← Chapters

အခန်း (၂၇၅၅-၂၇၅၆)

Vol. 216 Ch. 2755-2756

အခန်း (၂၇၅၅-၂၇၅၆)

Vol. 216 Ch. 2755-2756

အခန်း(၂၇၅၅)

တလော့ အဆင့် ဆေးဝါး ဆိုသည်မှာ အင်မော်တယ်လောကတွင်ပင် အလွန်တရာ ရှားပါးသော အနှိုင်းမဲ့ဆေးဝါး တစ်မျိုး ဖြစ်သည်။

တလော့ဆေးလုံးထဲတွင် တလော့စွမ်အားများ ကိန်းအောင်းလျက် ရှိ၏။

အကယ်၍ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးသာ ထိုဆေးလုံးကို သောက်သုံးခဲ့လျှင် ရွှေအင်‌မော်တယ်နဝမအဆင့် ကျင့်ကြံသူပေါင်း များစွာ အိပ်မက်မက်နေကြသည့် တလော့အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းများကို များစွာ တိုးတက်စေနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်ကမူ တလော့ဆေးလုံးကို ရွှေအင်မော်တယ် နဝမအဆင့်အထိ ရောက်မှ သောက်သုံးရန် သိမ်းဆည်းထားစရာ မလိုအပ်ပေ။

အကြောင်းရင်းမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ်ရှိနေပြီး အဆင့်တစ်ဆင့်၏ အကန့်အသတ်သို့ ရောက်သည်နှင့် အလိုအလျောက် အဆင့်တက်သည်မှာ ပုံမှန်ဖြစ်သောကြောင့်ပင်။

သူ့အနေဖြင့် ဤဆေးလုံးကို မသောက်သုံးခဲ့ခြင်းမှာ သေရေးရှင်ရေး အခြေအနေတွင် အသုံးပြုနိုင်မည့် ဝှက်ဖဲတစ်ခု အဖြစ် အသုံးပြုလိုသောကြောင့်သာ ဖြစ်သည်။

ယခုအခါတွင်မူ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ဟွမ်ထျန်းဟွာနှင့် ရင်ဆိုင်နေရသည် ဖြစ်ရာ ကျန်းချန်သည် တလော့ဆေးလုံးကို မျိုချရန် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပေ။

“ဒင်.. သင်က တလော့ဆေးလုံးကို မျိုချလိုက်ပြီး တလော့အဆင့် ထူးခြားသော စွမ်းအားနှင့် တလော့ ကောင်းကင်အာဏာစက် စွမ်းအားကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ”

“ဒင်.. သင်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ”

“ဒင်.. သင်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် တတိယအဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ”

“ဒင်.. သင်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ”

“...........”

တလော့ဆေးလုံးသည် ကျန်းချန်ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘဲ ကောင်းကင်အင်မော်တယ် ပထမအဆင့်ကနေ စတုတ္ထ အဆင့်အထိ တိုက်ရိုက် တက်လှမ်းစေနိုင်ခဲ့သည်။

ထိုမျှတင်မကသေးဘဲ သူက တလော့ဆေးလုံးကို မျိုချပြီးနောက်တွင် ထူးခြားသော စွမ်းအားတစ်ခု ဖြစ်သည့် တလော့ ကောင်းကင်အာဏာစက် စွမ်းအားကိုပါ နားလည် သဘောပေါက်သွားခဲ့သည်။

ထိုတလော့ ကောင်းကင်အာဏာစက် စွမ်းအားကို အသုံးပြုလိုက်သည်နှင့် သူက တလော့အင်မော်တယ် အရှင်၏ စွမ်းအား အစအနတစ်ခုကို ထုတ်ဖော်နိုင်မည် ဖြစ်ပြီး သေရေးရှင်ရေး အခိုက်အတန့်တွင် အရေးပါသော အခန်းကဏ္ဍမှ အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။

“ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကို တိုက်ရိုက်တက်လှမ်းသွားတယ်လား”

ကျန်းချန်၏ အရှိန်အဝါက ကောင်းကင်အင်မော်တယ် ပထမအဆင့်ကနေ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထိ ရုတ်တရက် ထိုးတက်သွားသည်ကို မြင်လျှင် ချူယန်ချိုး တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

မကြာမီမှာပင် သူက မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီး သူ၏ မျက်နှာထက်၌ မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံမှုဖြင့်ပင် ထိုကောင်လေးသည် ဟွမ်ထျန်းဟွာ၏ ဓားချက်ကို ခုခံနိုင်ခဲ့သည်။

