← Chapters

မိစ္ဆာဧကရာဇ်လား ... အဟက်

Vol. 12 Ch. 1199

မိစ္ဆာဧကရာဇ်လား ... အဟက်

Vol. 12 Ch. 1199

အဘိုးကြီးမှာ ဖြေးညင်းစွာ ခေါင်းမော့လာတော့သည်။

သူသည် အစိမ်းရောင် အဝတ်အစားများကို ဆင်မြန်းထားပြီး အဖြူရောင်ဆံပင်ရှည်များနှင့် ပိန်လှီသောခန္ဓာကိုယ်တစ်ခုတို့ကို ပိုင်ဆိုင်ထားသောကြောင့် အထင်ကြီးဖွယ်ရာပုံစံ မရှိပေ။ ထို့အပြင် သူက အနည်းငယ်ပင် ခါးကိုင်းနေပြီ ဖြစ်သည်။ သို့သော် သူ ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများမှာ စူးရှတောက်ပလာတော့သည်။ ရုတ်တရက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

သူ၏စွမ်းအင်များမှာလည်း မြင့်တက်လာပြီး သူ၏ဆံပင်များမှာလည်း အဖြူရောင်မှ ပိတုန်းရောင်ပမာ မည်းနက်သွားသည်။

သူ ခေါင်းမော့ပြီးသွားသောအခါတွင် သူသည် အဘိုးကြီးတစ်ယောက်နှင့် လုံးလုံး မတူတော့ပဲ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် တူနေပြီဖြစ်သည်။

သူ၏စွမ်းအင်များ မြင့်တက်နေစဥ် သူ့ထံမှ လောကနတ်ဘုရားအဆင့် နတ်ဘုရားအာရုံများနှင့် ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များသာမက တမူထူးခြားလှပြီး မြင့်မြတ်သော အခိုးအငွေ့တစ်ခုလည်း ပေါ်ထွက်လာသည်။

ထိုလူကြီးမှာ ယခုတွင် မိစ္ဆာဧကရာဇ် သို့မဟုတ် သူတော်စင်ဧကရာဇ်တို့နှင့် တူညီသော အဆင့်တွင်ရောက်နေသည့်ပုံ ပေါ်နေပါသော်လည်း ဝေဖန်ပိုင်းခြားသိမြင်နိုင်စွမ်းတွင် အနည်းငယ်နိမ့်ကျနေသည်ဖြစ်ပြီး ခွန်အားအပိုင်းတွင်လည်း အနည်းငယ် အားနည်းနေသည်။ သို့သော် အနည်းငယ်မျှ အားနည်းနေသည့် လောကနတ်ဘုရားမှာလည်း လောကနတ်ဘုရားတစ်ယောက် ဖြစ်နေသေးသည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူမထိန်းနိုင်တော့ပဲ ကြောက်ရွံ့တုန်လှုပ်လာတော့သည်။ ရုတ်တရက် သူသည် အကြည့်တစ်ချက်နှင့်ပင် သူ့အားကြက်သီးမွှေးညင်းများထသွားစေနိုင်သည့် အရိုင်းဆန်လွန်းလှသော ရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရသည်။

သို့သော် ထိုခံစားချက်ကြီးမှာ စိတ်လှုပ်ရှားစရာကောင်းနေသည်။

သူက ဤလောကနတ်ဘုရားအဆင့် ကျင့်ကြံသူထံမှ ဘေးကင်းစွာ လေ့လာသင်ယူချင်နေသည် မဟုတ်ပါလော။

ဤအဘိုးကြီးထက် ပို၍ကောင်းမွန်ပြီး ပို၍ဘေးကင်းစေမည့် လေ့ကျင့်ရေးလက်တွဲဖော်တစ်ယောက် မရှိနိုင်တော့ပေ။

သူသည်လည်း အသံကုန်အော်ဟစ်ကာ စွမ်းအားများမြှင့်တင်လိုက်သဖြင့် သူ၏စွမ်းအင်မှာ နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်သို့ လျင်မြန်စွာထိုးတက်သွားသည်။ ထို့အပြင် သူ၏အပြင်အားကိုပါ ထုတ်လိုက်ပြီး တိုက်ခိုက်ရန်ပြင်လိုက်တော့သည်။ သူ၏ အငွေ့အသက်မှာ ထိုလောကနတ်ဘုရားကြီးကို မမီပါသော်လည်း အကြမ်းဖျင်းဆိုရပါက တူညီလုနီးပါးပင်။

