အခန်း (၆၁-၆၂)
Vol. 5 Ch. 61-62
အခန်း (၆၁) သူက ကျွန်မရဲ့ ခင်ပွန်းလေ
"ဒီရေက သောက်လို့ မကောင်းဘူးလား"
ယွီးရှောင်ရှောင်က ကုရှင်းလန် စားပွဲပေါ် စောင့်ချလိုက်တဲ့ ရေခွက်ကို ကောက်ကိုင်ပြီး တစ်ဝက်လောက် သောက်ချလိုက်ကာ ပြောလိုက်တယ်။
"ပန်းရနံ့လေးတောင် ရနေတာပဲ၊ ကောင်းသားပဲ မဟုတ်လား"
အဲဒါက စံပယ်ပန်း လက်ဖက်ရည်လေ၊ အနံ့လေးကတော့ မွှေးတာပေါ့။
"လက်ဖက်ရည် အရောင်က မလှဘူး၊ စားပွဲထိုးကို နောက်တစ်ကရား အသစ် ပြန်ဖျော်ခိုင်းလိုက်မယ်" လို့ ကုရှင်းလန်က ပြောလိုက်တယ်။
ဘာကြီး။ ယွီးရှောင်ရှောင်က ခွက်ထဲမှာ ကျန်နေတဲ့ လက်ဖက်ရည် တစ်ဝက်ကို ငုံ့ကြည့်လိုက်တယ်။ လက်ဖက်ရည် အရောင်ဆိုတာက ဘာကြီးလဲ။ ယွီးရှောင်ရှောင်က ခေါင်းမော့ပြီး ကုရှင်းလန်ကို သဘောမတူတဲ့ အကြည့်နဲ့ ကြည့်ကာ ပြောလိုက်တယ်။
"သန့်ရှင်းတဲ့ ရေ သောက်ရတာကိုပဲ ကျေနပ်သင့်တယ်"
ဇွန်ဘီခေတ်မှာဆို သန့်ရှင်းတဲ့ ရေတစ်ခွက် သောက်ရဖို့ အသက်ပေးခဲ့ရတဲ့ လူတွေ ဘယ်လောက်တောင် များလိုက်လဲ။ ဒီကမ္ဘာက လူတွေက ဘာလို့ ဒီလောက်တောင် ကံကောင်းတာကို တန်ဖိုးမထားတတ်ကြတာလဲ။ ပန်းရနံ့လေးတောင် ရနေတဲ့ ရေကို ရွံနေတယ်တဲ့လား၊ ဇွန်ဘီခေတ်က လူတွေဆို ဒီလိုမျိုး လုံးဝ သည်းမခံနိုင်ဘူး။
ကျော်ယို့က လက်ဖက်ရည် တစ်ငုံ သောက်လိုက်တယ်။ အရသာက နည်းနည်းတော့ ပေါ့ပေမဲ့ လက်ဖက်ရည် အရောင်ကို ကြည့်ရုံနဲ့ ဒါက ဒီရာသီထွက် လက်ဖက်ခြောက် အသစ် မဟုတ်ဘူးဆိုတာ သိသာတယ်။ သူက လက်ဖက်ရည်ကို မျိုချလိုက်ပြီး ကုရှင်းလန်ကို တစ်ချက် ကြည့်ကာ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ဟုတ်ပါတယ် မင်းသမီး... ကျွန်တော်တို့ စစ်မြေပြင်မှာဆို လူသွေးတောင် သောက်ခဲ့ရဖူးတာပဲ၊ ရေသောက်ရတာကိုပဲ ကျေနပ်သင့်ပါတယ်။ မင်းသမီး... ကျွန်တော်က အစားအသောက် မရွေးတတ်ပါဘူး"
"ရှင်က မဆိုးဘူးပဲ၊ လက်မ ပေးတယ်"
ယွီးရှောင်ရှောင်က လက်ဖက်ရည် ကရားကို ကျော်ယို့ ရှေ့ကို အလွယ်တကူ တွန်းပေးလိုက်ပြီး ပြောလိုက်တယ်။
"များများ သောက်လိုက်"
ကျော်ယို့က ခေါင်းကို မော့ပြီး လက်ဖက်ရည် တစ်ကရားလုံးကို အကုန် သောက်ချလိုက်တယ်။
"လာလာ... ထပ်သောက်လိုက်ဦး"
ယွီးရှောင်ရှောင်က သူမရှေ့က လက်ဖက်ရည် ကရားကိုလည်း ကျော်ယို့ ရှေ့ကို ထပ်တွန်းပေးလိုက်ပြီး အပြင်ကို လှမ်းအော်လိုက်တယ်။
"ဒီကို ရေ နောက်ထပ် နှစ်ကရား သုံးကရားလောက် ထပ်ပေးပါဦး"
ကုရှင်းလန်က ကျော်ယို့ ဗိုက်ထဲကို ရေတွေ တစ်ကရားပြီး တစ်ကရား လောင်းထည့်နေတာကို ကြည့်ပြီး မနေနိုင်တော့လို့ ယွီးရှောင်ရှောင်ကို တိုးတိုးလေး ခေါ်လိုက်တယ်။
"မင်းသမီး"
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
"သူ့ကို ရေများများ သောက်ခိုင်းထား၊ ခဏနေ ဟင်းတွေ လာချရင် သူ နည်းနည်းပဲ စားနိုင်တော့မှာ"
ကုရှင်းလန် ဆွံ့အသွားတယ်။ နန်းတော်ထဲမှာ ကြီးပြင်းလာတဲ့ မင်းသမီးလေးက စည်းစိမ်တွေနဲ့ ကြီးပြင်းလာရမှာ မဟုတ်ဘူးလား။ အခု သူ့ဇနီးက ဆယ်နှစ်လောက် ထမင်းမစားရတဲ့ လူနဲ့တောင် တူနေသေးတယ်။
