← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) - တောဝက်ဘေး

နောက်တစ်နေ့တွင် မိုးတိတ်သွားပြီး ရွှံ့ဗွက်ထနေသော မြေပြင်ပေါ်သို့ နေရောင်ခြည်များ ဖြာကျလာသောအခါ အခိုးအငွေ့များပင် ထွက်ပေါ်လာလေသည်။

ချင်းရွှေရွှားလေး တည်ငြိမ်စ ပြုလာချိန်မှာပင် စိတ်ရှုပ်စရာအသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပြန်သည်။

အဒေါ်ဝမ်က ခရိုင်ရုံးသို့ အစောကြီး ထသွားခဲ့ပြီး ဒေါသတကြီး သောင်းကျန်းခဲ့သလား၊ ငွေအများကြီး သုံးခဲ့သလား မပြောတတ်၊ ကျန်းပြောင်ကို အမှန်တကယ်ပင် ပြန်ခေါ်လာနိုင်ခဲ့သည်။

မွန်းတည့်ချိန်လောက်တွင် အဒေါ်ဝမ်က ခြေတရွတ်တိုက်ဆွဲပြီး လမ်းလျှောက်နေရသည့် ကျန်းပြောင်ကို တွဲရင်း ရွာလမ်းမကြီးအတိုင်း သားအမိနှစ်ယောက် လျှောက်လာကြသည်။

ကျန်းပြောင်၏ ဖြူဖွေးနုဖတ်ခဲ့ဖူးသော မျက်နှာမှာ ယခုအခါ ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ဝက်ခေါင်းကြီးပမာ ဖောင်းအစ်ယောင်ကိုင်းနေလေပြီ။ သူ့နှုတ်ခမ်းထောင့်များတွင် သွေးခြောက်များပင် ကပ်ကျန်နေသေးသည်။

သူ၏ ဂုဏ်ယူဝင့်ကြွားခဲ့ရသော အဖြူရောင် ပိုလီယက်စတာရှပ်အင်္ကျီမှာလည်း ယခုအခါ ညစ်ပတ်စုတ်ပြဲနေပြီး ရွှံ့များနှင့် သွေးများ ပေကျံနေလေသည်။

သူက ခေါင်းငုံ့ထားပြီး သူ့မျက်ဝန်းများမှာ မျက်ရည်များ ယိုဖိတ်ကျလာတော့မတတ် မှိုင်းညှို့နေလေသည်။ ယခင်က ရှိခဲ့ဖူးသော မောက်မာဝင့်ကြွားမှုများအားလုံး ပျောက်ကွယ်သွားပြီး အဆုံးမဲ့ အငြိုးအာဃာတများ အစားထိုး ဝင်ရောက်လာခဲ့လေပြီ။

လမ်းတွင် ရွာသားများနှင့် တွေ့သောအခါ အဒေါ်ဝမ်က ယခင်ကလို သံကုန်ဟစ်၍ ကြွားဝါခြင်း မပြုတော့ပေ။ ထိုအစား တစ်ရွာလုံးက သူမမိသားစုကို တစ်ခုခု အကြွေးတင်နေသကဲ့သို့ လူတိုင်းကို နာကြည်းသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။

ရွာသားများက ထိုသားအမိကို မြင်သောအခါ ကပ်ရောဂါကို ရှောင်ဖယ်နေသကဲ့သို့ ခေါင်းလွှဲသွားကြပြီး အထင်သေးစွာ တံတွေးထွေးရင်း တီးတိုးရေရွတ်နေကြသည်။

"ဟမ့်…၊ ပြန်လာရဲသေးတယ်နော်"

"အေး... ခံရမှာပေါ့။ ခရိုင်မှာ အရှက်ကွဲပြီးတာတောင် ရွာကိုပြန်လာပြီး ပြဿနာထပ်ရှာသေးတယ်။ ဒီလိုလူမျိုးကို အလုပ်ကြမ်းစခန်း ပို့ပစ်ရမှာ"

ထိုပြောစကားများအားလုံးက ကျန်းပြောင်၏ နားထဲသို့ ရောက်ရှိသွား၏။

သူ့လက်သည်းများ အသားထဲ စိုက်ဝင်သွားသည်အထိ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိသည်။ အလွန်တရာ ရှက်ရွံ့ပြီး ဒေါသထွက်လွန်းသဖြင့် ထိုနေရာမှာပင် ရူးသွားတော့မတတ် ဖြစ်နေလေသည်။

*ဒီအရာအားလုံးက ချန်ရှင်းကြောင့်ပဲ*

သူက အငြိုးအာဃာတများအားလုံးကို ချန်ရှင်းခေါင်းပေါ် ပုံချလိုက်ပြီး ရင်ထဲမှာ တံဆိပ်ခတ် မှတ်သားထားလိုက်၏။

အိမ်ရောက်ရောက်ချင်းပင် သူက တံခါးကို ဆောင့်ပိတ်လိုက်ပြီး အထဲတွင် ပုန်းအောင်းနေကာ လုံးဝ အပြင်မထွက်လာတော့ပေ။

ချန်ရှင်း၏ အိမ်တွင်...

