← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း ၂၃ - ရတနာသေတ္တာတစ်လုံး

ခဏအကြာတွင် ကျိုးယုံနှင့် သူ့ဇနီးက လူတစ်ရပ်နီးပါးမြင့်သော နံ့သာပေါင်း သေတ္တာကြီးတစ်လုံးကို အိမ်ထဲမှ မနိုင်မနင်း သယ်ဆောင်လာကြသည်။ ထိုသေတ္တာကြီးမှာ အတော်ပင် ဟောင်းနွမ်းနေပြီ ဖြစ်၏။ အနားစွန်းများမှာ ပွန်းပဲ့နေပြီး အပေါ်ယံတွင်လည်း ဖုန်မှုန့်အထပ်ထပ်နှင့် ပင့်ကူအိမ်များ ရစ်ပတ်နေလေသည်။

"ဒါ ရှိသမျှ အကုန်ပါပဲဗျာ"

ကျိုးယုံက အမောတကော ပြောဆိုရင်း နဖူးပေါ်မှ ချွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်စိတ်တို့ ဒွန်တွဲနေ၏။

"ဒါတွေက ဘိုးဘွားတွေ လက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ပစ္စည်းဟောင်းတွေပါ။ ညီလေး စိတ်တိုင်းကျပါ့မလားတော့ မသိဘူးရယ်"

သူက ပြောရင်းဆိုရင်းပင် လေးလံလှသော သေတ္တာအဖုံးကြီးကို မလိုက်သည်။ ကျွီခနဲ အသံနှင့်အတူ သေတ္တာပွင့်သွားသောအခါ သစ်သားနံ့နှင့် ဖုန်နံ့ ရောယှက်နေသည့် မှိုနံ့တစ်ခု ပျံ့လွင့်လာတော့သည်။

သေတ္တာအတွင်းမှ ပစ္စည်းများကို ဝါကျင့်ကျင့် ချည်သားအဝတ်ဟောင်း တစ်စုံဖြင့် ဖုံးအုပ်ထားသည်။ ကျိုးယုံက ထိုအဝတ်စကို ဖယ်ရှားလိုက်သည့် ခဏမှာပင် ချန်ရှင်းတစ်ယောက် အသက်ရှူပင် မှားသွားရ၏။ သေတ္တာထဲမှ ပစ္စည်းများကို မြင်မြင်ချင်းမှာပဲ သူ့ မျက်ဆံများ ကျုံ့ဝင်သွားတော့၏။

သေတ္တာ၏ အပေါ်ဆုံးတွင် အပြာနှင့်အဖြူရောင်စပ် ကြွေထည်ပစ္စည်းတစ်စုံ ရှိနေသည်။ ပန်းကန်လုံးများ၊ ပန်းကန်ပြားများနှင့် ဇွန်းများအပါအဝင် ပစ္စည်းပေါင်း တစ်ဆယ်ကျော်ခန့်ကို သပ်သပ်ရပ်ရပ် စီရီထားသည်။ ဖုန်မှုန့်များ အုပ်နေသော်လည်း ကြွေသား၏ နူးညံ့ချောမွတ်မှုနှင့် ဖြူပြာရောင်စပ် ပန်းချီကားချပ်များ၏ အဆင့်အတန်းမြင့်မားမှုကိုတော့ မဖုံးကွယ်နိုင်ပေ။

ကြွေထည်များ၏ ဘေးတွင်မူ အဝတ်စုတ်တစ်ခုနှင့် ထုပ်ထားသော အရွယ်စုံ ကျောက်တုံးအချို့ ရှိနေသည်။ ပြတင်းပေါက်မှ ဝင်လာသော အလင်းရောင်မှိန်မှိန်အောက်မှာပင် ထိုကျောက်တုံးများအနက် တစ်ခုမှာ ဆီလိမ်းထားသကဲ့သို့ တလက်လက်နှင့် ဝင်းပနေ၏။

*ဒါ... ကျောက်စိမ်းတွေပဲ*

သေတ္တာ၏ အောက်ခြေတွင်မူ ပန်းချီကားလိပ်အချို့ ရှိနေသည်။ ပန်းချီကားလိပ်များ၏ အနားသတ် သစ်သားစွန်းများမှာ ကြာမြင့်လှပြီဖြစ်၍ အတော်လေး အိုဟောင်းနေလေပြီ။

ချန်ရှင်း၏ ရင်ထဲ ပျော်ရွှင်မှု လှိုင်းလုံးကြီးများ ရိုက်ခတ်လာသလို ခံစားလိုက်ရသည်။ သူ့နှလုံးသားမှာ ရင်ဘတ်ထဲမှ ထွက်ကျလာမတတ် ပြင်းထန်စွာ ခုန်ပေါက်နေ၏။

*ငါတော့ ပွပြီ...။ ဒီတစ်ခါတော့ တကယ့်ကို ပွပြီဟေ့*

ဤဖြူပြာရောင် ကြွေထည်ပစ္စည်းများမှာ အပြစ်အနာအဆာ လုံးဝ မရှိဘဲ ခြွင်းချက်မရှိ ပြည့်စုံလွန်းလှသည်။ ပန်းချီလက်ရာနှင့် အောက်ခြေမှ တံဆိပ်ကို ကြည့်ရုံနှင့်ပင် ချင်းမင်းဆက် အလယ်ပိုင်းကာလက နန်းသုံးကြွေထည်များမှန်း သိသာလှသည်။

ကျောက်စိမ်းများမှာလည်း အရည်အသွေး အမျိုးမျိုး ရှိကြပြီး ၎င်းတို့အနက် တစ်ခုမှာမူ အဆင့်မြင့် ဟော်ထျန် ကျောက်စိမ်းစစ်စစ် ဖြစ်နေသည်။