ကျော်ယို့က ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ နားနားကပ်ပြီး ရင်းရင်းနှီးနှီး စကားပြောနေတာကို ကြည့်ပြီး ရင်ထဲမှာ မကျေမနပ် ဖြစ်သွားပြန်တယ်။ သူ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာ သိပေမဲ့ ဒီလောက် ကောင်းတဲ့ မိန်းကလေးက ဝက်လိုကောင် ကုရှင်းလန်ရဲ့ လက်ထဲ ပါသွားရတာကို တွေးမိတိုင်း ကောင်းကင်ကြီးက တရားမမျှတဘူးလို့ ကျော်ယို့ ခံစားရတယ်။
အဲဒီအချိန်မှာ ဆိုင်ရှင်က စားပွဲထိုးကို ခေါ်ပြီး သီးသန့် အခန်းထဲကို ဟင်းတွေ လာချပေးတယ်။ တကယ်ကို ပန်းကန်လုံး အကြီးကြီးတွေနဲ့ အပြည့်အမောက်ပဲ။
ကုရှင်းလန်က ခရမ်းသီးနှပ် တစ်လုတ် စားကြည့်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အရသာက လျိုချောင်ချွမ်း စားသောက်ဆိုင်ကို မမီဘူး၊ ဆီလည်း နည်းနည်း များနေတယ်။
ယွီးရှောင်ရှောင်ကတော့ ဟင်းပန်းကန်လုံး အကြီးကြီးတွေကို မြင်တာနဲ့တင် ကျေနပ်နေပြီ။ ဒီဟင်းတွေက ကြည့်ရတာ ဆီတွေ အများကြီးနဲ့ အာဟာရ ပြည့်မဲ့ပုံပဲ။ ဘာ... ဟင်းအရသာ ဘယ်လို နေလဲ လို့ မေးမလို့လား။ ဘယ်လောက်ပဲ စားမကောင်းပါစေ၊ သစ်သားပြားလို မာကျောတဲ့ စားစရာတွေလောက်တော့ စားရမခက်ပါဘူး။
"စားလို့ ကောင်းတယ်"
ယွီးရှောင်ရှောင်က ခေါင်းမမော့တမ်း စားရင်း ဘေးမှာ ရပ်နေတဲ့ ဆိုင်ရှင်ကို ချီးကျူးလိုက်တယ်။
ဆိုင်ရှင်ရဲ့ မျက်နှာက ချက်ချင်း ဝင်းပသွားပြီး ယွီးရှောင်ရှောင်ကို ကျေးဇူးတင်စကား ဆိုလိုက်တယ်။
"မင်းသမီးလေးကို ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
ယွီးရှောင်ရှောင်က ပြောတယ်။
"နောက်ထပ် ဟင်းတွေ မြန်မြန် လာချပေးပါဦး"
ဆိုင်ရှင်က စားပွဲပေါ်ကို တစ်ချက် ကြည့်လိုက်တော့... ဘုရားရေ... ပန်းကန်လုံး အကြီးကြီး တစ်လုံးထဲမှာ ဟင်းရည်တွေပဲ ကျန်တော့တာကို တွေ့လိုက်ရတယ်။ ဆိုင်ရှင်က မီးဖိုချောင်ကို ဟင်းမြန်မြန် ချက်ဖို့ အတင်း ပြေးသွားရတော့တယ်။
ကျော်ယို့က ယွီးရှောင်ရှောင် တူနဲ့ ကလော်စားနေတာကို မျက်လုံးပြူးပြီး ကြည့်နေမိကာ ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"ဒါက ကုအိမ်တော်မှာ ထမင်းဝအောင် မစားရလို့လား"
ပြီးတော့ ကုရှင်းလန်ကို အခန်းထဲ ထမ်းလာတဲ့ အစေခံ နှစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ ဒီအစေခံတွေတောင် ယွီးရှောင်ရှောင်လောက် အစားမသန်ဘူးလေ။
ကုရှင်းလန်က ယွီးရှောင်ရှောင် အတွက် ငါးအရိုး နွှင်ပေးနေတယ်။ ငါးကျောရိုးက အရိုးတွေက သေးပြီး များတာကြောင့် ကုရှင်းလန်က နွှင်ရတာ အဆင်မပြေဘူး။ ဒါပေမဲ့ ကုသခင်လေးက လက်မလျှော့ဘူး။ အသားနွှင်ပြီးတာနဲ့ ရှာလကာရည် ပန်းကန်လေးထဲ ထည့်ပေးပြီး ယွီးရှောင်ရှောင်ကို ကိုယ်တိုင် ယူစားခိုင်းတယ်။
ကျော်ယို့က ငါးဗိုက်သား တစ်လုတ်ကို ယူပြီး ရှာလကာရည် စွတ်ကာ သူ့ပါးစပ်ထဲ သူ ထည့်လိုက်တယ်။ ရှာလကာရည်ရဲ့ အချဉ်ဓာတ်ကြောင့် သူ့သွားတွေတောင် ကျိန်းသွားသလိုပဲ။ ရှာလကာရည်လည်း ချဉ်တယ်၊ ကုရှင်းလန်ကို ကြည့်ရတာလည်း အမြင်ကတ်စရာ ကောင်းတယ်။ မိန်းမကို အလိုလိုက်တဲ့ ပုံစံလေး ဖမ်းပြီး ဘယ်သူ့ကို လာကြွားနေတာလဲ။
