← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅) - မိုးကြိုးတစ်စင်းလို ဒေါသအဟုန်

မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ရှင်း၏ သူငယ်အိမ်များ စူးရှကျဉ်းမြောင်းသွား၏။ တစ်ကိုယ်လုံးရှိ သွေးကြောများ ရုတ်တရက် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်မှာပင် ပြင်းထန်စွာ ဆူပွက်လာတော့၏။

အရာအားလုံး ပြာကျသွားစေနိုင်လောက်အောင် ပြင်းထန်လွန်းသည့် ဒေါသအဟုန်ကြီးက သူ့နှလုံးသား အနက်ရှိုင်းဆုံး နေရာမှ ပေါက်ကွဲထွက်လာပြီး အရိုးအဆစ်နှင့် ခြေလက်များဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားလေသည်။

ထိုကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကြောင့် သူ့ပတ်ဝန်းကျင်ရှိ လေထုပင် ပုံပျက်ပန်းပျက် ဖြစ်သွားသယောင် ထင်ရ၏။ သူ၏ ပြေးလွှားမှုအရှိန်က ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်ရှိသွားကာ အိမ်ခြံဝင်းဆီ ပြေးသွားသော သူ့အရိပ်ကိုပင် မမြင်ရတော့ချေ။

ဝုန်း...

အမြောက်ဆံဖြင့် ပစ်လိုက်သကဲ့သို့ ပြင်းထန်လွန်းသော ချန်ရှင်း၏ ဒေါသတကြီး ကန်ချက်အောက်တွင် ခြံတံခါးဟောင်းလေးခမျာ တစစီ လွင့်စင်ကျိုးပြတ်သွားတော့သည်။

ခြံဝင်းထဲရှိ မြင်ကွင်းကြောင့် ချန်ရှင်း၏ ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားရပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှာ လုံးဝအစအနမကျန် ပျောက်ကွယ်သွားတော့၏။

ထောင့်တစ်နေရာတွင် ကျန်းပြောင်က ရွှီချင်းချင်းကို နံရံနှင့်ကပ်၍ ဖိချုပ်ထားပြီး သူ့မျက်နှာပေါ်တွင် အောင်ပွဲခံနေသည့် ကာမရမ္မက်ဆန်ဆန် အပြုံးယုတ်ကြီးက ခိုတွဲနေလေသည်။

ရွှီချင်းချင်း၏ အဝတ်အစားများမှာ ဆွဲဆုတ်ခံထားရသောကြောင့် ဆီးနှင်းပမာ ဖြူဖွေးနေသော ပခုံးသားလေးများ ပေါ်လွင်နေ၏။ မျက်ရည်များ ရွှဲနစ်နေသော မျက်နှာလေးနှင့်အတူ သူမ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေကာ အသေအလဲ ရုန်းကန်နေရှာသည်။

အချိန်ကာလတစ်ခုလုံး ရပ်တန့်သွားသလိုပင်။

နောက်တစ်စက္ကန့်၌မူ ချန်ရှင်း ပြန်လည်အသက်ဝင်လာ၏။

ဒေါသတကြီး အော်ဟစ်သောင်းကျန်းခြင်းမျိုးပင် မရှိတော့ဘဲ သူ၏ အမျက်ဒေါသနှင့် သတ်ဖြတ်လိုစိတ် အားလုံးမှာ ညာဘက်လက်သီးဆီသို့ တစ်စုတစ်စည်းတည်း စုပြုံသွားလေတော့သည်။

မိုးကြိုးပမာ ဒေါသအဟုန်များ ကိန်းအောင်းနေသည့် အားပါလွန်းသော လက်သီးတစ်ချက်က လေထုကို ခွင်းပြီး စူးရှသော အသံနှင့်အတူ ကျန်းပြောင်၏ မေးရိုးဆီသို့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိသွားတော့သည်။

ဘိုင်း...

ဖရဲသီးကို သံတူကြီးဖြင့် ထုခွဲလိုက်သကဲ့သို့ တုံးတိတိအသံကြီး ထွက်ပေါ်လာသည်။

ကျန်းပြောင်၏ ကာမရမ္မက်ပြည့်နှက်နေသော အပြုံးယုတ်ကြီးမှာ ချက်ချင်း အေးခဲသွားတော့၏။ သူ့ခန္ဓာကိုယ်ကြီးမှာ စုတ်ပြဲနေသော ဆာလာအိတ်ဟောင်းကြီးတစ်လုံးလို လွင့်စင်သွားပြီး ခြံတံခါးနံရံနှင့် အရှိန်ပြင်းပြင်း ဆောင့်မိသွား၏။ ထို့နောက် အင့်ခနဲ ညည်းသံတစ်ချက်နှင့်အတူ မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားတော့သည်။

သွေးနှင့် အမြှုပ်များ ရောထွေးနေသော သွားအချို့မှာ သူ၏ပါးစပ်ထဲမှ ပန်းထွက်သွားပြီး မြေပြင်ပေါ်တွင် သွေးပန်းပွင့်လေးတစ်ပွင့်ပမာ ပြန့်ကျဲသွားလေသည်။

ချန်ရှင်းက သူ့အား ထပ်၍ပင် လှည့်မကြည့်တော့ချေ။

သူက ရွှီချင်းချင်းအနားသို့ ချက်ချင်း ပြေးသွားပြီး သူ့အပေါ်အင်္ကျီကို ကမန်းကတန်း ချွတ်လိုက်သည်။ ထို့နောက် တုန်ယင်နေပြီး ဖရိုဖရဲဖြစ်နေသော သူမ၏ ခန္ဓာကိုယ်လေးကို ထိုအင်္ကျီဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်လွှမ်းခြုံပေးလိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းပွေ့ဖက်ထားလိုက်၏။

