← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃) - ကိုယ်စိုက်ပျိုးသမျှ ကိုယ်ပြန်ရိတ်သိမ်းမယ်

အသားကင် မွှေးရနံ့များ မွှေးကြိုင်နေဆဲ ဖြစ်သော်လည်း မည်သူကမှ တစ်လက်မတောင် မလှုပ်ရဲကြပေ။

လူတိုင်း အသက်အောင့်ထားပြီး အသံထွက်ပေါ်လာသို့သာ စူးစိုက်ကြည့်နေကြသည်။ အလင်းရောင် ကွက်တိကွက်ကျား ထွက်ပေါ်နေသော တောနက်ကြီးပင်။

အကြောက်တရားများက ဒီရေလှိုင်းလုံးကြီးပမာ လူတိုင်းကို တိတ်တဆိတ် လွှမ်းခြုံသွားတော့သည်။

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ကြောင်တစ်ကောင် လမ်းလျှောက်သလို လျှောက်လာသော ဧရာမ သတ္တဝါကြီးတစ်ကောင်က မှောင်ရိပ်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာတော့သည်။

သွေးဆာနေသည့် မျက်လုံးများဖြင့် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ကျားကြီးတစ်ကောင်ပင်။

သူ့အရွယ်အစားမှာ ချန်ရှင်း သေနတ်တစ်ချက်တည်းဖြင့် ပစ်သတ်ခဲ့သော တောဝက်ဘုရင်ကြီးထက်ပင် ပို၍ ကြီးမားနေသေးသည်။ မီးရောင်အောက်တွင် လှုပ်ရှားနေသော သူ၏ တောင့်တင်းခိုင်မာလှသည့် ကြွက်သားများက ပေါက်ကွဲလုမတတ် စွမ်းအားများကို ထုတ်လွှတ်နေသည့်အလားပင်။

အဝါရောင်နှင့် အနက်ရောင် ရောယှက်နေသော အမွေးအမှင်များက ပြောင်လက်ချောမွေ့နေပြီး ညအမှောင်ထုထဲတွင် ဆွဲဆောင်မှုရှိသော ခမ်းနားထည်ဝါမှုများဖြင့် ပြည့်နှက်နေလေသည်။

ကျားကြီးက အသံတစ်ချက် မထွက်ဘဲ သူ့ပိုင်နက်ထဲ ကျူးကျော်လာသော လူသားများကို သနားညှာတာမှု ကင်းမဲ့သည့် မျက်လုံးဝါကြီးများဖြင့် အေးစက်စက် ဝေ့ဝဲကြည့်လိုက်သည်။

နောက်ဆုံးမှာတော့ သူ့အကြည့်များက သွေးညှီနံ့ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေရာဆီသို့ ကျရောက်သွားလေသည်။

ထိုနေရာမှာ ကျန်းပြောင်နှင့် ဝမ်တယ်ရှန်းတို့ နှစ်ယောက် လျှို့ဝှက်စွာ တိုင်ပင်နေခဲ့သော နေရာတည့်တည့်ပင် ဖြစ်၏။

"ဘုရား… ဘုရား..."

ရွာသားလူငယ်တစ်ယောက်မှာ ထိုကြောက်မက်ဖွယ်ရာ ဖိအားကို ဆက်လက်၍ မခံနိုင်တော့ပေ။ သူက အသံကို နှိမ့်၍ ရှိုက်ငိုလိုက်ပြီးနောက် ခြေထောက်များ ခွေယိုင်သွားကာ မြေကြီးပေါ်သို့ ပုံလျက်သား လဲကျသွားလေသည်။ သူ့ပေါင်ကြားမှာလည်း အလျင်အမြန် စိုစွတ်လာတော့သည်။

ခပ်တိုးတိုး ဘုရားတသံလေးက ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သည့်အလားပင်။

ခံစားချက် ကင်းမဲ့နေသော မျက်လုံးဝါကြီးများဖြင့် စူးစိုက်ကြည့်ခံနေရသည့် ကျန်းပြောင်နှင့် ဝမ်တယ်ရှန်းတို့မှာ ပထမဆုံး ပစ်မှတ်ထားခံလိုက်ရသူများ ဖြစ်ကြ၏။ ခြေဖဝါးမှ ငယ်ထိပ်အထိ စိမ့်တက်သွားပြီး ကိုယ်တွင်းမှ သွေးများပင် ချက်ချင်း အေးခဲသွားသလို ခံစားလိုက်ရသည်။

သူတို့ဦးနှောက်များက အလုပ်မလုပ်တော့ဘဲ တစ်ကိုယ်လုံး ကျောက်ရုပ်ပမာ တောင့်တင်းသွားကာ ထွက်ပြေးရမည် ဟူသော အတွေးကိုပင် မတွေးနိုင်တော့ချေ။

အကြောက်တရားက သူတို့ခန္ဓာကိုယ်၏ ထိန်းချုပ်နိုင်စွမ်းများကို လုံးဝ လုယူသွားပြီ ဖြစ်သည်။

ဝမ်တယ်ရှန်း၏ စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းများက အရင်ဆုံး ပြိုလဲသွားတော့သည်။

ကျားကြီးက ရှေ့သို့ နောက်တစ်လှမ်းတိုးလာသည်ကို သူ ဘာမှ မလုပ်နိုင်ဘဲ ကြည့်နေမိသည်။ ပြင်းထန်ပြီး စူးရှသော အနံ့အသက်များနှင့် သေမင်းတမန် အရှိန်အဝါများက သူ့ထံသို့ ပြေးဝင်လာပြီး သူ၏ တင်းမာနေသော အာရုံကြောများ ဒိုင်းခနဲ ပြတ်တောက်သွားတော့သည်။

"အား…"

