အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း (၁၉) - ညတွင်းချင်း ကြီးပွားချမ်းသာလာခြင်း
ညအချိန်…
ချန်ရှင်းက သူ့ဘေးနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ရွှီချင်းချင်းကို မနှိုးမိစေရန် တိတ်တိတ်လေး ထလိုက်သည်။
ခြံဝင်းအတွင်း ရှုပ်ပွနေသော ပစ္စည်းများကို ကျွမ်းကျင်စွာ ရှောင်ကွင်းသွားရင်း တောင်နောက်ဘက်ဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် အရပ်လေးမျက်နှာစလုံး တောင်တန်းများ ဝန်းရံထားသည့် လူသူကင်းမဲ့သော တောင်ကြားချိုင့်ဝှမ်းတစ်ခုဆီ ရောက်သည်အထိ တောနက်ထဲ ဆက်လျှောက်လာခဲ့လေသည်။
ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိတော့ကြောင်း သေချာအောင် အကဲခတ်ပြီးနောက် စိတ်ထဲမှနေ၍ တိတ်တဆိတ် ရေရွတ်လိုက်၏။
*တံခါးပေါက်... ဖွင့်စမ်း*
လုံးဝန်းသည့် အဖြူရောင် တံခါးပေါက်ကြီးတစ်ခုက အမှောင်ထုထဲတွင် တိတ်တဆိတ် ပွင့်ဟလာ၏။ ထိုအရာက ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားသည့် ဝဲကတော့တစ်ခုနှင့်ပင် တူနေလေသည်။
ချန်ရှင်းက တစက်ကလေးမှ တုံ့ဆိုင်းမနေဘဲ အထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားတော့သည်။
မျက်စိကျိန်းလုမတတ် အလင်းရောင်တစ်ချက် လင်းလက်သွားပြီးနောက်မှာတော့ ခေတ်သစ်ကမ္ဘာမှ အငှားအခန်းလေးထဲရှိ ရင်းနှီးပြီးသား ဖုန်နံ့သင်းသင်း လေထုက သူ့တစ်ကိုယ်လုံးကို ချက်ချင်းပင် ရစ်ပတ်လွှမ်းခြုံသွားလေ၏။
အချိန်ဆွဲမနေတော့ဘဲ သူ၏ သိုလှောင်ရုံထဲမှ သေချာရွေးချယ်ထားသည့် တကယ့်ရှေးဟောင်းပစ္စည်း အစစ်အမှန်များကို ထုတ်ယူလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် စားပွဲပေါ်သို့ ရောက်ရှိလာတော့သည်။
ချင်းမင်းဆက်ခေတ်လက်ရာ ကြွေပန်းကန်လုံးကြီး တစ်လုံး၊ ရှားပါးလှသော ကြေးဒင်္ဂါးပြား အနည်းငယ်၊ ရှေးဟောင်း စာအုပ်စာတမ်းများနှင့် ပန်းချီကားချပ်များအပြင် ထိုကြေးဝါနံ့သာပေါင်းဖိုငယ်လေးပင် ဖြစ်သည်။
သူက အဝတ်စနုနုလေးဖြင့် ပစ္စည်းများပေါ်ရှိ ဖုန်မှုန့်များကို တစ်စစီ ဖြည်းဖြည်းချင်း သုတ်သင်ရှင်းလင်းလိုက်သည်။
ဖုန်အလိမ်းလိမ်း တက်နေခဲ့သော ထိုရတနာများသည် သူတို့၏ မူလအသွင်အပြင်ဖြစ်သော ကျက်သရေရှိလှသည့် နွေးထွေးသော တောက်ပမှုတို့ကို မီးရောင်အောက်၌ တဖြည်းဖြည်း ထုတ်ဖော်ပြသလာကြသည်။
ခေတ်ပေါ် ပေါ့ပေါ့ပါးပါး အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးသောအခါ ချန်ရှင်း၏ အသွင်အပြင်နှင့် ဟန်ပန်တစ်ခုလုံးက သိသိသာသာကို ပြောင်းလဲသွားလေ၏။
သူက ထိုရတနာများကို လက်ဆွဲသေတ္တာထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်ပြီး မြို့ပေါ်ရှိ အကြီးဆုံး ရှေးဟောင်းပစ္စည်းဈေးတန်းဆီသို့ တန်းတန်းမတ်မတ် ထွက်ခွာလာခဲ့သည်။
ယခင်က ကြုံတွေ့ခဲ့ရဖူးသော အတွေ့အကြုံများအရ သင်ခန်းစာရထားပြီးဖြစ်ရာ ဤတစ်ကြိမ်တွင်မူ သူ့ရည်မှန်းချက်က တိကျရှင်းလင်းနေ၏။ သူက ဟန်ဟိုင်ပြခန်းဟု အမည်ရသော ဆိုင်တစ်ဆိုင်အတွင်းသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားတော့သည်။
ထိုဆိုင်၏ မျက်နှာစာအသွင်အပြင်က ယခင်တစ်ခေါက် ကျွီးပေါင်ပြခန်းထက် အဆပေါင်းများစွာ ပို၍ ခမ်းနားထည်ဝါနေသည်။ မဟော်ဂနီသစ်များဖြင့် အလှဆင်ထားပြီး အထပ်သုံးထပ်အထိ မြင့်မားကာ ကြွယ်ဝချမ်းသာပြီး ဩဇာတိက္ကမကြီးမားသည့် လုပ်ငန်းရှင်တစ်ဦး၏ နေရာမှန်း အထင်အရှား ပေါ်လွင်နေလေသည်။
ကောင်တာ၏အနောက်ဘက်တွင်တော့ ပိုးသား တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေကွပ်မျက်မှန်ကို တပ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်ဖက်ရည်ကို အရသာခံ သောက်သုံးနေသည်။ သူ၏ လှုပ်ရှားမှု ဟန်ပန်အမူအရာတိုင်း၌ ပါးနပ်လိမ္မာမှုနှင့် မာနထောင်လွှားမှုတို့က အထင်းသား ပေါ်လွင်နေ၏။
ချန်ရှင်း ဝင်လာသည်ကို မြင်သောအခါ ထိုလူက မျက်လုံးအနည်းငယ်သာ ပင့်ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့သွားကာ လုံးဝ စိတ်မဝင်စားသည့်ဟန် ပြလေသည်။
