← Chapters

အခန်း (၆၅-၆၆)

Vol. 5 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 5 Ch. 65-66

အခန်း (၆၅) ရှင်က ဝမ်ဖုန်းလင်လေ

"ကျွန်မ မသိဘူးလေ... ရှင်က ကျွန်မကို ဘာလုပ်ချင်လို့လဲ"

ယွီးရှောင်ရှောင်က ဆရာတော်လေး ဖုန်းလင်ကို ပြန်မေးလိုက်တယ်။ ချိန်ကွမ်း ဆိုတဲ့ မင်းဆရာက ယုံးရှန်းကျောင်းတော်က ဆိုတာကို သူမ မသိတာလေ... ဒါကများ ဒီဘုရင်မရဲ့ ခင်ပွန်းက သူမကို ပြေးကိုက်တော့မှာလား။

ဆရာတော်လေး ဖုန်းလင်က ယွီးရှောင်ရှောင်ရဲ့ ပုံစံကို ကြည့်ပြီး ကလေးမလေး တစ်ယောက်လို အနိုင်ကျင့်နေတယ်လို့ ခံစားရပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။

"လင်းလုံမင်းသမီး...ကံမစမ်းနဲ့နော် " လို့ ကိုယ်တော် တစ်ပါးက ဝင်ပြောလိုက်တယ်။

"သွားကြမယ်"

ဆရာတော်လေး ဖုန်းလင်က လှည့်ထွက်သွားဖို့ ပြင်လိုက်တယ်။

ရှောင်ကျွမ်းက တိုးတိုးလေး ပြောလိုက်တယ်။

"မင်းသမီး... ဆရာတော်လေးကို ဒေါသထွက်အောင် လုပ်လိုက်တာ သိပ်မကောင်းဘူး ထင်တယ်"

ယွီးရှောင်ရှောင်က ပါးစပ်သရမ်းပြီး ပြောလိုက်တယ်။

"ဘာဆရာတော်လေးလဲ... သူ့နာမည်က ဝမ်ဖုန်းလင် မဟုတ်ဘူးလား"

ဆရာတော်လေး ဖုန်းလင်ရဲ့ ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်သွားပြီး ယွီးရှောင်ရှောင်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်။

ယွီးရှောင်ရှောင်က နေရာမှာတင် ရပ်နေတယ်။ ယုံးရှန်းကျောင်းတော်ကို မသိတာ၊ ချိန်ကွမ်းက ယုံးရှန်းကျောင်းတော်က ဆိုတာကို မသိတာက တော်တော်လေး တုံးအတဲ့ ပုံပေါက်ပေမဲ့ ဒီကောင်က ဝမ်ဖုန်းလင် ဆိုတာကိုတော့ သူမ အသိဆုံးပဲလေ။

"မင်း..."

ဆရာတော်လေး ဖုန်းလင်က ယွီးရှောင်ရှောင်ကို 'မင်း' လို့ ခေါ်ပြီးနောက် ဆက်မပြောနိုင်တော့ဘဲ ငြိမ်သွားတယ်။

ကိုယ်တော် တစ်ပါးက ရုတ်တရက် သက်ပြင်းချလိုက်ပြီး အေးစက်စက် လေသံနဲ့ ရှင်းပြတယ်။

"ယုံးရှန်းကျောင်းတော်ကို ဝင်လာပြီးရင် မျိုးရိုးနာမည် ဘယ်ရှိတော့မလဲ"

"ဘာ... ဘာအဓိပ္ပာယ်လဲ"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ငုံ့ကြည့်ပြီး မေးလိုက်တယ်။

ကုရှင်းလန် စကားမစရသေးခင်မှာပဲ ရှောင်ကျွမ်းက ဝင်ပြောတယ်။

"မင်းသမီး... ယုံးရှန်းကျောင်းတော်က လူတွေက နာမည်ကို ဆရာက ပေးတာလေ... မျိုးရိုးနာမည် မရှိကြဘူး"

ဒါဆို ဝမ်ဖုန်းလင် ဆိုတဲ့ နာမည်က ဘယ်က ရလာတာလဲ။ ယွီးရှောင်ရှောင်က မျက်လုံးဝိုင်းကြီးတွေနဲ့ သူမ ရှေ့က လူငယ်လေးကို စိုက်ကြည့်နေမိတယ်။ ကြည့်ရတာ ဒီကောင်က နောက်ဆုံးမှာ ယွီးကျစ်ရီနဲ့ ပေါင်းပြီး ကိုယ့်မိန်းမကို ကိုယ်ပြန်သတ်တာတင် မကဘူး... အစကတည်းက ရက်စက်တဲ့ ဘုရင်မကို လိမ်ခဲ့တာပဲ။ နာမည်က အစ အတုဆိုတော့ အချစ်ဆိုတာ ဘယ်မှာ လာရှိတော့မလဲ။ ယွီးရှောင်ရှောင်က စိတ်ထဲကနေ ရက်စက်တဲ့ ဘုရင်မ အတွက် ဖယောင်းတိုင်လေး တစ်တိုင် ထွန်းပေးလိုက်တယ်။ ဒီမိန်းမရဲ့ ဘဝက တကယ့်ကို ဝမ်းနည်းစရာ ဇာတ်လမ်း တစ်ပုဒ်ပါပဲ။

