← Chapters

မယုံကြည်နိုင်စရာ

Vol. 1-5 Ch. 6

မယုံကြည်နိုင်စရာ

Vol. 1-5 Ch. 6

အခန်း (၆) မယုံကြည်နိုင်စရာ

[ သစ်ရွက်အမြင် : အထက်ကောင်းကင်ဘုံမှလည်း ဖုံးကွယ်ပေးထားမည် ၊ အောက်ရပ်မှ သက်ရှိသတ္တဝါများထံမှလည်း ဖုံးကွယ်ပေးထားမည် ၊ အသေးအဖွဲလေးများမှအစ အခြားလူတစ်ယောက်၏ အမြင်ကို ဖုံးကွယ်ပေးထားမည်… ]

ခဏမျှ စဉ်းစားပြီးနောက် ကျန်းလန် စနစ်မှ စကားသံကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သစ်ရွက်အမြင်ဆိုသည်က အခြားသူများတွေ့မြင်နိုင်မည့် သူ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ပေးထားသည့် တန်ခိုးစွမ်းအား ဖြစ်သည်။ ကျန်းလန်အတွက် အမှန်တကယ်ပင် အသုံးဝင်စေမည့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်၏။

တစ်ခါတစ်ရံ… ကျန်းလန်အတွက် လှုပ်ရှားရသည်မှာ အဆင်မပြေလှပေ။ ထို့ပြင်… စနစ်မှ သူရရှိထားသည့် မှော်ဝင်ပစ္စည်းများကိုလည်း လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ခြင်း မရှိသေးပေ။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့်သာ ကိုယ်ယောင်ဖျောက်ထားနိုင်လျှင် မည်သူမှ သူ့ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်တော့မည် မဟုတ်ပေ။

ရန်သူဖြင့် တိုက်ခိုက်သည့်အခါမှာလည်း ကျန်းလန်အနေဖြင့် အသာစီးရရှိနိုင်သည်။

ထို့ပြင်… သစ်ရွက်အမြင်တန်ခိုးစွမ်းအားက ကျင့်ကြံ၍ မရနိုင်သည့် လျှို့ဝှက်ဆန်းကြယ်တန်ခိုးစွမ်းအားတစ်ခု ဖြစ်သည်။ ထိုတန်ခိုးစွမ်းအားကို ရရှိရန်မှာ ပါရမီနှင့်လည်း မဆိုင်လှပေ။

ထိုသို့သော ထူးဆန်းသည့် တန်ခိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်နိုင်ရန် မလွယ်ကူလှပေ။ အရိုင်းအစိုင်းလောကကြီးတွင် ထိုသို့သော တန်ခိုးစွမ်းအားမျိုးကို ပိုင်ဆိုင်သူ သိပ်များများစားစား မရှိပေ။

ကျန်းလန်က သူရရှိလိုက်သည့် လျှို့ဝှက်ဆန်းကြယ်လှသည့် တန်ခိုးစွမ်းအားကို အာရုံစိုက်နေဆဲမှာပင်… အစီအစဉ်မှူးလူရွယ်ထံမှ စကားသံထွက်ပေါ်လာ၏။

"တပည့်တို့… ကျေးဇူးပြုပြီး မှော်ဝင်ပစ္စည်းများကို စတင် ရယူလို့ ရပါပြီ… ၊ မင်းတို့ ဘယ်လောက်များများ ယူနိုင်လဲဆိုတာ မင်းတို့ရဲ့ စိတ်စွမ်းအားအပေါ် မူတည်ပါတယ်…"

ထိုသူပြောနေသည့် စကားလုံးများက ကျန်းလန်ကို ဦးတည်ပြီး ပြောနေဟန် ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် … ကျန်းလန်က နဝမတောင်ထွတ်မှ ရောက်လာသည့် တပည့်တစ်ယောက် ဖြစ်သောကြောင့်ပင်…။

နဝမတောင်ထွတ်မှ တပည့်များက များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ အားနည်းတတ်သည် မဟုတ်ပါလား။

ထို့ကြောင့်… ကျန်းလန် အနေဖြင့် မှော်ဝင်ပစ္စည်းအားလုံးကို ရယူရန်မှာ မဖြစ်နိုင်ပေ။

မှော်ဝင်ပစ္စည်းအားလုံးကို ရယူလိုပါက စိတ်ဓာတ်ခိုင်မာရန် လိုအပ်လေသည်။ မဟုတ်ပါက… မှော်ဝင်ပစ္စည်းများကို ရရှိခြင်းမရှိဘဲ သူ့ကိုယ်သူသာ ထိခိုက်နာကျင်စေပေလိမ့်မည်။