ချန်ရှင်းက ထိုအမူအရာကို သိပ်ဂရုစိုက်မနေဘဲ သူ့လက်ဆွဲသေတ္တာကို ကောင်တာပေါ်သို့ တင်ကာ ဇစ်ကို ဆွဲဖွင့်လိုက်၏။
"သူဌေး...၊ ခင်ဗျားကို ပစ္စည်းနည်းနည်းလောက် ပြချင်လို့"
သူ ပထမဆုံး ထုတ်ယူလိုက်သည်မှာ ချင်းမင်းဆက်ခေတ်က သာမန်အရပ်သားများ အသုံးပြုသည့် ဖိုမှ ဖုတ်လုပ်ထားသော ကြွေပန်းကန်လုံးကြီးပင် ဖြစ်သည်။
လူလတ်ပိုင်းအရွယ် ဆိုင်ရှင်ဖြစ်သူက ထိုပန်းကန်လုံးကို ပေါ့ပေါ့တန်တန်ပင် တစ်ချက် လှမ်းကြည့်လိုက်၏။ သူ့မျက်ဝန်းထဲတွင်တော့ အထင်သေးသည့် အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားလေသည်။ ဤသို့ သပ်ရပ်မှု မရှိလှသော အရပ်သုံး ကြွေထည်ကြမ်းများကို သူ မြင်ဖူးနေကျ ဖြစ်နေသောကြောင့်ပင်။
ချန်ရှင်းက ဘာစကားမှ မဆိုဘဲ ကြေးဒင်္ဂါးပြားများ ပါသည့် အိတ်ငယ်လေးကို ထုတ်ယူလိုက်ပြီး ကတ္တီပါစပေါ်သို့ ဖြည်းညင်းစွာ သွန်ချလိုက်သည်။
ဆိုင်ရှင်၏ အကြည့်များက ထိုဒင်္ဂါးပြားများပေါ်သို့ ဝေ့ဝဲကျရောက်သွားချိန်မှာတော့ လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားသော သူ့လက်က ရုတ်တရက် တန့်သွားခဲ့၏။
ထို့နောက် ချက်ချင်းပင် ချန်ရှင်းက ရှေးဟောင်းစာအုပ်နှင့် ကြေးဝါနံ့သာပေါင်းဖိုတို့ကို တစ်ခုချင်းစီ အသာအယာ ချခင်းပြလိုက်ပြန်သည်။
ရှေးခေတ်၏ သက်တမ်းရင့် အငွေ့အသက်များ ဖုံးလွှမ်းနေသော ရှေးဟောင်း ကြေးဝါနံ့သာပေါင်းဖိုကို မြင်လိုက်ရသောအခါမှာတော့ လူလတ်ပိုင်း ဆိုင်ရှင်က ကိုင်ထားသော လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ်သို့ အပြီးတိုင် ချလိုက်တော့သည်။
သူ့အကြည့်များမှာ အစပိုင်းက ပေါ့ပေါ့တန်တန် ရှိနေခဲ့ရာမှ အနည်းငယ် စိတ်ဝင်စားလာပုံရပြီး ထိုမှတစ်ဆင့် အလွန်တရာ အလေးအနက်ထားလာသည့်အသွင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေသည်။
နောက်ဆုံး၌ ခင်းကျင်းပြသထားသည့် ပစ္စည်းလေးခုလုံးကို အသေအချာ ခြုံငုံသုံးသပ်မိသွားချိန်မှာတော့ အစကက ရှိနေခဲ့သော သူ၏ လိမ္မာပါးနပ်မှုနှင့် မာနထောင်လွှားမှုများအားလုံး လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ ထိုနေရာတွင် လိုချင်တပ်မက်မှု ပြင်းပြနေသည့် အကြည့်များသာ အစားထိုး ဝင်ရောက်လာခဲ့တော့သည်။
"ခဏလေး စောင့်ပါဦး”
ဆိုင်ရှင်ဖြစ်သူသည် ကောင်တာပေါ်မှ အဖြူရောင် လက်အိတ်တစ်စုံကို ယူစွပ်လိုက်ပြီးနောက် မှန်ဘီလူးတစ်ခုနှင့် အားပြင်းလက်နှိပ်ဓာတ်မီးတစ်လက်ကိုပါ ထုတ်ယူလိုက်သည်။ ယခုအခါတွင် သူ့ လှုပ်ရှားမှုများမှာ အလွန်တရာ သတိကြီးကြီးဖြင့် လေးနက်နေတော့၏။
သူက ကြေးဝါနံ့သာပေါင်းဖိုကို အရင်ဆုံး ကောက်ကိုင်လိုက်ပြီး အောက်ခြေတွင် ခတ်နှိပ်ထားသော စာတန်းမှသည် ပေါင်းဖို၏ ကိုယ်ထည်အထိ တစ်ခုချင်းစီ အသေးစိတ် လိုက်လံစစ်ဆေးလေသည်။ ထို့နောက် ရှေးဟောင်း စာအုပ်နှင့် ကြေးဒင်္ဂါးများကိုပါ တစ်လှည့်စီ အကဲဖြတ် စစ်ဆေးနေတော့သည်။
ဆိုင်ခန်းတစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ်လျက်ရှိပြီး ဆိုင်ရှင်၏ အသက်ရှူသံ ခပ်ပြင်းပြင်းကိုသာ ကြားနေရ၏။
သူ့နဖူးပြင်ထက်၌ ချွေးသီးချွေးပေါက်များပင် စို့တက်လာကာ ပစ္စည်းများကို ကိုင်တွယ်နေသော လက်အစုံမှာလည်း သိသိသာသာကို တုန်ယင်နေခဲ့သည်။
*ဒီအရာအားလုံးက ရှေးဟောင်းပစ္စည်း အစစ်အမှန်တွေချည်းပဲ...။ ဒါ့အပြင် တစ်ခုချင်းစီတိုင်းကလည်း အပျက်အစီးမရှိ အကောင်းပကတိပါလား...။*
အချိန်အတန်ကြာသွားပြီးနောက် သူက ကိရိယာတန်ဆာပလာများကို အောက်သို့ချပြီး လက်အိတ်များကို ချွတ်လိုက်၏။ ထို့နောက် အံ့ဩမှင်တက်မှုနှင့် စူးစမ်းချင်စိတ်များ ပြည့်နှက်နေသော အမူအရာမျိုးဖြင့် ချန်ရှင်းအား မော့ကြည့်လာတော့သည်။
"လူငယ်လေး...၊ ဒီပစ္စည်းတွေအတွက် မင်း လိုချင်တဲ့ဈေးကိုသာ ခေါ်လိုက်ပါ"
ဆိုင်ရှင်က သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း စမ်းသပ်ကြည့်ချင်သည့် လေသံမျိုးဖြင့် ဆိုလာ၏။
