← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅) မြန်ဆန်ပြတ်သားသော တုံ့ပြန်မှု

သူမအပေါ် အတင်းအဓမ္မ ခုန်ဝင်လာသော ပထမဆုံး လူမိုက်မှာ ရုတ်တရက် သူ့ရှေ့မှောက်တွင် ဘာမျှမရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွားသည်ကို သတိပြုမိလိုက်၏။ နူးညံ့သိမ်မွေ့သော အလှပဂေးလေးမှာ မျက်စိရှေ့မှောက်မှာပင် အစအနမကျန် လေထဲသို့ ပျောက်ကွယ်သွားခဲ့လေပြီ။

သူ့မျက်နှာထက်တွင် အံ့အားသင့်မှုများက အထင်းသား နေရာယူသွားပြီး ယုတ်မာညစ်ညမ်းသော အပြုံးကြီးကလည်း ခဲတောင့်နေဆဲပင်။ လုံးဝ ယုတ္တိမဆန်သော ဤဖြစ်ရပ်ကို သူ၏ ဦးနှောက်က လက်ခံနိုင်စွမ်း မရှိတော့ချေ။

ထိုခဏမှာပင်၊ သေမတတ် ကြောက်မက်ဖွယ်ကောင်းလှသော အန္တရာယ်အငွေ့အသက်တစ်ခုက လူမိုက်၏ ခါးနှင့် နံရိုးစပ်ဆီသို့ တည့်မတ်စွာ ရောက်ရှိလာခဲ့၏။

ချန်ရှင်းက သူ့ကို လှည့်ပင် မကြည့်ခဲ့ပေ။ ဖျတ်ခနဲ နောက်ပြန်လှည့်ပြီး အင်္ကျီအတွင်း ဝှက်ထားသော လျှပ်စစ်ရှော့တိုက်စက်ကို ထိုလူမိုက်၏ ခါးဘေးရှိ ပျော့အိနေသော အသားစိုင်ထံသို့ အားကုန် ဖိကပ်လိုက်တော့သည်။

"ဂျစ်… ဂျစ်…"

သေမတတ် တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းကြီးအတွင်း နားကွဲလုမတတ် ကျယ်လောင်လှပြီး ကြက်သီးမွေးညင်းထဖွယ်ကောင်းသော လျှပ်စစ်ပွတ်တိုက်သံကြီးက ရုတ်ခြည်း ထွက်ပေါ်လာတော့သည်။

မျက်စိကျိန်းလုမတတ် စူးရှတောက်ပနေသော အပြာရောင် လျှပ်စီးတန်းတစ်ခုက လေထုကို ဆုတ်ဖြဲကာ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ပေါက်ကွဲထွက်လာ၏။

လူမိုက်၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေမှုတို့က ခဏတာမျှ အေးခဲသွားပြီး အလွန်အမင်း နာကျင်ခံစားရမှု၊ ရုပ်ပျက်ဆင်းပျက် တွန့်လိမ်ရှုံ့မဲ့မှုတို့ဖြင့် ချက်ချင်း အစားထိုး နေရာယူသွားလေသည်။

သူ့ကြွက်သားများအားလုံးကို မမြင်ရသော ဧရာမ လက်ကြီးတစ်ဖက်က တင်းကျပ်စွာ ဆုပ်ညှစ်ထားလိုက်သကဲ့သို့ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ ပြင်းထန်စွာ တုန်ခါသွားတော့၏။

မျက်လုံးအစုံမှာလည်း အထက်သို့ လန်တက်သွားပြီး ကြောက်မက်ဖွယ်ရာ မျက်ဖြူဆိုက်အနေအထားသာ ကျန်ရစ်တော့သည်။ သူ့ပါးစပ်ကြီးမှာ ပြဲလန်စွာ ပွင့်ဟနေပြီး နှုတ်ခမ်းထောင့်ကလည်း အမြုပ်ဖြူဖြူနှင့် သားရည်များ ကျဆင်းလာလေသည်။

သူ တစ်ချက်မျှပင် မအော်နိုင်ခဲ့ချေ။ တစ်ကိုယ်လုံးရှိ အရိုးများအားလုံး ဆွဲထုတ်ခံလိုက်ရသည့်အလား အနံ့အသက်ဆိုးရွားနေသော ရွှံ့ဗွက်တုံးကြီးတစ်တုံးလို မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားပြီဖြစ်သည်။ မြေပြင်ပေါ်ရှိ သူ့ခန္ဓာကိုယ်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တစ်ဆတ်ဆတ် တုန်ယင်နေဆဲပင်။

ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်အလား သေမတတ် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

ထိုခဏလေးအတွင်းမှာပင် အချိန်ကာလကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့လေသယောင်...။

တိုက်ခတ်နေသော လေပြေလေညင်းတို့ ရပ်တန့်သွား၏။ ပုရစ်အော်မြည်သံတို့လည်း ငြိမ်သက်သွားသလို၊ လူတိုင်း၏ အသက်ရှူသံများပင် မကြားရတော့ချေ။

ဝမ်တယ်ရှန်း၏ မျက်နှာထက်မှ မောက်မာဝင့်ကြွားနေသော အပြုံးကြီးမှာ ရေခဲမျက်နှာပြင် တစ်ခုအလား တခဏချင်း အေးခဲတောင့်တင်းသွားခဲ့၏။

သူ့မျက်စိရှေ့မှောက်၌ပင် ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင် လဲကျသွားသော မိမိ၏ တပည့်ကို သူ ဘာမျှမတတ်နိုင်ဘဲ ကြည့်နေရုံမှတစ်ပါး အခြားမရှိခဲ့ပေ။ အဆီဖုံးနေသော မျက်လုံးအိမ်အတွင်းမှ သူငယ်အိမ်တို့မှာလည်း အန္တရာယ်အငွေ့အသက်ကို ခံစားမိသွားသကဲ့သို့ အပ်ပေါက်ရာမျှသာ ကျန်တော့သည်အထိ ကျုံ့ဝင်သွားတော့၏။

