← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉) - ဘယ်သူက သိုးသူငယ်လဲ

ရွှေရောင်ကိုင်းမျက်မှန်နှင့် အမျိုးသား၏ မျက်နှာပေါ်မှာတော့ ရက်စက်ကြမ်းကြုတ်သော အပြုံးတို့က အဆုံးစွန်ထိ ကြီးစိုးနေလေပြီ။

နောက်တစ်စက္ကန့်မှာပဲ မောက်မာလှသည့် ကောင်လေး၏ ဦးနှောက်များ လွင့်စင်ထွက်သွားပြီး သူ့ခြေရင်းမှာ ခွေးသေတစ်ကောင်လို လဲကျသွားတော့မည်ဟု သူ မြင်ယောင်နေခဲ့လေပြီ။

သို့သော်လည်း သူ မျှော်လင့်ထားသလို သွေးပျက်စရာ မြင်ကွင်းက ဖြစ်မလာခဲ့ပေ။

သံပိုက်လုံးက ခေါင်းကို ထိတော့မည့်ဆဲဆဲမှာပင် ချန်ရှင်း စတင် လှုပ်ရှားလိုက်သည်။

နောက်သို့ ဆုတ်မသွားဘဲ ရှေ့သို့ ရဲရဲဝံ့ဝံ့ တိုးဝင်လိုက်ခြင်းပင်။

သူ့ခန္ဓာကိုယ်က ဝိညာဉ်တစ်ခုအလား ပေါ့ပါးနေပြီး ဘယ်ဘက်သို့ ခြေတစ်ဝက်ခန့် ရှောင်တိမ်းလိုက်ရာ ပြင်းထန်လှသော ထိုရိုက်ချက်က သူ့အား ဆံခြည်တစ်မျှင်စာ အကွာအဝေးဖြင့် လွဲချော်သွားတော့သည်။

လေတိုးသံ တဝုန်းဝုန်းနှင့်အတူ ကျဆင်းလာသော သံပိုက်လုံးက သူ့နှာခေါင်းထိပ်လေးကို ပွတ်ကာ ကွန်ကရစ် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျရောက်သွားလေသည်။

ဝုန်း…

ကြီးမားလှသော အသံကြီးနှင့်အတူ မီးပွင့်များက ဘေးဘက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်တွင်လည်း ချိုင့်ခွက်လေးတစ်ခု ဖြစ်သွားတော့သည်။

ဆံပင်ရွှေရောင်နှင့် လူမိုက်၏ တိုက်ကွက်က လွဲချော်သွားခဲ့လေပြီ။ သူ အားထည့်ထားသမျှက အချည်းနှီး ဖြစ်သွားပြီး နောက်ထပ် တိုက်စစ်ဆင်ရန် အားပြန်မမွေးနိုင်သေးခင်မှာပင် သူ၏ ကိုယ်ဟန်က ဟာကွက် အကြီးကြီး ဖြစ်သွားခဲ့လေသည်။

ချန်ရှင်းက သူ့ကို ကြည့်ပင်မကြည့်ခဲ့ပေ။

ဘေးဘက်သို့ ရှောင်တိမ်းလိုက်စဉ်မှာပင် အားအင်များ ပြည့်နှက်နေသော စပရင်တစ်ခုအလား သူ၏ ညာဘက်တံတောင်ဆစ်က နောက်ပြန်အနေအထားဖြင့် အထက်သို့ လျှပ်စီးလက်သဖွယ် ထိုးတက်သွားပြီး သတိလက်လွတ်ဖြစ်နေသော ထိုလူမိုက်၏ ညာဘက် နံဘေးသို့ ပြင်းထန်စွာ ဆောင့်ဝင်သွားတော့သည်။

ဂျွတ်…

ဆူညံနေသော ဝပ်ရှော့ရုံကြီးထဲတွင် အရိုးကျိုးသွားသည့် စက်ဆုပ်ဖွယ် အသံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

"အား…"

အားထည့်လွန်း၍ နီမြန်းနေသော ဆံပင်ရွှေရောင်နှင့် လူမိုက်၏ မျက်နှာမှာ တစ်ခဏချင်းအတွင်းမှာပင် နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး ခွေးအော် ဝက်အော်သလို စူးရှလှသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

သူကိုင်ထားသော သံပိုက်လုံးက မြေပြင်ပေါ်သို့ တချွမ်းချွမ်း မြည်ကာ ကျသွားခဲ့ပြီး သူသည်လည်း နံရိုးများကို ဖိကိုင်လျက် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်နေတော့သည်။

ဤကဲ့သို့ မြန်ဆန်ပြီး ရှင်းလင်းလှသော မြင်ကွင်းမှာ မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ချန်ရှင်း စတင်လှုပ်ရှားလိုက်သည်မှ စ၍ တစ်ဖက်လူ မြေပြင်ပေါ်သို့ လဲကျသွားသည်အထိ တစ်စက္ကန့်မျှသာ ကြာလိုက်ပေသည်။

လူတိုင်း အံ့ဩမှင်တက်သွားကြသည်။

သူတို့ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်မှုနှင့် လှောင်ပြုံးများက မပျောက်ပျက်သေးခင်မှာပင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့က ရုတ်တရက်ကြီး အစားထိုး ဝင်ရောက်လာခဲ့လေပြီ။

"ဘာရပ်ကြည့်နေကြတာလဲ...၊ တက်ကြစမ်း၊ အကုန်လုံး ဝိုင်းတိုက်ကြစမ်း"

ရွှေရောင်ကိုင်းမျက်မှန်နှင့် အမျိုးသားက ပထမဆုံး သတိပြန်ဝင်လာသူ ဖြစ်သည်။ ခဏတာ တုန်လှုပ်သွားမှုက ပိုမိုနက်ရှိုင်းသော ဒေါသများအဖြစ် ပြောင်းလဲသွားပြီး အသိစိတ်လွတ်မတတ် အော်ဟစ်လိုက်တော့သည်။

