← Chapters

အခန်း (၂၇၅၁-၂၇၅၂)

Vol. 216 Ch. 2751-2752

အခန်း (၂၇၅၁-၂၇၅၂)

Vol. 216 Ch. 2751-2752

အခန်း(၂၇၅၁)

“ဝုန်း..”

ဓားအလင်းနှင့်လက်ဝါးရိုက်ချက် တို့က ဟင်းလင်းပြင်ထဲတွင် တစ်ခဏအတွင်း ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြသည်။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များသည် ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားခဲ့ပြီး နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အထက်ကောင်းကင်ယံ တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့၏။

စွမ်းအင်ချင်း ထိတွေ့ရိုက်ခတ်မှုအောက်တွင် ရဲ့စန်းမူသည် ပေပေါင်းရာချီ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားခဲ့ရသည်။

ဆန့်ကျင်ဘက်ရှိ ဟွမ်ထျန်းချီကမူ ဓားကို ကိုင်စွဲ၍ နေရာမှာပင် ရပ်မြဲအတိုင်း ရပ်နေခဲ့၏။

သူ၏ ဝတ်ရုံပင်လျှင် စုတ်ပြဲပျက်စီးသွားခြင်း မရှိခဲ့ပေ။

ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ရဲ့စန်းမူသည် အဋ္ဌမအဆင့် ဟွမ်ထျန်းချီထက် ခြေတစ်လှမ်းမက နောက်ကျနေခဲ့ပြီး ဟွမ်ထျန်းချီ၏ ပြိုင်ဘက် မဟုတ်သည်မှာ ထင်ရှားနေခဲ့သည်။

“ဟားဟား ရဲ့စန်းမူ.. ဒီလောက် အစွမ်းအစလေးနဲ့ ငါ့ရဲ့ နဂါးဝါအင်မော်တယ်ဂိုဏ်းကို လာပြီး ရမ်းကားရဲတယ်.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးပြီး ငါ့ဆီ လာခဲ့မှတော့ ငါဒီနေ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”

ဓားချက်တစ်ချက်တည်းဖြင့် ရဲ့စန်းမူကို နောက်သို့ ဆုတ်သွားစေပြီးနောက်တွင် ဟွမ်ထျန်းချီသည် ဝင့်ကြွားစွာ ရယ်မောလိုက်ပြီး သူ၏ လက်ထဲမှ ဓားရှည်ကို ချက်ချင်းဆိုသလို ဝှေ့ယမ်းကာ ရဲ့စန်းမူကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်သည်။

ရဲ့စန်းမူက ဟွမ်ထျန်းချီကို လှောင်ပြုံးပြုံးကာ ကြည့်လိုက်သည်။

“ငါ ရဲ့စန်းမူက ငတုံး မဟုတ်ဘူး.. ငါက ဘာပြင်ဆင်မှုမှ မရှိဘဲ မင်းတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းကို အလကားနေရင်း အသေလာခံလိမ့်မယ်လို့ မင်းထင်နေလား”

ရဲ့စန်းမူ၏ စကားကိုကြားလျှင် ဟွမ်ထျန်းချီ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် သူသည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ရုတ်တရက် ဟင်းလင်းပြင်ထဲသို့ မော့ကြည့်လိုက်သည်။

ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို သူတွေ့လိုက်ရ၏။

ဟွမ်ထျန်းချီသည် ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် မစိမ်းပေ။

ထိုလူငယ်သည် စောစောကလေးတင် ရဲ့စန်းမူ၏ နံဘေးတွင် ရပ်နေသည့် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ ဖြစ်၏။

သို့သော်လည်း သူ၏ ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံမှုဖြင့် ဆိုလျှင် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးလောက်ကို မျက်စိထဲ ထည့်စရာမလိုသဖြင့် သိပ်ဂရုမစိုက်ခဲ့ပေ။

သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ့ကို ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်ထောက်တိုင်ကဲ့သို့ ပေပေါင်း မရေမတွက်နိုင်အောင် ရှည်လျားသော နတ်ဘုရားကျောက်တိုင်ကြီး တစ်ခုကို ထုတ်ဖော်ထားခဲ့သည်။

