← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁) ပထမဆုံး ရွှေအိုး

နောက်ဆုံးတော့ ချန်ရှင်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

အဒေါ်ဝမ်က သူမ၏စကားများ အလုပ်ဖြစ်သွားပြီဟု ထင်မှတ်ကာ အသာစီးရနေမှုကို အသုံးချ၍ ချန်ရှင်းအား အဖတ်ဆယ်မရအောင် ဆက်လက်နှိမ့်ချပြောဆိုရန် ပြင်လိုက်၏။

သို့သော် ချန်ရှင်းက ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး သူမအား အေးစက်စက် အကြည့်တစ်ချက်ဖြင့်သာ ကြည့်လိုက်သည်။

သူ့အကြည့်များက အလွန်တရာ တည်ငြိမ်နေကာ လှိုင်းတံပိုး တစ်ချက်မျှ မရှိပေ။ ထိုအကြည့်က ဟိုခုန်ဒီပေါက်နှင့် ဆူညံစွာ အော်ဟစ်နေသော မျောက်တစ်ကောင်ကို ကြည့်နေသည့်အလား ပေါ့ပျက်ပျက် နိုင်လှပေသည်။

ဒေါသထွက်နေခြင်း မရှိသလို၊ အထင်အမြင် သေးနေခြင်းမျိုးလည်း မရှိ။ လုံးဝ ဂရုမစိုက်သည့် အေးစက်စက် အမူအရာသာ ရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် အဒေါ်ဝမ်၏ ပြောထွက်လုဆဲဆဲ စကားလုံးကြမ်းကြမ်းများက လည်ချောင်းဝမှာပဲ တစ်ဆို့သွားရတော့သည်။

ချန်ရှင်း၏ အကြည့်ကြောင့် အဒေါ်ဝမ် ကြက်သေသေသွား၏။ ဇာတ်ခုံပေါ်၌ ကိုယ်လုံးတီးဖြင့် တက်ကနေရသော လူပြက်တစ်ယောက်လို သူမကိုယ်သူမ ခံစားလိုက်ရသည်။ သူမ၏ အော်ဟစ်နေမှုများ၊ မော်ကြွားပြောဆိုနေမှုများ အားလုံးက ရယ်စရာကောင်းလှသော တစ်ကိုယ်တော် ပြဇာတ်တစ်ပုဒ်အဖြစ်သို့ ကျဆင်းသွားလေပြီ။

ချန်ရှင်းက နှုတ်ခမ်းတစ်ချက် လှုပ်ရန်ပင် ပျင်းရိနေဟန်ရှိ၏။ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို လမ်းဘေးမှ ယင်ကောင်များ၏ ဆူညံသံအလား သဘောထားကာ သူ့အကြည့်များကို ရုပ်သိမ်းလိုက်ပြီး အိမ်သို့ ဆက်လျှောက်သွားလေသည်။

"နင်…”

အဒေါ်ဝမ်မှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်လာသည်။ ချန်ရှင်း၏ ကျောပြင်ကို လက်ညှိုးထိုးထားရင်း အချိန်အတော်ကြာသည်အထိ ထိုစကားတစ်ခွန်းကိုပင် အနိုင်နိုင် ပြောထွက်တော့၏။ သူမ၏ မျက်နှာကြီးမှာ ဝက်အသည်းကဲ့သို့ နီရဲပူထူနေလေပြီ။

ချန်ရှင်း အိမ်ပြန်ရောက်သောအခါ အပြင်ဘက်မှ ဆူညံသံများကို စည်းခြားလိုက်သည့်အလား ဟောင်းနွမ်းနေသော ခြံတံခါးကြီးကို ဝုန်းခနဲ တွန်းပိတ်လိုက်၏။

ယခုမှသာ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ရေနွေးကြိုထားပြီးပြီဖြစ်သော ရွှီချင်းချင်းက ချန်ရှင်း ကိုယ်လက်ဆေးကြောနိုင်ရန် ရေခပ်ပေးဖို့ ပြင်လိုက်သည်။

ချန်ရှင်းက အပန်းမကြီးလိုကြောင်း အချက်ပြသည့်အနေဖြင့် လက်ကိုသာ ခါပြလိုက်သည်။

ထို့နောက် စားပွဲဆီသို့ လျှောက်သွားလိုက်ပြီး ရေနံဆီမီးခွက်၏ မှိန်ပျပျ အလင်းရောင်အောက်တွင် သူ့လက်ထဲမှ နှာရှူဆေးဘူးလေးအား ဂရုတစိုက် အကဲခတ်ကြည့်ရှုနေလေသည်။

ဖုန်မှုန့်များကို အကုန်အစင် ဖယ်ရှားလိုက်သောအခါ နှာရှူဆေးဘူးလေး၏ ပင်ကိုယ်အလှက ကွက်ကွက်ကွင်းကွင်း ပေါ်လွင်လာတော့သည်။

ခပ်နွေးနွေး အဖြူရောင် ကြွေသားကိုယ်ထည်ပေါ်တွင် သဘာဝရှုခင်းနှင့် လူရုပ်ပုံများကို အပြာရောင် ဆေးရေးဖြင့် လှပစွာ ခြယ်မှုန်းထားလေသည်။

အဝေးတွင် တောင်တန်းကြီးများက အထပ်ထပ် စီတန်းနေပြီး အနီးတွင်မူ တသွင်သွင် စီးဆင်းနေသည့် စမ်းချောင်းလေးပေါ်၌ တံတားငယ်လေး တစ်စင်းကို ပုံဖော်ထားသည်။ ထို့အပြင် ကောက်ရိုးမိုးကာ ဝတ်ဆင်ထားသော တံငါသည်တစ်ဦးကလည်း လှေဦးထိပ်မှာ အထီးကျန်စွာ ထိုင်နေလေသည်။ အလွန်တရာ ငြိမ်းချမ်းတိတ်ဆိတ်လှသော မြင်ကွင်းလေးတစ်ခုကို ပီပြင်စွာ ဖန်တီးထားသည့် လက်ရာကောင်းတစ်ခုပင်။

