အခန်း (၆၃-၆၄)
Vol. 5 Ch. 63-64
အခန်း (၆၃) ဘယ်သူကများ ထာဝရ မရှင်သန်ချင်ဘဲ ရှိမလဲ
ကျူးယိ ကုန်သည်တွေ အားလုံး ကြောင်အသွားကြတယ်။ ဒီလောက် အသေခံရဲတဲ့ ဖုန်းထျန်း ကောင်မလေးမျိုး သူတို့ တစ်ခါမှ မမြင်ဖူးဘူးလေ။
"မင်းက ဖုန်းထျန်း လူ တစ်ယောက် ဖြစ်ပြီးတော့ ငါတို့နဲ့ အကြောင်းပြချက် ပြောချင်တယ်ပေါ့"
ကျူးယိ ကုန်သည် တစ်ယောက်က ယွီးရှောင်ရှောင်ကို အရူး တစ်ယောက်လို ကြည့်ပြီး ပြောလိုက်တယ်။ ဒီကောင်မလေးက သူတို့ ကျူးယိက အထက်တိုင်းပြည် ဆိုတာကို မသိဘူးလား။
"လူက အကြောင်းပြချက် မရှိရင် လူလို့ ခေါ်လို့ ရသေးလို့လား"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
"ကောင်မစုတ်လေး"
ကျူးယိ လူတွေက ဖုန်းထျန်း ကောင်မလေး တစ်ယောက်က သူတို့ကို လူမဟုတ်ဘူးလို့ ဆဲတာကို ကြားတော့ သူတို့ ကျူးယိ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားတယ်လို့ ခံစားရပြီး ချက်ချင်း ဒေါသပေါက်ကွဲသွားကြတယ်။
"မင်း သေချင်ရင်လည်း ငါက မင်းကို အမြန်ဆုံး သေအောင် လုပ်ပေးမယ်"
ကျူးယိ ကုန်သည် တစ်ယောက်က အင်္ကျီလက်ကို ပင့်တင်ရင်း ယွီးရှောင်ရှောင်ကို ရန်တွေ့လိုက်တယ်။
ယွီးရှောင်ရှောင်ကတော့ စိတ်ပျက်သွားတယ်။ ဇွန်ဘီတွေ အကြောင်းပြချက် မရှိတာ ထားပါတော့။ လူသားတွေကပါ အကြောင်းပြချက် မရှိတော့ဘူးလား။
"ယုံးရှန်းကျောင်းတော်"
ကုရှင်းလန်က ကိုယ်တော်တွေရဲ့ ခါးကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။
ရှောင်ကျွမ်းက နည်းနည်း နှေးပေမဲ့ ရှောင်ဝေကတော့ ကုရှင်းလန် ရေရွတ်သံကို ကြားတာနဲ့ ကိုယ်တော်တွေရဲ့ ခါးကို အမြန် ကြည့်လိုက်တယ်။ ကိုယ်တော်တွေ အားလုံးရဲ့ ခါးမှာ လူခေါင်းခွံ ပုံစံ ထွင်းထုထားတဲ့ ကျောက်စိမ်းလုံးလေးတွေ ချိတ်ဆွဲထားတယ်။ အဲဒီ ကျောက်စိမ်းတွေက ရေစီးကြောင်းလို ကြည်လင်နေတဲ့ အစိမ်းရောင် ရှိပြီး တကယ့်ကို အဖိုးတန် ကျောက်စိမ်းတွေပဲ။ ရှောင်ဝေက ချက်ချင်းပဲ အသက်ရှူမှားသွားတယ်။
"မဖြစ်နိုင်တာ"
ရှောင်ကျွမ်းလည်း လူခေါင်းခွံ ပုံစံ ကျောက်စိမ်းလုံးလေးတွေကို မြင်သွားပြီး မျက်တောင်တခတ်ခတ်နဲ့ မယုံနိုင်အောင် ဖြစ်နေတယ်။
ယုံးရှန်းကျောင်းတော် ဆိုတာ တိုင်းပြည်ခြောက်တိုင်းပြည်လုံးမှာ အမြင့်မားဆုံး အဆင့်အတန်း ရှိတဲ့ နေရာလေ။ တိုင်းပြည်ခြောက်တိုင်းပြည်လုံးရဲ့ မင်းဆရာတွေ အပါအဝင် ကျူးယိရဲ့ မင်းဆရာပါ အဲဒီကျောင်းတော်ကနေ စေလွှတ်တာချည်းပဲ။ ဖုန်းထျန်းရဲ့ မင်းဆရာ ချိန်ကွမ်းလည်း ယုံးရှန်းကျောင်းတော်ကနေ လာတာပဲ။ ဖုန်းထျန်းက တိုင်းပြည်သေးလေးမို့ အင်အား နည်းပါးတော့ ချိန်ကွမ်း တစ်ပါးတည်းကလွဲရင် နှစ်ပေါင်းများစွာ အတွင်းမှာ ယုံးရှန်းကျောင်းတော်က ကိုယ်တော် တစ်ပါးတောင် ခြေချဖူးတာ မဟုတ်ဘူး။ ဒီနေ့... ရှောင်ကျွမ်း ရေတွက်ကြည့်လိုက်တော့... တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်... ယုံးရှန်းကျောင်းတော်က ကိုယ်တော် ခုနစ်ပါးတောင် တစ်ပြိုင်နက်တည်း ရောက်လာတယ် ဆိုတော့ တကယ့်ကို ကြီးမြတ်တဲ့ ဘုရားရှင် လူ့ပြည်ဆင်းလာသလိုပဲလား။