(TN-တရုတ်ပြည်ထွက် တန်ဖိုးကြီး ကျောက်စိမ်းတစ်မျိုး၊ ကျင့်ကြံသူတွေအတွက် ချီစွမ်းအင် သိုလှောင်ရာ ကျောက်စိမ်းလို့လည်း သုံးကြပါတယ်။)

ပန်းချီကားများကို ကြည့်ပါဦး...။ အသုံးပြုထားသော သက်တမ်းရင့် ဆေးသားများအရ ဤသည်က သာမန်လက်ရာ မဟုတ်ဘဲ အတော်လေး ရှေးကျသည့် လက်ရာများ ဖြစ်ကြောင်း ပြနေပေသည်။

ဤကဲ့သို့ ပစ္စည်းကောင်းပါဝင်နေသည့် သေတ္တာတစ်လုံး၏ တန်ဖိုးမှာ သူ အရင်က အရောင်းအဝယ်လုပ်ခဲ့သမျှ ပစ္စည်းအားလုံး ပေါင်းထားသည်ထက်ပင် အဆပေါင်းများစွာ ပို၍ တန်ဖိုးရှိနေလေတော့သည်။

အားရဝမ်းသာမှုများက သူ့တစ်ကိုယ်လုံးရှိ သွေးကြောများတစ်လျှောက် လျှပ်စစ်စီးသလို တရှိန်းရှိန်း စီးဆင်းသွားတော့သည်။ သို့သော်လည်း သူ့မျက်နှာကတော့ လုံးဝ တည်ငြိမ်အေးဆေးနေဆဲပင်။

သူက ကိုယ်ကိုပင် မကိုင်းဘဲ ဝတ်ကျေတမ်းကျေ တစ်ချက်ကြည့်လိုက်ပြီးမှ သာမန်ကာလျှံကာ မှတ်ချက်ပြုလိုက်၏။

"အင်း... ပစ္စည်းတွေက ဟောင်းသားပဲ၊ ကြည့်လို့တော့ ရပါတယ်"

ကျိုးယုံနှင့် သူ့ဇနီးမှာ ချန်ရှင်း၏ မျက်နှာအမူအရာကိုသာ အသည်းတယားယားဖြင့် ကြည့်နေကြသည်။ သူ၏ တည်ငြိမ်နေသော အမူအရာကို မြင်လိုက်ရသောအခါ သူတို့ရင်ထဲမှာ ဗုန်းဗုန်းလဲသွားသလို ခံစားလိုက်ရပြီး မျှော်လင့်ချက်များက စိတ်ပျက်မှုအဖြစ် ပြောင်းလဲသွားတော့သည်။

"ကြည့်လို့... ကြည့်လို့ ရတယ်ဆိုတာက ဘယ်လိုမျိုးလဲဟင်"

ကျိုးယုံ၏ ဇနီးက မကျေမနပ်ဖြစ်နေသော်လည်း အားလျော့နေသော အသံဖြင့် တိုးတိုးလေး မေးလိုက်သည်။

"နောက်ထပ်ရော ဘာရှိဦးမှာလဲ"

ချန်ရှင်းက မျက်ခုံးပင့်လျက် သူမကို တစ်ချက်ကြည့်ကာ

"ကွဲအက်နေတဲ့ ပန်းကန်စုတ်တွေနဲ့ အသုံးမကျတဲ့ ကျောက်တုံးတွေပဲလေ၊ စားလို့ရတာမှ မဟုတ်တာ။ ကျွန်တော်က ဒီလို ပစ္စည်းဟောင်းတွေကို သဘောကျလို့သာ ဝယ်ချင်နေတာပါ"

သူက ခဏမျှ ရပ်တန့်လိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလိုက်၏။

"ဒီပစ္စည်းအားလုံးအတွက် ဂျုံမှုန့် ၂၀ ဂျင် (၁၂ ပိဿာကျော်) ပေးမယ်။ အစ်ကိုတို့ဘက်က အဆင်ပြေတယ်ဆိုရင် ကျွန်တော် ဝယ်သွားမယ်၊ အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော် လာခဲ့တယ်လို့ပဲ သဘောထားလိုက်ပါ"

"၂၀…. ၂၀ ဂျင်တောင်လား"

ကျိုးယုံတို့ ဇနီးမောင်နှံ မျက်လုံးများ ပြူးထွက်သွားပြီး တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။ သူတို့ အမူအရာမှာ မယုံနိုင်စရာ တစ်ခုခုကို ကြားလိုက်ရသည့်အလားပင်။

ဤကဲ့သို့ ခေတ်ကြီး၌ ဂျုံဖြူမှုန့် ၂၀ ဂျင် ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ဒါဟာ မိသားစုတစ်စုလုံးအတွက် တစ်လစာ အလျှံပယ် စားနိုင်သည့် ပမာဏဖြစ်ပြီး ပွဲတော်ရက်များတွင်ပင် မြင်ရခဲသည့် တန်ဖိုးကြီးပစ္စည်း ဖြစ်သည်။ သူတို့ အမှိုက်လို သဘောထားနေသည့် ဤပစ္စည်းဟောင်းများဖြင့် ထိုမျှများပြားသော ဂျုံမှုန့်ကို လဲလှယ်ရမည်တဲ့လား။

"ညီလေးချန်...၊ အစ်ကို နားကြားမှားတာ မဟုတ်ဘူးမလား။ ဂျုံမှုန့်... ၂၀ ဂျင်တောင်လား"

