← Chapters

အခန်း (၆၉-၇၀)

Vol. 5 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 5 Ch. 69-70

အခန်း (၆၉) စစ်သူကြီးဟောင်းရဲ့ မိတ်ဆွေလေး

မြင်းလှည်းက ကုအိမ်တော် ရှေ့ကို ရောက်တော့ ယွီးရှောင်ရှောင်က ဘာမှ မဖြစ်သလို မျက်နှာထားနဲ့ မြင်းလှည်းပေါ်က ဆင်းလာတယ်။ ကုရှင်းလန်ကို ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ မြင်းလှည်းပေါ်ကနေ ထမ်းချတဲ့ အချိန်မှာတော့ ကုရှင်းလန်က အဲဒီ ညီအစ်ကို နှစ်ယောက်ကို မျက်နှာချင်း မဆိုင်ရဲဘူး။ ဒီညီအစ်ကို နှစ်ယောက်က နန်းတွင်း အရိပ်ကိုယ်ရံတော် အဖြစ် လေ့ကျင့်ခံထားရလို့ သာမန်လူတွေထက် အမြင်အကြား ပိုစူးရှတယ်လေ။ ခုနက မြင်းလှည်းထဲမှာ သူနဲ့ မင်းသမီး ပြောခဲ့တဲ့ စကားတွေကို ဒီနှစ်ယောက် အကုန် ကြားသွားလောက်တယ် ဆိုတာ ကုရှင်းလန် သေချာတယ်။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က မျက်နှာသေနဲ့ နေလိုက်ကြတယ်။ ကြားရင်လည်း ဘာမှ မကြားသလို ဟန်ဆောင်ရမယ်လေ။ အရိပ်ကိုယ်ရံတော်တွေရဲ့ ကျင့်ဝတ်က သခင်က အဝတ်မပါဘဲ နေရင်တောင် အကောင်းစား အဝတ်အစားတွေ ဝတ်ထားတယ်လို့ ဟန်ဆောင်ပေးရတာပဲ။

လင်မယား နှစ်ယောက် အိမ်ထဲ ဝင်လာတော့ ကုချန်းက ကုရှင်းနော့ကို ခေါ်ပြီး အိမ်ရှေ့ ခြံဝင်းက အကန့်နောက်ကနေ ထွက်လာတယ်။ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်ကို မြင်တာနဲ့ ကုသခင်ကြီးက ချက်ချင်း မေးလိုက်တယ်။

"မင်းသမီး... တတိယမြေး... ဓားစာခံ နေရာကို ဆဋ္ဌမမင်းသားကို တကယ် ပြောင်းလိုက်တာလား"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"ဟုတ်တယ် အဘိုး"

ကုရှင်းလန်က အရင်ဆုံး နောင်တရသွားတယ်။ ဒီသတင်းကို အိမ်ကို ချက်ချင်း အကြောင်းကြားဖို့ သူ မေ့သွားတယ်လေ။

"အဘိုး... အိမ်က ဒီသတင်းကို ဘယ်လို သိတာလဲ"

ကုသခင်လေးက မေးလိုက်တယ်။

ကုရှင်းနော့က ကုရှင်းလန် အနားကို လျှောက်လာပြီး ပြုံးကာ ပြောတယ်။

"အမတ်ကြီးရင်က လူလွှတ်ပြီး မေးလို့ သိရတာပါ"

ကုသခင်ကြီးက လင်မယား နှစ်ယောက်ကို တစ်ချက် ကြည့်ပြီး မေးလိုက်တယ်။

"မင်းတို့ ဘယ်တွေ သွားနေတာလဲ"

ဒီနေ့ မင်းသမီးလေးနဲ့ အတူ အပြင်ထွက်သွားတဲ့ လူတွေ အကုန်လုံးက ဘယ်လို ပြန်ဖြေရမလဲ မသိ ဖြစ်သွားကြတယ်။ မင်းသမီးလေးက စားသောက်ဆိုင် ရှေ့မှာ သူရဲကောင်း လုပ်ခဲ့တဲ့ အကြောင်းကို သူတို့ ပုံပြင် တစ်ပုဒ်လို ပြောပြလို့ ရတယ်လေ။

"ထမင်းသွားစားတာပါ"

ယွီးရှောင်ရှောင်ကတော့ သူတို့ရဲ့ အခက်အခဲကို နားမလည်ဘဲ ကုသခင်ကြီးကို ပြန်ဖြေလိုက်တယ်။ ထမင်းစားတာကလွဲပြီး သူမ ဘာလုပ်ခဲ့သေးလို့လဲ။ ရန်ဖြစ်တာလား... အဲဒါက ကိစ္စလို့ ခေါ်လို့လား။

"ထမင်းသွားစားတာလား"

ကုသခင်ကြီးက စိတ်ကြည်နေလို့ နောက်တစ်ခွန်း ထပ်မေးလိုက်တယ်။

"တတိယမြေးက မင်းသမီးကို ဘယ်ဆိုင်မှာ ထမင်းသွားကျွေးတာလဲ"

ယွီးရှောင်ရှောင်က အရမ်း ဝမ်းသာအားရနဲ့ ပြောလိုက်တယ်။

"ပန်းကန်လုံး စားသောက်ဆိုင်”

ကုသခင်ကြီး ချက်ချင်း ဆွံ့အသွားတယ်။ မြို့တော်မှာ အဲဒီလို ဆိုင်မျိုး ရှိလို့လား။

"အဘိုး... နောက်နေ့ကျရင် ကျွန်မ အဘိုးကို အဲဒီဆိုင် ခေါ်သွားမယ်"