ထိုနတ်ဘုရားကျောက်တိုင်ကြီးတွင် အလွန်အမင်းကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်း စွမ်းအားများ ရှိနေခဲ့ပြီး ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ဖြစ်သည့် သူ့ကိုပင် ထိတ်လန့် တုန်လှုပ်စေခဲ့သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူလုံးဝ အလေးမထားခဲ့သော ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူက ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများကို ထုတ်ဖော်နိုင်လိမ့်မည်ဟု ဟွမ်ထျန်းချီ ထင်မထားခဲ့ပေ။

ကြည့်ရသည်မှာ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နဂါးဝါအင်မော်တယ်ဂိုဏ်းသို့ ရဲ့စန်းမူ လာရောက်ရဲသည့် အဓိက အားကိုးရာ ဖြစ်ပုံရ၏။

ဟွမ်ထျန်းချီ ထိတ်လန့်နေစဥ်မှာပင် ဟင်းလင်းပြင်ထဲရှိ နတ်ဘုရားကျောက်တိုင်ထက်မှ ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်း အင်မော်တယ်စွမ်းအားများသည် ဟွမ်ထျန်းချီ ဆီသို့ ဆင်းသက်လာခဲ့ပြီး ဟွမ်ထျန်းချီနှင့် ၎င်း၏ ပတ်ဝန်းကျင် ပေတစ်ရာခန့် ဧရိယာကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။

ထိုခဏဝယ် ဟွမ်ထျန်းချီသည် ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက သေခြင်းတရား၏ အရိပ်အငွေ့အောက်တွင် ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

သူက ကြုံးဝါးလိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ သူ၏ လက်ထဲမှ ဓားရှည်ကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်၏။

ဟွမ်ထျန်းချီက ဓားချက် ခြောက်ချက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ရာ တောက်ပသော ဓားအလင်း ခြောက်ခုသည် သူ၏ ဦးခေါင်း အထက်တွင် စုစည်းသွားခဲ့ပြီး သူ့ကို ဖိနှိပ်ရန် ရောက်ရှိလာသည့် ဖျက်ဆီးခြင်းစွမ်းအားများကို ရင်ဆိုင်လိုက်၏။

ဤသည်က ဟွမ်ထျန်းချီ၏ အစွမ်းကုန် တိုက်ခိုက်မှု ဖြစ်သော်လည်း ဖျက်ဆီးခြင်း စွမ်းအားများနှင့် ထိတွေ့လိုက်သောအခါတွင် စက္ကူစုတ် ကဲ့သို့ ဖြစ်သွားခဲ့ပြီး ပြိုကွဲပျက်စီးသွားကာ တစ်ခဏ အတွင်းမှာပင် ဘာမှ မဟုတ်သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ဟွမ်ထျန်းချီက အတော်လေး ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ခန္ဓာကိုယ် အတွင်းရှိ အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်ကာ ခုခံခဲ့သော်လည်း အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားခဲ့သည်။

အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားအောက်တွင် ဟွမ်ထျန်းချီ၏ ကောင်းကင်အင်‌မော်တယ် အဋ္ဌမအဆင့် စွမ်းအားက မည်သို့မှ အသုံးမဝင်တော့ပေ။

ထို့ကြောင့် ဟွမ်ထျန်းချီသည် သူ့ထံသို့ သက်ရောက်လာသည့် ဖျက်ဆီးခြင်း အင်မော်တယ်စွမ်းအားကို ဒီအတိုင်း ကြည့်နေရုံသာ တတ်နိုင်တော့၏။

“မသတ်ပါနဲ့”

ဟွမ်ထျန်းချီက မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်စွာကြည့်ရင်း ရေရွတ်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားအောက်တွင် လုံးဝ ဖျက်ဆီးခံလိုက်ရ၏။

“ဒီအင်‌မော်တယ် ချေမှုန်းခြင်းစွမ်းအားက တကယ်ကို ကြောက်စရာပဲ.. ကောင်းကင်အင်မော်တယ် နဝမအဆင့်တောင် ဒီစွမ်းအားကို မတားဆီးနိုင်လောက်ဘူး ထင်တယ်”

ဟွမ်ထျန်းချီတစ်ခါတည်း အသတ်ခံလိုက်ရသည်ကိုမြင်လျှင် ကျန်းချန် မအံ့ဩဘဲ မနေနိုင်တော့ပေ။

အင်မော်တယ် ချေမှုန်းခြင်းစွမ်းအားသည် အလွန်ပင် စွမ်းအားကြီးမားပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများပင် အလွယ်တကူ တားဆီးနိုင်မည် မဟုတ်သော်လည်း ၎င်းတို့ အသင့်မဖြစ်သေးသည့် အခြေအနေများနှင့် ရင်ဆိုင်မရသောအခါမှသာ ထင်မှတ်မထားသော ရလဒ်များကို ရရှိနိုင်မည် ဖြစ်သည်။