"သေစမ်း"
ကုရှင်းလန်က မျက်နှာ တင်းမာသွားပြီး တိုးတိုးလေး ဆဲလိုက်တယ်။
ယွီးရှောင်ရှောင်က ကုရှင်းလန် ဆဲတာကို ကြားတော့ မေးလိုက်တယ်။
"ရှောင်ကု... ရှင်လည်း သူတို့ကို သေသင့်တယ်လို့ ထင်နေတာလား"
ရှောင်ဝေက ယွီးရှောင်ရှောင် အနားကို အမြန် ပြေးသွားပြီး တိုးတိုးလေး ပြောလိုက်တယ်။
"မင်းသမီး... ဒါက ယုံးရှန်းကျောင်းတော်က ကိစ္စလေ... ကျွန်တော်တို့တွေ ဝင်မပါတာ အကောင်းဆုံးပါပဲ"
ယွီးရှောင်ရှောင်က ရက်စက်တဲ့ ဘုရင်မ သေဆုံးသွားတဲ့ မီးလောင်ပြင်ကြီးထဲမှာ ယုံးရှန်းကျောင်းတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူး။ ပြီးတော့ ဒီယုံးရှန်းကျောင်းတော်က ဘာကြီးလဲ ဆိုတာကိုလည်း သူမ စိတ်မဝင်စားဘူး။ ယွီးရှောင်ရှောင် သိတာက 'ယုံးရှန်း' (ထာဝရ အသက်ရှင်ခြင်း) ဆိုတဲ့ စကားလုံး နှစ်လုံးတည်းနဲ့တင် သူမကို စိတ်ပျက်စေပြီး ဒီ ယုံးရှန်းကျောင်းတော်ကိုပါ ရန်သူလို သဘောထားမိသွားစေတယ်။ လူသားတွေက ဘာလို့ ဇွန်ဘီခေတ်ကို ရောက်သွားရတာလဲ။ အဲဒါက ထာဝရ အသက်ရှင်ခြင်းကို ရှာဖွေချင်လို့ပဲ မဟုတ်လား။ ဇွန်ဘီ ဖြစ်သွားတဲ့ လူတွေက အိုမင်းခြင်း၊ သေဆုံးခြင်း မရှိဘူး ဆိုပေမဲ့ အဲဒီလို သတ္တဝါမျိုးကို လူ လို့ ခေါ်လို့ ရသေးလို့လား။
"မြန်မြန် ထွက်သွားစမ်း"
ယွီးရှောင်ရှောင် ရှေ့ တည့်တည့်မှာ ရပ်နေတဲ့ ကျူးယိ ကုန်သည်က ယွီးရှောင်ရှောင်ကို ဟောက်လိုက်တယ်။
ယွီးရှောင်ရှောင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။ ကြည့်ရတာ အကြောင်းပြချက် ပြောနေစရာ မလိုတော့ဘူး။ ခြေဖျားလေး ထောက်ပြီး ကျူးယိ လူရဲ့ အရှေ့ကို လျှပ်တစ်ပြက် ရောက်သွားကာ လက်လှမ်းပြီး အဲဒီ ကျူးယိ လူရဲ့ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်တယ်။
ကျော်ယို့နဲ့ နောက်လိုက် သုံးယောက်ကတော့ ကြိုပြီး နာကျင်နေသလို ခံစားရတယ်။ မင်းသမီးလေးက နောက်ထပ် လူတစ်ယောက်ကို ပစ်ပေါက်တော့မယ်လို့ သူတို့ ထင်လိုက်ကြတယ်။ အမြင့်ကြီးကနေ ရေထဲကို ပြုတ်ကျရတဲ့ အရသာက အရိုးတွေ အကုန် ကျိုးမတတ် နာကျင်ရတာလေ။
ယွီးရှောင်ရှောင် အင်္ကျီကော်လာ ဆွဲတာကို ခံလိုက်ရတဲ့ ကျူးယိ လူက မယုံနိုင်အောင် ဖြစ်သွားပြီး ယွီးရှောင်ရှောင်ရဲ့ ခေါင်းကို လက်သီးနဲ့ ထိုးချလိုက်တယ်။
ဒီလှုပ်ရှားမှု တစ်ခုတည်းနဲ့တင် အဲဒီမှာ ရှိနေတဲ့ သိုင်းပညာရှင် အကုန်လုံးက ဒီလူက သာမန် ကုန်သည် မဟုတ်ဘဲ သိုင်းကျင့်ထားတဲ့သူ ဆိုတာကို ချက်ချင်း သိလိုက်ကြတယ်။
"သခင်... သူ့ကို ပစ်ပေါက်လိုက်"
ရှောင်ကျွမ်းက အော်လိုက်တယ်။
ဒီတစ်ခါတော့ ယွီးရှောင်ရှောင်က အပြင်ကို ပစ်မပေါက်ဘဲ အဲဒီ လူထွားကြီးကို မပြီး မြေကြီးပေါ်ကို အားကုန် ဆောင့်ချလိုက်တယ်။