ကျိုးယုံမှာ အသံများ တုန်ရီနေပြီး သူ နားကြားမည်ကို ကြောက်နေပုံရ၏။

ချန်ရှင်းက အနည်းငယ် စိတ်မရှည်သလိုဟန်ဖြင့်

"ဟုတ်တယ်၊ ၂၀ ဂျင်ပဲ။ ယူရင်ယူ၊ မယူရင် နေဗျာ"

အတည်ပြုချက် ရသွားပြီးနောက် လင်မယားနှစ်ယောက်ခမျာ မိုးကြိုးပစ်ခံလိုက်ရသလို မှင်တက်သွားပြီး နောက်တစ်စက္ကန့်မှာတော့ အတိုင်းမသိ ဝမ်းသာအားရ ဖြစ်ကုန်ကြတော့သည်။

"လဲမယ်… လဲမယ်… အစ်ကိုတို့ လဲပါ့မယ်"

ကျိုးယုံဇနီးမှာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာတပြင်လုံး ရဲတက်နေ၏။ သူမက ချန်ရှင်း၏ လက်မောင်းကို ဆွဲကိုင်ကာ

"ကျေးဇူးတင်ပါတယ် မောင်လေးချန်ရယ်...၊ မောင်လေးက အစ်မတို့ မိသားစုရဲ့ တကယ့်ကျေးဇူးရှင်ကြီးပါပဲ"

ကျိုးယုံမှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် လက်ဝါးနှစ်ဖက်ကို အဆက်မပြတ် ပွတ်သပ်ရင်း မျက်ရည်များပင် ဝဲနေရှာသည်။ သူက ချန်ရှင်းကို ထပ်ခါတလဲလဲ ဦးညွှတ်ကာ ကျေးဇူးတင်နေလေသည်။

ချန်ရှင်းက လက်ကာပြလိုက်ပြီး ထိုမျှအထိ စိတ်လှုပ်ရှားနေစရာမလိုကြောင်း အချက်ပြလိုက်၏။

သူ ယူဆောင်လာသော အဝတ်အိတ်ကြီးထဲမှ ဂျုံမှုန့် ၂၀ ဂျင်ကို တစ်ကျပ်သားမျှပင် အပိုအလို မရှိစေဘဲ အတိအကျ ချိန်တွယ်၍ ပေးအပ်လိုက်သည်။ ထိုလေးလံသော ဂျုံအိတ်ကြီးကို ကိုင်ထားရင်း လင်မယားနှစ်ယောက်မှာ အိပ်မက်မက်နေသလို ခံစားနေရ၏။ သူတို့က ချန်ရှင်းကို အလွန်အမင်း ကျေးဇူးတင်နေကြပြီး ထိုနေရာမှာတင် ဝပ်တွားကန်တော့မတတ် ဖြစ်နေကြသည်။

ချန်ရှင်း ထိုနေရာတွင် ကြာကြာမနေတော့ပေ။ သူက သေတ္တာအဖုံးကို ပိတ်ပြီး လေးလံလှသော သစ်သားသေတ္တာကြီးကို အသာအယာ မချီ၍ ထွက်လာခဲ့တော့သည်။

ကျိုးအိမ်မှ ထွက်လာပြီး လူသူကင်းမဲ့သော လမ်းကြားလေးထဲအရောက်မှာတော့ သေတ္တာကြီးက လေထဲမှာပင် ပျောက်ကွယ်သွားပြီး သူ၏ ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ် သိုလှောင်ရုံထဲသို့ ရောက်ရှိသွားလေတော့သည်။

*ရှယ်ပဲ... တကယ့်ကို ရှယ်ပဲ*

ချန်ရှင်း အသက်ဝဝရှူလိုက်ပြီး ရင်ထဲမှာ ခုန်ပေါက်နေသည့် ဝမ်းသာပီတိများကို ထိန်းချုပ်ကာ ခရိုင်ရိက္ခာဌာနဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

သူက ဌာနအတွင်း ချက်ချင်းဝင်မသွားဘဲ ရိက္ခာဌာန၏ တစ်ဖက်ခြမ်းရှိ နိုင်ငံတော်ပိုင် စားသောက်ဆိုင်လေးတွင် ဝင်ထိုင်လိုက်၏။ ခေါက်ဆွဲတစ်ပွဲ မှာယူလိုက်ပြီးနောက် ခေါက်ဆွဲကို အေးအေးလူလူ စားရင်း လမ်းတစ်ဖက်ခြမ်းမှ လှုပ်ရှားမှုများကို အကဲခတ်နေလေသည်။

သူ ခေါက်ဆွဲကို နှစ်လုပ်၊ သုံးလုပ်မျှသာ စားရသေးချိန်မှာပင် ရိက္ခာဌာန အဝင်ဝဆီမှ နားစည်ကွဲမတတ် ပြင်းထန်လှသော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

"ကျန်းပြောင်…၊ ခွေးကောင်...၊ အခုချက်ချင်း ထွက်ခဲ့စမ်း"

ချန်ရှင်း ခေါင်းမော့ကြည့်လိုက်ရာ ဝက်ဝံကြီးတစ်ကောင်လို ထွားကြိုင်းလှသော လူတစ်ယောက်က ဝန်ထမ်းတစ်ဦး၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ကြက်ပေါက်လေးတစ်ကောင်ကို မချီထားသကဲ့သို့ မြှောက်ထားသည်ကို မြင်လိုက်ရသည်။ ထိုလူကြီးမှာ ဒေါသအလိပ်လိုက် ထွက်နေပြီး ဝန်ထမ်း၏ မျက်နှာကို တံတွေးများ ထွေးကာ အော်ဟစ်ဆဲဆိုနေလေသည်။