ယွီးရှောင်ရှောင်က ကုသခင်ကြီး အနားကို ပြေးသွားပြီး ကုသခင်ကြီးရဲ့ လက်မောင်းကို ချိတ်ကာ ပြောလိုက်တယ်။

"အဲဒီဆိုင်က ဟင်းတွေက သယ်ယိစားသောက်ဆိုင်ကထက် အများကြီး ပိုစားလို့ ကောင်းတယ်"

မြေးချွေးမလေးက လက်မောင်းကို ချိတ်လိုက်တော့ ကုသခင်ကြီးက အချိန်အတော်ကြာတဲ့အထိ သတိမဝင်လာဘူး။ သူ့ဘဝမှာ ငယ်ငယ်တုန်းက ဇနီးသည်ကလွဲရင် ဘယ်မိန်းကလေးကမှ အခုလို မကိုင်တွယ်ဖူးဘူးလေ။

ယွီးရှောင်ရှောင်က ကုသခင်ကြီးကို ဆွဲပြီး အနောက်ကို သွားရင်း ပြောတယ်။

"အဘိုး... ကျွန်မ အဘိုးကို တွဲပေးမယ်။ ဒီနေ့ အဘိုးတို့ ဘာစားလဲ"

ကုသခင်ကြီးက သူ့ကိုယ်သူ ကြည့်လိုက်၊ သူ့လက်မောင်းကို ချိတ်ထားတဲ့ မင်းသမီးလေးကို ကြည့်လိုက် လုပ်နေမိတယ်။ အသက်ကြီးတဲ့ သူနဲ့ ကလေးလေး... ထားလိုက်ပါတော့၊ မိန်းမနဲ့ ယောက်ျား ခွဲခြားရမယ် ဆိုတာတွေကို ဂရုမစိုက်တော့ပါဘူး။ မြေးချွေးမလေးက သူ့ကို တွဲပေးတာ ဘာဖြစ်လို့လဲ။ ကုသခင်ကြီးက ယွီးရှောင်ရှောင် နောက်ကို လိုက်သွားရင်း ပြန်ဖြေတယ်။

"မင်း အရင်ဆုံး တတိယမြေးနဲ့ ခုနက ဘာတွေ စားခဲ့လဲ ဆိုတာ အဘိုးကို ပြောပြပါဦး"

"ဪ... အသားလုံး၊ ငါး၊ ပုစွန်၊ ဘဲ... "

"ဒီလောက် အများကြီးလား"

"ဟုတ်တယ်လေ... ပြီးတော့ ငါးရှဉ့်လည်း ပါသေးတယ်။ အဘိုး... ဘာလို့ အဲဒီ ဟင်းကို ငါးရှဉ့်ချိုချဉ်လို့ ခေါ်တာလဲ၊ ကျွန်မ ရှဉ့်သားမှ မတွေ့တာ။ ပန်းကန်ထဲမှာ ငါးတစ်ကောင်ပဲ ရှိတာလေ"

"အင်း..."

ကုမိသားစု ညီအစ်ကိုတွေက မျက်နှာစာအကန့် အရှေ့မှာ ရင်းရင်းနှီးနှီး ပျောက်ကွယ်သွားတဲ့ ကုသခင်ကြီးနဲ့ ကလေးမလေးကို ကြည့်နေကြတယ်။ ကုရှင်းနော့က မကြာသေးခင်ကမှ ရိတ်ထားတဲ့ မေးစေ့ကို ပွတ်ရင်း ပြောလိုက်တယ်။

"အဲဒါ အဘိုးလား"

သူတို့ရဲ့ အဘိုးက ဘယ်တုန်းကများ ဒီလောက် သဘောကောင်းပြီး ကြင်နာတတ်သွားတာလဲ။

ကုရှင်းလန်လည်း အချိန်အတော်ကြာအောင် ကြောင်နေပြီးမှ ပြောလိုက်တယ်။

"အဘိုးက မင်းသမီးကို တော်တော် သဘောကျတယ် ထင်တယ်"

"စကားကို သေချာ ပြောတတ်အောင် ကြိုးစားပါဦးလား"

အစ်ကိုကြီး ကုရှင်းနော့က ညီငယ်ရဲ့ ခေါင်းကို တစ်ချက် ပုတ်လိုက်တယ်။

"အဘိုးက ချစ်ခင်တာလို့ ခေါ်တယ်"

ကုရှင်းလန်က နှုတ်ခမ်းကို စေ့ပြီး ပြုံးလိုက်တယ်။

အစ်ကိုကြီး ကုရှင်းနော့ကတော့ 'အင်း... ဒီ ရေခဲတုံးကလည်း အခုတော့ ပန်းလေး ပွင့်သလို ပြုံးတတ်နေပြီပဲ၊ မိန်းမ ရသွားတဲ့သူက မတူဘူးပဲ' လို့ တွေးလိုက်မိတယ်။