မင်းသမီးလေးရဲ့ လုပ်ရပ်ကြောင့် လောကကြီး တစ်ခုလုံး မိနစ် အနည်းငယ်လောက် တိတ်ဆိတ်သွားပြန်တယ်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ကျူးယိ လူထွားကြီး ငါးယောက်လုံး လည်ပင်းအောက် ပိုင်းတွေ မြေကြီးထဲ ရောက်သွားကြတယ်။
ရှောင်ကျွမ်းက မြေကြီးကို ခြေထောက်နဲ့ စမ်းကြည့်လိုက်တယ်။ ဒါက အုတ်ခင်းထားတဲ့ မြေကြီး အစစ်ပဲ။ ဘုရားရေ... ရှောင်ကျွမ်းက သူ့မင်းသမီးရဲ့ ဒီလှည့်ကွက်က လူကို လွှင့်ပစ်တာထက်တောင် ပိုပြီး ရက်စက်တယ်လို့ တွေးလိုက်မိတယ်။ ဒါကို ဘယ်လို ခေါ်မလဲ... လူအရှင်လတ်လတ်ကို လမ်းလယ်ခေါင်မှာ စိုက်ပျိုးလိုက်တာလား။
ကျူးယိ လူထွားကြီး ငါးယောက်က အစပိုင်းမှာတော့ ကြောင်တောင်တောင် ဖြစ်သွားပြီး သူတို့ကိုယ်ပေါ်မှာ ဘာတွေ ဖြစ်သွားလဲ ဆိုတာကိုတောင် သတိမထားမိကြဘူး။ အဲဒီနောက်မှာတော့ ခြေထောက်တွေဆီကနေ ပြင်းထန်တဲ့ နာကျင်မှုတွေ တက်လာတယ်။ မြေကြီးပေါ်ကနေ မြေကြီးထဲကို အတင်း ရိုက်သွင်းခံလိုက်ရတော့ ခြေထောက် အရိုးတွေ မကျိုးဘဲ နေပါ့မလား။ လူထွားကြီး တွေက အော်တောင် မအော်နိုင်ဘဲ အဲဒီနေရာမှာတင် သတိလစ်သွားကြတယ်။
အဲဒီမှာ ရှိနေတဲ့ ဖုန်းထျန်း လူတွေက ဘာဖြစ်သွားလဲ ဆိုတာကို သဘောပေါက်သွားတော့ ပထမဆုံး လုပ်တဲ့ အလုပ်က အမြန် ထွက်ပြေးကြတာပဲ။ တစ်ပြိုင်နက်တည်း ကျူးယိ လူ ငါးယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တာဆိုတော့ ဒီအပြစ်က တော်တော် ကြီးတယ်လေ။ မတော်လို့ သူတို့လို ပွဲကြည့်နေတဲ့ လူတွေပါ ပါသွားရင် ဒုက္ခရောက်ကုန်မှာပေါ့။
လမ်းပေါ်က လူတွေက ရုတ်တရက် တစ်ဝက်လောက် ပြေးသွားကြပြီး ကျန်တဲ့ လူနည်းနည်းကပဲ အဝေးကနေ ရပ်ကြည့်ရဲကြတော့တယ်။
အဘိုးကြီးက မြေကြီးပေါ်မှာ ဒူးထောက်နေရင်း ဒီကောင်မလေးကို ကျေးဇူးတင်ရမလား ဒါမှမဟုတ် မုန်းရမလား ဆိုတာတောင် မသိတော့ဘူး။ အရင်က သူက ပိုင်ဆိုင်မှု အကုန် ဆုံးရှုံးရမဲ့ အခြေအနေပဲ ရှိပေမဲ့ အခု ကျူးယိ လူ ငါးယောက်ရဲ့ အခြေအနေကို ကြည့်ပြီး သူ့အသက်ပါ ပါသွားလောက်ပြီလို့ တွေးလိုက်မိတယ်။
မြို့တော်ဝန်က သူ့ရဲ့ ဝေါယာဉ်ကို စီးပြီး အမှုထမ်းတွေကို ခေါ်ကာ ပြဿနာ ဖြစ်တဲ့ နေရာကို ရောက်လာတယ်။ မြို့တော်ဝန်ကျန်းက ဝေါယာဉ်ပေါ်က ဆင်းဆင်းချင်း မြေကြီးထဲ စိုက်နေတဲ့ ကျူးယိ လူ ငါးယောက်ကို မြင်လိုက်ရတော့ ခြေထောက်တွေ တုန်သွားတယ်။ ကျူးယိသား ငါးယောက်လား။ နေ့ခင်းကြောင်တောင် မြို့တော် လမ်းမပေါ်မှာ ဒဏ်ရာရသွားတာလား။ ဘုရင်ကြီးကို သူ ဘယ်လို သွားရှင်းပြရမလဲ။
"ကျန်းကျီမင် ရောက်လာပြီ"
ရှောင်ဝေက ယွီးရှောင်ရှောင်ကို တိုးတိုးလေး ပြောပြတယ်။
"ဘယ်သူလဲ"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
"မြို့တော်ဝန်လေ"
ရှောင်ကျွမ်းက ဖြေတယ်။
"ဘာလုပ်တဲ့သူလဲ"
ယွီးရှောင်ရှောင်က ထပ်မေးတယ်။
"မင်းသမီး... မြို့တော်ဝန်က ဘာလုပ်တဲ့သူလဲ ဆိုတာ မသိဘူးလား"
ရှောင်ကျွမ်းက အံ့သြသလို မေးလိုက်တယ်။
"မသိဘူးလေ... ဒီနေ့မှ သူ့ကို ပထမဆုံး တွေ့ဖူးတာကို"
