← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃) သိုလှောင်ရုံ

မူးဝေနောက်ကျိနေသော ခံစားချက်က တစ်ခဏအတွင်း လွင့်စင်ပျောက်ကွယ်သွားလေပြီ။ ချန်ရှင်း၏ ခြေအစုံက မြေပြင်ပေါ်သို့ ခိုင်ခိုင်မာမာ ကျရောက်သွားပြီး ၁၉၇၀ ခုနှစ်က ဟောင်းနွမ်းပျက်စီးနေသော အိမ်အိုလေးထဲသို့ ပြန်လည်ရောက်ရှိသွားတော့၏။

ပြတင်းပေါက် အပြင်ဘက် မိုးကုပ်စက်ဝိုင်းဆီမှ အရုဏ်ဦး၏ အလင်းရောင် ဖျော့ဖျော့လေးက သဲ့သဲ့မျှ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ သို့သော်လည်း တစ်ရွာလုံးကမူ မိုးမလင်းမီအချိန်၏ ချောက်ချားဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်မှုအောက်တွင် အလုံးစုံ လွှမ်းခြုံနစ်မြုပ်နေဆဲပင်။

ပခုံးပေါ်မှ လေးလံလှသော ဂုံနီအိတ်ကြီးကို ချန်ရှင်း အောက်သို့ ချလိုက်၏။ ထို့နောက် မီးမဖွင့်တော့ဘဲ ပြတင်းပေါက်မှ ကျဆင်းလာသော မှိန်ပျပျ အရုဏ်ဦးအလင်းရောင်ဖြင့်သာ အိတ်ထဲမှ ပစ္စည်းများကို တစ်ခုချင်းစီ အသံမထွက်စေဘဲ တိတ်တဆိတ် ထုတ်ယူလိုက်လေသည်။

နို့မှုန့်၊ သကြားညို၊ သကြားလုံးနှင့် ချောကလက်...။ ၂၁ရာစုတွင် နေရာတကာ အလွယ်တကူ ရနိုင်လောက်အောင် ပေါများလှသော ဤအရာများသည် ဤခေတ် ဤအချိန်၌မူ တစ်ရွာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားစေလောက်သည်အထိ တန်ဖိုးကြီးမားလွန်းလှပေသည်။

ချန်ရှင်းက ပါလာသော ပစ္စည်းအများစုကို ခုတင်အောက်၌ သူကိုယ်တိုင် တူးထားခဲ့သော လျှို့ဝှက်မြေကျင်းထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ထို့နောက် သက်ကယ်ခြောက်များ၊ ပျဉ်ချပ်အကျိုးအပဲ့များဖြင့် သေသေချာချာ ဖုံးအုပ်လိုက်၏။ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော သကြားလုံးတစ်ထုပ်နှင့် အပြာရောင် အဝတ်စ ပတ်ထားသော ဂါဝန်လေးတစ်ထည်ကိုသာ အပြင်ဘက်၌ ချန်ရစ်ထားခဲ့သည်။

ဤအရာအားလုံး လုပ်ပြီးချိန်မှာတော့ အပြင်ဘက်၌ မိုးစင်စင်လင်းနေလေပြီ။ ထိုအခါမှသာ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ခုတင်ပေါ်သို့ ပြန်လှဲချရင်း သူ မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။

…

သင်းပျံ့ပျံ့ ချိုအီအီ ရနံ့သဲ့သဲ့လေးက ရွှီချင်းချင်းကို အိပ်မက်ကမ္ဘာထဲမှ လှုပ်နှိုးလိုက်လေသည်။

မျက်လုံးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက် သူမ အလိုအလျောက် နံဘေးသို့ ကြည့်လိုက်မိသော်လည်း ထိုနေရာ၌ မည်သူမျှ ရှိမနေခဲ့ပေ။

ထိတ်လန့်ကြောက်ရွံ့မှုက သူမ ရင်ထဲသို့ ချက်ချင်းဆိုသလို အလုံးအရင်း တိုးဝင်လာသဖြင့် ကမန်းကတန်း ကုန်းရုန်းထထိုင်လိုက်မိသည်။ ခုတင်ပေါ်မှ ဆင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် စားပွဲပေါ်ရှိ အရာတစ်ခုဆီသို့ သူမ အကြည့်တို့ ရောက်ရှိသွားတော့၏။

ဟောင်းနွမ်းဆွေးမြည့်နေသော ထိုစားပွဲလေးပေါ်တွင် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော အထုပ်ငယ်လေးတစ်ခုနှင့် သန့်ရှင်းသပ်ရပ်နေသော အပြာရောင် အဝတ်စဖြင့် ရစ်ပတ်ထားသည့် လေးထောင့်ပုံစံ အထုပ်လေးတစ်ခုက ငြိမ်သက်စွာ နေရာယူထားလေသည်။

ရင်ကို လှိုက်ဖိုသွားစေလောက်အောင် ချိုအီသင်းပျံ့နေသော ထိုရနံ့လေးမှာ ဆီစိမ်စက္ကူအထုပ်လေးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

စားပွဲရှိရာဆီသို့ သူမ တစ်လှမ်းချင်း တိုးကပ်သွားလိုက်ပြီး တုန်ယင်နေသော လက်အစုံဖြင့် ဆီစိမ်စက္ကူအထုပ်လေးကို သတိကြီးကြီးထားကာ ဖြည်ချကြည့်လိုက်သည်။

အရောင်အသွေး စုံလင်လှသော သစ်သီးသကြားလုံးလေးများ၊ ခဲပတ်ပါးပါးလေးဖြင့် သပ်ရပ်စွာ ထုပ်ပိုးထားသော ချောကလက်တချို့…။ ထိုအရာများက နံနက်ခင်း အလင်းရောင်အောက်တွင် ဆွဲဆောင်မှုရှိသော ချိုမြိန်မြိန် ရနံ့များကို သင်းပျံ့စွာ ထုတ်လွှတ်နေတော့သည်။

ထိုမြင်ကွင်းကြောင့် ရွှီချင်းချင်း၏ မျက်လုံးအစုံ ပြူးကျယ်သွားရပြီး နှုတ်ခမ်းလေးမှာလည်း အနည်းငယ် ဟသွားကာ သူမ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေလေသည်။

