← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉) - ချင်းချင်းကို အနိုင်မကျင့်နဲ့

ထမင်းစားပြီးသွားသောအခါ ကျောက်ဖန်းအာတစ်ယောက် ခွေးခြေခုံပေါ် ပစ်ထိုင်ချလိုက်ပြီး ခါးကိုလက်ထောက်လျက် ကျေနပ်အားရစွာ လေချဉ်တက်လိုက်လေသည်။

အစားကို မြန်မြန်ဆန်ဆန်နှင့် အများကြီး စားသောက်လိုက်ရသဖြင့် သူမ၏ လှပသော မျက်နှာလေးမှာ ကျေနပ်မှုနှင့်အတူ နီသွေးဖြန်းနေတော့၏။

တစ်သက်လုံး ဒီလောက် ဗိုက်ပြည့်ပြီး အရသာရှိလှသော အစားအသောက်မျိုး တစ်ခါမှ မစားခဲ့ဖူးဟုပင် သူမ ခံစားနေရသည်။

စားပွဲပေါ်ရှိ ပြောင်စင်သွားသော ပန်းကန်ပြားများနှင့် မြေဟင်းအိုးများကို ကြည့်လိုက်၊ ချန်ရှင်းကို ကြည့်လိုက်နှင့် သူမ အမြင်မှာ လုံးဝကို ပြောင်းလဲသွားခဲ့လေပြီ။

*ဒီလူ… တကယ်ကြီး ပြောင်းလဲသွားတာပဲ*

ထို့နောက် သူမ ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် တံခါးပေါက်ဝသို့ ရောက်သောအခါ သူမ၏ ခြေလှမ်းများ ရပ်တန့်သွား၏။

ကျောက်ဖန်းအာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး နောက်ပြန်လှည့်ကာ ချန်ရှင်းကို ထပ်မံ ကြည့်လိုက်သည်။

သူမ မျက်နှာပေါ်တွင် ကျေနပ်အားရနေမှုများနှင့် နီမြန်းနေမှုတို့က ပျောက်ကွယ်သွားပြီး အရင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အလွန်တရာ လေးနက်တည်ကြည်သည့် အသွင်အပြင်က အစားထိုး ဝင်ရောက်နေလေပြီ။

“ချန်ရှင်း…”

သူမက စကားလုံး တစ်လုံးချင်းစီကို ဖိပြောလိုက်၏။ အသံမှာ မကျယ်သော်လည်း ပီပီသသ ရှင်းရှင်းလင်းလင်းပင်။

“ဒီနေ့ကျွေးတဲ့ အစားအသောက်တွက် ကျေးဇူးတင်ပါတယ်”

“ဒါပေမဲ့ ကျွန်မ အခုပြောမယ့် စကားကို ရှင် သေသေချာချာ မှတ်ထားလိုက်”

ထိုသို့ပြောရင်း သူမ အနောက်တွင် ကွယ်ပေးထားသော ရွှီချင်းချင်းထံ လက်ညှိုးထိုးပြလိုက်သည်။

“ချင်းချင်းက ကျွန်မရဲ့ အချစ်ဆုံး ညီမလေးပဲ”

“အရင်တုန်းကလို သူ့ကို ထပ်ပြီး ရိုက်နှက်ဆဲဆိုရဲရင်ဖြစ်ဖြစ်၊ အပြင်ထွက်ပြီး လောင်းကစားတွေလုပ်၊ အပျော်အပါးတွေ ထပ်လုပ်ရဲရင်ဖြစ်ဖြစ်၊ ကျွန်မ ကျောက်ဖန်းအာဆိုတဲ့ မိန်းမက အသက်နဲ့လဲပြီး သူ့ကို ခေါ်ထုတ်သွားပစ်မယ်”

“ခရိုင်ရုံး၊ အုပ်ချုပ်ရေးရုံးတွေအထိ တက်တိုင်ပြီး ရှင်တို့ ကွာရှင်းနိုင်အောင် လုပ်ပေးမယ်။ ကျွန်မက ပြောရင် ပြောတဲ့အတိုင်း တကယ်လုပ်တဲ့ မိန်းမနော်”

ကွာရှင်းမည်ဟူသော စကားကို ကြားလိုက်ရသည်နှင့် ရွှီချင်းချင်း၏ မျက်နှာလေးမှာ သွေးဆုတ်ဖြူရော်သွားပြီး ကျောက်ဖန်းအာ၏ လက်မောင်းကို အလျင်စလို ဆွဲကိုင်လှုပ်ယမ်းလိုက်သည်။

“ဖန်းအာ…၊ တော်ပါတော့”

သူမက မျက်နှာငယ်လေးဖြင့် မော့ကြည့်လာသည်။ တည်ကြည်ပြတ်သားနေသော သူမ၏ အချစ်ဆုံးသူငယ်ချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ရှင်းကို သတိထား အကဲခတ်လိုက်၏။ အရည်လဲ့နေသော ဗာဒံစေ့သဏ္ဌာန် သူမ၏ မျက်လုံးဝိုင်းလေးများထဲမှာတော့ တောင်းပန်တိုးလျှိုးဟန်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

“သူ… သူ လောင်းကစား ထပ်မလုပ်တော့ရင်ပဲ… လုံလောက်နေပါပြီ…”

သူမ၏အသံမှာ ခြင်တစ်ကောင် ပျံသန်းနေသလို တိုးဖျော့လွန်းသော်လည်း ချန်ရှင်း၏ နှလုံးသားကို ညင်သာစွာ စူးဝင်သွားသော အပ်တစ်ချောင်းကဲ့သို့ပင်။