ယွီးရှောင်ရှောင်က ဖြေတယ်။
"မြို့တော်က ပြစ်မှုဆိုင်ရာ အမှုအခင်း အကုန်လုံးကို မြို့တော်ဝန်ကျန်းက တာဝန်ယူရတာပါ"
ရှောင်ဝေက ရှင်းရှင်းလင်းလင်းပဲ ပြောပြလိုက်တယ်။
ပြစ်မှုဆိုင်ရာ အမှုအခင်းလို့ ကြားတော့မှ ယွီးရှောင်ရှောင် သဘောပေါက်သွားတယ်။ ဒီပုပုပိန်ပိန် အဘိုးကြီးက ဒီကမ္ဘာက ရဲချုပ်ကိုး။
ကျော်ယို့က ယွီးရှောင်ရှောင် နောက်မှာ ရပ်ပြီး ပြောလိုက်တယ်။
"မင်းသမီး... မင်းတို့ရဲ့ မြို့တော်ဝန်က မင်းသမီးဆီ လာနေပြီ"
မြို့တော်ဝန်ကျန်းက အစပိုင်းမှာ ကျူးယိ လူ ငါးယောက် အသက်ရှင်သေးလား သေသွားပြီလား ဆိုတာကိုပဲ အာရုံစိုက်နေတာ။ အတွင်းဝန်က သတိပေးတော့မှ ယွီးရှောင်ရှောင်ကို မြင်သွားတယ်။ မြို့တော်ဝန်ကျန်းက မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရတယ်။ တကယ်လို့ ဒီလူတွေကို မင်းသမီးလေးက ဒဏ်ရာရအောင် လုပ်လိုက်တာဆိုရင်... ဒါ တိုင်းပြည်နှစ်ခု စစ်ဖြစ်မဲ့ အခြေအနေလား။
ရှောင်ဝေက ရှောင်ကျွမ်းကို ဆွဲပြီး ကုလားထိုင်ပေါ်က ကုရှင်းလန်ကို ယွီးရှောင်ရှောင် အနား သယ်လာတယ်။
ကုရှင်းလန်က ဒူးထောက်နေဆဲ ဖြစ်တဲ့ အဘိုးကြီးကို ပြောလိုက်တယ်။
"မင်း အခုထိ မသွားသေးဘူးလား"
အဘိုးကြီးက ကုရှင်းလန်ကို မျက်ရည်တွေနဲ့ ကြည့်တယ်။ သူ သွားလို့ ရသေးလို့လား။
ကုရှင်းလန်က သက်ပြင်းချပြီး ပြောလိုက်တယ်။
"ဒီကိစ္စက မင်းနဲ့ မဆိုင်တော့ပါဘူး၊ မြန်မြန် ထွက်သွားပါတော့"
အဘိုးကြီးက မျက်ရည်တွေကို သုတ်ပြီး ပြောတယ်။
"ဒီကိစ္စက ကျွန်တော်မျိုးကြောင့် စဖြစ်ရတာပါ"
ယွီးရှောင်ရှောင်က စိတ်မရှည်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"ရှင် အမှား လုပ်ထားလို့လား"
အဘိုးကြီးက အားတက်သရော ခေါင်းခါပြပြီး ပြောတယ်။
"ကျွန်တော်မျိုး ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ရဲပါတယ်။ လိပ်ပြာ မလုံတဲ့ အလုပ်ကို လုံးဝ မလုပ်ခဲ့ပါဘူး"
"ဒါဆိုရင် သူတို့ အမှားပေါ့"
ယွီးရှောင်ရှောင်က ခြေအောက်က ကျူးယိ လူ တစ်ယောက်ကို ခြေထောက်နဲ့ ကန်ပြီး အဘိုးကြီးကို ပြောလိုက်တယ်။
"ရှင် သွားတော့"
အဘိုးကြီးက ယွီးရှောင်ရှောင်ကို ဦးတိုက်ပြီး တုန်တုန်ရီရီနဲ့ ထွက်သွားတယ်။
ကျော်ယို့က အဲဒီအချိန်မှာ နောက်လိုက် သုံးယောက်ကို တိုးတိုးလေး ပြောလိုက်တယ်။
"မနေ့က မင်းသမီးက ငါ့ကို ရေထဲပဲ ပစ်ချခဲ့တာဆိုတော့ ငါ့ကို သက်ညှာပေးခဲ့တာပဲ။ ဒါ မင်းသမီးက ငါ့အပေါ် သံယောဇဉ် ရှိနေတယ် ဆိုတဲ့ သဘော မဟုတ်ဘူးလား"
နောက်လိုက် သုံးယောက်က သူတို့ သခင်ကို ဒူးထောက်လိုက်ချင်စိတ်တောင် ပေါက်သွားတယ်။ လင်းလုံမင်းသမီးရဲ့ သံယောဇဉ်က ဘယ်မှာလဲ။
"လင်းလုံမင်းသမီးရဲ့ သိုင်းပညာက တကယ်ကို အံ့မခန်းပါပဲ"
မြို့တော်ဝန်ကျန်းက ယွီးရှောင်ရှောင် အနား ရောက်လာတဲ့ အချိန်မှာ ကိုယ်တော် ခုနစ်ပါးထဲက အလယ်မှာ ရပ်နေတဲ့ ကိုယ်တော်က စကားပြောလာတယ်။