ကြောက်လန့်တကြား အော်ဟစ်လိုက်သော စူးရှရှ အသံကြီးက သူ့လည်ချောင်းထဲမှ ပေါက်ကွဲထွက်လာတော့သည်။ အသက်ရှင်သန်လိုစိတ်က အရာအားလုံးကို လွှမ်းမိုးသွားပြီးနောက် သူ ရုတ်တရက် နောက်လှည့်ကာ လူအုပ်ကြီး၏ နောက်ဘက်သို့ ထွက်ပြေးရန် ကြိုးစားတော့သည်။

သူ့လှုပ်ရှားမှုက ထိုနေရာရှိ တိတ်ဆိတ်ငြိမ်သက်နေမှုကို လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။

စောင့်ကြည့်နေခဲ့သော ကျားကြီးမှာ သားကောင်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ဒေါသထွက်သွားပုံ ရလေသည်။

"ဝေါင်း…"

တောင်တန်းများနှင့် သစ်တောများပါ တုန်ခါသွားမတတ် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ကျားကြီးက နောက်ခြေထောက်များကို အားပြုကာ အသင့်ပြင်လိုက်၏။ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက အဝါနှင့်အနက် ရောယှက်နေသော လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ ခုန်အုပ်လိုက်တော့သည်

ဒရောသောပါး ထွက်ပြေးလာသော ဝမ်တယ်ရှန်းက အကြောက်လွန်နေသည့် ကျန်းပြောင်ကို ဝင်တိုက်မိသွားသည်။

ဒူးများပင် ခွေကျနေပြီဖြစ်သော ကျန်းပြောင်မှာ ဝင်တိုက်ခံလိုက်ရသဖြင့် နှစ်ယောက်သား မြေကြီးပေါ်တွင် ဘူးသီးများ လိမ့်သလို လိမ့်ကျသွားတော့သည်။

ထိုအခိုက်အတန့်မှာပင် ကျားကြီးက သူတို့အနီးသို့ ရောက်လာခဲ့၏။

ဧရာမ အရိပ်ကြီးက သူတို့ကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

"ဖောင်း…"

၎င်း၏ ချွန်ထက်နေသော ရှေ့လက်သည်းများကို သုံးပြီး အားပြင်းပြင်း ပုတ်ချလိုက်ရာ အရိုးများ ကျိုးကြေသွားသည့် တုံးတိတိ အသံကြီးကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရလေသည်။

"အား…"

ကျန်းပြောင် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ ထိုအသံက အသံကြိုးများ ပြတ်ထွက်သွားသည့်အလား တိုတောင်းပြီး စူးရှလှပေသည်။

ဝမ်တယ်ရှန်း၏ ကူကယ်ရာမဲ့ အော်ဟစ်ငိုညည်းသံများကလည်း ချက်ချင်းဆိုသလို ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ သွေးစများကလည်း နေရာအနှံ့ ဖြန်းခနဲ ပန်းထွက်ကုန်လေပြီ။

ကျားကြီးက သူ၏ ဧရာမဦးခေါင်းကြီးကို ငုံ့လိုက်ပြီး ဖြူဖွေးတောက်ပြောင်နေသော အစွယ်ကြီးများဖြင့် အသားစိုင်များကို အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်သည်။ ရုန်းကန်သံများနှင့် အော်ဟစ်သံများက ချက်ချင်း ငြိမ်ကျသွားပြီး အသားနှင့်အရိုးများ ဆုတ်ဖြဲခံနေရသော နာကျင်စရာ အသံများကြားမှာပင် အရာရာ တိတ်ဆိတ်သွားတော့သည်။

ဤကဲ့သို့ သွေးပျက်စရာ မြင်ကွင်းသည် မီးပုံနှင့် မီတာနှစ်ဆယ်ပင် မဝေးသောနေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထွက်ပြေးရန် သတ္တိမွေးနေကြသော ရွာသားများသည်လည်း မှော်အတတ်ဖြင့် ပြုစားခံလိုက်ရသလို နေရာမှာတင် တောင့်တောင့်ကြီး ဖြစ်သွားကြပြီး သူတို့ခန္ဓာကိုယ်များက ပြင်းထန်စွာ တုန်ယင်နေကြလေသည်။

အသက်ရှင်နေသော လူသားနှစ်ယောက်က စက္ကန့်ပိုင်းအတွင်းမှာပင် သားရဲကြီး၏ လက်သည်းအောက်၌ အသားစများ၊ သွေးစများအဖြစ် ပြောင်းလဲသွားသည်ကို သူတို့ခမျာ ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ကြရသည်။ အကြောက်လွန်သူအချို့ဆိုလျှင် နေရာမှာတင် ပျို့အန်ကုန်ကြလေပြီ။

"ပြီးပြီ..."

လူတိုင်း၏ စိတ်ထဲတွင် ဤစကားလုံးနှစ်လုံးသာ ကျန်ရှိတော့သည်။ သူတို့က တောဝက်များကိုတော့ ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်ပါလိမ့်မည်။ သို့သော် ယခုရှေ့မှ အကောင်ကြီးကမူ တောဘုရင်ဟု တင်စားကြသည့် လူစားတတ်သော ဒဏ္ဍာရီလာ သားရဲကြီး မဟုတ်ပါလား။

လူအုပ်ကြားထဲမှာတော့ ချန်ရှင်း၏ မျက်လုံးများက အေးစက်ပြီး တည်ငြိမ်နေဆဲပင်။ ကိုယ်ပြုသည့်ကံကို ကိုယ်ပြန်ခံနေရသော ဤငတုံးနှစ်ယောက်ကို သူ နည်းနည်းလေးမျှ သနားသည့်အရိပ်အယောင် မပြပေ။

အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေခဲ့ခြင်း ဖြစ်သည်။ ဤနေရာ၌ ညအိပ်ရန် သူရွေးချယ်ခဲ့ခြင်းမှာ ပြင်းထန်သော သွေးညှီနံ့များက ဤတော၏ တကယ့်ပိုင်ရှင်ကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သူ ကြိုတင်သိရှိနေ၍ ဖြစ်သည်။ "အငှားဓားဖြင့် လူသတ်သည်" ဆိုသည်မှာ ဤကဲ့သို့သောအခြေအနေမျိုးကို ပြောခြင်းပင် ဖြစ်ပါလိမ့်မည်။

ဆူဆူညံညံနှစ်ကောင်ကို ရှင်းပစ်လိုက်ပြီးနောက် ကျားကြီးက သူ့လက်သည်းမှ သွေးများကို အေးအေးလူလူပင် လျှာဖြင့် သပ်လိုက်သည်။ အဲ့ဒီနောက်မှာတော့ ခေါင်းကို ပြန်မော့လိုက်ပြီး မီးပုံဘေး၌ ထိတ်လန့်တုန်လှုပ်နေသော ရွာသားများကို အဝါရောင်မျက်လုံးများဖြင့် ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်ပြန်သည်။

သူ့ဆီမှ ထွက်ပေါ်နေသော နှာမှုတ်သံမှာ သတိပေးနေခြင်းလား သို့မဟုတ် နောက်ထပ်သားကောင်ကို ရွေးချယ်နေခြင်းလားဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။ ဤသည်က ရွာသားများ၏ စိတ်ဓာတ်ကို လုံးဝ ပစ်ဆုံးကျသွားစေလေသည်။

“ပြေးကြစို့…”

တစ်ယောက်ယောက် စအော်လိုက်သည်နှင့် လူအုပ်ကြီးမှာ ခေါင်းပြတ်နေသော ယင်ကောင်များပမာ တစ်ကွဲတစ်ပြားစီ ထွက်ပြေးသွားကြပြီး ငိုသံ၊ အော်သံများဖြင့် ဖရိုဖရဲ ဖြစ်ကုန်ကြလေသည်။

"မပြေးကြနဲ့… ပြန်လာခဲ့ကြ…"

ချန်အယ်တန့်ကတော့ အတော်အတန် တည်ငြိမ်နေဆဲပင်။ သားရဲကြီးများနှင့် တွေ့ပါက ကျောခိုင်းထွက်ပြေးခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် တူသည်ဟု ချန်ရှင်း ပြောဖူးသည်ကို သူ မှတ်မိနေသည်။ သူက တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရန် လည်ချောင်းကွဲမတတ် အော်ဟစ်တားဆီးသော်လည်း မည်သူမှ နားမဝင်ကြတော့ပေ။

ချန်ရှင်းကမူ ဘေးပတ်လည်ရှိ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များကို မသိကျိုးကျွံပြုကာ တည်ငြိမ်နေဆဲပင်။ သူက အပြင်ပန်းကြည့်လျှင် ရှေးဟောင်းပစ္စည်းတစ်ခုလို ဖြစ်သော်လည်း သေမင်းတမန် အငွေ့အသက်များ ထွက်ပေါ်နေသော မော်ဆာသေနတ်ဟောင်းကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

"ဒိုင်း…"

သူက ကျားကြီးကို တိုက်ရိုက်မပစ်ဘဲ ၎င်း၏အရှေ့ သုံးမီတာခန့်အကွာရှိ မြေပြင်ပေါ်သို့ ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ ဧရာမ အရှိန်အဟုန်ကြောင့် မြေကြီးနှင့် ကျောက်ခဲများ ဝုန်းခနဲ ပွင့်ထွက်သွားပြီး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာတော့သည်။

သားကောင်ကို စားသောက်ရန် ပြင်နေသော ကျားကြီးမှာ ရုတ်တရက် ထွက်ပေါ်လာသည့် အသံကျယ်ကြီးကြောင့် လန့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ ချန်ရှင်းရှိရာဘက်သို့ သတိကြီးစွာ လှည့်ကြည့်လိုက်သည်။ ဤသေးငယ်သော လူသား၏ လက်ထဲရှိ အနက်ရောင် သံချောင်းက အဘယ်ကြောင့် ဤမျှ ကျယ်လောင်သော အသံကို ထွက်ပေါ်စေနိုင်သနည်းဟု သူ့အနေဖြင့် နားမလည်နိုင် ဖြစ်နေပုံရသည်။

အရပ်လေးမျက်နှာ ထွက်ပြေးနေကြသော ရွာသားများမှာလည်း သေနတ်သံကြောင့် လန့်သွားကြပြီး ခြေလှမ်းများ ရပ်တန့်ကုန်ကြ၏။ ထို့နောက် သူတို့က မှင်တက်စွာဖြင့် နောက်လှည့်ကြည့်လိုက်ရာ ဘယ်သောအခါမှ မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရလေသည်။

မီးပုံမှ ထွက်ပေါ်နေသော အလင်းရောင်အောက်တွင် လူတိုင်းက ထိတ်လန့်တုန်လှုပ်ကာ ဖရိုဖရဲ ထွက်ပြေးနေကြသော်လည်း ချန်ရှင်းတစ်ယောက်သာလျှင် ကျောက်ဆောင်ကြီးတစ်ခုပမာ တည်ငြိမ်စွာ ရပ်နေဆဲပင်။