မျှော်လင့်ချက်များ ပြည့်နှက်နေသော သူမ၏ အကြည့်များကို ချန်ရှင်း ရင်ဆိုင်လိုက်ရသည်။ ထိုမျက်ဝန်းများထဲရှိ နုနယ်အားငယ်မှုနှင့် တောင့်တမှုတို့က သူ့နှလုံးသားကို ဆွဲညှစ်လိုက်သလို နာကျင်သွားစေ၏။

သို့သော်လည်း သူ အကြည့်မလွှဲခဲ့ပေ။ သံမဏိလို ခိုင်မာသော အကြည့်ဖြင့် သူမကိုသာ တည့်တည့်စိုက်ကြည့်နေလိုက်သည်။

ထို့နောက် စကားလုံး တစ်လုံးချင်းစီကို ပီပီသသဆိုရင်း လေးနက်သော ကတိတစ်ခုကို သူ ပေးလိုက်သည်။

“အခုကစပြီး မင်းအတွက် ကောင်းမွန်တဲ့ ဘဝကိုပဲ ကိုယ် ဖန်တီးပေးတော့မယ်”

တိုတောင်းလှသော စကားတစ်ခွန်း…။

ကြီးကျယ်ခမ်းနားသော သစ္စာဆိုမှုများ၊ ကတိကဝတ်များ မပါဝင်သော်လည်း ရွှီချင်းချင်း၏ နှလုံးသားထဲ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

သူမ၏ နှလုံးသားလေးမှာ ကြီးမားသော လက်တစ်ဖက်၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းဆိုသလိုပဲ နွေးထွေးသော ခံစားချက်များက လွှမ်းခြုံလာတော့သည်။

သူမ၏ မသက်မသာဖြစ်မှု၊ စိုးရိမ်ကြောင့်ကြမှုနှင့် သံသယများ အားလုံးမှာ သူ၏ ခိုင်မာသော အကြည့်နှင့် တည်ငြိမ်လှသည့် ကတိစကားတို့ကြောင့် ထိုအခိုက်အတန့်မှာပဲ လုံးဝ ပျောက်ကွယ်သွားရလေပြီ။

ဖော်ပြ၍ မရနိုင်သော နာကျင်မှုနှင့် ကြည်နူးမှုတို့က ရောယှက်ကာ သူမ နှာခေါင်းဝအထိ ဆောင့်တက်လာပြီး ရွှီချင်းချင်း၏ မျက်ဝန်းလေးများ ချက်ချင်းပဲ နီရဲလာတော့သည်။

မျက်ရည်များ ကျဆင်းမလာစေရန် သူမ နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်ပြီး ခေါင်းကိုသာ အသည်းအသန် ဆက်တိုက်ညိတ်ပြနေမိတော့သည်။

[ဒင်…၊ ရွှီချင်းချင်းထံမှ နက်ရှိုင်းလာသော ချစ်ခင်မြတ်နိုးမှုနှင့် လှိုက်လှိုက်လှဲလှဲ အားကိုးယုံကြည်မှုကို ထောက်လှမ်းသိရှိပါသည်။]

[စွမ်းအင် + ၃၀]

စနစ်၏ အသိပေးသံက ချန်ရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့စိတ်နှလုံးမှာလည်း တည်ငြိမ်အေးချမ်းသွားလေသည်။

သူ မတ်တတ်ရပ်လိုက်ပြီး

“ငါ လိုက်ပို့ပေးပါ့မယ်”

ကျောက်ဖန်းအာတစ်ယောက် ဤမြင်ကွင်းကို ကြည့်ရင်း သူမ ရင်ထဲတွင် ခံစားချက်များစွာ ရောထွေးနေတော့သည်။ ထို့နောက် နှာတစ်ချက်ရှုံ့လိုက်ပြီး တိတ်တဆိတ် သဘောတူ လက်ခံလိုက်လေသည်။

ချန်ရှင်းက ကျောက်ဖန်းအာကို ခြံဝင်းအပြင်ဘက်အထိ လိုက်ပို့ပေးခဲ့သည်။

တံခါးဝသို့အရောက်တွင် သူက ရုတ်တရက်လှည့်ကာ နံရံထောင့်မှ တစ်စုံတစ်ရာကို ကောက်ယူပြီး သူမထံ ကမ်းပေးလိုက်၏။

၎င်းမှာ ကောက်ရိုးကြိုးဖြင့် ချည်နှောင်ထားသည့် သန့်စင်ပြီးသား တောယုန်တစ်ကောင် ဖြစ်လေသည်။

“ဒါလေး ယူသွားလိုက်ပါဦး”

ကျောက်ဖန်းအာ မှင်တက်သွားပြီး အလိုအလျောက် ငြင်းဆန်ရန် ပြင်လိုက်သည်။

“ငါ မလိုချင်ပါဘူး…”

ချန်ရှင်း၏ လေသံက အပြောင်းအလဲမရှိ ခပ်ပြတ်ပြတ်ပင်။

“ဒီနေ့ ချင်းချင်းကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်လို့ပါ”

ကျောက်ဖန်းအာ၏ ငြင်းဆိုရန် စကားလုံးများက လည်ချောင်းထဲမှာပင် တစ်ဆို့သွားတော့သည်။

ဆူဖြိုးဖြိုး ယုန်ကို တစ်လှည့်၊ ခံစားချက် ကင်းမဲ့နေသော ချန်ရှင်း၏ မျက်နှာကို တစ်လှည့် ကြည့်ရင်း၊ သူမ၏ ရင်ထဲတွင် ဟင်းခတ်အမွှေးအကြိုင်ပုလင်း မှောက်ကျသွားသကဲ့သို့ ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ် အရသာမျိုးစုံ ရောပြွမ်းသွားသလို ခံစားလိုက်ရတော့သည်။