အကယ်၍‌ စောစောကသာ ရဲ့စန်းမူက ဟွမ်ထျန်းချီ၏ အာရုံကို ဆွဲဆောင် မထားခဲ့လျှင် ဟွမ်ထျန်းချီ၏ ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံမှုဖြင့် ဆိုလျှင် အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားကို မတားဆီးနိုင်လျှင်ပင် ထွက်ပြေးလွတ်မြောက်ရန်မှာ ပြဿနာ ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အင်မော်တယ် ချေမှုန်းခြင်း စွမ်းအားဖြင့် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။

“ဒီလိုပဲ အသတ်ခံလိုက်ရတာလား”

သူ့ရှေ့မှ အခြေအနေကို ဖွင့်ကြည့်ရင်း ရဲ့စန်းမူသည် မှင်တက်နေခဲ့ပြီး တစ်ခဏမျှ သတိပြန်မဝင်လာခဲ့ပေ။

မကြာသေးမီကလည်း ကျန်းချန်က ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ရှိ ဟွမ်ဝမ်ချန်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည့် အတွက် ရဲ့စန်းမူ အံ့အားသင့်ခဲ့ရသည်။

ဤတစ်ကြိမ်တွင်လည်း ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ဟွမ်ထျန်းချီသည် ကျန်းချန်၏ တိုက်ကွက် တစ်ကွက်တည်းဖြင့် ချေမှုန်းခံလိုက်ရ၏။

အလွန် အစွမ်းထက်သော အင်မော်တယ်ရတနာ၏ အကူအညီဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သော်လည်း ယင်းမှာ ကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေခဲ့ပြီ ဖြစ်သည်။

“အကြီးအကဲထျန်းချီ.. သေသွားပြီဟ”

ဟွမ်ထျန်းချီက ဟင်းလင်းပြင်ထဲမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် ချေမှုန်းခံလိုက်ရပြီး အစအနပင် မကျန်ရှိတော့သည်ကို မြင်လျှင် ကျန်ရှိနေသော နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ်များသည် မိခင်သေဆုံးသွားသော ကလေးငယ်များ ကဲ့သို့ မျက်နှာများ ဖြူဖျော့သွားကြသည်။

လက်ရှိအချိန်တွင် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အစွမ်းထက်ပုဂ္ဂိုလ်ငါးဦး အနက် ဟွမ်ထျန်းချီ တစ်ဦးတည်းသာ နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဌာနချုပ်တွင် ရှိနေခဲ့သည်။

ယခု ဟွမ်ထျန်းချီ အသတ်ခံလိုက်ရပြီ ဖြစ်ရာ သူတို့ နဂါးဝါ အင်မော်တယ်ဂိုဏ်းသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်တော့မည်နည်း။

ပြောနေစရာ မလိုလောက်အောက်ပင် အနက်ရောင်ဝတ်စုံဝတ် လူငယ် အပြင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ရဲ့စန်းမူလည်း ရှိနေသေး၏။

“ဂိုဏ်းချုပ်ကို မြန်မြန် အကြောင်းကြားမှ ဖြစ်မယ်”

ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးက ထိတ်လန့်တကြား ရေရွတ်လိုက်ပြီးနောက်တွင် လေလွင့်ခွေးတစ်ကောင် ကဲ့သို့ နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်ကို အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ရဲ့စန်းမူသည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ ထံသို့ ပေတစ်‌သောင်းအမြင့်ရှိသော တောင်ကြီးတစ်တောင် ကဲ့သို့ ဆင်းသက်လာခဲ့ရာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြိတ်ချေခံလိုက်ရကာ သွေးအိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ရွမ်ယီအင်မော်တယ်ဂိုဏ်းနှင့် နဂါးဝါအင်မော်တယ်ဂိုဏ်းတို့၏ ဆက်ဆံရေးအရ ရဲ့စန်းမူသည် နဂါးဝါအင်မော်တယ်ဂိုဏ်းဝင်များကို အလွယ်တကူ ထွက်ပြေးခွင့် မပေးခဲ့ပေ။

သာမန် တိုက်ကွက် အနည်းငယ်ဖြင့်ပင် နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ် အချို့သည် ရဲ့စန်းမူ၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။