ဤသည်မှာ… ရုပ်ခန္ဓာစွမ်းအားနှင့် စိတ်စွမ်းအား ဟန်ချက်မညီမည်ကို ကျန်းလန် စိုးရိမ်ပူပန်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ မှော်ဝင်ပစ္စည်း (၂)ခု ယူနိုင်သူပင် ခပ်ရှားရှားဖြစ်ကြောင်း တွေ့လိုက်ရသည်။

သို့သော်… မှော်ဝင်ပစ္စည်းအနည်းငယ်သာ ယူနိုင်ကြခြင်းမှာ တပည့်များ၏ စိတ်စွမ်းအား မကောင်းသောကြောင့် မဟုတ်ကြပေ။

တောင်ထွတ်တစ်ခုအတွက် ရရှိသည့် မှော်ဝင်ပစ္စည်းဝေစုက နည်းပါးနေပြီး ယူမည့်တပည့်အရေအတွက်က များပြားနေသောကြောင့် ဖြစ်သည်။

တပည့်များက သူတို့ရရှိသည့် မှော်ဝင်ပစ္စည်းများကို ရယူပြီးနောက် ကျန်းလန်ကို လှမ်းကြည့်လိုက်ကြသည်။

နဝမတောင်ထွတ်မှ တပည့်က မှော်ဝင်ပစ္စည်း ဘယ်နှစ်ခုယူနိုင်မည်ကို သူတို့ စိတ်ဝင်စားနေကြသည်။

"သူ ဘယ်လောက်ယူနိုင်မလဲ မှန်းကြည့်စမ်း…"

"အရင်ကလည်း နဝမတောင်ထွတ်က တပည့်တစ်ယောက် တွေ့ဖူးတယ် ၊ သူကတော့ တစ်ခုလောက်ပဲ ယူနိုင်တာပဲ ၊ ဒုတိယတစ်ခုကို ထိတောင် မထိနိုင်ဘူး…"

"ဟုတ်တယ်… ဟုတ်တယ်… ၊ ကျုပ်ကြားဖူးတာတော့ ကိုယ်တွင်းမိစ္ဆာကြွလာလို့ ကျင်ငယ်တွေတောင် ပေါက်ချသေးတယ်ဆိုလားပဲ…"

"ဘာဖြစ်ဖြစ်ကွာ… ဒီကောင်လည်း နည်းနည်းလောက်ပဲ ယူနိုင်မှာပါ ၊ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်ဆိုရင် သူ့စွမ်းအားအကုန်လုံး သုံးတာတောင်မှ (၅)ခုလားပဲ ယူနိုင်တာ ၊ ဒီကောင် (၃)ခု ယူနိုင်တယ်ဆိုရင် ကံကောင်းပဲ…"

"(၃)ခုတောင် စဉ်းစားမနေပါနဲ့ကွာ ၊ (၂)ခုလောက်ယူမိရင်တောင် သူ့ရဲ့ကိုယ်တွင်းမိစ္ဆာက ကြွလာတော့မှာ ၊ နဝမတောင်ထွတ်က ဘယ်လိုနေရာမျိုးလဲဆိုတာ လူတိုင်းသိနေကြတာပဲကို…"

"ကျုပ်သာဆိုရင်တော့ တစ်ခုပဲယူမှာ ၊ နောက်တစ်ခုကို ထိတောင်ထိမှာ မဟုတ်ဘူး…"

ဝေဖန်ပြောဆိုသံများက နေရာအနှံ့မှ ထွက်ပေါ်လာသည်။

ကျန်းလန် ရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူ့ရှေ့ရှိ လေထုထဲတွင် မှော်ဝင်ပစ္စည်း (၅)မျိုး လွင့်မျောနေလေသည်။

ကျန်းလန်ရရှိသည့် မှော်ဝင်ပစ္စည်းဝေစုမှာ (၅)ခု ဖြစ်ကြောင်း သိနိုင်သည်။ သူက တစ်ယောက်တည်းဖြစ်လေရာ မှော်ဝင်ပစ္စည်း (၅)ခုဆိုသည်က အလွန်များပြားနေပြီ ဖြစ်၏။