ရွှီချင်းချင်းက သူမ ကြားခဲ့ရသော သတင်းများကို ချန်ရှင်းအား ပြောပြနေပြီး သူမ၏ မျက်နှာလေးပေါ်တွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေဆဲဖြစ်သည်။

ချန်ရှင်းက ခြံထဲတွင် သူကောက်ရခဲ့သော သစ်သားတုံးအချို့ကို အသုံးပြု၍ သူ ကန်ချိုးခဲ့သော ခြံတံခါးကို ပြုပြင်နေသည်။

သူ့ဇနီးပြောတာ နားထောင်ရင်း အလုပ်ဆက်လုပ်ရင်းနှင့်ပင် သူ့နှုတ်ခမ်းထောင့်တွင် မသိမသာ လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။

*ဒီလူပြက်တွေကို ကြောက်စရာအကြောင်း မရှိပါဘူး*

ညဉ့်နက်လာပြီဖြစ်သည်။

ရွာသားများ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် ရွာနောက်ဘက်ရှိ တောနက်ကြီးထဲမှ စူးရှသော အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ကာ လူတိုင်းကို ကြက်သီးမွေးညင်း ထသွားစေ၏။

နောက်တစ်နေ့ နံနက်စောစောတွင် ချင်ရွှေရွာ၌ ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းတစ်ပုဒ် ပျံ့နှံ့သွားခဲ့သည်။

ရွာထဲက အဘိုးချန် သေသွားပြီတဲ့…။

မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးသွားသော စိုက်ခင်းများကို စိုးရိမ်သဖြင့် သူက ညအမှောင်ထဲတွင် အခြေအနေ သွားကြည့်ခဲ့သော်လည်း မနက်ထိ ပြန်မရောက်လာခဲ့ပေ။

ယနေ့နံနက်တွင် သူ့မိသားစုက လိုက်ရှာမှသာ လယ်ကွက်အစွန်တွင် သွေးအိုင်တစ်အိုင်နှင့် စုတ်ပြတ်သတ်နေသော အလောင်းတစ်လောင်းကို တွေ့ခဲ့ရလေသည်။

"တောဝက်ခွေ့သွားတာ… အဲ့ဒီ တောဝက်ကြီးက နွားပေါက်စလေးတစ်ကောင်လောက် ကြီးပြီး အစွယ်တွေလည်း ငေါထွက်နေတာ"

အလောင်းကို ပထမဆုံးတွေ့ခဲ့သည့် ရွာသားမှာ ကြောက်လန့်တကြားဖြစ်နေပြီး စကားပြောနေရင်းပင် တုန်ယင်နေဆဲဖြစ်သည်။

"တစ်ကောင်တည်း မဟုတ်ဘူးဗျ။ ခြေရာတွေ ကြည့်ရတာ ရှုပ်ယှက်ခတ်နေတာပဲ၊ ဆယ်ကောင်ထက် မနည်းလောက်ဘူး"

ချင်ရွှေတစ်ရွာလုံး ချက်ချင်းပင် အထိတ်တလန့် ဖြစ်ကုန်တော့သည်။

တောဝက်များ တောင်ပေါ်မှဆင်းလာပြီး လူများကို အန္တရာယ်ပြုခြင်းမှာ အဆန်းမဟုတ်သော်လည်း ဤမျှ အတိုင်းအတာကြီးမားပြီး ကြမ်းတမ်းသည့် တိုက်ခိုက်မှုမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။

အိမ်တိုင်းအိမ်တိုင်း တံခါးများ တင်းကျပ်စွာ ပိတ်ထားကြပြီး ကလေးများပင် အပြင်ထွက်မကစားရဲကြတော့ပေ။ ရွာလေးမှာ သုဿာန်တစပြင်အလား တိတ်ဆိတ်သွားပြီး လေထုမှာလည်း အလွန်အမင်း လေးလံနေလေသည်။

ရွာလူကြီး ချန်ကွမ်လင်တစ်ယောက် ဤသတင်းကြားသောအခါ အလွန်ဒေါသထွက်သွားပြီး လက်ထဲမှ ဆေးတံကိုပင် ချိုးပစ်လိုက်သည်။

သူ့မျက်နှာမှာ ပြာနှမ်းသွားပြီး ရွာထိပ်ရှိ ခေါင်းလောင်းဟောင်းကြီးကို ချက်ချင်းတီးကာ ရွာသားအားလုံး ရုံးချုပ်တွင် အစည်းအဝေးလုပ်ရန် အရေးပေါ် ဆင့်ခေါ်လိုက်သည်။

"ပြောစမ်းပါဦး။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ"

ချန်ကွမ်လင်က ကျောက်စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး သူ့အသံတွင် ထိန်းချုပ်မရသော ဒေါသနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။

"ချန်လောင်ဆန်းက အသေဆိုးနဲ့ သေသွားရတာ။ ဒီတိရစ္ဆာန်တွေက ဒီနေ့ ချန်လောင်ဆန်းကို သတ်နိုင်ရင် မနက်ဖြန် ရွာထဲဝင်ပြီး ငါတို့ကိုလည်း သတ်နိုင်တာပဲ။ ဒီဘေးဒုက္ခကို ရှင်းလင်းပစ်မှ ရမယ်"

ဤသို့ဆိုသော်လည်း အောက်ဘက်ရှိ ရွာသားများအားလုံးမှာ ကြောက်ရွံ့နေသည့် မျက်နှာထားများနှင့် အချင်းချင်း တီးတိုးဆွေးနွေးနေကြပြီး မည်သူကမှ မတ်တတ်ထရပ် ကန့်ကွက်စကား တစ်ခွန်းမှ မဆိုရဲကြပေ။

နွားပေါက်စလေးအရွယ် တောဝက်ဘုရင်တစ်ကောင်က တခြားတောဝက် ဆယ်ကောင်ကျော်ကို ဦးဆောင်နေတာ...