ကြွေသားအကာမှာ ချောမွတ်နေပြီး အတွင်းဘက်မှ တောက်ပမှုကိုပါ မြင်ရနိုင်၏။ အောက်ခြေရှိ တံဆိပ်တုံးမှာမူ မသေသပ်ရေးထားသော "ခန်းရှီးခေတ် ထုတ်ကုန်" ဟူသည့် အမှတ်အသားပင် ဖြစ်သည်။

ချန်ရှင်း၏ နှလုံးသားက ထိန်းမနိုင်သိမ်းမရ တဒိုင်းဒိုင်း ခုန်ပေါက်လာပြီး သူ့မျက်ဝန်းများကလည်း ဖုံးကွယ်မရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် အရောင်တလက်လက် တောက်နေတော့သည်။

*လုံးဝ... လုံးဝ မှားစရာအကြောင်း မရှိဘူး*

ချင်မင်းဆက် အလယ်ပိုင်းကာလ၊ သာမန်အရပ်သားများ၏ မီးဖိုမှ ထွက်ရှိလာသော အပြာနှင့်အဖြူစပ် ကြွေထည်စစ်စစ်ပင်။ ပန်းချီရေးဆွဲထားပုံ၊ အရောင်အသွေးနှင့် ပုံပန်းသဏ္ဌာန်များအရ ဤအရာသည် အဆင့်နိမ့် အရာရှိတစ်ဦး၏ မိသားစုကသာ လက်လှမ်းမီနိုင်သည့် အဖိုးတန်ပစ္စည်းမျိုး ဖြစ်ကြောင်း သေချာလှပေသည်။

နန်းတွင်းသုံးကြွေထည်များနှင့် မယှဉ်သာသော်လည်း ၎င်း၏ လက်ရှိအခြေအနေအရ ၂၁ ရာစု ရှေးဟောင်းပစ္စည်း ဈေးကွက်ထဲမှာဆိုလျှင် ဒုတိယတန်းစား မြို့တစ်မြို့တွင် အိမ်တစ်လုံး ဝယ်ယူရန်အတွက် စရန်ငွေအဖြစ် အလွယ်တကူ ထုတ်သုံးနိုင်မည်ဖြစ်သည်။

*ဒါ ငါ့ရဲ့ ပထမဆုံး ရွှေအိုးပဲ*

နေရာအနှံ့ အပင်ပန်းခံ ရှာဖွေနေခဲ့ရသည့် အဖိုးတန်ပစ္စည်းတစ်ခုက မမျှော်လင့်ဘဲ မိမိထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခြင်း မဟုတ်ပါလော။

ချန်ရှင်းတစ်ယောက် နှာရှူဆေးဘူးလေးကို ဆုပ်ကိုင်ထားရင်း သူ အလွန်ကြိုက်သည့် အရုပ်လေးတစ်ရုပ် လက်ဆောင်ရလိုက်သည့် ကလေးငယ်တစ်ယောက်လို အပြုံးကြီးပြုံးကာ အသံတိတ် ရယ်မောနေတော့သည်။

ဘေးမှာ ရပ်နေသော ရွှီချင်းချင်းကတော့ ချန်ရှင်း၏ အပြုအမူကို ကြည့်ပြီး အတော်လေး နားမလည်နိုင် ဖြစ်နေရှာသည်။ သို့သော် သူမ၏ စိတ်ထဲတွင်တော့ သက်သောင့်သက်သာ ဖြစ်နေခဲ့လေပြီ။

သူသာ လောင်းကစား မလုပ်တော့ဘဲ လူတွေကိုလည်း ထပ်မရိုက်တော့ဘူးဆိုပါက ယခုလို ဆေးဘူးလေးတစ်ဘူးကို မဆိုထားနှင့်၊ ကျောက်ခဲတစ်လုံးကို ကြည့်ပြီး ပြုံးလျှင်တောင် သူမ၏ နှလုံးသားထဲ ကြည်နူးနေမည်သာ ဖြစ်သည်။

ည နက်သထက်နက်လာသည်နှင့်အမျှ စားပွဲပေါ်ရှိ ရေနံဆီမီးခွက်မှ မီးတောက်လေးလည်း တဖြည်းဖြည်း ယိမ်းနွဲ့လာပြီး သူတို့နှစ်ဦး၏ အရိပ်များအပေါ် ထင်ဟပ်ကျရောက်နေတော့သည်။

ရွှီချင်းချင်းက ရေနွေးဇလုံတစ်လုံး မလာပြီး ချန်ရှင်းအနားသို့ လျှောက်သွားကာ တိတ်တဆိတ်ပင် ဆောင့်ကြောင့်ထိုင်ချလိုက်၏။

တလူလူ လွင့်တက်နေသော ရေနွေးငွေ့များကြားတွင် သူမ၏ နုနယ်လှပသော မျက်နှာလေးမှာ ဝေဝါးနေလေသည်။ သူမ၏ ဖြူလွှလွှ လက်ချောင်းသွယ်သွယ်လေးများဖြင့် ရေအပူချိန်ကို စမ်းသပ်ကြည့်ပြီးနောက် ချန်ရှင်း၏ခြေထောက်များကို ဂရုတစိုက် မယူကာ ရေဇလုံထဲသို့ ဖြည်းညင်းစွာ နှစ်ပေးလိုက်သည်။

ထိုလှုပ်ရှားမှုလေးများက အလွန်တရာ ကျိုးပဲ့လွယ်သော အဖိုးတန်ရတနာတစ်ပါးကို ကိုင်တွယ်နေသည့်အလား ညင်သာလွန်းလှပေသည်။

အခန်းလေးထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ရေလှိုင်းခတ်သံ သဲ့သဲ့လေးမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရပေ။

ရွှီချင်းချင်း ခေါင်းငုံ့ထားရာ သူမ၏ ရှည်လျားသော မျက်တောင်ကော့ကော့လေးများက ပါးပြင်ထက်တွင် အရိပ်မည်းလေးများအဖြစ် ထင်ဟပ်နေပြီး သူမ၏ ခံစားချက်များအားလုံးကို ဖုံးကွယ်ပေးထားလေသည်။

အတန်ကြာပြီးနောက် ရွှီချင်းချင်းက မကြားတကြား အသံလေးဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ဝမ်တယ်ရှန်းဆီက ရှင့်အကြွေးတွေအတွက် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင်”

သူမ၏ အသံလေးထဲတွင် ဖုံးကွယ်မရနိုင်သော ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေပြီး သူမ၏ ပခုံးလေးများမှာလည်း အလိုအလျောက် လျှောကျသွားလေသည်။