"သတ်ပစ်ကြစမ်း... သူ့ကို အသေသတ်ပစ်ကြစမ်း"

အမိန့်သံ အဆုံးမှာပဲ အခြေအနေက လုံးဝကို ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

ကျန်ရှိနေသော လူမိုက် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည်လည်း အိပ်မက်ထဲမှ နိုးလာသကဲ့သို့ အော်ဟစ်ကြွေးကြော်ရင်း သူတို့၏ သံပိုက်လုံးများကို ကိုယ်စီ ဝှေ့ယမ်းကာ စက်ရုံအလယ်တွင် တစ်ယောက်တည်း ရပ်နေသော ချန်ရှင်းဆီသို့ နေရာပေါင်းစုံကနေ ဒီရေအလား ဝင်တိုးလာကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သံပိုက်လုံးများက လေထဲတွင် ရမ်းခါနေပြီး လေတိုးသံများက တဝုန်းဝုန်း မြည်ဟည်းနေကာ လေထုတစ်ခုလုံးမှာလည်း လူသတ်ချင်စိတ်များ ပြည့်နှက်နေတော့သည်။

သို့သော်လည်း ချန်ရှင်းကတော့ သိုးအုပ်ထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည့် ကျားတစ်ကောင်အလားပင် ရှိနေ၏။

သူ့တိုက်ကွက်များတွင် အပိုအလို လှုပ်ရှားမှုဟူ၍ တစ်စက်ကလေးမှ မရှိပေ။ သူ၏ လှုပ်ရှားမှုတိုင်း၊ တိုက်ကွက်တိုင်းက ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်ခြင်း အနုပညာကို အပြည့်အဝ ဖော်ဆောင်နေလေသည်။

လူမိုက်တစ်ဦးက ဘယ်ဘက်မှနေ၍ ခါးနှင့် နံဘေးတည့်တည့်သို့ သံပိုက်ဖြင့် အရှိန်ပြင်းပြင်း လွှဲရိုက်လိုက်သည်။ ချန်ရှင်းက ရှောင်တိမ်းခြင်း မပြုဘဲ သူ၏ ဘယ်ခြေထောက်ကို ရုတ်တရက် မြှောက်လိုက်ကာ တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို တိကျလှသော ကန်ချက်ဖြင့် ကန်ထုတ်လိုက်တော့သည်။

"အား…"

တစ်ဖက်လူ၏ လက်ကောက်ဝတ်မှာ ပုံပျက်ပန်းပျက် ကွေးညွတ်သွားပြီး လက်ထဲမှ သံပိုက်လုံးလည်း လွင့်ထွက်သွားကာ အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

သူ သတိမကပ်နိုင်ခင်မှာပင် ချန်ရှင်းက အနားသို့ တိုးဝင်သွားပြီး လည်စေ့တည့်တည့်ကို လက်ဝါးစောင်းရိုက်ချက်ဖြင့် ခပ်မြန်မြန် ရိုက်ချလိုက်၏။ ထိုလူမိုက်မှာ မျက်လုံးများ လန်တက်သွားပြီး လည်ပင်းကို ဖိကိုင်လျက် အက်ကွဲကွဲ အသံကြီးနှင့်အတူ နောက်သို့ ပက်လက်လန်ကျသွားတော့သည်။

အခြားလူမိုက်တစ်ဦးကလည်း နောက်ကျောဘက်မှနေ၍ ချန်ရှင်း၏ နှလုံးတည့်တည့်ဆီသို့ သံပိုက်ဖြင့် အားကုန် ထိုးစိုက်ကာ တိုက်ခိုက်လာပြန်သည်။ ချန်ရှင်းက နောက်စေ့တွင် မျက်လုံးပါနေသည့်အလား လှည့်ပင်မကြည့်ဘဲ ရုတ်တရက် ဆောင့်ကြောင့် ထိုင်ချလိုက်ကာ ညာခြေထောက်ဖြင့် နောက်ပြန် ကန်ထုတ်လိုက်သည်။

ခွပ်…

သံမဏိလို ညာခြေထောက်က တစ်ဖက်လူ၏ ဒူးဆစ်ကို တည့်တည့်ကြီး ထိမှန်သွားတော့သည်။ လူမိုက်၏ ဒူးခေါင်းမှာ အနောက်ဘက်သို့ ဂျွတ်ခနဲ ပြောင်းပြန်လန်သွားကာ မြေပြင်ပေါ်သို့ ခွေကျသွားပြီး ဝက်တစ်ကောင် အသတ်ခံရသလိုမျိုး စူးစူးရှရှ အော်ဟစ်နေတော့သည်။

ကန်ချက်များ၊ တံတောင်ရိုက်ချက်များ၊ လည်ပင်းညှစ်ကွက်များနှင့် ဒူးတိုက်ချက်များ…။

ချန်ရှင်းက ဝိုင်းရံခံထားရသည့် ကြားထဲမှာပင် လျှပ်စီးအလား လျင်မြန်စွာ လှုပ်ရှားနေပြီး သူ့ပုံရိပ်မှာ ဖမ်းဆုပ်၍ မရနိုင်သော အရိပ်တစ်ခုကဲ့သို့ ရှိနေတော့သည်။

ကြောက်စရာကောင်းလှသည်ဟု ထင်ရသော သံပိုက်လုံးကြီးများမှာ ချန်ရှင်း၏ ရှေ့မှောက်တွင် အလွန်တရာ တုံ့နှေးလေးကန်နေပြီး သူ့အင်္ကျီစလေးကိုပင် မထိနိုင်ကြချေ။ သူ၏ တုံ့ပြန်တိုက်ခိုက်မှုတိုင်းက ရိုးရှင်းပြတ်သားပြီး ထိရောက်လွန်းလှသည်။ တိုက်ကွက်တစ်ချက်တည်းနှင့်တင် ရန်သူကို လုံးဝ ပြန်မထနိုင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။