"အဆင်ပြေသွားပြီ...၊ ကိုယ် ပြန်ရောက်နေပြီ...၊ ဘာမှမဖြစ်တော့ဘူးနော်"

ရင်ခွင်ထဲရှိ သေးသွယ်နုနယ်သော ကိုယ်လုံးလေးမှာ လေနှင်ရာ လွင့်ပါးနေသည့် သစ်ရွက်လေးတစ်ရွက်ပမာ အဆက်မပြတ် တုန်ယင်နေရှာသည်။

ရင်းနှီးကျွမ်းဝင်နေပြီး လုံခြုံနွေးထွေးမှု ပေးစွမ်းနိုင်သော ရနံ့လေးက သူမကို လွှမ်းခြုံသွားသည့်အခါ ရွှီချင်းချင်း၏ တင်းမာနေသော အာရုံကြောများမှာ နောက်ဆုံးတွင် ပြတ်တောက်သွားတော့သည်။ သူမ ရှိုက်ကြီးတငင် ငိုကြွေးလိုက်ပြီး နောက်ဆုံးလက်ကျန် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ထားသကဲ့သို့ ချန်ရှင်း၏ အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။

ချန်ရှင်းနောက်မှ ကပ်လျက် ပြေးဝင်လာသူမှာ မုန့်ကန်း ဖြစ်သည်။ ဖရိုဖရဲအခြေအနေဖြင့် အသည်းအသန် ငိုကြွေးနေသော ရွှီချင်းချင်းကို သူ အရင်ဆုံး မြင်လိုက်ရ၏။ ထို့နောက် မြေပြင်ပေါ်တွင် သွေးများအန်ကာ ခွေးသေကောင်တစ်ကောင်လို လဲကျနေသည့် ကျန်းပြောင်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးကြီးများမှာ ချက်ချင်းပင် သွေးကဲ့သို့ နီရဲသွားတော့သည်။ ထိုးတက်လာသော ဒေါသတရားကြောင့် သူ့ရင်ဘတ်ကြီးမှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။

"ဒီခွေးမသား…"

ကျန်းပြောင်က မြေပြင်ပေါ်တွင် ရုန်းကန်ရင်း လက်ထောက်ကာ မတ်တတ်ထနိုင်ရန် ကြိုးစားနေသည်။

သူ့မျက်နှာတစ်ခြမ်းမှာ အတော်လေး ဖောင်းအစ်ယောင်ကိုင်းနေပြီဖြစ်သည်။ သူ့ကို ရိုက်လိုက်သူမှာ ချန်ရှင်းဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူ့မျက်ဝန်းများထဲတွင် အကြောက်တရားအစား အငြိုးအာဃာတနှင့် ဒေါသများက ချက်ချင်းပင် အစားထိုး ဝင်ရောက်လာလေသည်။

သူက ပါးစပ်ထောင့်မှ သွေးများကို သုတ်ပစ်လိုက်ပြီး ချန်ရှင်းရင်ခွင်ထဲမှ ရွှီချင်းချင်းကို လက်ညှိုးထိုးကာ သူခိုး လူဟစ် အော်ပြောလိုက်သည်။

"အဲ့ဒါ သူ့အပြစ်တွေ... သူ ငါ့ကို မြူဆွယ်တာ။ မင်း အိမ်မှာမရှိတာကို အခွင့်ကောင်းယူပြီး ဒီခွေးမ ငါ့ကို မြူဆွယ်တာကွ"

ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို လာကြည့်ကြသော ရွာသားများမှာ ခြံတံခါးဝတွင် အုံခဲနေကြပြီဖြစ်သည်။ ကျန်းပြောင်၏ စကားကို ကြားလိုက်ရချိန်တွင်တော့ လူအုပ်ကြီးက ပွက်လောရိုက်သွားတော့၏။

အဒေါ်ဝမ်က နောက်ဆုံးတွင် လူအုပ်ကြားမှ တိုးဝှေ့ဝင်လာနိုင်ခဲ့ပြီး ခြံထဲရောက်သည်နှင့် တစ်ပြိုင်နက် သေလုမျောပါး ဖြစ်နေသော သူမ၏ အသည်းကျော် သားတော်မောင်ကို မြင်လိုက်ရသဖြင့် ရင်ကွဲပက်လက် ဖြစ်သွားရလေသည်။

သားဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ သူမ၏ စိတ်က ဗြောက်အိုးဖောက်လိုက်သကဲ့သို့ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။ သူမက ခါးထောက်လျက် ချန်ရှင်းရင်ခွင်ထဲမှ ရွှီချင်းချင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ တရစပ် ဆဲရေးတိုင်းထွာလေတော့သည်။

"နင် မြေခွေးမဆိုတာ ငါ သိပြီးသားပါဟဲ့။ အရှက်မရှိတဲ့ မိန်းမပျက်...၊ ကိုယ့်ယောက်ျား အိမ်မှာမရှိလို့ အထီးကျန်တာကို မခံနိုင်ဘဲ ငါ့သားကိုတောင် ဒုက္ခပေးရဲတယ်ပေါ့လေ။ ငါ့သား ကျန်းပြောင်က မြို့က အရာရှိသမီးနဲ့ လက်ထပ်မယ့်သူဟဲ့၊ နင့်လိုကောင်မကို ဘာကိစ္စ လိုချင်ရမှာလဲ။ ထွီ... အရှက်ကို မရှိဘူး"

"မြူဆွယ်တယ် ဟုတ်လား..."