ဝမ်တယ်ရှန်း ထပ်ရောက်လာမည်ကို သူမ ကြောက်ရွံ့နေမိသည်။ မျှော်လင့်ချက် ရောင်ခြည် ခပ်သဲ့သဲ့လေး မြင်တွေ့လာရသည့် နေ့ရက်များက မှောင်မိုက်လှသော တွင်းနက်ကြီးထဲသို့ ပြန်လည်ဆွဲချခံရမည်ကို သူမ ပို၍ပင် ကြောက်ရွံ့မိသည်။ အခုမှ လူကောင်းတစ်ယောက် ဖြစ်လာခါစရှိသေးသော ဤအမျိုးသားကို ထိုလူယုတ်မာများက လမ်းမှားပေါ်သို့ ထပ်မံဆွဲတင်သွားကြမည်ကိုလည်း သူမ အလွန်စိုးရိမ်ထိတ်လန့်နေမိသည်။

ချန်ရှင်းက အနည်းငယ် တုန်ယင်နေရှာသော သူမ၏ ပိန်လှီလှီ ပခုံးလေးများကို ငုံ့ကြည့်လိုက်မိရာ သူ၏ နှလုံးသားထဲမှ အနူးညံ့ဆုံး အစိတ်အပိုင်းလေးတစ်ခု ညင်သာစွာ လှုပ်ခတ်သွားသလို ခံစားလိုက်ရလေသည်။

ခြေထောက် ဆေးပေးနေသော သူမ၏ လက်သေးသေးလေးကို သူ လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

ရေစက်နွေးနွေးလေးများက သူမ၏ လက်ခုံပေါ်မှတဆင့် ရေဇလုံထဲသို့ တတောက်တောက် ပြန်ကျသွားကာ လှိုင်းဂယက် သေးသေးလေးများကို ဖြစ်ပေါ်လာစေသည်။

သူမ၏ ကိုယ်လုံးလေးမှာ ရုတ်တရက် တောင့်တင်းသွားပြီး လက်ကို ပြန်ရုတ်ရန် အလိုအလျောက် ကြိုးစားလိုက်မိသည်။

သို့သော် ချန်ရှင်းက လွှတ်မပေးခဲ့ပေ။ ထိုအစား သူမ၏လက်ကို ရေထဲမှ ဆွဲထုတ်လိုက်ပြီး သူ၏ လက်ဖဝါးထဲ၌ နွေးထွေးစွာ ဆုပ်ကိုင်ထားလိုက်လေသည်။

သူမ၏ လက်သေးသေးလေးများက အေးစက်နေပြီး အဆစ်အမြစ်များ ထင်ရှားနေကာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရခြင်းကြောင့် အသားမာများလည်း တက်နေလေသည်။

"ပိုက်ဆံကိစ္စကို မင်း စိတ်ပူစရာ မလိုပါဘူးကွာ”

ချန်ရှင်း၏ ဩရှရှအသံက တိတ်ဆိတ်နေသော ညဉ့်ယံအချိန်တွင် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။

"ဝမ်တယ်ရှန်းကို ကိုယ် ဘယ်တုန်းကမှ အကြွေးမတင်ခဲ့ဘူး။ အရင်က ကိုယ် ဉာဏ်နည်းခဲ့လို့သာ သူက ကိုယ့်ကို အရူးလုပ်ပြီး အမြဲတမ်း ကုပ်သွေးစုပ်နေခဲ့တာပါ”

ဝမ်တယ်ရှန်းအမည်ကို ပြောလိုက်ချိန်တွင် ချန်ရှင်း၏ နက်မှောင်နေသော မျက်ဝန်းအစုံ၌ ကြက်သီးမွေးညင်း ထရလောက်အောင် အေးစက်လှသည့် သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲ ပြေးသွားလေသည်။

"ဒီကိစ္စကို ကိုယ် တာဝန်ယူ ဖြေရှင်းပေးပါ့မယ်။ ကိုယ် ကတိပေးတယ်"

ရွှီချင်းချင်း ငေးမောစွာဖြင့် မော့ကြည့်လိုက်မိရာ တောင်တန်းကြီးပမာ တည်ကြည်ခိုင်မာနေသည့် သူ့မျက်ဝန်းအစုံနှင့် ဆုံတွေ့သွားလေသည်။

သူ့မျက်ဝန်းများထဲတွင် နောက်ပြောင်နေသည့် အရိပ်အယောင် သို့မဟုတ် ဝတ်ကျေတမ်းကျေ ပြောဆိုနေသည့် အရိပ်အယောင် ဟူ၍ တစ်စက်ကလေးမျှ မရှိချေ။ ထိုအစား သူမကို စိတ်အေးချမ်းသွားစေမည့် ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်တို့သာ အပြည့်အဝ ရှိနေလေသည်။

ထိုအကြည့်ကြောင့် သူမ နှလုံးသားအနက်ပိုင်းထဲရှိ ကြောက်ရွံ့ထိတ်လန့်မှုတို့က အတော်လေး ပြေလျော့သွားခဲ့ရကာ ဝေခွဲမရဖြစ်မှုလေး အနည်းငယ်သာ ကျန်ရစ်နေတော့သည်။

သူ မည်သည့်အတွက်ကြောင့် ဤမျှ ယုံကြည်ချက် ပြည့်ဝနေရသနည်းဆိုတာ သူမ နားမလည်နိုင်သော်လည်း သူ့ကို ယုံကြည်ပေးဖို့သာ ဆုံးဖြတ်လိုက်လေသည်။

ထို့ကြောင့် နားလည်သယောင် နားမလည်သယောင်ဖြင့် သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်တော့၏။

ထိုအခါမှ ချန်ရှင်းက သူမ၏ လက်လေးကို လွှတ်ပေးလိုက်ပြီး သူ့ခြေထောက်ကို အဝတ်ဖြင့် သုတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ရွှီချင်းချင်းတစ်ယောက် သတိမဝင်လာသေးခင်မှာပင် သူက ရုတ်တရက် ကိုယ်ကိုကိုင်းညွတ်ကာ သူမကို လက်နှစ်ဖက်ဖြင့် ပွေ့ချီလိုက်လေသည်။