ချန်ရှင်းက ပြုံးလိုက်ပြီး လက်သုံးချောင်း ထောင်ပြလိုက်သည်။
"သုံးသိန်း ဟုတ်လား”
ဤလူငယ်လေးမှာ ဈေးကွက်အကြောင်း ဘာမှနားမလည်ဘဲ ကံကောင်းထောက်မစွာဖြင့် ပစ္စည်းကောင်းများ ကောက်ရလာသူဟု တွေးထင်သွားပြီး ဆိုင်ရှင်ဖြစ်သူမှာ တိတ်တခိုး ဝမ်းသာလုံးဆို့သွားတော့သည်။
သို့သော် ချန်ရှင်းကတော့ ခေါင်းကိုသာ ခါယမ်းပြလိုက်လေသည်။
"သိန်းသုံးဆယ် ဟုတ်လား”
ဆိုင်ရှင်၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။
ချန်ရှင်းက သူ့လက်ကို ပြန်ရုတ်လိုက်၏။ သူ၏ မျက်နှာအမူအရာမှာ ယတိပြတ်နိုင်လွန်းလှပြီး အလျှော့ပေးမည့် အရိပ်အယောင် လုံးဝမရှိပေ။
"ဒီပန်းကန်လုံးက ချင်းမင်းဆက် အလယ်ပိုင်းကာလ အရပ်သုံးဖိုကနေ ထုတ်ခဲ့တဲ့ ကြွေထည်တွေထဲမှာ အကောင်းစားတစ်ခုပဲ။ အဝကျယ်ကျယ်နဲ့ ကိုယ်ထည် ခိုင်မာမှုရှိတယ်၊ ကာလပေါက်ဈေးက အနည်းဆုံး ယွမ်နှစ်သိန်းခွဲ ရှိတယ်။ ဒီကြေးဒင်္ဂါးတွေထဲမှာဆိုရင်လည်း ရှားပါးတဲ့ ရှန်းဖုန်းဒင်္ဂါးပြားကြီး သုံးပြား ပါဝင်နေတယ်၊ အဲဒီသုံးပြားနဲ့တင် တစ်သိန်းခွဲ တန်ကြေးရှိတယ်”
"မင်မင်းဆက် နှောင်းပိုင်းကနေ ချင်းမင်းဆက် အစောပိုင်းကာလအတွင်း ရေးဆွဲခဲ့တဲ့ ဒီပန်းချီစာအုပ်မှာ လက်မှတ်မပါပေမဲ့ ပန်းချီလက်ရာကတော့ တော်တော်ပြောင်မြောက်တယ်။ သူ့တန်ဖိုးက လေးသိန်းရှိတယ်။ ဒါပေမဲ့ ဒီအထဲမှာ အဖိုးတန်ဆုံးအရာကတော့ ဒါပဲ”
ထိုသို့ပြောရင်း သူက ကြေးဝါနံ့သာပေါင်းဖိုကို လက်ညှိုးထိုးပြလိုက်၏။
"မင်မင်းဆက်ခေတ်က ရှီစိုးဆိုတဲ့ အမှတ်တံဆိပ် ခတ်နှိပ်ထားတဲ့ ဒီကြေးဝါနံ့သာပေါင်းဖိုဟာ ပုံတူပွားထားတဲ့ ပစ္စည်းတစ်ခုဆိုပေမဲ့ ချင်းမင်းဆက် အလယ်ပိုင်းကာလမှာ ထပ်ပွားထားတဲ့ ထိပ်တန်းအဆင့် လက်ရာတစ်ခုပဲ။ ခေတ်ကာလရဲ့ သက်တမ်းရင့် အငွေ့အသက်တွေ အပြည့်အဝ စွဲထင်နေသလို အပြစ်အနာအဆာ တစ်စက်လေးမှမရှိဘူး။ လုံးဝ ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေသေးတယ်။ ကျွန်တော် သတ်မှတ်ထားတဲ့ဈေး မရဘူးဆိုရင်တော့ လုံးဝ ရောင်းမှာ မဟုတ်ဘူး”
ထိုသို့ပြောရင်း သူက ဆိုင်ရှင်၏ မျက်နှာရှေ့တွင် လက်သုံးချောင်း ထပ်မံ ထောင်ပြကာ ဝှေ့ယမ်းပြလိုက်သည်။
သိန်းသုံးဆယ်...
ဆိုင်ရှင်ဖြစ်သူမှာ လုံးဝ ဆွံ့အ မှင်တက်သွားတော့သည်။ သူခေါင်းတစ်ခုလုံး အူထွက်သွားသလို ခံစားလိုက်ရပြီး ချန်ရှင်းအား ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးသူတစ်ယောက်နှယ် ပြူးကြောင်စွာ စိုက်ကြည့်နေမိ၏။
*ဒီကောင်လေးက ဗဟုသုတ ကြွယ်ဝရုံတင်မကဘူး။ တော်တော်လေးလည်း ကျွမ်းကျင်ပါလား။ သူ ခေါ်လိုက်တဲ့ ဂဏန်းတိုင်းက ကာလပေါက်ဈေးတွေနဲ့ တစ်ထပ်တည်း ကျနေတာပဲ။ ဒါ့အပြင် နံ့သာပေါင်းဖိုက ချင်းခေတ်ကာလကနေ ရှီစိုးလက်ရာကို ပုံတူပွားထားတဲ့အရာ ဆိုတာကိုတောင်မှ အမှားအယွင်း တစ်စက်မှမရှိဘဲ ဖတ်တတ်နေပါလား။*
*ဒီကောင်လေးက ကံကောင်းထောက်မလို့ ပစ္စည်းကောင်းတွေ ကောက်ရလာတဲ့ ဘာမှနားမလည်တဲ့ လူအလေး မဟုတ်ဘူး။ ရိုးအဟန်ဆောင်ပြီး အကင်းပါးပါးနဲ့ အပိုင်စီးဖို့ကြိုးစားနေတဲ့ ဆရာတစ်ဆူပဲ။*
"လူငယ်လေးရာ...၊ မင်း... မင်းက ဈေးကို သိပ်မြောက်လွန်းတာပဲ။ ဒီလိုဆို ငါက မင်းနဲ့ ဘယ်လိုလုပ် အရောင်းအဝယ် လုပ်နိုင်ပါ့မလဲ”
ဆိုင်ရှင်က နဖူးမှ ချွေးများကို သုတ်ရင်း စတင် ညည်းတွားလာတော့သည်။
"ဈေးမြောက်တယ် ဟုတ်လား”
ချန်ရှင်းက လှောင်ပြုံး ပြုံးလိုက်သည်။
"သူဌေး...၊ စကားကို လှည့်ပတ်ပြောမနေပါနဲ့ဗျာ။ ဒီပစ္စည်းတွေကို ထုပ်ပိုးပြီး နွေဦးရာသီ လေလံပွဲဆီ တင်လိုက်မယ်ဆိုရင် ဘယ်လောက်ဈေး ရနိုင်မလဲဆိုတာ ကျွန်တော့်ထက် ခင်ဗျားက ပိုသိမှာပါ။ ကျွန်တော့်ဘက်က ခင်ဗျားအတွက် လုံလောက်တဲ့ အမြတ်အစွန်း ချန်ပေးခဲ့ပြီးပြီပဲ။ အခုလို အရောင်းအဝယ်လုပ်ဖို့ ခင်ဗျားဘက်က စေတနာမရှိဘူးဆိုရင်လည်း နောက်တစ်ဆိုင်ပဲ ကူးရတော့မှာပေါ့”
ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပစ္စည်းများကို ပြန်လည် ထုပ်ပိုးတော့မည့် ဟန်ပြင်လိုက်လေသည်။
"ဟေ့... ဟေ့... နေပါဦး နေပါဦး..."