ယွီးရှောင်ရှောင်က ကုသခင်ကြီးကို စာကြည့်ခန်းအထိ လိုက်ပို့ပေးပြီး စာကြည့်ခန်းထဲမှာ ကုသခင်ကြီးနဲ့ အတူ ကျောင်းချိုးမင်တို့ မိသားစုကို ဝိုင်းဆဲကြတယ်။ ကျောင်းမိသားစုရဲ့ ဘိုးဘေးတွေကိုပါ ဆဲဆိုပြီး နောက်ဆုံးမှာတော့ ကုသခင်ကြီးနဲ့ အတူ တစ်နေ့နေ့ ကျရင် ကျောင်းမိသားစုရဲ့ ဘိုးဘေး သင်္ချိုင်းကို သွားတူးကြမယ်လို့တောင် ကတိကဝတ် ပြုလိုက်ကြသေးတယ်။ ကုသခင်ကြီးကတော့ ဒီလို ဆဲရတာ အရမ်း အရသာ ရှိတယ်လို့ ခံစားရတယ်။ ယွီးရှောင်ရှောင်ကလည်း သူမနဲ့ စကားပြောလို့ အဆင်ပြေတဲ့ သူငယ်ချင်း တစ်ယောက် တွေ့သွားပြီလို့ ခံစားရတယ်။

ကုသခင်မကြီးက သခင်မရွှီနဲ့ အတူ စာကြည့်ခန်း အပြင်ဘက်မှာ ခဏ ရပ်နေတယ်။ အထဲက ကုသခင်ကြီးနဲ့ ကလေးမလေးက 'ကျောင်းအမတ်ကြီး သားမွေးရင် စအိုပေါက် မပါဘူး' လို့ ဆဲနေတာကို ကြားတော့ ကုသခင်မကြီးက လုံးဝ သည်းမခံနိုင်တော့ဘူး။ ဘယ်နှနှစ် ရှိပြီလဲ... သူနဲ့ ဒီ စစ်သူကြီး ကတိထားခဲ့တာလေ။ စစ်တပ်ထဲမှာ ဘယ်လောက်ပဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောပြော အိမ်ပြန်ရောက်ရင် အဲဒီ စကားတွေ တစ်ခွန်းမှ မပြောရဘူးလို့။ ကုသခင်ကြီးက ကုသခင်မကြီးနဲ့ အတူ ဖြတ်သန်းလာတဲ့ ဆယ်စုနှစ်တွေ တစ်လျှောက်လုံး ဒီစည်းကမ်းကို တစ်ခါမှ မဖောက်ဖျက်ခဲ့ဘူး။ ဒါကြောင့်လည်း မြေးသုံးယောက်ထဲမှာ ကုရှင်းယန် တစ်ယောက်ပဲ ပေါ့ပေါ့ဆဆ နေတတ်တဲ့ အကျင့် ရှိပြီး ကုရှင်းနော့နဲ့ ကုရှင်းလန်တို့က စာပေရော သိုင်းပညာပါ ထူးချွန်တဲ့ လူငယ်လေးတွေ ဖြစ်လာတာပေါ့။

ဒီနေ့ ဘာဖြစ်သွားတာလဲ။ ကုသခင်မကြီးက ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်နေတယ်။ ဒီကုသခင်ကြီးက ဘာစကားတွေ ပြောနေတာလဲ။

သခင်မရွှီလည်း မျက်မှောင်ကြုတ်သွားတယ်။ ပညာတတ် မိသားစုက ဆင်းသက်လာတဲ့ အမျိုးသမီးတွေက ဒီလို ရိုင်းစိုင်းတဲ့ စကားတွေကို နားထောင်လို့ မရဘူးလေ။ သခင်မရွှီက သဘောမကျပေမဲ့ ဘာမှ မပြောရဲဘဲ ကုသခင်မကြီးကို တွဲပြီး စင်္ကြံလမ်း အပြင်ဘက်ကို လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်တယ်။

"အမေ... အဖေက ဝမ်းသာနေလို့ပါ"

ကုသခင်မကြီးက ကုသခင်ကြီးရဲ့ စာကြည့်ခန်း ခြံဝင်းထဲက ထွက်လာတဲ့အထိ အောင့်အည်း သည်းခံခဲ့ပြီးမှ ပြောလိုက်တယ်။

"ယောက္ခထီးက စစ်တပ်က လာတာဆိုတော့ နားထောင်လို့ မကောင်းတဲ့ စကားတွေ ပြောတာ ထားပါတော့။ တော်ဝင် မင်းသမီးက ဘယ်လိုလုပ်ပြီး... ဟူး... ထားလိုက်ပါတော့၊ ဒါက ရှင်းလန်ရဲ့ ကံကြမ္မာပဲလေ"

သခင်မရွှီက ကုသခင်မကြီးရဲ့ စကားကို ဘာမှ ပြန်မပြောဘူး။ လင်းလုံမင်းသမီးက မိန်းမပျိုလေး တစ်ယောက်လို မနေတာကို သခင်မရွှီလည်း နည်းနည်းတော့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ သခင်မရွှီက လင်းလုံမင်းသမီးရဲ့ ကျေးဇူးကို မှတ်ထားတယ်။ သိုင်းပညာပဲ တတ်တတ်၊ စကားပဲ ရိုင်းရိုင်း... လင်းလုံမင်းသမီးက ကုရှင်းလန်နဲ့ သင့်မြတ်အောင် ပေါင်းသင်းနိုင်ရင် သူမ အနေနဲ့ ဘာပဲဖြစ်ဖြစ် သည်းခံနိုင်ပါတယ်လို့ သခင်မရွှီက တွေးလိုက်တယ်။

"အဘွားနဲ့ အမေ ဘာလို့ ဝင်မလာတာလဲ"