"အို…”

ရွှီချင်းချင်း အလန့်တကြား အာမေဍိတ်သံလေး ထွက်သွားပြီးနောက် သူမ၏ ကိုယ်လုံးလေးမှာ သစ်တုံးတစ်တုံးပမာ ချက်ချင်း တောင့်တင်းသွားရသည်။ လက်နှစ်ဖက်ကလည်း အလိုအလျောက်ပင် ချန်ရှင်း၏ အင်္ကျီကော်လာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိပြီး နှလုံးသားလေးမှာလည်း ရင်ဘတ်ထဲမှာ ပေါက်ထွက်လုမတတ် အဆက်မပြတ် ခုန်ပေါက်နေတော့သည်။

ဆပ်ပြာနံ့နှင့် ချွေးနံ့သဲ့သဲ့တို့ ရောယှက်နေသော ချန်ရှင်း၏ ယောကျ်ားပီသလှသည့် ကိုယ်သင်းနံ့က သူမ၏ နှာခေါင်းဝဆီသို့ အပြင်းအထန် တိုးဝင်လာရာ သူမ၏ ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားရလေသည်။

ချန်ရှင်းကတော့ သူမ၏ ဖြစ်ပျက်နေပုံကို သတိမပြုမိသည့်အလားပင်။ သူက သူမကို ပွေ့ချီကာ ကုတင်ပေါ်တွင် ညင်သာစွာ ချပေးလိုက်ပြီးနောက် စောင်ကိုပါ ဂရုတစိုက် ခြုံပေးလိုက်သည်။

ထိုလှုပ်ရှားမှု အဆင့်ဆင့်မှာ ကြမ်းတမ်းသည့် အရိပ်အယောင် တစ်စက်ကလေးမှ မရှိဘဲ တကယ့်ကို ညင်သာလွန်းနေလေသည်။ လက်တွေ့မဆန်သော အိပ်မက်တစ်ခုအလား နူးညံ့သိမ်မွေ့လွန်းလှ၏။

ရွှီချင်းချင်း၏ ပါးပြင်လေးများက သွေးစို့လုမတတ် နီရဲပူထူနေပြီး နှလုံးသားကလည်း ဗုံတီးနေသည့်အလား တဒိုင်းဒိုင်း ခုန်ပေါက်နေကာ နှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်းက သူမ၏ ရင်ဘတ်တစ်ခုလုံးကို ထုံကျင်သွားစေသည်။

သူမ ချန်ရှင်းကို နောက်တစ်ကြိမ် ပြန်မကြည့်ရဲတော့ပေ။ ရုတ်တရက် စောင်ကို အပေါ်သို့ ဆွဲတင်လိုက်ပြီး ကြောက်လန့်နေသော ငှက်ကုလားအုတ်ပေါက်စလေးတစ်ကောင်လို သူမ၏ ခေါင်းတစ်ခုလုံးကို စောင်ဖြင့် ဖုံးအုပ်ပစ်လိုက်တော့သည်။

ချန်ရှင်းက စောင်ပုံအောက်မှ ဖောင်းဖောင်းလုံးလုံး အရာလေးကို ကြည့်ပြီး မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ထို့နောက် သူလည်း ရေနံဆီမီးခွက်ကို မှုတ်ပိတ်လိုက်ပြီး ကုတင်၏ အခြားတစ်ဖက်တွင် ဝင်လှဲလိုက်တော့သည်။

ညဥ့်အခါယံက အကြွင်းမဲ့ တိတ်ဆိတ်ငြိမ်သက်သွားလေပြီ။

...

ညဉ့်နက်ချိန်သို့ ရောက်ခဲ့ပြီဖြစ်သည်။ သူ့နံဘေးရှိ မိန်းကလေးထံမှ အသက်ရှူသံများ မှန်မှန်ထွက်ပေါ်နေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြီဖြစ်ကြောင်း သေချာသွားတော့မှ ချန်ရှင်း အသာအယာ မျက်လုံးဖွင့်လိုက်သည်။

သူက အသံမထွက်စေဘဲ ထထိုင်လိုက်ပြီး အဝတ်အစားများ ဝတ်ဆင်ကာ အခန်း၏ အလယ်တည့်တည့်ဆီသို့ လျှောက်သွားလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုဖုံးလွှမ်းနေပြီး ပြတင်းပေါက် အပြင်ဘက်မှ ဖြာကျနေသော အေးစက်စက် လရောင်ကသာ ငွေရောင်အလင်းတန်းများကို မှိန်ပျပျ ထင်ဟပ်ပေးနေ၏။

"ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ်ကို ဖွင့်ပါ"

သူ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

မည်သည့် ဆူညံသံမှ ထွက်ပေါ်လာခြင်း မရှိဘဲ ရင်းနှီးပြီးသားဖြစ်သော ဖြူလွှလွှ အလင်းတံခါးပေါက်ကြီးတစ်ခုက သူ့ရှေ့မှောက်တွင် တိတ်တဆိတ် ပွင့်လာခဲ့သည်။

ထိုတံခါးပေါက်ကြီးမှာ နဂါးငွေ့တန်း ကြယ်စင်စုဝဲဂယက်ကြီးတစ်ခုအလား ညင်သာစွာ လည်ပတ်နေပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များ ဖြာထွက်နေလေသည်။

ချန်ရှင်း တစ်စက်ကလေးမှ တုံ့ဆိုင်းမနေဘဲ အတွင်းသို့ ဝင်ရောက်သွားတော့သည်။

သူ ဝင်ရောက်သွားပြီးသည်နှင့် တံခါးပေါက်ကြီးက တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား သူ့ ကျောဘက်တွင် တိတ်တဆိတ် ပြန်လည်ပိတ်သွားလေသည်။

ခေါင်းမူးနောက်သွားသည့် ခံစားချက်က ခဏတဖြုတ်သာ ဖြစ်သည်။

ချန်ရှင်း မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်ရာ ၂၁ ရာစုရှိ သူ့အငှားအခန်းငယ်လေးထဲတွင် ရပ်နေနှင့်ပြီး ဖြစ်လေပြီ။