*ဒီလူယုတ်မာက ကျေးဇူးတင်စကား ပြောတတ်နေပြီလား…*

နောက်ဆုံးမှာတော့ ချန်ရှင်း၏ တည်ငြိမ်သော အကြည့်များအောက်တွင် ကျောက်ဖန်းအာ လက်မြှောက်အရှုံးပေးလိုက်ရလေပြီ။

တစ်စုံတစ်ယောက် မြင်သွားမည်ကို စိုးရွံ့နေသည့်အလား ယုန်ကို အမြန်လှမ်းဆွဲယူလိုက်ပြီး နှုတ်ဆက်စကားပင် မဆိုတော့ဘဲ ခေါင်းကိုငုံ့ ယုန်ကိုပိုက်လျက် ခပ်သုတ်သုတ် ပြေးထွက်သွားတော့သည်။

သူမ ထွက်ပြေးသွားပုံလေးမှာ ဇာတ်အဖွဲ့ပျက်သည့်အလား ဖရိုဖရဲနိုင်လှသည်။

ကျောက်ဖန်းအာ ပြန်သွားသည်ကို ကြည့်ပြီးမှ ချန်ရှင်း အိမ်ထဲ ပြန်ဝင်လာခဲ့သည်။

နက်သထက် နက်လာသော ညအမှောင်နှင့်အတူ နံရံအရိပ်ထဲမှ ခိုးကြောင်ခိုးဝှက် ပုံရိပ်တစ်ခုက ထိုမြင်ကွင်းအားလုံးကို အသေအချာ စောင့်ကြည့်နေခဲ့လေသည်။

အဒေါ်ဝမ်သည် လက်ပိုက်လျက် ရပ်နေကာ ကျောက်ဖန်းအာ မိန်းမပျိုလေး အသားထူထူ ယုန်တစ်ကောင် ယူပြေးသွားသည်ကို ကြည့်ရင်း မနာလိုစိတ်ဖြင့် မျက်လုံးများပင် နီရဲလာတော့သည်။

သူမက မြေကြီးပေါ်သို့ တံတွေးတစ်ချက် ထွေးချလိုက်ပြီးနောက် သူမ၏ ခြံဝင်းဘက်သို့ လှည့်ကာ ခနဲ့တဲ့တဲ့ဖြင့် ရွာတစ်ဝက်ခန့် ကြားလောက်အောင် အသံကုန်ဟစ်အော်လိုက်လေသည်။

“ဟွန့်…၊ ဘယ်လောက်များ ကံကောင်းနေလို့လဲ။ ကြက်လေး ယုန်လေး နှစ်ကောင်၊ သုံးကောင်လောက်များ ဘာများ ကြီးကျယ်နေတာမှတ်လို့”

“ငါ့သား ကျန်းပြောင် ခရိုင်ကနေသာ ပြန်လာကြည့်ပါလား၊ စက်ဘီးတွေ၊ လက်ပတ်နာရီတွေ၊ အပ်ချုပ်စက်တွေ ကောင်းပေ့ဆိုတဲ့ ပစ္စည်းမှန်သမျှ အကုန်ပါလာမှာဟေ့”

“ဟဲ့…၊ နင် စကားနည်းနည်းလောက် လျှော့ပြောပါလား”

ဘေးအိမ်ရှိ အဒေါ်လျူ၏ တံခါးမှာ အနည်းငယ် ဟနေ၏။

အဒေါ်လျူမှာ ရေဇလုံကို သွန်ပစ်ရန် ပြင်နေစဉ် ဤစကားကို ကြားလိုက်ရသဖြင့် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ခြင်းဖြစ်သည်။

“ချန်ရှင်း လူကောင်းသူကောင်း ပြန်ဖြစ်သွားတာက ကောင်းတဲ့ကိစ္စပဲလေ။ နင်က ဘာလို့ ဝင်ရှုပ်နေရတာလဲ”

ဤစကားကို ကြားလိုက်ရသောအခါ အဒေါ်ဝမ်မှာ ပို၍ ဒေါသထွက်သွားပြီး ခါးထောက်လျက် လှည့်၍အော်တော့သည်။

“ကောင်းတဲ့ကိစ္စ ဟုတ်လား… တောက်…”

“ခွေးမြီးကောက် ကျည်တောက်စွပ်ပါတော်”

“သူ ဟန်ဆောင်နေတာလို့ပဲ ငါတော့ ထင်တယ်။ ဘယ်သူသိမှာလဲ…၊ မနက်ဖြန်ကျ အဲဒီအသားတွေအကုန် မြို့ပေါ် သယ်သွားပြီး လောင်းကစား လုပ်ပစ်ချင် လုပ်ပစ်ဦးမှာ”

ချန်ရှင်းကတော့ အဒေါ်ဝမ်၏ ပွစိပွစိ လုပ်နေမှုများကို အနည်းငယ်မျှပင် စိတ်ထဲ ထည့်မထားချေ။ ထိုသို့သော လူမျိုးများကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ လျစ်လျူရှုထားခြင်းပင် ဖြစ်သည်။

အိမ်ထဲသို့ သူ ပြန်လှည့်ဝင်လာပြီး တံခါးဟောင်းကြီးကို ပိတ်လိုက်ကာ အပြင်ဘက်မှ မနာလိုဝန်တိုသည့် ခနဲ့တဲ့တဲ့ စကားသံများကို လုံးဝ ဖယ်ကြဉ်ထားလိုက်လေသည်။

