သိချင်စိတ်ပြင်းပြနေသော ရှောင်ချီ
Vol. 12 Ch. 1200
ပိုင်ရှောင်ချန်းမှာ အနာဂတ်တွင် ကြုံတွေ့ရမည့်အရာများနှင့်ပတ်သတ်၍ ယုံကြည်ချက်အပြည့် ရှိနေပြီဖြစ်သည်။ သူသည် နောက်တစ်လလုံးတွင် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှင့် ဆက်လက်လေ့ကျင့်နေခဲ့ပြီး ထာဝမိုးမြေဧကရာဇ်လက်သီး၏ အသုံးပြုပုံနှင့် ပိုမိုရင်းနှီးလာသောကြောင့် ၎င်းမှာ ပို၍ပင်အစွမ်းထက်လာတော့သည်။
သူ၏ ရွှယ်ကျဲကော်တုမှလွဲ၍ ဤလက်သီးမှာ လောကနတ်ဘုရားများကိုပင် တုန်လှုပ်သွားစေနိုင်သော သူ၏စွမ်းအားအကြီးဆုံး နတ်ဘုရားအတတ်ဖြစ်သည်။
သူ၏ ကံဆိုးမိုးမှောင်ကျခဲ့ရသော အချိန်များမှာ အတိတ်တွင်ကျန်ရစ်ခဲ့တော့မည့်ပုံပင်။ ထာဝရမိုးမြေဧကရာဇ်လက်သီးမှာ ၎င်း၏လမ်းတစ်လျှောက်ရှိ အရာရာတိုင်းကို အမှုန့်ချေပစ်နိုင်စွမ်းရှိနေသောကြောင့် မကြာမီတွင် ပိုင်ရှောင်ချန်းမှာ ကံကောင်းမှုများ၏ နွေးထွေးသောအလင်းရောင်အောက်တွင် ခိုလှုံနိုင်တော့မည်ဖြစ်သည်။
အဆုံးသတ်တွင် ဘရူဆာ နိုးထလာတော့သည်။
ထိုသို့နိုးထလာသောအခါ ပိုင်ရှောင်ချန်းမှာ ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုပြာသာဒ်ကြီး အနည်းငယ်တုန်ရီသွားသည်ကို ခံစားမိလိုက်လေသည်။ သူသည် လှစ်ခနဲလှုပ်ရှားကာ ထိုပြာသာဒ်ဆီသို့ ဦးတည်သွားလိုက်ပြီး ထိုအတွင်းသို့ နတ်ဘုရားအာရုံအချို့စေလွှတ်၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်တော့သည်။
အနက်ရောင် အလင်းတန်းတစ်တန်း ပြာသာဒ်ထဲမှ ထိုးထွက်လာကာ လေပေါ်တွင်ရစ်ဝဲနေပြီးနောက် ပိုင်ရှောင်ချန်း၏ အငွေ့အသက်ကို အာရုံခံမိလိုက်သောအခါ သူ့ထံသို့ ဦးတည်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုအလင်းတန်းကို လုံးဝ မရှောင်တိမ်းလိုက်ပေ။ သူသည် ပြုံးပင်ပြုံးလိုက်ကာ ၎င်းဆီသို့ လှမ်းသွားလိုက်ပြီး လက်များကိုဆန့်ထုတ်လိုက်တော့သည်။ ထိုအနက်ရောင်အလင်းတန်းကြီးမှာ အနီးသို့ရောက်လာသောအခါ ဘရူဆာအဖြစ် ပြောင်းလဲသွားသည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းအပေါ်သို့ ခုန်လိုက်ကာ ပျော်ရွှင်စွာအော်ဟစ်၍ သူ၏မျက်နှာကို လျာဖြင့်လျက်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ ဝမ်းမြောက်ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး အဖက်ခံလိုသည့် ပုံစံဖမ်းနေသော ဘရူဆာအား ထွေးပွေ့လိုက်တော့သည်။ သူ၏ပုံစံမှာ ယခင်ကအတိုင်းနီးပါးပင်ဖြစ်သော်လည်း သူသည် သာမန်လူတစ်ယောက်၏အရပ်နီးပါး မြင့်နေပြီဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း တောင့်တင်းသန်မာနေပြီဖြစ်သည်။ သတိပြုမိစရာ အကောင်းဆုံးအချက်မှာ သူ၏ကျင့်ကြံခြင်းအခြေခံသည် ယခုတွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။
သူ၏ နတ်ဘုရားတစ်ပိုင်းအငွေ့အသက်ကြီးကို သူ၏အံ့သြဖွယ်ရာ ခန္ဓာကိုယ်ကြီးနှင့် ယှဥ်တွဲ၍ ကြည့်လိုက်မည်ဆိုပါက လူတိုင်း အံ့သြတုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ ထို့အပြင် သူ၏ခြေထောက်အောက်တွင် တလိပ်လိပ်ထနေသော အနက်ရောင်မီးတောက်များနှင့် ဓားသွားပမာ စူးရှချွန်ထက်နေသော သူ၏သွားများလည်း ရှိသေးသည်။ သူသည် အလွန်ရက်စက်ကြမ်းကြုတ်ကာ ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိနေတော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် သူသည် ကောင်းကင်တံတားနယ်မြေထဲတွင် ရှိခဲ့သည့် အသေးစားဘရူဆာလေး ဖြစ်နေဆဲပင်။
" ဘရူဆာ " သူက စိတ်လှုပ်တရှား ခေါ်လိုက်သည်။
ဘရူဆာကလည်း ပြန်၍အော်မြည်လိုက်ပြီး မြေပြင်ပေါ်တွင် စိတ်လှုပ်တရှားနှင့် လှိမ့်နေပြီး တစ်ခါတရံတွင် လေပေါ်သို့ ခုန်၍ခုန်၍ တက်နေတော့သည်။
စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းမှာ မည်သူမဆို ဘရူဆာအား ဤပုံစံဖြင့် မြင်လိုက်ရပါက လုံးဝ အံ့အားသင့်သွားကြမည်သာဖြစ်သည်။ လွန်ခဲ့သောနှစ်များစွာက ပိုင်ရှောင်ချန်း ဂိုဏ်းမှ ထွက်ခွာသွားခဲ့စဥ်ကတည်းက ဘရူဆာမှာ အမြဲတမ်း ရုတ်ရင်းကြမ်းတမ်းစွာဖြင့် နိုင်လိုမင်းထက်ပြုမူခဲ့သည် မဟုတ်ပါလော။ သူသည် မည်သည့်အခြေအနေတွင်မဆို ဂိုဏ်းအား ရွတ်ရွတ် ချွံချွံ ကာကွယ်ပေးခဲ့ပြီး ဂိုဏ်းသားပေါင်း မြောက်မြားစွာမှာလည်း သူ့အားကြောက်ရွံ့နေကြပြီ ဖြစ်သည်။
သို့သော်လည်း ယခုတွင် သူသည် ငယ်ရွယ်စဥ်ကအတိုင်း ပြုမူနေသည်။ သူသည် လက်ဖဝါးသာသာရှိသော အရွယ်အစားထိရောက်အောင်ပင် ကျုံ့ဝင်သွားပြီး ပိုင်ရှောင်ချန်း၏ ဘောင်းဘီအောက်ပိုင်းကိုကိုက်၍ သူ့အားဆွဲခေါ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ ပျော်မဆုံးဖြစ်နေရတော့သည်။