ဆိုင်ရှင်မှာ ရုတ်တရက် အထိတ်တလန့်ဖြစ်သွားပြီး ချန်ရှင်း၏ လက်ကို လှမ်းဆွဲထားလိုက်သည်။
"လူငယ်လေး...၊ တို့တွေ သေချာ တိုင်ပင်ဆွေးနွေးလို့ ရပါသေးတယ်။ ညှိနှိုင်းလို့ ရပါသေးတယ်ကွာ"
နှစ်ဦးသား အပြန်အလှန် အချေအတင် ပြောဆိုကာ ဈေးညှိနှိုင်းပြီးသည့်နောက်မှာတော့ ဆိုင်ရှင်ဖြစ်သူမှာ နောက်ဆုံး၌ သွားကို တင်းတင်းကြိတ်လျက် သူ့ပေါင်ကို ဖြောင်းခနဲ ရိုက်ချလိုက်တော့သည်။
"သုံးဆယ့်ခြောက်သိန်း...၊ ဒါ အပြတ်ဈေးပဲ။ လူငယ်လေး...၊ ဒါ ငါ့ဘက်က အတတ်နိုင်ဆုံး လျှော့ပေးလိုက်တဲ့ နောက်ဆုံးဈေးပဲကွာ...။ တို့တွေ မိတ်ဆွေဖွဲ့လိုက်ကြရအောင်”
"သဘောတူတယ်”
အချိန်အနည်းငယ် ကြာပြီးနောက် ချန်ရှင်း၏ ဖုန်းမှ တောင်ခနဲ အသံမြည်လာကာ ဘဏ်မှ ငွေဝင်ကြောင်း စာတိုတစ်စောင် ဝင်လာလေသည်။
ငွေဝင်ကြောင်း အချက်အလက်များ၏ အနောက်ဘက်ရှိ အစီအရီ တန်းစီနေသော သုညဂဏန်းရှည်ကြီးကို ကြည့်ရင်း သူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။ ထို့နောက် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားလှသော ကြည်နူးစိတ်ပီတိအဟုန်ကြီးတစ်ခုက သူ့ ငယ်ထိပ်အထိ တိုက်ရိုက် ဆောင့်တက်သွားတော့သည်။
ညတွင်းချင်း ကြီးပွားချမ်းသာသွားခြင်းပင်။
ဟန်ဟိုင်ကဲ ရှေးဟောင်းပစ္စည်းဆိုင်မှ ထွက်လာပြီးနောက် ချန်ရှင်း အချိန်တစ်စက္ကန့်လေးမှ အချိန်ဆွဲမနေတော့ဘဲ မြို့၏ အဆင့်အမြင့်ဆုံး ဈေးဝယ်စင်တာကြီးဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့လေသည်။
မီးရောင်ထိန်ထိန်ဖြင့် ခမ်းနားလှပပြီး လူစည်ကားလွန်းလှသော ဤဈေးဝယ်စင်တာကြီးမှာ ၁၉၇၀ ခုနှစ်များ၏ ဆင်းရဲမွဲတေလွန်းသော ကမ္ဘာကြီးနှင့်တော့ ကောင်းကင်နှင့် မြေကြီးပမာ ပြတ်ပြတ်သားသား ကွာခြားလွန်းလှသည်။
ချန်ရှင်းလည်း လိုချင်သမျှ အရာအားလုံးကို အငမ်းမရ ဝယ်ယူတော့မည့် စစ်ဆင်ရေးကြီးတစ်ခုကို စတင်လိုက်တော့သည်။
"ဒါရယ်... ဒါရယ်... ပြီးတော့ ဒါရယ်... အားလုံးကို ထုပ်ပေးပါ"
ပြည်ပမှတင်သွင်းသော အလှကုန်ပစ္စည်း ကောင်တာတစ်ခုရှေ့တွင် ရပ်ကာ အကောင်းဆုံးနှင့် အဆင့်အမြင့်ဆုံး အသားအရေထိန်းသိမ်းမှု ပစ္စည်းများကို လက်ညှိုးထိုးပြရင်း ကြောင်တောင်တောင်ဖြစ်နေရှာသော အရောင်းစာရေးမလေးအား ချန်ရှင်းက လှမ်းပြောလိုက်ခြင်းဖြစ်သည်။
ထို့နောက် အဝတ်အထည်ဆိုင်ထဲသို့ အပြေးကလေး ဝင်သွားကာ ရွှီချင်းချင်းအတွက် ကျက်သရေရှိပြီး လှပလွန်းသော ဂါဝန်အချို့ကို ရွေးချယ်ဝယ်ယူလိုက်သည်။
အမျိုးသမီး အတွင်းခံဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားချိန်တွင်တော့ သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့၏။
သူ့အကြည့်များက ဆိုင်ရှေ့မှန်ပြတင်းပေါက်တွင် ချိတ်ဆွဲပြသထားသော ပန်းနုရောင် ညအိပ်ဝတ်စုံလေးတစ်စုံ၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည်။
ပိုးသားစစ်စစ်ဖြင့် ချုပ်လုပ်ထားပြီး လည်ပင်းကြိုးသိုင်းပုံစံ၊ ပေါင်လယ်လောက်သာ ရှည်သော စကတ်အရှည်ရှိသည့် ထိုဝတ်စုံဒီဇိုင်းမှာ ၁၉၇၀ ခုနှစ်များ၏ မည်သည့်မိန်းကလေးကိုမဆို မြင်လိုက်သည်နှင့် မျက်နှာပူရဲသွားစေလောက်သည်အထိ အတင့်ရဲလွန်းသော ပုံစံမျိုးဖြစ်သည်။
သို့သော် ထိုဝတ်စုံလေးကို ရွှီချင်းချင်း ဝတ်ဆင်ထားမည့် ပုံစံအား သူ့စိတ်အာရုံထဲတွင် ချက်ချင်းပင် ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာမိသည်။
"ဒါလေးတစ်စုံ ယူမယ်"
ထို့နောက် အမျိုးသားဝတ် ဆိုင်တန်းများဘက်သို့ ကူးသွားပြီး ခိုင်ခံ့အကြမ်းခံသော အလုပ်သမားဝတ်စုံ အချို့နှင့် ရေစိုခံ၊ ခြေချော်မခံသည့် စစ်သုံးတောင်တက်ဖိနပ် တစ်ရံကိုပါ ဝယ်ယူခဲ့သည်။
နောက်ဆုံးအနေဖြင့် ပြည်ပထုတ်ကုန်ပစ္စည်းများ ရောင်းချသည့် စူပါမားကတ်ကြီးဆီသို့ သူ ဝင်သွားခဲ့သည်။
ထိပ်တန်းအဆင့် ဝါဂူးအမဲသား၊ မှိုင်းတိုက်ထားသော ဆယ်လ်မွန်ငါး၊ ချောကလက် အမျိုးမျိုးနှင့် ဂျယ်လီများ...။ ချန်ရှင်းတစ်ယောက် ဈေးဝယ်လှည်းကို တွန်းရင်း ရုတ်တရက် သူဌေးဖြစ်လာသူတစ်ယောက်လို စင်ပေါ်ရှိ ပစ္စည်းများကို အညှာအတာ ကင်းမဲ့စွာဖြင့် တစ်ပွေ့တစ်ပိုက် သိမ်းကြုံးယူငင်ကာ လှည်းထဲသို့ ပစ်ထည့်နေတော့သည်။
အထုပ်ကြီး အထုပ်ငယ်များကို ဆွဲကာ ငှားရမ်းထားသော အခန်းဆီသို့ ပြန်ရောက်လာပြီးနောက် ချန်ရှင်းလည်း သိုဝှက်ဖုံးကွယ်ခြင်း လုပ်ငန်းစဉ်ကို စေ့စပ်သေချာစွာ စတင်လိုက်တော့သည်။
"ဗြိ... ဖောက်..."