တောဘုရင်ကြီးနှင့် တစ်ဦးတည်း ရင်ဆိုင်နေသော သူ့ပုံစံမှာ ထင်းရှူးပင်တစ်ပင်ကဲ့သို့ မားမားမတ်မတ် ရှိနေပြီး မျက်နှာထက်တွင်လည်း အကြောက်တရား အရိပ်အယောင် နည်းနည်းလေးမှ မရှိပေ။ ထိုအခိုက်အတန့်တွင် သူသည်သာ ယခုည၏ တကယ့်အရှင်သခင် ဖြစ်နေတော့သည်။

ရွာသားများက သူတို့အားကိုးရာ တိုင်တစ်လုံးကို ပြန်တွေ့လိုက်ရသလိုပင် ချန်ရှင်း၏ အနီးအနားသို့ အလိုလို ပြန်လည်စုရုံးလာကြသည်။ သူတို့ခမျာ ကြောက်လန့်လွန်းသဖြင့် တုန်ရင်နေကြဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ ခုနကကဲ့သို့ စိတ်ဓာတ်များ လုံးဝ ပြိုလဲမနေတော့ပေ။

ချန်ရှင်း၏ သေနတ်သံက ကျားကြီးကို လုံးဝ ဒေါသပေါက်ကွဲသွားစေခဲ့ပုံရသည်။

သူ့အတွက် စိန်ခေါ်မှုတစ်ခုဟု ခံစားလိုက်ရခြင်းပင်။ ဤတောင်တန်းနှင့် သစ်တောများ၏ အကြွင်းမဲ့အရှင်သခင် ဖြစ်သည့်အလျောက် မည်သည့်သတ္တဝါမှ သူ့ရှေ့တွင် ဤမျှ ရဲတင်းစော်ကားသည်ကို အဖြစ်မခံနိုင်ပေ။

"ဝေါင်း…"

မြေကမ္ဘာတစ်ခုလုံး တုန်ဟည်းသွားမတတ် နောက်ထပ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ကျားကြီးက သူ့ခန္ဓာကိုယ်ကို နှိမ့်ချလိုက်သည်။ ကြွက်သားများမှာလည်း အစွမ်းကုန် တင်းမာနေကာ တိုက်ခိုက်တော့မည့် အနေအထားကို ယူလိုက်လေတော့သည်။

ရွာသားများ၏ ခုနကမှ ပြန်လည်တည်ငြိမ်စပြုလာသော နှလုံးသားများမှာလည်း ရင်ဘတ်ပြဲထွက်လုမတတ် ခုန်ပေါက်လာတော့သည်။

ချန်ရှင်းကတော့ ခံစားချက် နည်းနည်းလေးမှ မရှိသလို တည်ငြိမ်နေဆဲ။ သူက သေနတ်ပြောင်းဝကို ကျားကြီး၏ ခေါင်းဆီသို့ မြဲမြံစွာ ချိန်ရွယ်ထားလိုက်ရုံသာဖြစ်၏။ ကခုန်နေသော မီးလျှံများအကြားတွင် လူနှင့် သားရဲကြီးတို့မှာ အဝေးမှနေ၍ တစ်ဦးကိုတစ်ဦး စိန်ခေါ်နေကြပြီး လေထုကြီးတစ်ခုလုံးလည်း အေးစက်းနေလေသည်။

နောက်တစ်စက္ကန့်မှာတော့ ကျားကြီး စတင်လှုပ်ရှားလိုက်လေပြီ…။

၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက ရုတ်တရက် ရှေ့သို့ ဒိုင်းခနဲ ခုန်တက်လာပြီး သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင်ပင် ဝေဝါးသွားကာ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ညှီစော်နံလှသော လေပြင်းတစ်ချက်နှင့်အတူ ၎င်းကို စိန်ခေါ်ရဲခဲ့သော ချန်ရှင်းဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်လာတော့သည်။

အရှိန်က မြန်လွန်းလှသည်။ မည်သူမှ မမြင်နိုင်လောက်အောင်ကို မြန်လွန်းနေခြင်းပင်။

"ပြီးပြီ… အကုန်ပြီးပြီ”

"ချန်ရှင်း... သတိထား"

ရွာသားများမှာ မျှော်လင့်ချက်မဲ့ခြင်းနှင့် အကြောက်တရားတို့ ရောပြွမ်းကာ အော်ဟစ်လိုက်ကြသည်။ သူတို့မျက်လုံးထဲမှာတော့ ထိုအဝါအနက် လျှပ်စီးတန်းကြီးက လက်တစ်ကမ်းအကွာသို့ပင် ရောက်ရှိနေလေပြီ။

ချန်ရှင်းတော့ သေရွာသွားဖို့ သေချာသွားလေပြီ…။

အခန်း (၃၄) - ကျည်တစ်တောင့်ဖြင့် နတ်ဘုရားအဆင့် တက်လှမ်းခြင်း

ညှီစော်နံကာ ပုပ်ဟောင်နေသော လေပြင်းတစ်ချက်က သူ့အပေါ်သို့ ရိုက်ခတ်လာလေရာ ချန်ရှင်း၏ အဝတ်အစားများမှာ တဖျပ်ဖျပ်မြည်လျက် လွင့်ခါသွားတော့သည်။

တည်ကြည်နေသော သူ့မျက်ဝန်းအစုံ၌ သွေးဆာနေသော ကျားကြီး၏ ဟောင်းလောင်းပွင့်နေသည့် ပါးစပ်ပေါက်ကြီးက ထင်ရှားစွာ အရိပ်ထင်နေ၏။

ထိုခဏ၌ အချိန်ယန္တရားတစ်ခုလုံး အဆုံးအစမရှိ နှေးကွေးသွားသယောင် ထင်မှတ်ရသည်။

ချန်ရှင်း၏ ကမ္ဘာလေးထဲတွင် တစ်စထက်တစ်စ ကြီးမားလာနေသော ပစ်မှတ်တစ်ခုတည်းသာ ရှိတော့၏။