ဘယ်သူက သေမင်းဆီ သွားရဲမှာလဲ…

ထိုအချိန်တွင် အိမ်နီးချင်း လီရွာမှ ရွာလူကြီးက မုဆိုးတချို့နှင့်အတူ အမြန်ပြေးလာကြပြီး သူတို့အားလုံး၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်နေသည့်အမူအရာများ ရှိနေကြသည်။

"အစ်ကိုချန်…၊ ခင်ဗျားတို့ရွာရော ခံရသေးလား"

လီရွာလူကြီးက တံခါးဝသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အော်ဟစ်လိုက်သည်။

"ကျွန်တော်တို့ရွာက စိုက်ခင်းတွေလည်း အဲ့ဒီ သေနာကျတိရစ္ဆာန်တွေကြောင့် တစ်ဝက်လောက် ပျက်စီးကုန်ပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူစုပြီး ဝိုင်းဖမ်းဖို့ လုပ်ခဲ့သေးတယ်။ ပစ္စည်းကိရိယာတွေ အကုန်ယူသွားပေမဲ့ အဲ့ဒီ ဝက်ဘုရင်ကြီးက ရူးသွပ်နေသလိုပဲ၊ ကျွန်တော်တို့ထဲက နှစ်ယောက်တောင် ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်သွားတယ်"

ချင်ရွှေရွာလည်း ဘေးဒုက္ခကြုံတွေ့နေရကြောင်း ကြားသောအခါ လီရွာလူကြီးက ချက်ချင်းပင် အကြံပြုလာသည်။

"အစ်ကိုချန်...၊ ရွာတစ်ရွာတည်းနဲ့တော့ အဆင်မပြေဘူး။ ကျွန်တော်တို့ ပူးပေါင်းကြမယ်၊ လူအင်အား ပိုများလာရင် ပိုစွမ်းအားရှိလာမယ်၊ ပြီးတော့ တောင်ပေါ်တက်ပြီး ဒီဝက်တစ်သိုက်ကို အပြတ်ရှင်းကြမယ်"

လူအင်အား လုံလောက်အောင် စုစည်းပြီးသွားသော်လည်း ပြဿနာအသစ်များ ပေါ်ပေါက်လာပြန်သည်။

ရွာနှစ်ရွာမှ လူများ ပူးပေါင်းလုပ်ဆောင်ကြသဖြင့် လူအင်အား ပိုမိုများပြားလာသော်လည်း ပြဿနာအသစ်များ ပေါ်လာခြင်းဖြစ်သည်။

ဘယ်သူက ခေါင်းဆောင်လုပ်မှာလဲ…။

နွားရိုင်းကြီးတစ်ကောင်လို ဖြစ်နေတဲ့ အဲ့ဒီ တောဝက်ဘုရင်ကြီးကို ဘယ်သူက အရင်ဆုံး ရင်ဆိုင်ရဲတဲ့ သတ္တိရှိမှာလဲ…။

တခဏလောက် ခြံဝင်းထဲ ဆူညံပွက်လောရိုက်နေသော်လည်း ဆွေးနွေးမှုများကို ဦးဆောင်မည့်သူ မရှိသောကြောင့် လေထုမှာ ပို၍ပင် ဖိစီးလေးလံလာတော့သည်။

လူအုပ်ထဲတွင် တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"ချန်ရှင်း...၊ ချန်ရှင်းက ဓားတွေ တုတ်တွေ ကိုင်ထားတဲ့ ဝမ်တယ်ရှန်းရဲ့ လူမိုက်အဖွဲ့ကိုတောင် အနိုင်ယူနိုင်တာ၊ သူ တကယ် စွမ်းဆောင်နိုင်မှာ သေချာတယ်"

ဒီစကားတစ်ခွန်းက အမှောင်ထုထဲတွင် မီးခွက်တစ်လုံး ထွန်းညှိလိုက်သကဲ့သို့ပင်။

ဝှီး...

ကြိုတင်စီစဉ်ထားသလိုပင် ခြံဝင်းထဲရှိ လူအားလုံး၏ အကြည့်များမှာ လူအုပ်၏ နောက်ဘက်ရှိ လူတစ်ယောက်ဆီသို့ တစ်ပြိုင်နက်တည်း စူးစိုက်ရောက်ရှိသွားကြသည်။

ချန်ရှင်းပင် ဖြစ်သည်။

ထိုမျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများ ရှိသကဲ့သို့ တွေဝေမှုများလည်း ရှိနေသည်။ သို့သော် အားလုံးထက် ပိုသည်က မျှော်လင့်ချက်မဲ့မှုမှ မွေးဖွားပေးလိုက်သည့် မျှော်လင့်ချက်သဲ့သဲ့နှင့် အားထားလိုစိတ်များပင် ဖြစ်သည်။

ချန်ကွမ်လင်ကလည်း ချန်ရှင်းဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ၏ နောက်ကျိနေသော မျက်ဝန်းများထဲတွင် စူးရှသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။

သူက ချန်ရှင်းအနားသို့ လျှောက်သွားလိုက်သည်။ သူ့မျက်ဝန်းများမှာ အလွန်တရာ လေးနက်တည်ကြည်နေပြီး အသံမှာ အနည်းငယ် အက်ကွဲနေလေသည်။

"ချန်ရှင်း...၊ မင်းကို ဒီလို အန္တရာယ်များတဲ့ အလုပ်အတွက် တာဝန်ပေးရတာ မင်းအနေနဲ့ အခက်တွေ့စေမှန်း ငါ သိပါတယ်။ ဒါပေမဲ့ အခု တစ်ရွာလုံးရဲ့ လုံခြုံရေးက မင်းအပေါ်မှာပဲ မူတည်နေတယ်။ ချင်ရွှေရွာသားတွေကို ကိုယ်စားပြုပြီး မင်းကို ခေါင်းဆောင်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ ရွာကို ဒီဘေးဒုက္ခကနေ ကင်းဝေးအောင် ကူညီပေးပါ"

လီကျားရွာက ပါလာသည့် မုဆိုးအိုကြီးတွေကတော့ ချန်ရှင်းကို ခေါင်းအစခြေအဆုံး အကဲခတ်နေကြသည်။ တောင့်တင်းဖြောင့်စင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် ချန်ရှင်း၏ ပုံပန်းသဏ္ဌာန်မှာ လယ်သမားတစ်ယောက်နှင့် လုံးဝမတူပေ။ ထို့ကြောင့် သူတို့၏ မျက်နှာများတွင် သံသယစိတ်နှင့် အထင်သေးစိတ်များ အထင်းသား ပေါ်လွင်နေ၏။

