၊ သို့မဟုတ် ရှက်ရှက်နှင့် အိမ်သို့ သုတ်ခြေတင် ပြေးသွားလောက်ပြီ ဖြစ်သည်။
သို့သော် ချန်ရှင်းကမူ မျက်လုံးတစ်ချက်မျှ ပင့်မကြည့်ခဲ့ပေ။ အန်တီဝမ်နှင့် ထိုရွာသားတို့၏ စကားများကို ဘယ်ဘက်နားမှ အဝင်ခံပြီး ညာဘက်နားမှ ပြန်ထုတ်ပစ်လိုက်သည်။
သူ့ခြေလှမ်းများက အနည်းငယ်မျှပင် ရပ်တန့်မသွားဘဲ သူတို့ကို ကျော်ဖြတ်သွားကာ တစ်စက်ကလေးမှ ကြည့်မသွားခဲ့ပေ။
ထိုကဲ့သို့ တည်ငြိမ်မှုနှင့် ဂရုမစိုက်မှုက လှောင်ပြောင်နေကြသူများ၏ ရယ်မောသံများကို ရပ်တန့်သွားစေပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့ကိုယ်သူတို့ပင် အူကြောင်ကြောင် နိုင်လှသည်ဟု ခံစားသွားရစေသည်။
တဖြည်းဖြည်း ဝေးကွာသွားသော ချန်ရှင်း၏ ကျောပြင်ကို ကြည့်ရင်း အန်တီဝမ်က မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်၏။
"ဟမ့်… ဘာတွေများ ဟန်ရေးလာပြနေတာလဲ။ ငါထင်တာတော့ သူ လောင်းကစား အရမ်းလုပ်ချင်နေလို့ မြို့ပေါ်တက်ဖို့ အကြောင်းပြချက်ရှာနေတာပဲ ဖြစ်ရမယ်"
ချန်ရှင်းက ဤကဲ့သို့ အတင်းအဖျင်းများကို နည်းနည်းလေးမှ ခံစားမနေဘဲ ရွာနောက်ဘက်ရှိ တောင်ပေါ်တောအုပ်ဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ချင်ရွှေရွာ၏ အနောက်ဘက်တောင်တန်းများက အဆုံးအစမရှိအောင် သွယ်တန်းနေပြီး တောနက်ကာ သစ်ပင်များလည်း ထူထပ်လှသည်။
သူ၏ မှတ်ဉာဏ်ထဲမှ လမ်းကြောင်းအတိုင်း လိုက်သွားရင်း တောထဲသို့ တဖြည်းဖြည်း ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားမိသည်။ နောက်ဆုံးတွင် သူ့ပတ်ဝန်းကျင်၌ လူသူအရိပ်အယောင် လုံးဝမရှိတော့ဘဲ ငှက်အော်သံနှင့် လေတိုက်သံများကိုသာ ကြားနေရတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ ဘေးကင်းလုံခြုံသည်ဟု သေချာမှသာ ခြေလှမ်းများကို သူ ရပ်တန့်လိုက်၏။
*စနစ်...၊ ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်ကို ဖွင့်လိုက်*
သူ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုအခိုက် ရင်းနှီးပြီးသားဖြစ်သော အဖြူရောင် အလင်းတန်းများ လှည့်ပတ်လာပြီး သူရှေ့မှောက်တွင် ဝင်ပေါက်တစ်ခု တိတ်တဆိတ် ပွင့်လာတော့သည်...။
….
ချန်ရှင်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် အိမ်လေးမှာလည်း သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်ကျသွား၏။
ကုတင်စွန်းတွင် ထိုင်နေသော ရွှီချင်းချင်း၏ နှလုံးသားလေးမှာ ခုန်ဆွ ခုန်ဆွ ယုန်သူငယ်တစ်ကောင်လို တဒိတ်ဒိတ် မြည်နေဆဲပင်။
သူ ပြုံးပြီး ပြောသွားခဲ့သည့် "ကိုယ်ပြန်လာရင် မင်းကို ဖက်ထားပေးမယ်" ဟူသော စကားလေးက ပူလောင်နေသော သံပူတုံးတစ်တုံးအလား သူမ ရင်ကို လာဟပ်သွားကာ သူမ တစ်ကိုယ်လုံးကို ပျော့ခွေသွားစေပြီး ပါးလေးများကိုလည်း နီမြန်းသွားစေခဲ့သည်။
သို့သော် ဤအရာအားလုံး လုံးဝ လက်တွေ့မဆန်ဟူသော အသိက သူမကို သတိပေးနေသည်။
တကယ်လို့များ... တကယ်လို့များ တောင်ပေါ်သွားမယ်ဆိုတာက အကြောင်းပြချက်သက်သက်ပဲ ဖြစ်နေခဲ့ရင်ရော...။
ဤအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် ယခုလေးတင်မှ နွေးထွေးလာခဲ့သည့် သူမ ရင်ထဲက အပူငွေ့လေးမှာ ရေခဲရေဖြင့် အပက်ခံလိုက်ရသကဲ့သို့ ချက်ချင်း အေးစက်သွားတော့သည်။