နဂါးဝါအင်မော်တယ်ဂိုဏ်းမှ တပည့်များသည် ထိုမြင်ကွင်းကိုမြင်လျှင် တိတ်ဆိတ်နေခဲ့ကြပြီး အတော်လေး တုန်လှုပ်ချောက်ချား နေကြ၏။

“မိတ်ဆွေလေးကျန်းချန်.. နဂါးဝါအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟွမ်ထျန်းဟွာက ဒီမှာဘာတွေဖြစ်ခဲ့လဲ ဆိုတာ သိပ်မကြာခင် သိသွားလိမ့်မယ်.. ငါတို့ ဒီကနေ မြန်မြန်ထွက်သွားကြရအောင်”

နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ် အချို့ကို ရှင်းလင်းပြီးနောက်တွင် ရဲ့စန်းမူက အလျင်အမြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. ဒီကို ရောက်လာမှာတော့ ဘာမှမရဘဲ လက်ဗလာနဲ့ ပြန်လို့ ဘယ်ဖြစ်ပါ့မလဲ”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် နဂါးဝါအင်မော်တယ်ဂိုဏ်း ထဲသို့ ရင်ကော့၍ ဝင်သွားခဲ့သည်။

နဂါးဝါအင်မော်တယ်ဂိုဏ်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း နောက်ခံမရှိသော ဂိုဏ်းငယ်လေး တစ်ခုသာ ဖြစ်ပြီး ဂိုဏ်းကာကွယ်‌ရေး အစီအရင်လည်း မရှိပေ။

ထို့ကြောင့် ကျန်းချန်အတွက် အတားအဆီး မရှိသလောက် ဖြစ်နေခဲ့ပြီး နဂါးဝါ အင်မော်တယ်ဂိုဏ်း၏ အတွင်းဘက်သို့ ဝင်ရောက်နိုင်ခဲ့သည်။

သူက နတ်အသိစိတ်အာရုံဖြင့် နဂါးဝါအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို လွှမ်းခြုံလိုက်ရာ သိပ်မကြာခင်မှာပင် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဘဏ္ဍာတိုက်ထဲရှိ အင်မော်တယ် ကျောက်တုံးများနှင့် အဖိုးတန် ရတနာအားလုံးကို သူ၏ သိုလှောင်အိတ် ထဲသို့ သိမ်းဆည်းလိုက်သည်။

နဂါးဝါအင်မော်တယ်ဂိုဏ်းကို လုယက်ပြီးနောက်တွင် ကျန်းချန်နှင့် ရဲ့စန်းမူ တို့သည် နဂါးဝါအင်မော်တယ်ဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များ၏ ကြောက်ရွံ့နေသော အကြည့်အောက်တွင် ထွက်ခွာသွားခဲ့ကြသည်။

အခန်း(၂၇၅၁)ပြီး၏။

အခန်း(၂၇၅၂)

ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ အပြင်ဘက် ဟင်းလင်းပြင်ထက်တွင် ဒါဇင်နှင့်ချီသော လူရိပ်များသည် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ဝိုင်းရံလျက် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

ခေါင်းဆောင်လုပ်သူမှာ အဝါရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ထူးခြားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဟွမ်ထျန်းဟွာပင် ဖြစ်သည်။

ဟွမ်ထျန်းဟွာသည် မူလက ဓားပြတစ်ဦးသာ ဖြစ်ပြီး ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အပေါ်ယံ ဗဟုသုတအချို့ကိုသာ သိရှိထားသူ ဖြစ်ရာ အကယ်၍ သူသာ အခွင့်အလမ်း မရရှိခဲ့လျှင် ကောင်းကင်အင်မော်တယ်အဆင့်သို့ပင် ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။

နောက်ပိုင်းတွင် ဟွမ်ထျန်းဟွာသည် ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူတစ်ဦး ချန်ရစ်ခဲ့သော အမွေအနှစ်ကို ကံကောင်းထောက်မစွာ ရရှိခဲ့ပြီး ကောင်းကင်အင်မော်တယ် အဆင့်အထိ တောက်လျှောက်ဆိုသလို တက်လှမ်းလာနိုင်ခဲ့ကာ နဂါးဝါအင်မော်တယ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။

နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အင်အား တိုးတက်လာသည်နှင့်အမျှ ဟွမ်ထျန်းဟွာ၏ ရည်မှန်းချက်က တဖြည်းဖြည်း ကြီးမားလာခဲ့၏။