"သူလား...၊ သူက လူပျိုတောင် ဖြစ်ပြီမို့လား"

မုဆိုးအိုကြီးတစ်ယောက်က လှောင်သလိုလိုဖြင့် သူ့ဘေးက လူကို ပြောလိုက်သည်။

"ချင်ရွှေရွာမှာ လူပြတ်သွားပြီလား။ ဒီလို ကလေးကိုများ ဦးဆောင်ခိုင်းရတယ်လို့... တကယ့်ကို ရယ်စရာကြီးပဲ"

ချင်ရွှေရွာသားများကတော့ ချက်ချင်းပင် ကန့်ကွက်ကြတော့သည်။

"ခင်ဗျားတို့က ဘာသိလို့လဲ။ ချန်အစ်ကိုက တကယ် တော်တာဗျ"

ချန်ရှင်းကတော့ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ တည်ငြိမ်သော မျက်နှာထားဖြင့်သာ လူတိုင်း၏ အကြည့်များကို ရင်ဆိုင်နေ၏။ သူက စကားများများစားစား မပြောတော့ဘဲ ချန်ကွမ်လင်ကိုသာ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ"

သဘောတူလိုက်ပြီ…။ သူ အမှန်တကယ်ပင် သဘောတူလိုက်ပြီဖြစ်သည်။

ရွာသားများကြားမှာ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ချန်ရှင်းက လက်ကိုမြှောက်ပြီး လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြလိုက်၏။

သူက လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်

"လက်နက်ကိရိယာ မရှိဘဲနဲ့တော့ အမဲလိုက်လို့ မရဘူး"

သူ့အကြည့်များက ချန်ကွမ်လင်နှင့် လီရွာလူကြီးဆီသို့ ကျရောက်သွားသည်။

"ရွာနှစ်ရွာလုံးမှာ လိုက်မေးကြည့်ပေးပါ။ အမဲလိုက်သေနတ်ဖြစ်ဖြစ်၊ တူမီးသေနတ်ဖြစ်ဖြစ်...၊ ကောင်းသည်ဖြစ်စေ၊ ပျက်သည်ဖြစ်စေ၊ သုံးလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ...၊ ရှိသမျှ အကုန်လုံး ကျွန်တော့်ဆီ ယူလာပေးပါ"

ထိုစကားကို ကြားသည်နှင့် လူတိုင်း ချက်ချင်း လှုပ်ရှားကြတော့သည်။ မကြာမီမှာပင် ရုံးချုပ် ခြံဝင်းအလယ်၌ သံစုတ်လေးတစ်ပုံ ပေါ်လာတော့၏။

ထိုအထဲတွင် ရှေးဟောင်း တူမီးသေနတ်များနှင့် အမဲလိုက်သေနတ် ဆယ်ခုကျော် ပါဝင်သည်။ အချို့မှာ ပြောင်းဝများ ကောက်နေပြီး အချို့မှာ မောင်းတံများ မရှိတော့ချေ။ အချို့ဆိုလျှင် သေနတ်ဒင်များမှာ အကျိုးအပဲ့များ ဗရပွ ဖြစ်နေလေသည်။ ကြည့်ရသည်မှာ ထင်းချောင်းများထက်ပင် မသာလွန်လှပေ။

အိမ်နီးချင်းရွာမှ မုဆိုးများကို မဆိုထားနှင့်၊ ချင်ရွှေရွာသားများပင် ထိုအရာများကို မြင်သောအခါ စိတ်ဓာတ်ကျသွားကြသည်။

ဒီသံစုတ်ကြီးတွေနဲ့ တောဝက်ဘုရင်ကို သွားတိုက်မလို့လား…။

ချန်ရှင်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြောင်းဝထဲမှာ ပင့်ကူအိမ်တွေ ဖွဲ့နေသည့် တူမီးသေနတ်တစ်လက်ကို ကောက်ကိုင်လိုက်ကာ အလွန်အမင်း အာရုံစိုက်လျက် စစ်ဆေးနေလေသည်။

ခဏအကြာတွင် လူတိုင်း၏ အံ့ဩမှင်တက်နေသော အကြည့်များကြား၌ သူက ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ထို့နောက် ပျက်နေသော သေနတ်ကို သံစုတ်ပုံထဲသို့ ပြန်ပစ်ထည့်လိုက်ပြီး ယနေ့ ရာသီဥတု သာယာကြောင်း ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

"ကျွန်တော် ပြင်လို့ရတယ်"

တစ်ဝင်းလုံး ပွက်လောရိုက်သွားတော့သည်။ ရွာသားများနှင့် မုဆိုးများအားလုံး အံ့ဩမှင်တက်သွားကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။

နောက်နေတာလား...။ ဒီသံစုတ်ပုံကြီးဆိုတာ ခရိုင်က သေနတ်ပြင်ဆရာတောင် ခေါင်းခါသွားရမယ့် အနေအထားမျိုး မဟုတ်လား။ သူက ဘယ်လိုလုပ် ပြင်နိုင်မှာလဲ။

ချန်ရှင်းကတော့ ဘာကိုမှ ထပ်မရှင်းပြတော့ဘဲ

"ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ၊ အားလုံးပဲ ပြန်ပြီး သတင်းစောင့်နေကြပါ"

အခန်း (၂၈) နတ်လက်နက်ပမာ ထူးခြားဆန်းကြယ်သော လက်နက်များ

ထိုညတွင် ချန်ရှင်းသည် လူသူအပေါင်းကို ရှောင်ကွင်းပြီး ရွာနောက်ဘက်ရှိ တိတ်ဆိတ်ငြိမ်သက်သော တောင်ကြားတစ်ခုသို့ တစ်ဦးတည်း သွားခဲ့သည်။ တောင်ပေါ်လေများက တဝူးဝူး တိုက်ခတ်နေ၏။