*သကြားလုံး... ဒါ သကြားလုံးတွေပဲ...။*

သူမ တစ်သက်နှင့်တစ်ကိုယ် ပွဲတော်ရက်များ ရောက်လျှင်ပင် ခဲသကြားလုံး သေးသေးလေး တစ်လုံးလောက် ရဖို့ကိုသာ တမ်းတခဲ့ရဖူးသည်။ ထိုသကြားလုံးလေး ပါးစပ်ထဲ၌ အရည်ပျော်သွားလျှင်တောင် အလဟဿ မျိုမချရက်နိုင်လောက်အောင် နှမြောတွန့်တိုခဲ့ရသူ မဟုတ်ပါလော။

ဤမျှ များပြားပြီး လှပလွန်းလှသော သကြားလုံးများကို သူမ အိပ်မက်ထဲတွင်သာ မြင်မက်ဖူးခဲ့လေသည်။

သူမ ထိုသို့ ငေးမောတွေဝေနေစဉ်မှာပင် ချန်ရှင်းက အငွေ့တထောင်းထောင်း ထနေသော ဆန်ပြုတ်ပန်းကန်တစ်လုံးကို ကိုင်ဆောင်လျက် အခန်းထဲသို့ ဝင်လာလေသည်။

စားပွဲရှေ့၌ အသိစိတ်ပျောက်သလို ငေးမောရပ်တန့်နေသည့် ရွှီချင်းချင်းကို မြင်လိုက်ရသောအခါ သူ့နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားတော့၏။

သူက ဆန်ပြုတ်ပန်းကန်ကို ချလိုက်ပြီး အပြာရောင် အဝတ်ထုပ်လေးကို ကောက်ယူကာ သူမထံ ကမ်းပေးလိုက်သည်။

“ဖွင့်ကြည့်လိုက်ပါဦး”

ထိုစကားကို ကြားသောအခါ ရွှီချင်းချင်းလည်း အသိစိတ်မဲ့နေသူတစ်ယောက်ပမာ အဝတ်ထုပ်လေးကို လှမ်းယူလိုက်ပြီး တုန်ရီနေသော လက်ချောင်းလေးများဖြင့် အထုပ်ကို ဖြည်ချလိုက်သည်။

နောက်တစ်စက္ကန့်၌ပင် ကြည်လင်နေသော ရေကန်ပြင်လေးအလား နူးညံ့လှပသော အပြာနုရောင် အဆင်းက သူမ မျက်စိရှေ့မှောက်တွင် ဖြာကျပွင့်အာသွားတော့သည်။

၎င်းမှာ ဂါဝန်တစ်ထည် ဖြစ်နေ၏။

သူမ လက်လှမ်းလိုက်ပြီး ထိုအပြာရောင် အဝတ်စအသားလေးကို လက်ထိပ်လေးများဖြင့် ညင်သာစွာ စမ်းသပ်ထိတွေ့ကြည့်လိုက်မိသည်။

ဂါဝန်၏ အသားမှာ ရေစက်ရေပေါက်များပမာ ချောမွတ်အိစက်နေပြီး အေးစိမ့်စိမ့် ခံစားချက်လေးနှင့်အတူ သူမ၏ လက်ချောင်းများကြားမှ စီးဆင်းသွားသကဲ့သို့ပင်။

သူမ၏ ဘဝတစ်သက်တာလုံး အဖာအထေးများ ဗရပွနှင့် အကြမ်းစား အဝတ်အထည်များကိုသာ ဝတ်ဆင်ခဲ့ရသူ ဖြစ်ရာ ဤမျှ သိမ်မွေ့နူးညံ့လှသော အဝတ်အထည်မျိုးကို ယခုမှသာ ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်ပေသည်။

သူမ၏ မျက်လုံးအိမ်၌ မျက်ရည်များ ရုတ်တရက် ဝဲတက်လာတော့သည်။

ထိုအဝတ်အစားကို ရွှီချင်းချင်း အသည်းအသန် ပြန်တွန်းပေးလိုက်ပြီး ခေါင်းကို သဲကြီးမဲကြီး ခါယမ်းပစ်လိုက်သည်။ ထို့နောက် မျက်ရည်စများနှင့် တုန်ယင်နေသော လေသံဖြင့်

"ဟင့်အင်း... ကျွန်မ မလိုချင်ပါဘူး။ ဒါ အရမ်းဈေးကြီးလွန်းတယ်"

*ဒီအရာတွေက ငွေဘယ်လောက်တောင် ကုန်ကျသွားမလဲ။ မနေ့ကမှ အသားစားခဲ့ရပြီး ဒီနေ့တော့ သကြားလုံးတွေရော၊ အဝတ်အစားသစ်တွေပါ ထပ်ဝယ်လာပြန်ပြီ။ ဒီလောက်များလွန်းတဲ့ ငွေတွေကို သူ ဘယ်ကနေများ ရလာခဲ့တာလဲ။*

ထိုအတွေးက ခုလေးတင်မှ အနည်းငယ် တည်ငြိမ်သွားခဲ့သော သူမ၏ နှလုံးသားလေးကို ထိန်းမနိုင်သိမ်းမရ ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားစေပြန်သည်။

ချန်ရှင်းက သူမ၏ မျက်လုံးနီရဲရဲလေးများနှင့် ထိတ်လန့်တကြားပုံစံကို ကြည့်လိုက်သော်လည်း မည်သည့် ရှင်းပြချက်မှ မပေးခဲ့သလို စိတ်မရှည်သည့် ဟန်ကိုလည်း လုံးဝ မပြခဲ့ပေ။

သူက လက်ထဲမှာ ကိုင်ထားသော အရာကို အသာအယာ ချလိုက်ပြီး သူမထံ ခြေတစ်လှမ်း တိုးလာခဲ့သည်။

ရွှီချင်းချင်း မတုံ့ပြန်နိုင်သေးမီမှာပင် သူက ကိုယ်ကိုကိုင်းညွှတ်လိုက်ကာ လက်တစ်ဖက်ကို သူမ၏ ဒူးအောက်သို့ လျှိုသွင်းလိုက်၏။ ကျန်လက်တစ်ဖက်ကိုတော့ ကျောပြင်အောက်သို့ ထည့်ကာ သူမကို ရင်ခွင်ထဲသို့ ပွေ့ချီမလိုက်လေသည်။

"အို..."