နာနာကျင်ကျင် အော်ဟစ်ညည်းတွားသံများက အဆက်မပြတ် ထွက်ပေါ်လာနေ၏။ အရိုးကျိုးသွားသည့် ခပ်စူးစူး အသံများနှင့် အသားချင်း ရိုက်ခတ်မိသည့် တုံးတိတိ အသံများက ချောက်ချားဖွယ် သံစုံတီးဝိုင်းတစ်ခုအလား ပဲ့တင်ထပ်နေတော့သည်။

စက္ကန့်သုံးဆယ် မပြည့်သေးသော အချိန်လေးအတွင်းမှာပင် ကြောက်မက်ဖွယ် အသွင်ရှိကြသည့် လူမိုက် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲကုန်ကြလေပြီ။

အချို့က ကျိုးသွားသော လက်များကို ဆုပ်ကိုင်ထားကြပြီး၊ အချို့ကမူ ခြေထောက်ကျိုးကြီးများကို ဖိကိုင်ထားကြသည်။ ချွင်းချက်မရှိ အားလုံးက မြေပြင်ပေါ်မှာ လူးလှိမ့်ကာ နာကျင်စွာ ညည်းတွားနေကြပြီး ပြန်လည် ထရပ်နိုင်စွမ်း မရှိကြတော့ပေ။

ဝပ်ရှော့ရုံတစ်ခုလုံးက တစ်ခဏချင်းအတွင်းမှာပင် သက်ရှိငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သံမဏိမျှော်စင်ကြီးများအလား ခန့်ညားထည်ဝါလှသော သက်တော်စောင့်နှစ်ဦးမှာလည်း သူတို့၏ မကောင်းဆိုးဝါး အပြုံးများ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်ကာ ထိုနေရာတွင် အရင်က တစ်ခါမှ မရှိဖူးသော စိုးရိမ်ထိတ်လန့်မှုများက အစားထိုး ဝင်ရောက်လာခဲ့လေသည်။

ယခုတစ်ကြိမ်မှာတော့ သူတို့အနေဖြင့် တကယ့် ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံနေပြီဖြစ်ကြောင်း ကောင်းကောင်း သိလိုက်ကြပြီ ဖြစ်သည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများက အထင်းသားပင်။ နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ သူတို့နှစ်ဦးက အက်ကွဲကွဲ ဟိန်းသံတစ်ချက်ကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်ကြ၏။ ထို့နောက် ခါးရှိ သားရေအိတ်များထဲမှ အနက်ရောင် သံမဏိ ခေါက်တုတ်များကို ဆွဲထုတ်လိုက်ကြတော့သည်။

ဝှစ်…

သံတုတ်များကို ဆွဲထုတ်လိုက်သည့်အခါ စူးရှသော လေတိုးသံတစ်ခု ထွက်ပေါ်လာ၏။ သူတို့က တည်ငြိမ်သော ခြေလှမ်းများဖြင့် တစ်ဦးက ဘယ်ဘက်၊ တစ်ဦးက ညာဘက်မှာ နေရာယူ၍ တောင်ပေါ်မှ ဆင်းလာသော ကျားရိုင်းနှစ်ကောင်အလား ချန်ရှင်းထံသို့ တဖြည်းဖြည်း တိုးကပ်လာကြ၏။

သူတို့၏ တိုက်ကွက်များက ရက်စက်ကြမ်းကြုတ်လှပြီး နှစ်ယောက်သားမှာလည်း အပေးအယူ မျှလွန်းလှသည်။ အပေါ်၊ အလယ်နှင့် အောက်ပိုင်းရှိ အရေးပါသော အချက်အချာ နေရာများကိုသာ ပစ်မှတ်ထား တိုက်ခိုက်လာကြတော့သည်။

ဤသည်မှာ တကယ့်ကို အသက်အန္တရာယ် ပေးနိုင်သော လူသတ်ကွက်ပင်။

သို့သော် ချန်ရှင်းကတော့ မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ သူတို့နှစ်ဦး၏ အပေးအယူကောင်းလှသော တိုက်စစ်ကို ရင်ဆိုင်ရင်း သူက သာမန်လူတစ်ဦး မလုပ်ဆောင်နိုင်သည့် အနေအထားမျိုးဖြင့် နောက်ဘက်သို့ ရုတ်တရက် ကွေးညွတ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးမှာ မြေပြင်နှင့် တစ်ပြင်တည်း ဖြစ်သွားတော့သည်။ သံတုတ်တိုနှစ်ခုမှာမူ သူ့အပေါ်မှနေ၍ ဝှစ်ခနဲ မြည်ကာ လွဲချော်သွားကြ၏။

သူတို့၏ တိုက်ကွက်များ လွဲချော်သွားသည့် ထိုခဏမှာပင်...