ယွီးရှောင်ရှောင်က အဲဒီလူကို ကြည့်ပြီး မေးလိုက်တယ်။
"ရှင်က ထာဝရ အသက်ရှင်ချင်နေတာလား"
ဒီကိုယ်တော်က ရယ်သံသဲ့သဲ့လေးနဲ့ ရှင်းလင်းပြတ်သားတဲ့ အသံနဲ့ ပြန်ဖြေတယ်။
"မင်းသမီးလေး... ဒီလောကမှာ ဘယ်သူကများ ထာဝရ အသက်မရှင်ချင်ဘဲ ရှိမလဲ"
…
အခန်း (၆၄) ဆရာတော်လေး ဖုန်းလင်
ယွီးရှောင်ရှောင်ရဲ့ မျက်နှာပေါ်မှာ ပထမဆုံး အကြိမ်အဖြစ် ဒေါသထွက်တဲ့ အရိပ်အယောင် ပေါ်လာတယ်။ ဘယ်သူကများ ထာဝရ အသက်မရှင်ချင်ဘဲ ရှိမလဲတဲ့လား။ ဘယ်ကမ္ဘာမှာပဲ ဖြစ်ဖြစ် အရူးတွေ ရှိနေတာပဲကိုး။
"လူဆိုတာ သေချာပေါက် သေရမှာပဲ"
ယွီးရှောင်ရှောင်က ယုံးရှန်းကျောင်းတော်က ကိုယ်တော်ကို အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။
"ရှင်လည်း နောင်တစ်ချိန် အိုလာပြီး သေရမှာပဲ။ ထာဝရ အသက်ရှင်မယ်ဟုတ်လား။ ဘုန်းကြီး ဝတ်ရင်းနဲ့ အရူး ဖြစ်သွားတာလား... လျှောက်ပြောနေတာပဲ"
လျှောက်ပြောနေတာပဲ ဆိုတဲ့ စကားကို အဲဒီမှာ ရှိနေတဲ့ သူတွေ အကုန်လုံး နားမလည်ကြပေမဲ့ ဒါက ကောင်းတဲ့ စကား မဟုတ်ဘူး ဆိုတာကိုတော့ အကုန်လုံး သဘောပေါက်ကြတယ်။ ယုံးရှန်းကျောင်းတော်က ကိုယ်တော်ကို 'ဘုန်းကြီး ဝတ်ရင်းနဲ့ အရူး ဖြစ်သွားတာလား' လို့ ပြောရဲတာ လင်းလုံမင်းသမီး တစ်ယောက်တည်းပဲ ရှိမှာပဲ။
ကျော်ယို့လည်း ထာဝရ အသက်ရှင်တာကို မယုံတဲ့သူပါ။ ဒါပေမဲ့ ယုံးရှန်းကျောင်းတော်က ဒီကမ္ဘာပေါ်က လူအများစုရဲ့ ရင်ထဲမှာတော့ နတ်ဘုရားတွေ ကျိန်းဝပ်ရာ နေရာလေ။ ဒါကြောင့် ကျော်ယို့က ပိုင်ဟူတိုင်းပြည်မှာ အာဏာကုန် ရှိနေရင်တောင် ယုံးရှန်းကျောင်းတော်ကို ဘယ်တော့မှ မစော်ကားရဲခဲ့ဘူး။ အခု ယွီးရှောင်ရှောင်က သူ အမြဲတမ်း လုပ်ချင်ပေမဲ့ မလုပ်ရဲခဲ့တဲ့ အလုပ်ကို လုပ်ပြလိုက်တော့ ကျော်ယို့က ယွီးရှောင်ရှောင်ကို ကြည့်တဲ့ မျက်လုံးတွေက ပိုပြီးတောင် တောက်ပလာသေးတယ်။
ခဏ တိတ်ဆိတ်သွားပြီးနောက် အဲဒီ ယုံးရှန်းကျောင်းတော်က ကိုယ်တော်က ယွီးရှောင်ရှောင်ကို ပြန်ပြောတယ်။
"မင်းသမီး... စကားကို ဆင်ခြင်ပြောတာ ပိုကောင်းပါတယ်"
မြို့တော်ဝန်ကျန်းက အဲဒီ ကိုယ်တော်ရဲ့ အသံမှာ ဒေါသသံ မပါဘဲ ရှင်းလင်းအေးချမ်းနေသေးတာကို ကြားမှ သက်ပြင်းချနိုင်သွားပြီး ယွီးရှောင်ရှောင်ကို ဖုန်းထျန်း တိုင်းပြည်အတွက် အသက်ရှူပေါက်လေး ချန်ပေးဖို့ မျက်စိနဲ့ အချက်ပြတော့တယ်။
"ရှင်က မကျေနပ်သေးဘူးလား"
ယွီးရှောင်ရှောင်က မြို့တော်ဝန်ကျန်းကို ဂရုမစိုက်ဘဲ ပြောလိုက်တယ်။
"မကျေနပ်ရင် လာချလေ"
မြို့တော်ဝန်ကျန်းမျက်လုံးတွေတောင် ပြူးသွားတယ်။ ယွီးရှောင်ရှောင်ရဲ့ 'မကျေနပ်ရင် လာချလေ' ဆိုတဲ့ စကားကို ကြားတော့ ဒူးတွေတောင် ခွေသွားတယ်။ အနောက်က အမှုထမ်းတွေသာ အမြန် ဖမ်းမဆွဲထားရင် မြို့တော်ဝန်ကျန်းက မြေကြီးပေါ်ကို ဖင်ထိုင်ရက် ကျသွားတော့မှာ။
"အသိဉာဏ်မဲ့တဲ့ မိန်းမ"
အဲဒီ ကိုယ်တော်ရဲ့ ဘေးမှာ ရပ်နေတဲ့ အရပ်ရှည်ရှည် ကိုယ်တော်က ယွီးရှောင်ရှောင်ကို အော်လိုက်ပြီး ဘယ်ဘက်လက်ကို လေးလံတဲ့ အရာ တစ်ခုကို မ,တင်လိုက်သလို အပေါ်ကို မြှောက်လိုက်တယ်။