" ဘရူဆာရေ လာဟေ့။ ဖေကြီး မင်းနဲ့အတူ လမ်းလျှောက်ထွက်ပေးမယ်။ အခုကစပြီး ဒီနေရာက ငါတို့ရဲ့အိမ်ဖြစ်သွားပြီ "
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဘရူဆာအား ယပ်တောင်မျက်နှာပြင်ထဲရှိ ကမ္ဘာမှစ၍ ယပ်တောင်ကြီးကို လှည့်ပတ်၍ ပြသလိုက်သည်။
ဘရူဆာမှာ အရာရာတိုင်းကို စူးစမ်းချင်လိုစိတ်များပေါက်နေပြီး ဤနေရာကြီးတစ်ခုလုံးကို အသေးစိတ် လေ့လာစစ်ဆေးနေတော့သည်။ အဆုံးတွင် သူတို့သည် ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုပြာသာဒ်သို့ ပြန်ရောက်သွားကြသည်။ ထိုအချိန်တွင် သူသည် ရုတ်တရက် ချာကနဲလှည့်လိုက်ပြီး ဘေးဘက် ခပ်လှမ်းလှမ်းရှိ တစ်နေရာပေါ်သို့ လှမ်း၍ခုန်အုပ်လိုက်သည်။
ထိုအခါ အော်ဟစ်သံတစ်သံကို ကြားလိုက်ရပြီး ပိုင်ရှောင်ချီမှာ ရုတ်တရက် ဒလိမ့်ကောက်ကွေး ပေါ်ထွက်လာတော့သည်။ သူသည် ဘရူဆာအား လက်ညှိုးထိုး၍ အော်မေးလိုက်တော့သည်။
" ဒီကောင်က ငါ့ကိုမြင်ရတာလားဟ "
ပိုင်ရှောင်ချန်းမှာလည်း သူ့နည်းတူ အံ့အားသင့်သွားရပြီး အမိန့်ပေးလိုက်တော့သည်။
" ဘရူဆာရေ။ သူက ပိုင်ရှောင်ချီတဲ့။ သူ့ကို သေချာစောင့်ကြည့်ထားနော်။ သူကသိပ်ယုံရတာ မဟုတ်ဘူး "
ဘရူဆာမှာ ဩချရလောက်အောင် ပိုင်ရှောင်ချီအား မြင်နေနိုင်သည့်အတွက် ပိုင်ရှောင်ချန်းမှာ အလွန် ကျေနပ်နေတော့သည်။
ပိုင်ရှောင်ချီကမူ ချက်ချင်းပင် ပြန်၍အော်ပြောလိုက်တော့သည်။
" ဟေးး မင်းပဲ ငါ့နာမည်ကို ပြန်ပြောင်းလို့ရပြီဆို "
ထိုအခါ ပိုင်ရှောင်ချန်းမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး အနည်းပင်ထပ်၍ ကျီစားလိုက်တော့သည်။ ထို့နောက် သူသည်ဘရူဆာအားခေါ်ပြီး ထပ်၍ လမ်းလျှောက်ထွက်လိုက်စဥ်တွင် ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုပြာသာဒ်ထဲမှ အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
လူတစ်ယောက်ထဲ၏ အငွေ့အသက်များမဟုတ်ပေ။ လူလေးယောက်ထံမှ အငွေ့အသက်များဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထိုထဲမှ အငွေ့အသက်နှစ်ခုကို ချက်ချင်းပင် မှတ်မိလိုက်သည်။ သူတို့မှာ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့၏ အငွေ့အသက်များဖြစ်သည်။ အခြားအငွေ့အသက်နှစ်ခုကိုလည်း သူက ရင်းရင်းနှီးနှီးသိနေသည်။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီးနောက် ပိုင်ရှောင်ချန်းမှာ သူ၏ မမွေးဖွားရသေးသော ကလေးငယ်များ၏ အငွေ့အသက်များကို မျက်မှန်းတန်းမိလာပြီ ဖြစ်သည်။