ကျော်ယို့ရဲ့ နောက်လိုက် သုံးယောက်ကလည်း သူတို့ သခင်လိုပဲ ထမင်းစားချင်စိတ် မရှိကြဘူး။ ကုရှင်းလန်တို့ စားပွဲကို ခိုးကြည့်ရင်း သူတို့ သခင်က လင်းလုံမင်းသမီးဆီမှာ မျှော်လင့်ချက် မရှိတော့ဘူးလို့ တွေးနေကြတယ်။ သူတို့ ပိုင်ဟူနိုင်ငံမှာ မိန်းမတစ်ယောက်က ယောက်ျား တစ်ယောက်တည်းကိုပဲ သစ္စာစောင့်သိရမယ် ဆိုတဲ့ စည်းကမ်း မရှိပေမဲ့ ကုသခင်လေးက ဇနီးသည်ကို ဂရုစိုက်တဲ့ ပုံစံကို ကြည့်ရတာ သူတို့ သခင်က လူလုနိုင်မဲ့ အခြေအနေ ရှိသေးလို့လား။
ရှောင်ဝေက အဲဒီ လူထွားကြီး သုံးယောက် ခေါင်းခါလိုက်၊ သွားဖြီးလိုက် လုပ်နေတာကို ကြည့်ပြီး ဒီသုံးယောက်က မကောင်းတဲ့ အကြံတွေ ကြံနေပြီလို့ သတိထားမိလိုက်တယ်။
ရှောင်ကျွမ်းကတော့ ရှောင်ဝေလောက် တွေးမနေဘဲ ယွီးရှောင်ရှောင်လိုပဲ ခေါင်းမမော့တမ်း စားနေတယ်။ နန်းတော်ထဲမှာ တာဝန်ထမ်းဆောင်ရတိုင်း စားစရာတွေက နန်းတွင်း မီးဖိုချောင်က လာတာချည်းပဲလို့ မထင်နဲ့နော်။ အရိပ်ကိုယ်ရံတော်တွေက လစာ ကောင်းပေမဲ့ တစ်နေ့လုံး မုန့်ခြောက်လေးတွေနဲ့ပဲ ထမင်းစားရတာ ခဏခဏပဲလေ။
ဟင်းတွေက စားပွဲပေါ်ကို တစ်ပွဲပြီး တစ်ပွဲ ရောက်လာတယ်။ ကျော်ယို့ကလည်း အစားသန်တဲ့ သူဆိုတာ သိလိုက်တာနဲ့ ယွီးရှောင်ရှောင်ရဲ့ စားတဲ့ အရှိန်က သိသိသာသာ မြန်လာတယ်။ တူကို ဓားလို အသုံးပြုပြီး မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ စားနေတာ၊ သူမ တစ်လုတ် လျော့စားရမှာကိုတောင် စိုးရိမ်နေသလိုပဲ။
ကျော်ယို့က ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"မင်းသမီး... ကျွန်တော်တို့ ပိုင်ဟူနိုင်ငံက အစားအသောက်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ"
"ဟုတ်လား"
ယွီးရှောင်ရှောင်က တူကို ခဏ ရပ်လိုက်တယ်။ ဖုန်းထျန်းက အစားအသောက်တွေက အကောင်းဆုံးလို့ သူမ ထင်ထားတာ၊ ဒီထက် ပိုကောင်းတာ ရှိသေးတယ်လား။
"စစ်သူကြီး ကျော်ယို့က ပိုင်ဟူနိုင်ငံသားလေ"
ကုရှင်းလန်က ယွီးရှောင်ရှောင် အတွက် ပုစွန်အခွံ နွှာပေးရင်း ခေါင်းမမော့ဘဲ ပြောလိုက်တယ်။
"ပိုင်ဟူနိုင်ငံက အစားအသောက်က အကောင်းဆုံးလို့ သူ သေချာပေါက် ပြောမှာပေါ့"
ယွီးရှောင်ရှောင် ချက်ချင်း သဘောပေါက်သွားတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကြောင့် ဖြစ်မှာပါ လို့ တွေးလိုက်တယ်။
ကျော်ယို့က ကုရှင်းလန်ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ်။
"မင်းတို့ ဖုန်းထျန်း နိုင်ငံစုတ်လေးမှာ ဘာများ ကောင်းတာ ရှိလို့လဲ"
နောက်လိုက် သုံးယောက်က သူတို့ သခင်ကို ဆက်မကြည့်ရက်တော့ဘူး။ ရာထူးကြီးပေမဲ့ မိန်းမ မရတာက အကြောင်းရင်း ရှိတာပဲ။ သူတို့ သခင်က မိန်းမတွေကို ဘယ်လို ဖျားယောင်းရမလဲ ဆိုတာ နားမလည်ဘူးလေ။ ကိုယ်သဘောကျတဲ့ မိန်းကလေးကို တွေ့ပြီး သူတို့ရှေ့မှာတင် 'မင်းတို့ အိမ်က ဆင်းရဲတယ်၊ အိမ်စုတ်လေး' လို့ သွားပြောရင် အဲဒီ မိန်းကလေးက ကိုယ့်ကို မုန်းမလား ချစ်မလား ဆိုတာ သာမန်လူတိုင်း သိတာပဲလေ။