ရွှီချင်းချင်းထံမှ လန့်ဖျပ်သွားသော အာမေဍိတ်သံလေးတစ်ချက် ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်လေးမှာလည်း သစ်တုံးတစ်တုံးပမာ ချက်ချင်း တောင့်တင်းသွားတော့၏။

လေထဲသို့ မြောက်တက်သွားကာ အလေးချိန်မဲ့သွားသလို ခံစားလိုက်ရမှုကြောင့် သူမလည်း အလိုအလျောက်ပင် လက်အစုံကို ဆန့်ထုတ်လိုက်မိပြီး သူ့လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်မိလေသည်။

သူမ၏ သွေးများက ဝုန်းခနဲ ပါးပြင်ဆီသို့ ပြေးဆောင့်တက်သွားရာ ကြက်ဥပင် ကြော်နိုင်လောက်သည်အထိ အပူဟပ်ကာ နီရဲနေတော့၏။

သူ့ရင်ခွင်ကျယ်ကြီးက အလွန်နွေးထွေးလှသည်။ အင်္ကျီပါးပါးလေးမှတစ်ဆင့် သူ၏ တည်ငြိမ်ပြီး အားကောင်းလှသော နှလုံးခုန်သံများကို သူမ ရှင်းလင်းပြတ်သားစွာ ခံစားသိရှိနေရ၏။ ထိုနှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်းသည် သူမ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာလေးကို လာရောက် ရိုက်ခတ်နေသကဲ့သို့ပင်။

ဆပ်ပြာနံ့နှင့် ချွေးနံ့တို့ ရောယှက်နေသော ယောကျ်ားရင့်မာကြီးတစ်ယောက်၏ ပြင်းရှရှ ကိုယ်သင်းနံ့က သူမကို အလုံးစုံ လွှမ်းခြုံထားလေသည်။ ထို့ကြောင့် သူမ၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားပြီး ရင်ထဲမှ နှလုံးခုန်သံများမှာလည်း လည်ပင်းအထိ ဆောင့်တက်လာမတတ် ပြင်းထန်မြန်ဆန်နေတော့သည်။

ကြောင်ပေါက်လေးတစ်ကောင်ပမာ ပေါ့ပါးလွန်းနေသော ရင်ခွင်ထဲမှ အမျိုးသမီးလေးကို ပွေ့ချီထားရင်း ချန်ရှင်း မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။

*ပိန်လိုက်တာ...*

သို့သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာဘဲ သူမကို အိပ်ခန်းအတွင်းသို့ ပွေ့ချီသွားကာ ခုတင်ပေါ်တွင် ညင်ညင်သာသာလေး ချပေးလိုက်သည်။

ထို့နောက် အပြာနုရောင် ဂါဝန်လေးကို သူမ၏ နံဘေးတွင် တင်ပေးလိုက်၏။ သူက သူမကို ငုံ့ကြည့်လိုက်ပြီး မည်သူမျှ မငြင်းဆန်နိုင်သော အမိန့်ဆန်ဆန် လေသံမျိုး၊ အနည်းငယ် လွှမ်းမိုးခြယ်လှယ်လိုသော အသံမျိုးဖြင့် ပြောလိုက်သည်။

"ဝတ်လိုက်စမ်းပါ၊ ကိုယ် ကြည့်ချင်လို့"

ထိုသို့ပြောပြီးနောက် သူက ကျောခိုင်းလှည့်ကာ အပြင်သို့ ထွက်သွားတော့သည်။

ရွှီချင်းချင်းတစ်ယောက် ကုတင်ပေါ်၌ တစ်ကိုယ်တည်း ထိုင်နေမိသည်။ သူမ ရင်ခွင်ထဲရှိ နူးညံ့အေးမြသော ဂါဝန်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း သူမ၏ စိတ်အစဉ်ကမူ မငြိမ်မသက် ဗြောင်းဆန်နေလေသည်။

လွန်ခဲ့သော ခဏက သူပြောခဲ့သော စကားများ၊ သူ့အကြည့်များနှင့် အတင်းအကျပ် ဆွဲဖက်ခဲ့မှုတို့က သူမ၏ ကမောက်ကမဖြစ်နေသော နှလုံးသားထက်၌ ပူလောင်နေသော သံပူတစ်ချောင်းဖြင့် မမေ့နိုင်စရာ အမှတ်အသားများကို တစ်ခုပြီးတစ်ခု ခပ်နှိပ်သွားသလိုပင်။

သူမ လက်ထဲရှိ အဝတ်အစားသစ်လေးကို ငုံ့ကြည့်ရင်း အချိန်အတော်ကြာ လွန်ဆွဲတွေဝေနေမိသည်။

နောက်ဆုံးတွင်မူ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ သူမ ဝတ်ဆင်ထားသော ဖာထေးရာအပြည့် အဝတ်အစားဟောင်းများကို စတင်ချွတ်ချလိုက်တော့သည်။

အဝတ်အစား လဲလှယ်ပြီးနောက် အခန်းတွင်းမှ ဖြည်းညင်းစွာ ထွက်လာသော သူမကို မြင်လိုက်ရချိန်မှာတော့ ဆန်ပြုတ်သောက်နေသည့် ချန်ရှင်းတစ်ယောက် အံ့အားတသင့် မှင်တက်သွားတော့၏။

"ခလွမ်း"

သူ့လက်ထဲရှိ ဇွန်းလေးမှာ ပန်းကန်လုံးထဲသို့ ခပ်တိုးတိုး အသံနှင့်အတူ ပြုတ်ကျသွားလေသည်။

လက်ရှိမြင်ကွင်းက သူ့ကို ခေတ္တမျှ မှင်တက်သွားစေခဲ့၏။

မိုးစဲစ ကောင်းကင်ယံပမာ အပြာနုရောင် ဂါဝန်လေးက သူမ၏ သွယ်လျကျော့ရှင်းလှသော ခန္ဓာကိုယ်အချိုးအစားကို အပြည့်အဝ ပုံဖော်ပေးထားလေသည်။