ယခု ထိုကောင်လေးက ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ရှိသည့် ဟွမ်ထျန်းဟွာနှင့် အမှန်တကယ် ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ပါလား။

“ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်လား. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်၏ ထိုးတက်လာသော အရှိန်အဝါကို ခံစားမိလျှင် ဟွမ်ထျန်းဟွာသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများသည် အစောပိုင်းက ကျန်းချန် မျိုချလိုက်သော ဆေးလုံးနှင့် ဆက်စပ်နေမည်ကို ဟွမ်ထျန်းဟွာ သိသော်လည်း ဆေးလုံးတစ်လုံးတည်းက ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်ကို ကောင်းကင်အင်မော်တယ် ပထမအဆင့်ကနေ စတုတ္ထအဆင့်အထိ တစ်ရှိန်ထိုး တိုးတက်သွားစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဟာဟား ဟွမ်ထျန်းဟွာ.. ဒီနေ့တော့ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူဖြစ်တဲ့ မင်းကို ငါ သင်ခန်းစာပေးရသေးတာပေါ့”

ကျန်းချန်က ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ တက်လှမ်းသွားပြီးနောက်တွင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဟွမ်ထျန်းဟွာကို သတ်ဖြတ်ရန် အသင့် ဖြစ်နေခဲ့သည်။

ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ တက်လှမ်းသွားပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ် အတွင်းရှိ အင်မော်တယ်စွမ်းအားများသည် သာမန် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ထက် နိမ့်ကျခြင်း မရှိတော့ပေ။

သူ၏ လက်ထဲရှိ တလော့အင်မော်တယ်ဓားနှင့် အင်မော်တယ်ဘုရင်အဆင့် ဓားသိုင်းတို့ဖြင့် ပေါင်းစပ်လိုက်လျှင် သာမန်ကောင်းကင်အင်မော်တယ် နဝမအဆင့် ပင်လျှင် သူ့ကို ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

ဟွမ်ထျန်းဟွာကဲ့သို့ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် သူ့အနေဖြင့် တိုက်ခိုက်ရန် အရည်အချင်း အပြည့်အဝ ပြည့်မီနေခဲ့ချေပြီ။

ထို့အပြင် အစောပိုင်းက ဟွမ်ထျန်းဟွာသည် ချူယန်ချိုးနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထွတ်အထိပ် အခြေအနေတွင် ရှိမနေတော့ရာ ကျန်းချန် အနေဖြင့် အဘယ်ကြောင့် ကြောက်ရွံ့နေရပါမည်နည်း။

သူက ချက်ချင်းဆိုသလိုပင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း သုံးကွက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ကာ ဟွမ်ထျန်းဟွာနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျန်းချန်၏ ကြောက်မက်ဖွယ်ဓားချက်များနှင့် ရင်ဆိုင်ရလျှင် ဟွမ်ထျန်းဟွာသည် ခံနိုင်ရည်မရှိတော့ဘဲ ကျန်းချန်၏ ဖိအားကြောင့် ဆက်တိုက်ဆိုသလို နောက်သို့ ဆုတ်လိုက်ရသည်။

“ချီးပဲ.. ဒီကောင်လေးက ဘယ်ကနေ ထွက်လာရတာလဲ”

ဟွမ်ထျန်းဟွာက သူ၏ ခန္ဓာကိုယ်အတွင်း မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

သူ၏ စိတ်နှလုံးထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေခဲ့၏။

သူ၏ ချူယန်ချိုးကို သတ်ဖြတ်ပြီး ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးတော့မည့် ဆဲဆဲတွင် ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက ရုတ်တရက် ဝင်ရောက် နှောင့်ယှက်လာလိမ့်မည်ဟု မည်သူသိနိုင်ပါမည်နည်း။

အစောပိုင်းက ချူယန်ချိုးနှင့် တိုက်ပွဲသည် သူ၏ အင်အားကို များစွာ ကုန်ခမ်းစေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် နဂါးဝါသွေးယဇ်ပူဇော်ခြင်း နည်းစနစ်ဖြင့် သူ၏ ခွန်အားကို မြှင့်တင်ထားမှုသည်လည်း တဖြည်းဖြည်း စတင်ကွယ်ပျောက်နေပြီ ဖြစ်ရာ ထိုကောင်လေး၏ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