ယွီးရှောင်ရှောင်က လေထုရဲ့ ဖိအားကို ခံစားလိုက်ရပြီး အဲဒီ ကိုယ်တော်ရဲ့ ဘယ်ဘက်လက်မှာ လေလုံးကြီး တစ်ခု ဖြစ်ပေါ်လာတာကို မြင်လိုက်ရတယ်။
ကိုယ်တော်က လက်ကို ခေါင်းပေါ် မြှောက်ပြီးတာနဲ့ ဝှေ့ယမ်းလိုက်တယ်။
ယွီးရှောင်ရှောင် စိုက်ပျိုးထားတဲ့ ကျူးယိ ကုန်သည် တစ်ယောက်က အဲဒီ ကိုယ်တော်ရဲ့ လက်အဝှေ့မှာ မြေကြီးထဲကနေ လေထဲကို မြောက်တက်လာတယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန် အမိန့်ပေးစရာ မလိုဘဲ ယွီးရှောင်ရှောင် ရှေ့မှာ ချက်ချင်း ဝင်ကာလိုက်ကြတယ်။
မြို့တော်ဝန်ကျန်းက အားယူပြီး ပြောလိုက်တယ်။
"ဒါ... ဒါက နားလည်မှု လွဲတာပါ။ အားလုံး... အားလုံး ဒေါသမထွက်ကြပါနဲ့"
ကျော်ယို့က အခြေအနေ မကောင်းတော့ဘူးလို့ ထင်လိုက်တယ်။ ဒီကိုယ်တော် လုပ်ပြလိုက်တဲ့ သိုင်းကွက်က လင်းလုံမင်းသမီးထက် မနိမ့်ဘူးလေ။ တကယ်လို့ တိုက်ပွဲ ဖြစ်ပြီး သူက မင်းသမီးဘက်က ဝင်ကူညီရင် ပိုင်ဟူတိုင်းပြည်ကို ပြန်ရောက်တဲ့အခါ မိဖုရားခေါင်ကြီး ဖြစ်နေတဲ့ သူ့အစ်မက သူ့ကို ဓားနဲ့ အပိုင်းပိုင်း ဖြတ်ပစ်လောက်တယ်။
ကုရှင်းလန်က အဲဒီအချိန်မှာ လှောင်ပြုံး ပြုံးပြီး ပြောလိုက်တယ်။
"လမ်းစဉ် မတူရင် အတူတူ အလုပ်မလုပ်နိုင်ဘူးလေ။ ကျုပ်တို့က ထာဝရ အသက်ရှင်တာကို မယုံဘူး ဆိုတော့ ခင်ဗျားတို့ရဲ့ ယုံးရှန်းကျောင်းတော်က ကျုပ်တို့အတွက် သာမန် နေရာ တစ်ခုပါပဲ။ မင်းသမီးက ဘာကို ဆင်ခြင်ပြောရမှာလဲ"
ယွီးရှောင်ရှောင်က ချက်ချင်းပဲ စိတ်ထဲကနေ ကုသခင်လေးကို Like ပေးလိုက်တယ်။ ထာဝရ အသက်ရှင်တာကို မယုံတဲ့သူ အကုန်လုံးက လူကောင်းတွေပဲ။
ကုရှင်းလန်က ဆက်ပြောတယ်။
"အမွှေးတိုင် ဆိုတာ စိုနေသလား မစိုဘူးလား ဆိုတာ ဝယ်တဲ့အချိန် တစ်ချက် ကြည့်လိုက်တာနဲ့ သိနိုင်တာပဲလေ။ ဒီလူတွေက ပစ္စည်း ယူပြီးမှ ကုန်သည်ကို ပစ္စည်း မကောင်းဘူး လာပြောနေတာ၊ ခင်ဗျားပဲ ပြောကြည့်ပါ... ဒါက ဘာအကြောင်းပြချက်လဲ"
ကုရှင်းလန် စိုက်ကြည့်နေတဲ့ ကိုယ်တော်က ဘာမှ ပြန်မပြောဘူး။
ယွီးရှောင်ရှောင်က နှာခေါင်းရှုံ့လိုက်ပြီး ပြောတယ်။
"မျက်နှာတောင် မပြရဲတဲ့ လူတွေက လူကောင်း ဖြစ်နိုင်ပါ့မလား။ တကယ်လို့ ထာဝရ အသက်ရှင်နိုင်တယ် ဆိုရင် ရှင် တစ်ခေါက်လောက် သေပြီး ပြန်ရှင်ပြပါလား"
မြို့တော်ဝန်ကျန်းက ယွီးရှောင်ရှောင်ကို လက်အုပ်ချီပြီး 'အို မြတ်စွာဘုရား... စကား နည်းနည်းလောက် လျှော့ပြောပါလား' လို့ စိတ်ထဲကနေ တောင်းပန်နေတယ်။
အရပ်ရှည်ရှည် ကိုယ်တော်က ရှေ့တစ်လှမ်း တိုးလာပြီး ယွီးရှောင်ရှောင်ကို တစ်ချက် ကြည့်လိုက်၊ ကုရှင်းလန်ကို တစ်ချက် ကြည့်လိုက်နဲ့ စကားနှစ်ခွန်း ပြောလိုက်တယ်။
"အသိဉာဏ်မဲ့လိုက်တာ"
အဲဒီလေသံက ဘယ်လောက်တောင် အထင်သေးနေလဲ ဆိုရင် ယွီးရှောင်ရှောင်လို အဓိပ္ပာယ် ကောက်ဖို့ ညံ့တဲ့သူတောင် သဘောပေါက်သွားတယ်။
ဘုရားရေ...