ခါးအချိုးကျစေမည့် ဒီဇိုင်းကြောင့် မူလကပင် သေးသွယ်နေသည့် သူမ၏ ခါးသိမ်သိမ်လေးမှာ အနည်းငယ်မျှ ဖိဆုပ်လိုက်ရုံဖြင့် ကျိုးကြေသွားနိုင်မယောင် ပို၍ပင် နုနယ်သွယ်လျနေတော့၏။

နှစ်ပေါင်းများစွာ အာဟာရချို့တဲ့ခဲ့မှုကြောင့် သူမ ခန္ဓာကိုယ်လေးမှာ ပိန်ပါးနေခဲ့သော်လည်း ဤအဝတ်အစားလေးက ထိုပိန်လှီမှုကိုပင် ကြင်နာယုယချင်စရာကောင်းလှသည့် နုနယ်သော အလှတရားတစ်ခုအဖြစ်သို့ ပြောင်းလဲပေးလိုက်လေသည်။

နံနက်ခင်း နေရောင်ခြည်အောက်တွင် အထင်းသား ပေါ်လွင်နေသော သူမ၏ လက်မောင်းသွယ်သွယ်နှင့် လည်တိုင်ကျော့ကျော့လေးမှာ ကျောက်စိမ်းဖြူလေးပမာ နုနယ်ဖြူစင်လျက် မျက်စိကျိန်းမတတ် ဝင်းလက်တောက်ပနေလေသည်။

အလှမပြင်ထားသည့် သူမ၏ မျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့် ပန်းသွေးရောင်သမ်းနေပြီး ဆွဲဆောင်မှု အပြည့်ရှိနေသည်။ မျက်ရည်စများ ကင်းစင်သွားသော သူမ၏ ဗာဒံစေ့သဏ္ဌာန် မျက်လုံးဝိုင်းဝိုင်းလေးများကတော့ ယခုအခါ တောအုပ်ထဲတွင် လန့်ဖျပ်နေသည့် သမင်ငယ်လေးတစ်ကောင်၏ မျက်ဝန်းများအလား အကြောက်တရား အငွေ့အသက်လေးများ ရောယှက်နေလေသည်။

မည်သည့် ဖန်တီးပြုပြင်မှုမှ မပါဘဲ မူလကတည်းက အရောင်မတင်ရသေးသော ကျောက်မျက်ရတနာလေးတစ်ခုပမာ ဖြစ်နေသည့် သူမအဖို့ ယခုလို အနည်းငယ်မျှ ပြင်ဆင်ခြယ်သလိုက်ချိန်တွင်တော့ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလောက်အောင် တောက်ပလင်းလက်သွားတော့သည်။

ချန်ရှင်းက ပန်းကန်လုံးကို ချလိုက်ပြီး သူမထံ တစ်လှမ်းချင်း လျှောက်သွားလေသည်။

သူ့အကြည့်များအောက်တွင် ရွှီချင်းချင်းတစ်ယောက် အလွန်အမင်း နေရခက်နေမိသည်။ သူမက ဂါဝန်အစွန်းကို စိုးရိမ်တကြီး လိမ်ဆွဲထားရင်း ခေါင်းကို ပို၍ငုံ့ချလိုက်ကာ မြေကြီးဟက်တက်ကွဲပြီး အထဲမှာသာ ဝင်ပုန်းလိုက်ချင်စိတ်များပင် ပေါက်လာတော့သည်။

ချန်ရှင်းက သူမအရှေ့တွင် ရပ်လိုက်ပြီးနောက် ရုတ်တရက် ကိုယ်ကိုကိုင်းညွတ်လျက် သူမ၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

သူ့ထံမှ နွေးထွေးလှသော ဝင်သက်ထွက်သက် လေငွေ့များက သူမ၏ နုနယ်သော နားရွက်ဖျားလေးများဆီသို့ ရိုက်ခတ်သွားရာ လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ သူမတစ်ကိုယ်လုံး တသိမ့်သိမ့် တုန်တက်သွားလေသည်။

အက်ရှရှ ရယ်သံသဲ့သဲ့လေးနှင့်အတူ သူက တိုးညှင်းစွာ ဆိုလာ၏။

"မင်း တော်တော် လှနေတာပဲ။ ဒီနေ့ကစပြီး နေ့တိုင်း မင်းအတွက် အဝတ်အစားအသစ်တွေ ကိုယ်ဝယ်ပေးမယ်"

ရွှီချင်းချင်းတစ်ယောက် လုံးဝကို အေးခဲတောင့်တင်းသွားပြီး ပူနွေးသော အရှိန်တစ်ခုက သူမ၏ နားရွက်များမှတစ်ဆင့် လည်တိုင်ဆီသို့ ချက်ချင်း ကူးစက်သွားကာ ထိုမှတစ်ဆင့် တစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့သွားတော့သည်။

သူမမှာ အလွန်အမင်း ရှက်သွေးဖြာလွန်းလှသဖြင့် ခြေချောင်းလေးများပင် ကွေးကောက်သွားရသည်အထိဖြစ်ကာ ခေါင်းထဲတွင်လည်း ပူထူသွားပြီး မော့မကြည့်ရဲသလို လှုပ်လည်းမလှုပ်ရဲတော့ပေ။

ထိုအချိန်မှာပင် စနစ်၏ သတိပေးသံက ချန်ရှင်း၏ စိတ်ထဲ၌ မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

[ဒင်…၊ ရွှီချင်းချင်း၏ သံယောဇဉ် တွယ်တာမှုအမှတ် မြင့်တက်သွားပါပြီ။ သူမ၏ အားကိုးလိုစိတ်နှင့် ပျော်ရွှင်မှုတို့ အလွန်အမင်း တိုးလာပါသည်။]

[စွမ်းအင် + ၃၀]

[စွမ်းအင်ပြည့်သွားပါပြီ။ အဆင့်မြှင့်တင်ရန် သတ်မှတ်ချက်များ ပြည့်မီသွားပါသဖြင့် စနစ် အဆင့်မြှင့်တင်ခြင်းကို စတင်နေပါပြီ...]