လေပေါ် လှဲအိပ်နေသည့် အနေအထားနှင့် ချန်ရှင်းက ခါးနှင့် ဝမ်းဗိုက်အားကို အသုံးပြုပြီး တွင်းထဲမှ ခုန်ထွက်လာသည့် အဆိပ်ပြင်းမြွေများအလား သူ့ခြေထောက်နှစ်ဖက်ကို အပေါ်သို့ အရှိန်အဟုန်ဖြင့် ကန်တင်လိုက်တော့သည်။

"ခွပ်... ခွပ်"

အားရဖွယ် အသံနှစ်ချက်က တစ်ဆက်တည်း ထွက်ပေါ်လာ၏။ သူ့ခြေနှစ်ဖက်က လက်နက်ကိုင်ထားသည့် သက်တော်စောင့်နှစ်ဦး၏ လက်ကောက်ဝတ်များဆီသို့ တိကျလွန်းလှသော ပစ်မှတ်ဖြင့် ထိခတ်သွားတော့သည်။

စူးရှသော နာကျင်မှုက သူတို့ခန္ဓာကိုယ်ထဲ တိုးဝင်သွားခဲ့ပြီး ထိုလူနှစ်ဦးမှာ လက်ကောက်ဝတ်ကို သံတူကြီးတစ်လက်ဖြင့် အထုခံလိုက်ရသကဲ့သို့ ညည်းတွားလိုက်ရရှာသည်။ သူတို့၏ လက်များမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး သံတုတ်တိုများကို ဆက်လက် ဆုပ်ကိုင်ထားနိုင်စွမ်း မရှိတော့ပေ။

သံတုတ်တိုနှစ်ခုမှာ တချွမ်းချွမ်းမြည်လျက် လက်ထဲမှ လွတ်ကျသွားတော့သည်။

ယခုအချိန်က… အခွင့်ကောင်းပင်။

ချန်ရှင်းက တည်ငြိမ်စွာ ပြန်ရပ်လိုက်ပြီး ရရှိလာသော အရှိန်အဟုန်ကို အသုံးပြုကာ လေထဲသို့ မြောက်တက်သွား၏။ ထို့နောက် အမြောက်ဆန်တစ်ခုအလား ရှေ့သို့ ဒိုင်းခနဲ ပြေးဝင်သွားပြီး ဘယ်ဘက်မှ သက်တော်စောင့်ထံသို့ တစ်ခဏချင်း ရောက်ရှိသွားတော့သည်။

သူက လက်ချောင်းများကို ဓားတစ်စင်းအလား စုစည်းလိုက်ပြီး သက်တော်စောင့်၏ ထူထဲလှသော လည်ပင်းသွေးကြောမကြီးဆီသို့ အားကုန် ခုတ်ချလိုက်လေသည်။

သက်တော်စောင့်မှာ မျက်စိရှေ့မှာပင် မှောင်အတိကျသွားပြီး ဧရာမ ခန္ဓာကိုယ်ကြီး ယိုင်နဲ့သွားကာ အသံထွက်နိုင်ခင်မှာပဲ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။ ထိုသည်ကို မြင်လိုက်ရသောအခါ ကျန်ရှိနေသည့် သက်တော်စောင့်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး နောက်သို့လှည့်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။

သို့သော် ချန်ရှင်းက သူ့ထက် ပိုမြန်နေခဲ့သည်။

သူက ခြေတစ်လှမ်းတည်းဖြင့် အမှီလိုက်ကာ တူညီသော နေရာကိုပင် တူညီသော နည်းလမ်းဖြင့် ခုတ်ချလိုက်ပြန်သည်။ ဒုတိယမြောက် သံမဏိမျှော်စင်ကြီးလည်း ပြိုကျသွားခဲ့လေပြီ။

တစ်မိနစ်...

ပထမဆုံး ဆံပင်ရွှေရောင်နှင့်လူ လဲကျသွားချိန်မှ နောက်ဆုံးသက်တော်စောင့် သတိလစ်သွားချိန်အထိ တစ်မိနစ်ပင် မပြည့်လိုက်ပေ။ ဝပ်ရှော့တစ်ခုလုံးတွင် ချန်ရှင်းမှလွဲ၍ မတ်တတ်ရပ်နေသူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိတော့ချေ။

လေထုတစ်ခုလုံးက သေမင်းကြွလာသကဲ့သို့ တိတ်ဆိတ်နေ၏။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော လူမိုက်များ၏ နာနာကျင်ကျင် ညည်းတွားသံများသာ ကျန်ရှိတော့သည်။

ရွှေရောင်ကိုင်းမျက်မှန်နှင့် အမျိုးသား၏ မျက်နှာပေါ်ရှိ လူယုတ်မာ အပြုံးများက အေးခဲသွားခဲ့လေပြီ။ သူ့ရှေ့မှောက်ရှိ သွေးပျက်စရာ မြင်ကွင်းနှင့် အလောင်းပုံများအကြားတွင် အသက်ရှူပင် မပျက်ဘဲ တည်ငြိမ်စွာ ရပ်နေသော လူငယ်လေးကို ငေးကြည့်နေမိသည်။

သူ့ဦးနှောက်မှာ ဗလာဖြစ်သွား၏။ ကြောက်စိတ်များက ဒီရေအလား ဆောင့်တက်လာပြီး အာရုံကြောအားလုံးကို တစ်ခဏအတွင်း လွှမ်းမိုးသွားတော့သည်။ ဤသည်က အကြွင်းမဲ့ အစွမ်းထက်သော ပါဝါရှေ့မှောက်တွင် ထိန်းချုပ်မရ ဖြစ်ပေါ်လာသည့် တုန်လှုပ်မှုပင်။

သူ့မျက်နှာက နီမြန်းနေရာမှ လူသေတစ်ယောက်ကဲ့သို့ ဖြူလျော့သွားပြီး နောက်ဆုံးမှာတော့ မီးခိုးရောင် သမ်းသွားတော့သည်။ သူ့ခြေထောက်များမှာလည်း ပြင်းထန်စွာ တုန်ယင်နေပြီး ကိုယ့်ခန္ဓာကိုယ် အလေးချိန်ကိုပင် မနည်းထိန်းထားရရှာသည်။

ပူနွေးနွေး အရည်များက ဘောင်းဘီတစ်လျှောက် ဖြည်းညင်းစွာ စီးကျလာပြီး ဖုန်ထနေသော မြေပြင်ထက်တွင် အနက်ရောင် အစွန်းအထင်းတစ်ခုအဖြစ် ပျံ့နှံ့သွားလေသည်။