ခြံဝင်းအပြင်ဘက်၌ လာရောက်ကြည့်ရှုနေကြသော ရွာသားများဖြစ်စေ၊ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ကြည့်ချင်နေသော အဒေါ်ဝမ်ဖြစ်စေ၊ ကြောက်တတ်လွန်းသော အိမ်နီးချင်းများဖြစ်စေ အားလုံးမှာ လည်ပင်းညှစ်ခံထားရသော ကြက်များအလား ဖြစ်နေကြသည်။ သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်နေကြပြီး သရဲတစ္ဆေတစ်ကောင်ကို ကိုယ်တွေ့ ကြုံလိုက်ရသည့်နှယ် မျက်နှာများထက် အကြောက်တရားများ ပြည့်နေကြလေသည်။

ဘာတွေများ ဖြစ်ပျက်သွားခဲ့တာလဲ….

စောစောက ထွက်ပေါ်လာတဲ့ အပြာရောင်အလင်းတန်းကြီးကရော ဘာကြီးလဲ…

ချန်ရှင်း... သူ ဘာများ လုပ်လိုက်တာပါလိမ့်…

အလွန်တရာ လျင်မြန်လွန်းလှသော လှုပ်ရှားမှုများ၊ ကြက်သီးဖြန်းဖြန်းထချင်စရာ အပြာရောင် လျှပ်စီးတန်းနှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသော လူမိုက်၏ အဖြစ်အပျက်တို့ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြချေ။ အရာခပ်သိမ်းသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့လေပြီ။ မိမိတို့ မသိနားမလည်သော အရာတစ်ခုအပေါ် အခြေခံလာသည့် နက်ရှိုင်းသော အကြောက်တရားများက သူတို့ရင်ထဲသို့ တိုက်ရိုက်စိမ့်ဝင်လာတော့သည်။

ချန်ရှင်းနှင့် ခြေနှစ်လှမ်းခန့်သာ ကွာဝေးသော နေရာ၌ ရပ်နေသည့် ဒုတိယ လူမိုက်မှာမူ သူ၏ မျက်စိရှေ့၌ ဖြစ်ပျက်သွားသော ထူးဆန်းအံ့ဩဖွယ် မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကာ ထိုနေရာမှာပင် ကျောက်ရုပ်တစ်ရုပ်အလား အသက်မဲ့သွားလေတော့သည်။

မြေပြင်ပေါ်တွင် တဆတ်ဆတ် တုန်နေဆဲဖြစ်သော သူ့အဖော်ဖြစ်သူကို ထိတ်လန့်တကြား ကြည့်လိုက်၊ ဘာတစ်ခုမှ လုပ်မထားသည့်အလား တည်ငြိမ်အေးဆေးစွာ ရပ်နေသော ချန်ရှင်းကို လှည့်ကြည့်လိုက်ဖြင့် သူ ဘာလုပ်ရမှန်း မသိတော့ချေ။ ရုတ်တရက်ဆိုသလို သူ့ပေါင်ကြားထံမှ ပူနွေးမှုကို ခံစားလိုက်ရပြီး အနံ့အသက်ဆိုးရွားသော အရည်များက ဘောင်းဘီတစ်လျှောက် ချက်ချင်းပင် စီးကျသွားတော့၏။

ချန်ရှင်း၏ အေးစက်စူးရှသော အကြည့်တို့က မြေပြင်ထက်ရှိ ရွှံ့ဗွက်တုံးကြီးအလား ဖြစ်နေသူထံမှ အကြောက်လွန်ကာ သေးထွက်ကျနေသော လူမိုက်ဆီသို့ ရွေ့လျားသွားလေသည်။

သူက လျှပ်စစ်ရှော့တိုက်စက်ကို ထပ်သုံးရန်ပင် စိတ်ကူးမရှိတော့ဘဲ လျစ်လျူရှုထားသည့်ဟန်ဖြင့် သူ့ခြေတစ်ဖက်ကို ခပ်တည်တည်ပင် မြှောက်လိုက်၏။

ထို့နောက် သူ့ကန်ချက်က လွဲချော်မှုမရှိ အတိအကျပင် ထိုလူမိုက်၏ ဒူးဆစ်နေရာသို့ ပြင်းထန်စွာ ကျရောက်သွားလေတော့သည်။

"ဖြောင်း…"

သွားကျိန်းလုမတတ် စူးရှပြင်းထန်လှသော အရိုးကျိုးသံကြီးက တိတ်ဆိတ်ငြိမ်သက်နေမှုများအလယ်၌ ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်သွားကာ လူတိုင်း၏ နားစည်များကို ရိုက်ခတ်သွားတော့သည်။

"အား…"

ထိုအခါမှသာ လူသံနှင့်ပင် မတူတော့သည်အထိ ကြောက်မက်ဖွယ်ကောင်းပြီး နားကွဲလုမတတ် အော်ဟစ်သံကြီးက တိတ်ဆိတ်ငြိမ်သက်နေမှုကို ချိုးဖျက်ပစ်လိုက်လေတော့သည်။

ပုံမှန်မဟုတ်သည့် အနေအထားဖြင့် အပြင်ဘက်သို့ ဆိုးဆိုးဝါးဝါး ကျိူးထွက်သွားသော ခြေထောက်ကို ဆုပ်ကိုင်ရင်း ထိုလူမိုက်လည်း မြေပြင်ပေါ်သို့ ဝုန်းကနဲ ပုံလျက်သား လဲကျသွားတော့သည်။ ကုန်းပေါ် ပစ်တင်ခံလိုက်ရသည့် ငါးတစ်ကောင်အလား မြေပြင်ထက်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း ရူးသွပ်မတတ် အော်ဟစ်နေလေရာ ထိုစူးရှရှ အော်သံကြီးက ကြားရသူတိုင်းကို ကျောချမ်းသွားစေတော့သည်။

"မင်း... သောက်ခွေးကောင်..."