ရှင်းလင်းစွာဆိုရလျှင် ထိုကောင်လေး ရှိနေသရွေ့ သူ့အနေဖြင့် ယနေ့တွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်တော့မှန်း သေချာသွားခဲ့ချေပြီ။

အကယ်၍ သူသာ ထိုကောင်လေးနှင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ထိုကောင်လေး၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားနိုင်သည့် အန္တရာယ်ပင် ရှိနေခဲ့၏။

“ကောင်လေး.. မင်းငါ့ကို စောင့်နေလိုက်.. ဒီနေ့ ကိစ္စအတွက် ငါ ဟွမ်ထျန်းဟွာ မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”

ဟွမ်ထျန်းဟွာက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ရေရွတ်လိုက်ပြီးနောက်တွင် နဂါးဝါအင်မော်တယ်ဂိုဏ်းမှ လူများနှင့် အတူ ဆုတ်ခွာရန် ပြင်လိုက်သည်။

ထိုအချင်းအရာကို မြင်လျှင် ကျန်းချန်၏ ခန္ဓာကိုယ်သည် ဓားအလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဟွမ်ထျန်းဟွာ၏ရှေ့တွင် တိုက်ရိုက်ဆိုသလို ပိတ်ဆို့လိုက်သည်။

“င့ါမှာ အဲဒီလောက်အထိ အချိန်မရှိဘူး.. ဒီနေ့ကိစ္စကို ဒီနေရာမှာပဲ အပြတ် ရှင်းလိုက်ကြတာပေါ့”

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးကို ရင်ဆိုင်ရန်မှာ မလွယ်ကူပေ။

ယခုအခါ ဟွမ်ထျန်းဟွာသည် စွမ်းအားများစွာ ကုန်ခမ်းနေခဲ့ပြီး လျှို့ဝှက်နည်းစနစ်ဖြင့် မြှင့်တင်ထားသော စွမ်းအားများသည်လည်း တဖြည်းဖြည်းပျောက်ကွယ်နေပြီ ဖြစ်ရာ ဟွမ်ထျန်းဟွာကို ရှင်းပစ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

သို့မဟုတ်လျှင် ဟွမ်ထျန်းဟွာသာ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်နှင့် ကျန်းချန်သည် တလော့ဆေးလုံး၏ အကူအညီဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ တက်လှမ်းသွားခဲ့သည့်တိုင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဖြစ်လိမ့်မည် မဟုတ်ပေ။

“ဘာလဲ.. မင်းက ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား”

ဟွမ်ထျန်းဟွာက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“မင်းရဲ့စွမ်းအားက အတော်လေး သန်မာတယ် ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ငါထွက်သွားချင်တယ် ဆိုရင် မင်းငါ့ကို ဘယ်လိုမှ တားနိုင်မှာမဟုတ်ဘူး”

“ကျုပ်တားနိုင်မလား မတားနိုင်ဘူးလား ဆိုတာ စမ်းကြည့်ရင် သိရမှာပေါ့”

စကားဆုံးသည်နှင့် ကျန်းချန်သည် ဟွမ်ထျန်းဟာကို သတ်ဖြတ်ရန်အတွက် အပြာရောင်ဧကရာဇ် ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဟွမ်ထျန်းဟွာသည် ကျန်းချန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် အစီအစဥ်မရှိဘဲ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်သည့်အလျောက် ဟွမ်ထျန်းဟွာ၏ အရှိန်အဟုန်သည် အလွန်တရာပင် မြန်ဆန်လှသည် ဖြစ်ရာ ကျန်းချန်၏ ပြင်းထန်သော တိုက်ခိုက်မှုသည် ဟွမ်ထျန်းဟွာကို သက်ရောက်မှု မရှိခဲ့ပေ။

“ကျုပ်ရဲ့ ဓားကွက်ကို ရှောင်နိုင်တာနဲ့ပဲ ခင်ဗျားကို မသတ်နိုင်တော့ဘူးလို့ ထင်နေတာလား”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

သူက ထျန်းယွမ်အင်‌မော်တယ်ဓားကို သိမ်းဆည်းလိုက်ပြီး လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကောင်းကင်နှင့်မြေကြီးကိုပင် ဖိနှိပ်နိုင်လောက်သည့် အထွတ်အထိပ်အရှိန်အဝါတစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။