ကျားကြီး ခုန်အုပ်လိုက်သောအရှိန် အမြင့်ဆုံးသို့ရောက်ရှိနေချိန်၊ သူ့အား တစ်စစီ ဆွဲဖြဲပစ်တော့မည့် အခိုက်အတန့်လေး၌...၊ နောက်ဆုံးတွင် သူ လှုပ်ရှားလိုက်လေပြီ…။

လက်ချောင်းလေးများက သေနတ်ခလုတ်ကို တည်ငြိမ်စွာ ဆွဲညှစ်လိုက်၏။

"ဘန်း…"

တိုးညင်းသော အသံလေးတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံမှာ တိုတောင်းလှပြီး ချစ်ချစ်တောက် ပူလောင်နေသော သံချောင်းတစ်ချောင်းကို ရွှံ့ဗွက်စိုစိုထဲသို့ ထိုးသွင်းလိုက်သည့်အလားပင်။

နောက်မှ ပစ်ခတ်လိုက်သော်လည်း လက်ဦးမှုရယူသွားသော ကျည်ဆန်လေးသည် ဝက်အူရစ်ပမာ လည်ထွက်သွားသည့် အရှိန်အဟုန်နှင့်အတူ ဟောင်းလောင်းပွင့်နေသော ကျားကြီး၏ ပါးစပ်ပေါက်ထဲသို့ အမှားအယွင်းမရှိ တိကျစွာ ဖောက်ဝင်သွားလေသည်။ လည်ချောင်းတစ်လျှောက် ကျည်ဆန်ဖောက်ဝင်သွားပြီးနောက် ပင်မဦးနှောက်ကို ချက်ချင်း တစ်စစီ ခြေမွှပစ်လိုက်ကာ ဦးခေါင်းနောက်ဘက်မှနေ၍ တရှိန်ထိုး ဖောက်ထွက်သွားတော့သည်။

လေထဲတွင် ခွန်အားအပြည့်ဖြင့် ကားယားကြီး ဖြစ်နေသော ကျားကြီး၏ ဧရာမ ကိုယ်လုံးကြီးမှာ ရုတ်တရက် တောင့်တင်းသွား၏။

၎င်း၏ မျက်လုံးဝါကြီးထဲမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များမှာ ချက်ချင်း ကွယ်ပျောက်သွားပြီးနောက် သေရိပ်သမ်းနေသည့် အသက်မဲ့ မီးခိုးရောင်များက နေရာဝင်ယူသွားတော့သည်။

နောက်တစ်စက္ကန့်မှာပင် ဧရာမ ကိုယ်လုံးကြီးသည် မည်သည့် ခွန်အားမှ မရှိတော့ဘဲ အောက်ခြေပြိုကျသွားသော တောင်ကုန်းငယ်လေးတစ်လုံးအလား ချန်ရှင်း၏ ခြေဖျားနှင့် မီတာဝက်မျှပင် မဝေးသော နေရာသို့ အလုံးလိုက် အရင်းလိုက် ပြုတ်ကျလာလေတော့သည်။

"ဘုန်း…"

မြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။ ဖုန်မှုန့်များလည်း အရပ်လေးပါး လွင့်စင်ထွက်လာသည်။

တစ်ချိန်က ပြိုင်ဘက်ကင်းပါသည်ဆိုသော တောဘုရင်ကြီးမှာ မြေပြင်ပေါ်တွင် နှစ်ချက်ခန့် ပြင်းထန်စွာ တရွတ်ဆွဲသွားပြီးနောက် ခြေလက်တရမ်းရမ်းဖြင့် နှစ်ချက် သုံးချက်လောက် ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး လုံးဝ အသက်ကင်းမဲ့ကာ ငြိမ်သက်သွားလေတော့သည်။

သူ၏ ဦးခေါင်းနောက်ဘက်မှလည်း အဖြူရောင် ဦးနှောက်အနှစ်များနှင့် လတ်ဆတ်သည့် သွေးနီရဲရဲများ ပန်းထွက်လာကာ မြေပြင်ပေါ်တွင် အိုင်ထွန်းသွား၏။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ရွာသားများ၏ ထိတ်လန့်တကြား အော်ဟစ်သံများမှာ တစ်စုံတစ်ယောက်က သူတို့၏ လည်ပင်းများကို လာညှစ်ထားလိုက်သည့်အလား ရုတ်တရက် တိခနဲ ရပ်တန့်သွား၏။

ထွက်ပြေးရန် ပြင်သူက ပြင်၊ လဲကျနေသူက လဲကျ စသဖြင့် ကမ္ဘာပျက်နေသော ရွာသားအားလုံး ပြုစားခံလိုက်ရသည့်အလား မလှုပ်မယှက် ကျောက်ရုပ်များသဖွယ် ဖြစ်ကုန်ကြလေသည်။

အားလုံး၏ ဦးနှောက်ထဲတွင် လုံးဝ ဗလာကျင်းသွားတော့သည်။

စက္ကန့်အနည်းငယ် ကြာသွားပြီးနောက်...၊ လီကျားရွာမှ ဝါရင့်မုဆိုးအိုကြီးက ပထမဆုံး သတိပြန်ဝင်လာခဲ့သည်။

သူက ခြေရင်းနားတွင် သေပွဲဝင်နေသော ဧရာမ ကျားသေကောင်ကြီးကို တစ်လှည့်၊ သူ့ရှေ့မှောက်တွင် သစ်တစ်ပင်လို မားမားမတ်မတ် ရပ်နေသော အရပ်မြင့်မြင့် လူငယ်လေး၏ ကျောပြင်ကို တစ်လှည့် ကြည့်လိုက်ရင်း သူ့နှုတ်ခမ်းများမှာ စေ့မရနိုင်လောက်အောင်ပင် တစ်ဆတ်ဆတ် တုန်ရီနေတော့သည်။