ဝမ်တယ်ရှန်းတစ်ယောက် အလွန်အမင်း တုန်လှုပ်ချောက်ချားနေရာမှ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပြီဖြစ်သည်။။ သူ့ရင်ထဲမှ အကြောက်တရားတို့မှာလည်း အတိုင်းအဆမရှိ ကြီးမားလှသော ဒေါသမီးတောက်ကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။

ယခင်ကဆို သူ့ကို မြင်သည်နှင့် အမြီးလေးနှံ့ကာ ဖားယားတတ်သည့် အသုံးမကျသော ချန်ရှင်းဆိုသည့်ကောင်က သူ့ကိုများ ပြန်လည်အာခံရဲသည်တဲ့လား။ ပြီးတော့ သူ့လူတွေကိုပါ ထိခိုက်နာကျင်အောင် လုပ်ရဲသေးတယ်ပေါ့လေ။

"သူ့ကို အကုန်ဝိုင်းချကြစမ်း! မင်းတို့ကောင်တွေ အဲဒီမှာ ဘာငေးကြည့်နေကြတာလဲ...၊ သတ်... အဲဒီကောင်ကို သတ်ပစ်ကြစမ်း…"

သူ့မျက်နှာကြီးမှာ ဒေါသကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ထွက်ပေါ်လာသော အသံကြီးမှာလည်း ကြမ်းကြုတ်ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

ကျန်ရစ်နေသေးသော လူမိုက်များမှာ သူတို့ခေါင်းဆောင်၏ ဟိန်းဟောက်သံကြောင့် အသိစိတ် ပြန်ဝင်လာကြ၏။ သူတို့သည် မြေပြင်ပေါ်၌ အသက်ထွက်တော့မည့်အလား ပုံလျက်သား လဲကျနေသည့် အဖော်နှစ်ယောက်ကို အထိတ်တလန့် လှမ်းကြည့်လိုက်ကြပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက် အကဲခတ်လိုက်ကြသည်။ နောက်ဆုံးမှာတော့ သူတို့၏ ရက်စက်ကြမ်းကြုတ်လိုသော စိတ်ရိုင်းများက အကြောက်တရားကို ဖုံးလွှမ်းသွားခဲ့လေပြီ။

ထို့ကြောင့် မိမိကိုယ်ကိုယ် သတ္တိမွေးသည့်အနေဖြင့် အသံကုန် အော်ဟစ်လိုက်ကြကာ လက်ထဲရှိ သစ်သားတုတ်များ၊ ဂေါ်ပြားများကို ဝှေ့ယမ်းလျက် ခြံဝင်းအလယ်၌ တစ်ကိုယ်တည်း ရပ်နေသော ချန်ရှင်းဆီသို့ အရပ်မျက်နှာ အသီးသီးမှနေ၍ ခွေးရူးတစ်အုပ်အလား အမဲဖျက်ရန် ပြေးဝင်သွားကြတော့သည်။

လေကို ခွင်းသွားသော တုတ်ချက်များ၏ ရွှီးခနဲ မြည်ဟည်းသံများ၊ ပြင်းထန်လှသော ဒေါသလှိုင်းများနှင့်အတူ ချန်ရှင်းအတွက် ရှောင်လွှဲရာ လမ်းကြောင်းများအားလုံး ပိတ်ဆို့သွားခဲ့၏။

ခြံဝင်းအပြင်ဘက်မှ ရွာသားများမှာ ရင်ထိတ်လွန်းသဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားကြပြီး အဒေါ်လျူဆိုလျှင် ကြောက်လန့်တကြားဖြင့် မျက်စိများပင် စုံမှိတ်ထားလိုက်တော့သည်။

ရွှီချင်းချင်းမှာမူ နံရံကို ကျောမှီထားလျက် မျက်နှာလေးမှာ သွေးဆုတ်ဖြူရော်နေလေသည်။ သူမ၏ နှလုံးခုန်သံများမှာလည်း လည်ချောင်းဝအထိပင် ရောက်လာမတတ် ပြင်းထန်မြန်ဆန်နေပြီး အော်သံထွက်မသွားစေရန် ပါးစပ်လေးကို လက်ဖြင့် တင်းတင်းကျပ်ကျပ် အုပ်ထားရရှာသည်။

သို့သော်လည်း... ဤကဲ့သို့ ဘေးကျပ်နံကျပ် ဝန်းရံတိုက်ခိုက်ခံရမှုအား ရင်ဆိုင်နေရသည့်တိုင် ချန်ရှင်းက နောက်ဆုတ်သွားခြင်းမရှိဘဲ ရှေ့သို့ပင် ရဲရဲဝံ့ဝံ့ တိုးထွက်သွားခဲ့လေသည်။

မုန်တိုင်းထဲ လွင့်ပါသွားသော သစ်ရွက်တစ်ရွက်အလား၊ သို့တည်းမဟုတ် ဒြပ်မဲ့တစ္ဆေတစ်ကောင်အလား သူ၏ ကိုယ်နေဟန်ထားက ရုတ်ခြည်း ယိမ်းနွဲ့လှုပ်ရှားသွားပြီး ရှုပ်ထွေးပွေလီနေသော တုတ်ချက်များကြားသို့ မယုံနိုင်ဖွယ် ထောင့်ချိုးတစ်ခုမှနေ၍ ထိုးဖောက် ဝင်ရောက်သွားတော့၏။

လှုပ်ရှားမှုများက ရှင်းလင်းပြတ်သားလွန်းလှပြီး အလှပြကွက်များ လုံးဝမပါဝင်ဘဲ ရိုးရှင်းထိရောက်လှသည်။ သို့သော် သူ၏ တန်ပြန်တိုက်ခိုက်မှုတိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်အောင် ပြင်းထန်လှပြီး ခေတ်သစ် သိုင်းပညာရပ်များ၏ ကိုယ်ခံပညာသဘောတရားဖြစ်သော 'တစ်ချက်တည်းဖြင့် အသေသတ်ခြင်း' ဟူသည့် အေးစက်ကြမ်းတမ်းသော အလှတရားများဖြင့် ပြည့်နှက်နေလေသည်။

အဆစ်အမြစ်များကို ချိုးနှိမ်ချုပ်ကိုင်ခြင်း...