သူမ ဂဏှာမငြိမ်ဖြစ်လာပြီး စိုးရိမ်ပူပန်မှုများကြား လုံးဝ ပိတ်မိသွားခဲ့သည်။ ချန်ရှင်း တကယ်ပြောင်းလဲသွားပြီဟု ခေတ္တမျှ ခံစားမိသော်လည်း နောက်တစ်ခဏမှာတော့ ဤအရာက ညှဉ်းပန်းနှိပ်စက်မှု အသစ်တစ်ခု၏ အစပျိုးခြင်းသာ ဖြစ်နေမည်ကို သူမ အလွန် ကြောက်ရွံ့နေမိသည်။
သူမ အတွေးလွန်နေစဉ်မှာပင် အပြင်ဘက် ခြံတံခါးမှာ ဝုန်းခနဲအသံနှင့်အတူ အကြမ်းပတမ်း တွန်းဖွင့်ခံလိုက်ရ၏။
"ချင်းချင်း... နင် အဆင်ပြေရဲ့လား"
လူမမြင်ရသေးခင် အသံက ရောက်နှင့်နေပြီ ဖြစ်သည်။
ဒေါသအနည်းငယ်စွက်နေသော မိန်းကလေးတစ်ယောက်၏ အသံကြည်ကြည်က ခြံဝင်းလေး၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ရွှီချင်းချင်း တုန်တက်သွားပြီး မော့ကြည့်လိုက်ရာ ဒက်ခရွန်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက်ခွဲကျစ်ထားသော မိန်းကလေးတစ်ယောက် ကမန်းကတန်း ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
ထိုသူကတော့ သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး သူမနှင့်အတူ နယ်ဆင်းလာခဲ့သည့် ပညာတတ်လူငယ်လေး ကျောက်ဖန်းအာပင်။
ကျောက်ဖန်းအာက ခြေလှမ်းကျဲကြီးများဖြင့် သူမဆီသို့ ပြေးလာကာ စကားတစ်ခွန်းမှ မပြောဘဲ သူမ လက်မောင်းကို ဆွဲကိုင်၍ ခေါင်းအစ ခြေအဆုံး သေချာစစ်ဆေးနေလေသည်။ ထိခိုက်ဒဏ်ရာ အသစ်များ ရှိနေမည်ကို စိုးရိမ်နေပုံရ၏။
"တော်သေးတာပေါ့... တော်သေးတာပေါ့၊ ဒဏ်ရာအသစ်တွေ မရထားလို့"
ကျောက်ဖန်းအာက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် မျက်ခုံးများ ပင့်တက်သွားကာ ခါးထောက်လျက် ဗာဒံစေ့သဏ္ဌာန် မျက်လုံးဝိုင်းများကို ပြူးထားရင်း မေးလိုက်သည်။
"ချန်မျိုးရိုး လူယုတ်မာကောင် ဘယ်မှာလဲ။ ဘယ်ကို ထွက်သွားပြန်ပြီလဲ"
"သူ... သူ တောင်ပေါ်သွားတယ်လို့ ပြောတယ်"
ရွှီချင်းချင်းက တိုးတိုးလေး ဖြေလိုက်သည်။
"တောင်ပေါ်ကို ဟုတ်လား..."
အရယ်ရဆုံး ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ ကျောက်ဖန်းအာက လှောင်ရယ်လိုက်ပြီး
"သူက တောင်ပေါ် သွားတာလား၊ ဒါမှမဟုတ် မြို့ပေါ်က လောင်းကစားရုံကို သွားတာလား။ ဒီလူ့တိရစ္ဆာန်က ကိုယ့်အိမ်မှာ စားစရာတောင် မရှိတာကို သူ့လောင်းကစားဖော်တွေအကြောင်း တွေးနေတုန်းပဲ။ ငါတော့ နားကိုမလည်နိုင်တော့ဘူး ချင်းချင်းရာ... နင့်ကို ပြောနေတာလည်း အခါခါရှိပြီ။ ဒီလိုယောကျ်ားမျိုးနဲ့ ဘာလို့ ဆက်ရှိနေသေးတာလဲ။ သူ့ကို အမြန်သာ ကွာရှင်းလိုက်စမ်းပါ။ ဒီ ငရဲတွင်းထဲက ထွက်ခဲ့တော့"
ကျောက်ဖန်းအာက ပို၍ ပို၍ ဒေါသထွက်လာကာ ပြိုကျလုမတတ် အိမ်အိုလေးကို လက်ညှိုးထိုးပြရင်း စိတ်ပျက်လက်ပျက် လေသံဖြင့် ဆက်ဆဲလေသည်။
"ဒီမှာ ကြည့်စမ်း... ဒါကိုများ အိမ်လို့ ခေါ်လို့ရသေးရဲ့လား။ နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး၊ အရိုးပေါ် အရေတင်ဖြစ်နေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် ဒီကောင်က နင့်ကို တစ်နေ့မဟုတ်တစ်နေ့ သေအောင် နှိပ်စက်လိမ့်မယ်"
"ဖန်းအာ... အဲဒီလို မပြောပါနဲ့..."
ရွှီချင်းချင်းက သတ္တိမွေးကာ ချန်ရှင်းဘက်မှ အသာအယာ ကာကွယ်ပြောဆိုလိုက်သည်။
"သူ... သူ တကယ် ပြောင်းလဲသွားသလိုပဲ..."