ပြတင်းပေါက် အပြင်ဘက်ရှိ နီယွန်မီးရောင်စုံမြို့ပြနှင့် ရှုပ်ထွေးများပြားလှသော ယာဉ်သွားယာဉ်လာ မြင်ကွင်းက ၁၉၇၀ ပြည့်လွန်နှစ်များ၏ ခြောက်ကပ်ကပ် အသက်မဲ့မှုနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားလွန်းလှပေသည်။

အခန်း (၁၂) နှာရှူဆေးဘူး ရောင်းချခြင်း

ချန်ရှင်း အချိန်ဆွဲမနေတော့ဘဲ သူ့အိတ်ကပ်ထဲမှ အဝတ်စဖြင့် အထပ်ထပ် ပတ်ထားသော အပြာနှင့်အဖြူရောင် နှာရှူဆေးဘူးလေးကို ဂရုတစိုက် ထုတ်ယူလိုက်လေသည်။

စားပွဲတင်မီးအိမ်ကို သူ ဖွင့်လိုက်ပြီး နှာရှူဆေးဘူးလေးပေါ်မှ နောက်ဆုံးကျန်နေသေးသည့် ဖုန်မှုန့်လေးများကို သန့်ရှင်းသော အဝတ်စသန့်သန့်လေးဖြင့် ပြောင်စင်သွားအောင် သုတ်ပစ်လိုက်သည်။

မှိန်ပျပျ မီးရောင်အောက်တွင် နှာရှူဆေးဘူးလေး၏ ကြွေသားက နွေးထွေးစွာ တလက်လက် တောက်ပနေ၏။ အပြာနှင့်အဖြူရောင် ကြွေထည်က တည်ငြိမ်နက်ရှိုင်းသော အရောင်အသွေးကို ပိုင်ဆိုင်ထားပြီး ၎င်းပေါ်ရှိ ရှုခင်းများနှင့်လူပုံ ရေးဆွဲထားမှုများက ကြည့်လေ ကြည့်လေ ပို၍ ဆွဲဆောင်မှု ရှိလာလေ ဖြစ်သည်။

ချန်ရှင်း၏ မျက်လုံးများမှာ ဖုံးမနိုင်ဖိမရ စိတ်လှုပ်ရှားမှုများဖြင့် အရောင်လက်နေပြီး အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုကြောင့် သူ့ရင်တွေ တဒိုင်းဒိုင်း ခုန်နေတော့သည်။

*ငါ့ရဲ့ ပထမဆုံး ရွှေအိုးကြီးက ဒါလေးပေါ်မှာ မူတည်နေပြီပဲ*

ထို့နောက် လက်ရှိခေတ်၏ ပေါ့ပေါ့ပါးပါး အဝတ်အစားများဖြစ်သည့် တီရှပ်၊ ဂျင်းဘောင်းဘီနှင့် ရှူးဖိနပ်တို့ကို သူ ခပ်သွက်သွက် လဲလှယ်ဝတ်ဆင်လိုက်သည်။

မှန်ထဲမှာတော့ စူးရှရှ မျက်လုံးများ ပိုင်ဆိုင်ထားသည့် အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့် လူငယ်တစ်ယောက် ရှိနေ၏။ လွန်ခဲ့သည့် မိနစ်အနည်းငယ်က ဖာထေးရာများ ပြည့်နေသည့် အဝတ်ဟောင်းကြီးကို ဝတ်ဆင်ထားသော တောသားလေးနှင့် လုံးဝကို ဆန့်ကျင်ဘက်ပင်။

နှာရှူဆေးဘူးလေးကို သေသပ်လှပသော လက်ဝတ်ရတနာဘူးထဲသို့ ထည့်ပြီး ကျောပိုးအိတ်ထဲ ကောက်ထည့်လိုက်သည်။ ထို့နောက် ပိုက်ဆံအိတ်နှင့် သော့များ ယူကာ တစ်စက္ကန့်လေးမျှပင် တုံ့ဆိုင်းမနေတော့ဘဲ အိမ်ထဲမှ တန်းခနဲ ပြေးထွက်သွားတော့သည်။

ညလေပြေထဲတွင် မြို့ပြ၏ အိုက်စပ်စပ် အပူငွေ့များ ရောယှက်နေ၏။ ချန်ရှင်း တက္ကစီတစ်စီးကို လက်တားလိုက်သည်။

"ဦးလေး...၊ မြို့ပေါ်က အကြီးဆုံး ရှေးဟောင်းပစ္စည်းဈေးကို သွားပေးပါ"

ညဘက် ရှေးဟောင်းပစ္စည်းဈေးတန်းမှာ နေ့ခင်းဘက်လို လူစည်ကားရှုပ်ထွေးမှုမျိုး မရှိတော့ဘဲ ပိုမို လျှို့ဝှက်ဆန်းကြယ်သော လေထုတစ်ရပ် လွှမ်းခြုံနေလေသည်။

ဆိုင်ခန်းတန်းများတွင် မှိန်ဖျော့ဖျော့ အဝါရောင်မီးများ ထွန်းလင်းထားပုံက အမှောင်ထဲတွင် ချောင်းမြောင်းကြည့်နေသော မျက်လုံးများအလားပင်။

ကျွီပေါင်ကဲဟု အမည်ရသော ဆိုင်တစ်ဆိုင်ထဲသို့ ချန်ရှင်း တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။

ဆိုင်လေးမှာ ခပ်ကျဉ်းကျဉ်းလေးဖြစ်ပြီး ရှေးဟောင်းပုံစံ အလှဆင်ထားကာ လေထဲတွင်တော့ ဟောင်းနွမ်းနေသော သစ်သားနံ့နှင့် မင်ရည်အနံ့များ ပြည့်နှက်နေလေသည်။

ကောင်တာနောက်ဘက်တွင် မျက်မှန်တပ်ထားပြီး တရုတ်ရိုးရာအင်္ကျီကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက ခေါင်းငုံ့လျက် ကြေးဝါနံ့သာမီးဖိုတစ်ခုကို ပွတ်တိုက်သန့်စင်နေ၏။ သူက ချန်ရှင်းကို တစ်ချက်မျှပင် မော်မကြည့်ဘဲ အေးစက်စက်ပုံစံဖြင့် ရှိနေလေသည်။

ချန်ရှင်းလည်း ဘာစကားမှ မဆိုဘဲ အဝတ်စဖြင့် ပတ်ထားသော နှာရှူဆေးဘူးလေးကို မှန်ကောင်တာပေါ်သို့ ဂရုတစိုက် တင်ပေးလိုက်သည်။