ကုန်ပစ္စည်းများ အားလုံး၏ ခေတ်မီဆန်းသစ်သော ထုပ်ပိုးမှုများအားလုံးကို အညှာအတာ ကင်းမဲ့စွာဖြင့် ဆွဲဖြဲဖျက်ဆီးပစ်လိုက်သည်။
ပြည်ပမှ တင်သွင်းလာသော အလှကုန်ပစ္စည်းများကို ရှေးဟောင်းကြွေပုလင်းများထဲသို့ ဂရုတစိုက် လောင်းထည့်လိုက်၏။ အဝတ်အစားများကိုတော့ သတင်းစာအဟောင်းများဖြင့် ထုပ်ပိုးလိုက်ပြီး၊ စိတ်လှုပ်ရှားဖွယ်ရာ ပန်းနုရောင် ညအိပ်ဝတ်စုံလေးကိုတော့ သေသပ်စွာ ခေါက်လျက် အဝတ်စတစ်စဖြင့် ပတ်ကာ အောက်ဆုံးအထပ်တွင် ဖွက်ထားလိုက်သည်။
အမဲသားတုံးများကို အတုံးကြီးကြီးများ လှီးဖြတ်လိုက်ပြီး ဈေးဝယ်သမဝါယမအသင်းမှ ခုလေးတင် ဝယ်လာသည့်အလား ထင်မှတ်ရစေရန် ဆီစိမ်စက္ကူများဖြင့် အထပ်ထပ် ထုပ်ပိုးလိုက်သည်။
သရေစာမုန့်များကိုမူ အခွံများအားလုံး ခွာချလိုက်ပြီး အဝတ်အိတ်ကြီးတစ်ခုထဲတွင် ရောနှောထည့်လိုက်ရာ အရောင်အသွေးစုံလင်သော သကြားလုံးပုံကြီးနှင့် တူသွားတော့သည်။
အမှားအယွင်း တစ်စုံတစ်ရာမျှ မရှိစေရန် ခေတ်မီသည့် အငွေ့အသက် အရိပ်အယောင်မှန်သမျှကို အသေးစိတ်ကအစ သူ ဖျောက်ဖျက်ပစ်လိုက်လေသည်။
အားလုံး ပြီးစီးသွားပြီးနောက် ပစ္စည်းများအားလုံးကို သူ၏ သိုလှောင်ရုံ နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်ကာ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
*ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ်ကို ဖွင့်လိုက်ပါ*
အခန်း (၂၀) ရင်ခွင်ထဲက ချစ်ဇနီးလေး
ချင်ရွှေရွာကလေး...
တောင်ကြားတစ်နေရာတွင် ဖြူလွှလွှ အလင်းတံခါးပေါက်ကြီး ညင်သာစွာ ပွင့်လာပြီးနောက် အသံတိတ်ပင် ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ ချန်ရှင်းတစ်ယောက် ၁၉၇၀ ခုနှစ်များ၏ တိတ်ဆိတ်ငြိမ်သက်နေသော တောင်တန်းများဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မှောင်မိုက်နေသော လမ်းလေးအတိုင်း သူ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ အိမ်ရှေ့ရောက်မှ ခြံဝန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်၏။
ခြံဝင်းက သပ်ရပ်သန့်ရှင်းနေပြီး အိမ်ထဲတွင်မူ ရေနံဆီမီးခွက်လေးမှ ထွက်ပေါ်နေသော ဝါကြန့်ကြန့် မီးရောင်မှိန်မှိန်လေးကို မြင်နေရ၏။ ချန်ရှင်း၏ ရင်ထဲ ရုတ်တရက် နွေးထွေးသွားရသည်။
ချန်ရှင်း အိမ်ထဲသို့ ခြေဖွဖွ ဝင်လိုက်ပြီး ခေတ်သစ်ကမ္ဘာမှ သူ သယ်ဆောင်လာသော အိတ်များနှင့် အထုပ်အပိုးများကို အမျိုးအစားအလိုက် သေသေချာချာ ခွဲခြားကာ သိုလှောင်ရုံနှင့် လျှို့ဝှက်နေရာများတွင် သိမ်းဆည်းထားလိုက်သည်။
အားလုံး ပြီးစီးသွားပြီးနောက် ကုတင်နားသို့ ခြေဖျားထောက်ကာ သွားလိုက်၏။
ရွှီချင်းချင်းလေးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရှာသည်။ သူမ၏ မျက်လုံးပေါ်ကို ရှည်လျားသော မျက်တောင်ကော့ကော့လေးများက အရိပ်သဖွယ် ကျရောက်နေပြီး အသက်ရှူသံလေးများမှာလည်း ငြိမ့်ငြိမ့်ညောင်းညောင်းပင်။
ဘာတွေများ အိပ်မက်မက်နေသည်မသိ၊ သူမ၏ မျက်ခုံးလေးများက အနည်းငယ် တွန့်ချိုးနေကာ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်လေး ပေါ်လွင်နေသည်။
ချန်ရှင်း အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး စောင်ကို မ၍ ဝင်လှဲလိုက်တော့ စိမ့်ခနဲ တစ်ချက်ဖြစ်သွား၏။
ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သေးသွယ်သွယ် ကိုယ်လုံးလေးကို ရင်ခွင်ထဲသို့ ဂရုတစိုက် ဆွဲသွင်းလိုက်လေသည်။
ရင်ခွင်ထဲက လူသားလေးမှာ ရင်းနှီးနေကျ နွေးထွေးမှုနှင့် ရနံ့ကို ခံစားလိုက်ရပုံပင်။ အိပ်နေရင်းနှင့်ပင် သူ့အနီးသို့ ပို၍ တိုးဝှေ့လာခဲ့သည်။ တွန့်ချိုးနေသော သူမ၏ မျက်ခုံးတန်းလေးများလည်း တဖြည်းဖြည်း ပြေလျော့သွားကာ အေးအေးချမ်းချမ်း အိပ်ပျော်သွားလေသည်။
ချန်ရှင်းက ခေါင်းငုံ့၍ သူမ၏ နဖူးလေးကို ခပ်ဖွဖွ နမ်းရှိုက်လိုက်ပြီးနောက် ကျေနပ်စွာဖြင့် မျက်လုံးများ မှိတ်လိုက်လေတော့သည်။
...