"ပြောင်းလဲသွားတယ် ဟုတ်လား"
ကျောက်ဖန်းအာ ဒေါသထွက်လွန်း၍ ခြေဆောင့်လိုက်မိသည်။ ရွှီချင်းချင်း၏ နဖူးကို လက်ညှိုးထိုးမလို ရွယ်လိုက်သော်လည်း သူမ၏ ကြောက်ရွံ့တုန်လှုပ်နေသော ပုံစံလေးကို မြင်လိုက်ရချိန်တွင် သနားသွားပြီး လက်ကို ပြန်ရုပ်လိုက်သည်။
"ငါ့ရဲ့ တုံးအလွန်းတဲ့ ချင်းချင်းရယ်... သူ နင့်ကို အသိစိတ်လွတ်သွားအောင် ရိုက်ပစ်လိုက်တာလား။ သူသာ ပြောင်းလဲနိုင်တယ်ဆိုရင် ခွေးတွေတောင် ချေးစားတာ ရပ်သွားလိမ့်မယ်။ မနေ့က သူ နင့်ကို ဆေးတွေများ တိုက်လိုက်သေးလား"
သူမ၏ စကားလုံးများက ကြမ်းတမ်းနေသော်လည်း မျက်လုံးများထဲမှာတော့ သံယောဇဉ်နှင့် ဂရုစိုက်မှုတို့ အပြည့်ရှိနေသည်။
ထိုသို့ ဆူပူနေရင်း ကျောက်ဖန်းအာက ရုတ်တရက် "အယ်" ဟု အသံထွက်သွားသည်။
သူမက ရှေ့သို့ တိုးလာပြီး ရွှီချင်းချင်း၏ မျက်နှာကို သေချာစစ်ဆေးကြည့်ကာ နားမလည်နိုင်စွာဖြင့် သူမ ပါးလေးကို ဆွဲလိမ်လိုက်၏။
"မဟုတ်သေးပါဘူး... နင့်အသားအရေက ဘာလို့ နည်းနည်း သွေးရောင်သမ်းလာတာလဲ။ ပြီးခဲ့တဲ့ ရက်တွေတုန်းကလို ဖြူရော်နေတာမျိုး မရှိတော့ဘူး"
ထိုအချိန် ၂၁ ရာစုရှိ ဟင်းသီးဟင်းရွက် ဈေးကြီးတစ်ခုတွင်...
ချန်ရှင်းက ရှင်းလင်းပြတ်သားစွာဖြင့် အသားငါး အရောင်းဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။
"သူဌေး... ဒီယုန်လေးကောင်ရယ်၊ ဟိုဘက်က ဆူဆူဖြိုးဖြိုး ကြက်တွေအကုန်လုံးရယ် ယူမယ်"
ချန်ရှင်း ပစ္စည်းများ ကိုင်လျက်ပင် ဘေးနားရှိ အမွှေးအကြိုင်နှင့် ကုန်ခြောက်ဆိုင်သို့ ဝင်သွားကာ အသားစွပ်ပြုတ်လုပ်ရန် လိုအပ်သော နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်နှင့် စီချွမ်ငရုတ်ကောင်း စသည့် ဟင်းခတ်စရာ အစုံအလင်ကို ဝယ်ယူလိုက်သည်။
ပစ္စည်းများ အားလုံးကို ဝယ်ပြီးနောက် တစ်ခဏမျှပင် အချိန်ဆွဲမနေတော့ဘဲ သူ ငှားရမ်းထားသော အခန်းဆီသို့ အမြန်ပြန်လာခဲ့သည်။
ပလပ်စတစ်အိတ်များကို အကုန်ဆွဲဖြဲလိုက်ပြီး ယုန်နှင့် ကြက်များကို ကြမ်းတမ်းသော ကောက်ရိုးကြိုးများဖြင့် ချည်နှောင်လိုက်ရာ ထောင်ချောက်ထဲမှ ယခုလေးတင် ဖမ်းလာသည့် ပုံစံပေါက်သွား၏။
ဟင်းခတ်အမွှေးအကြိုင်များကိုတော့ ဆီစိမ်စက္ကူအိတ်ငယ်လေးများဖြင့် ထုပ်ကာ ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။
အားလုံး လုပ်ဆောင်ပြီးနောက် ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ်ကို သူ ထပ်မံ အသက်သွင်းလိုက်၏။ ထို့နောက် သူ့ပုံရိပ်မှာ အခန်းကျဉ်းလေးထဲမှနေ၍ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်စက္ကန့်မှာတော့ ချန်ရှင်း၏ ပုံရိပ်က ၁၉၇၀ ခုနှစ်၊ ချင်ရွှေရွာ နောက်ဘက်တောင်ကြောရှိ တောအုပ်ကြီးထဲ၌ ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။
ထိုစဉ် ချန်မိသားစု ခြံဝင်းလေးထဲမှာတော့...
ကျောက်ဖန်းအာက ရွှီချင်းချင်းကို အသိစိတ်ပြန်ဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် အသည်းအသန် ဟောပြောသွန်သင်နေဆဲပင်။ ချန်ရှင်း၏ အမှားများအားလုံးကို ထောက်ပြဆဲဆိုကာ တရားချနေဆဲပင်။
"နင့်စိတ်က အရမ်းပျော့လွန်းတယ်။ သူက နင့်အပေါ် နည်းနည်းလေး ကောင်းပြလိုက်တာနဲ့ အရင်တုန်းက နင့်ကို ရိုက်နှက်ခဲ့တာတွေ အကုန်လုံး မေ့သွားတော့တာပဲ။ ငါ နင့်ကို ပြောမယ်... သူ့လိုလူမျိုးက ချေးစားမပျက်တဲ့ ခွေးလိုပဲ..."