အထူးသဖြင့် မကြာသေးမီက ဟွမ်ထျန်းဟွာသည် ကောင်းကင်အင်မော်တယ် နဝမအဆင့်ကနေ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကို ရောက်ရှိသွားခဲ့ရာ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို သိမ်းပိုက်ရန် ကြံစည်လာခဲ့သည်။

ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် ရှည်လျားသော သမိုင်းကြောင်း ရှိပြီး ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် နဂါးဝါအင်မော်တယ်ဂိုဏ်းထက်ပင် ပိုမို၍ သာလွန်နေခဲ့သည်။

ရွမ်ယီအင်မော်တယ်ဂိုဏ်းကို သိမ်းပိုက်နိုင်သရွေ့ ဟွမ်ထျန်းဟွာသည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကနေ ရွှေအင်မော်တယ် ပထမအဆင့်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေခဲ့၏။

ထိုအချိန်သို့ရောက်လျှင် နဂါးဝါအင်မော်တယ်ဂိုဏ်းသည် ရွှေအင်မော်တယ်အဆင့် အင်အားစုတစ်စု အမှန်တကယ် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပါလား။

အင်မော်တယ်လောကတွင် ရွှေအင်မော်တယ်အဆင့် အင်အားစုများကိုသာ အလယ်အလတ် အင်အားစု အဖြစ် သတ်မှတ်၍ ရသည်။

ထို့ကြောင့် ရွှေအင်မော်တယ်အဆင့် အင်အားစုတစ်ခု ဖြစ်လာသရွေ့ နဂါးဝါအင်မော်တယ်ဂိုဏ်းသည် ဂိုဏ်းငယ်လေး အဖြစ် ရှိတော့မည် မဟုတ်ပေ။

သို့သော်လည်း ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် ရှည်လျားသော သမိုင်းကြောင်းနှင့် နက်ရှိုင်းသော အစဥ်အလာရှိ၏။

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ မရှိသည့်တိုင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို သိမ်းပိုက်ရန်မှာ မလွယ်ကူပေ။

အထူးသဖြင့် ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကောင်းကင်အင်မော်တယ် နဝမအဆင့်သာ ရှိသော်လည်း အလွန် အစွမ်းထက်သော အင်မော်တယ်ရတနာတစ်ပါးကို ကိုင်ဆောင်ထား၍ ဟွမ်ထျန်းဟွာ ပင်လျှင် အလွယ်တကူ အနိုင်မယူနိုင်ချေ။

ဤရက်ပိုင်းအတွင်း ဟွမ်ထျန်းဟွာသည် နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများကို ဦးဆောင်၍ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို အကြိမ်ပေါင်း များစွာ တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။

“ဂိုဏ်းချုပ်.. ဟွမ်ဝမ်ချန်က ချူယန်ချိုးရဲ့ သမီး ချူလင်းယွင်နောက်ကို လိုက်သွားပြီ ဆိုတော့ ချူလင်းယွင်ကို ဖမ်းမိသရွေ့ ရွမ်ယီအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချူယန်ချိုးက အမိန့်မနာခံမှာကို စိုးရိမ်စရာ မလိုတော့ဘူး.. ကျွန်တော့်အမြင်အရတော့ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို အားကုန်ခံပြီး တိုက်ခိုက်နေစရာတောင် မလိုပါဘူး.. ဟွမ်ဝမ်ချန် ပြန်လာတဲ့အထိ စောင့်လိုက်တာပဲ ပိုကောင်းမယ်ထင်တယ်”

ဟွမ်ထျန်းဟွာ၏ နံဘေးရှိ ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦးက ဟွမ်ထျန်းဟွာကို ဖျောင်းဖျပြောဆိုလိုက်သည်။

ထိုသူမှာ နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် အကြီးအကဲလုခွမ်း ဖြစ်ပြီး ဟွမ်ထျန်းဟွာ၏ ယောက်ဖလည်း ဖြစ်သည်။

နဂါးဝါအင်မော်တယ်ဂိုဏ်းတွင် ဟွမ်ထျန်းဟွာ ပြီးလျှင် အစွမ်းအထက်ဆုံး ဖြစ်ကာ ဟွမ်ထျန်းချီ ထက်ပင် အနည်းငယ်ပို၍ အစွမ်းထက်၏။