" သူတို့က အခုမွေးတော့မှာလား "
ပိုင်ရှောင်ချန်းမှာ ဆွံ့အသွားရပြီး ရှင်သန်ခြင်းနှင့် သေခြင်းတရား တာအိုပြာသာဒ်ထဲသို့ နတ်ဘုရားအာရုံအချို့ စေလွှတ်လိုက်ပြီး တစ်ပြိုင်နက်ထဲဆိုသလိုပင် ထိုတံခါးပေါက်ဆီသို့ အပြေးသွားလိုက်သည်။ ထိုအနားသို့ သူ ရောက်သွားသည်နှင့် တံခါးမှာပွင့်သွားပြီး အူကြောင်ကြောင်ဖြစ်နေပုံရသည့် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့မှာ သူတို့၏ဗိုက်များကို ပင့်၍ အပြင်သို့ထွက်လာကြသည်။
သူတို့နှစ်ယောက်မှာ ပိုင်ရှောင်ချန်းအား မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
" ရှောင်ချန်း ပါလား "
" ပိုင်ရှောင်ချန်း "
ထိုအခါမှသာ သူတို့နှစ်ယောက်က မီးဖွားခါနီးအချိန်သို့ မရောက်သေးကြောင်း ပိုင်ရှောင်ချန်းက မြင်လိုက်ရသည်။ သူတို့၏ ဗိုက်ထဲမှ ကလေးငယ်များမှာ နိုးထလာသည့်အလား လှုပ်လှုပ်ရှားရှား ဖြစ်နေကြခြင်းသာ ဖြစ်သည်။
သူ စိတ်သက်သာရာ ရသွားပါသော်လည်း အနည်းငယ်အပြစ်ရှိသလိုခံစားရပြီး အနေရခက်လာတော့သည်။ သူ၏ မမွေးဖွားရသေးသော ကလေးများကို လွယ်ထားရသည့် အမျိုးသမီးနှစ်ယောက်ရှေ့တွင် ရပ်နေရသည့်အတွက် သူသည် မည်သည့်စကားကို ပြောရမှန်းမသိလောက်အောင် ဖြစ်နေတော့သည်။
သူသည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး မေးလိုက်တော့သည်။
" ဟေး။ မင်းတို့ နေရထိုင်ရတာ ဘယ်လိုရှိတုန်း "
" ဘယ်လိုရှိတယ်လို့ နင်ထင်တုန်း “
စုန့်ကျမ်းဝမ်က ခတ်ပြတ်ပြတ် ပြန်မေးလိုက်ပြီး သူ့ကိုတိုက်ခိုက်တော့မည့်အလား ရှေ့သို့လှမ်းလိုက်သည်။ သူမသည် အမြဲတမ်းဆိုသလို စိတ်ဆတ်သူတစ်ယောက်ဖြစ်၍ သူမ၏မျက်ဝန်းများထဲတွင် မျက်ရည်များ ဝဲနေပါသော်လည်း သူမ နှစ်ပေါင်းများစွာတိုင်အောင် အံတုခဲ့ရသည့် နာကျည်းမှုများနှင့် သူမကြာရှည်စွာ ကိုယ်ဝန်ဆောင်ထားရသည့်အချက်ကို ပြန်တွေးမိလိုက်တော့သည်။