သူမ စကားဆုံးအောင် မပြောရသေးခင်မှာပင် ခြံတံခါးဆီမှ ဝုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာလေသည်။
ပြိုကျတော့မယောင် ဟောင်းနွမ်းနေပြီဖြစ်သော သစ်သားတံခါးမှာ အပြင်ဘက်မှ အကြမ်းပတမ်း ကန်ဖွင့်ခံလိုက်ရပြီး တံခါးရွက်တစ်ခုလုံး လွင့်ထွက်သွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျ၍ တစ်စစီ ကျိုးပဲ့သွားတော့သည်။
ရုတ်တရက် ထွက်ပေါ်လာသော အသံကျယ်ကြီးကြောင့် ရွှီချင်းချင်းနှင့် ကျောက်ဖန်းအာတို့ နှစ်ယောက်စလုံး အလန့်တကြား အော်ဟစ်လိုက်မိကြသည်။
တံခါးဝတွင်မူ ဝမ်တယ်ရှန်းက လူမိုက်ရုပ်ပေါက်နေသော မျက်နှာပေးဖြင့် မျောက်နှင့်တူသော ပိန်ကပ်ကပ် တပည့်နှစ်ယောက်ကို ခေါ်ကာ အတင်းဝင်ရောက်လာလေသည်။
ဝမ်တယ်ရှန်း၏ အကြည့်များက မြွေဟောက်တစ်ကောင်အလား ခြံဝင်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် အကြောက်လွန်ကာ ဖြူရော်နေသော ရွှီချင်းချင်းကို စိုက်ကြည့်ကာ ဝါကြင့်ကြင့်သွားများ ပေါ်အောင် ဖြဲပြလိုက်၏။
သူ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ဆဲဆိုသံက ထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ သလိပ်ခဲတစ်ဖတ် ထွေးချလိုက်တော့သည်။
"ချန်ရှင်းဆိုတဲ့ ခွေးကောင် ဘယ်မှာလဲ… ထွီ…"
"သိပ်ကောင်းတယ်။ ငါ့ပိုက်ဆံကြွေးတော့ ပြန်မဆပ်ဘဲ အိမ်မှာ အသားစွပ်ပြုတ် ချက်စားဖို့ကျတော့ ပိုက်ဆံအပို ရှိနေတယ်ပေါ့။ တစ်ရွာလုံးတောင် အနံ့ရနေပြီကွ"
"သူ ဘယ်တော့ ပိုက်ဆံ ပြန်ဆပ်မှာလဲ"
ဝမ်တယ်ရှန်းက ရှေ့သို့ တစ်လှမ်းတိုးလာပြီး ရက်စက်ကြမ်းကြုတ်စွာ အော်ငေါက်လိုက်၏။
ရွှီချင်းချင်းမှာ ကြောက်ရွံ့လွန်း၍ တုန်ယင်နေပြီး စကားတစ်ခွန်းပင် မဟနိုင်ရှာပေ။
ကျောက်ဖန်းအာလည်း ကြောက်နေသော်ငြား သူမ၏ အချစ်ဆုံးသူငယ်ချင်း အနိုင်ကျင့်ခံနေရသည်ကို မြင်လိုက်ရသောအခါ ဒေါသစိတ်များ ငယ်ထိပ်အထိ ဆောင့်တက်သွားတော့သည်။
သူမက ရှေ့သို့ ထွက်လာပြီး ရွှီချင်းချင်းကို သူမ ကျောနောက်တွင် လုံခြုံစွာ ကွယ်ထားပေးလိုက်ကာ ခေါင်းကိုမော့လျက် မည်သည့် အားနည်းမှုကိုမှ မပြသဘဲ ပြန်လည် ချေပလိုက်သည်။
"ချန်ရှင်း ဒီမှာမရှိဘူး။ သူ့ကို ရှာနေတာလား...။ အဲဒါဆို မြို့ပေါ်က လောင်းကစားရုံမှာ သွားရှာလေ၊ အဲဒီနေရာက သူ့အိမ်ပဲ မဟုတ်လား"
"အဟက်..."