ဆရာတော်လေး ဖုန်းလင်လည်း ယွီးရှောင်ရှောင်ကို ကြည့်ပြီး ရင်ထဲမှာ လှိုင်းထန်နေတယ်။ ဝမ်က သူ့အဖေရဲ့ မျိုးရိုးနာမည်လေ။ မိဘတွေ ဆုံးပါးသွားပြီးနောက် ဆရာနဲ့ နောင်တော်ကလွဲရင် ဒီလောကမှာ သူက ဝမ်ဖုန်းလင် ဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။ လင်းလုံမင်းသမီးက ဘယ်လိုလုပ် သိနေရတာလဲ။ ယုံးရှန်းကျောင်းတော်ထဲမှာ ဖုန်းထျန်း တော်ဝင်မိသားစုက လူတွေ ဝင်ရောက် စိမ့်ဝင်နေလို့လား။ ဒီလောက် သေးငယ်တဲ့ ဖုန်းထျန်းတိုင်းပြည်လေးက ဒီလို လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆရာတော်လေး ဖုန်းလင်ရဲ့ စိတ်တွေက ရှားရှားပါးပါး ရှုပ်ထွေးသွားတယ်။

"ဆရာတော်လေး"

ကိုယ်တော်တွေက သူတို့ရဲ့ ဆရာတော်လေးက ယွီးရှောင်ရှောင်ကို စိုက်ကြည့်နေတာ မြင်တော့ ခေါ်လိုက်ကြတယ်။

"သွားကြမယ်"

ဆရာတော်လေး ဖုန်းလင်က မျက်နှာဖုံးကို ပြန်ဆောင်းလိုက်ပြီး ဖုန်းထျန်း နန်းတော် ရှိရာဘက်ကို ထွက်သွားတယ်။

"တို့တွေလည်း သွားကြမယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြောလိုက်တယ်။

"ထမင်းစားလို့ မပြီးသေးဘူးလေ"

ကုရှင်းလန်က ဆရာတော်လေး ဖုန်းလင်တို့ ခုနစ်ယောက် ထွက်သွားတာကို ကြည့်ပြီး ယွီးရှောင်ရှောင်ကို ထူးဆန်းတဲ့ မျက်နှာထားနဲ့ မေးလိုက်တယ်။

"စားချင်သေးလို့လား"

"ပိုက်ဆံ ပေးထားပြီးပြီလေ... ဘာလို့ မစားရမှာလဲ"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

ကျော်ယို့က နှာခေါင်းကို ပွတ်လိုက်တယ်။ ပိုက်ဆံ ပေးတဲ့သူက သူ ပါနော်။

"ကျွန်မ ရှင့်ကို အပေါ်ထပ် ခေါ်သွားပေးမယ်"

ယွီးရှောင်ရှောင်က အမြဲတမ်း ရှောင်ကျွမ်းနဲ့ ရှောင်ဝေကိုချည်း ကုရှင်းလန်ကို ထမ်းခိုင်းနေရတာ အားနာလာလို့ ကုရှင်းလန်ကို ပွေ့ချီဖို့ လုပ်လိုက်တယ်။

ကုသခင်လေးက ဒီတစ်ခါတော့ အမြန် သတိထားမိသွားပြီး ကုလားထိုင် လက်ရန်းကို အတင်း ဆွဲထားလိုက်တယ်။ လမ်းလယ်ခေါင်မှာ မိန်းမရဲ့ ပွေ့ချီတာကို ခံရရင် မြို့တော်မှာ သူ မျက်နှာပြစရာ နေရာ ရှိတော့မှာ မဟုတ်ဘူးလေ။

"မလိုပါဘူး" လို့ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"ကျွန်မ ပွေ့နိုင်ပါတယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပွေ့ချီဖို့ ထပ်ကြိုးစားပြန်တယ်။

ကုရှင်းလန်က ခေါင်းခါပြတယ်။ ပွေ့နိုင်ရင်တောင် အပွေ့မခံနိုင်ဘူးလေ။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က အမြန် ပြေးလာပြီး ကုလားထိုင်ကို မလိုက်တယ်။

"မင်းသမီး... ကျွန်တော်တို့တွေ အပေါ် ပြန်တက်ပြီး ဆက်စားကြမယ်လေ" လို့ ရှောင်ကျွမ်းက ပြောလိုက်တယ်။

ယွီးရှောင်ရှောင်က လက်ကို ပြန်ရုပ်လိုက်တယ်။ အပွေ့မခံရင်လည်း နေပါစေပေါ့။ မင်းသမီးလေးက လှည့်ပြီး စားသောက်ဆိုင်ကြီးထဲ ဝင်သွားတယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့လည်း ကုရှင်းလန်ကို ထမ်းပြီး ဆိုင်ထဲ လိုက်ဝင်သွားကြတယ်။

မြို့တော်ဝန်ကျန်းက အခြေအနေ မဟန်ဘူး ဆိုတာ သိလိုက်တယ်။ အားလုံး ထွက်သွားရင် ဒီ ကျူးယိ ကုန်သည်တွေကို ဘယ်လို လုပ်ရမလဲ။

"သမက်တော် ခဏနေပါဦး"

မြို့တော်ဝန်ကျန်းက ကုရှင်းလန်ကို အော်ခေါ်ပြီး အမြန် ပြေးသွားကာ ကုရှင်းလန်တို့ သုံးယောက် ရှေ့မှာ ပိတ်ရပ်လိုက်တယ်။

"မြို့တော်ဝန်ကျန်းဘာကိစ္စ ရှိလို့လဲ"

ကုရှင်းလန်က မေးလိုက်တယ်။

"ဒီ ကျူးယိ လူတွေကို ဘယ်လို လုပ်ရမလဲ"