အိမ်ထဲမှာတော့ ရွှီချင်းချင်းက စားပွဲကို ရှင်းလင်းပြီးနောက် အဝတ်စတစ်စဖြင့် တိတ်တဆိတ် သုတ်နေလေသည်။

ချန်ရှင်း စားပွဲဆီသို့ လျှောက်သွားကာ ကျန်ရှိနေသော ကြက်များနှင့် ယုန်သုံးကောင်ကို ယူလိုက်သည်။ ထို့နောက် ဓားမကြီးကို ဆွဲထုတ်လိုက်ပြီး မြန်ဆန်တိကျသော လက်များဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ခုတ်ထစ်ပိုင်းဖြတ်တော့သည်။

ကြက်သားနှင့် ယုန်သားများကို အပိုင်းအစများအဖြစ် ခုတ်ဖြတ်လိုက်ပြီး သူတို့စားသောက်ရန် တချို့တစ်ဝက်ကို ချန်လှပ်ထားခဲ့သည်။ ထို့နောက် အကြီးဆုံး ကြက်ပေါင်တစ်ချောင်းနှင့် အဆီအထူဆုံး ယုန်သားတစ်တုံးကို ရွေးချယ်ကာ ဆီစက္ကူဖြင့် သေချာစွာ ထုပ်ပိုးလိုက်လေသည်။

“အရင်တုန်းက မင်းကို ကူညီခဲ့ဖူးတဲ့သူတွေကို ငါတို့ မေ့ထားလို့ မဖြစ်ဘူးလေ”

ချန်ရှင်းက ထုပ်ပိုးထားသော အသားများကို ကိုင်မြှောက်ပြရင်း ပြောလိုက်သည်။

“ငါ အသားနည်းနည်း ခုတ်ထားတယ်။ သူတို့ကို သွားပြီး ကျေးဇူးဆပ်လိုက်ဦးမယ်”

ရွှီချင်းချင်းက သူ့လက်ထဲရှိ အသားများကို တစ်လှည့်၊ တည်ငြိမ်နေသော သူ၏ ဘေးတိုက်မျက်နှာကို တစ်လှည့် ကြည့်လိုက်ရင်း သူမ နှာခေါင်းဝတွင် စူးတက်သွားပြီး မျက်ဝန်းများ ချက်ချင်း ပူနွေးလာတော့သည်။

ဘာရယ်မဟုတ်သော ကူညီစောင့်ရှောက်မှုလေးများကိုပင် ဤအမျိုးသားက မှတ်မိနေပြီး ကျေးဇူးဆပ်ရန် ရည်ရွယ်လိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးမထင်ထားခဲ့ဖူးပေ။

နွေးထွေးသော ခံစားချက်လှိုင်းများက သူမ နှလုံးသားအောက်ခြေမှာ ရုတ်တရက် ရိုက်ခတ်လာပြီး တစ်နေ့တာလုံး ခံစားခဲ့ရသမျှ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှု အားလုံး ချက်ချင်းပဲ လွင့်စင်သွားတော့သည်။

သူမ အားပါးတရ ခေါင်းညိတ်လိုက်ပြီး တုန်ယင်နေသော အသံလေးဖြင့် ပြောလိုက်သည်။

“အင်း…”

ချန်ရှင်းလည်း အကောင်းဆုံး အသားများကို ယူဆောင်လျက် အဒေါ်လျူ၏ အိမ်သို့ တိုက်ရိုက်ထွက်လာခဲ့တော့သည်။

“ဒေါက်… ဒေါက်… ဒေါက်…”

“ဘယ်သူလဲကွဲ့”

အဒေါ်လျူ၏ အသံက အိမ်ထဲမှ ထွက်ပေါ်လာသည်။

“အဒေါ်လျူ…၊ ကျွန်တော် ချန်ရှင်းပါ”

တကျွီကျွီ မြည်သံနှင့်အတူ တံခါးပွင့်လာပြီး အဒေါ်လျူက ခေါင်းပြူထွက်လာ၏။

တံခါးဝတွင် ရပ်နေသော ချန်ရှင်းနှင့် သူ့လက်ထဲတွင် ကိုင်ထားသော ပြောင်လက်လက် အသားတုံးကြီးကို မြင်လိုက်ရသောအခါ သူမ လုံးဝ မှင်တက်သွားတော့သည်။

“မင်း…၊ ဒါက ဘာလုပ်မလို့လဲ”

ချန်ရှင်း၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိသော်လည်း သူ့လေသံကတော့ အလွန်ရိုးသားပွင့်လင်းလှသည်။

“အဒေါ်လျူ…၊ အရင်တုန်းက ချင်းချင်းကို တစ်ခါတလေ ဂရုစိုက်ပေးခဲ့တာတွေက သူ့အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်မလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီအသားလေးတွေကို လက်ခံပေးပါခင်ဗျာ”

“အိုကွယ်…၊ ဒီလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ”

အဒေါ်လျူ အသိစိတ် ပြန်ဝင်လာပြီး အားနာပါးနာဖြင့် သူမ လက်များကို အဆက်မပြတ် ဝှေ့ယမ်းကာ အသားများကို အတင်းပြန်တွန်းပေးလိုက်သည်။

“မြန်မြန် ပြန်ယူသွားစမ်းပါဟယ်။ မင်းရဲ့ မိန်းမ ချင်းချင်းလေးက အားနည်းနေတာ။ အာဟာရပြည့်အောင် အစားသေချာစားဖို့ လိုတယ်လေ။ ဒေါ်လေးက မင်းတို့ ပစ္စည်းတွေကို ဘယ်လိုလုပ် ယူရက်ပါ့မလဲ”