သူတို့က တစ်ခဏမျှ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသဖြင့် သူတို့၏အကြားတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေတော့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်စလုံးက လှစ်ခနဲလှုပ်ရှားလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်လိုက်ကြသဖြင့် လေထဲတွင် နားများပင်အူသွားစေနိုင်သည့် တအုန်းအုန်းမြည်သံများဖြင့် ပြည့်နှက်သွားတော့သည်။

ပိုင်ရှောင်ချီမှာမူ ထိတ်ထိတ်လန့်လန့်ဖြင့် လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ဤနေရာကြီးတစ်ခုလုံးကို ပိတ်လှောင်လိုက်တော့သည်။ ထို့နောက် သူသည် စိုးရိမ်နေသော အမူအရာဖြင့် နောက်သို့ဆုတ်၍ စောင့်ကြည့်နေလိုက်တော့သည်။ သို့သော် သူ၏စိတ်ထဲတွင်မူ စိုးရိမ်နေခြင်း အလျင်းမရှိပေ။

" မင်းက ငါ့ကို အနိုင်ကျင့်ခွင့်ရှိတယ်များ ထင်နေလား ပိုင်ရှောင်ချန်း။ ဟမ့် … ဒီယပ်တောင်ရဲ့ ခမ်းနားကြီးကျယ်လှတဲ့ အစောင့်အရှောင်ဝိညာဥ်က မင်းကို စောင့်ရှောက်ပေးမယ်လို့ ထင်နေတာလား။ ဝေးသေး။ ငါက မင်းခွက်ခွက်လန်အောင် ရှုံးတာကိုပဲ မြင်ချင်တာကွ "

သူသည် ထိုသို့သောအတွေးများကို ထုတ်မပြောရဲပါသော်လည်း စူးရှတောက်ပနေသောမျက်ဝန်းများဖြင့် တိုက်ပွဲကြီးကို အဝေးတစ်နေရာမှ လှမ်းကြည့်နေတော့သည်။

အသက်ရှူကြိမ် ခုနစ်ကြိမ်၊ရှစ်ကြိမ်လောက်အထိ တအုန်းအုန်းမြည်သံများ အဆက်မပြတ်ပေါ်ထွက်နေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကာ သူသည် နောက်သို့ ဒယိမ်းဒယိုင်ဖြစ်သွားရပြီး မီတာရာဂဏန်းအနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူမှာမူ လေပေါ်တွင် မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး လက်များယှက်၍ ပိုင်ရှောင်ချန်းဘက်သို့ ဦးညွှတ်နေတော့သည်။

" လောကနတ်ဘုရားတွေက တကယ့်ကို စွမ်းတာပဲ... "

ပိုင်ရှောင်ချန်းမှာ အတွေးပေါင်းစုံ ထင်ဟပ်နေသည့်မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။

" ဒါတောင် သူ ဘာနတ်ဘုရားအစွမ်းကြီးကြီးမားမားမှ မသုံးရသေးဘူး။ သာမန်မှော်အတတ်တွေနဲ့ အပြင်အားကိုပဲ သုံးသေးတာ။ ဒါပေမဲ့ အဲဒီလောက်နဲ့တောင် ငါ့ကို နောက်ဆုတ်သွားအောင်လုပ်နိုင်တာပဲ။ ငါ တိုက်ပွဲထဲမှာ အသက်ရှူကြိမ်အနည်းငယ်လောက်ပဲ နေနိုင်တယ် "

" ငါ့ရဲ့ အကြီးမားဆုံး အားသာချက်က နှောင်းပိုင်း ကောင်းကင်ဧကရာဇ်အဆင့်ထဲ ရောက်နေတဲ့အချက် မဟုတ်ဘူး။ ထာဝရအသက်ရှည်နည်းအတတ်ရဲ့ အားအင်ပြန်ပြည့်နိုင်စွမ်းတွေကို ပိုင်ဆိုင်ထားတဲ့အချက်ပဲ "

သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားသောအခါ သူသည် တိုက်ပွဲထဲသို့ ထပ်၍ပြေးဝင်သွားလိုက်ပြီး ဤလောကနတ်ဘုရားကြီးကို မည်သည့်အခြေအနေထိရောက်အောင် တိုက်ခိုက်နိုင်မည်နည်းဟု သိနိုင်ရန်အတွက် သူ၏အပြင်အားနှင့် နတ်ဘုရားစွမ်းရည်များအားလုံးကို အသုံးပြုလိုက်တော့သည်။

အသက်ဝင်တောင်ဂါထာတော်။ လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်းအတတ်။