မြို့တော်ဝန်ကျန်းက မေးတယ်။

ကုရှင်းလန်က မျက်မှောင်ကြုတ်သွားတယ်။ ဒီကိစ္စကို သူ့ကို လာမေးရသလား။ မြို့တော်ဝန်ကျန်းက စားသောက်ဆိုင် လှေကားထစ် အောက်မှာ ပိတ်ရပ်နေပြီး ဒီကိစ္စကို သူ လုံးဝ ဆုံးဖြတ်မှာ မဟုတ်ဘူး ဆိုတဲ့ ပုံစံမျိုး လုပ်နေတယ်။

"သူတို့ကို သယ်ယိ စားသောက်ဆိုင်ဆီ ပို့ပေးလိုက်ပါ"

ကုရှင်းလန်က ပြောလိုက်တယ်။

မြို့တော်ဝန်ကျန်းတစ်ကိုယ်လုံး တုန်သွားတယ်။ ဒီ သေမလို ဖြစ်နေတဲ့ လူတွေကို သယ်ယိစားသောက်ဆိုင်ဆီ ပို့ရင် ကျင်းမော့က သူ့ကို အသက်ရှင်လျက် အပြင် ပြန်ထွက်ခွင့် ပေးပါ့မလား။

"အမှားလုပ်တာ သူတို့လေ"

ကုရှင်းလန်က မြို့တော်ဝန်ကျန်းရဲ့ တုန်ရီနေတဲ့ ခြေထောက်တွေကို ကြည့်ပြီး မျက်နှာ ပိုပျက်သွားတယ်။ ဖုန်းထျန်းက အရာရှိတွေက 'ကျူးယိ' ဆိုတဲ့ နာမည် ကြားတာနဲ့ လေးပစ်ခံရတဲ့ ငှက်လို ကြောက်နေကြတာ။ ဒီအတိုင်း ဆက်သွားရင် ဖုန်းထျန်း တိုင်းပြည်က မကြာခင် ကျူးယိရဲ့ လက်အောက် ရောက်သွားတော့မှာ သေချာတယ်။

"သမက်တော်... ကျင်းမော့က ကျွန်တော်မျိုး ရှင်းပြတာကို နားထောင်ပါ့မလား"

မြို့တော်ဝန်ကျန်းက ကုရှင်းလန်ကို တိုးတိုးလေး မေးလိုက်တယ်။

"သူက ဖုန်းထျန်း မြို့တော်မှာတော့ ခင်ဗျားကို မသတ်ရဲပါဘူး" လို့ ကုရှင်းလန်က မြို့တော်ဝန်ကျန်းကို အေးစက်စက် ပြောလိုက်တယ်။

"ဒီကိစ္စက ကျွန်တော် လုပ်တာပါ။ ကျင်းမော့ လူရှာချင်ရင် ကျွန်တော့်ဆီ လာရှာခိုင်းလိုက်။ ရှောင်ကျွမ်း၊ ရှောင်ဝေ... ငါတို့ ဝင်ကြမယ်"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန် အမိန့်ပေးတာနဲ့ ရှောင်ကျွမ်းက မြို့တော်ဝန်ကျန်းကို လက်နဲ့ တွန်းဖယ်လိုက်တယ်။ မြို့တော်ဝန်ကျန်းဖယ်သွားတာနဲ့ ညီအစ်ကို နှစ်ယောက်က ကုသခင်လေးကို ထမ်းပြီး စားသောက်ဆိုင်ကြီးထဲ ဝင်သွားကြတယ်။

ကုမိသားစုရဲ့ အစေခံတွေလည်း သူတို့ သခင် နှစ်ယောက်လုံး ဆိုင်ထဲ ဝင်သွားတာကို မြင်တော့ နောက်ကနေ လိုက်ဝင်သွားကြတယ်။ သူတို့ စားပွဲ နှစ်ဝိုင်းမှာလည်း စားစရာတွေ အများကြီး ကျန်သေးတယ်လေ။

စစ်သူကြီး ကျော်ယို့ကတော့ စစ်မြေပြင်မှာ ရန်သူနဲ့ အသေအလဲ တိုက်ခိုက်မဲ့ ပုံစံမျိုးနဲ့ လမ်းမပေါ်မှာ မျက်နှာ တင်းတင်းကြီး ရပ်နေတယ်။

နောက်လိုက် နံပါတ်တစ်က သူ့သခင် အနားကို သတိထားပြီး တိုးလာကာ မေးလိုက်တယ်။

"သခင်... ကျုပ်တို့တွေ သွားကြမလား"

ကျော်ယို့က အဲဒီ နောက်လိုက်ကို တစ်ချက် ကြည့်ပြီး ပြောတယ်။

"တစ်ခုခု ထူးဆန်းနေတယ် မဟုတ်လား"

နောက်လိုက်ကတော့ 'လင်းလုံမင်းသမီးနဲ့ တွေ့ကတည်းက ဘေးမှာ ဖြစ်နေသမျှ အကုန်လုံးက ထူးဆန်းနေတာချည်းပဲ' လို့ စိတ်ထဲကနေ တွေးလိုက်တယ်။

"ငါ အထဲ မဝင်ရင်... ဒီထမင်းဖိုးကို ဘယ်သူ ရှင်းမလဲ" လို့ ကျော်ယို့က ပြောလိုက်တယ်။

နောက်လိုက် သုံးယောက်လုံး သူတို့ သခင်ကို ဆက်မကြည့်ရဲတော့ဘူး။ မိန်းမ တစ်ယောက် ရှေ့မှာတော့ ဂုဏ်သိက္ခာလေး နည်းနည်းလောက် ထိန်းပါဦးလား။ ကိုယ်တိုင် အတင်း သွားပြီး ပိုက်ဆံ ရှင်းပေးချင်နေတာလား။ တစ်ဖက်က သခင်က ခင်ဗျားကို လုံးဝ အဖက်မလုပ်တာကိုများ။