ရုတ်တရက် သူ့ခြေထောက်များ ခွေယိုင်သွားပြီး ရွှံ့ဗွက်အပြည့် မြေပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်ကျသွားတော့သည်။

သူက ချန်ရှင်း၏ ကျောပြင်ကို ငေးကြည့်နေရင်း ကပ်ဘေးကြီးမှ အသက်ရှင်လွတ်မြောက်လာသူတစ်ယောက်၏ ရှိုက်သံများနှင့် လေးစားကြည်ညိုမှုအပြည့် ပါဝင်နေသော အက်ကွဲကွဲ အသံတုန်တုန်ကြီးဖြင့် ဟစ်ကြွေးလိုက်သည်။

"နတ်ဘုရား... နတ်ဘုရားအဆင့် သေနတ်ပစ်စွမ်းရည်ပါလား..."

မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှသော ထိုအသံက ကြောင်အမ်းအမ်း ဖြစ်နေကြသည့် ရွာသားများအားလုံးကို ချက်ချင်း သတိပြန်ဝင်လာစေတော့သည်။

"နိုင်... နိုင်သွားပြီလား"

"ကျားကြီး... သေသွားပြီလား"

"အစ်ကိုချန်က... တောဘုရင်ကြီးကို သတ်လိုက်တာလား"

ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင် ဖော်မပြနိုင်လောက်အောင် လှိုက်လှဲပြင်းပြသော ဝမ်းသာပီတိများက မီးတောင်တစ်လုံးကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"ဟေး…"

"ငါတို့ အသက်ရှင်ပြီ… ငါတို့ အသက်ရှင်ပြီဟေ့…"

ချန်အယ်တန့်က သူ့လက်ထဲမှ လှံကို လွှင့်ပစ်လိုက်ပြီး အသံကုန် အော်ဟစ်ရင်း ရှေ့ဆုံးမှ ပြေးထွက်လာခဲ့သည်။ ထို့နောက် ချန်ရှင်း၏ ခြေထောက်ကို ဖက်တွယ်ကာ ပေါင်သုံးရာကျော် အလေးချိန်ရှိသော ကလေးဆိုးကြီးတစ်ယောက်အလား အော်ဟစ်ငိုယိုတော့သည်။

"အစ်ကိုချန်…၊ အစ်ကိုက ကျုပ်ရဲ့ အစ်ကိုအရင်းလိုပါပဲဗျာ"

အခြားရွာသားများလည်း ပြေးဝင်လာကြပြီး ချန်ရှင်းကို အရင်ကကဲ့သို့ လေပေါ်မြှောက်တင်ကာ မပစ်ကြတော့ဘဲ အလွန်တရာ ရိုသေလေးစားသော ဟန်ပန်မျိုးဖြင့် သူတို့ခေါင်းပေါ်အထိ မြှောက်ချီထားကြလေသည်။

သာမန်လူတစ်ယောက်ကို မြှောက်ချီထားခြင်း မဟုတ်ဘဲ သူတို့အား ကပ်ဆိုးကြီးမှ ကာကွယ်ပေးနိုင်သည့် နတ်ဘုရားတစ်ပါးကို မြှောက်ချီပင့်ဆောင်နေသည့်အလားပင်။

သေဘေးမှ လွတ်မြောက်လာကြသဖြင့် ပီတိဖြာကာ ဟစ်ကြွေးလိုက်သော နားကွဲမတတ် အောင်ပွဲခံသံများက တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ငှက်များပင် ထိတ်လန့်တကြား ထပျံသွားကြရသည်။

ဤမျှ ကြီးမားလှသော အဖြစ်အပျက်ကြီးကို ကြုံတွေ့ပြီးနောက်မှာတော့ မည်သူမှ ဤကျိန်စာသင့်နေသည့် တောနက်ကြီးထဲတွင် တစ်စက္ကန့်လေးမှ ဆက်မနေဝံ့ကြတော့ပေ။

ချန်ရှင်းအနေဖြင့်လည်း မိမိ၏ ရည်မှန်းချက် ပြီးမြောက်သွားပြီဖြစ်ရာ မည်သည်ကိုမှ ကန့်ကွက်စရာ မရှိတော့ချေ။

လူအုပ်ကြီးက သူတို့၏ ပင်ပန်းနွမ်းနယ်မှုများကို လျစ်လျူရှုပြီး တောဝက် တစ်ဒါဇင်ကျော်ခန့်ကို စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ကျောထက်၌ ထမ်းပိုးလိုက်ကြသည်။ အခြားလူဒါဇင်ကျော်ကလည်း တောင်ကုန်းငယ်လေးတစ်လုံးအရွယ်ရှိသော ကျားသေကောင်ကြီးကို ဝိုင်းဝန်းထမ်းမလိုက်ကြပြီး ညတွင်းချင်းပင် တောင်အောက်သို့ တခမ်းတနား စီစီတန်းတန်း ဆင်းသွားကြလေတော့သည်။

...

ထိုအချိန် ချင်းရွှေရွာလေးမှာတော့...