ယခင်က သခင်မလေးဟုန်ချိန်ဟု အမည်တွင်သည့် ကျိုးကျစ်မိုမှာလည်း ဒေါသများစွာထွက်နေပြီ ဖြစ်သည်။ ထို့အပြင် သူမနှင့် ပိုင်ရှောင်ချန်းအကြားရှိ မသဲကွဲသောဆက်ဆံရေးနှင့် သူမအချိန်ကြာမြင့်စွာ ကိုယ်ဝန်ဆောင်ထားရသည့် အချက်တို့ကြောင့် ပို၍ပင် ဆိုးဝါးနေတော့သည်။ ထို့နောက် သူမရင်ဆိုင်ခဲ့ရသည့် သေရေးရှင်ရေးကိစ္စများစွာ ရှိနေသေးပေသည်။ ယခုတွင်မူ သူမသည် စူးရှစွာစိုက်ကြည့်၍ စတင်တိုက်ခိုက်တော့မည့်အလား ရှေ့သို့ လျှောက်လှမ်းလာတော့သည်။
ယခုအချိန်တွင် ဖြစ်ပျက်လာနိုင်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ပိုင်ရှောင်ချန်းက လုံးဝ မတွေးတောခဲ့ဖူးပေ။ ယခင်ကဆိုလျှင် သူသည်ပြန်၍ တိုက်ခိုက်ဦးမည်ဖြစ်သော်လည်း ယခုတွင်မူ သူတို့မှာ သူ၏တာအိုလက်တွဲဖော်များ ဖြစ်နေပြီဖြစ်ပြီး နှစ်ယောက်စလုံးမှာလည်း သူ၏ကိုယ်ဝန်များကို လွယ်ထားရသည် မဟုတ်ပါလော။ ဘောက်မဲ့ကြောင့် သူတို့အား သူ ရိုက်နှက်ရဲပါ့မည်နည်း။ ထို့အပြင် သူထွက်ပြေးရန် ကြိုးစားလျှင်တောင် သူတို့က လွှတ်ပေးမည်မဟုတ်ပေ။
" အာ ထားလိုက်ပါတော့ကွာ။ သူတို့ကမှ ငါ့ကိုရိုက်ချင်နှက်ချင်သပဆိုလည်း ရှိစေတော့။ ဘယ်သူမှလည်း ကြည့်နေတာမှ မဟုတ်ပဲ "
ထိုသို့တွေးလိုက်ပြီး သူသည် အရှုံးပေးသည့် အမူအရာဖြင့် လက်မြှောက်လိုက်တော့သည်။
ထို့နောက် သူ့အပေါ်သို့ လက်သီးချက်များ ကန်ကျောက်ချက်များ ကျဆင်းလာသဖြင့် နာကျင်စွာအော်ဟစ်သံများ ရံခါဖန်ခါ ထွက်လာတော့သည်။ မကြာမီတွင် သူ၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံကြောင့် သူသည် ထိုအမျိုးသမီးနှစ်ယောက်တွေးတောနေသည့် အရာများကို အာရုံခံနိုင်ကြောင်း သိရှိလိုက်ရသဖြင့် ဝမ်းမြောက်သွားတော့သည်။ သူတို့၏ ဒေါသများ ပြေလျော့သွားကြောင်း သူသေချာသွားသောအချိန်တွင် သူသည် သူတို့နှစ်ယောက်အား ချုပ်၍ လေပေါ်သို့ပျံတက်သွားပြီး ယပ်တောင်မျက်နှာပြင်ထဲရှိ တောင်ထိပ်ပေါ်တွင် သူ ယခင်ထဲက တည်ဆောက်ထားခဲ့သည့် အင်မော်တယ်ဂူဆီသို့ ခေါ်ဆောင်သွားတော့သည်။
" ငါ့ကိုလွှတ်စမ်း "
စုန့်ကျင်းဝမ်က စူးရှစွာစိုက်ကြည့်၍ အော်ဟစ်လိုက်သည်။
" နင် ရိုင်းစိုင်းလှပါလား ပိုင်ရှောင်ချန်း "
ကျိုးကျစ်မိုကလည်း အေးစက်စွာ ဆိုလိုက်သည်။
" မင်းတို့နှစ်ယောက်စလုံး ပါးစပ်ပိတ်ထားကြစမ်းပါ "
ပိုင်ရှောင်ချန်းက ပြန်ဟောက်လိုက်သည်။ သူတို့နှစ်ယောက်စလုံး မည်သည့်အရာမှ မလုပ်နိုင်ခင် သူသည် သူတို့အား အင်မော်တယ်ဂူထဲသို့ ခေါ်သွားတော့သည်။