တံတောင်ဖြင့် တွန်းထိုးခြင်း...

ဒူးဖြင့် တိုက်ခြင်း…

လူမိုက်တစ်ဦးက ချန်ရှင်း၏ ဦးခေါင်းထံ သစ်သားတုတ်ဖြင့် ဝှီးကနဲ ရိုက်ချလိုက်၏။ သို့သော် ချန်ရှင်းက ကိုယ်ကို ဘေးဘက်သို့ အနည်းငယ် ယိမ်းလိုက်ရုံဖြင့် သူ့နားရွက်ကို ပွတ်ဆွဲသွားသော ထိုတုတ်ချက်အား သီသီလေး ရှောင်တိမ်းသွားနိုင်ခဲ့သည်။

တစ်ဖက်လူက တိုက်ခိုက်မှုကို ပြန်မရုပ်သိမ်းနိုင်ခင် ချန်ရှင်းက သူ့လက်ကောက်ဝတ်ကို လှည့်ကာ ထိုလူမိုက်၏ လည်ပင်းသွေးလွှတ်ကြောဆီသို့ အေးစက်ပြတ်သားသော လက်စောင်းခုတ်ချက်တစ်ချက်ဖြင့် အားပါးတရ ဖြတ်ရိုက်လိုက်လေသည်။

ထိုလူမိုက်ခမျာ လည်ပင်းတစ်ဝိုက် ထုံကျင်သွားပြီးနောက် မျက်စိရှေ့၌ အမှောင်အတိကျသွားတော့၏။ တအင်းအင်း ညည်းညူသံနှင့်အတူ သူ့လက်ထဲမှ သစ်သားတုတ်မှာလည်း မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားပြီး သူသည်လည်း ခွေခွေလေး လဲကျသွားလေတော့သည်။

နောက်ထပ် လူမိုက်တစ်ဦးက ဘေးဘက်မှ ရုတ်တရက် ဝင်ရောက်လာကာ ချန်ရှင်း၏ ခါးနှင့် ဝမ်းဗိုက်ဆီသို့ ဂေါ်ပြားဖြင့် တည့်တည့်မတ်မတ် ရမ်းခုတ်လိုက်ပြန်၏။

သို့သော် နောက်စေ့မှာ မျက်လုံးပါနေသည့်အလား ချန်ရှင်းက လှည့်ပင် မကြည့်ခဲ့ချေ။ လျင်မြန်စွာ တစ်ပတ်လှည့်လိုက်မှုနှင့်အတူ လေပြင်းအဟုန်ကို ဖန်တီးလိုက်ပြီး သူ၏ ညာဘက်ခြေထောက်က သံမဏိကြာပွတ်တစ်ချောင်းအလား ထိုလူမိုက်၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

"ဒုန်း…"

ခပ်ပြင်းပြင်း အသံကြီးနှင့်အတူ ထိုလူမိုက်မှာ စုတ်ပြဲနေသော ဂုန်နီအိတ်ဟောင်းတစ်လုံးအလား ကန်ထုတ်ခံလိုက်ရကာ လွင့်စင်ထွက်သွားပြီးနောက် ရေတစ်ဝက်ခန့် ရှိနေသော ရေစည်ပိုင်းကြီးဆီသို့ ပြင်းထန်စွာ ဝင်ဆောင့်မိသွားလေသည်။

"ရွှမ်း… ဖြန်း…"

ရေစည်ပိုင်းကြီးမှာ တစ်စစီ ကွဲအက်သွားပြီး ရေများမှာလည်း နေရာအနှံ့အပြားသို့ စင်ထွက်သွားတော့၏။ ထိုသူမှာ အုတ်ကျိုးအုတ်ပဲ့များနှင့် ရွှံ့ဗွက်များကြားထဲ ပြုတ်ကျသွားပြီးနောက် နေရာမှာပင် ချက်ချင်း သတိလစ်သွားလေသည်။

ဤအဖြစ်အပျက်အားလုံးက မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် အစအဆုံး ဖြစ်ပျက်သွားခဲ့၏။

ကျန်နေသော လူအနည်းစုမှာမူ အကြောက်တရားကြောင့် ကြက်သီးမွေးညင်းများပင် ထသွားကြလေပြီ။ သိုးအုပ်ထဲ ကျရောက်လာသော ကျားရိုင်းတစ်ကောင်ပမာ ချန်ရှင်း၏ လက်က ထွက်လာသမျှ လှုပ်ရှားမှုများအောက်တွင် သူတို့၏ အပေါင်းအပါများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်ကို အထိတ်တလန့် ငေးကြည့်နေမိကြသည်။ လွန်ကဲလှသော၊ တွန်းလှန်နိုင်စွမ်း ကင်းမဲ့လှသော ထိုအကြောက်တရားကြီးက သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကို အပြီးတိုင် ပြိုလဲကျသွားစေခဲ့တော့သည်။

အချိန်အားဖြင့် တစ်မိနစ်ပင် မပြည့်လိုက်ချေ။

နောက်ဆုံးကျန်နေသော လူမိုက်၏ လက်ကောက်ဝတ်ကို ချန်ရှင်း ဆုပ်ကိုင်လိုက်ပြီး သေသပ်ပိုင်နိုင်စွာ လွှဲပေါက်ချလိုက်ရာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျကွဲသွားပြီး ဘုတ်ခနဲ အသံကြီး ထွက်ပေါ်လာတော့သည်။

တောင့်တင်းသန်စွမ်းသည့် လူမိုက် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ မြေပြင်ပေါ်၌ ဖရိုဖရဲ လဲကျနေကြပြီ ဖြစ်သည်။