ယွီးရှောင်ရှောင်က ပခုံးတွန့်လိုက်ပြီး ဟင်းပန်းကန်လုံး အကြီးကြီးတွေနဲ့ ဆက်ပြီး နွှဲနေတယ်။ သူမက ဖုန်းထျန်းကို ကိုယ့်သဘောနဲ့ကိုယ် လာချင်လို့ လာတာမှ မဟုတ်တာ။ ဖုန်းထျန်း မကောင်းရင်လည်း အခွင့်အရေး ရရင် တခြားတိုင်းပြည် ပြောင်းနေလိုက်မှာပေါ့၊ ဘာများ အခက်ကြီး ရှိလို့လဲ။
ကျော်ယို့က ဖုန်းထျန်းကို တိုင်းပြည်စုတ်လေးလို့ ဆဲပြီးမှ နည်းနည်း နောင်တရသွားတယ်။ ဒါပေမဲ့ ယွီးရှောင်ရှောင်က မျက်နှာ တစ်ဝက်လောက် ရှိတဲ့ အသားလုံးကို နှစ်လုတ်တည်းနဲ့ မျိုချလိုက်တာကို မြင်တော့ ကျော်ယို့က မနေနိုင်ဘဲ နောက်တစ်ခွန်း ထပ်မေးလိုက်တယ်။
"နန်းတော်ထဲမှာ စားစရာ ပြတ်လပ်နေတာလား ဒါမှမဟုတ် ကုမိသားစုက အရမ်း ဆင်းရဲနေတာလား"
တကယ်လို့ ဖုန်းထျန်းက ဒီလောက်အထိ ဆင်းရဲနေပြီး တော်ဝင်မင်းသမီးတောင် နေ့တိုင်း ဗိုက်ဆာနေရတယ် ဆိုတာကို သူ စောစော သိခဲ့ရင် ခုနက ဘုရင်ကြီးဆီကနေ အခွန်ဆက်ဖို့ တောင်းတဲ့ အခါ နည်းနည်း လျှော့တောင်းခဲ့မှာပေါ့။
ယွီးရှောင်ရှောင်က ခေါင်းမမော့တမ်း စားရင်း ပြန်ဖြေတယ်။
"ကျွန်မက ငွေစာရင်း မကိုင်ဘူးလေ"
ငွေစာရင်း မကိုင်တဲ့သူက အိမ်ရဲ့ ဆင်းရဲချမ်းသာကို ဘယ်လို သိမှာလဲ။ ကျော်ယို့က ကုရှင်းလန်ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ဒီခြေမသန်တဲ့ ကောင်က ဒီလောက် ကောင်းတဲ့ မိန်းကလေးကို ယူထားပြီးတော့ ကောင်းကောင်းမွန်မွန်တောင် မကျွေးနိုင်ဘူး။ ဒီကောင်က ဒီထက် ပိုပြီး အသုံးမကျနိုင်တော့ဘူးလား။
ကျော်ယို့ရဲ့ အကြည့်တွေကြောင့် ကုရှင်းလန်က ကျောပြင်မှာ ဆူးတွေ စိုက်နေသလို ခံစားရတယ်။ အသုံးမကျတဲ့ ကောင် တစ်ကောင်လို အကြည့်ခံရတာက ဘယ်လိုမှ ခံစားလို့ မကောင်းဘူးလေ။
ယွီးရှောင်ရှောင်က ကျော်ယို့ကို တစ်ချက် ကြည့်လိုက်၊ ကုရှင်းလန်ကို တစ်ချက် ကြည့်လိုက်နဲ့ အခြေအနေကို အကဲခတ်နေတယ်။ ဒီလူက ကုကောင်လေးကို ကြည့်တဲ့ မျက်လုံးတွေက တော်တော်လေး အချစ်တွေ ပါနေသလိုပဲ လို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ ကုရှင်းလန်ကတော့ ဘာခံစားချက်မှ မရှိတဲ့ ပုံစံပဲ။ ယွီးရှောင်ရှောင်က ကိုယ်ကို စောင်းလိုက်ပြီး ကျော်ယို့ရဲ့ အကြည့်တွေကို ကွယ်ပေးကာ ပြောလိုက်တယ်။
"သူက ကျွန်မရဲ့ ခင်ပွန်းလေ"
ဒီစကားက စစ်သူကြီး ကျော်ယို့ရဲ့ ရင်ဘတ်ကို မြားနဲ့ အတိအကျ ထိုးစိုက်လိုက်သလိုပဲ။ အရမ်းကို နာကျင်ရတယ်။
ကုရှင်းလန်က ယွီးရှောင်ရှောင်ကို မော့ကြည့်ပြီး ပြုံးလိုက်တယ်။
"အင်း... နောက်ဆိုရင် အဲဒီလို များများ ပြုံးပေးပါ။ မကြောက်ပါနဲ့၊ ရှင့်ခြေထောက်တွေ ကောင်းလာရင် တို့တွေ စစ်မြေပြင်ကို သွားကြမယ်လေ"
ယွီးရှောင်ရှောင်က ကျော်ယို့ကို မျက်စောင်းထိုးပြီး ကုရှင်းလန်ကို ပြောလိုက်တယ်။
"အရင်က စစ်တိုက်ခဲ့သလိုပဲ နောက်လည်း ဆက်တိုက်ကြတာပေါ့"