"ငါ အထဲ ဝင်ကြည့်လိုက်ဦးမယ်"

ကျော်ယို့က စကားပြောရင်း ဆိုင်ထဲ ဝင်သွားတယ်။ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းတဲ့ အနေနဲ့ စစ်သူကြီး ကျော်ယို့က သူ့တပည့်တွေကို ပြောသေးတယ်။

"သူတို့ဆီမှာ ပိုက်ဆံ မလောက်မှာ စိုးလို့ပါ"

အားလုံး ဘာပြောရမှန်း မသိတော့ဘူး။ ကိုယ့်သခင်က လင်းလုံမင်းသမီးနဲ့ တွေ့တာနဲ့ ငတုံး ဖြစ်သွားတယ် ဆိုတာကို အခြားလူတွေ သိသွားရင် အစေခံ ဖြစ်တဲ့ သူတို့တောင် မျက်နှာပြစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး။

မျက်စိတစ်မှိတ် အတွင်းမှာပဲ လမ်းပေါ်မှာ မြို့တော်ဝန်ကျန်းနဲ့ သူ့အမှုထမ်းတွေပဲ ကျန်တော့တယ်။

"မြို့တော်ဝန်... ဒီလူတွေကို ဘယ်လို လုပ်ရမလဲ"

အမှုထမ်း ခေါင်းဆောင်က မြေကြီးထဲ စိုက်နေတဲ့ ကျူးယိ လူတွေကို ကြည့်ပြီး မေးလိုက်တယ်။

"ဆွဲနုတ်ရမလား" လို့ မြို့တော်ဝန်ကျန်းက မသေချာတဲ့ လေသံနဲ့ မေးလိုက်တယ်။

အမှုထမ်း တချို့က ရှေ့တိုးပြီး လူတွေကို ဆွဲနှုတ်ဖို့ ကြိုးစားတယ်။ နည်းနည်းလေး အားစိုက်ပြီး အပေါ်ကို ဆွဲလိုက်တာနဲ့ ကျူးယိ လူတွေက နာကျင်လွန်းလို့ သတိပြန်လည်လာပြီး ဝက်သတ်ခံရသလို အော်ကြတော့တယ်။

အမှုထမ်း ခေါင်းဆောင်က မြို့တော်ဝန်ကျန်းအနားကို ပြန်ပြေးလာပြီး ပြောတယ်။

"ဒါမှမဟုတ် မင်းသမီးလေးကို အကူအညီ တောင်းကြည့်ရမလား"

မြို့တော်ဝန်ကျန်းက သူ့အမှုထမ်းကို စွေကြည့်လိုက်တယ်။

"ဒါတွေက မင်းသမီးလေး လုပ်ထားတာလို့ ကျွန်တော် ကြားခဲ့တယ်" လို့ အမှုထမ်း ခေါင်းဆောင်က ရှင်းပြတယ်။

မြို့တော်ဝန်ကျန်းက စိတ်ထဲကနေ 'မင်းသမီးက ရက်စက်တယ် ဆိုတာ သိသိကြီးနဲ့ ငါ့ကို အကူအညီ သွားတောင်းခိုင်းနေတာလား၊ ငါ့အသက် တိုအောင် လုပ်နေတာလား' လို့ တွေးလိုက်တယ်။

"မြေကြီးကို တူးလိုက်"

မြို့တော်ဝန်ကျန်းက အမိန့်ပေးလိုက်တယ်။

"သတိထားနော်... လူတွေကို မထိစေနဲ့"

အမှုထမ်း ခေါင်းဆောင်က ကျူးယိ လူတွေ ရှိနေတဲ့ နေရာကို ကြည့်ပြီး နှုတ်ခမ်း တွန့်သွားတယ်။ တော်သေးတာပေါ့၊ ဒီလူတွေက တစ်နေရာတည်းမှာ စုနေလို့။ မဟုတ်ရင် မင်းသမီးလေးသာ တစ်နေရာစီ လုပ်ထားရင် သူတို့ တစ်လမ်းလုံးကို တူးရတော့မှာ။ အမှုထမ်းတွေကို အလုပ်ကြမ်းသမား အဖြစ် ခိုင်းတာ... သူတို့ ဘယ်သွားပြီး တိုင်ရမလဲ။

…

အခန်း (၆၆) ထာဝရ အသက်ရှင်ခြင်းဆိုတာ ဘာလဲ

ယွီးရှောင်ရှောင်က စားပွဲမှာ ထိုင်ပြီး အားရပါးရ စားနေတယ်။ ကုရှင်းလန်က ဇနီးသည်အတွက် ငါးအရိုး နွှင်ပေးတယ်၊ ပုစွန်အခွံ နွှာပေးတယ်၊ ဟင်းရည် ခပ်ပေးတယ်၊ ပါးစပ် သုတ်ပေးတယ်... အချုပ်အားဖြင့် ပြောရရင် မင်းသမီးလေးက စားရတာ အလုပ်များနေသလို ကုသခင်လေးကလည်း ဇနီးသည်ကို ပြုစုရတာ အတော်လေး အလုပ်များနေတယ်။