အချို့မှာ ပါးစပ်မှ အမြှုပ်များ ထွက်နေပြီး၊ အချို့မှာမူ ကျိုးပဲ့သွားသော ခြေထောက်များကို ဖက်ကာ နာကျင်စွာ အော်ဟစ်နေကြသည်။ အချို့ကတော့ ထိုနေရာမှာပင် သတိလစ် မေ့မြောနေကြလေပြီ။ လက်နက်များမှာ နေရာအနှံ့ ပြန့်ကျဲနေပြီး ခြံဝင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပုံက ကြမ်းတမ်းသော တိုက်ပွဲကြီးတစ်ခုကို ယခုလေးတင် ဖြတ်သန်းထားရသကဲ့သို့ပင်။

ချန်ရှင်းမှာမူ ပွန်းပဲ့ဒဏ်ရာ တစ်ချက်လေးမျှပင် ရမသွားခဲ့ပေ။

ငိုယိုအော်ဟစ်နေကြသည့် ထိုလူမိုက်များအလယ်တွင် သူ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေ၏။ သူ၏ အဝတ်အစားများမှာမူ တွန့်ကြေရာ တစ်ချက်လေးမျှပင် ရှိမနေခဲ့ပေ။

သူ့လက်ထဲမှ လျှပ်စစ်ရှော့တိုက်စက်မှာ ထိုရုန်းရင်းဆန်ခတ် အခြေအနေများကြား မည်သူတစ်ဦးတစ်ယောက်ကမျှ သတိမထားမိလိုက်ခင်မှာပင် သိုလှောင်ရုံထဲသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိသွားခဲ့လေပြီ။

ချန်ရှင်း၏ အေးစက်စက် အကြည့်များက မြေပြင်ပေါ်တွင် လူးလှိမ့်နေကြသည့် လောက်ကောင်များသဖွယ် လူများကို ကျော်လွန်သွားပြီး နောက်ဆုံးတွင်တော့ ခြံတံခါးဝ၌ အကြောက်လွန်ကာ မှင်တက်နေသော ဝမ်တယ်ရှန်းထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားလေတော့သည်။

အခန်း (၁၆) မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ပြခြင်း

ခြံဝင်းအတွင်းအပြင် တစ်ခွင်လုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

တံခါးဝ၌ စုရုံးနေကြသော ရွာသားများအားလုံး သစ်သားရုပ်တုများပမာ တစ်နေရာတည်းတွင် တောင့်တင်းသွားကြပြီး မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေနေကြလေသည်။

ခြံဝင်းအလယ်တွင် ရပ်နေသော ထိုအမျိုးသားအား လှမ်းကြည့်နေကြသည့် သူတို့၏ အကြည့်များထဲတွင် နတ်ဘုရားတစ်ပါးအပေါ် ကြည်ညိုလေးစားမှုနှင့် နတ်ဆိုးတစ်ကောင်အပေါ် ထိတ်လန့်ကြောက်ရွံ့မှုတို့ ရောပြွမ်းနေခဲ့သည်။

လူအုပ်၏ ရှေ့ဆုံးတွင် ရပ်နေသော အဒေါ်ဝမ်၏ ဝမ်းသာအားရ လှောင်ပြောင်ချင်နေသည့် အပြုံးကြီးမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့ရသည်။ ယခုအခါ သူမ၏ မျက်နှာက သွေးရောင်ပင် မရှိတော့ဘဲ လူသေကောင်ကဲ့သို့ ဖြူရော်နေတော့၏။

မြေပြင်ပေါ်၌ နာကျင်စွာ လူးလှိမ့်နေကြသော လူမိုက်များကို တစ်လှည့်၊ ဒဏ်ရာလေးတစ်ခုမျှပင် မရှိဘဲ ရပ်နေသည့် ချန်ရှင်းကို တစ်လှည့်ကြည့်ရင်း သူမ၏ သွားများမှာ ထိန်းမနိုင် သိမ်းမရ တဂတ်ဂတ် ရိုက်နေလေပြီ။ အေးစက်စက် ကြောက်ရွံ့မှုက သူမ၏ ခြေဖဝါးမှ ငယ်ထိပ်အထိ တစ်ဟုန်ထိုး တက်လာတော့သည်။

ချန်ရှင်းကမူ အခြားမည်သူ့ကိုမျှ ဂရုမစိုက်တော့ဘဲ ခြံတံခါးဝတွင် ရပ်နေသော ဝမ်တယ်ရှန်းဆီသို့သာ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

သူ့ခြေလှမ်းများက ပေါ့ပါးနေသော်လည်း ဝမ်တယ်ရှန်းအတွက်မူ ထိုခြေသံများက သူ၏ နှလုံးသားတည့်တည့်ကို ဧရာမသံတူကြီးဖြင့် စည်းချက်ကျကျ လာရောက်ထုနှက်နေသည့်အလား ခံစားနေရသည်။

"မ... မလာနဲ့... ငါ့နား မလာနဲ့..."

ဝမ်တယ်ရှန်းခမျာ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့သွားကာ သူ၏ မောက်မာဝင့်ကြွားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ နေရာတွင် အဆုံးအစမဲ့သော အကြောက်တရားတို့က အလုံးစုံ အစားထိုး ဝင်ရောက်သွားလေတော့သည်။

သူက နောက်သို့ ယိုင်နဲ့နဲ့ ဆုတ်ခွာသွားရင်း မြေပြင်ပေါ် ကျနေသော သစ်ကိုင်းတုတ်တစ်ချောင်းနှင့် ခလုတ်တိုက်ကာ ဟန်ချက်ပျက်ပြီး မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားတော့၏။

သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များ အလုံးစုံ ပြိုလဲကျသွားခဲ့လေပြီ။

သူ့တစ်ကိုယ်လုံး ရွှံ့များ ပေကျံနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုမိစ္ဆာကောင်နှင့် တတ်နိုင်သမျှ ဝေးရာသို့ ရောက်စေရန် မြေကြီးပေါ်တွင် ဖင်တရွတ်တိုက်ဆွဲရင်း ကမန်းကတန်း နောက်ဆုတ်နေလေသည်။