မဟာအဝီစိမှ ထွက်ပေါ်လာသကဲ့သို့ ကြမ်းတမ်းအက်ကွဲနေသော မေးခွန်းတစ်ခု ထွက်ပေါ်လာ၏။

မုန့်ကန်းက ရှေ့သို့ တက်လှမ်းလာပြီး ယပ်တောင်ကြီးပမာ ကြီးမားကျယ်ပြန့်သော ခြေဖဝါးကြီးကို မြှောက်ကာ တစ်ဝက်တစ်ပျက် ထထိုင်နေသည့် ကျန်းပြောင်၏ ရင်ဝဆီသို့ အားကုန်လွှဲ၍ ကန်ချလိုက်သည်။

"ခွေးမသား… ပြောရဲလိုက်တာ၊ ဒါဆို ငါ့မိန်းမကလည်း မင်းကို မြူဆွယ်ခဲ့တာပေါ့လေ"

ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးက ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သလိုပင်။ လူတိုင်း၏ နားများ အူထွက်သွားကြ၏။

မုန့်ကန်းက မည်သူ့ကိုမျှ တုံ့ပြန်ချိန် မပေးခဲ့ပေ။ သူက တစ်ရွာလုံးရှေ့မှာပင် မြေပြင်ပေါ်၌ ကွေးကွေးလေး လဲကျနေသော ကျန်းပြောင်ကို လက်ညှိုးထိုးပြီး ကျန်းပြောင်၏ အရှက်ကွဲဖွယ် လုပ်ရပ်အားလုံးကို ဖွင့်ချလိုက်တော့သည်။

"ဒီခွေးမသားက ခရိုင်မြို့မှာ ငါ့မိန်းမကို ကိုယ်ထိလက်ရောက် စော်ကားဖို့ လုပ်ခဲ့လို့ ငါ သူ့ခြေထောက်ကို ရိုက်ချိုးပစ်ခဲ့တာကွ။ စားနပ်ရိက္ခာဌာနက လူကြီးတွေကလည်း သူ့လုပ်ရပ်ကို ရှက်လွန်းလို့ အလုပ်ထုတ်ပစ်ခဲ့တာ ကြာလှပေါ့။ အိမ်ကို ပြန်အပို့ခံလိုက်ရတဲ့ ခွေးလေခွေးလွင့်တစ်ကောင် ဖြစ်နေတာတောင်မှ ဒီနေရာမှာ လူရာဝင်ချင်နေသေးတယ်ပေါ့လေ"

ပေါ်ထွက်လာသော အမှန်တရားက အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။

ရွာသားများအားလုံး အံ့ဩမှင်တက်သွားကြပြီး မြေပြင်ပေါ်မှ ကျန်းပြောင်ကို မယုံနိုင်စွာ စိုက်ကြည့်လိုက်၊ သွေးဆုတ်ဖြူရော်နေသော အဒေါ်ဝမ်၏ မျက်နှာကို ကြည့်လိုက် ဖြစ်နေကြတော့သည်။

အဒေါ်ဝမ်၏ စူးရှသော ကျိန်ဆဲသံကြီးမှာ ရုတ်တရက် ရပ်တန့်သွား၏။ သူမ၏ မျက်နှာပေါ်မှ သွေးရောင်များလည်း ချက်ချင်း လွင့်စင်သွားကာ စက္ကူတစ်ချပ်လို ဖြူလျော့သွားတော့၏။ သူမ ပါးစပ်အဟောင်းသားနှင့်ပငင် စကားတစ်ခွန်းမှ မထွက်နိုင်တော့ချေ။

အော်ဟစ်ပေါက်ကွဲပြီးသည့်တိုင်အောင် မုန့်ကန်း၏ ဒေါသများက ငြိမ်းအေးမသွားသေးပေ။ သူက ကျန်းပြောင်အပေါ်သို့ ခုန်အုပ်လိုက်ပြီး ခွထိုင်ကာ လက်သီးမိုးရွာချသကဲ့သို့ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထိုးကြိတ်လေတော့သည်။

"မိန်းမတွေကို စော်ကားချင်ဦး"

"နှာဘူးထချင်ဦး"

"လူပါးဝချင်ဦး"

ကျန်းပြောင်မှာ ချက်ချင်းပင် အသတ်ခံရမည့် ဝက်တစ်ကောင်လို အော်ဟစ်လိုက်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရင်း အသနားခံတော့သည်။

"မရိုက်ပါနဲ့တော့ အစ်ကိုမုန့်...၊ ကျွန်တော် မှားသွားပါပြီ...၊ နောက် ဘယ်တော့မှ မလုပ်တော့ပါဘူးဗျာ"

ချန်ရှင်းက ဤမြင်ကွင်းကို အေးစက်စက် စိုက်ကြည့်နေပြီး သူ၏ ကျယ်ပြန့်သော ကျောပြင်ကြီးဖြင့် သွေးထွက်သံယို မြင်ကွင်းကို ကွယ်ထားပေးကာ ရွှီချင်းချင်း၏ ခေါင်းလေးကို ရင်ခွင်ထဲမှာ ဖိထားလိုက်သည်။

"မကြည့်နဲ့...၊ မျက်စိညစ်ညမ်းတယ်"