…
အခန်း (၆၂) အကြောင်းပြချက် ပေးချင်တဲ့ မင်းသမီးလေး
ကျော်ယို့က ရင်ဘတ်ကို ဖိထားလိုက်တယ်။ အရင်က စစ်မြေပြင်မှာ သူ ကုရှင်းလန်ကို ရှုံးခဲ့ဖူးတယ်။ လင်းလုံမင်းသမီးရဲ့ အဓိပ္ပာယ်က နောက်လည်း ကုရှင်းလန်က သူ့ကို ဆက်ပြီး အနိုင်ယူဦးမယ် ဆိုတဲ့ သဘောလား။ ကိုယ့်ကို ထမင်းဝယ်ကျွေးတဲ့၊ ပိုက်ဆံ ရှင်းပေးမဲ့ လူတစ်ယောက်ကို ဒီလို ရက်စက်တဲ့ စကားမျိုး ပြောတာ တကယ်ရော ကောင်းရဲ့လား။
"များများ စားလေ"
ယွီးရှောင်ရှောင်က အသားလုံး တစ်ဝက်ကို ညှပ်ပြီး ကုရှင်းလန်ရဲ့ ပါးစပ်နားကို တေ့ပေးလိုက်တယ်။ ကျော်ယို့ရဲ့ ရင်ကွဲနေတဲ့ မျက်နှာထားကို ယွီးရှောင်ရှောင် လုံးဝ ဂရုမစိုက်ဘူး။ ဒါမှမဟုတ် စစ်သူကြီး ကျော်ယို့မှာ မုတ်ဆိတ်မွေးတွေ အပြည့် ဖုံးနေလို့ မင်းသမီးလေးက သူ့မျက်နှာထားကို သေချာ မမြင်တာလည်း ဖြစ်နိုင်ပါတယ်။
ကုရှင်းလန်က ပါးစပ်ဟပြီး အသားလုံး တစ်ဝက်ကို စားလိုက်ကာ ယွီးရှောင်ရှောင်ကို တိုးတိုးလေး ပြောလိုက်တယ်။
"ကိုယ့်ကို ဂရုမစိုက်နဲ့တော့၊ မင်းဘာသာမင်း စား"
လူအများကြီး ရှေ့မှာ ဇနီးသည်က အစာခွံ့ကျွေးတာကို ခံနေတဲ့ ကုရှင်းလန်ကို ကြည့်ပြီး ကျော်ယို့က စစ်မြေပြင်မှာဆို အမြဲတမ်း မျက်နှာသေနဲ့ နေတတ်တဲ့ ကုရှင်းလန်က တကယ်တော့ အရှက်မရှိတဲ့ ကောင်ပဲ လို့ တွေးလိုက်မိတယ်။
ကုရှင်းလန်က တကယ်တော့ အရှက်အကြောက် ကြီးတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဒီရက်ပိုင်း ယွီးရှောင်ရှောင် ခွံ့ကျွေးတာကို အကျင့်ပါနေလို့ စားစရာ မြင်တာနဲ့ အလိုအလျောက် ပါးစပ်ဟပြီး စားလိုက်မိတာ။ အခုမှ လူအများကြီး ရှေ့ ရောက်နေတယ် ဆိုတာကို သတိရသွားတယ်။
"သေချင်နေတဲ့ ဖုန်းထျန်း လူတွေ"
ကုသခင်လေးက ပါးစပ်ထဲက အသားလုံးကို ဝါးနေတုန်း အပြင်ဘက်ကနေ ဆဲဆိုသံကြီးက အခန်းထဲကို ဝင်လာတယ်။
ရှောင်ကျွမ်းက ချက်ချင်း ပြတင်းပေါက်ကို ပြေးသွားပြီး အပြင်ကို တစ်ချက် ကြည့်လိုက်ကာ အထူးအဆန်း မဟုတ်သလို ယွီးရှောင်ရှောင်ကို သတင်းပို့တယ်။
"မင်းသမီး... ကျူးယိ ကုန်သည် တချို့ လူကို အနိုင်ကျင့်နေတာပါ"
"သခင်ကြီးတို့... ကျွန်တော့်ကို ချမ်းသာပေးကြပါ... ကျွန်တော့်မှာ လုပ်ကျွေးရမဲ့ မိသားစု ရှိသေးလို့ပါ... ဒီကိစ္စကို ကျွန်တော် လက်မခံနိုင်ပါဘူး"
ရှောင်ကျွမ်း သတင်းပို့ပြီးတာနဲ့ ပြတင်းပေါက် အပြင်ဘက်ကနေ အဘိုးကြီး တစ်ယောက်ရဲ့ ငိုယို တောင်းပန်သံ ထွက်လာတယ်။
ကျော်ယို့က ထိုင်နေရာကနေ ထပြီး ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီ လျှောက်သွားကာ အောက်ကို ငုံ့ကြည့်လိုက်ပြီး ကုရှင်းလန်ဘက် လှည့်ပြောလိုက်တယ်။
"ကျူးယိ လူ ငါးယောက် ခြောက်ယောက်လောက်က မင်းတို့ ဖုန်းထျန်းက အဘိုးကြီး တစ်ယောက်ကို ဝိုင်းရိုက်နေကြတယ်။ ကျူးယိ လူတွေက မင်းတို့ ဖုန်းထျန်းက လူတွေကို လူလိုတောင် မသတ်မှတ်ကြဘူးပဲ"
ကုရှင်းလန်က မသိစိတ်ကနေ ထရပ်ပြီး အောက်ကို ကြည့်ဖို့ လုပ်ပေမဲ့ လှုပ်လိုက်မှ သူ လမ်းမလျှောက်နိုင်သေးဘူး ဆိုတာ သတိရသွားတယ်။
ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ဖိချလိုက်ပြီး ပြောတယ်။
"ရှင် မလောနဲ့၊ ကျွန်မ သွားကြည့်လိုက်မယ်"
အောက်ထပ်က ဆဲဆိုသံတွေ၊ ငိုယိုသံတွေက ပိုပြီး ကျယ်လာတယ်။ အခြေအနေက တော်တော်လေး ဆိုးရွားနေပုံ ရပေမဲ့ စားလက်စ ဟင်းပွဲတွေကို ထားခဲ့ပြီး သူရဲကောင်း သွားလုပ်ဖို့ ဆိုတာ ယွီးရှောင်ရှောင် လုပ်နိုင်မဲ့ ကိစ္စ မဟုတ်ဘူးလေ။ ဒါကြောင့် ကုရှင်းလန်ကို သွားကြည့်လိုက်မယ်လို့ ပြောပြီးပေမဲ့ ယွီးရှောင်ရှောင်က စားပွဲမှာ ဆက်ထိုင်ပြီး စားနေတုန်းပဲ။
ကျော်ယို့က လူထွားကြီးတွေက အဘိုးကြီး တစ်ယောက်ကို ဝိုင်းရိုက်နေတာကို ကြည့်ပြီး သူက ဖုန်းထျန်း တိုင်းပြည်သား မဟုတ်သလို ဖုန်းထျန်း တိုင်းပြည်စုတ်လေးကို အထင်မကြီးပေမဲ့ သူ ကြည့်မနေနိုင်တော့ဘူး။ ဒီကျူးယိ လူတွေက ဘယ်ရောက်ရောက် အမြဲတမ်း သူတို့ကိုယ်သူတို့ သခင်ကြီးတွေလို လုပ်နေတာပဲ၊ လူကြီးသူမတွေကို လေးစားရကောင်းမှန်းကို မသိဘူး။ စစ်သူကြီး ကျော်ယို့က ပြတင်းပေါက် ဘောင်ကို လက်နဲ့ ထောက်ပြီး အောက်ကို ခုန်ဆင်းသွားတယ်။
နောက်လိုက် သုံးယောက်ကလည်း သူတို့ သခင် သူများကိစ္စ ဝင်ပါဖို့ ခုန်ဆင်းသွားတာကို မြင်တော့ နောက်ကနေ လိုက်ခုန်ဆင်းသွားကြတယ်။
ရှောင်ကျွမ်းက ယွီးရှောင်ရှောင်ကို မျက်တောင်မခတ်တမ်း ကြည့်နေတယ်။ ဒီကိစ္စကို သူတို့ ဝင်ပါရမလား။
ရှောင်ဝေက ပြောတယ်။
"မင်း အဲဒီမှာ သွားထိုင်လိုက်... ဒီကိစ္စကို မြို့တော်ဝန်က ဖြေရှင်းပေးလိမ့်မယ်။ ကုန်သည်တွေ အချင်းချင်း ဖြစ်တဲ့ ပြဿနာကို မင်းသမီးကို ဝင်ရှင်းခိုင်းချင်လို့လား"
ပညာရှင်၊ လယ်သမား၊ အလုပ်သမား၊ ကုန်သည်... အဲဒီ ခေတ်မှာ ကုန်သည် ဆိုတာ အဆင့်အနိမ့်ဆုံး လူတန်းစားလေ။ တော်ဝင်မင်းသမီးကြီးက ကုန်သည် အချင်းချင်း ဖြစ်တဲ့ ပြဿနာကို သွားရှင်းရမယ်တဲ့လား။ ရှောင်ဝေက ရှောင်ကျွမ်းကို ကြည့်ပြီး ဒီအစ်ကိုက တော်တော် တုံးတာပဲလို့ တွေးလိုက်မိတယ်။
ယွီးရှောင်ရှောင်က စားပွဲမှာ ထိုင်ပြီး စားရင်း အောက်ထပ်က အခြေအနေကို နားစွင့်နေတယ်။ ကျော်ယို့ ခုန်ဆင်းသွားပြီးနောက်ပိုင်း အောက်ထပ်က ရိုက်နှက် ဆဲဆိုသံတွေက ဘာမှ ထူးခြား မသွားဘူး။ ယွီးရှောင်ရှောင်က တူကို ချလိုက်ပြီး ရှောင်ကျွမ်းကို မေးလိုက်တယ်။
"ကျော်ယို့ ဘာလုပ်နေလဲ"
ရှောင်ကျွမ်းက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ပြီး ပြန်ဖြေတယ်။
"စစ်သူကြီး ကျော်ယို့က ဘေးကနေ ပွဲကြည့်နေတယ်"
ယွီးရှောင်ရှောင်က စားပွဲကို ဘန်းခနဲ ရိုက်ချလိုက်တယ်။ သူမ တကယ် တုံးတာပဲ၊ ကုရှင်းလန်လို ဒုက္ခမျိုးစုံ ကြုံခဲ့ရတဲ့ လူက ဘယ်လိုလုပ် သူများတွေရဲ့ ကယ်တင်ရှင် ဖြစ်နိုင်မှာလဲ။
"ကျွန်မ သွားကြည့်လိုက်မယ်"
ယွီးရှောင်ရှောင်က တစ်ချိန်လုံး ဘာမှ မပြောဘဲ နေနေတဲ့ ကုရှင်းလန်ကို ပြောလိုက်တယ်။