မှော်ဝင်ပစ္စည်းများက လူအရေအတွက်အလိုက် ခွဲထားခြင်း လေရာ မှော်ဝင်ပစ္စည်း (၅)ခုဆိုသည်က တောင်ထွတ်တစ်ခုအတွက် အနည်းဆုံးပေးထားသည့် ခွဲတမ်းဖြစ်သည်။

သို့သော်… ကျန်းလန်ကတော့ ထိုအကြောင်းများကို သိရှိခြင်း မရှိပေ။

ကျန်းလန်က သူ့ရှေ့မှ မှော်ဝင်ပစ္စည်း (၅)ခုကို ကြည့်နေရင်း သူ ဘယ်လောက်များများ ရယူနိုင်မည်လဲဟု သိချင်နေမိသည်။

အစီအစဉ်မှူးလူရွယ်ကတော့ မှော်ဝင်ပစ္စည်းများကို ရယူနိုင်ခြင်းက လူတစ်ယောက်၏ စိတ်စွမ်းအားအပေါ်တွင် မူတည်သည်ဟု ဆိုလေသည်။

သူ၏ စိတ်စွမ်းအးက မည်သို့ရှိသည်ကို ကျန်းလန် သိချင်နေမိသည်။

ကျန်းလန် ခပ်မြန်မြန်ပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေသည်။ ထိုခဏမှာပင် မှော်ဝင်ပစ္စည်းတစ်ခုက ကျန်းလန်၏ လက်ထဲသို့ အလိုလိုကျရောက်လာလေသည်။

ထိုမှော်ဝင်ပစ္စည်းက ချီစွမ်းအားသန့်စင်ခြင်းအဆင့်တွင် အသုံးပြုသည့် ဝိညာဉ်ဓားတစ်လက် ဖြစ်သည်။ ကျန်းလန်အတွက် သိပ်ပြီး အသုံးမဝင်လှပေ။

သို့သော်… အသုံးမဝင်သောကြောင့် မယူစရာအကြောင်းတော့ မရှိပေ။ ရသမျှကို ယူရမည်သာ ဖြစ်သည်။

"ပထမဆုံး မှော်ဝင်ပစ္စည်းက ကျဘမ်းရတာပါ ၊ ဒါပေမဲ့ နောက်တစ်ခု ထပ်လိုချင်တယ်ဆိုရင်တော့ စိတ်စွမ်းအားက သေချာတဲ့အဆင့်တစ်ခု ရှိဖို့ လိုအပ်တယ် ၊ မင်း အစွမ်းအစရှိသလောက်ပဲ ယူဖို့ သတိထားပါ…"

အစီအစဉ်မှူးလူရွယ်က ကျန်းလန်ကို စေတနာဗရပွဖြင့် သတိပေးစကား ပြောနေပြန်၏။

ကျန်းလန်က ထိုသူကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…

"ကျေးဇူးပါ…"

ဟု ဆိုလိုက်၏။

သို့သော်… ကျန်းလန်ကတော့ ကြိုးစားကြည့်ချင်သေးသည်။

ခန်းမအတွင်းမှ အခြားတပည့်များကလည်း ကျန်းလန်ကို ဝိုင်းပြီး စပ်စပ်စုစုဖြင့် ကြည့်နေကြသည်။ ထိုတပည့်များက သူ့ကို ပွဲကြည့်သလို စောင့်ကြည့်နေကြခြင်း ဖြစ်၏။

ထိုအချိန်…

နဝမတောင်ထွတ်တွင် ရှိနေသည့် မော့ကျန်းသုန့်က သူ၏ အမြင်အာရုံကိုထုတ်လွှတ်ကာ ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးရှိရာသို့ လှမ်းကြည့်လိုက်လေသည်။

"မှော်ဝင်ပစ္စည်းတွေ ယူရမယ့်အချိန်တောင် ရောက်နေပြီပဲ… ၊ ငါ့တပည့်တော့ ဘယ်လောက်တော်သလဲ ကြည့်ရမယ်…"

မော့ကျန်းသုန့် ရေရွတ်လိုက်၏။

ပြီးမှ…

"သူ (၃)ခုလောက်တော့ ယူနိုင်ပါ့မလား ၊ နည်းနည်းတော့ ခက်ခဲမယ်ထင်တယ်…"

မော့ကျန်းသုန့် မျှော်လင့်ချက်အပြည့်ဖြင့် ရေရွတ်နေပြီး အမြင်အာရုံကို ခွန်လွန်တောင်ခန်းမဆောင်မှ ပြန်လည် လွှဲဖယ်လိုက်သည်။