ကျော်ယို့ကတော့ ဘေးမှာ ထိုင်နေတယ်။ ထမင်းစားဖို့ လုပ်ရင် ယွီးရှောင်ရှောင်က မျက်စောင်းထိုးလိမ့်မယ်၊ မင်းသမီးကို ပြုစုပေးဖို့ လုပ်ရင်လည်း ကုသခင်လေးက မျက်စောင်းထိုးလိမ့်မယ်။ ဒါကြောင့် ကျော်ယို့က စံပယ်ပန်း လက်ဖက်ရည် ခွက်ကို ကိုင်ပြီး သူနဲ့ မျက်နှာချင်းဆိုင်က လင်မယား နှစ်ယောက်ကို ဝမ်းနည်းတဲ့ မျက်နှာထားနဲ့ ထိုင်ကြည့်နေရုံပဲ တတ်နိုင်တယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကတော့ ဘာမှ ဂရုမစိုက်နိုင်ဘူး၊ ယွီးရှောင်ရှောင်လိုပဲ ခေါင်းမမော့တမ်း အားရပါးရ စားနေကြတယ်။ သူတို့ မင်းသမီး ပြောတာ မှန်တယ်လေ... အလကား ရတဲ့ စားစရာကို ဘာလို့ မစားဘဲ နေမှာလဲ။

ကျော်ယို့ရဲ့ နောက်လိုက် သုံးယောက်ကတော့ သူတို့နဲ့ တစ်စားပွဲတည်း ထိုင်နေတဲ့ ဒီနှစ်ယောက်ရဲ့ ငတ်ကြီးကျနေတဲ့ စားပုံသောက်ပုံကို ကြည့်ပြီး ထမင်းစားချင်စိတ်တောင် ပျောက်သွားကြတယ်။

"မင်းသမီး... ဒီဟင်းတွေက အဲဒီလောက်တောင် စားလို့ ကောင်းလို့လား" လို့ ကျော်ယို့က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

ယွီးရှောင်ရှောင်က ပါးစပ်ထဲမှာ ပုစွန်တွေ အပြည့်နဲ့မို့ စကားပြောရတာ အဆင်မပြေလို့ ခေါင်းပဲ ညိတ်ပြလိုက်တယ်။

ကျော်ယို့က ထပ်မေးတယ်။

"ဒီလို စားတာ အစာအိမ် ထိခိုက်မှာ မစိုးရိမ်ဘူးလား"

ယွီးရှောင်ရှောင်က ပါးစပ်ထဲက ပုစွန်တွေကို မျိုချလိုက်ပြီး မေးလိုက်တယ်။

"ရှင်က ထမင်းဖိုး မရှင်းချင်တော့လို့လား"

"ရှင်းမှာပါ... ကျွန်တော် ရှင်းမှာပါ" လို့ ကျော်ယို့က အမြန် ဖြေလိုက်တယ်။

ယွီးရှောင်ရှောင်က ခေါင်းပြန်ငုံ့ပြီး ဆက်စားတယ်။ ပိုက်ဆံရှင်းမယ်ဆို ပြီးတာပဲလေ။ စစ်သူကြီး တစ်ယောက်လုံးက ပိုက်ဆံရှင်းမဲ့ အချိန်ရောက်မှ ထွက်ပြေးမှာမှ မဟုတ်တာ။

ကျော်ယို့က မေးလိုက်တယ်။

"မင်းသမီး... မင်းသမီးက ယုံးရှန်းကျောင်းတော်ကို နည်းနည်းလေးတောင် မကြောက်ဘူးလား"

ယွီးရှောင်ရှောင်ရဲ့ တူက ထပ်ပြီး ရပ်သွားပြန်တယ်။ ခေါင်းမော့ပြီး ကျော်ယို့ကို ကြည့်ကာ ပြောလိုက်တယ်။

"ထမင်းစားနေတုန်း ခံတွင်းပျက်စရာ စကားတွေ မပြောနဲ့"

ဘုရားရေ... လင်းလုံမင်းသမီးက တကယ့်ကို သတ္တိခဲပဲလို့ ကျော်ယို့ တွေးလိုက်မိတယ်။ ယုံးရှန်းကျောင်းတော်ကို ခံတွင်းပျက်စရာလို့ ပြောရဲတဲ့သူက သူပဲ ရှိမှာပဲ။

"မင်းသမီး... ကျင်းမော့က မင်းသမီးကို ပြဿနာ လာရှာရင် ကျွန်တော့်ဆီသာ လာခဲ့ပါ... ကျွန်တော် မင်းသမီးဘက်ကနေ ကျင်းမော့ကို ရှင်းပေးပါ့မယ်"

ကျော်ယို့က ယွီးရှောင်ရှောင်ကို ကူညီဖို့ ကိုယ်တိုင် ကမ်းလှမ်းလိုက်တယ်။

ယွီးရှောင်ရှောင်က ပြန်ပြောတယ်။

"နေပါစေတော့... ရှင်က ယုံးရှန်းကျောင်းတော်ကိုတောင် ကြောက်နေတာ၊ ကျွန်မကို ကူညီပြီး ကျင်းမော့ကို ရှင်းပေးမယ်ဟုတ်လား"

"အဲဒါက တူမှ မတူတာ" လို့ ကျော်ယို့က ယွီးရှောင်ရှောင်ရဲ့ စကားကို ကြားတော့ ချက်ချင်း ပြန်ငြင်းတယ်။ ယုံးရှန်းကျောင်းတော်နဲ့ ကျူးယိတိုင်းပြည်က တူလို့လား။

"ကျင်းမော့က လူဆိုး မဟုတ်ပါဘူး"

ယွီးရှောင်ရှောင်က ပြောတယ်။

"သူက အကြောင်းပြချက်ကို နားလည်ပါတယ်"