ပတ်ဝန်းကျင်၌ မည်သူမျှ မရှိကြောင်း သေချာစေပြီးနောက် စိတ်ထဲမှ အမိန့်ပေးလိုက်ရာ ရင်းနှီးနေပြီဖြစ်သော အဖြူရောင်အလင်းတံခါးပေါက်ကြီးက သူ့ရှေ့မှောက်တွင် တိတ်တဆိတ် ပွင့်ဟလာတော့သည်။ ချန်ရှင်းလည်း တွေဝေခြင်းမရှိ ထိုအလင်းတံခါးထဲသို့ ချက်ချင်း လှမ်းဝင်လိုက်လေသည်။

အလင်းနှင့် အရိပ်တို့ ရစ်ဝဲပြောင်းလဲသွားပြီး နောက်တစ်စက္ကန့်မှာတော့ သူသည် ၂၁ ရာစုရှိ အငှားခန်းလေးထဲသို့ ပြန်လည်ရောက်ရှိသွားလေပြီ။ အချိန်ဆိုင်းမနေဘဲ ချန်ရှင်းလည်း ရှေးဟောင်းပစ္စည်းများကို သေသေချာချာ ထုပ်ပိုးပြီး မြို့၏ အကြီးဆုံး ရှေးဟောင်းပစ္စည်းဈေးသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့တော့သည်။

ယခင်တစ်ခေါက်ကအတိုင်း ရတနာနန်းတော်(ဟန်ဟိုင်ပြခန်း) ဆိုင်သို့ပင် ရောက်လာခဲ့ခြင်းဖြစ်သည်။ ဆိုင်တံခါးဝမှာတော့ မျက်မှန်နှင့်ဆိုင်ရှင်မှာ ပျင်းရိငြီးငွေ့သော မျက်နှာထားဖြင့် လက်ဖက်ရည်သောက်ရင်း ထိုင်ခုံပေါ်တွင် မှီလျက် လှဲလျောင်းနေ၏။

ချန်ရှင်းကို မြင်လိုက်ရသည်နှင့် သူ ခဏမျှ မှင်တက်သွားပြီးနောက် အပ်နှင့်အထိုးခံလိုက်ရသည့်အလား ထိုင်ခုံပေါ်မှ ဝုန်းကနဲ ထရပ်လိုက်တော့သည်။ သူ့မျက်နှာပေါ်မှ ခပ်စိမ်းစိမ်း အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် ဖော်ရွေလှသော အပြုံးများ အစားထိုးဝင်ရောက်လာသည်။

"ဩော်... မစ္စတာချန်ပါလား၊ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ"

ဆိုင်ရှင်က ပြာပြာသလဲ ပြေးလာပြီး ဂန္ဓမာပန်း ပွင့်သွားသကဲ့သို့ ပြုံးဖြီးနေသော မျက်နှာဖြင့် ဆီးကြိုလေတော့သည်။

"ကြွပါ... ကြွပါခင်ဗျာ"

ဤကဲ့သို့ ၁၈၀ ဒီဂရီ ပြောင်းလဲသွားသော အမူအရာကြောင့် ချန်ရှင်း စိတ်ထဲမှာ ခိုးပြုံးမိသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲပင်။

"သူဌေး...၊ ကျွန်တော် နောက်တစ်ခါ နှောင့်ယှက်မိပြန်ပြီ"

"မဟုတ်တာဗျာ၊ မစ္စတာချန် ကျွန်တော့်ဆိုင်ကို ကြွလာတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာကြီးပါ"

ဆိုင်ရှင်က ဦးညွှတ်အရိုအသေပေးရင်း သာမန်လူတွေ ဝင်ခွင့်မရှိသော အတွင်းခန်းသို့ ဖိတ်ခေါ်သွားလေသည်။

"အကောင်းဆုံး ဒါဟုန်ဖောင် လက်ဖက်ရည်ကို ယူလာခဲ့စမ်း"

သူ အပြင်သို့ အော်ပြောလိုက်ပြီးနောက် ချန်ရှင်းအတွက် ထိုင်ခုံကို ကိုယ်တိုင်ကိုယ်ကျ ဆွဲယူပေးလေသည်။

လက်ဖက်ရည်ရနံ့များက လေထုထဲတွင် ပျံ့လွင့်လာ၏။ ဆိုင်ရှင်ထိုင်လိုက်သည်နှင့် ချန်ရှင်းက စကားကြောမရှည်တော့ဘဲ ရှေးဟောင်းပစ္စည်းများ ထည့်ထားသော သေတ္တာကို မဟော်ဂနီစားပွဲပေါ်သို့ တင်လိုက်သည်။ ဆိုင်ရှင်၏ မျက်လုံးများမှာ ချက်ချင်းပင် ဝိုင်းစက်သွား၏။

ချန်ရှင်းက သေသေချာချာ စီထားသော ဖြူပြာရောင် ကြွေထည်ပစ္စည်းများကို တစ်ခုချင်း ထုတ်ပြလိုက်သည်။ ပထမဆုံး ကြွေပန်းကန်လုံးလေးကို စားပွဲပေါ်တင်လိုက်ချိန်တွင် ဆိုင်ရှင်၏ အသက်ရှူသံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။ သူက မှန်ဘီလူးကို ကပျာကယာ ဆွဲယူကာ အနားသို့ တိုးကြည့်လေသည်။

ပန်းကန်လုံးအောက်ခြေရှိ “ချင်းမင်းဆက် ချန်လုံမင်း လက်ထက်တွင် ပြုလုပ်သည်" ဟူသော ရှင်းလင်းသည့် တံဆိပ်အမှတ်အသား၊ ကျောက်စိမ်းကဲ့သို့ နွေးထွေးသော အထိအတွေ့နှင့် လက်ရာမြောက်သော ပန်းချီကားချပ်များကြောင့် မှန်ဘီလူးကို ကိုင်ထားသော သူ့လက်များပင် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့သည်။

"နန်းတွင်းသုံး... နန်းတွင်းသုံး ကြွေထည်တွေပဲ..."