ယခုနှစ်များအတွင်း တပည့်များစွာ တွေ့ကြုံခဲ့ရလေသည်။ ထိုတပည့်များထဲတွင် ကျန်းလန်က အတော်ဆုံးဖြစ်သည်ဟု မော့ကျန်းသုန့် သတ်မှတ်ထားသည်။

ကျန်းလန်၏ ပင်ကိုယ်ပါရမီက ပျမ်းပျမျှသာဖြစ်သည်။ သို့သော်… ကျန်းလန်က စိတ်နေစိတ်ထားက ထူးခြားသူ ဖြစ်၏။

"မင်းသာ ပါရမီရှင်တစ်ယောက်ဆိုရင် ဘယ်လောက်ကောင်းမလဲကွာ…"

မော့ကျန်းသုန့် ခေါင်းတစ်ချက်ခါရမ်းရင်း မချိတင်ကဲဖြင့် ရေရွတ်မြည်တမ်းလိုက်ပြန်သည်။

"အင်း… ငါလည်း သိပ်ပြီးလောဘကြီးမိပြီထင်ပါရဲ့ …  လောဘကြီးမိပြီထင်ပါရဲ့… ၊ ဒီလောက်နဲ့ပဲ ကျေနပ်သင့်ပါတယ်လေ…"

…………

ခွန်လွန်တောင် အဓိက ခန်းမှဆောင်ကြီးထဲတွင်တော့…

ကျန်းလန်က သူယူရမည့် ဒုတိယမြောက် မှော်ဝင်ပစ္စည်းကို လှမ်းကြည့်လိုက်သည်။

အမှန်ဆိုလျှင်… ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မှော်ဝင်ပစ္စည်း (၁)ခု ရရှိမည် ဖြစ်သည်။ သို့သော်… ကျန်းလန်က ဒုတိယမြောက်မှော်ဝင်ပစ္စည်းကို ကြည့်ရုံသာကြည့်နေပြီး ရှေ့သို့ ခြေတစ်လှမ်းထပ်တိုးခြင်း မရှိသေးပေ။

အစီအစဉ်မှူးလူရွယ်က ကျန်းလန်ကိုကြည့်နေရင်း မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။

နဝမတောင်ထွတ်မှ တပည့်အတော်များများကို သူ… တွေ့မြင်ဖူးသည်။ မည်သူမှ ဒုတိယမြောက်မှော်ဝင်ပစ္စည်းကို ရယူနိုင်ခဲ့ခြင်း မရှိကြပေ။

နဝမတောင်ထွတ်မှ တပည့်များမှာ မရဏအငွေ့အသက်များဒဏ်ကြောင့် အနည်းနှင့်အများ ကိုယ်တွင်မိစ္ဆာ ကိန်းအောင်းနေလေ့ ရှိကြသည်။ ထို့ကြောင့်… ဒုတိယမြောက် မှော်ဝင်ပစ္စည်းကို ရယူရန် သူတို့အတွက် ခက်ခဲလေသည်။

ယခုတော့… သူ့ရှေ့တွင်ရှိနေသည့် နဝမတောင်ထွတ်မှ တပည့်က ဒုတိယမြောက်မှော်ဝင်ပစ္စည်းကို ရယူရန် စဉ်းစားနေဟန်ရှိသည်။

အတော်လေး လောဘကြီးလှပါကလား…။

သူတွေးနေစဉ်မှာပင် ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ တစ်ချိန်တည်းမှာပင်… ကျန်းလန်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ထို့နောက်… ဒုတိယမြောက်မှော်ဝင်ပစ္စည်းက ကျန်းလန်လက်ပေါ်သို့ အန္တရယ်ကင်းကင်းဖြင့် ကျရောက်လာတော့သည်။

ထိုအရာက ဖိနပ်တစ်ရံဖြစ်၏။

"အာ... ဒုတိယမြောက်မှော်ဝင်ပစ္စည်းကို သူ… ယူနိုင်တယ်လား..."

အစီအစဉ်မှူးလူရွယ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။

သူမှ မဟုတ်ပေ။ ခန်းမအတွင်းမှ အခြားတပည့်များအားလုံးလည်း အံ့အားသင့်သွားကြလေသည်။

"သူ ဒုတိယမြောက်မှော်ဝင်ပစ္စည်းကို လွယ်လွယ်လေး ယူနိုင်တယ်ကွ...."