ထိုစဉ် သူ့ပေါင်ကြားမှ ခပ်နွေးနွေး အရည်များ ရုတ်တရက် စီးထွက်ကျလာပြီး စူးရှရှ အနံ့ဆိုးကြီးတစ်ခုက လေထုထဲ ပျံ့နှံ့သွားတော့သည်။

ချန်ရှင်းက သူ့ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ မှင်သေသေဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။

ထိုမျက်နှာကြီးက ခံစားချက် အရိပ်အယောင် ကင်းမဲ့နေပြီး အလွန်တရာ တည်ငြိမ်နေ၏။ သို့သော် ထိုတည်ငြိမ်မှုကပင် ကြမ်းကြုတ်ခက်ထန်သော မည်သည့် မျက်နှာထားထက်မဆို ဝမ်တယ်ရှန်း၏ အရိုးထဲထိ စိမ့်ဝင်သွားစေလောက်အောင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

"ကျွန်တော် မှားသွားပါပြီ... ကျွန်တော် မှားသွားပါပြီ အစ်ကိုချန်... အစ်ကိုရှန်း... ကျွန်တော် မှားပါပြီဗျာ..."

ဝမ်တယ်ရှန်း၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များ အလုံးစုံ ပြိုလဲပျက်စီးသွားလေပြီ။ သူ့မျက်နှာပေါ်တွင် မျက်ရည်များ ရွှဲနစ်နေပြီး နောက်သို့ပင် ဆက်မဆုတ်ရဲတော့ဘဲ ချန်ရှင်းအား အရူးတစ်ယောက်ပမာ တရစပ် ဦးချကန်တော့နေတော့သည်။ ရွှံ့ဗွက်များကို သူ့နဖူးဖြင့် ဆောင့်ဆောင့်မိသောကြောင့် တဘုတ်ဘုတ် အသံများပင် ထွက်ပေါ်နေ၏။

"ကျွန်တော်က လူမဟုတ်ပါဘူးဗျာ... တိရစ္ဆာန်ပါ။ နောက်ဘယ်တော့မှ ဒီလို မလုပ်တော့ပါဘူး။ ကျွန်တော့်လို ခွေးတစ်ကောင်ရဲ့ အသက်ကို ချမ်းသာပေးပါဗျာ။ ပိုက်ဆံတွေ... ကျွန်တော် ပိုက်ဆံတွေ မယူတော့ပါဘူး။ ခင်ဗျား အကုန်ယူသွားလိုက်ပါ... အကုန် ယူသွားလို့ရပါတယ်"

သူက အိတ်ကပ်ထဲမှ ပိုက်ဆံများကို တုန်တုန်ယင်ယင်ဖြင့် ဆွဲထုတ်လိုက်သည်။ ချွေးများ၊ ရွှံ့များဖြင့် ပေပွပြီး တွန့်ကြေနေသော ပိုက်ဆံစုတ် အထပ်လိုက်ကြီးပင် ဖြစ်သည်။ ထိုအထဲတွင် ငွေစက္ကူ အကြီးများ ပါသလို တစ်ကျပ် နှစ်ကျပ်တန် အကြွေစများလည်း ပါဝင်လေသည်။ သူက နတ်ဘုရားတစ်ပါးအား ပူဇော်ပသနေသည့်အလား တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် ထိုငွေများကို မြင့်မြင့်မြှောက်ကိုင်ကာ ချန်ရှင်းထံသို့ ဆက်သလိုက်လေတော့သည်။

ချန်ရှင်းက ညစ်ထေးနေသော ထိုငွေများကို လှမ်းယူလိုက်၏။

ငွေမည်မျှ ပါသည်ကို သူ တစ်ချက်လေးပင် ငုံ့မကြည့်ခဲ့ချေ။ အေးစက်စူးရှနေသော ဓားသွားပမာ မျက်ဝန်းများဖြင့် ဝမ်တယ်ရှန်းကို စိုက်ကြည့်ထားဆဲဖြစ်ကာ လက်ထဲမှ ငွေအထပ်လိုက်ကို ပေါ့ပေါ့ပါးပါး ချိန်ဆကြည့်နေလေသည်။

ထို့နောက် ရွှံ့ဗွက်များ၊ နှပ်ချေးများနှင့် မျက်ရည်များ ပေသလူးခါနေသော ဝမ်တယ်ရှန်း၏ မျက်နှာပေါ်သို့ တွန့်ကြေနေသော ငွေစက္ကူအထပ်လိုက်ဖြင့် ဖွဖွလေး ပုတ်ပေးလိုက်၏။

ထိုလှုပ်ရှားမှုလေးက အလွန်တရာ ညင်သာလွန်းလှပြီး အရှက်ခွဲလိုသော လှောင်ပြောင်ကျီစယ်မှုမျိုးပင် ပါဝင်နေသေးသည်။

"သွားလိုက်တော့..."

သူ့အသံက ချစ်သူရည်းစားများ တီတီတာတာပြောသကဲ့သို့ အလွန်တရာ နူးညံ့ပြီး ခပ်တိုးတိုးလေး ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအသံထဲတွင် လူတစ်ယောက်ကို ရေခဲတုံးအဖြစ် အေးခဲသွားစေနိုင်လောက်သည့် ကြောက်မက်ဖွယ် လူသတ်ငွေ့များ ကိန်းအောင်းနေလေသည်။

"နောက်တစ်ခါ ဒါမျိုး ထပ်လုပ်ရင်တော့ ငွေလေးပေးရုံနဲ့ ကျေအေးပေးမှာ မဟုတ်တော့ဘူး"

ဝမ်တယ်ရှန်းခမျာ သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားပြီး အလောတကြီး ကုန်းရုန်းထရပ်လိုက်၏။ ထို့နောက် မြေပြင်ပေါ်တွင် လူးလှိမ့်ညည်းတွားရင်း အထိနာနေကြသော သူ့အပေါင်းအပါများဘက် လှည့်ပြီး ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

"ထကြတော့... လစ်ကြမယ်ဟေ့..."