ဟွမ်ထျန်းဟွာက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ဟွမ်ဝမ်ချန် သွားတာ ဒီလောက်တောင် ကြာနေပြီ.. ဘာလို့ အခုထိ ဘာသတင်းမှ မရသေးဘူးလား”

ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် ဝါးရခက်သော အရိုးနှင့်တူ၍ မဖြစ်မနေ အခြေအနေမှလွဲလျှင် ဟွမ်ထျန်းဟွာသည် မတိုက်ခိုက်ချင်ခဲ့ပေ။

သူသေကိုယ်သေ ရင်ဆိုင်မည်ဆိုလျှင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင် နဂါးဝါအင်မော်တယ်ဂိုဏ်းသည်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည် မဟုတ်ပါလော။

“မရသေးပါဘူး”

လုခွမ်းက ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်သည်။

သူက မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့၏။

မကြာသေးမီက စပြီး ရွမ်ယီအင်မော်တယ်ဂိုဏ်းနှင့် သူတို့ နဂါးဝါအင်မော်တယ်ဂိုဏ်း ကြားတွင် စစ်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ပွဲအတွင်း ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် သခင်မလေး ချူလင်းယွင်ကို အကြီးအကဲ ရဲ့စန်းမူအား စောင့်ရှောက်ခိုင်းကာ မသိမသာ ထွက်ပြေးစေခဲ့သည်။

နဂါးဝါအင်မော်တယ်ဂိုဏ်းသည် ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ လုပ်ရပ်ကို သိရှိသွားသဖြင့် ဟွမ်ဝမ်ချန်နှင့် ကောင်းကင်အင်မော်တယ် အချို့ကို ချူလင်းယွင်အား ဖမ်းရန် စေလွှတ်လိုက်သည်။

ဟွမ်ဝမ်ချန်၏ စွမ်းရည်သည် ရဲ့စန်းမူ အောက်တွင် မရှိသလို ကောင်းကင်အင်မော်တယ် အချို့၏ အကူအညီပါ ထပ်ပေါင်းလိုက်လျှင် ရဲ့စန်းမူနှင့် ချူလင်းယွင် တို့ကို ဖမ်းဆီးရန်မှာ အကြမ်းဖျင်းအားဖြင့် မည်သည့် ပြဿနာမှ မရှိနိုင်ပေ။

သို့ရာတွင် ဟွမ်ဝမ်ချန် သွားသည်မှာ ဤမျှအထိ ကြာမြင့်နေပြီ ဖြစ်သော်လည်း မည်သည့်သတင်းမှ ရောက်မလာသေးချေ။

လုခွမ်း၏ ဟွမ်ဝမ်ချန်တို့ လူစု တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပြီဟု အမြဲတစေ ခံစားနေခဲ့ရသည်။

ဟွမ်ထျန်းဟွာ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

“ချက်ချင်းပဲ လူလွှတ်ပြီး ဟွမ်ဝမ်ချန်ကို ဆက်သွယ်ဖို့ နည်းလမ်းရှာလိုက်.. ပြီးရင် ဟွမ်ထျန်းချီဆီ သတင်းပို့ပြီး ငါတို့ဆီ စစ်ကူလာဖို့ ပြောလိုက်”

မည်သို့ပင် ဆိုစေကာမူ သူက ရွမ်ယီအင်မော်တယ်ဂိုဏ်းကို မတိုက်ခိုက်ဘဲ ဤအတိုင်း ဆက်လက် ရပ်တန့်နေရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

အဖိုးအခတချို့ ပေးဆပ်ရလျှင်ပင် သူက ရွမ်ယီအင်မော်တယ်ဂိုဏ်းကို မဖြစ်မနေ ထိုးဖောက်ပြီး သိမ်းပိုက်သွားမည်ဖြစ်သည်။

သို့ရာတွင် ဟွမ်ထျန်းဟွာ၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ထဲကနေ အလင်းတန်း တစ်ခုသည် ကောင်းကင်ယံကို ရုတ်တရက် ဖြတ်သန်းကာ ဟွမ်ထျန်းဟွာ၏ ရှေ့မှောက်သို့ ကျရောက်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့သည်။

“ဂိုဏ်းချုပ်.. ပြဿနာတော့ တက်ပြီ”

ဟွမ်ထျန်းဟွာက ရောက်ရှိလာသူကို စေ့စေ့ကြည့်လိုက်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

“မင်းက ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ”