"သူဌေး...၊ ဒီပစ္စည်းလေး ကြည့်ပေးပါဦး"

ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးအိုက ခေါင်းကို ဖြည်းညင်းစွာ မော့လာပြီး အတုတွေချည်း မြင်နေကျမို့လို့ စိတ်မဝင်စားသည့် ပုံစံမျိုးဖြင့် ကောင်တာပေါ်ကို သာမန်ကာလျှံကာ လှမ်းကြည့်လိုက်လေသည်။

သို့သော် နောက်တစ်စက္ကန့်မှာတင် ကြေးဝါမီးဖိုကို သုတ်နေသော လက်များ ရုတ်တရက် ရပ်တန့်သွားပြီး အဘိုးအိုလည်း မှင်တက်သွားတော့၏။

သူက လက်ထဲမှ ကြေးဝါမီးဖိုနှင့် အဝတ်စကို ချလိုက်ပြီး နှာရှူဆေးဘူးကို လုယူလုမတတ် ဆွဲကိုင်လိုက်တော့သည်။ သူ့ထံတွင် အစက ရှိနေခဲ့သော အေးတိအေးစက်နှင့် စိတ်မဝင်စားသည့် ပုံစံတို့မှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီး ဘာသာတရား ကိုင်းရှိုင်းသူတစ်ယောက်ကဲ့သို့ အလွန်တရာ လေးနက်တည်ကြည်မှုက အစားထိုး ဝင်ရောက်လာလေသည်။

သူက အံဆွဲထဲမှ သားရေတစ်စကို ယူကာ နှာရှူဆေးဘူးကို ဂရုတစိုက် ကိုင်တွယ်လိုက်ပြီးနောက် အခြားတစ်ဖက်မှ အလွန်ကြည်လင်ပြတ်သားသော မှန်ဘီလူးတစ်ခုကို ထုတ်ယူလိုက်လေသည်။

ထို့နောက် ဘူး၏ ပြန့်ကားနေသော အဝကနေ အောက်ခြေအကွင်းအထိ၊ ကြွေသားအရည်အသွေးမှသည် အပြာနှင့်အဖြူရောင် အရောင်အသွေးအထိ၊ ဘူးကိုယ်ထည်တစ်ခုလုံးကို ဂရုတစိုက် စစ်ဆေးနေတော့သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်သာရှိသော ဆိုင်ခန်းလေးထဲတွင် အဘိုးအို၏ တဖြည်းဖြည်း မြန်ဆန်လာသော အသက်ရှူသံများကိုသာ ကြားနေရလေသည်။

"ဟူး..."

အချိန်အတော်ကြာပြီးနောက် အဘိုးအိုက သက်ပြင်းရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်ပြီး မှန်ဘီလူးကို အောက်ချလိုက်လေသည်။

သူ ခေါင်းမော့လာသောအခါ မျက်မှန်နောက်ကွယ်ရှိ သူ့မျက်လုံးများထံမှ သိမ်းငှက်တစ်ကောင်အလား စူးရှထက်မြက်သည့် အကြည့်များ ထွက်ပေါ်လာပြီး ချန်ရှင်းကို အသေအချာ စိုက်ကြည့်နေတော့သည်။

"လူငယ်လေး...၊ မင်း ဒီပစ္စည်းကို ဘယ်ကနေ ရလာတာလဲ"

ချန်ရှင်းကမူ အကဲခတ်ခံနေရသူမှာ သူမဟုတ်သည့်အလား လုံးဝ တည်ငြိမ်နေပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ကျွန်တော့် ဘိုးဘေးတွေဆီက ဆင်းသက်လာတာပါ"

"မိသားစု အမွေအနှစ်ပေါ့လေ"

အဘိုးအို၏ နှုတ်ခမ်းများက မယုံကြည်ဟန်ဖြင့် မဲ့ပြုံးတစ်ချက် ပြုံးသွားသော်လည်း ထပ်မံ၍ အမေးအမြန်း ထူမနေတော့ပေ။ ဤသည်က ရှေးဟောင်းပစ္စည်းလုပ်ငန်းသဘာဝ ထုံးစံတစ်ခုပင် ဖြစ်လေသည်။

နှာရှူဆေးဘူးကို ကောင်တာပေါ်သို့ ညင်သာစွာ ပြန်ချလိုက်ပြီးနောက် အဘိုးအိုက လက်ချောင်းများကို ယှက်ကာ ဈေးစမ်းသည့် လေသံဖြင့် စကားစလိုက်သည်။

"ပစ္စည်းကတော့ ကောင်းပါတယ်၊ အဟောင်းစစ်တယ်။ ဒါပေမဲ့ အရပ်သုံးမီးဖိုက ထွက်လာတဲ့ပစ္စည်းဖြစ်နေတော့ ပန်းချီလက်ရာက အလယ်အလတ်အဆင့်လောက်ပဲ ရှိပြီး အခုထိ အတော်များများလည်း ကျန်နေသေးတယ်လေ။ မင်းအတွက် ဒီဈေးပေးမယ်"

သူ လက်တစ်ချောင်း ထောင်ပြလိုက်၏။

"တစ်သိန်း..."

ချန်ရှင်း ပြုံးလိုက်လေသည်။

သူ ဘာစကားမှ မဆိုဘဲ နှာရှူဆေးဘူးကို ပြန်ယူရန်အတွက် လက်လှမ်းလိုက်ရုံသာ ဟန်ပြင်လိုက်၏။

"ဟေ့... လူငယ်လေး…"

အဘိုးအိုက စိုးရိမ်တကြီး ရေရွတ်လိုက်ပြီး သူ့ကို တားရန် အလျင်စလို လက်လှမ်းလိုက်သည်။