ကုရှင်းလန်က ယွီးရှောင်ရှောင် နှုတ်ခမ်းက ဆီတွေကို သုတ်ပေးရင်း စဉ်းစားနေတယ်။ ကျော်ယို့က ပြဿနာကို ကြောက်တဲ့သူ မဟုတ်ဘူး။ သူ အောက်ရောက်သွားပြီး ဘာမှ မလုပ်ဘူးဆိုတာ အဲဒီ ကျူးယိ လူတွေကို သူ သိနေတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီ လူတွေကို သူ မစော်ကားရဲတာပဲ ဖြစ်ဖြစ် နေမှာပဲ။
"ရှောင်ကျွမ်း... အဲဒီ ကျူးယိ လူတွေက တကယ် ကုန်သည်တွေပဲလား"
ကုရှင်းလန်က ရှောင်ကျွမ်းကို မေးလိုက်တယ်။
ရှောင်ကျွမ်းက ပြတင်းပေါက်ကနေ အပြင်ကို ထပ်ကြည့်ပြီး ဖြေတယ်။
"ဟုတ်ပါတယ်... ဒါပေမဲ့ သူတို့ ဘေးမှာ ခမောက်ဆောင်းထားတဲ့ ကိုယ်တော်တွေလည်း ရှိတယ်"
ကိုယ်တော်တွေလား။ ကုရှင်းလန် မျက်မှောင်ကြုတ်သွားတယ်။ ယွီးရှောင်ရှောင်ကို စကားပြောဖို့ လုပ်တုန်း သူ့ဇနီးလေးက ပြတင်းပေါက် အပြင်ကို ရောက်နေပြီ။ ပြတင်းပေါက် ဘောင်ကိုတောင် လက်နဲ့ မထောက်ဘဲ အောက်ကို လွှားခနဲ ခုန်ဆင်းသွားတယ်။
ရှောင်ကျွမ်းလည်း ယွီးရှောင်ရှောင် ခုန်ဆင်းသွားတာကို မြင်တော့ နောက်ကနေ လိုက်ခုန်ဆင်းဖို့ လုပ်တယ်။
"နေဦး... မင်းတို့ ငါ့ကိုပါ အောက်ကို ခေါ်သွား"
ကုရှင်းလန်က အော်လိုက်တယ်။
ရှောင်ဝေက ဘာမှ မပြောဘဲ ကုရှင်းလန် အနောက်မှာ သွားရပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
"သမက်တော် စိတ်မပူပါနဲ့၊ အဲဒီ ကျူးယိ ကုန်သည်တွေက မင်းသမီးကို မထိခိုက်နိုင်ပါဘူး"
မင်းသမီးရဲ့ သိုင်းပညာက စစ်မြေပြင်မှာဆိုရင်တောင် ပြိုင်ဘက်ကင်း စစ်သူကြီး ဖြစ်နိုင်တာပဲ... ကျူးယိ ကုန်သည် တချို့လောက်က မင်းသမီးကို ထိခိုက်အောင် လုပ်နိုင်မလား။ ဒီလိုမျိုး ဖြစ်လာမယ် ဆိုတာကို ရှောင်ဝေ လုံးဝ မယုံဘူးလေ။
ယွီးရှောင်ရှောင် အောက်ထပ် ရောက်သွားပြီး 'မရိုက်ကြနဲ့' လို့ အော်ဖို့ လုပ်တုန်း ကျော်ယို့က သူမ အနားကို ပြေးလာပြီး ပြောတယ်။
"မင်းသမီး... ဒီကိစ္စကို ကျွန်တော်တို့ ဝင်မပါတာ ကောင်းမယ်"
"ဟင်... ဘာဖြစ်လို့လဲ"
ယွီးရှောင်ရှောင်က အဲဒီ လူထွားကြီးတွေကို ကြည့်ပြီး မေးလိုက်တယ်။
"သူတို့က ကုန်သည်တွေလို့ ပြောတယ် မဟုတ်လား"
ယွီးရှောင်ရှောင်က အဲဒီ ကျူးယိ ကုန်သည်တွေကို လက်ညှိုးထိုးပြပြီး မေးလိုက်တယ်။
"သူတို့က ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေ ဖြစ်နေလို့ တစ်ကမ္ဘာလုံးက သူတို့ ခြေအောက် ရောက်နေပြီး သာမန်လူတွေက သွားမစော်ကားရဲတာလား"
ကျော်ယို့က ခမောက်ဆောင်းပြီး မျက်နှာကို ပဝါအဖြူနဲ့ ကာထားတဲ့ ကိုယ်တော်တွေကို ယွီးရှောင်ရှောင် မြင်အောင် ပြလိုက်တယ်။
အဲဒီအချိန်မှာ ယွီးရှောင်ရှောင်က ကျူးယိ လူထွားကြီး တစ်ယောက်က လဲကျနေတဲ့ အဘိုးကြီးရဲ့ ခေါင်းကို ခြေထောက်နဲ့ ကန်ဖို့ လုပ်နေတာကို မြင်လိုက်တယ်။
"နေဦး"
ယွီးရှောင်ရှောင်က အဲဒီ လူထွားကြီးကို လှမ်းပြောလိုက်တယ်။
လူထွားကြီးက ဖုန်းထျန်းက မိန်းကလေး တစ်ယောက် စကားကို ဘယ်နားထောင်မှာလဲ။ ခြေထောက်က အောက်ကို ဆက်ကျလာတယ်။
ယွီးရှောင်ရှောင်က ရှေ့တစ်လှမ်း တိုးပြီး အဘိုးကြီးကို သူမ အနောက်ကို အမြန် ဆွဲထုတ်လိုက်ရတယ်။