နောက်တစ်နေ့မနက် ချန်ရှင်း အိပ်ရာမနိုးသေးခင်မှာပင် ခြံတံခါး ခေါက်သံ ထွက်ပေါ်လာခဲ့သည်။
"ချင်းချင်းရေ... ချင်းချင်း... ငါ လာတယ်ဟေ့"
ကျောက်ဖန်းအာပင် ဖြစ်သည်။ လူကိုယ်တိုင် မရောက်လာသေးခင်က အသံကျယ်ကြီးက အရင်ရောက်နှင့်နေပြီ ဖြစ်သည်။
ရွှီချင်းချင်း ပြုံးလိုက်ပြီး တံခါးသွားဖွင့်ပေးကာ သူမကို အိမ်ထဲသို့ ဆွဲခေါ်လာခဲ့သည်။
ကျောက်ဖန်းအာ ခုံပေါ် ထိုင်ထိုင်ချင်းမှာပင် သူမ မျက်နှာပေါ်က အပြုံးများ ပျောက်ကွယ်သွားပြီး အလွန်အမင်း လေးနက်တည်ကြည်သော မျက်နှာထား ဖြစ်သွားသည်။
"ချင်းချင်း... နင့်ကို ငါ ပြောစရာတစ်ခု ရှိတယ်၊ ဒါပေမဲ့ မကြောက်နဲ့နော်"
သူမက အသံကို နှိမ့်လိုက်ပြီး ရွှီချင်းချင်း၏ နားနားကပ်ကာ တီးတိုးပြောလိုက်၏။
"ဘေးရွာမှာ အဖြစ်ဆိုးကြီး ဖြစ်သွားတယ်ဟ၊ တောဝက်တွေ သောင်းကျန်းနေကြတာလေ။ ရွာနောက်ဘက်က ခြံမြေတွေ အကုန်လုံးကို ဖျက်ဆီးပစ်ရုံတင်မကဘူး၊ လူကိုတောင် ရန်ရှာလိုက်သေးတယ်။ ငါကြားတာတော့ဟယ် အူတွေတောင် အပြင်ထွက်လုမတတ်ပဲတဲ့... ကြောက်စရာကောင်းလိုက်တာ"
ထိုစကားကြောင့် ရွှီချင်းချင်း၏ မျက်နှာလေးမှာ ချက်ချင်း သွေးဆုတ်ဖြူရော်သွားတော့သည်။
သူမ လန့်သွားသည်ကို မြင်သောအခါ ကျောက်ဖန်းအာက ကပျာကယာ သူမလက်ကို ပုတ်ပေးရင်း ဆက်ပြော၏။
"မကြောက်ပါနဲ့ဟ၊ နင့်ကို သတိထားဖို့ လာပြောပြတာပါ။ အဲ့ဒီ တိရစ္ဆာန်ရိုင်းတွေ အားလုံး ငါတို့ ချင်ရွှေရွာနားက တောင်ပေါ်ကို ပြေးတက်သွားကြတာတဲ့။ မနေ့ညက ငါ အိမ်သာတက်တော့ တောင်ပေါ်ကနေ တောဝက်တွေ အော်နေတဲ့အသံကို ကြားလိုက်ရတယ်သိလား။ နင် တစ်ယောက်တည်း တောင်ပေါ်ကို လုံးဝ မတက်ရဘူးနော်... ကြားလား"
ထိုစကားကို ကြားလိုက်ရချိန် ရွှီချင်းချင်း၏ မျက်နှာလေး ဖြူစွတ်သွားတော့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ချန်ရှင်း တောင်ပေါ်ကို တက်သွားခဲ့သည်ကို တွေးမိပြီး သူမ ရင်ထဲ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူမ ကျောက်ဖန်းအာ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရာ လက်ဆစ်လေးများပင် ဖြူလာသည်အထိ ဖြစ်သွား၏။
ထိုစဉ် ချန်ရှင်း အိပ်ရာမှ နိုးပြီဖြစ်၍ အခန်းတွင်းမှ ထွက်လာခဲ့သည်။ သူ ချက်ချင်းပင် သွေးဆုတ်ဖြူရော်နေသော ရွှီချင်းချင်း၏ မျက်နှာလေးကို မြင်လိုက်ရပြီး မျက်မှောင်ကြုတ်သွားကာ
"ဘာဖြစ်လို့လဲ"
ရွှီချင်းချင်း သူမကို မြင်လိုက်သည်နှင့် အားကိုးရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ သူမ၏ ကြောက်ရွံ့မှုများက ချက်ချင်း ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူမ အတင်းပြေးသွားပြီး ချန်ရှင်း၏ လက်မောင်းကို ဆုပ်ကိုင်ကာ ကျောက်ဖန်းအာ ပြောပြသွားသည့် စကားများကို ငိုသံစွက်နေသော အသံတုန်တုန်လေးဖြင့် ကမန်းကတန်း ပြောပြတော့သည်။
"ကိစ္စမရှိပါဘူး...၊ ကိုယ် ရှိတယ်လေ"
ချန်ရှင်းက သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ကျောပြင်လေးကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
သူ့အသံက တည်ငြိမ်ပြီး အားပါရုံသာမက စိတ်သက်သာရာရစေသော စွမ်းအင်တစ်ရပ်လည်း ပါဝင်နေသယောင်ပင်။ ပြင်းထန်စွာ ခုန်ပေါက်နေသော ရွှီချင်းချင်း၏ နှလုံးသားလေးမှာ သူ့ရင်ခွင်ထဲတွင် တဖြည်းဖြည်း အေးချမ်းတည်ငြိမ်သွားတော့၏။
ချန်ရှင်းက သူမ၏ ပါးလေးကို အသည်းယားစွာ ဖွဖွလေး ဆွဲညှစ်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားသည်။