ချန်ရှင်းက သူ့ကို ဂရုမစိုက်ဘဲ ဆက်ထုတ်ပြနေ၏။

ဒုတိယတစ်ခု၊ တတိယတစ်ခု...

စားပွဲပေါ်တွင် ပစ္စည်းစုံလင်သွားပြီး တစ်ခုချင်းစီမှာလည်း အနာအဆာမရှိ အကောင်းတိုင်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဆိုင်ရှင်၏ နဖူးပေါ်တွင် ချွေးစများ စို့လာတော့သည်။ သူ့အမူအရာမှာလည်း အံ့ဩခြင်းမှသည် အရူးအမူး ဖြစ်သည့် အနေအထားသို့ ပြောင်းလဲသွားတော့သည်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပေ။

ချန်ရှင်းက အဝတ်စုတ်နှင့် ပတ်ထားသော ကျောက်စိမ်းတုံးကို ထုတ်ယူပြီး အသာအယာ ဖြည်ချလိုက်ပြန်သည်။ ချောမွတ်တောက်ပပြီး အရောင်အသွေး စိုပြည်နေသည့် ဟော်ထျန် ကျောက်စိမ်းတုံးကြီးက စားပွဲပေါ်မှာ ငြိမ်သက်စွာ ရှိနေပြီး ခပ်ဖျော့ဖျော့ အလင်းရောင်များ ဖြာထွက်နေစေ၏။

ဆိုင်ရှင်၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်လာတော့မတတ် ဖြစ်နေပြီ။

နောက်ဆုံးမှာတော့ ချန်ရှင်းက ပန်းချီကားလိပ်များကို ထုတ်ပြီး စားပွဲပေါ်မှာ ဖြည်းဖြည်းချင်း ဖြန့်ချလိုက်သည်။

လက်ရာမြောက်သော စုတ်ချက်များ၊ နက်ရှိုင်းသော အနုပညာရသများ ပါဝင်သည့် ရှုခင်းအလှ ပန်းချီကားတစ်ချပ်...။

ညာဘက်အောက်ထောင့်ရှိ တံဆိပ်တုံးနှင့် လက်မှတ်ကို မြင်လိုက်ရချိန်မှာတော့ ဆိုင်ရှင်ခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် ထိုင်ခုံပေါ်မှ လိမ့်ကျလုနီးပါး ဖြစ်သွားရလေတော့သည်။

"ဘုရားရေ... ဘုရားရေ..."

ဆိုင်ရှင်က စားပွဲပေါ်ရှိ ရတနာပုံကြီးကို ကြည့်ရင်း အသက်ရှူကျပ်လာသလို ခံစားလိုက်ရသည်။ သူ ချန်ရှင်းကို ကြည့်သော အကြည့်များမှာ လာဘ်ကောင်းသော ကောင်လေးကို ကြည့်သလို မဟုတ်တော့ဘဲ လူ့ပြည်သို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကို ကြည့်နေသလိုမျိုး ဖြစ်နေလေပြီ။

သူ့အသံမှာလည်း ရိုသေလေးစားမှုများဖြင့် တုန်ယင်နေ၏။

"မစ္စတာချန်... မစ္စတာချန်... ဒါ... ဒါတွေအားလုံးက..."

"ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေတွေပါပဲ"

ချန်ရှင်းက လက်ဖက်ရည်ခွက်ကို မလိုက်ပြီး အပေါ်ယံမှ အမြှုပ်လေးများကို အသာအယာ မှုတ်ထုတ်လိုက်သည်။

ဤစကားတစ်ခွန်းက အစွမ်းထက်လှသည့် မှော်စကားတစ်ခွန်းကဲ့သို့ပင် ဆိုင်ရှင် မေးချင်နေသော မေးခွန်းအားလုံးကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။

သူ ထပ်၍ မစူးစမ်းရဲတော့ဘဲ အသက်ပြင်းပြင်းရှူလိုက်ကာ နဖူးပေါ်မှ ချွေးများကို သုတ်ပြီး အရေးကြီးဆုံး အဆင့်သို့ တန်းသွားလိုက်တော့သည်။

"မစ္စတာချန်...၊ ဈေးသာ ခေါ်လိုက်ပါ"

ဤတစ်ခေါက်မှာတော့ သူက ဈေးတောင် မဆစ်ရဲတော့ချေ။

ချန်ရှင်းက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လက်ငါးချောင်း ထောင်ပြလိုက်သည်။

ဆိုင်ရှင်၏ သူငယ်အိမ်များ ကျုံ့သွားပြီး မဝံ့မရဲ မေးလိုက်သည်။

"ငါးသိန်း... လားခင်ဗျ"

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

ချန်ရှင်းက ခေါင်းကို အသာအယာ ခါပြလိုက်သည်။

"ငါး... ငါးသန်းလား"

ဆိုင်ရှင်၏ အသံများက တုန်ခါကွဲအက်နေပြီ။

ချန်ရှင်းက ထပ်၍ ခေါင်းခါပြလိုက်ပြန်သည်။ ပြီးမှ ပါးစပ်ကို ဖြည်းဖြည်းချင်းဟပြီး ကိန်းဂဏန်းတစ်ခုကို ပြောလိုက်လေတော့သည်။

ဆိုင်ရှင်တစ်ယောက် အသက်ရှူမှားသွားပြီး အရိုးများ ထုတ်ပစ်ခံလိုက်ရသလိုမျိုး ထိုင်ခုံပေါ်သို့ အပုံလိုက်လေး ခွေကျသွားတော့သည်။