"ဒီကောင်က ဟုတ်ရော ဟုတ်ရဲ့လား... ၊ သူက နဝမတောင်ထွတ်မှာနေပြီးတော့ ကိုယ်တွင်းမိစ္ဆာ လုံးဝမရှိဘူးလား...."

"ငါ့အထင်တော့ ဒီကောင် ကံစွပ်တာကွ... အမယ်... ကြည့်ရတာ တတိယမြောက်မှော်ဝင်ပစ္စည်းကိုတောင် ယူဦးမယ့်ပုံပဲ...."

"ဒီကောင်က ရပ်ရမယ့်အချိန်ကို နားမလည်ဘူးကွ... ၊ ဒုတိယမြောက်မှော်ဝင်ပစ္စည်းက ယူဖို့လွယ်ပေမယ့် တတိယမှော်ဝင်ပစ္စည်းကို ယူဖို့က (၁၀) ဆလောက်ခက်မှာကွ... ၊ သူ့လိုသာမန်တပည့်တစ်ယောက်က ဘယ်လိုလုပ်ယူနိုင်မှာလဲ..."

"အမှန်ပဲ... ၊ ဒါကအစပဲရှိသေးတာ... ၊ ဒီကောင့်ကြည့်ရတာ ပါရမီရှင်လည်းမဟုတ်ပါဘူး... သာမန်ပါပဲ... ၊ တတိယမြောက်မှော်ဝင်ပစ္စည်းကိုယူဖို့ မဖြစ်နိုင်ဘူး..."

ကျန်ရှိသည့် မှော်ဝင်ပစ္စည်း (၃) ခုက လေထဲတွင် လွင့်မျောနေဆဲ ဖြစ်လေသည်။

ကျန်းလန်က ထိုမှော်ဝင်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဒုတိယမြောက်ရတနာပစ္စည်းကိုယူလိုက်စဉ်က ကျန်းလန် ဘာမှထူးထူးခြားခြား သူ မခံစားခဲ့ရပေ။ ထို့ကြောင့် သူ၏ စိတ်စွမ်းအား မည်မျှအားကောင်းသည်ကို အတည်မပြုနိုင်ခဲ့ပေ။

မှော်ဝင်ပစ္စည်း ဘယ်နှစ်ခု ယူနိုင်သလဲဆိုသည်က သူ၏စိတ်စွမ်းအား မည်မျှကောင်းသည်ကို စစ်ဆေးရန် ရှားပါးအခွင့်အရေး ဖြစ်သည်။

သူ ရင်ဆိုင်ရမည့်အရာက မည်သို့ဖြစ်လာမည်ကို ကျန်းလန် သိချင်နေမိသည်။

ထို့နောက်… ကျန်းလန်က မျက်လုံးများကို အသာမှေးမှိတ်လိုက်သည်။ လေထဲတွင် လွင့်မျောနေသည့် မှော်ဝင်ပစ္စည်း (၃)ခုထံသို့ သူ၏ စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

မှော်ဝင်ပစ္စည်း (၁)ခုချင်းစီ ယူနေမည်ဆိုလျှင် ကျန်းလန် ထူးထူးခြားခြား ဘာမှ ခံစားရမည် မဟုတ်ပေ။ ထို့ကြောင့်… မှော်ဝင်ပစ္စည်း (၃)ခုလုံးကို တစ်ပြိုင်နက်ယူကာ သူ၏ စိတ်စွမ်းအားကို စမ်းသပ်ကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ထိုအခါမှသာ…  သူ၏ စိတ်စွမ်းအားတွင် ပြစ်ချက် ရှိ မရှိ ရှာဖွေနိုင်မည် ဖြစ်သည်။

ခန်းမထဲရှိ လူတိုင်းက ကျန်းလန်ကို အာရုံစိုက် နေကြသည်။ သူတို့အားလုံးက ကျန်ရှိသည့် မှော်ဝင်ပစ္စည်းများကို ကျန်းလန် ရယူနိုင်မည်မဟုတ်ဟု ထင်မှတ်နေခဲ့ကြသည်။

ထိုအချိန်မှာပင်…

ကျန်းလန်က မှော်ဝင်ပစ္စည်းများကို ယူရန်အတွက် ရှေ့သို့ ခြေတစ်လှမ်းတိုးခြင်း မပြုလုပ်တော့ပေ။

သူ၏ ခြေထောက်များက မြေပြင်မှ ဝေဟင်ထက်ဆီသို့ တဖြည်းဖြည်းချင်း မြင့်တက်သွားလေတော့သည်။

All Chapters