တခဏချင်းမှာပင် စပ်စုလိုသော လူအုပ်ကြီး စုရုံးရောက်ရှိလာပြီး ထွားကြိုင်းလှသော လူကြီးကို ကြည့်ရင်း တီးတိုးဝေဖန်ပြောဆိုနေကြတော့သည်။

"အို... ဒုက္ခပါပဲ၊ ခွေးရူး မုန့်ကန်း ထပ်ရောက်လာပြန်ပြီ"

"ဟုတ်ပါ့အေ...၊ ဒါနဲ့ဆို သူတို့ လာနှောင့်ယှက်နေတာ တစ်ပတ်တောင် ရှိပြီ။ နေ့တိုင်း ရုံးတက်သလိုကို လာနေတာပဲ"

ချန်ရှင်း၏ နားများ အနည်းငယ် လှုပ်ခတ်သွားပြီး ဘေးပတ်ဝန်းကျင်မှ ပြောဆိုသံများကို အတိုင်းသား ကြားလိုက်ရသည်။

ထိုလူကြီး၏ အမည်မှာ မုန့်ကန်း ဖြစ်ပြီး ခရိုင်သယ်ယူပို့ဆောင်ရေးအဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင် ဖြစ်သည်။ သူ့ကို ခွေးရူးဟု အမည်ပြောင် ပေးထားကြပြီး ခရိုင်ထဲတွင် အတော်လေး နာမည်ကြီးသည့် ကြမ်းပိုးတစ်ယောက်ပင်။

သူ လိုက်ရှာနေသည့် ကျန်းပြောင်မှာ လွန်ခဲ့သော ရက်အနည်းငယ်က ရိက္ခာဌာနအရာရှိဆိုသည့် ဂုဏ်ပုဒ်ကို အားကိုးပြီး အရက်ကလေး နည်းနည်းဝင်သွားချိန်၌ မုန့်ကန်း၏ ဇနီးကို စော်ကားမော်ကားပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့သော လုပ်ရပ်၏ ရလဒ်က ဘာဖြစ်လာမည်ဆိုသည်မှာတော့ တွေးကြည့်ရုံနှင့်ပင် သိသာလှပေသည်။

မုန့်ကန်းသည် ထိုနေရာမှာတင် ကျန်းပြောင်၏ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးပစ်ရန် ကြံစည်ခဲ့ခြင်းကြောင့် ခရိုင်တစ်ခုလုံး ဟိုးဟိုးကျော်သွားခဲ့ရသည်။ ကျန်းပြောင်၏ မဖွယ်မရာ အရှုပ်တော်ပုံများအားလုံး ပေါ်ကုန်သောအခါ ဌာနမှူးဖြစ်သူလည်း ဒေါသအလိပ်လိုက်ထွက်ပြီး သူ့ကို အလုပ်မှ ချက်ချင်း အပြီးတိုင် ထုတ်ပစ်လိုက်တော့သည်။

သို့သော် မုန့်ကန်းကတော့ အငြိုးမပြေသေးချေ။ ပုန်းရှောင်နေသည့် ကျန်းပြောင်ကို ရှာမတွေ့သဖြင့် ရိက္ခာဌာန အဝင်ဝတွင် နေ့တိုင်းလာစောင့်ပြီး ကျန်နေသည့် ခြေထောက်တစ်ဖက်ကိုပါ ထပ်မံရိုက်ချိုးပစ်ရန် ခိုင်ခိုင်မာမာ ကြုံးဝါးနေလေသည်။

ယခုတော့ အမှန်တရားက ပေါ်လွင်သွားလေပြီ။

ချန်ရှင်း၏ မျက်ဝန်းအိမ်ထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

*အလုပ်ပြုတ်သွားတဲ့ ခွေးလေခွေးလွင့်တစ်ကောင် ဖြစ်နေတာကိုး၊ ဒါကြောင့်လည်း ရွာကို ပြန်ပြေးပြီး ဟိတ်ဟန်ထုတ်နေတာပေါ့...*

သူက ပန်းကန်ထဲမှ နောက်ဆုံးကျန်နေသည့် ခေါက်ဆွဲဖတ်ကို အေးအေးဆေးဆေး ဝါးစားလိုက်ပြီးမှ တူကို ချလိုက်သည်။ ထို့နောက် ပါးစပ်သုတ်ကာ ဖြည်းညင်းစွာ ထရပ်လိုက်တော့သည်။

မုန့်ကန်းကတော့ ထိုနေရာတွင် ဟိန်းဟောက်နေဆဲဖြစ်ပြီး သူ၏ ဖမ်းဆွဲခြင်းကို ခံထားရသည့် ဝန်ထမ်းမှာမူ ကြောက်လန့်တကြားဖြင့် မျက်နှာတစ်ခုလုံး ပြာနှမ်းကာ အသက်ချမ်းသာပေးရန် တတွတ်တွတ် တောင်းပန်နေရရှာသည်။

ချန်ရှင်းက လူအုပ်ကြားထဲမှ တိုးထွက်လာပြီး မုန့်ကန်း၏ နောက်ကျောဘက်သို့ လျှောက်သွားလိုက်၏။ ထို့နောက် သာမန်လူထက် နှစ်ဆခန့် ကျယ်ပြောလှသည့် မုန့်ကန်း၏ ပခုံးပြင်ကြီးကို ခပ်ဖွဖွလေး ပုတ်လိုက်သည်။