သူ့အသံက တိုးညင်းသော်လည်း ငြင်းဆန်၍ မရနိုင်လောက်အောင် နူးညံ့ကြင်နာမှုများ ပါဝင်နေလေသည်။

မကြာမီမှာပင် ရွာလူကြီးများ ရောက်ရှိလာကြ၏။ ခြံထဲမှ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့ အလွန်တရာ တုန်လှုပ်သွားကြပြီး ဒေါသထွက်နေသည့် မုန့်ကန်းကို ကျန်းပြောင်ထံမှ ခက်ခက်ခဲခဲ ဆွဲခွာလိုက်ရလေသည်။

မြေပြင်ပေါ်ရှိ ကျန်းပြောင်မှာ မျက်နှာတစ်ခုလုံး ပွန်းပဲ့ရောင်ကိုင်းနေသောကြောင့် ဘယ်သူဘယ်ဝါမှန်းပင် မသိနိုင်တော့လောက်အောင် ဖြစ်နေလေပြီ။ အသက်ရှူသံပင် မမှန်တော့ဘဲ လုံးဝ သတိလစ်သွားခဲ့ချေပြီ။

သက်သေအထောက်အထားများ ရှိနေသောကြောင့် ဤကိစ္စမှာ အလွန်အမင်း ကြီးလေးလှ၏။

ရွာလူကြီးမှာ မျက်နှာထား တင်းမာနေပြီး စကားတစ်ခွန်းမှ မဟတော့ချေ။ သူက ကြိုးတစ်ချောင်းကို ချက်ချင်းရှာပြီး သတိလစ်နေသော ကျန်းပြောင်ကို တင်းကျပ်စွာ တုပ်နှောင်လိုက်၏။ ထို့နောက် ပြည်သူ့စစ်နှစ်ယောက်ကို ခေါ်၍ အရေးယူဆောင်ရွက်ရန် ခရိုင်ရုံးသို့ ပို့ဆောင်စေလိုက်သည်။

"ငါ့သားလေး…"

ခွေးသေကောင်တစ်ကောင်လို ဆွဲခေါ်ခံသွားရသော သူမ၏သားကို ကြည့်ပြီး နောက်ဆုံးတွင် အဒေါ်ဝမ်လည်း ထိုရိုက်ခတ်မှု ဒဏ်မခံနိုင်တော့ပေ။ သူမ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ပြီး မျက်ဖြူလန်ကာ မြေပြင်ပေါ်သို့ ခွေကျ၍ သတိလစ်သွားတော့သည်။

ခြံတံခါးဝရှိ ရွာသားများမှာ အစမှ အဆုံးထိ အေးစက်စက် မျက်နှာထားဖြင့် တိတ်တဆိတ် ရပ်နေခဲ့သော ချန်ရှင်းကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ယခင်ကလို အထင်သေးမှုများနှင့် အတင်းအဖျင်း ပြောလိုစိတ်များ မရှိတော့ဘဲ နက်ရှိုင်းသော ရိုသေလေးစားမှုနှင့်အတူ ဖော်ပြ၍ မရနိုင်သော အကြောက်တရားအချို့ ပြည့်နှက်နေလေသည်။

ပြင်းထန်စွာ အမောဆို့နေသော မုန့်ကန်းက ချန်ရှင်းအနားသို့ လျှောက်လာခဲ့၏။ သူ၏ ကြမ်းတမ်းခက်ထန်သော အရှိန်အဝါများမှာ အတော်လေး လျော့ကျသွားခဲ့လေပြီ။

ချန်ရှင်း၏ ရင်ခွင်ထဲတွင် ရှိုက်ငိုနေဆဲဖြစ်သော ရွှီချင်းချင်းကို သူ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ချန်ရှင်းကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာထားမှာ လေးစားမှုနှင့် ကျေးဇူးတင်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူက လေးနက်စွာဖြင့်

"ညီလေး...၊ ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။ ငါ မုန့်ကန်း မင်းကို ကျေးဇူးအကြီးကြီးတင်သွားပါပြီ”

ချန်ရှင်းက ခေါင်းတစ်ချက်သာ ဆတ်၍ တုံ့ပြန်လိုက်သည်။

ကိစ္စများ ပြီးစီးသွားပြီဖြစ်သောကြောင့် လူအုပ်ကြီးလည်း လူစုကွဲသွားကြတော့သည်။

ချန်ရှင်းက ငိုရင်းရှိုက်ရင်း အိပ်ပျော်သွားရှာသော ရွှီချင်းချင်းကို ရင်ခွင်ထဲ ပွေ့ချီထားရင်း အိမ်ထဲသို့ ဝင်သွားလေသည်။ ဒိုင်းခနဲ အသံကျယ်ကြီးနှင့်အတူ အပြင်ကမ္ဘာနှင့် လုံးဝအဆက်အသွယ် ဖြတ်လိုက်သည့်အလား သူက တံခါးကို ဆောင့်ပိတ်လိုက်တော့၏။

တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲတွင် စနစ်၏ အသိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

[ဒင်…၊ လက်ခံသူသည် မိမိ၏ ကြင်ယာဖက်ကို အောင်မြင်စွာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ရွှီချင်းချင်း၏ မှီခိုအားထားမှု၊ ချစ်ခင်စုံမက်မှုနှင့် လုံခြုံနွေးထွေးမှု ခံစားရခြင်းတို့သည် အမြင့်ဆုံးသို့ ရောက်ရှိသွားပါပြီ]