ထိုလူမိုက်တစ်သိုက်မှာလည်း ကောင်းကင်ဘုံမှ နတ်တေးသံကို ကြားလိုက်ရသည့်အလား အချင်းချင်း ဖေးမတွဲခေါ်လျက် ကုန်းရုန်းထကြလေသည်။ မြေပြင်ပေါ် ပြုတ်ကျနေသော တုတ်များကိုပင် လှည့်မကြည့်နိုင်ကြတော့ဘဲ ခါးတကိုင်းကိုင်း ခြေတရွတ်တိုက်ဖြင့် တစ်သက်လုံး မေ့မရနိုင်တော့မည့် ကပ်ဘေးကြီးမှနေ၍ အထိတ်တလန့် ထွက်ပြေးကြတော့သည်။

ခြံဝင်းတံခါးပေါက်ဆီသို့ ရောက်သွားသောအခါ ဝမ်တယ်ရှန်းက ကျေနပ်သေးပုံမရပေ။ ကြောက်ရွံ့မှုနှင့် နာကြည်းချက်များ ရောပြွမ်းနေသော အကြည့်တို့ဖြင့် နောက်သို့ လှည့်ကြည့်လိုက်သေး၏။

သူ့ကို ဤမျှတိုင် အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်ခဲ့သည့် ထိုအမျိုးသား၏ ရုပ်သွင်ကို ရင်ထဲတွင် စွဲထင်နေအောင် မှတ်ထားချင်နေပုံရသည်။

သို့သော် သူ လှည့်ကြည့်လိုက်သည့် စက္ကန့်ပိုင်းလေးမှာပင် ချန်ရှင်း၏ ခံစားချက်ကင်းမဲ့နေသော အေးစက်စက် အကြည့်များနှင့် ပက်ပင်းတိုးသွားလေသည်။

ဝမ်တယ်ရှန်းခမျာ နှလုံးသားပင် ရပ်တန့်သွားမတတ် ထိတ်လန့်သွားရပြီး တစ်ကိုယ်လုံး ဆတ်ဆတ်တုန်သွားကာ နောက်ဆုံး ကျန်ရစ်နေသေးသည့် နာကြည်းချက် အနည်းငယ်မှာလည်း အကြောက်တရားအဖြစ်သို့ လုံးဝအသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ နောက်တစ်ကြိမ် လှည့်ကြည့်ရန်ပင် သတ္တိမရှိတော့ဘဲ သုတ်ခြေတင်ကာ ထွက်ပြေးသွားလေတော့သည်။

ချန်ရှင်းက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။

သူ့အကြည့်များက ခြံဝင်းပြင်ပတွင် ကြက်သေသေကာ ထိတ်လန့်တကြား ရပ်ကြည့်နေကြသူများ၏ မျက်နှာများဆီသို့ အေးတိအေးစက် ဖြတ်ပြေးသွားလေသည်။

သူ့အကြည့်နှင့် ဆုံတွေ့သွားသူတိုင်းမှာ ကျား၊ မ၊ အရွယ်မရွေး ကျောရိုးထဲမှ စိမ့်တက်သွားပြီး အပ်နှင့် ထိုးဆွခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။ သူ့ကို မည်သူမျှ ရင်ဆိုင်မကြည့်ရဲကြတော့ဘဲ အားလုံး ခေါင်းငုံ့သွားကြတော့၏။

ထိုအချိန်လေးတွင် လူတိုင်း၏ ရင်ထဲ၌ ခံစားချက်တစ်ခုတည်းသာ ကြီးစိုးနေတော့သည်။ ယင်းမှာ ကြောက်ရွံ့ရိုသေမှု ဖြစ်လေသည်။

လူအုပ်ကြီး၏ နောက်ဘက်ရှိ သွေးဆုတ်ဖြူရော်နေသော ဒေါ်ဝမ်၏ မျက်နှာပေါ်သို့ ချန်ရှင်း၏ အကြည့်တို့က တစ်စက္ကန့်မျှ ဝဲကျသွားလေသည်။

တစ်စက္ကန့်လေးမျှသာ ဖြစ်သည်။

ဒေါ်ဝမ်ခမျာ ရက်စက်ကြမ်းကြုတ်သော ကျားရိုင်းကြီးတစ်ကောင်၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ သွေးများ ရုတ်တရက် အေးခဲသွားကာ ခြေလက်များ အားလျော့သွားပြီး မြေပြင်ပေါ်သို့ ခွေကျလုမတတ် ဖြစ်သွားရရှာသည်။

"အား…"

သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက် သူမ ချက်ချင်းပင် လူအုပ်ကြီးကြားထဲမှ အတင်းတိုးဝှေ့ထွက်သွားလေသည်။ ဖိနပ်တစ်ဖက် ကျွတ်ကျကျန်ရစ်ခဲ့သည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရူးတစ်ယောက်လို သူမ၏ ခြံဝင်းထဲသို့ အသည်းအသန် ပြေးဝင်သွားတော့သည်။

ချန်ရှင်းက မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

ထို့နောက် ကျိုးပဲ့နေသော တံခါးဘောင်ကို ပြန်တည့်လိုက်ပြီး ဂျောက်ခနဲ မြည်အောင် ဂျက်ထိုးကာ ပိတ်ချလိုက်သည်။

အပြင်လောက၏ မြင်ကွင်းများနှင့် ဆူညံသံများ အားလုံးကို ဖြတ်တောက် ပိတ်ဆို့လိုက်လေပြီ။

ယခုတော့ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေပြီ။

သူ လှည့်ကြည့်လိုက်သောအခါ ရွှီချင်းချင်းတစ်ယောက် အမိုးစွန်းအောက်ရှိ အရိပ်ထဲတွင် ရုပ်သေးရုပ်လေးတစ်ရုပ်နှယ် ကြောင်တောင်တောင်လေး ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရ၏။