ကျင်းမော့က လူဆိုး မဟုတ်ဘူးလား။ လောကကြီး ပြောင်းပြန် ဖြစ်သွားပြီလို့ ကျော်ယို့ ခံစားလိုက်ရတယ်။

ယွီးရှောင်ရှောင်ရဲ့ စားတဲ့ အရှိန်က အရမ်း မြန်တယ်။ စကားနည်းနည်း ပြောလိုက်တဲ့ အချိန်လေး အတွင်းမှာပဲ စားပွဲပေါ်က ပန်းကန်လုံး အကြီးကြီးတွေ ထဲမှာ ဟင်းရည်တွေပဲ ကျန်တော့တယ်။

"ဗိုက်ဝပြီလား" လို့ စားစရာ မရှိတော့တာကို မြင်တော့ ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မေးလိုက်တယ်။

ကုရှင်းလန်က ခေါင်းညိတ်ပြတယ်။ ယွီးရှောင်ရှောင် စားနေတာကို ကြည့်ရုံနဲ့တင် ကုသခင်လေးက ဗိုက်ဝနေပြီလေ။

"ရှောင်ကျွမ်း၊ ရှောင်ဝေ"

ယွီးရှောင်ရှောင်က အရိပ်ကိုယ်ရံတော် ညီအစ်ကို နှစ်ယောက်ကို မေးလိုက်တယ်။

ရှောင်ဝေက ချက်ချင်း ပြန်ဖြေတယ်။

"ဗိုက်ဝပါပြီ"

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ရဲ့ စားပွဲပေါ်မှာ စားကြွင်းစားကျန်တွေ အများကြီး ကျန်နေသေးတာကို မြင်တော့ ပြောလိုက်တယ်။

"ကျန်တဲ့ ဟင်းတွေကို ထုပ်သွားမယ်"

ဘာကြီးလဲ။ အခန်းထဲက ယောက်ျားတွေ အကုန်လုံး အံ့သြသွားကြတယ်။ စားမကုန်တဲ့ ဟင်းတွေကို ပါဆယ် ထုပ်သွားမယ်တဲ့လား။ မင်းသမီးက တကယ်ပဲ နန်းတော်ထဲမှာ ကြီးပြင်းလာတာ သေချာရဲ့လား။

ရှောင်ကျွမ်းက ကုရှင်းလန်ကို ကြည့်လိုက်တယ်။ တကယ်ပဲ ကျန်တဲ့ ဟင်းတွေကို ထုပ်သွားရမှာလား။

"စားပွဲထိုးကို သွားခေါ်လိုက်" လို့ ကုရှင်းလန်က ပြောလိုက်တယ်။

"စားစရာကို အလဟဿ ဖြစ်အောင် လုပ်တဲ့သူက နောက်ဆုံးမှာ သေချာပေါက် ငတ်သေမှာပဲ"

ယွီးရှောင်ရှောင်က ရှောင်ကျွမ်းကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

ရှောင်ကျွမ်းက ချက်ချင်း ထပြီး အပြင်ကို ပြေးထွက်သွားတယ်။ ရင်ထဲမှာတော့ သွေးတွေ ယိုဆင်းနေသလိုပဲ။ စားကြွင်းစားကျန် နည်းနည်းလေး အတွက်နဲ့ ဒီလောက်တောင် ကျိန်ဆဲဖို့ လိုလို့လား။

"တကယ် ငတ်သေနိုင်တယ်နော်" လို့ ယွီးရှောင်ရှောင်က ကျော်ယို့ဘက် လှည့်ပြီး ထပ်ပြောလိုက်တယ်။

ကျော်ယို့က အမြန် ခေါင်းခါပြပြီး ပြောတယ်။

"ကျွန်တော် စားစရာကို အလဟဿ မဖြစ်စေပါဘူး။ ဘယ်တုန်းကမှ အဲဒီလို မလုပ်ဖူးဘူး"

နောက်လိုက် သုံးယောက်က ခေါင်းငုံ့ပြီး ဘာမှ မပြောကြဘူး။ သူတို့ ဘာပြောစရာ ရှိလို့လဲ။ ဦးရီးတော် အိမ်တော်က နေ့တိုင်း စားကြွင်းစားကျန်တွေ ခြင်းတောင်းလိုက် အပြင် သွန်ပစ်နေရတာလေ။ တချို့ အမှန်တရားတွေက ဘယ်တော့မှ မျက်နှာချင်းဆိုင်လို့ မရဘူးလေ။

"ကောင်းတယ်"

ယွီးရှောင်ရှောင်က ကျော်ယို့ကို လေးလေးနက်နက် ချီးကျူးလိုက်တယ်။ ဒီလူက ကုရှင်းလန် အပေါ် မရိုးသားတဲ့ အကြံတွေ ရှိပေမဲ့ သူ့ဆီမှာလည်း ကောင်းတဲ့ အချက်လေးတွေ ရှိသားပဲ။

ကျော်ယို့က ချက်ချင်း ဝမ်းသာသွားပြီး မေးလိုက်တယ်။

"မင်းသမီး... မနက်ဖြန် ကျွန်တော် မင်းသမီးကို ထမင်း ထပ်ကျွေးရမလား"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"မနက်ဖြန်လား... မနက်ဖြန် ကိစ္စ မနက်ဖြန်မှ ပြောကြတာပေါ့"

ကျော်ယို့က နည်းနည်းတော့ စိတ်ပျက်သွားပေမဲ့ မနက်ဖြန်မှ ပြောကြတာပေါ့ ဆိုတော့ လင်းလုံမင်းသမီးက သူ့ကို လုံးဝ ငြင်းလိုက်တာ မဟုတ်ဘူးလို့ တွေးမိပြီး ပြန်ဝမ်းသာသွားတယ်။