[စွမ်းအင် +၈၀]

အခန်း (၂၆) - မိုးရာသီ ညတစ်ည၏ နွေးထွေးမှု

အခန်းထဲတွင် ချန်ရှင်းက ရွှီချင်းချင်းကို တင်းကျပ်စွာ ပွေ့ဖက်ထား၏။ ချန်ရှင်း၏ ရင်ခွင်ထဲတွင် သူမ ပြင်းထန်စွာ တုန်ယင်နေပြီး ဒဏ်ရာရထားသော တိရစ္ဆာန်ငယ်လေးတစ်ကောင်ပမာ တအင့်အင့် ရှိုက်ငိုနေရှာသည်။ ထိုတိုးတိတ်သော ငိုရှိုက်သံလေးများက သူ့နှလုံးသားကို ဆွဲဆုတ်ပစ်နေသကဲ့သို့ပင်။

သူက စကားတစ်ခွန်းမှ မဆိုဘဲ သူမကို ပွေ့ချီလိုက်သည်။

ရွှီချင်းချင်း အသက်ရှူမှားသွားပြီး အလိုအလျောက်ပင် သူ့လည်ပင်းကို ဖက်တွယ်လိုက်ကာ ရင်အုပ်ကျယ်ကြီးကြားထဲသို့ သူမ မျက်နှာကို နက်နက်ရှိုင်းရှိုင်း အပ်ထားလိုက်လေသည်။

ချန်ရှင်းက အိပ်ခန်းထဲသို့ လှမ်းဝင်သွားပြီး သူမကို ကုတင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်၏။ သူ၏ လှုပ်ရှားမှုများမှာ ရှားပါးရတနာတစ်ပါးကို ကိုင်တွယ်နေသကဲ့သို့ နူးညံ့သိမ်မွေ့လွန်းလှပေသည်။

ရေနံဆီမီးခွက်၏ မှိန်ပျပျအလင်းရောင်အောက်တွင် သူမ၏ ဖြူနုနု ပါးပြင်ပေါ်ရှိ နီရဲနေသည့် လက်ငါးချောင်းရာကြီးက အလွန်တရာ အသည်းယားစရာ ကောင်းနေလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ရှင်း၏ နှလုံးသားကို တစ်စုံတစ်ခုက ဆုပ်ကိုင်ညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

သူ စကားတစ်ခွန်းမှ မဆိုဘဲ အိပ်ခန်းထဲမှ ထွက်သွားကာ ရေနွေးတစ်ဇလုံကို အမြန်သွားယူလာခဲ့သည်။

သူက တဘက်ကို ရေစိမ်ပြီး အရည်ညှစ်လိုက်ကာ အနေတော် အပူချိန်လောက်သာ ထားလိုက်သည်။

ချန်ရှင်းက ကုတင်စွန်းတွင် ထိုင်လိုက်ပြီး လက်တစ်ဖက်က သူမ၏ ပခုံးကိုဖက်ကာ ကျန်လက်တစ်ဖက်က တဘက်ကို ကိုင်ထားသည်။ သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်စများနှင့် နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်ပေးနေသော သူ့လှုပ်ရှားမှုများက အလွန်အမင်း နူးညံ့ညင်သာလှသည်။

ရောင်ကိုင်းနေသော သူမ၏ ပါးပြင်လေးနှင့် ရေနွေးငွေ့ထနေသည့် တဘက်လေး ထိတွေ့သွားသောအခါ ရွှီချင်းချင်းက နာကျင်မှုကြောင့် တွန့်ကနဲ ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်လေးမှာ မသိမသာ တုန်ယင်သွားသည်။ သို့သော် သူမ ရှောင်ဖယ်မသွားခဲ့ပေ။ ထိုအစား မျက်ရည်များဖြင့် ပြည့်နှက်နေသော ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းလေးများဖြင့် ရှန်ချင်းအား အားကိုးတကြီး စိုက်ကြည့်နေလေသည်။

ချန်ရှင်းသည် မမြင်ရသော လက်တစ်ဖက်က သူ့နှလုံးသားကို ညှစ်ခြေနေသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သော နာကျင်မှုများကိုပါ ခံစားလိုက်ရ၏။

သူက အရေးပေါ်အခြေအနေအတွက် ၂၁ရာစုမှ ဝယ်လာခဲ့သည့် အယောင်ကျဆေးကို စနစ်၏ သိုလှောင်ရုံထဲမှ တိတ်တဆိတ် ထုတ်ယူလိုက်သည်။

ထို့နောက် ကြည်လင်နေသော ဆေးအနည်းငယ်ကို လက်ညှိုးထိပ်ဖြင့် ကော်ယူလိုက်ပြီး ရောင်ကိုင်းနေသော သူမ၏ ပါးပြင်လေးပေါ်သို့ ဂရုတစိုက် လိမ်းပေးလိုက်သည်။

အေးမြပြီး လန်းဆန်းသွားစေသည့် အထိအတွေ့က ပူစပ်ပူလောင်ဖြစ်နေသော နာကျင်မှုကို ချက်ချင်း သက်သာသွားစေသဖြင့် ရွှီချင်းချင်းက ညည်းသံလေး ထွက်လာပြီး သူမ၏ တင်းမာနေသော ခန္ဓာကိုယ်လေးမှာလည်း အနည်းငယ် ပြေလျော့သွားတော့သည်။

ဤအလွန်တရာ နူးညံ့ကြင်နာမှုများက သူမ၏ နောက်ဆုံး ကာကွယ်ရေးစည်းကို လုံးဝ ကျိုးပေါက်သွားစေခဲ့သည်။

ရွှီချင်းချင်း ဆက်လက် မအောင့်အည်းနိုင်တော့ပေ။ ရုတ်တရက် သူ့ရင်ခွင်ထဲ ပြေးဝင်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သူ့အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။ ထို့နောက် ငရဲခန်းပမာ ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံကို ပြန်လည်ပြောပြရင်း အဆက်မပြတ် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

"သူက... သူက အရူးတစ်ယောက်လိုပဲ... ကျွန်မ အရမ်းကြောက်တာပဲ..."