သို့သော် စားပွဲပေါ်ရှိ ဆိုင်၏ အဖိုးတန် ရတနာများ ဖြစ်လာမည့် ပစ္စည်းပုံကြီးကို ကြည့်ပြီး သူက သွားကို တင်းတင်းကြိတ်ကာ ခြေတစ်ချက် ဆောင့်လိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။

"သဘောတူတယ်ဗျာ"

အရောင်းအဝယ်က အောင်မြင်သွားခဲ့လေပြီ။

ဘဏ်မှ ငွေဝင်ကြောင်း အသိပေးချက် ရောက်လာသောအခါ ချန်ရှင်းက သူအကြိမ်ကြိမ် ရေတွက်ထားသော ရှည်လျားလွန်းသည့် သုညတန်းကြီးကို ကြည့်ပြီး အတိုင်းအထက်အလွန် ကျေနပ်အားရမှုကို ခံစားလိုက်ရသည်။

ဤရှေးဟောင်းပစ္စည်း အရောင်းအဝယ်ကို ခေတ္တရပ်နားထားရန် သူ တည်ငြိမ်စွာပင် ဆုံးဖြတ်လိုက်၏။ အဖိုးတန်ပစ္စည်း အစစ်အမှန်များကို ဤမျှအကြိမ်ရေစိပ်စိပ် ထုတ်ပြနေခြင်းက လူအများ၏ အာရုံစိုက်မှုကို ခံရနိုင်ပြီး မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်နေသလို ဖြစ်နိုင်သောကြောင့်ပင်။

ယခုရရှိထားသော ငွေပမာဏမှာ သူလုပ်ဆောင်ချင်သည့် ကိစ္စများစွာအတွက် အတော်လေး လုံလောက်နေပြီ ဖြစ်သည်။

ရှေးဟောင်းပစ္စည်းဈေးမှ ထွက်လာပြီးနောက် ချန်ရှင်း ယခင်ကလို လက်နက်ကိရိယာဆိုင်များသို့ မသွားတော့ချေ။

သူက တက္ကစီတစ်စီးငှားပြီး ဝေးလံသီခေါင်ဖျားသော စက်မှုဇုန်တစ်ခုသို့ သွားခဲ့၏။ ထို့နောက် အွန်လိုင်းပေါ်ရှိ လျှို့ဝှက်ဖုန်းနံပါတ်တစ်ခုမှတစ်ဆင့် သေနတ်ပြုပြင်မွမ်းမံသူတစ်ဦးနှင့် ဆက်သွယ်လိုက်သည်။

ဖုန်းဖြင့် အတိုချုံးစကားပြောပြီးနောက် တစ်ဖက်လူမှာ ဤကဲ့သို့သော ဖောက်သည်ကြီးများနှင့် အတော်လေး ကျွမ်းကျင်နေပုံရ၏။

နာရီဝက်ခန့်အကြာတွင် သိပ်သတိမထားမိနိုင်သော သေနတ်ပြုပြင်သည့် ဝပ်ရှော့လေးတစ်ခုအတွင်း၌ စက်ဆီနံ့များ ထွက်နေပြီး ကာကွယ်ရေးမျက်မှန် တပ်ထားသော အမျိုးသားတစ်ဦးနှင့် ချန်ရှင်း တွေ့ဆုံလိုက်ရသည်။

စကားအပိုများ မပြောတော့ဘဲ ချန်ရှင်းက တိုက်ရိုက် ဈေးခေါ်လိုက်ပြီး အစိတ်အပိုင်းများ ဖြုတ်တပ်၍ရသော ရေမင်တန် (Remington) M700 စနိုက်ပါရိုင်ဖယ်တစ်လက်၊ အဆင့်မြင့် အဝေးကြည့်မှန်ပြောင်း၊ ကျည်ဆန်သေတ္တာကြီး နှစ်လုံး ဝယ်ယူလိုက်သည်။

(TN-ကိုယ့်စိတ်ကြိုက် modified လုပ်နိုင်တဲ့ ရိုင်ဖယ်အမျိုးအစားပါ)

တစ်ချိန်တည်းမှာပင် ရွာမှ စုဆောင်းလာသော ပျက်စီးနေသည့် တူမီးသေနတ်နှင့် အမဲလိုက်သေနတ် ဆယ်ဂဏန်းကျော်ကို သူ ထုတ်ယူလိုက်၏။

"ဒါတွေကို အကောင်းဆုံး လက်ရာ၊ အကောင်းဆုံး ပစ္စည်းတွေသုံးပြီး ပြန်မွမ်းမံပေးပါ"

ပြုပြင်မွမ်းမံသူက ထိုသံစုတ်ပုံကြီးကို တစ်ချက်ကြည့်လိုက်ပြီး ချန်ရှင်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ခေါင်းကိုတော့ ငြိမ့်ပြလိုက်လေသည်။

ငွေသာ ပေးနိုင်မည်ဆိုလျှင် မီးဖိုချောင်သုံး မီးညှပ်ကိုပင် ဂတ်တလင်းသေနတ်အဖြစ် သူ ပြောင်းလဲပေးနိုင်၏။

(TN – Machine Gun တွေရဲ့ ဘိုးအေလို့ ပြောလို့ရမယ် သေနတ်မျိုးပါ။ ပြောင်း ၆ခု ကနေ ၁၀ခုလောက် စက်ဝိုင်းပုံ ပါပြီး ကျည်ဆန်မိုး ရွာပစ်နိုင်တဲ့ သေနတ်မျိုးပါ)

စောင့်ဆိုင်းနေစဉ်အတွင်း ချန်ရှင်းတစ်ယောက် အားမနေခဲ့ပေ။ စူပါမားကတ်သို့ ထပ်သွားပြီး ရွှီချင်းချင်း အကြိုက်ဆုံး မုန့်များနှင့် နေ့စဉ်သုံး ပစ္စည်းအချို့ကို နောက်တစ်သုတ် ဝယ်ယူလိုက်လေတော့သည်။