ထိုအရှိန်အဝါဖိအားအောက်တွင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ဟွမ်ထျန်းဟွာသည် အသက်ရှူရကြပ်သလို ခံစားလာရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် နေရာမှာတင် ထိတ်လန့်တကြား အမူအရာဖြင့် ရပ်တန့်သွားခဲ့သည်။

“တလော့ ကောင်းကင်အာဏာစက် စွမ်းအား”

ဤသည်မှာ ကျန်းချန်က တလော့ဆေးလုံး၏ အကူအညီဖြင့် နားလည် သဘောပေါက်ခဲ့သည့် ထူးခြားသော စွမ်းအား ဖြစ်သည်။

ထိုစွမ်းအားသည် တလော့ အင်မော်တယ်အရှင်၏ အရှိန်အဝါအစအနကို ထုတ်ဖော်နိုင်စွမ်း ရှိ၏။

ရုတ်တရက် ပေါ်ထွက်လာသော တလော့ ကောင်းကင်အာဏာစက် စွမ်းအားကြောင့် ဟွမ်ထျန်းဟွာ ဖိနှိပ်ခံထားရသည့်အချိန်တွင် ကျန်းချန်၏ ကျောဘက်၌ ပျက်စီးခြင်းဓားပုံရိပ် ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို လူနှင့်ဓားက တစ်သားတည်း ဖြစ်သွားခဲ့ပြီး တောက်ပသော ဓားအလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဓားချက် တစ်ချက်တည်းဖြင့် ဟွမ်ထျန်းဟွာ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ဟွမ်ထျန်းဟွာ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်းထဲမှာပင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့၏။

“အင်မော်တယ်အကျဥ်းသားစွမ်းအား.. အကျဥ်းချစမ်း”

ဓားချက် တစ်ချက်တည်းဖြင့် ဟွမ်ထျန်းဟွာကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် အင်မော်တယ်အကျဥ်းသား စွမ်းအားဖြင့် ဟွမ်ထျန်းဟွာ၏ အင်မော်တယ်ခရစ္စတယ်ကို အင်မော်တယ်ကျောက်တိုင်ထဲတွင် အကျဥ်းချလိုက်သည်။

အင်‌မော်တယ်အကျဥ်းသားစွမ်းအား၏ အကျဥ်းချမှုအောက်တွင် ဟွမ်ထျန်းဟွာသည် အရူးအမူး ရုန်းကန်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

ဆိုရလျှင် ဟွမ်ထျန်းဟွာသည် အင်မော်တယ်ခရစ္စတယ်ကိုပင် ဖောက်ခွဲပစ်နိုင်စွမ်း မရှိတော့ပေ။

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦး၏ အင်မော်တယ်ခရစ္စတယ် ပေါက်ကွဲမှု စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ သေချာသည်။

ထိုစွမ်းအားကို ကျန်းချန်ပင်လျှင် ခံနိုင်ရည် ရှိချင်မှသာ ရှိပေလိမ့်မည်။

ယင်းအတွက်ကြောင့် ဟွမ်ထျန်းဟွာ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းပြီးနောက်တွင် ကျန်းချန်သည် ဟွမ်ထျန်းဟွာ၏ အင်မော်တယ် ခရစ္စတယ်စွမ်းအားကို အင်မော်တယ် အကျဥ်းသားစွမ်းအားဖြင့် အကျဥ်းချရန် ဆုံးဖြတ်လိုက်ခြင်းသာ။

ဆိုရလျှင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အင်မော်တယ်ခရစ္စတယ်သည် ကျန်းချန်အတွက် အလွန်တရာ ကောင်းမွန်သော အာဟာရတစ်မျိုးလည်း ဖြစ်သည်။

အကယ်၍ ဟွမ်ထျန်းဟွာကို ဤအတိုင်း ဖောက်ခွဲခွင့် ပြုလုပ်လျှင် အလွန် နှမြောစရာကောင်းလိမ့်မည် မဟုတ်ပါလား။

“ငါ့.. ငါ့ကို မသတ်ပါနဲ့.. ငါ မင်းကို အညံ့ခံဖို့ အဆင်သင့်ပါပဲ.. မင်းကို ငါ့ရဲ့သခင်အဖြစ် ခစားပါမယ်.. ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ”

အသေအလဲ ရုန်းကန်ပြီးနောက်တွင် ဟွမ်ထျန်းဟွာသည် မျှော်လင့်ချက်မဲ့သွားခဲ့ပြီး အတော်လေး ထိတ်လန့်သွားခဲ့သည်။