"ကျွန်မ ထင်တာ... ကျွန်မ ထင်တာ... ရှင် အချိန်မီ ပြန်ရောက်လာမှာ မဟုတ်ဘူးလို့..."

ချန်ရှင်းက သူ့လက်ဖဝါးကြမ်းကြီးများဖြင့် သူမ၏ ကျောပြင်ကို မှန်မှန်လေး ညင်သာစွာ ပွတ်သပ်ပေးနေသည်။

နှစ်သိမ့်စကား များများစားစား မပြောခဲ့သော်လည်း အလေးအနက်ထား၍ ပြတ်သားသော အသံဖြင့် ကတိစကားများ အကြိမ်ကြိမ် ဆိုနေခဲ့သည်။

"မကြောက်နဲ့တော့... နောက် ဘယ်တော့မှ အဲ့လို မဖြစ်စေရဘူး"

"ကိုယ် ရှိတယ်နော်..."

ရွှီချင်းချင်း၏ ငိုသံများ တဖြည်းဖြည်း တိတ်သွားပြီး သူ၏ ခိုင်မာသော ပွေ့ဖက်မှုနှင့် တည်ငြိမ်သော နှလုံးခုန်သံတို့မှတစ်ဆင့် အမြင့်ဆုံး လုံခြုံမှုတစ်ရပ်ကို သူမ ရရှိသွားလေသည်။

ငိုရလွန်း၍ ပင်ပန်းသွားခြင်းကြောင့်လော၊ အားအင်ကုန်ခမ်းသွားခြင်းကြောင့်လော မပြောတတ်၊ နောက်ဆုံးမှာ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ သူမ၏ ရှည်လျားသော မျက်တောင်လေးများပေါ်မှာတော့ မျက်ရည်စများ တွဲခိုနေဆဲပင်။

ချန်ရှင်းက ပင်ပန်းနွမ်းနယ်နေပြီး စိုးရိမ်သောကများ ပြည့်နှက်နေသည့် သူမ၏ မျက်နှာလေးကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများမှာမူ ဓားသွားပမာ အေးစက်နေလေသည်။

ထို့နောက် သူမကို ညင်သာစွာ စောင်ခြုံပေးလိုက်ကာ သေသေချာချာ ဖုံးအုပ်ပေးလိုက်ပြီးနောက် ဖြည်းညင်းစွာ ထရပ်လိုက်သည်။

မီးဖိုချောင်ထဲသို့ ဝင်သွားပြီးနောက် ချန်ရှင်းက ဆန်ဆေးလိုက်ပြီး သိုလှောင်ရုံစနစ်ထဲမှ အသားများကို ထုတ်ကာ အတုံးသေးသေးလေးများ တုံးလိုက်သည်။ သူ၏ လှုပ်ရှားမှုများက အသံတစ်ချက်မျှ မထွက်စေဘဲ မြန်ဆန်သွက်လက်နေလေသည်။

မကြာမီ မီးဖိုပေါ်တွင် ရေနွေးငွေ့များ အူထွက်နေသော အသားဆန်ပြုတ်အိုးလေးက ပွက်ပွက်ဆူလာပြီး ဆန်နှင့် အသား၏ မွှေးပျံ့သော ရနံ့များ ပေါင်းစပ်သွားကာ အခန်းတွင်းရှိ လေးလံဖိစီးနေသော လေထုကို ဖယ်ရှားပေးလိုက်သည်။

ချန်ရှင်းက ပန်းကန်လုံးတစ်လုံးထဲသို့ ဆန်ပြုတ် ခပ်ထည့်လိုက်ပြီး အနည်းငယ် အေးသွားစေရန် မှုတ်လိုက်ကာ အိပ်ခန်းထဲသို့ ယူသွားလေသည်။

ရွှီချင်းချင်းမှာ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေပြီး သင်းပျံ့လွန်းသော မွှေးရနံ့ကြောင့် တဖြည်းဖြည်း နိုးလာခဲ့သည်။

သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ ကုတင်ဘေးရှိ ရင်းနှီးနေသော ပုံရိပ်ကို မြင်လိုက်ရသည်။ သူမ ပုံစံက ထိတ်လန့်နေသော ယုန်ပေါက်လေးတစ်ကောင်လိုပင်။ ရောင်ကိုင်းနေသော သူမ၏ ပါးပြင်ကို ဂရုမစိုက်နိုင်တော့ဘဲ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ နှာသံဝဲဝဲ အက်ကွဲကွဲ လေသံလေးနှင့် ပြောလိုက်သည်။

"ဖက်ထားပေးပါ..."