ကျူးယိ ကုန်သည်တွေက သေချင်တဲ့သူ ရှိနေတယ် ဆိုတာကို မြင်တော့ ယွီးရှောင်ရှောင်ကို ချက်ချင်း ဝိုင်းလိုက်ကြတယ်။
ကျော်ယို့က ယွီးရှောင်ရှောင် နောက်မှာ ဝင်ရပ်လိုက်ပြီး ကျူးယိ ကုန်သည်တွေကို အော်ပြောလိုက်တယ်။
"မင်းတို့က လူကြီးကို အနိုင်ကျင့်ပြီးတော့ အခု မိန်းကလေးကိုပါ အနိုင်ကျင့်ဦးမလို့လား။ ယောက်ျားတွေ ဖြစ်ပြီး ဒီလို အလုပ်မျိုး လုပ်ရတာ မရှက်ဘူးလား"
ကျော်ယို့ရဲ့ လေယူလေသိမ်းက ဖုန်းထျန်း လေယူလေသိမ်း မဟုတ်တာကြောင့် ကျူးယိ ကုန်သည်တွေက ကျော်ယို့ အပေါ် နည်းနည်း ယဉ်ကျေးကြတယ်။ လူကန်ဖို့ လုပ်ခဲ့တဲ့ ကျူးယိ ကုန်သည်က ယွီးရှောင်ရှောင် အနောက်မှာ ဒူးထောက်နေတဲ့ အဘိုးကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။
"ဒီအဘိုးကြီးက ငါတို့ကို လိမ်ရဲတယ်လေ"
အဘိုးကြီးက အရိုက်ခံထားရလို့ ပါးစပ်နဲ့ နှာခေါင်းကနေ သွေးတွေ ထွက်နေတယ်။ ကျူးယိကလူ ပြောတာကို ကြားတော့ ချက်ချင်း မျက်ရည်ကျပြီး တောင်းပန်တော့တယ်။
"ကျွန်တော် ကုန်သည် လုပ်လာတာ ကြာပါပြီ၊ ဘယ်တုန်းကများ လိမ်ဖူးလို့လဲ။ သခင်ကြီးတို့ သေချာ စဉ်းစားကြည့်ပါဦး"
ကျူးယိ လူ တစ်ယောက်က အမွှေးတိုင် အကျိုးတွေကို မြေကြီးပေါ် ပစ်ချလိုက်တယ်။
ကျော်ယို့က မြေကြီးပေါ်က အမွှေးတိုင်တွေကို ကြည့်လိုက်တယ်။ အမွှေးတိုင်တွေက စိုစွတ်နေလို့ သုံးလို့ မရတော့ဘူး။
"မင်းက စိုနေတဲ့ အမွှေးတိုင်တွေကို ရောင်းတာလား" လို့ ကျော်ယို့က အဘိုးကြီးဘက် လှည့်မေးလိုက်တယ်။
အဘိုးကြီးက အဆက်မပြတ် ခေါင်းခါပြပြီး ပြောတယ်။
"ဒီအမွှေးတိုင်တွေကို ကျွန်တော် ရောင်းလိုက်တာ မဖြစ်နိုင်ပါဘူး။ ပစ္စည်း လာယူတုန်းက သခင်ကြီးတို့ ကိုယ်တိုင် ပစ္စည်းကို စစ်ဆေးခဲ့တာပဲလေ"
"ငါတို့က မင်းကို အနိုင်ကျင့်နေတယ်လို့ ပြောချင်တာလား"
ကျူးယိ ကုန်သည် တစ်ယောက်က ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန်ကို ထမ်းပြီး အောက်ဆင်းလာကာ လူအုပ်ထဲကို တိုးဝင်လာတယ်။ ကုရှင်းလန်က ကိုယ်တော်တွေကို ကြည့်ပြီး မျက်နှာ တင်းမာသွားတယ်။
"ဖယ်စမ်း"
ယွီးရှောင်ရှောင် ရှေ့ တည့်တည့်မှာ ရပ်နေတဲ့ ကျူးယိ ကုန်သည်က ယွီးရှောင်ရှောင်ကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။
"ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး... သေချင်လို့လား။ လာမရှုပ်နဲ့"
ရှောင်ဝေက မျက်စိမှိတ်လိုက်တယ်။ ဘယ်သူက သေချင်နေလဲ ဆိုတာ မသိသေးဘူးပဲ။
ယွီးရှောင်ရှောင်က ဒီတစ်ခါတော့ ချက်ချင်း ကိုယ်ထိလက်ရောက် မလုပ်သေးဘူး။ ရှေ့က ကျူးယိ လူတွေကို ကြည့်ပြီး ပြောလိုက်တယ်။
" အရင်ဆုံး အကြောင်းပြချက်လေးတွေ ပြောကြရအောင်"
ကုရှင်းလန်၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ သုံးယောက်လုံးက ယွီးရှောင်ရှောင် စကားကြောင့် နဖူးကို လက်နဲ့ ရိုက်မိတယ်။ ဘုရားရေ... မင်းသမီးနဲ့ သူတို့ စကားပြောရင်တောင် နားလည်အောင် အတော် ပြောရတာကို၊ အခုက တိုင်းတပါးသားတွေနဲ့ အကြောင်းပြချက် ပြောမယ်တဲ့လား။
…