[ဒင်…၊ စနစ် အဆင့်မြှင့်တင်ခြင်း ပြီးမြောက်ပါပြီ။ လုပ်ဆောင်ချက်အသစ်များ ပွင့်သွားပါပြီ။]

[ပစ္စည်းသိုလှောင်နိုင်သော နေရာလွတ် လုပ်ဆောင်ချက်ကို ယခု အသုံးပြုနိုင်ပါပြီ။ ကနဦး နေရာလွတ် - ၁ ကုဗမီတာ]

အခန်း (၁၄) ပိုက်ဆံတွေ ထုတ်ပေးစမ်း

ချန်ရှင်း၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားကာ ရင်တဒိုင်းဒိုင်း ခုန်လာတော့သည်။ အတိုင်းမသိ ကြီးမားလှသော ဝမ်းသာပီတိ လှိုင်းလုံးကြီးက သူ့ခေါင်းထဲသို့ ဒိန်းခနဲ ရိုက်ခတ်ဝင်ရောက်လာ၏။

*သိုလှောင်ခန်းလား…*

*တောက်… တကယ့်ကို သောက်ကျိုးနည်းပဲ*

ဤလုပ်ဆောင်ချက်က သူ့အတွက် သီးသန့်ကို ဖန်တီးပေးထားသည့်အလား ကောင်းကင်ဘုံက ချပေးလိုက်သော လက်ဆောင်မွန်တစ်ခုပင်။

သူက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မျက်နှာကို တည်ထားလိုက်ပြီး ခါးကို ဆန့်မတ်လိုက်သည်။ ထို့နောက် ရှက်သွေးဖြာနေဆဲဖြစ်သော ရွှီချင်းချင်းကို ဆွဲခေါ်ပြီး စားပွဲတွင် ထိုင်စေလိုက်၏။

“မြန်မြန် စားလိုက်၊ ဆန်ပြုတ်က အေးတော့မယ်”

ထို့နောက် သူ နောက်သို့လှည့်ကာ ခုတင်နားဆီသို့ လျှောက်သွားလိုက်ပြီး မနေ့က ဝယ်ထားခဲ့သော ငရုတ်ကောင်းစပရေးဘူးနှင့် လျှပ်စစ်ရှော့တိုက်စက်တို့ကို လျှို့ဝှက်သိမ်းဆည်းထားသည့် နေရာမှ ထုတ်ယူလိုက်သည်။

သူက အနက်ရောင် လျှပ်စစ်ရှော့တိုက်စက်ကို ဆုပ်ကိုင်ထားလျက် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။

"သိမ်းလိုက်"

တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲရှိ လေးလံလှသော ပစ္စည်းကြီးမှာ လေထဲသို့ အငွေ့ပျံသွားသည့်အလား လုံးဝ ပျောက်ကွယ်သွားတော့သည်။

ချန်ရှင်း အံ့ဩမှင်တက်သွားပြီး နောက်တစ်ကြိမ် ထပ်မံ ရေရွတ်လိုက်ပြန်သည်။

"ပြန်ထုတ်"

နောက်တစ်စက္ကန့်မှာပင် ရင်းနှီးပြီးသား အေးစက်စက် အတွေ့အထိက သူ့လက်ဖဝါးပေါ်တွင် ပြန်လည် ထွက်ပေါ်လာလေတော့သည်။

သောက်ကျိုးနည်း…။

ချန်ရှင်းတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် အသံထွက် အော်မိလုမတတ်ပင် ဖြစ်သွားရသည်။ သူ့နှုတ်ခမ်းထက်ရှိ အပြုံးများကိုလည်း ဆက်လက် ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပေ။

*မိုက်တယ်… တကယ့်ကို သောက်ရမ်းမိုက်တာပဲ*

ဤအရာသာ ရှိနေမည်ဆိုလျှင် သူ့ပစ္စည်းတွေကို ခိုးကြောင်ခိုးဝှက်နှင့် ဟိုထားဒီထား လုပ်နေစရာ မလိုတော့ပေ။

ခေတ်သစ်ကမ္ဘာမှ ပစ္စည်းများကို သယ်ဆောင်လာသည်ဖြစ်စေ၊ ၁၉၇၀ ခုနှစ်များဆီမှ အဖိုးတန်ရတနာများကို ပြန်လည်သယ်ဆောင်သွားသည်ဖြစ်စေ…၊ မည်သူတစ်ဦးတစ်ယောက်မှ သတိမထားမိစေဘဲ သူ အလွယ်တကူ လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

*ဝမ်တယ်ရှန်း…*

လျှပ်စစ်ရှော့တိုက်စက်နှင့် ငရုတ်ကောင်းစပရေးတို့ကို သိုလှောင်ခန်းထဲသို့ ပြန်လည်သိမ်းဆည်းလိုက်စဉ်မှာပင် ချန်ရှင်း၏ မျက်လုံးထဲမှာ အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

သို့သော်လည်း ယခုအချိန်မှာ သူ့စိတ်အခြေအနေက အလွန်ကောင်းမွန်နေသဖြင့် မီးဖိုချောင်ထဲသို့ပင် ပျံသန်းသွားလုမတတ် ရောက်ရှိသွားတော့သည်။

သူက အိတ်ကပ်ထဲမှ အဝတ်အိတ်လေးကို ထုတ်ယူလိုက်ပြီး ၎င်းအထဲမှ နို့မှုန့်များကို ​ရေနွေးပူပူထဲ ထည့်ဖျော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ချိုအီမွှေးပျံ့သော နို့နံ့သင်းသင်းလေးက မီးဖိုချောင်လေးအတွင်း အပြည့်အဝ ဖုံးလွှမ်းသွားတော့၏။

သူတို့နှစ်ယောက် စားပွဲတွင် ဝင်ထိုင်လိုက်ကြပြီးနောက် ရွှီချင်းချင်း ရှေ့တွင် ခပ်နွေးနွေး နို့တစ်ပန်းကန် ရောက်ရှိလာ၏။

ဆွဲဆောင်မှုရှိလှသော ချိုမြိန်ဖွယ် အနံ့လေးက သူမ၏ နှာခေါင်းဝတွင် ဝဲပျံနေ၏။ သူမက ပန်းကန်ထဲရှိ နို့နှစ်ရောင် အရည်များကို ငုံ့ကြည့်လိုက်ပြီးနောက် နားမလည်နိုင်သည့် အမူအရာဖြင့် ချန်ရှင်းအား မော့ကြည့်လာလေသည်။

"ဒါ ဘာကြီးလဲဟင်..."