မုန့်ကန်းက အမြီးနင်းခံလိုက်ရသည့် ကျားတစ်ကောင်ကဲ့သို့ ရုတ်တရက် လှည့်ကြည့်လာ၏။ နီမြန်းပြီး သွေးဆာနေသည့် သူ့မျက်လုံးအစုံက ချန်ရှင်းကို စိုက်ကြည့်နေသည်မှာ အချိန်မရွေး ဆွဲဖြဲစားပစ်တော့မည့်အတိုင်းပင်။

သို့သော် ချန်ရှင်းကမူ နည်းနည်းလေးတောင် မတုန်လှုပ်ဘဲ ထိုသတ်ဖြတ်လိုသော အကြည့်တို့ကို တည်တည်ငြိမ်ငြိမ် တုံ့ပြန်ရင်း စကားဆိုလိုက်သည်။

"အစ်ကို...၊ ကျန်းပြောင်ကို ရှာနေတာလား"

အခန်း ၂၄ - ယုတ်မာသော အကြံအစည်

မုန့်ကန်းက သွေးဆာနေသော မျက်လုံးနီကြီးများဖြင့် ချန်ရှင်းကို စိုက်ကြည့်နေ၏။

"မင်းက ဘယ်ကကောင်လဲ"

သူကအက်ရှရှအသံဖြင့် သံသဝင်စွာ မေးလိုက်သည်။

ချန်ရှင်းက ထိုသတ်ဖြတ်လိုသော အကြည့်တို့ကို အမူအရာမပျက် တည်ငြိမ်စွာ ပြန်လည်ရင်ဆိုင်လိုက်သည်။

"ကျွန်တော် ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး၊ ကျန်းပြောင် ဘယ်မှာလဲဆိုတာ ကျွန်တော် သိနေတာက အရေးကြီးတယ် မဟုတ်ဘူးလား"

မုန့်ကန်း မျက်မှောင်ကြုတ်လိုက်၏။

ချန်ရှင်းက ဆက်ပြောလိုက်သည်။

"သူ နယ်ဘက်ကို ပြန်ပြေးသွားပြီ၊ ချင်ရွှေရွာဆီကိုပေါ့။ ကျွန်တော်က အဲဒီရွာကပဲ၊ အစ်ကို့ကို ကျွန်တော် လမ်းလိုက်ပြပေးနိုင်တယ်"

ချင်ရွှေရွာဟူသော စကားလုံးကို ကြားလိုက်ရသည့် ခဏမှာပင် မုန့်ကန်း၏ မျက်နှာပေါ်ရှိ သံသယနှင့် သတိထားမှုများက ပျောက်ကွယ်သွားပြီး အတိုင်းအဆမရှိသော ဒေါသမီးလျှံများက အစားထိုး ဝင်ရောက်လာတော့သည်။

*ဒီလိပ်သူငယ်က သူ့ဇာတိကို ပြန်ပြေးပြီး ပုန်းနေတာကိုး*

"လမ်းပြစမ်း"

မုန့်ကန်းက အော်ဟစ်လိုက်ရင်း သူဖမ်းဆွဲထားသော ကံဆိုးသူမောင်ရှင် ဝန်ထမ်းလေးကို လွှတ်ပေးလိုက်ရာ ထိုဝန်ထမ်းလည်း ကမူးရှူးထိုး ထွက်ပြေးသွားတော့သည်။

"အခု သွားမယ်… အခုချက်ချင်းပဲ"

သူက ဘေးနားရှိ လှည်းတစ်စီးမှ ပြုတ်ကျနေသော သစ်သားတုတ်တစ်ချောင်းကို ဆွဲယူလိုက်သည်။ ထိုသစ်သားမှာ လက်ကောက်ဝတ်ထက်ပင် ပိုမိုထွားကြိုင်းပြီး ရွှံ့နွံများ ပေကျံနေ၏။

သူ့လည်ပင်းမှ အကြောများမှာ တီကောင်များလို ဖုဖောင်း ကြွတက်နေပြီး ကြောက်မက်ဖွယ်ရာ လူမိုက်အငွေ့အသက်များက သူ့တစ်ကိုယ်လုံးမှ ထွက်ပေါ်နေလေသည်။

ချန်ရှင်းက

"သွားကြစို့"

သူတို့နှစ်ဦးစလုံး စကားထပ်မပြောကြတော့ပေ။ တစ်ယောက်က ဒေါသမီးလျှံများ တဟုန်းဟုန်း တောက်လောင်နေပြီး ကျန်တစ်ယောက်ကမူ အေးစက်စက် မျက်ဝန်းများ ရှိနေ၏။ သူတို့နှစ်ဦး၏ ရည်မှန်းချက်ကတော့ တစ်ထပ်တည်း ကျနေလေသည်။ သူတို့က မြို့ပြင်ဘက်သို့ ခပ်သွက်သွက်လှမ်းရင်း ထွက်ခွာသွားကြတော့သည်။

တစ်ဖက်တွင်မူ ချန်ရွှေရွာကလေးမှာ လေငြိမ်နေသကဲ့သို့ အေးအေးဆေးဆေး ရှိနေဆဲပင်။

အဒေါ်ဝမ်၏ အိမ်ဝင်းထဲတွင် ကျန်းပြောင်က မှန်ကွဲစလေးတစ်ခုကို ကြည့်ရင်း သူအလွန်ဂုဏ်ယူသော ဆံပင်များကို သေသေချာချာ ဖြီးသင်နေ၏။ ချန်ရှင်းတစ်ယောက် မနက်စောစောကတည်းက အိမ်မှ ထွက်သွားသည်ကို သူ မြင်လိုက်ရသည်။ ယခုတော့ သူစောင့်နေသည့် အခွင့်အရေးကြီး ရောက်လာချေပြီ။