ဝမ်တယ်ရှန်းက သူမကို လုံးဝ ဂရုမစိုက်ဘဲ သူ့နောက်မှ တပည့်များကို လက်ယမ်းပြကာ ရိုင်းစိုင်းကြမ်းတမ်းစွာ အမိန့်ပေးလိုက်၏။
"သွားရှာကြစမ်း... တန်ဖိုးရှိမယ့် ပစ္စည်းမှန်သမျှ အကုန်ယူခဲ့"
အခန်း (၆) အနိုင်ကျင့်လိုသူများ အိမ်ပေါက်ဝထိ ရောက်လာခြင်း
"ဟုတ်ကဲ့ပါ အစ်ကိုကြီး"
အမိန့်ရသည်နှင့်တစ်ပြိုင်နက် တပည့်နှစ်ယောက်က တောခွေးရိုင်းများ၊ ကျားရိုင်းများပမာ အိမ်ထဲသို့ ပြေးဝင်သွားကြပြီး အသံတဂျုံးဂျုံးမြည်အောင် ပစ္စည်းများကို မွှေနှောက်ရှာဖွေကြတော့သည်။
မကြာမီမှာပင် တစ်ဝက်နီးပါး ကျန်သေးသည့် ဆန်အိတ်နှင့် စားပွဲပေါ်မှ ဂျုံဖြူများကို သူတို့ တွေ့သွားကြသည်။
"အစ်ကိုကြီး... ဒီမှာကြည့်ဦး၊ ဆန်ဖြူတွေ၊ ဂျုံဖြူတွေဗျ"
တပည့်တစ်ယောက်က ရတနာသိုက် တွေ့လိုက်ရသည့်အလား အော်ဟစ်လိုက်သည်။
ဝမ်တယ်ရှန်း၏ မျက်လုံးများက လောဘနှင့် ရက်စက်မှုတို့ကြောင့် ချက်ချင်းဆိုသလို အရောင်လက်သွားသည်။ ထို့နောက် သူက ဟိန်းဟောက်လိုက်၏။
"ချန်ရှင်း... မင်းလို အသုံးမကျတဲ့ကောင်ကများကွာ…။ ဟေ့… အဲဒါတွေ အကုန်သယ်ခဲ့စမ်း၊ အကြွေးဆပ်ဖို့ အကုန်ယူသွားမယ်"
"မလုပ်ကြပါနဲ့"
ဆန်နှင့် ဂျုံများ လုယူခံရတော့မည်ကို မြင်လိုက်ရသောအခါ ရွှီချင်းချင်းက အော်ဟစ်တားမြစ်လိုက်၏။
ချန်ရှင်းက ထိုအရာများကို အတော်လေး ခက်ခက်ခဲခဲ ရှာဖွေထားခဲ့ရခြင်းဖြစ်သည်။ ဤစားစရာများက သူတို့ မိသားစု ရှင်သန်ရပ်တည်နိုင်ရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
သူမ ဘာမှမတွေးတောနေနိုင်တော့ဘဲ ထိုလူမိုက်နှစ်ယောက်ကို တားဆီးရန်သာ အပြေးအလွှား ရှေ့တိုးသွားလိုက်သည်။
တပည့်တစ်ယောက်က သူမကို စိတ်မရှည်စွာဖြင့် ဆောင့်တွန်းပစ်လိုက်၏။ ရွှီချင်းချင်း၏ အားနွဲ့သော ခန္ဓာကိုယ်လေးမှာ ထိုဒဏ်ကို မခံနိုင်ဘဲ ယိုင်ထွက်သွားကာ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။
"ဟက်ဟက်..."
ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်တယ်ရှန်းက လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။
သူက ရှေ့သို့ လျှောက်လာပြီး ရွှီချင်းချင်း၏ လက်ကောက်ဝတ်ကို လှမ်းဆွဲကာ မြေပြင်ပေါ်မှ ကြမ်းတမ်းစွာ ဆွဲထူလိုက်သည်။
ဆီထဲ နစ်နေသော ယင်တစ်ကောင်လို ရွံရှာဖွယ်ကောင်းသည့် သူ့အကြည့်များက မျက်ရည်များ ရွှဲနစ်နေသည့် ရွှီချင်းချင်း၏ မျက်နှာလေးပေါ်သို့ ကျရောက်လာကာ
"ပိုက်ဆံပြန်မဆပ်နိုင်ဘူးပေါ့လေ။ ကောင်းပြီ…၊ မင်းရုပ်လေးက သနားကမားလေးဆိုတော့ မင်းကိုပဲ အကြွေးဆပ်တဲ့အနေနဲ့ ယူသွားလိုက်မယ်"
ထိုသို့ပြောပြီးသည်နှင့် ဝမ်တယ်ရှင်းက ရွှီချင်းချင်း၏ လက်ကို အားကုန်သုံး၍ ဆွဲလိုက်ပြီး ခြံထဲမှ အတင်းအဓမ္မ ခေါ်ထုတ်သွားရန် ကြိုးစားတော့သည်။
"အား... ကျွန်မကို လွှတ်ပေး... ကယ်ကြပါဦး"
ရွှီချင်းချင်းမှာ ထိတ်လန့်တကြား အော်ဟစ်ပြီး အစွမ်းကုန် ရုန်းကန်နေရှာသည်။
ဤမြင်ကွင်းက ကျောက်ဖန်းအာ၏ ဒေါသကို အစွန်းကုန် ပေါက်ကွဲထွက်သွားစေ၏။
"ဒီခွေးသူတောင်းစားတွေ..."