ယွီးရှောင်ရှောင်က စာကြည့်ခန်း တံခါးကို ဖွင့်ပြီး အပြင်ကို ကြည့်လိုက်တော့ သခင်မရွှီက ကုသခင်မကြီးကို တွဲပြီး ခြံဝင်း တံခါးပေါက်ကနေ ထွက်သွားတာကို တွေ့လိုက်ရတယ်။

ကုသခင်ကြီးရဲ့ မျက်နှာပေါ်က အပြုံးတွေ ပျောက်သွားတယ်။ ခုနက သူ ဆဲရတာ အရမ်း ပျော်သွားလို့ ဇနီးသည်နဲ့ လုပ်ထားတဲ့ ကတိကိုတောင် မေ့သွားတာပဲ။

ယွီးရှောင်ရှောင်က ကုသခင်ကြီးကို လှည့်ကြည့်ပြီး မေးလိုက်တယ်။

"အဘိုး... ကျွန်မ သွားခေါ်လိုက်ရမလား"

"ထားလိုက်ပါတော့"

ကုသခင်ကြီးက ပြောလိုက်တယ်။

"သူတို့ မိန်းမတွေ ကိစ္စ သူတို့ဘာသာ လုပ်ပါစေ၊ မင်းသမီး ဝင်မပါနဲ့တော့"

ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်တယ်။

တစ်ယောက်က မိန်းမဆိုတဲ့ အသိစိတ် မရှိသလို နောက်တစ်ယောက်ကလည်း သူ့ရှေ့က ကောင်မလေးကို သူ့ရဲ့ သူငယ်ချင်းလေး လို့ သတ်မှတ်ထားတာကြောင့် ကုသခင်ကြီး ပြောလိုက်တဲ့ စကားက ပြောတဲ့သူရော ကြားတဲ့သူပါ ဘာမှ မှားနေတယ်လို့ မခံစားရဘူး။

ကုရှင်းလန်က အဲဒီအချိန်မှာ သစ်သား ဘီးတပ်ကုလားထိုင် ပေါ်မှာ ထိုင်ပြီး သူ့အစ်ကိုကြီး တွန်းပေးတာနဲ့ ကုသခင်ကြီးရဲ့ စာကြည့်ခန်းကို လာရင်း ကုသခင်မကြီးနဲ့ သခင်မရွှီတို့နဲ့ မျက်နှာချင်းဆိုင် တိုးမိတယ်။

"အဘွား... အမေ"

ကုရှင်းလန်က လူကြီး နှစ်ယောက်ကို နှုတ်ဆက်လိုက်တယ်။

"ကျွန်တော် ပြန်ရောက်ပါပြီ"

ကုသခင်မကြီးက မြေးငယ်ကို တစ်ချက် ကြည့်ပြီး ပြောလိုက်တယ်။

"ဓားစာခံ ကိစ္စက ဒီလောက် အရေးကြီးတာကို အိမ်ကို အရင် လူလွှတ်ပြီး အကြောင်းမကြားဘူးလား။ မင်းသမီးက ငယ်သေးတယ်... မင်းကပါ ငယ်နေတာလား"

ကုရှင်းလန်က အနည်းငယ် အံ့သြသွားတယ်။ အမြဲတမ်း ကုသခင်ကြီးကသာ သူ့ကို ဆူလေ့ရှိပြီး ကုသခင်မကြီးက အလိုလိုက်တတ်တာကို... ဒီနေ့ ဘာဖြစ်လို့လဲ။

ကုရှင်းနော့က အမြန် ဝင်ပြောတယ်။

"အဘွား... ရှင်းလန်က ခဏ မေ့သွားလို့ပါ"

"မေ့သွားတယ်"

ကုသခင်မကြီးက ခေါင်းခါပြီး ကုရှင်းလန်ကို ပြောလိုက်တယ်။

"ငါနဲ့ မင်းအမေက အိမ်မှာ စိုးရိမ်နေရတာ... မင်းက ငါတို့ကို မစဉ်းစားတော့ဘူးလား။ မင်းက မင်းသမီးနဲ့ ထမင်းသွားစားတယ် ဆို... ရှင်းလန်... မင်းက ဘယ်တုန်းက စည်းကမ်း မရှိအောင် နေတတ်သွားတာလဲ"

…

အခန်း (၇၀) ကုသခင်မကြီးရဲ့ ရင်ထဲက ဒေါသမီး

ကောင်းမှုအားလုံးမှာ မိဘကျေးဇူးဆပ်ခြင်းက ပထမဆုံးပဲလေ။ ကုသခင်မကြီးက ဆဲရေးတိုင်းထွာတဲ့ စကား တစ်ခွန်းမှ မပြောပေမဲ့ သူမရဲ့ စကားလုံးတွေက ကုရှင်းလန်ကို မိဘကျေးဇူး မသိတတ်ဘူးလို့ ဆိုလိုနေတာမို့ ဒီအပြစ်တင်မှုက တော်တော်လေး ကြီးမားလှတယ်။ တကယ်လို့ ကုရှင်းလန်သာ အခုချိန်မှာ ဒူးထောက်လို့ ရရင် ကုသခင်မကြီး ရှေ့မှာ ဒူးထောက်ပြီး အပြစ်ကို တောင်းပန်နေလောက်ပြီ။

တစ်သက်နဲ့တစ်ကိုယ် အဘွားဖြစ်သူဆီကနေ ဒီလို အဆူခံရတာ ဒါ ပထမဆုံး အကြိမ်မို့ အမြဲတမ်း လိမ္မာရေးခြားရှိတဲ့ ကုရှင်းလန်က ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားတယ်။