တောင်ဖြိုသိုင်း၊ ထာဝရပြုစားခြင်းအတတ်။

လည်မျိုဖမ်းဆုပ်ကွက်၊ အသက်ရှည်မီးအိမ်။

အတိတ်ပြန်လည်ဝင်စားခြင်းကျမ်း၊ ပစ္စုပ္ပန် ရှည်သန်ခြင်းနှင့်သေခြင်းတရားကျမ်း။

ထာဝရမိုးမြေဧကရာဇ်လက်သီးနှင့် ရွှယ်ကျဲကော်တုတို့မှလွဲ၍ နှစ်ပေါင်းများစွာတိုင်အောင် သူလေ့လာသင်ယူခဲ့ဖူးသည့် မှော်အတတ်များအားလုံးကို တစ်ခုပြီးတစ်ခု ဆက်တိုက်အသုံးပြုလိုက်တော့သည်။

ဤကဲ့သို့ အဆက်မပြတ် တိုက်ခိုက်နေသောကြောင့် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ နှောင်းပိုင်း ကောင်းကင်ဧကရာဇ်အဆင့်တွင် ရှိနေဆဲဖြစ်သော်လည်း သူ၏တိုက်ပွဲစွမ်းရည်မှာ အရှိန်အဟုန်ဖြင့် တိုးတက်နေပြီဖြစ်သည်။ သူသည် သူ၏နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များကို ပေါင်းစည်း၍ အသုံးပြုသည့်နည်းလမ်းများအား အမြဲတစေ ပြောင်းလဲနေသည်လည်း ဖြစ်သည်။ ထို့အပြင် သူ၏အားအင်ပြန်ပြည့်နိုင်စွမ်းများကြောင့် သူသည် ထပ်ခါတလဲလဲ ပြန်၍တိုက်ခိုက်နေနိုင်သဖြင့် သူ၏အားနည်းချက်များနှင့် အကန့်အသတ်များကို သိရှိလာရတော့သည်။

ရက်ပေါင်းများစွာကုန်ဆုံးသွားပြီး ထိုအတောအတွင်း ပိုင်ရှောင်ချန်းမှာ လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှင့် လေ့ကျင့်ရင်းဖြင့်သာ အချိန်ကုန်နေခဲ့သည်။ တစ်ခေါက်တွင် သူသည် ပိုင်ရှောင်ချီအား ယပ်တောင်ကြီး၏ ယေဘုယျလမ်းကြောင်းကို မေးမြန်းလိုက်ပါသော်လည်း ခိုင်လုံသော သတင်းအချက်အလက်တစ်ခုတစ်လေပင် မရခဲ့ပေ။ ပိုင်ရှောင်ချန်းမှာ သူ၏ပဝေသဏီအတွဲမှ တတိယမြောက်အဆင့်ကိုလည်း အချိန်ပေး၍ ကျင့်ကြံနေသေးသည်။ သို့သော် ထိုသို့ကျင့်ကြံရန်အတွက် အချိန်အများကြီးပေးရန် လိုအပ်ရုံသာမက တည်ငြိမ်အေးချမ်းနေသော စိတ်နှလုံးတစ်ခုကိုလည်း လိုအပ်သေးသည်။ ယခုတွင်မူ သူသာည် စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုနှင့် ဘရူဆာတို့အပြင် ကောင်းကင်တံတားနယ်မြေမှ လူအားလုံးအတွက် စိတ်ပူနေရသည် မဟုတ်ပါလော။ ထိုပဝေသဏီအတွဲမှ ဉာဏ်အလင်းပွင့်မှု ရရှိစေရန် အကြိမ်အနည်းငယ် ကြိုးစားကြည့်လိုက်ပါသော်လည်း မအောင်မြင်ခဲ့သဖြင့် သူသည် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှင့် လေ့ကျင့်ခြင်းတွင်သာ အာရုံအပြည့်စိုက်လိုက်တော့သည်။

သူ၏ တိုက်ပွဲစွမ်းရည်များ တိုးတက်လာသည်နှင့်အမျှ လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးမှာလည်း ပို၍ရှုပ်ထွေးပြီး စွမ်းအားကြီးသော မှော်အတတ်များကို အသုံးပြုလာရုံသာမက သူ၏အပြင်အားကိုပါ ပို၍ထုတ်သုံးလာတော့သည်။