အဆုံးသတ်တွင် ဟွမ်ထျန်းဟွာသည် ကျန်းချန်ကို အသက်ချမ်းသာပေးရန် အတွက် ကျယ်လောင်စွာ တောင်းပန်တိုးလျှိုးလိုက်တော့သည်။

အခန်း(၂၇၅၅)ပြီး၏။

အခန်း(၂၇၅၆)

“စိတ်မကောင်းပါဘူး.. ငါက ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် အစေခံ တစ်ယောက်ထက် မင်းရဲ့ အင်‌မော်တယ်ခရစ္စတယ်ကို ပိုပြီး စိတ်ဝင်စားလို့ပါ”

ထိုစကားကို ပြောနေရင်း ကျန်းချန်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဟွမ်ထျန်း၏ အင်မော်တယ်ခရစ္စတယ်ကို ထိကိုင်လိုက်ပြီး အင်မော်တယ်ခရစ္စတယ် ထဲရှိ နတ်အသိစိတ်အာရုံကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။

ကျန်းချန်က ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ဟွမ်ထျန်းဟွာကို အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လျှင် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးက တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

အားလုံးက ထိတ်လန့်အံ့ဩစရာကောင်းသော မြင်ကွင်းကနေ အချိန်အတော်ကြာသည် အထိ သတိပြန်မဝင်လာနိုင် ဖြစ်နေခဲ့ကြ၏။

“ဒီလူငယ်က တကယ်ကို အစွမ်းထက်လွန်းတာပဲ”

ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို မော့ကြည့်ရင်း ချူယန်ချိုးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မူလက ချူယန်ချိုးသည် ယနေ့တွင် ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ အခြေအနေက အဆုံးသတ်သွားပြီဟု ထင်ထားခဲ့သည်။

သို့သော် သေရေးရှင်ရေး အချိန်တွင် ကျန်းချန်ကဲ့သို့ ထူးခြားသည့် လူငယ်တစ်ဦး ပေါ်ပေါက်လာခဲ့ပြီး အခြေအနေကို ချက်ချင်းဆိုသလို ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုကောင်လေးသည် ပထမဆုံး အနေဖြင့် ချူလင်းယွင်ကို ကယ်တင်ခဲ့သည်။

ထို့နောက် နဂါးဝါ အင်မော်တယ်ဂိုဏ်းထဲသို့ ကျူးကျော်ကာ နဂါးဝါ အင်မော်တယ်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကို လုယက်ခဲ့သည်။

ယခုတစ်ခေါက်တွင်လည်း ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ဟွမ်ထျန်းဟွာကိုပင် ဤမျှအလွယ်တကူ သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။

ကြည့်ရသည်မှာ မိုးကောင်းကင်ကြီးသည် သူတို့၏ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ပျက်သုဥ်းခွင့် မပြုသေးချင်သာ ဖြစ်ရပေမည်။

“ဂိုဏ်းချုပ် ကျဆုံးသွားပြီ”

အောက်ဘက်ရှိ လုခွမ်း ဦးဆောင်သော နဂါးဝါ အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ယခုအခါတွင် မျက်နှာများ ဖြူဖျော့နေကြပြီး မိဘမဲ့ဖြစ်သွားသော ကလေးများကဲ့သို့ ပူဆွေးနေခဲ့ကြသည်။

နဂါးဝါအင်မော်တယ်ဂိုဏ်း အနေဖြင့် ယနေ့ အခြေအနေမျိုးသို့ ရောက်ရှိနေခြင်းသည် ဟွမ်ထျန်းဟွာ ရှိနေ၍ ဖြစ်သည်။

ယခု ဟွမ်ထျန်းဟွာ ကျဆုံးသွားပြီ ဖြစ်ရာ သူတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းသည် လုံးဝ အဆုံးသတ်သွားပြီဟုပင် ဆို၍ ရ၏။

“ဆုတ်ခွာကြ”

လုခွမ်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ကာ နဂါးဝါအင်မော်တယ်ဂိုဏ်းမှ လူများကို အလျင်အမြန် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

ရွမ်ယီအင်မော်တယ်ဂိုဏ်းတွင် ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အမှန်တကယ်ပင် အစွမ်းထက်လွ‌န်းနေခဲ့၏။

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိနေသည့် သူတို့၏ ဂိုဏ်းချုပ် ဟွမ်ထျန်းဟွာကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

အကယ်၍ သူတို့သာ အလျင်အမြန် မထွက်သွားနိုင်လျှင် ယနေ့တွင် သူတို့အားလုံး အသတ်ခံရနိုင်ခြေ ရှိနေခဲ့၏။