ခပ်လှမ်းလှမ်းတွင်မူ ဘရူဆာမှာ ခပ်တည်တည်ဖြင့် ကြည့်နေသည်။ ပိုင်ရှောင်ချီမှာမူ သူ၏ဘေးတွင်ရပ်၍ သိလိုစိတ်များ ပြင်းပြနေတော့သည်။
" ဟေ့ကောင် " ပိုင်ရှောင်ချီက လှမ်းခေါ်လိုက်သည်။
" သူတို့ အဲဒီထဲမှာ ဘာလုပ်နေတယ်လို့ ထင်တုန်း။ ပြီးတော့ စောစောက ဘာလို့သူတို့ ရန်တွေဖြစ်နေကြတာတုန်း။ ပြီးတော့ဘာလို့ ကျွန်တော့်သခင်က သူတို့ကို မနိုင်ရတာတုန်း။ သူက နှောင်းပိုင်း ကောင်းကင်ဧကရာဇ်အဆင့်ကိုတောင် ရောက်နေပြီလေ "
ဘရူဆာကမူ အထင်သေးသည့် အမူအရာဖြင့် မျက်စောင်းထိုး၍ ပိုင်ရှောင်ချီအား ကြည့်လိုက်သည်။ သူသည် ဤမျှလောက် ရိုးအသူတစ်ယောက်၏ ရှေ့တွင် လုံးဝ ရှိမနေချင်သည့် ပုံစံပေါက်နေတော့သည်။
" သူတို့ကို တိုက်ခိုက်တဲ့နေရာမှာ အနိုင်မယူနိုင်တာတောင်မှ သူတို့ကို သူ့အင်မော်တယ်ဂူထဲ ဘာလို့ ခေါ်သွားသေးတာတုန်း။ သူတို့တွေ ကျင့်ကြံနည်းတစ်ခုခုကိုများ လေ့ကျင့်ကြမလို့လား "
ပိုင်ရှောင်ချီက သူ၏ခေါင်းကို အထူးတဆန်း ကုတ်နေတော့သည်။
" ကြည့်ရတာ ငါ့ဘာသာငါ သွားကြည့်မှနဲ့ တူပါတယ် "
အင်မော်တယ်ဂူထဲမှ ထွက်ပေါ်လာနေသည့် ထူးဆန်းသောအသံများကြောင့် သူ၏စပ်စုလိုစိတ်များ အလွန်မြင့်တက်နေရပြီဖြစ်သည်။ သူသည် သွား၍စစ်ဆေးရန် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်စဥ်မှာပင် ဘရူဆာက သူ၏လမ်းကို ပိတ်လိုက်တော့သည်။
သို့သော် ပိုင်ရှောင်ချီ၏ သိလိုစိတ်များမှာ အလွန်ပြင်းပြနေပြီဖြစ်ပြီး သူ့ထံတွင်ရှိနေသည့် ယပ်တောင်ကြီး၏စွမ်းအားများကြောင့် ဘရူဆာက သူ့အားမတားဆီးနိုင်လိုက်ပေ။ သူသည် ဘရူဆာ၏ဘေးမှဖြတ်သွားပြီး အင်မော်တယ်ဂူထဲသို့ ဝင်ရောက်သွားတော့သည်။
ဘရူဆာကမူ ခေါင်းယမ်း၍သာ ကြည့်နေတော့သည်။
မကြာခင် ပိုင်ရှောင်ချန်း၏ ဒေါသတကြီး အော်ဟစ်သံကြီးတစ်သံကို ကြားလိုက်ရပြီးနောက် ပိုင်ရှောင်ချီ၏ စူးခနဲအော်မြည်သံတစ်သံပါထွက်ပေါ်လာပြီး သူ အင်မော်တယ်ဂူထဲမှ ကန်ထုန်ခံလိုက်ရတော့သည်။
" ကျွန်တော်က သခင့်ကို ကူညီမလို့လေဗျာ။ ကျွန်တော့်ကို သခင် တကယ်ကြီး တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားမိဘူး "
" ပါးစပ်ပိတ်ထားစမ်း "
ပိုင်ရှောင်ချန်းမှာ ပျာယာခတ်စွာဖြင့် ပြန်အော်ပြောလိုက်သည်။ သူ၏အင်မော်တယ်ဂူထဲသို့ ပိုင်ရှောင်ချီ ရုတ်တရက် ဝင်ရောက်လာခဲ့သည်မှာ သူ့အတွက် အလွန်ထိတ်လန့်စရာကောင်းသွားခဲ့သည် မဟုတ်ပါလော။