မှောင်စပျိုးနေပြီဖြစ်သော်လည်း ရွာထိပ်ရှိ ထနောင်းပင်အိုကြီးအောက်မှာတော့ သွယ်လျလျ မိန်းမပျိုလေးနှစ်ယောက်က ဟိုလျှောက် ဒီလျှောက်ဖြင့် ဂဏှာမငြိမ် ဖြစ်နေကြလေသည်။

"ကောင်မရယ်...၊ ဒီလောက် ခေါက်တုံ့ခေါက်ပြန် လျှောက်မနေပါနဲ့တော့၊ နင့်ကြည့်ရတာ ငါပါ ခေါင်းမူးလာပြီ"

ကျောက်ဖန်းအာက ရွှီချင်းချင်း၏ လက်ကို ဖမ်းဆုပ်ရင်း ပြောလိုက်သော်လည်း သူမ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေ၏။

ရွှီချင်းချင်း၏ မျက်နှာလေးမှာ ဖြူလျော့နေ၏။ သူမက အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရင်း ငိုသံပါကြီးဖြင့်

"ဖန်းအာရယ်...၊ အချိန်လည်း တော်တော်လင့်နေပြီ၊ သူတို့တွေ ဘာလို့ ပြန်မလာကြသေးတာလဲ။ တစ်ခုခုများ... ဒုက္ခတစ်ခုခုများ ရောက်နေကြပြီလားဟင်"

"ဟဲ့... ပါးစပ်သရမ်းလိုက်တာ၊ အတိတ်နိမိတ်မရှိတာတွေ လျှောက်ပြောမနေစမ်းနဲ့"

ကျောက်ဖန်းအာက မျက်စောင်းထိုးကာ မာန်မဲလိုက်သည်။

"အဲဒီလို ဘယ်ဖြစ်နိုင်ပါ့မလဲဟ"

ထိုသို့ ပြောလိုက်ရသော်လည်း မှောင်မည်းနေသော တောင်တက်လမ်းကြီးကို လှမ်းကြည့်လိုက်သည့်အခါ သူမကိုယ်တိုင်လည်း စိတ်ထဲ အတော် လေးလံသွားရသည်။

ထိုစဉ် မနီးမဝေးရှိ ခြံဝင်းတံခါးပေါက်မှ စူးရှရှနှင့် ခနဲ့တဲ့တဲ့ အသံတစ်သံ ထွက်ပေါ်လာ၏။

"အို... ဒါ ချန်အိမ်က ချွေးမလေး မဟုတ်လား...။ ဒီမှာ စောင့်နေတုန်းပဲကိုး။ ငါပြောတာ နားထောင်ပြီး အိမ်ပြန်စမ်းပါ၊ ပြီးတော့ နာရေးအတွက်သာ ပြင်ထားလိုက်ပေတော့ဟေ့"

အဒေါ်ဝမ်က ခါးထောက်ရပ်နေပြီး သူမ၏ မျက်နှာပေါ်တွင် သူတစ်ပါး ဒုက္ခရောက်မည်ကို ကြိုတွေးကာ အားမနာ လျှာမကျိုး ဝမ်းသာနေဟန်အပြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

"ဟိုတောင်ပေါ်က တောဝက်တွေဆိုတာ ဆိုးလိုက်တာမှ နာမည်ကြီးပဲကို။ ချန်ရှင်းလို ဘာမှ အသုံးမကျတဲ့ကောင်မျိုး အဲဒီသွားတာက သားရဲတွေအတွက် အစာသွားပို့ပေးသလို ဖြစ်မှာပေါ့။ သူ့ခမျာ တောဝက်တွေ ဝိုင်းခွေ့လို့ သေတောင် သေနေလောက်ရောပေါ့အေ"

ပြောပြောဆိုဆိုပင် သူမက ရင်ဘတ်ကို ပုတ်လျက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် တံတွေး စင်ထွက်မတတ် ဆက်ပြောလေသည်။

"ငါ့သား ကျန်းပြောင်လေးကတော့ ဘယ်လောက်တောင် လိမ္မာပါးနပ်လိုက်သလဲ၊ ရဲစွမ်းသတ္တိဆိုတာလည်း ပြည့်ဝပြီး ဉာဏ်လည်း ထက်တယ်။ သူသာ အတူပါသွားလို့ကတော့ သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာ အသေအချာပဲ။ ကံကောင်းရင် ဝက်သားတစ်တုံးတောင် ဝေစုရလာဦးမှာ"

ကျောက်ဖန်းအာမှာ မူလကတည်းက စိတ်အခြေအနေ မကောင်းလှရသည့်အထဲ ဤစကားများကို ကြားလိုက်ရတော့ သူမ၏ ဒေါသများက ငယ်ထိပ်အထိ ဆောင့်တက်သွားတော့သည်။

သူမက အဒေါ်ဝမ်ဆီသို့ တဟုန်ထိုး ပြေးသွားပြီး လက်ညှိုးငေါက်ငေါက်ထိုးလျက် အော်ဆဲတော့သည်။ "ဒီမယ် အဘွားကြီး...၊ အသက်သာ ကြီးတာ၊ ရှင့်ပါးစပ်က ဘယ်လိုတောင် ယုတ်မာရိုင်းစိုင်းရတာလဲ။ ချန်ရှင်း တစ်ခုခုဖြစ်တော့ရော ရှင့်အတွက် ဘာအကျိုးအမြတ် ရလာမှာမို့လို့လဲ။ ရှင်က သူများကောင်းစားတာကို မနာလိုဖြစ်နေတဲ့ စိတ်ပုပ်စိတ်ယုတ် မိန်းမကြီးပဲ"

"ဟဲ့... ကောင်မစုတ်၊ နင်က ဘယ်သူ့ကိုများ လက်ညှိုးလာထိုးပြီး ရိုင်းစိုင်းနေတာလဲ"

အဒေါ်ဝမ်လည်း ဒေါသပေါက်ကွဲသွားကာ ပြန်လည်ချေပရန် ဟန်ပြင်လိုက်သည်။

ထိုစဉ် ရွာအဝင်ဝမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံမှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် ကီးကြောင်ကာ အက်ကွဲနေလေသည်။

"ပြန်လာကြပြီဟေ့...၊ အမဲလိုက်အဖွဲ့တွေ ပြန်လာကြပြီ"