အခန်း (၁၀) ကျေးဇူးဆပ်လက်ဆောင်နှင့် ရတနာတစ်ပါး

ချန်ရှင်း သူမနှင့် ငြင်းမနေတော့ဘဲ အသားတုံးကို သူမ လက်ထဲ တိုက်ရိုက်ထည့်ပေးလိုက်ကာ ပြတ်သားသော လေသံဖြင့်

"အဒေါ်လျူ...၊ ယူထားလိုက်ပါ။ အဒေါ်သာ လက်မခံရင် ကျွန်တော် ချန်ရှင်းကို အဒေါ် အထင်သေးရာကျလိမ့်မယ်"

အဒေါ်လျူမှာ ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး နွေးထွေးနေဆဲဖြစ်သော အသားတုံးကြီးကို ကိုင်ထားရင်း သူမလက်များပင် ယောင်နန ဖြစ်နေရှာသည်။

သူမ ရှေ့မှ အရပ်မောင်းကောင်းကောင်း၊ တည်ငြိမ်ရင့်ကျက်နေပြီး အတိတ်ကလို ရမ်းကားသည့် အရိပ်အယောင် တစ်စက်ကလေးမှ မရှိတော့သော ချန်ရှင်းကို ကြည့်ရင်း အဒေါ်လျူမှာ ကြည်နူးမှုနှင့်အတူ စိတ်လှုပ်ရှားဝမ်းသာနေမိသည်။

"မင်းလေးကတော့လေ..."

အဒေါ်လျူ မျက်ရည်အဝဲသားဖြင့် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး လူလားမြောက်သွားသည့် ကိုယ့်တူအရင်းတစ်ယောက်ကို ကြည့်သည့်အကြည့်မျိုးဖြင့်

"မင်း အရွယ်ရောက်လာပြီပဲ၊ သိတတ်နေပြီပေါ့။ အဒေါ်လျူ သိပ်ဝမ်းသာတာပဲကွယ်"

ချန်ရှင်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

"ဒါဆို ကျွန်တော် ပြန်တော့မယ် အဒေါ်လျူ"

ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်လာခဲ့သည်။

သူ လှည့်လိုက်သည့်အချိန်မှာပင် အဒေါ်လျူ၏ ဧည့်ခန်းထောင့်ရှိ သစ်သားစင်တစ်ခုဆီသို့ သူ့အကြည့်များက မတော်တဆ ရောက်ရှိသွား၏။

စင်ပေါ်တွင် ဖုန်များထူပိတ်နေပြီး ပစ္စည်းမျိုးစုံ ပုံထားလေသည်။ အမြင်သာဆုံး ထောင့်တစ်နေရာမှာတော့ ဖုန်လုံးလုံးတက်နေသည့် အပြာနှင့်အဖြူရောင် နှာရှူဆေးဘူးလေးတစ်ခု တိတ်တဆိတ် ရှိနေလေသည်။

ချန်ရှင်း၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သူငယ်အိမ်များလည်း ကျဉ်းမြောင်းသွားတော့သည်။

သံလိုက်တစ်ခု၏ ဆွဲငင်ခြင်း ခံလိုက်ရသည့်အလား သူ့အကြည့်များက ထိုနှာရှူဆေးဘူးလေးအပေါ်၌ အသေအချာ ကျရောက်သွားလေသည်။

ထိုဘူးလေးမှာ ပုံမှန် ပြန့်ကားသော အဝနှင့် ကျဉ်းမြောင်းသော လည်ပင်းကိုယ်ထည်ရှိပြီး ပုံပန်းသဏ္ဌာန် သပ်ရပ်လေသည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာပင် ကြွေသားကလည်း နွေးထွေးသည့် အရောင်အသွေးကို ပြသနေ၏။ အပြာနှင့်အဖြူရောင်က တည်ငြိမ်မှုကို ပြသနေပြီး ရှုခင်းများနှင့် လူပုံများကို ရေးဆွဲထားသည်။ လက်ရာက အကောင်းဆုံးအဆင့်တွင် မရှိသော်လည်း တော်တော်လေး စနစ်တကျ ရှိလှသည်။

*ချင်းမင်းဆက် အလယ်ခေတ်ကာလ၊ သာမန်မီးဖိုက ထွက်လာတဲ့ လက်ရာကောင်းတစ်ခုပဲ။ အခြေအနေကလည်း တော်တော်ကောင်းသေးတာပဲ။*

ချန်ရှင်း ရင်တွေ တဒိန်းဒိုင်းခုန်လာပြီး အလွန်အမင်း ပျော်ရွှင်မှုက သူ့ခေါင်းထဲ ချက်ချင်းပဲ လှိမ့်ဝင်လာတော့သည်။

*ဒီပစ္စည်း... ဒီပစ္စည်းက ၂၁ ရာစုမှာ အဖိုးမဖြတ်နိုင်ဘူးဆိုရင်တောင် သေချာပေါက် သိန်းရာနဲ့ချီ တန်ကြေးရှိမှာပဲ။*

"ဘာဖြစ်လို့လဲ ချန်ရှင်း"

အဒေါ်လျူက သူ၏အကြည့်များကို သတိထားမိသွားပြီး လိုက်ကြည့်လိုက်ရာ ထိုနှာရှူဆေးဘူးလေးကို မြင်သွားပြီး ပြုံးလိုက်လေသည်။

"ဪ…၊ ဟိုဘူးအစုတ်လေးကို ကြည့်နေတာလား"