"ဟုတ်ကဲ့ပါ... မနက်ဖြန် ကျွန်တော် မင်းသမီးဆီ ဖိတ်စာ ပို့လိုက်ပါ့မယ်"

ဆိုင်ရှင်နဲ့ စားပွဲထိုး နှစ်ယောက်က ရှောင်ကျွမ်းရဲ့ နောက်ကနေ အခန်းထဲ ဝင်လာကြတယ်။ ခုနက မင်းသမီးလေးရဲ့ စွမ်းဆောင်ရည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ထားရတာမို့ အခုချိန်ထိ သူတို့ ခြေထောက်တွေ တုန်နေတုန်းပဲ။

"အကုန်လုံးကို ထုပ်ပေးလိုက်" လို့ ယွီးရှောင်ရှောင်က ဆိုင်ရှင်ကို ပြောလိုက်တယ်။

"ဟင်းရည်တွေပါ ထည့်ပေးနော်"

ဒီဟင်းရည်တွေက ဆီတွေချည်းပဲ၊ လွှင့်ပစ်လိုက်ရင် ဘယ်လောက် နှမြောစရာ ကောင်းလိုက်လဲ။

ကျော်ယို့က စိတ်ထဲကနေ ဆုံးဖြတ်လိုက်တယ်။ ဒီတစ်ခေါက် အခွန်ကောက်ရင် ဖုန်းထျန်းဆီက နည်းနည်း လျှော့တောင်းဖို့ပေါ့။ လင်းလုံမင်းသမီးက သူ ထမင်းမကျွေးခင်အထိ ထမင်းဝအောင်တောင် မစားရဘူး ထင်ပါတယ်။

ဆိုင်ရှင်က ယွီးရှောင်ရှောင်ကို 'မရပါဘူး' လို့ ဘယ်ပြောရဲမှာလဲ။ စားပွဲထိုး နှစ်ယောက်ကို ခေါ်ပြီး စားပွဲပေါ်က စားကြွင်းစားကျန်တွေ၊ ဟင်းရည်တွေ အပါအဝင် အကုန်လုံးကို သေသေချာချာ ထုပ်ပေးလိုက်တယ်။ သခင်တွေရဲ့ စားပွဲက အစေခံတွေရဲ့ စားပွဲထက် ဘာလို့ ပိုပြောင်နေလဲ ဆိုတာကိုတော့ ဆိုင်ရှင်က စိတ်ထဲမှာပဲ ကြိတ်တွေးရဲပြီး ပါးစပ်ကနေ ထုတ်မမေးရဲဘူး။

"တာ့တာ" လို့ ယွီးရှောင်ရှောင်က ကျော်ယို့ကို နှုတ်ဆက်လိုက်ပြီး ကုရှင်းလန်ကို ခေါ်ကာ ထွက်သွားတယ်။

ကျော်ယို့က ယွီးရှောင်ရှောင်ကို အောက်ထပ်အထိ လိုက်ပို့ပေးပြီး ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ စီးသွားတဲ့ မြင်းလှည်းကို ကြည့်ကာ သက်ပြင်းအကြီးကြီး ချပြီး ပြောလိုက်တယ်။

"အံ့ဩဖို့ကောင်းလိုက်တဲ့ မိန်းကလေး"

နောက်လိုက်တွေလည်း သက်ပြင်းချလိုက်ကြတယ်။ အရှေ့မှာတင် ဖုန်းထျန်း လူတွေ တွင်းတူးထားရတဲ့ အပေါက်တွေကို မြင်နေရတယ်လေ။ ခုနက ကျူးယိ လူတွေကို ပြန်တွေးကြည့်ပြီး ဒီလို မိန်းမကြမ်းသာ သူတို့ အိမ်တော်ထဲ ရောက်လာရင် သူတို့ အစေခံတွေက နေ့တိုင်း သေမလား ရှင်မလား ဆိုတဲ့ လမ်းဆုံမှာ နေရတော့မှာပေါ့လို့ တွေးလိုက်မိတယ်။ သူတို့ သခင်ကို တောင်းပန်ချင်စိတ်တောင် ပေါက်လာတယ်၊ ဒီအကြံကို လက်လျှော့လိုက်ပါတော့လို့။

ယွီးရှောင်ရှောင်က မြင်းလှည်းထဲမှာ ထိုင်ရင်း ဒီတစ်ခါတော့ ပြတင်းပေါက်ကနေ အပြင်က မြင်ကွင်းတွေကို မကြည့်တော့ဘူး။ ကုရှင်းလန်ကို လှည့်ပြီး မေးလိုက်တယ်။

"ယုံးရှန်းကျောင်းတော်က ဘာအခြေအနေလဲ၊ ကျွန်မကို ပြောပြပါဦး"

ကုရှင်းလန်က အံ့သြသွားတယ်။

"မင်းသမီး... ယုံးရှန်းကျောင်းတော်ကို တကယ် မသိတာလား"

"မသိဘူးလေ"

ယွီးရှောင်ရှောင်က ခေါင်းခါပြတယ်။

မိဖုရားခေါင်ကြီးက နှစ်တိုင်း သူ့ရဲ့ ကိုယ်ပိုင် ပိုက်ဆံထဲကနေ ယုံးရှန်းကျောင်းတော်ကို အလှူငွေတွေ ပို့ပြီး ကျောင်းတော်က ဆရာတော်တွေဆီမှာ ကံကြမ္မာကို မေးမြန်းလေ့ ရှိတယ်လေ။ ဒီလောက် ဘာသာတရား ကိုင်းရှိုင်းတဲ့ မိခင်က မွေးလာတဲ့ သမီးက ယုံးရှန်းကျောင်းတော်ကို မသိဘူးတဲ့လား။ ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းနေပြီလို့ ကုရှင်းလန် ထင်လိုက်တယ်။