ကုရှင်းနော့က မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး မေးလိုက်တယ်။

"အဘွား... ဒီနေ့ ဘာဖြစ်လို့လဲ"

ကုသခင်မကြီးက ကုရှင်းလန်ကို မျက်စောင်းထိုးကြည့်ပြီး ပြောလိုက်တယ်။

"နင့်ဘဝက နင့်ဘာသာ ဖြတ်သန်းရမှာပဲလေ။ အဘွားက နင့်ကို ဘယ်နှရက်လောက်များ ဆက်ပြီး အဖော်ပြုပေးနိုင်မှာမို့လို့လဲ"

ကုရှင်းလန်က အမြန် ဖြေလိုက်တယ်။

"အဘွားက အသက်ရာကျော် ရှည်မှာပါ"

ကုရှင်းနော့က မေးလိုက်တယ်။

"အဘွား... အိမ်တော်ထဲက တစ်ယောက်ယောက်က အဘွားကို ဒေါသထွက်အောင် လုပ်လိုက်လို့လား"

ကုသခင်မကြီးက ပြောစရာမဲ့သွားတယ်။ သူမ အခုချိန်မှာ ရင်ထဲမှာ ဒေါသမီးတွေ လောင်ကျွမ်းနေပြီး ကုရှင်းလန် အပေါ် ဒေါသတွေ ပုံချနေတာလေ။

သခင်မရွှီက ကုသခင်မကြီးကို သားအကြီးဆုံးက ရင်ထဲက အကြောင်းကို ထောက်ပြလိုက်လို့ စကားမပြောနိုင် ဖြစ်သွားတာကို မြင်တော့မှ ဝင်ပြောလိုက်တယ်။

"မင်းသမီးက မင်းတို့ အဘိုးနဲ့ စာကြည့်ခန်းထဲမှာ စကားပြောနေတယ်။ မင်းတို့ စာကြည့်ခန်းကို သွားကြတော့လေ... အမေက မင်းတို့ အဘွားကို တခြား နေရာမှာ လမ်းလျှောက်ဖို့ အဖော်လုပ်ပေးလိုက်မယ်"

ကုသခင်မကြီးက လက်ကာပြပြီး ပြောလိုက်တယ်။

"သွားကြတော့"

ကုရှင်းနော့က ကုရှင်းလန် စကားမပြောခင် ညီငယ်လေးကို တွန်းပြီး ထွက်သွားတော့တယ်။

ညီအစ်ကို နှစ်ယောက် ထွက်သွားပြီးနောက် သခင်မရွှီက ကုသခင်မကြီးကို တွဲပြီး အနောက်ဘက် ပန်းခြံထဲကို လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်တယ်။

"အမေ... ကလေးတွေက သူတို့ ကံနဲ့သူတို့ ရှိပြီးသားပါ... ဒေါသလျှော့ပါတော့"

ကုသခင်မကြီးက ပြောလိုက်တယ်။

"ငါက နောက်ထပ် ဘယ်နှနှစ်လောက်များ အသက်ရှင်နေရဦးမှာလဲ။ နင်ကတော့ ဖြည်းဖြည်းချင်း ခံရုံပဲ ရှိတာပေါ့... နင် ဘယ်လောက်ကြာကြာ သည်းခံနိုင်မလဲ ကြည့်ရသေးတာပေါ့"

သခင်မရွှီက ခေါင်းငုံ့ပြီး လမ်းကိုပဲ ကြည့်နေတယ်။ ကုသခင်မကြီးက လင်းလုံမင်းသမီး အပေါ် မကျေနပ်ချက်တွေ အများကြီး ရှိနေတာက မင်္ဂလာဦးညတုန်းက လင်းလုံမင်းသမီးက ကုသခင်မကြီးကို အခန်းထဲ အဝင်မခံခဲ့တဲ့ ကိစ္စရယ်၊ ချင်းယွိ ကိစ္စရယ်ကြောင့် ဆိုတာ သခင်မရွှီက သေချာ သိနေတယ်။ အိမ်တော်က လူတွေ အကုန်လုံး ရှေ့မှာ ကုသခင်မကြီးက မျက်နှာပျက်ခဲ့ရတာလေ။ မာနကြီးတဲ့ ကုသခင်မကြီးက ရင်ထဲမှာ မကျေနပ်ချက်တွေ မရှိဘူး ဆိုရင်သာ ထူးဆန်းနေမှာပေါ့။

ကုသခင်မကြီးက ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်တယ်။

"ထားလိုက်ပါတော့... ငါက အတွေးလွန်နေတာပါ... ဘယ်လိုပဲဖြစ်ဖြစ် နောင်တစ်ချိန်ကျရင် နင့်ကို ရှင်းနော့ကပဲ ပြုစုစောင့်ရှောက်သွားမှာလေ။ စွင်းရှီကလည်း မိန်းမကောင်းလေးပဲ... ချွေးမကြီး ကောင်းနေမှတော့ ငါက ဘာကိုများ ထပ်တောင်းဆိုနေရဦးမှာလဲ"

သခင်မရွှီက တိုးတိုးလေး ပြောလိုက်တယ်။

"အမေ... မင်းသမီးက စိတ်ထားကောင်းပါတယ်... ကျွန်မ အနေနဲ့ စိတ်မချစရာ ဘာမှ မရှိပါဘူး"