သူမက စိတ်မဝင်စားဟန်ဖြင့် လက်ယမ်းပြလိုက်ပြီး

"အိမ်က ဘယ်ဘိုးဘေးတွေ ချန်ထားခဲ့မှန်းတောင် မသိပါဘူး။ လေးလိုက်တာလည်း လွန်ရောပဲ။ အလှထားဖို့ဆိုတာတောင် နေရာအတော်ယူလွန်းတယ်။ မင်းဆော့ချင်ရင် ယူသွားလိုက်လေ"

ချန်ရှင်း အပျော်ကြီးပျော်သွားသော်လည်း သူ့မျက်နှာပေါ်တွင် အားနာသည့်ဟန် အထင်းသားပေါ်လာကာ လက်ကာပြရင်း

"အဒေါ်လျူ...၊ အဲ့လိုမလုပ်ပါနဲ့ဗျာ။ ဒါက ပစ္စည်းဟောင်းကြီးပဲ၊ ကျွန်တော် ဘယ်လိုလုပ် ယူလို့ရမှာလဲ။ လူကြီးလူကောင်းဆိုတာ သူများတန်ဖိုးထားတဲ့ပစ္စည်းကို မယူဘူးဗျ"

"အို... တန်ဖိုးထားတယ်၊ မထားဘူးတွေ လုပ်မနေပါနဲ့ကွယ်။ အဲ့နေရာမှာ ဆယ်နှစ်ကျော်လောက် ဖုန်တက်နေတဲ့ အတိုအစ အစုတ်လေးပါပဲ"

အဒေါ်လျူမှာ ရိုးသားသူဖြစ်ရာ သူ သဘောကျနေသည်ကို မြင်သောအခါ နှာရှူဆေးဘူးလေးဆီသို့ တိုက်ရိုက်လျှောက်သွားပြီး ကောက်ယူကာ ချန်ရှင်း၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"ယူသွားပါကွယ်။ မင်းက အဒေါ့်ကို အသားတုံးကြီး ပေးထားတာလေ၊ အဒေါ်ကတောင် အားနာနေသေး။ မင်းဆီက ဒီလောက်ကောင်းတဲ့ အသားတုံးကြီးကို ပုလင်းစုတ်လေးတစ်ခုနဲ့ လဲရတာ အဒေါ်တို့မိသားစု တော်တော်အမြတ်ထွက်နေပြီ။ မြန်မြန်ယူထားလိုက်စမ်းပါ။ မယူရင်တော့ အဒေါ်လျူကို သူစိမ်းလို သဘောထားရာရောက်သွားမယ်"

ချန်ရှင်းမှာ အားနာသည့်ဟန်ဖြင့် မျက်နှာလေး နီရဲကာ အကြိမ်ကြိမ် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်နေသော်လည်း နောက်ဆုံးတွင်တော့ အလွန်တရာ ငြင်းရခက်သည့်ပုံစံဖြင့် ထိုခပ်လေးလေး နှာရှူဆေးဘူးလေးကို လက်ခံလိုက်လေသည်။

"ဒါဆို... ဒါဆိုလည်း ကျွန်တော် အားမနာတော့ဘူးနော်။ ကျေးဇူးတင်ပါတယ် အဒေါ်လျူ"

အဒေါ်လျူအိမ်မှ ထွက်လာပြီးနောက် ချန်ရှင်းက သူ့လက်ထဲရှိ ခပ်အေးအေး နှာရှူဆေးဘူးလေးကို ချိန်ဆကြည့်လိုက်ပြီး ဆက်လက်ထိန်းချုပ်မထားနိုင်တော့ဘဲ ပြုံးဖြီးသွားတော့သည်။

*လုံးဝကို မိုက်သွားပြီပဲ*

ချန်ရှင်း လုံးဝ မရပ်တန့်ဘဲ ရွာအနောက်ဘက်စွန်းရှိ လက်သမားဆရာကျန်း၏ အိမ်နှင့် ရွာတောင်ဘက်ရှိ စာရင်းကိုင်လီ၏ အိမ်သို့ အသားများ ကိုင်ရင်း ဆက်သွားခဲ့သည်။

ထိုမိသားစုနှစ်စုစလုံးမှာ ရိုးသားပြီး စိတ်ထားကောင်းသူများ ဖြစ်ကြ၏။ အတိတ်က မူလခန္ဓာပိုင်ရှင်ကြောင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရပြီး စားစရာမရှိဖြစ်နေသော ရွှီချင်းချင်းကို သနားကြင်နာစွာဖြင့် ကောက်ညှင်းပေါင်း အနည်းငယ်နှင့် တောဟင်းရွက်ဟင်းရည်တစ်ခွက် တိတ်တဆိတ် ပေးခဲ့သူများမှာ လက်သမားဆရာကျန်း၏ ဇနီးနှင့် စာရင်းကိုင်လီ၏ မိခင်အိုကြီးတို့ ဖြစ်လေသည်။

တစ်ပေါက်နှစ်ပေါက်စာ ကျေးဇူးကို စမ်းရေပမာ ပြန်ဆပ်သင့်ပေသည်။

ချန်ရှင်းက မူလခန္ဓာပိုင်ရှင်လို လူယုတ်မာမျိုး မဟုတ်ပေ။ ဤသို့သော လူမှုဆက်ဆံရေး ယဉ်ကျေးမှုများကို သူ ကောင်းကောင်း နားလည်လေသည်။

"ဒေါက် ဒေါက် ဒေါက်"

"ဘယ်သူလဲ"