ကျောက်ဖန်းအာတစ်ယောက် မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ဟိန်းဟောက်လိုက်ပြီး အိမ်ထောင့်ရှိ မီးဖိုချောင်လေးထဲသို့ ပြေးထွက်သွားလေသည်။
ပြန်ရောက်လာချိန်မှာတော့ သူမ လက်ထဲတွင် အရောင်လက်နေသော ငှက်ပျောဖူးခုတ်ဓားမကြီး တစ်လက် ပါလာလေပြီ။
သူမက ခါးကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး ကျန်လက်တစ်ဖက်က ဓားမကြီး ကိုင်ကာ ဝမ်တယ်ရှန်း၏ နှာခေါင်းတည့်တည့်သို့ ချိန်ရွယ်လိုက်သည်။ သူမ၏ ဒေါသတကြီး ကျိန်ဆဲသံများကလည်း အမြောက်ဆံများကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။
"ဝမ်တယ်ရှန်း... ရက်စက်ယုတ်မာတဲ့ ခွေးကောင်။ ဒီနေ့ နင် သူ့ကို တစ်လက်မတောင် ထိရဲထိကြည့်လိုက်စမ်း။ နင့်ကို ငါပြောလိုက်မယ်...၊ ငါ့အဖေက စစ်ဘက်ကဟဲ့။ နင်သာ ရမ်းကားရဲရင် သူ့လူတွေကို လွှတ်ပြီး နင့်ကိုဖမ်းခိုင်းမယ်။ ပြီးရင် သေနတ်နဲ့ ပစ်သတ်ခိုင်းလိုက်မယ်။
အခုချက်ချင်း ထွက်သွားစမ်း...၊ မဟုတ်ရင် ဒီနေ့ အလောင်းကောင်အဖြစ်နဲ့ပဲ နင် ဒီကနေ ထွက်သွားရလိမ့်မယ်"
သူမ၏ ရုတ်တရက်ကြီး ကြမ်းကြုတ်လာသော အမူအရာနှင့် ကျိန်ဆဲမှုများကြောင့် ဝမ်တယ်ရှန်းမှာ ခေတ္တမျှ ကြက်သေသေသွားပြီးနောက် အရှက်ရကာ ဒေါသထွက်လာလေသည်။
သူ့ကို ကောင်မလေးတစ်ယောက်က ခြောက်လှန့်နေခြင်းသာဖြစ်မည်ဟု တွေးလိုက်ပြီး စစ်ဘက်ဆိုသော စကားကို သူ တစ်လုံးမှ မယုံကြည်ပေ။
"ခွေးမလေး... မင်းကများ..."
သူ့စကားပင် မဆုံးလိုက်၊ ကျောက်ဖန်းအာက ဘာမှထပ်မပြောတော့ဘဲ လက်ထဲရှိ ဓားမကြီးကို မြှောက်ကာ ဝမ်တယ်ရှန်း အရှေ့ရှိ ခြေတစ်ပေါင်ကျိုး စားပွဲပေါ်သို့ ခွန်အားအပြည့်ဖြင့် ခုတ်ချလိုက်တော့သည်။
"ဒုတ်…"
နားကွဲလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာ၏။
ဓားမကြီး၏ အသွားက သစ်သားစားပွဲမျက်နှာပြင်ထဲ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ဓားရိုးမှာမူ တုန်ခါလျက် ရှိနေသေးသည်။
ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွား၏။
ဝမ်တယ်ရှန်းနှင့် သူ့တပည့်နှစ်ယောက်မှာ အကြောက်လွန်ကာ တုန်ယင်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိကြသည်။ သူတို့က စားပွဲပေါ် စိုက်ဝင်နေသော ဓားမကြီးကို အထိတ်တလန့် ကြည့်လိုက်၊ သားသမီးကို ကာကွယ်မည့် ခြင်္သေ့မတစ်ကောင်လို မျက်လုံးများ နီရဲနေသော ကျောက်ဖန်းအာကို ကြည့်လိုက်ဖြင့် ဒူးများ တုန်လာတော့သည်။
အပြင်ပန်းသာ ကြမ်းတမ်းပြပြီး အတွင်းစိတ်က သတ္တိကြောင်လှသော ဝမ်တယ်ရှန်း၏ ဗီဇအစစ်အမှန်ကလည်း ချက်ချင်းပဲ ပေါ်လွင်သွားတော့သည်။
ကျောက်ဖန်းအာ၏ တုံးတိုက်တိုက် ကျားကိုက်ကိုက် အရှိန်အဝါကြောင့် သူ လုံးဝကို လန့်ဖျပ်သွားခဲ့သည်။
သူက ကျောက်ဖန်းအာနှင့် ရွှီချင်းချင်းတို့ကို လက်ညှိုးထိုးကာ တုန်ယင်နေသော အသံဖြင့်
"အရူး... အရူးမ။ မင်း... မင်းတို့ မှတ်ထားလိုက်။ ချန်ရှင်း ပြန်လာတာနဲ့ ငါ အဲ့ကောင်ကို သတ်ပစ်မယ်"
ထိုသို့ပြောပြီးနောက် သူ ဆက်မနေရဲတော့ဘဲ ကြောက်လန့်နေသော တပည့်နှစ်ယောက်ကို ဆွဲခေါ်ကာ ကမန်းကတန်း ထွက်ပြေးသွားတော့သည်။
ကပ်ဆိုးကောင်ကြီး ထွက်သွားသည်ကို မြင်လိုက်ရမှသာ တင်းမာနေသော ကျောက်ဖန်းအာ၏ အာရုံကြောများက ချက်ချင်းပြေလျော့သွားပြီး ခြေထောက်များ ခွေကျလျက် ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားလေသည်။
သို့သော် သူမက ဓားမကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။ ထို့နောက် နောက်လှည့်ကြည့်ကာ ကြက်သေသေနေသည့် ရွှီချင်းချင်းကို ရင်ခွင်ထဲ အတင်းပွေ့ဖက်ထားလိုက်ပြီး မပြယ်သေးသော ဒေါသနှင့် ကြောက်ရွံ့မှုတို့ကြောင့် သူမ ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့် တုန်ယင်နေတော့သည်။