ကုသခင်မကြီးက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ လင်းလုံမင်းသမီး လူရိုက်တာကို မြင်တုန်းက ဒီမင်းသမီးက စိတ်ထားကောင်းတယ်လို့ သူမ နည်းနည်းလေးမှ မမြင်ခဲ့ဘူး။ ရန်သူကို ရိုက်တာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ တစ်နေ့နေ့ ကုအိမ်တော်မှာ မင်းသမီးက စိတ်တိုင်းမကျ ဖြစ်လာရင် အရိုက်ခံရမဲ့ သူတွေက ကုမိသားစုဝင်တွေ ဖြစ်မနေဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။

"ရှင်းလန်ရဲ့ ခြေထောက်ကို တွေးပြီး ငါ စိတ်ပူလွန်းလို့ သေတော့မယ်" လို့ ကုသခင်မကြီးက တွေးမိပြီး သက်ပြင်းချကာ ဆက်ပြောတယ်။

"သမားတော်က ရှင်းလန်ကို အေးအေးဆေးဆေး အနားယူရမယ်လို့ ပြောထားတာကို... အခု နင်ပဲ ကြည့်လေ... နေ့တိုင်း မင်းသမီး အနောက်ကို လိုက်ပြီး အပြင်ထွက်နေတာ... ဘာကို အနားယူတာလဲ"

သခင်မရွှီက ပြောလိုက်တယ်။

"မင်းသမီးက ရှင်းလန်ရဲ့ ခြေထောက်တွေ ပြန်ကောင်းလာမှာပါလို့ ပြောတယ်လေ"

ကုသခင်မကြီးက အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။

"ပြန်ကောင်းလာမယ်ဟုတ်လား... ရှင်းလန် လမ်းလျှောက်နိုင်တဲ့ တစ်နေ့ကျမှ ငါ့ကို အဲဒီစကား လာပြောပါ"

သခင်မရွှီက ခါးသက်သက် ပြုံးလိုက်ပြီး ပြောတယ်။

"အမေ... မင်းသမီးက ရှင်းလန်ကို ဒုက္ခမပေးပါဘူး။ အရင်က ရှင်းလန်က အဖေနဲ့ အစ်ကိုကြီးတို့နဲ့ အတူ စစ်တပ်ထဲမှာပဲ ရှိနေတော့ အပြင်ကို ကောင်းကောင်းမွန်မွန် ထွက်လည်ရဖူးတာ မဟုတ်ဘူး။ ရှင်းလန်က မင်းသမီးနဲ့ အတူရှိနေရင် ပျော်နေတာကို မြင်ရတော့ ကျွန်မက မင်းသမီးကို အရမ်း ကျေးဇူးတင်မိတယ်"

ကုသခင်မကြီးက သခင်မရွှီကို မျက်စောင်းထိုးကြည့်လိုက်တယ်။ ကောင်းတဲ့ စကားတွေ အကုန်လုံးကို ဒီချွေးမက ပြောသွားမှတော့ သူမ အနေနဲ့ ဘာများ ထပ်ပြောစရာ ရှိတော့မှာလဲ။

သခင်မရွှီက ကုသခင်မကြီးကို တိုးတိုးလေး ဖျောင်းဖျလိုက်တယ်။

"အမေ... သူက တော်ဝင်မင်းသမီးလေ။ သူက ချင်းယွိကို သတ်ပစ်လိုက်ရင်တောင် အမေက ဘာတတ်နိုင်မှာမို့လို့လဲ"

ဒီတစ်ခါတော့ ကုသခင်မကြီးက တကယ်ကို ဘာမှ ပြန်ပြောစရာ မရှိတော့ဘူး။ ဟုတ်တယ်လေ... သူက တော်ဝင်မင်းသမီးပဲ။ သူမက ဘယ်လောက်ပဲ ကြည့်မရပါစေ မင်းသမီးကို ဘာလုပ်လို့ ရမှာလဲ။ ကုရှင်းလန်က ဒီမင်းသမီးကို သဘောကျနေတာကို မပြောနဲ့ဦး၊ ကုရှင်းလန်က သဘောမကျဘူး ဆိုရင်တောင် သူတို့ ကုမိသားစုက မင်းသမီးကို ကွာရှင်းပြီး မောင်းထုတ်ရဲလို့လား။

ယောက္ခမနဲ့ ချွေးမ နှစ်ယောက် တိုးတိုးလေး စကားပြောရင်း အဝေးကို ရောက်သွားပြီးနောက် ဝမ်မောမောက ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို ခေါ်ပြီး ခြုံပုတ် အနောက်ကနေ ထွက်လာတယ်။ ဝမ်မောမောက မြေကြီးကို တံတွေး တစ်ချက် ထွေးချလိုက်ပြီး ပြောလိုက်တယ်။

"တောက်... သူကများ ငါတို့ မင်းသမီးကို အပြစ်ပြောနေသေးတယ်"

ရှောင်ကျွမ်းက မေးလိုက်တယ်။

"မောမော... မင်းသမီးက ဘယ်နေရာ မကောင်းလို့လဲ"

ဝမ်မောမောက ပြန်ပြောလိုက်တယ်။

"အသက်ကြီးပြီး သတိမကောင်းတော့တာ နေမှာပေါ့။ ငါတို့ မင်းသမီးက ဘယ်နေရာ မကောင်းလို့လဲ"