ရောက်ရှိလာသူက ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် အလျင်အမြန် ပြောလိုက်သည်။

“ဂိုဏ်းချုပ်.. ရဲ့စန်းမူက လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်တစ်ယောက်နဲ့ အတူ နဂါးဝါအင်မော်တယ်ဂိုဏ်းရဲ့ ဌာနချုပ်ဆီ ရောက်လာခဲ့တယ်.. အကြီးအကဲထျန်းချီနဲ့ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူတွေက သူတို့ လက်ထဲမှာ ကျဆုံးသွားခဲ့ပြီ.. သူတို့က နဂါးဝါအင်မော်တယ်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲကတောင် လုယက်သွားကြသေးတယ်”

“မင်း.. မင်းဘာပြောလိုက်တာလဲ”

ဟွမ်ထျန်းဟွာက ရောက်ရှိလာသူ၏ ကော်လံစကို ဆွဲကိုင်လိုက်ပြီး ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူက နဂါးဝါအင်မော်တယ်ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ကာ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ခဲ့သော်လည်း ရွမ်ယီအင်မော်တယ်ဂိုဏ်းကို မသိမ်းပိုက်နိုင်ခင်မှာပင် သူ၏ ဌာနချုပ်သည် ရွမ်ယီအင်‌မော်တယ်ဂိုဏ်း၏ တိုက်ခိုက်မှုကို အရင်ခံလိုက်ရမည်ဟု မထင်ထားခဲ့ပေ။

သို့ဖြစ်ရာ ဟွမ်ထျန်းဟွာ အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

သို့ရာတွင် သေချာစဥ်းစားကြည့်လျှင် ယခုအခါတွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် သူတို့၏ တိုက်ခိုက်မှုအောက်တွင် ကိုယ့်ကိုယ်ကိုယ်ပင် မကာကွယ်နိုင်သော အခြေအနေ ဖြစ်နေခဲ့၏။

ထို့ကြောင့် သူတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်မည့်စွမ်းရည် မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

သိထားရမည့်အချက်မှာ နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဌာနချုပ်ကို ဟွမ်ထျန်းချီ ကဲ့သို့ ကောင်းကင်အင်မော်တယ်အဋ္ဌမအဆင့် ကျင့်ကြံသူက တာဝန်ယူ စောင့်ကြပ်နေခြင်းဖြစ်သည်။

ရွမ်ယီအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံးတွင် ဟွမ်ထျန်းချီကို သတ်ပစ်နိုင်စွမ်း ရှိသူမှာ ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ချူယန်ချိုးမှ လွဲ၍ ဒုတိယလူ မရှိပေ။

“ဂိုဏ်း.. ဂိုဏ်းချုပ်.. စိတ်လျှော့ပါဦး”

နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ရောက်လာသူက မျက်နှာများဖြူဖျော့နေပြီး နဂါးဝါ အင်မော်တယ်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှကို ဟွမ်ထျန်းဟွာထံ အသေးစိတ် အစီအရင်ခံလိုက်သည်။

“ရဲ့စန်းမူ ဆိုတဲ့ကောင်က တကယ်ကို အတင့်ရဲတာပဲ.. ငါ ဟွမ်ထျန်းဟွာ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်.. တစ်နေ့နေ့ကျရင် ရဲ့စန်းမူရဲ့အလောင်းကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ငါလုပ်ပစ်မယ်”

ဟွမ်ထျန်းဟွာက အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး လူသတ်ငွေ့များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့သည်။

သူ၏ ညီဖြစ်သည့် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ရှိ ဟွမ်ထျန်းချီသည် ကျဆုံးသွားခဲ့ပြီး နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဘဏ္ဍာတိုက်ပင် လုယက်ခံလိုက်ရသည်။

အကယ်၍ ရွမ်ယီအင်မော်တယ်ဂိုဏ်းကိုသာ မထိုးဖောက်နိုင်ခဲ့လျှင် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဆုံးရှုံးမှုကို ပြန်လည်ဖြည့်ဆည်းရန် မလုံလောက်နိုင်တော့မည်ကို သူစိုးရိမ်နေမိ၏။

“ဂိုဏ်းချုပ်.. နဂါးဝါအင်မော်တယ်ဂိုဏ်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်နေပြီ ဆိုတော့ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ဆက်ပြီး တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး.. ကျွန်တော်တို့ မြန်မြန် ပြန်ဆုတ်ကြရအောင်”