လူသူသွားလာနည်းသော တောင်အနောက်ဘက် လမ်းမှ ချန်ရှင်း ထွက်လာခဲ့သည်။ သူ၏ ခြေလှမ်းများက တည်ငြိမ်နေပြီး အသက်ရှူသံလည်း မှန်ကန်နေကာ တောနက်ထဲတွင် တစ်နေကုန်နီးပါး သွားလာခဲ့ရသူနှင့် လုံးဝကို မတူညီပေ။
လက်တစ်ဖက်တွင် တောယုန်လေးကောင်ကို နားရွက်မှ ဆွဲကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင်မူ ကောက်ရိုးကြိုးဖြင့် ချည်နှောင်ထားသော်လည်း တဖျပ်ဖျပ် ရုန်းကန်နေသော တောကြက်ဖီးဖီးကြီး ငါးကောင်ကို ဆွဲကိုင်ထားသည်။ အလေးချိန် စီးလွန်းသောကြောင့် သူ၏ လက်မောင်းကြွက်သားများက အနည်းငယ် ဖောင်းကြွနေကာ မြင်ရသူအဖို့ အတော်လေး အထင်ကြီးစရာ ကောင်းနေလေသည်။
ရွာထိပ်ရှိ ကုက္ကိုပင်ကြီးအောက်တွင် အနားယူနေကြသော ရွာသားအချို့မှာ တံတွေးထွက်လုမတတ် ငြင်းခုံနေကြဆဲပင်။
ဒေါ်လေးဝမ်လည်း ထိုအထဲတွင် ပါဝင်နေပြီး မဲ့ကာရွဲ့ကာဖြင့် ချန်ရှင်းကို ဝမ်းသာအားရ လှောင်ပြောင်ကဲ့ရဲ့နေလေသည်။
"ငါ့အထင်တော့ အဲဒီကောင်က လေလုံးထွားနေတာ။ သူ့ခန္ဓာကိုယ် အနေအထားနဲ့ အမဲလိုက်ဖို့ဆိုတာ ဝေလာဝေး၊ အခုလောက်ဆို တောင်အနောက်ဘက်က တောဝက်ခွေ့တာခံရပြီး ချောက်ထဲ ကျနေလောက်ပြီ"
သူမ စကားပင် မဆုံးသေး၊ ခေါင်းမော့ကြည့်လိုက်ရာ အဝေးမှ လျှောက်လာသော ချန်ရှင်းကို မြင်လိုက်ရသဖြင့် သူမ မျက်နှာပေါ်ရှိ လှောင်ပြုံးက ချက်ချင်း ပျက်ပြယ်သွားတော့သည်။
သူမ၏ အကြည့်များက ချန်ရှင်း လက်ထဲရှိ သားကောင်များထံ၌ ရပ်တန့်သွား၏။ သူမ မျက်လုံးများက ကြေးခေါင်းလောင်းများပမာ ပြူးကျယ်သွားပြီး ကြက်ဥတစ်လုံး ငုံထားနိုင်လောက်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားကာ သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။
"အမလေး ဘုရား... ဘုရား…"
အဒေါ်လျူ အသက်ရှူမှားသွားပြီး ချန်ရှင်းကို လက်ညှိုးထိုးရင်း ဆွံ့အသွားတော့သည်။ အချိန်အတော်ကြာသည်အထိ စကားကို ဆုံးအောင် မပြောနိုင်ဘဲ
"အဲ... အဲဒါတွေက... သူ အကုန်ဖမ်းလာတာလား"
ပတ်ဝန်းကျင်ရှိ စကားပြောသံများအားလုံး ရုတ်တရက် ရပ်တန့်သွား၏။
သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် လူတိုင်းမှင်တက်သွားကြသည်။
အားလုံး၏ အကြည့်များက ချန်ရှင်းထံသို့ ရောက်ရှိသွားပြီး ထိတ်လန့်မှု၊ အံ့ဩမှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။
ဒေါ်လေးဝမ်၏ မျက်နှာမှာ ဖြူရော်နေရာမှ စိမ်းပုပ်သွားပြီး၊ ထိုမှတစ်ဆင့် မနာလိုမှုကြောင့် မည်းမှောင်သွားတော့သည်။
သူမက မကျေမချမ်းဖြင့် ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။
"ဟွန့်... သူများထောင်ထားတဲ့ ကျော့ကွင်းထဲကနေ သွားခိုးလာတာနေမှာပေါ့၊ ဘယ်သူသိမှာလဲ"
ချန်ရှင်းက ထိုအကြည့်များနှင့် တီးတိုးပြောဆိုသံများကို မကြားရသည့်အလား လျစ်လျူရှုထားပြီး သူတို့ကို တစ်ချက်လေးပင် စောင်းငဲ့မကြည့်ဘဲ လျှောက်သွားလေသည်။ ထိုရွာသားများကို ဆူညံနေသော ယင်ကောင်အုပ်ကြီးတစ်အုပ်လို သဘောထားကာ သူ့မျက်နှာအမူအရာက အလွန်ပဲ တည်ကြည်လေးနက်နေတော့သည်။
ထိုသို့ လုံးဝ လျစ်လျူရှုထားခြင်းက မည်သည့် ပြန်လည်ချေပမှုထက်မဆို ပို၍ အစွမ်းထက်လှပေသည်။
အရပ်ရှည်ရှည်နှင့် ခါးဆန့်ကာ လျှောက်ထွက်သွားသော ချန်ရှင်း၏ ကျောပြင်ထက်မှာတော့ ရွာသားများ၏ အကြည့်များက သံမှိုများပမာ စိုက်ဝင်နေပြီး ရှုပ်ထွေးသော ခံစားချက်များဖြင့် လိုက်ပါသွားကြလေပြီ။
ဤချန်ရှင်းက တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီလား...