သူ အလွန်အမင်း ကြောက်လန့်သွားသဖြင့် ဆီးများပင် ထွက်ကျကုန်လေပြီ။

အခန်း (၄၀) - သက်တောင့်သက်သာ နားခိုရာ

ချန်ရှင်း စတင် လှုပ်ရှားလိုက်ပြန်သည်။

သူက ရွှေရောင်ကိုင်းမျက်မှန်နှင့် အမျိုးသားရှိရာသို့ တစ်လှမ်းချင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။ သူ့ခြေသံများက မလေးလံသော်လည်း တစ်လှမ်းချင်းစီတိုင်းက တစ်ဖက်လူ၏ နှလုံးသားကို တိုက်ရိုက် နင်းခြေနေသကဲ့သို့ ခံစားရစေပြီး ရွှေမျက်မှန်လူမှာ ထိန်းမနိုင်သိမ်းမရ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေတော့သည်။

ချန်ရှင်းက ရွှေမျက်မှန်လူ ရှေ့သို့ ရောက်ရှိသွားသော်လည်း သူ့ကို လှည့်ပင်မကြည့်ဘဲ လူမိုက်များ ချထားခဲ့သော သံပိုက်လုံး တစ်လုံးကို မြေပြင်ပေါ်မှ ကောက်ယူလိုက်သည်။ ထို့နောက် ထိုသံပိုက်လုံးကို လက်ထဲတွင် ဆတူ ကိုင်ကြည့်ကာ အလေးချိန်ကို ခန့်မှန်းနေလေသည်။

ထို့နောက် ကြောက်လန့်လွန်း၍ ဖင်တွန့်နေပြီဖြစ်သော ရွှေမျက်မှန်လူ၏ အကြည့်အောက်မှာပင် ချန်ရှင်းက သံပိုက်လုံး၏ ထိပ်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်ပြီး အသာအယာ အားထည့်လိုက်တော့သည်။

ဂျွတ်…

ခိုင်ခံ့လွန်းသော သံပိုက်လုံးကြီးမှာ သူ့လက်ထဲတွင် တဖြည်းဖြည်းချင်း ကွေးညွတ်သွားပြီး နောက်ဆုံးမှာတော့ ပုံစံတကျ ‘U’ ပုံသဏ္ဌာန် ဖြစ်သွားတော့သည်။ သတ္တုချင်း ပွတ်တိုက်ပြီး ပုံပျက်သွားသည့် နားမခံသာသော အသံများက ဝပ်ရှော့ရုံဟောင်းကြီးအတွင်း ပဲ့တင်ထပ်သွား၏။

ချွမ်း…

ချန်ရှင်းက လုံးဝ ပုံပျက်သွားပြီဖြစ်သော ထိုသံပိုက်လုံးကို ရွှေမျက်မှန်လူ၏ ခြေရင်းသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။ သူက မျက်လုံးပင့်ကြည့်လိုက်ရာ အေးစက်စက် အကြည့်များက သွေးမရှိတော့သည့်အလား ဖြူလျော့နေသော တစ်ဖက်လူ၏ မျက်နှာပေါ်သို့ ကျရောက်သွားတော့သည်။

သူ့အသံက မကျယ်လောင်သော်လည်း ငရဲ၏ အနက်ပိုင်းထဲမှ တိုက်ခတ်လာသော လေအေးတစ်ခုအလား စိမ့်တက်သွားစေလေသည်။

"ကျုပ် စိတ်ပြောင်းသွားပြီ"

"ဈေးနှုန်းကို နှစ်ဆ ပေးရမယ်"

ထိုအခိုက်အတန့်တွင် ရွှေရောင်ကိုင်းမျက်မှန်နှင့် အမျိုးသား၏ ဝိညာဉ်မှာ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ပါးစပ်ဟလိုက်သော်လည်း လည်ချောင်းထဲမှ အက်ကွဲကွဲ အသံအချို့သာ ထွက်လာပြီး စကားတစ်လုံးမှ ထွက်မလာရှာပေ။

ချန်ရှင်း၏ အေးစက်စက် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားချိန်ကျမှသာ သူက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သတိပြန်ဝင်လာပြီး ဝိညာဉ် လွင့်ထွက်လုမတတ် ဖြစ်သွားပြီး ငြင်းဆန်ရန် စကားတစ်လုံးမှ မဟရဲတော့ဘဲ

"ရပါတယ်... ရပါတယ်… နှစ်ဆပေးပါ့မယ်… နှစ်ဆပေးပါ့မယ်"

ကြက်ကလေး ဆန်ကောက်စားသလို အသည်းအသန် ခေါင်းညိတ်ပြရင်း အိတ်ကပ်ထဲမှ ဖုန်းကို တုန်တုန်ယင်ယင် ဆွဲထုတ်လိုက်သည်။ သူ၏လက်များက အရမ်းတုန်ယင်နေသဖြင့် ဖုန်းကိုပင် သေချာမဆုပ်ကိုင်နိုင်ဘဲ အကြိမ်ကြိမ် ပြုတ်ကျလုမတတ် ဖြစ်နေရှာ၏။

အားတင်းကာပင် ဖုန်းနံပါတ်တစ်ခု နှိပ်လိုက်ပြီးနောက် တစ်ဖက်လူကို ရှိုက်ကြီးတငင် အော်ပြောလိုက်တော့သည်။ ရနိုင်သမျှ ပိုက်ဆံအားလုံး စုဆောင်းပေးပို့ရန် အမိန့်ပေးလိုက်ခြင်းပင်။

မကြာမီ...

တီ...