"နွားနို့လေ၊ သောက်ကြည့်လိုက်ဦး"

ရွှီချင်းချင်းက ပန်းကန်လုံးလေးကို ကောက်ကိုင်လိုက်ပြီး ချန်ရှင်းသောက်သည့်ပုံစံအတိုင်း အတုခိုးကာ တစ်ကျိုက်စာမျှ ခပ်ဖွဖွလေး သောက်လိုက်သည်။

ချိုမြိန်နွေးထွေးလှသော အရည်က သူမ၏ လျှာဖျားပေါ်မှတစ်ဆင့် လည်ချောင်းထဲသို့ စီးဆင်းသွားရာ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြုံဖူးခဲ့သော ချိုဆိမ့်ဆိမ့် အရသာက သူမ၏ အာရုံခံစားမှု အားလုံးကို ချက်ချင်းပဲ လွှမ်းခြုံသွားတော့သည်။

တကယ်ကို အရသာရှိလွန်းလှသည်။

အိပ်မက်ကောင်းတစ်ခု မက်နေရသည့်အလား သူမ သိပ်ကို ပျော်ရွှင်ကြည်နူးသွားရသည်။

အမြန်သောက်လိုက်မိပါက ဤကဲ့သို့ အိပ်မက်လှလှလေးထဲမှ လန့်နိုးသွားမည်ကို စိုးရိမ်နေသည့်အလား သူမက ခေါင်းလေးငုံ့ကာ တစ်ငုံချင်းစီ ဖြည်းဖြည်းချင်း အရသာခံ သောက်နေရှာသည်။

သူမ မျက်ဝန်းများထဲတွင် မျက်ရည်များက ထိန်းမနိုင်သိမ်းမရ ဝဲတက်လာရာ မျက်ရည်များ မကျလာစေရန် သူမ ကပျာကယာ မော့ကြည့်လိုက်မိသည်။

နွားနို့သောက်နေသော ကြောင်ပေါက်လေးတစ်ကောင်လို အသည်းယားစရာကောင်းလှသည့် သူမ ပုံစံလေးကို ကြည့်ရင်း ချန်ရှင်း၏ ရင်ထဲတွင် ကြင်နာယုယချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

သူ လက်လှမ်းလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးကို ခပ်ဖွဖွ သုတ်ပေးလိုက်၏။

"သောက်ထားတာများ နှုတ်ခမ်းမှာ ပေပွနေတာပဲ"

အလုပ်ကြမ်းလုပ်ထားသဖြင့် အသားမာ ခပ်ရေးရေးတက်နေသော်လည်း နွေးထွေးသည့် လက်ချောင်းဖျားလေးများ၏ အထိအတွေ့က သူမ ပါးပြင်ပေါ်တွင် စွဲကျန်ရစ်နေသည်။

ရွှီချင်းချင်း၏ ခန္ဓာကိုယ်လေး ရုတ်တရက် တောင့်တင်းသွားပြီး သူမ၏ ပါးပြင်ကနေ နားရွက်ဖျားများအထိ ပူတက်သွားတော့သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ နောက်ဆုတ်မသွားခဲ့ပေ။ ခန္ဓာကိုယ်လေး တောင့်တင်းနေလျက်ပင် သူမ နှုတ်ခမ်းထောင့်ရှိ နွားနို့အစွန်းအထင်းများကို သူ့အား သုတ်ပေးခွင့်ပြုထားလိုက်သည်။ သူမ၏ မျက်နှာလေးမှာမူ ရှက်သွေးများ ဖြာကျကာ ရဲရဲနီလို့နေလေပြီ။

"ဒုန်း..."

ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သည့်အလား နားကွဲမတတ် ကျယ်လောင်လှသော မြည်ဟည်းသံကြီးတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာတော့သည်။

ချန်ရှင်း မနည်းပြုပြင်ထားရသော ခြံတံခါးမှာ ပြင်းထန်လှသည့် အင်အားတစ်ခုကြောင့် အက်ကွဲသံမြည်သွားပြီး တံခါးရွက်အလယ်တည့်တည့်က ပွင့်ထွက်သွားလေသည်။

ဝမ်တယ်ရှန်းက မကောင်းဆိုးဝါးတစ်ကောင်လို ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ပေါက်ထွက်သွားသော တံခါးရွက်ကို ခြေစုံကန်ဖွင့်ကာ သိုးအုပ်ထဲ ဝင်ဆွဲမည့် ဝံပုလွေတစ်ကောင်အလား ခြံထဲသို့ မောက်မာရိုင်းစိုင်းစွာဖြင့် ဝင်လာတော့သည်။

သူ့နောက်တွင်တော့ တုတ်များကိုယ်စီ ကိုင်ဆောင်ထားသည့် လူမိုက် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ပါလာသည်။ ထိုလူများမှာ ယုတ်ကန်းမည့် သွင်ပြင်လက္ခဏာများ ရှိကြပြီး ခြံဝင်းလေးမှာ သူတို့ရောက်လာသဖြင့် ချက်ချင်းပင် ချောက်ချားဖွယ် အန္တရာယ်ငွေ့များ လွှမ်းခြုံသွားတော့၏။

ထိုကျယ်လောင်လှသော အသံကြီးကြောင့် ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများမှာ ချက်ချင်းပင် လန့်ဖျပ်သွားကြသည်။

ခြံဝင်းအပြင်ဘက်ရှိ အိမ်တံခါးပေါက်များမှနေ၍ စပ်စုချင်သော ခေါင်းများ တစ်လုံးပြီးတစ်လုံး ပြူထွက်လာကြ၏။ မကြာမီမှာပင် ဆူညံသံကြောင့် အပြေးအလွှား ရောက်လာကြသော ရွာသားများက ခြံဝင်းလေးနားမှာ အုံခဲနေကြတော့သည်။