ပိုင်ရှောင်ချန်းမှာ အကြိမ်တိုင်း ရှုံးနိမ့်နေပါသော်လည်း မယုံကြည်နိုင်လောက်အောင် လျင်မြန်စွာတိုးတက်နေပြီဖြစ်သည်။ အစတွင် သူသည် လောကနတ်ဘုရားအဆင့်ကျေးကျွန်ကြီး၏ အရိုးရှင်းဆုံးသော မှော်အတတ်များကို အသက်ရှူကြိမ် ခုနစ်ကြိမ်၊ရှစ်ကြိမ်လောက်သာ တောင့်ခံနိုင်ခဲ့သည်။ သို့သော် ယခုတွင်မူ ထိုကျေးကျွန်ကြီးမှာ စွမ်းအားကြီး နတ်ဘုရားစွမ်းရည်များကို ထုတ်သုံးနေပြီဖြစ်ပါသော်လည်း သူက ပို၍ အချိန်ကြာမြင့်စွာ တောင့်ခံနေနိုင်ပြီဖြစ်သည်။

ပိုင်ရှောင်ချီမှာ ပိုင်ရှောင်ချန်းအကြောင်း တော်တော်များများကို သိထားပြီးဖြစ်ပါသော်လည်း ဤဖြစ်ရပ်များကြောင့် သူ လုံးဝဆွံ့အနေရတော့သည်။

" ဒီကောင်က... တယ်ဟုတ်လှပါလား "

လအနည်းငယ် ထပ်၍ကုန်ဆုံးသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးအား အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာအချိန်လောက်အထိ တိုက်ခိုက်နိုင်သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည်။

ယခုတွင် သူသည် နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် အသားကျနေပြီဖြစ်ပြီး သူ၏မှော်အတတ်များနှင့်ပတ်သတ်၍ ပိုမိုနားလည်စပြုလာပြီလည်းဖြစ်သည်။ အဆုံးသတ်တွင် သူသည် ထိုကျေးကျွန်ကြီးအား ပို၍ကြမ်းတမ်းစွာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။

အုန်းခနဲအသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီးနောက် ပိုင်ရှောင်ချန်းမှာ နောက်သို့ ခြေလှမ်းတစ်ရာခန့် လွင့်စင်သွားသည်။ သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်စပြုလာချိန်တွင် သူသည် ပင့်သက်များရှိုက်နေရဆဲ ဖြစ်သော်လည်း သူ၏မျက်ဝန်းထဲရှိ တိုက်ခိုက်လိုစိတ်များမှာ လင်းလက်စွာ တောက်ပနေဆဲပင်။

" မင်းရဲ့ တိုက်ပွဲစွမ်းရည်ကို အမြင့်ဆုံးအထိ သုံးလိုက် " သူက အမိန့်ပေးလိုက်သည်။

ထိုအခါ လောကနတ်ဘုရားအဆင့်ကျေးကျွန်ကြီးသည် မျက်ဝန်းများ အရောင်လက်သွားကာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး ယပ်တောင်အစုတ်ကြီးကိုပင် သိမ့်ခနဲ တုန်ရီသွားစေသည့် ပြင်းထန်သော မိုးသက်မုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

ပိုင်ရှောင်ချီမှာ ထိတ်လန့်သွားပြီး သူတပ်ဆင်ထားသော အချုပ်အနှောင်အမှတ်အသားများကို စွမ်းအားမြှင့်တင်လိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာမူ ရူးသွပ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးဖြစ်သော မိုးသက်မုန်တိုင်းကြီး၏ အဖျက်စွမ်းအားကို ရင်ဆိုင်လိုက်တော့သည်။

" ငါ့ ထာဝရမိုးမြေဧကရာဇ်လက်သီးက လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဝှက်ဖဲတစ်ချပ်ကို လှုပ်ခါစေနိုင်လားဆိုတာ သိရဖို့ အချိန်ကျပြီ "

သူသည် အသံကုန်အော်ဟစ်လိုက်ပြီး လက်သီးဆုပ်လိုက်သောအခါ အက်ကွဲသံများ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားတော့သည်။ လေပြင်းကြီးတစ်ချက် တိုက်ခတ်လာပြီး သူ၏ကောင်းကင်ဧကရာဇ်အဆင့် အငွေ့အသက်ထဲတွင် မိုးမြေဧကရာဇ်အဆင့် အငွေ့အသက် အနည်းငယ်ခန့် ပေါ်ထွက်လာတော့သည်။

ထိုအခါ လောကနတ်ဘုရားအဆင့်ကျေးကျွန်ကြီးမှာ အသားများတုန်ရီသွားပြီး မာန်တင်းလိုက်တော့သည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ နောက်ဘက်ရှိ လေထဲတွင် ဧရာမလူရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။