တစပြင်လို တိတ်ဆိတ်နေသော ဝပ်ရှော့ဟောင်းကြီးထဲတွင် စာဝင်လာသည့် အသံလေးတစ်ခု ထွက်ပေါ်လာလေသည်။

ချန်ရှင်းက သူ့ဖုန်းကို တစ်ချက် ကြည့်လိုက်သည်။ ဘဏ်မှ ဝင်လာသည့် အတည်ပြုစာတိုလေးထဲမှ မျက်စိကျိန်းမတတ် ရှည်လျားသော သုညဂဏန်း အတန်းလိုက်ကြီးများကို မြင်လိုက်ရသောအခါ သူ့နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးရေးရေးလေးတစ်ခု တွဲခိုလာတော့သည်။

*မိုက်လှချည်လား...*

သူ ခါးကိုင်းလိုက်ပြီး မြေပြင်ပေါ်ရှိ ငွေသားများအပြည့် သေတ္တာနှစ်လုံးကို ပြန်ကောက်ကိုင်လိုက်သည်။ ထို့နောက် လှည့်ထွက်လာခဲ့ပြီး တင်းကျပ်စွာ ပိတ်ထားသော သံတံခါးကြီးဆီသို့ နောက်လှည့်မကြည့်ဘဲ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။

သူက ခြေထောက်ကိုမြှောက်ကာ သံတံခါး အလယ်ကို ပေါ့ပေါ့ပါးပါးပင် ကန်ထည့်လိုက်သည်။

ဝုန်း...

ကျယ်လောင်သော အသံကြီးနှင့်အတူ သံတံခါးလေးလေးကြီးမှာ အပြင်ဘက်သို့ အဆမတန် ခုံးထွက်သွားပြီး သော့ခလောက်နှင့် မင်းတုံးတို့က ချက်ချင်းပင် ကျိုးပဲ့ထွက်သွားတော့သည်။ ထို့နောက် သံတံခါးကြီးတစ်ခုလုံး ဝုန်းခနဲ အသံကြီးမြည်ကာ ပြိုကျသွားပြီး အပြင်ဘက်တွင် ဖုန်တထောင်းထောင်း ထသွားလေသည်။

ချန်ရှင်းတစ်ယောက် ညည်းတွားသံများကို ကျောခိုင်းပြီး နေရောင်ခြည်အောက်သို့ အထာကျကျ လျှောက်ထွက်သွားလေတော့သည်။

လက်ထဲတွင် ယွမ် သန်း ၄၀ ဟူသော ငွေအပုံလိုက်ကြီး ရှိနေပြီဖြစ်ရာ ၁၉၇၀ ခုနှစ်များသို့ ပြန်သွားရန် အလျင်မလိုတော့ပေ။

သူ မြို့၏ အကြီးဆုံး ကွန်ပျူတာပစ္စည်းအရောင်းဆိုင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

"သူဌေး...၊ ဒီ ပုံအကြီးထုတ်တဲ့ ပရင်တာရယ်၊ ဒီဟာတွေ အကုန်လုံး ယူမယ်"

ချန်ရှင်းက အသစ်စက်စက် အကြီးစား ပရင်တာကြီးတစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ပေကြိုးများ၊ မျဉ်းကြိုးခွေများ စသည့် ဆောက်လုပ်ရေးသုံး ကိရိယာများစွာကိုပါ တစ်ပါတည်း မှာယူလိုက်သည်။

အငှားခန်းလေးသို့ ပြန်ရောက်သောအခါ ချန်ရှင်းက ပစ္စည်းများအားလုံးကို ကြမ်းပြင်ပေါ်သို့ ပုံချလိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ သူ့စိတ်ထဲမှာတော့ နွေးထွေးသော အိမ်တစ်လုံးက မည်သို့ပုံစံမျိုး ဖြစ်သင့်သည်ဟူသော အကြမ်းဖျင်း စိတ်ကူးလေးတစ်ခု ရှိနှင့်ပြီးသားပင်။

အိမ်ဆိုသည်မှာ လေဒဏ် မိုးဒဏ်ကို ကာကွယ်ပေးရုံသက်သက် ဆောက်လုပ်ထားသော အခွံတစ်ခု မဟုတ်ဘဲ အမှန်တကယ် သက်သောင့်သက်သာရှိပြီး လုံခြုံနွေးထွေးကာ ဘဝအမောတွေ ဖြေဖျောက်နိုင်မည့် သုခရိပ်မြုံလေး ဖြစ်ရမည် မဟုတ်ပါလား။

ခေတ်သစ်ကမ္ဘာမှ မှတ်ဉာဏ်များနှင့် အင်တာနက်ပေါ်မှ ရှာဖွေစုဆောင်းထားသော သတင်းအချက်အလက် အမြောက်အမြားကို အသုံးချပြီး ချန်ရှင်း၏ လက်ချောင်းများက ကီးဘုတ်နှင့် မောက်စ်ပေါ်တွင် ဝုန်းဒိုင်းကျဲ လှုပ်ရှားနေတော့သည်။

အခြေခံကတော့ ရှေးဟောင်း အုတ်ခဲပြာနှင့် အုတ်ကြွပ်မိုးအိမ် ဖြစ်သည်။ သို့သော် အတွင်းပိုင်းမှာတော့ အလုံးစုံ ပြောင်းလဲမှုကြီးတစ်ရပ်ကို ကိုယ်စားပြုနေပေသည်။

သူက သီးသန့်ခြံဝင်းပါဝင်သည့် အိမ်ရာပုံစံမျိုး ဒီဇိုင်းဆွဲခဲ့သည်။ အိမ်ကြီးတွင် အခန်းသုံးခန်း ပါဝင်ပြီး အရှေ့ဘက်နှင့် အနောက်ဘက်တွင် ဘေးအဆောင်နှစ်ခုလည်း ပါရှိသည်။

အရေးအကြီးဆုံးအချက်မှာ အတွင်းပိုင်း ဒီဇိုင်းပင်။

မီးခိုးတအူအူနှင့် ဟင်းနံ့များ ထောင်းထောင်းထနေမည့် မီးဖိုချောင်မျိုး မဟုတ်တော့ဘဲ သီးသန့်မီးဖိုချောင်တစ်ခု ဖြစ်သည်။ ချက်ပြုတ်နေချိန်အတောအတွင်း အိမ်တွင်းမှာ သန့်ရှင်းလတ်ဆတ်နေစေရန်အတွက် သိပ္ပံနည်းကျ အခိုးအငွေ့စုပ် ပြွန်စနစ်ကိုပါ ထည့်သွင်းဒီဇိုင်းဆွဲထားလေသည်။

သီးသန့် ရေချိုးခန်းနှင့် အိမ်သာ...