ခဏအကြာ သူ ပြန်ထွက်လာချိန်တွင် ဆီစိမ်စက္ကူများ၊ အဝတ်စများဖြင့် ဂရုတစိုက် ထုပ်ပိုးထားသော ပုလင်းများနှင့် ဘူးငယ်လေး အများအပြားကို ကိုင်ဆောင်လာခဲ့သည်။
ထိုအရာများကို စားပွဲပေါ်တွင် တစ်ခုချင်းစီ ချထားလိုက်၏။
ထိုရိုးရှင်းပြီး သေသပ်လှပသော ကြွေပုလင်းလေးများကို ဖွင့်လိုက်သောအခါ ဆန်းပြားပြီး သင်းပျံ့လှသော၊ လတ်ဆတ်ပြီး သိမ်မွေ့နူးညံ့သော မွှေးရနံ့တစ်ခုက အခန်းကျဉ်းလေးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
နှင်းပွင့်ကဲ့သို့ ဖြူစွတ်နေသော ခရင်မ်လေးများက အဆီနှစ်လို နူးညံ့ချောမွေ့နေပြီး ဖြူစင်ကြည်လင်နေသည်။
ရွှီချင်းချင်းရော ကျောက်ဖန်းအာပါ အံ့သြမှင်တက်သွားကြသည်။
စားပွဲပေါ်ရှိ ပစ္စည်းများကို သူတို့ စိုက်ကြည့်နေပုံက အသက်ရှူဖို့တောင် မေ့နေသည့်အလားပင်။
*ဒါ... ဒါတွေက ဘာတွေလဲ။ မျက်နှာလိမ်းခရင်မ်လား။ ဒါပေမဲ့ ခရိုင်အဆင့် ကုန်စုံဆိုင်တွေမှာ ရောင်းတဲ့ မျက်နှာလိမ်းခရင်မ်တွေဆိုတာ ဒါတွေနဲ့ယှဉ်လိုက်ရင် ဝက်ဆီခဲတွေကျနေတာပဲလေ။*
ထို မွှေးရနံ့နှင့် အထိအတွေ့မျိုး ဆိုသည်မှာ သူတို့ အိပ်မက်ထဲမှာပင် ထည့်မမက်ရဲသော၊ စိတ်ကူးနှင့်ပင် မှန်းဆလို့မရနိုင်သော အရာများ ဖြစ်နေသည်။
"မြို့ပေါ်က ကုန်တိုက်ကနေ ဝယ်လာတာ။ မင်း သုံးဖို့အတွက်ပေါ့"
ချန်ရှင်းက ပုလင်းများနှင့် ဘူးငယ်လေး အပုံလိုက်ကို ရွှီချင်းချင်း၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ သူ့လေသံက ဒီနေ့ ရာသီဥတု သာယာတယ်ဟု ပြောနေသည့်အလား ပေါ့ပေါ့ပါးပါးနှင့် တည်ငြိမ်နေသော်လည်း မည်သူမှ ငြင်းဆန်မရနိုင်သည့် ဩဇာတိက္ကမ တစ်ခုလည်း လွှမ်းမိုးနေဆဲပင်။
"အခုကစပြီး နေ့တိုင်း သုံးနော်၊ ကုန်သွားရင် ကိုယ် ထပ်ဝယ်ပေးမယ်"
ရွှီချင်းချင်း သူမရင်ခွင်ထဲမှ ထိုအဖိုးတန်ရတနာ အပုံလိုက်ကို ပွေ့ပိုက်ထားရင်း ယစ်မူးဖွယ်ရာ မွှေးရနံ့များကြောင့် အိပ်မက်မက်နေသလိုပင် ခံစားနေရသည်။
ထိုပစ္စည်းများကို ငုံ့ကြည့်လိုက်၊ သူမရှေ့မှ ယောကျ်ားဖြစ်သူကို မော့ကြည့်လိုက်နှင့် ရုတ်တရက်ဆိုသလို မျက်ဝန်းလေးများ ရဲတက်လာတော့သည်။
စကားတစ်ခွန်းမှ ထွက်မလာနိုင်တော့ဘဲ ကြိုးပြတ်သွားသော ပုလဲကုံးလေးများအလား မျက်ရည်ပေါက်ကြီးများက သူမ ပါးပြင်ထက်သို့ တလိမ့်လိမ့် စီးကျလာလေတော့သည်။
ဘေးတွင် ရပ်နေသော ကျောက်ဖန်းအာမှာလည်း အလွန်အမင်း အံ့ဩလွန်း၍ မျက်လုံးများပင် ပြူးကျယ်လာခဲ့သည်။
သူမက ထိုပစ္စည်းများကို စိုက်ကြည့်လိုက်၊ ဂေါ်ဖီထုပ် တစ်ပိဿာလောက် ဝယ်လာသည့်အလား မထုံတတ်သေး မျက်နှာပေးနှင့် ရပ်နေသော ချန်ရှင်းကို ကြည့်လိုက်နှင့်၊ သူမ မြင်နေရသည့် ကမ္ဘာကြီးတစ်ခုလုံး သံတူကြီးနှင့် ထပ်ခါတလဲလဲ အထုခံလိုက်ရပြီး တစ်လက်မချင်းစီ အပိုင်းပိုင်းအစစ ရိုက်ချိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
*ဒီယောကျ်ား...၊ သူက လူမိုက်တွေကို ရိုက်နိုင်ရုံတင်မကဘူး၊ ချင်းချင်းလေးကိုလည်း သူမ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးတဲ့ ဘဝမျိုး ဖန်တီးပေးနိုင်သေးတာလား။*
ချန်ရှင်းအပေါ် ထားရှိသော သူမ၏ အကြည့်များက လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အစပိုင်းက အထင်အမြင်သေးမှုမှသည်၊ သဘောထား အမြင်ပြောင်းလဲသွားမှု၊ ထိုမှတစ်ဆင့် အံ့ဩမှင်တက်ရမှုဆီသို့…။
ဤအခိုက်အတန့်မှာတော့ တောက်ပနေသော သူမ၏ မျက်ဝန်းများထဲ၌ သူမကိုယ်တိုင်ပင် သတိမထားမိလိုက်သော ရှုပ်ထွေးဆန်းကြယ်မှုများ စွန်းထင်းနေလေတော့သည်။
...