ဒါ လုံးဝ သည်းမခံနိုင်တော့ဘူး။ ယွီးရှောင်ရှောင်က ဆက်ချဖို့ ပြင်လိုက်တယ်။
"ဝူ "
ခေါင်းဆောင် ကိုယ်တော်က အဲဒီအချိန်မှာ ဝင်ပြောလိုက်တယ်။
"နောက်ဆုတ်လိုက်"
"ဟုတ်ကဲ့ပါ"
ဝူ ဆိုတဲ့ ကိုယ်တော်က ခေါင်းငုံ့ပြီး နောက်ဆုတ်သွားတယ်။
ခေါင်းဆောင် ကိုယ်တော်က လက်လှမ်းပြီး သူ ဆောင်းထားတဲ့ မျက်နှာဖုံးကို ချွတ်လိုက်တယ်။
"ဆရာတော်လေး"
ကိုယ်တော်တွေ အကုန်လုံး အံ့သြသွားကြတယ်။
"မင်းသမီးလေး... ကိုယ်တော်က ယုံးရှန်းကျောင်းတော်က ဖုန်းလင်ပါ"
မျက်နှာဖုံး ချွတ်လိုက်တဲ့ ကိုယ်တော်က ယွီးရှောင်ရှောင်ကို အသာလေး ခေါင်းညိတ်ပြီး လက်အုပ်ချီကာ နှုတ်ဆက်လိုက်တယ်။
ဘေးက လူတွေ အကုန်လုံး အသက်ရှူမှားသွားကြတယ်။ ဆရာတော်လေးလို့ ခေါ်ကြတဲ့ ဒီလူက လူငယ်လေး တစ်ယောက် ဖြစ်နေပြီး အရပ်ရှည်ရှည်၊ မျက်နှာက ပန်းချီကား တစ်ချပ်လို လှပကာ အေးချမ်းတဲ့ အသွင်အပြင် ရှိတယ်။ လူတစ်ကိုယ်လုံးက တောနက်ထဲက ဝါးပင်လေး တစ်ပင်လို လူ့လောကရဲ့ အညစ်အကြေးတွေနဲ့ ကင်းစင်နေသလိုပဲ။
"သူက လူအစစ်လား"
ကျော်ယို့က မယုံနိုင်သလို မေးလိုက်တယ်။ ဒီလို လူမျိုးက ပန်းချီကားထဲမှာပဲ ရှိသင့်တာ မဟုတ်ဘူးလား။
"သူက ဆရာတော်လေး ဖုန်းလင်လား"
ရှောင်ကျွမ်းက ဆရာတော်လေးရဲ့ မျက်နှာကို ကြည့်ပြီး ကြောင်တောင်တောင်နဲ့ မေးလိုက်တယ်။
ကုရှင်းလန်လည်း အံ့သြသွားတယ်။ ယုံးရှန်းကျောင်းတော်က ဆရာတော်လေး ဖုန်းလင် ဆိုတဲ့ နာမည်ကို သူ ကြားဖူးတာ ကြာပါပြီ။ ဒီလူက ယုံးရှန်းကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော် မော့ဝမ်ရဲ့ တိုက်ရိုက် တပည့်လေ။ သူ့ရဲ့ နောင်တော်ကတော့ ကျူးယိရဲ့ မင်းဆရာ ဝူဟွမ်ပေါ့။ အသက် တစ်ရာ ရှိပြီဖြစ်တဲ့ မော့ဝမ်မှာ အခုထိ တိုက်ရိုက် တပည့် နှစ်ယောက်ပဲ ရှိသေးတယ်။ ဒါကြောင့် ဒီ ဆရာတော်လေး ဖုန်းလင်က ယုံးရှန်းကျောင်းတော်မှာ အလွန် မြင့်မားတဲ့ အဆင့်အတန်း ရှိတယ်။ ဒါပေမဲ့ လူငယ်လေး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
အားလုံးက ဆရာတော်လေး ဖုန်းလင်ကြောင့် ကြောင်အမ်းအမ်း ဖြစ်နေချိန်မှာ ယွီးရှောင်ရှောင်ကတော့ ရင်ထဲမှာ သွေးအန်မတတ် ဖြစ်သွားတယ်။
ဘုရားရေ...