ဤသည်ကား ချန်ရှင်း အလေးထားဆုံးအရာဖြစ်သည်။

သူက အိမ်တွင်း ရေဆိုးထုတ်စနစ်ကိုပင် ရိုးရိုးရှင်းရှင်းလေး စီစဉ်ထားသေး၏။ အမြင့်ပေ ကွာဟချက်ကို အသုံးပြု၍ ရေဆိုးများကို အိမ်နောက်ဘက်ရှိ ရေမြောင်းဆီသို့ စီးဆင်းသွားစေရန် ဖန်တီးထားခြင်းဖြစ်သည်။

ထို့ကြောင့် ရေချိုးရန်နှင့် ကိစ္စရှင်းရန်အတွက် ညစ်ပတ်နံစော်နေသော အိမ်ပြင်မှ အိမ်သာများဆီ ပြေးလွှားနေစရာ မလိုတော့ပေ။

အိပ်ခန်းထဲမှာတော့ မီးဖိုချောင်ရှိ မီးဖိုနှင့် ချိတ်ဆက်ထားသော အဆင့်မြှင့်တင်ထားသည့် ကန် (အပူပေးစနစ်ပါသော ရိုးရာ အုတ်ခုံ) တစ်ခု ရှိသည်။ ထို့ကြောင့် ဟင်းချက်ရာမှထွက်လာသော အပူငွေ့များ အလဟဿ မဖြစ်တော့ဘဲ ဆောင်းရာသီတွင် အိမ်တစ်အိမ်လုံး နွေးထွေးနေစေမည်ဖြစ်သည်။

အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် ပြတင်းပေါက်များကို နောင်ခေတ်ကာလများတွင် တွေ့ရလေ့ရှိသော ပုံစံမျိုး၊ ပိုမိုကြီးမားပြီး လင်းလင်းချင်းချင်းရှိမည့် ပုံစံမျိုး ဒီဇိုင်းဆွဲလိုက်သည်။

တစ်နာရီကျော် ကြာပြီးနောက်မှာတော့ သက်တောင့်သက်သာ နေထိုင်နိုင်မှု၊ ကျန်းမာရေးနှင့်ညီညွတ်မှု၊ နွေးထွေးမှုနှင့် သိပ္ပံနည်းကျ တွေးခေါ်မှုတို့ကို ပေါင်းစပ်ထားပြီး ထိုခေတ်အခါနှင့်ယှဉ်လျှင် အပြောင်းအလဲကြီးတစ်ခုဟု တင်စားနိုင်မည့် အိမ်တည်ဆောက်ပုံ ပုံစံကြမ်းတစ်ခုက ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာတော့သည်။

ချန်ရှင်းက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ပရင်တာကို ချိတ်ဆက်လိုက်သည်။

စက်လည်ပတ်သံ တိုးတိုးလေးတစ်ခုနှင့်အတူ တိကျသော မျဉ်းကြောင်းများနှင့် အသေးစိတ် မှတ်စုများ ပြည့်နှက်နေသည့် စက္ကူချပ်များက ပီပီပြင်ပြင် ပရင့်ထွက်လာလေသည်။

သူက ပုံစံကြမ်းများနှင့် အသစ်စက်စက် ကိရိယာများကို တစ်နေရာတည်း စုပုံထားလိုက်စဉ် အတွေးတစ်ခုက ရုတ်တရက် ခေါင်းထဲ ဝင်လာ၏။

[အခြေခံ ရုပ်ဖျက်စနစ်…အသက်သွင်းလိုက်]

[ဒင်...၊ စွမ်းအင် သုံးစွဲပြီးပါပြီ၊ ရုပ်ဖျက်စနစ် ပြီးစီးပါပြီ။]

အံ့မခန်း မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

ခေတ်မီပရင်တာဖြင့် ထုတ်ထားပြီး မှင်နံ့လေးပင် မပြယ်သေးသည့် အသစ်စက်စက် ပုံကြမ်းများက လျင်မြန်စွာ အရောင်မှိန်သွားကာ စက္ကူအစွန်းများက ဝါကြန့်ကြန့် ဖြစ်လာပြီး ခေါက်ရာများနှင့် ကြမ်းတမ်းသော အနားသတ်များပင် သဘာဝကျကျ ပေါ်လာလေသည်။

ပုံကြမ်းပေါ်ရှိ ပရင့်ထုတ်ထားသော မျဉ်းကြောင်းများကလည်း ဝါရင့်ကျွမ်းကျင် လက်သမားဆရာကြီးတစ်ဦးက ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်လက်ရှည် ရေးဆွဲထားသကဲ့သို့ မှင်အရောင်အနုအရင့် ကွဲပြားနေသော လက်ဆွဲပုံစံများအဖြစ် ပြောင်းလဲသွား၏။

ကြမ်းပြင်ပေါ်ရှိ ခေတ်မီ ကိရိယာများမှာလည်း ပြောင်လက်နေသော သတ္တုရောင်များ ပျောက်ကွယ်သွားပြီး အချိန်၏ တိုက်စားမှုကို ခံထားရသော သံကြမ်းများအဖြစ် ပြောင်းလဲသွားသည်။ သစ်သားလက်ကိုင်များမှာတောင် နှစ်ကာလကြာရှည် အသုံးပြုထားသည့်အလား အရောင်လေးများ ပြောင်းနေလေသည်။

*ပြီးပြည့်စုံသွားပြီ...*

ချန်ရှင်းက တွေဝေမနေတော့ဘဲ ပစ္စည်းများအားလုံးကို သိုလှောင်ရုံထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်ကိုဖွင့်ပြီး ၁၉၇၀ ခုနှစ်များသို့ ပြန်သွားလိုက်တော့သည်။

...