ယွီးရှောင်ရှောင်က ပြောတယ်။

"ကျွန်မက ဒါတွေကို မယုံဘူးလေ၊ ဒါကြောင့် စိတ်မဝင်စားတာ"

"ရှူး"

ကုရှင်းလန်က အမြန်ပဲ ယွီးရှောင်ရှောင်ကို နှုတ်ခမ်းမှာ လက်ညှိုးတင်ပြီး အချက်ပြလိုက်တယ်။

"ဒီစကားကို အပြင်မှာ လျှောက်မပြောနဲ့နော်"

ယွီးရှောင်ရှောင်က နှုတ်ခမ်းတွန့်လိုက်ပြီး မေးတယ်။

"ဒါဆို ရှင်ကကော"

ကုရှင်းလန်က ဖြေတယ်။

"ကျွန်တော်လည်း မယုံပါဘူး"

အင်း... ယွီးရှောင်ရှောင် ခေါင်းညိတ်လိုက်တယ်။ ဒီလိုမှ အတူတူ ပေါင်းလို့ ရမှာပေါ့။

ကုရှင်းလန်က ဆက်ပြောတယ်။

"ကျွန်တော့် အမေကတော့ ထာဝရ အသက်ရှင်တာကို ယုံတယ်။ ကျွန်တော့် အဖေ စစ်ထွက်တိုက်တိုင်း အမေက ယုံးရှန်းကျောင်းတော်မှာ သွားနေပြီး ဘုရားရှေ့မှာ နေ့တိုင်း ဒူးထောက် ဆုတောင်းခဲ့တာ။ ဒါပေမဲ့ ကျွန်တော့် အဖေကတော့ စစ်မြေပြင်မှာပဲ ကျဆုံးသွားခဲ့တာပဲ"

ယွီးရှောင်ရှောင်က မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်တယ်။

"ဘုရားရှေ့မှာလား... ဗုဒ္ဓဘာသာက သံသရာ လည်တာကိုပဲ ဟောတာ မဟုတ်ဘူးလား။ ဘယ် ဗုဒ္ဓဘာသာက ထာဝရ အသက်ရှင်တာကို ဟောလို့လဲ"

သူမက စာမတတ်ပေမဲ့ တပ်ဖွဲ့ထဲမှာ ဘာသာရေး ခေါင်းဆောင်တွေက စိတ်ဓာတ် ခွန်အားပေးဖို့ လာဟောပြောလေ့ ရှိတယ်လေ။ သံသရာ ခြောက်ပါး ဆိုတာကိုတော့ ယွီးရှောင်ရှောင် ကြားဖူးပါတယ်။

"ဟုတ်တယ်လေ"

ကုရှင်းလန်က ပြောတယ်။

"ယုံးရှန်းကျောင်းတော်ကလွဲရင် တခြား ဘယ်ကျောင်းတိုက်မှာမှ ထာဝရ အသက်ရှင်တာကို မဟောပါဘူး"

"ဒါဆို လူလိမ်တွေပဲပေါ့"

ယွီးရှောင်ရှောင်က နားမလည်နိုင်အောင် ဖြစ်သွားတယ်။

"အလိမ်ခံရတဲ့ ပြည်သူတွေက သူတို့ ကျောင်းကို သွားမဖျက်ဆီးကြဘူးလား"

"ထာဝရ အသက်မရှင်နိုင်တာက မင်းရဲ့ ကျင့်ကြံမှု မလုံလောက်လို့၊ ကုသိုလ်ကံ မရှိလို့ လို့ ပြောတာလေ" လို့ ကုရှင်းလန်က ရှင်းပြတယ်။

"ကျွန်တော့် အမေက အဲဒီလို ပြောခဲ့တာပဲ"

ဒီလောက် အသိဉာဏ်မဲ့တဲ့ စကားကိုတောင် ယုံတဲ့သူ ရှိတယ်လား။ ယွီးရှောင်ရှောင်က တံတွေးထွေးချလိုက်ပြီး ပြောတယ်။

"ဒီကျောင်းတော်က အဲဒီလောက်တောင် အင်အားကြီးတာလား။ ဘုရင်ကတောင် သူတို့ကို ကြောက်နေရတာလား"

"တိုင်းပြည် ခြောက်ပြည်လုံးက ယုံးရှန်းကျောင်းတော်ကို ရိုသေကြတယ်" လို့ ကုရှင်းလန်က သက်ပြင်းချရင်း ပြောလိုက်တယ်။

"အရှင်မင်းကြီးကလည်း ယုံးရှန်းကျောင်းတော် အပေါ် အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါတယ်"

"ယုံးရှန်းကျောင်းတော်မှာ စစ်တပ် ရှိလို့လား"

ယွီးရှောင်ရှောင်က နားမလည်နိုင်သေးဘူး။ ယုံးရှန်းကျောင်းတော်မှာ တပ်သားတွေ၊ စစ်သူကြီးတွေ အများကြီး ရှိလို့ တိုင်းပြည်ခြောက်ခုလုံးကကြောက်နေကြတာလား။ ကိုယ်တော်ကျောင်း တစ်ကျောင်းက ဒီလောက်အထိ အင်အားကြီး နေနိုင်လို့လား။

…

All Chapters