လက်သမားဆရာကျန်း၏ တံခါးပွင့်လာပြီး သူ့ဇနီးက ခေါင်းပြူကြည့်လာသည်။ ချန်ရှင်းကို မြင်သောအခါ သူမက အစပိုင်းတွင် လန့်သွားပြီး တံခါးကို အလိုလိုပြန်ပိတ်ရန် ဟန်ပြင်လိုက်၏။

ချန်ရှင်းကလည်း ဉာဏ်ပြေးစွာနှင့်ပင် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ယုန်သားကို တံခါးဟနေသော နေရာမှတစ်ဆင့် တိုက်ရိုက်ထိုးပေးလိုက်သည်။

"အဒေါ်...၊ အရင်တုန်းက ချင်ချင့်ကို ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ကျေးဇူးဆပ်ချင်တဲ့ စေတနာလေးပါ၊ လက်ခံပေးပါဗျာ"

လက်သမားဆရာကျန်း၏ ဇနီးမှာ ဆီများ စိမ့်ထွက်နေဆဲဖြစ်သော ယုန်သားကို ကိုင်ထားရင်း ကြက်သေသေသွားပြီး ဘာတုံ့ပြန်မှုမှ မလုပ်နိုင်ဘဲ အချိန်အတော်ကြာ ရပ်နေမိလေသည်။

ချန်ရှင်း အပိုစကားများ ဆက်မပြောနေတော့ဘဲ ကျောခိုင်းလှည့်ထွက်လိုက်၏။

အလားတူ မြင်ကွင်းမျိုး စာရင်းကိုင်လီ၏ အိမ်တွင်လည်း ဖြစ်ပွားခဲ့သည်။

ချန်ရှင်းက ဆူဖြိုးနေသော ကြက်သားတုံးကြီးကို ပေးလိုက်သောအခါ ခြေထောက်ကို ပတ်တီးစည်းထားပြီး တောင်ဝှေး မှီထားရသည့် စာရင်းကိုင်လီ၏ မိခင်အိုကြီးမှာ သူမ၏ မှုန်ဝါးနေသော မျက်လုံးအိုကြီးများဖြင့် ချန်ရှင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး နောက်ဆုံးတွင် သက်ပြင်းချကာ လက်ခံလိုက်လေသည်။

"လူလိမ္မာလေး...၊ မင်း ပြောင်းလဲသွားနိုင်တာ ကောင်းပါတယ်ကွယ်၊ ကောင်းပါတယ်..."

ခဏအတွင်းမှာပင် ချန်ရှင်းတစ်ယောက် စိတ်သစ်လူသစ်ဖြစ်သွားပြီဟူသော သတင်းမှာ တောမီးလောင်သကဲ့သို့ ရွာထဲရှိ အိမ်နီးနားချင်းများအကြား ပျံ့နှံ့သွားလေတော့သည်။ သားကောင်များ အမဲလိုက်နိုင်ရုံသာမက ကျေးဇူးသိတတ်နေပြီ ဖြစ်ကြောင်းလည်း ပါလေသည်။

သေချာပေါက်ပင်၊ ဤအရာများအားလုံးက တချို့လူများ၏ မျက်လုံးထဲမှာတော့ ပုံစံတစ်မျိုး မြင်ရစေလေသည်။

အအဒေါ်ဝမ်က သူမ၏ ခြံဝင်းထဲတွင် ခါးထောက်ရပ်နေပြီး သူမ၏ မျက်လုံးများက ချန်ရှင်း၏ ပုံရိပ်နောက်သို့ ကောက်ကျစ်စွာ လိုက်ပါကြည့်ရှုနေသည်။

ချန်ရှင်းက အဒေါ်လျူအိမ်၊ လက်သမားဆရာကျန်းအိမ်နှင့် စာရင်းကိုင်လီအိမ်သို့ သွားသည်ကို မြင်လိုက်ရသော်လည်း သူမ အိမ်ရှေ့ကိုတော့ ဘေးတစ်စောင်းလေးပင် လှည့်မကြည့်ခဲ့ပေ။

သူမ၏ ချွန်ချွန်မြမြ မျက်နှာကြီးမှာ ဒေါသကြောင့် စိမ်းလိုက် ဖြူလိုက် ဖြစ်နေတော့၏။

"တောက်...၊ ဘာမှ သောက်သုံးမကျတဲ့ကောင်"

မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ပြီး ပြောလိုက်သော သူမ၏ အသံမှာ အရမ်းလည်း မကျယ်၊ အရမ်းလည်း မတိုးဘဲ ဖြတ်သွားဖြတ်လာ ရွာသားများ ကြားနိုင်ရုံလောက်သာဖြစ်သည်။

"ယုန်တစ်ကောင်နှစ်ကောင် အမဲလိုက်နိုင်တာနဲ့ပဲ သူများထက် ပိုတော်နေပြီများ ထင်နေလားမသိဘူး။ လိုက်ပြီး မျက်နှာလုပ်နေတယ်၊ သူ့စွမ်းရည်ကို ပြချင်နေတာလား။ ငါ ပြောလိုက်မယ်၊ ခွေးဆိုတာ ချေးစားတဲ့အကျင့် ဘယ်တော့မှ မဖျောက်နိုင်ဘူး။ ဒီအသားတွေက ဘယ်သူသိမှာလဲ၊ အုတ်ဂူထဲက နှိုက်ထုတ်လာတာလည်း ဖြစ်ချင်ဖြစ်မှာ"

ထိုစကားများကို အိမ်ထဲတွင် ထိုင်နေသော သူမ၏ ယောက်ျားဖြစ်သူ ကြားသွားပြီး စိတ်မရှည်စွာဖြင့် အော်ငေါက်လိုက်သည်။

"မင်း ပါးစပ်လေး ဘာလေး ပိတ်ထားလို့ မရဘူးလား"