ချန်ရှင်း၏ နှလုံးသားက နူးညံ့သွားရ၏။ သူက ကုတင်စွန်းတွင် ထိုင်လိုက်ပြီး စောင်နှင့်တကွ သူမကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ မှီထားစေလိုက်သည်။

သူက ဆန်ပြုတ်တစ်ဇွန်း ခပ်လိုက်ပြီး သူမ၏ နှုတ်ခမ်းနားသို့ ဇွန်းတေ့ပေးလိုက်သည်။

"ပါးစပ်ဟ..."

ရွှီချင်းချင်းက လိမ္မာစွာပင် ပါးစပ်လေးဟကာ ခပ်နွေးနွေး အသားဆန်ပြုတ်ကို မျိုချလိုက်သည်။ သူမ၏ အစာအိမ်ထဲတွင် ပူခနဲဖြစ်သွားပြီး နှလုံးသားထဲမှာလည်း နွေးထွေးသွားရသည်။

သူမ၏ အကြည့်များက ချန်ရှင်းထံမှ မရွေ့ပေ။ မျက်ရည်ဝဲနေသော သူမ၏ မျက်ဝန်းများထဲတွင် မခွဲခွာလိုသော တွယ်တာမှုများ ပြည့်နှက်နေလေသည်။

ချန်ရှင်းက သူမကို ရင်ခွင်ထဲ ထည့်ထားရင်း ဆန်ပြုတ်ကို တစ်ဇွန်းချင်း စိတ်ရှည်လက်ရှည် ခွံ့ကျွေးလေသည်။

ဆန်ပြုတ်တစ်ပန်းကန် ကုန်သွားပြီးနောက် ဖြူရော်နေသော ရွှီချင်းချင်း၏ မျက်နှာလေးတွင် သွေးရောင်အချို့ ပြန်သမ်းလာပြီး သူမ၏ စိတ်ဓာတ်များလည်း အတော်လေး တက်ကြွလာခဲ့သည်။

သူမက သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လွှတ်မပေးလိုပေ။

ချန်ရှင်းကလည်း ထမသွားတော့ဘဲ သူမကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားကာ ကြောင်ပေါက်လေးတစ်ကောင်ပမာ ကွေးကွေးလေး နေစေလိုက်သည်။

သူက ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းထောင့်တွင် ပေကျံနေသော ဆန်ပြုတ်အနည်းငယ်ကို ကြည့်လိုက်ပြီးနောက် ကိုယ်ကိုကိုင်းလျက် သူ့နှုတ်ခမ်းဖြင့် ညင်သာစွာ နမ်းရှိုက်၍ သုတ်ပေးလိုက်သည်။

ရွှီချင်းချင်း၏ ပါးပြင်လေးများ ရဲတွတ်သွားပြီး သူမ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် ပြင်းထန်စွာ ခုန်ပေါက်နေလေသည်။

သို့သော် သူမ ရှောင်မသွားခဲ့ဘဲ ကြောင်လေးတစ်ကောင် ချွဲနေသကဲ့သို့ သူမ၏ မျက်နှာလေးကို တစ်ဇွန်းချင်း သူ့ရင်ဘတ်ထဲ အပ်ထားလိုက်သည်။

[ဒင်…၊ ရွှီချင်းချင်း၏ ချစ်ခင်စုံမက်မှုနှင့် မှီခိုအားထားမှုတို့သည် ပိုမိုအားကောင်းလာပါပြီ]

[စွမ်းအင် +၅၀]

...

ညဉ့်နက်ချိန်တွင် လေပြင်းများ တိုက်ခတ်လာပြီး ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ပင်များမှာ ကျယ်လောင်စွာ တဝီဝီ မြည်ရင်း ယိမ်းနွဲ့နေကြ၏။

ချက်ချင်းပင် မိုးပေါက်ကြီးများ သဲကြီးမဲကြီး ရွာကျလာပြီး မိုးချုန်းသံများ ဟိန်းထွက်လာကာ လျှပ်စီးကြောင်းများက ညကောင်းကင်ယံကို ဖြတ်တောက်သွားသဖြင့် အခန်းထဲတွင် အဖြူရောင်အလင်းတန်းများ လင်းထိန်သွားလေသည်။

ယိုယွင်းပျက်စီးနေသော အိမ်ခေါင်မိုးမှာ ဤကဲ့သို့သော လေဒဏ်မိုးဒဏ်ကို မခံနိုင်တော့ချေ။

"တောက်... တောက်..."

အိမ်ခေါင်မိုး ထုပ်တန်းကြားရှိ အက်ကွဲကြောင်းများမှတစ်ဆင့် မိုးရေများ ယိုစိမ့်ကျလာသည်။ အစပိုင်းတွင် ရေစက်အနည်းငယ်သာ ဖြစ်သော်လည်း သိပ်မကြာခင်မှာပင် ရေစီးကြောင်းများ ဖြစ်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတိုင်း ရေစက်အေးအေးများ ဖြာထွက်လာတော့သည်။

ရွှီချင်းချင်း လန့်နိုးသွားသည်။ အခန်းထဲတွင် ပိုပိုများလာသော ရေကွက်များနှင့် နားငြီးစရာ ရေစက်ကျသံကို ကြားလိုက်ရသောအခါ သူမ၏ ငြိမ်သက်သွားသော နှလုံးသားမှာ ဂဏှာမငြိမ် ပြန်ဖြစ်လာပြန်သည်။ သူမ၏ မျက်ဝန်းများ မှေးမှိန်သွားပြီး ကူကယ်ရာမဲ့ခြင်းများ ပြည့်နှက်သွားလေသည်။