အဒေါ်ဝမ်၏ တုံ့ပြန်မှုက အလျင်မြန်ဆုံးဖြစ်ပြီး လူအုပ်ရှေ့ဆုံးသို့ ချက်ချင်းပင် တိုးဝှေ့ထွက်လာလေသည်။ သူမ၏ အိုမင်းရုပ်ဆိုးသော မျက်နှာပေါ်တွင် ပီတိဖြာနေမှုနှင့် ရက်စက်လိုမှုတို့ကို ဖုံးကွယ်မထားနိုင်အောင် အထင်းသား မြင်နေရ၏။ ချန်ရှင်းတစ်ယောက် မည်သို့မည်ပုံ သေရမည်ကို စောင့်ကြည့်ချင်နေသော သူမ၏ တြိဂံပုံ မျက်လုံးအစုံမှာလည်း အရောင်တလက်လက် တောက်နေလေသည်။

"အာ့..."

ရွှီချင်းချင်းမှာ ကြောက်လန့်တကြားဖြင့် ခပ်သဲ့သဲ့ အော်လိုက်မိပြီး သူမလက်ထဲရှိ ပန်းကန်လုံးလေးမှာလည်း မြေပြင်ပေါ်သို့ ခွမ်းခနဲ ပြုတ်ကျကာ တစ်စစီ ကွဲကြေသွားတော့သည်။

သူမသည် ထိတ်လန့်နေသော ယုန်သူငယ်လေးအလား ချန်ရှင်း၏ နောက်ကျောတွင် အလိုအလျောက် ဝင်ရောက်ပုန်းအောင်းလိုက်မိသည်။ ထို့နောက် ချန်ရှင်း၏ အင်္ကျီစကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း သူမ၏ ပိန်လှီနွမ်းလျနေသော ခန္ဓာကိုယ်လေးမှာ အဆက်မပြတ် တုန်ခါနေရှာသည်။

ချန်ရှင်းက သူမကို လုံခြုံစွာ ကွယ်ထားပေးလိုက်၏။ စက္ကန့်ပိုင်းမတိုင်မီကမှ အပြုံးတွေ ဝေဆာနေခဲ့သော သူ့မျက်နှာက ယခုအခါ ရေခဲတမျှ အေးစက်ခက်ထန်သွားလေပြီ။

ချန်ရှင်းက ဖြည်းညင်းစွာ လှည့်လိုက်သောအခါ နက်မှောင်နေသော သူ့မျက်လုံးအစုံ၌ ကြောက်ခမန်းလိလိ သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

ဝမ်တယ်ရှန်းကတော့ ချန်ရှင်းကို မျက်လုံးထဲ၌ပင် ထည့်မထားချေ။

သူက မြေကြီးပေါ်သို့ တံတွေးတစ်ချက် ထွေးချလိုက်ပြီးနောက် သူ့လက်ထဲမှ သစ်သားတုတ်ဖြင့် ချန်ရှင်း၏ နှာခေါင်းတည့်တည့်သို့ မောက်မာစွာ ချိန်ရွယ်လိုက်သည်။ ထို့နောက် အသံကုန်ဟစ်ကာ...

"ချန်ရှင်း...၊ မင်း အခုတလော သတ္တိတွေ သိပ်ကောင်းနေပါလား။ မနေ့က ငါ မင်းကို သက်ညှာပြီး လွှတ်ပေးလိုက်တာတောင် ဒီနေ့ ပိုက်ဆံ လာမပေးရဲဘူးပေါ့လေ... ဟုတ်လား။ ပိုက်ဆံ ဘယ်မှာလဲ... အခုချက်ချင်း ပေးစမ်း"

ချန်ရှင်းက သူ့အား စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ ထို့နောက် ချောက်ချားဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသော လေသံဖြင့် စကားစပြောလိုက်ရာ စကားလုံးတစ်လုံးချင်းစီက ထိုနေရာရှိ လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားတော့သည်။

"ငါ မင်းကို ပိုက်ဆံ တစ်ပြားမှ အကြွေးမတင်ဘူး"

"ဟာဟားဟား..."

ဝမ်တယ်ရှန်းက အကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား အရူးတစ်ယောက်လို အော်ဟစ်ရယ်မောလိုက်သည်။ သူ့နောက်ပါ လူမိုက်တစ်သိုက်ကလည်း သံကုန်ဟစ်ကာ ဝိုင်းရယ်ကြတော့သည်။

ရယ်သံများ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်တယ်ရှန်း၏ မျက်နှာက အလွန်တရာ ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ချက်ချင်း ကူးပြောင်းသွားလေသည်။

"အကြွေး မရှိဘူး ဟုတ်လား...။ မင်း ဘာတွေ သောက်ခွက်လာပြောင်နေတာလဲ"

သူ ကိုင်ထားသော သစ်သားတုတ်ကြီးကို မြေပြင်သို့ ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ရင်း ခက်ထန်ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်။

"ချန်ရှင်း…၊ မင်း သေချာ မှတ်ထားစမ်း၊ မင်း ပိုင်သမျှ အရာအားလုံးဟာ ငါ ဝမ်တယ်ရှန်း ပိုင်တဲ့အရာတွေချည်းပဲ။ မင်းလူတွေကလည်း ငါ့လူတွေပဲကွ။ ငါက ပေးဆိုရင် မင်း မဖြစ်မနေကို ပေးရမှာပဲ"

ထို့နောက် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး နောက်လိုက်တပည့်များကို အမိန့်ပေးလိုက်လေသည်။

"သွားရှာကြစမ်း။ အိမ်ထဲမှာ တန်ဖိုးရှိတဲ့ဟာ မှန်သမျှ အကုန်ဆွဲထုတ်ခဲ့။ ဆန်၊ ဂျုံ၊ အသားကအစ ဘာတစ်ခုမှ မချန်ထားခဲ့နဲ့"

"စိတ်ချပါ အစ်ကိုကြီး"

သူ့အနီးဆုံးတွင် ရပ်နေသည့် လူမိုက်နှစ်ယောက်က ပြုံးဖြီးဖြီးဖြင့် ပြန်လည် တုံ့ပြန်လိုက်ကြသည်။