ချန်ရှင်းက မဲ့ပြုံးတစ်ချက်ပြုံးကာ သူ့ကို ကြည့်လိုက်ပြီး

"အဘိုးကြီး...၊ စကားတွေ လှည့်ပတ်ပြောမနေကြေးဗျာ။ ဒါက ချင်းမင်းဆက် အလယ်ခေတ်ကာလ သာမန်မီးဖိုကထွက်တဲ့ အပြာနဲ့အဖြူရောင် ကြွေထည်၊ ခန်းရှီးမင်းဆက် တံဆိပ်နဲ့ ရှုခင်းနဲ့လူပုံ ရေးဆွဲထားတာလေ။ ပန်းချီလက်ရာက ညက်ညောပြီး အရောင်အသွေးကလည်း စိုပြည်နေတာပဲ။ ပြီးတော့ အစင်းရာတစ်ချက်လေးတောင် မရှိဘဲ အကောင်းပကတိအတိုင်း ကျန်ရှိနေတာလေ။ ဒီလောက်တန်ကြေး မရဘူးဆိုရင်တော့ ကျွန်တော် လှည့်ပြန်ရုံပဲ ရှိတော့မှာပေါ့"

ထို့နောက် သူလည်း လက်တစ်ချောင်း ထောင်ပြကာ အဘိုးအို၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်လေသည်။

အဘိုးအို၏ သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ့မျက်နှာပေါ်တွင် ဖုံးမနိုင်ဖိမရ အံ့အားသင့်မှုများ အထင်းသား ပေါ်လာတော့သည်။

သူက ချန်ရှင်း၏ မျက်နှာပေါ်တွင် အပြုံးပန်းတစ်ပွင့် ပွင့်လာသည်ကို မြင်ရမည့်အလား အသေအချာ စိုက်ကြည့်နေတော့၏။

အစကတော့ ကံကောင်းသွားသည့် ဘာမှနားမလည်သော ကလေးတစ်ယောက်ဟုသာ သူ ထင်ခဲ့မိခြင်းပင်။ တကယ်တမ်းကျတော့ အားနည်းချင်ယောင်ဆောင်ပြီး အကွက်ကောင်းကောင်းမြင်သည့် ဆရာတစ်ဆူ ဖြစ်နေခဲ့လေသည်။

သူ ပြောလိုက်သော ဂဏန်းမှာ ဤပစ္စည်း၏ ဈေးကွက်ပေါက်ဈေးပင် ဖြစ်သည်။

"တစ်သန်း..."

အဘိုးအိုက အသက်ရှူမှားမတတ် ရေရွတ်လိုက်သည်။

"လူငယ်လေး...၊ မင်း အရမ်းလွန်လွန်းနေပြီ။ အဆမတန်ကို ခေါင်းပုံဖြတ် တောင်းနေတာပဲ"

"ခေါင်းပုံဖြတ်တယ် ဟုတ်လား..."

ချန်ရှင်းက လှောင်ပြုံး ပြုံးလိုက်သည်။

"အဘိုးကြီး... ဒီပစ္စည်းကို လေလံရုံသာ သွားပို့လိုက်ရင် ဘယ်စျေးအထိ ရမလဲဆိုတာ ကျွန်တော်တို့ နှစ်ယောက်စလုံး အသိဆုံးပါ။ ကျွန်တော်က အဘိုးကြီး အမြတ်ကျန်အောင်တောင် ချန်ပေးထားခဲ့သေးတာ။ ဒါဆို ဘယ်သူက ပိုပြီး ခေါင်းပုံဖြတ်နေတာလဲ"

သူတို့နှစ်ဦး၏ အကြည့်များက လေထဲတွင် ထိတွေ့မိသွားကြသည်။ တစ်ယောက်က ကောက်ကျစ်ကာ အကွက်ကျကျ တွက်ချက်တတ်ပြီး ကျန်တစ်ယောက်ကတော့ မကြောက်မရွံ့ဘဲ ယုံကြည်မှု အပြည့်ရှိနေလေသည်။

တိတ်ဆိတ်သွားလေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အဘိုးအိုက သက်ပြင်းချလိုက်ပြီး မချိပြုံး ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။

"လူငယ်တွေက လူကြီးတွေထက်တောင် သာနေပါလား။ ကောင်းပြီလေ... ရှစ်သိန်း။ ဒါက ငါ ပေးနိုင်တဲ့ အများဆုံးဈေးပဲ၊ ဒီထက်ပိုရင်တော့ ငါ့ဆိုင်လေး ပိတ်လိုက်ရတော့မှာပဲ"

"ကိုးသိန်း၊ တစ်ပြားမှ လျှော့မပေးနိုင်ဘူး။"

ချန်ရှင်း၏ လေသံက ပြတ်သားနေပြီး ယုံမှားသံသယဖြစ်စရာ တစ်စက်မှ မရှိပေ။

"မင်း..."

အဘိုးအိုခမျာ ဒေါသကြောင့် မျက်လုံးပြူးကာ မုတ်ဆိတ်မွေးများ တုန်ခါသွားသော်လည်း ချန်ရှင်း၏ တည်ငြိမ်ပြီး တုန်လှုပ်မှုကင်းသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ဤသည်မှာ တစ်ဖက်လူ၏ နောက်ဆုံးဈေးမှန်း သူ သဘောပေါက်သွားတော့သည်။

နောက်ဆုံးတော့ အဘိုးအိုက သွားကို ကြိတ်ကာ ပေါင်ကို ရိုက်ချလိုက်ပြီး အော်ပြောလိုက်၏။

"သဘောတူတယ်ကွာ"

ခဏအကြာတွင် ချန်ရှင်း၏ ဖုန်းထဲသို့ ဘဏ်မှ ငွေဝင်ကြောင်း စာတစ်စောင် ရောက်လာသည်။

ငွေစာရင်း၏ သုညတန်းအရှည်ကြီးကို ကြည့်ရင်း သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိသည်။

*အရမ်းမိုက်တာပဲ...*

*ပထမဆုံး ငွေထုပ်ကြီးကို လက်ဝယ်ပိုင်ဆိုင် ရရှိသွားပြီလေ...*

ရှေးဟောင်းပစ္စည်းစျေးမှ ထွက်လာပြီးနောက် ချန်ရှင်း အချိန်မဆွဲတော့ဘဲ ချက်ချင်း လှုပ်ရှားတော့သည်။

ဦးစွာ သူက စက်ပစ္စည်းနှင့် လုံခြုံရေးသုံးပစ္စည်းများ ရောင်းသည့် မထင်မရှား ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။