ထိုမှုန်ဝါးဝါး ဧကရာဇ်ကြီးမှာ ယခင်ပုံစံအတိုင်းပင် ဖြစ်သော်လည်း သူ၏ညာလက်မှာမူ ယခင်ကနှင့် မတူတော့ပေ။

" ထာဝရမိုးမြေဧကရာဇ်လက်သီး "

ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ပြီး ရှေ့သို့ခုန်ကာ မီးတောက်များဖြင့် ရစ်ပတ်နေသည်ဟု ထင်ရသည့် သူ၏လက်သီးကြီးဖြင့် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးအား ထိုးနှက်လိုက်တော့သည်။

ထိုလက်သီးချက်ကြီး ရှေ့သို့ ပြေးထွက်သွားသောအခါ မှုန်ဝါးနေသော ဧကရာဇ်ကြီး၏ မိုးမြေဧကရာဇ်လက်ကြီးမှာ ပိုင်ရှောင်ချန်းနှင့် တစ်သားထဲပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွားသဖြင့် မိုးမြေဧကရာဇ်တစ်ယောက် လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်သည့်ပုံနှင့် တူနေတော့သည်။

လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။ သူသည် လုံးဝမချုပ်တည်းထားရဲတော့ပဲ ရှိသမျှ စွမ်းအင်အားလုံးကိုထုတ်၍ သူ၏လက်များကို ဆန့်ထုတ်လိုက်သောအခါ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ သူ၏ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာကြသည်။ ထိုအလင်းတန်းများမှာ ချက်ချင်းပင် ရွှေရောင်မျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အော်ဟစ်မြည်တမ်းကာ ပိုင်ရှောင်ချန်း၏ လက်သီးချက်ကြီးဆီသို့ ခုန်အုပ်လိုက်တော့သည်။

တစ်ခဏလေးအတွင်း ပိုင်ရှောင်ချန်း၏ ထာဝရမိုးမြေဧကရာဇ်လက်သီးမှာ လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီး၏ စွမ်းအားအကြီးဆုံး တိုက်ကွက်ကြီးအား ဝင်တိုက်မိသွားတော့သည်။

ထိုအခါ ယပ်တောင်မျက်နှာပြင်ကြီး၏ ကမ္ဘာပေါ်တွင် တုန်ခါလှိုင်းကြီးတစ်လှိုင်း ပျံ့လွင့်သွားပြီး ကျယ်လောင်သော ထစ်ချုန်းသံများပါ မြည်ဟည်းလာတော့သည်။ ယပ်တောင်ကြီးတစ်ခုလုံးမှာလည်း တုန်ခါနေပြီဖြစ်သည်။ ပိုင်ရှောင်ချီမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သူတပ်ဆင်ထားသော မှော်အချုပ်အနှောင်များ ခိုင်မြဲနေစေရန်အတွက် အစွမ်းကုန်ကြိုးစားနေရတော့သည်။

တချိန်တည်းမှာပင် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီး၏နှုတ်ခမ်းေထာင့်စွန်းတွင် သွေးများစီးကျလာပြီး သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင် ဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း သွေးများအန်ကာနောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရသည်။ မီတာရာဂဏန်း အနည်းငယ်အကွာတွင် သူသည် ရပ်တန့်သွားပြီး သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုနှင့် ကျေနပ်မှုအရိပ်အယောင်များဖြင့် တောက်ပလာတော့သည်။

" ငါ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ပြီ "

ထိုအချိန်တွင် သူသည် ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ သူ၏ လက်သီးချက်မှာ အမှန်တကယ်ပင် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဒဏ်ရာရသွားစေနိုင်ပြီဖြစ်သည်။ သူကိုယ်တိုင်လည်း ဒဏ်ရာရသွားရသည် ဖြစ်ပါသော်လည်း သူ၏ ထာဝရအသက်ရှည်နည်းအတတ်မှ အားအင်ပြန်ပြည့်နိုင်စွမ်းများကြောင့် ထိုမျှလောက်ကို သူက မမှုပေ။

" ကဲ ဒါဆို ငါ့ရဲ့ လောကနတ်ဘုရား အလင်းတန်းကိုသာ အသုံးချနိုင်မယ်ဆိုရင် ... မိစ္ဆာဧကရာဇ်နဲ့ပတ်သတ်ပြီး ဘာကိစ္စ စိုးရိမ်နေရဦးမှာတုန်း "

All Chapters