ရမ္မက်ရိုင်းများ ပြည့်နှက်နေသော အကြည့်တို့ဖြင့် သူတို့က မလှုပ်မယှက် ရပ်နေသော ချန်ရှင်းကို ဘေးမှ ကွင်းရှောင်သွားခဲ့သည်။ ထို့နောက် သူ့အနောက်ဘက်တွင် ကြောက်လန့်တကြား တုန်ယင်နေရှာသည့် ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် ဇနီးသည်လေးထံသို့ တိုက်ရိုက်လျှောက်သွားကြတော့သည်။

"ဟီးဟီး... အစ်ကိုကြီးရေ...၊ ဒီမိန်းမကတော့ တော်တော်လေးကို တန်ကြေးရှိမယ့်ပုံပဲဗျ"

မိမိထံသို့ တဖြည်းဖြည်း နီးကပ်လာသော ညစ်ပတ်စက်ဆုပ်ဖွယ် လက်ကြီးနှစ်ဖက်ကို စိုက်ကြည့်နေရင်း ရွှီချင်းချင်း၏ ခေါင်းထဲ ဗလာဟင်းလင်း ဖြစ်သွားတော့သည်။ ပတ်ဝန်းကျင်မှ အသံဗလံများအားလုံး သူမ နားထဲမှ လွင့်စင်ပျောက်ကွယ်သွားပြီး အဆုံးအစမရှိသော အမှောင်ထုနှင့် အကြောက်တရားတို့သာ သူမကို ရစ်ပတ်လွှမ်းခြုံထားလေတော့သည်။

ကူကယ်ရာမဲ့ လမ်းဆုံးနေသော စိတ်ပျက်အားငယ်မှုတို့ဖြင့် သူမ မျက်လုံးအစုံ မှိတ်ချလိုက်မိသည်။

ခြံဝင်းအပြင်ဘက်တွင်မူ အဒေါ်ဝမ်၏ မျက်နှာမှာ အလွန်အမင်း စိတ်လှုပ်ရှားနေမှုကြောင့် ပုံပျက်ရှုံ့မဲ့နေပြီး လက်ခုပ်လက်ဝါးတီးကာ အော်ဟစ် အားပေးတော့မတတ်ပင်။

အဒေါ်လျူကတော့ ဆက်မကြည့်ရက်တော့သဖြင့် သူမ၏ မျက်လုံးများကို လက်ဖြင့် အုပ်ကာ တစ်ဖက်သို့ ခေါင်းလွှဲသွားလေသည်။

ထိုစက်ဆုပ်ဖွယ် လက်ယုတ်ကြီးနှစ်ဖက် ရွှီချင်းချင်း၏ ကိုယ်ပေါ်သို့ ကျရောက်လာတော့မည့် အချိန်ခဏလေးမှာပင်... ချန်ရှင်း လှုပ်ရှားလိုက်လေပြီ။

အချိန်အတော်ကြာ ဝပ်နေခဲ့ပြီးမှ အစွယ်ထုတ်ကာ ရုတ်တရက် ခုန်အုပ်လိုက်သော ကျားသစ်တစ်ကောင်အလား သူ့လှုပ်ရှားမှုက ပြင်းထန်ပြီး လျင်မြန်လွန်းလှသဖြင့် သူ ရပ်နေခဲ့သော နေရာ၌ ဝေဝါးဝါး အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ခြံဝင်းအပြင်ဘက်မှ လူများအားလုံး၏ အမြင်အာရုံထဲတွင် တစ်စုံတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ဝေဝါးသွားခဲ့သည်။

လွန်ခဲ့သော တစ်စက္ကန့်ကမှ ရွှီချင်းချင်း၏ ရှေ့တွင် တောင်ကြီးတစ်လုံးပမာ ပိတ်ကာရပ်နေခဲ့သော အမျိုးသားသည် နောက်တစ်စက္ကန့်၌ လူမိုက်နှစ်ယောက်၏ ဘေးသို့ တစ္ဆေတစ်ကောင်အလား ဖျပ်ခနဲ ရောက်ရှိသွားလေသည်။

သူ့လက်မောင်းတစ်ဖက်က လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဆန့်ထွက်သွားပြီး ရွှီချင်းချင်း၏ သွယ်လျသော ခါးသိမ်သိမ်လေးကို ညင်သာစွာ ဆွဲဖက်လိုက်၏။ သို့သော် ထိုအပြုအမူတွင် မည်သူမျှ မလွန်ဆန်နိုင်သော အင်အားတစ်ခု ပါဝင်နေခဲ့သည်။ ထို့နောက် အန္တရာယ်များလှသော မုန်တိုင်းဗဟိုချက်ထဲမှ သူမကို ဆွဲထုတ်လိုက်ကာ အိမ်အမိုးအောက်ရှိ ဘေးကင်းလုံခြုံသော ထောင့်တစ်နေရာသို့ ပို့ဆောင်ပေးလိုက်လေသည်။

ဖြစ်စဉ်တစ်ခုလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ရွှီချင်းချင်းခမျာ ခေါင်းတစ်ခုလုံး ဝေဝါးသွားခဲ့ပြီး နွေးထွေးလုံခြုံမှုကို ပေးစွမ်းသော သူ့ကိုယ်သင်းနံ့လေးသာ သူမ၏ နှာခေါင်းဝတွင် စွဲကျန်နေဆဲပင်။ သို့သော် သူမ၏ ခန္ဓာကိုယ်ကမူ အေးစက်စက် နံရံတစ်ခုကို မှီတွယ်နေမိလျက်သား ဖြစ်နေလေပြီ။

ထိုခဏတဖြုတ် စက္ကန့်ပိုင်းလေးအတွင်းမှာပင် ချန်ရှင်း၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေခဲ့သည်။

စနစ်၏ သိုလှောင်ရုံထဲမှ အနက်ရောင် ဗို့အားမြင့် လျှပ်စစ်ရှော့တိုက်တုတ်က သူ့လက်ထဲတွင် တိတ်တဆိတ် ပေါ်လာခဲ့ပြီးနောက် အင်္ကျီလက်အောက်မှာ ပုန်းကွယ်နေတော့သည်။

All Chapters