သူက အိမ်ထဲပြန်ဝင်ကာ အကောင်းဆုံးနှင့် အခန့်ဆုံးဖြစ်သော ပိုလီယက်စတာ အင်္ကျီအဖြူကို လဲဝတ်လိုက်ပြီး ဘောင်းဘီကိုလည်း တစ်ချက်လေးမျှ မတွန့်စေရန် သေသေချာချာ ပြင်ဝတ်လိုက်သည်။ ထို့နောက် ဆန်အိုးထဲမှ အဖိုးတန် ဂျုံဖြူမှုန့်များကို ပန်းကန်လုံးအပြည့် ခပ်ယူလိုက်လေသည်။

သူက ဂျုံမှုန့်ပန်းကန်ကို ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလှသော ခပ်ကြွားကြွား ခြေလှမ်းများဖြင့် မလှမ်းမကမ်းရှိ ချန်အိမ်ဝင်သို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

ရွှီချင်းချင်းမှာမူ ခြံထဲတွင် အဝတ်လျှော်ရင်း သီချင်းလေးတစ်ပုဒ်ကို ခပ်တိုးတိုး ညည်းနေ၏။ ဤရက်ပိုင်းများမှာ သူမ အိမ်ထောင်ကျပြီးကတည်းက စိတ်အေးချမ်းရဆုံးနှင့် စိတ်အချရဆုံး နေ့ရက်များပင် ဖြစ်သည်။

ခြေသံတစ်ခု နီးကပ်လာသည်ကို ကြားလိုက်ရသဖြင့် သူမ အလိုလို ခေါင်းမော့ကြည့်လိုက်မိသည်။ ရောက်လာသူမှာ ကျန်းပြောင်ဖြစ်နေသည်ကို မြင်လိုက်ရသည့် ခဏမှာပင် သူမ မျက်နှာလေးမှာ ဖြူလျော်သွားပြီး လက်ထဲမှ အဝတ်များလည်း ရေဇလုံထဲသို့ ဗုန်းကနဲ ပြုတ်ကျကာ ရေများ စင်ထွက်သွားတော့သည်။

သူမ ဘာမှမစဉ်းစားတော့ဘဲ ချက်ချင်းလှည့်ပြေးပြီး ခြံဝင်းတံခါးကို အတွင်းမှနေ၍ အမြန်ပိတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏ လှုပ်ရှားမှုက တစ်လှမ်း နောက်ကျသွားခဲ့ရသည်။

ကျန်းပြောင်က တံခါးဝသို့ ရောက်နှင့်နေပြီဖြစ်ကာ သူ၏ ပြောင်လက်နေသော သားရေဖိနပ်အမည်းကို တံခါးကြားထဲ ညှပ်ထည့်လိုက်သည်။

"ချင်းချင်း...၊ တံခါးဖွင့်စမ်းပါ၊ အစ်ကို့ကို မြင်တာနဲ့ ဘာလို့ တံခါးပိတ်ရတာလဲ"

သူ့မျက်နှာတွင် မောက်မာသော အပြုံးတစ်ခု ရှိနေပြီး အသံမှာလည်း ပျို့အန်ချင်စရာကောင်းလောက်အောင် ချွဲပစ်နေ၏။ သူ့ပခုံးဖြင့် အသာတွန်းလိုက်ရုံနှင့်ပင် ယိုင်နဲ့နေသော တံခါးချပ်ကြီးမှာ ကျွီခနဲ ပွင့်သွားတော့သည်။ သူက အတင့်ရဲစွာဖြင့် ခြံထဲသို့ တိုးဝင်လာပြီး ရွှီချင်းချင်း၏ ကိုယ်လုံးလေးကို အရှက်မဲ့စွာ စိုက်ကြည့်နေတော့သည်။

"ချင်းချင်း...၊ ကြည့်စမ်း၊ အစ်ကို မင်းအတွက် ဘာတွေ ယူလာပေးလဲဆိုတာ"

သူက ဂျုံဖြူမှုန့် ပန်းကန်လုံးကို ခြံထဲရှိ ကျောက်စားပွဲပေါ်သို့ အသံမြည်အောင် တင်လိုက်သည်။

ထို့နောက် ရင်ဘတ်ကို မော့ရင်း အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်၏။

"ချန်ရှင်းလို တောသားနောက် လိုက်နေလို့ ဘာထူးမှာလဲ၊ သူက မင်းကို ဘာပေးနိုင်မှာမို့လို့လဲ။ အစ်ကို့နောက်သာ လိုက်ခဲ့စမ်းပါ၊ မင်းစားချင်တဲ့ ဂျုံမှုန့်တွေကို ကြိုက်သလောက် စားစေရမယ်"

သူက ပြောရင်းဆိုရင်း မာန်တက်လာကာ ကြွားလုံးထုတ်တော့သည်။

"ရွာထဲကလူတွေ ဘာမှမသိပေမဲ့ ခရိုင်မှာဆိုရင် ရိက္ခာဌာနက ညွှန်ကြားရေးမှူးစွန်းတောင် အစ်ကို့ကိုမြင်ရင် ပခုံးဖက်နှုတ်ဆက်ရတာဟ။ အစ်ကို့ရဲ့ အနာဂတ်က တော်တော်လေး တောက်ပနေတာ။ မင်းလို မြို့ကလာတဲ့ ပညာတတ် မိန်းကလေးတစ်ယောက်က ချန်ရှင်းလို ဆန်ကုန်မြေလေးတစ်ယောက်အတွက်နဲ့ ဘဝကို အလဟဿ အဖြုန်းခံနေတာက နှမြောစရာကြီး မဟုတ်ဘူးလား"