နေဝင်ရီတရော အချိန်၊ သွယ်လျလျ မိန်းကလေးနှစ်ယောက်က ခြံတံခါးရှေ့တွင် ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

"ချင်းချင်းရယ်၊ လျှောက်သွားမနေပါနဲ့တော့...၊ ငါ ခေါင်းမူးလာပြီ"

ကျောက်ဖန်းအာက ရွှီချင်းချင်း၏လက်ကို လှမ်းဆွဲလိုက်ပြီး

"ချန်ရှင်းက အရည်အချင်းရှိပါတယ်ဟာ၊ သူ ဘာမှမဖြစ်ပါဘူး"

ပါးစပ်ကသာ ထိုသို့ပြောနေသော်လည်း သူမကိုယ်တိုင်ကတော့ ဖုံးကွယ်မရသော စိုးရိမ်ပူပန်မှုများဖြင့် မျက်ခုံးများ တွန့်ချိုးနေလေသည်။

ရွှီချင်းချင်းက သူမ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။ သူမ၏ မျက်နှာငယ်လေးပေါ်တွင် စိုးရိမ်သောကများ အထင်းသားပေါ်လွင်နေပြီး မျက်လုံးများက ရွာထိပ်သို့သာ စူးစိုက်ကြည့်နေလေသည်။

ထိုအချိန်မှာပင် မှောင်သထက် မှောင်လာသော လမ်းကလေးပေါ်မှာ တွန်းလှည်းတစ်စီး တွန်းလာသည့် ရင်းနှီးနေသော ပုံရိပ်တစ်ခု ပေါ်လာတော့သည်။

"ယောက်ျား..."

ရွှီချင်းချင်း၏ မျက်လုံးလေးများက ချက်ချင်းဆိုသလို အရောင်တလက်လက် တောက်သွားလေသည်။

သူမက အသိုက်ပြန်တွေ့သည့် ငှက်ကလေးတစ်ကောင်လို ဂါဝန်စကိုမလျက် ထိုပုံရိပ်လေးဆီသို့ တုံ့ဆိုင်းမနေဘဲ ပြေးသွားလိုက်သည်။ ထို့နောက် ချန်ရှင်း၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး တောင့်တင်းသော ရင်အုပ်ကျယ်ကြီးတွင် မျက်နှာအပ်ကာ တစ်သားတည်း ပေါင်းစပ်ချင်သည့်အလား ဖက်တွယ်ထားလိုက်တော့သည်။

"ရှင် ပြန်လာပြီ... နောက်ဆုံးတော့ ငါ့ယောက်ျား ပြန်လာပြီ"

သူ့ရင်ခွင်ထဲရှိ ကိုယ်လုံးသေးသေးလေး တုန်ယင်နေသည်ကို ခံစားလိုက်ရချိန် ချန်ရှင်း၏ နှလုံးသားလေး ပျော့ပျောင်းသွားပြီး သူမကို တင်းကျပ်စွာ ပြန်လည်ဖက်တွယ်ကာ ကျောပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"ကိုယ် ပြန်လာပြီလေ၊ မကြောက်နဲ့တော့နော်"

သူက အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူပြီး ရွှီချင်းချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ဆီစိမ်စက္ကူနှင့် ထုပ်ထားသော မုယောသကြားလုံးတစ်ထုပ်နှင့် ပလတ်စတစ် ပန်းပွင့်လေးတစ်ခု ပါသော အသစ်စက်စက် အနီရောင် ဆံပင်စည်းကြိုးလေး တစ်ကွင်းပင်။

အရာအားလုံးကို ခရိုင်ရှိ ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းမှ ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။

ရွှီချင်းချင်းက သကြားလုံး၏ ရနံ့ချိုချိုလေးကို ရှူရှိုက်လိုက်၏။ ထို့နောက် လရောင်အောက်တွင် တလက်လက်တောက်နေသော ဆံပင်စည်းကြိုးလေးကို မြင်လိုက်ရသောအခါ သူမ၏ ပါးပြင်လေးများ ချက်ချင်း ရဲနီသွားတော့သည်။ ရင်ထဲတွင် ပျားရည်များ ပြည့်လျှံနေသကဲ့သို့ ခံစားရပြီး အလွန်အမင်း ချိုမြိန်လွန်းသဖြင့် ရင် တဒိုင်းဒိုင်း ခုန်လာလေသည်။

ဤမြင်ကွင်းကို မလှမ်းမကမ်းမှ ကြည့်နေသော ကျောက်ဖန်းအာ၏ ရင်ထဲမှာတော့ မနာလိုဝန်တိုမှုလေးတစ်ခုက အကြောင်းပြချက်မရှိ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။

သူမက နှုတ်ခမ်းစူကာ နှာခေါင်းရှုံ့လိုက်ပြီး တမင်တကာပင် ခေါင်းကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။ သို့သော် မျက်လုံးထောင့်စွန်းမှနေ၍ သူတို့နှစ်ယောက်ကို ခိုးမကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေရှာသည်။

*ဒီ ချန်ရှင်းက တော်တော်လေး ဂရုစိုက်တတ်တာပဲ...*

All Chapters