ထိုညနေခင်းတွင် ချန်ရှင်းသည် ရေနွေးအိုးကြီးတစ်အိုးကို ဆူပွက်နေအောင် တည်ပြီးနောက် သစ်သားစည်ပိုင်းတစ်ခုထဲသို့ လောင်းထည့်ပေးနေသည်။
ထို့နောက် မျက်နှာလေး ရဲသွေးဖြန်းနေဆဲဖြစ်သော ရွှီချင်းချင်းကို အဝတ်အိတ်တစ်အိတ် ကမ်းပေးလိုက်ရင်း
"သွား... ရေချိုးလိုက်ဦး၊ ချိုးပြီးရင် ဒါလေး ဝတ်ထားနော်"
ရွှီချင်းချင်းမှာ အင်း ဟူ၍သာ ခပ်တိုးတိုး အသံပြုလိုက်ပြီး ထိုအဝတ်အိတ်လေးကို ပိုက်လျက် ကုလားကာဖြင့် ကာရံထားသော ရေချိုးခန်းသို့ ဝင်သွားတော့သည်။
ရေလောင်းချသံများက တဝေါဝေါ ထွက်ပေါ်လာ၏။
ရေချိုးပြီးသွားသောအခါ သူမ၏ ကိုယ်လုံးလေးကို ရေသုတ်လိုက်ပြီး ချန်ရှင်း ပေးထားသော အဝတ်အိတ်လေးကို ဖွင့်ကြည့်လိုက်သည်။
အိတ်ထဲမှာတော့ ပိုးသားလို နူးညံ့ချောမွေ့နေသည့် ပန်းနုရောင် ညအိပ်ဝတ်စုံလေးတစ်ခုက ငြိမ်သက်စွာ နေရာယူထားလေသည်။
ရွှီချင်းချင်း၏ ပါးပြင်အစုံမှာ ပူထူသွားပြီး ရင်အစုံကလည်း တဒိန်းဒိန်းနှင့် အဆက်မပြတ် ခုန်လှုပ်လာတော့သည်။
*ဒါကို... ဒါကြီးကို ဝတ်ပြီး အပြင်ကို ဘယ်လိုလုပ် ထွက်ရပါ့မလဲ*
အဝတ်အသားက ပုစဉ်းတောင်ပံလို ပါးလွှာလွန်းပြီး လည်ပင်းကြိုးသိုင်းဒီဇိုင်းနှင့် ဂါဝန်ကလည်း တိုလွန်းလှလေရာ... ဆက်၍ပင် မတွေးဝံ့တော့ချေ။
သူမမှာ ဘာလုပ်ရမှန်းမသိ ကူကယ်ရာမဲ့စွာဖြင့် အချိန်အတော်ကြာ တုံ့ဆိုင်းနေမိသည်။
သို့သော်လည်း ဘေးနားရှိ မှန်ဟောင်းလေးထဲတွင် ပန်းသွေးရောင်သန်းနေသော မိမိ၏ ပါးပြင်များနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ ကင်းစင်ကာ မျက်ရည်ကြည်များ ခိုတွဲနေသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ... သူမအတွက် ချန်ရှင်း လုပ်ပေးခဲ့သမျှ အရာအားလုံးက ခေါင်းထဲသို့ အစီအရီ ဝင်ရောက်လာတော့သည်။
အနိုင်ကျင့် ဗိုလ်ကျတတ်သူများကို မောင်းထုတ်ပေးစဉ်က ခန့်ညားထည်ဝါလွန်းလှသော ချန်ရှင်း၏ ပုံရိပ်၊ အဝတ်အစားသစ်များ ဝယ်ပေးစဉ်က အာဏာရှင်ဆန်သော်လည်း နူးညံ့ကြင်နာမှုအပြည့် ပါဝင်နေသည့် သူ့အမူအရာများ၊ ဒါ့အပြင် သူမ အိပ်မက်ပင် မမက်ဝံ့ခဲ့ဖူးသော မွှေးပျံ့သည့် အလှကုန်ပစ္စည်းများနှင့် တန်ဖိုးကြီး လက်ဆောင်ပစ္စည်းများ။
နောက်ဆုံးမှာတော့ တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်သည့်အလား သူမ၏ အောက်နှုတ်ခမ်းဖူးဖူးလေးကို တင်းတင်းကိုက်လိုက်ရင်း တုန်ယင်နေသော လက်လေးများဖြင့် ညအိပ်ဝတ်စုံလေးကို ကောက်စွပ်လိုက်တော့သည်။
သူမ ကုလားကာကို မတင်ပြီး ရေချိုးခန်းထဲမှ အပြင်သို့ ထွက်လာသောအခါ...
ဆီမီးခွက်မှ အလင်းရောင်မှိန်မှီန်အောက်တွင် မျက်နှာသုတ်ပုဝါဖြင့် ဆံပင်သုတ်နေသည့် ချန်ရှင်းက ရုတ်တရက် ငေးမောမှင်တက်သွား၏။
သူ့ရှေ့မှာမြင်ရသည့် မြင်ကွင်းကြောင့် တစ်ကိုယ်လုံး အပူချိန် ဆောင့်တက်သွားလေပြီ။
သူ မြင်နေရသော မိန်းကလေး၏ အသားအရေသည် မီးရောင်အောက်တွင် ဖြူစင်ဝင်းပနေပြီး သူမဝတ်ထားသော ပန်းရောင်ဖျော့ဖျော့ ညအိပ်ဝတ်စုံကလည်း သူမ၏ ဆွဲဆောင်မှုရှိလှသော ခန္ဓာကောက်ကြောင်းနှင့် တစ်သားတည်းကျ လှပနေသည်။
သူမ၏ ရှည်လျားဖြောင့်စင်းသော ပေါင်တံလေးများက ဝင်းခနဲ ဝင်းခနဲ အထင်းသားပင်။
သူမ၏ မျက်နှာက အလွန်အမင်း ရှက်ရွံ့မှုကြောင့် နီရဲနေပြီး လက်နှစ်ဖက်ဖြင့် အင်္ကျီအနားစကို ဆုပ်ကိုင်ထားကာ သူ့ကို မကြည့်ရဲတော့ပေ။ သူမ၏ မျက်တောင်ရှည်များကလည်း လိပ်ပြာအတောင်များကဲ့သို့ တဖျပ်ဖျပ် ခတ်နေလေပြီ။
သို့သော် ထိုရှက်ရွံ့နေသောမျက်လုံးများထဲတွင် သတ္တိရှိမှုနှင့် မျှော်လင့်ချက်လေး ပါဝင်နေပုံပင်။
ချန်ရှင်း တံတွေးမျိုချလိုက်မိ၏။
သူ့လက်ထဲက မျက်နှာသုတ်ပုဝါကို ပစ်ချလိုက်သည်။ ပုံမှန်အေးဆေးတည်ငြိမ်နေတတ်သော သူ့မျက်လုံးများက ယခုအခါ မီးလျှံကဲ့သို့ ဟုန်းဟုန်းတောက်လျက် သူမဆီသို့ တစ်လှမ်းချင်း လျှောက်လာနေလေပြီ။