ကျန်းချန်က အလျင်အမြန် ထွက်ခွာသွားကြသော လုခွမ်းတို့လူစုကို တစ်ချက် ကြည့်လိုက်သော်လည်း လိုက်လံတိုက်ခိုက်ခြင်း မပြုခဲ့ပေ။

သူ၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် လုခွမ်းတို့လို ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူများကို မျက်စိထဲ ထည့်ထားစရာ မလိုပေ။

ယခုအခါ ဟွမ်ထျန်းဟွာက ကျဆုံးသွားပြီ ဖြစ်သလို နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကိုလည်း သူက လုယက်ခဲ့ပြီးပြီ ဖြစ်သည်။

ဆိုရလျှင် နဂါးဝါအင်မော်တယ်ဂိုဏ်းအတွင်း အင်အား အနည်းငယ်လောက်သာ ကျန်ရှိတော့၏။

“ကူညီပေးခဲ့တဲ့အတွက် ဒီက မိတ်ဆွေလေးကို ကျေးဇူးတင်ပါတယ်”

ချူယန်ချိုးက လုခွမ်းကို ဂရုစိုက်မနေတော့ဘဲ ကျန်းချန်ဆီ တစ်ခါတည်းသွားကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်၏။

“ကျွန်‌တော်နဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်.. ခင်ဗျားတို့က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ မျိုးဆက် ဖြစ်နေမှတော့ ကျွန်တော် ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး”

ချူယန်ချိုးက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။

“မိတ်ဆွေလေးက ဘယ်သူလဲ ဆိုတာ ကျွန်တော် သိလို့ရမလား”

“ကျွန်တော်က အဆင့်နိမ့်စကြဝဠာကနေ ရောက်လာတာပါ.. ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကျဆုံးခဲ့ပြီးနောက်မှဦ သူ့ရဲ့ ထာဝရရှင်သန်ခြင်းနန်းတော်က အဆင့်နိမ့် စကြဝဠာမှာ ကျန်ရစ်ခဲ့တယ်.. ကျွန်တော် အဆင့်နိမ့်စကြဝဠာမှာ ရှိစဥ်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ နန်းတော်ထဲကို ဝင်ခဲ့ဖူးပါတယ်”

ကျန်းချန်က ဘာမှ ဖုံးကွယ်မထားဘဲ အဆင့်နိမ့်စကြဝဠာမှ အကြောင်းကို ချူယန်ချိုးအား ပြောပြလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. မင်းရဲ့စကားအရဆိုရင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က အဆင့်နိမ့်စကြဝဠာမှာ ဆက်ခံသူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီး အဲဒီဆက်ခံသူက သိပ်မကြာသေးခင်ကပဲ ထာဝရရှင်သန်ခြင်း နန်းတော်နဲ့အတူ အင်မော်တယ်လောကဆီ ပြန်လာခဲ့တယ်လို့ ဆိုလိုတာလား”

ကျန်းချန်၏ စကားကိုကြားလျှင် ချူယန်ချိုး အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။

“ဟုတ်တယ်.. ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဆက်ခံသူနဲ့ ပတ်သက်ပြီး ခင်ဗျားတို့မှာ သတင်း တစ်စုံတစ်ရာ ရှိနေမလား သိချင်ပါတယ်”

ချူယန်ချိုးက ခေါင်းခါရမ်းလိုက်ကာ မချိပြုံး ပြုံးလိုက်သည်။

“အင်မော်တယ်လောကက အရမ်းကို ကျယ်ပြောလွန်းတယ်.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေနဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေက အရမ်းကို ဝေးကွာလွန်းတယ်.. ငါတို့က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲကတောင် အပြင်မထွက်နိုင်တာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဆိုတာ ပြောပြလို့ရမလား”

ကျန်းချန်က အင်မော်တယ်လောကသို့ ရောက်ရှိလာသည်မှာ အချိန်အတန်အသင့် ကြာပြီဖြစ်၍ အင်မော်တယ်လောက၏ အခြေအ‌နေကို အတိုင်းအတာ တစ်ခု အထိ သိရှိထားခဲ့သည်။

အင်မော်တယ်ကပ်ဘေး ဖြစ်စဥ် ဖြစ်ပေါ်ပြီးနောက်တွင် အင်မော်တယ်လောက၌ အင်မော်တယ်ဧကရာဇ်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ယနေ့ခေတ် အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ် အဆင့် ပေါ်ထွက်မလာတော့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