သူမ၏ နှုတ်ခမ်းဖူးဖူးလေးက အနည်းငယ် ပွင့်ဟနေပြီး ရေဆေးချထားသကဲ့သို့ ကြည်လင်နေသော ဗာဒံစေ့ပုံစံ မျက်လုံးဝိုင်းလေးများထဲတွင်တော့ လုံးဝ သူစိမ်းတစ်ယောက်ကို ကြည့်နေရသကဲ့သို့ အံ့ဩတုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေလေသည်။

*သူက… ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ…*

မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပဲ တောင့်တောင့်တင်းတင်း ယောက်ျားကြီး ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို သူက လဲကျသွားအောင် လုပ်ပစ်နိုင်ခဲ့သည်။

ချန်ရှင်း သူမအနားသို့ လျှောက်သွားလိုက်ပြီး သူမ၏ ဖြူရော်နေသော မျက်နှာလေးနှင့် မျက်ရည်ဝဲဝဲ မျက်လုံးလေးများကို ကြည့်ကာ စိတ်နှလုံး ပျော့ပျောင်းသွားရလေသည်။

သူ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူမ ပါးပြင်ပေါ်မှ တလက်လက် တောက်ပနေသော မျက်ရည်စများကို အသားမာတက်နေသော သူ့လက်ချောင်းထိပ်များဖြင့် ညင်သာစွာ သုတ်ဖယ်ပေးလိုက်သည်။

ထိုနွေးထွေးသော အထိအတွေ့ကြောင့် ရွှီချင်းချင်း၏ ခန္ဓာကိုယ်လေး ပြင်းထန်စွာ တုန်ယင်သွားရ၏။ အိပ်မက်တစ်ခုမှ လန့်နိုးလာသကဲ့သို့ သူမ ရုတ်တရက် အသိဝင်လာတော့သည်။

နောက်တစ်စက္ကန့်မှာပင် ထိန်းမထားနိုင်တော့သည့် ခံစားချက်အဟုန်တို့က ရေကာတာကျိုးသွားသလို အတားအဆီးမဲ့စွာ ပေါက်ကွဲထွက်လာတော့သည်။

သူမ ရှိုက်ကြီးတငင် ငိုကြွေးလိုက်ရင်း ချန်ရှင်း၏ ရင်ခွင်ထဲသို့ အတင်းပစ်ဝင်ကာ သွယ်လျလျ လက်မောင်းလေးများကို ဆန့်ထုတ်၍ ရှိသမျှ ခွန်အားများဖြင့် သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

သူမ၏ ခန္ဓာကိုယ်လေး ပြင်းထန်စွာ တုန်ယင်နေဆဲ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ အကြောက်တရားကြောင့် မဟုတ်တော့ပေ။ ထိုအစား တစ်ခါမှ မခံစားဖူးခဲ့သော ဝမ်းသာပီတိနှင့် လုံခြုံနွေးထွေးမှုတို့ကြောင့်သာ ဖြစ်လေသည်။

မည်မျှပင် ပြင်းထန်သည့် မုန်တိုင်းများ တိုက်ခတ်လာပါစေ၊ ကြံ့ကြံ့ခံနိုင်သော တောင်ကြီးတစ်လုံးပမာ ဤပွေ့ဖက်မှုက လုံခြုံခိုင်မာပြီး နွေးထွေးလွန်းလှသည်။

သူ၏ ကျယ်ပြန့်သော ရင်အုပ်ကြီးထဲသို့ သူမ မျက်နှာလေး အပ်ထားလိုက်၏။ သူ့ကိုယ်သင်းနံ့ကိုလည်း အငမ်းမရ ရှူရှိုက်ရင်း ငိုသံစွက်နေသော အသံလေးဖြင့် တတွတ်တွတ် မေးနေရှာသည်။

"သူတို့... သူတို့တွေ ထပ်လာကြဦးမလားဟင်"

ချန်ရှင်း ဘာမှ ပြန်မပြောဘဲ သူမ၏ နူးညံ့သော ဆံကေသာနှင့် အနည်းငယ် တုန်ယင်နေသော ကျောပြင်လေးကိုသာ ယုယုယယ ပွတ်သပ်နှစ်သိမ့်ပေးနေလိုက်သည်။

သူမ အနည်းငယ် တည်ငြိမ်သွားမှသာ အင်မတန် ပြတ်သားပြီး ခိုင်မာ လေသံဖြင့်

"ဒီလိုကိစ္စမျိုး နောက်ထပ် ဘယ်တော့မှ အဖြစ်မခံတော့ဘူး"

"ကိုယ် ရှိနေသရွေ့ မင်းကို ဘယ်သူမှ မထိခိုက်စေရဘူး"

[ဒင်...၊ ရွှီချင်းချင်း၏ လုံခြုံနွေးထွေးမှု ခံစားချက်မှာ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိနေပါပြီ။ သူမ၏ ချစ်ခင်မြတ်နိုးမှုနှင့် အားကိုးယုံကြည်မှုတို့ အဆမတန် မြင့်တက်လာပါပြီ။]

[စွမ်းအင် +၄၀]

စနစ်၏ အသိပေးသံများက ချန်ရှင်း၏ ခေါင်းထဲတွင် တဒင်ဒင် မြည်ဟည်းသွားပြီး သူ အလွန်အမင်း ကျေနပ်ပီတိဖြစ်သွားလေသည်။

နူးနူးညံ့ညံ့ ဇနီးချောလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားရသည်မို့ ကျေနပ်အားရမှုအဟုန်က သူ့နှလုံးသားတစ်ခွင် လွှမ်းခြုံသွားတော့သည်။

ထိုစဉ်မှာပင် ခြံဝင်းအပြင်ဘက်ဆီမှ ကမန်းကတန်း လျှောက်လာသော ခြေသံများနှင့်အတူ အသည်းအသန် တံခါးခေါက်သံများ ထွက်ပေါ်လာတော့သည်။

All Chapters