ရှောင်ကျွမ်းက ဝင်ပြောတယ်။

"ဟုတ်တယ်လေ... ငါတို့ မင်းသမီးသာ မရှိရင် သူက ဒီအိမ်တော်ကို ပြန်လာနေလို့ ရဦးမှာလား"

ယွီးကျစ်ရီ ဘာမှ မဖြစ်တော့ဘဲ ယွီးကျစ်မင်က ဓားစာခံ အဖြစ် သွားရတော့မယ် ဆိုတော့ ဝမ်မောမောက အစပိုင်းမှာ အရမ်းကို ပျော်ရွှင်နေခဲ့တာ။ ဒါပေမဲ့ ခြုံပုတ် အနောက်မှာ ရပ်ပြီး ကုသခင်မကြီးက သူမရဲ့ မင်းသမီးလေးကို အပြစ်ပြောနေတာကို ကြားလိုက်ရတော့ ဝမ်မောမောရဲ့ ပျော်ရွှင်မှုတွေ ချက်ချင်း ပျောက်ကွယ်သွားပြီး ကုသခင်မကြီး ရှေ့ကို ပြေးသွားကာ သေချာပေါက် စကားသွားပြောချင်စိတ်တောင် ပေါက်သွားတယ်။ ဒီမင်္ဂလာပွဲမှာ ဘယ်သူက အမြတ်ထွက်ပြီး ဘယ်သူက အရှုံးပေါ်တာလဲ။ ဘာအကြောင်းပြချက်နဲ့များ သူမရဲ့ မင်းသမီးလေး မကောင်းဘူးလို့ လာပြောနေရတာလဲ။

ရှောင်ဝေက ဘေးမှာ ရပ်ရင်း ဝမ်မောမောနဲ့ ရှောင်ကျွမ်းတို့ နှစ်ယောက် ညည်းတွားနေတာကို နားထောင်ပြီးနောက် ရယ်လိုက်ကာ ဂရုမစိုက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

"မောမောရယ်... အစ်ကိုရယ်... ကုသခင်မကြီး ဘာတွေးတွေး ဘာဂရုစိုက်စရာ လိုလို့လဲ။ သမက်တော်က မင်းသမီးကို သဘောကျနေရင် ပြီးတာပဲ မဟုတ်လား။ အရှင်မင်းကြီးက ဘယ်လောက်ပဲ ဆိုးဆိုး ကိုယ့်သမီးလေးကို ကုသခင်မကြီး တစ်ယောက် အနိုင်ကျင့်တာကို ဒီအတိုင်း ကြည့်နေပါ့မလား"

ဝမ်မောမောက ဒေါသမပြေနိုင်သေးဘဲ ပြောလိုက်တယ်။

"ချင်းယွိ တစ်ယောက် ထွက်သွားပေမဲ့ မနက်ဖြန် ကျရင် လန်ယွိ ရောက်လာနိုင်သလို နောက်နေ့ကျရင် ပိုင်ယွိ ရောက်လာနိုင်သေးတယ်လေ။ ဒီကုသခင်မကြီးက ဘာတွေ အကြံအစည် ရှိနေလဲ ဆိုတာ ဘယ်သူ သိမှာလဲ"

ဝမ်မောမောက ချင်းယွိ အကြောင်း ပြောလာတာကို ကြားတော့ အဲဒီညက ချင်းယွိ ယွီးရှောင်ရှောင်နဲ့ ထိပ်တိုက်တွေ့ပြီးနောက် ဘယ်လို အဆုံးသတ်သွားလဲ ဆိုတာကို သတိရသွားကာ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ချက်ချင်း တိတ်ဆိတ်သွားကြတယ်။ ဘာ ယွိ ပဲ ရောက်လာရောက်လာ အဆုံးသတ်ကတော့ ကောင်းမှာ မဟုတ်ဘူးလေ။ မင်းသမီးက အကြံအစည်တွေ လှည့်ကွက်တွေမှာ နည်းနည်း ညံ့ပေမဲ့ သူတို့ မင်းသမီးက လက်ဝါးတစ်ချက်တည်းနဲ့ အဆောက်အအုံ တစ်ခုလုံးကို ပြိုကျအောင် လုပ်နိုင်တာဆိုတော့ ဘယ်မိန်းမကများ ခံနိုင်ရည် ရှိမှာလဲ။

စာကြည့်ခန်းထဲမှာတော့ ကုသခင်ကြီးက မြေးနှစ်ယောက် ရှေ့မှာမို့ ယွီးရှောင်ရှောင်နဲ့ အတူ ကျောင်းချိုးမင်ရဲ့ ဘိုးဘေးတွေကို ဆက်မဆဲတော့ဘူး။ ကုရှင်းလန် နန်းတော်ထဲ ဝင်သွားပြီးနောက် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို မေးမြန်းပြီးနောက် ကုရှင်းနော့ကို စကားပြောဖို့ ချန်ထားခဲ့ကာ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်ကိုတော့ အခန်းထဲ ပြန်နားခိုင်းလိုက်တယ်။

ယွီးရှောင်ရှောင်လည်း အစေခံတွေကို မခေါ်တော့ဘဲ ကုရှင်းလန်ကို ကိုယ်တိုင် တွန်းပြီး သူတို့ နေတဲ့ ခြံဝင်းဆီကို ထွက်လာခဲ့တယ်။