"ဘာလို့ ပိတ်ထားရမှာလဲ"

အအဒေါ်ဝမ်၏ ဒေါသက ထောင်းခနဲ ပိုထွက်လာပြီး သူမ အသံမှာလည်း ရှစ်ဆလောက် ပိုကျယ်သွားလေသည်။

"ချန်ရှင်းက ဘယ်လိုလူမျိုးလဲ။ တစ်ရွာလုံးမှာ ဘယ်သူ မသိတာ ရှိလို့လဲ။ အခုများကျတော့ လူကောင်းယောင်ဆောင်နေလိုက်တာ၊ ငတုံးတွေကိုပဲ လှည့်စားနိုင်မယ်။ သူ့ကို ကြည့်စမ်း၊ နေရာအနှံ့ လျှောက်သွားနေပေမဲ့ ငါတို့အိမ်ကျတော့ မလာဘူး။ သူက ဘယ်သူ့ကို အထင်သေးနေတာလဲ။ ကျေးဇူးကန်းတဲ့အကောင်"

သူမတို့ မိသားစုမှာ ရွှီချင်းချင်းကို ဆန်တစ်စေ့ပင် မပေးဖူးသည့်အပြင် ရွှီချင်းချင်း အဆိုးရွားဆုံး အခြေအနေ ရင်ဆိုင်နေရစဉ်က သူမတို့ သွားရောက်လှောင်ပြောင် ကြည့်ရှုခဲ့ကြသည်ကိုတော့ လုံးဝ မေ့လျော့နေခဲ့သည်။

အသားများ လိုက်ပေးပြီးနောက် ချန်ရှင်းလည်း ပေါ့ပါးလန်းဆန်းသော စိတ်ဖြင့် ပြန်လျှောက်လာခဲ့သည်။

အအဒေါ်ဝမ်၏ အိမ်ရှေ့မှ ဖြတ်သွားစဉ် အဒေါ်လျူအိမ်မှ သူရလာသော အပြာနှင့်အဖြူရောင် နှာရှူဆေးဘူးလေးကို ဆော့ကစားလာခဲ့သည်။

သူက ဘူးလေးပေါ်ရှိ ဖုန်များကို အင်္ကျီလက်စဖြင့် ဂရုတစိုက် သုတ်လိုက်ပြီး ကြည့်လေကြည့်လေ စိတ်လှုပ်ရှားလေ ဖြစ်နေပေသည်။

အအဒေါ်ဝမ်က သူ့လက်ထဲမှ အတိုအစအစုတ်လေးကို ဒိုင်းခနဲ မြင်သွားပြီး အမည်တပ်မရသော ဒေါသများအတွက် ထွက်ပေါက်တစ်ခု ချက်ချင်း ရှာတွေ့သွားတော့သည်။

သူမက ဟက်ခနဲ ရယ်မောလိုက်ရာ ထိုရယ်သံထဲတွင် ဖုံးကွယ်မထားသော အထင်သေးမှုနှင့် မောက်မာမှုတို့ ပြည့်နှက်နေလေသည်။

"အို...၊ ဒါက ကြီးမြတ်လွန်းတဲ့ သူတော်စင် ချန်ရှင်း မဟုတ်လား။ အသားတွေ ဝေလို့ ပြီးသွားပြီလား"

သူမက လက်ပိုက်ကာ မေးငေါ့ရင်း သရော်လိုက်၏။

"ဘာဖြစ်လို့လဲ၊ ပစ္စည်းကောင်းတွေ ဝယ်ဖို့ ပိုက်ဆံမရှိလို့ အမှိုက်ပုံ တစ်နေရာရာကနေ ဘူးစုတ်လေး ကောက်လာပြီး ရတနာလို သဘောထားနေတာလား"

သူမက လည်တဆန့်ဆန့်ဖြင့် ချန်ရှင်း လက်ထဲရှိ နှာရှူဆေးဘူးကို လက်ညှိုးထိုးပြီး "ဒီမည်းမည်းသည်းသည်း ဘူးစုတ်လေးကိုများ မျက်နှာပြောင်တိုက်ပြီး အကြာကြီး ကိုင်ကြည့်နေရသေးတယ်။ တကယ်ကို ဆင်းရဲပြီး အောက်တန်းကျတဲ့ အဖြစ်ပါပဲလား"

"ငါ ပြောလိုက်မယ်၊ ငါ့သား ကျန်းပြောင် ပြန်လာရင် မြို့ပေါ်မှာပဲ ရနိုင်တဲ့ ပစ္စည်းကောင်းတွေ အကုန်သယ်လာမှာဟေ့။ ရှန်ဟိုင်းတံဆိပ် နာရီတို့၊ ယုံကျိုတံဆိပ် စက်ဘီးတို့လေ။ အဲဒီအခါကျရင် ငါတို့အိမ်မှာ နေ့တိုင်း အသားတွေ ချက်ပြုတ်စားသောက်ပစ်မယ်။ အမှိုက်ကောက်ဖို့လောက်ပဲ ထိုက်တန်တဲ့ နင်တို့လို ဆင်းရဲသားတွေ မနာလိုဖြစ်ပြီး သွားရည်တမျှားမျှားဖြစ်အောင် လုပ်ပစ်ဦးမှာ"

ဆူညံပွက်လောရိုက်နေသည်ကို ကြည့်နေကြသော ရွာသားအချို့က သူမ၏ စကားများမှာ လွန်ကျူးလွန်းသည်ဟု ထင်ကြသော်လည်း မည်သူမှ ဝင်မပြောရဲကြချေ။

All Chapters