ယွီးရှောင်ရှောင်က သူမရှေ့က လူငယ်လေးကို ကြည့်ပြီး သွေးအန်ချင်စိတ် ပေါက်သွားတယ်။ ဘာလို့ ဘုရင်မရဲ့ ခင်ပွန်း ဖုန်းလင်က ကိုယ်တော် တစ်ပါး ဖြစ်နေရတာလဲ။ ဇာတ်လမ်းက တကယ်ပဲ လူမဆန်လိုက်တာ။ ဘုရင်မ... နင်က ကိုယ်တော်တွေကို ဘယ်လောက်တောင် သဘောကျနေလို့လဲ။
"မင်းသမီး"
ရှောင်ဝေက ယွီးရှောင်ရှောင်ကို လှည့်ကြည့်လိုက်တယ်။ ယုံးရှန်းကျောင်းတော်က ဆရာတော်လေးက နှုတ်ဆက်တာကို အလကား အဖြစ်ခံလို့ မရဘူးလေ၊ ပြန်နှုတ်ဆက်ရမှာပေါ့။
ယွီးရှောင်ရှောင် ခေါင်းမူးသွားပြီး ပြောလိုက်တယ်။
"ငါ အပေါ်ထပ်မှာ ထမင်းစားလို့ မပြီးသေးဘူး... အပေါ် ပြန်တက်ပြီး ဆက်စားကြမယ်"
ရှောင်ဝေ ခြေခွေကျသွားမတတ် ဖြစ်သွားတယ်။ မင်းသမီးက ဘုရင်ကြီးကို ဂရုမစိုက်တာ ထားပါတော့၊ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါက မင်းသမီးရဲ့ အဖေအရင်းပဲလေ။ ဒါပေမဲ့ ယုံးရှန်းကျောင်းတော်ကိုတော့ နည်းနည်းလေးတောင် မလေးစားဘူးလား။
ဆရာတော်လေး ဖုန်းလင်က ယွီးရှောင်ရှောင်ကို ကြည့်ပြီး အေးအေးဆေးဆေး ပြုံးကာ ပြောလိုက်တယ်။
"မင်းသမီး... ချိန်ကွမ်း ပြောဖူးတာက မင်းသမီးက အရမ်း ကိုင်းရှိုင်းတဲ့သူတဲ့။ အခု ကြည့်ရတာ ချိန်ကွမ်းက မင်းသမီးကို သေချာ မသိသေးဘူး ထင်တယ်"
ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လှည့်ကြည့်လိုက်တော့ ကုရှင်းလန်ကလည်း ယွီးရှောင်ရှောင်ကို ကြည့်နေတာနဲ့ အတိအကျ ဆုံသွားတယ်။ အဲဒီအချိန်မှာ ယွီးရှောင်ရှောင်က ကုရှင်းလန်လို ပုံစံမျိုးကမှ ကြည့်လို့ ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ ယောက်ျားလျာလည်း မဆန်၊ ဟန်လည်း မဆောင်တဲ့ သာမန် လူသား တစ်ယောက်လေ။ (မင်း ယောက်ျားလည်း ရုပ်ချောတဲ့ လူငယ်လေးပါနော်) ယွီးရှောင်ရှောင်က ကုရှင်းလန် အနားကို လျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်တယ်။
"ရှင်ကမှ ကောင်းသေးတယ်"
ကုရှင်းလန်က ချောင်းဟန့်လိုက်ပြီး အေးစက်နေတဲ့ မျက်လုံးတွေက ချက်ချင်း နွေးထွေးသွားတယ်။
ယွီးရှောင်ရှောင်က နောက်တစ်ခွန်း ထပ်ပြောသေးတယ်။
"ယောက်ျား ဖြစ်ပြီးတော့ မိန်းမလျာ ပုံစံ ပေါက်နေတယ်"
ကုရှင်းလန်က ဆရာတော်လေး ဖုန်းလင်ကို မော့ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရတယ်။ ဘာကြောင့်မှန်း မသိပေမဲ့ ကုသခင်လေးရဲ့ စိတ်က ချက်ချင်းကို ကြည်လင်သွားတယ်။
"မင်းသမီး"
ဆရာတော်လေး ဖုန်းလင်က ယွီးရှောင်ရှောင်ကို ပြုံးကြည့်နေဆဲပဲ။
ယွီးရှောင်ရှောင်က ပြောတယ်။
"ပြောစရာ ရှိတာ ပြောလေ၊ တို့ဆီက မင်းဆရာကို လာမဆွဲထည့်နဲ့။ ရှင်က မင်းဆရာနဲ့ အရမ်း ရင်းနှီးလို့လား"
ဘုရားရေ... ရှောင်ဝေ ထပ်ပြီး မျက်နှာကို အုပ်ထားလိုက်ရပြန်ပြီ။
"သူက တမင် ရူးချင်ယောင်ဆောင်နေတာလား"
ကိုယ်တော် တစ်ပါးက တိုးတိုးလေး မေးလိုက်တယ်။
ဆရာတော်လေး ဖုန်းလင် က ယွီးရှောင်ရှောင်ကို ပြုံးကြည့်ပြီး ဖြေတယ်။
"ကိုယ်တော်က ချိန်ကွမ်းနဲ့ စကား မပြောဖူးပါဘူး၊ ဒါပေမဲ့ သူက ယုံးရှန်းကျောင်းတော်က လာတာကို မင်းသမီး မသိဘူးလား"
ဘာ။ ယွီးရှောင်ရှောင် နောက်ထပ် လန့်သွားပြန်ပြီ။ ချိန်ကွမ်း ဆိုတဲ့ ရုပ်ချောချော ဦးလေးကြီးကလည်း ယုံးရှန်းကျောင်းတော်က လာတာလား။ ဒီလောက် အင်အားကြီးတဲ့ အဖွဲ့အစည်းကို ရက်စက်တဲ့ ဘုရင်မဆီမှာ ဘာလို့ သူမ မတွေ့ခဲ့ရတာလဲ။ မဟုတ်သေးပါဘူး... ယွီးရှောင်ရှောင်က ရက်စက်တဲ့ ဘုရင်မရဲ့ ခင်ပွန်း ဖြစ်ခဲ့ဖူးတဲ့ ဒီလူငယ်လေးကို ကြည့်လိုက်တယ်။ ဒီလူရဲ့ ဘေးက ကိုယ်ရံတော်တွေက အတော်လေး အဆင့်မြင့်ပုံ ရတယ်လေ။ ဒီလို လူမျိုးက ရက်စက်တဲ့ ဘုရင်မရဲ့ ခင်ပွန်း အဖြစ် အတင်းအဓမ္မ သိမ်းပိုက်ခံရတဲ့ အထိ ဘယ်လိုလုပ် အခြေအနေ ဆိုးသွားရတာလဲ။ ဒါက သိပ္ပံနည်း မကျဘူး။
…