"သူဌေး...၊ ဒီမှာ အပြင်းဆုံး ငရုတ်ကောင်းစပရေး ဖြစ်ဖြစ်၊ လူကောင်ထွားထွားကြီးကို ချက်ချင်း ပုံကျသွားစေနိုင်မယ့် လျှပ်စစ်ရှော့ခ်ရိုက်စက်ဖြစ်ဖြစ် ရှိလား"

ဆိုင်ရှင်က သူ့ကို ထူးဆန်းသလို တစ်ချက် ကြည့်လိုက်သော်လည်း ကောင်တာအောက်မှ အနက်ရောင် ပစ္စည်းအကြီး နှစ်ခုကို ဆွဲထုတ်ပေးလိုက်သည်။

ချန်ရှင်းက အေးစက်စက် ရယ်မောရင်း လှမ်းယူလိုက်၏။ ၎င်းက ဝမ်တယ်ရှန်းနှင့် သူ့အပေါင်းအပါများအတွက် သူ ပြင်ဆင်ထားသည့် လက်ဆောင်များပင် ဖြစ်လေသည်။

ထို့နောက် ချက်ချင်းပဲ မီးရောင်ထိန်ထိန်လင်းနေသော စူပါမားကတ်ထဲသို့ သူ အပြေးဝင်သွားပြီး ဈေးဝယ်လှည်းတစ်စီးကို တွန်းကာ ပစ္စည်းများကို အကြမ်းပတမ်း သိမ်းကျုံးယူတော့သည်။

ပြည်ပဖြစ် နို့မှုန့်များ၊ သကြားညိုခဲ အကြီးများ၊ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသော ချောကလက်များနှင့် လှပစွာ ထုပ်ပိုးထားသည့် သစ်သီးသကြားလုံး၊ နို့သကြားလုံး မျိုးစုံ...။

သူက ပိုက်ဆံကို ရေလိုသုံးနိုင်သည့် သူဌေးပေါက်စအလား စင်ပေါ်ရှိ ပစ္စည်းအပုံလိုက်ကို သူ့လှည်းထဲသို့ မညှာမတာ သိမ်းကျုံးထည့်နေတော့သည်။

ငွေရှင်းပြီးနောက်မှာတော့ ဘေးနားရှိ အဝတ်အထည်ဆိုင်ထဲသို့ သူ ဝင်သွားပြန်သည်။

မျက်စိကျိန်းမတတ် လှပလွန်းသော အမျိုးသမီးဝတ် အထည်များဆီသို့ သူ့အကြည့်များ ဝေ့ဝဲသွားပြီးနောက် အပြာနုရောင် ဂါဝန်လေးတစ်ထည်ရှေ့တွင် ရပ်တန့်သွားတော့သည်။

ထိုဂါဝန်လေးက ခါးသိမ်သိမ်လေးနှင့် ရိုးရှင်းသော ဒီဇိုင်းမျိုးဖြစ်ပြီး အသားကလည်း နူးညံ့လှသည်။ အရောင်ကတော့ မိုးရွာပြီးစ ကောင်းကင်ပြာလေးလိုပင်။

ထိုဂါဝန်လေးကို ဝတ်ဆင်ထားမည့် ရွှီချင်းချင်း၏ ရင်သပ်ရှုမောဖွယ် လှပနေမည့်ပုံကို သူ့မျက်စိထဲ ချက်ချင်းပဲ မြင်ယောင်လာမိသည်။

"ဒါလေး ယူမယ်"

အိတ်ကြီးအိတ်ငယ်များကို ဆွဲပြီး အငှားခန်းဆီ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ချန်ရှင်းတစ်ယောက် ဟိုဘက်ခေတ်သို့ ပြန်သွားရန် ပြင်ဆင်မှုများကို ချက်ချင်း စတင်တော့သည်။

"ဗြစ်..."

နို့မှုန့်ဘူး၏ ထုပ်ပိုးမှုများကို ဆုတ်ဖြဲလိုက်ပြီး နို့မှုန့်များကို ရိုးရိုး အဝတ်အိတ်တစ်လုံးထဲသို့ ပြောင်းထည့်လိုက်သည်။

သကြားညိုနှင့် ချောကလက်တို့၏ ပလတ်စတစ် အခွံများကိုလည်း ဖယ်ရှားလိုက်ပြီး ကြမ်းတမ်းသော ဆီစိမ်စက္ကူများဖြင့် အစားထိုး ထုပ်ပိုးလိုက်၏။

လှပသော ဂါဝန်လေးကိုတော့ သေသေသပ်သပ် ခေါက်လိုက်ပြီး သန့်ရှင်းသည့် အပြာရောင် အဝတ်စတစ်ခုဖြင့် ထုပ်ပိုးလိုက်လေသည်။

ခေတ်မီနေသော အရိပ်အယောင်မှန်သမျှကို ဂရုတစိုက် ဖျောက်ဖျက်ပစ်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များတွင်သာ တွေ့ရလေ့ရှိသည့် သာမန်အရိုးအစင်းဆုံး အသွင်အပြင်များအဖြစ် ပုံဖျက်လိုက်ခြင်းဖြစ်သည်။

အားလုံး လုပ်ဆောင်ပြီးနောက် ပစ္စည်းများကို ဂုန်နီအိတ်ကြီးတစ်လုံးထဲသို့ ထည့်လိုက်ပြီး တိတ်တဆိတ် ရေရွတ်လိုက်လေသည်။

"ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်ကို ဖွင့်ပါ"

အဖြူရောင် အလင်းတံခါးပေါက်ကြီးက တိတ်တဆိတ် ပွင့်လာခဲ့ပြီး သူလည်း အိတ်ကြီးကို ပခုံးပေါ် ထမ်းတင်လိုက်ကာ တုံ့ဆိုင်းမနေဘဲ အထဲသို့ လှမ်းဝင်သွားတော့သည်။

အလင်းရောင်တစ်ချက် လက်သွားပြီးနောက် သူ့ပုံရိပ်က ပျောက်ကွယ်သွားတော့၏။

အငှားခန်းလေးထဲမှာတော့ သူ၏ အသည်းအသန် ပြင်ဆင်ခဲ့မှုများအတွက် သက်သေအဖြစ် ဆုတ်ဖြဲခံထားရသော အရောင်အသွေးစုံ ထုပ်ပိုးစက္ကူခွံများသာ ကျန်ရစ်ခဲ့လေတော့သည်။

All Chapters