ဟွမ်ထျန်းဟွာက ဒေါသကြောင့် စိတ်လွတ်နေသည်ကို မြင်လျှင် လုခွမ်း အလျင်အမြန် ဖျောင်းဖျလိုက်သည်။

သူက ရဲ့စန်းမူနှင့် ချူလင်းယွင်ကို လိုက်လံသတ်ဖြတ်ရန် ဟွမ်ဝမ်ချန် တို့ကို စေလွှတ်ခဲ့သည်။

ယခုအခါ ရဲ့စန်းမူက နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဌာနချုပ်တွင် ပေါ်လာခဲ့ပြီ ဖြစ်ရာ ဟွမ်ဝမ်ချန်တို့ လူစုသည် မတော်တဆမှု တစ်ခုခုနှင့် ကြုံတွေ့သွားရပြီဟု အဓိပ္ပာယ်ရနေသည် မဟုတ်ပါလော။

နဂါးဝါအင်မော်တယ်ဂိုဏ်းသည် ဟွမ်ဝမ်ချန်နှင့် ဟွမ်ထျန်းချီဟူသော အစွမ်းထက် ပုဂ္ဂိုလ်နှစ်ဦးကို ဆက်တိုက်ဆိုသလို ဆုံးရှုံးလိုက်ရ၍ သူတို့၏ အသက်သွေးကြောကို ပြင်းပြင်းထန်ထန် ထိခိုက်သွားသည်ဟု ဆိုနိုင်၏။

လက်ရှိအချိန်တွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ဆက်လက် သိမ်းပိုက်ရန်မှာ သူတို့အတွက် ပို၍ပင် ခက်ခဲသွားခဲ့ချေပြီ။

“ဆုတ်ရမယ် ဟုတ်လား.. ငါတို့ အခုနေ ပြန်ဆုတ်ရရင်လည်း ဘာမှ ထူးတော့မှာ မဟုတ်ဘူး”

ဟွမ်ထျန်းဟွာ၏ မျက်ဝန်းထဲတွင် ရူးသွပ်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အခုချက်ချင်း ရွမ်ယီအင်‌မော်တယ်ဂိုဏ်းကို အစွမ်းကုန်တိုက်ခိုက်ကြ.. ဒီနေ့ ဘယ်လို အဖိုးအခမျိုးပဲ ပေးဆပ်ရပါစေ.. ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးပစ်မယ်”

ထိုစကားကို ကြားလျှင် လုခွမ်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ဂိုဏ်းချုပ်.. ဒီလိုလုပ်လို့ မဖြစ်ဘူး”

ရဲ့စန်းမူသည် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ဦးကို နဂါးဝါအင်မော်တယ်ဂိုဏ်းသို့ ခေါ်လာခဲ့ပြီး ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ဟွမ်ထျန်းချီကို သတ်ဖြတ်ခဲ့သည်။

ဤသည်ကို ထောက်လျှင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ကူညီပေးမည့်သူ တစ်ဦး ရှိနေပြီ ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်၏။

ယင်းအပြင် ထိုအကူအညီပေးသူ၏ နောက်ခံသည် အလွန်အမင်း ထူးခြားပြီး အင်အားကြီး အဖွဲ့အစည်း တစ်ခုခုမှ ပါရမီရှင်တပည့်တစ်ဦး ဖြစ်နေမည်ကို သူစိုးရိမ်နေမိသည်။

အကယ်၍ နဂါးဝါအင်မော်တယ်ဂိုဏ်းသာ ရွမ်ယီအင်‌မော်တယ်ဂိုဏ်းကို ဆက်လက် တိုက်ခိုက်ရန် အတင်းအကျပ် ပြုလုပ်နေမည် ဆိုလျှင် ပျက်စီးရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေခြင်း ဆိုလည်း မမှားပေ။

“ငါ ဆုံးဖြတ်ချက်ချပြီးပြီ.. ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး”

ဟွမ်ထျန်းဟွာက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

သူက ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်သည်။

သူ၏ အေးစက်စက် ကြုံးဝါးသံသည် ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ယံထက်တွင် တစ်ခဏအတွင်း ပေါက်ကွဲထွက်လာခဲ့သည်။

“ချူယန်ချိုး.. သတ္တိရှိရင် အပြင်ထွက်လာပြီး ငါနဲ့လာတိုက်ခိုက်စမ်း”

အခန်း(၂၇၅၂)ပြီး၏။

All Chapters