ချန်ရှင်း သူ့ခြံဝင်းထဲသို့ လျှောက်လာပြီး ကျိုးပဲ့နေသော သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ နားညည်းဖွယ် အသံနှင့်အတူ တံခါးမှာ စောင်းရွဲ့သွားလေသည်။
ချန်ရှင်း ချက်ချင်းပဲ မျက်မှောင်ကြုတ်သွား၏။
ခြံဝင်းထဲတွင် ပစ္စည်းများ ပြန့်ကျဲ ရှုပ်ပွနေပြီး အမှိုက်သရိုက်များ နေရာအနှံ့ ပြန့်ကျဲနေသည်။ မကောင်းသော နိမိတ်တစ်ခုက သူ့နှလုံးသားကို ရစ်ပတ်လွှမ်းခြုံသွား၏။
အိမ်ထဲမှ ထွက်ပေါ်လာသော ကြိတ်မနိုင်ခဲမရ ငိုရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရချိန်မှာတော့ ချန်ရှင်း ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားတော့သည်။
အိမ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ချသွားရာ သူ့ရှေ့မှ မြင်ကွင်းကြောင့် ချန်ရှင်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့သည်။
ဆန်အိတ်မှာ ချွန်ထက်သော အရာတစ်ခုခုဖြင့် ခွဲခံထားရပြီး နှင်းပွင့်လို ဖြူဖွေးနေသော ဆန်စေ့များက ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲကာ မြေကြီးနှင့် ရောနှောနေသည်။
နံဘေးရှိ ဂျုံအိတ်မှာလည်း ပြဲအာနေပြီး ဂျုံမှုန့်ဖြူဖြူများက နေရာအနှံ့ ဖိတ်စင်ကာ လုံးဝကို စုတ်ပြတ်သတ်နေလေသည်။
ရွှီချင်းချင်းမှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် တသိမ့်သိမ့် တုန်ခါရင်း အသံတိတ် ငိုကြွေးနေသည်။ ထို့အပြင် သူမက ပြန့်ကျဲနေသော ဆန်စေ့များကို လိုက်လံကောက်ယူနေရှာသည်။ သူမ၏ လက်ချောင်းများကြားမှ ယိုကျနေသော ဆန်စေ့များက မျက်ရည်များနှင့် ရောနှောကာ ဖုန်မှုန့်များထဲသို့ ကျဆင်းသွားပြီး သူမ ပုံစံက အလွန်တရာ စိတ်ပျက်အားငယ် ကူကယ်ရာမဲ့နေပုံပေါ်လေသည်။
ရွှီချင်းချင်းအနီးမှာတော့ ကျောက်ဖန်းအာက မျက်လုံးများ နီရဲလျက် ရှိနေပြီး သူမ၏ လှပသော မျက်နှာလေးထက်၌ ဒေါသနှင့် ကြောက်ရွံ့မှု အကြွင်းအကျန်များ ပြည့်နှက်နေလေသည်။
အနီးရှိ ခြေတစ်ပေါင်ကျိုး စားပွဲပေါ်တွင်တော့ ငှက်ပျောဖူးခုတ် ဓားမကြီးတစ်လက်က သစ်သားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး ကျောချမ်းဖွယ် တလက်လက် တောက်ပနေ၏။
ခြေသံကြားလိုက်ရသဖြင့် ကျောက်ဖန်းအာ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။
ချန်ရှင်းကို မြင်လိုက်ရသောအခါ အောင့်အည်းမျိုသိပ်ထားရသမျှ ဒေါသနှင့် ကြောက်ရွံ့မှုများ အားလုံး ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
"ချန်ရှင်း…"
ကျောက်ဖန်းအာက ဒေါသထွက်နေသော ခြင်္သေ့မတစ်ကောင်ပမာ မြေပြင်ပေါ်မှ ခုန်ထလာပြီး ချန်ရှင်းဆီသို့ ပြေးသွားကာ လက်ညှိုးငေါက်ငေါက်ထိုးရင်း ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်တော့သည်။
"နင်က ပြန်လာရဲသေးတယ်ပေါ့လေ။ အသုံးမကျတဲ့ကောင်၊ လူယုတ်မာ၊ လောင်းကစားသမား။ နင်က ဘယ်လို ယောက်ျားမျိုးလဲ… ဟမ်…"
"နင် ဘယ်တွေသွားပြီး လေလွင့်နေတာလဲ... ဟမ်…။ ဝမ်တယ်ရှန်းတို့လို လူ့တိရစ္ဆာန်တွေ နင့်မိန်းမကို လာအနိုင်ကျင့်အောင် ခွင့်ပြုပေးထားရသလား။ သူက ချင်းချင်းကို အကြွေးဆပ်ဖို့ ဆွဲခေါ်သွားချင်နေတာ နင်သိရဲ့လား။ နင် သွားသေလိုက်ပါတော့လား"