ကုရှင်းလန်က သူတို့ လင်မယား နောက်ကနေ လိုက်လာတဲ့ အစေခံမလေးတွေနဲ့ အစေခံ ကောင်လေးတွေကို နောက်ဆုတ်ဖို့ အချက်ပြလိုက်ပြီး ယွီးရှောင်ရှောင်ကို တိုးတိုးလေး မေးလိုက်တယ်။

"ခုနက အဘွားနဲ့ အမေ လာသွားသေးလား"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"လာသွားတယ်... ဒါပေမဲ့ အခန်းထဲ မဝင်လာဘဲ တံခါးဝမှာ ခဏ ရပ်ပြီး ပြန်သွားကြတယ်"

ကုရှင်းလန်က မေးလိုက်တယ်။

"မင်းက အဘိုးနဲ့ စကားပြောနေလို့လား"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"ဟုတ်တယ်လေ... အဲဒီအချိန်က ကျွန်မက အဘိုးနဲ့ ကိစ္စတစ်ခု တိုင်ပင်နေတာ"

ကျောင်းမိသားစုရဲ့ ဘိုးဘေး သင်္ချိုင်းကို ဘယ်လို သွားတူးရမလဲ ဆိုတာက သေချာ အလေးအနက်ထားပြီး တိုင်ပင်ရမဲ့ ကိစ္စပဲလေ။

ကုရှင်းလန်က ပိုပြီးတောင် နားမလည်နိုင် ဖြစ်သွားတယ်။ အဘွားဖြစ်သူကို ဒေါသထွက်အောင် ဘယ်သူကမှ လုပ်မထားဘူးလေ။

ယွီးရှောင်ရှောင်က ပန်းခုံ တစ်ခု ရှေ့မှာ ရပ်လိုက်ပြီး ကုရှင်းလန်ကို ပန်းခုံထဲက ပန်းတွေကို ပြရင်း ပြောလိုက်တယ်။

"ပန်းတွေ ပွင့်နေပြီ"

ပန်းခုံထဲမှာ ဆောင်းဦး ဂန္ဓမာပန်း တချို့က လှလှပပ ပွင့်လန်းနေတယ်။ ပန်းရောင်လေးတွေက အဝါနုရောင်လေးတွေ ဖြစ်ပြီး သေချာ ပြုပြင်မထားတာကြောင့် အရွက်တွေက နည်းနည်းတော့ ရှုပ်ယှက်ခတ်နေပေမဲ့ သဘာဝအတိုင်း ကြီးထွားလာတဲ့ အလှတရား တစ်မျိုး ရှိနေတယ်။

ကုရှင်းလန်က မေးလိုက်တယ်။

"မင်းသမီးက ဂန္ဓမာပန်းကို သဘောကျလို့လား"

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"ကျွန်မက ပန်း အကုန်လုံးကို သဘောကျတာ"

ပြီးတော့ ခဏ စဉ်းစားပြီး နောက်တစ်ခွန်း ထပ်ပြောလိုက်တယ်။

"သဘာဝ ပန်းတွေကိုပဲ ပြောတာနော်"

သဘာဝ အပင်တွေ မဟုတ်ဘဲ တခြား ဘာပန်း ညာပန်း ဆိုတာတွေကိုတော့ ယွီးရှောင်ရှောင် သဘောမကျဘူးလေ။

သဘာဝ ပန်းတွေကိုပဲ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကုသခင်လေးက နားမလည်လို့ ထပ်မေးဖို့ လုပ်တုန်း ကုရှင်းနော့ရဲ့ သားနှစ်ယောက်က စင်္ကြံလမ်း အတိုင်း သူတို့ဆီကို ပြေးလာကြတယ်။ ပြေးလာရင်းနဲ့လည်း အော်ခေါ်လာတယ်။

"ဦးလေးသုံး... မင်းသမီးလေး"

တူလေး နှစ်ယောက်ကို မြင်တော့ ကုရှင်းလန် မျက်နှာပေါ်က အပြုံးတွေက ပိုတောက်ပလာပြီး အသံကျယ်ကျယ်နဲ့ လှမ်းပြောလိုက်တယ်။

"ဖြည်းဖြည်း ပြေးကြလေ"

ယွီးရှောင်ရှောင်က အသားလုံးလေး နှစ်လုံး သူမ အနားကို ရောက်လာတဲ့ အချိန်မှာ ရှေ့တစ်လှမ်း တိုးပြီး လက်တစ်ဖက်ကို တစ်ယောက်စီ ဆွဲမလိုက်ကာ မေးလိုက်တယ်။

"ဘာလို့ သူ့ကိုကျတော့ ဦးလေးသုံး လို့ ခေါ်ပြီး ကျွန်မကိုကျတော့ မင်းသမီးလေး လို့ ခေါ်ရတာလဲ"

ကုရွှင်လေးက ခေါင်းလေး စောင်းပြီး ယွီးရှောင်ရှောင်ကို ကြည့်ကာ ဖြေလိုက်တယ်။

"ဘာလို့လဲဆိုတော့ ဒေါ်လေးက မင်းသမီးလေး မို့လို့လေ"

ကုကျင့်လေးက အသက် လေးနှစ် ရှိပြီ ဖြစ်ပေမဲ့ သွားရည်တွေကို ကောင်းကောင်း မထိန်းနိုင်သေးဘူး။ သွားရည်တွေကို စုပ်သွင်းရင်း ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"ဒါဆို သားတို့က ဒေါ်လေးကို ဘယ်လို ခေါ်ရမှာလဲ"

…

All Chapters