ထိုစကားတစ်ခွန်းက တိတ်ဆိတ်ငြိမ်သက်နေသော ရွာလေးကို ချက်ချင်းဆိုသလို အသက်ဝင် နိုးကြားသွားစေတော့သည်။

"ပြန်လာကြပြီလား"

"တောဝက်တွေရော ဖမ်းမိခဲ့ကြရဲ့လားဟေ့"

မီးအိမ်များက အိမ်တိုင်းစေ့ ထိန်ထိန်လင်းလာပြီး ကလေးလူကြီး၊ ကျားမ မရွေး ရွာသူရွာသားအားလုံး ရွာထိပ်သို့ စိတ်လှုပ်ရှား တက်ကြွစွာ ပြေးထွက်လာကြတော့သည်။

ကျောက်ဖန်းအာနှင့် ရွှီချင်းချင်းတို့လည်း တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး ကပျာကယာ ပြေးသွားကြလေသည်။

လှမ်းလာနေသော လူအုပ်ကြီးကို မြင်လိုက်ရသည့်အခါ ရွာသားများ၏ နားကွဲမတတ် ဝမ်းသာအားရ ကြွေးကြော်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

အမဲလိုက်အဖွဲ့မှ အမျိုးသားများသည် ရွှံ့တောထဲ လူးလာခဲ့ရသဖြင့် ပေကျံနေသော်လည်း အားလုံး၏ မျက်နှာများမှာ ဝင်းပနေပြီး စိတ်ဓာတ်တွေ အတက်ကြီး တက်နေကြသည်။

သူတို့က နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စသဖြင့် ဆူဖြိုးနေသော တောဝက်ကြီးများကို ပခုံးထက်၌ ထမ်းပိုးလာကြသည်။ ထိုအထဲမှ အကြီးဆုံးတောဝက်ကြီးမှာ နွားပေါက်လေး တစ်ကောင်အရွယ်မျှပင် ရှိလေသည်။

တစ်ကောင်... နှစ်ကောင်... သုံးကောင်...

စုစုပေါင်း တစ်ဒါဇင်တိတိပင်။

ချင်းရွှေတစ်ရွာလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

လူအုပ်ကြီး၏ ရှေ့ဆုံးမှာတော့ ချန်ရှင်းက သူ၏ တောပစ်သေနတ်အိုကြီးကို ပခုံးပေါ် တင်ထားရင်း တောင်ပေါ် လမ်းလျှောက်ထွက်လာသည့်အလား အေးအေးလူလူ လျှောက်လှမ်းလာလေသည်။

လူတိုင်းက အမဲလိုက်အဖွဲ့၏ ကြီးမားလှသည့် အောင်မြင်မှုအတွက် ပီတိဖြာကာ ပျော်ရွှင်နေကြစဉ် လူအုပ်ကြီး၏ နောက်ဆုံးမှ လိုက်ပါလာသော လူတစ်စုကို အားလုံးက မြင်တွေ့သွားကြသည်။

လူတစ်ဒါဇင်ကျော်ခန့်က တောင်ကုန်းငယ်လေးတစ်လုံးအရွယ်ရှိသော ဧရာမ သတ္တဝါကြီးကို ထမ်းပိုးလာကြ၏။

မီးရှူးမီးတိုင်များ၏ အလင်းရောင်အောက်၌ ထိုသတ္တဝါကြီး၏ ရုပ်သွင်ကို ထင်ရှားစွာ မြင်လိုက်ရချိန်တွင် အုန်းအုန်းညံနေသော အောင်ပွဲခံသံကြီးမှာ တိခနဲ ရပ်တန့်သွားတော့သည်။

ရေကျွဲကြီးတစ်ကောင်ထက်ပင် ကြီးမားနေပြီး စူးရှသော မျက်ဝန်းအစုံနှင့် နဖူးပြင် အဖြူရောင်ရှိသော ရက်စက်ကြမ်းကြုတ်သည့် ကျားကြီးတစ်ကောင်ပင်။

ကျားကြီးသည် ထိုနေရာ၌ ငြိမ်သက်စွာ လှဲလျောင်းနေပြီး အသက်ကင်းမဲ့နေပြီ ဖြစ်သော်လည်း သားရဲဘုရင်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက မြင်ရသူတိုင်း၏ ရင်ကို ဒိန်းခနဲ ဖြစ်သွားစေသည်။

"ရှူး…."

အထိတ်တလန့် လေပူမှုတ်ထုတ်သံများ ထွက်ပေါ်လာ၏။

ရွာသားများအားလုံးမှာ ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လုံးဝကို ဆွံ့အသွားကြသည်။ သူတို့၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေပြီး အသက်ပင် ကောင်းကောင်း မရှူရဲကြတော့ချေ။

လူအုပ်ထဲတွင် ရပ်နေသော အဒေါ်ဝမ်၏ ခပ်လှောင်လှောင် အပြုံးကြီးမှာလည်း ချက်ချင်း အေးခဲသွားတော့သည်။

သူမ မျက်လုံးများက ကြေးခေါင်းလောင်းကြီးများသဖွယ် ပြူးကျယ်လျက် ကျားကြီးကို စိုက်ကြည့်နေပြီး လူအုပ်ကြီး၏ ရှေ့ဆုံးမှ အမှုမဲ့အမှတ်မဲ့ လျှောက်လှမ်းလာသော ချန်ရှင်းကိုပါ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်မှ သွေးရောင်တို့ ပျောက်ကွယ်သွားပြီး အံ့ဩတုန်လှုပ်ခြင်းများက အစားထိုး ဝင်ရောက်လာတော့သည်။

ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး… ဒီလို ဖြစ်နိုင်မှာလဲ...

All Chapters