အင်မော်တယ်ဧကရာဇ် မရှိသည့် ခေတ်ကာလအတွင်း အင်မော်တယ်ဘုရင် အဆင့်သည် အင်မော်တယ်လောက၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သည့် အစွမ်းအထက်ဆုံး အဆင့်ဟု ဆို၍ ရသည်။

ဆိုရလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်လောကတွင် အလွန်တရာ နာမည်ကျော်ကြားခဲ့ပြီး သူနှင့် ယှဥ်နိုင်သူ ဟူ၍ လက်ချိုးရေတွက်၍ ရသော အရေအတွက်မျှသာ ရှိသည်။

အင်မော်တယ်လောက တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ထိုကဲ့သို့ အနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကျဆုံးသွားအောင် လုပ်နိုင်သည့်သူ ရှိမည် မဟုတ်ပေ။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ထာဝရရှင်သန်ခြင်းအင်မော်တယ် နယ်မြေတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် အပေါ်ယံ မြင်တွေ့နေရသည်ထက်ပင် ပို၍ ရှုပ်ထွေးနိုင်၏။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့စဥ်က ငါတို့ ဘိုးဘေးက အရမ်းငယ်သေးတဲ့အတွက် အစေခံတစ်ယောက်ရဲ့ စောင့်ရှောက်မှုနဲ့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေဆီ ထွက်ပြေးလာခဲ့တယ်.. ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့အနေနဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အကြောင်းကို အနည်းအကျဥ်းလောက်ပဲ သိတယ်”

ချူယန်ချိုးက လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ဘိုးဘေး ချန်ထားရစ်ခဲ့တဲ့ မှတ်စုတချို့အရ ဆိုရင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ နံဘေးမှာ သစ္စာဖောက်တစ်ယောက် ရှိခဲ့ပြီး အဲသစ္စာဖောက်ကြောင့်ပဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေက ထိတ်လန့်စရာကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်လို့ သိရတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ပါရမီအလွန်တရာ ထူးချွန်ပြီး အင်မော်တယ်လောကတွင်ပင် ပြိုင်ဘက်ကင်းသလောက် ဖြစ်သည်။

သို့သော်လည်း အတွင်းရန်သူကို ခုခံကာကွယ်ရန် ခက်ခဲပုံရ၏။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုအချိန်က ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် နံဘေးမှ သစ္စာဖောက်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ရန်သူတော်ကြီး တစ်ယောက်နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်နိုင်ပေသည်။

၎င်းတို့က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် သတိမထားမိသည့် အချိန်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ခဲ့သောကြောင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အကြီးအကျယ် ထိခိုက်ခဲ့ပြီး ထာဝရရှင်သန်ခြင်းနန်းတော်ကို နတ်ဘုရားနယ်မြေ ဆီသို့ အတင်းအကျပ် ဆင်းသက်စေခဲ့ကာ အဆုံးသတ်တွင် နတ်ဘုရားနယ်မြေ၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်နိုင်၏။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်‌ တောက်ပသွားခဲ့သည်။

ထိုအတိုင်းသာဆိုလျှင် ယနေ့ခေတ် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေသည် သစ္စာဖောက်၏ လက်ထဲတွင် ရှိနေရန် အလားအလာ အလွန်များသည် မဟုတ်ပါလော။

လုရှောင်ချင်းသည် နတ်ဘုရားနယ်မြေကနေ အင်မော်တယ်လောကဆီ ထာဝရရှင်သန်ခြင်း နန်းတော်ဖြင့် တက်လှမ်းရန်ရွေးချယ်ခဲ့သော်လည်း မည်သည့်နေရာတွင် ပေါ်လာမယ်မှန်း သူ မသိပေ။

အကယ်၍ ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေတွင် တိုက်ရိုက် ပေါ်လာခဲ့မည် ဆိုလျှင် လုရှောင်ချင်း အတွက် အမှန်တကယ်ပင် အန္တရာယ်များလိမ့်မည် ဖြစ်၏။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ပေ။

အင်မော်တယ်လောကသည် အကန့်အသတ်မရှိ ကျယ်ပြောပြီး အင်မော်တယ် နယ်မြေတိုင်းသည်လည်း အလွန်တရာပင် ကြီးမား ကျယ်ပြန့်သည်။