သူ၏ ပေါ်တင်စော်ကားမှုများနှင့် ရိုင်းစိုင်းလှသော အကြည့်များကြောင့် ရွှီချင်းချင်းတစ်ယောက် ရင်ထဲမှာ ပျို့အန်ချင်လာရသည်။ သူမက ရွံရှာစက်ဆုပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး အသံတုန်တုန်ယင်ယင်ဖြင့်

"ကျန်းပြောင်...၊ ရှင် တကယ့်ကို အရှက်မရှိတဲ့လူပဲ။ အခုချက်ချင်း ဒီကနေ ထွက်သွားစမ်း"

ဘွင်းဘွင်းကြီး အပြောခံလိုက်ရသဖြင့် ကျန်းပြောင်၏ အပြုံးများ တောင့်တင်းသွား၏။ ရွှီချင်းချင်းက သူ့ကို ဤသို့သော စကားလုံးမျိုးဖြင့် ရဲရဲဝံ့ဝံ့ ပြန်ပြောရဲလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

"မင်းက ကောင်းကောင်းပြောလို့ မရတဲ့ မိန်းမပဲ"

သူ၏ စိတ်ရှည်မှုများ ချက်ချင်းပင် ကုန်ခမ်းသွားပြီး မျက်နှာပေါ်မှ မောက်မာမှုတို့မှာ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်မှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"မင်းကို ဘဝကောင်းကောင်း ပေးနိုင်တဲ့သူက ဘယ်သူလဲဆိုတာ ဒီနေ့ ငါ ပြရသေးတာပေါ့"

သူက ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး ရွှီချင်းချင်း၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

"အား…"

ရွှီချင်းချင်းတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်မိပြီး နောက်သို့ အလူးအလဲ ဆုတ်လိုက်ရာ အိမ်ထဲသို့ပင် ပြန်ရောက်သွားတော့သည်။

သူမ၏ ခါးမှာ စားပွဲထောင့်နှင့် ပြင်းထန်စွာ ဆောင့်မိသွားပြီး နာကျင်လွန်းလှသဖြင့် မျက်ရည်များပင် ဝဲလာရရှာသည်။ သူမက စားပွဲပေါ်ရှိ ပစ္စည်းများကို သွေးရူးသွေးတန်း စမ်းသပ်ရှာဖွေရင်း တစ်ခုခုနှင့် လှမ်းပေါက်ရန် ကြိုးစားနေမိသည်။ ထိုစဉ် သူမ၏ လက်ချောင်းလေးများက အေးစက်စက်နှင့် မာကျောသော အရာတစ်ခုကို ထိမိသွား၏။

အပ်ချုပ်ခြင်းထဲက ကတ်ကြေးပင်…။

ထိုအေးစက်စက် အထိအတွေ့က လျှပ်စီးကြောင်းတစ်ခုလို သူမ တစ်ကိုယ်လုံးကို ဖြတ်သန်းသွားပြီး မျှော်လင့်ချက်မဲ့နေသော အခြေအနေကြားမှာ ရဲစွမ်းသတ္တိအချို့ကို ဖြစ်ပေါ်လာစေ၏။

ကျန်းပြောင်ကတော့ လူယုတ်မာအပြုံးကြီးဖြင့် ရှေ့သို့ အတင်းတိုးဝင်လာနေဆဲပင်။ ရွှီချင်းချင်း၏ လက်ထဲ ဘာရှိနေသည်ကို သူ လုံးဝ သတိမထားမိဘဲ သူ့မျက်လုံးထဲတွင် မကြာမီ ပိုင်ဆိုင်ရတော့မည့် အလှနတ်သမီးလေးကိုသာ မြင်နေတော့သည်။ သူက လက်လှမ်းပြီး သူမ၏ အင်္ကျီကော်လာကို ဖမ်းဆွဲလိုက်၏။

ရွှီချင်းချင်းက မျက်လုံးများကို တင်းတင်းပိတ်ကာ ရှိသမျှ ခွန်အားအားလုံး စုစည်းပြီး ကတ်ကြေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ရှေ့တည့်တည့်သို့ ရမ်းသမ်း ထိုးနှက်လိုက်တော့သည်။

"အား…"

လူသားတစ်ယောက်ထံမှ ထွက်ပေါ်လာသည့် အသံဟုပင် မထင်ရလောက်အောင် ပြင်းလွန်းသည့် အော်ဟစ်သံကြီးက ပဲ့တင်ထပ်သွား၏။

ကျန်းပြောင်သည် ကင်းမြီးကောက် အထိုးခံလိုက်ရသည့်အလား နောက်သို့ လွင့်ထွက်သွား၏။ သူ့လက်မောင်းကို ငုံ့ကြည့်လိုက်သောအခါ အရိုးပင် မြင်ရလောက်အောင် နက်ရှိုင်းသည့် ဒဏ်ရာကြီးတစ်ခုကို တွေ့လိုက်ရပြီး သွေးများလည်း ပန်းထွက်နေကာ သူ၏ အဖြူရောင် အင်္ကျီအသစ်စက်စက်ကြီးပင် ရဲရဲနီသွားတော့သည်။

သူက ရသွားသော ဒဏ်ရာကို မယုံနိုင်စရာ ကောင်းလောက်အောင် စိုက်ကြည့်နေမိပြီးနောက် ပြင်းထန်လှသော နာကျင်မှုနှင့်အတူ မိန်းမတစ်ယောက်၏ ထိုးနှက်မှုကို ခံလိုက်ရသည်ဟူသော အရှက်တကွဲ ဖြစ်မှုတို့က မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။

"နင်... ဒီမိန်းမယုတ်မ…"