ချန်ရှင်းလည်း ထလာပြီဖြစ်၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ကုတင်ကို အခန်း၏ မိုးမယိုသော ထောင့်ဘက်သို့ အားစိုက်၍ ရွှေ့လိုက်သည်။

ထို့နောက် အိမ်ထဲတွင် အသုံးပြုနိုင်သမျှ ဇလုံများ၊ ရေပုံးများနှင့် ပန်းကန်များကို ထုတ်ယူကာ မိုးရေခံရန် မြေပြင်ပေါ်တွင် ချထားလိုက်သည်။

ဤအရာအားလုံး လုပ်ပြီးနောက် သူက ကုတင်ဘေးသို့ ပြန်လာခဲ့ပြီး တုန်ယင်နေသော ရွှီချင်းချင်းကို ရင်ခွင်ထဲ တင်းကျပ်စွာ ပွေ့ဖက်ထားကာ သူ၏ ကိုယ်ငွေ့ဖြင့် သူမကို နွေးထွေးစေလိုက်သည်။

ရွှီချင်းချင်းက သူ၏ ခိုင်မာပြီး နွေးထွေးသော ရင်ဘတ်ကြီးကို မှီထားရင်း အပြင်ဘက်မှ ကြောက်မက်ဖွယ် လေပြင်းနှင့် မိုးရွာသံ၊ အထဲမှ စိတ်ရှုပ်စရာ ရေစက်ကျသံများကို နားထောင်နေလိုက်သည်။ သူမ၏ နှလုံးသားထဲမှ အကြောက်တရားများက တဖြည်းဖြည်း သက်သာသွားပြီး လုံးဝ ပြေပျောက်သွားတော့သည်။

"လတ်တလော အလုပ်ရှုပ်နေတာတွေ ရှင်းပြီးသွားရင် ဒီအိမ်စုတ်ကြီးကို ဖျက်ပစ်မယ်"

ချန်ရှင်းက သူမ၏ နားနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ လေပြင်းနှင့် မိုးသက်မုန်တိုင်းကြားတွင် သူ့အသံက အလွန်တရာ ကြည်လင်ပြတ်သားနေလေသည်။

"အိမ်အသစ် ဆောက်မယ်။ အုပ်ကြွပ်မိုးထားတဲ့ တိုက်အိမ်လေးပေါ့။ တစ်ရွာလုံးမှာ အခိုင်မာဆုံး အိမ်ဖြစ်ရမယ်။ နောက်ထပ် ဘယ်တော့မှ မိုးမယိုစေရဘူး၊ ပြီးတော့ ဘယ်သူမှလည်း တံခါးကို ကန်မဖွင့်နိုင်စေရဘူး"

ရွှီချင်းချင်း၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်လာပြီး စိတ်လှုပ်ရှားမှုကြောင့် နှာခေါင်းလေးပင် ကျိန်းစပ်လာတော့သည်။

သူမ အားပါးတရ ခေါင်းညိတ်လိုက်ပြီး လိုလားတောင့်တမှုတချို့ ပါဝင်နေသော အသံလေးဖြင့် နှာသံဝဲဝဲ ပြောလိုက်သည်။

"အင်း…၊ ကျွန်မ ရှင့်ကို ယုံတယ်"

အမှောင်ထုထဲတွင် သူမက ရုတ်တရက် သတ္တိမွေးလိုက်ပြီး ရှေ့သို့ တိုးကာ အေးစက်နေသော သူ့နှုတ်ခမ်းကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

ရေပြင်ကို ထိရုံလေး ပျံသန်းသွားသော ပုစဉ်းလေးတစ်ကောင်ပမာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ နှုတ်ခမ်းချင်း လမ်းခွဲလိုက်ကြသည်။

ထို့နောက် ကြီးမားသော အမှားကြီး တစ်ခုကို ကျူးလွန်လိုက်သကဲ့သို့ သူမ၏ မျက်နှာလေးမှာ ရဲတွတ်သွားပြီး သူမ၏ ခေါင်းလေးကို သူ့ရင်ဘတ်ထဲ အမြန်ဝှက်ထားလိုက်ကာ တစ်စက်ကလေးမှ မလှုပ်ရဲတော့ချေ။

ရုတ်တရက်ကြီး အနမ်းခံလိုက်ရသော သူ့နှုတ်ခမ်းကို ချန်ရှင်း ထိကိုင်လိုက်ပြီး မှင်တက်သွား၏။

ထို့နောက် သူ့ရင်ဘတ်ကြီး တုန်ခါသွားပြီး သာယာနာပျော်ဖွယ်ကောင်းသော ရယ်သံတိုးတိုးလေး ထွက်ပေါ်လာတော့သည်။

"မိုက်တယ်ဟ…"

နူးညံ့ပြီး ချစ်စရာကောင်းသော ဇနီးလေးကို ရင်ခွင်ထဲပွေ့ထားရင်း ပြတင်းပေါက်အပြင်ဘက်မှ လေပြင်းနှင့် မိုးရွာသံကို နားထောင်ကာ ချန်ရှင်းတစ်ယောက် သူရဲကောင်းဆန်သော စိတ်ဓာတ်များ ထကြွလာသလို ခံစားလိုက်ရသည်။

ဤအိမ်လေးကို သူ့ကိုယ်ပိုင်လက်ဖြင့် တည်ဆောက်ပြီး မည်သူမှ ဖောက်ထွင်းဝင်ရောက်၍ မရနိုင်သော ခံတပ်ကြီးတစ်ခု ဖြစ်လာစေချင်တော့လေသည်။

All Chapters