သူက ယခုအခါတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေတွင် ရှိနေသည်ဖြစ်ရာ ထာဝရရှင်သန်ခြင်းအင်မော်တယ်နယ်မြေ ဆီကို သွားရန် အဝေးကြီး လိုနေသေး၏။

ထို့အပြင် သူ၏ လက်ရှိစွမ်းရည်ဖြင့် ဆိုလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ ဆီသို့ သွားခဲ့လျှင်ပင် မည်သည့်အဓိပ္ပာယ်မှ ရှိမည်မဟုတ်ပေ။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် တည်ထောင်ခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေသည် အင်မော်တယ် လောကတွင်ပင် အစွမ်းအထက်ဆုံး နတ်ဘုရင်အဆင့် အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။

မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်ဆိုလျှင်ပင် ပိန်သွားသောကုလားအုပ်သည် မြင်းထက် ပိုကြီးနေမည် မဟုတ်ပါလော။

သူ့အနေဖြင့် တလော့ အင်မော်တယ်အဆင့် မရောက်သေးဘဲ ထိုကိစ္စတွင် ဝင်ပါရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ချေ။

ချူယန်ချိုးက လုရှောင်ချင်းနှင့် ပတ်သက်သည့်သတင်းကို မသိသည့်အတွက် ကျန်းချန်သည် အကြွင်းမဲ့ဓားအင်မော်တယ်နယ်မြေ ဆီသို့ သွားပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မိတ်ဆွေကို ရှာဖွေကာ လုရှောင်ချင်း၏ သတင်းကို စုံစမ်းရန် ဆုံးဖြတ်ထားခဲ့သည်။

“ဂိုဏ်းချုပ်ချူ.. ရွမ်ယီအင်‌မော်တယ်ဂိုဏ်းရဲ့ အကျပ်အတည်း ပြေလည်သွားပြီ ဆိုတော့ ကျွန်တော့်ကို သွားခွင့်ပြုပါဦး”

ကျန်းချန်က ချူယန်ချိုးကို လက်သီးဆုပ်၍ ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။

သူက အမည်မဲ့အင်မော်တယ်နန်းတော် ကိုယ်စား အမည်မဲ့အင်မော်တယ် ညီလာခံကို တက်ရောက်ပြီးသည်နှင့် မြောက်ပိုင်းအေးစက်သော အင်မော်‌တယ်နယ်မြေကနေ ထွက်ခွာပြီး အကြွင်းမဲ့ ဓားအင်မော်တယ်နယ်မြေမှ အကြွင်းမဲ့ ဓားအင်မော်တယ်နန်းတော် ဆီသို့ သွားရန် စီစဥ်ထားခဲ့သည်။

ဤနေရာကနေ အမည်မဲ့အင်မော်တယ်နန်းတော်၏ ပင်မနန်းတော် ရှိရာသို့ သွားရန် မဝေးပေ။

“မိတ်ဆွေလေးကျန်းချန်.. ခဏလောက်နေပါဦး”

ကျန်းချန် ထွက်ခွာသွားတော့မည်ကို မြင်လျှင် ချူယန်ချိုးသည် ကျန်းချန်ကို အလျင်အမြန် ဟန့်တားလိုက်သည်။

ကျန်းချန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ချူယန်ချိုးကို နားမလည်နိုင်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။

“ဂိုဏ်းချုပ်ချူ.. ဘာကိစ္စရှိသေးလို့လဲ”

“မိတ်ဆွေလေးကျန်းချန်.. ငါ့မှာ တောင်းဆိုချင်တာလေး တစ်ခုရှိပါတယ်.. မိတ်ဆွေလေးအနေနဲ့ သဘောတူပေးမယ်လို့ မျှော်လင့်ပါတယ်”

ချူယန်ချိုးက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

“မိတ်ဆွေလေးအနေနဲ့ လင်းယွင်ကိုပါ ခေါ်သွားပေးနိုင်မလား.. လင်းယွင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ သွေးမျိုးဆက်ကို နိုးထစေခဲ့ပြီးပြီ.. တကယ်လို့ မိတ်ဆွေလေး အနေနဲ့ နောက်ပိုင်းမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ ဆီကို သွားမယ် ဆိုရင် လင်းယွင်က မိတ်ဆွေလေး အတွက် အထောက်အကူ ဖြစ်နိုင်ပါလိမ့်မယ်”

အခန်း(၂၇၅၆)ပြီး၏။

All Chapters