နာရီအနည်းငယ်ကြာပြီးနောက်မှာတော့ သူ အပ်ထားသော ပစ္စည်းများက အဆင်သင့် ဖြစ်နေလေပြီ။

ပြုပြင်မွမ်းမံသူ၏ လက်ရာက တကယ့်ကို ထိပ်တန်းအဆင့်ပင်။ ဆွေးမြည့်ပျက်စီးနေသော အမဲလိုက်သေနတ်နှင့် တူမီးသေနတ် ဆယ်ဂဏန်းကျော်မှာ အတွင်းအပြင် လုံးဝ အသစ်စက်စက် ပြောင်းလဲသွားလေပြီ။

အတွင်းပိုင်းတည်ဆောက်ပုံများကို သေသေချာချာ မွမ်းမံထားပြီး ခေတ်မီသတ္တုစပ် အစိတ်အပိုင်းများကို အသုံးပြုထားသောကြောင့် မူလစွမ်းဆောင်ရည်ထက် များစွာ သာလွန်သွားသည့်အပြင် ပစ်အားမှာလည်း နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပြင်းထန်သွားခဲ့သည်။

လေးလံသော ခရီးဆောင်သေတ္တာ အများအပြားကို သယ်ဆောင်ပြီး ချန်ရှင်းလည်း အငှားခန်းလေးဆီ ပြန်လာခဲ့၏။ ထို့နောက် တစ်ဖက်ကမ္ဘာသို့ ကူးရန် ပြင်ဆင်လိုက်သည်။ တံခါးပေါက်ကို မဖွင့်မီ သူ တစ်ခုခုကို သတိရသွားပြီး စနစ်မှ အသစ်ဖွင့်ပေးထားသော လုပ်ဆောင်ချက်တစ်ခုကို အသက်သွင်းလိုက်သည်။

"စနစ်...၊ စနိုက်ပါရိုင်ဖယ်ရယ် ပြင်ထားတဲ့ သေနတ်တွေနဲ့ ကျည်ဆန်အားလုံးကို ခေတ်ဟောင်းပုံစံ ရုပ်ဖျက်ပေးပါ"

[ဒင်…၊ အမိန့်ကို လက်ခံရရှိပါပြီ၊ အခြေခံ ရုပ်ဖျက်ခြင်း လုပ်ဆောင်ချက်ကို စတင်နေပါသည်...။]

[စွမ်းအင် ၅၀ သုံးစွဲနေပါသည်၊ သတ်မှတ်ထားသော ပစ္စည်းများကို ခေတ်ဟောင်းပုံစံ ရုပ်ဖျက်နေပါသည်...။]

[ရုပ်ဖျက်ခြင်း ပြီးဆုံးပါပြီ]

ချန်ရှင်း၏ မျက်စိရှေ့မှောက်မှာပင် ခေတ်မီနည်းပညာများဖြင့် တလက်လက်တောက်နေသော ရေမင်တန် M700 စနိုက်ပါရိုင်ဖယ်ကြီးမှာ တဖြည်းဖြည်း ဟောင်းနွမ်းသွားသည့် လက္ခဏာများ ပေါ်ပေါက်လာ၏။

သေနတ်ကိုယ်ထည်ပေါ်တွင် သေးငယ်သော ခြစ်ရာများနှင့် ကြေးညှိရောင်များ စွဲထင်လာပြီး သေနတ်ဒင်မှာလည်း စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသကဲ့သို့ ပို၍ နက်မှောင်သွားလေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ၎င်းက ဒုတိယကမ္ဘာစစ်အတွင်းမှ ဂျာမန်တို့၏ လက်ရာမွန် မော်ဆာ ရိုင်ဖယ်အဟောင်းတစ်လက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ပြန်လည်မွမ်းမံထားသောကြောင့် တလက်လက်တောက်နေသည့် အမဲလိုက်သေနတ် ဆယ်ဂဏန်းကျော်မှာလည်း အချိန်ကာလ၏ အမှတ်အသားများ စွဲထင်သွားခဲ့သည်။

သေနတ်ပြောင်းများမှာ သံချေးရောင် တောက်နေပြီး သေနတ်ဒင်မှာလည်း ဟောင်းနွမ်းနေသည့်အသွင် ဆောင်သွား၏။ ခေတ်မီလက်ရာဟူ၍ အစအနမျှပင် မကျန်တော့ဘဲ ကျွမ်းကျင်သော လက်မှုပညာရှင်ကြီးတစ်ဦးက ဂရုတစိုက် ပြန်လည်ပြင်ဆင်ထားသည့်ပုံစံမျိုး ဖြစ်သွားလေသည်။

တောက်ပသော အဝါရောင် ကျည်ဆန်သေတ္တာကြီး နှစ်လုံးပင် ဖုန်များ တက်နေပြီး မွဲခြောက်သွားကာ လက်နက်တိုက်တစ်ခု၏ ထောင့်တစ်နေရာမှ တူးဖော်ရရှိလာသည့် လက်ကျန်ပစ္စည်းဟောင်းများလို ဖြစ်သွားတော့သည်။

"ပြီးပြည့်စုံသွားပြီ"

ချန်ရှင်း၏ နှုတ်ခမ်းဖျားတွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာသည်။ ဤလုပ်ဆောင်ချက်က သူ့အတွက် အထူးတလည် ဖန်တီးပေးထားသည့်အလားပင်။

သူက ပစ္စည်းအားလုံးကို သိုလှောင်ရုံစနစ်ထဲသို့ ထည့်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ အလင်းတံခါးပေါက်အတွင်းသို့ လှမ်းဝင်လိုက်တော့သည်။

All Chapters