သူ့မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး ဟိန်းဟောက်သံနှင့်အတူ လက်ဝါးကြီးကို ဝေ့ယမ်းကာ ရွှီချင်းချင်း၏ ပါးပြင်ပေါ်သို့ အားကုန်လွှဲ၍ ရိုက်ချလိုက်တော့သည်။

"ဖြန်း…"

စူးရှလှသော ထိုရိုက်သံကြီးက ကျဉ်းမြောင်းလှသော အခန်းလေးထဲတွင် နားမခံသာအောင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားတော့သည်။

ရွှီချင်းချင်းမှာ ရိုက်ချက်ပြင်းပြင်းကြောင့် လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ဆောင့်ကျသွားရရှာသည်။

သူမ ခေါင်းတစ်ခုလုံး မူးနောက်သွားပြီး နားထဲမှာ တဝီဝီမြည်ကာ ပါးစပ်ထဲတွင်လည်း သွေးညှီနံ့တို့ ချက်ချင်း စွဲထင်သွားတော့သည်။ လက်ထဲက ကတ်ကြေးကလည်း ချလွင်ဟူသော အသံနှင့်အတူ အဝေးသို့ လွင့်စင်သွား၏။

ကျန်းပြောင်ကတော့ အသိတရား လုံးဝ ပျောက်ဆုံးသွားခဲ့လေပြီ။

သွေးထွက်နေသော လက်မောင်းနှင့် ခုခံနိုင်စွမ်းမရှိ ကြမ်းပြင်ပေါ်တွင် လဲကျနေသော ရွှီချင်းချင်းကို ကြည့်ရင်း သူ့မျက်လုံးထဲမှ တပ်မက်မှုများက ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လိုစိတ်များအဖြစ် လုံးဝ ပြောင်းလဲသွားတော့သည်။

သူက ဒေါသထွက်နေသော တောရိုင်းတိရစ္ဆာန်တစ်ကောင်လို သူမအပေါ်သို့ အတင်း ခုန်အုပ်လိုက်တော့၏။

"ရှဲ..."

၎င်းမှာ အဝတ်အစားများ ကြမ်းတမ်းစွာ ဆွဲဖြဲခံလိုက်ရသည့် အသံပင်။

"အား… ကယ်ကြပါဦး…"

ဟောင်းနွမ်းနေသော အိမ်လေးထဲမှ အဆုံးစွန်သော မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့ ပြည့်နှက်နေသည့် နှလုံးသားကွဲကြေမတတ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေတော့သည်။

ရွာအဝင်ဝတွင်မူ...

ချန်ရှင်းနှင့် မုန့်ကန်းတို့ နောက်ဆုံးတွင် လူမြင်ကွင်းသို့ ရောက်ရှိလာကြသည်။

အဒေါ်ဝမ်မှာ မိန်းမတစ်သိုက်နှင့်အတူ တံတွေးများ ပန်းထွက်မတတ် ကြွားလုံးထုတ်နေဆဲပင်။

"ငါ ပြောပြဦးမယ်၊ ငါ့သား ကျန်းပြောင်က မြို့က အရာရှိသမီးနဲ့ လက်ထပ်တော့မှာဟဲ့။ အဲဒီကျရင် သူက တကယ့် မြို့သားစစ်စစ် ဖြစ်သွားပြီ၊ ဒီက တောသားတွေနဲ့ မတူတော့ဘူး"

သူမ ခေါင်းလှည့်ကြည့်လိုက်စဉ် ချန်ရှင်း လျှောက်လာသည်ကို မြင်လိုက်ရ၏။ ခနဲ့တဲ့တဲ့ စကားတစ်ခွန်း ပြောရန် ပြင်လိုက်သော်လည်း သူ၏ ဘေးရှိ မုန့်ကန်းကို မြင်လိုက်ရသည့် ခဏတွင် အဒေါ်ဝမ်တစ်ယောက် ကြောက်လန့်တကြား တုန်ယင်သွားပြီး ပြောမည့်စကားလုံးများအားလုံး လည်ချောင်းထဲ ပလွတ်ခနဲ ပြန်ဝင်သွားတော့သည်။

ဒီလူက ဘယ်သူလဲ….။ ဝက်ဝံကြီးတစ်ကောင်လို ထွားကြိုင်းပြီး မျက်နှာကလည်း လူသတ်တော့မည့်အတိုင်း အလွန်တရာ ခက်ထန်လှသည်။ ဒီအတိုင်း ရပ်နေတာတောင် လူကို ခြေဖျားလက်ဖျားတွေ အေးစက်သွားစေ၏။

ချန်ရှင်းကတော့ သူမကို တစ်ချက်ပင် လှည့်မကြည့်ဘဲ မုန့်ကန်းကို ခေါ်ကာ သူ၏ ခြံဝင်းဆီသို့ အပြေးအလွှား ဦးတည်လိုက်သည်။

လူသတ်တော့မည့်အလား ကြမ်းကြုတ်လှသော ထိုလူနှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း အဒေါ်ဝမ်၏ ရင်ထဲ၌ မကောင်းသော အတိတ်နိမိတ်တစ်ခု စိုးမိုးလာကာ မျက်နှာလေးမှာ ဖြူလျော်သွားတော့သည်။

ထိုအချိန်တွင် သူတို့နှစ်ဦးမှာ ခြံဝင်းတံခါးနှင့် ဆယ်မီတာခန့်သာ လိုတော့၏။

ကောင်းကင်ယံကို ခွင်းလုမတတ် စူးရှရှ အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

၎င်းမှာ ရွှီချင်းချင်း၏ အသံပင် ဖြစ်လေတော့သည်။

All Chapters